မှော်သမန်းကျား

အောင်မြတ်သာနှင့်မှော်သမန်းကျား

 

နှင်းစက်တွေတစ်ဖျောက်ဖျောက်ကျနေပြီး မြူခိုးမြူမှုန်တွေမှိုင်းညို့နေတဲ့ ဟူးကောင်းချိုင့်ဝှမ်းဒေသကြီးက ရောက်လာသူတွေကို လွမ်းမောအောင်တမင်တကာပြုလုပ်နေခဲ့တယ်။

 

ဒီလိုအချိန်အခါက ဟူးကောင်းချိုင့်ဝှမ်းဒေသမှာ နေထိုင်ကြတဲ့ထမံသီလူမျိုးတွေရဲ့ အမဲလိုက်ရာသီလဲဖြစ်တယ်။ ထမံသီလူမျိုးအများစုက အမဲလိုက်တဲ့အခါ လေးနဲ့မြှားကိုအသုံးပြုပြီး သားကောင်တွေကိုဖမ်းဆီးကြတယ်။ တောကောင်အကြီးတွေဖမ်းနိုင်တဲ့သူကိုတော့ ရပ်ရွာရဲ့စံပြသူရဲကောင်းအဖြစ်လဲ ဂုဏ်ပြုတတ်ကြသေးတယ်။ ဒါကြောင့် ရပ်ရွာထဲမှာရှိတဲ့ သွေးကြွတဲ့လူငယ်အများစုက အမဲလိုက်ရာသီရောက်တဲ့အခါ ရပ်ရွာရဲ့စံပြသူရဲကောင်းဖြစ်ဖို့ စိတ်အားထက်သန်နေခဲ့ကြတယ်။

‌” ရွှီး …… ဒုတ်”

လေအဟုန်ကိုခွင်းပြီး ပျံသန်းလာတဲ့ မြှားတံက သစ်ပင်အလယ်မှာစိုက်ထားတဲ့ ပစ်မှတ်တည့်တည့်ကိုစိုက်ဝင်သွားခဲ့တယ်။

 

” ပစ်ချက်ကတော့ အရမ်းကောင်းတယ် မဲခေါင်ရေ ဒီလိုမြှားချက်ကို တောကောင်ကြီးတွေတောင်ခံနိုင်မှာမဟုတ်ဘူးကွ”

 

လက်ခုပ်လက်ဝါးတီးပြီး အားပေးစကားဆိုလိုက်တဲ့ ရဲနောင်ရဲ့စကားကြောင့် မဲခေါင်လက်ထဲမှာကိုင်ထားတဲ့လေးကို အောက်ချလိုက်ပြီး

 

” ဒီနှစ်တော့ ငါကသာစံပြသူရဲကောင်းဖြစ်ရမယ် တောလိုက်ပွဲတော်ကလဲ မကြာခင်လာတော့မယ်ဆိုတော့ လိုအပ်တဲ့ ပစ္စည်းတွေစုဖို့က မင်းဝာာဝန်နော်”

 

” အေးပါ ငါလဲရသလောက်စုထားပြီးပြီ မင်းသာဒီနှစ်စံပြဖြစ်အောင်လုပ်စမ်းပါ ”

 

မဲခေါင်လဲ သစ်ပင်အလယ်မှာစိုက်ဝင်နေတဲ့ မြှားတံကို ဆွဲနှုတ်ရင်း

 

” ဒီနှစ်သေချာပေါက်ကို အောင်မြင်ရမယ် ” ဆိုပြီးကြုံးဝါးလိုက်တယ်။

 

+++++++

 

” ဒေါင် ဒေါင် ဒေါင် ဒေါင်” ဆိုတဲ့ခေါင်းလောင်းသံအဆုံးမှာ ဆူညံပွက်လောရိုက်နေကြတဲ့လူအုပ်စုက မီးကိုရေနဲ့ငြိမ်းလိုက်သလိုတိတ်ဆိတ်သွားကြတယ်။

 

” ပြိုင်ပွဲဝင်ကြမယ့် လူငယ်အားလုံး နားထောင်ကြပါ မကြာခင်မင်းတို့ရဲ့အမဲလိုက်စွမ်းရည်ကို ဖော်ထုတ်ပြသနိုင်မယ့်အခွင့်အရေးကြီးကိုစတင်ခွင့်ရတော့မယ် ဒီပြိုင်ပွဲမှာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သားကောင်ကို ဖမ်းဆီးနိုင်တယ် တောထဲသွားရင် ပြိုင်ပွဲဝင်သူတစ်ဦးသာသွားခွင့်ရှိတယ် ကိုယ်ဖမ်းခဲ့တဲ့သားကောင်အမျိုးအစား၊ အရွယ်အစားတွေကိုကြည့်ပြီးတော့ ရွာရဲ့စံပြသူရဲကောင်းဖြစ်ထိုက်မထိုက်ကို ဟောဒီက အကဲဖြတ်လူကြီးတွေက ဆုံးဖြတ်ပေးလိမ့်မယ် ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အကဲဖြတ်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အတိုင်းလိုက်နာရမယ် အကဲဖြတ်ဒိုင်တွေကလဲ သမာသမတ်ကျကျ ဆုံးဖြတ်ပေးသွားမှာဖြစ်တယ် အခုနောက်ဆုံးအနေနဲ့ပြောချင်တာက ခေါင်းလောင်းတီးသံကြားတာနဲ့ ပြိုင်ပွဲစမယ် ညနေ နေဝင်ရီတရော အပျိုမတွေရေခပ်ဆင်းတဲ့အချိန်ကိုအမှီပြန်လာပြီး ရလာတဲ့သားကောင်ကို ကိုယ့်အတွက်သတ်မှတ်ပေးထားတဲ့နေရာမှာချထားရမယ် အချိန်နောက်ကျမှရောက်လာခဲ့ရင်တော့ ပြိုင်ပွဲကနေထုတ်ပယ်ရလိမ့်မယ် မရှင်းတာဘာရှိလဲဟေ့”

 

အကဲဖြတ်လူကြီးရဲ့စကားအဆုံးမှာ မိမိနေရာကိုယ်စီမှာရပ်နေကြတဲ့ ပြိုင်ပွဲဝင်တွေက လက်သီးလက်မောင်းတန်းပြီး

” မရှိပါဘူး မရှိပါဘူး” လို့အော်ဟစ်လိုက်ကြတယ်။

 

” အေး မရှိဘူးဆိုရင် ပြိုင်ပွဲစပြီ ”

 

အကဲဖြတ်ဒိုင်ရဲ့စကားအဆုံးမှာ ကျယ်လောင်တဲ့ခေါင်းလောင်းသံတစ်သံထွက်ပေါ်လာခဲ့တယ်။

+++++++

 

မြူခိုးမြူငွေ့တွေအုံ့မှိုင်းနေတဲ့ ရာသီဖြစ်တဲ့အတွက် တောအုပ်အတွင်းပိုင်းနေရာ‌ေတွကရုတ်တရက်မမြင်ရလောက်အောင် မဲမှောင်နေခဲ့တယ်။

 

” ချွတ် ချွတ် ချွတ်”

 

ရုတ်တရက်ထွက်ပေါ်လာတဲ့သစ်ကိုင်းခြောက်နင်းသံကြောင့် မဲခေါင်က ခါးကြားမှာထိုးထားတဲ့ ဓါးမြောင်ကိုအသာစမ်းလိုက်ပြီး အသံကြားရာဘက်ကို သတိကြီးစွာထားရင်း ချဉ်းကပ်ခဲ့လိုက်တယ်။

 

ငယ်စဉ်အခါက အဖိုးဖြစ်သူနဲ့ တောလိုက်ဖူးတဲ့အတွေ့အကြုံကြောင့် တောတိုးလာတဲ့အကောင်က သာမန်အကောင်ငယ်လေးတွေမဖြစ်နိုင်ဘူးဆိုတာကို မသိစိတ်က အချက်ပေးနေခဲ့တယ်။

 

” ချွတ် ချွတ် ချွတ် ချွတ် ဂျွတ်”

 

အသံကတစ်ဖြေးဖြေးနဲ့နီးကပ်လာတဲ့အတွက် လက်ထဲက လေးနဲ့မြှားကို အသံကြားရာဘက်လှည့်ပြီး စောင့်နေတဲ့အချိန် လူခါးစောင်းလောက်ရှိတဲ့ တောဝက်တစ်ကောင်ကိုတွေ့လိုက်ရတယ် ။ တောဝက်ကတော့ မဲခေါင်ကိုမမြင်ပဲ အနားမှာရှိတဲ့ မြှစ်စို့တွေကို စိတ်တိုင်းကျစားသောက်နေခဲ့တယ်။

 

မဲခေါင်လဲ လက်ထဲကလေးနဲ့မြှားကို တောဝက်ရဲ့ချက်ကောင်းနေရာကိုချိန်ရွယ်လိုက်ပြီး အသေပစ်ခတ်ရန်လုပ်နေတဲ့အချိန်(တောဝက်ဆိုတဲ့အမျိုးကအသေမသတ်နိုင်ရင် ပစ်တဲ့လူကိုပြန်ရန်မူတတ်ပါတယ်)

 

” ဝေါင်း ” ဆိုတဲ့အသံနဲ့အတူ လူတစ်ရပ်လောက်မြင့်တဲ့ ကျားတစ်ကောင်က အနားမှာရှိနေတဲ့ခြုံထဲကနေ ခုန်ထွက်လာပြီးတောဝက်ရဲ့ ဂုတ်ကိုခဲပါလေရော။

 

မဲခေါင်လဲ တောဝက်ကိုပဲပစ်ရမလား ကျားကိုပဲပစ်ရမလား တွေဝေနေတဲ့အချိန် တောဝက်နဲ့ ကိုးတောင်ကျားရဲ့တိုက်ပွဲက မဲခေါင်အနားကိုရောက်လာခဲ့တယ်။

