ရိုးမြေကျ

ရိုးမြေကျ(စ/ဆုံး)

—————

“ဟူး..ပုရွက်ဆိတ်တွေ ဒုက္ခပေးပြန်ပါပြီ”

မနက်ခင်း အဘွားကြီး ဘုရားဝတ်ပြုပြီးလျှင် အဆင်သင့်စားစေရန်
ပြင်ဆင်ပေးထားသောနို့ဆန်ပြုတ်ပန်းကန်ထဲတွင် ပုရွက်ဆိတ်များတွေ့ရသဖြင့် စိတ်ပျက်သွားရသည်။အသာမှုတ်ချမည်ဆိုပြန်တော့ တချို့အကောင်တွေက ဆန်ပြုတ်ထဲတွင် ခေါင်းပင်စိုက်နေပြီ။

အရင်တစ်ရက်ကလည်း အခုလို မနက်ပိုင်း
ရယ်ဒီမိတ်နိုမှုန့်ထုပ် ဖျော်ပြီး ပေါင်မုန့်တစ်ချပ်နှင့်အတူ ထမင်းစားစားပွဲပေါ် တင်ထားသည်။
အဘိုးကြီး ဟင်းစားထွက်ဝယ်ရာကပြန်ရောက်တော့ အဘွားကြီးက ဆီးပြီးပြောသည်။ခွက်ထဲတွင် ပုရွက်ဆိတ်တက်နေသည်ဟု ဆိုကာ မသောက်လိုက်ရ။အသစ်ဖျော်ပေးလိုက်ရသည်။
စားပွဲပေါ်တွင် အရံသင့်တင်ထားသော ဟင်းပန်းကန်ထဲလည်း ပုရွက်ဆိတ်က တက်တတ်သည်။

အဘွားကြီးက နို့ဆီခွက်အလွတ်ထဲ ရေထည့်ကာ ကြောင်အိမ်ခြေထောက်တွင် ခံပေးထားတာရှိသည်။သူတို့ရန်ကြောက် ပြီး ဥစ္စာခြောက်ကာ ကြောင်အိမ်ထဲ ထည့်သိမ်းရသည်။တဖြုတ်တခဏ အလစ်မပေးရဲ။အခုလည်း စားကာနီးဖြစ်၍ ပြင်ဆင်ပေးထားသည်ကို အလစ်ဝင်တွယ်ခြင်းဖြစ်၏။

“ဒီမိုးတွင်း ဘယ်လို ဖြစ်တာလည်း မသိဘူး၊
အရင်က အိမ်ပေါ်ကို ဒီလ်ိုမတက်ပါဘူး”

အဘိုးကြိီးတို့ အိမ်နောက်ဖေးတွင် ရေအိုင်ကျယ်ကြီးရှိသည်။ထိုရေအိုင်တွင် မြက်ရိုင်းပင်များနှင့် ကန်စွန်းပင်များပါ အလေ့ကျပေါက်လေ့ရှိသည်။မိုးဦးကျဆိုလျင် ခြင်ပေါတတ်သည်။မိုးကောင်းလာလျှင် ခြင်ပါးသွားသည်။အိမ်များဆီက စားကြွင်းစားကျန်အညစ်အကြေးများကို ထို ရေအိုင်ထဲသို့ အလွယ်စွန့်ကြသည်။ ကြွက်များအတွက်တော့ ရတနာသိုက်ဖြစ်နေသည်။ထိုကြွက်များက နယ်မြေချဲ့ထွင်ကာ အိမ်များဆီ လှည့်ပတ်ခိုအောင်းတော့သည်။

တမြန်နှစ်က အဘွားကြီးကို သွေးလွန်တုပ်ကွေး
ဆိုတာကြီးက ဒုက္ခပေးလေသည်။ ငယ်ရွယ်သူကလေးတွေ သာ ဖြစ်တတ်သည်ဟု အစက ထင်ခဲ့သော်လည်း ဆရာဝန်ရှင်းပြကာမှ သိရခြင်းဖြစ်၏။

