မှောင်မိုက်မှာငို(စ/ဆုံး)
——————-
” အမေ သူ့ကို ကျောင်းထားပေးမှာလား။သူနဲ့ ကျောင်းအတူတူ မသွားချင်ဘူးနော်”
“ဟဲ့ ထားစရာလား နင့်အဖေခေါ်လာကတည်းက ခိုင်းဖို့ပဲ။ မပြောလိုက်ချင်ဘူး။ကိုယ်မိသားစုတောင်
နပ်မှန်အောင် စားနေရတာကို ဘယ်က ကလေကဝကို ခေါ်လာမှန်းမသိဘူး”
“ဟုတ်ပ အမေရယ်။စုတ်ပြတ်နေတာပဲ”
“အေး ငါကလည်း နင့်အဖေကိုမလွန်ဆန်နိုင်လို့ လက်ခံလိုက်ရတာလေ။နည်းနည်းမှသဘောမတွေ့ဘူး”
“အဖေက မမိုက်တာပါ။ အိမ်မှာလူတစ်ယောက်တိုးလာရင် အကုန်အကျပိုများလာမှာလေ”
“အေး အဲဒါပြောတာပေါ့။သူ့ ကုန်စိမ်းလိုက်ရောင်းရတဲ့ ဝင်ငွေက အင်မတန်များတာဆိုတော့ အိမ်ပေါ်တောင် ခေါ်တင်လာရတာလေ။ ညည်းအဖေသူငယ်ချင်းသားလို့ ပြောတာပဲ။ဒီနှစ် ခုနှစ်တန်းတက်မှာတဲ့။ညည်းနဲ့အတူတူပေါ့”
” အမလေး အမေရယ် မနှိုင်းစမ်းပါနဲ့ ။ကျောင်းအတူတူမတက်နိုင်ဘူးနော်။ဒါပဲ”
“အဲဒါ ညည်းအဖေ သူတော်ကောင်းကြီးပြော။ငါ့လာမပြောနဲ့။တကတည်းတော် အံ့ဩလွန်းလို့ ။ကိုယ့်မှာတောင် သားသမီးနှစ်ယောက်နဲ့ လုံးချာလိုက်နေတာကို လူပိုကခေါ်လာသေးတယ်။စိတ်ပျက်စရာကောင်းလိုက်တာနော်”
အိပ်ခန်းကျည်းလေးထဲမှ အပြင်က စကားသံတွေကြောင့် မင်းသူတစ်ယောက်မျက်ရည်တွေကျဆင်းလာသည်။ သူ့ကိုခေါ်လာသည့် ဦးလေးမောင်က ဈေးရောင်းသွားပြီမို့ သူကျန်ခဲ့ရသည်။ ဦးလေးမောင်၏ မိန်းမနှင့်သမီးဖြစ်သူကတော့ မင်းသူဒီအိမ်ရောက်လာတာကို မနှစ်မျိုပေ။မလိုလားမှန်းသိသာနေတော့ မင်းသူ အိမ်အပြင်ထွက်ရမှာတောင်ကြောက်နေမိသည်။ ကြိတ်မှိတ်ကာနေရပေမည်။သူ့မှာ အားကိုးမှိခိုစရာဘယ်သူမှမရှိပေ။ ဦးလေးမောင်တစ်ယောက်သာ သူ့ဘဝအတွက် ကယ်တင်ရှင်မဟုတ်ပါလား။
“ဟဲ့ အခန်းထဲက အကောင် အိမ်တွင်းပုန်းနေလ်ု့ရမလားဟဲ့”
အော်သံကြောင့် အခန်းလေးထဲမှ သူပြေးထွက်လာရသည်။
“လုပ်စရာရှိတာလာလုပ်။လက်ထိပ်ကို အမှိုက်သွားပစ်။ပြီးရင် အိမ်ရှေ့ကို သန့်ရှင်းရေးလုပ်ရမယ်။ပြီးရင် ရေဆွဲထည့် ကြားလား”
