ရင်ကွဲနာ

ရင်ကွဲနာ(စ/ဆုံး)
—————-

တနေ့သ၌ လွန်စွာကြီးမားသော ညောင်မုတ်ဆိတ်
အပင်ကြီး၏ အောက်၌ လူတစ်ယောက်သည် တယောတစ်လက်ကိုထိုး၍
အလွမ်းသီချင်း တစ်ပုဒ် အား ဆွေးမြည့်စွာ သီဆိုနေ
လေ၏။ ထိုအချိန်တွင် ကောင်းကင်မှ မိုးသားများသည်
တလိပ်လိပ်ဖြင့် ညိုမည်းစွာ တက်လာလေတော့သည်။
သီချင်းဆိုနေသူ ကတော့ မိုးသားများကို ဂရုမစိုက်ဘဲ
တယောလေးအား ထိုးယင်း အလွမ်းသီချင်းအား ဆက်၍ သီဆိုနေ၏။ထို့အပြင် ၎င်း၏ မျက်၀န်း၌ မျက်ရည်များ
တတွေတွေ ကျနေပြန်၏။
🎶 ချစ်သူတိုင်း ညား၍ ညားတဲ့သူတိုင်း ချစ်နိုင်ပါစေ
အတည် ~~ အခုတော့ သည်လို မဟုတ်ပါလေပဲ
ဖူးစာ နတ်မင်း ဘယ်ပုံ ခင်း••တယ် ချစ်လျှက်နဲ့
နှစ်ကိုယ်ဝေး••ဝေးး ဝေးးခဲ့ပါပြီ အတည်🎶
ထိုအချိန်တွင် ကောင်းကင်မှ မိုးများသည် တဖျောက်ဖျောက် ကျ၍လာလောတော့သည်။
တယောဖြင့် လူကမူ မိုးကို ဂရုမစိုက် ဆိုမြဲပင်။
အတန်ကြာသော် ထိုလူ၏ အနားသို့ လူတစ်ယောက်
အပြေးလွှားရောက်လာ၏။
“ဘုန်းကြွယ် သူငယ်ချင်း ”
ရောက်လာသူက ခေါ်နေပေမဲ့ တယောနှင့်လူက
မော့၍ပင်မကြည့် ။ ထိုလူလည်း သီချင်းဆိုနေသူအား
ပခုံးကို ကိုင်လှုပ်၍
“ဘုန်းကြွယ် သူငယ်ချင်း မိုးတွေရွာနေပြီလေကွာ
ပြန်ကျရအောင်နော်”
ဒီတော့မှ သီချင်းဆိုနေသူသည် ၎င်းအားလာခေါ်သူ
အား မော့၍ ကြည့်ပြီး
” ငါ့သမီးကို ငါစောင့်ချင်သေးတယ်ကွာ သမီးလေး
ဒီနေ့ လာချင်လာမှာကွ”
ထိုအခါ လာခေါ်သူက လွန်စွာ စိတ်မကောင်းသည့်
ဟန်ဖြင့် ခေါင်းကိုယမ်းလျှက်
“ဒီနေ့တော့ လာမှာ မဟုတ်တော့ပါဘူးကွာ နောက်ရက်တွေကျမှ မင်းသမီးကိုစောင့်ပေါ့
လာပါ ဘုန်းကြွယ်ရာ”
ထိုလူက အတင်းဆွဲ၍ခေါ်မှ သီချင်းဆိုနေသောသူ
သည် မလိုက်ချင်သည့်ပုံဖြင့် ယက်ကန် ယက်ကန်
ပါသွားလေတော့သည်။ ထိုအချိန်တွင် မိုးများသည်း
ထန်စွာ ရွာသွန်း၍နေလေတော့သည်။
⚡☁⚡☁⚡☁⚡☁⚡
နောက် များမကြာမီ ခံတက်ကုန်းရွာကလေးသို့
မြို့မှ တက္ကသိုလ် ကျောင်းသားကျောင်းသူများသည်
လေ့လာရေး ခရီး ရောက်၍လာလေတော့သည်။
၎င်းတို့သည် ခံတက်ကုန်းရွာ အနီး၌ ရှိသော မင်း၀န်
တောင်ကြီးအား လေ့လာရန် ရောက်ရှိလာခြင်းပင်။
ထိုအဖွဲ့၌ ကျောင်းသား/သူ ၁၅ ယောက်ခန့်ပါလေ၏။
ထိုအထဲမှ ရွှေမှုံ ဟူသော မိန်းမပျိုနှင့် သူငယ်ချင်း
သုံးယောက်တို့သည် ရွာ၏ ပတ်၀န်းကျင်သို့ လှည့်
လည်ကြည့်ရှု့ကြလေ၏။ ၎င်းတို့သည် မြို့၌ ကြီးပြင်း
သူများဖြစ်ကြရာ တောဓလေ့ ရွာဓလေ့များကို ကြည့်
ယင်း များစွာ သဘောကျ၍နေကြလေသည်။
“ဟဲ့ရွှေမှုံ တောရွာ တွေမှာ လေကို ရှု ရတာကိုက
ပိုပြီး မြို့မှာထက် လက်ဆက်တယ်နော်”
“အေးဟ မြို့မှာဆို အရမ်းမွန်းကျပ်တာပဲ”
ထိုကဲ့သို့ ပြောဆိုကျယင်း ရွာပြင် ညောင်မုတ်ဆိတ်
ပင်ကြီး အနီး သို့ ရောက်လာကြလေ၏။
ထိုအချိန်တွင် သူဇာ ဟူသော မိန်းမပျိုက
“ဟဲ့ နားထောင်ကျစမ်း တယောသံ မို့လား”
“ဟုတ်တယ်နော် တယောသံလေးက လွမ်းလွမ်း
ဆွေးဆွေးလေး တို့သွားကြည့်ရအောင်”
ဤ သို့ဖြင့် အသံကြားရာ ဆီသို့ မိန်းမပျိုများ သွားရောက်ကြလေ၏။ အတော်သွားမိသောအခါ
ညောင်မုတ်ဆိတ် ပင်ကြီးအောက်မှ လူတစ်ယောက်
တယောထိုး၍ သီချင်းဆိုနေမှန်း မြင်ကြရလေသည်။
်🎶ငယ်ကအချစ် အနှစ်တစ်ရာ မောင်ကတော့ စာမဖွှဲ့
လောက်ပြီ အချစ်ဦးကို ••အနှစ်တစ်သောင်းရှိတောင်
မောင်မမေ့ရက်ပြီ ••ဝေးခဲ့တာကြာခဲ့ပေမဲ့ မနေ့ကလို
ပဲ မောင်ထင်နေမိသည် ••🎶
မိန်းမပျိုများသည် တယောဖြင့် သီချင်းဆိုနေသော
လူကြီးအားကြည့်၍ ငြိမ်သက်နေမိကြသည်။
ထိုလူကြီးသီဆိုသော သီချင်းမှာ လွန်စွာ လွမ်းစရာ
ကောင်း၍ ၀မ်းနည်းဖို့ကောင်းသည်ဟု သူတို့ ထင်မိကျ၏။ သီချင်းပြီးဆုံးသောအခါ လူကြီးက
သူတို့အားး မော့၍ ကြည့်ယင်း ထိုနေရာလေးမှ ထ၍
သွားရန် ဟန်ပြင်လေ၏။ထိုအခါ ရွှေမှုံ ဆိုသော မိန်း
မပျိုက ၎င်း ပိုက်ဆံအိတ်ထဲမှ ငွေအချို့ကို ထုတ်၍
“ဦးလေး ရော့ ဦးလေး တယောနဲ့ သီချင်းဆိုတာ
အရမ်းနားထောင်လို့ကောင်းတာပဲ”
ထိုအခါ သီချင်းဆိုနေသော လူကြီးက
“ပိုက်ဆံ ကျုပ်က ဒီပိုက်ဆံတွေ ဘာလုပ်ရမှာလဲ”
ဟူ၍ ပြောကာ ထွက်သွားရန်ပြင်လေ၏။
ရွှေမှုံလည်း နောက်တကြိမ်ပေးပြန်၏။
“ရော့ ပါ ဦးလေးရယ် ယူပါ”
လူကြီးက ဘာမျှမပြောပဲ ထွက်သွားရန်သာ ပြင်
ပြန်၏။ထိုအခါ ခိုင်ခိုင် ဆိုသော မိန်းမပျိုက
“အလဲ့ ဒီ သူတောင်းစား အဖိုးကြီးက အလာကြီး
ပါလား ပိုက်ဆံနည်းလို့ထင်တယ်”
ထိုသို့ပြောဆိုသောအခါ ရွှေမှုံ က
“အို••ဒီလိုမပြောပါနဲ့ ခိုင် ရယ် သူ့ခမျာ သနားပါတယ်”
“သြော် မှုံ ရယ် သူတောင်းစား ကို သူတောင်းစား
လို့ မပြောလို့ ဘယ်လိုပြောရမလဲ ကဲ ပြောပါအုံး”
ထိုသို့ ပြောဆိုနေခိုက် ညောင်ပင်ကြီး၏နောက်ဖက်ဆီ
မှ လူကြီးတစ်ယောက် ထွက်လာပြီး
“သူ ဟာ သူတောင်းစား မဟုတ်ပါဘူး ကလေးမ”
“ရှင်”
မိန်းမပျိုများး ထိုလူကြီး၏ အသံကြောင့် အထိတ်
တလန့် ဖြစ်သွားကြလေ၏။
“သမီးတို့ကို စိတ်မဆိုးပါနဲ့ ဦးရယ် သမီးတို့ကသနား
လို့ပါရှင် ဒါကြောင့်ပိုက်ဆံပေးမိတာပါ”
“ဟုတ်ပါတယ်ရှင်”
ထို့သို့ ဝုိင်၀န်း တောင်းပန်ကြလေ၏။
“ရ ပါတယ်ကွယ် ရပါတယ် တကယ်တော့ ဦးလေးရဲ့
သူငယ်ချင်းဟာ စိတ်ဝေဒနာသည် တစ်ယောက်ပါကွယ် ”
“အို”ဖြစ်မှ ဖြစ်ရလေ ဦးလေးရယ်'”
ရွှေမှုံ တို့ သုံးယောက် လူကြီးကိုကြည့်၍ စိတ်မကောင်း ဖြစ်နေကြ၏။ လူကြီးကတော့ တယော
လေးကိုကိုင်၍ အောက်ကိုသာ ငုံ့၍ကြည်နေ၏။
“ဘုန်းကြွယ် သူငယ်ချင်း ပြန်ကြရအောင်ကွာ”
ထိုသို့ပြော၍ လူကြီးခေါ်ရာနောက် သို့ တယောလေးကို ကိုင်ယင်း သီချင်းဆိုသော လူကြီး
လေးလံထိုင်းမှိုင်းသော ခြေလှမ်းများဖြင့် လိုက်
ပါ၍ သွားရှာလေတော့သည်။
🎻🎻🎻🎻🎻🎻🎻🎻🎻

“သြော် မိန်းကလေးတို့ လာကြကွဲ့ လာလာ”

ရွှေမှုံ သည် မနေ့က တွေ့ခဲ့သော တယောထိုး၍
သီချင်းဆိုနေသော ဦးဘုန်းကြွယ် ၏ အကြောင်းကို
သူမ လွန်စွာ သိချင်နေမိသည်။ ထို့ကြောင့် မေးမြန်း
စုံစမ်း၍ ဦးဘုန်းကြွယ်အား လာရောက်ခေါ်သော
ဦးအောင်ထွန်း ဟူသော လူကြီးဆီသို့ လာရောက်ခြင်း
ဖြစ်လေ၏။ ရွှေမှုံ တို့လည်း လူကြီးအနီးသို့ ထိုင်လိုက်
ကြ၏။ လူကြီးက ရွှေမှုံတို့အားကြည့်၍

“မနေ့က ညောင်ပင်အောက်တွေ့ ခဲ့တဲ့ ကလေးမလေး
တွေ မဟုတ်လားကွဲ့”

ထိုသို့မေးမြန်းသောအခါ ရွှေမှုံက

“ဟုတ်ပါတယ်ဦးရယ် သမီးတို့ပါ ဒါနဲ့ တယောနဲ့
ဦးလေးကြီးရော မမြင်ပါလား သူဘယ် သွားတာလည်း
ရှင်”