ဆေးရုံမတက်ရသော်လည်း မနည်းကုလိုက်ရသည်။ သိပ်မကြာမတင်က ညဘက် အိပ်နေရင်း
အဘွားကြီး၏ ခြေသန်းကို ကြွက်ကိုက်
သွားသည်။ အစာမှတ်နေသလား မပြောတတ်။
ကောင်းကောင်း မြည်းစမ်းသွားရာ အနာဖြစ်ပြီး အဖျားပါ ဝင်၍ ကုလိုက်ရသေးသည်။
ဒီကတည်းက ခြင်နှင့်ကြွက်ကို အလိုလို မုန်း
နေမိသည်။အခုတစ်ခါ ဒုက္ခထပ်ပေးတာက ပုရွက်ဆိတ်။

ခက်နေသည်က အစွဲလန်းကြီးသော အဘွားကြီးက မိဘတွေ သုံးစွဲခဲ့သော ပရိဘောဂတချို့အပြင် အိမ်ထောင်ဦးကတည်းက
ပရိဘောဂကိုပါ တယုတယ သိမ်းဆည်းထား
သည်။ အိမ်ကကျဉ်း၍ စီရရီပြွတ်သိပ်ထည့်ထားသလိုမျိုးဖြစ်နေသည်။သူ ဒေါင်ဒေါင်မြည် လုပ်နေနိုင်စဉ်က ရှင်းလင်းပစ်ရန် မကြာခဏပြောဖြစ်သည်။သူက မစွန့်ပစ်နိုင်။သူ့ကို အခါခါ နားချဖူးသည်။

”ဒါတွေကို သိမ်းထားလို့ ဘာမှအသုံးမဝင်
တော့ဘူးလေကွာ”

”အိမ်ထောင်ဦးကတည်းက ပစ္စည်းနဲ့ မိဘအမွေအနှစ်ကိုကျုပ်တို့နဲ့အတူ ရိုးမြေကျ ရှိစေချင်တာလို့ ကျုပ်ပြောဖူးသားပဲ ရှင်ရယ် ”

”ငါတို့ မရှိတော့ရင် ထားခဲ့ရမှာပဲကွာ၊ ဘယ်အရာကိုမှ ဆုပ်ကိုင်ထားလို့မှ မရတာပဲ ”

” သိပြီးသား တရားတွေပဲ လာလာ​ေပြာနေတယ်၊ရှင်က ကျုပ်ထက် သိပါ့၊တတ်ပါ့တော်။
ဒီမယ် ကျုပ်အရင်သေရင် ရှင့်သဘော။ရှင်မရှိ
တော့ရင်၊ ကျုပ်သေတဲ့အထိ ဒီအိမ်ထဲမှာ
ဒီအတိုင်းထားခဲ့မယ်၊သေသွားပြီးရင်တော့
အရပ်က စီမံချင်သလို စီမံတော့ပေ့ါ ”

အဘွားကြီးကို ပြုံးပြီး ကြည့်နေရတာပါပဲ။
မလွန်ဆန်နိုင်ပါဘူး။ဒီတော့ သူပြော
သလို သေတဲ့အချိန်အထ်ိ သိမ်းထားရတော့မှာ။

”ငါတို့တွေ အခုနေ တန်ဘိုးရှိပါတော့မလား”

ခနဲ့တဲ့တဲ့ ပြန်ပြောသည်ကို အဘွားကြီးနား
လည်ပါသည်။တကယ်လို့ နှစ်ယောက်လုံး
သေရင်လည်း အရပ်က ဆွဲချကြမှာပါပဲ။
ပြီးတော့ ဒီရပ်ကွက်ထဲ နေလာတာနှစ် ၂၀ကျော်ပြီ၊ သာရေးနာရေး ကိစ္စတွေမှာ အရင်လို ဖိတ်စာတွေရောက်မလာတာလည်း ကြာပြီ။

တချို့ကတော့ လမ်းတွေ့လျင် ‘ဝန်မပိစေချင်လို့ ‘ဆိုကာ နှစ်သိမ့် စကားပြောတတ်ပါသည်။အသက်ကြီးလာလျှင် ‘လူမလေး ခွေးမခန့်ဆိုတာ’ ဒါမျိုးဖြစ်မည်ဟု နှလုံးသွင်းရပါသည်။
ရပ်ကွက်က တည်ထားကိုးကွယ်သည့် ဘုရား
တွင် ကွယ်လွန်ပြီးသောသားအတွက် ရည်စူး၍ ‘အာရုံခံတဝဂူ’တစ်ခု လှူထားတာ ရှိသည်။မိသားစု ကမ္ပည်းထိုးထားသည်ပင် လွင့်ပျောက် ပျက်ပြယ်ပြီး အသစ်မွန်းမံသည့် အလှူရှင်အမည်တောင် အစားထိုးထားသည်ပဲ။

