မှင်စာသိုက် (စဆုံး)
(ဤဇာတ်လမ်းသည် စိတ်ကူးယဉ်သက်သက်ဖြင့်သာ ရေးသားထားခြင်းဖြစ်ပါသည်)
(၁)
မန္တလေးမြို့ကိုအခုမှစရောက်တာဆိုတော့ ကျွန်မနေသားမကျသေးဘူး၊ အထူးသဖြင့်ဒီမှာက ဆိုင်ကယ်တွေအရမ်းရှုပ်တယ်ဆိုတော့ မျက်စိရှုပ်နားရှုပ်ဖြစ်နေတယ်၊ ကျွန်မတို့နေတဲ့မြို့ကလေးမှာက ဒီလောက်မရှုပ်ဘူးလေ၊ ပြောရအုံးမယ်၊ ကျွန်မနာမည်က သီတာလို့ခေါ်ပါတယ်၊ ဖွံ့ဖြိုးတိုးတက်မှုနည်းတဲ့ မြို့ကလေးမှာကြီးပြင်းလာတဲ့လူတစ်ယောက်ပေါ့ရှင်၊ ကျွန်မဆယ်တန်းတက်တဲ့နှစ်မှာပဲ ကျွန်မချစ်ရတဲ့သူအနောက်ကို ခိုးရာလိုက်ခဲ့မိတယ်၊ ဒါပေမယ့် ကျွန်မတို့အချစ်က ရေရှည်မမြဲခဲ့ပါဘူး၊ ယောက်ျားတစ်ယောက်ရဲ့မာယာကို မသိတတ်သေးတဲ့ကျွန်မမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ခုလပ် ကလေးတစ်ယောက်အမေဖြစ်သွားခဲ့ရတယ်။
ကျွန်မမိဘတွေက ချို့တဲ့တဲ့သူတွေမို့လို့ သမီးလေးကို အခက်အခဲတွေကြားထဲကနေ ရုန်းကန်ပြီးမွေးမြူခဲ့ရတယ်၊ အခုတော့ သမီးလေးကိုလက်လွှတ်လို့ရတဲ့အရွယ်မို့လို့ သမီးလေးရဲ့အနာဂါတ်အတွက် ကျွန်မကြိုးစားမှရတော့မယ်ဆိုပြီး မန္တလေးမြို့က အိမ်အကူပွဲစားတစ်ယောက်ကနေတဆင့် ဒီအိမ်ကြီးကိုရောက်လာတယ်ဆိုပါတော့။
ဒီအိမ်ကြီးက တော်တော်ကြီးတဲ့အိမ်ကြီးပါ၊ အိမ်ထဲက အိမ်သာခန်းတင် ကျွန်မတို့သားအမိနေတဲ့အခန်းထက် ပိုပြီးကျယ်ပါတယ်၊ တီဗွီတွေထဲမှာ သူဌေးတွေနေတဲ့အိမ်ကိုမြင်ခဲ့ဖူးပေမယ့် ဒီအိမ်ကြီးက အဲဒီအိမ်တွေထက်တောင်ပိုခမ်းနားပါတယ်၊ အိမ်ပိုင်ရှင်တွေက ရွှေတွင်းပိုင်ရှင်တွေ၊ ရွှေဆိုင်ပိုင်ရှင်တွေလို့သိရပါတယ်၊ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူး ဒီအိမ်ကြီးထဲကိုဝင်လိုက်ကတည်းက အထီးကျန်သလိုလို လွမ်းမောဖွယ်ကောင်းသလိုလို အငွေ့အသက်တစ်ခုရနေတယ်။
ပွဲစားမိန်းမကြီးအနောက်ကနေ လိုက်ခဲ့တုန်းကတော့ ရင်တွေတော်တော်ခုန်နေတယ်၊ ဒီအလုပ်မရခင်က အလုပ်သုံးလေးခုလောက်မှာ အင်တာဗျူးမအောင်ထားတော့ ဒီအိမ်မှာ အလုပ်မရမှာကိုကြောက်နေမိတယ်။ အိမ်ရှင်သူဌေးမက ၀၀ပုပုနဲ့ တရုတ်လူမျိုးလိုမျက်နှာပေါက်ရှိတယ်၊ သူဌေးဆိုပေမယ့် သိပ်ကြွားကြွားဝါဝါ ဝတ်စားထားတာကိုမတွေ့ရဘူး။ သူဌေးမက ကျွန်မကိုအကဲခတ်ကြည့်နေရင်း
“ဒီအိမ်မှာအလုပ်လုပ်မယ်ဆိုရင်စည်းကမ်းသုံးခုကိုလိုက်နာရမယ်၊ တစ်အချက် ဒီအိမ်မှာရေရှည်လုပ်နိုင်ရမယ်၊ နှစ်အချက် အမဲသားလုံးဝမစားရဘူး၊ သုံးအချက်ကတော့ အိမ်ထဲကိုအသားစိမ်းငါးစိမ်းတွေ မသွင်းရဘူး”
သူတို့စည်းကမ်းကိုကြားလိုက်ရတော့ ကျွန်မအတော်အံ့သြသွားတယ်၊ ရေရှည်လုပ်တာကတော့ သူတို့နဲ့အဆင်ပြေတယ်ဆိုရင် ရေရှည်လုပ်မှာပါ၊ အမဲသားမစားပဲလည်း နေနိုင်ပါတယ်၊ ဒါပေမယ့် အသားစိမ်းငါးစိမ်းအိမ်ထဲမသွင်းရဘူးဆိုတာကိုတော့ သိပ်ဘဝင်မကျဘူးဖြစ်သွားတယ်။
“စည်းကမ်းတွေတော့ လိုက်နာနိုင်ပါတယ်၊ ဒါပေမယ့် တစ်ခုသိချင်တာက အိမ်ထဲကိုသားစိမ်းငါးစိမ်း ဘာဖြစ်လို့မသွင်းရတာလဲ”
သူဌေးမက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း
“အသားစိမ်းငါးစိမ်းနံ့တွေကို ငါ့ယောက်ျားက မခံနိုင်လို့ပါ၊ ဘာလဲ ဒီစည်းကမ်းသုံးချက်ကို မင်းမလိုက်နာနိုင်ဘူးလား”
“လိုက်နာလို့ရပါတယ်၊ အသားစိမ်းငါးစိမ်းမသွင်းတော့ ဒီအိမ်ကလူတွေက ဘယ်လိုများချက်ပြုတ်စားသောက်ကြသလဲ”
“ဒီနေရာက မင်းတို့တောရွာလိုမဟုတ်ဘူး မိန်းကလေး၊ မနက်စာ၊ နေ့လည်စာနဲ့ ညနေစာကို နာမည်ကြီးထမင်းဆိုင်ကနေ ချိုင့်ဆွဲလာပို့လိမ့်မယ်”
ဒီတော့မှ ကျွန်မနားလည်သွားတော့တယ်၊ ဒီလိုနဲ့ကျွန်မအလုပ်ရပြီး ဒီအိမ်ကြီးမှာလုပ်ဖြစ်တယ်ဆိုပါတော့။ ဒါပေမယ့် သူဌေးယောက်ျားက အမြဲတမ်းခရီးထွက်နေသလို သူဌေးမကလည်း ရွှေဆိုင်ကိုနေ့တိုင်းသွားပါတယ်၊ သူဌေးကလေးတွေကလည်း ကျောင်းအသီးသီးတက်၊ သင်တန်းတွေတက်ကြနဲ့မို့ အိမ်မှာလူမရှိတာများပါတယ်၊ ပြီးတော့လူတိုင်းက မနက်မိုးလင်းတာနဲ့အပြင်ထွက်သွားကြတယ်၊ အပြင်မှာပဲစားသောက်လာကြပြီး ညအိပ်ခါနီးမှ အိမ်ကိုပြန်လာတတ်ကြတယ်၊ ဒီအိမ်ကလူတွေ တစ်ခါမှထမင်းလက်ဆုံစားတာ မမြင်ဖူးပါဘူး။ မနက်ခင်းတစ်ချက်နဲ့ ညဘက်တစ်ချက်လောက်သာရှိတာပါ၊ ကျွန်မက အိမ်ကိုရောက်ခါစက အိမ်မှုကိစ္စတော်တော်လုပ်ရမယ်ထင်ပေမယ့် ထင်သလောက်မပင်ပန်းပါဘူး၊ ကျွန်မရဲ့တာဝန်ကတော့ အိမ်သန့်ရှင်းရေး နည်းနည်းပါးပါးလုပ်တာရယ်၊ အိမ်မှာကျန်နေခဲ့တဲ့အဘွားကြီးကို ထမင်းခူးခပ်ကျွေးရ၊ ပြုစုပေးရတာလောက်ပါပဲ။