ဟူ၍မေးမြန်းသောအခါ ဦးအောင်ထွန်းက

“ငါ့တူမကြီးက ဘုန်းကြွယ်ကို မေးတာထင်တယ် သူက
တော့ နေ့တိုင်း ရွာထိပ်က ညောင်ပင်ကြီးအောက်မှာ
တယောတစ်လက်နဲ့ သီချင်းတွေဆိုနေတာပေါ့ကွယ်
အချိန်ကျလို့ ပြန်မလာယင် ဦးလေးက သွားခေါ်
ရတယ်ကွဲ့”

ထိုအခါ ခိုင်ခိုင် ဆိုသော မိန်းမပျိုက

“အဲဒီဦးလေးကြီးက ဘာဖြစ်လို့ နေ့တိုင်း ညောင်ပင်
ကြီးဆီ သွားပြီး သီချင်းတွေ ဆိုနေတာလဲဟင်”

“ဟုတ်ပါတယ် ဦးလေးရယ် သမီးတို့ကို အဲဒီ ဦးလေး
ကြီး အကြောင်း ပြောပြပါ့လား သမီးသိပ်သိချင်
တာပဲ ဦးလေးရယ်”

ရွှေမှုံ ကပါ ၀င်၍ တောင်းဆိုသောအခါ ဦးအောင်ထွန်း
က ရေနွေးကြမ်းတစ်ခွက်အား ကရားမှ ငှဲ့ယင်း

“ဒီက ငါ့တူမကြီးတို့ သိချင်ယင် ဦးလေးပြောပြပါ့မယ်
ကွယ် တကယ်တော့ ဘုန်းကြွယ်ရဲ့ ဘ၀ဟာ အလွန်
သနားစရာ ကောင်းတယ် ဘုန်းကြွယ်က ရိုးသားပြီး
ခပ်အေးအေးနေတက်တဲ့သူကွဲ့ ငယ်ငယ်ကတည်းက
တယောတလက်နဲ့ သီချင်းတွေဆိုနေရယင် ကျေနပ်
နေတဲ့သူပေါ့ ဦးလေးနဲ့ ဘုန်းကြွယ် ဟာ အလွန်ချစ်တဲ့
သူငယ်ချင်းတွေပေါ့ကွယ် ဒီလိုနဲ့ အေးချမ်းသာယာနေ
တဲ့ ဘုန်းကြွယ်ရဲ့ ဘ၀ထဲကို မိန်းကလေးတစ်ယောက်
မမျှော်လင့်ဘဲ ၀င်ရောက်လာခဲ့တယ် အဲဒီနေ့က
ဘုန်းကြွယ်ဟာ လှည်းတစ်စီးနဲ့ မယ်ဇလီကုန်း ကား
ဂိတ်ဆီ ရွာကိုအလည်လာတဲ့ လူတစ်ယောက်ကိုလိုက်
ပို့တာပေါ့ မယ်ဇလီကုန်း ကားဂိတ်က အဲဒီအချိန်တုန်း
က အခုလို လမ်းပန်းတွေက မကောင်းသေးဘူးကွဲ့
ဦးလေးတို့ရွာနဲ့ဆို သုံးတိုင်ခွဲလောက်ရှိတယ်
ဘုန်းကြွယ်လည်း ကားဂိတ်မှာ ဧည့်သည်ကို ကားရတဲ့
အထိစောင့် တင်ပေးပြီး နွားလှည်းနဲ့ ရွာဘက်ပြန်မယ်
လုပ်တုန်း မိန်းကလေးတစ်ယောက်ဟာ ကားလမ်း
အတိုင်းပြေးလာပြီး ပြန်မဲ့ဆဲဆဲ
ဘုန်းကြွယ်ကို

“နေပါအုံးရှင်နေပါအုံး ”

“ဟင် မိန်းကလေးတစ်ယောက် ကားလမ်းမအတိုင်း
ပြေးလာပါလား ဘာများဖြစ်လို့ပါလိမ့်”

ပြေးလာသူ မိန်းကလေးကို ကြည့်၍ ဘုန်းကြွယ် ရပ်
နေမိသည် ။ မကြာမီ မိန်းကလေးက သူ့အနားရောက်
လာသည်။ မိန်းကလေးသည် ဘုန်းကြွယ်အား အရောင် တဖိတ်ဖိတ် လက်နေသော မျက်လုံးများဖြင့်
ကြည့်၍ ဘုန်းကြွယ်အား

“၀မ်းသာလိုက်တာ ရှင် ဒီကအစ်ကို နောက်ကို ညီမ
အကြုံလိုက်ပါရစေနော်”

မိန်းကလေးစကားကြောင့် ဘုန်းကြွယ် ဘေးပတ်၀န်း
ကျင်သို့ လှည့်ပတ်ကြည့်မိသည် မည်သူ တစ်ဦး
တစ်ယောက်မျှ မရှိကြတော့ နေက၀င်တော့မည်
သူမခေါ်လျှင် မိန်းကလေး အတွက် အဆင်မပြေနိုင်
ထို့ကြောင့် မိန်းကလေးအား

“ခင်ဗျားက ဘယ်ကိုသွားမှာလည်း ”

“အစ်ကို သွားတဲ့နောက် လိုက်မှာပေါ့ ခေါ်မယ်မဟုတ်
လားအစ်ကို ”

မိန်းကလေးစကားကြားသောအခါ ဘုန်းကြွယ် မျက်လုံး
ပြူးသွားသည်။

“ကျုပ်နောက်ကို အမိ လိုက်လို့မဖြစ်ဖူးလေဗျာ”

ဘုန်းကြွယ်၏ စကားကိုကြားလျှင် မိန်းကလေးမှာ

“ဒါဆို အစ်ကိုက ညီမကိုမခေါ်ဘူးပေါ့ ဟင့် ဟင့်•••

ပြောယင်း မိန်းကလေးက ထိုင်၍ ငိုလေတော့သည်။
ငိုနေသော မိန်းကလေးကိုကြည့်၍ ဘုန်းကြွယ် အခက်
တွေ့နေလေ၏။နောက်တော့ မထူးတော့ပြီမို့ ခေါ်ရန်
ဆုံးဖြတ်လိုက်လေ၏။ အခြေနေက မခေါ်၍ မဖြစ်တော့ ။

“ကဲပါဗျာ ငိုမနေပါနဲ့ ကျုပ်နဲ့ လိုက်ခဲ့ပါ အမိရယ်”

“ဟေးး

မိန်းကလေးက ကလေးတစ်ယောက်လို ခုန်ပေါက်
မြူးတူး၍ နေ၏။

“ဒါမှ တို့ အစ်ကိုကွ”

“ဟင်း”

သက်ပြင်းတချက်ချ၍ ဘုန်းကြွယ် မိန်းကလေးအား
ခေါ်လာခဲ့မိသည်။ လှည်းပေါ်၌ မိန်းကလေးက
စကားများကို မရပ်မနားပြော၍ လိုက်ပါလာခဲ့၏။ဤကဲ့
သို့ မိန်းမတစ်ယောက်နှင့် နီးကပ်စွာ မနေဘူးသော
ဘုန်းကြွယ်မှာ ရင်တုန်ပန်းတုန်ဖြစ်၍ နတ်၀င်သည်
ကဲ့သို့ တုန်ရင် ၍ နေလေသည်။ မိန်းကလေးသည်
လှလွန်း၍ သွက်လက်လှသည်။ အနီးကပ်ထိုင်နေ
ယင်း သူမကိုယ်မှ ကိုယ်သင်းရနံ့လေးက အနီးကပ်ထိုင်နောခေါင်း၀သို့ လရောက် ကလူ ကျီစယ်၍ နေလေ၏
ဤလိုနှင့် ဘုန်းကြွယ်တို့ ၏ လှည်းကလေးသည်
ရွာအတွင်းသို့၀င်ရောက်လာလေတော့သည်။
အိမ်သို့ ၀င် ၀င်ချင်း ဘုန်းကြွယ်၏ ဖခင်က

“ဟလူလေး မင့်နှယ်ကွယ် ကြာလှချေလား

ထိုနောက် မိန်းကလေးအား မြင်၍ အလွန်အံ့သြဟန်
ဖြင့် ဘုန်းကြွယ်အား

“လူလေး သူက ဘယ်က မိန်းကလေးတုန်းကွဲ့”

ထိုအခါ ဘုန်းကြွယ်မှာ ခေါင်းကို တဗျင်းဗျင်း ကုတ်၍

“ဟို ဟို ကျုပ် မသိဘူးအဘ”

ထိုအခါ ဘုန်းကြွယ်၏ဖခင်မှာ မျက်လုံးပြူး၍

“ဟေ ကောင်းကွာ လှည်းပေါ်တင်လာပြီး ဘယ်က
မှန်းမသိဘူးလို့ကွာ ဟဲ့ မိန်းကလေး က ဘယ်ကတုန်း
ကွဲ့ နောက်ပြီး ဘယ်ကိုသွားမှာတုန်း”

မိန်းကလေးသည် လွန်စွာငြိုးငယ်သော မျက်နှာဖြင့်
“ကျမ ဘယ်ကိုသွားရမှန်းမသိပါဘူး အဘရယ်
နောက်ပြီး ဘယ်ကလာတယ်ဆိုတာလည်း ကျမ
မသိပါဘူးရှင်”

“ဟေ ဗုဒ္ဓေါ ဒုက္ခပါဘဲကွာ ဒါဆို ကလေးမနာမည်က
ရော ပြောပါအုံး”

ထိုအခါ မိန်းမပျိုမှာ ဘုန်းကြွယ် ဖက်သို့ လှည့်၍

“ဒီက အစ်ကို နာမည်ကရော ဟင်”

“ကျုပ်နာမည် ဘုန်းကြွယ်ပါ”

ဘုန်းကြွယ်က ယောင်တောင်ယောင်နှင့်ဖြေတော့
မိန်းကလေးသည် တခစ်ခစ် ရယ်ယင်း

“ဒီက အစ်ကိုနာမည်က ကိုဘုန်းကြွယ်ဆိုတော့
အင်းး ကျမ နာမည်က မမြစိမ်း ဟုတ်တယ်
မမြစိမ်း ပါ အဘ”

ထိုအခါ ဘုန်းကြွယ်၏ ဖခင်မှာ ခေါင်းကိုယမ်း၍

“ဘုန်းကြွယ် ရာဇ၀င်ထဲမှာ ကိုဘုန်းကြွယ်က သိုက်ဆရာကို လှေပေါ်ခေါ်တင်လာတာပါကွာ
ဘယ်နဲ့ မင်းကျမှ လှည်းပေါ် မမြစိမ်း ခေါ်တင်လာ တယ်လို့ ”

“သူက ဇွတ် အတင်းလိုက်မယ်ပြောလို့ ကျုပ်ကခေါ်
ခဲ့ရတာ အဘရဲ့”

ထိုသို့ ဘုန်းကြွယ်က ပြောဆိုသောအခါ မမြစိမ်း
ဟူသော မိန်းမပျို က

“သမီးကို ပြန်မပို့ပါနဲ့အဘရယ် သမီးဘယ်ကိုသွားလို့
ဘယ်ကိုပြန်ရမှန်းမသိတော့လို့ပါ ”

ထိုအခါ ဘုန်းကြွယ်၏ ဖခင်က စိတ်မသက်သာဟန်
ဖြင့် သက်ပြင်းချ၍

” ကဲ ပါလေ မှောင်တော့မယ် အိမ်ပေါ်တက်ကြရအောင်”

“ကဲ အမိ လာလေ ”