“ဟုတ်ကဲ့ ဒေါ်လေး”
သူဘာမှ ပြန်မပြောရဲပဲ အပြစ်လွတ်အောင် အမှိုက်ထုပ်ဆွဲပြီး လမ်းထိပ်သို့ ပြေးထွက်လာခဲ့သည်။
(၂)
မင်းသူမှာ အဖေမရှိပေ။သူသုံးနှစ်သားလေးကတည်းက ဆုံးသွားတာဖြစ်သည်။ အမေက မုဆိုမဘဝဖြင့် မုန်းဟင်းခါးရောင်းကာ သူ့ကိုကျွေးမွေးပြုစုခဲ့သည်။ အမေကိုယ်တိုင်လည်း ကျန်းမာရေးကောင်းသူမဟုတ်။ဆီချို၊သွေးချိုသမားမို့ တရှောင်ရှောင်ပင်။ ဦးလေးမောင်က ဈေးလာရောင်းတိုင်း အမေ့ဆိုင်မှာမုန့်ဟင်းခါးစားရင်း ရင်းနှီးသွားခဲ့သည်။ ဦးလေးမောင်က ဆိုင်ကယ်တစ်စီးနှင့် ရပ်ကွက်တကာလှည့်၍ ကုန်စိမ်း၊ကုန်ခြောက်၊ရာသီပေါ်သီးနှံ၊အသား၊ငါး ရောင်းချနေသူဖြစ်သည်။ အမေကလည်း လိုအပ်တာဝယ်ယူသည်။ မုန်းဟင်းခါးဆိုင်အတွက် မုန်ဖက်၊နံနံပင်၊သံပရာသီးစသည်ဖြင့်လိုအပ်တာဝယ်ယူအားပေးသည်။ဈေးကိုမသွားနိုင်၍မှာယူရင်း ရင်းနှီးခဲ့ကြသည်။ဦးလေးမောင်ကိုလည်း အစ်ကိုတစ်ယောက်လို ခင်မင်အားကိုးသည်။ မုန့်ဟင်းခါးစားရင်တောင် ပိုက်ဆံမယူတော့ပေ။ဦးလေးမောင်တို့နှင့်က ရပ်ကွက်ခြားတာမို့ ဦးလေးမောင်မိသားစုကို မမြင်ဘူးပေ။ဒါပေမယ့် သူတို့မိသားစုအေကြာင်း သားအမီနှစ်ယောက် သိခွင့်ရခဲ့သည်။
“သားတစ်ယောက်၊သမီးတစ်ယောက်ရှိတယ် ညီမရေ။ သမီးကြီးက မင်းသူအရွယ်ပေါ့။သားငယ်က ခုမှကျောင်းစတက်အရွယ်ပါ။အမျိုးသမီးကတော့ အိမ်ကိစ္စ၊သားသမီးကိစ္စနဲ့ မအားပါဘူးဟာ”
မင်းသူလေးတန်းတက်ခါစကတည်းကရင်းနှီးခဲ့တာမို့ သူက်ုယ်တိုင်လည်း ကိုယ့်ဦးလေးတစ်ယောက်လို ချစ်ခင်ခဲ့သည်။ ခုလိုအမေဆုံးပါးသွားလေတော့ ဦးလေးမောင်က ပဲ သူကို ခေါ်ယူစောင့်ရှောက်ခဲ့သည်။ သူ့အိမ်သားတွေမသာကြည်တော့ မင်းသူနေရတာမပျော်ပေ။တခြားသွားဖို့လည်း မရှိလေတော့ သူ့အတွက် အကိုးစရာက ဦးလေးမောင်တစ်ယောက်သာရှိခဲ့သည်။ဒါကြောင့် အရာရာသည်းခံရလိမ့်မည်လို့ တွေးထားပြီးသားဖြစ်သည်။