အိမ်သန့်ရှင်းရေးအတွက်ကတော့ အမီနာဆိုတဲ့ ကုလားမလေးတစ်ယောက်ရှိပါတယ်၊ ကုလားမလေးက မနက်ဆိုရင်လာပြီး နေ့လည်လောက်ဆိုပြန်သွားပါတယ်၊ ကျွန်မက နယ်ကလာတာဆိုတော့ ဒီအိမ်မှာပဲ ညအိပ်ရပါတယ်၊ အိပ်တဲ့အခါမှာလည်း အစပိုင်းက ကျွန်မအိပ်ဖို့အခန်းလုပ်ပေးထားပေမယ့် အဘွားကြီးနဲ့သွားအိပ်ဖြစ်တာများပါတယ်၊ အဘွားကြီးအခန်းမှာ ကုတင်နှစ်လုံးထိုးပြီး အဘွားကြီးကတစ်ဖက် ကျွန်မကတစ်ဖက်အိပ်ပါတယ်၊ အဘွားကြီးက တရုတ်မလို ၀၀ကြီးဆိုပေမယ့် ဦးနှောက်သိပ်မကောင်းပါဘူး၊ အမြဲတစ်ယောက်တည်းနေရလို့ အထီးကျန်ဆန်နေတာလည်းဖြစ်ပါမယ်၊ အိမ်ကြီးက ညအိပ်တဲ့အချိန်လောက်ပဲလူရှိပြီး တစ်မနက်ခင်းလုံး တစ်နေ့ခင်းလုံး လူသူရှင်းကာ တိတ်ဆိတ်နေတတ်ပါတယ်၊
ရွှေဆိုင်ပိုင်ရှင်သူဌေးမက ညခုနစ်နာရီ ရှစ်နာရီလောက်ဆိုပြန်ရောက်ပါတယ်၊ အပြင်မှာပဲ ထမင်းစားလာတာများပါတယ်၊ အိမ်ရှင်သူဌေးကိုတော့ တစ်ပတ်မှာနှစ်ခါလောက်ပဲတွေ့ရပါတယ်၊ ကလေးတွေကလည်း သွားသွားလာလာပါပဲ၊ ကုန်ကုန်ပြောရရင်တော့ ကျွန်မအဖို့ဒီအိမ်မှာ အဘွားကြီးကိုပြုစုတာလောက်ပဲ လုပ်ရတဲ့အတွက် သက်သာပါတယ်။
အိမ်ရောက်ရောက်ချင်းနေ့မှာ ခြေရင်းဘက်က အခန်းတစ်ခုထဲအိပ်ရပါတယ်၊ အရင်အိမ်အကူတွေလည်း အဲဒီမှာပဲအိပ်တယ်လို့ပြောပါတယ်၊ အဲဒီမှာထူးဆန်းတာက ကျွန်မအိပ်မောကျပြီဆိုရင် မျက်နှာပေါ်ကို ရေစက်ကလေးတွေ တဝေါဝေါနဲ့ကျလာတတ်တာပါပဲ၊ ရေဖြန်းတဲ့ စပရေးဘူးနဲ့ဖြန်းလိုက်သလိုမျိုးကျလာတာပါ၊ အဲယားကွန်းကလည်းဖွင့်ထားတာဆိုတော့ အဲဒီရေစက်တွေက အရမ်းအေးလို့ ကျွန်မလန့်နိုးသွားမိပါတယ်၊ အခန်းထဲမှာလည်း ကျွန်မအပြင်ဘယ်သူမှမရှိပါဘူး၊ ပရိဘောဂလည်းသိပ်မရှိတာကြောင့် အခန်းကရှင်းလင်းနေပါတယ်၊ အဲဒီရေစက်ကလေးတွေ ဘယ်ကကျသလဲဆိုတာ ကျွန်မ မတွေးတတ်ပါဘူး၊ အဲယားကွန်းကလည်း ကျွန်မအိပ်တဲ့ကုတင်နဲ့ အတော်လှမ်းပါတယ်၊ ကျွန်မလည်း စဉ်းစားမရတာနဲ့ အဲယားကွန်းက ရေတွေကျတယ်ပဲထင်လိုက်ပါတယ်။ အိပ်နေရင်း နာရီဝက်လောက်ကြာတော့ တစ်ခါရေတွေထပ်ကျပါတယ်၊ ဒီအခါ ဖူးခနဲအသံတစ်ခုကိုပါကြားလိုက်ရတယ်၊ ကျွန်မမျက်လုံးကိုအမြန်ဖွင့်ကြည့်ပေမယ့် အခန်းထဲမှာ ဘယ်သူမှမရှိပါဘူး၊ ဒီတစ်ခါတော့ ကျွန်မစောင်ခြုံပြီးအိပ်လိုက်ပါတယ်၊ နာရီဝက်လောက်ကြာအောင် စောင့်နေပေမယ့် ဘာရေစက်မှမကျတော့ပါဘူး၊ ဒါနဲ့ဆက်အိပ်နေတုန်း ညသန်းခေါင်လောက်ရောက်တော့ ကုတင်အောက်ကနေ တကွိကွိနဲ့အသံလေးတွေကြားရပါတယ်၊ ကြွက်စကားပြောနေသလိုမျိုးအသံပါ၊ အသံက ပထမတော့ခပ်တိုးတိုးလေးဆိုပေမယ့် နောက်တော့ပိုပိုကျယ်လာပါတယ်၊ အသံထဲကနေ ရယ်သံသေးသေးကလေးတွေကိုလည်း ကြားနေမိပါတယ်၊ ထူးဆန်းတာက လူစကားပြောနေတဲ့အသံလိုပါပဲ၊ ကျွန်မလည်း အိပ်နေရာက အမြန်ထလိုက်ပြီး ကုတင်အောက်ကိုကြည့်လိုက်ပါတယ်၊ ကုတင်က သံကုတင်ဖြစ်ပြီး မွှေ့ယာတင်ထားတာဆိုတော့ အောက်ကိုအတိုင်းသားမြင်နေရပါတယ်၊ ကုတင်အောက်မှာ ကျွန်မရဲ့အဝတ်အစားအိတ်ကလွဲလို့ ဘာမှမရှိပါဘူး။ အောက်ထပ်က အသံတွေကြားရတယ်လို့ထင်ရပေမယ့် ကျွန်မအိပ်တာ အောက်ဆုံးထပ်ဆိုတော့ ဒီအောက်မှာ ဘာမှမရှိပါဘူး။
ကျွန်မလည်း တော်တော်စိတ်ညစ်လာပါတယ်၊ အိပ်မရတာနဲ့ ကုတင်ပေါ်ထိုင်နေတုန်းမှာ ကျွန်မအရှေ့က ကြွေပြားခင်းထားတဲ့ကြမ်းပြင်ပေါ်မှာ ခြေထောက်သေးသေးလေးတွေနဲ့ ပြေးလွှားနေတဲ့အသံလိုမျိုးလေးတွေ ကြားရပါတယ်၊ မျက်စိရှေ့မှာ ဘာမှမမြင်ရပေမယ့် အသံကလေးတွေ တခွပ်ခွပ်နဲ့ကြားရတော့မှ ကျွန်မကိုသရဲခြောက်နေတာထင်တယ်လို့ သိလိုက်ရပါတယ်၊ ကျွန်မလည်း ကြောက်ကြောက်နဲ့ သံဗုဒ္ဓေရွတ်၊ ဘုရားစာရွတ်ပေမယ့် ဘာမှမဖြစ်ပါဘူး၊ ဒါပေမယ့် ဟေတုပစ္စယောလို့ရွတ်လိုက်တဲ့အခါမှာတော့ ဟားခနဲသက်ပြင်းချသံနဲ့အတူ အဲဒီခြေသံလေးတွေပျောက်သွားပါတယ်။
ကျွန်မဆက်မအိပ်ရဲတော့ပါဘူး၊ စိတ်ထဲတော်တော်ကြောက်နေမိပါတယ်၊ မနက်ရောက်တာနဲ့ အိမ်ပြန်ရင်ကောင်းမလားဆိုတဲ့အတွေးတောင်တွေးနေမိပါတယ်၊ ဒီအခန်းထဲကနေပြေးထွက်လိုက်ချင်ပါတယ်၊ ဒါပေမယ့် သူများအိမ်ရောက်တဲ့ပထမနေ့ဆိုတော့ ညကြီးသန်းခေါင်အပြင်ထွက်ပြီးလျှောက်သွားနေတာ မကောင်းတတ်ဘူးဆိုတာ သိလို့ငြိမ်နေမိပါတယ်။ ဒီလိုနဲ့တစ်ညလုံးမိုးလင်းခဲ့ပါတယ်၊ မိုးလင်းလို့ သူတို့အိမ်သားတွေထွက်လာကြမှ ကျွန်မနည်းနည်းစိတ်ဖြေနိုင်ပါတယ်၊ အစကတော့ ပြန်မယ်ဆိုပြီး တွေးထားပေမယ့် နောက်တော့ သမီးလေးကိုတွေးမိတာရယ်၊ သူတို့ပေးတဲ့လစာကောင်းတာရယ်ကြောင့် သရဲခြောက်လည်းမတတ်နိုင်ဘူး ပေတေနေမယ်ဆိုပြီးတော့ နေလိုက်ပါတယ်။