ဟု ခေါ်ရာ မမြစိမ်း သည် အိမ်ပေါ်သို့ လိုက်ပါသွား
ျလေ၏ ။ ထိုနေ့မှစ၍ ဘုန်းကြွယ်တို့အိမ်သို့ မမြစိမ်း
ဟူသော မိန်းကလေးသည် မမျှော်လင့်ဘဲ ရောက်
၍လာခဲ့လေတော့သည်။ ထို့နေမှစ၍
ဘုန်းကြွယ်သည် နေ့စဉ် တယောထိုး၍ သီချင်းများကို
မမြစိမ်းအား သီဆို၍ ပြလေ၏။ မမြစိမ်းကလည်း
ကိုဘုန်းကြွယ်အား လွန်စွာ တောက်ပသော မျ က်လုံး
ရွဲကြီးများဖြင့် ကြည့်ယင်း ၎င်း သီဆိုပြသော သီချင်း
ထဲ၌ နစ်မျော၍နေလေသည်။
ကြိုးချင်းထား၍ ကြိုးချင်းငြိသည်။
အိုးချင်းထား၍ အိုးချင်းထိကြသည်။
ယခု ကိုဘုန်းကြွယ်နှင့်မမြစိမ်းတို့သည်လည်း
သံယောဇဉ်ဟူ သော အနှောင်အဖွဲ့၏ရစ်ပတ်တုပ်နှောင်ခြင်းကို ခံကြ
ရလေသည်။ ဤသို့ဖြင့် တစ်ဦးကိုတဦး မျက်စိအောက်
က အပျောက်မခံနိုင်သည်အထိ ဖြစ်လာကြသည်။
ထိုကဲ့သို့ နေလာခဲ့ရာ တနေ့၌ ဘုန်းကြွယ်၏ဖခင်
မှာ ရွာဦးကျောင်း၌ ဘုံကထိန်ပွဲကျင်းပရန် ရှိသော
ကြောင့် ချက်ပြုတ်ပြင်ဆင်ရန်အတွက် ကျောင်း၌
ညအိပ်ရလေ၏။ ထိုအခါ အိမ်၌ ကိုဘုန်းကြွယ်နှင့်
မမြစိမ်း နှစ်ယောက်ထဲသာ ကျန်၍နေခဲ့လေ၏။
ထိုနေ့ညက မမြစိမ်းမှာ သရက်ထည်ပွင့်ရိုက်လုံချည်
နှင့် ပဒုမ္မာ အင်္ကျီစ အပါးလေးအား၀တ်ဆင်၍ထား
လေသည်။ သနပ်ခါးအားခြေဆုံး ခေါင်းဆုံးလိမ်းပြီး
ခေါင်း၌ စံပယ်ပန်းကုန်းအား ပန်၍ထားလေ၏။
လွန်စွာလှပ၍ ချစ်စရာကောင်းလွန်းသော မမြစိမ်း
အားကြည့်၍ ဘုန်းကြွယ်က
“မမြစိမ်း ကျုပ်ကို တကယ်ချစ်တာတော့ဟုတ်ပါ
တယ်နော်”

ထိုအခါ မမြစိမ်းက ချစ်မျက်စောင်း တချက်ထိုး၍

“အစ်ကိုရယ် မြစိမ်း မှာ အစ်ကိုကလွဲလို့ ချစ်ရမဲ့သူ
မရှိပါဘူး ဘာလည်း အစ်ကိုက မြစိမ်းကို မချစ်တော့
လို့ အခုလို မေးနေတာမိ့ုလား ”

“မဟုတ်ပါဘူး မမြစိမ်းရယ် ကျုပ်ကို မမြစိမ်း တနေ့
ကျ ခွဲခွာသွားမှာ စိုးရိမ်လို့ပါ”

“အကိုရယ် မြစိမ်းလေ အစ်ကို့ကို ဘယ်တော့မှ
ခွဲမသွားဘူးသိလား အစ်ကိုသာ••”

ထိုအခါ ဘုန်းကြွယ်မှာ လွန်စွာစိတ်လှုပ်ရှားသွားပြီး

“တကယ်ပြောတာလား မမြစိမ်း ဟင် ပြောစမ်းပါ”

ထိုနောက်ဘုန်းကြွယ်သည် ရှက်သွေးဖြာနေသော
မမြစိမ်းအားကြည့်၍ သူ၏ လက်များဖြင့် မမြစိမ်း၏
ကိုယ်လုံးလေးအားတင်းကျပ်စွာ ပွေ့ဖက်၍။ထားလေ၏။

“အို အစ်ကို ဘာလုပ်တာလည်း မြစိမ်းမနေတက်ဘူး”

ထိုအခါ ဘုန်းကြွယ်က မမြစိမ်းအား မျက်လုံးချင်းဆုံ
အောင်ကြည့်၍ တုန်ရီလှိုက်မောနေသော အသံဖြင့်

“ကျုပ် မမြစိမ်းကို ချစ်တယ် ”

ဤ သို့ဖြင့် ဘုန်းကြွယ်နှင့် မမြစိမ်းမှာ နှစ်ပါးသွားလေး
ကချင်ပြီ ဟူသော သီချင်းအား နှစ်ယောက်သား
သီဆိုကြလေ၏။
ထို့နေ့ည၌ ၎င်း တို့နှစ်ဦးမှာ ခဏမျှအိပ်စက်လိုက်
နိုးလိုက်ဖြင့် နှပါးသွားလေးးကချင်ပြီ သီးချင်းအား
တညလုံးနီးပါး စိတ်လှုပ်ရှားစွာဖြင့် သီဆိုခဲ့ကြလေ
တော့သည်။နံနက် မိုးလင်းသောအခါ ညကအဖြစ်
ပျက်များကိုတွေး၍ မမြစိမ်းမှာ ဘုန်းကြွယ်နှင့် မျက်နှာ
ချင်းမဆိုင်ရဲပဲ ရှိလေ၏။
ထိုအခါ ဘုန်းကြွယ်က မမြစိမ်းအား နောက်မှ သိုင်း
ဖက်၍

“မမြစိမ်း ကျုပ်ကိုစိတ်ဆိုးလားဟင်”

ထိုအခါမမြစိမ်းက စိတ်ဆိုးလေဟန်ပြု၍

“တော်ပါ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဖြစ်နေပြီ”

ဟုပြောလေရာ ဘုန်းကြွယ်မှာ မမြစိမ်းတကယ်စိတ်ဆိုး
သည်အထင်နှင့် အလွန်စိတ်မကောင်းလေဟန်ဖြင့်

“ကျုပ်တောင်းပန်ပါတယ် မမြစိမ်းရယ် ကျုပ်မမြစိမ်း
ကို တကယ်ချစ်လို့ ခုလိုဖြစ်သွားတာပါဗျာ”

ဟူ၍ ပြောဆိုလေ၏ ။ ထိုအခါ မမြစိမ်းက ဘုန်းကြွယ်
ဘက်သို့ လှည့်၍

“ဒါဆို အစ်ကို ညတုန်းကလို နှစ်ပါးသွားလေးကချင်
ပြီ သီချင်း ခုဆိုမပြတော့ဘူးလား”

မမြစိမ်းမှာ ထိုသို့ပြော၍ မျက်နှာလေး အောက်သို့
ငုံ့ယင်း ရှက်သွေးဖြာနေလေ၏။ ထိုအခါ ဘုန်းကြွယ်
က မမြစိမ်း၏ ခန္ဓာကိုယ်ကလေးအားအတင်းဖျစ်ညစ်၍

“ချစ်တယ် မမြစိမ်းရယ်”

ဟုပြောကာ ညကသီဆိုခဲ့သော နှစ်ပါးသွားလေး ကချင်ပြီ သီချင်းအား ပြန်၍ သီဆို ကျပြန်လေ၏။
ထို့နေ့ တမနက်လုံး အခန်းထဲမှ မထွက်ပဲ နှစ်ဦး
စလုံး ပျော်ရွှင်စွာ နှစ်ပါးသွား သီချင်းအား သီဆိုကြ
လေ၏။ နေ့လည်ဘက်သို့ရောက်သော် ဘုန်းကြွယ်၏
ဖခင်မှာ ကျောင်းတွင် ဝေရာ၀စ္စ လုပ်ကိုင်ရာမှ အိမ်
သို့ပြန်လည်ရောက်ရှိလာလေသည်။ ထိုအခါ အမူအရာများ ပျက်နေသော သားဖြစ်သူနှင့် မမြစိမ်း
တို့အား အကဲခတ်၍နေလေ၏။မမြစိမ်းမှာ နေမကောင်း ဟု ဆိုကာ အခန်းတွင်း၌ပင် တနေကုန်
မထွက်ပဲ အောင်းနေလေ၏။
ထိုအခါ ဘုန်းကြွယ်၏ ဖခင်မှာ ဘုန်းကြွယ်ကို ခေါ်ယူ၍

“လူလေး ကလေးမ ကြည့်ရတာ တမျိုးပဲကွဲ့
ဘာများဖြစ်ထားလို့လည်း”

ဟူ၍ မေးမြန်းလေ၏။ ထိုအခါ ဘုန်းကြွယ်က

“ဟို ဟို ကျုပ် ကျုပ်””

ဘုန်းကြွယ်ကိုကြည့်၍ ၎င်း ၏ ဖခင်မှာ ဖြစ်ပုံကို
ရိပ်စားမိလေဟန်ဖြင့် ခေါင်းကိုယမ်း၍

“ဘုန်းကြွယ် ငါကတော့မင်းကို ယုံကြည်ပြီး ကျောင်း
ကို ညအိပ် သွားခဲ့တယ် မင်းကဒီမှာကောင်မလေးနဲ့ မေထုန် အမှု့
တွေပြုပြီး ကျုးလွန်ခဲ့တယ်၊ မိုက်လိုက်တာ
သားရယ်”

ဟု ပြောကာ ဘုန်းကြွယ်အားအပြစ်တင်လေ၏။

“ဘာပဲဖြစ်ဖြစ် ကိုယ့်တာ၀န်ကို ကိုယ်ပဲယူရမယ်
ဒီတော့ ကောင်မလေးနဲ့မင်းကို အမြန်လက်ထပ်ပေး
မှ ဖြစ်တော့မယ်”

ဟုပြောဆိုလေ၏။ ထိုအခါ ဘုန်းကြွယ်မှာ ၀မ်းသာလွန်း၍

“ကျုပ် မမြစိမ်းကို လက်ထပ်ယူပါ့မယ် ကျုပ်
ယောက်ျားပါ အဘ”