”ဘယ်သူမှ ရှိချင်ရှိ မရှိချင်နေ၊အဘိုးကြီးကို
ကျုပ်က တန်ဖိုးထားတယ်”

”ဟဟဟားဟား”

“မရယ်ပါနဲ့။တစ်ယောက်ယောက် မရှိချိန်ဆို
အဘိုးကြီး သိလာမှာ”

“အေးပါကွာ၊ မင်းကို ပိုပြီးတန်ဖိုးထားနေတာပါ”

သည်လိုဆိုတော့ အဘွားကြီးပြုံးသည်။
သည်အပြောနှင့် သည်အပြုံးမျိုးကို ဘယ်တုန်းကမှ ရိုးအီသည်ဟုလည်း မထင်ပါဘူး။

အမှန်တော့ ပစ္စည်းအရှုပ်တော်ပုံက များများစားစားလည်းမဟုတ်။ အိမ်က ၁၀ပေ၊၃၅ပေ သာသာ ပျဉ်ထောင်ဆောက်ထားပြီး လင်မယားနှစ်ယောက် နေသာရုံ။၈ပေခန့်ရှိသော မီးဖိုချောင် နေရာတွင်အိုးခွက်ပန်းကန်ထည့်ထားသည့် သေတ္တာက သုံးလုံး။ကြောင်အိမ်အိုတစ်လုံး၊ချိနဲနဲ့ ထမင်းစားပွဲပုတစ်လုံးက နေရာယူထားသည်။

ပန်းကန်ခွက်ယောက်များက သေတ္တာနှစ်လုံးစာရှိသည်။အားလုံး မိဘတွေလက်ထက်က သုံးစွဲလာသော ပစ္စည်းများဖြစ်သည်။ဘီရိုထဲတွင် မိဘလက်ထက်က ဝတ်ဆင်ခဲ့သော အဝတ်အစားတချို့ကို ထုပ်ပိုးပြီး ထည့်ထားသည်။တချို့အဝတ်တွေက ပိုးကိုက်ထား၍ အပြင်ကို မထုတ်ရဲ။

ခုတင်ကိုတော့ ဖြုတ်သိမ်းထားပြီး ထရံဘေးတွင်ကပ်လျက်ထောင်ထားရသည်။အရင်က လင်မယားနှစ်ယောက် အိပ်သေးသည်။ညဘက် လူခြေတိတ်ချိန်ဆိုလျှင် တကျွီကျွီ ထထအော်၍ ပင်စင်ပေးထားရသည်။သို့မဟုတ်ပါက အခုအရွယ်ကျမှ ထင်ယောင်ထင်မှားဖြစ်နိုင်သည်။ထိုခုတင်ကလည်းမိဘတွေ လက်ထက်ကတည်းက ခုတင်။
ကိုယ်တွေအသက်ထက်နှစ် ၃၀ ခန့် ကြီးသည်။

ကျောထောက်နောက်ခံ သားသမီးမရှိ၍ အဘိုးကြီးတို့၏ ပိုင်ဆိုင်မှုကိုအမွေဆက်ခံမည့်သူမရှိ။လင်မယားနှစ်ယောက် မသေခင် သေတမ်းစာ ရေးခဲ့ရလောက်အောင် မည်သူမှ လာပြီးယူကြမှာလည်း မဟုတ်။အမျိုးအဆွေနှင့် ပြတ်နေသည်မှာ ကြာပြီ။အဘွားကြီးဘက်က
အဆက်အသွယ် ရှိသော်လည်း ချမ်းသာသူ
တွေ။အညာမှာ နေကြသည်။

သူတို့၏ တစ်ဦးတည်းသောသားက လုပ်ငန်းခွင် ထိခိုက်မှုဖြင့်ဆုံးပါးသွားရသည်။လူပျိုပေါက်အရွယ်ကတည်းက မလေးရှားမှာ အလုပ်လုပ်ရင်း အသက်၄၀အထိ လူပျိုကြီးဘဝဖြင့် မိဘနှစ်ပါးကို ရှာဖွေကျွေးမွေးစောင့်ရှောက်ခဲ့သည်။သည်အိမ်လေးတစ်လုံးဖြစ်အောင် လုပ်ပေးသွားသည်ကို ကျေးဇူးတင်ရသည်။သားထားခဲ့ သော ကရုဏာကြေးက သူတို့အတွက်ဆီမဖြစ်သော်လည်း နှမ်းတစ်စေ့မက ဖြစ်ခဲ့ရသည် ဟု ဆိုနိုင်ပါသည်။