နှစ်ရက်လောက်နေတော့ ကုလားမလေးနဲ့ အဝတ်လှမ်းတဲ့နေရာမှာတွေ့ပါတယ်၊ ကုလားမလေးက ကျွန်မကိုကြည့်ရင်း
“အမ ဒီအိမ်မှာနေတာ တစ်ခုခုမထူးခြားဘူးလား”
ပိန်ပိန်သေးသေးကုလားမလေးက ကျွန်မထက်တော့ အသက်တစ်နှစ် နှစ်နှစ်လောက်ငယ်မယ်ထင်ပါတယ်။ ကုလားမလေးက ဖွင့်ပြောလာလို့ကျွန်မလည်းအရမ်းထူးဆန်းသွားပါတယ်။
“ထူးခြားတာတော့တွေ့တယ်၊ ညညဆိုရင် သရဲအခြောက်ခံနေရတာပဲ၊ အခုညတွေတော့ မဆိုးပေမယ့် ရောက်တဲ့ညကတော့ တော်တော်အခြောက်ခံရတာ ညီမရေ”
ကျွန်မပြောလိုက်ပေမယ့် ကုလားမလေးက မထူးဆန်းတဲ့ပုံနဲ့ အဝတ်တွေကို လှန်းရင်း
“အဲဒါ အမကိုသူတို့နှုတ်ဆက်ကြတာဖြစ်မယ်”
ကျွန်မ မျက်လုံးပြူးသွားမိပါတယ်။
“ဒါဆို ဒီအိမ်မှာသရဲရှိတာ ညီမကသိတယ်ပေါ့”
“သိရုံတင်ဘယ်ကမလဲ အမရဲ့၊ ညီမကိုယ်တိုင်အခြောက်ခံခဲ့ရတာ၊ လွန်ခဲ့တဲ့တစ်နှစ်လောက်က သူတို့မိသားစုလိုက်ခရီးသွားဖို့လုပ်တယ်၊ ညီမက အဲဒီတုန်းကလည်း အခုလိုနေ့သွား ညနေပြန်ပဲလုပ်နေတာ၊ ဒါပေမယ့် သူဌေးမက သူ့အမေကြီးကိုကြည့်ဖို့လူမရှိလို့ လာစောင့်ပေးပါဆိုတာနဲ့ စောင့်နေပေးလိုက်တာ၊ စအိပ်တဲ့ညမှာတင် သရဲခြောက်လိုက်တာပြောမနေပါနဲ့တော့ အမရယ်၊ ဒါနဲ့ နောက်ညကျတော့ ညီမတစ်ယောက်ခေါ်ပြီး နှစ်ယောက်အိပ်ရတယ်၊ ဒါတောင် နှစ်ယောက်လုံးခြောက်ခံထိတယ်”
“ဘယ်လိုခြောက်ခံထိတာလဲ”
“ကလေးသရဲလိုလို သရဲသေးသေးလေးတွေက ခြောက်နေတာအမ၊ အတော်ဆိုးဆိုးပဲ၊ ကျွန်မနဲ့အဖော်လိုက်လာပေးတဲ့ ညီမဆိုရင် ဆံပင်တွေဆွဲဆောင့်ခံရတယ်၊ ကျွန်မတို့လည်း အောင့်အည်းနေလိုက်ရတယ်ဆိုပါတော့၊ အဲဒီကတည်းက ဒီအိမ်မှာ မအိပ်ဝံ့တော့တာပဲအမရေ”
“ဟောတော် ဒုက္ခပဲ၊ သရဲခြောက်ခံရတာကို ညီမက အိမ်ရှင်ကိုမပြောဘူးလား”
ကုလားမလေးက ဟိုဘက်ဒီဘက်လှည့်ကြည့်လိုက်ပြီး ကျွန်မအနားကိုတိုးကပ်လာရင်း
“သူတို့အိမ်မှာ သရဲခြောက်တယ်ပြောရင် သူတို့က မကြိုက်ဘူးအမရဲ့၊ ပြောရင်လည်း မယုံဘူး၊ အမမလာခင်ထွက်သွားတဲ့ကောင်မလေးဆို တစ်ပတ်ပဲခံတယ်၊ သရဲခြောက်တာကို ရပ်ကွက်ထဲပြောလို့ဆိုပြီး ဆူပူကြိမ်းမောင်းလိုက်တာလည်း ပြောမနေပါနဲ့အမရယ်၊ အမလည်း သွားမပြောနဲ့နော်”
“အံ့ပါရဲ့၊ သူတို့က ဘာမှမယုံကြည်ဘူးထင်တယ်”
“အခုဒီအိမ်မှာ သူတို့သားအမိတွေ ကြာကြာမနေရဲတာပဲကြည့်တော့အမရေ၊ ဘယ်သူမှ ကြာကြာမနေရဲဘူး၊ အဆိုးဆုံးကတော့ အိမ်ရှင်ဦးလေးပဲ၊ သူက ဘယ်တော့မှအိမ်ကပ်တယ်မရှိဘူး”
အမီနာပြောတုန်းက ကျွန်မသိပ်မယုံခဲ့ဘူး၊ ဒါနဲ့ ကျွန်မလည်းအချိန်ကြာတော့မှသိလာတာ၊ ဒီအိမ်က ကလေးတွေကအစ မနက်မိုးလင်းရင်ကျောင်းသွားကြတယ်၊ ကျောင်းလွှတ်ရင်လည်း သူငယ်ချင်းနဲ့ဟိုသွားဒီသွားဆိုပြီး ညမိုးစုန်းစုန်းချုပ်မှ ပြန်လာတတ်ကြတာ၊ ဒါကြောင့်များဖြစ်နေမလားပဲ။
“ဒီအိမ်က အဘွားကြီးကလည်း သရဲခြောက်ခံထိပြီးတော့ ရူးသွားတာတဲ့အမရေ”
ကျွန်မကိုယ့်ရင်ဘတ်ကိုဖိပြီး ဘုရားတလိုက်မိတယ်၊ အဘွားကြီးက ရူးနေတယ်ဆိုပေမယ့် ယဉ်ယဉ်လေးရူးနေတယ်လို့ ပြောရမလားပဲ၊ ချေးတွေသေးတွေ မနိုင်တာမျိုးမရှိဘူး၊ ထမင်းခူးကျွေးရင်စားတယ်၊ တစ်ခါတလေ သူ့ဖာသာသူ စကားတွေပြောနေ ရယ်နေသလောက်ပဲရှိတာ။ ထူးဆန်းတာတစ်ခုရှိသေးတယ်၊ ကျွန်မက အဘွားကြီးစားဖို့ဟင်းတွေခူးခပ်ပေးရတယ်၊ ဟင်းတွေကို နေ့လည်တစ်ခါ ညတစ်ခါ ထမင်းဆိုင်ကနေ ချိုင့်နဲ့လာလာပို့ပေးတယ်၊ ထမင်းကတော့ ကျွန်မပဲပေါင်းအိုးနဲ့ချက်တယ်၊ အဲဒီလိုထမင်းခူးပေးရင် အဘွားကြီးက တခြားဟင်းနဲ့ဆို ကလေးတစ်ယောက်လိုပဲ စားသောက်တယ်ဆိုပေမယ့် အသားဟင်းချက်တဲ့နေ့ဆိုရင် စိတ်တွေဖောက်လာတယ်။
ပန်းကန်ထဲက ထမင်းဟင်းတွေကို နယ်ဖတ်ပြီးတော့ ကြမ်းပြင်ပေါ်ကိုပစ်ချတယ်၊ ထမင်းစေ့တွေ ဟင်းတုံးတွေပြန့်ကျဲနေတာကိုကြည့်ပြီးတော့ တဟီးဟီး တဟားဟားနဲ့ရယ်မောနေတယ်။ ကျွန်မလည်းထူးဆန်းတာနဲ့
“အဘွား၊ ဘာတွေတွေ့လို့ ဒီလောက်တောင်ရယ်နေတာလဲ”
အဘွားကြီးက ရယ်ရင်းနဲ့
“သေးသေးလေးတွေ၊ သေးသေးလေးတွေ အများကြီးပဲ ဟား ဟား”
ထမင်းစေ့တွေကျနေတဲ့နေရာကို သူကရယ်ပြီးကြည့်နေပေမယ့် ကျွန်မကတော့ ဘာမှမမြင်ရဘူး။
“ဘာ သေးသေးလေးတွေလဲအဘွားရဲ့ ပုရွက်ဆိတ် သေးသေးလေးတွေလား”
“မဟုတ်ဘူး လူတွေ လူသေးသေးလေးတွေ”
အဘွားကြီးက ထမင်းလုံးတွေကိုလက်ညှိုးထိုးပြီးတော့
“စားနေကြတယ်၊ သူတို့စားနေကြတယ်၊ သေးသေးလေးတွေ တကယ့်သေးသေးလေးတွေ”
အဘွားကြီးပြောတာနားထောင်ရင်း ကျွန်မဖြင့် ကျောတောင်ချမ်းလာတယ်၊
“အဲဒီလူလေးတွေက အဘွားကိုစကားပြောကြလား”
“ပြောတယ်၊ ပြောကြတယ်၊ သေးသေးလေးတွေကို ငါချစ်တယ်”