ဟု ပြောဆိုလေတော့သည်။
~~~~~~~~~~👫~~~~~~~~

“ဒါဆို ဦးဘုန်းကြွယ်နဲ့ မမြစိမ်းတို့ဟာ လက်ထပ်လိုက်
ကြတာပေါ့နော်ဦးလေး”

ရေနွေးကြမ်းတခွက်အားသောက်ယင်း ဦးအောင်ထွန်း
က ဆက်၍ ပြောပြန်၏။

“အေးကွဲ့ ဘုန်းကြွယ်နဲ့ မမြစိမ်းဟာ လက်ထပ်လိုက်
ကြတယ် သူတို့နှစ်ယာက်ဟာ တစ်ယောက်နဲ့
တစ်ယောက် အလွန်ကြင်နာကြတယ် နောက်ပြီး
သိပ်မကြာခင်မှာ မမြစိမ်းမှာ ကိုယ်၀န်ရှိရာက သမီး
လေးတစ်ယောက်မွေးဖွား ခဲ့တယ် ဘုန်းကြွယ်ဟာ
ပျော်လွန်းလို့ သမီးလေးနာမည်ကို ချစ်စံပယ်လို့
အမည်ပေးခဲ့တယ် ချစ်စံပယ်လေး မွေးပြီးလို့ တစ်နှစ်
သမီးအရွယ်လောက်မှာ ဘုန်းကြွယ်နဲ့ မမြစိမ်းတို့ရဲ့
ဘ၀ အလှည့်အပြောင်းဖြစ်ဖို့ ကြုံလာခဲ့တော့တယ်”

ဦးအောင်ထွန်း ၏ စကား၌ လွန်စွာ စိတ်၀င်စားနေ
ကြသော ရွှေမှုံတို့ တစ်စုသည် ဦးအောင်ထွန်း ရှေ့ဆက်လာမည့် စကားများအား စိတ်လှုပ်ရှား
စွာ နားထောင်နေကြလေ၏။ သူဇာ ဆိုသော
မိန်းမပျိုက သိချင်ဇောဖြင့်

“သူတို့တွေက ဘာတွေဖြစ်ကုန်လို့လည်း ဦးလေး”

ထိုအခါ ဦးအောင်ထွန်းက”

” အခုလိုဖြစ်နေတဲ့ ဘုန်းကြွယ်ကိုမြင်တိုင်း အဲဒီနေ့ကို ဦးလေးအမြဲသတိရိနေမိတယ် ဦးတို့ရွာ မှာ ရွှေမြင်တင်ဘုရား
ပွဲဆိုတာ နှစ်စဉ် ပြုလုပ်လေ့ရှိတယ် ရပ်နီးရပ်ဝေးက
ဧည့်သည်တွေဟာ ဘုရားပွဲကိုလာရောက် ဆင်နွှဲ
ကြတ။ယ် သူတို့ဟာ ကိုယ်ခင်ရာ မင်ရာ မိတ်ဆွေတွေ
ရဲ့အိမ်တွေမှာ တည်းခိုလေ့ရှိကြတယ်။ ဒီတော့
ဦးလေးတို့ရွာခံတွေဟာ မုန့်မျိုးစုံနဲ့ စားစရာတွေကို
ဘုရားပွဲမတိုင်မီ မြို့ပေါ်တက် ပြီး လိုအပ်သမျှ ၀ယ်
ခြမ်းကြရတယ် ဘုန်းကြွယ်ဟာ ဦးလေး ဆီလာပြီး
သူနဲ့ မမြစိမ်း မြို့ပေါ်သွားပြီး လိုအပ်တာ ၀ယ်ဖို့
သွားမဲ့အကြောင်း ပြောဆိုတယ်

“အောင်ထွန်း ငါနဲ့ မမြစိမ်း မြို့ပေါ်သွားပြီး ဘုရားပွဲ
အတွက်လိုအပ်မဲ့ ပစ္စည်းလေးတွေရယ် နောက်သမီး
လေးနဲ့ မမြစိမ်းအတွက် အ၀တ်စားလေးဘာလေး
၀ယ်ပေးချင်လို့ကွာ အဲဒါ ငါ့သမီးလေးကို မင်းကြည့်
ထားပေးပါအုံးကွာ အဘက အသက်ကြီးတော့ ကလေး ထိန်းခိုင်းရမှာ မကောင်းတော့ဘူးလေကွာ
အဲဒါကြောင့်””””

“ဘုန်းကြွယ် စိတ်ချလက်ချသာ မင်းတို့လင်မယား
သွား ချစ်စံပယ်လေးအတွက် ငါ့တာ၀န် သာ ထား
စမ်းပါကွာ”

ဤသို့ဖြင့် ဘုန်းကြွယ်နှင့် မမြစိမ်းတို့မှာ မြို့ပေါ်သို့
တက်၍ လိုအပ်သမျှ၀ယ်ယူကြလေ၏။
ထို့နောက် အ၀တ်စားရောင်းသော ဆိုင်များသို့
သွား၍ မမြစိမ်း အတွက် လုံချည်နှင့် အင်္ကျီများကို
၀ယ်ပြီး အတော်နေမြင့်သောအခါ တရုတ်ခေါက်
ဆွဲဆိုင်သို့ ၀င်၍ ခေါက်ဆွဲများ မှာယူစားပြန်၏။
စားသောက်ပြီးသောအခါ ဆုတောင်းပြည့် မြတ်စွာ
ဘုရားကြီးအား တက်ရောက် ဖူးမြော် ကြလေ၏။
ဘုရား ကြီးအားဖူးမြော်ပြီးသောအခါ ဘုန်းကြွယ်က

“မမြစိမ်း ဒီဘုရားကြီးဟာ အလွန်ဆုတောင်းပြည့်
တယ်လို့ပြောကြတယ် အဲဒါ မမြစိမ်း ဘာဆုတွေ
တောင်းသလဲဟင်”

ထိုအခါ မမြစိမ်းက အလွန်ကြည်နှုးလေဟန်ဖြင့်

“အစ်ကိုရော ဘာဆုတွေတောင်းလည်း ပြောပါအုံး”

“ကျုပ်ကတော့ မမြစိမ်းနဲ့ သမီးလေးကို အမြဲပျော်ပျော်
ရွှင်ရွှင် ထားနိူင်ရပါစေလို့ ဆုတောင်းခဲ့တယ၊် မမြစိမ်း
နဲ့ သမီးလေးသာ ပျော်ရွှင်နေတာမြင်ရယင် ကျုပ်
ဘ၀က ပြည့်စုံပါပြီ မမြစိမ်း”

ထိုအခါ မမြစိမ်းက

“မြစိမ်းကတော့ သမီးလေးနဲ့ မမြစိမ်းကို အစ်ကို
တစ်သက်လုံး ချစ်နေပါစေ ဘယ်တော့မှ ခွဲမသွား
ပါစေနဲ့လို့ ဆုတောင်းပြည့် မြတ်စွာဘုရားကြီးဆီမှာ
မမြစိမ်း ဆုတောင်းတယ် အစ်ကို”

မမြစိမ်း၏ စကားကိုကြားလျင် ဘုန်းကြွယ်မှာ ပြုံးရွှင်
၍ မမြစိမ်း၏ လက်ကလေးအား ဖျစ်ညစ်၍

“စိတ်ချပါ မမြစိမ်း ကျုပ်အသက်နဲ့ ခန္ဓာမြဲနေသမျှ
သမီးလေးနဲ့ မမြစိမ်းအတွက်ပါ”

ဘုရားကုန်းတော်ပေါ်မှ ဆင်းလာသော ဘုန်းကြွယ်
နှင့် မမြစိမ်းအား လူနှစ်ယောက်မှ အကဲခတ်၍ နေ
လေ၏။ ထိုလူနှစ်ယောက်သည် ဘုန်းကြွယ်တို့အနား
သို့ မယောင်မလည် ကပ်၍ ဘုန်းကြွယ်၏ လက်ထဲ
မှ လွယ်အိတ်အား လုယူလေ၏။

“ဟေ့လူ ဘာလုပ်တာလည်း ”

ဘုန်းကြွယ် မှာ ပြောပြောဆိုဆို ထိုလူ၏မျက်နှာအား
လက်သီးဖြင့် ထိုးချလိုက်၏ ။ ထိုစဉ် နောက်တစ်ယောက်က အနီးမှ တုတ်တချောင်းအား
ကောက်၍ ဘုန်းကြွယ်အား ရိုက်ရန်ပြင်လေ၏။
ထိုအခါ ဘေးမှ မမြစိမ်းက ရှေ့လူအား မဲ၍ ထိုးကြိတ်
နေသော ဘုန်းကြွယ် အနားသို့ ပြေး၍ကပ်လိုက်လေ၏

“အစ်ကို သတိထား”

နောက်က ရိုက်လိုက်သူ၏ တုတ်မှာ ဘုန်းကြွယ်အား
မထိပဲ မမြစိမ်း၏ ဦးခေါင်းအားရိုက်မိလေတော့သည်။
ဒုတ်

“အမလေး”

မမြစိမ်းမှာ ထိုသို့ ငြီးညူ၍ လဲကျသွားရှာလေသည်။
ပစ္စည်းလုသော လူနှစ်ဦးမှာ အခြေနေမဟန်မှန်း
ရိပ်စားမိ၍ တချိုးထဲ ထိုနေရာမှ ပြေးထွက်သွား
ကြလေသည်။ ခေါင်းမှ သွေးများ စွာထွက်နေသော
မမြစိမ်းအား ကြည့်၍ ဘုန်းကြွယ်မှာ လွန်စွာ စိုးရိမ်
သွားပြီး ပွေ့ထူလိုက်လိုက်ပြီး

“မမြစိမ်း မမြစိမ်း ဟာ သွေးတွေ လုပ်ကြပါအုံးဗျာ”

ထိုအခါ အနီးမှလူများဝုိင်းအုံလာပြီး မမြစိမ်းအား
ဆေးရုံသို့ ပို့ဆောင် လိုက်ကြလေ၏။
ဆေးရုံသို့ရောက်သောအခါ ဆရာ၀န်များသည် မမြစိမ်း
အား အထူးဂရုစိုက်၍ ကုသကျလေ၏။ ဘုန်းကြွယ်မှာ
အခန်းပြင်မှနေ၍ မမြစိမ်းအတွက် အလွန်စိတ်မကောင်း ဖြစ်နေ၏။ ၎င်း၏ ဇနီးအတွက်
များစွာ စိုးရိမ်သောက ရောက်နေရှာလေ၏။
မမြစိမ်းအား ကုသပေးသော ဒေါက်တာကောင်းမွန်
သည် လူနာအားမြင်လိုက်သည်နှင့် အလွန်အံ့အား
သင့်၍သွားလေ၏။နူတ်မှလည်း

“မနှင်းဆီ ”

လူနာမှာ ခေါင်းကို ထိခိုက်မိသောကြောင့် ကွဲရှဒဏ်ရာ
ဖြင့် သတိလစ် မေ့မြောနေ၏။ ကုသမှု့အပိုင်း အဆင်
ပြေပြီးမြောက်သောအခါ အခန်းအပြင်သို့
ဒေါက်တာ
ကောင်းမွန် ထွက်လာသောအခါ အခန်း၀၌ အလွန်
ညိုးငယ်နေသောမျက်နှာဖြင့် လူတစ်ယောက်ကိုတွေ့
ရလေ၏။ ထိုလူက ဒေါက်တာကောင်းမွန်အား

“ဆရာ မမြစိမ်း သက်သာရဲ့လားဆရာ”

ဟုအလောတကြီး မေးလေ၏။

“မမြစိမ်းဆိုတာ ဘယ်သူ့ကိုပြောတာလည်းဗျ”

“မမြစိမ်း ဆိုတာ အခု ဒီအခန်းထဲက ကျုပ်မိန်းမကို
ပြောတာပါ သူ သက်သာရဲ့လားဆရာ”

ဒီတော့မှ ဒေါက်တာကောင်းမွန် သဘောပေါက်သွားပြီး

“သြော် ဒီလိုလား လူနာမကြာခင် သတိရလာမှာပါ
စိတ်မပူပါနဲ့နော်”

ထိုအခါကြမှ ဘုန်းကြွယ်မှာ၀မ်းသာသွားပြီး

“ကျေးဇူးတင်လိုက်တာ ဆရာရယ် ကျုပ် မမြစိမ်းကို
၀င်ကြည့်လို့ရပြီလားဟင်”

“ရပါပြီ ၀င်သွားပါ”

ဒေါက်တာကောင်းမွန် စဉ်းစားရ ခတ်နေ၏။
ယခုတွေ့ရှိနေသော လူနာမှာ မနှင်းဆီဟူသော
မိန်းကလေး ဖြစ်နေ၏။မနှင်းဆီ မှာ လွန်ခဲ့သော
တစ်နှစ်ခွဲလောက်က သူမ၏ ရှေ့၌ ယာဉ်တိုက်မှု့တခု
ဖြစ်ပွားသည်ကို မြင်ရာမှ သွေးလန့်ကာ စိတ်ကယောင်
ချောက်ချား ဖြစ်သွားရှာ၏။ ထိုမှ အိမ်၌ ကုသနေယင်း
ပျောက်ဆုံးသွားသည်မှာ တစ်နှစ်ကျော်ပင် ကြာမြင့်ခဲ့
လေသည်။ ယခု မနှင်းဆီ နှင့်ပါလာသူ လူက ၎င်းမိန်း
ကလေးမှာ မမြစိမ်းဟု ဆိုနေသည့်အပြင်သူ့ူ့မိန်းမပါ
ဟုပြောနေပြန်လေသည်။ ဘာဘဲဖြစ်ဖြစ် မနှင်းဆီ
နှင့် စေ့စပ်ထားသော စိုင်းဖြိုး ဆီကိုတော့ အကြောင်း
ကြားမှ ဖြစ်လိမ့်မည်ဟု သူတွေးမိ၏။ ထိုကြောင့်
သူ့ နားနေခန်းထဲမှ တယ်လီဖုန်း စင်ရှိရာသို့သွား၍
ဂဏန်းများကို နှိပ်ကာ တဖက်သို့ ဖုန်းခေါ်ဆိုလိုက်
လေတော့သည်။

ရင်ကွဲနာ [ဇာတ်သိမ်း]
🎻🎻🎻🎻🎻🎻🎻🎻🎻🎻

ဒေါက်တာကောင်းမွန် စဉ်းစားရ ခတ်နေ၏။
ယခုတွေ့ရှိနေသော လူနာမှာ မနှင်းဆီဟူသော
မိန်းကလေး ဖြစ်နေ၏။မနှင်းဆီ မှာ လွန်ခဲ့သော
တစ်နှစ်ခွဲလောက်က သူမ၏ ရှေ့၌ ယာဉ်တိုက်မှု့တခု
ဖြစ်ပွားသည်ကို မြင်ရာမှ သွေးလန့်ကာ စိတ်ကယောင်
ချောက်ချား ဖြစ်သွားရှာ၏။ ထိုမှ အိမ်၌ ကုသနေယင်း
ပျောက်ဆုံးသွားသည်မှာ တစ်နှစ်ကျော်ပင် ကြာမြင့်ခဲ့
လေသည်။ ယခု မနှင်းဆီ နှင့်ပါလာသူ လူက ၎င်းမိန်း
ကလေးမှာ မမြစိမ်းဟု ဆိုနေသည့်အပြင်သူ့ူ့မိန်းမပါ
ဟုပြောနေပြန်လေသည်။ ဘာဘဲဖြစ်ဖြစ် မနှင်းဆီ
နှင့် စေ့စပ်ထားသော စိုင်းဖြိုး ဆီကိုတော့ အကြောင်း
ကြားမှ ဖြစ်လိမ့်မည်ဟု သူတွေးမိ၏။ ထိုကြောင့်
သူ့ နားနေခန်းထဲမှ တယ်လီဖုန်း စင်ရှိရာသို့သွား၍
ဂဏန်းများကို နှိပ်ကာ တဖက်သို့ ဖုန်းခေါ်ဆိုလိုက်
လေတော့သည်။

“ဟယ်လို စိုင်းဖြိုး အေးးငါပါ ဒီလိုကွ~~~~~~~~