 

မပစ်ပဲထပြေးပြန်ရင်လဲ သူလွတ်မှာမဟုတ်ဘူးဆိုတာရိပ်မိတဲ့မဲခေါင်က တောဝက်ရဲ့ဂုတ်ကိုမလွတ်တမ်းခဲထားတဲ့ ကိုးတောင်ကျားရဲ့ နှလုံးတည့်တည့်နေရာကို မြှားနဲ့ပစ်ထည့်လိုက်တယ်။ လေးညို့သံကိုကြားလိုက်ရတဲ့ ကိုးတောင်ကျားက တောဝက်ကိုကိုက်ခဲထားရင်း ကိုယ်ကိုတစ်ဘက်ကိုလှဲချလိုက်ရာ မဲခေါင်ရဲ့မြှားက ကိုးတောင်ကျားရဲ့နှလုံးတည့်တည့်မှာမစိုက်ပဲ လက်ဖျံမှာစိုက်ဝင်သွားခဲ့တယ်။

 

” ဝေါင်း ဝေါင်း ဂါး ”

အဆိပ်လူးမြှားစိုက်ဝင်သွားတဲ့ ကိုးတောင်ကျားကလဲ တောဝက်ကို အလွတ်မပေးပဲ ‌ကိုက်ခဲကာ တောထဲဝင်ပြေးသွားခဲ့တယ်။ ပါးစပ်နားရောက်ခါနီးမှလွှတ်ကျသွားတဲ့မဲခေါင်က တောက်တခတ်ခတ်နဲ့ မကျေမချမ်းဖြစ်သွားပြီး တောထဲကိုဆက်ဝင်လာခဲ့လိုက်တယ်။

 

ညနေစောင်းခါနီးအထိ သားကောင်ကြီးတွေမယ်မယ်ရရမတွေ့တာကြောင့် စိတ်ဓါတ်ကျနေတဲ့အချိန်

” ပလပ် ပလပ် ပလပ်” ဆိုပြီးတစ်ခုခုကိုလျာနဲ့လျက်နေတဲ့အသံကိုကြားလိုက်ရတယ်။

 

မဲခေါင်လဲ အသံကြားရာဘက်ကို ခြေသံမကြားအောင် တိုးသွားပြီး လေတိုက်ရာကိုအကဲခတ်လိုက်တယ်။ လေကလဲ အသံကြားရာဘက်ကနေတိုက်နေတဲ့အတွက် လူနံ့မရနိုင်တော့ဘူးဆိုတာသိတဲ့မဲခေါင်က ခပ်မြန်မြန်တိုးသွားပြီး ကြည့်လိုက်ရာ လူကြီးတင်ပါးလောက်ရှိတဲ့ ဆတ်ကြီးတစ်ကောင်ကိုတွေ့‌လိုက်ရတယ်။

 

အတော်အတန်ကြီးမားတဲ့ဆတ်ကြီးက အန္တရာယ်အနံ့အသက်ကိုမရပဲ အောက်မှာရှိနေတဲ့ဆားကျင်းကို အငမ်းမရယက်နေခဲ့တယ်။ မဲခေါင်လဲ ရတဲ့အခွင့်အရေးကိုလက်လွှတ်မခံပဲ ဆတ်ကြီးရဲ့ရင်ညွှန့်တည့်တည့်ကို ချိန်ရွယ်ပြီး လေးကိုင်းကိုလွှတ်ထုတ်လိုက်တယ်။

 

” ရွှီး ဖောက်”

 

ရင်ညွှန့်အလယ်တည့်တည့်ကိုစိုက်ဝင်သွားတဲ့ မြှားဒဏ်ကြောင့် ဆားကျင်းကိုယက်နေရာကနေ သွေးရူးသွေးတန်း ထပြေးပါလေရော။

 

မဲခေါင်လဲ မြှားတန်းလန်းနဲ့ပြေးသွားတဲ့ ဆတ်ရဲ့အနောက်ကို ခြေကုန်အောင်ပြေးလိုက်ခဲ့ရာ ခြေလှမ်းတစ်ရာလောက်အရောက်မှာတော့ အဆိပ်လူးမြှားဒဏ်ကြောင့် ဗိုင်းခနဲလဲကျသွားခဲ့တယ်။ မဲခေါင်လဲ လဲကျသေနေပြီဖြစ်တဲ့ ဆတ်ရဲ့ခြေလက်တွေကို ကြိုးနဲ့ချည်ပြီး ဂုတ်ပေါ်ထမ်းတင်ကာ ပြိုင်ပွဲရှိရာနေရာကိုပြန်လာခဲ့လိုက်တယ်။

+++++++

 

” ဒေါင် ဒေါင် ဒေါင် ဒေါင်”

 

“အချိန်ပြည့်ပြီဖြစ်လို့ အခုနောက်ပိုင်းရောက်လာတဲ့ ပြိုင်ပွဲဝင်တွေကိုလက်ခံတော့မှာမဟုတ်ဘူး ပြိုင်ပွဲဝင်တွေအားလုံး ကိုယ်ရထားတဲ့သားကောင်ကိုကိုယ့်ရဲ့အရှေ့မှာချထားကြပါ အကဲဖြတ်ဒိုင်လူကြီးတွေ လိုက်ကြည့်မှာဖြစ်တယ်”

 

စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့စကားအဆုံးမှာ အကဲဖြတ်ဒိုင်တွေဆင်းလာပြီး ရလာတဲ့သားကောင်တွေကိုလိုက်ကြည့်နေခဲ့တယ်။ ရွာသူရွာသားတွေအပြင် အပျိုမလေးတွေကလဲ ဘယ်သူကစံပြသူရဲကောင်းဖြစ်မလဲဆိုတာသိချင်နေကြတဲ့အတွက် စိတ်ဝင်တစားစောင့်ကြည့်နေကြသလို ယခင်စံပြသူရဲကောင်းဖြစ်ခဲ့ဖူးတဲ့ ရွာသားအချို့ကလဲ ပြိုင်ပွဲအခြေအနေကို စိတ်ဝင်တစားစောင့်ကြည့်နေခဲ့ကြတယ်။

 

အကဲဖြတ်လူကြီးတွေလဲ အချိန်အတန်ကြာလိုက်လံကြည့်ရှုပြီးတဲ့အချိန်မှာတော့

 

” အားလုံး နားထောင်ပေးကြပါ မကြာခင်မှာ ကျုပ်တို့ရွာရဲ့စံပြသူရဲကောင်းတစ်ယောက်ကိုရွေးချယ်ပေးတော့မှာဖြစ်ပါတယ် စံပြသူရဲကောင်းရွေးချယ်ခံရတဲ့သူကို ကြိုဆိုကြမယ့် အပျိုမတွေအသင့်ဖြစ်ရင် ကြေညာပေးပါ့မယ်”

 

” ရွှီး ဖြောင်း ဖြောင်း ဖြောင်း အမြန်ရွေးပါဗျို့ သိချင်နေပြီ ဘယ်သူရွေးချယ်ခံရမှာလဲ”

 

အကဲဖြတ်ဒိုင်တွေရဲ့စကားကိုကြားချင်နေကြတဲ့ ရွာလူထုတွေရဲ့အသံက ပြိုင်ပွဲကျင်းပတဲ့နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။

 

” အားလုံး စောင့်မျှော်နေတဲ့ အဖြေကို အခုပဲကြေညာပေးပါတော့မယ် …..ဒီနှစ် ကျုပ်တို့ရွာရဲ့ စံပြသူရဲကောင်းဆုကို ရရှိသွားတဲ့သူကတော့……”

 

အကဲဖြတ်ဒိုင်က ကြေညာခါနီးမှာ ရုတ်တရက်ဆက်မပြောပဲရပ်လိုက်ပြီး ပြိုင်ပွဲဝင်တွေကို တစ်ချက်ဝေ့ကြည့်လိုက်ကာ

 

” စံပြသူရဲကောင်းဆုကိုရသွားသူကတော့ .. ထန်မီးပဲဖြစ်ပါတယ် ”

 

” ရွှီး ဖြောင်း ဖြောင်း ဖြောင်း ထန်မီးကွ ထန်မီး ထန်မီး”

 

” ထန်မီးက ပိဿာချိန် ၁၈၀ရှိတဲ့ ဧရာမတောဝက်ကြီးကိုအသေဖမ်းဆီးနိုင်တဲ့အတွက် စံပြဆုကိုပေးအပ်ရခြင်းဖြစ်တယ် ထန်မီးရဲ့အနောက်မှာ ဒုတိယရသူကတော့ မဲခေါင်ပဲဖြစ်ပါတယ် သူကတော့ ပိဿာချိန် ၁၅၀ရှိတဲ့ ဆတ်ကိုအသေဖမ်းဆီးနိုင်ခဲ့လို့ ဒုတိယဆုကိုပေးရခြင်းဖြစ်ပါတယ် တတိယရသူကတော့ ဘုတင်ပဲဖြစ်ပါတယ် သူကတော့ ပိဿာချိန် ၁၁၀ရှိတဲ့ ချေကိုဖမ်းဆီးရမိခဲ့သူဖြစ်ပါတယ်”

 

မဲခေါင်လဲ အကဲဖြတ်ဒိုင်တွေရဲ့စကားကြောင့် စံပြဆုရသူကိုကြည့်လိုက်ရာ ညာဘက်လက်ဖျံကို အဝတ်စနဲ့ပတ်ထားပြီး နှုတ်ခမ်းတွေပြာနေတဲ့ ထန်မီးကိုတွေ့လိုက်ရတယ်။

 

++++++++++++

” မင်းပြောတာဖြစ်နိုင်ပါ့မလား မဲခေါင်ရာ”

 

” ဘာလို့မဖြစ်နိုင်ရမှာလဲ ထန်မီးရတဲ့တောဝက်က ငါတွေ့တဲ့တောဝက်ဆိုတာသေချာပါတယ်”