စားရေးသောက်ရေးအတွက် ထွေလီကာလီလည်းမချက်တော့။ခြိုးခြံရသည်လည်းပါသည်။အဘိုးကြီး အရာထမ်းအဖြစ်ရသော ပင်စင်ငွေက တစ်လစာ
မဖူလုံသော်လည်း အထိုက်အလျောက် သုံးစားခွင့်ရနေသည်။ထို့အတွက်ထမင်းတစ်နပ်စာ မပြတ်နေခြင်းဖြစ်သည်။ဘုရားဆွမ်းတော် ကပ်လှူနိုင်သည်။ရပ်ဆွမ်း တစ်ဇွန်းလောင်းလှူနိုင်သေးသည်။

ပင်စင်ယူစဉ်က ဌာနကချီးမြင့်သည့် တစ်လုံးတစ်ခဲတည်း ပင်စင်ရောင်းရငွေ၊ကရုဏာကြေး
စသည် စသည်တို့အပြင် သားရှာဖွေပေးစဉ်က အပိုအလျှံစုဆောင်းခဲ့သည်ကို ဘဏ်ထဲထည့်ထားနိုင်သည်။ခြိုးခြံရင်း ခြွေတာရင်းဖြင့်အဘွားကြီး
က ဝိကာလဘောဇနာကို စောင့်ထိန်းလိုက်သည် မှာကြာပြီ။

အဘိုးကြီးမှာ အစာအိမ်ရောဂါအခံရှိ၍
ညရေးညတာ မုန့်ကလေးဘာလေး စားရသည်။
ဝါတွင်းတစ်တွင်းတော့ အတူ သီလယူဖြစ်သည်။

ထိုငွေသည်လည်း ပရုပ်လုံးလို တတိတိ ပွန်းလှပြီ။နှစ်ယောက်လုံး ကြီးကြီးမားမားရောဂါ မဖြစ်သော်လည်း အဘိုးကြီးမှာ ဇက်ရိုးကျီးပေါင်းနှင့်
ခါးရိုးကျီးပေါင်းဖြစ်နေတာ ကြာပြီ။ထို့အပြင် လိပ်ခေါင်းရောဂါကလည်း နှစ်ချီနေပြီ။ဆေးမြီး
တိုနှင့်ပြီးလိုက်တာ များသည်။

အဘိုးကြီး ငယ်စဉ်ကတည်းက အသားငါး သိပ်မစား။ အဘွားကြီးကမှ စားသေးသည်။
တစ်ခါတလေ ကြက်သား ၁၀၀၀ ဖိုးလောက်
အဘွားကြီးအတွက် ဝယ်ပေးတတ်သည်။
အဘိုးကြီးက အာလူးအနည်းအပါးရောပြီး စားလိုက်သည်။သည်တော့ နာမကျန်းဖြစ်လျှင်ဆေးဒဏ်ကို မခံနိုင်။အဘွားကြီးက ပြောပါသေးသည်။

” ရှင် အသားလေးဘာလေး အောင့်အီးပြီးစား
ပါလား၊ဒါမှ ခံနိုင်ရည် ရှိမှာ”

” အခုအသက်ကျမှ အစာအိမ်က လက်မခံတော့ဘူးကွ”

အမှန်တော့ နေ့သေမလား ၊ညသေမလား ဆိုတာကို စောင့်နေကြရတာပါ။

“တမလွန်ကို ဘယ်အချိန် သွားကြရမလည်း ဆိုတာ ဘယ်နေ့မှန်းမှ မသိတာကွာ၊ခုမှတော့ ပိုမထူးဘူးဆိုပြီး ” ဆင်ခြေ ပေးတတ်၍ အဘွားကြီးက ခွန်းတုန့်မပြန်တော့။သို့ပေမယ့် အခါတိုင်း ၊သတိရတိုင်း ပြောတတ်သည်။

