ရာဂဘီလူး

*မောင်ရေခဲ  နှင့်  ရာဂဘီလူး*📖📖📖

************************

        မနက်စောစောအလုပ်သွားရန်အတွက် ညကတည်းက ပြင်ဆင်ထားရသည်။ ထွေထွေထူးထူးတော့မဟုတ်။ အလုပ်မသွားခင် မိသားစုစားဖို့အတွက် ဟင်းရွက်ကန်စွန်းလှီးသင်ထားခြင်းပင်။ သူမတို့အတွက်ဟင်းရွက်ကန်စွန်းသည်ဖောဖောသီသီရသောသဘာဝလက်ဆောင်ကြီးတစ်ခုပင်။ သူဋ္ဌေးသူကြွယ်မဟုတ်သည့်တိုင် သူ့ဘဝလေးသည် ရှိတာနဲ့ရောင့်ရဲနိူင်သောကြောင့် သူမဘဝကအေးချမ်းလှသည်။
သက်ကယ်မိုးထရံကာ ဝါးအိမ်ကလေးသည် မေတ္တာတရားတို့ကြောင့် အမြဲစိုပြည်ကာ ပျော်စရာအတိ။

” သမီးသဲနု….”

” ရှင့်အမေ….”

” လာပါအုံးကွယ်…အမေနောက်ဖေးသွားချင်လို့အေ…”

မိခင်၏စကားကြောင့် သူမသည် လုပ်လက်စအလုပ်ကိုထားခဲ့ပြီး မိခင်ဆီသို့အပြေးလာခဲ့သည်။

” လာလာအမေ….ဖြေးဖြေးထအုံး…ခြေခေါက်သွားမှာစိုးလို့….”

အောက်ပိုင်းလေဖြတ်ထားသည့်မိခင်အိုကြီးကို ညင်သာစွာဖေးမပြီး အိမ်နောက်ဖေးသို့ တွဲခေါ်သွားခဲ့သည်။
သူမတို့မိသားစုတွင် အိုမင်းမစွမ်းတော့သည့်အဖိုးရယ်၊ခြေထောက်မသန်တော့သည့်မိခင်ကြီးရယ်၊ ဆွံ့အ နားမကြားရှာသည့် ညီမလေးတစ်ယောက်ရယ်သာရှိသည်။ ဤသုံးယောက်စလုံးကိုသူမကသာ ရှာဖွေကျွေးမွေးရသည်။ သို့သော် ထိုအလုပ်သည် သူမအတွက်အပန်းကြီးသည်ဟု ဘယ်သောအခါမှမတွေးခဲ့ဖူးပေ။

       လင်းကြ က်တွန်သံကြားသည်နှင့် သဲနုတစ်ယောက် အိပ်ယာမှညင်သာစွာထပြီး ဖရိုဖရဲဖြစ်နေသောဆံပင်တို့ကို သေသပ်စွာသပ်တင်ကာစည်းနှောင်ထားလိုက်သည်။ ထို့နောက် နိစ္စဓူဝအလုပ်ဖြစ်သောချက်ပြုတ်ခြင်းကိစ္စကို လုပ်လိုက်သည်။

       သဲနုဆိုသည်ကား အသားညိုညိုဖြင့်လုံးကြီးပေါက်လှကာ ရုပ်မချောသည့်တိုင် ရှုကောင်းကြည့်ကောင်းသည်။ သွက်လက်သည်။ အလုပ်ကြိုးစားသည်။ အမိန့်နာခံတတ်သည်။ လူကြီးသူမကိုရိုသေလေးစားသည်။ သို့ကြောင့်သူမကို ချစ်ခင်သူပေါများသည်။ သူမအလုပ်သွားလုပ်သည့်နေရာကား ရွာမျက်နှာဖုံးဖြစ်သည့် တောသူဋ္ဌေးတစ်ဦး၏အိမ်ဖြစ်သည်။ သီးနှံအရောင်းအဝယ်ပွဲရုံဖြစ်ပြီးသိပ်တော့မပင်ပန်းချေ။ ရွာထဲရှိမိန်းကလေးများလည်းထိုပွဲရုံသို့လာ၍လုပ်ကိုင်ကြသည်။

အလုပ်ရောက်သည်နှင့် ကုန်စိမ်းများကို ချိန်တွယ်ထုပ်ပိုးခြင်း၊အပျက်အစီးများဖယ်ရှားခြင်း၊ အဝယ်တော်လက်သို့ပို့ဆောင်ပေးခြင်းတို့လုပ်ရသည်။ တောရွာဆိုသော်ငြားလည်း အချက်အချာကျသောကားလမ်းပေါ်ရွာလေးဖြစ်သဖြင့် ရောင်းဝယ်ဖောက်ကား၍ကောင်းသည်။ လူပေါင်းစုံဝင်ထွက်သည့် တောမကျမြို့မကျနေရာဟုဆိုရမည်ပင်။ သဲနုတစ်ယောက် ပွဲရုံထဲရှိဂေါ်ဖီထုပ်အခွံများကို သယ်ယူဖယ်ရှားနေစဥ် သူဋ္ဌေးသည် ပွဲရုံထဲသို့ဝင်လာပြီး

” ကဲ…အတင်းဘဲတုပ်မနေကြနဲ့ဟေ့….ဒီနေ့ကဝယ်လက်တွေဆီအမြန်ပို့ပေးရမဲ့ဟာများတယ်…သွက်သွက်လက်လက်လုပ်ကြ…ဒါနဲ့ သဲနုလေးကိုမတွေ့ပါလား…”

လူပျိုကြီး သူဋ္ဌေးကိုခမ်းကထိုသို့ဆိုလာသဖြင့် ကျန်မိန်းကလေးများသည် ထိုသူအားမသိမသာမျက်စောင်းချိတ်လိုက်ကြ၏။ ခပ်စွာစွာရှိလှသော ခင်အုံးက

” အမလေး…ရှိပါ့တော်..ရှိပါ့….ဒီမှာရှိနေတဲ့သူတွေကျမမြင်ဘဲ မရှိတဲ့သူဘဲမေးနေတော့တာ ကိုခမ်းက…”

” ဟဲဟဲ…ဒါကတော့ကွာ….မတွေ့လို့မေးမိတာပေါ့ကွ…”

လူပျိုကြီး ကိုခမ်းက အောက်သွားမရှိတော့သည့်နွားလိုရှက်ကိုးရှက်ကန်းဖြင့် တဟဲဟဲရယ်ရင်း ပွဲရုံထဲမှထွက်သွားလေသည်။ ထိုအခါ ပွဲရုံထဲရှိမိန်းမအုပ်က

” အမလေးတော်….မိသဲနုကတော့ကောင်းစားအုံးမယ်ဟေ့….လူပျိုကြီးကတော့ ည ည်းကိူသဘောခွေ့နေပြီ…”

ဟု သဲနုကြားအောင်ခပ်ကျယ်ကျယ်အော်ပြောလိုက်၏။ ထိုအခါ သဲနုလည်း

” အမလေးမကြီးခင်အုံးရယ်….သူ့ကိုယူမဲ့အစားခွေးကိုသာအမြီးဖြတ်ပြီးယူပစ်လိုက်ချင်ရဲ့အေ….”

” ဟားဟားဟား…. “

” ဝါးဟားဟား….”

သဲနုစကားကြောင့် ပွဲရုံထဲရှိလူများပွဲကျသွားကြကုန်၏။ ထိုအခါ မခင်အုံးက

” ညည်းအေ…ဟိုစကားပုံလိုပေါ့ သွားမပါ ကားပါပြီးရော ဆိုသလိုပေါ့… သူ့မှာအရာရာပြည့်စုံပြီး ညည်းကိုလိုလေးသေးမရှိအောင်ထားမှာအေ့…ညည်းစိတ်ကူးမလွဲနဲ့ဟဲ့….”

” အဲလို့ဆိုလည်းမကြီးခင်အုံးသာ ယူလိုက်ပါတော့လားအေ….”

” ကျုပ်ကယူချင်ရဲ့… ဟိုက ကျုပ်ကိုဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင်မထင်လို့ခက်တာပေါ့အေ့….”