အဲဒီနောက်ပိုင်းကတည်းက ကျွန်မသတိထားမိသွားတယ်၊ ဘယ်သူမှမရှိတဲ့အချိန် အဘွားကြီးက တစ်ယောက်တည်း ပုခုံးတွေလက်တွေကိုကြည့်ပြီး စကားတိုးတိုးကလေးပြောနေတတ်တယ်၊ ကျွန်မအနားကပ်သွားတော့ အဘွားကြီးကမောင်းထုတ်တယ်။
“ဟဲ့ အဲဒီမှာ သေးသေးကလေးတွေရှိတယ်မထိုင်နဲ့”
“အဘွားရယ် ဘာမှမရှိပါဘူး၊ ဒါနဲ့ ခုနက တိုးတိုးနဲ့ဘာတွေပြောနေတာလဲ”
“သေးသေးကလေးတွေနဲ့ စကားပြောနေတာ၊ အဲဒီသေးသေးကလေးတွေက တိုးတိုးကလေးပြောမှ ကြားရတယ်”
“ဟုတ်ရဲ့လား၊ သူတို့က ဘာပြောကြတာလဲ”
“မြေအောက်မှာ သူတို့ရဲ့အိမ်ရှိတယ်တဲ့၊ သူတို့အိမ်ကို လိုက်ခဲ့ပါဆိုပြီးငါ့ကိုအမြဲခေါ်တယ်”
“အဘွားက လိုက်မသွားဘူးလား”
“ငါ့မှာ တုတ်တုတ်တို့ရှိသေးတယ်လေ၊ ဘယ်လိုက်သွားလို့ရမလဲ”
တုတ်တုတ်ဆိုတာ သူ့သမီးသူဌေးမကို ခေါ်တာပါ၊ အဘွားကြီးနဲ့ကျွန်မ အနေနီးသွားတော့ သူ့အပြုအမူတွေက ရူးနေတာမဟုတ်ဘဲ ထူးထူးဆန်းဆန်းလုပ်နေတာကိုတွေ့ရတယ်၊ အဘွားကြီးက သူပြောတဲ့သေးသေးကလေးတွေနဲ့ မတွေ့တဲ့အချိန်ဆိုရင် လုံးဝလူကောင်းသူကောင်းအတိုင်းပါပဲ၊ သူတို့က တစ်ချိန်က တောရွာကလေးမှာ နေခဲ့တဲ့အကြောင်းတွေ၊ ရွှေတူးတဲ့အကြောင်းတွေကို ပြောဆိုနေတတ်တယ်၊ အခုတော့ သူ့သမီးနဲ့ သူ့မြေးတွေက တစ်ရက်တစ်ခါလောက်ပဲ အဘွားကြီးကိုနှုတ်ဆက်ကြတယ်၊ အဘွားကြီးဘက်ကကြည့်ရင်လည်း သိပ်အထီးကျန်ဖို့ကောင်းတာပေါ့ရှင်၊ ဒီလိုတိုက်ကြီးမှာ စားဖို့သောက်ဖို့ဘာမှမပူရဘဲ ပြည့်ပြည့်စုံစုံနေရတယ်ဆိုပေမယ့် တစ်နေ့လုံးအိမ်ကြီးထဲမှာ သူတစ်ယောက်တည်းနေရတာဆိုတော့စိတ်ဖောက်တာလည်း မဆန်းပါဘူးလို့ ကျွန်မထင်တယ်။
အဘွားကြီးနဲ့အတူတူ တစ်ခန်းထဲအိပ်တဲ့နေ့တွေဆိုရင် အခြောက်အလှန့်မခံရဘူး၊ ဒါပေမယ့် တစ်ယောက်တည်း အခန်းပြန်ပြီးအိပ်တဲ့နေ့ဆိုရင်တော့ အမြဲတစ်ခုမဟုတ်တစ်ခု အခြောက်ခံရတယ်၊ သုံးလလောက်ကြာတော့ သရဲအခြောက်ခံရတယ်ဆိုတာ ကျွန်မအတွက်ရိုးနေပါပြီရှင်၊ တော်ရုံအသံကြားတာလောက်ကတော့ ကျွန်မဖြင့် ထကိုမကြည့်တော့ပါဘူး၊ ရေစက်တွေနဲ့ဖြန်းခံရတယ်ဆိုရင်တော့ ကျွန်မစိတ်တိုတယ်၊ အဲဒီအချိန် အိပ်နေရာကနေထပြီးတော့ နည်းနည်းပါးပါးကြိမ်းမောင်းလိုက်ရင် ဆက်မလုပ်တော့ပါဘူး။ အဲဒါနဲ့ပဲနောက်ကျတော့ အဘွားကြီးအခန်းထဲမှာပဲ ဘေးနားမှာကုတင်ဆင်ခိုင်းလိုက်ရတယ်၊ သူဌေးမကတော့ သူ့အမေအဖော်ရတယ်ဆိုပြီး ကြိုက်တာပေါ့ရှင်၊ ဒီလိုနဲ့ကျွန်မနေ့နေ့ညည အဘွားကြီးနဲ့အတူတူနေရတယ်၊ သရဲလည်းအခြောက်မခံရသလို သူဌေးမကလည်း သူ့အမေကိုအနီးကပ်ပြုစုလို့ဆိုပြီး လခတိုးပေးတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေတယ်ပဲ ပြောရမှာပေါ့။
(၂)
အဘွားကြီးနဲ့အတူတူနေရင်း အဲဒီသေးသေးကလေးတွေဆိုတာကို ကျွန်မနားလည်အောင်ကြိုးစားခဲ့တယ်၊ အဘွားကြီးက သူမြင်ရတယ်ဆိုတဲ့ အဲဒီသေးသေးကလေးတွေကိုတောင် နာမည်တွေပေးထားသေးတယ်၊ နာမည်ကလည်း နှစ်လုံးဆက်တွေ၊ တုတုတို့၊ ဘုဘုတို့ နာမည်တွေပေးထားတယ်၊ ကျွန်မကိုခေါ်တာလည်း ပုပုတဲ့၊ ကျွန်မကတော့ ဘယ်လိုမှမနေပါဘူး အဘွားကြီးခေါ်ချင်သလိုခေါ်ဆိုတာနဲ့ သူလည်း ကျွန်မကို ပုပုပဲခေါ်တော့တယ်။
ဆယ်ရက်တစ်ခါ ဆယ့်ငါးရက်တစ်ခါလောက်ဆိုရင် စိတ်ရောဂါအထူးကုဆိုလား အဲဒီဆရာဝန်တစ်ယောက်လာကြည့်ပြီး အဘွားကြီးကိုဆေးတွေဘာတွေပေးသွားတယ်၊ အတူနေတဲ့ကျွန်မကိုလည်း ဒီအချိန်ဒီဆေးတိုက်ဆိုပြီးတော့ မှာထားခဲ့တယ်၊ ဒါပေမယ့် အဘွားကြီးက ဆေးတိုက်ရသိပ်ခက်တာပဲရှင်၊ ဒါနဲ့ကျွန်မလည်း ကလေးလိုဖြစ်နေတဲ့သူ့ကို ဆေးမသောက်ရင် ဝေါဝေါကြီးလာလိမ့်မယ်လို့ လှိမ့်ခြောက်လိုက်တယ်၊ ကျွန်မလည်း ပါးစပ်ထဲက ထွက်မိထွက်ရာ ထွက်လိုက်ပေမယ့် အဲဒီဝေါဝေါကြီးဆိုတဲ့အသံကြားရင် အဘွားကြီးက အတော်ကြောက်ရှာတယ်၊ ကျွန်မသူ့ကိုနောက်ပိုင်း အသားဟင်းမကျွေးတော့ဘူး၊ ကျွေးရင်သူက အခန်းထဲကျဲပက်ပစ်လို့ ညစ်ပတ်သွားရင် ကျွန်မပဲပြန်သိမ်းရတယ်၊ အိပ်ရာခင်းတွေ ဆီပေသွားရင်လည်း ပြန်လျှော်ရတယ်ဆိုတော့ မကျွေးတော့ဘူးပေါ့။ အဘွားကြီးက နောက်ပိုင်းပိုပိုဆိုးလာသလိုပဲ၊ သူ့ကိုယ်သူလည်း သေးသေးလေးလို့ထင်နေတယ်၊ သူ့နာမည်ကိုလည်း ပါးပါးလို့နာမည်ပေးထားတယ်။
အလုပ်ဝင်ပြီး လေးလပြည့်တော့ ကျွန်မအိမ်ပြန်ချင်တယ်၊ သမီးနဲ့ခွဲရတာလည်း ကြာပြီဆိုတော့ သတိတွေရနေပြီ၊ သူဌေးမကလည်း ပြန်ခွင့်ပြုပါတယ်၊ ခွင့်သုံးရက်ပေးလိုက်တဲ့အပြင် သူတို့သားသမီးတွေငယ်ငယ်တုန်းက အဝတ်အစားတွေရော ကစားစရာတွေအပြင် သူတို့အိမ်မှာရှိတဲ့ မုန့်ပုံးတွေဘာတွေပါထည့်ပေးလိုက်တော့ ကျွန်မလည်း အိမ်ကိုပျော်ပြီးပြန်သွားခဲ့တာပေါ့။ ကျွန်မ အထုပ်အပိုးတွေပြင်နေတော့ အဘွားကြီးက မျက်နှာမကောင်းဘူးဖြစ်နေတယ်၊ ကျွန်မဝတ်ထားတဲ့ အင်္ကျီစကလေးကို လက်နဲ့ဆွဲရင်း
