ရိုးမခေါ်သံ (စ/ဆုံး)
————–
တောင်ကွဲကြီးကို ကျွန်တော် သွားစရာကိစ္စပေါ်လာရပေသည်။ ထိုကျောင်းတွင် ဆရာတစ်ဦးတည်းသာရှိသည်။ ဆရာကြီးက ဖျားနာပြီး ဆေးရုံတင်ထားရသည်မှာ သုံးရက်တိုင် ရှိသွားကြောင်း၊ ထို့ကြောင့် တောင်ကွဲကြီးကျောင်းသို့ ကျွန်တော့်ကို ခေတ္တစာသွားသင်ပေးရန် လက်ထောက်မြို့နယ်ပညာရေး မှူးက မေတ္တာရပ်ခံလာသည်။
ကျောင်းအုပ်ဆရာကြီးကလည်း မြို့ပေါ်ဆေးရုံမှ ကျွန်တော့်ဆီကိုစာရေးပြီး အကြောင်းကြားလာသည်။
“ဆရာ ကလေးတွေကို တစ်ပတ်အတွင်း မထိန်းနိုင်ရင် တောထဲ ပြန်ပြေးကြလိမ့်မယ်။ ဒါဆိုရင် တစ်နှစ်လုံး ကျောင်းပိတ်ထားလိုက်ရသလို ဖြစ်သွားနိုင်တယ်။ သူတို့ကို သနားပါ။ ကျွန်တော် ဆေးရုံက တစ်ပတ်အတွင်း ဆင်းနိုင်မယ်ထင်တယ်။ တစ်ပတ်လောက် တာဝန်ယူထားပေးပါဆရာ”
ကျွန်တော် စာကိုကိုင်ပြီး ငိုင်နေသည်။ ကျွန်တော့် ကျောင်းတွင် ကျွန်တော့်အပြင် လက်ထောက် ဆရာတစ်ဦး၊ ဆရာမတစ်ဦး ရှိသည်။ သုံးယောက်ရှိသည့် ကျောင်းတွင် တစ်ယောက်ပဲ့သွားသဖြင့် ကိစ္စမရှိ။
တစ်ယောက်မျှမရှိသည့်ကျောင်းကို တစ်ယောက်တော့ အားဖြည့်ပေးလိုက်လျှင်ဟု ဆရာစိတ်ဖြင့် စဉ်းစားသည်။
သို့သော် မည်သူသွားမည်နည်း။
တောင်ကွဲကြီးက ကျွန်တော်တာဝန်ကျရာရွာမှ နောက်ထပ် ၅ နာရီလောက် လမ်းလျှောက်မှ ရောက်နိုင်သည့် နေရာတွင်ရှိသည်။ ရေကြမ်း မြေကြမ်း ခရီးလည်းကြမ်းသည်။ ကျောင်းမှ ဆရာမလေးကို လွှတ်ရန်တော့ မဖြစ်နိုင်။ ဆရာလေးကလည်း သူ့ကိုလွှတ်မည် စိုးရိမ်သောကြောင့် မျက်စိမျက်နှာပျက်ပြီး နေမကောင်းဆိုကာ ခွင့်တင်လာသည်။
နောက်ဆုံး ကံဆိုးသူမောင်ရှင် ကျွန်တော်တစ်ယောက် တောင်ကွဲကြီးကိုသွားရန် ဖြစ်လာသည်။ ကျွန်တော်ကတော့ ကျောပိုးအိတ်နှင့် ခြင်ထောင်တစ်လုံးပါလျှင် ကျရာသွား၊ ဖြစ်သလိုစား၊ ကြုံသလိုနေ ရိုးနေပြီ။
အချိန်က ပဲ့ထောင်လည်းမပေါက်၊ ကုန်းကြောင်းလျှောက်ရမည်။ ကျွန်တော် ရွာမှ မနက်အစောကြီး လင်းသည်နှင့် ထွက်ခဲ့သည်။
အမှန်တော့ တောင်ကွဲကြီးကို ကျွန်တော်မသွားတတ်ပါ။ လမ်းခရီးကို သွားတတ်သည့် မိတ်ဆွေ ကိုခင်မောင်အား မျက်နှာချင်းဆိုင်ရွာမှ ဝင်ခေါ်သွားရမည်။ ကိုခင်မောင်ကလည်း သူလိုက်ပို့ပေးမည်။ တော ပစ်ရင်း လိုက်ပေးမည်ဟု ပြောသည်။
ခင်လွန်ရွာသို့ ချောင်းဖြတ်ကူးပြီးနောက် ကမ်းပါးပေါ်တက်လိုက်ချိန်၌ ကိုခင်မောင်က ရိုင်ဖယ်တစ်လက်ထမ်းရင်း ကျွန်တော့်ကို စောင့်နေသည်။ သူကား ပြည်သူ့စစ်အဖွဲ့ဝင်။
“ကိုခင်မောင် … ရောက်နေတာကြာပြီလား”
“ကြာပေါ့ … တစ်နာရီလောက်ရှိနေပြီ… ဒီမှာ ပြောင်းဖူးတွေ မီးဖုတ်စားနေတာ … ဆရာ့ဖို့လည်း ဒီမှာ”
ကိုခင်မောင်က ကျွန်တော့်ကို မီးဖုတ်ထားသည့် ပြောင်းဖူးနှစ်ဖူး လှမ်းပေးသည်။
“စားရင်းသွားမယ်လေ …. နေပူလိမ့်မယ်”
ကျွန်တော်တို့ ခရီးဆက်ခဲ့ကြသည်။ ကိုခင်မောင်က သေနတ်ကိုထမ်းပြီး ပလိုင်းသေးလေးကို ခါးတွင် ချည်ထားကာ ရှေ့မှ ကော့တော့တော့ လျှောက်သွားသည်။ သူသည် မုဆိုးတစ်ဦးလည်းဖြစ်နေသဖြင့် လမ်းလျှောက်လည်း မြန်သည်။ ကျွန်တော်က စိတ်မြန်ကိုယ်မြန် သူ့ကို အမီလိုက်နေသော်လည်း တောသားတွေလောက်တော့ လမ်းလျှောက်ရသည်မှာ အထာမကျ။ လမ်းလျှောက်ရင်း ပြောင်းဖူးဖုတ် စားလာပြီးနောက် ရေဆာလာပြန်သည်။
“ကိုခင်မောင် ရေဘူးလေးများ ပါသေးလား”
“မထည့်လာဘူး ဆရာရေ …. ရှေ့ဆိုရင် ကရင်မဇရပ်ရောက်တော့မယ်။ အဲဒီကျမှသောက်”
ကျွန်တော်တို့ သွက်သွက်လေး လျှောက်လာကြသည်။ တောအုပ်အလွန် ကုန်းအထက်တွင် ဆောက်ထားသည့် ဇရပ်ဟောင်း လေးတစ်ခုကို လှမ်းမြင်နေရသည်။
“အဲဒါလား ကရင်မဇရပ်ဆိုတာ”
“ဟုတ်တယ်”
ကျွန်တော်တို့က ကုန်းမတ်စောက်စောက်လေးကို ပြေးတက် သွားကြသည်။ ဇရပ်ထဲဝင်လိုက်သည့်အခါတွင် ကျွန်တော် ခြေလှမ်းတုံ့သွားသည်။
ဇရပ်တစ်နေရာတွင် အမျိုးသမီးတစ်ယောက်ထိုင်နေ သည်။ ကျွန်တော်က ဇရပ်တိုင်ကိုပိုးပြီး ဆောက်ထားသည့် ရေအိုးစင်ကိုသွားကာ ရေခပ်သောက်သည်။ ကိုခင်မောင်က
“ဒီက ညီမ ဘယ်ရွာကလဲ” ဟု သွားမေးနေသည်။
“ကမြော့ကွင်းဘက်ကလာတာ”
“ဘယ်သွားမှာလဲ”
“တောင်ကွဲကြီး”
“တို့လည်း တောင်ကွဲကြီးပဲ ။ တစ်ယောက်တည်းလား”
“ဟုတ်ကဲ့”
ကျွန်တော်တို့က ဇရပ်အစွန်းတွင် တင်ပါးလွှဲထိုင်လိုက်ပြီး အဝေးကိုငေးနေမိသည်။ အမျိုးသမီးက အနက်ရောင် ယောထဘီ၊ အဖြူရောင်ဖြစ်သော်လည်း ညစ်ထေးထေးအင်္ကျီနှင့်ဖြစ်သည်။ သူ့ဘေးတွင် ပလိုင်းတစ်လုံး ချထားသည်။ မျက်နှာကိုကြည့်ချင်သော်လည်း ရိုင်းမည်စိုးရိမ်သောကြောင့် မကြည့်မိ။ ငယ်ငယ်ပဲရှိဦးမည် ထင်သည်။
“ကိုခင်မောင်သွားရအောင် … နေပူလိမ့်မယ်”
“နေပူလည်း ကိစ္စမရှိဘူးဆရာ … ရှေ့ကတောက်လျှောက် တောလမ်းပဲ”
ကျွန်တော်တို့ ဇရပ်ပေါ်မှ ခုန်ဆင်းလိုက်ကြသည်။
“အစ်ကိုတို့… ခဏလောက်”
“ဘာလဲဟ”
“ကျွန်မလည်း အစ်ကိုတို့နဲ့လိုက်ခဲ့ပါရစေ …. ဒီမှာ တစ်ယောက်ကို စောင့်နေတာ မလာနိုင်တာနဲ့”
“ဘယ်သူလဲ”
“ကိုခင်မောင်ကလည်းဗျာ စပ်စုလိုက်တာ … သူလိုက်မယ်ဆိုတာ ခေါ်နိုင်ရင်ခေါ်ပေါ့”
“လိုက်ခဲ့လေ … တစ်ခုတော့ ရှိတယ် … နင် နှေးနှေးလေး လျှောက်ရင်တော့ တို့နဲ့ဖြစ်မှာ မဟုတ်ဘူး”
“ရပါတယ် … ကျွန်မ လျှောက်နိုင်ပါတယ်”
“ဒါဆိုလည်း လိုက်ခဲ့ပေါ့”
သူ့ မတ်တတ်ရပ်လိုက်မှ သတိထားကြည့်မိသည်။ တောင့်တင်း ပြေပြစ်သော အချိုးအဆစ်ရှိသည့် မိန်းမတစ်ဦး။
သူ့ ပလိုင်းကို နဖူးတွင်သိုင်းလိုက်ပြီး ကျောပိုးကာ မတ်တတ်ရပ်လိုက်သည်။ ထို့နောက် ဇရပ်လှေကားအတိုင်း ဆင်းလာသည်။
ကျွန်တော်တို့ ခရီးဆက်ကြသည်။
ကိုခင်မောင်က ရှေ့ဆုံး၊ သူ့နောက်က ကျွန်တော်၊ ကျွန်တော့်နောက်က အမျိုးသမီး။
ကျွန်တော်က လမ်းလျှောက်ရာမှ နောက်ကို ငဲ့ကြည့်နေမိသည်။ ကျန်ခဲ့မည်လား။ သို့သော် လှည့်ကြည့်လိုက်တိုင်း အမျိုးသမီးက ကျွန်တော့်နောက်တွင် ကပ်ပါနေသည်။ သူလည်း အမီလိုက်နေပုံရသည်။ ကျွန်တော်က နောက်လှည့်မကြည့်ဘဲ
“ပလိုင်းက လေးသလား … ငါတို့ကို ပစ္စည်းခွဲပေးလေ”
“ရပါတယ် … ဆန်နဲ့ အိုးပဲပါတယ်”
နှစ်နာရီခန့် လျှောက်လာသည့်တိုင် အမျိုးသမီးက ကျွန်တော့် နောက်မှ မခွာဘဲလိုက်လျှောက်နိုင်သည်။ ကျွန်တော်က သူ့ကို သနားသဖြင့်
“ကိုခင်မောင်ရေ ခဏလောက်နားရအောင်လား”
“ရှေ့မှာ ချောင်းရိုးတစ်ခုကိုဖြတ်ရမယ် … အဲဒီကျမှ နား ဆရာ … ရေအရမ်းကြည်တယ် … ရေကူးချင်လည်း ကူးပေါ့”
ကျွန်တော်တို့ ဝါးတွေ၊ သစ်တွေ ဆွဲထားသည့် စွတ်ကြောင်းကြီးများ ပေါ်နေသော လမ်းအတိုင်း ဆင်းလာကြသည်။
“ခြေချော်မယ် သတိထား”
ကျွန်တော်က နောက်ကို သတိလှမ်းပေးလိုက်သော်လည်း နောက်တွင် အမျိုးသမီးကမရှိ။ ဘယ်နေရာတွင် ကျန်ခဲ့မှန်းမသိ။
“ကိုခင်မောင် .. ဟိုအမျိုးသမီး ပါမလာတော့ဘူး”
“အပေါ့အပါးသွားတာ နေမှာပေါ့ဆရာ … လာပါ … သောင် ပြင်ကနေ စောင့်နေမယ်”
ကျွန်တော်တို့ဆင်းလိုက်သည့် ချောင်းလေးက သဲသောင်ကို ကွေ့ပတ်ပြီး စီးနေသည်။ ရေကလည်း အလွန်ကြည်သည်။
“ဆရာ … ရေချိုးရအောင် ။ ကျွန်တော်တော့ မနေနိုင်တော့ဘူး”
ကိုခင်မောင်က သေနတ်ကိုချ၊ ပုဆိုးကိုချွတ်၊ အင်္ကျီကိုချွတ်လိုက်ပြီး ဘောင်းဘီတိုလေးနှင့် ရေထဲကို ပြေးဆင်းသွားသည်။ ကျွန်တော်ကတော့ ချောင်းဆင်းလမ်းကို ကြည့်နေမိသည်။ အမျိုးသမီးက ဆင်းလိုက်မလာ။ တစ်ခုခုဖြစ်နေပြီလားမသိ။
ကိုခင်မောင်ရေချိုးပြီး ပြန်တက်လာသည်။
“ဆရာ … ရေချိုးလေ လန်းသွားတာပဲ”
“ခက်တာပဲ … ဟိုအမျိုးသမီး မလိုက်လာဘူး … ဘာများဖြစ်နေပြီလဲ မသိ”
“အေးနော်”
ကျွန်တော်က “လာဗျာ လမ်းကိုပြန်ကြည့်ရအောင်”
ကိုခင်မောင်က အဝတ်အစားတွေဝတ်ပြီး ကျွန်တော့်နောက်ကလိုက်ခဲ့သည်။ ကျွန်တော်တို့ လမ်းအတိုင်း ကမ်းပေါ်ကို ပြန်တက်ခဲ့ကြသည်။ သူ့အရိပ်အယောင်ပင်မတွေ့။ ကိုခင်မောင်က ခြေလမ်းအတိုင်း လျှောက်ကြည့်ကာ
“ဆရာ … ကျွန်တော်တို့နောက်ကို သူပါမလာတာ သေချာတယ် .. ဒီမှာ ကျွန်တော်နဲ့ ဆရာ့ခြေရာနှစ်ခုပဲ တွေ့တယ်။ ဒါ ကျွန်တော့်ခြေရာ … ဖိနပ်မပါဘူး။ ဒါက ဆရာ့ခြေရာ ကြက်ပေါင်ဖိနပ်ရာ။ ကောင်မလေးက ဖိနပ် မစီးထားဘူး … သူ့ခြေရာ မရှိဘူး”
“ဟင် … ဘယ်ကတည်းက ပြတ်ကျန်ခဲ့သလဲ မသိဘူးနော်”
“ဟုတ်တယ် … လာပါဆရာ … ချောင်းထဲကပြန်စောင့်မယ်။ နောက် ၁၅ မိနစ်စောင့်လို့မှ မလာရင် သွားကြမယ်”
“သူ့မှာ ကျွန်တော်တို့ကို အားကိုးတကြီးနဲ့ လိုက်လာတာ .. အဲသည်လိုမလုပ်ပါနဲ့ တစ်ခုခုများဖြစ်နေလို့လား … တောကောင်တွေ ဘာတွေများ ဆွဲသွားသလား”
“ဒီမှာ တောကောင်ကြီးကြီးမားမား မရှိဘူးဆရာ”
ကျွန်တော်တို့ ချောင်းထဲပြန်ဆင်းလာကြသည်။ ခက်သည်မှ အတော်ခက်သည်။ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး သွားရမည့်ခရီးတွင် ခရီးကြုံလိုက်မည့်သူကို ခေါ်ခဲ့ရာမှ သောကရောက်နေရပြီ။
ကျွန်တော်လည်း ရေချိုးရန် ပြင်ဆင်ပြီး ချောင်းထဲတွင် စိမ်နေလိုက်သည်။ စိတ်လက်ပေါ့ပါးသွားသည်။
“ဆရာရေ … ခဏလေး … ယုန်တစ်ကောင်တွေ့လိုက်တယ်”
ကိုခင်မောင်က ပြောပြောဆိုဆို သေနတ်ဆွဲပြီး ချောင်းကွေ့ အတိုင်း အရှေ့ဘက်ကို ပြေးသွားသည်။
“ဖောင်း”
သေနတ်သံတစ်ချက်ကြားလိုက်ရသည်။ ခဏအကြာတွင် ကိုခင်မောင်က ယုန်တစ်ကောင်ကို ခြေထောက်အတိုင်းဆွဲကာ ပြန်ပေါ် လာသည်။
“ဆရာရေ … ဒီညတော့ ယုန်သားနဲ့ တောအရက်တွေ့ပြီ”
ကျွန်တော် ချောင်းထဲက တက်လာပြီး အဝတ်များဝတ်လိုက်သည်။
“ကိုခင်မောင် … ဘယ်လိုလုပ်ကြမှာလဲ … ဟိုအမျိုးသမီး ရောက်မလာဘူး”
“ထားလိုက်ပါ ဆရာရယ် .. သွားကြတာပေါ့”
“ဒီလိုလုပ်လို့ မဖြစ်ဘူးလေ … ကျွန်တော်တို့နဲ့အတူ လိုက်လာတာ ပတ်သက်မှုတစ်ခုခုဖြစ်သွားပြီ။ သူတစ်ခုခု ဖြစ်သွားရင် ကျွန်တော်တို့လည်း တာဝန်မကင်းဘူး”
“တောထဲ တောင်ထဲ ဘယ်သူသိမှာလဲ ဆရာရယ် … ထားလိုက်စမ်းပါ ”
“အေးဗျာ .. နောက်ထပ် ၁၅ မိနစ်စောင့်မယ် …. မလာလည်း သွားကြတာပေါ့”
“ဆရာလူပျိုကြီးကတော့ ခဏလေးတွေ့လိုက်တဲ့ ကောင် မလေးကို စိတ်ဝင်စားနေပြီလား”
“မဟုတ်ပါဘူး”
“ကောင်မလေးက လှတော့ လှတယ်နော်”
နောက်ထပ် ၁၅ မိနစ်ခန့် စောင့်ကြသည်။ ကောင်မလေးပေါ်မလာ။
“ကဲ … သွားကြမယ် … ဒီမှာကြာသွားပြီ”
“ဆရာ ထမင်းဆာပြီလား”
“မဆာပါဘူး … ဒီမှာ ပြောင်းဖူးတစ်ဖူး ကျန်သေးတယ် … ရော့လေ ဆာရင်စား”
“ရတယ်ဆရာ … ကဲ သွားကြတာပေါ့”
ကျွန်တော်တို့ ချောင်းကို ဖြတ်ကူးရန် ပြင်နေစဉ်
“ဟေး .. အစ်ကိုတို့ .. ကြာလိုက်တာ …
ဘာလုပ်နေကြတာလဲ”
“ဟာ”
ကျွန်တော်တို့နှင့် မျက်နှာချင်းဆိုင် ချောင်းတစ်ဖက်ကမ်းပေါ် တွင် အမျိုးသမီးက လက်ပြပြီး အော်နေခြင်း ဖြစ်သည်။ ကျွန်တော်က ကိုခင်မောင်ကို
“ကိုခင်မောင် ဘယ်လိုဖြစ်ပြီး ချောင်းတစ်ဖက်ကမ်း ရောက်နေတာလဲ … ကျွန်တော်တို့ကို ဖြတ်သွားတာလဲ မဟုတ်”
“ဆရာ … တစ်ခုခုတော့ တစ်ခုခုပဲ … ဘာကြောင့် ကမ်းတစ် ဖက်ကို သူရောက်နေသလဲ”
“လာလေ ရပ်ကြည့်နေလို့မသိဘူး … သွားမယ်”
ကျွန်တော်တို့ ချောင်းကိုဖြတ်လိုက်ကြသည်။
ရိုးမခေါ်သံ (၂)
ချောင်းရေက အများဆုံး ဒူးဆစ်လောက်သာရှိသည်။ ရေအောက်မှ ကျောက်တုံးလေးတွေကိုလည်း ထွင်းဖောက်မြင်နေရသည်။ ကျွန်တော်တို့ တစ်ဖက်ကမ်းရှိ မတ်စောက်သော ကမ်းပါးကို တက်ရမည်ဖြစ်သော်လည်း ကမ်းပြိုထားသည့်အတွက် သစ်မြစ်ကြီးတွေ ပေါ်နေသောကြောင့် တွယ်တက်ရ သည်မှာ အခက်အခဲမရှိ။
ကမ်းပေါ်ကို ရောက်လာပြီး ကျွန်တော်တို့ကို လက်ပိုက်ကြည့်နေသည့် အမျိုးသမီးအား ကိုခင်မောင်က
“နင်က ဘယ်လိုလုပ်ပြီး ဒီကို အစောကြီးရောက် နေတာလဲ”
ဟု မေးလိုက်သည်။
“ဟီ … ဟီ … အစ်ကိုကြီးက လမ်းပြသာဆိုတာ လမ်းမှ မကျွမ်းတာ။ ဒီနေရာကို ဟိုးချောင်းဦးကတည်းက ဖောက်ထွက်လိုက်ရင် အနီးလေးဟာ။ ဒီချောင်းက ဂငယ်ကွေ့ကြီးရှင့်။
ကျွန်မကြည့်နေတာ အစ်ကိုကြီးကို အဲဒီက ဖြတ်ချမယ်ထင်တာ။ တည့်တည့်ကြီး ဆက်သွားနေတော့ ပြောရခက်တာနဲ့ ဖြတ်လမ်းက ဖောက်ထွက်ပြီး အရင်ရောက်နေတာ။ ကျွန်မရောက်နေတာကြာပြီ။ ထမင်းတောင် တစ်အိုးကျက်သွားပြီ။ အစ်ကိုတို့ ဆာနေပြီမဟုတ်လား။ လာ .. ကျွန်မ ထမင်းချက် ထားတယ်”
သူ့ပြောပြောဆိုဆို ရှေ့ကနေ တောထဲကို တိုးသွားသည်။ ကျွန်တော်တို့က သူ့နောက်မှ လိုက်ခဲ့သည်။
ကျွန်းပင်ကြီးတစ်ပင်အောက်တွင် မီးခိုးတွေထွက်နေသည်။ သစ်ပင်ကြီး၏ အမြစ်ပျဉ်းကို သူ ဖိုခုံလောက်လုပ်ပြီး သစ်ကိုင်းခြောက်များနှင့် မီးထိုးထားသည်။
“လာ .. အစ်ကိုတို့ .. ဟင်းကတော့ မရှိဘူး… ငါးပိထုပ်လေးတော့ပါတယ်။ ထမင်းပူပူလေးနဲ့ စားကြတာပေါ့”
အမှန်အတိုင်းပြောရလျှင် ကျွန်တော်ထမင်းဆာနေပြီ။ သူ့ မီးဖိုထဲမှ သစ်ရွက်ထုပ်လေးတစ်ခုကို တုတ်နှင့် ကော်ထုတ်လိုက်ပြီး ထိုးထားသည့် နှီးတုတ်တံကို ဆွဲထုတ်ကာ ဖွင့်လိုက်သည်။ ငါးပိအနံ့က နှာခေါင်းထဲကို ထောင်းခနဲဝင်လာသည်။ သွားရည်ယိုစရာပင်။ ကိုခင်မောင်က
“ငါ ယုန်တစ်ကောင်ပစ်လာတယ်။ ယုန်သားလေး မီးဖုတ်လိုက်ရင် ကောင်းမယ်”
ကိုခင်မောင်က ပလိုင်းထဲမှ သူပစ်လာသော ယုန်ကို ဆွဲထုတ် လိုက်သည်။
“မီးမဖုတ်ပါနဲ့ … ခဏလေးစောင့်ပါလား … ကျွန်မချက်ပေးမယ်။ ကျွန်မမှာ ဆီ၊ ငရုတ်၊ ဆား အကုန်ပါတယ်”
“ကောင်းသားပဲ ချက်လေ … ငါ ယုန်ကိုဖျက်ပေးမယ်”
ကိုခင်မောင်က ယုန်ကို သူ့တွင်ပါလာသည့် ဓားကောက်နှင့် ဖျက်နေသည်။ အမျိုးသမီးက ထမင်းအိုးထဲမှ ထမင်းများကို အင်ဖက်ကြီး တစ်ရွက်ပေါ် မှောက်ချလိုက်ပြီး အိုးကိုချောင်းထဲတွင် သွားဆေးကာ ပြန်တက်လာသည်။ ဝါးကျည်တောက်နှင့် ရေလည်းခပ်လာသည်။ ကိုခင်မောင်က ယုန်ကို ထက်ခြမ်းပိုင်းထားပြီး အထဲမှ အူနှင့် ကလီစာများကို အင်ဖက်တစ်ရွက်ပေါ်တွင် ပုံထားသည်။
“ဒီမှာ … ငါတို့ ခုစားဖို့ကတော့ တစ်ခြမ်းလောက်ဆိုရင် ရပြီပေါ့ …. တစ်ခြမ်းကတော့ ငါသိမ်းသွားမယ်။ ရွာရောက်ရင် ကြော်ပြီး အရက်နဲ့မြည်းဖို့”
“အူတွေက ဘာလုပ်မလဲ”
“သွားပစ်လိုက်မယ်”
“မပစ်ပါနဲ့ … တောကြမ်းတယ် … အဲသည်လို လုပ်လို့မရဘူး ကျွန်မ သွားမြှုပ်ပေးမယ်”
အမျိုးသမီးက အူများထည့်ထားသည့် အင်ဖက်ကို ထုပ်ကိုင်ကာ တောထဲဝင်သွားသည်။ ကိုခင်မောင်က ဝါးဆစ်ပေါ်တွင် ယုန်သားများကိုတင်ပြီး အလောတော်အတုံးလေးများဖြစ်အောင် ခုတ်နေသည်။ ကျွန်တော်က အပေါ့သွားချင်လာသဖြင့်
“အပေါ့သွားချင်တယ်”
ဟုပြောလိုက်ပြီး တောတိုးခဲ့သည်။ ကိုခင်မောင်က
“ဆရာ … မတ်တတ်ကြီး မလုပ်နဲ့နော် … တောကြမ်းတယ်”
ဟု သတိပေးလိုက်သည်။
ကျွန်တော်က အမျိုးသမီးဝင်သွားသည့် တောတိုးရာနှင့် လမ်းလွှဲပြီး တောထဲဝင်ကာ အပေါ့သွားရန် ထိုင်လိုက်စဉ် ချွတ်ခနဲ အသံတစ်သံ ကြားလိုက်ရသောကြောင့် ငြိမ်နေမိသည်။
ချုံပုတ်ကို အသာလေးဖြဲကာ ကြည့်လိုက်မိသည်။ ကျွန်တော့်မျက်စိထဲ မယုံနိုင်လောက်အောင် ဖြစ်သွားသည်။
ယုန်အူနှင့် ကလီစာများကို လာမြှုပ်မည်ဟုပြောကာ တောထဲ တိုးဝင်လာသည့် အမျိုးသမီးသည် ဖက်ကို ဖွင့်ထားပြီး အူများကို ညှစ်ကာ အစိမ်းအတိုင်း အားရပါးရစားနေသည်။
ကျွန်တော် အပေါ့မသွားနိုင်။ ငိုင်ပြီး ကြည့်နေမိသည်။ အသံကိုလည်း မထွက်ရန် သတိထားနေရသည်။ ထူးဆန်းလွန်းသောကြောင့် မှင်တက်နေမိသည်။
အမျိုးသမီးက လက်ကို သစ်ရွက်တွေ နှင့်သုတ်သည်။ ထို့နောက် ဣန္ဒြေရစွာဖြင့် ပြန်ထွက်သွားသည်။ ကျွန်တော်က ဆီးသွားချင်လွန်းသောကြောင့် တောတိုးလာသည်။ ကြောက်လွန်းသဖြင့် ဆီးသွားမရ။ အတော်ကြာကြာ အားထုတ်ပြီးမှ ကိစ္စပြီးသောကြောင့် တောထဲက ပြန်ထွက်လာသည်။
အမျိုးသမီးက ဟင်းချက်နေသည်။ ကျွန်တော်က ကိုခင်မောင်ကို မြင်တွေ့ ခဲ့ရသည့် မြင်ကွင်းအား မည်သို့ ပြောရမှန်းမသိ ဖြစ်နေသည်။ ကိုခင်မောင်က အမျိုးသမီးနှင့် စကားလက်ဆုံကျနေသည်။
“နင့်နာမည် ဘယ်လိုခေါ်သလဲ”
“ကံပယ်”
“ဟ .. ဘယ်လိုကြီးလဲ .. ကံပယ်တဲ့လား … ဒီနာမည်မျိုးအရှားသား”
“ဟုတ်တယ် … ကံပယ်ပြီး အသက်ရှင်နေရသူဖြစ်လို့ အဖေက ပေးထားတာ”
“အဖေရှိတယ် ဟုတ်လား”
“ဟုတ်ကဲ့”
“နင်က ဘယ်မှာနေတာလဲ … တောင်ကွဲကြီးကလား”
“မဟုတ်ဘူး … ကျွန်မတို့က ကမြော့ကွင်းမှာနေတာ”
“ကမြော့ကွင်း … မကြားဖူးပါဘူး”
“ဒီကနေသွားရင် တစ်နာရီလောက်ပဲ”
ယုန်သားဟင်းအနံ့ကလည်း မွှေးလာသည်။ ကျွန်တော်က ကိုခင်မောင်ကို မျက်ရိပ်ပြကာ ချောင်းထဲကိုဆင်းရန် ခေါင်းဆတ်ပြလိုက်သည်။
“ဘာလဲဆရာ … ရေချိုးချင်လို့လား … သွားချိုးလေ”
“ချောင်းထဲ ခဏလောက် လမ်းလျှောက်ကြရအောင်”
“မောပါ့ ဆရာရယ် … ဆရာပဲသွား … ကျွန်တော်တော့ မကံပယ်နဲ့ စကားပြောကောင်းနေလို့”
ထိုအချိန်တွင် မကံပယ်က ကျွန်တော့်ကို စိုက်ကြည့်နေသည်။
သူ့အကြည့်က တစ်မျိုးဖြစ်သည်။ သံလိုက်ဓာတ်ပါသော အကြည့်ဖြစ်မည်ထင်သည်။ ကျွန်တော် သူ့မျက်စိကို လွှဲဖယ်နိုင်စွမ်းမရှိ။ ပြန်ပြီး စိုက်ကြည့်နေမိသည်။ မလှုပ်ချင်လောက်အောင်ဖြစ်နေသော ကျွန်တော့်ကို ကိုခင်မောင်က
“ဆရာ … သွားလေ ပြန်တက်လာရင် ရေတစ်ကျည် တောက်လောက် ဆွဲခဲ့ဦး”
ကိုခင်မောင်က ကျွန်တော့်ကို ဝါးဆစ်ပိုင်းကြီးတစ်ခု လှမ်းပေးသည်။
“ကိုခင်မောင် … လာလေ ချောင်းထဲဆင်းမယ်”
ကိုခင်မောင်က
“သွားပါဆရာရယ် … ဒီမှာ ထမင်းခူးထားလိုက်မယ် … ဆာနေပြီ။ ဟင်းကလည်း မွှေးနေတာ”
ကျွန်တော် စိတ်လျှော့ပြီး ချောင်းထဲဆင်းကာ ရေခပ်လိုက်သည်။ ထို့နောက် ပြန်တက်လာပြီး ဝါးကျည်တောက်ကို ချထားလိုက်သည်။ ကိုခင်မောင်နှင့် မကံပယ်တို့ ဘာတွေပြောပြီး ရယ်နေမှန်းမသိ။ မြေပြင်တွင် အင်ဖက်တွေစီချထားသည်။ ထမင်းတွေပုံထားသည်။
“လာ ဆရာ စားကြမယ်”
ကိုခင်မောင်က ထမင်းပုံရှေ့တွင် ထိုင်လိုက်သည်။ ကျွန်တော်ကလည်း ရောယောင်ပြီးထိုင်လိုက်မိသည်။ မကံပယ်က ဟင်းအိုးကို ဖက်ခုနှင့်မလာသည်။
ထို့နောက် အလယ်တွင် ချထားလိုက်သည်။ ဟင်းနံ့ကလည်း စားချင်စရာ မွှေးနေသည်။ သို့သော် ကျွန်တော်က စားရမည်ကို လန့်နေသည်။ အထူးသဖြင့် မကံပယ်ကို မည်သို့ရင်ဆိုင်ရမှန်းမသိဖြစ်နေသည်။
ကျွန်တော့်ဖက်ထဲတွင် ဟင်းတွေပုံပေးလိုက်ပြီး မကံပယ်က ကျွန်တော့်လက်မောင်းကို ကိုင်လိုက်သည်။
“စားလေ ဆရာ”
ကျွန်တော်ဘာဖြစ်သွားမှန်းမသိ ငိုက်ခနဲဖြစ်သွားကာ
“ဪ .. အင်း … အင်း … စားမယ်”
ဟုပြောမိလိုက်သည်။
ကိုခင်မောင်ကတော့ ထမင်းတွေကို အားရပါးရ ဆုပ်ပြီးစားနေသည်။
“ကောင်းလိုက်တာ ဆရာရေ .. လက်ရာကတော့ စပယ်ရှယ်ပဲ .. ဒါမျိုး ဆရာစားဖူးမှာ မဟုတ်ဘူး … စားကြည့် … ဖြစ်သလိုချက်ထားပေမယ့် တကယ့်လက်ရာ”
ကျွန်တော်က အလိုလို ထမင်းကို ဟင်းများနှင့် နယ်ပြီးသား ဖြစ်သွားသည်။ ထို့နောက် ပါးစပ်ထဲကို ထိုးထည့်လိုက်သည်။ မကံပယ်က ကျွန်တော့်ကိုကြည့်ပြီး ပြုံးပြလိုက်သည်။”
“ဘယ်လိုလဲဆရာ … ကောင်းရဲ့လား “ကောင်း … ကောင်းပါတယ်”
“ထည့်ပါဦးဟ … ဟင်းလေးနည်းနည်း … မကံပယ်
နင် မစားဘူးလား”
“အစ်ကိုတို့ စားပြီးမှ စားမယ် … အားရပါးရစားကြနော် ဟင်းမကျန်လည်း ကိစ္စမရှိဘူး”
“ဘယ်ဟုတ်မှာလဲ … နင်စားဖို့ ဖယ်ထားမှပေါ့”
“ရတယ် …. အစ်ကိုတို့ပဲ အဝစား”
ကျွန်တော်က ထမင်းကို စားသာစားနေရသည် အရသာ မခံစားမိ။ စိတ်ထဲတွင် ကြောက်သလိုလို၊ ဝမ်းနည်းသလိုလို၊ ငိုချင်သလိုလိုဖြစ်နေမိသည်။ သို့သော် ထည့်ထားသည့် ထမင်းတွေကတော့ ကုန်သွားသည်။
ထမင်းစားသောက်ပြီး ကျွန်တော်က ကိုခင်မောင်ကို စကားပြောရန်ကြိုးစားသော်လည်း မအောင်မြင်။ ကိုခင်မောင်က
“ဆရာရေ … ထမင်းလည်း စားကောင်း အိပ်လည်း အိပ်ချင် … တစ်ရေးလောက် မှေးရအောင်။ နောက်ထပ် ၂ နာရီ လောက်လျှောက်ရင် ရောက်ပါပြီ … အိပ်ချင်လို့”
ကိုခင်မောင်က ပြောပြောဆိုဆို ကျွန်းပင်ကြီး အမြစ်ကို ခေါင်းခုပြီး အိပ်လိုက်သည်။ ကျွန်တော်က မကံပယ်ကို မကြည့်ရဲ ကြည့်ရဲနှင့် ကြည့်နေသည်။ သူ့ အိုးတွေကိုဆေးပြီး ပလိုင်းထဲ ပြန်ထည့်နေသည်။ ကျွန်တော့်ကို ပြုံးပြလိုက်ပြီး
“ဆရာလည်း အိပ်ချင်ရင် အိပ်လေ … မျက်လုံးကစင်းနေပြီ .. အိပ်ချင်နေပြီ မဟုတ်လား… အိပ်လိုက်ပါ … အိပ်လိုက်”
ကျွန်တော် မိုက်ခနဲဖြစ်သွားသည်ဘာမျှသတိမရတော့။ အိပ်မက်လား တကယ်လား။ ကျွန်တော့်ကို ခွေးတွေ လိုက်ဆွဲနေသည်။ ကျွန်တော်က ပြေးလွှားရင်းမောနေသည်။ ခွေးတစ်ကောင်က ကျွန်တော့် ခြေထောက်ကို လှမ်းဆွဲလိုက်သည်။
“အား”
ကျွန်တော် လန့်အော်လိုက်မိသည်။
ရိုးမခေါ်သံ (၃)
ကျွန်တော် အိပ်ပျော်သွားသလားမသိ။ ဇဝေဇဝါဖြစ်နေသည်။
“ကိုခင်မောင် .. ကိုခင်မောင်”
ကျွန်တော်အော်လိုက်မိသည်။ ကျွန်တော် ကျောပိုး အိတ်ကို ခေါင်းအုံးပြီး အိပ်နေသည့် အနေအထားတော့ ဖြစ်နေသည်။
“ကိုခင်မောင်”
အသံမကြားသဖြင့် ငုတ်တုတ်ထထိုင်လိုက်သည်။ ကိုခင်မောင်က ပေါင်ကြားထဲ လက်နှစ်ဖက်ထည့်ပြီး ကွေးကွေးလေး အိပ်ပျော်နေသည်။ ကျွန်တော်က ထသွားပြီး
“ဟေ့လူ … ထ …. ထပါဦး .. ဘယ်အချိန်ရှိနေပြီလဲ
ကြည့်ပါဦး”
ကိုခင်မောင်က လူးလဲထပြီး မျက်လုံးတွေကို ပွတ်
လိုက်သည်။
“ဟင် … ကျွန်တော် အိပ်ပျော်သွားတယ်”
“ကျွန်တော်လည်း အိပ်ပျော်သွားတာ … ဘာဖြစ် သွားမှန်းမသိဘူး။ ဘယ်နှနာရီရှိနေပြီလဲ”
ကိုခင်မောင်က သူပတ်ထားသည့် လက်ပတ်နာရီကို ကြည့်လိုက်သည်။
“ဟာ … ဆရာ ၅ နာရီတောင် ကျော်နေပြီ”
“ကျွန်တော်တို့ တော်တော်လေး အိပ်ပျော်သွားတာပဲ
နေဦး … နေဦး မကံပယ် … မကံပယ် ဘယ်ရောက်သွားပြီလဲ”
“ဟိုမှာ သူ့ပလိုင်းရှိနေတာပဲ … လူဘယ်ရောက်နေသလဲ မကံပယ် … မကံပယ်”
ကျွန်တော်တို့ ၆ နာရီလောက် အိပ်ပျော်သွားခြင်းမှာ အဘယ်ကြောင့်နည်း။
“ကိုခင်မောင် … ဆန်းတယ် .. ဘာကြောင့် ကျွန်တော်တို့ ၆ နာရီလောက် အိပ်ပျော်သွားရတာလဲ”
ကိုခင်မောင်က တစ်ဖက်လှည့်ပြီး ရယ်နေသည်။
“ဟေ့လူ .. ဘာရယ်တာလဲ … ပြောစမ်း … ခင်ဗျားနဲ့ မကံပယ် ဘာတွေ လုပ်ထားသလဲ”
“မကံပယ် လုပ်တာမဟုတ်ဘူး … ကျွန်တော် လုပ်တာ”
“ခင်ဗျားက ဘာလုပ်တာလဲ”
“ယုန်သားဟင်းထဲကို ဆရာတို့မသိအောင် ဂန်ဂျာနည်းနည်းထည့်လိုက်တာ”
“ဘာလဲဗျ … ဂန်ဂျာ”
“ဆေးခြောက်မှုန့်လေဆရာ … ကျွန်တော်တို့က ကာလသား ဟင်းချက်ရင် စားကောင်းအောင် ထည့်တယ်။ ခုကလည်း တောင်ကွဲကြီး ရောက်ရင် သူငယ်ချင်းတွေနဲ့ ဂန်ဂျာကာလသား ချက်စားမလို့ ဆောင်လာတာ။ ယုန်သားထဲ အခွင့်ကြုံလို့ ထည့်လိုက်တာ။ ဆရာ့ကို အသိပေးရင် မစားမှာစိုးရိမ်လို့ … ဘယ့်နှယ် မကောင်းဘူးလား”
“ခင်ဗျားဗျာ … တော်တော်ဆိုးတယ် … ကျုပ်ကို ဆေးခြောက်သမားဖြစ်အောင် လုပ်တာလား … ဒါနဲ့ မကံပယ် ဘယ်ရောက်နေပြီလဲ။ ဟင်းကျန်တွေ အားလုံးစားပြီး မူးလဲနေပြီလား”
“အဲဒီလောက် မဖြစ်နိုင်ပါဘူး ဆရာရယ်”
“ဒါနဲ့ … ကိုခင်မောင် ကျွန်တော်တစ်ခုပြောမယ် … ကျွန်တော်အပေါ့သွားတော့ တစ်ခုမြင်လိုက်တယ်”
“ဘာများလဲဆရာ”
ကျွန်တော်က ပြောသင့် မပြောသင့် ဆင်ခြင်သေးသည်။ သို့သော် ခရီးအတူသွားများဖြစ်သဖြင့် အကြောင်းသိထားနိုင်ရန် ပြောမည်ဟု ဆုံးဖြတ်ပြီး
“မကံပယ်လေ ….”