တစ်နေကုန် ဘာအလုပ်မှ မရှိသော
သူတို့တွေက မနက်ခင်း အရုဏ်ဆွမ်းအမီ အိပ်ရာမှ အဘိုးကြီး အရင်ထသည်။ ထမင်းအိုးတစ်လုံးတည်ပေးလိုက်သည်။အဘွားကြီးနိုးလာလျှင်ဆွမ်းတော်ကပ်၊ဘုရားဝတ်ပြု ။ပြီးကာမှ အဘိုးကြီးဝတ်ပြု။ ပြီးလျှင် အဘိုးကြီးက စျေးသို့ ဟင်းစားသွားဝယ်သည်။အဘွားကြီး ချက်ပြုတ်ချိန်တွင် ဘေးကနေ ဝိုင်းကူ။
စားသောက်ပြီး အိုးခွက်ပန်းကန်ဆေးလည်းအတူတူ။လျှော်ဖွပ်လည်း အတူ၊အိမ်ထဲမှာ မောင်တစ်ထမ်းမယ်တစ်ရွက်ဖြင့် အချိန်ကုန်မှန်းမသိ ကုန်လွန်စေရသည်။

ညဘက် အဘွားကြီး ဝတ်တက်နေ၍ ထုံးစံအတိုင်း အဘိုးကြီးပဲ အိပ်ရာခင်းပေးသည်။
ဟိုးစဥ်က အဘွားကြီးတာဝန်။နောက်တော့
ဘယ်အချိန်က ဘယ်လ်ို သူလုပ်ဖြစ်သွား
တာလည်း အမှတ်မထားမိခဲ့ပေ။ ပြုမှန်းမသိ ပြုခဲ့သည်ဖြစ်၍ သူ့တာ ကိုယ့်တာဟု မှတ်မနေတော့။

လင်မယားနှစ်ယောက်လုံး မွေ့ ရာနှင့် မအိပ်တတ်တော့၍ ဖျာပေါ် ဂွမ်းကပ်ခင်းပြီးပြင်ရသည်။ဒီတိုင်းအိပ်လျင် အရိုးကနာကြသည်။
အထိုင်အထဆိုလျင် ခြေကျင်းဝတ်ကို သတိထားရသည်။တစ်တောင်ဆစ်နှင့် ကြမ်းပြင်ထိထားလျှင်လည်းနာသည်။

ခြင်ထောင်ထဲရောက်တော့ အဘွားကြီးက
အဘိုးကြီး မျက်နှာပေါ် လက်နှင့်အသာ စမ်းပြီး
ပြောလာသည်။

”အဘိုးကြီးလည်း အတော်ကျသွားတာပဲ”

”ကျပြီပေါ့ကွာ၊ ခွန်နှစ်ဆယ့်ငါးကျော်နေပြီပဲ”

“အေးလေ ကျုပ်ထက် သုံးနှစ်ကွာတာကိုး”

”အဘွားကြီးက ပြောရတယ်ရှိသေးတယ်၊
မင်းမျက်လုံးကျတော့ တွင်းထဲက ဂေါ်လီလုံးလိုပဲ ဟဟ”

အဘွားကြီးကို ပြန်ချေပလိုက်သည်။အဘွား
ကြီးက သူ့ လက်ဖမိုးကို ဆုပ်ကိုင်ပွတ်သပ်
နေသည်။

”ညတုန်းကအဘ်ိုးကြီး ဒူးက ကျုပ်ကိုလာထိုးတာ နာလိုက်တာ၊ရှင်နိုးမှာစိုးလို့ ကြိတ်ခံနေရတယ်”

”အောင်မယ် အဘွားကြီး တံတောင်နဲ့
လာထိုးတာကျ ထည့်မပြောဘူး”

”သိပါဘူးတော်၊ကျုပ်အိပ်ပျော်နေတာ”

စကားနိုင်လု ပြောအပြီး နှစ်ယောက်သား
တဟိဟိ ကြိတ်ရယ်ရသည်။ဘေးအိမ်က လူတွေ
ကြားလျင် သရိုးသရီ ထင်ကြမည် စိုးရသည်။
အမှန်တော့ သူတို့တွေက အဗြဟ္မစရိယ ကို
စောင့်ထိန်းခဲ့တာ ၁၅ နှစ် ရှိပြီပဲ။

“တစ်ခါတလေ တွေးမိတယ်။တို့တွေ အခုလို
နေတာ တခြားသူတွေမြင်ရင် သူငယ်ပြန်နေ
တယ် ထင်ကြမလားပဲ”