” ဟားဟားဟား…. “

” ဟားဟားဟား…. “

မကြီးခင်အုံးစကားကြောင့် ပွဲရုံထဲရှိလူများက ဒုတိယမ္ပိ ထပ်မံပွဲကျသွားပြန်၏။ သဲနုငြင်းလည်းငြင်းချင်စရာပင်။ ကိုခမ်းဆိုသည့်လူကြီးသည် အရပ်ကလန်ကလားရှိပြီး လူကပိန်ညှောင်မဲခြောက်ကာ ကြာကြာကြည့်လျှင် ကမ္မဋ္ဌာန်းရုပ်ပင်ပေါက်နေသည်။ မျက်နှာမှာလည်း ကျောက်ပေါက်မာ ချိုင့်ခွက်ကြီးများကအပြည့်။ သွားကလဲခေါသေးသည်။ ထိုအချက်ဘဲလားဆိုမဟုတ်။ အသက်ကလည်း ၅၀စွန်းနေချေပြီ။ သို့သော် စီးပွားအရှာကောင်းသောကြောင့် လူတိုင်း၏ပါးစပ်ဖျား၌ သူဋ္ဌေးလေးကိုခမ်းနာမည်က နူတ်မှမချချင်ကြချေ။

         သဲနုသည်ကား မိသားစုဝမ်းရေးကြောင့် ကိုခမ်း၏ပွဲရုံအလုပ်အား လာလုပ်နေရခြင်းပင်။ ကိုခမ်းဆိုသူ၏ သူ့အပေါ်ကြည့်သောအကြည့်တို့သည် မရိုးသားချေ။ တဏှာခိုးဝေနေသည့်အကြည့်မျိုးပင်။ ထိုအကြည့်မျိုးကို သဲနုကမကြိုက်။

” ဟယ်…အလုပ်လုပ်ခိုင်းတာ…ဘယ်နှယ့်တဟားဟားရယ်မောနေကြတာလဲ…ဒီနေ့အဲဒါတွေအကုန်မပြီးရင် ညပါအလုပ်ဆင်းရမယ်မှတ်….”

ဘယ်ကတည်းကရောက်နေသည်မသိသော သူဋ္ဌေးကိုခမ်းကြောင့်အားလုံး ကိုယ်ရှိန်သတ်ကြကာ ကိုယ့်အလုပ်ကိုယ်အာရုံစိုက်လိုက်ကြသည်။ ကိုခမ်းက ပွဲရုံအထဲပိုင်းထိဝင်လာပြီး

” ဟေ့…သဲလေး…ပင်ပန်းနေပြီလားကွဲ့….”

” ဖြန်း….”

ဆိုကာသဲနု၏တင်ပါးအား ဖြန်းခနဲရိုက်လိုက်သည်။

” ဟင်….”

” ဟာ….”

ထိုမြင်ကွင်းကြောင့်ပွဲရုံထဲရှိသူများမှာ အာမေဋိတ်သံများကိုယ်စီထွက်သွားကြ၏။ သဲနုမှာတင်ပါးအရိုက်ခံရသောကြောင့် ရှက်ကာ ပါးပြင်နှစ်ဖက်လုံးထူပူလာသည်။ သို့သော် စိတ်ကိုထိန်းကာ ပြုံးလိုက်ပြီး

” မ…မပင်ပန်းပါဘူး ကိုခမ်း…”

” သဲလေးပင်ပန်းရင်ပြောနော်…ကိုခမ်းကသဲလေးအတွက် ကော်ဖီဖျော်လာပေးမယ်….”

” ဟို…မ…မလိုပါဘူးရှင့်…သဲနုကော်ဖီလည်းမကြိုက်ပါဘူး….”

သဲနုကထိုသို့သာဆိုပြီး ဂေါ်ဖီထုပ်အပုပ်များထည့်ထားသောခြင်းတောင်းကြီးကိုသယ်ကာ အပြင်သို့ထွက်လာခဲ့လိုက်သည်။ ကိုခမ်းသည် သဲနု၏ကျောဘက်အလှအား ဝအောင်ကြည့်ပြီး နှုတ်ခမ်းကိုသပ်လိုက်သည်။ ပြီးနောက်လူစုဘက်လှည့်လာကာ

” ညည်းတို့ဘာကြည့်ကြတာလဲ…ကိုယ့်အလုပ်ကိုအာရုံစိုက်ကြ…”

ဟုဆိုပြီးပွဲရုံအတွင်းမှထွက်သွားလေသည်။ ထိုအခါပွဲရုံထဲမှကြွက်စိကြွက်စိအသံများထွက်လာတော့သည်။

” အမလေး နှာဘူးကြီးအေ….”

” ဟုတ်ပါ့အေ…ကိုယ့်သမီးကိုယ့်နှမအရွယ်မိန်းကလေးကို ဒီလိုထိကပါးရိကပါးလုပ်စရာလား…”

” သဲနုနေရာမှာ ငါသာဆိုအဲကောင်ပါးရိုးကျိုးပြီဘဲ ….”

” ဟုတ်ပါ့အေ…”

မိန်းကလေးတစ်စုမှာ ညီအစ်မချင်းကိုယ်ချင်းစာစိတ်ကြောင့် ကိုခမ်းအားဒေါသူပုန်ထသွားကုန်၏။

” ဘုန်း….”

သဲနုလည်း ခြင်းတောင်းကြီးကိုကြမ်းပေါ်ပစ်ချလိုက်ပြီး

” သေနာကြီး…မသာကြီး…လူကိုထိကပါးရိကပါးနဲ့…. ငါ့မိသားစုဝမ်းရေးသာမဟုတ်ရင် ပါးရိုးကျိုးအောင်ပြန်ရိုက်ပစ်မှာ….မိသားစုအရေးကြည့်နေရလို့ငြိမ်နေတာကို အကောင်းမှတ်နေတယ်…ထွီး….”

ဟုမကျေမနပ်ဆိုလေ၏။ ဤသို့ဖြင့်မကြာခဏဆိုသလို သူဋ္ဌေးကိုခမ်းသည် သဲနုအား လူမြင်ကွယ်တွင်လည်းကောင်း၊လူ့မြင်ကွင်းတွင်တဖုံဖြင့် ထိကပါးရိကပါးလုပ်ကာ တဏှာစက်ကွင်းကိုသက်ဆင်းနေလေ၏။ သဲစု၏မိဘများကိုလည်း ချော့မော့၍လည်းကောင်း၊ခြိမ်းခြောက်၍တဖုံဖြင့် သဲနုအားသူနှင့်ပေးစားရန်အမျိုးမျိုးကြိုးစားလေ၏။

” သမီးလေးရယ်….အမေဖြင့် အဲမျက်နှာရူးကြီးကို ကြည့်မရပါဘူးအေ….အဲအလုပ်ကထွက်လိုက်စမ်းပါအေ….”

” အို…အမေရယ်…သမီးလည်းအဲတဏှာရူးကြီးကို မျက်မုန်းကျိုးနေတာပါဘဲ…ဒါပေမဲ့အမေရယ်…မိသားစုဝမ်းရေးနဲ့အငယ်လေးရဲ့နောင်ရေးကရှိသေးတယ်မလားရှင့်….”

” ဒါတော့ဒါပေါ့သမီးလေးရယ်….”

ထိုအချိန်မျိုးတွင် မိခင်ဖြစ်သူမှာသဲနုကိုဂရုဏာသက်သည့်အကြည့်ဖြင့်သာနှစ်သိမ့်ရုံကလွဲပြီးဘာမှမတတ်နိူင်ခဲ့။

       လာမည့်နှစ်တွင် အငယ်လေးအား ဆေးရုံဆေးခန်းကောင်းကောင်းပြရန်အတွက် သဲနုသည် နေမကောင်းသည့်တိုင် ခွင့်မယူဘဲ အလုပ်ဆင်းလေ၏။ သူဋ္ဌေးသည် သဲနုအား သူ့အိမ်ထဲခေါ်ပြီး

” သဲနုလေး….သဲနုလေးကိုကိုယ်ပြောစရာရှိတယ်.. “

” ဟုတ်ပြောလေကိုခမ်း….ဒီနေ့သဲနု ငရုတ်သီးအမှည့်နှင့်အစိမ်းကိုခွဲရမယ်မလား….”