“ဘာလဲဆရာ .. ပြောပါ”
“ခင်ဗျားကို ယုန်ဗိုက်ထဲက ကလီစာတွေ သွားမြှုပ်မယ်ဆိုပြီး ယူသွားတယ် မဟုတ်လား”
“အင်းလေ”
“သူ့ အဲဒါတွေကို မမြှုပ်ဘဲ ထိုင်စားနေတာ ကျွန်တော် တွေ့ လိုက်ရတယ်”
“ဟာ … ဆရာ … ဟုတ်ရဲ့လား … ကျွန်တော့်ကို မလှန့်ပါနဲ့ ဆရာရယ် ကျွန်တော်က သေနတ်သာကိုင်တာ။ သရဲတော့ ကြောက်တယ်ဗျ”
“တကယ်တွေ့တာ … အူထဲက အညစ်အကြေးတွေကို
ညှစ်ချပြီး အူတွေကို ကိုက်စားနေတာ”
“ဆရာ … အဟုတ်လား”
“ကျွန်တော် လိမ်ပြောပါ့မလား”
“ဆရာ … ပြေးရအောင် . ကျွန်တော်တို့တော့ ဒုက္ခရောက်ပြီဆရာ .. ကျွန်တော်တို့ကို သရဲမကပ်နေပြီ”
“နေပါဦး ခင်ဗျားကလည်း… ဘာမှန်းညာမှန်းမသိ ကြောက်မနေပါနဲ့ … ခု မိုးချုပ်တော့မယ် … ဘယ်လိုလုပ်ကြမလဲ”
“ဆရာ … နေ့ချင်းပေါက်ဆိုပြီး ဓာတ်မီးလည်း မဆောင်လာမိဘူး … ဒုက္ခပဲ။ တောထဲကို ဘယ်လိုဖြတ်ကြမလဲ”
“တောထဲဖြတ်တာထက် … ဒီက ကိစ္စကို ဘယ်လိုရှင်းကြမှာလဲ ”
ထိုစဉ် တောင်ဘက်မှ ချုံပင်များလှုပ်သွားပြီး မကံပယ်ထွက်လာသည်။ ကိုခင်မောင်က ကျွန်တော့် လက်မောင်းကို ကိုင်ထားသည်။
“အစ်ကိုတို့ နိုးပြီလား”
“ဟုတ်တယ် … မကံပယ် .. ဘယ်သွားနေတာလဲ”
“ဘယ်မှ မသွားဘူး .. ဟိုဘက်မှာ တောသွားထိုင်နေတာ”
“ယုန်သားစားလိုက်သေးလား”
“မစားဘူး … မဆာလို့ .. အစ်ကိုတို့ကို နှိုးမလို့ပဲ …
မနှိုးဝံ့လို့”
“တော်သေးတာပေါ့ …. ဒါဆိုရင် ငါတို့ပြောတာတွေကြားလိုက်သလား”
“ကြားတယ် … အဲဒါကို ပြောချင်လို့”
“နင်အူတွေကို ဒီအတိုင်းစားတာ လူမှ ဟုတ်ရဲ့လား”
“ကျွန်မရှင်းပြတာကို နားထောင်ပါဆရာ … ကျွန်မ အဲဒါတွေကို စားချင်လို့စားတာမဟုတ်ဘူး။ ဟောဒီ ဗိုက်ထဲက ခွေးတိရစ္ဆာန်ရဲ့ သွေးက တောင်းဆိုလွန်းလို့စားရတာ”
“ဟာ”
“ဟင်”
ကျွန်တော်တို့ အံ့အားသင့်နေကြသည်။ မကံပယ်က ကျွန်တော်တို့ရှေ့တည့်တည့်တွင် ထိုင်ချလိုက်ပြီး
“ကျွန်မဗိုက်ထဲမှာ ခွေးတိရစ္ဆာန်နဲ့ ရထားတဲ့ ကိုယ်ဝန်ရှိနေတယ် … အဲဒီကလေးကို ကိုယ်ဝန်ဆောင်ပြီးကတည်းက သွေးကို အစိမ်းတိုင်း သောက်ချင်တယ်။ အူတွေ အသည်းတွေမြင်ရင် အစိမ်းအတိုင်း စတိဖြစ်ဖြစ် ကိုက်စားချင်စိတ်တွေ ဖြစ်နေတယ် … ဟောဒီ ကလေးကြောင့် တိရစ္ဆာန်လေးကြောင့်”
မကံပယ်က ပြောပြောဆိုဆိုနှင့် သူ့ဗိုက်ကို တဘုန်းဘုန်း ထုရိုက်နေသည်။ ကျွန်တော်က
“ဟေ့ … ဟေ့ … မလုပ်နဲ့လေ … မလုပ်ရဘူး”
ဟုအော်ပြောကာ သူ့လက်ကို ဖမ်းထိန်းလိုက်သည်။
မကံပယ်က ဒူးနှစ်ချောင်းပေါ်တွင် မျက်နှာကို အုပ်လိုက်ပြီး တသိမ့်သိမ့်ရှိုက်ကာ ငိုနေသည်။ ကျွန်တော်နှင့် ကိုခင်မောင် တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိသည်။ ဘာဆက်ပြောရမှန်း လည်းမသိ။
“ကိုခင်မောင် … သွားကြရအောင် … မှောင်တော့မယ်”
“ဆရာ … မီးလည်းမပါဘူး … မှောင်လာရင် ကျွန်တော် လမ်းတွေ မမှတ်မိဘူး”
“ဒါဆိုရင် ဘယ်လိုလုပ်မလဲ”
“ဒီမှာပဲ ညအိပ်ရလိမ့်မယ်ထင်တယ်”
မကံပယ်က ခေါင်းထောင်ပြီးပြောလာသည်။
“ဒီမှာ ညအိပ်လို့တော့ မဖြစ်ဘူး။ ဒီနေရာမှာ ကျားရှိတယ်။ ကျွန်မ ချောင်းထဲရေဆင်းချိုးတော့ ကျားခြေရာတွေ့တယ်။ သူ ကျွန်မတို့ချက်စားထားတဲ့ ယုန်အနံ့တွေ ရကောင်းရနိုင်တယ်။ ဒီနေရာ မလုံခြုံဘူး။ မမှောင်ခင် သွားမယ်ဆိုရင် ကျောက်ပါးစပ်ဂူကိုရောက်လိမ့်မယ်။ အဲဒီဂူထဲမှာဆိုရင်တော့ လုံခြုံတယ်”
“ငါ့ညီမက အဲဒီဂူကိုရောက်ဖူးသလား”
“ရောက်ဖူးရုံမကဘူး … ညပါအိပ်ဖူးတယ်”
“ငါလည်း မုဆိုးဘဝနဲ့ တောလည်နေတာကြာပြီ… ကျောက်ပါးစပ်ဂူဆိုတာ မသိပါလား”
“လမ်းကြောင်းကနေ ၁၅ မိနစ်လောက် ဖဲ့ဆင်းသွားရတဲ့နေရာ .. ဟိုး ကျောက်ဖနူးတောင်ကြီးမှာရှိတာ”
“ကဲ … ဒါဆိုရင်လည်း သွားရအောင်”
ကျွန်တော်က မကံပယ်ရှင်းပြလိုက်သောကြောင့် သူ့အပေါ် တစ်မျိုးထင်ထားစိတ်များ ပျောက်သွားသည်ဆိုစေ သူ့အကြောင်းကို ပိုပြီး သိချင်လာသည်။ သူ သူ့ဗိုက်ထဲတွင် ကလေးရှိကြောင်း ပြောသည်။ ပြီးတော့ ထိုကလေးကို မလိုလားပုံပြသည်။
ကလေးအဖေကို တိရစ္ဆာန်တစ်ကောင်နှင့် နှိုင်းနေသေးသည်။ ထိုအကြောင်းအရာများက ကျွန်တော့်အဖို့ လေ့လာစူးစမ်းလိုစိတ်များကို ဖြစ်စေသည်။ သို့သော် မည်သို့စကားစပြီး ပြောရမည်နည်း။
ယခုတော့ မကံပယ်က ရှေ့ဆုံးကဖြစ်နေသည်။ ကိုခင်မောင်က သူ့နောက်၊ ကျွန်တော်ကနောက်ဆုံး။ ကျားရှိသည် ပြောသောကြောင့် နောက်ကျောကတော့မလုံ။ မကံပယ်က အသော့လေးနှင်နေသည်။ မှောင်တော့မည် မဟုတ်ပါလား။
“ဟ .. နင့်ကို မိန်းကလေးဆိုပြီး ငါကလျှော့တွက်ထားတာ။ ငါ့ထက်တောင် လျှောက်နိုင်ပါလား”
“ကျွန်မက ယောက်ျားတစ်ယောက်လောက်တော့ အသာလေး ကိုင်ပေါက်နိုင်တယ်ရှင့်”
“ဟား .. ဟား … ဟား”
ကိုခင်မောင်က ဘာကို သဘောကျသည်မသိ။
တဟားဟားရယ်နေသည်။ ဆေးခြောက်အမူးမပြေသေးဟု ထင်သည်။ ကျွန်တော်သည်ပင် ခေါင်းထဲတွင် ယစ်တစ်တစ်၊ နောက်တောက်တောက်ဖြစ်နေ သည်။
မှောင်လုပြီ။ တစ်ယောက်နောက်ကျော တစ်ယောက်ကြည့်ကာအမြန်လိုက်နေရသည်။
“မရောက်သေးဘူးလားဟ”
“ရောက်တော့မယ်လေ … ဒီလျှိုကိုဆင်းလိုက်ရင် ရောက်ပြီ”
ကျွန်တော်တို့ ကုန်းအဆင်းလေးကို သတိထားနေရသည်။ မှောင်လုလုတွင် နောက်ဆုံးအလင်းမှိန်လေးကို အားကိုးပြီး ဆင်းလိုက်ကြခြင်းဖြစ်သည်။
“ဟိုး … ထိပ်မှာ ဂူကိုရောက်ပြီ”
သူပြောသည့် နေရာကို ကျွန်တော်တို့ ကြည့်လိုက်သည်။ လမ်းလေးတစ်ခုလိုလို မြင်နေရသည်။ ထူးဆန်းသည်က သူလက်ညှိုးထိုးပြသည့်နေရာတွင် မီးရောင်တွေ့ နေရခြင်းဖြစ်သည်။
“မီးရောင်တွေ့တယ်”
“မီးရှိရင် လူရှိပုံရတယ်”
“လူနေတဲ့ ဂူလား”
“ဒီမှာ လူနေတာမရှိပါဘူး”
ကျွန်တော်တို့ တောလမ်းလေးအတိုင်း အပြေးတက်လာကြသည်။ သိချင်စိတ်က ပြင်းပြနေသည်။
ဂူပေါက်တစ်ခုကို ဘွားခနဲမြင်လိုက်ရသည်။ ပါးစပ်ပေါက်ကြီးတစ်ပေါက်လိုဖြစ်သည်။ ဂူထဲတွင် မီးဖိုတစ်ခု ဖိုထားသည်။ ထင်းတုံးကြီးများက မီးစွဲပြီး တဖျစ်ဖျစ်လောင်နေသည်။ လူတော့မတွေ့။ ကိုခင်မောင်က သေနတ်ကို အသင့်အနေအထား ကိုင်ထားသည်ဘာကြောင့်မှန်းမသိ။
“လူရှိလား”
ကျွန်တော်က အော်လိုက်သည်။ မကံပယ်က ကျွန်တော့်ဘေးက ပြောလိုက်သည်။
“လူရှိတယ်လေ … ဟိုမှာ ထိုင်နေတာ မမြင်ဘူးလား”
မကံပယ် လက်ညှိုးထိုးပြသည့်နေရာကို ကျွန်တော် လှမ်းကြည့်လိုက်သည်။ ရဟန်းတစ်ပါး တင်ပျဉ်ခွေကာ ကျောက်ဖျာတစ်ခုပေါ်တွင် ထိုင်နေသည်။ မီးအလင်းရောင်ကို ရှေ့တွင်ရှိနေသည့် ကျောက်စွန်း တစ်ခုက ကွယ်ထားသဖြင့် ရုတ်တရက် မမြင်နိုင်ခြင်းဖြစ်သည်။
ရဟန်းက မျက်စိကိုမှိတ်ပြီး မလှုပ်မယှက် တရားထိုင်နေသည်66
“ဟာ … ရဟန်းတစ်ပါးပဲ .. လာ .. သွားကန်တော့ကြရအောင်”
“အစ်ကိုတို့သွားကြလေ … ကျွန်မ ညစာအတွက် စီစဉ်လိုက်ဦးမယ်”
ကျွန်တော်နှင့်ကိုခင်မောင် ရဟန်းရှေ့ရှိ ကျောက်ဖျာအောက်နားတွင် ထိုင်ပြီးကန်တော့လိုက်ကြသည်။ သို့သော် ရဟန်းကမလှုပ်မရှား။ ကျွန်တော်တို့ တိတ်တိတ်လေး နောက်ပြန်ဆုတ်ပြီး ကျောက်ဂူကြီး၏ အတွင်းပိုင်း ကွက်လပ်တစ်နေရာတွင် ထိုင်လိုက်ကြသည်။ အတွင်းပိုင်းက အတော်လေးကျယ်သည်။ မကံပယ်က ကျွန်တော်တို့အနားလာပြီး တိုးတိုးလေးပြောသည်။
“ရေသွားခပ်ပေးပါ”
“ရေဘယ်မှာရှိသလဲ”
“ဂူအထွက် ဘယ်ဘက်မှာ ကျောက်အိုင်လေးတစ်ခုရှိတယ်”
ကိုခင်မောင်က ဝါးကျည်တောက်ကိုယူပြီး ထွက်သွားသည်။
“အဟမ်း”
ရဟန်းထံမှ ချောင်းဟန့်သည့် အသံကြားလိုက်ရသည်။ ကျောက်ဖျာထက်မှ ဖြည်းလေးစွာထလိုက်ပြီး အောက်ကို တစ်လှမ်းချင်း ဆင်းလာသည်။ ကျွန်တော်တို့ကို ကြည့်လိုက်ပြီး “ခရီးသွားတွေလား” ဟု မေးလိုက်သည်။
မကံပယ်က အပြင်ဘက်ကို အိုးကိုင်ပြီး ထွက်သွားသည်။ ကျွန်တော်က ရဟန်းကို ဦးချလိုက်ပြီး
“တင်ပါ့ဘုရား … တပည့်တော်တို့ တောင်ကွဲကြီးသွားမလို့ပါ … အဲဒါ မိုးချုပ်သွားတာနဲ့ ဒီမှာ တစ်ညဝင်ခိုတာပါ .. အရှင်ဘုရား ကရော”
“ဦးဇင်းလည်း ခရီးသွားပဲ။ မိုးချုပ်လာတာနဲ့ ဒီမှာ ခေတ္တဝင်နားတာ”
ထိုစဉ် ကိုခင်မောင်ဝင်လာပြီး ရေကျည်တောက်ကိုထောင်ကာ ရဟန်းကို ကန်တော့သည်။
“တပည့်တော်တို့ ညစာချက်စားမှာကို ခွင့်ပြုတော်မူပါ”
“ရပါတယ် ဒကာကြီးတို့ .. ဦးဇင်း ခရီးပန်းတာကြောင့် အနားယူတော့မယ် …. ဒကာကြီးတို့ လွတ်လပ်စွာ နေနိုင်ပါတယ်။ တစ်ခုပဲ သတိပေးချင်တယ်”
“ဘာများလဲ ဘုရား”
“အပမာဒေန သမ္ပာဒေထ … ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့အတိုင်း မမေ့မလျော့သော သတိတရားနဲ့ နေထိုင်ခြင်းဟာ ကိုယ့်အသက်ကို ကိုယ်စောင့်ရှောက်ခြင်းပါ ဒကာတို့”
ကျွန်တော်နှင့် ကိုခင်မောင်တို့ တစ်ယောက်မျက်နှာ တစ်ယောက် အလိုလိုကြည့်လိုက်မိသည်။
– ဆက်ရန် –
စာရေးသူ – တင်ညွန့်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
ရိုးမခေါ်သံ (အပိုင်း ၂)
#တင်ညွန့်
ရိုးမခေါ်သံ (၄)
ကျောက်ဂူကြီးက စိုစွတ်စွတ် အေးစိမ့်စိမ့်ရှိလှသည်။ သဘာဝ ကျောက်ဖျာကြီးက ၁ဝ ပေ ပတ်လည်ခန့် ရှိမည်ထင်သည်။ မှိုပွင့်ကြီးသဏ္ဌာန်ဖြင့် ကျောက်ဂူ၏ အတွင်းပိုင်းတွင်တည်ရှိ နေသည်။ ရဟန်းက ကျောက်ဖျာထက်တွင် အပိုပါလာသည့် သင်္ကန်းကိုခင်းပြီး လျောင်းနေသည်။
မကံပယ်က ကျောက်ဂူထဲရှိ ခရီးသွားများပြုလုပ် ထားသော ကျောက်ဖိုခုံလောက်တွင် ထမင်းအိုးကို တည်နေသည်။
“ညီမ … ယုန်သားတစ်ခြမ်း ကျန်သေးတယ် … မထူးတော့ပါဘူး ချက်လိုက်ရအောင်”
ဟု ကိုခင်မောင်က ပြောလိုက်သည်။
ကျွန်တော်က
“ကိုခင်မောင် … ဒီတစ်ခါတော့ ဂန်ဂျာတွေမထည့်နဲ့ဗျာ .. ကျွန်တော် ခုထိ ခေါင်းထဲက မကြည်ဘူး”
“မထည့်ပါဘူးဆရာရယ် … စိတ်ချပါ”
ကိုခင်မောင်က ပြောပြောဆိုဆို သူ့ပလိုင်းကို ကိုင်လာပြီး
“ဆရာ”
“ဘာလဲဗျ”
“ယုန်သားတစ်ခြမ်းကျန်လို့ ဖက်နဲ့ထုပ်ထားတာ … မရှိတော့ဘူး။ မကံပယ် …. ငါ့ညီမ ယူသေးလား။ ဒီမှာ ယုန်အရေခွံတွေပဲ ကျန်တော့တယ်”
“ဘာလဲ”
“ယုန်သားတစ်ခြမ်းကို အရေခွံဆုတ်ပြီး ဖက်နဲ့ထုပ်ထားတာ မရှိတော့ဘူး။ နင်မယူလို့ ဘယ်သူယူမှာလဲ”
ကျွန်တော်က မကံပယ်ကို ကြည့်လိုက်သည်။ သူ ထင်းချောင်းတွေကို ဒူးနှင့်ချိုးရင်း
“ကျွန်မ မသိဘူးလေ”
ဟု အေးအေးဆေးဆေးပြောလိုက်သည်။
“နင်မသိလို့ မရဘူး … ငါတို့ ခရီးအတူသွားတာ .. နင်ရယ်၊ ငါရယ်၊ ဆရာရယ် သုံးယောက်ပဲရှိတာ … နင်မယူရင် ဘယ်သူယူမှာလဲ။ ပြောစမ်း .. နင်ယူပြီးတော့ စားလိုက်ပြီ မဟုတ်လား”
“အစ်ကို … ကျွန်မပြောတယ်လေ … ကျွန်မ မသိဘူး … အစ်ကို့ယုန်သားကို ကျွန်မက ဘာယူလုပ်ရမှာလဲ”
“နင် … နင် …”
ကိုခင်မောင်က မကံပယ်ကို လက်ညှိုးထိုးပြီး အသားတွေ ဆတ်ဆတ်တုန်နေသည်။ ကျွန်တော်က မနေသာတော့
“ကိုခင်မောင် … သူ မယူဘူး ပြောနေတယ်လေ … ဘာဖြစ်နေတာလဲ”
“သူမယူရင် … ဆရာယူသလား”
“ကျုပ်က ဘာယူလုပ်ရမှာလဲ .. ခင်ဗျားနဲ့ ကျွန်တော် အတူတူနိုးတာပဲ .. ဟိုကထွက်လာတုန်းက ခင်ဗျား သတိထားပြီးမကြည့်ဘူးလား”
“မကြည့်မိဘူး … ဒါပေမဲ့ ဖက်ထုပ်ကို ပလိုင်းထဲ ထည့်တာတော့ သေချာတယ်”
“အေးလေ ကျွန်တော်တို့ အိပ်နေတုန်း တောကောင် တစ်ကောင်ကောင် ဝင်ဆွဲသွားတာလည်း ဖြစ်နိုင်တာပဲ”
“မဖြစ်နိုင်ဘူးဆရာ … ဒါ ”
“တော်ပြီ ကိုခင်မောင် … ခင်ဗျား လျှောက်ပြောမနေနဲ့တော့။ ဟိုမှာ မိန်းကလေး အနေခက်လိမ့်မယ်။ ပျောက်သွားတော့ရော ဘာဖြစ်သလဲ …. မစားရတော့ရော ဘာဖြစ်သလဲ”
“ကျွန်မ မယူဘူး အမှန်ပဲ … ယုန်သားမရှိလည်း ငါးပိဖုတ်နဲ့စားလို့ရပါတယ်။ အသားပါမှဆိုရင်တော့ ကျွန်မ တစ်ခုခု ဖန်တီးပေးနိုင်တယ်”
“တော်ပါပြီ … ရှိတာနဲ့ပဲစားမယ် …. ဒီက ညီမပါလို့ ထမင်းစားခွင့်ရတာပဲ ကျေးဇူးတင်တယ်”
မကံပယ်က အပြင်ကို ထွက်သွားသည်။ ကျွန်တော်က ကိုခင်မောင် အနားသွားပြီး
“ခင်ဗျား တော်တော်ကိုယ်ချင်းမစာတာပဲ။ သူ့မှာ ဆန်တွေ ဆီတွေပါလာလို့ ထမင်းလည်း မငတ်ဘူး။ တကယ်ဆိုရင် ပျောက်တယ်ဆိုတာတောင် ထုတ်မပြောသင့်ဘူး … ခင်ဗျားတော်တော်လွန် တယ်”
“မဟုတ်ဘူးဆရာ …. ဒါသွေးရိုးသားရိုး မဖြစ်နိုင်ဘူး”
ထိုစဉ် မကံပယ် ဂူထဲကို ပြန်ဝင်လာသည်။ လက်ထဲတွင် မြွေတစ်ကောင်ကို ကိုင်လာသည်။ မြွေက ခေါင်းတစ်ခုလုံးကြေပြီး သွေးတွေတစက်စက်ကျနေသည်
“ကျွန်မကို ဓားပေးပါ”
မကံပယ်က ကိုခင်မောင်ထံမှ ဓားကိုလှမ်းတောင်းလိုက်သည်။
ကိုခင်မောင်က ခါးတွင်ပတ်သည့် ခါးပတ်နှင့် တွဲထားသော ဓားအိမ်ထဲမှာ ဓားကောက်ကို ထုတ်ပေးလိုက်သည်။
မကံပယ်က မြွေကို ခေါင်းအောက်မှ ဓားနှင့်ရစ်လိုက်ပြီး အရေခွံကို ဆွဲလှန်လိုက်သည်။ ထို့နောက် ဝမ်းကို ဓားနှင့်ခွဲပြီး ကလီစာများကို ထုတ်လိုက်သည်။
ကျွန်တော်က စိတ်နှလုံး မသက်မသာဖြင့် ကြည့်နေမိသည်
“မကံပယ် …. ငါတို့စားဖို့အတွက်ဆိုရင် ဒီလိုမလုပ်ပါနဲ့လား …စိတ်ထဲမှာ တစ်မျိုးကြီးပဲ … ပြီးတော့ ဒီမှာ ဦးဇင်းလည်း ရှိနေတာ . ဒီလိုမျိုး မလုပ်သင့်ဘူး ထင်တယ်”
“ဆရာရယ် … သတ္တဝါဆိုတာ လူချွတ်မှ ကျွတ်ရတာပါ”
ဆိုကာ မြွေကို အတုံးများဖြစ်အောင် ခုတ်နေသည်။ ကျွန်တော်က သူလုပ်ကိုင်နေသည်ကို မကြည့်ချင်တော့သဖြင့် ဂူအပြင်ကို ထွက်လိုက်သည်။ ကိုခင်မောင်က ကျွန်တော့်နောက်မှလိုက်လာသည်။
“ဆရာ”
“ဘာလဲဗျ”
“အဲဒါ မြွေပွေးကြီးဗျ … မြွေတစ်ကောင်ကို လွယ်လွယ်လေး ခေါင်းကိုထုခဲ့တယ်ဆိုတာ ပေါ့သေးသေးတော့ မဟုတ်ဘူး။ နောက်ပြီး ကျွန်တော်သိသလောက် ဒီနယ်ဘက်မှာ မြွေဆိုးတွေ သိပ်မရှိဘူး”
“ကိုခင်မောင် … ရှိလို့ပဲ သူသတ်လာပြီလေ”
“ဆရာ ကျွန်တော် တစ်ခုပြောပါရစေ”
“ပြောလေ”
“ကျွန်တော်တို့ သတိထားရလိမ့်မယ် … မကံပယ်ကို ကျွန်တော် သိပ်မသင်္ကာဘူးဆရာ … ကျွန်တော့်ယုန်ကို အစိမ်းအတိုင်း သူစားလိုက်တာနေမှာ။ ဒါကြောင့်လည်း ဂန်ဂျာနဲ့ချက်တာကို သူမစားဘူးပြောတာပေါ့”
“ကိုခင်မောင် … ကျွန်တော် ရှင်းရှင်းမေးပါရစေ … မကံပယ်ကို ခင်ဗျား တစ်ခုခုများ ထင်နေသလား”
“ဘာလို့ထင်ရမှာလဲဆရာ”
“ဟိုဗျာ .. နာနာဘာဝလိုမျိုးပေါ့”
“အစိမ်းအတိုင်းတွေ စားတယ်ဆိုကတည်းက မသင်္ကာတာ ဆရာ။ သရဲမဖြစ်ကောင်းဖြစ်နိုင်တယ်”
“အိုဗျာ … မဖြစ်နိုင်ပါဘူး … ကျွန်တော်လည်း သူ့အရိပ်မှ ထွက်ရဲ့လားဆိုပြီးတော့ သတိထားကြည့်နေတာ အရိပ်ထွက်ပါတယ်ဗျ။ နောက်ပြီး သူ့ကို သံသယနဲ့ မဆက်ဆံပါနဲ့။ ကျွန်တော်တို့ ရင်းနှီးအောင်နေပြီး စုံစမ်းရမှာပေါ့”
“ဆရာ … ဆရာက စုံစမ်းနေ ။ တော်ကြာ ကျွန်တော်တို့ကို ဂုတ်ချိုးပြီး စားသွားရင်”
“မကြောက်ပါနဲ့ ကိုခင်မောင်ရယ် .. ဟိုမှာ ရဟန်းတစ်ပါးလည်း ရှိနေတာ”
ကျွန်တော်က ရဟန်းတစ်ပါးဟု ပြောပြီးမှ ဦးဇင်းကို
စိုးရိမ်သွားပြီး
“လာ .. ဂူထဲပြန်ရအောင် … ဦးဇင်းတစ်ပါးတည်း မထားသင့်ဘူး”
ကျွန်တော်တို့ ဂူထဲဝင်လိုက်ချိန်တွင် မကံပယ်က ထမင်းများကို ဖက်ထဲပုံထားပြီး အိုးနှင့် ဟင်းချက်နေသည်။ ကျွန်တော်က စောစောက ပုံထားသည် မြွေဗိုက်ထဲက အူနှင့်ကလီစာများကို သတိထားကြည့်လိုက်သည်။ မတွေ့ ရတော့။ ကျွန်တော်တို့ကို သတိထားကြည့်နေပုံပေါ် သည့် မကံပယ်က
“အူတွေ ကလီစာတွေကို ကျွန်မ မစားပါဘူး။ ဟိုဖက်ထဲမှာထုပ်ထားတယ်။ ကျေးဇူးပြုပြီး အစ်ကိုတို့ပဲ သွားမြှုပ်ပေးပါ”
ကျွန်တော်က သူညွှန်ပြသည့် ဖက်ကိုယူပြီး ဓားကိုကိုင်ကာ ဂူအပြင်ကို ပြန်ထွက်ခဲ့သည်။ ဂူအပြင် မျက်ကွယ်ကို အရောက်တွင် ဖက်ထုပ်ကို မသိမသာဖွင့်ကြည့်လိုက်သေးသည်။ အရေခွံနှင့် ကလီစာ များ အားလုံးရှိနေသည်။ ကျွန်တော်က ဓားနှင့်ကျင်းတူးရင်း ဖက်ထုပ်ကို မြေမြှုပ်လိုက်သည်။
ဟင်းကျက်ပြီဖြစ်သဖြင့် ကျွန်တော်တို့ ထမင်းစားကြသည်။ မကံပယ်ကလည်း ကျွန်တော်တို့နှင့်အတူတူ တစ်ဝိုင်းတည်း ထိုင်စားသည်။ မကံပယ်က မြွေသားဟင်းကိုမနှိုက်။ ကျွန်တော်က
“မကံပယ် ဟင်းတွေထည့်စားလေ”
“ကျွန်မ မြွေသားမစားဘူး … ဆရာတို့အတွက် ချက်ပေးတာ”
အမှန်အတိုင်း ပြောရလျှင် မြွေကိုဖျက်ကတည်းက ကျွန်တော့် စိတ်ထဲတွင် တစ်မျိုးကြီးဖြစ်နေသည်။ ငရုတ်သီးစပ်စပ်နှင့် စားကောင်း မည့်ပုံပေါ်သော်လည်း ကျွန်တော် စားမဝင်။ ကိုခင်မောင်ကတော့ တရွှီးရွှီးဖြင့် ထမင်းကို အားရပါးရစားနေသည်။
“တော်ပြီလားဆရာ”
“ကျွန်တော် သိပ်မဆာဘူး”
အားလုံးစားသောက်ပြီးသည့်အခါ ထမင်းအိုးထဲကို ဖက်တွေ စုထည့်ပြီး မကံပယ်က အပြင်ထွက်သွားသည်။ ကျွန်တော်က ကိုခင်မောင်ကို
“စားကောင်းလား”
ဟုမေးလိုက်သည်။
“ကောင်းတယ်ဆရာ … တကယ့်လက်ရာကောင်း… အင်း မိန်းမသာမရှိရင် ကျွန်တော်တော့ မကံပယ်ကို မရရအောင်ယူမှာ”
“ဟေ့လူ .. ဒုသနသော သူ့မှာ လင်နဲ့ ဗိုက်နဲ့”
“ဟီ ဟီ”
ကိုခင်မောင်က ပြောလည်းပြော ရယ်လည်း ရယ်နေသည်။ အမှန်တော့ ကျွန်တော်တို့ စားသောက် ပြောဆိုနေကြသည်မှာ ဦးဇင်းကိုမေ့နေသည်။ ကျွန်တော်က သတိရသဖြင့် ကိုခင်မောင်ကို “ရှူး” ဟု အချက်ပြကာ ဦးဇင်းရှိရာကို လက်ညှိုးထိုးပြလိုက်သည်။
“အင်းနော် ဆရာ ဦးဇင်းကို အားနာလိုက်တာ … ကျွန်တော်တို့က ဟင်းတွေချက်၊ ထမင်းတွေချက်၊ စကားတွေပြော အိပ်နိုင်ပါ့မလား မသိဘူး”
“အဟမ်း”
ဦးဇင်းထံမှ ချောင်းဟန့်သံကြားလိုက်ရသည်။ ဦးဇင်းကထိုင်လိုက်ပြီး
“ဦးဇင်း မအိပ်ပါဘူး။ ဒကာကြီးတို့ ထမင်းစားတာ ပြီးကုန်ကြပြီလား။ ဦးဇင်း ပုတီးစိပ်နေတာပါ”
“တပည့်တော်တို့ ကိစ္စများ အားလုံးပြီးပါပြီ ဘုရား အရှင်ဘုရားကို အားနာလိုက်တာ”
“ရပါတယ် ဒကာကြီး ခရီးသွားချင်းပဲ”
“ဒါနဲ့ အရှင်ဘုရား ဘယ်ကကြွလာပြီး ဘယ်ကိုသွားမှာလဲ ဘုရား”
“ဦးဇင်းက တောင်ကွဲကြီးကိုသွားမှာ။ အဲဒီမှာ မယ်တော်ကြီး ရှိတယ်။ မကျန်းမာဘူးဆိုလို့ ပြန်ကြွလာတာ။ ဦးဇင်းက မြို့ပေါ် စာသင်တိုက်ကြီးတစ်တိုက်ကပါ”
“ကြည်ညိုပါတယ်ဘုရား … တပည့်တော်က ကျောင်းဆရာပါ။ တောင်ကွဲကြီးကျောင်းကို တာဝန်အရ လာတာပါဘုရား။ ဆရာကြီး ဆေးရုံတက်နေရတယ် ဘုရား။ ဒါကြောင့် တပည့်တော် စာလာသင်ပေးတာ”
“သာဓု … သာဓု သာဓု”
ထိုအချိန်တွင် မကံပယ်က အိုးကိုကိုင်ပြီး ဂူထဲပြန်ဝင်လာသည်။ သူ့အိုးကို ပလိုင်းထဲထည့်သည်။ ထို့နောက် ကျောက်နံရံကိုမှီပြီးထိုင်ကာ အပေါက်ဝဘက်ကို ငေးနေသည်။ ဦးဇင်းက
“သဗ္ဗေ သင်္ခါရာ အနိစ္စာ”
“ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သစ္စံ တံ နိရောဓဓမ္မံ”
ဟုရွတ်လိုက်သည်။ ကျွန်တော်က
“အရှင်ဘုရား ဘာကိုဆိုလိုပါသလဲဘုရား။ တပည့်တော်က ပါဠိနဲ့ဝေးပါတယ်ဘုရား။ အနက်ကို ရှင်းပြတော်မူပါ”
“အကြင် (ရုပ်နာမ်ဓမ္မ) သင်္ခါရ အားလုံးတို့သည် အမြဲမရှိကုန်”
“ဖြစ်ခြင်းသဘောရှိသော တရားအားလုံးသည် ချုပ်ငြိမ်းခြင်း သဘောရှိ၏လို့ အဓိပ္ပာယ်ရပါတယ်။ ဦးဇင်း ဒီကိုလာရင်း ကရင်မဇရပ်မှာ ကြုံခဲ့တာလေးကို သတိရမိလို့ပါ”
“ဘာများကြုံခဲ့သလဲဘုရား”
“လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ဆိုးတယ်၊ မိုက်တယ် ပြောပြော ရှောင်လွှဲလို့မရတာကို မသိသေးချိန်လေးပဲ ဆိုးလို့မိုက်လို့ ရတာပါ။ လောကကြီးက အပြစ်ဒဏ်ခတ်ခြင်းခံရတဲ့နေ့မှာ သူလည်း ဘာမှ မဟုတ်တော့ပါဘူး”
“တပည့်တော်တို့ နားမလည်ပါဘုရား”
“ဦးဇင်း ဒီကိုလာရင်း ကရင်မဇရပ်မှာ ခေတ္တဝင်နားခဲ့တယ်။ အဲဒီ ဇရပ်ပေါ်မှာ ဓားပြကြီး မိုးဟိန်းကို တွေ့ ခဲ့တယ်”
ဦးဇင်းထိုသို့ပြောနေစဉ် မကံပယ်က ထိုင်နေရာမှ ထလာပြီး ကျွန်တော့်ဘေးတွင် ဝင်ထိုင်ကာ
“ဦးဇင်း … မိုးဟိန်းမှန်း ဘယ်လိုသိသလဲ”
“ဒကာမကြီး မိုးဟိန်းကို ဒီနယ်မှာ မသိသူမရှိပါဘူး။ ဦးဇင်းဖခင်ကိုလည်း မိုးဟိန်းသတ်ခဲ့တာပဲ။ ဦးဇင်းရှေ့ မိခင်ကြီးရှေ့မှာတင် ဓားနဲ့ ရက်ရက်စက်ခုတ်သတ်သွားတာ။ ဦးဇင်းကြောက်ပြီးတော့ မြို့ကို ထွက်ပြေးခဲ့တယ်။ ရာသက်ပန် ရဟန်းဘဝနဲ့နေတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်”