“အိုး ဒါက ငယ်ငယ်ကတည်းက ဒီလို နေလာခဲ့ကြတာပဲ၊ကျုပ်တို့အတွက် ထူးဆန်းနေလို့လား”

ဟုတ်ပါသည်။ဟိုးတုန်းက နာမ်စားသုံးပြီး
ခေါ်ခဲ့ကြသော’ ကို ‘နှင့်’ မေ’ဆိုတာလည်း
အသက်ရလာတော့ သူက စပြီး
အဘွားကြီး ဟု စနောက်ခေါ်ရင်း အဘိုးကြီးဟု ချေပသည်။သည်လိုကနေ အခေါ်အဝေါ်
ပြောင်းသွားတာ တစ်ခုပါ။အခါတိုင်း နေသလို
နေမိကြတာပါပဲ။

အိပ်ကျမည်ဆိုတော့ ခေါင်းအုံးဘေးရှိဆောင်
ထားသော ဓာတ်မီးဖြင့် ခြင် ရှာပုံတော်ဖွင့်လိုက်သည်။

”ဘာလုပ်ဖို့ မီးထွန်းတာလဲ”

”ခြင်ရှာမလို့”

”အိပ်ပါလား။အိပ်မပျော်ဘဲနေမယ်”

‘အဘွားကြီးသာ အိပ်စမ်းပါ”

အဘွားကြီးက တားမရမှန်းသိပြီးသားဖြစ်သည်။

”ကျုပ်တို့မှာကိုက်စရာ အသားမှ မရှိတာ”

သူ့ဆီက ဆက် ပြောမည့်စကားက
ခံတွင်းဝတွင် တန့်သွား၏။အဘွားကြီး ပိုနာမှာကို စိုးပါသည်။အရိုးကြားက အသားကို စစ်ခနဲ
အထိုးခံရလျင် မသက်သာ။

” ခြင်ရိုက်တော့ရော မိမှာလား၊ မြင်ရောမြင်
လို့လား ”

”သွေးဝနေရင် မိတယ်ကွ”

”ကျုပ်တို့သွေးက ချိုပါတော့မလား”

ခြင်တွေကို မေးကြည့်ရမလိုဖြစ်နေသည်။

အဘွားကြီးဆီက ညဘက် ခြင်ကိုက်သည်ဟု ငြီးညူသံ မကြား။သူက ဘာမှ မဖြစ်သလိုနေသည်
ဆိုသော်လည်း အိပ်ရာဝင်လျင် ခြင်ရှာ ရသည်က အလုပ်တစ်ခု။

အဘွားကြီး ကို ခြင်အကိုက် မခံနိုင်ပါဘူး။

ခြင်ရှာအပြီး လှဲချလိုက်သည်။ခြင်ထောင်
မထောင်ခင်က အားရပါးရ ရမ်းခါပြီးမှ
ထောင်တတ်၍ ခြင်သက်သာခြင်း
ဖြစ်သည်။တကယ်တော့ မျက်လုံးက ဝေဝေဝါးဝါး။
အိပ်ရာဝင်ချိန်တွင် မျက်မှန်ချွတ်ထားတာလည်းပါသည်။အဘွားကြီးက ဘေးတစောင်း ပုတီးစိပ်နေသည်။ခဏအကြာ အဘွားကြီး လက်တစ်ဘက်က ရင်ဘတ်ပေါ် တင်လာ၏။အသိအမှတ်ပြုသည့်အနေဖြင့် သူ့လက်ဖမိုးပေါ် အသာ အုပ်မိုးပေး ထားလိုက်သည်။စိတ်ထဲက ဂုဏ်တော်ပွားများနေရင်းက ခဏအကြာ လောကကြီးနှင့်အဆက်ပြတ်သွားသည်။

”ပြွတ်စ် ပြွတ် ပြွတ်စ် ပြွတ်စ် ဂလုံး ဂွမ်း”

” ကြွက်တွေက တစ်မျိုး၊ ဒီလောက် နှိမ်နင်းနေတဲ့ ကြားက အကုသိုလ်လာပေးတယ်”

အိပ်ပျော်နေစဉ် မီးဖိုချောင်ဆီက
ကြွက်များ ‘ဟီလာထ’နေသံကြောင့်
စိတ်တိုသွားရသည်။ခေါင်းအုံးဘေးတွင် ညရေးညတာဆောင်ထားသော ဓာတ်မီးကိုယူ၍
ကြွက်ထောင်ချောက်ကို သွားကြည့်ရန်ဟန်ပြင်
လိုက်သည်။