“ဘာမှ မပူနဲ့သား။မင်းဒေါ်လေးက အပြောအဆို ဆိုးပေမယ့် စိတ်ကောင်းရှိသူပါ။ဦးလေးေမာင်သားသမီးတွေ ဘာပြောပြောဗွေမယူပါနဲ့ကွာနော်”
“ဟုတ်ကဲ့ပါ ဦးလေးမောင်ရယ်။ခုလို သားကို အရိပ်ကလေးခိုခွင့်ပေးတာကို ကျေးဇူးတင်ပါတယ်ဗျာ”
“ရပါတယ် ငါ့တူရယ်။ဘာမှ အားမငယ်နဲ့ သူတို့ ဘာပြောပြော စိတ်ထဲမထားနဲ့နော်။သားရှေ့မှာ ဦးလေးမောင်ရှိတယ်”
“ဟုတ်ကဲ့ ဦးလေး”
ဦးလေးမောင်၏ အားပေးစကားလေးနှင့် သူနေဖို့ဆုံးဖြတ်ရဲတာပင်။သူ့အရွယ်လေးနှင့် ကိုယ့်ဘဝကိုယ် ရပ်တည်ဖို့ကလည်း ထင်သလောက်မလွယ်ပေ။အမှိုက်အမြန်ပစ်၍ အပြေးလေးပြန်လာခဲ့သည်။ မကျယ်လှသော အိမ်ရှေ့၊အိမ်နောက်၊ပတ်ပတ်လည်ကို သန့်ရှင်းရေးလုပ်သည်။ဘုံဘိုင်မှ ရေကို အခေါက်ပေါင်းများစွာဆွဲထည့်ပြီးတော့ သူတော်တော်မောနေပြီ။ရေတွေရွှဲနေတာမို့ တစ်ခါတည်းရေချိုးလိုက်တော့သည်။ဗိုက်ကဆာပေမယ့်လည်း သွားမပြောရဲပေ။အော်ငေါက်ခံရမှာလည်း ကြောက်မိသည်။
“ဟဲ့ ကောင်လေး ရော့ ။ထမင်းခူးထားတယ်။ဒါ နင့် ပန်းကန်နော်။သေချာမှတ်ထား။ထမင်းလိုရင် ယူလို့ရတယ်။ဟင်းကတော့ တစ်ခါပဲရမယ်”
“ဟုတ်ကဲ့ ဒေါ်လေး”
ဒန်ပန်းကန်လုံးထဲမှာ ထမင်းအပြည့်ပင်။အသားတုံးတစ်တုံးပါသည်။ ကန်စွန်းရွက်ကြော်၊ငပိရည်ကျိုစမ်းပေးထားသည်။ဆာဆာနှင့် သူစားနာ ခဏလေးအတွင် ကုန်သွားတော့ သည်။ ထမင်းထပ်လိုချင်ပေမယ့် မတောင်းရဲပေ။ဒီလောက်နှင့်ပင်ကျေနပ်မိသည်။သာသာကြည်ကြည်ကျွေးတာ ကျေးဇူးတင်မိသည်။သူတို့စားသလို အသားပါပါ၍ ဦးလေးမောင်ပြောတာအမှန်ပင်။အပြောဆိုးပေမယ့် စိတ်ကောင်းရှိသူမဟုတ်ပါလား။
(၃)
“ဖြစ်ပါ့မလား ကိုမောင်ရယ်။ရှင်စဉ်းစားနော်။ကျောင်းသား သုံးယောက်တာဝန်ကြီးမို့ပါ။ရှင် ပင်ပန်းမှာနော်”
“ဘယ်တတ်နိုင်မလဲကွာ သူ့အရွယ်ကလည်း အလုပ်လုပ်ဖို့ အစဉ်မပြေလေကွာ။ကျောင်းနေရမယ့်အရွယ်ကို”