“အရှင်ဘုရား … မိုးဟိန်းက အရှင်ဘုရားကို ဘာလုပ်လိုက် သေးလဲဘုရား”
“မိုးဟိန်းလား … ဦးဇင်းကို ဘာမှ မလုပ်နိုင်တော့ပါဘူး။ ဦးဇင်း နေ့ဆွမ်းဘုဉ်းပေးပြီး ထိုင်နေချိန်မှာ လူတစ်ယောက်ကို ပုခက်နဲ့ ထမ်းလာကြတယ်။ ဇရပ်မှာ ခေတ္တနားပြီး ပြုစုကြတယ်။ ဒါပေမဲ့ ဦးဇင်းရှေ့မှာပဲ သေသွားတယ်”
“ဘာဖြစ်လို့လဲဘုရား”
“မြွေကိုက်ထားတာ”
“ဟင် … အရှင်ဘုရား မိုးဟိန်းကျိန်းသေရဲ့လား”
“သူ့ရင်ဘတ်ပေါ်က ဘီလူးခေါင်းရုပ်က လူ ၁ဝဝ မှာ တစ်ယောက်မရှိပါဘူး … ဦးဇင်းကောင်းကောင်း မှတ်မိတာပေါ့”
“သူသေတာ ကျိန်းသေလားဘုရား”
“ဦးဇင်းကိုယ်တိုင် သရဏဂုံတင်ပေးခဲ့ပါတယ်။ ဒါကြောင့် နောက်ကျသွားလို့ ဒီမှာ တစ်ညဝင်ခိုနေရတာပေါ့”
ကျွန်တော်က မကံပယ်ကို ငေးကာကြည့်နေမိသည်။ သူ့ စိတ်ဝင်စားစွာဖြင့် ဦးဇင်းကို မေးနေခြင်းဖြစ်သည်။ ထူးဆန်းသည်က သူ့မျက်လုံးတွေဖြစ်သည်။ မျက်လုံးထဲတွင် မျက်ရည်တွေခိုနေသည်။
“ခွေးတိရစ္ဆာန် … ခွေးတိရစ္ဆာန်”
မကံပယ်က အံကြိတ်ကာပြောရင်း အသားတွေ ဆတ်ဆတ် တုန်နေသည်။ မျက်စိကိုမှိတ် လက်သီးကို ဆုပ်ပြီးနေရာမှ ကျွန်တော့်ဘက်ကို ခေါင်းလေးငိုက်ကျလာသည်။
“မကံပယ် … ဘာဖြစ်လို့လဲ”
ကျွန်တော် ပြောနေသည့် အချိန်မှာပင် မကံပယ်က ကျွန်တော့် ပေါင်ပေါ် ခေါင်းငိုက်စိုက်ကျသွားသည်။
“မကံပယ် … မကံပယ်”
ရိုးမခေါ်သံ (၅)
ကျွန်တော်က မကံပယ်ဦးခေါင်းကို ဒူးခေါင်းပေါ်တင်ပြီး ငယ်ထိပ်ကို မှုတ်ပေးနေမိသည်။ ဦးဇင်းက ကျောက်ဖျာပေါ်မှ ဆင်းလာပြီး ဘူးလေးတစ်ဘူးကို လှမ်းပေးသည်။
“ဒကာကြီး နှာခေါင်းဝကို တေ့ထားပေးလိုက်”
ဟုပြောသည်။
ကျွန်တော်က ဦးဇင်းပေးသည့် ဘူးကိုဖွင့်ပြီး မကံပယ်နှာခေါင်းဝတွင် တေ့ထားပေးလိုက်သည်
“အင်း အင်း အင်း” ဆိုကာ မကံပယ် လူးလွန့်လာသည်။
“ကယ်ကြပါ … ကယ်ကြပါဦး”
“မကံပယ် .. ဘာဖြစ်သလဲ … သတိထားလေ”
ကျွန်တော်က သူ့ကိုထိုင်နိုင်အောင် ထူပေးလိုက်ပြီး
နောက်ကျောကို လက်ဖြင့်ထောက်ကာ ကိုင်ပေးထားမိသည်။
“ရေ … ရေ ရေတစ်ခွက်လောက်”
“ကိုခင်မောင် … ရေကျည်တောက်ပေးပါဗျ”
ကိုခင်မောင်က ရေကျည်တောက်ကို ယူလာပေးသည်။ ကျွန်တော်က ကျည်တောက်ကိုစောင်းပေးပြီး သူ့ပါးစပ်ဝကို တေ့ထားပေးလိုက်သည်။
မကံပယ်က ရေကိုအားရပါးရသောက်နေသည်။ သူ့ဆံပင်ထုံးက ပြေကျပြီး ဖားလျားချထားသလို ဖြစ်နေသည်။ သူ ဦးဇင်းကို မေးလိုက်သည်။
“အရှင်ဘုရား … သူတကယ်သေပြီလား”
“ဇရပ်ထဲမှာ ဦးဇင်းကိုယ်တိုင် သရဏဂုံတင်ပေးခဲ့တယ်။ သူ့တပည့်တွေက နေ့ချင်းမြှုပ်မယ်ဆိုပြီး သင်္ချိုင်းထဲထမ်းသွားကြတယ်”
“အဲဒီ လူယုတ်မာ မြွေကိုက်ရုံလောက်နဲ့ သေတယ်ဆိုတာ မဖြစ်နိုင်ဘူးဘုရား … မဖြစ်နိုင်ဘူး”
မကံပယ်က ပြောပြောဆိုဆိုနှင့် မတ်တတ်ရပ်ပြီး ဂူအပြင်ဘက်ကို ပြေးထွက်သွားသည်။ ကျွန်တော်က လက်ကို လိုက်ဆွဲသော်လည်း ဦးဇင်းက
“ထားလိုက်ပါ ဒကာကြီး … ပရိဒေဝ အပူမီးတောက်နေချိန်မှာ ဒကာကြီးက နောက်ထပ် မီးလိုက်မတို့ပါနဲ့လား …. သူ့ဘာသာသူ အဖြေရှာပါလိမ့်မယ်”
“မဟုတ်ဘူးဘုရား … သူတစ်ခုခု လုပ်လိုက်မှာ စိုးရိမ်ရတယ်”
“သူ့အကြောင်း ဒကာကြီး သိလို့လား”
“မသိပါဘုရား”
“ဦးဇင်းသတိထားရသလောက် စိတ်ဓာတ်ပျော့ပျော့ မိန်းမတော့ မဟုတ်လောက်ဘူး”
ကိုခင်မောင်က ထလာပြီး ကျွန်တော့်နားထိုင်ကာ
“ထားလိုက်ပါဆရာရယ်”
“ဒကာကြီးတို့နဲ့ ဘယ်လိုအကြောင်းသင့်ပြီး ဒီကိုရောက်လာတာလဲ”
“တပည့်တော်တို့နဲ့လည်း အဲဒီ ကရင်မဇရပ်မှာပဲ ဆုံခဲ့ပြီးခရီးကြုံလိုက်ပါရစေပြောလို့ ခေါ်ခဲ့တာပါဘုရား”
“တိုက်ဆိုင်လှချည်လား .. မိုးဟိန်းနဲ့ အဲဒီဒကာမကြီးက ဘယ်လိုတွေများ ပတ်သက်နေသလဲ မသိဘူး”
“တပည့်တော်တို့လည်း သိချင်လှပေါ့ဘုရား”
ပြောသာပြောရသည် ကျွန်တော့်စိတ်ထဲတွင် မတင်မကျဖြစ်နေသည်။ ထို့ကြောင့်
“ခွင့်ပြုတော်မူပါဘုရား … တပည့်တော် သူ့ကိုစိတ်မချလို့ လိုက်ကြည့်ပါရစေ … ကိုခင်မောင် လိုက်ခဲ့ဗျာ”
ဦးဇင်းကဘာမျှပြန်မပြော ပုတီးကိုကိုင်ပြီး စင်္ကြံန် လျှောက်နေသည်။ ကျွန်တော်နှင့် ကိုခင်မောင် ဂူအပြင်ကို ထွက်ခဲ့ကြသည်။ ဂူအပြင်ကိုမထွက်မီ ကိုခင်မောင်က ထင်းတုံးကြီးတစ်တုံးကို မီးပုံထဲပစ်ထည့်လိုက်ရာ မီးဖွားတွေ လွင့်တက်သွားသည်။
“ကိုခင်မောင် … မကံပယ် ဟိုမှာ ထိုင်နေတာတွေ့လား”
မကံပယ်က သစ်ပင်တစ်ပင်အောက်တွင် ထိုင်နေသည်။ ခေါင်းကိုငုံ့ထားပြီး ဆံပင်တွေက ဖားလျားချထားသည်ကို မြင်ရသည်မှာ ထိတ်လန့်စရာဖြစ်နေသည်။ သူ့မျက်နှာကို ဆံပင်တွေက အုပ်ထား သောကြောင့် မမြင်ရ။ ကျွန်တော်က သူ့ရှေ့တွင် သွားထိုင်ချလိုက်ပြီး
“မကံပယ် … ညီမလေး … စိတ်လျှော့ပါကွယ် … တစ်ခုခု ဖြစ်နေပုံရတယ်။ ငါတို့ သိခွင့်ရှိရင် အကျိုးအကြောင်းလေး သိပါရစေ။ ခရီးသွားချင်းဆိုပေမယ့် ငါ့ညီမက အစ်ကိုတို့အပေါ်မှာ ကျေးဇူးရှိပါ တယ်။ ထမင်းနှစ်နပ်တောင် ကျွေးထားတယ်လေ။ ဒါကြောင့် ညီမခံစားနေရတာများ တစ်ခုခုရှိရင် ငါတို့ကို ပြောစေချင်တယ်။ ငါတို့ ကူညီနိုင်ရင်လည်း ကူညီလို့ရတာပေါ့”
မကံပယ်က ခေါင်းကို ဖြည်းဖြည်းချင်း မော့လာသည်။ ဆံပင်တွေကို ဘေးဖက်သို့ သပ်ချလိုက်ရာ သူ့မျက်လုံးများက မီးဖိုအလင်းရောင်နှင့် ဝင်းဝင်းတောက်သလိုဖြစ်နေသည်။
“ပြီးသွားပြီ … အားလုံးပြီသွားပါပြီ … ရုတ်တရက်ကြားလိုက်ရတော့ သူ့ကို ဘယ်လောက်မုန်းတယ်ပြောပြော စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်သွားတယ်။ ခုမှ သိလိုက်ရတာက ကျွန်မ သူ့ကို မုန်းနေတာမှ မဟုတ်တာ။ ဟုတ်တယ် အစ်ကိုတို့ရယ် … ခွေးတိရစ္ဆာန် ကို ကျွန်မသံယောဇဉ် ဖြစ်နေသေးတယ်”
“မိုးဟိန်းနဲ့ ညီမတို့က ဘယ်လိုပတ်သက်သလဲ”
“ကျွန်မက သူ့ ဘယ်နှယောက်မြောက်မှန်းမသိတဲ့ မယားငယ်”
“ဟင် ဒါဆို ညီမပြောတဲ့ ဗိုက်ထဲက ရင်သွေးဆိုတာ … သူနဲ့ရတာပေါ့”
“ဟုတ်တယ်”
“သူသေသွားပြီဆိုတော့”
“ကျွန်မနဲ့သူ ထွက်ပြေးမယ်ဆိုပြီး ကရင်မဇရပ်မှာ ချိန်းထားတာ။ ကျွန်မ သူ့ကို မနေ့ညကတည်းက ထိုင်စောင့်နေတာ။ သူ ဓားပြလည်း မတိုက်တော့ပါဘူး … ကျွန်မဗိုက်ထဲက သူ့ရင်သွေးလေးကိုလည်း ကောင်းကောင်း ကျွေးမွေးပါ့မယ်။ တစ်ရပ်တစ်ကျေးမှာ ကောင်းကောင်းမွန်မွန် လုပ်စားပါ့မယ်လို့ ကတိပေးလို့ ကျွန်မ သူ့ကို စောင့်နေတာ။ အမျိုးယုတ်က မလာဘူး။ ကျွန်မ တစ်ညလုံးစောင့်တယ်။ နောက်ဆုံး သည်းမခံနိုင်တော့လို့ ကျွန်မ အစ်ကိုတို့နဲ့ လိုက်ခဲ့တာ။ သူမလာပါဘူး”
“ဦးဇင်းပြောတော့ သူ့ကို ဇရပ်မှာ မြွေကိုက်လာလို့ တပည့်တွေ ထမ်းလာတာဆို .. နင်စောင့်နေတဲ့ ဇရပ်မှာပဲ မဟုတ်လား”
မကံပယ်က ဘာမျှပြန်မပြော။ ကျွန်တော်ကဆက်ပြီး
“ညီမ တောင်ကွဲကြီးမှာ နေတာလား”
“တောင်ကွဲကြီးမှာ အမေရှိတယ် … အမေ့ဆီမှာ ဒီကလေးကို ပြန်မွေးဖို့ ဆုံးဖြတ်ထားတယ်။ ရွာမှာနေလို့လည်း မဖြစ်တော့ဘူး။ မိုးဟိန်း မယားကြီးက ကျွန်မကို သတ်လိမ့်မယ်။ သူတို့က အမျိုးတောင့်တယ်”
“နင်နဲ့ မိုးဟိန်း ကိုယ်ဝန်ရထားတယ်ဆိုတာ မိုးဟိန်းမိန်းမကြီးသိလား”
“သိရင် ကျွန်မသေတာကြာပြီပေါ့ … ဒါကြောင့် ကျွန်မထွက်ပြေးဖို့ သူ့ကိုပြောတာ”
“အေးကွယ် … စိတ်မကောင်းပါဘူး”
“ဘာဖြစ်လို့လဲ”
“သူသေသွားလို့ပေါ့”
“ဟား .. ဟား .. ဟား … မိုးဟိန်းလားသေမှာ … အဲဒီ တိရစ္ဆာန်ကောင် ဘယ်တော့မှမသေဘူး”
“ဦးဇင်းက သရဏဂုံတောင်တင်ပေးခဲ့တယ်လို့ ပြောတယ်”
“သူမသေဘူး အဲဒီ ခွေးတိရစ္ဆာန် ဒီလိုမသေဘူး … သူမြွေကိုက်လို့သေတာ မဖြစ်နိုင်ဘူး”
“ညီမက ဘာကြောင့် ပြောနိုင်သလဲ”
“အဲဒီ မြွေက … ကျွန်မတိုက်ထားခဲ့တာ”
“ဘာ … ဘယ်လို .. နင်တိုက်ထားခဲ့တာ ဟုတ်လား”
ကိုခင်မောင်က ကျွန်တော့်လက်မောင်းကို ဆုပ်ထားလိုက်ပြီးငိုသံကြီးဖြင့်
“ဆရာ” ဟု အော်လိုက်သည်။
ရိုးမခေါ်သံ (၆)
မကံပယ်က ဂူထဲရောက်သည့်အခါတွင် ထောင့်လေးတစ်ထောင့်၌ ထိုင်ပြီးမှိုင်နေသည်။ ကျွန်တော်က ဦးဇင်းထိုင်နေသည့် ကျောက်ဖျာအောက်ခြေတွင် သွားထိုင်လိုက်သည်။ ကိုခင်မောင်ကလည်း မကံပယ်ကိုကြည့်ရင်း ကျွန်တော့်အနားတွင် လာထိုင်နေသည်။
“အရှင်ဘုရား မအိပ်ချင်သေးရင် တပည့်တော်တို့ကို ကြုံတုန်းကြုံခိုက် တရားရစရာတစ်ခုခုလောက် ဟောကြားပေးဖို့ မေတ္တာရပ်ခံပါရစေဘုရား”
“ဦးဇင်း အိပ်ရမယ် မထင်ပါဘူး။ ဒကာကြီးတို့က
စကားပြောချင်တယ်ဆိုရင်တော့ ပြောကြတာပေါ့”
“တပည့်တော်လည်း မအိပ်ချင်ဘူးဘုရား”
ကိုခင်မောင်က ဝင်ပြောခြင်းဖြစ်သည်။ ဦးဇင်းက
ချောင်းဟန့်လိုက်ပြီး
“စောစောက သတ္တဝါဆိုတာ လူချွတ်မှ ကျွတ်တယ်
လို့ပြောတာ ကြားလိုက်မိသလိုပဲ”
“တပည့်တော်တို့ပြောတာ မဟုတ်ဘူး …
သူပြောတာ”
ကိုခင်မောင်က မကံပယ်ဘက်ကို လက်ညှိုးထိုးပြီး
ပြောလိုက်ခြင်းဖြစ်သည်။ ကျွန်တော်က ဦးဇင်းကို
“အရှင်ဘုရား … နာနာဘာဝဆိုတာ ရှိသလားဘုရား”
ဟု မေးလိုက်မိသည်။
ကျွန်တော်ဘာကြောင့် ထိုသို့ မေးလိုက်မိသည်ကိုပင် အံ့အားသင့်နေမိသည်။ ပြီးမှ မလုံမလဲဖြင့် မကံပယ်ဘက်ကို လှည့်ကြည့်လိုက်မိသည်။ မကံပယ်ကတော့ ကျောက်ဂူနံရံကိုမှီပြီး မျက်စိမှိတ်ထားသည်။ အိပ်ပျော်နေလေသလားမသိ။ ကိုခင်မောင်ကတော့ ကျွန်တော့် အနီးကို ပိုကပ်လာသည်။
“ဦးဇင်း ဖတ်ဖူးတာလေး ပြောပြချင်တယ်။ မန်လည် ဆရာတော်ဘုရားကြီးနဲ့ မင်းကွန်းဆရာတော်ကြီး အပြန်အလှန် စာချိုးထားတာလေးပါ”
မန်လည်ဆရာတော်ဘုရားကြီးက တစ်နေ့တွင် မင်းကွန်း ဆရာတော်ဘုရားကြီးကို မေးလျှောက်ပါသည်။
“ပြောကြလျှင်၊ လောကတွင်
တစ္ဆေရှိသတဲ့၊ ဆွေသိရဲ့လားသိပါချင်၊
ရှိပါလျှင် တစ္ဆေဆိုတဲ့
သည်ပုဂ္ဂိုလ် ကောင်အရုပ်ကို၊
ကျမ်းအုပ်လို့ကြား”
မာန်လည်ဆရာတော်ကြီးက မင်းကွန်းဆရာတော်ကြီးကို မေးလျှောက်လိုက်သည့်အခါတွင် မင်းကွန်းဆရာတော်ကြီးက
“ပြောကြလျှင်၊ လောကတွင်
တစ္ဆေရှိသည်ဟု၊ နှံ့သိကျော်ကြား။
မျိုးထူးထွေ၊ သည်တစ္ဆေ ရှိသည်ဟုတ်ပါဘူး
မြေဖုတ်ကို တစ္ဆေပြောကြတယ်၊ လောကလူများ”
ဟုပြန်လည် ဖြေကြားတော်မူလိုက်သည်။
“မင်းကွန်းဆရာတော်ဘုရားကြီး ပြောလိုရင်းကတော့ မြေဖုတ် ပြိတ္တာကို တစ္ဆေလို့ ပြောလိုရင်းပါ”
“မင်းကွန်းဆရာတော်ဘုရားကြီးနဲ့ မာန်လည်ဆရာတော်ဘုရားကြီးဆိုတော့ အဲသည်မင်းကွန်းဆရာတော်ဘုရားကြီးဆိုတာက”
“သီပေါမင်းနဲ့ စုဖုရားလတ်တို့က မဏိရတနာရာမ မြတောင်ကျောင်းတိုက်ကြီးမှာ ကိုးကွယ်ခဲ့တဲ့ ပဏ္ဏဝံသာ ဘိဓဇ ဓိပတိ ပဝရ မဟာဓမ္မရာဇာဓိ ရာဇဂုရု ဘွဲ့တော်ရတဲ့ ဒုတိယမြတောင်ဆရာတော် ဘုရားကြီးကို ပြောတာပါ ဒကာကြီး။ ဓာတုတ္ထဒီပနီဋီကာ ရေးသားတော်မူခဲ့တဲ့ ဆရာတော်ကြီးပါ။ တိပိဋကတ် ဆရာတော်ကြီးကို ပြောတာမဟုတ်ဘူး”
“ဒါဆိုရင် တစ္ဆေရှိတာပေါ့နော် အရှင်ဘုရား”
“အလှူတွေမှာ ရေစက်ချတဲ့အခါ (ပေတာနံ ကာလင်္ကတာနံ)လို့ ထည့်ပြောရတာရှိတယ်။ ဆိုလိုချင်တာက အတည်မကျ ဘဝတစ်ပါးသို့ ပြောင်းသွားကွယ်လွန်သွားပြီးသူသို့ ရည်စူးပြီးတော့ ရေစက်ချတာ။
ပေတဆိုတာ ပြိတ္တာ တစ္ဆေကိုပြောတာ။ လူ့ဘုံဘဝကနေ ကွယ်လွန်ပြီး နောက်ဘုံဘဝတစ်ခုခုကို ရောက်သွားသူ မှန်သမျှကိုလည်း ပေတလို့ ပြောဆိုနိုင်တာပေါ့”
“ဒါဆိုရင် တကယ်ပဲ တစ္ဆေသရဲဆိုတာ ရှိနေပြီပေါ့နော်ဘုရား”
ဦးဇင်းက ရှိသည်လည်း မပြော၊ မရှိဟူ၍လည်း နှုတ်မပြန် တည်ငြိမ်စွာထိုင်ရင်း
“တစ္ဆေဆိုတာ တဇ္ဇေတိဆိုတဲ့ ပါဠိကလာတာပါဒကာကြီး။ ခြောက်လှန့်၏ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ဦးဇင်း မှတ်သားရသလောက်ကတော့ တဇ္ဇေကနေ တစ္ဆေဆိုပြီး ဖြစ်လာတာ။ ခြောက်လှန့်တတ်တာကြောင့် ရှေးကတည်းက ကြောက်စရာဆိုပြီး ယူဆခဲ့ကြတာ။
အမှန်တော့ တစ္ဆေ ပြိတ္တာတွေဟာ တမင်ခြောက်လှန့်တာမျိုးတွေ သိပ်မလုပ်တတ်ကြပါဘူး။ အကြောင်းရှိလို့ ခြောက်တာဖြစ်နိုင်ပါတယ်”
ကိုခင်မောင်က ကျွန်တော့်အသားနှင့် ထိကပ်အောင် နေရာယူလိုက်ရာ ကျွန်တော်က
“ကိုခင်မောင် … ဘယ်လိုဖြစ်နေတာလဲ … ဟိုဘက်နည်းနည်းတိုးပါဦး”
“ဆရာ … ကြောက်လို့ပါ”
“ခင်ဗျားနှယ် … ဦးဇင်းလည်း ရှိပါတယ်”
“မိလိန္ဒမင်းကြီးနဲ့ အရှင်နာဂသိန်တို့ အပြန်အလှန်မေးမြန်းကြတဲ့ မိလိန္ဒပဉာထဲမှာလည်း မိလိန္ဒမင်းကြီးကို ရှင်နာဂသိန်က ဒီလိုပြန်ဖြေဖူးတယ်”
“မင်းကြီး သေကုန်သော တစ္ဆေ၊ ပြိတ္တာတို့၏ ကိုယ်ကောင်ကို တွေ့မြင်ရ၏။ ထိုတစ္ဆေ၊ ပြိတ္တာတို့၏ အပုပ်နံ့သည်လည်း လှိုင်၏။ မင်းကြီး သေကုန်သော တစ္ဆေ၊ ပြိတ္တာတို့၏ ကိုယ်ကောင်ကို ပိုးကောင်အသွင်ဖြင့် လည်းကောင်း၊ ပေါက်ဖတ်အသွင်ဖြင့် လည်းကောင်း၊ ခြပုန်း အသွင်ဖြင့်လည်းကောင်း၊ ပိုးနှံကောင် အသွင်ဖြင့်လည်းကောင်း၊ ကင်းခြေများ အသွင်ဖြင့်လည်းကောင်း၊ ငှက်အသွင်ဖြင့်လည်းကောင်း၊ သမင် အသွင်ဖြင့်လည်းကောင်း တွေ့ မြင်ရ၏လို့ အကောင်အမျိုးမျိုး အသွင်နဲ့ တွေ့ မြင်ရတယ်လို့ ရှင်းပြခဲ့တာ ရှိတယ်”
“ဒါဆိုရင် တစ္ဆေတကယ်ရှိနေပြီပေါ့ … အရှင်ဘုရားဘုရား .. မြွေလိုလည်း ဖန်ဆင်းနိုင်တယ်ပေါ့”
ဦးဇင်းကမဖြေ ။ ကျွန်တော်က
“အကောင်အသွင် အမျိုးမျိုးနဲ့ ဖန်ဆင်းနိုင်ပါတယ်လို့ ပြောမှတော့ မြွေလည်း ပါတာပေါ့”
ကိုခင်မောင်ကို ကျွန်တော်က တိုးတိုးလေး ပြောလိုက်ခြင်းဖြစ်သည်။ ကိုခင်မောင်က ပျို့အန်တက်လာပြီး ပါးစပ်ကို ပိတ်ထားလိုက်သည်။
“ဦးဇင်း တစ်ခုပြောချင်တယ်… မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ်က သတ္တဝါတွေကို လူချွတ်မှကျွတ်တယ်ဆိုတဲ့ အယူအဆနဲ့ ပတ်သက်ပြီး ဟောကြားတော်မူခဲ့တာရှိတယ်။ ဒကာကြီးတို့ နားထောင်ချင်သလား”
“နားထောင်ချင်ပါတယ်ဘုရား … အပန်းမကြီးရင် ဟောပြတော်မူပါ”
ဟိုးရှေးရှေးက ဣဋ္ဌကဝတီရွာကြီးတစ်ရွာရှိသည်။ ထိုရွာသည် ဂေါတမဘုရား ပွင့်တော်မမူမီ လွန်ခဲ့သော နှစ်ပေါင်းငါးရာကျော်ကတည်းက တည်ရှိခဲ့သည့် ရွာလည်းဖြစ်သည်။
ထိုရွာတွင် နေထိုင်သူများသည် “သံသာရ မောစက” အယူဝါဒကို ယုံကြည်သူများဖြစ်ကြသည်။
သံသာရ မောစက အယူဝါဒဆိုသည်မှာ သတ္တဝါတို့သည် လူချွတ်မှကျွတ်သည်။ ထို့ကြောင့် သတ္တဝါတို့ကို သတ်လျှင် အပြစ်မရှိ။ သတ္တဝါတို့ကို သတ်ခြင်းသည် ခံစားနေရသော ဝဋ်ဒုက္ခမှ လွတ်မြောက်အောင် ကယ်တင်ခြင်းဖြစ်သောကြောင့် သတ်ခြင်းမဟုတ် ကယ်တင်ခြင်းဖြစ်သည်ဆိုသော အယူဖြစ်သည်။
ဘုရားရှင်လက်ထက်တိုင် သံသာရ မောစက အယူဝါဒသည် ဆက်လက်ရှိနေပြီး ဣဋ္ဌကဝတီရွာ၌ တိရစ္ဆာန်လေးများကိုမြင်လျှင် သတ်ကြသူများရှိနေသည်။
အရှင်သာရိပုတ္တရာသည် ဣဋ္ဌကဝတီရွာအနီးရှိ ကျောင်းတစ်ကျောင်းတွင် သံဃာတော်များနှင့် သီတင်းသုံးပြီး ရွာထဲကို ဆွမ်းခံကြွလေ့ရှိသည်။ ဘုရားရှင်လက်ထက်တော်တွင် ထိုရွာသားများသည် သံသာရ မောစကအယူကို လက်ခံသူများရှိသလို၊ ဘုရားရှင် အဆုံးအမကိုလက်ခံပြီး ဗုဒ္ဓဘာသာသို့ ကူးပြောင်းသူများလည်း ရှိလာသည်။
တစ်နေ့တွင် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးနှင့် သံဃာတော်များ ဣဋ္ဌကဝတီရွာသို့ ဆွမ်းခံကြွတော်မူလာသည်။ ထိုအချိန်တွင် ရွာလယ်လမ်း၌ မိန်းကလေးငယ်တစ်စုသည် ထုပ်ဆီးတိုးတမ်း ကစားနေကြသည်။
သံဃာတော်များကြွလာသဖြင့် ဗုဒ္ဓဘာသာဝင် မိန်းကလေးများက လက်အုပ်ချီပြီး ထိုင်ကာ ကန်တော့ကြသည်။ ထိုအထဲတွင် အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ယောက်သည် သံဃာတော်များကို ကန်တော့ခြင်းမရှိဘဲ မတ်တတ်ရပ်ကာနေသည်။ အရှင်သာရိပုတ္တရာက ဆင်ခြင်ကြည့်ပြီး
“အားလုံးသော သူများ ရှိခိုးမှုပြုနေချိန်၌ အသင်သည် အဘယ်ကြောင့် ရပ်နေသနည်း”
ဟု မေးလိုက်သည်။
ထိုသို့မေးလိုက်သဖြင့် သူငယ်ချင်းတွေက ထိုသူငယ်မကို ရဟန်းအားရှိခိုးရန် ပြောကြသည်။ သို့သော် ကလေးမလေးက မရှိခိုးဘဲနေသည်။ သူငယ်ချင်းတွေက အတင်းဆွဲချထိုင်ခိုင်းပြီး ရှိခိုးခိုင်းသော်လည်း သူငယ်မ၏စိတ်ကို ညွှတ်ပြောင်းအောင် မလုပ်နိုင်ခဲ့ကြပေ။
ထိုသူငယ်မလေးသည် အပျိုအရွယ်လေးဖြစ်လာသည့်တိုင် သံသာရ မောစက အယူဖြင့်သာ နေထိုင်လေသည်။ ထို့နောက် ဒီဃရာဇိရွာသားတစ်ဦးနှင့် အကြောင်းပါပြီး အိမ်ထောင်ရှင်မဘဝ ရောက်ခဲ့သည်။ ကိုယ်ဝန်ရှိလာပြီး ကိုးလလွယ် ဆယ်လမွေးချိန်ရောက်လာသည်။ မီးမဖွားနိုင်ဘဲ မီးတွင်းမှာပင် သေလွန်သည်။ သေလွန်သောအခါ ပြိတ္တာမဖြစ်လာသည်။
ထိုပြိတ္တာမသည် တစ်နေ့တွင် ရှင်သာရိပုတ္တရာကျောင်းရှေ့ကို ရောက်လာသည်။ ထိုအချိန်တွင် အရှင်မြတ်က ကျောင်းသင်္ခန်းရှေ့တွင် စင်္ကြံလျှောက်နေသည်။
ပြိတ္တာမသည် ရှင်သာရိပုတ္တရာနှင့် တွေ့ရန်အားထုတ်ပြီး နောက်ဆုံးတွင် အရဲစွန့်ကာ ကိုယ်ထင် ပြသည်။ အရှင်မြတ်က အဝတ်လည်းမပါ၊ ရုပ်ဆိုးဆိုး၊ နံရိုးကျဲကျဲနှင့် ပြိတ္တာမကို မြင်လေသည်။ အရှင်မြတ်က ထိုပြိတ္တာမကို မေးလိုက်သည်။
“သင်မည်သူနည်း”
“သံသာရ မောစက အယူရှိသူ ပြိတ္တာဖြစ်တယ်။ အသက် ၇ နှစ်သမီးအရွယ်က ရွာလယ်တွင် ဆုံခဲ့ဖူးတယ်”
“အဘယ်ကြောင့် ငါ့ထံကိုရောက်လာပြီး ကိုယ်ထင်ပြရသနည်း”
“တပည့်တော် သံသာရ မောစက အယူကြောင့် တမလွန်ဘဝတွင် ဒုက္ခရောက်နေရပါတယ်ဘုရား။ ထိုအယူကြောင့်ပင် ပြိတ္တာဘဝရောက်နေရပါတယ်။ တပည့်တော်ကို ကယ်တင်တော်မူပါ”
ရှင်သာရိပုတ္တရာက
“သင်သည် ငါ့အား တစ်လုပ်စာမျှသော ဆွမ်းကိုလှူပါ၊ လက်တစ်ဝါးအရွယ်ပမာဏရှိသော အဝတ်စကို လှူပါ၊ သောက်ရေတစ်ခွက်ကိုလှူပါ”
ဟု ပြောလိုက်သည်။ ပြိတ္တာမက အရှင်မြတ်အား ဆွမ်းတစ်လုပ်စာ၊ ရေတစ်ခွက်နှင့် အဝတ်တစ်စ ကပ်လှူပူဇော်လိုက်သောကြောင့် နတ်တို့၏စည်းစိမ်
ကိုပြန်ရသွားသည်။
ကိုခင်မောင်က ဦးဇင်းကို
“ဒါဆိုရင် ပြိတ္တာမတွေက လူယောင်ဖန်ဆင်းနိုင်တယ်ပေါ့”
ကိုခင်မောင်က ဦးဇင်းကို မေးလိုက်ချိန်တွင် ဂူဝ၌ အရိပ် တစ်ခုကို မြင်လိုက်ရသည်။
ဗလတောင့်တောင့် လူကောင်ထွားထွား လက်တွင် ငှက်ကြီးတောင် ဓားတစ်ချောင်းကို ကိုင်ထားသည်။ ထိုသူက သူ၏ အောင်မြင်သော အသံကြီးဖြင့်
“ကံပယ်” ဟု အော်လိုက်သည်။
ကျွန်တော်တို့ ထိုသူ့ကို ကြည့်လိုက်ပြီး မကံပယ်ကိုလည်း တစ်ပြိုင်တည်း ကြည့်လိုက်ကြသည်။ မကံပယ်က ခေါင်းကို ဆတ်ခနဲ မော့လိုက်သည်။ ထို့နောက်
“သေခြင်းဆိုး” ဟုအော်ကာ သူနှင့်မနီးမဝေးတွင် ထောင်ထားသော ကိုခင်မောင်၏ ဓားကောက်ကိုယူပြီး ဂူပေါက်ကို ပြေးထွက်သွားသည်။
အဖြစ်အပျက်တို့က မြန်ဆန်လွန်းလှသည်။
ဓားကိုင်ကာ ပြေးလာသော မကံပယ်ကို လူစိမ်းက ကိုယ်ဘေးစောင်းတိမ်းကာ ရှောင်လိုက်ပြီး သူ့လက်ထဲက ဓားကောက်ကိုင်လာသည့်လက်ကို လက်ဝါးနှင့် ရိုက်ချလိုက်သည်။ ထို့နောက် မကံပယ်ကို တွန်းလိုက်ပြီး လဲကျသွားသော သူ့အပေါ်တက်ခွထားလိုက်သည်။
ကျွန်တော်ကလည်း ဘေးနားတွင် အသင့်ရှိနေသော ထင်းချောင်းတစ်ချောင်းကိုဆွဲပြီး မကံပယ်အပေါ်ကို ခွစီးထားသော လူစိမ်း၏ ဦးခေါင်းကို ပိုင်ပိုင်နိုင်နိုင် ရိုက်ထည့်လိုက်သည်
“ဖြောင်း”
ကျွန်တော့်ထင်းချောင်းက အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်။ လူထွားကြီးက မတ်တတ်ထလိုက်ပြီး ကျွန်တော့်ကို ဓားနှင့်ရွယ်လိုက်သည်။ သူ့နဖူးတွင် သွေးတွေ စီးကျလာသည်။
“ဟဲ့ … မိုးဟိန်း … ရပ်လိုက်စမ်း ..တိရစ္ဆာန်ကောင် ရပ်လိုက်စမ်း”
ဟု မကံပယ်က ပက်လက်အနေအထားမှ အော်လိုက်သည်။
မိုးဟိန်းဆိုသူ့ မျက်လုံး မီးဝင်းဝင်းတောက်လုနီးပါး ကျွန်တော့်ကို စားတော့ ဝါးတော့မလို ကြည့်နေချိန်တွင် မကံပယ်က ပြေးလာပြီး ကျွန်တော့်ရှေ့တွင် ကာထားလိုက်သည်။
“ဟဲ့ … နင့် လင်လား … နင့်လင်မို့လို့ ငါ့ကို ရိုက်တာလား ။ သေပေတော့”
မိုးဟိန်းက ပြောပြောဆိုဆို ဓားကိုမြှောက်လိုက်သည်။
“မိုးဟိန်း .. ငါပြောနေတယ် … ရပ်စမ်း …
ရပ်လိုက်စမ်း … ဒါ ကျောင်းဆရာ … ရပ်လိုက်စမ်း”
ကိုခင်မောင်က ကြောက်လွန်းသဖြင့် တုန်နေသည်။ ထို့နောက် ….