အဘွားကြီးကို ကြည့်တော့ အိပ်ပျော်နေပုံရသည်။အသက်ရှုသံ ခပ်ညင်းညင်းဖြင့် ပုံမှန်ဖြစ်နေသည်။
နိုးမည်စိုး၍ အသံမကြားအောင် ခြင်ထောင်အပြင်ကို အသာထွက်လိုက်သည်။မီးဖိုချောင်ရှိရာကို ဓာတ်မီးထိုး၍ သွားကြည့်ရာ ထောင်ခြောက်
နှစ်ခုလုံးတွင် ကြွက်နှစ်ကောင် ရောက်နေသည်ကို တွေ့ရ၏။
မနက်မှ ဝေးဝေးသွားလွှတ်ရမည်။ကြွက်မိနေ၍
စိတ်ချလက်ချ အိပ်ရာထဲ ပြန်ဝင်အိပ်လိုက်သည်။

အိပ်မက်ထဲတွင်ကြွက်များက အဘွားကြီးကို
ဝိုင်းအုံကိုက်ခဲနေသည်ဟု မက်သည်။ပူဆွေးပြီး အော်ဟစ်ငိုနေသည်မှာ ပြီးမဆုံး။

အဘွားကြီးကို အဆုံးရှုံးမခံနိုင်ပါဘူး။

နှစ်ယောက်သားညဘက် အိပ်ရာမဝင်ခင်
စကားစမြီထိုင်ပြောနေချိန်တွင် အဘွားကြီးက
လက်သည်း ခြေသည်း ညှပ်ပေးမည်ဆိုကာ
လက်သည်းညှပ်အယူခိုင်းသည်။

” မမြင်မစမ်းနဲ့ အသားလည်း ပါဦးမယ်”

“အမယ် အမြဲလုပ်ပေးနေတာပါ၊ဘယ်နှခါ
ထိဖူးလို့လဲ”

ထုံးစံအတိုင်းခြင်ကို ခါထုတ်နေရသည်။အဘွားကြီးကခြင်ဆေးနံ့မခံနိုင်၍ ထွန်းမထား။အဝတ်စတစ်ခုနှင့် ယပ်ခါပေးနေလိုက်သည်။
ညက အိပ်မက်ကို ပြောပြတော့

” သေချင်သေ ကျုပ်အရင်သေချင်တယ်”

ဒီစကားက သူ့ လက်သုံးစကား။ပြီးလျှင်
”အဘိုးကြီးအရင်သွားရင် ကျုပ်နေတတ်မှာ
မဟုတ်ဘူး”ဟု ပြောမည်။အဘွားကြီး ဒီစကားကို ပြောလာတိုင်း ‘သူအရင် သွားရင် ငါဘယ်လိုနေမလဲ’ဆိုတာကို တစ်ခါမှ မတွေးမိ။ပိုပြီးမတွေးမိအောင် အာရုံထဲ အဝင်မခံခဲ့ပေ။

”အဘွားကြီးက ငါ့ထက် ကျန်းမာရေးကောင်း
တယ်။ငါအရင် သွားရဖို့များပါတယ်”

”ရှင်ပြောနိုင်လား”

ပြန်မဖြေဖြစ်ပါဘူး။ဒါတွေက လူတိုင်း
သိနေပြီးသားအရာတွေပဲလေ။

” အဘွားကြီး ငြိမ်ငြိမ်လေးနေနော်၊မင်းနဖူး
မှာ ခြင်လာနားနေတယ်”

‘အို နေပါတော်”

အဘွားကြီးက လက်တစ်ဘက်ဖြင့် ရမ်းခါထုတ်လိုက်သည်။

💠💠💠💠💠💠💠

မနက်ငါးနာရီဝန်းကျင်တွင် ပုံမှန်နိုးလာ
သည်။အဘွားကြီးကို ကြည့်တော့ အိပ်ပျော်နေ
သေးသည်။ မနှိုးတော့ဘဲ ဆွမ်းတော်အမီ ထမင်းအိုးတည်ပေးလိုက်သည်။ထမင်းကျက်ချိန်အထိ အဘွားကြီးမနိုးသေး။ညကကျန်သည့်
ထမင်းကို သရက်သီးသနပ်ယူ၍ အဆာပြေစားလိုက်သည်။