 

” မင်းပြောတော့ တောဝက်ကို ကျားတစ်ကောင်ကိုက်ချီသွားတယ်ဆို ”

 

” ဟုတ်တယ် ငါလဲ အဲဒါကိုအံ့ဩနေတာ မဟုတ်မှလွဲရော ထန်မီးက သမန်းကျားများဖြစ်နေမလား”

 

” ဖြစ်နိုင်ပါ့မလား သမန်းကျားဖြစ်ဖို့က တော်ရုံနဲ့မရဘူးနော် လူငါးဆယ်လောက်လေ့ကျင့်မှ တစ်ယောက်ပဲရတာ ”

 

” ဟုတ်တယ် မဟုတ်ဘူးဆိုတာထက် ဒီကောင်က အပျော်လွန်နေမှာအသေချာပဲ ရွာထဲက မိန်းမတွေကလဲ ဒီကောင်အပေါ် အတော်အထင်ကြီးနေတာ”

 

” ဘာလဲ မင်းစိတ်ဝင်စားနေတဲ့ ကောင်မလေး ထန်မီးအနောက်ပါသွားမှာစိတ်ပူနေတာလား ဟဲဟဲ”

 

” တော်စမ်းပါကွာ ငါကဘယ်ကောင်မလေးကိုမှမကြိုက်ဘူး ငါစိတ်ဝင်စားနေတာက ထန်မီးက တကယ်ကိုကျားအသွင်ပြောင်းနိုင်တာလားဆိုတာပဲ ”

 

” မင်းဒီလောက်စိတ်ဝင်စားနေရင် ငါ့အဖေတို့ကိုးကွယ်တဲ့ဆရာတော်တစ်ပါးရှိတယ် သူကဘုန်းကြီးမဝတ်ခင် သမန်းကျားဖြစ်အောင်ပြောင်းနိုင်တယ်လို့ပြောကြတယ် ”

 

” ဒါဖြင့်လဲ သွားကြရအောင် အချိန်ကရတာမဟုတ်ဘူး ”

 

မဲခေါင်ရဲ့ တစ်ဇွတ်ထိုးဆန်တဲ့အပြုအမူကိုသိတဲ့ ရဲနောင်က စောဒကမတက်တော့ပဲ မိဘတွေကိုးကွယ်တဲ့ဘုန်းကြီးကျောင်းရှိရာကိုထွက်လာခဲ့ကြတယ်။

 

++++

နှစ်နာရီနီးပါးလမ်းလျောက်ပြီးတဲ့အချိန်မှာတော့ တောရဘုန်းကြီးကျောင်းတစ်ကျောင်းဆီကိုရောက်လာခဲ့တယ်။ လူသူအရောက်အပေါက်နည်းလှတဲ့နေရာဖြစ်ပေမယ့် ဘုန်းကြီးကျောင်းပတ်ဝန်းကျင်က ခြုံနွယ်တွေတစ်ပင်မှမရှိပဲသန့်ရှင်းစင်ကြယ်နေခဲ့တယ်။

 

ရဲနောင်က ဘုန်းကြီးကျောင်းအရှေ့ရောက်တော့

” ဆရာတော်က ဒီအချိန် တရားထိုင်နေတတ်တယ် ငါတို့ကြောင့်အနှောက်အယှက်ဖြစ်နေလိမ့်မယ် ခဏစောင့်ကြည့်လိုက်ပါဦး”

 

မဲခေါင်တို့လဲ ဆရာတော်ရဲ့လှုပ်ရှားမှုကိုမတွေ့ရမချင်း တောရကျောင်းအရှေ့မှာထိုင်စောင့်နေခဲ့တာ နာရီဝက်လောက်ကြာတော့ တောရကျောင်းထဲကနေ ကိုယ်လုံးကိုယ်ထည်ခပ်တောင့်တောင့် ရဟန်းတစ်ပါးထွက်လာပြီး

 

” ဒကာလေးတို့ ဒီကိုဘာကိစ္စနဲ့လာကြတာလဲ”

 

” တပည့်တော်က ဦးဖိုးနီရဲ့သားပါဘုရား သူက တပည့်တော်သူငယ်ချင်း မဲခေါင်ပါ ဆရာတော်ကိုလာဖူးရင်းနဲ့ ကိစ္စလေးနည်းနည်းမေးမြန်းစရာရှိလို့ပါ”

 

” ဒကာကြီးဦးဖိုးနီသားကိုး ကျောင်းပေါ်တက်ကြပါဦး ”

 

‌မဲခေါင်တို့လဲ ဆရာတော်ခွင့်ပြုချက်နဲ့ တစ်ပါးကျောင်းပေါ်ကိုတက်လာခဲ့လိုက်တယ်။ ကျောင်းပေါ်ရောက်တော့ ဆရာတော်ကိုဦူချလိုက်ပြီး ဘေးဘီကိုကြည့်လိုက်‌တော့သပ်ရပ်စွာစီရီထားတဲ့ ဘုရားစာအုပ်တွေအပြင် တစ်ခါမှမမြင်ဖူးတဲ့ စာအုပ်တွေကိုပါ မြင်လိုက်ရတယ်။

 

” ဒကာလေးတို့လာရင်းကိစ္စကိုပြောကြပါဦး ”

 

” တပည့်တော်နာမည်က မဲခေါင်လို့ခေါ်ပါတယ် ဆရာတော်က အရင်လူဘဝတုန်းက သမန်းကျားအသွင်ကိုပြောင်းနိုင်တယ်ဆိုပြီး ကြားသိခဲ့လို့ တပည့်တော် သမန်းကျားပြောင်းလို့ရမယ့် နည်းလမ်းကိုသင်ချင်ပါတယ်ဘုရား”

 

” ဒကာလေးတို့ လာတာနေရာမှားနေပြီ ဥူးဇင်းကအဲဒီအတတ်ပညာတွေကို မေ့ပစ်ထားတာကြာပြီ ဒီအလုပ်က အကုသိုလ်အရမ်းများတယ် ဥူးဇင်းမသင်ပေးနိုင်ဘူး ပြန်ကြပါတော့ ”

 

ဆရာတော်က စကားကိုခပ်‌ပြတ်ပြတ်ပြောကာ ဘုရားကျောင်းဆောင်ရှေ့ကိုသွားပြီး တရားထိုင်နေလိုက်တယ်။

 

မဲခေါင်တို့လဲ အခြေအနေမထူးတဲ့အတွက် ကျောင်းပေါ်ကပြန်ဆင်းလာပြီး

 

” ရဲနောင် မင်းပဲပြန်လိုက်တော့ကွာ ငါ့ဒီမှာနေခဲ့မယ် ဆရာတော်မသင်ပေးမချင်း ငါမပြန်ဘူး ”

 

” အဲလိုတော့ဘယ်ဖြစ်မလဲ မင်းမပါပဲပြန်ရင် ငါ့ကိုတစ်မျိုးထင်ကြမှာပေါ့ ”

 

” မယုံရင် ဒီနေရာကိုလမ်းညွှန်လိုက်ကွာ ငါ့ကိုဒီပညာမသင်ပေးမချင်း ငါမပြတ်ဘူး ငါ့မိဘတွေကိုလဲ ကြည့်ကောင်းအောင်ပြောပြလိုက်ကွာ ”

 

ငယ်ငယ်ထဲက လုပ်မယ်ဆိုရင် တစ်ဇောက်ကမ်းလုပ်တတ်တဲ့ ‌မဲခေါင်ရဲ့အကျင့်ကိုသိတဲ့ ရဲနောင်က ခေါင်းကိုတစ်ဗြစ်ဗြစ်နဲ့ကုတ်ပြီး

 

” ပြောခဲ့မိတဲ့ငါကိုကမှားတာ အေးကွာ ခေါ်လို့မရမဲ့အတူတူ နေခဲ့တော့ကွာ ငါတော့ပြန်ပြီ” လို့ပြောကာ တောရကျောင်းကနေပြန်ထွက်ခွာခဲ့တယ်။

 

မဲခေါင်လဲ ဆရာတော်ရဲ့ကျောင်းအရှေ့မှာ ငုတ်တုပ်ထိုင်နေတာ တစ်နာရီနီးပါးကြာတော့ ဆရာတော်ဆင်းလာပြီး

 

” မင်း ဘယ်လိုလုပ်လုပ် ငါကသင်ပေးမှာမဟုတ်ဘူး ပြန်လိုက်ပါတော့” လို့ပြောကာ ကျောင်းနံဘေးမှာ စင်္ကြန်လျောက်နေခဲ့တယ်။

 

မဲခေါင်ကလဲ မသင်ပေးမချင်း မပြန်ဘူးဆိုတဲ့စိတ်နဲ့ ကျောင်းအဝကနေ ဘယ်မှမသွားပဲ ထိုင်နေခဲ့တာ နောက်တစ်နေ့မနက်အထိရောက်လာခဲ့တယ်။

 

ဆရာတော်ကလဲ မဲခေါင်ကို ရှိတယ်လို့တောင်သဘောမထားပဲ လုပ်ရမယ့်ကိစ္စတွေကိုလုပ်နေခဲ့တယ်။ တစ်ရက်နဲ့တစ်ညကြာတော့ ဘာမှမစားမသောက်တဲ့အတွက် မဲခေါင်ရဲ့ကိုယ်ထဲက ခွန်အားတွေ တစ်ဖြေးဖြေးနဲ့ ဆုတ်ယုတ်လာခဲ့တာ ခေါင်းတွေမူးနောက်လာပြီး အာခေါင်တွေခြောက်ကပ်လာခဲ့တယ်။ ဒါကိုလဲ ဇွဲမလျော့တဲ့ မဲခေါင်က ပေကပ်ပြီးထိုင်နေခဲ့တယ်။ တစ်ချက်တစ်ချက် သတိလစ်ခနဲဖြစ်သွားတဲ့အထိ ဆရာတော်က ဂရုမစိုက်ခဲ့ဘူး။