~~~~~~
“မြန်မြန် သတိရပါတော့ မမြစိမ်းရယ် ကျုပ်မမြစိမ်း
ကို စိတ်ပူလှပြီဗျာ မမြစိမ်း ခုလိုဖြစ်နေတာ ကျုပ်မကြည့်ရက်ဖူးဗျ”

ဆေးရုံကုတင်ထက်၌ သတိလစ်နေရှာသော မမြစိမ်း
အားကြည့်၍ ဘုန်းကြွယ် အလွန်၀မ်းနည်းနေမိသည်။
ထိုအချိန်၌ အခန်းတွင်းသို့ ဒေါက်တာကောင်းမွန်အပါ
၀င် လူရွှယ်တစ်ယောက်နှင့် မိန်းမကြီး တစ်ယောက်
၀င်ရောက်လာလေသည်။ ရောက်ရောက်ခြင်း မိန်းမကြီးက အလွန်စိုးရိမ်နေဟန်ဖြင့်

“သမီး အမလေးသမီးရယ် မသေကောင်း မပျောက်
ကောင်း ပါလားကွယ်”

ထိုသို့ပြောဆိုနေခိုက် မမြစိမ်းမှာ လူးလွန့်လာပြီး
သတိပြန်၍ လည်လာလေသည်။

“အားးး ကျွတ်••••ခေါင်းတွေမူးလိုက်တာ”

ထိုအခါ ဘုန်းကြွယ်မှာ ၀မ်းသာ သွားပြီး

“မမြစိမ်း မမြစိမ်း သတိရလာပြီ”

မမြစိမ်းသည် ဘုန်းကြွယ်အားကြည့်၍ နားမလည်း
သလို မျက်လုံးများဖြင့်ကြည့်နေ၏။
ထိုအခါ ဘုန်းကြွယ်က အားမလို အားမရဟန်ဖြင့်

“ကျုပ် ဘုန်းကြွယ်လေ မမြစိမ်း ယောက်ျား ဘုန်း
ကြွယ်လေ မမြစိမ်း သမီးလေးက မျှော်ရော့မယ်
ပြန်ကျရအောင်နော်”

ထိုအခါ မမြစိမ်းက နားမလည်ဟန်ဖြင့်

“ရှင် ဘာတွေ ပြောနေတာလည်း ကျမ ဘာမှနား
မလည်ဘူး”

မမြစိမ်း သည် ခေါင်းကိုယမ်းလျှက် ဘေးဘီသို့
ကြည့်ယင်း

“ဟင် မေမေ ကိုစိုင်း”

ထိုအခါ ဘေး၌ရှိနေသော လူရွှယ်က

“နှင်းဆီ သတိရပြီလား ကိုယ်ဝမ်းသာလိုက်တာကွာ”

ိမိန်းမ ကြီးကလည်း ပြုံးရွှင်စွာဖြင့်

“သမီးလေး သတိရပြီ မေမေ ပျော်လိုက်တာသမီးရယ်”

ဘုန်းကြွယ်မှာ မမြစိမ်းနှင့် သူတို့ပြောနေတာတွေကို
ကြည့်ယင်း အံ့အားသင့်နေမိသည်။မမြစိမ်းသည်
သူ့အားမသိဟုပြောကာ အခြားလူစိမ်းများကို တော့
စကားပြောဆိုနေလေ၏။ ထို့ကြောင့် ဘုန်းကြွယ်မှာ
နားမလည်နိုင်စွာဖြင့်”

“မမြစိမ်း ကျုပ်တို့သမီးလေး မျှော်ရော့မယ် ပြန်ကျ
ရအောင်နော်”

မမြစိမ်း တဖြစ်လဲ မနှင်းဆီမှာ ခေါင်းကိုယမ်း၍

“ရှင်ဘာတွေပြောနေတာလည်း ဘယ်ကသမီးလည်း
ကျမ ဘာမှ မသိပါဘူးရှင် မေမေ သူဘာတွေပြော
နေတာလည်း ကိုစိုင်း သူကဘယ်သူလည်းဟင်”

ထိုအခါ ကိုစိုင်း ဟူသော လူရွယ်က

“ဒီမှာကိုယ့်လူ ကိုယ့်လူပြောတဲ့ မမြစိမ်းဆိုတာ ဒီမှာ
မရှိဘူး ဒါက မနှင်းဆီဗျ သိရဲ့လား ဘယ်ကလာ
မမြစိမ်းရမှာလည်း ခင်ဗျားစိတ်ရော မှန်သေးရဲ့လား”

ထိုအခါ ဘေးမှ အမျိးသမီးကြီးကလည်း

“ဒီမှာ သူငယ် မင်းပြန်ပါတော့ နောက်ထပ် မနှောက်
ယှက်ပါတော့နဲ့့ကွယ် ဒေါ်ဒေါ် တောင်းပန်ပါတယ်”

၎င်းတို့ပြောသည်များကို နားထောင်ယင်း ဘုန်းကြွယ်
မှာ များစွာ ၀မ်းနည်း၍ လာလေလေသည်။

“နေကျစမ်းပါအုံးဗျာ မမြစိမ်း ဒီမှာကြည့်ပါအုံး”

ဘုန်းကြွယ်သည် သူ၏ လွယ်အိတ်ထဲမှ လုံချည်
အင်္ကျီလေးများအား ထုတ်ယူ၍

“ဒါ မမြစိမ်းအတွက် ၀ယ်ခဲ့တဲ့ လုံချည်နဲ့ အင်္ကျီလေ
ဟောဒါက သမီးလေးဖို့ အ၀တ်စားလေးတွေ ကြည့်ပါ
အုံး မမြစိမ်းရယ် ”

မိန်းလေးသည် ဘုန်းကြွယ်အားကြည့်၍

“ကျမ ဘာမှ မသိဘူး ခေါင်းတွေကိုက်လာပြီ”

ဟု အော်ဟစ်လေသည်။ ထိုအခါ ဘုန်းကြွယ်မှာ
အလွန်၀မ်းနည်းသွားပြီး မျက်ရည်များ တတွေတွေ
ကျ၍ လာလေတော့သည်။

“ရက်စက်လိုက်တာ ဗျာ တကယ်တော့ ကျုပ်ဆီကို
မမြစိမ်းဟာ မခေါ်ပဲလာခဲ့တယ် အခုကျတော့ ကျုပ်ဆီ
ကနေ ဗျောင် ထွက်သွားဖို့လုပ်တယ်၊ ဆုတောင်းပြည့်
ဘုရားကြီးမှာ ကျုပ်ကထားသွားမှာစိုးလို့ မထားခဲ့ပါစေ
နဲ့လို့ ဆုတောင်းတယ်ဆို ဒါတွေဟာ တကယ်တော့
မမြစိမ်းကျုပ်ကို အရူးလုပ်ခဲ့တာပဲ၊ ကျုပ်နားလည်
ပါပြီ သိပ်ပြီးဆင်းရဲလွန်းတဲ့ ကျုပ်ဘ၀ထဲကို မမြစိမ်း
မနေချင်တော့ဘူးဆိုတာ နောက်ဆုံးအနေနဲ့ပြောပါရစေ
မှောင်မိုက်နေတဲ့ ကျုပ်ဘ၀ထဲကို လမင်းငယ်တစ်စင်း
လို အေးမြတဲ့ အလင်းရောင်တွေနဲ့ မမြစိမ်း ၀င်လာခဲ့တယ်၊
အချိန်တန်တော့ လမင်းပျောက်ကွယ်သလို
ခုကျုပ်ဘဝထဲကနေ ပျောက်ကွယ်သွားတော့မှာ မဟုတ်လား။
ဒါပေမဲ့ကျုပ် အားမလျှော့ပါဘူး ကျုပ်အနားမှာ ပိုးစုံးကြူးလို အလင်းရောင်ပေးမဲ့ သမီးလေး ရှိပါသေးတယ် တခုတော့ကျုပ်ပြောခဲ့ပါရစေ တချိန်
ကျယင် ကျုပ်မေတ္တာနဲ့ အချစ်တွေ ဟာ မင်းကိုပြန်
စူးလိမ့်မယ် ဒါလေးတွေက မမြစိမ်း သိပ်ကြိုက်လို့
၀ယ်လာတဲ့ လုံချည်နဲ့အင်္ကျီ စ လေးတွေပါ”