” နေပါအုံးကလေးရယ်…အလုပ်ကိစ္စကိုခေါင်းထဲခနထုတ်ထားလိုက်စမ်းပါ….”

” ဟုတ်…ဟုတ်ကဲ့…”

သူဋ္ဌေး၏စကားကြောင့် သဲနုလည်းခေါင်းငုံ့ပြီးပြန်ဖြေလိုက်၏။ ကိုခမ်းကသဲနုအနားလာပြီး သဲနု၏မေးစေ့ကိုအသာကိုင်ကာ

” သဲလေး…ကိုယ့်အချစ်ကိုလက်ခံပေးပါလား….သဲလေးမိဘကိုလည်းမကြောင့်မကျနဲ့ကိုယ်ထားပါ့မယ်…သဲလေးရဲ့ညီမကလေးကိုလည်းဆေးရုံဆေးခန်းကောင်းကောင်းပြပေးမယ်လေ…”

သဲနုလည်းကိုခမ်း၏လက်အားပုတ်ချလိုက်ပြီး

” ရှင့်လက်ကြီးနဲ့ကျုပ်အသားလာမထိနဲ့…..ရှင့်ကိုလည်းလက်မထပ်နိူင်ဘူး…ကျုပ်မိဘကိုလည်းကျုပ်လုပ်ကျွေးန်ိုင်တယ်…ကျုပ်ညီမလေးကိုလည်း ကျုပ်ဆေးကုပေးနိူင်တယ်….ရှင့်အထောက်အပံ့မလိုဘူး…”

” ဟားဟားဟား.. ဟားဟားဟား…. လူနေချုံကြား စိတ်နေဘုံဖျားပါလားအေ့…..အေး…ကျုပ်ကလည်းအဲဒါလေးကိုကြိုက်နေတာခက်တယ်…ကျုပ်ကလိုချင်တာကိုရအောင်လုပ်တတ်တယ်ဆိုတာမှတ်ထားကလေးမ…ဟားဟားဟား…. “

ဆိုကာသဲနုအားသိုင်းဖက်ရန်ပြင်၏။ ထိုအခါ သဲနုက အသာရှောင်လိုက်ပြီး

” တဏှာရူးကြီး….ရှင်ကျုပ်ကိုရမယ်မထင်နဲ့….ခွေးကောင်ကြီး….”

” ဖြန်း….ဖြန်း….”

သဲနုက အားပါပါရိုက်ထည့်လိုက်ရာ လူညှက်ကလေးကိုခမ်းမှာ ဟိုဘက်သည်ဘက်လည်သွားလေ၏။ သဲနုကထိုလူ၏ပါးကိုဘယ်ပြန်ညာပြန်ရိုက်ပြီး အိမ်ထဲမှဒေါသတကြီးပြေးထွက်သွား၏။

” တောက်! ခွေးမ….နင်ငါ့အကြောင်းကောင်းကောင်းသိစေရမယ်…ဟားဟားဟား…. “

ကိုခမ်းမှာမျက်လုံးမီးတောက်မတတ်သော အကြည့်ဖြင့်သဲနု၏ကျောပြင်အားတဆုံးကြည့်ပြီး အငြိုးတကြီးရေရွတ်လိုက်၏။

      ဤသို့ဖြင့် သဲနုတစ်ယောက်ပွဲရုံရောက်မလာသည်မှာ (၆) ရက်ပင်ရှိခဲ့ချေပြီ။ လုပ်ဖော်ကိုင်ဘက်များက အကြောင်းအရင်းအမှန်ကိုမသိကြသဖြင့် သဲနုအားအလုပ်လာစေချင်ကြ၏။

” မိသဲနုတစ်ယောက်တော့ အလုပ်ကောင်းတွေ့ထားလို့လားမသိ….ကျုပ်တို့ဆီတောင်ပေါ်မလာတော့ဘူးအေ….”

” မဖြစ်နိုင်တာအေ….ဒီကလေးမနေများမကောင်းလို့လားမသိ….မစွယ်စုံရေ…ညည်းအိမ်နဲ့လမ်းသင့်တယ်မလား ညနေအလုပ်ပြန်ရင် ဝင်ပြီးစနည်းနာကြည့်ပါအုံးအေ့…”

” အေးပါဟယ်…ညနေကျငါဝင်မေးလိုက်မယ်….”

မစွယ်စုံကားတခြားသူမဟုတ်။ မခင်အုံးကို နာမည်ပြောင်ပေးထားခြင်းဖြစ်သည်။

        မခင်အုံးလည်း ညနေအလုပ်ပြန်ချိန်၌ သဲနု၏အိမ်သို့ဝင်ခဲ့၏။

” သဲနု…သဲနုရေ…ကောင်မ…အလုပ်မလာတာပြီနော်…ညည်းနေမကောင်းဘူးလားအေ့….”

” သမီးပြန်မရောက်သေးဘူးတူမကြီးရေ….အိမ်ထဲလာပါလည်အုံးလေ….”

” ဪကြီးကြီး…သဲနုရှိတယ်အောက်မေ့လို့တော့….သူဘယ်သွားတာလဲ…. အလုပ်မလာတာကြာလို့နေများမကောင်းဘူးထင်လို့သတင်းလာမေးတာအကြီးရဲ့…”

မခင်အုံးက သဲနုပြန်မရောက်သေးဘူးဆိုသောကြောင့် အပေါက်ဝတွင်သာပြူတစ်ပြူတစ်လုပ်ကာ လှည့်ပြန်သွား၏။

” သဲနုမရှိရင် သမီးပြန်ပြီကြီးရေ…သမီးလာသွားတယ်ပြောပေးအုံးနော်…”

” အေးအေးတူမကြီး….”

        ခမ်လှမ်းလှမ်းအရောက်တွင် သဲနုတို့အိမ်ဘက်သို့ ဦးတည်လာနေသည့် လူတစ်ယောက်ကိုတွေ့လိုက်ရသဖြင့် မခင်အုံးလည်း လမ်းဘေးချုံအကွယ်တွင်အသာဝင်လိုက်ပြီး ထိုလူအား မျက်မှန်းတန်းမိသလိုရှိသဖြင့် ဆက်၍ကြည့်နေ၏။

” ဒီလူက ဟိုမျက်နှာရူးကြီးဘဲ…ဒီကောင်ကသဲနုအိမ်ကိုဘာလာလုပ်တာလဲ…ငါမှန်းတာမလွဲရင် သဲနု အလုပ်မလာတာသူ့စနက်ကြောင့်ဖြစ်မယ်…”

မခင်အုံးက တကိုယ်တည်းပြောပြီး စက်ဘီးကိုအသာတွန်းကာ ထွက်လာခဲ့လိုက်၏။

          လူတစ်ယောက်သည် အထုပ်အပိုးတို့ဖြင့် တဲအိမ်ကလေးထဲသို့ ကိုယ်ကိုရို့ကာ ဝင်သွား၏။

” ဟာ…သူဋ္ဌေးလေး…ကြွပါရှင့်ကြွပါ…”

ဒေါ်အုံးကြည်က ဧည့်သည်အား လောကွတ်ချော်ကာ နေရာထိုင်ခင်းပေး၏။ ထိုလူသည် အိမ်ရှေ့ရှိကလေးမအား ကော်ပတ်ရုပ်တစ်ခုပေးလိုက်ရာ ကလေးမမှာမျက်နှာရွှင်ပျသွားပြီး အလွန်ပျော်ရွှင်သွား၏။
ထို့နောက် ကျန်အထုပ်အား ဒေါ်အုံးကြည်၏အရှေ့သို့ချကာ

” ကျုပ်ဒီနေ့မြို့တက်လို့ အဒေါ်တို့အတွက် လက်ဆောင်ဝယ်လာခဲ့တာပါအဒေါ်…”

” မဟုတ်တာသူဋ္ဌေးလေးရယ်….ဒေါ်ဒေါ်တို့အတွက်တကူးတကဘာမှဝယ်မလာပါနဲ့ အားနာလွန်းလို့ပါရှင်… “

” အားနာရမဲ့လူတွေမှမဟုတ်တာအဒေါ်ရယ်…မကြာခင်…. ဟဲဟဲ…”

ထိုလူကသူ့စကားနဲ့သူသဘောကျပြီး အမြင်ကပ်ဖွယ်တဟဲဟဲရယ်နေ၏။ ထိုလူဘာကိုဆိုလိုသည်ကို သိသဖြင့်ဒေါ်အုံးကြည်နှင့်ဖခင်ဖြစ်သူမှာ မျက်နှာပျက်သွား၏။ ထိုဧည့်သည်မှာ သတိမထားမိဘဲ အိမ်သေးသေးလေးထဲ၌ တစ်ယောက်ယောက်ကိုရှာနေသကဲ့သို့ ကျီးကန်းတောင်းမှောက်ကြည့်နေ၏။

” သဲနုကော…မတွေ့ပါလားဒေါ်ဒေါ်…သူအလုပ်မလာတာကြာလို့ကျုပ်ကစိတ်ပူနေတာ….”