 

သတိပြန်ရလာရင် ကျောင်းပေါက်ဝမှာ ဆက်ထိုင်နေတယ်။ သုံးရက်မြောက်နေ့မှာတော့ မဲခေါင် ဘယ်လိုမှမထိန်းနိုင်တော့ပဲ အရုပ်ကြိုးပြတ်ကာလဲကျသွားခဲ့တယ်။

++++++++

” ရေ ရေ ရေပေးပါ ”

ခြောက်ကပ်နေတဲ့လည်ချောင်းထဲကနေတိုးညှင်းစွာထွက်လာတဲ့အသံအဆုံးမှာ ပါးစပ်ထဲကို အေးစိမ့်နေတဲ့ ရေစက်တွေ ကျလာခဲ့တယ်။ နှုတ်ခမ်းဖျားတွေပေါ်ကနေဆင်းလာတဲ့ ရေစက်တွေကို လျာနဲ့အငမ်းမရသိမ်းကျုံးယက်လိုက်ပြီးတဲ့အချိန်မှာတော့ အားအနည်းငယ်ပြည့်လာသလို ခံစားလိုက်ရတယ်။

 

” သတိရလာပြီလား ”

 

ဆရာတော်ရဲ့အသံကြောင့် မှိတ်ထားတဲ့မျက်လုံးတွေကိုအားယူဖွင့်ကြည့်လိုက်ရာ ကျောင်းအရှေ့မြေပြင်မှာမဟုတ်တော့ပဲ ကျောင်းပေါ်ကိုရောက်နေတာ သတိထားမိလိုက်တယ်။

 

” မင်းကအတော်ခေါင်းမာတဲ့ကောင်ပဲ နောက်ရက်ဆိုရင် မင်းအသက်တောင်ရှိတော့မှာမဟုတ်ဘူး ”

 

” အရှင်ဘုရားက တပည့်တော်ကို တပည့်အဖြစ်လက်ခံလိုက်ပြီပေါ့နော်”

 

မဲခေါင်ရဲ့စကားကိုဆရာတော်က ဘာမှမပြောပဲ ဆိတ်ဆိတ်နေခြင်းဖြင့် ဝန်ခံခဲ့တယ်။

 

” စားပွဲပေါ်မှာ သစ်သီးနဲ့ဆွမ်းကျန်တွေရှိတယ် စားပြီးရင်ခဏနားလိုက်ဦး ”

 

မဲခေါင်လဲဆရာတော်စကားကြောင့် လှဲနေရာကနေထပြီး စားပွဲပေါ်မှာအသင့်တင်ထားတဲ့ ဆွမ်းကျန်တွေကို မြိန်ယှက်စွာစားလိုက်တယ်။

 

တစ်ရက်လောက် နားလိုက်တော့ မဲခေါင်ကိုယ်မှာ ခွန်အားတွေပြန်ပြည့်လာခဲ့တယ်။ ညနေစောင်းရောက်တော့ ဆရာတော်က စင်္ကြန်လျောက်နေရာကနေ

 

” သမန်းကျားဖြစ်မယ့်သူဟာ သာမန်ဇွဲလုံ့လနဲ့မရဘူး အများထက်ထူးတဲ့ဇွဲလုံ့လရှိရမယ် ဒီအချက်တွေမင်းဆီမှာရှိတယ် ငါတို့ ထမံသီလူမျိုးတွေရဲ့ အမှတ်သညာရိုးရာကလဲ သမန်းကျားပဲဖြစ်တယ် ဒါပေမယ့် ဒီပညာရပ်က အခန့်မသင့်ရင် လူစင်စစ်ကနေ တိရိစ္ဆာန်တစ်ကောင်အဖြစ်ကို ရောက်သွားနိုင်တယ် မင်းသင်ယူနိုင်ပါ့မလား”

 

” သင်ယူနိုင်ပါတယ် တပည့်တော် အစွမ်းကုန်ကြိုးစားပြီးသင်ယူပါ့မယ် ”

 

” ကောင်းပြီ ဒီပညာရပ်တွေကို ဘယ်သူ့ကိုမှမသင်ပေးပဲထိန်းသိမ်းလာတာ နှစ်ပေါင်းသုံးဆယ်ရှိခဲ့ပြီ အခုမင်းမှာ သမန်းကျားကျင့်စဉ်ကို ကျင့်နိုင်မယ့်စွမ်းအားရှိမရှိကိုစမ်းသပ်ဖို့အချိန်ကျလာပြီ ငါ့နောက်ကိုလိုက်ခဲ့ပါ”

 

ဆရာတော်က မဲခေါင်ကို ပြောဆိုပြီး ကျောင်းပေါ်ပြန်တက်သွားခဲ့တယ်။ ကျောင်းပေါ်ရောက်တော့ ရှေးဟောင်း ကျွန်းသေတ္တာတစ်လုံးကိုဖွင့်လိုက်ပြီး အထဲကနေ ယွန်းဘူးလေးတစ်ဘူးကိုထုတ်ယူလိုက်တယ်။

 

မဲခေါင်လဲဆရာတော်လုပ်ကိုင်နေသမျှကို မျက်တောင်မခတ်ပဲကြည့်နေခဲ့တယ်။

 

ဆရာတော်က ယွန်းဘူးထဲကနေ အနီရောင်အဝတ်နဲ့ထုတ်ထားတဲ့ရုပ်ထုတစ်ခုကို ထုတ်ယူလိုက်ပြီး မဲခေါင်အရှေ့မှာချလိုက်တယ်။

 

” ဒီအရုပ်က မင်းမှာ သမန်းကျားဖြစ်နိုင်မယ့် ပါရမီရှိမရှိကို ဆုံးဖြတ်ပေးလိမ့်မယ် မင်းလက်နှစ်ဖက်ကိုဆန့်ထားပါ ”

 

မဲခေါင်လဲဆရာတော်စကားကြောင့် လက်နှစ်ဖက်ကိုဖြန့်လိုက်တယ်။ ဆရာတော်က အနီရောင်အဝတ်ကိုဖြေချလိုက်ပြီး အထဲကနေ သဘာဝကျစွာထုလုပ်ထားတဲ့ ကျားရုပ်လေးတစ်ရုပ်ကို ထုတ်ကာ မဲခေါင်ရဲ့လက်ပေါ်ကို တင်ပေးလိုက်တယ်။

 

ကျားရုပ်လေးက မဲခေါင်လက်ပေါ်ရောက်တာနဲ့ အသက်ဝင်လာတဲ့အလား လှုပ်ရှားလာခဲ့တယ်။ ဆရာတော်က လှုပ်ရှားလာတဲ့ကျားရုပ်ကို ပိတ်စအနီနဲ့အမြန်အုပ်လိုက်ပြီး ယွန်းဘူးထဲကို ပြန်ထည့်လိုက်တယ်။

 

” မင်းကိုတော့ ရိုးရာကလက်ခံတယ် ဒါကြောင့် မနက်ဖြန်ကစပြီး ငါပေးတဲ့ဂါထာကို အခေါက်ရေ ရှစ်သောင်းလေးထောင်တိတိရွတ်ရမယ် ”

 

” ဒီတိုင်းရွတ်ရုံပဲလား ကျန်တာဘာလုပ်ရမလဲ”

 

” ရွတ်နေတဲ့အချိန်မှာလဲ မင်းကိုယ်ကို လူတစ်ယောက်လို သဘောမထားပဲ ကျားရိုင်းတစ်ကောင်လိုသတ်မှတ်ထားရမယ်”

 

ဆရာတော်က မဲခေါင်ကို လိုက်နာရမယ့်အချက်တွေကိုမှာကြားပြီး ကျွန်းသေတ္တာထဲကနေ ပုရပိုက်တစ်ခုကိုထုတ်ဖတ်လိုက်ပြီး မန္တာန်တစ်ပုဒ်ကို ချရေးပေးခဲ့တယ်။

 

မဲခေါင်လဲ နောက်နေ့ကစပြီး ဆရာတော်ပေးတဲ့မန္တာန်ကိုရွတ်ဖတ်ခဲ့တယ်။ ဂါထာအခေါက်ရေ ငါးသောင်းပြည့်တဲ့နေ့မှာတော့ ရွတ်နေရင်း ခန္ဓာကိုယ်ထဲကနေ အဝါရောင်အမွှေးအမျှင်တွေထွက်လာခဲ့တယ်။

 

ရုတ်တရက်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် မဲခေါင်စိတ်ကိုပြန်ထိန်းချုပ်လိုက်တဲ့အချိန် အမွှေးရှည်တွေက အသားထဲကိုပြန်ဝင်သွားခဲ့တယ်။ ဒီလိုနဲ့ နေ့စဉ်ရက်ဆက်ရွတ်ဖတ်လာခဲ့တာ အခေါက်ရေရှစ်သောင်းလေးထောင်ပြည့်တဲ့နေ့ကိုရောက်လာခဲ့တယ်။ အဲဒီနေ့မှာပဲ ဆရာတော်က မဲခေါင်ကို လူသူမရောက်နိုင်တဲ့ တောနက်ထဲကိုခေါ်သွားပြီး

 

” ငါပြောတာသေချာနားထောင် မင်းကအခုချိန်ကစပြီး မင်းရဲ့အဝတ်အစားတွေကိုချွတ်ပြီး ငါ့ကိုပေးထားပါ မင်းရဲ့စိတ်ခဲမှာ ငါကလူတစ်ယောက်ဆိုတဲ့အတွေးကို ခေါင်းထဲကထုတ်ပြီး ငါဟာ ခွန်အားဗလနဲ့ပြည့်စုံတဲ့ ကျားရိုင်းတစ်ကောင်ဆိုတဲ့စိတ်ကိုသွင်းထားရမယ် မင်းရဲ့စိတ်ကိုလဲ လျော့ထားရမယ် စိတ်လျော့ထားတဲ့အချိန် ငါသင်ပေးထားတဲ့ဂါထာကိုရွတ်ပြီး အနောက်ဂျွမ်းသုံးလေးပတ်ထိုးကြည့်ပါ ”

