ရဟန္တာထံဆွမ်းလှူခဲ့သူ

ရဟန္တာထံဆွမ်းလှူခဲ့သူ(စ/ဆုံး)

—————————–

၀န်းသိုကျေးရွာလေးသည် အိမ်ခြေ ၂၀၀ခန့်ရှိပြီး ပင်လယ်ကမ်းခြေတွင် တည်ရှိသော ရွာလေးဖြစ်သည်။ ကမ်းခြေရွာလေးဖြစ်သည်နှင့်အညီ မိရိုးဖလာ တံငါအလုပ်ကိုသာ အဓိကအသက်မွေး၀မ်းကြောင်းလုပ်ငန်း အဖြစ်လုပ်ကိုင်လျှက်ရှိကြ၏။

ရွာလေး၏ အနီးအနားတွင် အခြားရွာနီးချင်း ကျေးရွာအဖြစ် သာယာကုန်း အမည်ရှိရွာတစ်ရွာရှိ၏။ ရွာနှစ်ရွာလုံးသည် ဗုဒ္ဓဘာသာကိုသာ ကိုးကွယ်ကြပြီး ရွာတစ်ရွာစီတွင် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းစီရှိကြသည်။

နှစ်ရွာလုံးရှိ ရွာသူရွာသားများသည် ဗုဒ္ဓဘာသာ၀င်များသည့်အပြင် စည်းလုံးညီညွတ်ကြကာ နှစ်ရွာလုံးရှိ ဘုန်းတော်ကြီးများကို သူ့ရွာကျောင်းမှ၊ ငါ့ရွာကျောင်းမှဟူ၍ မခွဲခြားဘဲ ကိုးကွယ်လျှက်ရှိကြသည်။ သို့သော် ရွာသူရွာသားများသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသော်လည်း အကုသိုလ်အလုပ်ဖြစ်သည့် ငါးဖမ်းခြင်းကိုမူ ၀မ်းရေးအတွက် မလွန်ဆန်နိုင်၍သာ လုပ်ကိုင်ကြရလေ၏။

အချို့အနည်းငယ်မျှသော ရွာသူရွာသားတို့ကတော့ ထိုအလုပ်သည် အကုသိုလ်လုပ်ငန်းဖြစ်သည်မို့ ရှောင်ရှားကာ အခြား လုပ်ငန်းများကို လုပ်ကိုင်ကြသူများလည်းရှိကြသည်။ ထိုလူနည်းစုအထဲတွင် အမေပုံသည်လည်း ပါ၀င်၏။

အမေပုံသည် အသက်၆၅ နှစ်ခန့်ရှိကာ တစ်ဦးတည်းနေထိုင်ပြီး ရွာထဲတွင် ကုန်စုံဆိုင်ငယ်လေးဖွင့်၍ စီးပွားရှာကာ ရပ်တည်နေသူဖြစ်သည်။ သူ၏ ဆိုင်ကလေးတွင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်စသည့် အခြေခံစားကုန်များကို အဓိကရောင်းချလျှက်ရှိ၏။ ဆိုင်တွင်
ရောင်းချရန် စျေးကုန်များအတွက်ကိုမူ မြို့သွားသည့် လူကြုံဖြင့်မှာယူကာ တဆင့်ပြန်လည်ရောင်းချခြင်းဖြစ်သည်။

အမေပုံ၏ အကြောင်းကို အကျဉ်းချုပ်၍ ပြောပြရမည်ဆိုလျှင် အမေပုံသည် ဤအရပ်ဒေသမှမဟုတ်ချေ။ လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ခန့်က အထက်အညာဒေသမှ ဤအရပ်ဒေသသို့ အလုပ်လာရောက်လုပ်ကိုင်ရင်း သူမ၏ ခင်ပွန်းသည် ကိုလှဆောင်နှင့် အကြောင်းပါကာ ဤရွာတွင် အခြေချလာခဲ့သူဖြစ်သည်။