ဟုဆိုလေရာ ဒေါ်အုံးကြည်လည်း

” ဟို…သမီးလေးက ရွာထဲခနသွားခဲ့တယ်ရှင့်.. ခနနေပြန်ရောက်မှာပါ…”

” သူပြန်ရောက်ရင် ဒါလေးပေးပေးပါဒေါ်ဒေါ်….ရောက်လက်စနဲ့ဒေါ်ဒေါ်တို့ကိုကျုပ်မေးစရာရှိတယ်…”

” ဪမေးလေသူဋ္ဌေးလေး….”

” သဲနုမှာ ရည်ငံရတဲ့သူရှိပြီလား…. မရှိရင် ကျုပ်နဲ့လက်ဆက်ပေးဖို့ဒေါ်ဒေါ်တို့ကိုပြောချင်တယ်”

ထိုစကားကိုအားမနာလျှာမကျိုး ဆိုလာသဖြင့် ဒေါ်အုံးကြည်မှာ ပြန်ဖြေရခက်သွား၏။

” ဪ…ဒီ…ဒီကိစ္စက ဒေါ်ဒေါ်တို့ဆုံးဖြတ်လို့မရပါဘူးကွယ်…သမီးလေးရဲ့သဘောဆန္ဒကိုမေးကြည့်ရမှာပါ…သူ့သဘောဆန္ဒကိုသာဒေါ်ဒေါ်တို့လက်ခံရမှာပါကွဲ့…..”

ထိုအဖြေကြောင့် ဧည့်သည်မှာမျက်နှာထားတင်းသွားပြီး ချက်ချင်းပြန်ပြင်လိုက်ကာ

” ဪဟုတ်ကဲ့ပါဒေါ်ဒေါ်…ဒါဆိုကျုပ်ကိုခွင့်ပြုပါအုံး….”

” အေးအေးသူဋ္ဌေးလေး….”

ဧည့်သည်မှာ ဆောင့်ကြီးအောင့်ကြီးဖြင့် တဲအိမ်လေးထဲမှထွက်သွားလေ၏။ ထိုအချိန်အိမ်နောက်ဘေးမှ သဲနုသည်အိမ်ပေါ်သို့တက်လာခဲ့၏။

” ဒါကဘာတွေလဲအမေ….”

” ဟိုမျက်နှာရူးကြီးလာပေးသွားတာသမီးရေ…..သူကသမီးကို…..”

” သမီးအကုန်ကြားတယ်အမေ…ကိုယ့်နှမကိုယ့်သမီးအရွယ်ကိုသူကမှအရှက်မရှိလာပြောရဲတယ်…ပေးအကုန်မီးပုံရှို့ပစ်မယ်…ပေးစမ်းအဲအရုပ်ကော….”

သဲနုမှာဒေါသထွက်သွားပြီး လက်ဆောင်အိတ်ကိုရော ညီမဖြစ်သူ၏လက်မှကော်ပတ်ရုပ်ပါယူပြီး မီးဖိုထဲသို့ပစ်ထဲ့လိုက်၏။ ကလေးမလေးမှာ အရုပ်မရှိတော့သဖြင့်ငိုမဲ့မဲ့ကလေးဖြစ်သွား၏။

        ထိုအဖြစ်ပျက်များဖြစ်သွားပြီး တစ်နှစ်ခန့်အကြာ၌သဲနုသည် ခြံထွက်ကုန်စိမ်းဆိုင်ကလေး တဆိုင်ဖွင့်နိူင်ခဲ့၏။ ကိုခမ်း၏ပွဲရုံကား အရင်က ကဲ့သို့ပင်စည်ကားမြဲဖြစ်၏။

သဲနုသည် ချည်ပေါင်ရွက်အား တပွေ့တပိုက်ကြီး ပွေ့လာကာ စည်းနှောင်ရန်အတွက် အိမ်ရှေ့သို့ထွက်လာခဲ့သည်။

” အမလေး….အမေ့….”

ထိုစဥ်ခေါင်းတစ်ခုလုံးမူးခနဲမိုက်ခနဲဖြစ်သွားပြီး ရုတ်တရက်ဆောင့်တွန်းလိုက်သလိုဖြစ်သွားသဖြင့် ရှေ့တကိုက်ခန့်သို့ မှောက်လဲသွား၏။ ချည်ပေါင်ရွက်တို့ကားမြေပေါ်တွင်ပြန့်ကျဲလျှ​က်။ အိမ်ရှေ့တွင်ဆော့နေသော ကလေးမသည် အစ်မဖြစ်သူမှောက်လဲသည်ကိုမြင်လျှင် စကားမပြောတတ်သည့်တိုင် ဝူးဝူးဝါးဝါးအသံပြုကာ အကူညီတောင်းလေ၏။

” အား…ဝေး….ဝူး….”

” ဟာ…သဲစု…ဘာဖြစ်တာလဲ… ဘာဖြစ်တာလဲ…”

သမီးငယ်၏အော်သံကြောင့် ဒေါ်အုံးကြည်မှာ တစ်ခုခုဖြစ်သည်ထင်သွားပြီး စိတ်ပူသွား၏။ သို့ကြောင့်ဖင်တရွတ်တိုက်သွားပြီး အိမ်ရှေ့သို့ထွက်လာခဲ့၏။

” ဟာ…သမီး…သဲနု… သဲနု….ဘာဖြစ်တာလဲ…. “

” အုံးကြည်…ငါ့မြေးလေးဘာဖြစ်လို့လဲ….”

သဲနု၏အဖိုးဖြစ်သူပါစမ်းတမ်းဝါးတမ်းလုပ်ကာ အိမ်ရှေ့သို့ထွက်လာခဲ့၏။

” အင်း….အဲ…”

မိခင်တို့၏အသံကြောင့် သဲနုမှာ သတိရလာပြီး အင်းအဲအသံပြု၏။

” သမီးလေး…သဲစု…ညည်းအစ်မကိုဆွဲထူစမ်း….”

” အ..အမေ…အဖိုး….”

သဲနုထလာပြီးဖုန်ခါကာ မိခင်ကိုအိမ်ထဲတွဲခေါ်လာ၏။ အဖိုးဖြစ်သူကားတုတ်ကောက်ကိုအားပြုကာ အိမ်ထဲလိုက်ဝင်လာ၏။

” ဘယ်လိုဖြစ်ရတာလဲသမီးရယ်…”

” မသိပါဘူးအမေရယ်….သမီးကိုတစ်ယောက်ယောက်ကအနောက်ကနေတမင်တွန်းလိုက်သလိုဘဲ….”

” အေးပါကွယ်… မိဘမောင်နှမအပေါ်သိတတ်တဲ့ငါ့မြေးလေး နတ်ကောင်းနတ်မြတ်တွေစောင့်ရှောက်ပါစေကွယ်….”

တစ်ယောက်နှင့်တစ်ယောက် နှစ်သိမ့်ရင်း အချင်းချင်းဖေးမကူနေကြ၏။

” အူးဝူး…..ဝူး…..”

” ဝူး….ဝုတ်….ဝုတ်….”

” ဂီး….ဂါး…..”

ညနေမှောင်ရီတရောအချိန်၌ လမ်းဘေးခွေးတသိုက်သည် သံရှည်ဆွဲအူကြ၊တစ်ကောင်နှင့်တစ်ကောင်မာန်ဖီကြကာ သဲနုတို့အိမ်ရှေ့သို့ရောက်လာကြ၏။ ဒေါ်အုံးကြည်က

” ဟယ်ဒီခွေးတွေ …..ဘယ်နှယ့် အိမ်ရှေ့မှာလာပြီးရန်လိုနေကြတာလဲ…သဲနု..သမီးသွားပြီးရေနဲ့ပက်ထုတ်လိုက်စမ်းအေ….”