“အရှင်ဘုရား … မိုးဟိန်း … မိုးဟိန်းဆိုတာ … မိုးဟိန်း သေပြီလေ … သေပြီပဲ … အရှင်ဘုရား ကယ်တော်မူပါ”
– ဆက်ရန် –
စာရေးသူ – တင်ညွန့်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
ရိုးမခေါ်သံ (အပိုင်း ၃)
#တင်ညွန့်
ရိုးမခေါ်သံ (၇)
မိုးဟိန်းအကြည့်က နဂါးဆိုလျှင် ကျွန်တော် ပြာကျသွားလောက်သည်။ မီးဝင်းဝင်းတောက်နေသည့် မျက်လုံးဆိုသည်ကို ယခုမှ လက်တွေ့ မျက်တွေ့ ဖြစ်သည်။ ကျွန်တော်က
“မကံပယ် အဲဒါ နင့်ယောက်ျားလား”
“ယောက်ျားလား … မဟုတ်ဘူး ခွေး … ခွေးလိုကောင် … ခွေးကတောင် သစ္စာရှိဦးမှာ … နှိုင်းစရာ မရှိတဲ့ အကောင်”
“ငါပြောတာ နားထောင်ဦး”
“တော်ပြီ … နင် ဘာမှမပြောနေနဲ့”
“မကံပယ် သူဘာပြောမလဲဆိုတာ နားထောင်သင့်
တယ်”
ကျွန်တော် ဝင်ပြောမိသည်။
“မပြောနဲ့ … နားမထောင်ချင်ဘူး .. သွားတော့
နင်ထွက်သွားတော့ နင့်မျက်နှာ ငါမကြည့်ချင်ဘူး”
“အေး … ငါထွက်သွားမယ် …. ဒါပေမဲ့ နင်တို့ကို
တစ်ယောက်မှ အရှင်မထားခဲ့ဘူး … နင်တို့ကို သတ်ပြီးမှ ထွက်သွားမယ်”
ထိုအချိန်တွင် ကိုခင်မောင်က သူ့ရိုင်ဖယ်ကို ဆွဲ လာပြီး မိုးဟိန်းကိုချိန်လိုက်ကာ
“ဟေ့ကောင် … ထွက်သွား … မင်း ဒီမှာ ရမ်းကားချင်တိုင်း လာပြီး ရမ်းကားလို့မရဘူး။ ဟောဒီမှာတွေ့လား ရဟန်းတစ်ပါးရှိနေတယ်။ မင်းလေးစားရမယ် … ငါပစ်လိုက်မှာနော်”
ဟုအော်လိုက်သည်။
အဖြစ်အပျက်တို့က မယုံကြည်နိုင်လောက်အောင်ပင် မိုးဟိန်းက “ဟိတ်” ဟု တစ်လုံးတည်း အော်လိုက်ပြီး ခုန်လိုက်ကာ ကိုခင်မောင့်မျက်ခွက်ကို ဒူးနှင့်တိုက်ချလိုက်သည်။
ကိုခင်မောင်တစ်ယောက် ပက်လက်လန်လဲကျသွားပြီး မလှုပ်နိုင်တော့။ ကျွန်တော်က ကိုခင်မောင်လက်ထဲက လွတ်ကျသွားသည့် ရိုင်ဖယ်ကို ပြေးကောက်ရန် ကြိုးစားလိုက်စဉ် မိုးဟိန်းက ပြေးလာပြီး ကျွန်တော့်မျက်နှာကို ခြေဖြင့်ခတ်လိုက်သည်။ ကျွန်တော့် မျက်လုံးထဲတွင် မီးဝင်းဝင်းတောက်သွားပြီး လုံးဝအမှောင်ကျသွားသည်။
“ဆရာ … ဆရာ”
ကျွန်တော့်ကို တစ်ယောက်ယောက်က လှုပ်နှိုးလိုက်သည်။ မျက်စိဖွင့်ကြည့်လိုက်သည့်အခါတွင် ကျွန်တော့်ကို ကြိုးတွေနှင့် တုပ်ထားသည်။ ကျွန်တော်နှင့် ကိုခင်မောင်ကို ထိုင်လျက်အနေအထားအတိုင်း ကြိုးနှင့်တုပ်ထားခြင်းဖြစ်သည်။ ကြိုးက နွယ်ကြိုးတွေဖြစ်သည်။ နွယ်ကြိုးအစိမ်းအတိုင်း ချည်ထားပြီး ဘေးဘက်တွင် ဝါးတုတ်ချောင်းဖြင့် လိမ်ကာအပတ်ခံထားရသောကြောင့် တင်းကျပ်နေသည်။
“ကိုခင်မောင် … ကျွန်တော်တို့ကို ကြိုးတုပ်ထားတာပဲ … မကံပယ်ရော … ဦးဇင်းရော”
“ဦးဇင်းက ကျောက်ဖျာပေါ်မှာ တရားထိုင်နေတယ်။ မကံပယ် ကိုလည်း ကြိုးတုပ်ထားတယ်”
“ဟိုကောင် … မိုးဟိန်းရော”
“မတွေ့ဘူး”
“ဦးဇင်း … ဦးဇင်း … တပည့်တော်တို့ကို ကြိုးလာဖြေပေးပါ”
ဦးဇင်းက တုတ်တုတ်မျှမလှုပ်
“ဦးဇင်း တပည့်တော်တို့ကို ဒီအတိုင်း ကြည့်နေတော့မှာလား ဘုရား … ဓားပြလက်ထဲ သေနတ်ရောက်သွားပြီ … တပည့်တော်တို့ကို လွတ်အောင်လုပ်ပေးပါဘုရား … မကံပယ် နင့်ယောက်ျား ဘယ်ရောက် သွားပြီလဲ”
“တပည့်တော်တို့ကို ကြိုးလာဖြေပေးပါဘုရား”
ထိုစဉ် မကံပယ်က လှိမ့်ပြီး ကျွန်တော်တို့အနီးကို ရောက်လာသည်။ ထို့နောက် မတ်တတ်ထရပ်လိုက်ပြီး ကျွန်တော်တို့ကို ခြေထောက်ဖြင့် ကန်လိုက်သည်။ ကျွန်တော်တို့ ဘေးစောင်းလျက်သား လဲကျသွားသည်။
“ဟဲ့ မကံပယ် … ဘယ်လိုလုပ်လိုက်တာလဲ”
မကံပယ်က ကျွန်တော်တို့နှစ်ဦးကြားတွင် လက်နောက်ပြန်အတိုင်း ခွထိုင်ကာ ဝါးချောင်းဒလက်ကို တစ်ထစ်ချင်းရအောင် ဖြုတ်နေသည်။ ကျွန်တော်တို့ကို တုပ်ထားသည့် နွယ်တွေကခိုင်သည်။ မကံပယ် မနည်းကြိုးစားပြီး ဖြုတ်နေရသည်။ နောက်ဆုံး နွယ်တွေကချောင်သွားသည်။ ကျွန်တော်တို့ ရုန်းထွက်လိုက်သည်။
“ကျွန်မကို ကြိုးဖြေပေးဦး”
ကျွန်တော်က မကံပယ်၏ ကြိုးများကို ဖြုတ်ပေးလိုက်သည်။
“တို့ … ဘာဆက်လုပ်မလဲ … ထွက်ပြေးမလား .. သူရော ဘယ်ရောက်သွားပြီလဲ … ကိုခင်မောင် ခင်ဗျား လမ်းသိတယ် မဟုတ်လား”
“ကျွန်မလည်း လမ်းသိတာပဲ … ဒါပေမဲ့ ကျွန်မတို့ ထွက်ပြေးလို့မဖြစ်ဘူး။ ဒီတိရစ္ဆာန်ကောင်မှာ ဘာတွေ အကြံရှိနေတယ် မသိဘူး”
“ဟုတ်တယ်ဆရာ … ကျွန်တော့်ရိုင်ဖယ် သူယူသွားတယ်။ ကျွန်တော် သေနတ်ပျောက်သွားလို့ မရဘူးဆရာ။ ကျွန်တော့်သေနတ် ပြန်ရမှဖြစ်မယ်”
“ဟုတ်ပြီ … အဓိကကျတာကတော့ မိုးဟိန်းကို ရင်ဆိုင်ဖို့ပဲ။ ဒါပေမဲ့ သေနတ်ကိုင်ထားတဲ့ လူမိုက်ကို ငါတို့သုံးယောက် ဘယ်လိုရင်ဆိုင်ကြမလဲ။ နောက်ပြီး ဦးဇင်းကို အကာအကွယ်ပေးဖို့လည်း လိုသေးတယ်။ ငါ မေးချင်တာတစ်ခုရှိသေးတယ်။ မကံပယ် … နင် ဘာဖြစ်လို့ နင့်ဗိုက်ထဲက ကလေးအဖေကို သတ်ချင်လောက်အောင် မုန်းနေတာလဲ။ နင် တကယ်တော့ သူ့ကို မမုန်းဘူးဆိုတာ ငါသိတယ်။ သူသေပြီဆိုတုန်းက နင်ငိုတာပဲ။ သူ့ကိုတွေ့မှ ဘာဖြစ်လို့ စိတ်ပြောင်းသွားရတာလဲ”
“ကျွန်မတို့ ဒီတိရစ္ဆာန်ကောင်ကို ရအောင်ဖမ်းမယ်”
“ဘယ်လိုဖမ်းမလဲ”
“ဆရာတို့နှစ်ယောက် ကြိုးတုပ်ထားတဲ့ပုံစံအတိုင်း ပြန်နေ။ ကျွန်မစီမံမယ်”
ကျွန်တော်တို့နှစ်ယောက် နွယ်ပင်များကို ကိုယ်တွင် ပြန်ပတ်လိုက်ပြီး မူလနေရာတွင် ပြန်ထိုင်နေရသည်။ မကံပယ်က သူ့ပလိုင်းဆီသွားလိုက်ပြီး တုတ်ချောင်းတိုလေးတစ်ခုကို ထုတ်လိုက်သည်။ လက်ညှိုးလုံးလောက်ရှိသော ပလွေလေးတစ်ချောင်းဖြစ်သည်။ မကံပယ်က ပလွေကို မှုတ်လိုက်သည်။
သူ့ပလွေသံက မြွေတွန်သံလိုလိုသာ ထွက်သည်။
“ရွှီ … ရွှီ … ရွှီ …”
သူ့ ပလွေကို အဆက်မပြတ်မှုတ်နေသည်။ ကျွန်တော်တို့ မျက်စိကို မယုံနိုင်လောက်အောင် ဖြစ်သည်။ မြွေတစ်ကောင် ဂူထဲကိုဝင်လာသည်။ အလွန်ကြီးမားသော အဝါနှင့် အနက်စပ် ငန်းတော်ကျား မြွေကြီးတစ်ကောင်ဖြစ်သည်။ မြွေကြီးက ကျွန်တော်တို့ရှေ့မှ ဖြတ်သွားသည်။ အသက်ပင် မရှူနိုင်လောက်အောင် ဖြစ်နေသည်။ ကိုခင်မောင်က
“ဆရာ” ဟုအော်ပြီး ကျွန်တော့်ကိုဖိလိုက်သည်။
“တိတ်တိတ်နေ”
ဟု ကျွန်တော်က ပြောလိုက်သည်။ ကျွန်တော့်က ကိုခင်မောင်ကို မေးလိုက်သည်။
“မြွေဘယ်သွားသလဲ”
“မကံပယ် ရင်ခွင်ထဲမှာ”
ထိုသို့ ကျွန်တော်တို့ငြိမ်နေရသည်။ ဦးဇင်းကလည်း မျက်စိကိုမှိတ်ပြီး တရားထိုင်နေသည်။ ကျွန်တော်တို့ အဖြစ်အပျက်များကို ကြည့်လည်းမကြည့်၊ မကြားသလိုနေခြင်းဖြစ်သည်။ ရဟန်းကို မီးတောက် အလင်းထဲတွင် မြင်ရသည်မှာ အေးချမ်းလှသည်။ သို့သော် ကျွန်တော်တို့ ရင်ထဲကတော့ ပူလောင်လှသည်။
မကြာမီ ခြေသံကြားရသည်။ မိုးဟိန်းက သေနတ်ကို လွယ်ထားသည်။ ဓားကို လက်ကကိုင်ပြီး ဂူထဲကို ပြန်ဝင်လာသည်။
“ကံပယ် … သွားမယ် … ငါတို့သွားမယ်”
“ဘယ်သွားမှာလဲ”
“ငါတို့ မြို့ကိုသွားမယ်”
“ကျွန်မ ဗိုက်ထဲက ကလေးကို အမေ့ဆီမှာ မွေးဦးမယ်”
“ငါနောက်ထပ် အချိန်မရဘူး။ ငါသေပြီဆိုပြီး သတင်းလွှင့် ထားခဲ့ပြီးပြီ။ ခုအချိန်ဟာ ဘဝသစ်တစ်ခုကို ပြန်စဖို့ အကောင်းဆုံးအချိန်ပဲ။ အေး … အဲဒီအချိန်ကိုပဲ ငါစောင့်နေတာ ။ ငါ နင့်ဆီကို အချိန်မီ မရောက်တာ ငါ့မိန်းမ နေမကောင်း …”
“ရှင့ မယားကြီးကိုတော့ ဂရုစိုက်ပြီး … ကျွန်မကိုတော့ တစ်ညလုံး ဇရပ်မှာ စောင့်ခိုင်းထားတယ်ပေါ့”
“သူ သေမလိုဖြစ်နေချိန်မှာ ငါဒီအတိုင်းတော့ ထားသွားလို့ ဖြစ်မှာလား”
“ရှင့်မယားက ဉာဏ်များများ”
“ငါ နင့်ဆီကို လာဖို့လုပ်နေချိန်မှာပဲ မြွေကိုက်ခံရတယ်။ ငါ့တပည့်တွေက ဆေးရုံပို့ဖို့ လုပ်ကြတယ်။ နင်နဲ့ငါ ချိန်းထားတဲ့ ဇရပ်ကို ရောက်လာတယ်။ ဟောဒီ ဦးဇင်းနဲ့တွေ့ တယ်။ ဦးဇင်းက ငါ့လက်ကိုကိုင်ပြီးတော့ ဘုရားစာတွေရွတ်ပေးတယ်။ ငါ သတိ ကောင်းကောင်းရလာတယ်။ ငါမသေတော့ဘူးဆိုတာ သိလိုက်ရတယ်။ ဒါပေမဲ့ စိတ်ထဲမှာ တစ်ခုတွေးလိုက်မိတယ်။ ငါသေပြီဆိုရင် ဘာဖြစ်သွားမလဲ။ ဒါကြောင့် ငါသေလိုက်တယ်။ ဦးဇင်းက ငါ့ အသက်သခင် ကျေးဇူးရှင်ပဲ”
ကျွန်တော်က သူတို့ပြောသည့် စကားများကို စိတ်ဝင်စားစွာ နားထောင်နေမိသည်။
“ကံပယ် … ခုဆိုရင် ငါ့မိန်းမကရော တစ်ရွာလုံးကပါ ငါ့ကို သေပြီလို့ထင်သွားကြပြီ။ ငါ့တပည့်တွေကလည်း ငါ့ကို သေပြီဆိုပြီး မြေမြှုပ်ခဲ့ကြတယ်။ တော်သေးတယ် ဒီကောင်တွေ မြေကျင်းကတိမ်ပြီး အပေါ်က ဆူးခက်တွေဖုံးထားခဲ့လို့။ အစိုးရတပ်တွေကပါ ငါ့ကိုသေပြီလို့ သတ်မှတ်လိုက်ရင် ငါတို့လွတ်ပြီ။ လာပါ … မိုးမလင်းခင် ရွာကိုဖြတ်သွားဖို့ အရေးကြီးတယ်။ ငါက နင့်ကို ညတွင်းချင်း လိုက်ခေါ်တာ။ မြို့ပေါ်ရောက်ရင် ငါတို့ အေးအေးဆေးဆေးနေနိုင်ပြီ”
“မိုးဟိန်း … နင်ရှောင်ပြေးလို့မရတဲ့ ကိစ္စတစ်ခုကို နင်သိထားသင့်တယ်”
“ဘာလဲ”
“နင့်ကို ကယ်လိုက်တဲ့ ဦးဇင်းဆိုတာ ဘယ်သူလဲ … သိလား”
“မသိဘူး”
“သူ့အဖေကို နင်က သူ့ရှေ့မှာ သတ်လိုက်လို့ ထွက်ပြေးပြီး ရဟန်းဝတ်ထားတာ”
“အဲဒါဘာဖြစ်သလဲ … ငါဓားပြတိုက်တယ်။ အခြေအနေမပေးရင် လူသတ်တယ် … ဘာဖြစ်သလဲ … ဘယ်သူ့ကို သတ်ရမယ် ဘယ်သူ့ကို မသတ်ရဘူးလဲဆိုတာ ရွေးနေလို့မရဘူး။ ငါ့အလုပ်ကို တားဆီးတဲ့ သူတွေမှန်သမျှ သတ်သင့်ရင် သတ်ရမှာပဲ”
“အေး … အဲဒီအထဲမှာ နင်ကိုယ်တိုင်သတ်ခဲ့တဲ့လူရဲ့ သားက နင့်အသက်ကို ပြန်ကယ်ထားတယ် ။ နောက်ပြီး ပြောလိုက်ရဦးမယ် ။ နင်သတ်ခဲ့တဲ့လူရဲ့ သမီးက နင့်ကို လက်စားချေချင်လွန်းလို့ နှစ်ပေါင်းများစွာ စောင့်နေရတယ်ဆိုတာ သိသလား”
“ဘယ်သူလဲ”
“ငါပဲ ရော့ .. အချိန်ကျပြီ”
မိုးဟိန်းက ကျွန်တော့်မြင်ကွင်းရှေ့ ရောက်လာသည်။ သူ့လည်ပင်းတွင် ငန်းတော်ကျားမြွေကြီးက ရစ်ပတ်ထားသည်။ မြွေက သူ့မျက်နှာတည့်တည့်တွင် ပါးပျဉ်းထောင်ပြီး သူ့ကို ကိုက်လိုက်သည်။
မိုးဟိန်းတစ်ယောက် လူးလှိမ့်နေသည်။ ကျွန်တော်တို့ မတ်တတ်ရပ်လိုက်သည်
“မကံပယ် … မကံပယ် … ဘယ်လိုလုပ်လိုက်တာလဲ”
မကံပယ်က ထလာသည်။ မိုးဟိန်းကို ခွလျက်သား စီးမိုးထားပီး
“မိုးဟိန်း … ဦးဘိုးကောင်းဆိုတာ သိလား … မှတ်မိလား .. နင် ငါ့အဖေနဲ့ တမလွန်မှာ သွားတွေ့လိုက်တော့ … ငါ့အဖေက လူယုတ်မာ မဟုတ်တော့ နင့်ကို ဘာမှပြန်လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ နင်ပြောလိုက် … သူ့သမီးဖြစ်တဲ့ ကံပယ်က နင့်ကို သတ်လိုက်တာပါလို့”
မိုးဟိန်းတစ်ယောက် မျက်လုံးကြီးတွေ ပြူးထွက်ပြီး မကံပယ်ကို ကြည့်နေသည်။ သူသေသွားပြီလား
သတိရနေသေးလား မကံပယ်ပြောတာ ကြားပါ့မလား။
ရိုးမခေါ်သံ (၈)
ကျွန်တော်လည်း မတ်တတ်ထရပ်လိုက်မိသည်။
“မကံပယ် … ဘယ်လိုလုပ်လိုက်တာလဲ … လူတစ် ယောက်ကို သတ်လိုက်တာလား။ သေသွားပြီလား”
ကိုခင်မောင်က မတ်တတ်မရပ်နိုင်။ တင်ဒယဉ့်တိုက်ဆွဲကာ နောက်ပြန် ကျောက်ဖျာကြီးနား ကပ်သွားသည်။
“ဒီတိရစ္ဆာန်ကို ခုမှ ကောင်းကောင်း လက်စားချေ ရတော့တယ် .. ဟား … ဟား … ဟား”
“မကံပယ် မလုပ်ပါနဲ့ …. သူဘယ်လောက် ဆိုးမှန်း တော့မသိဘူး … သူ့အသက်သေအောင်တော့ မလုပ်ပါနဲ့။ ငါတို့ သူ့ကို ဖမ်းထားပြီး သက်ဆိုင်ရာကို အပ်လို့ရတာပဲ မဟုတ်လား”
“ဆရာ… အဲဒီ တိရစ္ဆာန် လောကမှာ မရှိသင့်တော့ လို့ပါ”
ထိုစဉ် မမျှော်လင့်ဘဲ ဦးဇင်းက ကျောက်ဖျာပေါ်က ဆင်းလာပြီး
“ဒကာမကြီး … ဦးဇင်း လူ့အသက်တစ်ချောင်းကို
အလှူခံပါရစေ”
“ဘာကိုလဲ ဘုရား”
“ဒီ ဒကာကြီးကို ဦးဇင်းတစ်ကြိမ် ကယ်ပေးခဲ့ပြီးပါပြီ။ နောက်တစ်ကြိမ်ကယ်ဖို့ ခွင့်ပြုပါ။ ဦးဇင်းတို့ မျက်စိအောက်မှာ ဒီလိုအဖြစ်မျိုးဖြစ်နေတာ မသင့်လျော်ပါဘူး”
“ဟုတ်တယ် မကံပယ် ဦးဇင်း ဘာလုပ်မလဲ မသိဘူး …ဖယ်ပေးလိုက်ပါ”
မကံပယ်က နောက်ဆုတ်ပေးလိုက်သည်။ ဦးဇင်းက မိုးဟိန်းအနီးတွင် ထိုင်ချလိုက်ပြီး သူလက်ကိုကိုင်ကာ ပါးစပ်မှ တတွတ်တွတ် ရွတ်ဖတ်ပေးနေသည်။
ကျွန်တော်က မကံပယ်ကို လက်ဆွဲလိုက်ပြီး
“လာ … ငါတို့ ဂူအပြင်ကိုသွားကြမယ်”
ဟုခေါ်လိုက်သည်။
မကံပယ်က ဆတ်ခနဲဖြစ်သွားပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့သည်။
“ကိုခင်မောင်ရော လာလေဗျာ”
ကျွန်တော်က ခေါ်လိုက်သဖြင့် ကိုခင်မောင်က မိုးဟိန်းအနီးတွင် ရှိနေသည့် ဓားနှင့် သေနတ်ကို ကောက်ယူပြီး နောက်ကလိုက်လာသည်။
ထိုမှ ကျွန်တော်တို့ ဂူအပြင်ရှိ သစ်ပင်တစ်ပင်အောင်တွင် ထိုင်နေကြသည်။ မီးဖိုမှ အလင်းရောင်ဖြင့် ကျွန်တော်က မကံပယ်၏ မျက်နှာလေးကို ကြည့်လိုက်သည်။ သူ့မျက်လုံးတွင် မျက်ရည်လေးတွေဝဲနေသည်။
“ဘာလဲ … ငိုနသလေား”
“မငိုပါဘူး … မီးခိုးတွေကြောင့်ပါ”
“ထိုင်လေ”
မကံပယ်က ကျွန်တော်တို့ရှေ့တွင် ထိုင်လိုက်သည်။
“ငါ့ညီမကို တစ်ခုတောင်းပန်ချင်တယ်။ အဖြစ်အပျက်တွေက စိတ်ဝင်စားစရာ ကောင်းလွန်းလို့ အစ်ကိုတို့ကို ဖြစ်နိုင်ရင် အကြောင်းစုံလေး ပြောပြပါလား”
“ဘာဖြစ်လို့လဲ”
“နင်တို့အကြောင်းတွေ စိတ်ဝင်စားလို့ပါ။ ပြောချင်မှပြောပါ။ အတင်းပြောခိုင်းတာ မဟုတ်ပါဘူး”
မကံပယ်က အဝေးကိုငေးနေသည်။ ထို့နောက်
“သူ … အသက်ရှင်လာမှာလား မသိဘူး”
“ဘာဖြစ်လဲ … ရှင်တော့လည်း ရှင်ပါစေလေ … ဦးဇင်းက သူ့ကို တစ်ခါကယ်ဖူးတာပဲ … ခုလည်း ကယ်နိုင်မယ်ထင်တာပဲ”
“ကဲပါ …. နင့်အကြောင်း ပြောပြမှာလား”
“ကောင်းပြီလေ”
(အောက်ပါ အကြောင်းအရာများသည် မကံပယ် ပြန်ပြောခဲ့သည်များကို ဇာတ်လမ်းအသွင် ပြန်လည်ရေးပြခြင်းဖြစ်သည်။)
မီးရထားကြီးက ဘူတာထဲကို ရှူး ရှူး မှုတ်သံများဖြင့် ဒေါသကြီးစွာ ဝင်ရောက်လာသည်။ ရထားရပ်သွားသည့်အခါတွင် လူတစ်ယောက်က ရထားပေါ်မှ ထန်းခေါက်ဖာကြီးတစ်လုံးဆွဲကာ ခုန်ဆင်းလိုက်သည်။ ထို့နောက် လွယ်အိတ်ကြီးကို စလွယ်သိုင်းလိုက်ပြီး တံခါးဆီသို့ လက်ကမ်းကာ
“သမီးရေ … လာ အဖေ့ဆီလာ”
ရှင်မီးအင်္ကျီလက်ပြတ်၊ ပန်းပွင့်လေးများ ပုံဖော်ထားသော ထဘီအနီရောင်လေးဝတ်ထားသည့် အသက် ၁ဝ နှစ်ကျော်အရွယ် ကလေးမလေးကို လူကြီးကပွေ့ကာ အောက်သို့ချလိုက်သည်။
“အဖေ … ထမင်းဆာတယ်”
“စားရမှာပေါ့ကွယ် … ဘူတာထဲမှာ ထမင်းဆိုင်ရှိတယ်။ အဖေဝယ်ကျွေးမယ်”
လူကြီးက ကလေးမလေးကို လက်ဆွဲပြီး ဘူတာထဲဝင်သွားသည်။ ဘူတာထဲတွင် အထမ်းနှင့်ရောင်းနေသော ဆိုင်တစ်ဆိုင်ရှေ့ သွားရပ်ကာ
“ဒီမှာခင်ဗျာ … ကျွန်တော့် သမီးလေး ထမင်းဆာလို့ပါ … ထမင်းတစ်ပွဲဘယ်လောက်လဲ”
“တစ်ပွဲ တစ်ကျပ်ခွဲ”
“ပိုက်ဆံကတော့ ခုမရှိသေးဘူး။ တော်ကြာပေးမယ်။ ထမင်းတစ်ပွဲ ပေးပါလား”
“ပိုက်ဆံမရှိဘဲ ထမင်းမရောင်းဘူး”
“ကျွန်တော် တော်တော်ကြာ ပိုက်ဆံရမှာပါ … အဲဒီတော့ ပေးပါ့မယ်။ ခုလောလောဆယ် သမီးကို ထမင်း တစ်ပွဲလောက် ထည့်ကျွေးပါနော်”
“သွား သွား … သူတောင်းစားနဲ့ တိုးနေတယ်။ ဈေးဦးမပေါက်ရသေးတဲ့ ကြားထဲ”
“ဟေ့ … မင်းအပြော လွန်သွားပြီ။ ငါသူတောင်းစား မဟုတ်ဘူး။ မင်း ထမင်းမရောင်းချင်နေ လူပါးမဝနဲ့။ ငါ သူတောင်းစားမဟုတ်ဘူး”
“ဟေ့လူ .. ထွက်သွား … ထွက်သွားစမ်း … ဒီဘူတာမှာ မူသီးကို ဒီလိုလာမပြောနဲ့… လည်ပင်းပြတ်သွားမယ်”
“လာလေ မင်းဘာသာ ဘာသီးဖြစ်ဖြစ် ငါဂရုစိုက်ရမှာလား”
ထိုအချိန်တွင် မျက်နှာချင်းဆိုင် ဆိုင်တစ်ဆိုင်မှ လူတစ်ယောက်ထွက်လာပြီး
“မူသီးတော်ကွာ … ဒုက္ခရောက်လာပုံရတယ် …. ကူညီရမှာပေါ့ … လာပါ ဦးလေး ….. ကျွန်တော့်ဆိုင်ထဲကိုလာ … ဒီမှာထိုင်ပါ”
စွပ်ကျယ်ချိုင်းပြတ်နှင့်လူတစ်ယောက်က ထွက်လာပြီး မိန်းကလေးကို လက်ဆွဲခေါ်သည်။ သူတို့ကို ထိုင်ခုံတွင် ထိုင်စေပြီး
“ကိုင်း ဘာနဲ့စားမလဲ”
“ကလေးကိုပဲ ဘဲဥနဲ့ထည့်ပေးပါခင်ဗျာ”
“ဦးလေးလည်း စားပါ … ဗမာအချင်းချင်း ကူညီတာပါ .. တစ်ပြားမှ ပေးစရာမလိုပါဘူး”
“မဟုတ်ပါဘူး … ကျွန်တော် ခဏကြာရင် ပိုက်ဆံပေးမှာပါ။ ဒီကိုလာရင်း လမ်းမှာ စရိတ်ပြတ်သွားလို့ပါ”
သားအဖနှစ်ယောက် ထမင်းကို အားရပါးရစားကြသည်။ ထို့နောက်
“ကျွန်တော် ခဏနေရင် ပိုက်ဆံရမှာပါ။ လာပေးပါ့မယ် … ခဏလေး”
ဟုပြောကာ ကလေးလက်ဆွဲပြီး ထွက်သွားသည်။
လူကြီးက လွယ်အိတ်ထဲက လင်းကွင်းတစ်ခုနှင့် တုတ်တံလေးတစ်ချောင်းကို ထုတ်လိုက်ပြီး သမီးဖြစ်သူကို လှမ်းပေးလိုက်သည်။ ကလေးမလေးက လှမ်းယူလိုက်ပြီး ပန်းခြံလေးရှေ့ထိုင်ကာ လင်းကွင်းကို တုတ်တံဖြင့် ရိုက်သည်။
“ချွမ်း … ချွမ်း … ချွမ်း”
လူကြီးက ဖာကိုချည်ထားသည့် ကြိုးတွေကို ဖြေလိုက်သည်။ လူတွေက ဝိုင်းလာသည်။ သူ့ ဖာဖုံးကို ဖွင့်လိုက်ပြီး လွယ်အိတ်ထဲက ရေပုလင်းကိုထုတ်ကာ မော့လိုက်သည်။ ထို့နောက် ဖာထဲကို ‘ဖူး’ ခနဲမှုတ်လိုက်ရာ ငန်းတော်ကြား မြွေကြီးတစ်ကောင်က ‘ရှူး’ ခနဲ ခေါင်းထောင်ထလာသည်။ ဝိုင်းကြည့်နေသည့် လူတွေက ရှဲခနဲ နောက်ဆုတ်သွားသည်။
သူ မြွေကို ထိပ်ပုတ်လိုက်မြွေရှေ့တွင် သိုင်းကသလို ယိမ်းထိုးပြလိုက် လုပ်နေသည်။ ကလေးမလေးကလည်း လင်းကွင်းခြမ်းကို တုတ်နှင့် အဆက်မပြတ် ရိုက်နေသည်။
မြွေကလှမ်းပေါက်လိုက်၊ ခုန်ရှောင်လိုက်၊ လှမ်းကိုင်လိုက်၊ အကိုင်မခံဘဲ မြွေကပေါက်လိုက်လုပ်နေသည်ကို လင်းကွင်းတီးနေသည့် ကလေးကလည်း အဖိ အဖော့လေးများနှင့် စိတ်ဝင်စားစွာ တီးပြနေသည်။
နောက်ဆုံးတွင် မြွေကငြိမ်ပြီး မြွေအလမ္ပာယ်ဆရာကို ကြည့်နေသည်။ သူ မြွေကို လည်ပင်းက ဖမ်းကိုင်ပြီး အမြီးကို ဆွဲထုတ်ကာ ဝိုင်းကြည့်နေသည့် ပရိသတ်ကြီးဘက်ကို လွှဲလိုက်သည်။ လူတွေက ထွက်ပြေးကြသည်။
“မကြောက်ပါနဲ့ … သူ့ကို ကျွန်တော် ထိန်းလိုက်နိုင်ပါပြီ … ဒါဟာ ဟိုး ရိုးမတောင်တန်းကြီးပေါ်က မြွေဘုရင်လို့ ခေါ်ပါတယ်။ ရိုးရိုးမြွေမဟုတ်ပါဘူး။ တောကြီးမြွေဟောက်ပါ။ သူ့အရှည်က ၁၅ ပေကျော်ပါတယ်။ ဒီမြွေကြီးကို တောထဲက ခက်ခဲစွာ ဖမ်းခဲ့ရတာပါ။ သူကိုက်ရင် ဆေးမမီပါဘူး။ ချက်ချင်းသေနိုင်ပါတယ်။ ဒါပေမဲ့ စိုးရိမ်စရာ မရှိပါဘူး။ မြွေကိုက်မှာ ကြောက်နေသလား။ ကင်းကိုက်မှာ ကြောက်နေသလား၊ အဆိပ်ရှိတဲ့ တိရစ္ဆာန်တစ်ကောင်ကောင် ကိုက်မှာ ကြောက်နေသလား။ မကြောက်ပါနဲ့ ကျွန်တော့်ဆီမှာ ရိုးမတောထဲက ရလာတဲ့ မြွေနိုင်ဂမုန်းတွေ ပါလာပါတယ်။ ဒီမှာ မြွေပေါက်ခံရဲတဲ့ သူတွေ ရှိပါသလား။ ချက်ချင်း လက်တွေ့ကုပြပါ့မယ်။ ထွက်ခဲ့ပါ”
မြွေအလမ္ပာယ်ဆရာက အသံကောင်းကောင်းနှင့် ပရိသတ်ကို စိန်ခေါ်သလိုကြည့်ရင်း မြွေကြီးကို အောက်သို့ ချလိုက်သည်။ မြွေက ပါးပြင်းကို လူတစ်ရပ်နီးပါး ထောင်ပြနေသည်။
“ဟုတ်ပြီ .. ဒီမှာကြည့်”
ပြီး သူ့ လွယ်အိတ်ထဲက ဓားမြောင်တစ်ချောင်းကို ထုတ်လိုက်သည်။ ထို့နောက် သူ့လက်ဖျံကို လှီးလိုက်သည်။ သွေးတွေက ပန်းထွက်လာသည်။
ကျောက်ပျဉ်တစ်ခုကိုထုတ်၊ ရေပုလင်းထဲမှ ရေကိုလောင်းပြီး ဆေးမြစ်ကို သွေးလိုက်သည်။ ထို့နောက် ဆေးအနှစ်များကို ဒဏ်ရာပေါ်လိမ်းလိုက်သည်။
ခဏအကြာတွေ ဒဏ်ရာနေရာကို ရေလောင်း လိုက်ရာ ထူးဆန်းစွာ ဒဏ်ရာက အရာပင်မကျန်ခဲ့အောင်ဖြစ်သွားသည်။
“မြို့ကြီးတွေမှာတော့ မြွေကိုက်ချင်မှ ကိုက်မယ်။ ထိခိုက် ရှနာတာတွေတော့ မကြာ မကြာ ဖြစ်မယ်။ ဓားထိသလား၊ မီးလောင်သလား ဆေးမြစ်ကိုသွေး၊ ငါးမိနစ်ပဲ … ငါးမိနစ်ပဲ။ သွေးလည်းတိတ်၊ ဒဏ်ရာလည်း ပျောက်။ လာပါ ဘယ်သူစမ်းချင်သလဲ … ဝင်ခဲ့ပါ”
လူတွေက မြွေကိုကြောက်သဖြင့် ဝိုင်းအတွင်း မဝင်ရဲ။ ကလေးမလေးက ထလာသည်။ လင်းကွင်းကို ချထားလိုက်ပြီး လွယ်အိတ်ထဲက ဖန်းခေါက်ဖာလေးတစ်လုံးကို ထုတ်ကာ ဖွင့်လိုက်သည်။ အထဲမှ ဂမုန်းမြစ်များကို လက်နှင့်ဖွလိုက်သည်။
“ကိုယ့်အသက် ကိုယ်နှမျောသူတွေ အိမ်တိုင်းဆောင်ထား ဘုရားစင်ပေါ်တင်ထား။ မြွေနဲ့ကင်း လုံးဝမလာစေရဘူး။ တစ်ခုခု ထိခိုက်ရင်သွေးလိမ်းလိုက် ယူပစ်သလိုပျောက်စေရမယ်။ အများကြီး မရောင်းဘူး။ တစ်ခုမှ ငါးမူးပဲ။ လိုချင်သူများကို သမီးရေ လိုက်ရောင်း ပေးလိုက်ပါကွယ်”
ကလေးမလေးက လူတွေကို ဝိုင်းပတ်ပြီးဆေးမြစ်ရောင်းသည်။ လူကြီးက ခါးကြားထဲမှ ကျူရိုးပလွေလေးကို ထုတ်လိုက်ပြီး မှုတ်လိုက်သည်။
“ရွှီ … ရွှီ … ရွှီ”
မြွေကြီးက ပါးပြင်းကိုချလိုက်သည်။ ထန်းခေါက်ဖာထဲကို အလိုလိုဝင်ပြီး သွားခွေနေသည်။ သူ ထန်းခေါက်ဖာကို ပိတ်လိုက်ပြီး ကြိုးပြန်ချည်လိုက်သည်။ မြွေအလမ္ပာယ်ပွဲပြီးသွားပြီ။ ကလေးမလေးက သူ့အဖေထံပြန်လာပြီး ရောင်းရငွေများကို အပ်သည်။
မြွေအလမ္ပာယ်ဆရာက ဘူတာထဲပြန်ဝင်သွားသည်။ သူတို့ သားအဖကို ထမင်းကျွေးလိုက်သည့် ဆိုင်သို့သွားကာ ပိုက်ဆံ ၃ ကျပ် သွားပေးသည်။
“ရပါတယ်ဗျာ … ကိုယ့်ဗမာအချင်းချင်း ကူညီတာပါ”
သူ့အိတ်ထဲမှ ဆေးမြစ်တစ်ခုထုတ်လိုက်သည်။
“ရော့ပါ … ညီလေးကို လက်ဆောင်ပေးတာ။ မြွေကိုက်ရင် ချက်ချင်းသွေးလိမ်းလိုက် သက်သာသွားမယ်”
ထိုသူ ဆေးမြစ်နှင့် ပိုက်ဆံကိုယူလိုက်သည်။
ရိုးမခေါ်သံ (၉)
မြွေအလမ္ပာယ်ဆရာက ဆိုက်ကားဂိတ်ကိုသွားပြီး ဆိုက်ကားတစ်စီးကို သွားမေးသည်။
“ဒီမြို့က အောင်ပင်လယ်ကျောင်းတိုက်ကို ဘယ်
လောက် ပေးရမလဲ”
“အရှေ့ အောင်ပင်လယ်လား … အနောက် အောင်
ပင်လယ်လား”
“အောင်ပင်လယ်ပဲသိတယ်”
“စာသင်တိုက်လား … တောကျောင်းလား”
“စာသင်တိုက်တော့ မဟုတ်ဘူးဗျ …
တောကျောင်းပဲ”
“ဒါဆိုရင် အနောက်တောထဲက ဦးအာဒိစ္စကျောင်းပဲဖြစ်မယ်”
“ဟုတ်တယ် ဟုတ်တယ် ။ ဦးအာဒိစ္စဆီသွားမယ်။ ဘယ်လောက်ပေးရမလဲ”
“ဝေးတယ်ဗျ … နှစ်ကျပ်တော့ပေးရမယ်”
“ပေးမယ်ဗျာ … ပို့ပေး”
ထိုစဉ် ဘူတာထဲကလူတွေ လူတစ်ယောက်ကို ပွေ့ချီကာ ပြေးဆင်းလာကြသည်။
“ဆိုက်ကား … ဆိုက်ကား … မြန်မြန်လေး”
“ဘာဖြစ်လာသလဲ .. ဘာဖြစ်လို့လဲ”
“မီးသွေးပုံထဲ လက်သွားနှိုက်လိုက်တာ မြွေပေါက်လိုက်လို့”
“မြွေတွေ့လား … မြွေဘယ်မှာလဲ”
“မတွေ့တော့ဘူး … ထူးဆန်းလိုက်တာ ဘူတာထဲ မြွေရောက်လာရတယ်လို့”
မြွေအလမ္ပာယ်ဆရာက လူကြားထဲတိုးဝင်လာပြီး
“ကျွန်တော်ကြည့်ပါရစေ”
ဟုပြောလိုက်သည်။
သူ့ကို ထမင်းမရောင်းဘဲ မိုက်ရိုင်းစွာပြောခဲ့သော မူသီးဖြစ်နေသည်။
“မြွေကိုက်တာဆိုရင်တော့ ကျွန်တော် ကုပေးနိုင်ပါတယ်”
သူ့ တိုက်ပုံအင်္ကျီထဲမှ ဆေးမြစ်တစ်ခုကို ထုတ်လိုက် သည်။ ပါးစပ်ထဲထည့်ကာ ဝါးလိုက်ပြီး မူသီးလက်ခွကြား မြွေပေါက်သည့်နေရာကို အုံလိုက်သည်။
၅ မိနစ်ခန့်အကြာတွင် မူသီးမျက်လုံးပွင့်လာသည်။
“ဟေ့ကောင် … ငါ မင်းလို မမိုက်ရိုင်းပါဘူး … သိလား သွားတော့”
ဟုပြောလိုက်သည်။ မူသီးက ထရပ်လိုက်ပြီး သူ့တပည့်များနှင့်အတူ ဘူတာထဲပြန်ဝင်သွားသည်။ သူ ဆိုက်ကားသမားကို
“ကဲ သွားကြရအောင်”
ဟုပြောလိုက်သည်။ ဆိုက်ကားသမားက
“ခင်ဗျားကို ကျွန်တော်က ဆေးညာရောင်းတယ်ထင်နေတာ။ ပေးစမ်းပါ ကျွန်တော်လည်း သုံးခုလောက်”
“လေးခုယူဗျာ … ဆိုက်ကားခနဲ့နှိမ်လိုက်”
“ဆရာကြီးက ဆေးဆရာလား”
“ဆိုပါတော့”
“အခြားရောဂါတွေရောကုသလား”
“ခရီးသွားသမားတော်ပါ။ လမ်းမှာတွေ့ ရင် ကြုံသလိုကုတယ်”
“အင်း … အောင်ပင်လယ်ဆရာတော်ကလည်း ဆေးစွမ်းတယ်လို့ နာမည်ကြီးတယ်”
“အဲဒါ ကျုပ်ဆရာပဲ”
သူတို့ ဘုန်းကြီးကျောင်းအိုကြီးတစ်ကျောင်းရှေ့ကို ရောက်လာသည်။
“ကျောင်းထဲအထိ နင်းလေ”
“ကျောင်းထဲကို ဘယ်သူမှ မဝင်ရဲဘူးဗျ။ ဒီကျောင်းက မြွေပေါတယ်လို့ နာမည်ကြီးတယ်။ ဆရာတော်ကြီးက မြွေတွေ မွေးထားတာလို့ ပြောတာပဲ”
“ရော့ပါ … ဒီမှာ ဆေးမြစ်ငါးတောင့်။ ခင်ဗျားကို တစ်တောင့်ပိုပေးလိုက်တယ်”
“ကောင်းတာပေါ့”
ဆိုက်ကားသမားပြန်လှည့်ထွက်သွားသည်။ မြွေအလမ္ပာယ်ဆရာနှင့် သူ့သမီးလေးတို့ ဖာကြီးကတစ်ဖက်၊ ကလေးတစ်ဖက်ဆွဲကာ ကျောင်းထဲကို ဝင်သွားသည်။
“အရှင်ဘုရား … ဆရာတော်ဘုရား”
“ဟဲ့ … ဘယ်သူတွေလဲ”
“ဘိုးကောင်းပါဘုရား”
“ဪ … ဘိုးကောင်းလား … ကျောင်းပေါ်ကိုတက်ခဲ့”
သူတို့သားအဖနှစ်ယောက် ကျောင်းပေါ်တက်ပြီး ဆရာတော်ကို ဦးချလိုက်ကြသည်။
“မင်းဘယ်ကနေ ရောက်လာတာလဲ”