ခင်ပွန်းဖြစ်သူနှင့် အိမ်ထောင်ကျခါစက အများနည်းတူ ငါးဖမ်းခြင်းကိုသာလုပ်ကိုင်စားသောက်နေထိုင်၏။ ဤသိုဖြင့် အိမ်ထောင်သက် သုံးနှစ်ကျော်ကာလကို ငါးဖမ်းခြင်းအလုပ်ဖြင့်သာ ဖြတ်သန်းလာခဲ့ကြ၏။ ထိုကာလအတွင်း သူတို့လင်မယားထံတွင် သားသမီးရတနာ ထွန်းကားခဲ့ခြင်းမရှိပေ။

တစ်နေ့တွင်တော့ ခင်ပွန်းဖြစ်သူ ကိုလှဆောင်သည် ပင်လယ်ထဲသို့ ငါးဖမ်းထွက်ရာမှ မုန်တိုင်းမိကာ ဆုံးပါးသွားလေ၏။ အမေပုံလည်း ထိုအချိန်မှစ၍ အကုသိုလ်၏ အကျိုးဆက်ကို ကြောက်ရွံ့သွားပြီး တံငါလုပ်ငန်းကို လုံး၀စွန့်လွှတ်လိုက်ကာ နောက်အိမ်ထောင်မထူဘဲ ဘ၀ကို ဘုရားရိပ် တရားရိပ်အောက်တွင်ခိုနားရင်း တစ်ကိုယ်တည်းရပ်တည်လာခဲ့သူဖြစ်သည်။

အမေပုံသည် အကုသိုလ်၏ အကျိုးဆက်ကို ကြောက်ရွံ့သည်ဖြစ်သောကြောင့် ကုသိုလ်ရေးတွင် လက်မနှေးအောင် လှူဒါန်းတတ်၏။ အမေပုံပြုလုပ်သော အလှူအတန်းများတွင် နေ့စဉ်နံနက်တိုင်း အစောထ၍ သံဃာတော်များအား မပျက်မကွက်ဆွမ်းလောင်းလှူခြင်းသည်လည်းတစ်ခု ပါ၀င်၏။

နေ့တိုင်း နံနက် သုံးနာရီလောက်တွင် အိပ်ရာမှထကာ မနေ့ညကတည်းကကြိုတင်ပြင်ဆင်ထားသော အသီးအနှံများအား ချက်ပြုတ်၍ သံဃာတော်များအား သက်သက်လွတ် ဟင်းလျာအဖြစ်လောင်းလှူ၏။ သက်သက်လွတ်ဟင်းလျာဆိုသော်လည်း အမြဲတမ်းဖွယ်ဖွယ်ရာရာဖြစ်အောင် ပြင်ဆင်ချက်ပြုတ်ထားသောကြောင့် ဆွမ်းခံကြွ သံဃာတော်တို့မှာ အမေပုံလှူဒါန်းသော ဆွမ်းနှင့်ဆွမ်းဟင်းကို အလွန်နှစ်သက်စွာ ဘုန်းပေးကြလေသည်။

တစ်နေ့ အမေပုံ နံနက်ခင်းစောစော ပုံမှန်အတိုင်း အိပ်ရာမှ ထကာ ဆွမ်းဟင်းချက်ပြုတ်နေ၏။ ထမင်းအိုးနှင့် ဟင်းအိုးများအားလုံး ပြင်ဆင်ချက်ပြုတ်ပြီးချိန်၀ယ် နံနက်ခင်း အာရုံမိုးသောက်ရောင်နီသန်းနေပြီဖြစ်၏။ အမေပုံလည်း အလုပ်အားလုံးပြီးဆုံးပြီမို့ ဆွမ်းခံချိန်ကို စောင့်ရင်း အိမ်ရှေ့ထွက်ကာ တံမြက်စည်းလှည်းနေလိုက်၏။