လုံချည်နဲ့အင်္ကျီစ လေးများကို ထား၍ မျက်ရည် လည်
ရွဲဖြင့် ဆေးရုံမှ ဘုန်းကြွယ်ခမျာ ထွက်ခွာ၍ သွားရှာ
လေသည်။ဆေးရုံမှ လူများသည် ၎င်း အားကြည့်၍
လွန်စွာ သနားဂရုနာ သက်၍နေလေ၏။
~~~~~~ 🎻🎻🎻🎻~~~~~~

“ဒါဆို ဦးဘုန်းကြွယ် ပြန်လာတော့ မမြစိမ်း မပါလာ
တော့ဘူးပေါ့နော်ဦးလေး”

ရွှေမှုံက စိတ်မကောင်းစွာဖြင့် ထိုသို့မေးလေ၏။
ထိုအခါ ဦးအောင်ထွန်းက

“ဟုတ်တာပေါ့ကွယ် အဲဒီနေ့က အတော်ကြီးမှောင်မှ
ဘုန်းကြွယ် ရွာကိုပြန်ရောက်လာခဲ့တယ် ဦးလေး သူ့
မျက်နှာကိုကြည့်မိတော့ မျက်နှာက အလွန်ငြိုးငယ်
နေရှာတယ် ဒီတင် ဦးလေးက

“ဘုန်းကြွယ် မင်းဘာဖြစ်လာတာလည်းကွာ
မျက်နှာလည်း မကောင်းဘူး၊ နောက်ပြီး မမြစိမ်းရော”

ဘုန်းကြွယ်သည် ဘာမျှပြန်မပြောပဲ အောင်ထွန်း
လက်ထဲက သူ့သမီးလေးအား ခေါ်၍ ပါးနှစ်ဖက်အား
ဘယ်ပြန် ညာပြန် နမ်းရှုပ်လျှက်

“သမီးလေး သမီးအမေဟာ အဖေနဲ့ ဟောဒီက ငါ့သမီးလေးကို ထားသွားပြီကွယ် ဟီးးးဟီးးး

သမီးကို ချီယင်း ဘုန်းကြွယ်မှာ ၀မ်းနည်းလွန်း၍ငိုကြွေး
ရှာလေ၏။ ထိုအခါ အောင်ထွန်းက

“ဘယ်လိုဖြစ်တာလည်းကွာ”

ဘုန်းကြွယ်သည် မျက်ရည်များကျယင်း အကြောင်းစုံ
အောင်ထွန်းအားပြောပြလေ၏။

“မမြစိမ်း သမီးလေးနဲ့ ငါ့အပေါ် လုပ်ရက်တယ်ကွာ”

ထိုနေ့မှစ၍ ဘုန်းကြွယ်သည် မမြစိမ်းအား သတိရတိုင်း တယောလေးအား ထိုး၍ အလွမ်းသီချင်း
များကို ဆွေးမြည့်စွာ နေ့စဉ် သီဆိုလေတော့သည်။
ရက်မှလ လမှနှစ် တဖြည်းဖြည်းပြောင်းလဲယင်း
ဘုန်းကြွယ်၏ သမီးလေး ချစ်စံပယ် ငါးနှစ်အရွယ်သို့
ပင်ရောက်ခဲ့လေ၏။
ညောင်မုတ်ဆိတ် ပင်ကြီးအောက်၌ လူတစ်ယောက်
တယောကလေးအားထိုးယင်း သီချင်းတပုဒ်ကို လွမ်း
ဆွတ်စွာ သီဆိုနေလေ၏။ ထိုလူ၏ ပါးပြင်၌ မျက်ရည်စများက စိုရွှဲ၍နေ၏။

🎶 ချစ်သူတိုင်းးးး ညား၍
ညားတဲ့သူတိုင်း ချစ်နိူင်ပါစေ အတည်
အခုတော့ သည်လို မဟုတ်ပါလေပဲ
ဖူးစာနတ်မင်း ဘယ်ပုံ ခင်းးးးတယ်
ချစ်လျက်နဲ့ နှစ်ကိုယ်ဝေးးးးးးး
ဝေးးးးးး ဝေးခဲ့ပါပြီလေ
ငယ်ကချစ် အနှစ်တစ်ရာ
မောင် ကတော့ စာမဖွှဲ့လောက်ပြီ
အချစ် ဦးးးးကို

“ဖေဖေ မိုးချုပ်တော့မယ် ပြန်ကြရအောင်နော်”

ဘုန်းကြွယ် တယောထိုးတာကိုရပ်၍ သမီးလေးအား
ကြည့်လိုက်၏။

“သမီး အဖေ ပြန်လာမှာပေါ့ သမီးရဲ့ ဘာလို့လိုက်
လာတာလဲကွယ် ”

ထိုအခါ ချစ်စံပယ်ဟူသော ကလေးငယ်က

“မိုးချုပ်တော့မယ်လေ ဖေကြီးရဲ့ ဒီပင်ကြီးအောက်
လာတိုင်း ဖေကြီးက ငို ငိုနေတယ်။ ဖေကြီးသမီးကို
မချစ်ပါဘူး ဟင့် ဟင့်…

သမီးလေး ငိုနေသည်ကိုကြည့်၍ ဘုန်းကြွယ် စိတ်မကောင်း ဖြစ်ရသည်။ ဟုတ်တော့လည်းဟုတ်
နေသည် နေ့စဉ်နှင့်အမျှ မမြစိမ်းကိုပဲ သူလွမ်းဆွတ်
သတိရနေမိသည်။ သမီးလေးရှေ့ရေး ဘာမှ မစဉ်း
စားမိပေ။

“ငါဆင်းရဲလို့ မမြစိမ်း တို့သား အ
ဖကို ထားသွားခဲ့တယ် ငါ့သမီးလေးလည်း ဆင်းရဲရင်
ပျော်မှာမဟုတ်ဘူး ဒီတော့ ငါ အလုပ်လုပ်ရမယ်”

ထိုကဲ့သို့ တွေးမိ၍ ဘုန်းကြွယ်မှာ သမီးလေးအား
ပွေ့ချီ၍ အားမာန် အပြည့်ဖြင့် အိမ်သို့ပြန်လာခဲ့လေ
သည်။ အိမ်သို့ရောက်သော် ဖခင်ဖြစ်သူအား သူ့သမီး
လေးရှေ့ရေးအတွက် အလုပ် ထွက်လုပ်မည့်အကြောင်း
ပြောဆိုလေ၏။

“အဘ ဒီရွာမှာနေယင်တော့ ကျုပ်တို့ရဲ့ဘ၀ဟာ ကြီး
ပွားတိုးတက်မှာ မဟုတ်ဖူးအဘ ဒါကြောင့် ခရီးထွက်
ပြီး ကျုပ်အလုပ် လုပ်ချင်တယ်”

ဘုန်းကြွယ်၏ ဖခင်မှာ တနေ့ တနေ့ မမြစိမ်းအား
လွမ်းဆွတ်နေရာမှာ ယခုလို တက်တက်ကြွကြွဖြစ်နေ
သော သားဖြစ်သူအား ကြည့်၍ ၀မ်းသာ၍ နေလေ၏။
ထို့ကြောင့် ကြည်ဖြူစွာ ခွင့်ပြုလေ၏။
ဘုန်းကြွယ်သည် နံနက်စောစောထ၍ သမီးလေး ကို
အားရအောင်ကြည့်၍ ညင်သာစွာ နမ်းရှုံ့၍

“ဖေကြီးကို ခွင့်လွတ်ပါသမီးလေးရယ် သမီးလေးအ
တွက် မစဉ်းစားပဲ အချိန်အကြာကြီး အဖေဖြုန်းခဲ့မိ
တယ၊် အခုတော့ ငါ့သမီးလေး အတွက် အဖေ အလုပ်
လုပ်တော့မယ် သမီးလေးဖို့ မုန့်တွေ အ၀တ်စားတွေ
၀ယ်ပြီး ဖေကြီးပြန်လာခဲ့မယ်နော် သမီးလေး”

ထိုသို့ ပြောပြီး သူ၏ ဖခင်အား ကန်တော့ပြန်၏။

“အဘ ကျန်းမာရေးလည်း ဂရုစိုက်အုံးနော် နောက်
အစစအရာရာ ကျုပ်ကို သည်းခံ ခွင့်လွတ်ပေးတဲ့ အဘ
ကို ကျုပ် ကျေးဇူးတင်ပါတယ်ဗျာ”

မျက်ရည်များကျရင်း သူ၏ ဖခင်အား ကန်တော့လေ၏။ သူ၏ ဖခင်မှာ မျက်ရည်များဝဲ၍

“သား ဖ ချင်း ဒါတွေပြောမနေပါနဲ့ ကွာ လူလေးသာ
ကျန်းမာရေးဂရုစိုက် မြေးလေးအတွက်ဘာမှ မပူနဲ့
ကြားလား လူလေး”

ဘုန်းကြွယ်မှာ ဖခင်နှင့် သမီးလေးကို နုတ်ဆက်ကာ
ခံတက်ကုန်းရွာ ကလေးမှ ထွက်ခွာ၍ သွားလေတော့
သည်။ ထိုအချိန်မှ စ၍ ဘုန်းကြွယ်သည် လုပ်ငန်းများ
အားကြိုးစား၍ လုပ်ကိုင်ယင်း ရသမျှပိုက်ဆံများအား
ကျစ်ကျစ်ပါအောင် စုဆောင်းလေတော့သည်။
~~~~~~~~~ 🎻🎻🎻🎻🎻~~~~~~~

ဤသို့ဖြင့် ခြောက်လခန့် ကြာသောအခါ ဘုန်းကြွယ်
မှာ သူ၏ရွာကလေးသို့ပြန်လည်ရောက်ရှိလာလေသည်
ရွာကိုရောက်တော့ အတော်မှောင်နေပြီ။

“အဘ သမီးလေး အဘ ”

တကြော်ကြော် ခေါ်ယင်း ခြံထဲသို့၀င်လာခဲ့သည်။
သို့သော် အိမ်တွင်းမှ ခွန်းတုံ့ပြန်သံ မကြားရပေ။

“ဟင် တံခါးလည်း သော့ခတ်ထားပါလား ဘယ်သူမှ
လည်း မရှိကြဘူး”

လူမရှိသော အိမ်ကလေးက ိုကြည့်၍ ဘုန်းကြွယ်
ဇဝေဇဝါ ဖြစ်သွားရှာသည်။ ထို့ကြောင့် သူငယ်ချင်း
ဖြစ်သူ အောင်ထွန်းအား မေးမြန်းကြည့်ရန် အတွက်
သူ၏ ခြံကလေး အတွင်းမှ ထွက်ခဲ့လေသည်။

“အဘ နဲ့ သမီးလေး ဘယ်များသွားနေပါလိမ့်”

ဤသို့ဖြင့် အောင်ထွန်း၏ ခြံ၀သိုရောက်ရှိလာ၏။
တောဓလေ့ တောသဘာ၀အရ မှောင်ရီပျိုးသည်နှင့်
မီးခွက်ကလေးများပင် ထွန်း၍ ထားကြလေပြီ။
လွယ်အိတ်ကလေးအား ပခုံးပြောင်းလွယ်ယင်း
ဘုန်းကြွယ်သည် ခြံ၀မှရပ်၍

“အောင်ထွန်း အောင်ထွန်းရေ”

“ဟ မှောင်လှပြီ ဘယ်သူတုန်းဟ”

အိမ်လေးပေါ်မှ လူတစ်ယောက် လက်နှိပ်ဓာတ်မီးအား
ထိုး၍ ခြံရှေ့သို့ ဆင်းလာ၏။ခြံရှေ့သိုရောက်လျင်
ဘုန်းကြွယ်က

“အောင်ထွန်း ငါပါကွာ ”

ထိုအခါ အောင်ထွန်းက ဓာတ်မီးဖြင့် ဘုန်းကြွယ်၏
မျက်နှာအားထိုး၍ အလွန်အံ့သြဟန်ဖြင့်

“ဟာ သူငယ်ချင်း ဘုန်းကြွယ် ဒီအချိန်ကြီးကျမှကွာ
လာ လာ အထဲ၀င်”

ခြံတခါးကိုဖွင့်ပေးပြီး ရှေ့မှ ဦးဆောင်သွားလေ၏။

“ဘုန်းကြွယ် မင်း အလုပ် အဆင်မပြေဘူးလား”

ထိုအခါဘုန်းကြွယ်က သက်ပြင်း တချက်ချ၍

“လွန်ခဲ့တဲ့လတွေတုန်းကတော့ အဆင်ပြေပါတယ်ကွာ
ဒါပေမဲ့ အခုရက်ပိုင်းမှာ သူဋ္ဌေးနဲ့ ကျင်းသားတွေ
ပဠိပက္ခ ဖြစ်ပြီး မှော်ထဲမှာ ဆူပူမှု့ဖြစ်လို့ အစိုးရက
လုပ်ကွက် အားလုံးကို ပိတ်ပစ်လိုက်တယ်ကွာ ဒါကြောင့် ငါ ပြန်လာခဲ့တာ ”

ဘုန်းကြွယ် ထိုသို့ ပြောဆို သည်ကို နားထောင်
ယင်း အောင်ထွန်းက

“မင်း ထမင်း မစားရသေးဘူးမို့လား ငါပြင်လိုက်မယ်”

“နေပါကွာ ငါမဆာပါဘူး အဘနဲ့ ငါ့သမီးကို မတွေ့
လို့ မင်းဆီလာမေးတာ ဘယ်သွားကျတာလည်းကွာ
မှောင်ကမှောင်နဲ့”

ဘုန်းကြွယ်က ထို့သို့ မေးမြန်းသောအခါ အောင်ထွန်း
မှာ လွန်စွာ ၀မ်းနည်းဟန်ဖြင့် ခေါင်းကိုငုံ့၍နေလေ၏။
ဘုန်းကြွယ်မှာ အောင်ထွန်းကို ကြည့်၍ အလွန်
စိတ်လှုပ်ရှား သွားပြီး

“အောင်ထွန်း ငါ့သမီးလေးနဲ့ အဘ ရော ဘယ်သွား
တာလည်းလို့ ငါမေးနေတယ်လေကွာ”

အောင်းထွန်းသည် ခေါင်းငုံ့နေရာမှ ဘုန်းကြွယ်ကို
ကြည့်ယင်း

“ဘုန်းကြွယ် သူငယ်ချင်း မင်းစိတ်က ိုမင်းနိုင်အောင်
ထိန်းပါကွာ”

ဟုပြောဆိုလေရာ ဘုန်းကြွယ်မှာ များစွာ ထိတ်လန့်
တုန်လှုပ်လျက် အောင်ထွန်း၏ ပခုံးအားကိုင်လှုပ်၍

“ဟာ ပြောစမ်းပါ ကွာ ငါ့သမီးလေးနဲ့ အဘ
ဘာဖြစ်လို့လည်းကွာ”

အောင်ထွန်းသည် မျက်ရည်များဝုိင်းလျက် ဘုန်းကြွယ်
၏ လက်တစ်ဖက်အား ဆုပ်ကိုင်ယင်း

“မင်း ထွက်သွားလို့ သုံးလလောက် အကြာမှာ
တို့ရွာကလေးကို စိုင်းဖြိုးဆိုတဲ့လူ ယောက်လာခဲ့တယ်
ကွာ ၊သူနဲ့အတူ မြို့က ရာဇ၀တ်အုပ်နဲ့ ပုလိပ် သုံးယောက်လည်း ပါလာခဲ့တယ်၊ စိုင်းဖြိုးနဲ့ ပုလိပ်တွေ
ဟာ သူကြီးကနေ တဆင့် မင်းအဘ ဆီကိုရောက်လာခဲ့တယ်၊ အဲဒီလူပြောတာက
ခင်ဗျားသား ဘုန်းကြွယ်ဟာ မိန်းကလေးတစ်ယောက်ကို အလိုမတူပဲ ဖြားယောင်း
သွေးဆောင်ပေါင်းသင်းခဲ့တယ် ဒါကြောင့် သူ့မှာ
အပြစ်ရှိတယ် တကယ်လို့ ခင်ဗျားရဲ့ သားကို ဒုက္ခ
မရောက်စေချင်ယင် သူ့သမီးကို သူ့အမေဆီ ထည့်
လိုက်ပါ ဒါဆိုယင် အားလုံးအဆင်ပြေသွားလိမ့်မယ်
လို့ ပြောဆိုတယ်ကွာ ”