“အညာတစ်ခွင် ပိုက်ဆံသွားရှာတာပါဘုရားအဆင်မပြေခဲ့ပါဘူး။ အဲဒါ သမီးလေးနဲ့ ရွာကိုပြန်မလို့ ဘုရား။ ဒီတစ်ညလောက်တော့ ကျောင်းမှာ ခေတ္တတည်းခိုပါရစေ”
“ဒါ ကံပယ် မဟုတ်လား”
“မှန်ပါဘုရား”
“သမီးတောင် ကြီးလာမှပဲ”
“တင်ပါ့ဘုရား”
“အေး စားခဲ့ပြီးပြီလား … ကျောင်းမှာတော့ ငှက်ပျောသီးပဲရှိတယ်”
“စားခဲ့ပြီးပါပြီ ဘုရား”
“သွား… သွား … ဟိုး ဆွမ်းစားဆောင်ထဲမှာ သွားနေကြ”
သူတို့ ထသွားမည်အပြုတွင်
“ဘိုးကောင်း”
“ဘုရား”
“ည ၁၂ နာရီကျော်ရင် ငါ့ဆီလာဦး …
ငါတွေ့ထားတာပြမယ်”
“တင်ပါ့ဘုရား”
ဦးဘိုးကောင်းနှင့် မကံပယ်တို့ထွက်သွားကြသည်။
ဆွမ်းစားဇရပ်တွင် ကပ္ပိယကြီးက စောင့်နေသည်။ မကံပယ်ကို ငှက်ပျောသီး တစ်ဖီးချကျွေးသည်။ ဦးဘိုးကောင်းကလည်း တစ်လုံးယူစားသည်။
“သမီး အိပ်တော့”
“အဖေရော”
“အဖေလည်း ခဏလောက်မှေးလိုက်ဦးမယ်
… သမီး”
“ဘာလဲအဖေ”
“ညကျရင် အဖေ ဘဘုန်းနဲ့ သွားတွေ့မယ်။ သမီးအိပ်နေ။ နိုးလည်း ထမလာနဲ့။ ဆက်ပြီး အိပ်နေရမယ် ကြားလား”
“အဖေက ဘဘုန်းနဲ့ ဘာသွားလုပ်မှာလဲ”
“မမေးနဲ့သမီး … အဖေတို့မှာ အကြောင်းကိစ္စတွေရှိတယ်။ သမီး ဘဘုန်းဆီကိုဝင်တာလည်း ဒါကြောင့်ပဲ။ ဒီနေ့ လပြည့်နေပဲကွယ်။ အဘ ဒီအချိန်ကိုစောင့်နေတာ။ အချိန်ကိုက်ရောက်လာတာပဲ။ ဘဘုန်း က လိုလိုလားလား ခေါ်တယ်ဆိုတော့ အဖေပညာတစ်ခုတိုးတော့မယ်။ သမီးအိပ်တော့”
“ဟုတ်ကဲ့အဖေ”
ည ၁၂ နာရီ မထိုးမီ ဦးဘိုးကောင်းတစ်ယောက် ထသွားသည်။ မကံပယ်က သူ့အဖေထသွားသည်ကို သိနေသည်။ သူ့အဖေသွားသည့်နောက်ကို တိတ်တိတ်လေး လိုက်သွားသည်။
ဦးဘိုးကောင်းက ကျောင်းပေါ်တက်သွားသည်။ ခဏအကြာတွင် မီးအိမ်ကိုင်ထားသည့် ဘဘုန်းနှင့်အတူ ကျောင်းပေါ်ကပြန်ဆင်းလာကြသည်။ မကံပယ်က မန်ကျည်းပင်ကြီးနောက်မှ ပုန်းပြီးကြည့်နေ သည်။
ဘဘုန်းနှင့် အဖေတို့ သိမ်ပျက်ကြီးဘက်ကို ထွက်သွားသည်။ သိမ်ဘေးတွင် တဲကြီးတစ်လုံးရှိသည်။ သူတို့ တဲတံခါးကိုဖွင့်ပြီး ဝင်သွားကြသည်။ ထို့နောက် တဲတံခါးကို ပြန်ပိတ်လိုက်သည်။
မကံပယ်က ကလေးဖြစ်သော်လည်း စူးစမ်းစိတ် အလွန်ကြီးသည်။ တဲအနီးချဉ်းကပ်ပြီး အတွင်း၌ ဘာတွေ ဖြစ်နေသည်ကို ချောင်းကြည့်လိုက်သည်။
အဖေနှင့် ဘဘုန်းကြီးက ဖိုထိုးနေကြသည်။ အဖေက ဖိုကြိုးကိုဆွဲနေသည်။ ဘဘုန်းက ပါးစပ်မှ တတွတ်တွတ်ရွတ်ရင်း ဖိုထဲသို့ ခါးထဲတွင် လိမ်ထားသည့် တစ်ခုကို ပစ်ထည့်လိုက်သည်။ မီးတွေ ဝုန်းခနဲ ထတောက်သွားသည်။
“ဘိုးကောင်း”
“ဘုရား”
“တဲပတ်ဝန်းကျင်ကို ထွက်ကြည့်စမ်း … ဘယ်သူမှ မရှိဖို့ အရေးကြီးတယ်”
“တင်ပါ့ဘုရား”
မကံပယ်က တဲဘေးမှ အပြေးလေးထွက်ပြီး သိမ်ပျက်ကြီးအနီးတွင် သွားပုန်းနေသည်။ သူ့အဖေက တဲထဲမှ မီးအိမ်လေးကိုင်ကာ ထွက်ခဲ့သည်။ ထို့နောက် တဲဘေးကို လျှောက်ကြည့်သည်။ အဖေက သူပုန်းနေသည့် သိမ်ပျက်ဆီသို့ တန်းတန်းမတ်မတ်လာနေသည်။ ထို့နောက် တိုးတိုးလေး
“သမီး … နင်ရှိနေတာ သိတယ် …. ဘယ်မှာလဲ”
ဟုမေးသည်။
မကံပယ် အမှောင်ထဲက ထွက်လာသည်။
“ဘာဖြစ်လို့ လိုက်လာတာလဲ”
“အဖေ့ကို စိတ်မချလို့”
“အဖေဘာမှ မဖြစ်ဘူး .. ပြန်တော့ … ဒီမှာ .. ဟောဒီ ကို ယူသွား။ မိုးလင်းရင် အဖေပြန်လာမယ်။ သမီး ဒီဓာတ်လုံးကို သိမ်းထား။ အဖေ့ကို မနက်မှပြန်ပေး …. သွားတော့”
မကံပယ်က လှည့်ထွက်လာသည်။ သို့သော် မန်ကျည်းပင်ကြီးဘေးမှ သူ့အဖေကို ချောင်းကြည့်နေမိသည်။ အဖေပေးလိုက်သည့် ဓာတ်လုံးကို လက်ထဲတွင် ဆုပ်ထားမိသည်။
မကြာမီတဲဆီမှ “ဝုန်း” ဆိုသည့် အသံကြီးနှင့်အတူ မီးခိုးလုံးကြီးတွေ တက်လာသည်။ အဖေနှင့် ဘဘုန်း ပြေးထွက်လာသည်။ မကံပယ်လည်း ကြောက်ကြောက်နှင့် ဆွမ်းစားဇရပ်ကိုတက်ပြေးသည်။
အဖေက သူ့ဘေးတွင် လာလှဲချလိုက်ပြီး
“သမီး အဖေ့ကို ဓာတ်လုံးပေး”
ဟုပြောလိုက်သည်မကံပယ်က သူ့အဖေလက်ထဲကို ဓာတ်လုံးထည့်ရင်း
“ဘဘုန်းရော ဘာဖြစ်သွားသေးလဲ”
“သမီးချောင်းကြည့်နေသလား”
“ဟုတ်ကဲ့”
“ဘာမှ မဖြစ်ဘူး … အဖေတို့ ချမ်းသာတော့မယ်သမီး … ဒီမှာ ဓာတ်လုံးရခဲ့ပြီ”
“ဘာလို့ချမ်းသာမှလဲဟင်”
“အဖေတို့ မိုးမလင်းခင် ဒီကထွက်သွားရမယ် … ကြားလား သမီး။ မအိပ်နဲ့တော့မိုးလင်းသွားလို့ မရဘူး။ အဖေတို့ ဒီက အမြန်ထွက်သွားရမယ်”
“ဟုတ်ကဲ့”
– ဆက်ရန် –
စာရေးသူ – တင်ညွန့်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
ရိုးမခေါ်သံ (အပိုင်း ၄)
#တင်ညွန့်
ရိုးမခေါ်သံ (၁ဝ)
မှေးခနဲဖြစ်သွားသော မကံပယ်ကို သူ့အဖေက လှုပ်နှိုးလိုက်သည်။
“သမီး အုန်းမောင်းမခေါက်မီ ထွက်ရမယ် ထတော့”
သူတို့ အထုပ်တွေဆွဲကာ တိတ်တိတ်လေး ကျောင်း ပေါ်ကဆင်းခဲ့ကြသည်။ ကျောင်းပေါက်ဝ ရောက်ခါနီးတွင်
“ဘိုးကောင်း”
ဆိုသည့် အသံကိုကြားလိုက်ရသောကြောင့် မကံပယ် တုန့်ခနဲဖြစ်ကာ အဖေ့ကို ဖက်ထားလိုက်မိသည်။ ဆရာတော်ဘုရားက ကျောင်းဝတွင် ခါးထောက်ပြီး မီးအိမ်ကိုကိုင်ကာ သူတို့ကိုကြည့်နေသည်။
“မင်း သစ္စာမဲ့လှချည်လား … လုပ်ရက်တယ် … လောဘ .. လောဘ”
ဦးဘိုးကောင်းက ဒူးထောက်ထိုင်လိုက်သည်။ မကံပယ်ကလည်း ထိုင်လိုက်ပြီး လက်အုပ်လေးချီထားလိုက်မိသည်။
“တပည့်တော်ကို ခွင့်လွှတ်တော်မူပါဘုရား။ တပည့် တော်တို့ တစ်သက်လုံး ဆင်းရဲစွာ နေထိုင်ခဲ့ရပါတယ် ဘုရား။ သမီးလေးကို ကျောင်းတောင် မထားနိုင်ပါဘူးဘုရား။ တစ်ခါလောက် ချမ်းသာစွာနေချင်လို့ ကြံမိပါတယ်ဘုရား”
“နင် ကံငါးပါးထဲက တစ်ပါးချိုးဖောက်လိုက်ပြီ။ နင့်ဆေး မစွမ်းတော့ဘူး။ နင်က တစ်သက်လုံး ထိန်းခဲ့သမျှကို ဒီဘာမဟုတ်တဲ့ ဓာတ်လုံးနဲ့ လဲလိုက်တာပဲ”
ဦးဘိုးကောင်းက သူ့တိုက်ပုံအိတ်ထဲက လက်ကိုင်ပဝါနှင့် ထုပ်ထားသည့် ဓာတ်လုံးလေးကို ဆရာတော်အား ပြန်ပေးလိုက်သည်။
ဆရာတော်က
“ယူပါ … နင်နဲ့ ထိုက်တယ်ထင်ရင် ယူသွားပါ”
“တပည့်တော် မှားပါပြီဘုရား … မယူတော့ပါဘုရား .. တပည့်တော် သူခိုးဖြစ်သွားပါပြီ”
ဆရာတော်က ဓာတ်လုံးကို ယူလိုက်သည်။
“မကံပယ် ရှေ့တိုးစမ်း”
ဟုပြောလိုက်သည်။
မကံပယ်က ကြောက်လွန်းသောကြောင့် သူ့အဖေကိုဖက်ထားသည်။
“သွားလိုက်သမီး”
မကံပယ်က ရှေ့တိုးကာ ဆရာတော်အနီးတွင် ဒူးထောက်လိုက်သည်။
“သမီး လက်ပေးစမ်း”
မကံပယ်က ညာလက်ကို ဆန့်ပေးလိုက်ရာ
“ဘယ်လက်ပေးသမီး”
ဆရာတော်က သူ့ခါးဆီမှ တစ်ခုကို ဆွဲထုတ်လိုက်သည်။ လက်သည်းခွံအရွယ် ရွှေပြားလေးတစ်ပြား ဖြစ်သည်။ ဆရာတော်က မကံပယ်အနီးကို ကပ်လာကာ လက်မောင်းကို ဖြောင်းခနဲမြည်အောင် ပုတ်လိုက်သည်။ ဆရာတော်လက်ထဲက ရွှေပြားပျောက်သွားသည်။
“ဘိုးကောင်း … မင်းမှာ ဘာအစွမ်းမှ မရှိတော့ဘူးမင်း သစ္စာဖောက်တယ်။ ဒါကြောင့် မင်းအစွမ်းတွေ ပျောက်ပြီ။ သမီးလေး”
“ဘုရား”
“နောက်ဆိုရင် သမီးအဖေ အလုပ်တွေကို သမီးဆက်လုပ်ပါ”
“မှန်ပါ့ဘုရား”
“သွားကြတော့ ။ ဘိုးကောင်း မင်းမျက်နှာ နောက်
ဘယ်တော့မှ မတွေ့ချင်ဘူး”
ဦးဘိုးကောင်း ခေါင်းငိုက်စိုက်ချကာ သမီးလေးကို လက်ဆွဲပြီး ထွက်လာခဲ့သည်။
“အဖေ … ဘာဖြစ်လို့ ဘဘုန်းဆီက ဓာတ်လုံးကို ခိုးရတာလဲ”
“အဲဒီ ဓာတ်လုံးပိုင်ရင် ချမ်းသာပြီ သမီးရ”
“ဘာဖြစ်လို့ ချမ်းသာမှာလဲ”
“သမီး … အဖေတို့မှာ အဲဒီဓာတ်လုံးရှိရင် လုပ်သမျှအောင်၊ ကြံသမျှအောင်၊ ဘာပြောပြောရ ချမ်းသာပြီ။ ခုတော့ အဖေ့အစွမ်းတွေပါ ဆုံးရှုံးလိုက်ရပြီ”
“ဘာအစွမ်းတွေလဲအဖေ”
“အဖေ မြွေအလမ္ပာယ်ပြစားလို့ မရတော့ဘူး။ ပြီးတော့ အဖေဆေးကုလို့လည်း မရတော့ဘူး။ အဖေ ဆေးမလိုက်တော့ဘူး။ သမီးကိုပဲ အားကိုးရတော့မှာ”
“ဘာကိုပြောတာလဲအဖေ”
“အဖေ မြွေကြီးကို ကိုင်လို့မရတော့ဘူး။ သမီးဆက်လုပ်ရမယ်။ အဖေက သမီးကို ကူညီလို့ပဲရတော့မယ်။ မြွေကိုင်လို့မရတော့ဘူး။ ဆေးကတော့ သမီးဘယ်လောက်စွမ်းသလဲဆိုတာ လက်တွေ့မှပဲ သိမယ်”
“သမီးကိုမြွေကိုင်ရမယ် … ဟုတ်လား”
“ဟုတ်တယ်”
“အဖေပြောတော့ ၁၆ နှစ်ပြည့်မှဆို”
“ခု … ဘဘုန်းက သမီးကို သိဒ္ဓိတင်ပေးလိုက်ပြီ” “
“ဘဘုန်း ရွှေပြားလေးက သမီးလက်မောင်းထဲ ရောက်သွား”သလား
“ဟုတ်တယ် … အဲဒါ သမီးကို အသိအမှတ်ပြုလိုက်တာ”
“ဘယ်သူ အသိအမှတ်ပြုလိုက်တာလဲ အဖေ”
“အဖေတို့က အာဏာဗျတိက္ကမဂိုဏ်းဝင်တွေပဲသမီး။ အဖေတို့ ဂိုဏ်းသားတွေက မြွေနိုင်တယ်။ ဆေးကုတယ်။ တိုင်းပြည်ကို ဒုက္ခပေးနေတဲ့သူတွေကို အဖေတို့ မြွေတွေနဲ့ လိုက်သတ်တယ်။ ဘဘုန်းက အချုပ်ပဲ။ သူ အဖေတို့ကို ပညာသင်ပေးတယ်။ ခုတော့ သမီးမှာ တာဝန်တစ်ခုရှိသွားပြီ။ ပြည်သူတွေကို ဒုက္ခပေးနေတဲ့သူတွေကို သမီးနည်း သမီးဟန်နဲ့ သတ်ရတော့မယ်”
“သမီး လူမသတ်ချင်ဘူးအဖေ”
“သမီးလေး … တစ်ချိန်ချိန်မှာ သမီးသတ်ဖို့ ခံစားချက်တွေ ဖြစ်လာရင် သတ်ပါသမီး။ ဒါပေမဲ့ တစ်ခု သတိထားပါ။ သတ်သင့်တဲ့ လူဖြစ်ပါစေ”
သူတို့ ဈေးထဲကို ရောက်လာကြသည်။ လူစည်ကားသည့် နေရာတွင် ဦးဘိုးကောင်းက သူ့သမီးကို လက်ဆွဲထားလိုက်ပြီး
“သမီးကို ပထမဆုံး စမ်းသပ်ရမယ့်ပွဲပဲ”
“သမီးက ဘာလုပ်ရမှာလဲအဖေ”
“အဖေနဲ့သမီး နေရာလဲတာပဲ သမီး … အဖေက လင်းကွင်းကိုင် ဆေးရောင်းမယ်။ သမီးက မြွေကိုကစားပြ၊ လက်ကို ဓားနဲ့လှီး . ဆေးလူးပြ … အဖေလုပ်သလို လိုက်လုပ်ရုံပဲ”
မြွေအလမ္ပာယ်ပြရသည့် အလုပ်က သူ့အတွက် အဆန်းမဟုတ်။ အဖေနှင့် တွဲလာသည်မှာ ၂ နှစ်ခန့်ရှိနေပြီဖြစ်သည်။ အဖေ့ဟန်အတိုင်း ကောင်းကောင်းလုပ်နိုင်ခဲ့သည်။ လူတွေက ကလေးလေး တော်လိုက်တာဟု ပြောကာ ပိုပြီးအားပေးသည်။ အဖေ့ထက်ပင် ပိုက်ဆံတွေပိုရအောင် ရှာနိုင်သည်။ အဖေက ဆေးပဲရောင်းနိုင်သည်။
သူ့ကိုချစ်သဖြင့် ဆုချသော ပိုက်ဆံတွေက ပိုများသည်။
“အဖေ ပိုက်ဆံတွေ အများကြီးပဲနော်”
“အေး အဖေ့ထက် သမီးက ပိုက်ဆံပိုရှာနိုင်တယ်
အဖေတို့ ရွာပြန်ကြမယ်”
“အဖေကလည်း ပိုက်ဆံရှာနိုင်မှ ရွာကိုဘာလို့ ပြန်ရမှာလဲ။ သမီးတို့ထပ်ရှာမယ်”
“မဟုတ်ဘူးသမီး … သမီးအမေ့ဆီကို ပြန်ရဦးမယ်။ ဒါပေမဲ့ ဒီနေ့တော့ မဟုတ်ဘူး။ မနက်ဖြန်မှ”
ထိုနေ့တွင် သားအဖနှစ်ယောက် ဘုရားကြီးပေါ်ရှိ ဇရပ်တွင် အိပ်ရန် စီစဉ်ကြသည်။ ဦးဘိုးကောင်းက ထမင်းထုပ်များ စားသောက်ပြီးနောက် သမီးကိုမှာသည်။
“သမီး အဖေက ခိုးမှုကိုကျူးလွန်ထားမိပြီဆိုတော့ မထူးတော့ဘူး။ ဘဘုန်းဆီက ဓာတ်လုံးကို ရအောင်ခိုးရတော့မှာပဲ။ အဲဒါ မရဘဲ အဖေမပြန်တော့ဘူး။ ဒါကြောင့် သမီးကို ဒီနားက သီလရှင်ကျောင်းတစ်ကျောင်းမှာ အပ်ခဲ့မယ်။ အဖေမနက်အစောကြီး ပြန်လာမယ်”
“အဖေ … မလုပ်ပါနဲ့။ ဘဘုန်းကို အားနာပါတယ်။ ပြီးတော့ အဖေက သမီးကို ဒီလိုပြောလိုက်မှ သမီးလည်း သူခိုးနဲ့ကြံရာပါဖြစ်နေပြီ။ ကောင်းနိုင်ပါဦးမလား”
“သမီးရယ် … အဖေဒီကိုလာတာ ဓာတ်လုံးကြောင့်ပါ။ အဖေတို့ရမှဖြစ်မှာ”
“အဖေ … မချမ်းသာချင်လည်း နေပါစေ။ သမီးဖြစ်သလို ရှာကျွေးပါ့မယ်။ ဒါပေမဲ့ မခိုးပါနဲ့ အဖေရယ်”
” အဖေဆုံးဖြတ်ပြီးပြီ”
ထိုနေ့ည ၇ နာရီလောက်ကတည်းက အဖေထွက်သွားသည်။ မကံပယ်တစ်ယောက် ဘာလုပ်လို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ သူကျောင်းအောက်ရှိ အခန်းလေးတစ်ခန်းတွင် တစ်ယောက်တည်း နေရသည်။
စိတ်ပျက်စွာဖြင့် ထန်းခေါက်ဖာကိုဖွင့်ကာ မြွေကို ရေတိုက်သည်။ မြွေက ခါတိုင်းဖွင့်လိုက်လျှင် ခေါင်းထောင်နေကျ ဖြစ်သည်။ သို့သော် ခွေနေသည်။ သူ့ ရေနှင့်နို့ခွက်လေးကို အပြင်တွင်ချပေးပြီး အစာကျွေးနေသည်။
“အဖေက ဘဘုန်းဆီကိုသွားပြီ။ ငါဘာလုပ်ရမလဲ မိနန်းရယ်”
ဟု စိတ်ပျက်စွာ မြွေကိုပြောလိုက်သည်။
မြွေကြီးက ချက်ချင်းပါးပျဉ်းထောင်လိုက်သည်။
“နင်သိလား အဖေက ဘဘုန်းဆီက ဓာတ်လုံးကို သွားခိုးနေပြီ။ နင့်ဆရာကို နင်မတားနိုင်တော့ဘူးလား”
မြွေကြီးက ချက်ချင်းပါးပျဉ်းထောင်နေသည်ကို ချလိုက်ပြီး ကျောင်းအောက်ကိုဆင်းသွားသည်။
“ဟဲ့ … ဘယ်ကိုသွားမှာလဲ … ပြန်လာခဲ့”
မကံပယ် ကျောင်းအောက်ဆင်းလိုက်သော်လည်း မြွေကို မတွေ့ တော့။
အဖေက မနက်မိုးလင်းမှ ပြန်လာမည်ဆိုသဖြင့် မကံပယ်အိပ်လိုက်သည်။ အိပ်မက်ထဲတွင် ဘဘုန်းက တောင်ဝှေးတစ်ချောင်းနှင့် သူ့ကိုရိုက်ရန်ပြင်နေသည်။ သူ ထထိုင်လိုက်မိသည်။
“ဟယ် … မိုးတောင်လင်းနေပြီ”
မကံပယ် အိပ်နေရာမှထလိုက်ပြီး ထန်းခေါက်ဖာကို သွားကြည့်သည်။ မြွေကြီးက ပြန်ရောက်ပြီး ခွေခွေလေး ငြိမ်နေသည်။
“မိနန်း နင်ဘယ်တုန်းက ပြန်လာလိုက်တာလဲ”
သူကျောင်းအောက်ကိုဆင်းပြီး ကန်လေးအနီးတွင် ဆားဖြင့် သွားတိုက်ကာ မျက်နှာသစ်နေစဉ် ကျောင်းရှေ့၌ ဆိုက်ကားနှစ်စီး ဆိုက်လာသည်။
“ဟာ .. ဘဘုန်း”
မကံပယ် ပြေးထွက်သွားသည်။ ဘဘုန်းက ဆိုက်ကားပေါ် ကဆင်းလိုက်ပြီး တောင်ဝှေးကို ကိုင်ထားကာ ဆိုက်ကားသမားများကို ပြောလိုက်သည်။
“ဟို ခွေးကောင်ကို သွားတွဲလိုက်”
နောက်ဆိုက်ကားတစ်စီးပေါ်တွင် သူ့အဖေ
“အဖေ အဖေ … ဘယ်လိုဖြစ်တာလဲ”
“သမီးအဖေ လေဖြတ်သွားပြီ။ ကိုယ်တစ်ခြမ်း လေဖြတ်သွားပြီ …. ဒါအစပဲရှိသေးတယ်။ သမီး သူ့ကို ရွာပြန်ခေါ်သွားတော့”
ဆိုက်ကားသမားတွေက မကံပယ်အဖေကို ကျောင်းရှေ့ ကွပ်ပျစ်ပေါ်တွင် ချထားခဲ့သည်။ ဆရာတော်က ပြန်ခါနီးတွင်
“ကံပယ် လာဦး”
“မှန်ပါ့ဘုရား”
“ညက သမီးလွှတ်လိုက်တဲ့ အထောက်တော်ရောက်တယ်။ ဘဘုန်းလည်း သိပါတယ်။ သမီးအဖေ ယုတ်မာတော့မယ်ဆိုတာ။ ဒါပေမဲ့ သူပြုတဲ့ဒဏ် သူပြန်ခံရမယ်။ ရွာကိုပြန်ခေါ်သွားတော့”
“တင်ပါ့ဘုရား”
ရိုးမခေါ်သံ (၁၁)
အဖေ့ဘဝက ဘာမျှမလုပ်နိုင်။ ထိုင်ပြီး ကျွေးတာ စားနေရသည့်ဘဝကို ကူးပြောင်းသွားသည်။ ရွာတွင် သား အမိသားအဖသုံးယောက် ပျော်ရွှင်စရာဘဝလေးတစ်ခုကို ပြန်လည်တည်ဆောက်နိုင်သည်ဆိုစေ အမေနှင့် သမီးနှစ်ယောက်တည်း လူမမာကြီးကို ပြုစုစောင့်ရှောက်နေရသည်မှာ မလွယ်လှပါ။
မကံပယ်က မြွေကြီးကို တောထဲပြန်လွှတ်ပေးလိုက် သည်။ သူ့တွင် အချိန်မရွေးခေါ်သုံးနိုင်သည့် ကျူရိုးပလွေလေးကရှိနေသည်။ ကျူရိုးပလွေကို မှုတ်လိုက်လျှင် သူရောက်လာတတ်သည်။ ပြောလိုက်လျှင် နားလည်သည်။ ခိုင်းလိုက်လျှင် လုပ်တတ်သည်။
မကံပယ် အမေက ဒေါ်နှင်းနုဖြစ်သည်။ တစ်ချိန်က ရွာတွင်ကွမ်းတောင်ပန်းတောင်ကိုင်။ အရွယ်ရလာသော်လည်း ရိုးစင်းသောအလှဖြင့် ဝင့်ထည်နိုင်သူတစ်ဦးလည်းဖြစ်သည်။
“အမေ”
“ဘာလဲသမီး”
“ခုတစ်လော အမေညကျရင် ပျောက်သွားတယ်။
ဘယ်သွားနေတာလဲ”
“ရှိပါတယ်သမီးရယ် … အမေ အပေါ့အပါးသွားတာနေမှာပါ”
နောက်တစ်နေ့ညတွင် အမေပျောက်သွားသည်သတိထားကြည့်နေသော မကံပယ်က တိတ်တဆိတ် သူ့နောက်ကို လိုက်သွားသည်။ အမေက ရွာပြင်ရိုးချောင်းကလေးတစ်ခုထဲကို ဆင်းသွားသည်။ အမေနှင့် လူတစ်ယောက် ချိန်းတွေ့နေသည်။
“မိုးဟိန်း”
မကံပယ် ကြောက်ရွံ့စွာဖြင့် အိမ်ကို အပြေးလေး ပြန်ခဲ့သည်။ သူ့ရင်ထဲတွင် တဆတ်ဆတ်တုန်နေသည်။
“ရက်စက်လိုက်တာ အမေရယ် … ရက်စက်လိုက်တာ”
မကံပယ် ထိုင်ငိုနေမိသည်။
“သမီး”
အဖေက သူ့ကိုဘုရားခန်းမှ လှမ်းခေါ်သည်။
“အဖေ ဘာလဲ အပေါ့သွားချင်လို့လား”
“ထိုင်ဦး သမီး”
အဖေက အိပ်ရာထဲတွင် လှဲနေရာမှ စောင်းလိုက်ပြီး
“ဘာဖြစ်သလဲ”
“ဘာဖြစ်လို့လဲအဖေ … ဘာမှမဖြစ်ပါဘူး”
“မညာပါနဲ့ သမီးရယ် … သမီး ငိုနေပါတယ်”
“အဖေ”
“ဘာလဲသမီးလေး”
“အမေ မရှိဘူး”
“တိတ်ပါသမီး … တိတ်ပါ .. ငိုမနေနဲ့ …
အဖေ သိတာကြာပြီ။ သူလည်း အရွယ်ရှိသေးတာပဲကွယ်”
“အဖေရယ် … ခုဟာက မိုးဟိန်းနဲ့လေ”
“အဲဒါ သူ့ငယ်ရည်းစားပဲ သမီး”
“အဖေ သိရဲ့သားနဲ့ ဘာဖြစ်လို့ မပြောရတာလဲ”
“သမီး အဖေက လူမမာကြီးဖြစ်နေပြီ။ အဖေ ဒီဘဝမရောက်ခင်ကတည်းက သူတို့ ဖောက်ပြန်နေကြတာ အဖေအသိသားပဲ။ ဒါကြောင့် သမီးလေးကိုခေါ်ပြီး အဖေတို့ လျှောက်သွားနေတာပေါ့။ အဖေ့အမှာ
သူတို့ကို လွန်ဆန်တွန်းလှန်နိုင်တဲ့ အင်အားမှ မရှိတာ”
“အဖေ့မှာ မတရားတာတွေကို သတ်ပေးနိုင်တဲ့ မိနန်းရှိနေတယ်လေ”
“အဖေ မလုပ်ချင်ဘူးသမီး။ သမီးအမေကိုယ်တိုင်က သူ့ကို စွဲစွဲမက်မက်ဖြစ်နေတာလေ …အဖေ မလုပ်ရက်ပါဘူးကွယ်”
“အဖေရယ်”
“သွားအိပ်နေ သမီး ၊ သမီးအမေ ပြန်လာတော့မယ်။
မသိချင်ယောင် ဆောင်နေရမယ်နော် ကြားလား။ အဖေ ဒီအတိုင်းနေလာတာ နှစ်တွေကြာပြီ။ အဖေတို့သိသွားတယ်ဆိုရင် မိုးဟိန်းအန္တရာယ်ပေးမှာ စိုးရိမ်ရတယ်”
“အဖေရယ် ခံပြင်းစရာကောင်းလိုက်တာ”
ထိုနေ့ကစပြီး မကံပယ်တစ်ယောက် အမေ့အပေါ် ဆက်ဆံရေး အနေအထား ပြောင်းသွားကာ အဖေ့ကို ပိုပြီး ဂရုစိုက်လာသည်။ အရွယ်ကလေးကလည်း အပျိုပေါက်ဖြစ်လာသည်။ သို့သော် စိတ်ကြမ်း လူကြမ်းဖြစ်သောကြောင့် မည်သူမျှ အနားသိပ်မကပ်ရဲကြ။
မကံပယ်က မြို့ကိုမကြာခဏရောက်သည်။ ရွှေအိဆိုသည့် ကလေးမလေးတစ်ယောက်ကို အဖော်ခေါ်ပြီး မိနန်းနှင့်အတူ မြို့တက်သည်။ သူတို့ မြွေအလမ္ပာယ်ပြသည်။ ဆေးရောင်းသည်။ ငွေပြတ်တိုင်း သူမြို့တက်သည်။ သူ့အမေ အထောက်အပံ့ကို လက်မခံ။ မသန့်ရှင်းသောငွေဟုဆိုပြီး အဖေ့ကို သူကိုယ်တိုင် ရှာရသော ငွေများဖြင့်သာ ပြုစုသည်။ သူ့အမေ ဒေါ်နှင်းနုကိုလည်း အခေါ်အပြောသိပ်မလုပ်။
မိုးဟိန်းသည် လူမိုက်၊ ဓားပြတစ်ယောက်ဖြစ်သည်။ သူ့တွင် တပည့်တွေပေါများသည်။ သူတော်ကောင်းယောင်ဆောင်နေသော်လည်း သူ့ကို လူမိုက်ဓားပြမှန်း အားလုံးသိသည်။
မိန်းမဘက်ကလည်း ပိုက်ဆံရှိသည်။ မိန်းမက ဆွေကြီးမျိုးကြီးထဲကဖြစ်ပြီး အလင်းဝင်ထားသည့် သူပုန်မိုးဟိန်းနှင့် ပေါင်းဖက်မိလိုက်ချိန်တွင် အာဏာနှင့် ငွေ ထပ်လိုက်သလိုဖြစ်သွားသည်။
ရွာနီးချုပ်စပ် ဓားပြအတိုက်ခံရမှုတိုင်းတွင် မိုးဟိန်းလက်ချက် ကင်းသည်က ခပ်ရှားရှားဖြစ်သည်။
တစ်နေ့ သူတို့ မြို့ကပြန်လာချိန် အိမ်တွင် အဖေ့အလောင်းပြင်ထားသည်ကို တွေ့လိုက်ရသည်။
“အမေ … အဖေ ဘယ်လိုဖြစ်ရတာလဲ”
“နင့်အဖေကို ဓားပြတွေ သတ်သွားတာ”
“အိမ်ကို ဓားပြလာတိုက်ရအောင် ဘာရှိလို့လဲ”
“ဘာမှရှိလို့လည်း မဟုတ်ဘူး … ပစ္စည်းလာလုတာလည်း မဟုတ်ဘူး … နင့်အဖေကို လာသတ်တာ”
“အဖေက ဘာလုပ်လို့လဲ”
“နင်သိချင် လိုက်မေးလေ”
မကံပယ်တစ်ယောက် “တောက်” ခေါက်ရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ပေ။
နောက်ဆုံး အဖေ့အလောင်း မြေချချိန်တွင် တစ်ခွန်းသစ္စာဆိုခဲ့သည်။
“အဖေ… အဖေ့အတွက် သမီး လက်စားချေမယ်”
ဦးဘိုးကောင်း ကွယ်လွန်သွားသည့်အခါတွင် မိုးဟိန်းက အိမ်ကို ပေါ်ပေါ်ထင်ထင် ဝင်ထွက်လာသည်။ အမေဖြစ်သူကို မည်မျှပြောသည်ဆိုစေ အမေက မိုးဟိန်း မယားငယ်ဘဝကို ကောင်းကောင်းခံယူလိုက်သည်။
“သမီး … အမေတို့မှာ တခြားရွေးချယ်စရာ မရှိဘူး”
ဟု သူ့အမေက ပြတ်ပြတ်ပြောသည်။
မကံပယ်က ပြုံးလိုက်သည်။
တစ်ည မကံပယ်အခန်းထဲတွင် မိုးဟိန်းနှင့် မကံပယ်ကို ဒေါ်နှင်းနု မိသည်။
“မိုးဟိန်း … လူယုတ်မာ … နင်လုပ်ရက်လိုက်တာဟယ်”
“နင့်တို့နှစ်ယောက်စလုံး ငါ့မယားချည်းပဲ။ အေးအေးဆေးဆေးနေ ကောင်မ … လျှာမရှည်နဲ့”
မကံပယ်က သူ့အမေကို ပြုံးပြုံးကြီးကြည့်နေသည်။ သူက
“ဦးမိုးဟိန်း … သူနဲ့ပေါင်းမှာလား … ကျွန်မနဲ့ ပေါင်းမှာလား … ရွေးရတော့မယ်ထင်တယ်”
“နှစ်ယောက်စလုံးပေါင်းမယ်”
“မရဘူး ဦးမိုးဟိန်း … အပျိုနုနုထွတ်ထွတ်လေးနဲ့ အိပ်ချင်ရင် အအို ရွတ်တွကြီးကို နင်စွန့်ရမယ်လေ”
မိုးဟိန်း အိမ်ပေါ်ကဆင်းသွားသည်။ ဒေါ်နှင်းနုက မီးဖိုချောင်ထဲက ဓားကို ပြေးဆွဲသည်။ မကံပယ်ဘေးမှ မိနန်းက “ရှူး” ခနဲအော်ပြီး ပါးပြင်းထထောင်သည်။
ထိုနေ့ကစပြီး ဒေါ်နှင်းနုတစ်ယောက် သူ့ဇာတိ တောင်ကွဲကြီးကို ပြန်သွားသည်။ မကံပယ်တစ်ယောက် သူ့အမေနှင့် မလိုက်ဘဲ တစ်ယောက်တည်း နေခဲ့သည်။
ရိုးမခေါ်သံ (၁၂)
ကျွန်တော်တို့က မကံပယ်ပြောပြသည့် ဇာတ်ကြောင်းများကို စိတ်ဝင်စားစွာ နားထောင်နေကြသည်။
“ဒါဆိုရင် နင်နဲ့အတူ မိနန်းဆိုတဲ့ မြွေကြီးက အမြဲရှိနေတယ်ဆိုတဲ့သဘောပေါ့”
“ဟုတ်ကဲ့”
“နင်က ဆေးကုနိုင်တယ်လည်းဆိုသေး။ ဘာဖြစ်လို့ မိုးဟိန်းကို မကုပေးတာလဲ”
“ကျွန်မမှာ ရောဂါပျောက်အောင်ကုသပေးနိုင်တဲ့ အစွမ်းတွေ ပျောက်သွားတာကြာပြီ”
“ဘာဖြစ်လို့လဲ”
“ကျွန်မ ဘဘုန်းကို ပေးထားတဲ့ ကတိတွေဖျက်ခဲ့လို့။ ကျွန်မ ငါးပါးသီလကို လုံခြုံအောင် မထိန်းနိုင်တော့ ဘူး။ ဆေးစွမ်းတွေပျက်ပြီ။ ခုလည်း ကျွန်မမှာ မိနန်း တစ်ကောင်ပဲရှိတော့တယ်”
ကျွန်တော်က …
“ဒါနဲ့ နင့်ကို ဘာဖြစ်လို့ ကံပယ်လို့ခေါ်တာလဲ”
“ကျွန်မ အဖေနဲ့ အမေ သားသမီး ၇ ယောက်မွေး
တယ်။ မွေးတိုင်းသေတယ်။ တစ်ယောက်မှ မရှင်ဘူး။ ဒါလည်း ဘာကြောင့်မှန်းမသိဘူး ။ ကျွန်မကတော့ အဖေ့သမီး စစ်စစ်တဲ့။ အဖေက ကျွန်မကို မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ရှောင့်ရှောက်တာ။ ကံပယ်လိည့ အသက်ရှင်တဲ့ကလးဆိုပြီး ကံပယ်လို့ခေါ်တာ”
“ဒါနဲ့ နင့်အမေဆီပြန်ပြီး ကလေးမွေးမှာဆို … နင်နဲ့ နင့်အမေ ပြန်ပြီး အဆင်ပြေသွားပြီလား”
“အမေ့ရှေ့မှာ မိုးဟိန်းနဲ့ရတဲ့ ကလေးကို သွားမွေးမှာ
“နင် ဘာဖြစ်လို့ မိုးဟိန်းကို မုန်းရတာလဲ”
“ကျွန်မက သူ့မိသားစုအားလုံးရဲ့ ဘဝကိုလည်း ရအောင် ဖျက်မှာ။ ကျွန်မမိသားစုဘဝ ပျက်စီးသွားသလို သူ့မိသားစုဘဝကိုလည်း ဖျက်မှာ။ နောက်မှ ဒီကောင်ကို သတ်မှာ။ ကျွန်မ အဖေကို ရက်ရက်စက်စက် ဓားနဲ့ ခုတ်သတ်ခဲ့တာ ဒီကောင်ပဲ”
“နင့်သယ်လိုသိသလဲ”
“အမေကိုယ်တိုင် ပြောပြတာ”
“ဟာ”
ကျွန်တော်တို့ ဘာဆက်မေးရမှန်း မသိလောက်အောင် ဖြစ်သွားသည်။ မိုးလင်းလုပြီ။ ရောင်နီတွေလာနေသည်။ ကျွန်တော်က မတ်တတ်ရပ်လိုက်ပြီး
“ငါတို့ ဂူထဲပြန်ဝင်ကြရအောင်”
ဂူထဲတွင် ဦးဇင်းက ကျောက်ဖျာထက်ပေါ်တွင် ထိုင်ပြီး တရားမှတ်နေသည်။ မိုးဟိန်းက အသက်ကို ပုံမှန်ရှူရင်း မျက်စိကို ဖွင့်ထားသည်။ ကိုခင်မောင်က
“ဆရာ … ဒီကောင့်ကို ကြိုးတုပ်မှနဲ့တူတယ်”
ဦးဇင်းက ချောင်းဟန့်လိုက်ပြီး မတ်တတ်ရပ်ကာ ကျောက်ဖျာပေါ်ကဆင်းလာသည်။
“ဒကာကြီးတို့ ဦးဇင်းသွားတော့မယ်”
“မှန်လှပါဘုရား … တပည့်တော်တို့လည်း သွားမှာပါ။ မိုးဟိန်း အခြေအနေကောင်းသွားပြီလား ဘုရား။ အရှင်ဘုရား ဘယ်လိုလုပ်လိုက်တာလဲဘုရား”
“ဦးဇင်းဘာမှ မလုပ်ပါဘူး။ မေတ္တာသုတ်ရွတ်ပြီး မေတ္တာပဲ ပွားများပေးတာပါ ”
“အရှင်ဘုရား ဖခင်ကို သတ်တဲ့သူကိုတောင် မေတ္တာထားနိုင်သေးလားဘုရား”
“ဦးဇင်းတို့မှာ ရန်သူမရှိပါဘူး ဒကာကြီး။ သတ္တဝါအားလုံးကို မေတ္တာထားပါတယ်။ သူ့ကို ကုလိုက်တာ ဦးဇင်း မဟုတ်ပါဘူး ဒကာကြီး။ မြွေကြီးတစ်ကောင်က သူ့ဆီလာပြီး သူ့ကိုကိုက်ထားတဲ့ ဒဏ်ရာတွေထဲက အဆိပ်တွေကို ပြန်ထုတ်သွားသလိုပဲ”
ကျွန်တော်တို့က မကံပယ်ကို ကြည့်လိုက်ကြသည်။ ဦးဇင်းက မကံပယ်ကို ကြည့်လိုက်ပြီး
“ဒကာမလေး”
“ဘုရား”
“ဦးဇင်း … ကျူရိုးပလွေလေး အလှူခံပါတယ်”
“ဘာဖြစ်လို့လဲဘုရား”
“ဘဘုန်းက အမိန့်တော်ရှိလိုက်တယ် … ဒကာမကြီးမှာ မိနန်းကို ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေး မရှိတော့ဘူးတဲ့”
“အရှင်ဘုရားက ဘဘုန်းကို သိလို့လား”
ဦးဇင်းက ဘာမျှမပြော လက်ဝါးကို ဖြန့်ထားလိုက်သည်။ မကံပယ်က သူ့ခါးကြားထဲတွင် ထိုးထားသော ကျူရိုးပလွေလေးကို ဦးဇင်းလက်ထဲသို့ ထည့်လိုက်သည်။
ဦးဇင်းက ပလွေကို လက်ခံလိုက်ပြီးနောက် မီးဖိုကြီးထဲကို ပစ်ထည့်လိုက်သည်။ ကျူရိုးပလွေလည်း မီးလောင်သွားသည်။
ဂူပေါက်ဝတွင် မြွေကြီးတစ်ကောင် ပါးပျဉ်းထောင်ပြီး မကံပယ်နှင့် ကျွန်တော်တို့ကို ကြည့်နေသည်။ မကံပယ်က ဂူဝကိုပြေးထွက်သွားပီး မိနန်းဟု ခေါ်လိုက်သည်။
မြွေကြီးက ပါးပျဉ်းကိုချပြီး တောထဲဝင်သွားသည်။ ဦးဇင်းလည်း သပိတ်ကိုလွယ်ပြီး ဂူဆင်းလမ်းအတိုင်း ပြန်ကြွသွားသည်။
မိုးလင်းပြီ။ မိုးဟိန်းက သတိမရသေး။ ကျွန်တော်က ကံပယ်ကို
“ငါတို့သွားတော့မယ် … ဘယ်လိုလဲ … နင်လိုက်ခဲ့မှာလား ၊ နေခဲ့မှာလား”
“နေခဲ့မယ်”
“နင်သူ့ကို သတ်မှာလား”
“မသတ်ပါဘူး .. သူ ကျွန်မနောက် လိုက်လာပြီပဲ ..