ထိုစဉ် အိမ်ရှေ့လမ်းမဆီမှ အဝါရောင်သင်္ကန်းကိုဆင်မြန်းလျှက် နက်မှောင်သော သပိတ်ကိုပိုက်ထားကာ မျက်လွှာချ၍ တစ်လှမ်းချင်းလျှောက်လှမ်းလာနေသော ကြည်ညိုဖွယ်ရာ အဆင်းရှိသည့် ရဟန်းတော်တစ်ပါးအား ဖူးတွေ့လိုက်ရလေ၏။ အမေပုံ၏ စိတ်ထဲတွင် ဤရဟန်းတော်သည် သူတို့ကိုးကွယ်နေသော ကျောင်းနှစ်ကျောင်းမှ ရဟန်းမဖြစ်နိုင်။ ခရီသွား အာဂန္တုရဟန်းပင်ဖြစ်ရမည်ဟုတွေးမိလေသည်။

အကယ်၍ အာဂန္တုရဟန်းဆိုလျှင် ဆွမ်း၊ ကွမ်းရေးရာအတွက် အခက်အခဲရှိပေတော့မည်။ ပြီးတော့ သည်လိုရဟန်းတော်မျိုးကား နောင်တစ်ချိန် ဆွမ်းလောင်းလှူဖို့ရန်ကား မလွယ်ကူနိုင်။ သို့ကြောင့် ဖူးမျှော်ခွင့်ရတုန်း၊ ကြုံကြိက်တုန်း ရအောင်လှူဒါန်းမည်ဟု ဆုံးဖြတ်ကာ ရဟန်းတော်အား လှမ်းကြည့်လိုက်၏။

“အို….ထူးဆန်းပေစွ….ရဟန်းတော်က….ငါ့ခြံရှေ့မှာ….ရပ်တော်မူနေပါလား…..”

ရဟန်းတော်သည် အမေပုံ၏ ခြံ၀တွင် မျက်လွှာချလျှက် ရပ်တော်မူလေသည်မို့ အမေပုံထံမှ အံအားတသင့်ဖြစ်ကာ အာမေဋိတ်ပင် ထွက်သွားရလေ၏။ အမေပုံလည်း ထိုရဟန်းအနားသွားကာ

“အရှင်ဘုရား…….ဘယ်ကလာလို့…ဘယ်ကိုကြွမှာလဲ…ဘုရား…..”

အမေပုံစကားကို ရဟန်းသည် မျက်လွှာချလျှက်နှင့်ပင်

“တကာမကြီး….ကိုယ်တော်ဟာ….အတိတ်ဘ၀က…ကိုယ့်တော်အပေါ်ကျေးဇူးရှိခဲ့ဖူးသူကို…ကျေးဇူးဆပ်လိုသောအားဖြင့်….ဤအရပ်ကို…ဆွမ်းခံကြွခဲ့ခြင်းဖြစ်ပါတယ်…..”

ရဟန်းတော်၏ အသံသည် အလွန်ပင် ကြည်လင်ပြတ်သားလှ၏။ ရဟန်းတစ်ပါးတွင် ရှိရမည့် အဆင်း၊ အင်္ဂါ၊ သိက္ခာတရားတို့ဖြင့် ပြည့်စုံကာ အသံသြဇာမှာလည်း ထူးခြားလှသည်မို့ အမေပုံရင်ထဲတွင် ကြည်ညိုသဒ္ဒါတရားတို့ ယိုဖိတ်လာခဲ့ရ၏။ ထို့ကြောင့်

“အရှင်ဘုရား….တပည့်တော်မလည်း…ဆွမ်းလောင်းလှူခွင့်ရချင်ပါတယ်ဘုရား….အဲ့ဒါကြောင့်…တပည့်တော်မရဲ့အိမ်ဆီ..ခေတ္တခဏ ကြွတော်မူပေးပါဘုရား….တပည့်တော်….ဆွမ်း၊ ကွမ်း၊ ဆေးဝါးလေး လှူချင်လို့ပါဘုရား….”