“နင်မသွားပါနဲ့လား ပုပုရယ်၊ နင်သွားရင် ငါပျင်းကျန်နေခဲ့မှာ”
ကလေးလေးတစ်ယောက်လို ကျွန်မကိုချွဲနေတယ်။
“မသွားလို့မဖြစ်ဘူး ပါးပါးရဲ့၊ အိမ်မှာ သေးသေးလေးတစ်ယောက်ရှိသေးတယ်၊ သူ့ဆီသွားရမှာ”
အဘွားကြီးမျက်နှာတော်တော်မကောင်းဘူး၊ ကျွန်မပြန်တော့ အိမ်ပေါက်ဝအထိလိုက်လာပြီး ကျွန်မအင်္ကျီကိုဆွဲလို့ ကျွန်မအနောက်လိုက်မယ်ဆိုပြီး တကဲကဲလုပ်နေရှာတာ၊ ဒီလိုနဲ့ ကျွန်မအိမ်ပြန်ရောက်ပြီး နှစ်ရက်လောက်နေတော့ အဘွားကြီးဆုံးပြီတဲ့၊ သူဌေးမနဲ့ဖုန်းပြောအပြီးမှာ ကျွန်မဘယ်လိုကြီးဖြစ်သွားတယ်မသိဘူး၊ ကိုယ်နဲ့လေးလလောက်အတူတူနေခဲ့ရတဲ့သူဆိုတော့ သံယောဇဉ်ဖြစ်နေမိတာအမှန်ပဲ၊ သူဌေးမကတော့ စိတ်ရှင်းပါတယ်၊ သွားချိန်တန်လို့သွားရတာပဲ ဘာမှသဘောထားမနေနဲ့တဲ့၊ ဒါပေမယ့် ကျွန်မဖြင့် ကျွန်မပြန်လာလို့များ အဘွားကြီးသေသွားရတာလားဆိုပြီး စိတ်ထဲသိပ်မလုံဘူးဖြစ်နေတယ်။
သုံးရက်ပြည့်အောင်မနေဘဲ ကျွန်မသတင်းကြားကြားချင်း မန္တလေးကိုပြန်ခဲ့တယ်၊ ကျွန်မရောက်တော့ အဘွားကြီးအလောင်းကိုမတွေ့လိုက်ရတော့ပါဘူး၊ သေပြီးကတည်းက ချက်ချင်းသဂြိုလ်လိုက်တဲ့ပုံပါပဲ၊ ကျွန်မတွေ့လိုက်ရတာကတော့ အိမ်ရှေ့ခန်းမှာ မှန်ဘောင်သွင်းထားတဲ့ အဘွားကြီးငယ်ငယ်ကပုံကလေးပါပဲ။ နာရေးကိစ္စတွေလဲ ပြီးပြီထင်ပါရဲ့၊ သူဌေးမကတော့ အိမ်မှာဆက်လုပ်ချင်ရင်လည်း လုပ်ပါလို့ပြောလာတယ်၊ ကျွန်မလည်း လခလည်းကောင်း လုပ်ရတာလည်း မပင်ပန်းဘူးဆိုတော့ အဘွားကြီးမရှိတော့ပေမယ့် ဒီအိမ်မှာပဲဆက်နေဖို့ဆုံးဖြတ်လိုက်တယ်၊ အဘွားကြီးနေခဲ့တဲ့ကုတင်တွေ မွေ့ယာတွေကို လွှင့်ပစ်ပြီး အဘွားကြီးရဲ့အဝတ်အစားတွေကိုလည်း သူများပေးလိုက်ကြတယ်၊ အရင်က အဘွားကြီးနေခဲ့တဲ့အခန်းက အခုတော့ ပြောင်သလင်းခါသွားခဲ့ပြီ၊ ကျွန်မလည်း သရဲခြောက်တဲ့ အောက်ထပ်အခန်းမှာ ပြန်နေရတော့မယ်။ အဘွားကြီးမရှိပေမယ့် သူ့ကိုသတိတော့ရနေမိတယ်။
တစ်ရက်နှစ်ရက်လောက်ကြာတဲ့အထိ ဘာအသံမှမကြားရလို့ ကျွန်မဖြင့်ထူးဆန်းနေမိတယ်၊ ကျွန်မစိတ်ထဲ အဘွားကြီးက ကျွန်မကိုနုတ်ဆက်မလား၊ ဒါမှမဟုတ် ဟိုသေးသေးလေးတွေကပဲ ကျွန်မကိုခြောက်လှန့်မလားဆိုပြီး ကြောက်နေမိပေမယ့် ဘာဆိုဘာမှကိုမဖြစ်တာ ထူးဆန်းနေတာပါပဲ၊
ကျွန်မပြန်ရောက်ပြီး တစ်ပတ်လောက်ကြာတော့ သူဌေးမိသားစုက ခရီးထွက်မယ်ဆိုပြီးဖြစ်လာတယ်၊ ကလေးတွေပါအကုန်လိုက်သွားမယ်၊ ကျွန်မကတော့ အိမ်မှာအိမ်စောင့်ပေါ့၊ သူတို့အိမ်မှာမွေးထားတဲ့ခွေးလေးတွေကို အချိန်တန်ရင်ထမင်းကျွေးရမယ်ပေါ့။ သူဌေးမက ကျွန်မတစ်ယောက်တည်းနေရဲလားလို့မေးတယ်၊ မနေရဲရင် သူ့ရွှေဆိုင်က ကလေးမတွေကိုဖြစ်ဖြစ် အဖော်ခေါ်ပေးခဲ့မယ်ပေါ့၊ ကျွန်မကတော့ ဒီအိမ်ကြီးမှာတစ်ယောက်တည်းနေရဲပါတယ်၊ သူအဖော်ခေါ်ပေးခဲ့တဲ့ ကလေးမတွေသာ သရဲခြောက်ခံရရင် ကြောက်လန့်ကုန်ကြမှာ၊ ဒါတင်မက ရွှေဆိုင်မှာလည်း အိမ်ကြီးကသရဲခြောက်တယ်ဆိုတဲ့သတင်းပြန့်သွားရင် မကောင်းဘူးမဟုတ်လား။ နောက်ဆုံးတော့ ကျွန်မတစ်ယောက်တည်း အိမ်စောင့်ကျန်ခဲ့တယ်၊ သူတို့သွားတဲ့ခရီးကတော့ သိပ်မကြာပါဘူး၊ လေးညလောက်ပဲကြာမယ်ပြောတယ်။ သူတို့တွေအကုန်ထွက်သွားတော့ ကျွန်မလည်း အိမ်ကြီးကိုသော့အထပ်ထပ်ခတ်ပြီး အိမ်ထဲဝင်နေလိုက်တယ်။ အိမ်ကြီးက လုံခြုံပြီးတော့ ခြံစည်းရိုးအမြင့်ကြီးအပြင် သံဆူးကြိုးတွေ စီစီတီဗွီတွေတပ်ထားတာဆိုတော့ တော်ရုံလူဝင်လို့မရပါဘူး၊ သူတို့မရှိမှ ကျွန်မက ဒီအိမ်ကြီးရဲ့ သခင်မလိုလိုဖြစ်သွားတယ်။
ဒီလောက်ကြီးကျယ်ခမ်းနားတဲ့အိမ်ကြီးမှာ ကျွန်မတစ်ယောက်တည်းရှိနေတယ်ဆိုတဲ့အသိက နောက်တော့ ကျွန်မကိုခြောက်လှန့်လာတယ်၊ ဒီအိမ်မှာ သက်ရှိဆိုလို့ ကျွန်မရယ် သူတို့မွေးထားတဲ့ ခွေးသေးသေးလေးတစ်ကောင်ရယ်ပဲကျန်တော့တယ်၊ တစ်ရက်နှစ်ရက်လောက်နေပြီးတော့ ကျွန်မတော်တော်ပျင်းလာတယ်၊ အမှန်အတိုင်းပြောရရင် ချိုင့်ဆွဲစားတဲ့ထမင်းဟင်းတွေကို မစားချင်တော့ဘူး၊ ကိုယ်စားချင်တဲ့ဟင်းကို ကိုယ်ချက်စားချင်တာအမှန်ပဲ၊ ဒီလိုနဲ့အဲဒီနေ့မနက်မှာ ကျွန်မဈေးကိုထွက်ခဲ့လိုက်တယ်၊ ဈေးထဲရောက်တော့ အမဲသားတွေလတ်တာနဲ့ အမဲသားဝယ်တယ်၊ သူဌေးမတွေမရှိတုန်း အိမ်မှာဟင်းချက်စားမယ်၊ အမဲသားကို ကျော်နှပ်ကလေးလုပ်ပြီး သိမ်းထားမယ်၊ သူဌေးမက အသားစိမ်းငါးစိမ်းနံ့ကိုခံမရဘူးဆိုတော့ သူတို့မသိတဲ့အချိန် စိတ်ကြိုက်ချက်စားမယ်ဆိုပြီးတွေးလိုက်မိတယ်၊ အမဲသားတစ်ပိဿာလောက်ဝယ်လာခဲ့တယ်၊ သူတို့ပြန်မရောက်မချင်း စားရမှာပေါ့လေ။