ဘုရားရှိခိုးနေသည့် ဒေါ်အုံးကြည်က အာရုံမရတော့သဖြင့် သဲနုအား ခွေးများကိုရေဖြင့်ပက်ထုတ်ခိုင်းလိုက်၏။ သဲနုလည်း ရေဇလုံကိုကိုင်ပြီးထွက်လာရာ ခွေးတစ်အုပ်သည် အမဲသားအနံ့ရလိုက်သည််နယ် အလုအယက်​ပြေးလာပြီး သဲနုအား ဝိုင်းဆွဲကြကုန်၏။

” အား…အမေရေ….”

” ဝုတ်….”

” ဂီး….”

” ဂါး…”

” ဟဲ့ခွေးတွေ…အမလေး…သမီးလေး…ဟဲ့ခွေးတွေသွားစမ်း….”

” အမေရေ…အီးဟီးဟီး…. “

“ဝု….”

” အီး….”

ဒေါ်အုံးကြည်က ပရိတ်ရေထည့်ထားသောရေဖြင့်ပက်လိုက်ရာ ခွေးအုပ်မှာကျောက်တုံးဖြင့်ထုခံရသည့်နှယ် တအီအီလုပ်ရင်း ထွက်ပြေးပျောက်ကွယ်သွားကြ၏။

” ဟယ်သွေးတွေနဲ့ပါလားသမီးရယ်….မဖြစ်ဘူး…သဲစု…သဲစု…ပရိတ်ရေဘူးယူလာစမ်းအေ…”

ပရိတ်ရေဘူးရောက်သည်နှင့် အနည်းငယ်တိုက်လိုက်၏။

” အဟွတ်…အဟွတ်…. “

” ဖြေးဖြေးသမီး….ဒဏ်ရာတွေအတော်နက်သွားပုံဘဲ…ထနိူင်လားသမီးလေး….အိမ်ထဲဝင်…အိမ်ထဲဝင်…”

သဲနုမှာညီမငယ်သဲစု၏လက်ကိုအားပြုပြီး ထလာခဲ့၏။ ပေါင်တစ်ဘက်နှင့် ညာဘက်လက်ဖမိုးစုတ်ပြတ်သွားပြီး အရိုးဖြူဖြူပါမြင်နေရ၏။

” နာတယ်အမေရယ်…သမီးအရမ်းနာတယ်…အီး.ဟီး…ဟီး…..”

” အေးပါသမီးရယ်….သဲစု…အဖိုးဆီက ဓာတ်မီးယူပြီး ဗိန္ဓောဆေးဆရာကြီးဦးလှဖေကိုပင့်ခဲ့ချေ….”

သဲစုလည်းခေါင်းညိတ်လိုက်ကာ ဆေးဆရာအိမ်သို့အပြေးသွားလိုက်၏။ နာရီဝက်အကြာ၌ သဲစုနှင့်အတူ ဗိန္ဓောဆေးဆရာပါလာ၏။

” အရိုးတောင် ပေါ်နေတာဘဲ…ဘယ်လိုဖြစ်ရသလဲနှမရယ် …”

” အီးဟီး…ဟင့်ဟင့်….ကျုပ်အသုံးမကျတာပါဆရာရယ်…သမီးလေးကို အိမ်ရှေ့လာထိုးဟောင်နေတဲ့ခွေးလေခွေးလွင့်တွေကိုရေနဲ့ပက်ခိုင်းလိုက်မိတာပါ…”

ဒေါ်အုံးကြည်က သမီးငယ်၏အဖြစ်ကိုကြည့်ပြီး မိမိကိုယ်ကိုအပြစ်တင်နေရှာ၏။ ဆေးဆရာကြီးက

” ကျုပ်အတွေ့အကြုံအရပြောရရင် ဒီခွေးတွေဟာရိုးရိုးခွေးတွေဟုတ်ဟန်မတူဘူးနှမ… “

” ကျုပ်နားမရှင်းပါလားဆရာရယ်…”

” နှမ ကပရိတ်ရေပါတဲ့ရေနဲ့ပက်ထုတ်တော့ နာနာကျင်ကျင်အော်ညည်းပြီးထွက်သွားကြတယ်ဟုတ်စ…”

” ဟုတ်ပါတယ်ရှင့်…”

” အေး…ကျုပ်လည်းဒီအချက်ကိုကြည့်ပြီး သာမန်ခွေးမဟုတ်ဘဲ အပမှီထားတဲ့ ခွေးတွေဆိုတာအတပ်ပြောနိူင်တယ်…မနက်လင်းရင်တော့ အထက်ဆရာတွေရှာပင့်ပြီး ပရောဂဟုတ်မဟုတ်စစ်ချေတော့နှမငယ်…နှမရဲ့သမီးဖြစ်ပုံကကျုပ်ဉာဏ်နဲ့လိုက်မမှီတဲ့ကိစ္စဖြစ်နေတယ်…ဒီညတော့ခွေးဆိပ်တက်ပြီးတညလုံးဖျားနေလိမ့်မယ်…ရော့ဒီဆေးကိုယူထား…ဒီဆေးကရှာပါးဆေးပင်တွေနဲ့ဖော်စပ်ထားတဲ့အတွက် ခွေးဆိပ်ကိုထိန်းထားနိူင်တယ်….ရေနွေးပူပူနဲ့ဖျော်ပြီးဝင်အောင်တိုက်ချေ….ဒဏ်ရာအတွက်ကျုပ်ဆေးနဲ့ကျပ်ကူထုပ်ပေးထားလိုက်မယ်….မသက်သာရင် ကျန်းမာရေးမှူးဆီပြချေနှမ….”

” ဟုတ်ကဲ့ပါဆရာရယ်….ညဘက်ကြီးကြွခဲ့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်…ခြေကြွခဘယ်လိုယူပါသလဲရှင်…”

” နေနေ နှမ…ကျုပ်ခြေကြွခမယူတော့ဘူး…ကျုပ်တစ်ခုသတိပေးခဲ့မယ်…ညကြီးအချိန်မတော် အရေးကြီးငယ်ကိစ္စမရှိဘဲ အပြင်မထွက်မပါနဲ့…ကဲ…ကျုပ်လည်းပြန်လိုက်အုံးမယ်နှမ…. “

” ကျေးဇူးကြီးလှပါတယ်ရှင်…”

ဒေါ်အုံးကြည်မှာ ဆေးဆရာအား ဦးအကြိမ်ကြိမ်ချမိနေတော့၏။ ထိုည၌တညလုံး အနာရှိုန်ကြောင့်လည်းကောင်း၊ခွေးဆိပ်တက်သောကြောင့်လည်းကောင်း သဲနုမှာ တဟင်းဟင်းဖြင့် ခြစ်ခြစ်တောက်ပူကာအပြင်းဖျားတော့၏။ ထိုည၌ အဖိုးရော၊မိခင်ပါတညလုံးမအိပ်ဘဲ မိုးမြန်မြန်လင်းဖို့သာဆုတောင်းနေမိ၏။

” သဲနု… ညကဘယ်ကမှန်းမသိတဲ့ခွေးတွေ ဝိုင်းကိုက်တာခံရလို့တဲ့တော်….”

” ဟင်..ဟုတ်လား…သူကဘယ်သွားလို့ခွေးကိုက်ခံရတာလဲ….”

” သူ့အိမ်ရှေ့အပေါက်ဝထိလာကိုက်တာတဲ့တော်ရေ….ဆေးဆရာကြီးပြောသွားတာတော့ခွေးကရိုးရိုးခွေးမဟုတ်ဘူးဆိုလားဘဲတော့…”

” ဒဏ်ရာတွေရသွားသေးလားတော့…”

” ညာဘက်လက်ဖမိုးစုတ်ပြတ်ပြီး ပေါင်ဆိုရင်အထဲကအရိုးပါမြင်နေရသတဲ့တော်….”

” အမလေး…ကျွတ်…ကျွတ်….ဖြစ်ရလေသဲနုရယ်….”