အမေပုံလျှောက်တင်သော စကားကို ရဟန်းတော်မှာ ခပ်မဆိတ်ပင်နေကာ တုန့်ပြန်၏။ ထို့ကြောင့်အမေပုံသည် ရဟန်းတော်အား သူမ၏ နေအိမ်ရှိရာသို့ ပင့်ဆောင်လာခဲ့၏။

အိမ်ရောက်သောအခါ ရဟန်းတော်အား ဘုရားစင်ရှေ့နားတွင် နေရာထိုင်ခင်းပြုပေးခဲ့ပြီး အမေပုံကား ရဟန်း၏ သပိတ်အားယူကာ မီးဖိုချောင်အတွင်း၀င်၍ ဆွမ်းများထည့်လေ၏။ ခဏကြာသော် ရဟန်းတော်အား ဆွမ်းသပိတ်ပြန်လည်ဆပ်ကပ်လှူဒါန်းကာ သေချာစွာ ဖူးမျှော်လိုက်၏။

ရဟန်းတော်မှာ သက်တော် ၄၀ခန့်ရှိမည်ဟုခန့်မှန်းရပြီး တကယ့် ထေကြီးဝါကြီးရဟန်းတော်ကဲ့သို့ပင် မျက်လွှာချလျှက် တည်ငြိမ်စွာရှိနေသည်မို့ အမေပုံ၏ စိတ်၀ယ် ကြည်ညိုစ်ိတ်များ ထပ်မံ၍ ဖြစ်ပေါ်လာရ၏။ ထို့ကြောင့် သူ၏ ခင်ပွန်းအား ရည်စူးကာ နှစ်ပတ်လည်နေ့တွင် လှူဒါန်းရန်အတွက် ကြိုတင်၀ယ်ယူထားသော သင်္ကန်းအား သွားယူကာ ရဟန်းတော်အား လှူဒါန်းလိုက်၏။ ပြီးနောက် ရဟန်းတော်အား ရိုသေစွာဖြင့် ကန်တော့လိုက်ပြီး

“အရှင်ဘုရား….တပည့်တော်မရဲ့ဆွမ်းအလှူကို…လက်ခံပြီးနောက်…..ဘယ်အရပ်ဆီထပ်မံကြွပါဦးမလဲ….ဘုရား….”

အမေပုံ၏ လျှောက်တင်စကားကို ရဟန်းတော်မှ တည်ငြိမ်စွာဖြင့်

“ကိုယ်တော်ဟာ….မြောက်အရပ်ကနေ….ဆွမ်းခံကြွခဲ့တာဖြစ်ပါတယ်….ဒါယိကာမကြီး….ယခု…ဒါယိကာမကြီးလှူဒါန်းလိုက်တဲ့….ဆွမ်းကြောင့်…ကိုယ်တော်ဟာ…မြောက်အရပ်ကိုဘဲ…ပြန်ကြွမှာဖြစ်ပါတယ်…..”

“အရှင်ဘုရား….တပည့်တော်မကို….တရားထူးတရားမြတ်ရှိ…ချီးမြှင့်ပေးခဲ့ပါဘုရား…..”

ရဟန်းတော်မှာ အမေပုံ၏ တောင်းဆိုစကားကြောင့် ကံကံ၏ အကျိုးနှင့်ပတ်သက်သော တရားကိုဟောလေ၏။ ထို့နောက် သီလပေးကာ အမေပုံအား အလှူရေစက်လက်နှင့်မကွာ လှူနိုင်တန်းနိုင်ပါစေဟု ဆုပေးခဲ့ပြီး သူကြွလာခဲ့ရာ လမ်းဆီသို့သာ ပြန်လည်၍ကြွမြန်းသွားလေတော့သည်။

အမေပုံမှာ တစ်လှမ်းခြင်းကြွမြန်းသွားသော ရဟန်းတော်၏ နောက်ကျောအား ဖူးမျှော်ရင်း သူ၏ ရင်ထဲတွင် ပီတိအဟုန်ကို ထူးကဲစွာခံစားမိနေ၏။ အချိန်မည်မျှကြာသည်မသိ ရပ်ကာဖူးမျှော်နေမိသည်မှာ ရဟန်းတော်မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိပင်။ အတော်ကြာသော အခါတွင် ပတ်၀န်းကျင်ဆီမှ လူသံသူသံများကြောင့် သတိ၀င်လာပြီး မိမိ၏ နေအိမ်ဆီပြန်လာခဲ့လေသည်။ အိမ်အတွင်း ၀င်လိုက်သည်နှင့်

“အလို…..ထူးဆန်းလိုက်တာ…..”