” ခုရှုပ်မှ နောင်ရှင်းတော် သူ့ဘဝတစ်သက်တာလုံးကတော့ အဆင်မပြေဘူးနော်။သူ့လမ်းသူလျှောက်နိုင်ရင် သူ့ဘဝသူ ရပ်တည်ပါစေ။ဒါတော့ ရှင်လက်ခံ။အိမ်မှာနေရင်တော့ ကျွန်မသားသမီးတွေနဲ့တော့ တန်းတူနေလို့ မရဘူး။ အိမ်အလုပ်ကတော့ လုပ်ရမှာပဲ”
“အေးပါကွာ ။ခုလည်း မင်းခိုင်းနေတာမဟုတ်လား။ကောင်းလေးက အလိုက်သိပါတယ်ကွာ”
“သိရမယ်လေ လူတစ်ယောက်တာဝန်ယူရတဲ့စရိတ်က လွယ်သလားရှင့်”
“အေးပါကွာ”
ဦးလေးမောင်၏ ကောင်းမှုကြောင့် သူ ကျောင်းနေခွင့်ရခဲ့သည်။ အိမ်အလုပ်တွေလည်း မလစ်ဟင်းအောင်လုပ်ပေးရသည်။ ကျောင်းအားရက် ဦးလေးမောင်နှင့် လိုက်ပြီး ဈေးရောင်းတက်အောင်သင်ခဲ့သည်။ ဦးလေးမောင်၏ သားသမီးတွေကိုလည်း ကိုယ့်မောင်နှမအရင်းတွေလို သူအလိုလိုက်သည်းခံခဲ့သည်။အရာရာ အောက်ကျို့ပြီးနေခဲ့သည်။ သူတို့ဘာပြောပြောစိတ်မဆိုးခဲ့ပေ။ဗွေလည်းမယူခဲ့ပေ။အရာရာခွင့်လွှတ်စိတ်နှင့် ကိုယ့်ဘဝတက်လမ်းကိုရှာခဲ့သည်။ နွေကျောင်းပိတ်ရက်ရောက်တော့ ဈေးရောင်းကာ ငွေရှာတတ်ခဲ့သည်။လူကောင်သေးသေးလေးမို့ တခြားအလုပ်အတွက်အဆင်မပြေတော့ ရရာအလုပ်လုပ်ခဲ့သည်။
“မင်းကလည်း ရှစ်တန်းရောက်တော့မယ် အရပ်မထွက်ကွာ။သေးညှပ်လိုက်တာ”
ဦးလေးမောင်ပြောလည်းပြောစရာ။အဖေနှင့်အမေက လူကောင်သေးသေးလေးတွေမို့ မင်းသူလည်း မိဘအမွေရခဲ့သည်။
“အမလေး ငယ်သေးလို့ပါတော် နောက်သုံးလေးနှစ်ကျ ထွားလာပါလိမ့်မယ်။ လူကောင်သာသေးတာ။
အစားကကြီးပတော်။ထမင်းနှစ်ဇလုံခဏလေးတော့”
ဦးလေးမောင်မိန်းမစကားကြောင့် အားလုံးရယ်မိကြသည်။ သိတတ်လိမ္မာပြီး အနေအေးသည့်သူ့ကို
ဦးလေးမောင်မိန်းမပင်ကြည်ဖြူလေပြီ။သားသမီးတွေကလည်း အရင်လို မိုက်မိုက်ရိုင်းရိုင်းချိုးနှိမ်စကားတွေမပြောတော့ပေ။ဒါပေမယ့် သူတို့အပျော်လေး တာရှည်မခံပေ။ သူကိုးတန်းဖြေပြီးသည့်နှစ်မှာ ဦးလေးမောင် ကားမတော်တဆဖြစ်ပြီး ခြေတစ်ဖက်ကျိုးသွားတော့သည်။ တစ်အိမ်လုံး၏