” ညအလုပ်ပြန်ရင် သဲနုလေးဆီဝင်ရအောင်ဟယ်…”

” အေးဝင်ကြမယ်…ဟိုမှာဟိုမှာ မျက်နှာရူးကြီးလာပြီ…စကားစဖြတ်လိုက်တော့…”

ကိုခမ်းဝင်လာသဖြင့် အလုပ်သမတစ်စုစကားစဖြတ်ရင်း အလုပ်ဆက်လုပ်နေကြ၏။

” ဟဲ့ညည်းတို့ရဲ့သူငယ်ချင်းသဲနု…ခွေးဆွဲခံရလို့ဆိုခင်အုံးမ….”

” မသိပါဘူးတော်…ကျုပ်တို့အလုပ်တောင်မအားလို့ဘယ်သတင်းမှနားမစွင့်အားဘူးရှင့်….”

” ဟင်းဟင်း…. ငါ့ကိုမခန့်လေးစားမလုပ်ကြနဲ့ ငါလုပ်လိုက်ရင်နင်တို့အသက်နှင့် ခန္ဓာအိုးစားကွဲသွားမယ်…”

ကိုခမ်းမှာထိုသို့တဗြစ်တောက်တောက်လာလုပ်ပြီး မျက်နှာ၌ကျေနပ်သောအမူအရာတို့အထင်းသားပေါ်နေ၏။ ကိုခမ်းထွက်သွားလျှင်မကြီးခင်အုံးက

” သူများဒုက္ခရောက်တာကိုပျော်နေတဲ့မျ​က်နှာရူးကောင်….”

” ဟုတ်ပါ့ အမြင်ကိုကပ်တယ်…”

        နောက်နေ့၌ မကြီးခင်အုံး၏အဆက်အသွယ်ကြောင့် ပရောဂဆရာကိုအိမ်သို့ပင့်လိုက်၏။ ပရောဂဆရာလည်း အိမ်၌အတိုက်ရှိကြောင်းပြောပြီး လိုအပ်သည်များလုပ်ပေးခဲ့၏။ အစွဲရှင်အားလည်း နောက်နောင်မလုပ်တော့ရန် ပြောဆိုပြီး သစ္စာရေတိုက်လွှတ်လိုက်၏။ ပရောဂဆရာကုပေးလိုက်ရာ ဒဏ်ရာမှအတော်အသင့်သက်သာသွား၏။ သို့သော်အရှင်းပျောက်သည်တော့မဟုတ်။ ထိုကိစ္စဖြစ်ပွားပြီး နှစ်လအကြာ၌ သဲနုသည် ကန်စွန်းရွက်ခူးရင်းခြေဖဝါးအားညှောင့်စူးပြန်၏။ ခွေးကိုက်ထားသည့်ဒဏ်ရာကလည်းမပျောက်သေးချေ။ သို့သော် မိသားစုဝမ်းရေးလည်းရှိသေးသဖြင့် အနာကိုမေ့ထားကာ လောကဓံကိုခါးစီးခံခြင်းဖြစ်၏။ ထိုကဲ့သို့ကံဆိုးမသွားရာ မိုးလိုက်၍ရွာလေရာ သဲနု၏မိခင်မှာ သမီးစိတ်ကြောင့် အိပ်ယာထဲကမထနိူင်တော့ချေ။

ညှောင့်စူးသည့်ခြေထောက်မှာဆေးခန်းပြသော်လည်းမပျောက်။ အနာတဝှိုက်မှာရိရွဲပြီး လောက်ပင်ကျနေ၏။ ဤတကြိမ်လည်း ယခင်က ကဲ့သို့ပင်ပရောဂဆရာအားပင့်၍ကုပြန်၏။ ငွေရှာမည့်သူမရှိတော့သဖြင့် အိမ်၏စီးပွားရေးမှာ ကုန်းကောက်စရာပင်မရှိတော့။ ဤသည်ကိုအခွင့်ကောင်းယူပြီး သူဋ္ဌေးကိုခမ်းမှာ အိမ်သို့တစ်ခုပြီးတစ်ခုလာပို့ပြီး သဲနုအားသူနဲ့လက်ထပ်ရန် အတင်းဖိအားပေး၏။ ကောင်မလေးလည်း အကြောတင်းသည့်သူဖြစ်ရကား သူမည်မျှပင်လက်ထပ်ဖို့ပြောပြော လက်မခံလဲ ကျွဲပါးစောင်းတီးသကဲ့သို့သာ ရှိရာ၏။

ရွာတွင်ဘုန်းကြီးပျံပွဲရှိသဖြင့် အရပ်ရပ်မှလူများရွာသို့ရောက်လာကြ၏။ ပျံကျစျေးသည်များလည်း ကြ က်ပျံမကျအောင်စည်ကားနေ၏။ မခင်အုံးသည် သဲနုအတွက်ပွဲစျေးမှ ဆေးရှာဝယ်ရင်း လူနှစ်ယောက်နှင့် ပက်ပင်းတိုးမိလေ၏။ ထိုလူနှစ်ယောက်လည်း ပရဆေးဆိုင်တွင် လိုအပ်သည့်ဆေးများမေးမြန်းကာ ဝယ်ယူနေကြခြင်းဖြစ်၏။

” ထင်ပေါ်…ငါတို့လိုအပ်တာဝယ်ပြီးရင် ဘုန်းကြီးကျောင်းပေါ်တက်ပြီး ဆရာတော့ရုပ်ကလာပ်ကို သွားဖူးရအောင်…”

” ဟုတ်ကဲ့ဆရာ…ဒါနဲ့ရွာထဲသွားပြီး ဆေးကုအုံးမလား…”

” ကျုပ်တို့နှင့်ရေစက်ပါတဲ့လူရှိရင်တော့ ကုပေးရပေမပေါ့….”

ထိုစကားကြောင့် မခင်အုံးမှာ ဘာကြောင့်မှန်းမသိရင်ထဲဝမ်းသာသွားပြီး ထိုလူနှစ်ယောက်အား အားကိုးတကြီးဖြင့်

” ဒီ…ဒီက မောင်လေးတွေကဆေးဆရာတွေလားဟင်… “

” ဆိုပါတော့ အစ်မကြီး…”

” ဟယ်… ဝမ်းသာလိုက်တာရှင်… မောင်လေးတို့အချိန်ရရင် အစ်မလေ
ဆရာတို့ကိုအိမ်ပင့်ခဲ့ချင်ပါတယ်ရှင်….”

ထိုသို့ဆိုလာသောအမျိုးသမီး၏မျက်ဝန်းအားကြည့်လိုက်ရာ သေရေးရှင်ရေးဖြစ်နေသောအမျိုးသမီးငယ်တစ်ယောက်ကိုတွေ့လိုက်ရ၏။ ထို့အတူ သာမန်မဟုတ်သောအငွေ့အသက်ကိုပါခံစားလိုက်ရသဖြင့်

” အစ်မအိမ်သားအတွက်မဟုတ်ဘဲ တခြားလူအတွက်ပင့်ချင်တာမလားအစ်မ…”

” ဟင်…ဘယ်လိုသိတာလဲရှင်…ဟုတ်ပါတယ်…အစ်မသူငယ်ချင်းအတွက်ပါရှင်…ဆရာတို့လိုက်ခဲ့နိူင်မလား…”

” ဒုက္ခတွေ့နေသူကို ကူညီရတာ ကျုပ်တို့အတွက် ကုသိုလ်ရတာပေါ့ဗျာ…ကျုပ်တို့လိုက်ခဲ့ပါ့မယ်…”

မောင်ရေခဲ၏စကားကြောင့် အမျိုးသမီးမှာဝမ်းသာသွား၏။

” ကျေးဇူးတင်လိုက်တာရှင်…အစ်မနောက်လိုက်ခဲ့ပေးပါ….”