အောင်ထွန်းစကားကို ကြားလျှင် ဘုန်းကြွယ်မှာ
ထိတ်လန့် တုန်လှုပ်လျှက်

“ဒါဆို ငါ့သမီးလေးကို အောင်ထွန်း မြန်မြန်
ပြောစမ်းပါကွာ ”

ဟု အလောတကြီး မေးမြန်းရှာလေသည်။

“အေးကွာ အဘညိုလည်း တော်တော်စိတ်ထိခိုက်သွား
ရှာတယ်ကွာ အားလုံးကလည်း မင်းဒုက္ခရောက်မှာကို
မကြည့်ရက်တာရယ် ချမ်းသာတဲ့ သူ့အမေဆီရောက်
ယင် မင့်သမီး ချစ်စံပယ်လေးဘ၀ ပိုပြီးကောင်းစား
နိုင်တယ်ဆိုပြီး ထည့်လိုက်ဖို့ ဝုိင်းပြီး ပြောဆိုကြတယ်
နောက်တော့ မတက်သာတဲ့အဆုံး မင်းရဲ့သမီးလေး
ကို သူ့မေဆီ ထည့်လွှတ်လိုက်ရတော့တာပါဘဲကွာ”

ဘုန်းကြွယ် မှာ အောင်ထွန်းစကားကို နားထောင်းယင်း

“ဟာ ဒါဆို ငါ့သမီးလေး မရှိတော့ဘူးပေါ့ ဟုတ်လား
အောင်ထွန်း ရက်စက်လိုက်ကြတာကွာ ပထမတစ်ကြိမ်
မမြစိမ်းက ငါ့အသဲကို အစိတ်အမြွာမြွာဖြစ်အောင်
နင်းချေခဲ့တယ် အခု ငါ့သမီးလေးနဲ့ငါ့ကို “””

ဘုန်းကြွယ်မှာ ၀မ်းနည်းလွန်း၍ ရင်ထဲ၌ ဆို့နင့်နေရာ
စကားကို မဆက်နိုင်ပဲရှိလေသည်။ထိုအခါ အောင်
ထွန်းက

“သူငယ်ချင်း လူရယ်လို့ဖြစ်လာ ယင်
အလိုဆန္ဒဆိုတာ ရှိကြတဲ့ လူချည့်ပါကွာ ဖြစ်ချင်တာနဲ့၊
ဖြစ်သင့်တာ၊
ရချင်တာထက်၊
ရသင့်တာကိုဦးစားပေးရ
မယ်လေကွာ ဘ၀နဲ့ဆန္ဒ တထပ်တည်းကျဖို့ဆိုတာ
လွယ်မှ မလွယ်ပဲကွာ ”

ဘုန်းကြွယ်မှာ ရင်ထဲ၌ နာကျင်လွန်း၍ စကားမဆက်
နိုင်ရှာဘဲ မျက်ရည်များ တွေတွေကြီးကျနေလေ၏။
အတန်ကြာမှ ရင်ဘတ်ကို နှိပ်ယင်း အားယူ၍

” ဒါဆို အဘ •• ငါ့ အဘရော”

အောင်ထွန်း၏ ဘ၀၌ လူတစ်ယောက်က မေးမြန်း
သမျှ ဖြေကြားဖို့ရာ အခတ်ဆုံး အခြေနေ နှင့် ရင်ဆိုင်
နေရလေ၏။ မပြောလို့လည်း မဖြစ်ပြန်။

“ဦးလေးညိုဟာ သူ့မြေး စိတ်နဲ့ အိပ်ရာထဲ လဲသွားခဲ့
တယ်ကွာ ဦးလေးညိုဟာ နေ့စဉ် ငါ့သား ဘုန်းကြွယ်
ပြန်လာလို့ မေးယင် ငါဘယ်လိုဖြေရမှာလည်းကွာ ဆိုပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ပြီး နောက်ဆုံး
အဲဒီစိတ်နဲ့ ဦးလေးညို ဆုံးသွားရှာပြီကွာ ငါတို့လည်း
မင်းကို အကြောင်းကြားချင်ပေမဲ့ မင်းက ဘယ်ဆီ
ရောက်နေမှန်း မသိလေတော့ အရပ်က ဝုိင်းပြီး
မြေချ လိုက်ကြတယ်ကွာ”

ဆိုးဝါးလွန်းလှသော သူ့ဘ၀ကို တွေးယင်း ဘုန်းကြွယ်
ငေးငိုင်နေမိသည်။ နောက်မှ သတိပြန်၀င်လာပြီး

“ဒါဆို ငါ့အဘ ကို ရွာသင်္ချိုင်းမှာ သဂြုင်္ိလ် လိုက်ကြ
တယ်ပေါ့”

“ဟုတ်ပါတယ်ကွာ”

“ဒါဆို ငါလည်း ရင်ကွဲနာ ကျပြီး သေဖို့ပဲ ရှိတော့
တာပေါ့ကွာ”

ဤကဲ့သို့ ၀မ်းနည်း တုန်ယင်စွာ ပြောဆိုလိုက်သော
ဘုန်းကြွယ် ကို ကြည့်၍အောင်ထွန်းမှာ အလွန် သနား၍ နေလေသည်။ ထို့နောက် ငြိမ်သက် တွေဝေ
နေရာမှ ဘုန်းကြွယ်သည် မက်တပ် ထရပ်၍

“ငါ့အဘဟာ ငါ့ကြောင့် သေခဲ့ရတယ် အဘ အဘ”

ဘုန်းကြွယ်သည် လွယ်ထားသော လွယ်အိတ်ကို
ပစ်ချ၍ ရွာ၏ အနောက်ဘက်၌ ရှိသော သင်္ချိုင်းကုန်း
သို့ ပြေးလေ၏။ အောင်ထွန်းလည်း မနေသာတော့ဘဲ
နောက်မှ အပြေး လိုက်ရလေတော့သည်။
ဘုန်းကြွယ်သည် သူ၏ ဖခင် မြေပုံဘေး၌ ၀မ်းပန်း
တနည်း ငိုကြွေးလေ၏။

“အဘ အတန်တန် တားတဲ့ကြားက ကျုပ် မမြစိမ်းကို
ချစ်ခဲ့တယ် မမြစိမ်းကြောင့် ကျုပ်တို့တမိသားစုလုံး
ဒုက္ခတွေ ရောက်ခဲ့ရတယ် ဒါတွေအားလုံးရဲ့ တရားခံ
ဟာ ကျုပ်ပါအဘရယ် ကျုပ်အပြစ်တွေပါဗျာ”

ဘုန်းကြွယ်သည် သူ၏ ဖခင် မြေပုံ အား ပွေ့ဖက်၍
ငိုကြွေးလေ၏။ အောင်ထွန်းလည်း ဘုန်းကြွယ်အား
ချော့မော့၍ အိမ်သို့ ခေါ်ခဲ့လေ၏။ ထိုနေ့မှစ၍
ဘုန်းကြွယ်မှာ မည့်သူကိုမျှစကားမပြောတော့ပဲ၊
တစ်ယောက်ထဲ နေထိုင်ယင်း နုတ်မှ သူ၏ သမီးအား
တတွတ်တွတ်ခေါ်၍နေလေ၏။ ထို့သို့ မဟုတ်ပါက
တယောတလက်ဖြင့် အလွမ်းသီချင်းများကို သီဆို၍နေ
လေတော့သည်။
🎻🎻🎻🎻🎻🎻🎻🎻🎻

“သြော် သနားစရာ ကောင်းလိုက်တာ ဦးလေးရယ်”

“ဒါနဲ့ သူ့သမီး နဲ့ မိန်းမက ပြန်မလာဘူးလားဟင်”

ရွှေမှုံက ထိုသို့မေး၏။ ထိုအခါ ဦးအောင်ထွန်းက

“ဒီနေ့ ဒီအချိန်အထိ ဘယ်သူမှ ဘုန်းကြွယ်ဆီပြန်
မလာပါဘူးကွယ်”

ထို့သို့ ပြောနေခိုက် တယောလေးအားကိုင်၍ ဘုန်း
ကြွယ် ပြန်လာလေသည်။

“ဟာ ဘုန်းကြွယ် ဒီနေ့စောလှချေလားကွ မင်းပြန်
လာတာ”

ထို့အခါ ဘုန်းကြွယ်က လွန်စွာ ပြုံးပျော်နေဟန်ဖြင့်

“အေးကွ ဒီနေ့ည ငါ့သမီးလေးနဲ့ မမြစိမ်း ငါ့ကိုလာ
ခေါ်လိမ့်မယ်ကွ အဲဒါကြောင့် ငါစောစောပြန်လာပြီး
ပြင်ဆင်ထားမလို့ကွ”

ဟု ပြောဆိုကာ အိမ်ပေါ်သို့တက်သွားလေ၏။
အောင်ထွန်းသည် ဘုန်းကြွယ်အားကြည့်၍

“လွန်ခဲ့တဲ့ ၁၅ နှစ် လုံးလုံး ခုလို ဘုန်းကြွယ်ပျော်ရွှင်နေ
တာ ဦး မမြင် ဘူးတာကြာပြီ ဒီနေ့တော့ အတော် ထူး
ဆန်းနေပါလား”

ဟုပြောဆိုလေရာ သူဇာ ဆိုသော မိန်းမပျိုက

“ဟုတ်တယ်နော် သူ သိပ်ပျော်နေပုံရတယ်”

ထို့နောက် ရွှေမှုံနှင့် သူငယ်ချင်းသုံးယောက်တို့သည်
ဦးအောင်ထွန်းအား နုတ်ဆက်၍ တည်းခိုရာ နေအိမ်
သို့ပြန်ခဲ့ကြလေ တော့သည်။
ဘုန်းကြွယ် အိမ်ပေါ်ရောက်သည်နှင့် ဘုရား၀တ်ပြု
ထိ့ုနောက် သူ၏ တယောလေးအား ပွတ်သက်ယင်း
ပြုံး၍ နေ၏။ဦးအောင်ထွန်း ဘုန်းကြွယ်အားကြည့်၍
တစ်ခုခု ထူးခြားနေသည်ဟု ခံစားမိ၏။ သို့သော်
ဘုန်းကြွယ်စိတ်ချမ်းသာ နေသည်ကိုကြည့်၍ သူအလို
လို ပျော်လာမိသည်။
မိုးသည် သည်းထန်စွာ ရွာသွန်းနေ၏။ မိုးမှောင်မှောင်
အောက်၌ တရွာလုံး အိပ်မောကျနေကြ၏။
ထိုအချိန်တွင် ဘုန်းကြွယ်၏ နားထဲ၌ အသံ ဟုတ်သည် သူ့သမီး လေးအသံ”

“ဖေ ကြီး ~~ဖေကြီး”

ဘုန်းကြွယ် အိပ်ရာထဲမှ ထ၍ ထိုင်မိသည်။

“ဒါ ငါ့သမီးလေးအသံ ဟုတ်တယ် သမီး ”

အိပ်ယာထဲမှ ကမန်းကတန်း ဘုန်းကြွယ် ထလိုက်၏။
အပြင်မှာတော့ မိုးက သည်းထန်စွာ ရွာနေတုံးပင်။

ဂျိမ်း••••ဖျက် •••

ထိုအချိန် မိုးချိုန်းကာ လျှပ်စီးကလက်လိုက်၏။
လျှပ်စီး၏ အလင်းရောင် အောက်၌ သမီးလေး
နောက် မမြစိမ်း တို့သားအမိက ခြံ၀ မိုးရေ ထဲတွင်
ရပ်နေရှာ၏။

“ဖေကြီး”

“သမီးလေး”

ဘုန်းကြွယ် လွန်စွာ ၀မ်းသာသွားလေ၏။နှစ်ပေါင်းများစွာ ခွဲခွာနေခဲ့ရသော
သူ့သမီး လေး အား ပြန်တွေ့ရလိမ့်မည်ဟု သူမထင်ခဲ့

“အစ်ကို”