 

ဆရာတော်စကားကြောင့် မဲခေါင်လဲ ဝတ်ထားတဲ့အဝတ်အစားတွေကို ချွတ်လိုက်ပြီး ဆရာတော်အရှေ့မှာပုံထားလိုက်တယ်။

 

” မင်းအသင့်ဖြစ်ပြီလား ဖြစ်ပြီဆိုရင် ကြိုးစားကြည့်ပါ”

 

မဲခေါင်လဲဆရာတော်စကားကြောင့် စိတ်ကိုလျော့ချလိုက်ပြီး ကျားရိုင်းတစ်ကောင်ဆိုတဲ့စိတ်ကိုသွင်းကာ ဂါထာကိုရွတ်ပြီး အနောက်ဂျွမ်းထိုးလိုက်တယ်ဆိုရင်ပဲ မဲခေါင်ရဲ့မျက်နှာကနေ အစွယ်တွေအမွှေးတွေရှည်ထွက်လာခဲ့တယ်။

 

” စိတ်လျော့ထား စိတ်လျော့ပြီး နောက်ဂျွမ်းထပ်ထိုး”

 

ဆရာတော်ရဲ့အသံက မဲခေါင်နားထဲမှာ ကြားတစ်ချက်မကြားဖြစ်နေခဲ့တယ်။ မဲခေါင်လဲ အနောက်ဂျွမ်းသုံးပတ်လောက်ထိုးပြီးချိန်မှာတော့ လူစင်စစ်ကနေ အဝါတစ်ကန့်အမဲတစ်ကန့်ပါတဲ့ ကိုးတောင်ကျားအဖြစ်ကို ရုတ်တရက်ပြောင်းလဲသွားခဲ့တယ်။

 

” ဝေါင်း ဝေါင်း”

 

အသိစိတ်လွတ်နေတဲ့မဲခေါင်က အရှေ့မှာရပ်နေတဲ့ ဆရာတော်ကိုမြင်တော့ ကိုက်သတ်ရန်အရှေ့ကိုတိုးလာတဲ့အချိန် ဆရာတော်က လက်ထဲမှာကိုင်ထားတဲ့ ကျားရုပ်လေးကို မဲခေါင်မြင်အောင်ပြလိုက်ရာ အနောက်ကိုသုံးလှမ်းလောက်ပြန်ဆုတ်သွားခဲ့တယ်။

 

ဆရာတော်လဲ မဲခေါင်ရဲ့ကိုယ်နေဟန်ထားအခြေအနေကိုသေချာလေ့လာပြီးတဲ့အချိန်ရောက်တော့ အရှေ့မှာပုံထားတဲ့ မဲခေါင်ရဲ့အဝတ်အစားတွေကိုလုံးကာ ပစ်ချပေးလိုက်တယ်။

 

မဲခေါင်လဲ အရှေ့ကိုကျလာတဲ့အဝတ်အစားတွေကို အနံ့ခံလိုက်တဲ့အချိန် ခြေထောက်ကနေစပြီး လူပုံသဏ္ဍာန်အဖြစ်ကိုတစ်ဖြေးဖြေးပြောင်းလဲလာခဲ့တာ နောက်ဆုံးမှာတော့ ပုံမှန်လူသားအဖြစ်ကိုပြန်ရောက်သွားခဲ့တယ်။

 

အသိစိတ်ဝင်လာတဲ့ မဲခေါင်က အရှေ့မှာချထားတဲ့အဝတ်အစားတွေကို ကောက်ဝတ်လိုက်ပြီး

 

” ခုနက တပည့်တော်ဘာဖြစ်သွားတယ်ဆိုတာ လုံးဝမမှတ်မိတော့ဘူး ဘုရား”

 

” အင်း မင်းရဲ့အရည်အချင်းနဲ့ဆို သမန်းကျားအဖြစ်ပြောင်းလဲလို့ရပြီ ဒါပေမယ့် အရေးကြီးတဲ့အချက်တစ်ခုက သမန်းကျားပြောင်းတော့မယ်ဆိုရင် မင်းရဲ့အရင်းနှီးဆုံးလူတစ်ယောက်ကို‌ ခေါ်သွားရမယ် ပြီးရင် မင်းရဲ့အဝတ်အစားတွေကို သူ့ကိုပေးထားရမယ် မင်းရဲ့အသိစိတ်ပျောက်နေချိန်မှာ ရန်သူမိတ်ဆွေခွဲခြားနိုင်မှာမဟုတ်တော့တဲ့အတွက် သမန်းကျားမပြောင်းခင်အချိန်မှာ မင်းရဲ့အဝတ်အစားယူထားတဲ့သူကို ကျားတစ်ခုန်စာလွတ်‌တဲ့သစ်ပင်အမြင့်မှာနေခိုင်းရမယ် မင်းလူစိတ်ပြန်ရဖို့အတွက် မင်းဝတ်ထားတဲ့အဝတ်အစားမှာကပ်နေတဲ့ မင်းရဲ့ကိုယ်နံ့ကိုအနံ့ခံပြီး လူစိတ်ပြန်ရအောင် လုပ်ရမယ် သမန်းကျားပြောင်းပြီးရင်လဲ တစ်ရက်အတွင်း လူအဖြစ်ပြန်ပြောင်းနိုင်ရမယ် တစ်ရက်အတွင်းမပြောင်းနိုင်ရင် မင်းဘယ်တော့မှ လူပြန်ဖြစ်လာမှာမဟုတ်ဘူး ငါတို့ဘိုးဘေးတွေက ဒီအတတ်ပညာနဲ့‌သားကောင်တွေကိုဖမ်းဆီးပြီး မိသားစုတွေကိုရှာဖွေကျွေးမွေးခဲ့ကြတယ် အခုမင်းလဲဒီပညာကိုတတ်ပြီဆိုတော့ မင်းရဲ့မိသားစုကိုရှာဖွေကျွေးမွေးနိုင်ပါစေ ”

 

” ဒါဆို တပည့်တော် သမန်းကျားအဖြစ်ကို လိုတဲ့အချိန်ပြောင်းလို့ရပြီပေါ့”

 

” ဟုတ်တယ် သမန်းကျားပြောင်းတဲ့အခါ တစ်ရက်မကျော်စေဖို့နဲ့ ပြောင်းတဲ့သူရဲ့ကိုယ်နံ့ပါတဲ့အဝတ်အစားမပျောက်စေဖို့သတိထားပါ နောက်တစ်ခုမှတ်ထားရမှာက လူကနေ ကျားအဖြစ်ပြောင်းတဲ့အခါ ခေါင်းကနေစပြောင်းတယ် ကျားကနေ လူအဖြစ်ကိုပြောင်းတဲ့အခါ အမြှီးကနေစပြောင်းတယ် ဒါကိုတော့သိထားပါ”

 

မဲခေါင်လဲ ဆရာတော်စကားကိုမှတ်သားပြီး ရွာကိုပြန်လာခဲ့လိုက်တယ်။ ရွာပြန်ရောက်တော့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ ရဲနောင်ကိုခေါ်ပြီး သမန်းကျားပြောင်းတဲ့အခါ လုပ်ရမယ့်အဆင့်တွေကို ပြောပြကာ လက်တွေ့စမ်းသပ်ခဲ့ကြတယ်။

 

အစပိုင်းမှာ ရဲနောင်လဲကြောက်နေပေမယ့် တစ်ဖြေးဖြေးကြာလာတော့ ကျင့်သားရလာခဲ့တယ်။ မဲခေါင်သမန်းကျားအဖြစ်ပြောင်းနိုင်တယ်ဆိုတာကလဲ ရဲနောင်ကလွဲပြီး ဘယ်သူ့မှမသိခဲ့ပေ။

++++++++

 

” ထန်မီး ထန်မီး မဲခေါင်တို့ ဒီနေ့လဲ တောကောင်ရလာပြန်ပြီ ”

 

ရေးကြီးသုတ်ပြာလာပြောတဲ့ ပါပူးရဲ့စကားကြောင့် ပါးစပ်နားတေ့ထားတဲ့အရက်ခွက်ကို ချလိုက်ပြီး

 

” ငါဒီကောင်တွေကို မသင်္ကာဘူး ရွာကနေပျောက်သွားပြီးနောက်ပိုင်းမှ ‌တစ်ရက်ခြားဆိုသလို သားကောင်တွေရနေတယ် နောက်ရက်သူတို့တောဝင်ရင် ငါ့ကိုလာပြော ကြားလား”

 

” စိတ်ချ တွေ့တာနဲ့လာပြောပေးမယ်”

 

ထန်မီးလဲ အံတစ်ချက်ကြိတ်ကာ သောက်လက်စအရက်ခွက်ကို ကုန်စင်အောင်မော့ချလိုက်တယ်။

++++++++

 

” မဲခေါင်နဲ့ ရဲနောင် ပျောက်နေလို့တဲ့”

 

” ဟုတ်လို့လား ဟိုတစ်နေ့ကတောင် ရွာထဲမှာ ဈေးလိုက်ရောင်းနေတာတွေ့သေးတယ်”

 

” ဟုတ်တယ် အခုရွာထဲကလူတွေတောင် တောထဲလိုက်တက်သွားပြီ မနေ့ကတောလိုက်သွားတာပြန်မရောက်လာလို့ဆိုပဲ”

 

မဲခေါင်နဲ့ရဲနောင်ပျောက်နေတယ်ဆိုတဲ့သတင်းက ရွာထဲမှာတစ်မဟုတ်ချင်းပျံ့သွားခဲ့တယ်။

 