ထိုအမျိုးသမီးနောက်လိုက်လာခဲ့ရင်း လမ်းတွင် ဖြစ်စဥ်အကြောင်းအရာကိုပါ ထိုအမျိုးသမီးကရှင်းပြလာသဖြင့် ပြဿနာ၏အကြောင်းရင်းအမှန်ကိုပါသိလိုက်ရ၏။ တအောင့်၌
တဲအိမ်ကလေးရှေ့သို့ရောက်လာခဲ့၏။ ထိုအခါ အမျိုးသမီးက

” ဒီအိမ်ပါဆရာလေးတို့ အိမ်ပေါ်ကြွကြပါရှင့်…”

အိမ်ပေါ်မတက်မီမောင်ရေခဲသည် အိမ်ပတ်ပတ်လည်ရှိအတိုက်များအား မောင်ထင်ပေါ်ကိုရှင်းခိုင်းလိုက်၏။ ထို့နောက်အိမ်ပေါ်ကိုတက်လာခဲ့၏။ အိမ်ထဲတွင်ကားအနံ့အသက်မကောင်းချေ။

” အားတော့နာပါတယ်ဆရာရယ်…လူနာတွေရှိတဲ့အိမ်ဆိုတော့ အနံ့အသက်နည်းနည်းရှိပါတယ်ရှင့်…”

” ရပါတယ်အစ်မ…”

ဒေါ်အုံးကြည်တို့မိသားစုမှာ ဘာမှနားမလည်ဘဲကြောင်အမ်းအမ်းဖြစ်နေ၏။ ထိုအခါမခင်အုံးက

” အကြီး…သမီးဆရာပင့်လာခဲ့ပြီ…သဲနုလေးကိုကုသပေးဖို့ပေါ့…အကြီးဘာမှစိတ်မပူနဲ့တော့သိလား….”

” အေးပါသမီးရယ်…”

ဟုသာခပ်ယဲ့ယဲ့ပြန်ပြောရှာ၏။

” သဲနု…သူငယ်ချင်း…ညည်းဘာမှအားမငယ်နဲ့သိလား ..ဘာမှလည်းမပူနဲ့ငါရှိတယ်သိလား….”

” အင်းပါ မကြီးခင်အုံးရယ်…”

မောင်ရေခဲလည်း ဘုရားရှိခိုးပြီးသည်နှင့်အဘဆရာသခင်များအား တိုင်တည်လိုက်၏။ လိုအပ်သည့်ကုပွဲများကိုပါ တစ်ခါထဲဝယ်ခြမ်းခိုင်းလိုက်ပြီး ကုပွဲတစ်ပွဲပြင်လိုက်၏။

” ညီမလေး… ဒီမှာလာထိုင်ပါ…”

သဲနုကခြေထောက်လေးထော့နဲ့ထော့နဲ့ဖြင့် ဘုရားဆောင်ရှေ့သို့လာထိုင်၏။ မောင်ရေခဲလည်း

” ကဲညီမလေး အစ်ကိုမေးတာအမှန်တိုင်းဖြေနော်…ညီမလေးကြောက်လန့်ဖွယ်ရာ ပုံရိပ်တွေမြင်ရလား…ပြီးတော့ကြောက်မက်ဖွယ်ရာအိပ်မက်ဆိုးတွေရောမက်သလား…”

” အရမ်းကြောက်စရာကောင်းတဲ့ သရဲတစ္ဆေတွေအနားမှာရှိနေသလိုခံစားရတယ်…တစ်ခါတစ်ရံ လျှိုးတိုးရိပ်တိုက်မြင်ရတတ်တယ်ဆရာ…အိပ်မက်ဆိုးကတော့ညတိုင်းမက်တယ်….”

“ကဲထားလိုက်တော့…ဘုရားကိုရိုရိုသေသေဦးချလိုက်…ပြီးရင်ဘုရားကိုအာရုံပြုပြီး မျက်စိမှိတ်ထားနော်…ညီမလေးက သောကြာသမီးဟုတ်သလား….”

” ဟုတ်ပါတယ်ဆရာ…”

သဲနုလည်း မောင်ရေခဲပြောသည့်အတိုင်း ဘုရားကိုဦးချပြီး မျက်လုံးကိုအစုံမှိတ်ထားလိုက်၏။

” ဝိဇ္ဇာရှစ်သောင်းဆရာအပေါင်းတို့နှင့်အဘဆရာသခင်များသည် ကျွန်ုပ်၏ဦးခေါင်းထက်၌တည်ပါစေသား…အဘဆရာအပေါင်းတို့ထံ သောကြာသမီး၏အသက်အား အဘဆရာကြီးတို့ထံ အပ်နှံပါသည်…အဘဆရာကြီးများထံအပ်နှံထားသော သောကြာသမီးအား
အဘဆရာကြီးများစောင့်ရှောက်ပေးတော်မူပါ…သားတော်အားလည်း အာဏာစက်၊ပညာစက်များပေးသနားတော်မူပါ…”

” ကဲ…ဒီသောကြာသမီးကို ပြုစားနှောင့်ယှက်တဲ့သူ ငါ့အရှေ့ကိုမနှေးအမြန်ရောက်လာခဲ့စမ်း…”

ထိုသို့ ပြောလိုက်သည်နှင့် သဲနုမှာကျောကော့လာပြီး ပမာမခန့်သည့်ပုံဖြင့် မောင်ထင်ပေါ်အား

” ကောင်လေး…ငါရေဆာတယ်ကွာ…ရေတစ်ခွက်ခပ်ပေးစမ်းပါ….”

” ဟေ့ကောင်…မင်းရောက်နေတာဘုရားရှေ့နော် ပြန်ပြင်ထိုင်ပြီး ဘုရားဦးတိုက်စမ်း…”

မောင်ရေခဲက ထိုသို့ပြောသော်လည်း
ထိုပုဂ္ဂိုလ်မှာ ထိုင်မြဲထိုင်နေဆဲပင်။ ထိုအခါ မောင်ထင်ပေါ်က

” ဟာ…ဒီကောင် ပြောင်းထိုင်ဆိုထိုင်စမ်း ကျုပ်က ကျုပ်ဆရာလို သိပ်စိတ်ရှည်တာမဟုတ်ဘူးနော်…ခင်ဗျားရေသိပ်ဆာတယ်ဟုတ်လား…ရော့သောက်စမ်းကွာ…”

ဆိုကာ လက်ဖြင့်နှစ်ချက်ဆင့်ရိုက်ထည့်လိုက်၏။

” တော်တော့ထင်ပေါ် ငါဆက်လုပ်လိုက်မယ်….ပုံစံပြောင်းထိုင်ပြီး ဘုရားကိုဥိးချလိုက်လို့ငါပြောနေတယ်နော်.. ငါ့တပည့်လက်အပ်လိုက်ရမလားပြော….”

သဲနုမှာမောင်ထင်ပေါ်ကို ပေကပ်ကပ်ကြည့်ပြီး ပုံစံ​ပြောင်းထိုင်ကာ ဘုရားကိုဦးချလိုက်၏။

” ကဲပြော…သောကြာသမီးကိုဘာလို့ပြုစားနှောင့်ယှက်ရတာလဲ….”

ထိုပုဂ္ဂိုလ်ကဘာမှမဖြေဘဲပေ၍ထိုင်နေ၏။

” ဟေ့ကောင် ငါ့ဆရာမေးနေတယ်လေဖြေစမ်း…လက်ဝါးစောင်းနဲ့ချထည့်လိုက်ရမလားငါ…”

” ဟားဟားဟား… ဆရာပေါက်စကများငါတို့ကိုမလောက်လေးမလောက်စားနဲ့ကွာ…”

ဆိုကာထပြီးခါးတောင်းကျိုက်ရန်ပြင်၏။ မောင်ရေခဲ က

” ဆိုင်ရာတွေဆွဲချုပ်ထားစမ်း….လှုပ်မရအောင်ဆွဲချုပ်ထား…ဘယ်နှစ်ယောက်ဖြစ်ဖြစ်ရအောင်ဆွဲချုပ်ထား…ကဲဖြေကြစမ်း…နင်တို့ကသုံးယောက်ပေါင်းပြီး သောကြာသမီးကို နှောင့်ယှက်ကြတယ်ပေါ့ဟုတ်လား…”

” ဟားဟားဟား… သုံးယောက်ဆိုတော့ နင်ကြောက်သွားသလားချာတိတ်…”

” ကဲသုံးယောက်စလုံးဘုရားကိုဦးတိုက်စမ်းကွာ…”

” ဦးမတိုက်တော့ဘာဖြစ်သလဲကွ….”