မမြစိမ်းက ဟိုးအရင်ကလို အပြုံးလေးနှင့် သူ့ကိုခေါ်
နေတာမြင်ရတော့ ဘုန်းကြွယ် မျက်ရည်ဝဲသည်အထိ
ကြည်နှုး နေမိသည်။

“မမြစိမ်း ကျုပ်ဆီပြန်လာတယ်”

ဘုန်းကြွယ် ၀မ်းသာလွန်း၍ အသံများတုန်ယင်နေ၏။
ထို့နောက် သတိ၀င်ကာ မိုးရေထဲ၌ ရပ်နေရှာသော
ဇနီးနှင့် သမီးထံ သွားရန် ဘုန်းကြွယ် ပြင်၏။
ထို့နောက် အိမ်ထရံ၌ ချိတ်ထားသော တယောလေးအားယူ၍ ဘုန်းကြွယ် မိုးရွာထဲ သို့
ထွက်လိုက်၏။မမြစိမ်းနှင့် သမီးလေးက သူ့အား
မစောင့်ပဲေ ရှ့က သွားနေ၏။

“မမြစိမ်း သမီးလေး အဖေကိုစောင့်ပါအုံးကွယ်”

သူပြောတာကို မမြစိမ်းနှင့် သမီးလေးက ကြားပုံမရပေ။ ဘုန်းကြွယ် အပြေးတပိုင်းး လိုက်ဖို့
ပြင်လေရာ ခြံ၀မှ လူတစ်ယောက်က

“သား ဘုန်းကြွယ် လူလေး သူတို့နောက်ကို မလိုက်ပါ
နဲ့ကွာ ငါ့သား ဒုက္ခရောက်လိမ့်မယ် အဘ စကားနားထောင်ပါ ကွာ ”

ဟု မျက်နှာငယ်လေးဖြင့်ပြောဆိုလေသည်။
ထိုလူအား ဘုန်းကြွယ် အသေချာကြည့်မိသည်။
၎င်း၏ ကိုယ်၌ ရွံ့ဗွက်များ ပေကျံနေသည်ကိုလည်း
တွေ့ရ၏ တုတ် တစ်ချောင်းအား တောင်ဝှေးအဖြစ်
၎င်းအဘိုးအို က အသုံးပြု ထားလေ၏။
ထိုလူကိုကြည့်၍ ဘုန်းကြွယ် များစွာ အံ့သြ တုန်လှုပ်
မိလေသည်။

“အဘ မိုးရွာကြီးထဲအဘရယ် တကိုယ်လုံးလည်း
ရွှံ့တွေ ဗွက်တွေနဲ့ ”

ထိုအခါ အဖိုးအိုက လွန်စွာ စိတ်မကောင်းဖြစ်နေသည့်
ပုံစံဖြင့် ဘုန်းကြွယ်အား

“ဟုတ်တယ်ငါ့သား အဘချော်လဲလာလို့ကွာ နောက်
ပြီး လူလေးကို အဘ စိတ်ပူလို့ ပါ သူတို့နောက်ကို
မလိုက် ပါနဲ့ကွယ်နော် သား မင်းဒုက္ခရောက်လိမ့်မယ်”

အဖိုးအိုပြောမှ မမြစိမ်းတို့ သားအမ်ိကို ဘုန်းကြွယ်
ပြန်သတိရမိသညာ။ အခု သူတို့ သားအမိကို မမြင်ရ
တော့ ၊ ဘယ်များ သွားကြပါလိမ့် ဟု တွေးလိုက်မိ၏

“သူတို့ သားမိ က ကျုပ်ကိုလာခေါ်နေတာအဘရဲ့
ကျုပ်သွားမှ ဖြစ်မှာဗျ”

ဘုန်းကြွယ်သည် ထိုသို့ ပြောလေရာ အဖုိးအိုက

“မိုက်လိုက်တာ သားရယ် မင်းဘ၀တစ်ခုလုံး အခု
လို ဒုက္ခတွေရောက်ခဲ့ရတာ သူတို့ကြောင့်ကွ၊
အခု ငါ့သားလိုက်သွားယင် မင်းးး

အဖိုးအိုက စကားကိုမဆက်ဘဲ မျက်ရည်များသာ
ကျနေလေ၏။ထိုနောက် တိုးတိမ်လှသောအသံဖြင့်

“အဘ ပြောတာ နားထောင်ပါကွာ ”

“ကျုပ်လိုက်သွားပါရစေ အဘရယ် သူတို့ကျုပ်ကို
စောင့်နေမှာဗျ”

အဘိုးအိုသည် ဘုန်းကြွယ်အားကြည့်၍ ခေါင်းကို
ဖြည်းညင်းစွာယမ်းလျှက်

“ပထမ အကြိမ်ကတည်းက ငါတားခဲ့တယ် ဒါပေမဲ့
မရခဲ့ဘူး အခုလည်း ပြောမရပြန်ဘူး အဘနားလည်
ပါပြီ လူဆိုတာ သူ့ကံနဲ့သူပါ ဒါကြောင့် ဘယ်သူမှ
ပြုပြင်ပြောင်းလဲယူလို့မရဘူး ဆိုတာ အဘ သဘော
ပေါက်ပါပြီကွယ် လူလေးသဘောပါ”

ထိုသို့ပြောဆိုကာ အဖိုးအိုမှာ တရွေ့ရွေ့ထွက်ခွာ
သွားလေ၏။ ဘုန်းကြွယ်သည် အဖိုးအို၏ လက်အား
ကိုင်၍

“ကျုပ်ကို ခွင့်လွှတ်ပါအဘရယ်”

ထိုသို့ပြောဆိုပြီး ဘုန်းကြွယ်သည် မိုးရေများကြားထဲ
၌ အပြေး လိုက်လေ၏။ ရွာအပြင် ညောင်မုတ်ဆိတ်
အပင်ကြီးသို့ ရောက်သည့်တိုင် မမြစိမ်းနှင့် သူ၏ သမီး
လေး၏ အရိပ်ယောင်ကိုမျှ မမြင်ရတော့။
ထိုအခါဘုန်းကြွယ်မှာ ၀မ်းနည်းလွန်း၍ မိုးရွာထဲ၌
ထိုင်ချလိုက်ပြီး တယောလေးအား ပိုက်၍

“မမြစိမ်း သမီးလေး မင်းတို့ ကျုပ်ကို ထားခဲ့ကြပြန်
ပြီပေါ့ ”

ဟု၍ ပြောဆိုကာ ငိုကြွေးရှာလေသည်။
ဂျိမ်းးးးဝေါ
မိုးက အပြင်၌ အရှိန်ပြင်းစွာရွာနေဆဲ
ဂျိမ်းးးးဝေါ
မိုးခြိမ်း
သံနှင့်အတူ ဘုန်းကြွယ် အိပ်ရာထဲမှ လန့်၍နိုးလာသည်။ မက်ခဲ့သော အိပ်မက်ကိုပြန်တွေး
ယင်း ဘုန်းကြွယ် ရင်တွေခုန်နေမိသည်။ အိပ်မက်ထဲ
၌ ငိုကြွေးခဲ့သလို အပြင်၌လည်း ငိုကြွေးနေမိ၏။
ထိုနောက် အိပ်ရာထဲမှထ၍ နဘေး၌ ချထားသော
တယောလေးအားယူ၍ အိပ်ရာထက်မှ ထလာခဲ့သည်။ထို့နောက်မိုးရွာထဲသို့ ထွက်ခဲ့၏။

“လူလေး ”

ခေါ်သံလို ကြားမိ၍ ဘုန်းကြွယ် ရှာကြည့်မိသည်။
သို့သော် မည်သူမျှမရှိ၊ ထို့နောက်မိုးရွာထဲ၌။သူသွား
ယင်း တဖြည်းဖြည်းဖြင့် ရွာအပြင် ညောင်ပင်ကြီး
အောက်သို့ ရောက်ခဲ့လေ၏။မိုးနှင့် အပြိုင် ဘုန်းကြွယ်
၏ ပါးပြင်မှ မျက်ရည်များ တတွေတွေ စီးကျနေ၏။
ထိုနောက် တယောလေးအား ထိုး၍ အလွမ်းသီချင်း
ကို သီဆိုလေ၏။

🎶ချစ်သူတိုင်း.ညား၍.. ညားတဲ့သူတိုင်း
ချစ်နိုင်ပါစေ အတည်~~~
အခုတော့သည်လို မဟုတ်ပါလေပဲ..
ဖူးစာနတ်မင်း ဘယ်ပုံခင်းးးသည်
ချစ်လျက်နဲ့ နှစ်ကိုယ် ဝေးးးး
ဝေးးးးးဝေး ခဲ့ပါပြီလေ🎶

ဂျိမ်းးး
မိုးခြိမ်းသံနှင့်အတူ ဘုန်းကြွယ်၏ လက်မှ တယောလေး ပြုတ်ကျသွားလေသည်။ထိုနောက်သူဆို
နေသောသီချင်းသံလည်း တိတ်ဆိတ်သွားလေသည်။
🎻🎻🎻🎻🎻🎻🎻🎻🎻🎻🎻

တညလုံး ရွာနေသောမိုးသည် မနက်ရောက်မှ စဲသွား၏။
ဦးအောင်ထွန်း ဘုန်းကြွယ်ဆီ လာတော့ လူကိုမတွေ့
အိပ်ရာကိုသာတွေ့ရသည်။

“ဟာ ဒီကောင် အစောကြီး ထသွားပြီထင်တယ် အအေးမိ
တော့မှာဘဲ”

ထိုသို့ပြောဆိုပြီး ရွာပြင် ညောင်ပင်ကြီးဆီသို့ ဦးအောင်ထွန်း
လိုက်သွားလိုက်သည်။ ခပ်လှမ်းလှမ်းမှ ညောင်ပင်ကို မှီ
ထိုင်နေသော ဘုန်းကြွယ်ကို မြင်တော့ သူ သက်ပြင်းချမိ၏။
အနားသို့ရောက်သော် တယောလေးက မြေပြင်၌ ကျ၍
မျက်လုံးက မျက်ရည်များကျနေသော ဘုန်းကြွယ်အား
တွေ့လိုက်ရသည်။

“ဘုန်းကြွယ် သူငယ်ချင်း မင်းနှယ်ကွာ အအေးမိတော့မှာပဲ
တကိုယ်လုံးလည်း စိုရွှဲနေတာဘဲကွာ”

ထိုသို့ပြော၍ ဘုန်းကြွယ်၏ လက်အားကိုင်လိုက်၏။

“ဟာ သူငယ်ချင်း ဘုန်းကြွယ် ဖြစ်ရလေကွာ”

သူငယ်ချင်းဖြစ်သူ ဘုန်းကြွယ်အားကြည့်၍ ဦးအောင်ထွန်း
၀မ်းနည်းနေမိသည်။ထိုနောက် ဘုန်းကြွယ်၏ မျက်ရည်များ
ကျနေသော မျက်လုံး များအား လက်နှင့် သပ်၍ ပိတ်ပေး
လိုက်ပြီး

“ဘုန်းကြွယ် ဘ၀ဆက်တိုင်း ခုလို အဖြစ်မျိုးနဲ့
မကြုံပါစေနဲ့ သူငယ်ချင်းရာ”

ဘုန်းကြွယ်သည် မမြစိမ်း နှင့် သူ၏ သမီးလေးအား လွမ်း
ဆွတ်ယင်း သေဆုံးသွားခဲ့သည်။ ခံတက်ကုန်းရွာလေး၏
အ၀င် ညောင်မုတ်ဆိတ် ပင်ကြီးအောက်၌ ဘုန်းကြွယ်၏
အုတ်ဂူကလေး ယနေ့တိုင်ရှိနေသေး၏။ထိုအုတ်ဂူလေးကို
မြင်တိုင်း တချိန်က ကိုဘုန်းကြွယ် မည်သော လူတစ်
ယောက်၏ နာကျင် လွမ်းဆွေးဖွယ် ဖြစ်ရပ်အား တင်ပြရင်း…..

နာကျင် ၀မ်းနည်း ပူဆွေးခြင်း ကင်းဝေးပြီး
ပျော်ရွှင် ကြည်နူးသော ဘ၀များ ပိုင်ဆိုင်နိုင်ကြပါစေ

ကျနော်ရေးသားနေသော [ရင်ကွဲနာ] ဤနေရာ၌ အဆုံးသတ်လိုက်
ရပေတော့သည်။

ပီယ {ကိုယ်တိုင် ခံစားရေးဖွှဲ့သည်}
၈.၈.၂၀၂၂