အမေပုံ၏ နှုတ်ခမ်းဆီမှ အာမေဋိတ် ပင်ထွက်ပေါ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အိမ်အတွင်းတွင် ပန်းရနံ့များဖြင့် မွှေးကြူကာ ကြိုင်လှိုင်လျှက်ရှိနေ၏။ ပန်းရနံ့များကား ဘယ်ဆီမှ ရောက်လာသည်မသိ။ အမေပုံ ဟိုဟိုဒီဒီလျှောက်ရှာကြည့်သော်လည်း ထိုရနံရှိသော ပန်းမျိုးကို မတွေ့ပေ။ ထို့ကြောင့် အိမ်ရှေ့တွင် ထိုင်ကာ စဉ်းစားနေမိ၏။ အချိန်အတော်ကြာသောအခါ

“ဆွမ်းတော်ဗျို့…..”

“အော်….ဆွမ်းခံတောင်ကြွလာပါပေါ့လား…..”

အမေပုံလည်း ထိုင်၍စဉ်းစားနေရာမှ ထကာ ဆွမ်းလောင်းရန်အတွက် မီးဖိုခန်းထဲ၀င်ကာ ဆွမ်းအုပ်ထဲသို့ ဆွမ်းခူးရန် ထမင်းအိုးအဖုံးအား လှပ်လိုက်၏။

“ဟင်….ထမင်းတွေ…အပြည့်ပါပဲလား….ငါမနက်က…..ရဟန်းတော်ကိုလှူတုန်းက….တစ်၀က်တောင်ကျိုးနေပြီဟာကို…..ဘာဖြစ်တာပါလိမ့်….ထူးဆန်းလိုက်တာ”

အမေပုံသည် ထိုဖြစ်စဉ်အား သူအမျိုးမျိုးစဉ်းစားကာ အဖြေရှာနေမိ၏။

“အမေပုံရေ…..ဆွမ်းတော်ဗျို့…..”

အိမ်ရှေ့ဆီမှ ဘုန်းကြီးကျောင်းသား မောင်ညှက်၏ အသံကြောင့် စဉ်းစားခန်းရပ်ကာ ဆွမ်းအမြန်ခူး၍ အပြေးအလွှား သွားလောင်းလိုက်၏။

“အမေပုံ….ဘာပန်းတွေစိုက်ထားတာလဲ…မွှေးနေတာပဲဗျာ…..”

မောင်ညှက်မှာ သူ၏ နှာခေါင်းကို ရှုံ့ပွပွလုပ်ရင်းမေးလာ၏။ မောင်ညှက်၏ စကားကြောင့် ဆွမ်းခံကိုယ်တော်လေးပင် ထိုရနံ့အား သေချာစွာ လိုက်လံ ရှူရှိုက်နေ၏။

“မသိပါဘူး….မောင်ညှက်ရယ်….မနက်ကတည်းကမွှေးနေတာ…..”

ထိုအခါ ဆွမ်းခံကိုယ်တော်လေးမှ

“ဒါယ်ိကာမကြီးအိမ်မှာတော့….တစ်ခုခုထူးခြားနေပြီ…..ဘာကြောင့်ဖြစ်တာလဲတော့….ကိုယ်တော်လည်း မပြောတတ်ဘူး…..ဆရာတော်ဆီ…လျှောက်ကြည့်ရင်တော့သိနိုင်တယ်…..ဒီလိုလုပ်….ဆရာတော်အခုကျောင်းမှာဘဲရှိတယ်….ဒါယ်ိကာမကြီး….အခုဘဲသွားလျှောက်ကြည့်ချေ…..ဟုတ်ပြီလား….ကိုယ်တော်တို့တော့…ဆွမ်းခံကြွရဦးမှာမို့….မလိုက်တော့ဘူး…..”