အဓိကငွေရှာသမားခုလိုဖြစ်ရလေတော့ အားလုံး ဒုက္ခရောက်ရလေပြီ။ ဘယ်သူမှမပြောပေမယ့် သူဆုံးဖြတ်ချက်ချခဲ့သည်။ကျောင်းထွက်ကာ ဦးလေးမောင်နေရာကို သူဝင်ယူခဲ့သည်။အသက်ဆယ့်ခွန်အရွယ် ။ လူကောင်ထွားလာပြီမို့ သု့ကျေးဇူးရှင်မိသားစုအတွက် သူရုန်းကန်ဖို့ဆုံးဖြတ်လိုက်သည်။ဦးလေးမောင်တားပေမယ့် သူ့ဆန္ဒအတိုင်းအကောင်အထည်ဖော်ခဲ့တော့သည်။
(၄)
“လေးမောင်ရေ ဒီမှာဆေးဖိုး။ဒါက ဒေါ်လေးအတွက် တစ်လစာ ဆေးဖိုးနော်။လိုရင်ပြောဒေါ်လေး။ဒီမှာ ညီလေးနဲ့ညီမလေးအတွက် မုန့်ဝယ်လာတယ်။ကျောင်းမုန့်ဖိုးကောနော်”
အားလုံးမျက်ရည်ကျရလေပြီ။ဒုက္ခိတလေးမောင်တစ်ယောက် မျက်ရည်အပြည့်နှင့် ဆုတွေပေးနေတော့သည်။ လပိုင်းသာငယ်သည့် သမီးလေးကလည်း ခုဆို အစ်ကိုတစ်ယောက်လို ခင်မင်နေပြီ။သားငယ်ကတော့ သူ့အစ်ကိုကြီးလို့ ပါးစပ်ဖျားကမချတော့ပေ။
“သားရယ် နားနားနေနေ နေပါအုံးကွယ်။ နေ့လယ် ဈေးရောင်း၊ညပိုင်း ဆိုင်ကယ် ကယ်ရီဆွဲတယ်ဆိုတော့ ငါ့သားပင်ပန်းလို့ပါ။အဒေါ်လည်း အိမ်ရှေ့မှာအသုပ်ဆိုင်လေးဖွင့်မယ်ကွယ်။အိမ်ဝင်ငွေရတာပေါ့။သားတစ်ယောက်တည်း ပင်းပန်းတာမကြည့်ရက်ဖူးကွယ်”
“နားနားနေနေ နေပါဗျာ။ကျွန်တော် ငွေရှာနေတာ ကျွန်တော့ကျေးဇူးရှင်မိသားစုအတွက်ပါ။ နောက်ပြီး ကျွန်တော့ ရည်မှန်းချက်တွေလည်း ရှိသေးတယ်ဗျာ။ဒီလိုဘဝကြီး အမြဲမနေချင်ဘူး။ကျွန်တော် ကြီးပွားချမ်းသာတဲ့သူဖြစ်ချင်တယ်ဒေါ်လေးရာ”
“မင်း ကျန်းမာရေးထိခိုက်မှာဆိုးလို့ပါကွာ။မင်းလည်းပင်ပန်းတယ်လေ”
“ကျွန်တော်လုပ်နိုင်ပါတယ် ဦးလေးမောင်ရာ။ေငွရှာချင်တယ်ဆိုတာ ကျွန်တော်တို့ ဆွေမျိုးတွေက မျက်နှာမွဲမို့ မခေါ်မပြောကြဘူးဗျ။နှိမ်ကြတယ်။ဖိနှိပ်ကြတယ်။ငွေမရှိတော့ ဆေးမကုနိူင်ဘူးလေ။အဖေနဲ့အမေသေရတာ ဆေးမကုနိုင်လို့ဗျ။ဘယ်အမျိုးကမှ အကူအညီမပေးကြဘူး။ဦးလေးမောင်ခေါ်ယူခဲ့လို့ လမ်းဘေးမရောက်ခဲ့တာပါဗျာ”
“ဟူး ငါ့တူရယ်”