” ရဲနောင်အလောင်းကိုပြန်တွေ့ပြီတဲ့ ”

 

” ဟယ် ဘယ်လိုဖြစ်ကြတာလဲ ”

 

” ပါသွားတဲ့လူတွေပြောတာကတော့ အတော်ကိုရုပ်ပျက်ဆင်းပျက်ဖြစ်နေတာတဲ့ ငါ့အထင်တော့ တောကောင်ကိုက်ခံရတာများလား”

 

” မဲခေါင်ရော မဲခေါင်အလောင်းကိုရောတွေ့ပီလား”

 

” မဲခေါင်အလောင်းတော့မတွေ့သေးဘူးလို့ပြောတယ် သူ့မိဘတွေတော့ ရင်ကျိုးပါပြီဟာ”

 

” ဒါဆိုသေချာပြီ တောကောင်ဆွဲသွားတာပဲဖြစ်မယ် အရင်ကဒီနားတစ်ဝိုက်ကို တောကောင်ကြီးတွေမလာတတ်ပါဘူး အခုတော့သတိထားရတော့မယ် ”

 

” အေး အေး ငါလဲရွာထဲမှာ လိုက်ပြောလိုက်ဦးမယ်”

 

ဒီလိုနဲ့ ရဲနောင်အလောင်းကို နေ့ချင်းပဲသင်္ဂြိုလ်လိုက်တယ်။ ရဲနောင်အသုဘရက်လည်ပြီးတဲ့နေ့မှာတော့

 

” ညက ရွာထဲမှာမွေးထားတဲ့ နွားကို ကျားဝင်ဆွဲလို့တဲ့”

 

” ဟုတ်လို့လား အရင်ကဒီလိုမျိုးတွေမဖြစ်ခဲ့ဘူးနော် ”

 

” နင်မယုံရင် ဦးလှမြိုင်ကိုသွားမေးကြည့် ညနှစ်နာရီလောက်မှာ နွားအော်သံကြားလိုက် ထကြည့်တော့ နွားပေါက်လေးကိုဂုတ်ကနေခဲထားတဲ့ ကျားတစ်ကောင်ကိုတွေ့တယ်တဲ့ ”

 

” ဘုရား ဘုရား ဒီပုံစံအတိုင်းဆို ညဘက်တွေသတိထားရတော့မယ် ငါ့အိမ်က ဆိတ်တွေ ဝက်တွေကိုလဲ ခြံအလုံခတ်ထားမှရတော့မယ်”

 

” မြန်မြန်လုပ် ဒီညတောင် ဝင်ဆွဲချင် ဝင်ဆွဲနေဦးမယ်”

 

ရွာထဲမှာလဲ ကျားဝင်တယ်ဆိုတဲ့သတင်းကြောင့် လူတွေအကုန်ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။ ကာလသားတွေကတော့ ညဘက်ကင်းစောင့်ပြီး ကျွဲနွားတွေကိုလာဆွဲတဲ့ ကျားကိုဖမ်းဖို့ကြိုးစားခဲ့ကြတယ်။

 

ဒါပေမယ့် လူစုံတက်စုံစောင့်တဲ့နေ့ဆိုရင် အရိပ်အယောင်တောင်မမြင်ရ မလာလောက်ဘူးထင်လို့ ပေါ့လျော့တဲ့နေ့ဆိုရင် တစ်ကောင်မဟုတ်တစ်ကောင်ပါသွားစမြဲပဲ။ ဒီလိုနဲ့ တစ်ဖြေးဖြေးအတင့်ရဲလာကာ တောစပ်မှာထင်းခုတ်နေတဲ့လူတွေကိုတောင် ဝင်ဆွဲတဲ့အထိ သောင်းကျန်းခဲ့တယ်။ ရွာထဲကလူတွေလဲ စိုးရိမ်ကြောက်လန့်စိတ်နဲ့ အခြားရွာကိုပြောင်းပြေးရတဲ့အထိဖြစ်လာတော့ ရွာသူကြီးလဲ မနေသာတော့ပဲ တောနင်းရှာပြီး အသေဖမ်းဖို့အထိ ကြိုးစားခဲ့ကြတယ်။

 

” မီးတုတ်တွေ လေးတွေမြှားတွေ အသင့်ဖြစ်ပြီလား ဖြစ်ရင်သွားကြမယ်ဟေ့ ”

 

ထန်မီးရဲ့အော်သံကြောင့် ငါးဆယ်လောက်ရှိလူအုပ်ကြီးက လေးတွေမြှားတွေကို လွယ်လိုက်ကြတယ်။

 

” ဒီကောင်မသေရင် ငါရွာပြန်မလာဘူး ကျန်တဲ့သူတွေလဲ တွေ့တာနဲ့အမိန့်မစောင့်နဲ့ အသေသာပစ်သတ်ကြ ဒီညက ငါတို့အတွက် သမိုင်းကောင်းရေးထိုးရမယ့်နေ့ပဲ ”

 

ထန်မီးရဲ့ကြုံးဝါးသံကြောင့် လူအုပ်ကြီးရဲ့စိတ်တွေတက်ကြွလာပြီး မီးတုတ်တွေကိုယ်စီကိုင်ကာ တောထဲကိုဝင်လာခဲ့ကြတယ်။

 

” လူစုမကွဲစေနဲ့ အားလုံးသတိထားကြ ဒီကောင်က ပါးရည်နပ်ရည်ရှိတယ် ”

 

ထန်မီးက လူအုပ်ကြီးကိုလှမ်းအော်ပြောရင်း ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တယ်။ အချိန်ကြာလာတာနဲ့အမျှ တောကနက်သထက်နက်လာခဲ့သလို အအေးဓါတ်ကလဲပိုလာခဲ့တယ်။

 

” အရမ်းမှောင်နေပြီ အားလုံး သစ်ပင်ဂွကြားတွေမှာနေရာယူကြ ရွာထဲကယူလာတဲ့ နွားပေါက်ကို မြင်ကွင်းရှင်းတဲ့ နေရာမှာချည်ထားဦး”

 

ထန်မီးက စံပြသူရဲကောင်းဆုကို လတ်လတ်ဆတ်ဆတ်ရထားတဲ့သူဖြစ်တဲ့အတွက် အားလုံးရဲ့ရှေ့မှာ ပါဝါ‌ပြကာ အော်ဟစ်နေခဲ့တယ်။

 

ရွာသားတွေလဲ စိတ်ရှည်လက်ရှည်နဲ့ စောင့်နေခဲ့တာ ညသန်းခေါင်အချိန်ရောက်တော့ ချည်ထားတဲ့နွားပေါက်လေးက တစ်စုံတစ်ခုကိုသိနေတဲ့ဟန်နဲ့ အတင်းရုန်းကာ အော်ပါလေရော။ နွားပေါက်အော်သံကြောင့် လင့်စင်အသီးသီးမှာ နေရာယူထားတဲ့ ရွာသားတွေက လေးနဲ့မြှားကိုအသင့်ပြင်ထားလိုက်ပြီး အသံကိုနားထောင်နေခဲ့တယ်။

 

” ချွတ် ချွတ် ချွတ် ”

 

ရုတ်တရက် နွားပေါက်လေးနဲ့မလှမ်းမကမ်းမှာရှိနေတဲ့ တောလမ်းထဲကနေ သစ်ရွက်ခြောက်နင်းသံတွေကို ကြားလိုက်ရတယ်။

 

ထန်မီးက အသံကြားတဲ့ဘက်ကို သတိထားဖို့ လက်ဟန်ခြေဟန်နဲ့အချက်ပြလိုက်ပြီး လက်ထဲက လေးနဲ့မြှားကိုအသင့်ပြင်ထားလိုက်တယ်။ အသံကတစ်ဖြေးဖြေးနဲ့နီးလာလေလေ ရွာသားတွေရဲ့စိတ်တွေလှုပ်ရှားလာလေလေဖြစ်ခဲ့တယ်။

 

ထန်မီးက ရိပ်ခနဲလှုပ်ရှားတဲ့ အရိပ်တစ်ခုကိုတွေ့လိုက်တဲ့အချိန် လက်ထဲက မြှားကိုပစ်လွှတ်ဖို့အလုပ် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် လက်ကိုအပေါ်ကိုထောင်လိုက်ရတယ်။

 

” မပစ်ကြနဲ့ဦး လူတစ်ယောက်ထွက်လာတာ ငါတို့စောင့်နေတဲ့‌အကောင်မဟုတ်ဘူး”

 

ထန်မီးရဲ့အော်သံကြောင့် ရွာသားတွေကြည့်လိုက်ရာ ယောဂီဝတ်စုံကိုဝတ်ထားတဲ့ လူတစ်ယောက်ဖြစ်နေတာတွေ့လိုက်ရတယ်။

 

” ဟေ့လူ ခင်ဗျားသေချင်လို့လား ဒီနေရာက တောကောင်တွေသွားလာနေတဲ့နေရာဗျ”

 

လင့်စင်ပေါ်ကနေလှမ်းအော်လိုက်တဲ့အသံကြောင့် ယောဂီဝတ်စုံနဲ့လူက ကြိုးချည်ထားတဲ့နွားပေါက်လေးကို အသာယာပွတ်သပ်လိုက်ပြီး

 

” မင်းတို့က ရွာထဲဝင်ဆွဲတဲ့ ကျားကိုပစ်ဖို့စောင့်နေကြတာလား ဒါဆိုမစောင့်နေနဲ့တော့ သူမရှိတော့ဘူး”

 

” ခင်ဗျားကဘာသိလို့ပြောနေတာလဲ ဟိုတစ်နေ့ကတောင် ရွာထဲကလူတစ်ယောက်ကိုဆွဲသွားသေးတယ် ”

 

” မင်းတို့ရှာနေတာ ဒီအရာလား”