အမေပုံလည်း ဆွမ်းခံကိုယ်တော်လေးပြောကာမှ ရွာဦးကျောင်းဆရာတော် ဦးဝိမလကို မေးလျှောက်ရန်သတိရလိုက်၏။

ဆွမ်းလောင်းပြီးသောအခါ ချက်ချင်းပင် ရွာဦးကျောင်းဆီသို့ အပြေးကလေးသွားလေတော့သည်။

ရွာဦးကျောင်း ဆရာတော်ဦးဝိမလသည် သက်တော်၆၀ခန့်ရှိပြီး ဝါတော်၄၀ခန့်ရှိသည့် ဆရာတော်တစ်ပါးဖြစ်သည်။ ထို့ပြင် လောကီ၊ လောကုတ္တရာ နှစ်ဖြာအားလည်း နှံ့စပ်ကျွမ်းကျင်သဖြင့် ဆရာတော်အား မိမိတို့ရွာအပြင် အခြားရပ်ရွာများမှပါ ကြည်ညိုကိုးကွယ်ကြလေ၏။

အမေပုံကျောင်းဆီရောက်သော အခါ ဆရာတော်ကို ၄င်းထိုင်နေကြနေရာတွင်ပင် အဆင်သင့်တွေ့လိုက်ရသည်မို့ အနားသွားကာ ၀တ်ပြုလိုက်၏။ ဆရာတော်မှာ ၀တ်ပြုနေသော အမေပုံအားကြည့်ကာ

“ဟဲ့….ဒါယိကာမကြီး…..စောစောစီးစီး…ရေးကြီးသုတ်ပြာနဲ့…ဘာဖြစ်လာတာလဲ…..”

“ဒီလိုပါ….ဆရာတော်ဘုရား…..တပည့်တော်မရဲ့အိမ်မှာ…..အမွှေးနံတွေ…ကြိုင်လှိုင်နေလို့ပါဘုရား…..ပြီးတော့….မနက်က….ဆွမ်းခူးထားလို့….တ၀က်ကျိုးနေတဲ့…ထမင်းတွေဟင်းတွေကလည်း….နဂိုအတိုင်းပြန်ပြည့်နေပါတယ်ဘုရား…..အဲ့ဒါကြောင့် ထူးဆန်းလွန်းလို့….တပည့်မဥာဏ်မှီအောင်….မတွေးနိုင်တဲ့အတွက်….ဆရာတော့်ဆီလာလျှောက်တာပါဘုရား….”

အမေပုံစကားဆုံးသောအခါ ဆရာတော်မှာ ခေတ္တခဏ စဉ်းစားဟန်ပြုပြီး

“အင်း….ဒါယိကာမကြီး….မနက်ကဆွမ်းလောင်းတာ….ဘယ်ကျောင်းက….ကိုယ်တော်တုန်း….”

“ဒီအရပ်ကမဟုတ်ပါဘူးတဲ့ဘုရား….အာဂန္တုရဟန်းတစ်ပါးပါဘုရား…..မြောက်အရပ်က….ကြွလာတာလို့လဲ…မိန့်ပါတယ်ဘုရား….”

“အင်း….ဒါဆို…ထူးတော့ထူးဆန်းနေပြီ….ကဲ…သေချာအောင်….ဒါယိကာမကြီးအိမ်ကို ဘုန်းကြီးအခုပဲကြွခဲ့မယ်…..”

ဆရာတော်လည်း ချက်ချင်းပင် အမေပုံအိမ်ကို လိုက်ကြွသွားကာ မွှေးကြူနေသော ရနံ့အား ရှူရှိုက်လိုက်ပြီး အားရ၀မ်းသာဖြင့်

“အင်း….ငါ့….ဒါယိကာမကြီးတော့…တယ်ကုသိုလ်ထူးတာဘဲဟေ့…..”

ဆရာတော်မိန့်သော စကားကို အမေပုံမှ နားမလည်နိုင်စွာဖြင့်

“ဘာဖြစ်လို့ပါလဲ…ဘုရား….”

“အင်း….မနက်က…ဒါယိကာမကြီး…အိမ်ကိုဆွမ်းခံကြွတာ….မြောက်အရပ် ဟိမ၀န္တာမှာ….သတင်းသုံးနေတဲ့….ရဟန္တာအရှင်သူမြတ်ပဲ ဖြစ်မယ်…..အခုမွှေးနေတဲ့…ပန်းရနံ့ကလည်း….နတ်ပန်းလို့ တင်စားထိုက်တဲ့….မဉ္ဇူသကပန်းရနံ့လို့ ယူဆမိတယ်။ ဒါနဲ့….အရှင်သူမြတ်က….တခြားဘာမိန့်သွားသေးတုန်း…..”