ခုဆိုရင် ကျွန်မ ဘာမှ မဟုတ်တော့ဘူး။ သူနဲ့ မြို့ကိုသွားပြီး အတူနေတော့မယ်”
“ဒါဆိုလည်း ငါတို့သွားတော့မယ်”
ကျွန်တော်နှင့် ကိုခင်မောင်တို့ ဂူထဲက ထွက်လာကြသည်။
“ကိုခင်မောင် … တောင်ကွဲကြီးကို ဝေးသေးလား”
“တစ်နာရီခရီးလောက်ပဲ ကျန်တော့တယ်ဆရာ”
ကျွန်တော်တို့ အမြန်ဆုံးလျှောက်ခဲ့ကြသည်။ လမ်းတွင် ဦးဇင်းနှင့် ဆုံကြပြန်သည်။ ဦးဇင်းက ရှေ့မှ ကြွသွားသည်။ ကျွန်တော်တို့က နောက်မှ လိုက်သည်။ ကျွန်တော်တို့အားလုံး တောင်ကွဲကြီးကို ရောက်ခဲ့ကြသည်။ ဦးဇင်းက
“ဒကာကြီး ဘယ်မှာတည်းမလို့လဲ”
“တပည့်တော်တို့ ဘုန်းကြီးကျောင်းမှာပဲ တည်းမယ်ဘုရား”
“ဦးဇင်းလည်း အဲဒီမှာပဲရှိမယ်”
ကျွန်တော်တို့က ရွာလူကြီးအိမ်ကိုဝင်သည်။ ကျောင်းဖွင့်ရေး ကိစ္စများဆွေးနွေးကြသည်။ မနက်ဖြန်ကစပြီး ကျောင်းပြန်ဖွင့်မည် ဆိုသည့်အကြောင်း ရွာထဲတွင်လှည့်ပြီး ကြေညာခိုင်းရသည်။
ကိစ္စများစီစဉ်ပြီးနောက် ကျွန်တော်တို့ ရွာလူကြီးအိမ်တွင် နေ့လယ်စာ စားကြရသည်။ သူတို့က အိမ်တွင် တည်းခိုရန်ပြောသော်လည်း ကျွန်တော်တို့က လွတ်လပ်စွာနေချင်သောကြောင့် ဘုန်းကြီးကျောင်းတွင် သွားရောက်တည်းခိုမည်ဟုပြောကာ ထွက်လာကြသည်။ ကျွန်တော်ကလည်း ဦးဇင်းနှင့် စကားပြောချင်နေသည်။
ဘုန်းကြီးကျောင်းက ရွာမြောက်ဘက် တောင်ကုန်းပေါ်တွင် တည်ဆောက်ထားသည်။ ကျောင်းဆိုသော်လည်း ဘုန်းတော်ကြီးတစ်ပါးနှင့် ကပ္ပိယတစ်ယောက်သာ နေသောကျောင်းဖြစ်သည်။ ရှေးဟောင်း ကျောင်းကြီးဖြစ်ပြီး တိုင်လုံးတွေက ကျွန်းတိုင်လုံးကြီးတွေနှင့်ဖြစ်သည်။
ကျွန်တော်တို့ကျောင်းပေါ်ကို တက်လိုက်သည့်အခါတွင် ဦးဇင်းက ဆရာတော်နှင့်အတူ ရေနွေးဝိုင်းတွင် ထိုင်နေသည်။
“ဒကာကြီးတို့ လာ .. လာ .. ထမင်းစားခဲ့ပြီးပြီလား”
“စားပြီးပါပြီဘုရား”
“ရွာမှာစာလာသင်တဲ့ ကျောင်းဆရာလား”
“တင်ပါ့ဘုရား”
“အေး … အေး .. ဒီက ဆရာကြီးကတော့ မကျန်းမာဘူး။ ဆရာကြီးကလည်း တစ်ယောက်တည်းဆိုတော့ ဒီမှာ ဒုက္ခရောက်တယ်”
“တင်ပါ့ဘုရား … ဆရာကြီးက အကူအညီတောင်းတာနဲ့ ရောက်လာတာပါဘုရား”
“ဒီက ကိုယ်တော်နဲ့ သိပြီးသားလား”
“လမ်းမှာ သိခဲ့တာပါဘုရား”
“အင်း … ကျောင်းမှာ လွတ်လပ်စွာနေ”
“တင်ပါ့ဘုရား”
“ကပ္ပိယကြီး … ဧည့်သည်တွေကို ခေါ်သွားလိုက်”
ကပ္ပိယကြီးက ကျွန်တော်တို့ကို အခန်းတစ်ခန်းဆီသို့ ခေါ် သွားသည်။ အခန်းထဲတွင် ရှေးခုတင်ကြီးတစ်လုံးရှိသည်။ ကိုခင်မောင်က အခန်းထဲတွင် မနေချင် အသက်ရှူကျပ်သည်ဆိုပြီး အပြင်ဘက် ပြတင်းပေါက်နားတွင် နေရာသွားယူသည်။ သူ့သေနတ်ကို ကျွန်တော့် ခုတင်အောက်တွင် ထားခဲ့သည်။
ကျွန်တော်က ကျောပိုးအိတ်ကိုထားပြီး အခန်းအပြင် ပြန်ထွက်ခဲ့သည်။ လက်ဖက်ရည်ဝိုင်းတွင် ဦးဇင်းတို့ မရှိတော့။ ကျွန်တော်က ကျောင်းအောက်ကိုဆင်းခဲ့သည်။ အပေါ့သွားချင်သောကြောင့်ဖြစ်သည်။
“ကပ္ပိယကြီး … အိမ်သာဘယ်နားမှာလဲ”
“ဟို ငှက်ပျောတောဘေးက ဆင်းသွားလိုက်”
ကျွန်တော်က ငှက်ပျောတောဘေးလမ်းလေးအတိုင်း တောင်ကုန်းအောက်ကို ဆင်းလိုက်သည်။ မြွေတစ်ကောင်က ကျွန်တော့်ရှေ့ ဖြတ်သွားသဖြင့် ကျွန်တော်ရပ်ကြည့်နေမိသည်။ မြွေကတစ်ကိုယ်လုံး ပြဒါးရောင်တောက်နေသည်။ ငှက်ပျောတောထဲ ဝင်သွားသည်အထိ ကျွန်တော်စောင့်ကြည့်နေပြီး အိမ်သာလမ်းကို ဆက်ဆင်းခဲ့သည်။ အိမ်သာက ကုန်းစောင်းလေးတွင် ဆောက်ထားသည်။ သွပ်တွေကာ ထားသည်။
ကျွန်တော် ကိစ္စပြီး၍ ပြန်တက်လာသည့်အခါတွင် စောစောက မြွေတွေ့ခဲ့သည့်နေရာ၌ရပ်ပြီး ဟိုကြည့် သည်ကြည့်လုပ်နေမိသည်။
“ဒကာကြီး ဘာလုပ်နေသလဲ”
ကျွန်တော်လန့်သွားသည်။ ငှက်ပျောတောထဲက ထွက်လာသည်မှာ ဦးဇင်းဖြစ်နေသည်။
– ဆက်ရန် –
စာရေးသူ – တင်ညွန့်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
ရိုးမခေါ်သံ (အပိုင်း ၅)
#တင်ညွန့်
ရိုးမခေါ်သံ (၁၃)
ဦးဇင်းက ကျွန်တော့်ရှေ့မှ ကုန်းစောင်းလေးကိုတက်သွားသည်။
“အရှင်ဘုရား ဘယ်က ကြွလာတာလဲ”
“ကုဋီကလေ”
“ကုဋီက ငှက်ပျောတောထဲမှာလားဘုရား”
“ဟုတ်တယ်”
“တပည့်တော် ဒီကဆင်းသွားတုန်းက ငှက်ပျော တောထဲကို ပြဒါးရောင်လက်နေတဲ့ မြွေတစ်ကောင်ဝင်သွားတာ တွေ့လိုက်တယ်ဘုရား”
“အင်း … အန္တရာယ်မရှိပါဘူး ဒကာကြီး”
ကျောင်းကိုပြန်ရောက်သည့်အခါတွင် ဦးဇင်းက ကျောင်းရှေ့ မန်ကျည်းပင်အောက် ကွပ်ပျစ်တွင်ထိုင်နေသည်။ ကျွန်တော်က ဦးချလိုက်ပြီး ကွပ်ပျစ်အောက်တွင်ထိုင်ကာ
“အရှင်ဘုရား … တစ်ခုလောက် မေးလို့ရမလား”
“မေးလေ ဒကာကြီး”
“အရှင်ဘုရားနဲ့ ဘဘုန်းနဲ့က ဘယ်လိုပတ်သက်သလဲ သိချင်လို့ပါ”
“ဘဘုန်းကို သိလား”
“မကံပယ်ပြောပြလို့ သိပြီးပါပြီဘုရား”
“ဘဘုန်းက ဦးဇင်းကို မွေးစားပြီး ဒီဘဝရောက်အောင် လုပ်ပေးထားတာ”
“ဦးဇင်း မယ်တော်ကြီးနဲ့လည်း တွေ့ပြီးပြီလား ဘုရား။ နေကောင်းသွားပြီလား”
“သိပ်မကောင်းဘူး ဒကာကြီး”
“မကံပယ်အမေဆိုတာ ဦးဇင်းသိလားဘုရား။ ဒီရွာမှာရှိတယ် ပြောတယ်။ တပည့်တော် ကြုံတုန်း မကံပယ်အမေ ဒေါ်နှင်းနုဆိုတာကို တွေ့သွားချင်လို့ပါ”
“ဒကာမကြီး ဒေါ်နှင်းနုဆိုတာ ဦးဇင်းမယ်တော်ကြီးပဲ”
“ဒါဆိုရင် .. ဟို .. ဟို … အရှင်ဘုရားနဲ့ မကံပယ်က ”
“မောင်နှမတွေပါ ဒကာကြီး … ဦးဇင်းက ငယ်ငယ်လေးကတည်းက မြို့မှာ စွန့်ပစ်ခံခဲ့ရတာ”
“ဦးဘိုးကောင်းက ဦးဇင်းဖခင်လား”
ဦးဇင်းက နှုတ်ဆိတ်နေသဖြင့် ကျွန်တော်ဆက်မမေးမိတော့။
“မကံပယ်က ဦးဇင်းကို သူနဲ့ မောင်နှမတော်တယ်ဆိုတာ သိလားဘုရား”
“မသိဘူး … ဒါပေမဲ့ မိုးဟိန်းဆိုတာနဲ့ ဆက်စပ်ပြီးတော့ မယ်တော်ကြီးရဲ့ သမီးဖြစ်မယ်ဆိုတာတော့ မှန်းလို့ရတယ်”
“အရှင်ဘုရားက ဘာဖြစ်လို့ မကံပယ်ကို မပြောတာလဲ”
“ပြောစရာမလိုပါဘူး ဒကာကြီး”
“ဦးဇင်းဖခင်ကို .. မိုးဟိန်းက သတ်လိုက်တာဆို”
“ဟုတ်တယ် .. ဒီအကြောင်းတွေကို ဒကာကြီးက ဘာကြောင့် သိချင်ရသလဲ”
“တပည့်တော်က စာရေးတာ ဝါသနာပါတယ် ဘုရား။ ဝတ္ထုများလည်း ရေးပါတယ်”
(ဤအကြောင်းအရာများသည် ဦးဇင်းက ပြန်ပြောပြသည့် အကြောင်းအရာများဖြစ်ပါသည်။)
မြင်းလှည်းပေါ်မှ ပုဆိုးခေါင်းပေါင်းထားသည့် အမျိုးသမီးတစ်ယောက်နှင့် ၅ နှစ်သားအရွယ် ကလေးတစ်ယောက် ဆင်းလိုက်သည်။
အမျိုးသမီးက မြင်းလှည်းခကိုပေးပြီး ပုဆိုးထုပ်လေးဆွဲထားသည့် ကလေးကို
“လာ … သားလေး … သွားရအောင်”
“အမေ … သားကို ဒီမှာ ထားခဲ့မှာလား”
အမျိုးသမီးက ကလေးရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။
“သား … ဘဘုန်းဆီမှာ သားနေခဲ့ရမယ်။ အမေ ရွာကိုပြန်ခေါ် သွားလို့မရဘူး။ ရွာပြန်ရောက်ရင် သားသေလိမ့်မယ်။ အမေပြောတာ နားထောင်။ အမေမကြာ မကြာ ပြန်လာပြီးသားနဲ့တွေ့ မယ်။ ခုတော့ ဘဘုန်းဆီမှာ နေခဲ့ဦး”
“အမေ မြန်မြန်ပြန်လာနော်”
“အေးပါကွယ်”
သူတို့ ဘုန်းကြီးကျောင်းထဲဝင်လာကြသည်။ ဆွမ်းစားကျောင်းပေါ်တက်သွားပြီး ဆွမ်းစားနေသည့် ဆရာတော်ကို ဦးချလိုက်ကြသည်။
“ဘယ်ကလဲ ဒကာမကြီး”
“တပည့်တော် ကိုဘိုးကောင်းရဲ့ ဇနီးပါဘုရား”
“ဘိုးကောင်း နေကောင်းရဲ့လား”
“ကောင်းပါတယ်ဘုရား … တပည့်တော် သူ့သားကို လာပို့တာပါ”
“သူ ဘယ်မှာလဲ”
“သူ ရှမ်းပြည်ဘက် တက်သွားပါတယ်ဘုရား။ အပြန် သားကို ဝင်ခေါ်မယ် … အရှင်ဘုရားကျောင်းမှာ ထားခဲ့ပါဆိုလို့ဘုရား”
“ဒကာမကြီးကရော”
“တပည့်တော် ဒီနေ့ပဲပြန်မယ်ဘုရား … သားလေးကို အပ်ခဲ့ပါရစေ”
“ထားခဲ့ .. ထားခဲ့ … … လာစမ်း … ထမင်းစားပြီးပြီလား”
“မစားရသေးဘူး ဘုရား”
“ကပ္ပိယကြီး … ကလေးကို ထမင်းကျွေး … ဒကာမကြီးလည်း စားသွား”
“မစားတော့ဘူးဘုရား … တပည့်တော် ရွာဘက်ထွက်မယ့်ကား မမီမှာစိုးလို့ ခွင့်ပြုပါဦး”
မနှင်းနု ဘုန်းကြီးကိုဦးချပြီး ကျောင်းပေါ်ကဆင်းသွားသည်။ သားဖြစ်သူကို တစ်ချက်ပင် လှည့်မကြည့်။ ကလေးက ပြတင်းပေါက် သံတိုင်များကြားမှ မိခင်ကို ငေးကြည့်ပြီး မျက်ရည်တွေ ကျနေသည်။ ဦးဇင်းက အဝေးရှိ ရိုးမတောင်တန်းကြီးကို ငေးကြည့်ရင်း သက်ပြင်းချလိုက်သည်။
“ဦးဇင်းကို အမေက ငါးနှစ်သားလောက်ကတည်းက ဘဘုန်းဆီမှာ ထားသွားတာ …. ပြန်ကို မလာတော့ဘူး”
“ဦးဇင်း အဖေကလည်း လာမခေါ်ဘူးလား”
“မခေါ်ဘူး”
“ဘဘုန်းက ဦးဇင်းကို ကျွေးမွေးစောင့်ရှောက်ထားတာ။ ဦးဇင်းကို ဘဘုန်းက လွှတ်လို့ ရွာကိုပြန်လာတယ်။ အဲဒီတော့မှ ဦးဇင်းမှာ အဖေနဲ့ အမေရှိသေးမှန်းသိတယ်”
“ဒါဆိုရင် ဦးဇင်း အဖေကို တွေ့ ဖူးလိုက်တယ်ပေါ့”
“ပထမဆုံးနဲ့ နောက်ဆုံးတွေ့ ဖူးလိုက်တာပဲ။ အဖေကမကျန်းမာဘူးဆိုလို့ ပြန်လာတာ။ ဦးဇင်းပြန်ရောက်တဲ့ အချိန်မှာပဲ ဒကာကြီးကို မိုးဟိန်းက ဓားနဲ့ခုတ်သတ်နေတာ မြင်လိုက်ရတယ်။ ဦးဇင်း မိုးချုပ်သွားလို့ အိမ်ထဲကိုဝင်မယ်အလုပ်မှာ ဒီမြင်ကွင်းကို မြင်လိုက်ရတာ။ စိတ်မကောင်းဖြစ်မိတာက မယ်တော်ကြီး ကိုယ်တိုင်က သေ … သေ လို့ပြောနေတာ နားနဲ့ ဆတ်ဆတ်ကြားခဲ့ရတာပဲ”
“အို …. စိတ်မကောင်းလိုက်တာ ဘုရား”
“ဦးဇင်း အသာလေး ပြန်လှည့်ခဲ့တယ်။ တစ်ညလုံး ကြောက်ကြောက်နဲ့ ရောက်ရာပေါက်ရာ လျှောက်သွားရင်း ဦးဇင်းတို့အိပ်ခဲ့တဲ့ ဂူကြီးဆီမှာ တစ်ညအိပ်ခဲ့ရတယ်”
ကျွန်တော်တို့ စကားဆက်ပြီး မပြောနိုင်လောက်အောင် ဖြစ်နေသည်။
“ဦးဇင်းဖခင်ကို မိုးဟိန်းသတ်တာ သိတယ်လို့ ဦးဇင်း
မယ်တော်ကြီးကို ပြောမိသေးလားဘုရား”
“ပြောလည်း မထူးပါဘူး။ ခုလည်း သူ့ဘဝရဲ့ နောက်ဆုံးအချိန်ကို ရောက်နေပါပြီ”
“မကံပယ် လာတွေ့ရင် ကောင်းမယ်နော်”
“ဒကာမလေးက ပြန်လာမယ် မထင်ပါဘူး။ သူ့ယောက်ျားနဲ့ မြို့ကိုသွားရောပေါ့”
ကျွန်တော်က ဦးဇင်းကို ဦးချပြီး ထမည်အပြုတွင်
“ဒကာကြီး”
“ဘုရား”
“ဦးဇင်း ပြောစရာတစ်ခုရှိတယ်။ နားထောင်ပါဦး”
“ပြောပါဘုရား”
ကျွန်တော်က ပြန်ထိုင်လိုက်ရင်း လက်အုပ်ချီထားလိုက်မိသည်။
“ဦးဇင်း ဒီကိုလာတာ ဘဘုန်းတာဝန်ပေးချက်အရ ရောက်လာတာ။ ဒကာကြီးက ကျောင်းဆရာလည်း ဖြစ်တယ်၊ သီလ သမာဓိ နဲ့လည်း ပြည့်စုံမယ်ယူဆရလို့ ဦးဇင်း အကူအညီတောင်းချင်တယ်”
“တပည့်တော် ကူညီနိုင်တာဆိုရင် ဘာမဆို ကူညီပါ့မယ်ဘုရား”
“ဦးဇင်း ဒီကိုလာတာ ဟင်္သာရွာဟောင်းကို လာရှာတာပဲ”
“ဟင်္သာရွာဟောင်းတဲ့လား … တပည့်တော်စိတ်ဝင်စားလာပြီ”
“ဦးဇင်း အဲဒီရွာဟောင်းကို တွေ့အောင်ရှာရမယ်။ ဘဘုန်း တာဝန်ပေးချက်အရ လုပ်ဆောင်ရမယ့် ကိစ္စတစ်ခုရှိတယ်။ ဒီရွာကို သွားဖို့ဆိုတာ ဦးဇင်းမှာ ကပ္ပိယတစ်ယောက်ပါမှ ဖြစ်မယ်။ ဒကာကြီးက ဦးဇင်းနဲ့အတူ လိုက်ပါပေးနိုင်မလားလို့ပါ”
“တပည့်တော် စိတ်ဝင်စားတယ်ဘုရား … ကိုခင်မောင်ကိုလည်း ခေါ်ခဲ့မယ်”
“ဒကာကြီးခင်မောင်ကို မခေါ်ပါနဲ့ … သူ့ကို ပြန်လွှတ်လိုက်ပါ။ ပြီးတော့ ဦးဇင်းတို့ ခုလည်း မသွားသေးဘူး။ လာမယ့် လပြည့်နေ့မတိုင်မီ တစ်ရက်ကြိုထွက်မယ်။ ဒကာခင်မောင်က စိတ်မချရဘူး။ ပြီးတော့ ကြောက်စိတ်ရှိတယ်။ ဆရာ့ကို ယုံကြည်ရမယ်ဆိုတာ ဦးဇင်း မြင်ကတည်းကသိတယ်”
“တပည့်တော်တို့ သွားရမယ်ခရီးက ဘယ်နှရက်လောက်ကြာမှာလဲဘုရား”
“တစ်ညအိပ် လွန်ရော ကျွံရောပဲ”
“အရှင်ဘုရား ဘာကြောင့် ဟင်္သာရွာဟောင်းကို သွားမှာလဲဘုရား … တပည့်တော်သိခွင့်ရှိသလား”
“တော်ပီ နောက်မှပြောပြမယ် … ဟိုမှာ ဒကာခင်မောင်လာနေတယ်”
ရိုးမခေါ်သံ ၁၄
ကျွန်တော် နောက်တစ်နေ့ကစပြီး သင်ကြားရေးလုပ်ငန်းများကို စတင်ရသည်။ ကျောင်းဖွင့်ပြီဆိုသော်လည်း လာတက်သည့်ကျောင်းသားက စုစုပေါင်း ၁၆ ယောက်သာရှိသည်။ အရေးကြီးသည်မှာ လေးတန်းကျောင်းသား လေးယောက်ဖြစ်သည်။ သူတို့က အစိုးရစစ်ကိုဖြေရမည့်သူများဖြစ်သည်။
၁၆ ယောက်သာ သင်ရသည် ဆိုသော်လည်း တစ်နေကုန် မနေမနားသင်ရသည်။ လေးတန်း ကျောင်း
သားတွေက စာနောက်ကျ၍မဖြစ်။ သူတို့ကို ဖိသင်ရသည်။
မိဘများက ထမင်းချိုင့်လေးတွေ ထည့်ပေးလိုက်သည်။ ကျွန်တော်က ကိုခင်မောင်ကို နောက်တစ်နေ့တွင် ပြန်လွှတ်လိုက်သည်။ သူ့လည်း ပျော်ရွှင်စွာပြန်သွားသည်။
ကျွန်တော့်ကို ပြန်လာကြိုမည် ပြောသော်လည်း ရွာက လိုက်ပို့ပေးမည်ဆိုသဖြင့် သူ စိတ်ချသွားသည်။
“ဆရာ“
“ဘာလဲ ကိုခင်မောင် …”
“ကျွန်တော် ပြောသင့်လား မပြောသင့်လား စဉ်းစားနေတာ”
“ပြောပါ ကိုခင်မောင်ပါ”
ကိုခင်မောင်က စကားမဆက် ဟိုကြည့်သည်ကြည့်
လုပ်နေသည်။
“ပြောပါဗျ”
“ညက ကျွန်တော် ညဉ့်နက်မှ သေးထပေါက်တာ။ ဦးဇင်း အခန်းထဲမှာ မီးလင်းနေတာတွေ့လို့ တံခါးဝက ချောင်းကြည့်မိတယ်”
“ခင်ဗျား … တော်တော်စပ်စုတာပဲ”
“ဆရာ … ကျွန်တော် ဘာကိုတွေ့တယ်ထင်သလဲ”
“ဘာတွေ့လို့လဲ”
“မြွေကြီး”
“ဘာမြွေကြီးလဲ”
“ဟိုဂူကြီးထဲမှာ တွေ့ခဲ့တဲ့ မြွေကြီးကို ဦးဇင်းအခန်းထဲမှာတွေ့တယ်”
“ဟုတ်ရဲ့လားဗျာ”
“မြွေကြီးက ပါးပျဉ်းထောင်ထားတယ်။ ဦးဇင်းက မြွေကြီးနဲ့ စကားပြောနေတယ်”
“ခင်ဗျား အိပ်ချင်မူးတူးနဲ့ .. ဂူထဲမှာတွေ ့ခဲ့တဲ့ မြွေလို့ ဘာကြောင့် ပြောနိုင်သလဲ”
“မဟုတ်ဘူးဆရာ … တကယ်ပြောတာ ကျွန်တော် မှတ်မိတယ်”
“တော်ပါ … ခင်ဗျားမနေ့က သောက်လာပြန်ပြီ မဟုတ်လား “
“သောက်တော့ သောက်ခဲ့တယ်ဆရာ … ဒါပေမဲ့ မမူးပါဘူး။ အပေါင်းအသင်းတွေနဲ့ အာဆွတ်ရုံလေးပါ”
“သွားပါဗျာ … လျှောက်ပြောမနေနဲ့”
ကိုခင်မောင် သေနတ်ထမ်းပြီး ပြန်သွားသည်ကို ကျွန်တော် ကြည့်နေမိသည်။ သူပြန်သွားသောကြောင့် ကျွန်တော့်အတွက် ပြဿနာတစ်ခုရှင်းသွားသည်။ သူ မပြန်ဘဲ ပေကပ်နေလျှင် ကျွန်တော် ဦးဇင်းနှင့် ပြောဆိုထားသည့်ကိစ္စ လုပ်ရခက်နိုင်သည်။
ကျွန်တော် တောင်ကွဲကြီးရောက်ပြီး သုံးရက်မြောက်နေ့တွင် ဦးဇင်းက ကျွန်တော့်ကို ည ၁၂ နာရီတိတိ၌ သူ့အခန်းထဲလာရန်ခေါ် သည်။ ကျွန်တော်က ၁၂ နာရီတိတိတွင် ဦးဇင်းအခန်းထဲကို သွားသည်။ ထိုနေ့တွင် ကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယကြီးက ရွာတစ်ရွာ အသုဘကို ညအိပ်သွားကြသည်။
“တပည့်တော်ရောက်ပါပြီ ဘုရား”
“ထိုင် ဒကာကြီး … ငါးပါးသီလဆိုပါ ဒကာကြီး”
“ဘာကြောင့်လဲဘုရား”
“ဗုဒ္ဓဘာသာဆိုတာ သက်သေပြခိုင်းတာ”
ကျွန်တော်က ငါးပါးသီလကို ရွတ်လိုက်သည်။
“ဟုတ်ပြီး … ”
ဦးဇင်းက ရွှေပြားလေးတစ်ပြားကို ကျွန်တော့်လက်ဝါးထဲ ထည့်လိုက်သည်။
“ဦးဇင်း ရှေ့ကတိုင်ပေးမယ် .. လိုက်ဆို”
“ကျွန်ုပ်သည် ငါးပါးသီလကို တစ်သက်လုံး လုံခြုံစွာ
စောင့်ထိန်းပါမည်”
“ကျွန်ုပ်သည် ငါးပါးသီလကို တစ်သက်လုံး လုံခြုံစွာ
စောင့်ထိန်းပါမည်”
“ဒကာကြီး ဦးဇင်းနဲ့ ဟင်္သာရွာဟောင်းကို လိုက်ခဲ့ဖို့ ဆုံးဖြတ်ပြီးပြီလား
“ဆုံးဖြတ်ပြီးပါပြီ ဘုရား”
“ပေး … ဒကာကြီးလက်ထဲကဟာကို”
ဦးဇင်းက ကျွန်တော့်လက်ထဲက ရွှေပြားလေးကို ယူလိုက်ပြီး
“ဒကာကြီး အင်္ကျီလက်မောင်းပင့်လိုက်”
ကျွန်တော်က လက်ရှည်ဝတ်ထားသောကြောင့် အင်္ကျီကို ချွတ်ပေးလိုက်ရသည်။
“ဒကာကြီး တစ်သက်လုံး ခြေလေးချောင်းသား ရှောင်နိုင်မလား”
“အကျိုးအကြောင်း ကောင်းစွာသိရရင်တော့ မရှောင်နိုင်စရာ အကြောင်းမရှိပါဘုရား”
“သီလ၊ သမာဓိ၊ ပညာကို ပိုပြီးတော့ တောက်ပြောင်လာ စေချင်လို့ပါ။ ပြီးတော့ ဦးဇင်းတို့သွားရမယ့် ခရီးမှာလည်း လိုအပ်လို့ပါ”
“တပည့်တော်က စွန့်စားရတာတွေ ဝါသနာပါတယ်ဘုရား။ ယနေ့ကစပြီးတော့ ခြေလေးချောင်းသား မစားတော့ပါဘုရား”
“လှူမယ်ပေါ့”
“တင်ပါ့ဘုရား”
ဦးဇင်းက ကျွန်တော့်လက်မောင်းကို ဖြောင်းခနဲ ပုတ်လိုက်သည်။ ကျွန်တော် အမှတ်မဲ့နေသော်လည်း လက်ထဲဆုပ်ထားသည့် ရွှေပြားလေးက ကျွန်တော့်ကိုယ်ထဲရောက်သွားသလို ခံစားလိုက်ရသည်။
“အရှင်ဘုရား … တပည့်တော်ကို အာဏာဗျတိက္ကမဂိုဏ်းဝင် အဖြစ် လုပ်လိုက်တာလားဘုရား”
“မဟုတ်ဘူးဒကာ … ဦးဇင်းနဲ့ ခရီးသွားရင် ဘေးကင်းအောင်လောက်ပဲ။ ဒကာကြီးက အာဏာဗျတိက္ကမ ဂိုဏ်းဝင်ဖြစ်လို့ မရသေးဘူး။ အဆင့်တစ်ဆင့် ကျန်သေးတယ်။ အဲဒါကလည်း ဟင်္သာရွာဟောင်းက ပြန်လာရင် ဘဘုန်းဆီမှာ အဆုံးအဖြတ်ခံရမှာ။ ဒကာကြီးကလည်း စိတ်ဝင်စားရင်ပေါ့”
“တပည့်တော် စိတ်ဝင်စားပါတယ်ဘုရား”
“ဒါဆိုရင် ဒကာကြီး အသင့်ဖြစ်ပြီ .. အဖိတ်နေ့ မနက် အစောကြီး ခရီးစမယ်”
အဖိတ်နှင့် ဥပုသ်နှစ်ရက် ကျောင်းပိတ်သည်နှင့် အတော်ဖြစ်သွားသည်။ ကျွန်တော်က ဦးဇင်းနှင့်အတူ ဟင်္သာရွာဟောင်းဆိုသည့် နေရာကို သွားရမည်ဖြစ်သောကြောင့် စိတ်ဝင်စားနေသည်။ ကျောင်းအုပ် ဆရာကြီးထံကလည်း စာရောက်လာသည်။ ကျန်းမာရေးအခြေအနေ ကောင်းသောကြောင့် ဆေးရုံက ဆင်းရတော့မည်။ မကြာမီ ပြန်လာမည် ဟူ၍ဖြစ်သည်။
ခရီးမထွက်မီတစ်ရက်အလိုတွင် ဦးဇင်းက ကျွန်တော့်ကို သူ့အခန်းထဲခေါ်ပြီး ဟင်္သာရွာဟောင်းအကြောင်း ပြောပြသည်။
သက္ကရာဇ် ၈၇၉ ခုနှစ်တွင် တောင်ငူဘုရင် မင်းတရား တပင်ရွှေထီးသည် မင်းရဲသီဟသူကို မြို့စောင့်ခန့်ပြီး တိုက်ဆင် ၂၀၀၊ မြင်း ၈၀ဝ၀၊ စစ်သည် ၇ဝ,ဝဝဝ တို့နှင့် ပဲခူးကိုချီလာသည်။ မင်းတရား ရွှေထီးတပ်တွင် ကျော်ထင်နော်ရထာက ရှေ့တပ်၊ သတိုးဓမ္မရာဇာက နောက်တပ်ထားပြီး တပ်ကြီး ၇ တပ်ဖြင့် ပဲခူးကို ချီတက်လာခြင်းဖြစ်သည်။
ကောလိယ (ယခုရွှေကျင်မြို့နယ်အတွင်းနေရာ) ၌ မွန်မင်းတို့က ခုခံလေသည်။ မွန်တပ်ပျက်သဖြင့် မွန်အမတ် သမိန်ပရုနှင့် ဆင် မြင်း သုံ့ပန်းများရလေသည်။ တပင်ရွှေထီးတပ်သည် နောက်က လိုက်တိုက်ပြန်သည်။ တနက်ခုံတွင် ခုခံသော်လည်း မအောင်မြင်ပဲ ပဲခူးကိုရပြီး ဆင်မြင်းသုံ့ပန်းများနှင့် ရွှေငွေတို့ကိုယူကာ ပဲခူးကို မီးတိုက်ခဲ့သည်။
ဟင်္သာရွာဆိုသည်မှာ စစ်ရှုံးပြီး ထွက်ပြေးလာသူများ လာရောက်ခိုနားပြီး တည်ထားသောရွာကြီးတစ်ရွာ ဖြစ်သည်။ ရိုးမတောင်ခြေအနီးတွင်ရှိပြီး စစ်ဘေးနှင့်ကင်းဝေးရာ နေရာတစ်နေရာ ဖြစ်ခဲ့သည်။ မွန်၊ ဗမာ အားလုံး စည်းလုံးစွာဖြင့် ရောက်လာခိုနားပြီး အေးချမ်းစွာ လုပ်ကိုင်ရှာဖွေစားသောက်ကြသည်။
“ဦးဇင်း ပြောချင်တာက ရွှေသစ္စာပန်းနှစ်ပွင့်အကြောင်းပဲ ဆရာ”
“ရွှေသစ္စာပန်းနှစ်ပွင့် ဟုတ်လားဘုရား”
“မွန်သံအမတ်နှစ်ပါးကို အကောက်ကြံပြီး ပေးလိုက်တဲ့ ရွှေသစ္စာပန်းနှစ်ပွင့်ပါ”
သက္ကရာဇ် ၈၉၉ တွင် မွန်တို့က ကေတုမတီကို သံများစေလွှတ်ခဲ့သည်။ နှစ်နိုင်ငံမင်းတို့သည် ရှေးကတည်းက မဟာမိတ်ပြုကာ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြသည်။ ထို့ကြောင့် သတ္တဝါအများချမ်းသာပြီး သာသနာတော် ထွန်းကားရန်အလို့ငှာ စစ်ပြေငြိမ်းပြီး အေးချမ်းကြရန်ဖြစ်သည်။
“အဲဒီအချိန်က မွန်တို့ဘက်မှာ အမတ်ကြီး ဗညားလောနဲ့ ဗညားကျန်းတို့က ထင်ရှားတယ်။ အဲဒီအမတ်ကြီးနှစ်ပါး အစီအမံတွေကြောင့် ဟံသာဝတီခိုင်ခိုင်မတ်မတ်ဖြစ်နေတယ်လို့လည်း ဆိုရမယ်။ ဗညားလောနဲ့ ဗညားကျန်းတို့ကို တောင်ငူ စေလွှတ်လိုက်တော့ ဟိုက သံအဖြစ် ကောင်းစွာလက်ခံတွေ့ ဆုံတယ်။ ကောင်းမွန်စွာ စောင့်ရှောက်တယ်။ သူတို့ပြန်မယ်ဆိုတော့ ဦးရီးတော်နှစ်ပါးအတွက်ဆိုပြီး တောင်ငူက ရွှေသစ္စာ ပန်းနှစ်ပွင့် လက်ဆောင်ပေးလိုက်တယ်”
“စိတ်ဝင်စားစရာကောင်းလာပြီဘုရား”
“အဲဒီပန်းပွင့်တွေက ရိုးရိုးပေးတာ မဟုတ်ဘူး။အကြောင်းရှိတယ်။ ဗညားလောနဲ့ ဗညားကျန်းတို့က လက်ဆောင်ကို ကြည်ဖြူစွာ ယူသွားတယ်ဆိုတာ ဖြစ်စေချင်တာ။ ပိုဆိုးတာရှိသေးတယ်”
ဦးဇင်းကပြောပြောဆိုဆိုနှင့် ရေနွေးကြမ်းငှဲ့သောက်နေပြန်သည်။ ကျွန်တော်က သိချင်စိတ်ပြင်းလှသောကြောင့်
“ဘာများလဲဘုရား”
“တောင်ငူကကောင်တွေ ယုတ်တာ။ ဦးရီးတော်တို့က ရွှေသစ္စာပန်းတွေလည်း ယူသွားပြီဆိုတော့ ကျေးရွာတွေမှာ စာလိုက်ချတယ်”
“စာလိုက်ချတယ်ဆိုတာ ဘာလဲဘုရား”
“အရေးအခင်းပြီးရင် ဦးရီးတော် ဗညားလောကို ဟံသာဝတီ၊ ဗညားကျန်းကို မုတ္တမစားဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့ ကောလာဟလတွေ စာချပြီးလိုက်ဖြန့်တာ”
“ဟာ … ဖြစ်ရလေ”
“ဗညားကျန်းနဲ့ ဗညားလောတို့က သံစိတ်နဲ့ လက်ခံခဲ့တဲ့ ရွှေသစ္စာပန်းပွင့်တွေဟာ ပဲခူးကိုရရင် သူကောင်းပြုမယ့်သဘော သက်ရောက်သွားပြီး အမတ်ကြီးနှစ်ယောက် အသတ်ခံလိုက်ရတယ်”
“ဖြစ်ရလေတယ်ဘုရား”
“အမတ်ကြီးတွေ မရှိတော့ စစ်ရေးအားနည်းပြီး ပဲခူးကို တောင်ငူက အလွယ်တကူ သိမ်းနိုင်သွားတယ်”
“အဲဒါနဲ့ တပည့်တော်တို့ ရှာရမယ့် ဟင်္သာရွာ ဘယ်လို
ပတ်သက်နေသလဲဘုရား”
“အမတ်ကြီးနှစ်ပါး လက်ခံခဲ့တဲ့ ရွှေသစ္စာပန်းနှစ်ပွင့် ပျောက်သွားတာ အမတ်ကြီးနှစ်ပါး အသတ်မခံရမီ ညကတည်းကပဲ”
“အဲဒီ သစ္စာပန်းနှစ်ပွင့်က ဘာတွေစွမ်းသလဲ”
“ဒီအကြောင်း ဘဘုန်းပဲကောင်းကောင်းသိတယ်။ ဘဘုန်းဆီမှာ တစ်ပွင့်ရှိတယ်။ နောက်တစ်ပွင့်က ဟင်္သာရွာဘက်ကို ကျွန်ယုံတစ်ယောက်က ယူပြေးပြီး ရောက်နေတယ်ကြားတယ်။ အဲဒါ လိုက်ရှာနေတာ နှစ်ပေါင်းများစွာကြာပြီ ဒကာကြီး”
“ရွှေသစ္စာပန်းနှစ်ပွင့်လုံး ပြန်တွေ့တော့ ဘာဖြစ်မလဲဘုရား”
“တဘောင်ရှိတယ် ဒကာကြီး”
“အမိန့်ရှိတော်မူပါဘုရား”
“သစ္စာနှစ်ပွင့်တန်ခိုး
မေတ္တာဖြင့်တိုး
အာဏာရှင်စနစ်ဆိုး
ချုပ်ငြိမ်းကျိုး တဲ့”
“တပည့်တော် သဘောမပေါက်ပါဘုရား”
“ကျုပ်တို့ ယခုရင်ဆိုင်နေရတဲ့ အာဏာရှင်စနစ်ဆိုး ချုပ်ငြိမ်းစေချင်ရင် ရွှေသစ္စာပန်းနှစ်ပွင့်ကို အတူပူးပေါင်းနိုင်အောင် လုပ်ရမယ်။ အာဏာကို သစ္စာနဲ့ တိုက်ရမယ်။ ရွှေသစ္စာပန်းနှစ်ပွင့်တန်ခိုးကြောင့် တိုင်းပြည်မှာ အာဏာရှင်မင်းဆိုး မင်းညစ်တွေ ပြုတ်ကျစေရမယ်”
“အားရစရာကောင်းလိုက်တာဘုရား။ ဒီစကား အမှန်ဆိုရင် တပည့်တော် အရှင်ဘုရားနဲ့ စွန့်စားပြီး ရွှေသစ္စာ ပန်းတစ်ပွင့်ကို ရှာပါ့မယ်”
ရိုးမခေါ်သံ (၁၅)
အဖိတ်နေ့မနက်စောစော ဦးဇင်းက အရုဏ်ဆွမ်း ဘုဉ်းပေးအပြီးတွင် ကျွန်တော်တို့ ခရီးစခဲ့ကြသည်။ ကျွန်တော့်ထံတွင် နေ့လယ်စာအတွက် ထမင်းထုပ်များ စီစဉ်လာသည်။ ညအိပ်ရလျှင်လည်း အသင့်စားနိုင်ရန် ဘီစကစ် မုန့်ထုပ်များနှင့် ငှက်ပျောသီးများ ဆောင်လာသည်။
နေအထွက်တွင် ကျွန်တော်တို့ ရိုးမတောကြီး၏ နေရာတစ်နေရာကို ရောက်နေပြီ။
“အရှင်ဘုရား လမ်းသိသလားဘုရား”
“ခရုစွန်းလို တောင်ကြီးဆီကို ဦးတည်သွားရမှာပဲ။ ဒီမှာ လမ်းကြောင်းအတွက် မြေပုံ။ ဒကာကြီးယူထား လိုက်ပါ။ သူတော်ကောင်းဆိုရင် နတ်မြတ်နတ်ကောင်းတွေက လမ်းမှန်ပြပါလိမ့်မယ်”
ဦးဇင်းက ကျွန်တော့်ကို မှိုင်းခံစက္ကူပေါ်တွင် ခဲတံဖြင့် ဆွဲထားသည့်လမ်းကြောင်းမြေပုံကို ပေးသည်။
“အဲဒါ ဘဘုန်းဆွဲပေးလိုက်တာ။ မှားစရာအကြောင်း
မရှိဘူး။ ရိုးမတောင်ဘက်ကို အရှေ့စူးစူးဦးတည် ထွက်ရမယ်။ ဦးဇင်းတို့ ဦးတည်ထားတာက ခရုလိုလို ဘေးတိုက်အစွန်းထွက်နေတဲ့ ဟိုးက တောင်စွန်းကြီးဆီကိုပဲ”
ဦးဇင်းက ဝါးလုံးသေးသေးတစ်ချောင်းကို တောင်ဝှေးအဖြစ် ယူလာသည်။ ကျွန်တော်ကလည်း လိုလိုပိုပိုသဘောဖြင့် ဓားမတစ်ချောင်း ဆောင်လာသည်။ ဘုန်းကြီးကျောင်းက တောင်းလာခြင်းဖြစ် သည်။
ကျွန်တော်တို့အတွက် လက်နက်ဆို၍ ဓားတစ်ချောင်းသာပါသည်။ ကျွန်တော်က ကျောပိုးအိတ်တစ်လုံးနှင့် ဦးဇင်းက သပိတ်တစ်လုံးနှင့် လွယ်အိတ်တစ်လုံးသာ ပါသည်။
ရာသီက မိုးအကုန်ဆောင်းအကူးဖြစ်သည်။ ရိုးမတောင်တန်းကြီးတွေဆီတွင် မြူခိုးတွေဝေ့နေသည်။ ဆင်များ သစ်ဆွဲထားသည့် လမ်းကြောင်းများအတိုင်း လျှောက်လာရသဖြင့် အခက်အခဲမရှိ။
တောထဲတွင် သစ်ထုတ်နေသည့် နေရာများကိုလည်း ကျော်ဖြတ်ခဲ့ကြသည်။ ဒေသခံ သစ်လုပ်သားတွေက ဦးဇင်းကို မုန့်ဆွမ်းများ ကပ်လိုက်ကြသေးသည်။