သူ့ရင်ထဲက ခံစားချက်တွေကို သိခွင့်ရကြလို့ အားလုံး စိတ်မကောင်းဖြစ်ကြရသည်။သူကတော့ ကျေးဇူးရှင်မိသားစုကို ကျေးဇူးဆပ်မည်။ကိုယ့်ဘဝတိုးတတ်လမ်းကိုရှာမည်ဆိုပြီး ကြိုးစားငွေစုနေသည်မဟုတ်ပါလား။ အဖေဆေးရုံတက်နေချိန် သုံးနှစ်သားအရွယ်သူ့ကိုပွေ့ပြီး ဆွေးမျိုးတွေဆီအသနားခံကာ ငွေးချေးငှားခဲ့သည့် အမေ့ပုံရိပ်ကို ခုထိ မြင်ယောင်နေမိသည်။
“ညည်းတို့အေ ငွေလိုတိုင်းလာစရာလား။မရှိဘူးဟေ့”
“ချေးငှားလည်း မယုံဘူးဟေ့။ဘယ်ပိုက်ဆံနဲ့ပြန်ဆပ်မှာလဲ။အသေခံလိုက်”
“နောက်လည်း မလာနဲ့ဟေ့ ကျက်သရေယုတ်တယ်”
အမျိုးမျိူချိုးနှိမ်စွာပြောခဲ့ကြလို့ အဖေမသိအောင် အမှောင်ထဲမှာ သားအမိနှစ်ယောက်ငိုခဲ့ရသည်။ငွေမရှိ၍ အဖေ့အသက် ဆုံးရှူံးခဲ့သည်။အမေအသည်းအသန်ဖြစ်တော့ မင်သူ အရင်လိုအောက်ကျို့အသနားခံခဲ့သည်။ဘယ်သူမှ ကူညီမည့်သူမရှိခဲ့ပေ။ရောဂါဝေဒနာကို အကြီးအကျယ်ခံစားနေရသည့် အမေ့ကိုကြည့်ပြီး အမေမသိအောင်
အမှောင်လေးထဲမှာ တိတ်တိတ်လေးငိုကြွေးခဲ့ရသည်။မျက်နှာမွဲဘဝမို့ အမေ့ကိုလက်လွှတ်ဆုံးရှုံးခဲ့ရသည်။ငွေမရှိသည့်ဘဝကို သူစိတ်နာသည်။ မိဘမဲ့တစ်ကောင်ကြွက် သူ့ဘဝကို ဘယ်ဆွေမျိုးကမှ မသနားခဲ့ပေ။ဦးလေးမောင်တို့မိသားစုသာ သူ့ဘဝ၏ ကယ်တင်ရှင်တွေဖြစ်သည်။အဖေ၊အမေနာရေးကိုတောင် မလာကြသည့် အဖေ့ဘက်၊အမေ့ဘက် အမျိုးတွေကို စိတ်နာမိတာ ရင်ထဲမှာအစိုင်အခဲကြီးဖြစ်နေပြီ။
(၅)
ရက်မှလ၊လမှနှစ် အချိန်တွေပြောင်းလာခဲ့လေပြီ။မင်းသူတောင် အသက်သုံးဆယ်ပြည့်ခဲ့ပြီ။ဦးလေးမောင်သမီးလည်း ဘွဲ့ရလို့ ကုမ္မဏီဝန်ထမ်းဖြစ်နေပြီ။ရာထူးလည်း အတော်အတန်ရနေပြီဖြစ်သည်။ သားငယ်က အကောက်ခွန်ဦးစီးဌာနမှာအလုပ်ဝင်နေပြီ။သူ့ကျေးဇူးကြောင့်လို့ အမြဲတဖွဖွပြောပေမယ့် သူထောက်ပံ့ကူညီခွင့်ရလို့ ကျေနပ်မိသည်။
“မောင်မင်းသူရဲ့ ကျေးဇူးတွေ ဦးလေးမောင်တို့ ဆပ်မကုန်ပါဘူးကွာ”
“အမှန်ပါ ငါ့သားရယ် မင်းညီမနဲ့ညီလေး ခုလို လူတစ်လုံးသူတစ်လုံးဖြစ်အောင် လုပ်ပေးခဲ့တာ မင်းပါကွာ။မင်းရဲ့ကျေးဇူးကို ဒေါ်လေးဒီတစ်သက်မမေ့ပါဘူးကွယ်”