“တပည့်တော်မကို….ကံကံ၏အကျိုးနဲ့ပတ်သက်တဲ့တရားဟောပါတယ်ဘုရား…ပြီးတော့ သီလပေးခဲ့ပြီး….အလှူရေစက်လက်နဲ့မကွာ….လှူနိုင်ပါစေလို့….ဆုပေးသွားပါတယ်ဘုရား……”

“အင်း….ဒါကြောင့်….ဒါယိကာမကြီးရဲ့….ထမင်းအိုးဟင်းအိုးတွေဟာ…..ပြန်ပြန်ပြည့်နေတာပဲ…..ကဲ….အဲ့ဒီထမင်းအိုးနဲ့ ဟင်းအိုးကို….အခြေပြုပြီး….ဒါယိကာမကြီး….အလှူလုပ်ချေတော့….ဘုန်းကြီးလည်း….ကျောင်းပြန်ကြွတော့မယ်….ဟုတ်ပြီလား…..”

“တင်ပါ့ဘုရား…..”

အမေပုံလည်း ဆရာတော်ပြန်ကြွသွားသည်နှင့် ဆရာတော်မိန့်မှာခဲ့သည့်အတိုင်း နံဘေးအိမ်မှ လူများကို ခေါ်ကာ ထမင်းများ၊ ဟင်းများ ဝြေခမ်းပေးလေ၏။ လာယူသော လူများကို လူစေ့ပေးပြီးသော်လည်း ထမင်းဟင်းများမှာ ပြည့်မြဲပင်။ ထို့ထက်ထူးဆန်းသည်ကား အမေပုံ၏ စိတ်ထဲမှ မနက်ကို ဘာဟင်းလေးဆွမ်းလောင်းချင်လိုက်တာ၊ လှူချင်လိုက်တာဟု တွေးလိုက်ရုံဖြင့် မနက်ခင်းဆိုလျှင် ထိုဟင်းကား အိုးထဲတွင်အဆင်သင့်ရှိနေ၏။

ထိုနယ်တစ်ကြောတွင် အမေပုံ၏ သတင်းသည် အလွန်မွှေးပျံနေတော့သည်။ သူမ၏ အိမ်အတွင်းမှ ပန်းရနံ့သည်လည်း ဆယ်နှစ်ရာသီမွှေးကြူကာနေ၏။

အမေပုံသည် သူမရဟန်းတော်ကို ဆွမ်းလောင်းလှူခဲ့ချိန်မှ တစ်ပါတ်ပြည့်နေ့၀ယ် ရုတ်တရက် သေဆုံးသွားလေ၏။ သူမသေဆုံးသောအခါ ပန်းရနံ့မှာ တစ်ရွာလုံးကိုပြန်နှံ့မေွးှကြူနေပြီး သူမ၏ ထမင်းအိုး၊ ဟင်းအိုးများမှာမူ ချက်ချင်းပင် ခမ်းခြောက်သွားလေ၏။

ပန်းရနံ့မှာ သူမရက်လည်သည့်နေအထိမွှေးကြူနေပြီး ရက်လည်ညလွန်သော အခါ လုံးဝပျောက်ကွယ်သွားလေတော့သည်။

မှတ်ချက် –

ဤဖြစ်ရပ်လေးသည် ငယ်စဉ်က လူကြီးသူမများ ပြောပြခဲ့သော အကြောင်းအရာကို စိတ်ကူးနှင့်ပေါင်းစပ်ရေးသားခြင်းဖြစ်ပါသည်။ မှားယွင်းမှုများ ရှိခဲ့ပါကကြိုတင်တောင်းပန်အပ်ပါသည်။ ရသစာမူတစ်ပုဒ်အနေဖြင့်သာ ဖတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ။

စာရှုသူအားလုံးကို လေးစားစွာဖြင့်

နောင်ရိုး( ဆေးတပ်)