“အရှင်ဘုရားတို့ ဘယ်မထိသွားမလို့လဲ”
“ဟိုး … ခရုတောင်စွန်းအထိ”
“ဟုတ်လား … လွန်ခဲ့တဲ့ သုံးလေးရက်လောက်တုန်းကလည်း လင်မယားနှစ်ယောက် အဲဒီဘက် တက်သွားကြတယ်”
လမ်းတွင်တွေ့ ရသော ဆင်လုပ်သားတစ်ယောက်က ကျွန်တော်တို့ကို ပြောခြင်းဖြစ်သည်။
“ဦးဇင်း တပည့်တော်တို့ လမ်းကြောင်းအတိုင်း သွားနေတဲ့ လင်မယားဆိုတော့”
“ဒကာကြီးက ဘယ်လိုထင်သလဲ”
“မကံပယ်တို့များ …”
“မဖြစ်နိုင်ပါဘူး … လာပါ … မြန်မြန်လျှောက် နေပူလိမ့်မယ်”
လမ်းခရီးတွင် ထူးဆန်းသည့်အရာပေါင်းများစွာ ကျွန်တော်တို့တွေ့ရသည်။ ထမင်းလုံးစေ့အရွယ် ကျောက်ဖြူလုံးလေးများရှိသည့် ထမင်းလုံးချောင်း၊ လူတစ်ရပ် ကျောက်ခွက်ကြီးများ၊ မီးရှို့လိုက်လျှင် လောင်သည့် ကျောက်ချပ်များ။
“ဒကာကြီး ဟိုး … အပေါ်ကို မော့ကြည့်လိုက်”
ကျွန်တော်က ဦးဇင်းညွှန်ပြသည့် အပေါ်ကို မော့ကြည့်လိုက်သည်။
“ဘာများလဲဘုရား … လေယာဉ်ပျက်ကြီးပဲ”
ကျွန်းပင်အမြင့်ကြီးထိပ်တွင် လေယာဉ်တစ်စီးကို အတိုင်းသား တွေ့လိုက်ရသည်။ ရေညှိတွေဖုံးပြီး သစ်ပင်အုပ်ကြီးလိုဖြစ်နေသော်လည်း သေသေချာချာကြည့်မှ လေယာဉ်ပျက်ကြီးမှန်း သိရသည်။
“ဒုတိယကမ္ဘာစစ်တုန်းက ပျက်ကျပြီး တင်နေတဲ့ လေယာဉ်ပျံပေါ့”
အလွန်မြင့်သော သစ်ပင်အုပ်ကြီးထိပ်တွင် ဖြစ်နေသဖြင့် စာလုံးတွေ သဲကွဲစွာမဖတ်နိုင်။ သို့သော် အင်္ဂလိပ်စာလုံးတွေဖြစ်နိုင်သည်။
နေမွန်းတည့်ချိန် နီးပြီဖြစ်သောကြောင့် ကျွန်တော်တို့ စမ်းချောင်းလေးတစ်ခုဘေးတွင်နားကာ ဦးဇင်းကို ဆွမ်းကပ်သည်။ ကျွန်တော်လည်း ပါလာသည့် ဖက်ထုပ်ထဲမှ ထမင်းများကို စားရသည်။ ဦးဇင်းသပိတ်ကို ချောင်းထဲတွင် ရေဆေးပေးသည့်အခါ လက်လက်ထနေသည့် ရွှေမှုန်လေးများ သပိတ်ထဲကို ပါလာသည်။
“အရှင်ဘုရား … ရွှေမှုန်လေးတွေလား မသိဘူး”
“ဟုတ်တယ် … ဒီချောင်းရဲ့အထက်မှာ မှော်တောင်ဆိုတာ ရှိတယ်။ အဲဒီတောင်မှာ ရွှေထွက်တယ်။ အဲဒီမှာ ရွှေလာကျင်တဲ့သူတွေ ရှိတယ်။ ဒါပေမဲ့ ကျားဆိုးလို့ သိပမလာရဲကြဘူး”
“တပည့်တော်တို့ ကျားကို သတိထားရမယ်ဘုရား …. ကျားထွက်လာရင်တော့ ဒုက္ခပဲ”
“မပူပါနဲ့ ဒကာကြီး … ဦးဇင်းတို့အတွက် ဘေးအန္တရာယ်မရှိနိုင်ပါဘူး”
ဦးဇင်းပြောသည့်အတိုင်းပင် လမ်းတစ်လျှောက် ခလုတ်မထိ ဆူးမငြိသည့်အပြင် တိရစ္ဆာန်တစ်ကောင်မျှကိုပင် မတွေ့ရလောက်အောင်ဖြစ်နေသည်ကို ခုမှသတိထားမိသည်။
ထမင်းစားပြီး ကျွန်တော်တို့ ခရီးဆက်ခဲ့ကြသည်။ ၂ နာရီထိုးသည်အထိ မရပ်မနား လမ်းလျှောက်လာခဲ့ရသည်။
“ဒကာကြီး ရပ်လိုက်”
ဦးဇင်းက ရှေ့မှကြွသွားရင်း တိုးတိုးလေးပြောလိုက်သဖြင့် ကျွန်တော် ရပ်လိုက်သည်။ ကျွန်တော်တို့ သွားရမည့်လမ်းက ကျဉ်းကျဉ်းလေးဖြစ်သည်။ ဘေးတစ်ဖက်ကတောင်နံရံ၊ ဘေးတစ်ဖက်က ချောက်ဖြစ်သွားသည်။ သို့သော် တောင်ပြိုကျထားသဖြင့် ၁၀ ပေခန့် ကွာဝေးသည့်နေရာကို ဖြတ်ရန် အခက်အခဲရှိနေသည်။
“ဘယ်လိုလုပ်ကြမလဲ ဒကာကြီး”
ကျွန်တော်က တောင်ကျောပေါ်မော့ကြည့်သည်။ တက်သွားရန်ကလည်း မတ်စောက်လွန်းသောကြောင့် မဖြစ်နိုင်။
“အရှင်ဘုရား ဒီမှာပဲစောင့်ပါဘုရား … တပည့်တော် ကြံပါ့မယ်”
ကျွန်တော် နောက်ကြောင်းအတိုင်း ပြန်လှည့်လာသည်။ တစ်နေရာတွင် ဝါးပိုးတောကြီးကို ဖြတ်ခဲ့သည်။ ၁၀ မိနစ်ခန့် ပြန်လျှောက်ရမည့် နေရာတွင်ဖြစ်သည်။
ကျွန်တော် ဝါးပိုးဝါးကြီးနှစ်လုံးကို ခုတ်လိုက်သည်။ ဝါးပိုးဝါးတွေက သီးခြားပေါက်နေသဖြင့်တော်သေး သည်။ တစ်ကြိမ်တွင်တစ်လုံးသယ်လာပြီး နှစ်လုံးကို နွယ်ပင်များနှင့် ပူးချည်ကာ တစ်ဖက်ကိုရောက်အောင် တွန်းရသည်။ တစ်ဖက်ပါးထိပ်ကို နွယ်ကြိုးနှင့်ဆိုင်းပြီး ဦးဇင်းက ဆွဲထားပေးရသည်။ ကျွန်တော်က ဝါးတံတားကို တောင်နံရံအားကပ်ပြီး ကျောပေးကာ ဖြည်းဖြည်းချင်းဖြတ်သည်။
တစ်ဖက်ကို ရောက်သွားပြီးမှ ဦးဇင်းကိုခေါ်ရသည်။ ဦးဇင်းကလည်း တည်ငြိမ်စွာဖြင့် ကျွန်တော် ဖြတ်သည့်အတိုင်း ဖြတ်ခဲ့သည်။ မကြောက်မရွံ့ အခက်အခဲများကို အေးဆေးစွာဖြတ်သန်းရဲသည့် ဦးဇင်းစိတ်ဓာတ်ကို ချီးကျူးစရာပင်။
“ဒကာကြီး … တော်လိုက်တာ …. အဆင်ပြေသွားပြီ။ ဒါပေမဲ့ ဒီနေရာမှာ ၂ နာရီလောက် အချိန်ကုန်သွားတယ်”
“အတော် ဝေးသေးလားဘုရား”
“ဟိုမှာ ခရုပတ်တောင်စွန်းကြီးကို မြင်နေရပြီလေ။ ညွှန်းချက်အရဆိုရင်တော့ အဲဒီတောင်စွန်းအောက်မှာ ဟင်္သာရွာတည်ခဲ့တာပဲ”
ကျွန်တော်တို့ ခရီးဆက်ခဲ့ကြသည်။ တောင်စွန်းကြီးကို မော့ကြည့်၍ မမြင်ရသည့်နေရာတွင် ရှေ့ဆက်ရန် လမ်းမရှိတော့။ ရှေ့တွင် တောင်ပေါ်ကရေတွေစီးကျနေသည်။ ရေတံခွန်သဖွယ်ဖြစ်နေသည်။
“အရှင်ဘုရား လမ်းဆုံးနေပြီ။ ဒီဘက်ကလည်း ချောက်၊ တစ်ဖက်ကလည်း ကျောက်တောင်ကြီး။ ရှေ့မှာကလည်း ရေတံခွန်၊ တပည့်တော်တို့ ဘယ်လိုဆက်ရမှာလဲ”
“မြေပုံထုတ်ကြည့်ပါဦး”
ကျွန်တော်က ကျောပိုးအိတ်ထဲမှ မြေပုံကို ထုတ်ကြည့်လိုက်သည်။ တောင်ကြောကို လမ်းကြောင်းပြထားသည့်ပုံမှာ ဆက်ဆွဲထားသည်။
“အရှင်ဘုရား ဒီနေရာကိုကြည့်ပါဦး”
မြေပုံပေါ်တွင် ခဲကြောင်းကထစ်နေသည်။ လမ်းကြောင်းက အင်္ဂလိပ်အက္ခရာ ဗွီပုံစံဖြစ်သွားသည်ကလွဲပြီး ထူးခြားခြင်းမရှိ။
“တပည့်တော်အထင်တော့ အောက်ကိုဆင်းရမယ့် နေရာ တစ်နေရာ ရှိမယ်ထင်တယ်။ ချောက်ထဲပဲ ဆင်းရမလား မသိဘူး”
ဦးဇင်းက ခဲတစ်လုံးကောက်ကိုင်လိုက်သည်။ ရေများကျဆင်းနေသည့် နေရာတည့်တည့်ကို ခဲလုံးအား ပစ်ထည့်လိုက်သည်။ ကျောက်ခဲက ပြန်ကန်ပြီး ထွက်မလာ။
“ဒကာကြီး ရေကျနေတဲ့နောက်မှာ အပေါက်ရှိရမယ်”
ကျွန်တော်က
“တပည့်တော် အရင်ဝင်ကြည့်မယ် … အရှင်ဘုရားခဏလေး နေဦး”
ကျွန်တော်က အသက်ကို ရှူလိုက်ပြီး ရေကျနေသည့် နေရာကို တိုးဝင်လိုက်သည်။ လူက အတွင်းကို ရောက်သွားကာ ကျွန်တော် အောက်ကို ပြုတ်ကျသွားသည်။
ရေကျတစ်ဖက်တွင် လိုဏ်ခေါင်းပေါက်ရှိသည်။ ကျွန်တော် ကျောက်လှေကားလိုဖြစ်နေသည့် နေရာမှ ဒလိမ့်ခေါက်ကွေး ရေထဲကိုပြုတ်ကျသည်။ ရေက ဒူးလောက်ပဲရှိသဖြင့် ပြန်ထသည်။
“ဒကာကြီး … ဒကာကြီး”
ကျွန်တော်က ရေထဲမှ လူးလဲထကာ လှေကားထစ်များကိုပြန်တက်ပြီး
“အရှင်ဘုရား …. ဒီဘက်မှာ ဝင်ပေါက် … လှေကားလည်း ရှိတယ်။ အရမ်းမဝင်နဲ့ တပည့်တော်ကို ကျောပိုးအိတ် အရင်ဆုံးကမ်းပေး”
ဦးဇင်းလက်တစ်ဖက် ထွက်လာသည်ကျွန်တော်က ဦးဇင်းလက်ကိုဆွဲပြီး အထဲကို ခေါ်လိုက်သည်။ ရေများရွှဲပြီး ဦးဇင်းတစ်ဖက်ကို ရောက်လာသည်။ ကျောပိုးအိတ်လည်း ပါလာသည်။
“သေချာပြီ ဒကာကြီး … ဒါ ဟသ်ာရွာဝင်ပေါက်ပဲ … ရေတံခွန်မှာ လေချွန်ရင် ရေသွန်လိမ့်မတဲ့ … ဘဘုန်းက မှာလိုက်တယ်”
ကျွန်တော်တို့ ကျောက်လှေကားထိပ်တွင် ရပ်နေရာမှ ဘာ ဆက်လုပ်ရမှန်းမသိဖြစ်နေချိန်တွင် ဦးဇင်း ပြောသည့်အတိုင်း လုပ်ရန်သာရှိတော့သည်။
“တပည့်တော် လေချွန်ကြည့်မယ်ဘုရား”
ကျွန်တော်က ပြောပြောဆိုဆို လေချွန်လိုက်သည်။
“ရွှီ … ရွှီ … ရွှီ”
ကျွန်တော် တစ်ကြိမ် … နှစ်ကြိမ် … သုံးကြိမ် အဆုံးတွင် လေချွန်သံကို ပဲ့တင်သံလိုလို ပြန်ကြားရသည်။
“ဟုတ်ပြီ ဒကာကြီး လမ်းရှိမယ်။ လေချွန်သံ ပဲ့တင်ပြန်ကြားတယ်။ ထပ်ချွန်”
ကျွန်တော် လေထပ်ချွန်သည်။
“ရွှီ … ရွှီ … ရွှီ” ဆိုသည့် အသံနှင့်အတူ ဝေါဆိုသည့် အသံကို ကြားလိုက်ရသည်။ ကျွန်တော်တို့ မျက်နှာမူထားသည့် နေရာအောက်တည့်တည့်တွင် ဝေါဆိုသည့်အသံကြားလိုက်ရပြီး ရေလုံးကြီးက ထိုး ဆင်းလာသည်။
“အရှင်ဘုရား … ရေတွေ ထွက်လာပြီ”
“ရေတွေထွက်လာတဲ့အပေါက်ဟာ … ထွက်ပေါက်ပေါ့ဒကာ”
ကျွန်တော်က ကျောပိုးအိတ်ထဲမှ လက်နှိပ်မီးကို ထုတ်ပြီး ထိုးကြည့်လိုက်သည်။ လူတစ်ထိုင်စာလောက် အပေါက်တစ်ပေါက် ဖြစ်နေသည်။ ရေကတော့ ဆက်မကျတော့။
ကျွန်တော်တို့ ကျောက်လှေကားအထစ်များအတိုင်း ဆင်းလာကြသည်။ ရေထွက်ပေါက်ကို ရောက်သည့်အခါတွင် လက်နှိပ်မီးနှင့် ထိုးကြည့်သည်။ ဂူပေါက်လိုလို အကွေ့အကောက်တွေသာ မြင်ရသည်။ သို့သော် ကျွန်တော်တို့ အပေါက်ထဲကို ခွေးလိုတိုးဝင်မှရမည်။
“တပည့်တော်တို့ လေးဘက်ထောက်ဝင်မှ ရမယ်ထင်တယ်။ အရှင်ဘုရား ဖြစ်ပါ့မလား”
“ဖြစ်ပါတယ်”
ဦးဇင်းက သင်္ကန်းကို ချွတ်လိုက်သည်။
“တပည့်တော် အရင်ဝင်မယ်ဘုရား”
ရေကျထားသည့်အတွက် ကျောက်သားအဝင်ပေါက်က ရေညှိတွေနှင့် ချော်နေသည်။ ကျွန်တော်က ကျောပိုးအိတ်ကို ဦးစွာပစ်ထည့်လိုက်ပြီး အတွင်းကို လေးဘက်ထောက် ဝင်လိုက်သည်။ အတွင်းသို့ ရောက်သည့်အခါတွင်
“အရှင်ဘုရား … ဝင်ခဲ့တော့ရပြီ”
ဦးဇင်းကလည်း တိုးပြီးဝင်လာသည်။ အတွင်း၌ လူလေးယောက်လောက် ရပ်ရန် ကျယ်သည်။
“ဒီမှာလမ်းပဲ တပည့်တော်တို့ ဆက်တက်မယ်”
ကျွန်တော်တို့က လူသွားလမ်းလိုဖြစ်နေသည့် အတက်လမ်းအတိုင်း တက်ခဲ့ကြသည်။ အပေါ်ကို ခြေလှမ်း ၂ဝ ခန့်တက်အပြီးတွင် လမ်းကြောင်းကို ဆက်လျှောက်ရပြန်သည်။ ဂူလမ်းကြောင်းက ကျဉ်း လှသည်။ ကျွန်တော်တို့ အချို့သောနေရာများတွင် စောင်းပြီး တိုးရသည်။
“ရှေ့မှာ အလင်းရောင်တွေ့တယ် … ထွက်ပေါက်ကို ရောက်ပြီနဲ့ တူတယ်”
“အဲဒါ နေအလင်းရောင်မဟုတ်ဘူး ဒကာကြီး။ အပြင်မှာ မှောင်လောက်ပြီ။ အဲဒါ မီးဖိုက မီးအလင်းရောင်မျိုး”
ဦးဇင်းက တိုးတိုးလေးပြောသည်။
“သတိထား ဒကာ … ဂူထဲမှာ လူရှိနေတယ်”
– ဆက်ရန် –
စာရေးသူ – တင်ညွန့်
ရိုးမခေါ်သံ (အပိုင်း ၆ ဇာတ်သိမ်း)
#တင်ညွန့်
ရိုးမခေါ်သံ (၁၆)
ကျွန်တော်တို့ လက်နှိပ်မီးကို ပိတ်လိုက်ပြီး မီးအလင်းအတိုင်း ခြေသံလုံလုံဖြင့် လျှောက်သွားကြသည်။ အက်ကွဲကြောင်းကြီး လိုဖြစ်နေသည့် ကျောက်ကြားမှ ကျွန်တော်တို့ကြည့်လိုက်သည့်အခါတွင် မီးဖိုကြီးတစ်ခုဘေး၌ ထိုင်နေသော မိုးဟိန်းကို အံ့သြစွာတွေ့ လိုက်ရသည်။
“အရှင်ဘုရား … မိုးဟိန်းပဲ”
“ရှူး … တိုးတိုး … ဒကာမကြီးကိုရောတွေ့လား”
“မတွေ့သေးဘူးဘုရား … အောက်မှာ လိုဏ်ဂူက
အကျယ်ကြီးပဲဘုရား”
“အောက်ကိုဆင်းလိုက်ပါ ဒကာကြီး”
“ဖြစ်ပါ့မလားဘုရား”
“မိုးဟိန်းရှိရင် ကံပယ်လည်းရှိနိုင်တယ် … အောက်
ကို ဆင်းလိုက်ပါ”
ကျွန်တော်က ကျောက်ကြားမှ ကိုယ်စောင်းကာ
ထွက်လိုက်ပြီး “ဟေး” ဟုအော်လိုက်သည်။
မိုးဟိန်းက မတ်တတ်ရပ်လိုက်ပြီး ဓားကို ကိုင်ထား
လိုက်သည်။
“ဘယ်သူတွေလဲ … ဪ .. ကျောင်းဆရာကိုး”
ကျွန်တော့်နောက်မှ ဦးဇင်းကထွက်လိုက်လာသည်။
“ဟာ … အရှင်ဘုရားလည်း ပါလားသလား …
အောက်ကိုကြွပါဘုရား”
ကျွန်တော်တို့ လူလျှောက်လမ်းလေးအတိုင်း ဆင်းခဲ့ကြသည်။
မိုးဟိန်းက ဦးဇင်းကို လက်အုပ်ချီသည်။
“ဒီ ကျောက်တုံးပေါ်မှာ ထိုင်ပါဘုရား”
ကျွန်တော်က မိုးဟိန်းကို မေးလိုက်သည်။
“မကံပယ်ရော”
“ရေသွားခပ်တယ် .. လာလိမ့်မယ်”
မကံပယ် ဝါးကျည်တောက်ကို လက်တစ်ဖက်ကဆွဲပြီး ကျောက်တုံးကြီးတစ်တုံးနောက်မှ ထွက်လာသည်။
“ဟာ … ဆရာတို့ ရောက်လာပြီလား”
“မကံပယ်က … ငါတို့လာမှာကို သိနေသလား”
“သိတယ် … မနက်ဖြန် လပြည့်နေ့ … ဒီနေရာကို ဦးဇင်းရောက်လာမယ်ဆိုတာ သိနေတယ်”
“ဘယ်လိုသိသလဲ … နင်တို့ မြို့ကိုသွားမှာ မဟုတ်ဘူးလား”
“မြို့ကိုမသွားခင် ရသင့်ရထိုက်တာလေးတွေကို လာရှာရတာပေါ့”
“ဘာ ရသင့်ရထိုက်တာလဲ”
မကံပယ်က ဦးဇင်းကို တည့်တည့်ကြည့်လိုက်ပြီး
“အရှင်ဘုရား … ဒီကို ရွှေသစ္စာပန်း လာရှာတာမဟုတ်လား”
ဦးဇင်းက တစ်လုံးမျှပြန်မပြော၊ နှုတ်ဆိတ်နေသည်။
“ကံပယ် … ငါတို့ … ငါတို့ကိစ္စနဲ့ ငါတို့ရောက်လာတာ”
“ဆရာရယ် …ဒီနေရာကို ဆရာ့ကိစ္စနဲ့ ရောက်လာတာ
မဖြစ်နိုင်ပါဘူး .. ဒီနေရာကို ရောက်လာနိုင်သူတွေဟာ ဘိုးကောင်းမျိုးဆက်တွေကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်ပါဘူး။ ဘဘုန်းနဲ့ မပတ်သက်ဘဲ ဒီနေရာကို သိနိုင်သူမရှိဘူး။ ဦးဇင်း … ဦးဇင်းကို ဘဘုန်း လွှတ်လိုက်တာ မဟုတ်လား”
ဦးဇင်းက တစ်လုံးပဲပြန်ပြောသည် ။ “ဟုတ်တယ်”
“တပည့်တော်တို့နဲ့ အကြံတူရင်တော့ ရန်သူဖြစ်နိုင်တယ် ဘုရား … တပည့်တော်တို့လည်း ရွှေသစ္စာပန်းပွင့်ကို လာရှာတာ။ ဒီပန်းကိုရလိုက်ရင် အစဉ်အဆက် နန်းပြန်တက်နိုင်အောင် မြှုပ်ထားတဲ့ ရတနာတွေ ရပြီလေ”
ကျွန်တော်က မနေနိုင်တော့ပဲ ဝင်ပြောရသည်။
“ကံပယ် … ငါတို့က နိုင်ငံအတွက် ရွှေသစ္စာပန်းပွင့်ကို လာယူတာ။ နိုင်ငံမှာ စစ်အာဏာရှင်စနစ် ကျဆုံးဖို့လာကြတာ နင်တို့လို ရတနာလိုချင်တဲ့ လောဘအတွက် မဟုတ်ဘူး”
“အဲဒါတွေ မသိဘူး … ကျွန်မသိတာ မနက်ဖြန်ကိုပဲ။ မနက်ဖြန် လပြည့်နေ့မှာ ရွှေသစ္စာရောင်ပြန် တောင်ပံကထွက်မယ်လို့ အဖေကပြောသွားတယ်”
“ဒကာမလေးက ဒါပဲသိသလား” ဟုဦးဇင်းကဝင်ပြောသည်။
“ရွှေသစ္စာပန်းကိုရရင် ရွှေသိုက်တံခါး ပွင့်ပြီလို့ အဖေက ပြောတယ်”
“အဲသည်လောက် မလွယ်ပါဘူး ဒကာမလေး။ ဦးဘိုးကောင်း မသိသေးတာတွေ အများကြီးပါ။ သူ ဘဘုန်းပြောတာလောက် သဲ့သဲ့ကြားပြီး ဒကာမလေးကိုပြောခဲ့တာ။ ပန်းကိုတွေ့ ရုံလောက်နဲ့ ရွှေတွေထားတဲ့နေရာကို မသိနိုင်ဘူး”
“ကောင်းပြီလေ …. ဒါဆိုရင် တပည့်တော်တို့နဲ့ ဦးဇင်းတို့ ပူးပေါင်းမယ်။ တပည့်တော်တို့က ရွှေတွေ ငွေတွေ ရတနာတွေယူမယ်။ အရှင်ဘုရားတို့က ရွှေသစ္စာပန်းပဲယူပေါ့”
“ဒကာမလေး … ရွှေသစ္စာပန်းကို လာယူရတာ … ရတနာတံခါးကို အပြီးပိတ်ခဲ့ဖို့ပဲ။ ရတနာတွေကို ယူဖို့ မဟုတ်ဘူး။ နောင် သာသနာမှာ သာသနာတော်ထွန်းကားဖို့ ရှေးလူကြီးတွေ အဓိဋ္ဌာန်နဲ့ ထားခဲ့ကြတာ ယူလို့မရဘူး”
မိုးဟိန်းက ထလာပြီး ဦးဇင်းနှင့် ကျွန်တော့်ရှေ့တွင် ရပ်လိုက်သည်။
“အရှင်ဘုရားက တပည့်တော်အသက်ကို ကယ်ထားဖူးတာကြောင့် ဒုက္ခမပေးချင်ပါဘုရား။ ကျောင်းဆရာလည်း သတိထားပါ။ ကျုပ် အချိန်မရွေး သတ်နိုင်တယ်”
“စမ်းကြည့်လိုက်လေ”
ကျွန်တော်က ဓားမကိုကိုင်ထားပြီး ပြောလိုက်သော်လည်း ကြောက်စိတ်က ဖြစ်နေသည်။
“မိုးဟိန်း … တော်စမ်း … နင် သွားထိုင်နေ … ဒီကိစ္စ ငါတို့ ရှင်းမယ် … ဆရာ ဘယ်လိုသဘောနဲ့ လိုက်လာတာလဲ”
“ဦးဇင်းခေါ်လို့ပဲ … အဖော်အဖြစ်လိုက်လာတာ …”
“ကောင်းပြီ … ဒါဆိုရင် အေးအေးဆေးဆေးနေ … ကျွန်မတို့ကို ရန်မရှာပါနဲ့ … ဦးဇင်း လက်ခံသည်ဖြစ်စေ လက်မခံသည် ဖြစ်စေ တပည့်တော်တို့ ရွှေသစ္စာပန်းကို အရင်ရှာရမှာပဲ။ တွေ့မှ ကျန်တာ ဆုံးဖြတ်မယ်”
ကျွန်တော်က ညစာကို ငှက်ပျောသီးများထုတ်ပြီး စားနေချိန်တွင် မကံပယ်က
“ဆရာ … လာပါ ။ ကျွန်မတို့နဲ့အတူ စားပါ”
“ရပါတယ် … ငါ ငှက်ပျောသီးပဲ စားမယ်”
“အဆိပ်မခပ်ပါဘူးဆရာရယ် .. လာပါ … ဆရာဘေးမဖြစ်ဘူး … ကျွန်မတာဝန်ယူတယ်”
ဦးဇင်းက ရေစိုနေသည့် သင်္ကန်းများကို လဲဝတ်ပြီး ကျောက်တုံးကြီးတစ်တုံးနောက်က ပြန်ထွက်လာသည်။ ထို့နောက် မီးပုံအနီးတွင် သင်္ကန်းတစ်ထည်ကိုခင်းပြီး ထိုင်နေသည်။
ကျွန်တော်က မကံပယ်တို့ လင်မယားနှင့်အတူသွားထိုင်လိုက်သည်။ မိုးဟိန်းက ကျွန်တော့်ကိုစိုက်ကြည့်နေသည်။ မကံပယ်က ဖက်ထဲကို ထမင်းများထည့်ကာ ကျွန်တော့်ရှေ့ချပေးသည်။
“ဆရာ …. ဟင်းတော့ မရှိဘူး… ငါးပိထောင်းပဲ”
“ရတယ်”
ကျွန်တော်က သူတို့ကို ငှက်ပျောသီးတွေ ပေးလိုက်သည်။ ကျွန်တော်က ငှက်ပျောသီးနှင့် ထမင်းစားသည်။ စားပြီးနောက် ကျွန်တော်က ဦးဇင်းအနီး ထိုင်လိုက်သည်။ မကံပယ်တို့က ကျွန်တော်တို့ မျက်နှာချင်းဆိုင်တွင် ထိုင်နေကြသည်။ ဦးဇင်းက ချောင်းဟန့်လိုက်ပြီး
“မနက်ဖြန်အတွက် ဦးဇင်းတို့ သီလဆောက်တည်ဖို့လိုတယ်။ သီလရှိသူသာ ရွှေသစ္စာပန်းရဲ့ တန်ခိုးကို တွေ့ နိုင်တယ်။ ဒီနေရာမှာ ဆရာက ဦးဇင်းနဲ့အတူ တရားထိုင်ပါ။ ဒကာမလေး မကံပယ်လည်း လိုက်ပြီးတော့ ကျင့်ပါ။ ဒကာကြီး မိုးဟိန်းကိုတော့ ဦးဇင်းမပြောလိုပါ”
“မိုးဟိန်း … နင် … ဂူပေါက်က သွားစောင့်နေ”
မကံပယ်က ပြောသဖြင့် မိုးဟိန်းက ဓားကိုင်ပြီး အပြင်ထွက်သွားသည်။
“ဒကာမလေးကို ဦးဘိုးကောင်းက ဘာတွေ ပြောသွားသလဲ”
“ဟင်္သာရွာမှာ ရတနာတွေရနိုင်တယ်ဆိုတာ အဖေပြောဖူးတယ် ”
“ဘာဖြစ်လို့ မိုးဟိန်းကို ခေါ်လာရတာလဲ”
“အထောက်အကူရတာပေါ့”
“သီလ သမာဓိပျက်သူတွေပါလာရင် အဓိဋ္ဌာန်ပျက်နိုင်တယ်ဆိုတာ မသိဘူးလား”
“သူ့ကို ရတနာတွေ သယ်ဖို့ပဲခေါ်လာတာ”
“ဘယ်လိုရှာရမယ်ဆိုတာ သိလား”
“အဖေက ပြောသွားတယ်”
“လောဘ ဒေါသ မောဟတွေ ဖယ်ထုတ်နိုင်အောင် ကြိုးစားပါ။ တကယ်တော့ ရတနာတွေက ဘုရားကို လှူထားတာတွေပါ။ ကံကြီးထိုက်မှာ မကြောက်ဘူးလား”
“တပည့်တော်မှာ ဘဘုန်းကိုပေးထားတဲ့ ကတိတွေပျက်ခဲ့လို့ အားလုံးဆုံးရှုံးခဲ့ပြီးပါပြီ။ တပည့်တော် ဗိုက်ထဲက ရင်သွေးလေးအတွက် ချမ်းချမ်းသာသာနေနိုင်ဖို့ အရေးကြီးတယ်”
“ဒကာမလေးက မိုးဟိန်းကို ယုံသလား … ကိုယ့်အဖေကို သတ်ခဲ့တဲ့ လူသတ်သမားကို ယုံသလား”
“တပည့်တော် ပထမ အားကိုရှာတာပါ ။ ခုတော့ မလိုတော့ပါဘုရား”
“ဦးဇင်းတို့ ဒီနေရာ ဒီဒေသမှာ ကွယ်လွန်ကုန်ကြတဲ့ သတ္တဝါအပေါင်းတို့ကို အနောဓိသဖရဏ၊ သြဓိသဖရဏမေတ္တာ ပွားနည်းတွေနဲ့ မေတ္တာပို့ရမယ်”
ဦးဇင်းက လွယ်အိတ်ထဲမှ ဖယောင်းတိုင်တစ်ထုပ်နှင့် အမွှေးတိုင်များထုတ်လိုက်သည်။ ကျွန်တော်က ကျောက်တုံးကြီးပေါ်တွင် ဖယောင်းတိုင်များထွန်း၊ အမွှေးတိုင်များထွန်းလိုက်သည်။
“လိုက်ဆိုကြ”
“အနောဓိသ ဖရဏ”
သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု
သဗ္ဗေ သတ္တာ အဗျာပဇ္ဈာ ဟောန္တု
သဗ္ဗေ သတ္တာ အနီဃာ ဟောန္တု
သဗ်ဗေ သတ်တာ သုခီ အတ်တာနံ ပရိဟရန်တု
သဗ္ဗေ ပါဏာ အဝေရာ ဟောန္တု
သဗ္ဗေ ဘူတာ အဝေရာ ဟောန္တု
သဗ္ဗေ ပုဂ္ဂလာ အဝေရာ ဟောန္တု
သဗ္ဗေ အတ္တဘာဝပရိယာပန္နာ အဝေရာ ဟောန္တု
“သွဓိသ ဖရဏ”
သဗ္ဗာ ဣတ္ထိယော အဝေရာ ဟောန္တု
သဗ္ဗာ ဣတ္ထိယော အဗျာပဇ္ဈာ ဟောန္တု
သဗ္ဗာ ဣတ္ထိယော အနီဃာ ဟောန္တု
သဗ်ဗာ ဣတ်ထိယော သုခီ အတ်တာနံ ပရိဟရန်တု
သဗ္ဗေ ပုရိသာ အဝေရာ ဟောန္တု
သဗ္ဗေ အရိယာ အဝေရာ ဟောန္တု
သဗ္ဗေ အနရိယာ အဝေရာ ဟောန္တု
သဗ္ဗေ ဒေဝါ အဝေရာ ဟောန္တု
သဗ္ဗေ မနုဿာ အဝေရာ ဟောန္တု
သဗ္ဗေ ဝိနိပါတိကာ အဝေရာ ဟောန္တု
ကျွန်တော်တို့က ဦးဇင်းတိုင်ပေးသည့်အတိုင်း အနောဓိသ ဖရဏ မေတ္တာပွားနည်းကို အခေါက် ၂ဝ ရွက်ဆိုရပြီးသြဓိသ ဖရဏမေတ္တာပွား နည်းကို ၂၈ ခေါက်ရွတ်ဆိုကြရသည်။
“အားလုံး မေတ္တာပို့ပြီးရင် အမျှဝေကြရအောင်”
“အားလုံးသော သတ္တဝါအပေါင်း ကြားကြားသမျှ .. အမျှ အမျှ အမျှ … ယူတော်မူကြပါ”
“သာဓု သာဓု သာဓု”
ကျွန်တော်တို့ မေတ္တာပို့ အမျှဝေချိန်တွင် ကျောက်ဂူကြီး တစ်ခုလုံး သိမ့်သိမ့်တုန်သွားသလို ဖြစ်သွားသည်။ ကျယ်လောင်သော အော်သံကြီးတစ်ခုနှင့်အတူ ဂူထဲမှ ပြေးထွက်သလိုဖြစ်သွားသည်။ တော်လဲသံကြီး တစ်သံကြားလိုက်ရသည့်အတိုင်း ဖြစ်သည်။
“ဦးဇင်း … ငလျင်လှုပ်တယ်ဘုရား”
“ဟုတ်တယ် .. နက္ခတ်နဲ့အံကိုက်ပဲ … မနက်ဖြန်မှာ ရွှေသစ္စာပန်းပွင့်ရှိတဲ့နေရာ ဦးဇင်းတို့တွေ့ ရတော့မယ်”
ထိုအချိန်တွင် မိုးဟိန်းက ဂူထဲကို ပြေးဝင်လာသည်။
“ဘာဖြစ်တာလဲ … ဘာဖြစ်တာလဲ … ကံပယ် ငါ့ကို လူတွေတိုက်သွားသလိုပဲ။တွေ့လည်း မတွေ့ ရဘူး။ အော်သံကြီးက ကြောက်စရာကောင်းလိုက်တာ”
“ဪ … မိုးဟိန်း .. နင်ကြောက်တတ်သားပဲ”
မိုးဟိန်းက ကျွန်တော်တို့နှင့် မျက်နှာချင်းဆိုင်တွင် လာထိုင်သည်။ ဦးဇင်းက မကံပယ်ကို မေးလိုက်သည်။
“ဒကာမလေး ဟင်္သာရွာဟောင်းနေရာ ရှာတွေ့ပြီးပြီလား”
“ဒီကျောက်တောင်ကြီးအောက်မှာ ရွာပျက်ကြီးရှိတယ်။ လူရိုးတွေလည်း နေရာအနှံ့ တွေ့တယ်”
“မနက်ဖြန်မှ တောင်အောက်ကို ဆင်းကြည့်မယ် မနက် အာရုဏ်မတက်မီ ထူးခြားမှုတစ်ခုခု တွေ့ ရမယ် ထင်တယ်။ ကဲ အိပ်ကြတော့”
ကျွန်တော်က ဦးဇင်းဘေးတွင်ပင် ဝင်ပြီးအိပ်လိုက်သည်။ မကံပယ်နှင့် မိုးဟိန်းက ကျောက်တုံးကြီးဘေးတွင် နေရာယူလိုက်သည်။ ကျွန်တော်က ပင်ပန်းလွန်းသဖြင့် အိပ်ပျော်သွားသည်။
ရိုးမခေါ်သံ (၁၇)
ကျွန်တော့်လက်မောင်းကို တစ်ယောက်ယောက်က လှုပ်နှိုးလိုက်သဖြင့် လန့်သွားသည်။
“ဒကာကြီး အရုဏ်မတက်မီ အသင့်ပြင်ထားဖို့ လိုတယ်” ဟု ဦးဇင်းက ပြောလိုက်သည်။
ကျွန်တော်က “မကံပယ်” ဟု အော်လိုက်သည်။
“ကျွန်မနိုးနေပြီ ဆရာ”
ကျွန်တော်တို့ မီးဖိုကြီးထဲသို့ ထင်းတွေထပ်ထည့်
ကြသည်။
“ဒီလက နံနက် ၅ နာရီ ၄၅ မိနစ်လောက်မှာ အရုဏ်တက်မှာ။ ဒီတော့ တောင်အောက်ကိုဆင်းပြီး နေရာယူထားမှရမယ်” ဟု ဦးဇင်းကပြောသည်။
ကျွန်တော်က ငှက်ပျောသီးတစ်လုံးကို ဦးဇင်းအား အရုဏ်ဆွမ်းအဖြစ် ကပ်လိုက်သည်။ မကံပယ်က ပျားရည်ကျည်တောက်လေးတစ်ခု လာပေးသည်။
မိုးကား မလင်းသေး။ တောရိပ်တောင်ရိပ်များကြောင့် ပိုပြီးမှောင်နေသလိုဖြစ်နေသည်။ ကျွန်တော်တို့ လက်နှိပ်မီး အလင်းရောင်ဖြင့် တောင်အောက်ကို ဆင်းခဲ့ကြသည်။
သစ်ပင်ကြီးများကြားတွင် မီးလောင်ထားသော အပိုင်းအစများ၊ အပျက်အစီးများနှင့် လူရိုးများကို တွေ့ နေရသည်။
“ဒီနေရာမှာ ရပ်ရအောင် ။ ကျောက်စွန်းကြီးကို ဒီကနေ လှမ်းမြင်ရတယ်”
ကျွန်တော်တို့ အပေါ်ကို မော့ကြည့်လိုက်ချိန်တွင် အပေါ်က မိုးနေသည့် ကျောက်အစွန်းကြီးကို လှမ်းမြင်ရသောနေရာ၌ ရပ်လိုက်ကြသည်။
“ဒကာကြီး ဘယ်နှနာရီထိုးပြီလဲ”
ကျွန်တော်က လက်နှိပ်ဓာတ်မီးနှင့် လက်ပတ်နာရီကို ထိုးကြည့်သည်။
“၅ နာရီ မိနစ် ၄၀”
“ကြည့်နေ … ကြည့်နေ ကျောက်စွန်းကြီးကို ကြည့်နေ။ တစ်ခုခု ထူးခြားမှုတွေ့ ရလိမ့်မယ်”
ကျွန်တော်တို့အားလုံး အသက်ပင်မရှူနိုင်လောက်အောင် ကျောက်စွန်းကြီးကို မော့ကြည့်နေကြသည်။ နေက တဖြည်းဖြည်းထွက်လာသည်။ အလင်းရောင် စို့စို့လေးပျို့ထွက်လာချိန်တွင် ကျောက်စွန်းကြီးတစ်နေရာမှ လက်ခနဲဖြစ်သွားသည်ကို တွေ့လိုက်ရသည်။
“မှတ်ထား … မှတ်ထား … အဲဒီနေရာမှတ်ထား … သေသေချာချာမှတ်ထား”
နေရောင်က တဖြည်းဖြည်းတက်လာသည်။ အလင်းရောင်က ကဲလာပြီး ကျောက်စွန်းကြီးကို ကျွန်တော်တို့ မြင်ရသည်။ အဝေးကကြည့်လျှင် ခရုပုံစံဖြစ်နေသော်လည်း အောက်ကတည့်တည့်ကြည့်ရာ တွင် နှုတ်သီးပုံဖြစ်နေသည်။
အလင်းရောင်တက်လာလေ ပုံစံကထင်ရှားလာလေဖြစ်သည်။ ငှက်တစ်ကောင်နှုတ်သီး။
“အဲဒါ ဟင်္သာနှုတ်သီးပဲ။ စောစောက ဦးဇင်းတို့ လက်ခနဲမြင်လိုက်ရတဲ့နေရာဟာ မျက်လုံးနေရာ။ ဒီနေရာကို နှစ်ပေါင်း ၃၀ကြာမှ နေရောင်အတက်မှာ တစ်ချက်ထိုးတယ်။ ဒီကာလကိုစောင့်မှ အလင်းရောင်လက်တာကို တစ်ကြိမ်ပဲတွေ့ ရတယ်”
“အဖေက ငယ်ငယ်တုန်းက သင်ထားပေးတဲ့ လင်္ကာတစ်ပုဒ်ရှိတယ်”
“ဘာလဲ ဒကာမလေး”
“ရွှေဟင်္သာမင်း ရေသောက်ဆင်း ၊ မျက်တွင်းလျှံကျ ခံတွင်းဝ ၊ နံနက်အရုဏ် နေစာလှုံ ၊ ရတနာတွေ သုံးမကုန်”
“မှတ်မိသားပဲ .. အဲဒါ အဖြေတစ်ခုဖြစ်နိုင်တယ်။ ဒါပေမဲ့ ဦးဇင်းတို့ သစ္စာပန်းပွင့်ကို ရအောင်ယူရမယ်”
“ရွှေသစ္စာပန်းပွင့်က ဘယ်မှာလဲဘုရား”
“ဒကာကြီး စောစောက အရုဏ်အတက်မှာ လက်ခနဲ ဖြစ်သွားတဲ့နေရာဟာ မျက်လုံးပဲ။ မျက်လုံးထဲမှာ ရွှေသစ္စာပန်းပွင့်ကို ထည့်သွားတာ။ အဲဒါကြောင့် လက်သွားတဲ့ မျက်လုံးလိုဖြစ်နေတဲ့ ချိုင့်ခွက် ထဲမှာ ရွှေသစ္စာပန်းပွင့်ရှိရမယ်”
“အဲဒီနေရာမှာ ရွှေတွေရှိမလား”
မိုးဟိန်းက ဝင်ပြောခြင်းဖြစ်သည်။
“လောဘစိတ်က အရာရာကို ဆုံးရှုံးသွားနိုင်တယ်ဆိုတာ သတိထားပါ။ ရယူပိုင်ဆိုင်လိုစိတ်နဲ့ တက်ယူရင် ဒုက္ခတွေ့လိမ့်မယ်။ အများအတွက်ရည်စူးပြီး ကောင်းမှုကုသိုလ်လုပ်မယ်။ ဒီနေရာမှာ မကျွတ်မလွတ်သေးသူတွေအတွက် အမျှပေးဝေပြီး တိုင်းပြည်ကောင်းစားဖို့ ပရဟိတစိတ်နဲ့ လုပ်ဆောင်ချင်သူမှ အဲဒီ ရွှေသစ္စာပန်းပွင့်ကို တက်ယူလို့ရမယ်။ လောဘနဲ့တက်ယူရင် ပျောက်ကွယ်သွားလိမ့်မယ်။ ဒါကြောင့် အဲဒီကျောက်ဆောင်ကြီးပေါ်ကို တက်ယူဖို့ လူရွေးရမယ်”