အိမ်ပြန်ရောက်တော့ ကျွန်မအတော်ပင်ပန်းနေပြီ၊ မန္တလေးနေက သိပ်ပူတယ်မဟုတ်လားရှင်၊ ဒါနဲ့ အမဲသားတွေကို ရေခဲသေတ္တာထဲထည့်ပြီးတော့ ကျွန်မအိမ်ရှေ့ဆိုဖာမှာထွက်ထိုင်လိုက်တယ်၊ အဲကွန်းခန်းထဲရောက်မှပဲ နည်းနည်းသက်သာသွားတယ်၊ အအေးဘူးတစ်ဘူးဖွင့်သောက်လိုက်ပြီး တီဗွီဖွင့်ကြည့်နေရင်း ကျွန်မမိုက်ခနဲအိပ်ပျော်သွားတယ်။
နားထဲမှာ အသံသေးသေးလေးတွေကြားလိုက်လို့ ကျွန်မလန့်နိုးသွားတယ်၊ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျွန်မအရှေ့နားက စားပွဲပေါ်မှာ မည်းမည်းအကောင်သေးသေးလေးတွေ အများကြီးကိုတွေ့ရတယ်။ ကျွန်မဖြင့်လန့်ပြီး ဆိုဖာကြီးအပေါ်မှာ ဆောင့်ကြောင့်ထိုင်လိုက်မိတယ်၊ မည်းမည်းအကောင်လေးတွေက လက်မအရွယ်လောက်ပဲရှိပြီးတော့ လူလိုပုံစံကလေးတွေပဲ၊ ဒါပေမယ့် သူတို့မှာအဝတ်အစားမပါသလို လိင်အင်္ဂါလည်းမပါကြဘူး၊ ခေါင်းမှာတော့ ဆံပင်ပုံစံအမျိုးမျိုးရှိကြပြီးတော့ တစ်ချို့က ဆံပင်အရှည်ကြီး၊ တစ်ချို့က တော့ ဆံပင်ခပ်တိုတိုကလေးတွေနဲ့ဖြစ်နေကြတယ်၊ ဒီလူလေးတွေကိုကြည့်ပြီး တစ်ချိန်က အဘွားကြီးပြောဖူးတဲ့ သေးသေးကလေးတွေဆိုတာ ဒါများလားလို့တွေးလိုက်မိတယ်၊ ကျွန်မတို့ငယ်ငယ်က နားထောင်ခဲ့ဖူးတဲ့ ငလက်မဆိုတာ ဒီလိုလူကလေးတွေဖြစ်မယ်ထင်တယ်။
သေချာကြည့်လိုက်တော့မှ စားပွဲပေါ်မှာတင်မကဘဲ တစ်အိမ်လုံးအနှံ့သူတို့တွေရှိနေကြတယ်။ အိမ်ပြတင်းပေါက်က ခန်းဆီးလိုက်ကာတွေအပေါ်မှာ တွဲလောင်းခိုနေကြတယ်၊ ပရိဘောဂပစ္စည်းတွေအပေါ်မှာ တက်ဆော့နေကြတယ်၊ ကျွန်မက သူတို့ကိုကြည့်ပြီးအော်လိုက်ပေမယ့် သူတို့က ကျွန်မပြောတာကို ကြားပုံမရဘူး။
နောက်တော့ သူတို့မွေးထားတဲ့ ခွေးပုလေးက အနားရောက်လာတယ်၊ ခွေးပုကလေးရဲ့ကျောပေါ်မှာလည်း မည်းမည်းအကောင်လေးတွေ လိုက်ပါလာကြတယ်၊ ခွေးပုလေးရဲ့ငယ်ထိပ်က အကောင်လေးကတော့ ကျွန်မကိုသေချာစိုက်ကြီးနေပြီး အသံသေးသေးလေးနဲ့ ပုပုလို့ခေါ်တယ်၊ ကျွန်မရင်တွေထိတ်ပြီး မျက်လုံးတွေပြူးသွားတယ်၊ ကျွန်မကို ပုပုလို့ခေါ်တာ အဘွားကြီးပဲရှိတယ်မဟုတ်လား။
“ပါးပါး ပါးပါးလား”
ကျွန်မပြောလိုက်ပေမယ့် ကျွန်မစကားကိုသူတို့ကြားပုံမရဘူး၊ သူတို့ကိုကြည့်ရင်း အဘွားကြီးပြောဖူးတာကို ပြန်သတိရသွားတယ်။ ဒီသေးသေးလေးတွေက အသံတိုးတိုးကလေးပြောမှ ကြားတယ်မဟုတ်လား၊ ဒါနဲ့ကျွန်မလည်း အသံကိုသေးနိုင်သမျှသေးအောင်လုပ်လိုက်ပြီး လေသံလေးနဲ့ပြောလိုက်တယ်။
“ပါးပါးလား၊ အခုခွေးပေါ်မှာ ပါးပါးလား”
“ဟုတ်တယ် ပုပု၊ ငါတစ်ယောက်တည်းနေရတာပျင်းလို့ သူတို့နဲ့လိုက်သွားတာ၊ သူတို့နဲ့နေရတာ သိပ်ပျော်ဖို့ကောင်းတာပဲ”
ကျွန်မသိလိုက်ရပါပြီ၊ တကယ်တော့ သူတို့က လူမဟုတ်တဲ့ပရလောကသားတွေပါ၊ တကယ်တော့ ဒီအဘွားကြီးသေသွားတာ ဒီကောင်လေးတွေ အသက်နှုတ်သွားတာ၊ ဝိညာဉ်နှုတ်ယူသွားတာပဲဖြစ်မှာ၊
“ပုပု ငါ့ကိုအမဲသားကျွေးစမ်းဟာ ငါမစားရတာကြာတော့ တော်တော်ဆာနေပြီဟ”
ကျွန်မလည်း ရေခဲသေတ္တာကြီးဆီကိုပြေးလာခဲ့မိတယ်၊ ရေခဲသေတ္တာထဲက အမဲသားတုံးတွေကိုထုတ်ယူလိုက်ပြီး ရေဆေးနေတုန်းမှာပဲ ကျွန်မအနားကို ဒီအကောင်သေးသေးကလေးတွေက ဝိုင်းလာကြတယ်၊ သူတို့က ကျွန်မရေဆေးတာကို ပြီးအောင်မစောင့်ဘဲ အမဲသားစိမ်းကိုဒီအတိုင်းစားသောက်လိုက်ကြတယ်၊ အမဲသားစားတဲ့အခါ သူတို့ပါးစပ်ထဲက အစွယ်ဖွေးဖွေးကလေးတွေကို အတိုင်းသားမြင်နေရတယ်၊ ဒီအမဲသားတုံးကြီးကို သူတို့တွေစားလိုက်ကြတာ ခဏပဲကြာတယ်၊ ကုန်သွားပါရော။
“ပုပု ငါစားချင်သေးတယ် ထပ်ထုတ်ပေးအုံး”
ကျွန်မရေခဲသေတ္တာတံခါးကို ဖွင့်လိုက်ရုံရှိသေးတယ် ဒီအကောင်လေးတွေက ရေခဲသေတ္တာထဲကိုခုန်ဝင်ကြပြီးတော့ ကျွန်မသိမ်းထားတဲ့ကျန်တဲ့အမဲသားတွေကို စားပစ်လိုက်ကြတယ်၊ စားရင်းစားရင်းနဲ့ သူတို့ရဲ့ကိုယ်ခန္ဓာတွေက တဖြည်းဖြည်းနဲ့ကြီးထွားလာသလိုပဲ၊ အစက လက်မလောက်အရွယ်ကလေးတွေကနေ အခုတော့ တစ်မိုက်လောက်အရွယ်အထိဖြစ်သွားကြတယ်။ နောက်တော့ ပါးပါးက သူစီးထားတဲ့ခွေးကလေးကို ကိုက်စားလိုက်တယ်၊ ခွေးကလေးက အော်လိုက်တာ ငယ်သံပါနေရောပဲ၊ ဒီကောင်လေးတွေက ခွေးကလေးကိုစားလိုက်တာ ခွေးကလေးက အကောင်းမတ်တပ်ကြီးကနေ ချက်ချင်း အရိုးပြိုင်းပြိုင်းကျသွားတဲ့အထိဖြစ်သွားတော့တယ်။