 

ယောဂီဝတ်နဲ့လူက ပြောရင်းဆိုရင်း လတ်လတ်ဆတ်ဆတ်ခွာထားတဲ့ ကျားသားရည်ကို ထောင်ပြလိုက်တယ်။

 

” ခင်ဗျား ဘယ်ကရလာတာလဲ ”

 

ထန်မီးက ကျားသားရည်ကိုမြင်တော့ လင့်စင်ပေါ်ကနေဆင်းလာပြီး အသေအချာကိုင်ကြည့်လိုက်တယ်။

 

” ဟိုဘက်နားမှာ ကျားလိုက်မုဆိုးတွေနဲ့တွေ့လို့ ကျုပ်ကိုလှူလိုက်တာပါ မင်းတို့ရှာနေတဲ့တောကောင်ရဲ့လည်ပင်းမှာ လက်တစ်ထွာလောက်ရှိတဲ့ ဒဏ်ရာတစ်ခုရှိတယ်မဟုတ်လား”

 

ယောဂီဝတ်လူရဲ့စကားကြောင့် ထန်မီး မျက်မှောင်ကြုတ်လိုက်ပြီး ဘေးမှာရပ်နေတဲ့ ပါပူးကိုလှမ်းကြည့်လိုက်တယ်။

 

” ဟုတ်တယ် ထန်မီး ဒါငါတို့ရှာနေတဲ့အကောင်ရဲ့သားရည်ပဲ”

 

” အဲလိုဆိုတော့ ကောင်းတာပေါ့ကွာ ဟားဟားဟား နောက်ဆုံးတော့လဲ ငါတို့ရွာဘေးကင်းသွားပြီပေါ့ ကဲ အားလုံးပြန်ကြမယ် ဟေ့လူ ခင်ဗျားရော ကျုပ်တို့နဲ့လိုက်ခဲ့ဦးမလား ဒီမှာကအန္တရာယ်များတယ်နော်”

 

ထန်မီးစကားကြောင့် ယောဂီဝတ်ထားတဲ့လူက ရယ်လိုက်ပြီး

 

” ကျုပ်အတွက်က အန္တရာယ်မရှိနိုင်ပါဘူး ဒီနေရာမှာကျုပ်လုပ်စရာကိစ္စလေးတွေကျန်သေးလို့ မလိုက်တော့ပါဘူး ”

 

” ဒါဆိုလဲကျုပ်တို့သွားပြီ ပါပူး မင်းက နွားပေါက်ကိုပြန်ခေါ်လာခဲ့ ဟိုကောင်တော့ ကျားလိုက်မုဆိုးတွေလက်ချက်မိသွားတာသေချာသွားပြီ”

 

ထန်မီးက ဝမ်းသာအားရပြောပြီး လှည့်ထွက်ဖို့အလုပ်မှာ

 

” အော် ခဏလေးနေပါဦး ဒါတွေက မိတ်ဆွေတို့ပစ္စည်းတွေဖြစ်မယ်” လို့ပြောပြီး လွယ်အိတ်ထဲက အရာတစ်ခုကိုထုတ်ပြီးပေးလိုက်တယ်။

 

ထန်မီးက ကမ်းပေးလာတဲ့ အရာကိုကြည့်ပြီး မျက်စိမျက်နှာပျက်သွားပြီး

 

” ဒီအဝတ်အစားတွေကို ခင်ဗျားဘယ်ကရတာလဲ”

 

” ကျုပ်လမ်းမှာတွေ့လို့ကောက်လာတာပါ ဒီနားမှာကလဲမိတ်ဆွေတို့ပဲရှိတာဆိုတော့ ဒီပစ္စည်းတွေကအခြားလူဟာတော့မဟုတ်လောက်ပါဘူး”

 

” ပေး ပေး အဲဒါကျုပ်တို့အဝတ်အစားတွေ ကျခဲ့တာ ဒါပဲလား နောက်ဘာပေးးစရာရှိသေးလဲ”

 

” မရှိတော့ပါဘူး အပြန်လမ်းခရီးဖြောင့်ဖြူးပါစေ”

 

ယောဂီဝတ်နဲ့လူရဲ့စကားအဆုံးမှာ ထန်မီးက လက်ထဲကမီးတုတ်ကိုဝှေ့ယမ်းပြီးပြန်ထွက်သွားခဲ့တယ်။

 

လူအုပ်ကြီးထွက်သွားပြီးတော့ ယောဂီဝတ်လူက သစ်ပင်တစ်ပင်အောက်မှာထိုင်ချလိုက်ပြီး နှုတ်ကနေ ဂါထာတစ်ပုဒ်ကိုမတိုးမကျယ်လေး ရွတ်ဖတ်နေခဲ့တယ်။

 

” ဝေါင်း ဝေါင်း ဝေါင်း”

 

ဂါထာရွတ်နေရင်း နားထဲမှာ ကျားဟိန်းသံတစ်ခုကိုကြားလိုက်တော့ ရွတ်နေတာကိုရပ်လိုက်ပြီး

 

” အသင် လာလော့ သင့်ကိုကျုပ်စောင့်နေတာပါ ” လို့ပြောကာလက်ကိုဆန့်တန်းလိုက်တဲ့အချိန် လူတစ်ရပ်လောက်မြင့်တဲ့ခြံနွယ်တွေကို ခုန်ကျော်ပြီး ရောက်ချလာတဲ့ ကိုးတောင်ကျားတစ်ကောင်ကိုမြင်လိုက်ရတယ်။

 

အစွယ်ဖွေးဖွေးနဲ့မာန်ဖီနေတဲ့ ကိုးတောင်ကျားက ယောဂီဝတ်စုံနဲ့လူကိုမြင်တော့ စိတ်ရိုင်းတွေပိုဝင်လာပြီး ကိုက်ခဲရန် ခုန်အုပ်လိုက်တယ်။

 

ခုန်ဝင်လာတဲ့ကိုးတောင်ကျားက ယောဂီဝတ်စုံနဲ့လူအနားကိုမရောက်ခင်မှာ အတားအဆီးတစ်ခုနဲ့ထိတွေ့လိုက်သလို အနောက်ကိုဖင်ထိုင်လျက်လဲကျသွားတယ်။

 

နာကျင်သွားတဲ့ ကိုးတောင်ကျားက ချက်ချင်းပြန်ထလာပြီး ခုန်အုပ်လိုက်ပြန်တယ်။ ဒီတစ်ခါမှာတော့ ယောဂီဝတ်စုံဝတ်ထားတဲ့လူရဲ့ လက်ဝါးက ကိုးတောင်ကျားရဲ့မျက်လုံးနှစ်ခုအလယ်မှာရှိတဲ့နေရာကို ရိုက်ချလိုက်တယ်။

 

လက်ဝါးနဲ့ရိုက်ချလိုက်တဲ့အရှိန်က နွားပေါက်တစ်ကောင်ကိုကိုက်ချီပြီး လူတစ်ရပ်လောက်မြင့်တဲ့ခြံကိုခုန်ကျော်နိုင်တဲ့ ကိုးတောင်ကျားကို ဆန့်ငင်ဆန့်ငင်ဖြစ်စေခဲ့တယ်။

 

ယောဂီဝတ်ထားတဲ့လူလဲမြေကြီးပေါ်မှာဆန့်ငင်ဆန့်ငင်ဖြစ်နေတဲ့ ကိုးတောင်ကျားရဲ့ခေါင်းပေါ်ကိုလက်တင်ပြီး

 

” အသိစိတ်တွေပြန်ဝင်စမ်း ” လို့ပြောလိုက်တဲ့အချိန် အမြှီးပိုင်းကနေစပြီး တစ်ဖြေးဖြေးပြောင်းလဲလာကာ အဝတ်အစားလုံးဝမရှိတဲ့ လူတစ်ယောက်အဖြစ်ကိုရောက်ရှိသွားခဲ့တယ်။

 

ကိုးတောင်ကျားအဖြစ်ကနေ လူအသွင်ပြောင်းသွားတဲ့သူက သတိလုံးဝမရပဲ မေ့မျောနေတာမြင်တော့ ယောဂီဝတ်လူက လွယ်အိတ်ထဲမှာပါလာတဲ့ ဘူးသီးခြောက်ရေဘူးကိုထုတ်ပြီး မျက်နှာပေါ်လောင်းချပေးလိုက်တယ်။

 

အဲဒီတော့မှ သတိလစ်နေတဲ့ လူက ပြန်သတိရလာပြီး

 

” ကျုပ် ဘယ်ရောက်နေတာလဲ ရဲနောင် ရဲနောင်ရော ”

 

” စိတ်အေးအေးထားပါ သင်အခုလူပြန်ဖြစ်ပါပြီ သင့်သူငယ်ချင်းကတော့ ကံမကောင်းစွာနဲ့ သမန်းကျားတစ်ကောင်ရဲ့ကိုက်သတ်ခြင်းကိုခံလိုက်ရတယ်”

 

” တောက် ကျုပ်သိတယ် ဘယ်သူလုပ်တယ်ဆိုတာ ကျုပ်သိတယ် ဒီကောင်ကိုလက်စားပြန်ချေမယ်”

 

” သင့်စိတ်ကို ခဏအနားပေးလိုက်ပါ သင်လူဘဝပြန်ရောက်ဖို့ ကျုပ်ကူညီပေးခဲ့ပြီးပြီ သင် တိရိစ္ဆာန်ဘဝမှာပဲ ပြန်နေချင်ရင်တော့ လုပ်ပါ ကျုပ်မတားပါဘူး”

 

ယောဂီဝတ်လူရဲ့စကားကြောင့် ဒေါသထွက်နေတဲ့သူငြိမ်သွားခဲ့တယ်။

 

” သင် ဒီအဝတ်အစားတွေဝတ်ထားလိုက်ပါ ”

 