မိုးဟိန်းက “တပည့်တော် တက်ယူမယ်” ဟု ပြောလိုက်သည်။
“နင့်လို အကုသိုလ်ကောင်က တက်ယူလို့မရဘူး … ငါတို့အထဲမှာ ဒီကျောက်ဆောင်ပေါ်ကို တက်ယူဖို့ အရည်အချင်းရှိသူဟာ ဆရာတစ်ယောက်ပဲရှိတယ်”
“အဲဒါကြောင့် ဆရာ့ကို ဦးဇင်းခေါ်လာတာ။ ဒါပေမဲ့ အသက်အန္တရာယ်များတယ်။ ဒကာကြီး စိတ်ဆန္ဒရှိမှ လုပ်ပါ။ တက်ယူချိန်မှာ ဘေးတွေနဲ့ကြုံနိုင်တယ်။ လောဘအမှောင်ဖုံးရင် လုံးဝပျက်စီးနိုင်တယ်။ ရလဒ်က ဒကာကြီးအတွက် ဘာမှမရှိဘူး။ အများ အတွက်ဆိုတဲ့စိတ်နဲ့ တက်ယူရင်တော့ ရလိမ့်မယ်”
“တပည့်တော် အကူအညီပေးချင်တဲ့ ပရဟိတစိတ်ပဲရှိပါတယ် ဘုရား … ဤမှန်သော သစ္စာစကားကြောင့် ခလုတ်မထိ ဆူးမငြိပါစေနှင့် ဘုရား”
“သာဓု သာဓု သာဓု”
ကြိုးခွေကို စလွယ်သိုင်းလိုက်ပြီး နှုတ်သီးစွန်းတောင်ကြောပေါ်ကို စတက်သည်။
“ဆရာ … သတိထားပါနော်”
မကံပယ်က ကျွန်တော့်ကို သတိပေးသည်။
ကျွန်တော်က ဓားမတစ်ချောင်း၊ ကြိုးတစ်ချောင်းဖြင့် တောင်ပေါ်ကိုတက်ခဲ့သည်။ လူမရောက်သည့်နေရာ ဖြစ်နေသောကြောင့် ချုံပင်နွယ်ပင်များကို ရှင်းရင်းတက်ရသဖြင့် ခရီးမတွင်လှပါ။ သို့သော် ကျွန်တော် ယောက်ျားတို့ဇွဲဖြင့် ကတိပေးထားသည့်အတိုင်း တောင်ကျောပေါ်တက်လာသည်။
တောင်ထိပ်ရောက်သည့်အခါတွင် ကျောက်စွန်းဆီကို ဆက်သွားရဦးမည်။ ကျောက်စွန်းနှုတ်သီးနေရာက လူတစ်ရပ်ကျော် နိမ့်သည်။ ကျွန်တော်က ကြိုးကို သစ်ပင်တစ်ပင်တွင်ချည်ပြီး ခက်ခဲစွာဖြင့် ကျောက်စွန်းကို ဆင်းရပြန်သည်။ အောက်ကိုငုံ့ကြည့်လိုက်ရာ ကျွန်တော့်ကို မော့ကြည့်နေကြသည့် ဦးဇင်းတို့ကို တွေ့လိုက်ရသည်။
ကျွန်တော်ရပ်နေသည့် နေရာမှ ညာဘက်သည် အရောင်လက်သွားသည့်နေရာဖြစ်သည်။ မျက်ကွင်းလိုလို ချိုင့်ရှိမည့်နေရာဖြစ်သည်။ ထိုနေရာက ရပ်နေသည့်နေရာမှ အောက်ကို ဆက်ဆင်းရဦးမည်။ ကုပ်တွယ်စရာမရှိ။
ကျွန်တော် နေရာကိုမှန်းပြီး ကြိုးကိုချကြည့်သည်။ အောက်က လှမ်းအော်နေကြသည်။ သူတို့လက်ပြသည့် နေရာ မရောက် ရောက်အောင် ရွှေ့သွားပြီး ကြိုးကို ကျောက်ချပ်ကြီးတွင် ခိုင်အောင်ချည်ထားရသည်။ ကျောက်ချပ်ကြီးက ခိုင်ချင်မှလည်းခိုင်မည်။ ကျွန်တော့်အလေးချိန်ကို မခံနိုင်ပဲ ပြုတ်ထွက်သွားလျှင် ကျွန်တော် မတွေးရဲတော့။ ကျွန်တော်က ဘုရားကို အာရုံပြုရင်း ကြိုးတွယ်ကာ အောက်ဆီသို့ လျှောဆင်းလိုက်သည်။
အောက်တွင် ဂူတစ်ခုလိုဖြစ်နေသည်။ ကျွန်တော်က ကိုယ်ကိုလွှဲကာ အတွင်းကို ခုန်ဝင်လိုက်သည်။
အတွင်း၌ ဘာမျှမတွေ့ ။ ကျောက်သားနံရံကြီးလိုဖြစ်နေသည်။ ရေညှိတွေတက်နေသည့် ကျောက်သားနံရံကြီးဖြစ်နေသည်။ ရေတွေ စွတ်စိုနေပြီး လက်နှင့်ကိုင်ကြည့်လိုက်လျှင် အေးစိမ့်နေသည်။ သေချာ သည်က ဤနေရာမှ မနက်အရုဏ်တွင် အရောင်လက်သွားခြင်းဖြစ်သည်။
မနက်က မကံပယ်ရွတ်ပြသည့် လင်္ကာထဲတွင် မျက်တွင်း လျှံကျ၊ ခံတွင်းဝဆိုသည့် စကားလုံးကို မှတ်မိလိုက်သည်။ ကျွန်တော်က ရေစီးကြောင်းဖြစ်နေသည့် ကျောက်သားလမ်းကြောင်းတစ်ခုကို သတိထားလိုက်မိသည်။ ထိုလမ်းကြောင်းက နှုတ်သီးဘက်ဆီကို တန်းတန်းသွားနေသည်။
ရေစီးကျနေသည့်နေရာကို ကျွန်တော် လက်ထိုးထည့်လိုက်မိသည်။ အထဲတွင်အေးစက်စက်အရာတစ်ခုကို စမ်းမိသည်။ အချွန်တွေ အတက်တွေနှင့်ဖြစ်သည်။
ခက်ခဲစွာ လက်နှင့် ကော်ထုတ်လိုက်မှ ကျွန်တော့်လက်ထဲကို ထိုအရာက ပါလာသည်။ ရွှေပန်းပွင့်လေးတစ်ပွင့် ဖြစ်သည်။ ကျွန်တော်လက်ထုတ်လိုက်ချိန်နှင့် တစ်ပြိုင်တည်း ရေတွေက လမ်းကြောင်းမှ ဝေါခနဲ စီးထွက်သွားသည်။
ကျွန်တော်က ရွှေသစ္စာပန်းပွင့်ကို သေသေချာချာကြည့်ပြီး အိပ်ထဲထည့်လိုက်သည်။ ထို့နောက် ကြိုးကိုခိုပြီး ခက်ခဲစွာ ပြန်တက်သည်။
အောင်မြင်စွာ ကျွန်တော် ပြန်ဆင်းလာနိုင်ခဲ့ပါသည်။ ဘုရားတန်ခိုး၊ သီလတန်ခိုး ဖြစ်ပါလိမ့်မည်။
အောက်သို့ပြန်ရောက်သည့်အခါ ဦးဇင်းကိုပဲတွေ့ ရသည်။
“မကံပယ်တို့ရောဘုရား”
ဦးဇင်း လက်ညှိုးထိုးပြသည့်နေရာကို ကျွန်တော်လှမ်းကြည့်မိသည်။ နှုတ်သီးလိုကျောက်စွန်းက ရေတွေကျနေသည်။ ရေကျနေသည့် နေရာတည့်တည့်တွင် မကံပယ်နှင့် မိုးဟိန်းတို့ တစ်ခုခုကို တူးနေကြသည်။
“နှုတ်သီးတည့်တည့်က ရေတွေကျလာတယ် ဒကာကြီး .. အဲဒီနေရာမှာ ရတနာတွေ ရှိရမယ်ဆိုပြီး သွားတူးနေကြတယ်။ ဦးဇင်းတို့ကိစ္စပြီးပြီ … ရွှေသစ္စာပန်းပွင့် ရခဲ့ပြီမဟုတ်လား”
“ရခဲ့ပါပြီဘုရား … ဒီမှာပါ”
“ဒကာကြီးသိမ်းထားပါ … ဦးဇင်းတို့ပြန်ကြရအောင်”
ကျွန်တော်တို့ လာလမ်းအတိုင်း ပြန်တက်ရန် ပြင်ဆင်နေကြသည်။ ထိုအချိန်တွင်
“ရပ်လိုက်စမ်း … ရပ်လိုက်နော် … တစ်လှမ်းမှ မရွေ့နဲ့ ။ ဒီလိုသွားလို့ရမလား”
မကံပယ်က အော်လိုက်ခြင်းဖြစ်သည်။ မိုးဟိန်းကပြေးလာပြီး ကျွန်တော်တို့ရှေ့တွင်ရပ်ကာ ဓားဖြင့် တားထားသည်။
“ဒကာမကြီး … လိုချင်တာရပြီ မဟုတ်လား … ဦးဇင်းတို့ကိုသွားခွင့်ပြုပေါ့”
“အဲဒီမှာ ဘာမှမရှိဘူး … အဲဒီရေကျတဲ့နေရာမှာ ဘာမှမရှိဘူး … တပည့်တော်တို့ ရတနာတွေ ရှာရဦးမယ် …. ဘယ်မှာလဲ ရွှေသစ္စာပန်းပွင့် ပေးပါဆရာ”
ကျွန်တော်က ဦးဇင်းကို ကြည့်လိုက်သည်။
“ရွှေသစ္စာပန်းပွင့်ရလည်း ရတနာတွေ သိမ်းထားတဲ့နေရာ မသိနိုင်ပါဘူး… နောက်ဆုံးလင်္ကာကို ဘယ်သူမှ မရဘူး .. ဦးဇင်းကိုလည်း ဘဘုန်းက သင်မပေးထားဘူး”
“ရပ်လိုက် … မညာနဲ့ ရတနာတွေရှိတဲ့နေရာ ဦးဇင်း သိကို သိရမယ်”
“ဦးဇင်း မညာပါဘူး ဒကာမလေး”
“ဟိတ် .. ဟိုကျောင်းဆရာ … သစ္စာပန်းပွင့်ပေးစမ်း”
“မပေးဘူး … ဒါက ဦးဇင်းအတွက် ယူလာပေးတာ မင်းတို့အတွက် မဟုတ်ဘူး”
“ဆရာ … ခဏလေးနေပါဦး … ဦးဇင်းလည်း ရပ်ပါဦး … တပည့်တော်ပြောတာ နားထောင်ပါဦး”
“ဘာများလဲ ဒကာမလေး”
“လောဘတက်လာရင် မျက်စိထဲမှာ အမှောင်တွေ ဖုံးသွားတတ်ပါတယ်ဘုရား။ တပည့်တော်တို့အတွက်ကတော့ ရတနာတွေရမှဖြစ်မယ်ဘုရား။ ရတနာတွေ မရမချင်း မပြန်နိုင်ဘူး။ မရရအောင် လုပ်ဖို့လည်း ဆုံးဖြတ်ပြီးသားပါ။ ဒီရတနာတွေဟာ ရွှေသစ္စာပန်းပွင့်နဲ့ ဆက်စပ်နေမယ်ဆိုတာ အရှင်ဘုရားလည်း သိပါတယ်။ အရှင်ဘုရားတို့က ပြန်ဖို့ အတင်းလုပ်နေရင် တပည့်တော်တို့က အကြမ်းဖက်ရပါလိမ့်မယ်။ ဒါဆိုရင် သွေးထွက်သံယိုဖြစ်ပြီး ဘယ်သူ့အတွက်မှ အကျိုးမရှိနိုင်ပါဘူး။ အရှင်ဘုရားတို့လည်း လိုချင်တာရ၊ တပည့်တော်တို့လည်း လိုချင်တာရသွားရင် အေးအေးဆေးဆေးဖြစ်သွားမယ် မဟုတ်လား”
“ဒကာမလေး ရတနာတွေက နောင်သာသနာအတွက် ရှေးလူကြီးတွေက ရည်စူးပြီးလှူခဲ့တာ။ ထိုက်မှရနိုင်တယ်။ အဓမ္မဓားပြတိုက်သလို ယူသွားရင် အန္တရာယ်တွေ့ ရလိမ့်မယ်။ ရှေးအစီအမံတွေက ကြောက်စရာကောင်းတယ်”
“ဓားပြကို နားလာချမနေနဲ့ … ကြာတယ် … ရွှေသစ္စာပန်းပွင့်ဆိုတာပေး”
မိုးဟိန်းက ကျွန်တော့်အနီးကပ်လာသည်။ ကျွန်တော်က သူ့ကို ရင်ဆိုင်ရန်ပြင်လိုက်စဉ် ဦးဇင်းက
“ဒကာကြီး ပေးလိုက်ပါ … သူနဲ့ ထိုက်တန်မှ သူရမှာပါ ။ ပေးလိုက် … ပေးလိုက်”
ကျွန်တော်က အိတ်ထဲမှ ရွှေသစ္စာပန်းပွင့်ကိုထုတ်ပြီး မိုးဟိန်း လက်ထဲထည့်လိုက်သည်။
ရိုးမခေါ်သံ (၁၈)
“မိုးဟိန်း ဆရာ့ကိုကြည့်ထားလိုက်”
မကံပယ်ကပြောရင်း မိုးဟိန်းလက်ထဲက ရွှေသစ္စာ ပန်းပွင့်လေးကို ယူသွားသည်။ အပွင့်လွှာနှစ်ထပ် ရွှေသားဖြင့် လုပ်ထားသည့် ပန်းပွင့်လေးကို မကံပယ်က နေရောင်တွင် ထောင်ကြည့်နေသည်။
“လှလိုက်တာ” ဟုလည်း နှုတ်ကထွက်သွားသည်။
မထင်မှတ်သည့် အဖြစ်အပျက်တစ်ခု ဖြစ်သွား သည်။
မကံပယ်က ဦးဇင်းဆီကိုပြေးပြီး ဖမ်းချုပ်လိုက်သည်။ ထို့နောက် သစ်ပင်တစ်ပင်ဆီဆွဲခေါ်သွားကာ ကြိုးနှင့်တုပ်နေသည်။
“မကံပယ် နင်မှားမယ် … မှားတော့မယ်။ သံဃာကို ပြစ်မှားရင် နင်မှားတော့မယ်”
“မိုးဟိန်း ဆရာ့ကို ကြိုးတုပ်လိုက်”
ကျွန်တော်က ဦးဇင်းဆီကို ပြေးရန်ပြင်လိုက်ချိန်တွင် မိုးဟိန်းက ကျွန်တော့်ခေါင်းကို ဓားနှောင့်နှင့် ထုချလိုက်သည်။ ကျွန်တော် မိုက်ခနဲ ရှေ့ကိုငိုက်အကျတွင် မိုးဟိန်းက ကျွန်တော့်ကျောပေါ်မှ ခွစီးကာ ကျွန်တော့်လက်တွေကို နောက်ပြန်ကြိုး တုပ်ထားလိုက်သည်။
“ကဲ … ဦးဇင်း … တပည့်တော်တို့ကို အေးအေးဆေးဆေးပြောပါ … ရတနာတွေ ဘယ်မှာလဲ”
“ဦးဇင်းမသိဘူး ဒကာမလေး”
“ကောင်းပြီလေ”
မကံပယ်က ကျွန်တော့်အနားကို ကပ်လာသည်။ ဦးဇင်းက မျက်စိတွေမှိတ်ထားသည်။
“ဆရာ နည်းနည်းတော့ အနာခံရမယ်ထင်တယ်”
ဟု ပြော လိုက်ပြီး ကျွန်တော့်လည်ပင်းကို ကြိုးကွင်းစွပ်လိုက်သည်။
မိုးဟိန်းက ကြိုးတစ်စကို သစ်ကိုင်းပေါ်ပစ်တင်ပြီး တစ်ဖက်မှဆွဲရာ ကျွန်တော့်လည်ပင်းတွင် တင်းသွားသည်။
“အရှင်ဘုရား … မပြောရင်တော့ … ဆရာ့ကို သတ်ရမှာပဲဘုရား”
“မပြောပါနဲ့ အရှင်ဘုရား .. ရပါတယ်”
ဦးဇင်းက မျက်စိကို စုံမှိတ်ထားသည်။ မိုးဟိန်းက ကြိုးကို တင်းနေအောင် ထပ်ဆွဲသည်။ ထိုအချိန်တွင် မမျှော်လင့်သည့် အဖြစ်အပျက်တစ်ခုက ဖြစ်သွားသည်။
သစ်ပင်ပေါ်မှာ မြွေတစ်ကောင် ပြုတ်ကျလာပြီး မိုးဟိန်းရှေ့တွင် ပါးပြင်းထောင်ထားသည်။
“ဟဲ့ … မိနန်း … မိနန်း .. ငါ့သမီး … ငါ့သမီး ပြန်လာပြီလား”
မြွေက စိတ်ဆိုးပြီး မိုးဟိန်းကို ပေါက်ရန်ပြင်နေသည်။ မိုးဟိန်း ကျွန်တော့်ကို ဆွဲထားသည့် ကြိုးအားလွှတ်လိုက်ပြီး မကံပယ်ထံ ပြေးသွားသည်။ မြွေက သူ့နောက်ကိုလိုက်သည်။
“ရပ် … မိနန်း .. ရပ်လိုက်”
မိနန်းက သူတို့နှစ်ယောက်ရှေ့တွင် ယိမ်းထိုးနေသည်။
“ရပ်စမ်း မိနန်း”
မြွေကြီးက မကံပယ်စကားကို နားမထောင် သူ့ကိုလှမ်းပေါက်လိုက်သည်။
“ဪ … နင်က ငါ့ကိုတောင် အသိအမှတ်မပြုတော့ပါလား”
ကျွန်တော်က လက်နောက်ပြန် တုပ်ထားသည့် ကြိုးများကို လက်အား ရှေ့ရောက်အောင် ခက်ခဲစွာလုပ်ပြီး ပါးစပ်နှင့် ပြန်ဖြုတ်လိုက်သည်။ သူတို့နှစ်ယောက်စလုံးကို မြွေက ထိန်းထားသည်။ ကျွန်တော့် ကြိုးများ ပြေသွားသည့်အခါတွင် ကျွန်တော်က ဦးဇင်းကြိုးတွေကို သွားဖြုတ်ပေးလိုက်သည်။
ဦးဇင်းက မကံပယ်တို့ရှေ့တည့်တည့်သွားပြီး
“ရွှေသစ္စာပန်းပွင့် ပြန်ပေးပါ ဒကာမလေး”
ဟုပြောလိုက်သည်။
မကံပယ်က ပန်းပွင့်ကို လက်ကမ်းလိုက်ချိန်တွင် မြွေက “ရှီး” ဟုအော်ပြီး လှမ်းပေါက်လိုက်သည်။
သူ့လက်ကို အရုပ် မြန်သောကြောင့် လွတ်သွားသည်။ ဦးဇင်းက လက်ပြလိုက်သဖြင့် မြွေကြီးက ငြိမ်နေသည်။
ဦးဇင်းက ပန်းပွင့်ကို ယူသွားပြီး နေရောင်တွင် ထောင်ကြည့်လိုက်သည်။
နေရောင်အထိုးတွင် ပန်းပွင့်အလင်းရောင်တန်းက တောအုပ်ထဲရှိတစ်နေရာကို တည့်တည့်မတ်မတ် သွားထိုးသည်။ ထိုနေရာမှာ အုတ်ခုံကြီးတစ်ခုဖြစ်နေသည်။ ရှေးဟောင်း လှေကားပျက်ကြီးလိုလို နေရာဖြစ်သည်။
“ဒကာမလေး … စောစောက ဒကာမလေး နေရောင်ထဲထောင်ကြည့်မှ ဦးဇင်းလည်း သတိထားမိတာပါ။ ဒီအလင်းရောင်တန်းပြတဲ့ နေရာမှာ ထူးခြားနိုင်ပါတယ်”
ဦးဇင်းက မြွေကြီးကို မကြောက်မရွံ့သွားပြီး တို့လိုက်သည်။ မြွေကြီးက ထွက်သွားသည်။
မိုးဟိန်းနှင့် မကံပယ် အုတ်လှေကားပျက်ကြီးဆီ ပြေးသွားသည်။ သူတို့က အုတ်လှေကားကြီးကို ပတ်ကြည့်သည်။ လှေကား နောက်ကျောဘက် အုတ်တွေကို တစ်ခုပြီးတစ်ခု ဆွဲထုတ်သည်။
“ဟာ .. ရတနာတွေ အများကြီးပဲ … အများကြီးပဲ”
ဦးဇင်းက လောဘတက်နေသော သူတို့ကို ကျောခိုင်းလိုက်ပြီး
“ဒကာကြီး ဦးဇင်းတို့သွားဖို့အချိန်ကျပြီ”
ဟုပြောလိုက်သည်။ ဦးဇင်းက ကျွန်တော့်ကို ရွှေသစ္စာပန်းပွင့် လှမ်းပေးသည်။ လာလမ်းအတိုင်း တောင်ပေါ်ကို ပြန်တက်သွားသည်။ ကျွန်တော်က ကျောပိုးအိတ်ကို ကောက်ကိုင်ပြီး ဦးဇင်းနောက်ကို လိုက်ခဲ့သည်။
“နောက်ပြန်လှည့်မကြည့်ပါနဲ့ ဒကာကြီး”
ဦးဇင်းက တိုးတိုးလေးပြောလိုက်သည်။
ကျွန်တော်တို့လာလမ်းအတိုင်း ကျောက်ဂူကြီးထဲကို ပြန်ဝင်ခဲ့သည်။ နောက်ဆုံး လေးဘက်ထောက် ထွက်ရသည့် နေရာအထိ အခက်အခဲမရှိ ထွက်လာနိုင်သည်။
ရေတံခွန်ကိုထွက်ရမည့် နေရာတွင် ကျွန်တော်တို့ အပြင်ကို ထိုးထွက်လိုက်ကြသည်။
ထိုအချိန်တွင် ငလျင်လှုပ်သလိုဖြစ်လာသည်။ တော်လဲသံကြီးနှင့်အတူ မြေကြီးတွေက လှိုင်းတွေလို တလိမ့်လိမ့်တက်လာသည်။ ဦးဇင်းက ထိုင်ချလိုက်သဖြင့် ကျွန်တော်လည်း ထိုင်ချလိုက်သည်။ ခေါင်းထဲက မူးနောက်နောက်ဖြစ်လာသည်။
ငလျင်က ဆတ်ခနဲ ဆတ်ခနဲ ဆွဲဆောင့်သလိုမျိုး သုံးကြိမ်လှုပ်သည်။ ဂူထဲမှ ပြိုကျသံများကြားနေရသည်။ အခြေအနေငြိမ်သွားသည့်အခါတွင် ရေတံခွန်ကိုလှည့်ကြည့်မိရာ ရေတွေမကျတော့။ ကျွန်တော်က ဂူထဲကို လှမ်းကြည့်မိသည်။ ဂူထဲတွင်အားလုံးပိတ်နေသည်။ ကျွန်တော် အောက်ကို ငုံ့ကြည့်လိုက်ရာ ကျွန်တော်တို့လေးဘက်ထောက်ထွက်ခဲ့သော နေရာတွင် ပိတ်နေပြီဖြစ်သည်။
“ဝေါ” ဆိုသည့်အသံနှင့်အတူ ရေတွေ ပြိုဆင်းလာသလို ကြားလိုက်ရသည်။ ဝုန်းဒိုင်းသံများကို အတော်ကြာကြာလေး ကြားနေရသည်။
“ဒကာကြီး သွားကြရအောင်”
ကျွန်တော်တို့ လာလမ်းအတိုင်း ပြန်လာကြသည်။ မနေ့က ဝါးတံတားလုပ်ခဲ့သည့်နေရာတွင် မြေတွေ ပြိုကျပြီး လမ်းလိုပြန်ဖြစ်သွားသည်။ ကျွန်တော်တို့ တောင်ပြိုလမ်းအတိုင်း စမ်းပြီး တစ်ဖက်ရောက်အောင် လျှောက်ခဲ့ကြသည်။
ရွာပြန်ရောက်သည်အထိ ဦးဇင်းနှင့်ကျွန်တော် စကားမပြောမိ။ ရွာတွင် ကျောင်းအုပ်ဆရာကြီးကလည်း ပြန်ရောက်နေ။ ကျွန်တော်လည်း စိတ်ပန်းလူပန်းနှင့် တစ်ရေးအိပ်လိုက်ရာ ညနေခင်းမှနိုးသည်။
ဦးဇင်းက ကျောင်းရှေ့ကွပ်ပျစ်တွင် ဆရာကြီးနှင့် စကားပြောနေသည်။
“ဒကာကြီးနိုးလာပြီလား … ဆရာကြီးက ထမင်းစားလာခေါ်တာ။ ဒကာကြီး အိပ်နေတာနဲ့ စကားပြောနေကြတာ”
“အရှင်ဘုရား ဘယ်တော့ ပြန်ကြွမှာလဲ ဘုရား”
“မနက်ဖြန်ပဲ ပြန်တော့မယ်”
“ဆရာရော”
“ကျွန်တော်လည်း မနက်ဖြန်ပဲ ဦးဇင်းနဲ့ ပြန်လိုက်မယ်ဆရာကြီး”
“ဆရာ .. အိမ်ကို ထမင်းစားလိုက်ခဲ့ဦး”
“ကောင်းပြီလေ … ကျွန်တော် ရေချိုးလိုက်ဦးမယ်”
ဆရာကြီးအိမ်မှ ထမင်းဝိုင်းက ဟင်းတွေစုံလှသည်။ ကျွန်တော် နှစ်ရက်လောက် ငတ်ငတ်ဖြင့် ထမင်းကို စိတ်ကြိုက်စားနေမိသည်။ သူတို့ ရှားရှားပါးပါးရထားသည့် တောဝက်သားကိုတော့ တစ်စက်မှမတို့မိ။
“ဆရာ ဝက်သားစားပါတယ်”
“အရင်က စားတယ် … ခုတော့ ခြေလေးချောင်းသား ရှောင်ထားတယ်”
“ဆရာနဲ့ ဦးဇင်း တောထဲသွားပြီး အဓိဋ္ဌာန်ဝင်ကြတယ်ဆို”
“ဟုတ်ကဲ့”
ကျွန်တော်က စကားဖြတ်လိုက်သည်။ ကျွန်တော်ပြန်သည့်အခါ ဆရာကြီးက လိုက်ပို့သည်။
“ဆရာကြီး”
“ဘာလဲဗျ”
“ဒီရွာထဲမှာ ဦးဇင်းမယ်တော်ကြီးရှိတယ်ပြောတယ် ဟုတ်လား”
“ဟုတ်တယ် … ဟိုးကအိမ်ပဲ”
ကျွန်တော်တို့ကြည့်နေချိန်မှာပင် ဦးဇင်းက ထိုအိမ်ထဲကို ဝင်သွားသည်။ ကျွန်တော်လည်း စူးစမ်းချင်သောကြောင့် အိမ်ထဲကို လိုက်ဝင်သွားသည်။
ဦးဇင်းက ဘုရားစင်အောက်တွင် ထိုင်နေသည်
“ဒကာကြီးပါလား”
“တပည့်တော် ထမင်းစားကပြန်လာတော့ ဦးဇင်း ဒီကိုဝင်တာတွေ့လိုက်လို့ပါ။ ဦးဇင်းမယ်တော်ကြီးကိုလည်း တွေ့ ဖူးချင်လို့ပါ”
ထိုအချိန်တွင် အခန်းထဲက ရေနွေးဗန်းကိုင်ကာ အမျိုးသမီးကြီး တစ်ယောက် ထွက်လာသည်။
“ဟာ မကံပယ်”
“ဒါ မကံပယ် မဟုတ်ဘူး ဒကာကြီး … ဦးဇင်းမယ်တော်ကြီးပါ”
အသက်အရွယ်ရင့်ပြီး ဆံပင်ဖြူသည်ကလွဲပြီး မကံပယ်နှင့် ရုပ်ချင်းအတော်လေး ဆင်သည်။
“ကံပယ်ကို သိလို့လား”
“လမ်းမှာ ဆုံခဲ့ဖူးလို့ပါ”
“အင်း …. ကံပယ်တစ်ယောက် ဒီလာမယ်ပြောပြီး ရောက်မလာဘူး။ သမီးလေး နေမှကောင်းရဲ့လား မသိဘူး”
“ဦးဇင်းမနက်ဖြန် မြို့ကိုပြန်တော့မယ်”
“တင်ပါ့ဘုရား”
ဦးဇင်းကပြောပြီး မတ်တတ်ရပ်ကာ အိမ်ပေါ်ကဆင်းသွားသည်။ ကျွန်တော်လည်း နောက်ကလိုက်ခဲ့ရသည်။
ရိုးမခေါ်သံ (၁၉)
“ဦးဇင်း … မကံပယ်တို့အကြောင်း မယ်တော်ကြီးကို ပြောမပြဘူးလား”
“ဘာပြောရမှာလဲ ဒကာကြီး”
“သူတို့နှစ်ယောက် သေသလား … ရှင်သလား မသိဘူးနော်”
“ဒကာကြီး ဖြစ်နိုင်ရင် အဲဒါတွေ မေ့ထားလိုက် တော့။ ဦးဇင်းတို့ မနက်အရုဏ်ဆွမ်းစားပြီးချိန်လောက် ထွက်ရအောင်။ စောစောသွားတော့ နေပူသက်သာတာပေါ့”
“မှန်ပါ့ဘုရား …. ဒီရွာက ကင်းသမားကလည်း
လိုက်ပို့မှာတဲ့ဘုရား”
ကျွန်တော် ထိုညက ကောင်းစွာအိပ်မပျော်နိုင်ပါ။ ကျွန်တော့် အတွေးထဲတွင် မကံပယ်နှင့် မိုးဟိန်းတို့က ရောက်နေသည်။ သူတို့ ဂူထဲမှာလား အပြင်မှာလား။ ပြန်ထွက်လာလို့ရပါ့မလား၊ ဂူထဲတွင်တစ်ခုခုများ ဖြစ်သွားပြီလား တွေးရင်း လူးလွန့်နေရသည်။
မနက် ကျောင်းမှ အုန်းမောင်းခေါက်သံကြားလိုက် ရသည်အထိ ကျွန်တော်တစ်ရေးမှ မအိပ်နိုင်။ အိပ်မရသည့် အတူတူ အိပ်ရာကထပြီး မျက်နှာသစ် ရေချိုးလိုက်သည်။
ဆရာတော်နှင့် ဦးဇင်းတို့က အရုဏ်ဆွမ်းဘုဉ်းပေးနေကြသည်။
“ဒကာကြီး ထမင်းကြော်လေး စီစဉ်ထားတယ် စားသွားဦး”
ကျွန်တော်လည်း ရေနွေးကြမ်းနှင့် ထမင်းကြော်စားလိုက်သည်။
ထိုစဉ် ကျောင်းအုပ်ဆရာကြီးရောက်လာပြီး ကျွန်တော့်ကို ပျားရည်တစ်ပုလင်းလာပေးသည်။
ရောင်နီလာချိန်တွင် ကျွန်တော်၊ ဦးဇင်းနှင့် ကင်းသမားမောင်ဦးတို့သုံးယောက် တောင်ကွဲကြီးမှ ခရီးထွက်ခဲ့ကြသည်။
ရွာကအထွက်တွင် ချောင်းကွေ့လေးကမဆင်းမီ ကျွန်တော်တို့ အသံနက်ကြီးတစ်သံ ကြားလိုက်ရသည်။ ထူးဆန်းလှသည်။ ဘာသံမှန်းမသိ။
“ဦးဇင်း ဘာသံမှန်းမသိဘူးနော်”
ကျွန်တော်နှင့် ဦးဇင်း ခရုတောင်စွန်းဆီကို အလိုလိုလှမ်းကြည့်မိလျက်သား ဖြစ်သွားသည်။
“သွားရအောင် ဒကာကြီး”
ကျွန်တော်တို့ ချောင်းရိုးလေးအတိုင်းဆင်းပြီး တစ်ဖက်တောတန်းကိုစဝင်လိုက်သည်။
နှုတ်ဆက်ခဲ့ပါသည် တောင်ကွဲကြီး။
ကျွန်တော်တို့ အပြင်းလျှောက်လာရာ ဆွမ်းစားချိန်အမီ ရွာကိုပြန်ရောက်လာသည်။ ကျွန်တော်က ဦးဇင်းကို ရွာဦးကျောင်းကိုခေါ်သွားပြီး ဆွမ်းကိစ္စများစီစဉ်ပေးရသည်။ ဆွမ်းစားပြီးသည့်အခါ ကျွန်တော်က ဦးဇင်းကို လက်ကိုင်ပဝါထုပ်လေးကို ပေးလိုက်သည်။
“ဘာလဲ ဒကာကြီး”
“ရွှေသစ္စာပန်းပွင့်ပါဘုရား”
“ဒကာကြီး မြို့ပေါ်တက်ဦးမလား”
“လကုန်လောက် ဆင်းလာမှာပါဘုရား”
“အဲဒီ ရွှေသစ္စာပန်းပွင့်ကို ဒကာကြီးပဲ အောင်ပင်လယ်ကျောင်း ဘဘုန်းလက်ထဲကို သွားထည့်ပေးပါ။ ဒကာကြီးသိလား။
အနောက်တောထဲက ဦးအာဒိစ္စကျောင်း”
“သိပါတယ်ဘုရား … တပည့်တော်ကို ယုံကြည်လို့လားဘုရား … ဒါက အလွန်တန်ဖိုးရှိတယ်။ တပည့်တော် သွားမပေးဘူးဆိုရင်ရော”
“ဒကာကြီးက ဒီလိုလူစားမဟုတ်ပါဘူး”
ဦးဇင်းက ပြုံးပြုံးလေးပြောသွားသည်။ ကျွန်တော်က မြို့သို့ပြန်မည့် မီးသွေးကားခေါင်းခန်းတွင် ဦးဇင်းကို လိုက်တင်ပေးလိုက်သည်။
“ဒကာကြီး ကိုယ်ကျန်းမာပြီး စိတ်ချမ်းသာနိုင်ပါစေ”
“ပေးတဲ့ဆုနဲ့ ပြည့်ရပါလို၏ဘုရား”
ကျွန်တော်က ကားအောက်တွင် ထိုင်ပြီး ကန်တော့လိုက်သည်။ ကားထွက်သွားသည်အထိ မျက်စိတစ်ဆုံး ကြည့်နေမိသည်။
လကုန်ရန်လိုသေးသည်။ ကျွန်တော်က ကိုယ့်ရွာကျောင်း ပြန်ရောက်ပြီး သင်ကြားရေးတွေ လုံးပန်းနေရသည်။ ညအိပ်ချိန်ရောက်တိုင်း ကျွန်တော့်နားထဲတွင် ငိုသံလိုလို၊ အော်သံလိုလိုတွေချည်း ကြား နေသည်။ ကျွန်တော်က ဘုရားရှိခိုး ပုတီးစိတ်ပြီး
စိတ်ကိုပြန်လည် တည်ဆောက်ရသည်။
လကုန်ရက်မရောက်မီ ကျွန်တော်မြို့ကို ဆင်းလာခဲ့သည်။ ကျွန်တော့်လက်ထဲတွင် ရွှေသစ္စာပန်းပွင့်ရှိနေသည်ကိုပင် စိတ်ထဲတွင် မတင်မကျဖြစ်နေသည်။ ထိုပန်းပွင့်နှင့်ပတ်သက်ပြီး စိတ်မကောင်းစရာတွေက ရုပ်ရှင်ပြန်ကြည့်ရသလို မျက်စိထဲပေါ်နေသည်။
မကံပယ်၊ မိုးဟိန်း၊ ဦးဇင်း၊ မိနန်း၊ ကိုခင်မောင်
မြို့ကိုရောက်ပြီး နောက်တစ်နေ့တွင် ကျွန်တော် အောင်ပင်လယ် ဦးအာဒိစ္စကျောင်းကို စက်ဘီးလေးဖြင့် ရောက်လာခဲ့သည်။ ဆွမ်းစားပြီးချိန်ဖြစ်သဖြင့် ဆရာတော်က ဆွမ်းစားကျောင်းပေါ်တွင် ရေနွေးကြမ်းသောက်နေသည်။
ကျွန်တော် ဆရာတော်ကို ဦးချလိုက်သည်။
“ဘာကိစ္စလဲ ဒကာကြီး”
ကျွန်တော်က အထွေအထူးမပြော။ အိတ်ထဲက လက်ကိုင်ပုဝါကိုထုတ်လိုက်ပြီး ဆရာတော်ရှေ့ကိုချကာ ဖွင့်ပြလိုက်သည်။
“ကျောင်းဆရာမှတ်တယ်”
“တင်ပါ့ဘုရား”
ဆရာတော်က ထသွားပြီး အခန်းထဲဝင်သွားသည်။ ထို့နောက် သူ့လက်ထဲရှိ ယွန်းဘူးလေးထဲမှ ရွှေသစ္စာ ပန်းလေးတစ်ပွင့်ကို ထုတ်လိုက်ပြီး ကျွန်တော့် ပန်းဘေးတွင် ချထားလိုက်သည်။
“အောင်ပြီ ဒကာကြီး … ဘုန်းကြီးတို့အောင်ပြီ … ငါတို့နိုင်ငံမှာ အာဏာရှင်စိုးမိုးမှုတွေ ချုပ်ငြိမ်းကွယ်ပျောက်ဖို့ အချိန်ရောက်ပြီ”
“အားရစရာ ကောင်းလိုက်တာဘုရား … အမြန်ဖြစ်စေချင်ပါပြီ”
“မမြန်ဘူးဒကာကြီး … ဘုန်းကြီးတို့ နောက်ထပ် နှစ်ပေါင်း ၃ဝ စောင့်ရဦးမယ်။ ဒီပန်းနှစ်ပွင့်နဲ့ အစီအမံတစ်ခု လုပ်ဖို့ဆိုတာ နောက်ထပ်နှစ် ၃၀ စောင့်ရမယ်။ အဲဒီအချိန် နက္ခတ်ကြုံရင် ဒီတိုင်းပြည် စစ်အာဏာရှင် ဖိနပ်အောက်ကလွတ်ပြီ”
“ဝမ်းသာလှပါတယ်ဘုရား ”
“ဒကာကြီးအကြောင်း ဘုန်းကြီး သိပြီးပြီ။ ဒကာကြီးရဲ့ကိုယ်ကျိုးစွန့်နိုင်တဲ့ စိတ်ဓာတ်၊ အနစ်နာခံတတ်တဲ့ စိတ်ဓာတ် သစ္စာရှိတဲ့ စိတ်ဓာတ်တွေကို သဘောကျတယ် .. ကိုင်းအသင့်ဖြစ်ပြီလား”
“ဘာများလဲဘုရား”
“ဒကာကြီးကို အာဏာဗျတိက္ကမဂိုဏ်းကလက်ခံပြီ … ကိုင်းလက်ဖြန့်”
ကျွန်တော်က လက်ဖြန့်ပြီးမှ
“တပည့်တော် အာဏာဗျတိက္ကမဂိုဏ်းလည်း မဝင်ပါရစေနဲ့ ဘုရား။ မြွေတွေနဲ့လည်း မပတ်သက်ချင်ပါဘူး။ အေးအေးဆေးဆေးပဲ နေပါရစေ”
“တယ်ခက်တာပဲ။ တစ်ထောင်မှ တစ်ယောက် မငြင်းဖူးဘူး”
“တပည့်တော်ကတော့ ကြုံတွေ့ ခဲ့ရတဲ့အပေါ်မှာ သံဝေဂတွေ အများကြီး ယူစရာဖြစ်ခဲ့ပါတယ် ဘုရား။ တပည့်တော် အေးဆေးစွာ နေချင်ပါတယ်”
“ကောင်းပြီလေ …. အတင်းမတိုက်တွန်းပါဘူး …. ဒါလေးတော့ အဆောင်အဖြစ် ပေးလိုက်မယ် … ရော့”
ဘဘုန်းက ကျွန်တော့်ကို သူလက်တွင်ဝတ်ထားသည့်ဓာတ်လုံးလက်စွပ်ကို ချွတ်ပြီးပေးလိုက်သည်။
“ဒါက”
“ဒကာကြီး အန္တရာယ်ကင်းဘေးရှင်းဖို့ပါပဲ …. ငါးပါးသီလကို တစ်သက်လုံးစောင့်ထိန်းပါဒကာကြီး”
“တင်ပါ့ဘုရား”
ကျွန်တော်က လက်စွပ်ကို လက်နှစ်ဖက်နှင့် ခံယူပြီး ဘယ်လက်တွင် ဝတ်ဆင်လိုက်သည်။
“အရှင်ဘုရား … တပည့်တော်ကို တစ်ခုလောက် မေးခွင့်ပြုပါဘုရား”
“ဘာများလဲ ဒကာ”
“မကံပယ်တို့ ဘေးကင်းရဲ့လားဘုရား”
ဆရာတော်က ကျွန်တော့်ကို ဘာမျှစကားမပြန်ပါ။
“ဒကာကြီး … ပြန်တော့”
ဟု တစ်ခွန်းတည်း ပြောလိုက်သည်။ ကျွန်တော်က ကျောင်းပေါ်ကဆင်းခဲ့သည်။ ဆရာတော်က နောက်မှလိုက်ခဲ့သည်။ ကျောင်းပေါက်ဝတွင် ကျွန်တော် ထောင်ထားခဲ့သည့် စက်ဘီးဆီကိုရောက်သည်အထိ ဘဘုန်းက လိုက်လာသည်။
“တပည့်တော် ပြန်တော့မယ်ဘုရား … ခွင့်ပြုပါ”
“ကောင်းပြီ ဒကာကြီး … သာဓု သာဓု သာဓု”
ကျွန်တော်က စက်ဘီးကိုလှည့်ပြီး တွန်းရန်ပြင်လိုက်ချိန်တွင် မြက်တောထဲမှ မြွေကြီးတစ်ကောင် ထွက်လာသည်။ ဆရာတော်က
“ဟဲ့ … ကံပယ် … သွားစမ်း” ဟု အော်လိုက်သည်။
မြွေကြီးက ပါးပြင်းထောင်ပြီး ကျွန်တော့်ကို စိုက်ကြည့်နေသည်။ ကျွန်တော်က . . .
“မကံပယ် … ပြုသမျှ ကုသိုလ်ကောင်းမှုအားလုံးအတွက် အမျှပေးဝေပါတယ် ။ အမျှ အမျှ အမျှ ယူပါကွယ်”
ဟု ပြောလိုက်သည်မြွေကြီးက မြက်တောထဲကို ပြန်ဝင်သွားသည်။ ကျွန်တော်စက်ဘီးကို နောက်လှည့်မကြည့် နင်းခဲ့မိသည်။
– ပြီး –
စာရေးသူ – တင်ညွန့်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