” ဒီလိုဖြစ်တယ်ပေါ့ကွာ…”

” ဘန်း…ဘန်း… ဘန်း… “

မောင်ရေခဲ ကလက်ဝါးပြင်ကိုတင်းလိုက်ပြီး သဲနု၏ကျောကုန်းအား သုံးချက်ဆင့်၍ရိုက်ထည့်လိုက်၏။ အားပါလှသောကြောင့် အရှေ့သို့မှောက်လျှက်လဲကျသွား၏။

” နင်းထားစမ်း…ဆိုင်ရာတွေ…ပြန်မထလာစေနဲ့…ခန္ဓာရှင်မထိစေနဲ့…နင်းစမ်း…နင်တို့ကောင်တွေဖြေကြစမ်း..သောကြာသမီးကိုဘာလို့နှောင့်ယှက်နေကြတာလဲ…”

” သူများလုပ်ခိုင်းလို့လုပ်ရတာပါ…”

” ဘာလုပ်ခိုင်းတာလဲ…နင်တို့သုံးယောက်ရဲ့အရှေ့မှာနှစ်ယောက်ကျန်နေသေးတယ်မလား သူတို့ကဘာလို့မလာတာလဲမှန်မှန်ဖြေစမ်း…”

” သူတို့ကသစ္စာရေသောက်ထားလို့လာလို့မရတော့ဘူး…သစ္စာဖောက်ရင်သူတို့ဒုက္ခရောက်မှာ…”

” ဪနင်တို့က ဉာဏ်နီဉာဏ်နက်များပြီး တစ်ယောက်ချင်းစီဝင်နှောက်ကြတယ်ပေါ့ဟုတ်စ…”

” ဟုတ်ပါတယ်… “

” သောကြာသမီးကိုဘာလုပ်ထားကြတာလဲဖြေကြစမ်း…”

” အနောက်ကနေတွန်းလှဲတယ်၊ခွေးတွေကိုအပသွင်းပြီးကိုက်ခိုင်းတယ်၊အနာတွေကုမရအောင်လုပ်ထားတယ်၊သွားလေရာဘေးတွေ့အောင်လုပ်ထားတယ်၊နောက်ဆုံး ပြောတာလက်မခံဘဲထပ်ငြင်းရင် သတ်ပစ်ဖို့အထိလုပ်မှာ….”

” ရက်စက်လှချည်လား…နင်တို့ကိုစေခိုင်းတဲ့သူဘယ်သူလဲဆိုတာငါသိတယ်…အေးသူလဲ ဒီအပြစ်ကနေလွှတ်မယ်မထင်နဲ့ သူ့ဒဏ်သူပြန်ခံစေရမယ်…မင်းတို့လုပ်ထားတာတွေအကုန်ပြန်ယူစမ်းကွာ…”

သို့သော် မောင်ရေခဲ ပြောသည်ကိုမကြားသလိုလုပ်ကာပေ၍နေလေ၏။

” ကဲအင်းစောင့်ကြီးရေ…ရှေ့တော်ရောက်လာခဲ့ပါ…အပြစ်သားတွေကိုသင်စိတ်ကျေနပ်အောင် အပြစ်ပေးလိုက်….ခန္ဓာရှင်ကိုမထိစေနဲ့.. “

ထိုသို့ပြောစဥ်ခန၌ တအုန်းအုန်းအသံတို့နှင့်အတူ နာကျင်ညည်းတွားသံများထွက်ပေါ်လာခဲ့၏။

” ကြောက်ပါပြီဗျာ….ကြောက်ပါပြီ…တော်ပေါတော်…ကျုပ်တို့လုပ်ထားတာတွေအကုန်ပြန်ယူပါတော့မယ်…”

ဆိုကာ ခေါင်းမှအခြေအဆုံး အသီးသီးသပ်ချကုန်၏။

” ကုန်ပြီလား…ဒီခွေးကိုက်ထားတဲ့ဒဏ်ရာတွေရော၊ညှောင့်စူးထားတဲ့ဒဏ်ရာတွေရော ငါမမြင်ချင်ဘူး အကုန်ပြန်ယူသွား…”

ထိုသို့ပြောလိုက်လျှင် နောက်တစ်ကြိမ်သပ်ချပြန်၏။

” ကဲ…ကုန်ပြီလား…ငါစစ်ကြည့်လို့တွေ့ရင် မင်းတို့ကို အင်းစောင့်ကြီးလက်အပ်ပစ်မှာနော်…”

” ကုန်ပါပြီ…တကယ်ကုန်ပါပြီ…”

” အေးပြီးရော…ကဲမင်းတို့ ဒီပညာကိုသုံးပြီး နောက်နောင်ဘယ်သူ့ကိုမှမလုပ်တော့ပါဘူးဆိုပြီး သစ္စာရေသောက်ရမယ်…”

” မလုပ်ပါနဲ့ဆရာရယ်…ကျုပ်တို့ထမင်းအိုးကွဲသွားလိမ့်မယ်…”

” လောကမှာသမာအာဇီဝကျတဲ့အလုပ်တွေအများကြီးရှိတယ်…မင်းတို့ကောင်းကောင်းမွန်မွန်လုပ်စားရင် ထမင်းမငတ်ဘူး…ကဲထင်ပေါ်.. မင်းဘဲသူတို့ကို သစ္စာရေတိုက်လိုက်ကွာ..”

အခွင့်ရသည်နှင့် မောင်ထင်ပေါ်လည်း သောက်ရေခွက်ကြီးအပြည့်
ဖြင့်ရေခပ်ကာ

” ကဲ…စောစောကျုပ်ကိုရေဆာတယ်ဆိုပြီးရေခပ်တိုက်ခိုင်းတယ်ဟုတ်စ…ခုကျုပ်တိုက်ပြီ…လိုက်ဆိုကြစမ်းကွာ….”

မောင်ထင်ပေါ်လည်း ထိုပုဂ္ဂိုလ်များ မှတ်လောက်သားလောက်အောင် သစ္စာချက်ပြင်းပြင်း ထည့်ကာရွတ်ဆိုပြီး ထိုရေခွက်ကြီးထဲရှိရေအားမကုန်မချင်း မနားတမ်းသောက်ခိုင်းလိုက်ရာ ထိုပုဂ္ဂိုလ်သုံးဦးမှာ သေချင်စိတ်ပါပေါက်သွားတော့၏။ ရေကုန်သွားသည်နှင့် အလုအယက်အသက်မနည်းရှူကြရ၏။

” ကဲ…ဘယ်သူရေဆာသေးလဲကွ…”

ထိုပုဂ္ဂိုလ်များခေါင်းပင်မမော့ရဲတော့။ မောင်ရေခဲ ကတပည့်ကျော်လုပ်သမျှပြုံး၍ထိုင်ကြည့်နေ၏။
သစ္စာရေတိုက်ပြီးသည်နှင့် ဘုရားကန်တော့ခိုင်းပြီး ပြန်လွှတ်လိုက်၏။သဲနု၏ဒဏ်ရာမှာ အရာသာသာမျှသာကျန်ခဲ့သည်ကိုထူးဆန်းစွာတွေ့လိုက်ရ၏။ ဒေါ်အုံးကြည်အတွက်လည်း အကြောပြေဆေးများပေးခဲ့ပြီး ထိုအိမ်မှာထွက်လာခဲ့ကြ၏။

        နောက်တနေ့တွင် သူဋ္ဌေးကိုခမ်း၏ ပွဲရုံသည်ဘာတစ်ခုမှ ရစရာမရှိဘဲ ပြာအတိကျသွားသည်အထိမီးလောင်ခြင်းခံလိုက်ရ၏။ ကိုခမ်းလည်း ပွဲရုံမီးလောင်သွားသည့်အတွက်ကြောင့် သည်းခြေပျက်သလိုဖြစ်သွားပြီး ရူးကြောင်ကြောင်ဖြစ်ကာ နောက်ပိုင်း၌ ရွာမှပျောက်ချင်းမလှပျောက်သွားတော့၏။ သဲနု၏ကုန်စိမ်းဆိုင်လေးသည်ကား တဖြည်းဖြည်းအောင်မြင်လာရာ အလုပ်သမားများ ခေါ်ယူရသည်အထိဖြစ်လာခဲ့၏။……..။

( အဘဆရာသခင်များအား ဦးထိပ်ပန်ဆင်လျှက်)

# ပြီး

ခွန်း