ယောဂီဝတ်လူက လွယ်အိတ်ထဲမှာရှိတဲ့ ယောဂီဝတ်စုံတစ်စုံကိုထုတ်ပေးလိုက်တယ်။

 

” ကျုပ်နာမည်က မဲခေါင်လို့ခေါ်တယ် သင့်ကရောဘယ်သူလဲ”

 

” အဝတ်အစားတွေအရင်ဝတ်လိုက်ပါ ပြီးရင်ကျုပ်ဘယ်သူလဲဆိုတာပြောပြပါမယ်”

 

မဲခေါင်လဲ အရှေ့မှာချထားတဲ့ ယောဂီဝတ်စုံကိုဝတ်လိုက်ပြီး

 

” ကျုပ်ဝတ်ပြီးပြီ ဘာဆက်လုပ်ရဦးမှာလဲ”

 

” ဝတ်ပြီးပြီဆိုရင် ကျုပ်အနောက်ကိုလိုက်ခဲ့ပါ သင့်မှာသွားစရာမရှိတော့ဘူး ရွာထဲပြန်သွားရင်လဲ သင့်ကိုလူသတ်သမားဆိုပြီး လက်ခံမှာမဟုတ်ဘူး”

 

” ဘာလို့လက်မခံရမှာလဲ ကျုပ်ကဘယ်သူ့ကိုမှသတ်ခဲ့တာမဟုတ်ဘူး”

 

” မဲခေါင် မင်းလူစိတ်ပျောက်နေချိန်မှာ သတ္တဝါတွေရဲ့အသက်ပေါင်းများစွာကိုသတ်ခဲ့ပြီးပြီ မင်းရဲ့လည်ပင်းမှာရှိနေတဲ့ဒဏ်ရာက မင်းကိုလူသတ်သမားဖြစ်အောင်တွန်းပို့ကြလိမ့်မယ် ဒါကြောင့် ကျုပ်ခေါ်တဲ့နောက်ကိုလိုက်ခဲ့ပါ”

 

” ကျုပ်မှာရွေးချယ်စရာမရှိတော့ဘူးပေါ့ ဒါပေမယ့် အောင်လုပ်ခဲ့တဲ့သူကိုတော့လက်စားချေခွင့်ပေးပါ”

 

” ဒါကတော့ မင်းရဲ့ဆုံးဖြတ်ချက်ပါ ကျုပ်ခေါ်တဲ့နောက်ကိုသုံးလပဲလိုက်ခဲ့ပါ သုံးလပြည့်ရင် မင်းလုပ်ချင်သလို လုပ်ပါ ကျုပ်ခွင့်ပြုပါမယ်”

 

မဲခေါင်လဲ ယောဂီဝတ်လူရဲ့စကားကို အတန်ကြာစဉ်းစားပြီး

 

” ကောင်းပြီ ကျုပ်လိုက်ခဲ့မယ် သုံးလပြည့်ရင်တော့ ကျုပ်သဘောအတိုင်းဆက်လုပ်မယ်” လို့ပြောကာ ယောဂီဝတ်လူခေါ်ဆောင်ရာအနောက်ကိုလိုက်ပါခဲ့တယ်။

++++++++++++++

 

” ဆရာ မောင်မဲခေါင်က ဘယ်လိုကြောင့် လူအဖြစ်ပြန်ပြောင်းလို့မရတော့တာလဲ”

 

လမ်းလျောက်နေရင်းမေးလိုက်တဲ့ တောက်ရစကားကြောင့် အောင်မြတ်သာက

 

” သူတို့တောလိုက်ဖို့သွားကြတော့ ထန်မီးနဲ့ပါပူးကအနောက်ကနေ လိုက်ခဲ့ကြတယ် တောထဲရောက်တော့ ရဲနောင်ကို သစ်ပင်ပေါ်တက်ခိုင်းပြီး မဲခေါင်က သမန်းကျားအဖြစ်ပြောင်းခဲ့တယ်။ သမန်းကျားအဖြစ်ရောက်တော့ ရဲနောင်နေတဲ့ သစ်ပင်အောက်မှာကျင်ငယ်စွန့်ပြီး တောထဲကိုဝင်သွားခဲ့တယ် ကျင်ငယ်စွန့်တယ်ဆိုတာကလဲ သူလူဘဝပြန်ပြောင်းဖို့အတွက် ‌ကိုယ်ငွေ့ထားတဲ့နေရာကိုသိရအောင် အမှတ်အသားပြုခဲ့တာပဲဖြစ်တယ် မဲခေါင် သမန်းကျားဖြစ်သွားတာကိုမြင်တဲ့ ထန်မီးက သစ်ပင်ပေါ်မှာရှိနေတဲ့ ရဲနောင်ကို မြှားနဲ့ပစ်ချခဲ့တယ်။ ရဲနောင် မြှားထိပြီးအောက်ရောက်တော့ ပါပူးက မဲခေါင်ရဲ့အဝတ်အစားတွေကိုယူခဲ့တယ်။ ထန်မီးက အဲဒီအချိန် သမန်းကျားအသွင်ပြောင်းပြီး ရဲနောင်ကိုအသေကိုက်သတ်ပစ်ခဲ့တယ် ။ ဒါကလဲ မဲခေါင်ကိုအကွက်ဆင်ခဲ့တာပဲ။ မဲခေါင်တောလိုက်ပြီး သစ်ပင်အောက်ပြန်ရောက်တော့ သူ့ကိုယ်ငွေ့ရှိတဲ့အဝတ်အစားကိုမတွေ့ရတော့ဘူး။ ဒါကြောင့်လူအဖြစ်ကိုမပြောင်းနိုင်ပဲ ရွာနီးချုပ်စပ်ကလူတွေကို ဒုက္ခပေးသလိုဖြစ်ခဲ့တယ်”

 

” ဒါဆိုရင် ထန်မီးတို့ကိုဆရာပေးလိုက်တဲ့ အဝတ်က မဲခေါင်ရဲ့အဝတ်အစားတွေပေါ့”

 

” ဟုတ်တယ် ပါပူးက မဲခေါင်ရဲ့အဝတ်တွေကို တောရဲ့တစ်နေရာမှာမြုပ်ခဲ့တယ် အဲဒီနေရာကိုပြန်တူးပြီး မဲခေါင်ရဲ့ကိုယ်ငွေ့ကိုရအောင်ယူခဲ့တာ”

 

” ဒီလိုဆိုတော့လဲ မဲခေါင်ဘဝကသနားစရာပါပဲဗျာ သူကရော သုံးလပြည့်တော့ ထန်မီးတို့ကို ပြဿနာရှာသေးလားဆရာ”

 

” တစ်လလောက်အထိတော့ လက်စားချေဖို့ တွေးနေသေးတယ် ဒါပေမယ့် သုံးလပြည့်တော့ သူ့ကျင့်ကြံခဲ့တဲ့အရာတွေရဲ့ကျေးဇူးကြောင့် သူတစ်ပါးရဲ့အသက်ကို မသတ်အောင် စောင့်ထိန်းခဲ့တယ် ”

 

” သူ့မိဘတွေဆီကိုရော မသွားဖြစ်တော့ဘူးလားဆရာ”

 

” တစ်ခါတစ်လေ အိမ်မက်ထဲကိုသွားလည်တယ်လို့ပဲပြောတယ် သူလဲလူတွေကြားထဲကိုသွားဖို့အတော်ကြောက်သွားပုံရတယ် ”

 

အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့တောက်ရတို့နှစ်ယောက်လဲ မောင်မဲခေါင်ရဲ့ဘဝအကြောင်းကိုပိုမိုသိခဲ့ကြပြီး သနားဂရုဏာသက်ခဲ့မိကြတယ်။

 

တစ်လမ်းလုံးမောင်မဲခေါင်အကြောင်းကိုတွေးရင်းခရီးဆက်ခဲ့တာ လူ့ဘီလူးညီနောင် နှစ်ယောက်ကိုထိန်းသိမ်းထားတဲ့ ‌တောင်ခြေကိုရောက်မှန်းမသိရောက်လာခဲ့တယ်။

 

” ဆရာ ဒီတောင်က ဟိုနှစ်ကောင်ကို ခဏထိန်းထားတဲ့နေရာမဟုတ်ဘူးလား”

 

” ဟုတ်တယ် သူတို့ရဲ့အတိတ်ဘဝက ကုသိုလ်ကံအကျိုးကြောင့် ငါတို့ရဲ့ဂိုဏ်းသားဖြစ်အောင်လေ့ကျင့်ပေးရဦးမယ်လေ သူတို့ကိုလမ်းမှန်ရောက်အောင်ပို့ပေးပြီးမှ ငါတို့တာဝန်ကျေလိမ့်မယ်”

 

အောင်မြတ်သာရဲ့ပြောစကားကြောင့် သက်ခိုင်နဲ့တောက်ရလဲ ရွှေခဲငွေခဲညီအစ်ကိုနှစ်ယောက်ကို ထိန်းသိမ်းထားတဲ့ တောင်ပေါ်ကိုလှမ်းကြည့်လိုက်မိတယ်။

 

နောက်ဝတ္တုမှာတော့ ရွှေခဲ ငွေခဲညီအစ်ကိုကို ဘယ်လိုလေ့ကျင့်ပေးကြမလဲ။

 

သူတို့ရဲ့အတိတ်ဘဝကရော ဘယ်လိုကုသိုလ်တွေလုပ်ခဲ့ကြလို့ အောင်မြတ်သာက ကူညီပေးရတာလဲဆိုတာကိုတော့ အောင်မြတ်သာနဲ့ တစ်ပဲကုသိုလ်အကျိုးတူ ဆိုတဲ့ဝတ္တုလေးမှာဖတ်ရှုပေးကြပါဦး။

 

လေးစားစွာဖြင့်

ဇေယန(ရာမည)

 

#ညမဖတ်ရ