ဒီကောင်လေးတွေက တစ်အိမ်လုံးက စားသောက်စရာတွေအကုန်လုံးကို စားသောက်ပြီးတဲ့အခါ ကျွန်မဘက်ကိုလှည့်ကြည့်တယ်၊ သူတို့အရွယ်တွေက တစ်တောင်လောက်တောင်ရှိနေကြပြီ၊ ပါးပါးက ကျွန်မကိုကြည့်ပြီးတော့ အနားကိုတဖြည်းဖြည်းတိုးကပ်လာတယ်။
“ပုပု ငါဗိုက်ဆာတယ်၊ ငါနင့်ကိုစားမယ်”
ပါးပါးခေါင်းဆောင်ပြီးတော့ ဒီကောင်လေးတွေက အရှေ့ကိုခုန်တက်လာကြတယ်၊ ကျွန်မလည်း ကြောက်ကြောက်လန့်လန့်နဲ့ နောက်ဆုတ်နောက်ဆုတ်နဲ့ပြေးရင်း မကြာခင်အခန်းထောင့်တစ်ခုမှာ ကျွန်မချောင်ပိတ်မိသွားတယ်၊ သေးသေးကလေးတွေက ကျွန်မကိုဝိုင်းရံထားကြတယ်။ သေးသေးကလေးတွေလို့သာခေါ်ပေမယ့် အခုဒီကောင်ကလေးတွေက အတော်ကြီးနေကြပြီ။
ပါးပါးက အရင်ဆုံးခုန်လိုက်ပြီး ကျွန်မမျက်နှာကိုပြေးကပ်တယ်၊ ကျွန်မက လက်နဲ့ကာလိုက်တဲ့အချိန်မှာ သူက လက်ဖျံပေါ်ကျသွားတယ်၊ လက်ဖျံသားကို သူ့ပါးစပ်နဲ့ကိုက်ထည့်လိုက်တာ ဆစ်ခနဲခံစားလိုက်ရတယ်၊ ကျွန်မလည်း အတင်းအကြပ်ရုန်းကန်ပေမယ့် ကျန်တဲ့အကောင်တွေကလည်း ဝိုင်းအုံလာတယ်၊ ဒီအချိန် ကျွန်မခေါင်းထဲအကြံတစ်ခုပေါ်လာတယ်၊ ဒါနဲ့ ကျွန်မလည်း အသံကိုသေးနိုင်သမျှအသေးဆုံးဖြစ်အောင်လုပ်ပြီးတော့ အော်ထည့်လိုက်တယ်။
“ဝေါဝေါကြီးလာပြီ၊ ဝေါဝေါကြီးလာပြီဟေ့”
ကျွန်မပြောလိုက်တာနဲ့ လက်ဖျံကိုကိုက်ထားတဲ့ ပါးပါးက လက်ပေါ်ကနေခုန်ချပြီး တစ်ချိုးတည်းလှည့်ပြေးတယ်၊ ပါးပါးပြေးသွားတဲ့အခါ အနောက်က သေးသေးလေးတွေကလည်း ရောယောင်ပြီးလိုက်ပြေးကြတယ်၊ သူတို့က ကျောက်ပြားခင်းထားတဲ့ကြမ်းအောက်ထဲကို ဖောက်ပြီးထွက်ပြေးကြတယ်၊ သူဌေးအိမ်က ကြမ်းပြင်က ကျောက်ပြားချပ်ကြီးတွေခင်းထားတာကို သူတို့ဖောက်ထွင်းပြီးဝင်သွားနိုင်ကြတယ်။ ပြီးတော့ ကြမ်းခင်းအောက်ကနေ ခေါင်းလေးထွက်လာပြီး ကျွန်မကိုစူးစူးစိုက်စိုက်ကြည့်နေတယ်၊ ကြမ်းပြင်တစ်ခုလုံးမှာ သူတို့တွေချည်းပါပဲ၊ လူတစ်ကိုယ်လုံးမထွက်လာရဲဘဲ ခေါင်းလေးတွေဖော်ပြီး မျက်လုံးပြူးပြူးနဲ့ဝိုင်းကြည့်နေတယ်။
“ဝေါဝေါကြီးလာပြီ၊ ဝေါဝေါကြီးလာနေပြီ”
ကျွန်မဒီစကားကို အသံသေးသေးကလေးနဲ့ရေရွတ်နေမိတယ်၊ ဒီအကောင်သေးသေးလေးတွေ ဒီလိုအော်လိုက်မှ ကျွန်မအနားကိုမတိုးရဲကြတာ၊ ဒါပေမယ့် သူတို့အသံသေးသေးလေးတွေနဲ့ ကျွန်မကိုစားမယ်သောက်မယ်၊ သတ်မယ်ဖြတ်မယ်ဆိုပြီးပြောဆိုနေကြတယ်၊ သူတို့အသံတွေကို ကျွန်မမကြားချင်တော့ဘူး၊ သူတို့အသံတွေကို နားမထောင်ချင်တော့ဘူး၊ ဒါနဲ့ ကျွန်မနားရွက်ကိုလက်နှစ်ဖက်နဲ့အုပ်လိုက်ထားလိုက်တယ်၊ ပါးစပ်ကနေ ဝေါဝေါကြီးလာပြီဆိုပြီး တရစပ်ရွတ်နေမိတယ်။
ကျွန်မဘယ်လောက်ကြာကြာအော်နေမိသလဲမသိတော့ပါဘူး၊ ကျွန်မလက်ကို သူဌေးမလာဆွဲတော့မှ ကျွန်မအသိစိတ်ပြန်ဝင်သွားတယ်၊ သူဌေးမနဲ့မိသားစုက ကျွန်မကိုအထူးအဆန်းမျက်လုံးတွေနဲ့ကြည့်နေကြတယ်။ အပြင်မှာနောက်တစ်နေ့မနက်ရောက်နေပါပြီ၊ ဒါဆိုကျွန်မထိုင်နေခဲ့တာ တစ်ရက်တိတိကြာခဲ့တာများလား။ အသိစိတ်လွတ်ပြီး ရူးနေတဲ့လူတစ်ယောက်လို ကျွန်မအိမ်ထဲပတ်ပြီးပြေးလွှားနေမိတယ်၊ ကလေးတစ်ယောက်လိုလဲ အော်ငိုနေမိတယ်၊ သူဌေးမက ဖမ်းချုပ်ထားပြီး ခဏကြာမှ ကျွန်မစိတ်တွေတည်ငြိမ်သွားခဲ့တယ်။
“မင်းဘာတွေဖြစ်နေတာလဲ သီတာ”
“သေးသေးလေးတွေ၊ သေးသေးလေးတွေ အများကြီးရှိတယ်၊ သူတို့ကျွန်မကို စားကြတော့မယ်”
ကျွန်မက အထိတ်တလန့်နဲ့ပြောပေမယ့် သူတို့မိသားစုကတော့ ဘာမှမထူးဆန်းသလိုပါပဲ၊
“မင်းဘာတွေလုပ်ခဲ့သလဲ သီတာ၊ မင်းအသားစိမ်းတွေဘာတွေ အိမ်ထဲယူသွင်းခဲ့သေးသလား”
ကျွန်မခေါင်းညိတ်လိုက်တယ်။
“ဟုတ်တယ်၊ ကျွန်မအမဲသားစားချင်တာနဲ့ ရှင်တို့မရှိတဲ့အချိန်ချက်စားမယ်ဆိုပြီး အသားဝယ်ခဲ့တာပဲ”
“မင်းကိုဒီအိမ်ထဲ အသားစိမ်းငါးစိမ်းမထည့်ရဘူး၊ အမဲသား မစားရဘူးလို့ပြောထားတယ်မဟုတ်ဘူးလား”
“ရှင်တို့မရှိလို့ဘူး၊ အသားစိမ်းနံ့မခံနိုင်တဲ့ ရှင်မရှိဘူး”
“အသားစိမ်းနံ့မခံနိုင်ဘူးဆိုတာ တမင်လျှောက်ပြောတာ တကယ်က အဲဒီလိုမဟုတ်ဘူး၊ မင်းအတွက် အန္တရာယ်ရှိလို့ပြောခဲ့တာ”
သူတို့စကားတွေကတစ်မျိုးပဲ၊ သူဌေးမဆိုရင် စကားပြောပြီး မျက်နှာပျက်သွားတယ်။
“ဒါဆို . . .ဒါဆို ရှင်တို့က ဒီလူသေးသေးလေးတွေ ရှင်တို့အိမ်မှာရှိတယ်ဆိုတာ သိတယ်ပေါ့”
ကျွန်မမေးလိုက်တော့ လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်တယ်၊ သူ့ယောက်ျားက ခေါင်းညိတ်ပြလိုက်တော့မှ သူဌေးမက
“မထူးတော့ပါဘူး၊ မင်းကိုယ်တိုင်မြင်ဖူးပြီဆိုတော့ ငါတို့လှို့ဝှက်မထားတော့ဘူး၊ ဟုတ်တယ် ငါတို့အိမ်မှာ ဘာမှန်းမသိတဲ့အကောင်လေးတွေရှိတယ်၊ ငါတို့အိမ်သားတွေအကုန်လုံးမြင်ရတယ်”