“မဟုတ်တာဗျာ။ဦးလေးမောင်နဲ့ဒေါ်လေးတို့အရိပ်ကို ခိုခဲ့ရလို့ ကျွန်တော် ဒီဘဝရောက်ခဲ့တာပါ။ကျွန်တော်လုပ်ပေးခဲ့တာ ဘာမှမရှိပါဘူးဗျာ။ညီလေးနဲ့ညီမလေးကလည်းကြိုးစားကြလို့ပါ”
” စိတ်ဘောထားပြည့်ဝတဲ့ ငါ့တူကြီးပါကွာ”
“အမှန်ပဲတော်”
လူပျိုပေါက်အရွယ်ထဲက အရောင်းအဝယ်ကျွမ်းကျင်လာသည့်မင်းသူ။ဆိုင်ကယ်ကယ်ရီဆွဲလို့ အပိုဝင်ငွေရှာခဲ့သည့်မင်းသူ။ဆယ်တန်းမအောင်ခဲ့ပေမယ့် ပွဲရုံကြီးတစ်ခုကို အောင်မြင်စွာဖွင့်နိုင်ခဲ့သည်။ဒေသထွက်ပစ္စည်းများကို အနယ်နယ်အရပ်ရပ်သို့ တင်ပို့နိုင်သည့်အထိ အောင်မြင်ခဲ့လေပြီ။နောက်လဆို စတိုးဆိုင်ကြီးတစ်ခုကိုဖွင့်လှစ်တော့မည်။ အမျိုးသမီးကလည်း စိီးပွားရေးသမားမို့လင်မယားနှစ်ယောက်လုံးကြိုးစားကြလို့ အိမ်ကြီးအိမ်ကောင်းနှင့် နေနိုင်ခဲ့ပြီ။မြေကွက်တွေလည်းဝယ်ထားကြတာ မနည်းပေ။သားသမီးနှစ်ယောက်ကိုလည်း လူတန်းစေ့ထားနိုင်ခဲ့လေပြီ။ကျောင်းအကောင်းစားကြီးမှာ ကိုယ်ပိုင်ကားနှင့်လိုက်ပို့နိုင်ပြီ။မိမိသားသမီးတွေကို သူ့ဘဝလို ဘယ်တော့မှအရောက်မခံနိုင်။ကိုယ်သာ ငွေမရှိလို့ အနှိမ်ခံဘဝနှင့်ချောင်ကလေးမှာငိုခဲ့ရပေမယ့် ခုချိန်မှာ သူတို့ရှေ့ရောင်ရင် ခေါင်းမော့ရင်ကော့နိုင်ခဲ့ပြီ။သူတို့က ပြုံးပြရင်တောင် ယောင်လို့တောင်လှည့်မကြည့်တတ်သည့် မင်းသူဖြစ်လို့နေပြီ။
ကားအကောင်းစားကြီးကိုစီးပြီး မင်းသူပြုံးလိုက်မိသည်။ စိတ်ထဲမှာလည်း နာနာကျည်းကျည်းေရရွတ်နေမိသည်။
“ကျွန်တော်ပိုက်ဆံအရမ်းရှိချင်တယ်။ပိုက်ဆံရှိမှလူရာဝင်တာ။ငွေမရှိလို့ အဖေနဲ့အမေဆုံးခဲ့ရတာ။ဝမ်းနည်းကြေကွဲမှုတွေနဲ့ အမှောင်ထဲမှာငိုခဲ့ရတဲ့ဘဝကြီးကို ကျွန်တော် အင်မတန်မုန်းတယ်ဗျာ”
တရိပ်ရိပ်ပြေးနေသည့်ကားလေးကတော့ သားနှင့်သမီးတက်နေသည့် (Seven Nine Private School)ဆီသို့ ဖြစ်သည်။
ပြီး
ဆောင်းမာန်ဝင့်အောင်
(တောင်ကြီး)