“ဘယ်လိုပြောလိုက်တယ်၊ ရှင်တို့က သိသိကြီးနဲ့ ကျွန်မကိုလိမ်နေကြတယ်ပေါ့၊ ဒါနဲ့ အဲဒီကောင်လေးတွေက ဘာတွေလဲ”
“ငါတို့လည်းသေချာမသိဘူး၊ ဒါပေမယ့် ကျိန်စာတစ်ခုကြောင့်ဖြစ်မယ်ထင်တယ်”
“ကျိန်စာ . . .ဘယ်လိုကျိန်စာမျိုးလဲ”
“ငါတို့တွေရွှေတူးတော့ တောတောင်တွေထဲမှာ ရွှေလုပ်ကွက်တွေလုပ်ရတယ်၊ အဲဒီအခါ ရွှေလုပ်ကွက်တစ်ခုမှာ ဒီကောင်လေးတွေနဲ့တွေ့တယ်၊ သူတို့က သူတို့နေရာမှာရွှေမလုပ်စေချင်ဘူး၊ ဒါပေမယ့် ငါတို့က အရဲစွန့်ပြီးလုပ်ခဲ့တယ်၊ အဲဒီအကွက်မှာ ရွှေလည်းတော်တော်ထွက်တယ်”
“ဒါဆို အဲဒီအကောင်လေးတွေက ရှင်တို့နဲ့အတူတူပါလာတာပေါ့”
“ဟုတ်တယ်၊ အဲဒီရွှေတွေတူးပြီးတဲ့နေ့ကစပြီး ငါတို့ရောက်လေရာနေရာမှာ သူတို့လိုက်လာတတ်တာပဲ”
“ရှင်တို့အိမ်တွေဘာတွေပြောင်းမနေကြဘူးလား”
“ဒီအိမ်က ငါတို့ဆယ်လုံးမြောက်ပြောင်းလာတဲ့အိမ်ပဲ၊ ငါတို့အိမ်ဘယ်လောက်ပြောင်းပြောင်း သူတို့က ငါတို့နဲ့အတူတူရှိနေတယ်၊ ပြောရရင်တော့ ငါတို့နေတဲ့အိမ်တိုင်းမှာ သူတို့နေကြတယ်၊ ငါ့အထင်တော့ သူတို့ရဲ့အသိုက်အမြုံကို ဖျက်ဆီးပြီးရွှေတူးခဲ့လို့ ငါတို့နေတဲ့နေရာမှာ ပြန်လိုက်နေကြတယ်ထင်တယ်၊ သူတို့တွေ တိုက်တဲ့ကျိန်စာကို ငါတို့ခံနေရတယ်ထင်တယ်”
“ရှင်တို့ဟာက ကြောက်ဖို့ကောင်းလိုက်တာ”
“ဒါကြောင့် ငါတို့အိမ်မကပ်တာပဲ၊ သူတို့က အိမ်မှာနေပေမယ့် အပြင်ကိုတော့လိုက်လာလို့မရကြဘူး၊ ပြီးတော့ အိမ်မှာ အသားစိမ်းငါးစိမ်းသွင်းလို့မရဘူး၊ အဆိုးဆုံးကတော့ အမဲသားပဲ၊ အသားစိမ်းငါးစိမ်းကို သူတို့စားမိရင်သူတို့ရဲ့စိတ်တွေကြမ်းတမ်းလာတယ်၊ ချက်ပြုတ်ပြီးသားအစားကိုစားရင်တော့ ဘာမှမဖြစ်ဘူး၊ အမဲသားစားရင် သူတို့အကောင်တွေကြီးလာတတ်တယ်၊ အမဲသားကြောင့် တို့အိမ်က အလုပ်သမားနှစ်ယောက် သေသွားခဲ့ဖူးပြီ”
“ဒါဆို ရှင့်အမေသေရတာလည်း သူ့ကြောင့်၊ ရှင့်အမေရူးသွားတာလဲ သူတို့ကြောင့်ပဲ၊ အခု ရှင့်အမေက သူတို့နဲ့အတူတူသွားနေနေတယ်ဆိုတာ ရှင်သိသလား”
“ငါတို့အတွက်တော့ မထူးဆန်းတော့ပါဘူး၊ ဒီကျိန်စာကြောင့် ငါတို့ဘယ်ကိုပြောင်းပြောင်းသူတို့လိုက်နေမှာပဲ၊ ငါတို့နဲ့အတူတူ သူတို့ရှိနေမှာပဲ”
“ဒါဆို ကျွန်မလည်းမနေဘူး၊ ကျွန်မ မနေရဲတော့ဘူး ပြန်တော့မယ်”
သူဌေးမက ခေါင်းညိတ်လိုက်ပြီး
“ငါ့အမေလည်းဆုံးသွားပြီဆိုတော့ ဒီအိမ်မှာ လူမလိုတော့ဘူး၊ မင်းကိုငါဆက်လုပ်ချင်သလားလို့မေးခဲ့တယ်မဟုတ်လား”
“အခုတော့ မလုပ်ချင်တော့ဘူး ကျွန်မပြန်မယ်၊ ကျွန်မပြန်တော့မယ်”
ကျွန်မလည်း အဝတ်အစားတွေကိုအမြန်ထုပ်ပိုးလိုက်တယ်၊ သူဌေးမိသားစုက ခရီးသွားတဲ့အခါ ဟိုတယ်မှာတည်းရတာအဆင်မပြေဘူးဆိုပြီး တစ်ရက်စောပြန်လာခဲ့တယ်ဆိုပဲ၊ ကျွန်မ အဝတ်အစားတွေထုပ်ပိုးနေတဲ့အချိန်အထိ ဒီသေးသေးကလေးတွေက ကျွန်မကိုငေးစိုက်ကြည့်နေကြတယ်၊ အခုတော့ သူတို့က အရင်အတိုင်းသေးသေးကလေးတွေဖြစ်သွားပြီ၊ တကယ်လို့ဒီမှာသာ ဆက်နေမယ်ဆိုရင် ကျွန်မ ဟိုအဘွားကြီးလို ရူးရင်ရူး၊ မရူးရင်လည်း ဒီကောင်လေးတွေလုပ်တာနဲ့ သေမှာပါပဲ။
အထုပ်အပိုးတွေပြင်ဆင်ပြီးတဲ့အခါ သူဌေးမက ပိုက်ဆံတွေထုတ်ပေးတယ်၊ ကျွန်မ ပိုက်ဆံတွေကို ရေတောင်မရေတော့ဘဲ အိမ်ထဲကနေဆင်းလာခဲ့တယ်၊ အိမ်ပေါက်ဝရောက်တော့ ပန်းအိုးထဲမှာ ပါးပါးက ရပ်နေတယ်၊ ကျွန်မကိုကြည့်ပြီး
“ပုပု မသွားပါနဲ့၊ နင်မရှိရင် ငါပျင်းနေတော့မှာ”
ကျွန်မလည်း ပါးပါးကိုကြည့်ရင်း အသံသေးသေးလေးနဲ့
“ဝေါဝေါကြီးလာပြီ” လို့ပြောလိုက်တော့ ပါးပါးကြီးနဲ့ သေးသေးလေးတွေနဲ့ ပန်းအိုးအောက်ကမြေကြီးထဲကိုခုန်ဝင်သွားကြတယ်၊ ကျွန်မလည်း အားရပါးရအော်ဟစ်ရယ်မောပြီး အဲဒီခြံကြီးထဲကနေထွက်လာခဲ့လိုက်တယ်။
အိမ်ကိုပြန်ရောက်တော့ လူတွေက ကျွန်မကိုရူးနေတယ်လို့ပြောကြတယ်၊ ကျွန်မဆရာဝန်ပေးတဲ့ဆေးတွေလည်းသောက်ရတယ်၊ တကယ်တော့ ကျွန်မရူးနေတာမဟုတ်ပါဘူး၊ အဲဒီသေးသေးလေးတွေက ကျွန်မကိုအိပ်မက်ထဲအထိခြောက်လှန့်နေတုန်းပဲ၊ အိမ်မှာနေရင်လည်း အဲဒီသေးသေးလေးတွေ လှစ်ခနဲလှစ်ခနဲပြေးထွက်သွားတာမျိုးကို မြင်ယောင်နေဆဲပဲ၊ အမေတို့ကိုပြောပြတော့လည်း အမေက ကျွန်မအိပ်မက်ဆိုးမက်နေတာပါလို့ ပြောပြီးဖြေသိမ့်တယ်၊ ကျွန်မအနေနဲ့ ဒီအဖြစ်က အိပ်မက်တစ်ခုမဟုတ်ဘူးဆိုတာသေချာတယ်၊ အခုထိလည်းကျွန်မလက်ဖျံမှာ သွားစွယ်ရာအကွင်းကြီးက အမာရွတ်ကြီးအဖြစ်နဲ့ အထင်းသားကြီးရှိနေပါသေးတယ်။
ပြီးပါပြီ
အဂ္ဂဇော်