အဘွားကြီးက ထမင်းကြမ်းမစားတတ်၍
ရယ်ဒီမိတ်နို့မှုန့်ထုပ်ကို ဖျော်ပေးထားလိုက်သည်။ ပြီးတော့ ပြုမြဲအတိုင်း ဟင်းစားဝယ်ရန် စျေးသို့ သွားလိုက်သည်။
စျေးကပြန်သည်အထိ အဘွားကြီးကို
မတွေ့၍ အိပ်ခန်းထဲ ဝင်ကြည့်ရာ မနိုးသေး။

”ဒီအဘွားကြီး ညက အိပ်မရဘူးထင်တယ်၊
ခုထိ မထသေးဘူး”

အဘွားကြီး ဇက်စောင်းနေသည်ကို အသာပြန်တည့်ပေးလိုက်၏။ပြီးတော့မီးဖိုထဲဝင်၍ ဝယ်လာသည့် ငါးဘဲငါးပေါက်များကိုအညစ်
အကြေး စင်ကြယ်အောင် ပြုပြီး ဆီဆားနယ်လိုက်သည်။အဘွားကြီးက ထိုငါးကိုကြိုက်တတ်၏။
ဒီနေ့တွေ့သဖြင့် သူ့အတွက်ဝယ်လာပေးလိုက်ခြင်းဖြစ်သည်။

သူက သိပ်မစားတတ်။ဒါပေသည့် အဘွားကြီးက ကြော်ပေးမည်။ အဘွားကြီးကျတော့ ဆီနည်းနည်းရေစပ်စပ်နှင့် ခြောက်ခြောက်စားတတ်သည်။
အသင့်ပြင်ပေးထားပြီးချိန်တွင် အဘွားကြီးကိုနှိုးရန် အိပ်ခန်းထဲ ဝင်သွားလိုက်သည်။

မအိပ်စဖူး အိပ်နေသော အဘွားကြီးကိုကြည့်၍ အသာပြုံးမိသည်။ အဘွားကြီး၏ အသားအရည်က ဖြူသည်ဟု မဆိုသာသော်လည်း နုဝင်းပြီးစိုလှ၏။
လက်ဖျံတလျောက် အကြောစိမ်းက ယှက်ဖြာပြီး ကြည်လင်နေသည်။
ဆံဖြူဖွေးဖွေးက ထရံကြားမှ နေပြောက်
တန်းကြောင့် ရွှေအိုရောင်လက်ထနေသည်။ပက်လက်အနေအထားနှင့် ရင်ဘတ်ပေါ်တင်ထားသော အဘွားကြီးလက်ဖမိုးပေါ်ကို အသာအုပ်မိုးပြီးကိုင်လိုက်သည်။

” အဘွားကြီး ထတော့လေ၊မိုးအတော်လင်း
နေပြီ၊ငါတောင် စျေးက ပြန်ရောက်ပြီ”

လေသံဖျော့ဖြင့် နှိုးသည်ကို အဘွားကြီး
အင်းအဲ မလှုပ်။ကိုင်ထားသော လက်ကနေ၍
အသာ လှုပ်နှိုးလိုက်သည်။

” အဘွားကြီး အဘွားကြီးထတော့လေ၊ ဟာ ..ပုရွက်ဆိတ်တွေပါလား”

ရင်ထဲ ဒိန်းခနဲ တုန်လှုပ်သွားသည်။
အဘွားကြီးနှုတ်ခမ်းဝတလျှောက် ပုရွက်ဆိတ်
လေးငါးကောင် တက်ခဲနေသည်။

” ပုရွက်ဆိတ်တွေ တက်နေပါလား၊ဒုက္ခပဲ”

ပုရွက်ဆိတ်များကို လက်နှင့် ကမန်းကတန်း
ဖိခြေ ဖယ်ရှားပေးလိုက်၏။အဖွားကြီး၏ လက်မောင်းရင်းကနေ တရမန်းကြမ်း လှုပ်နှိုးလိုက်မိသည်။

” အဘွားကြီး အဘွားကြီး အဘွားကြီးရေ
ထတော့လေ၊ထတော့ ..”

အဘွားကြီးကို လုံးဝနှိုးမရ။ဘာတွေဖြစ်လို့
နှိုးမရတော့မှန်းကို သူ မသိတော့ပါဘူး။
ဘယ်နှကြိမ် ဘယ်နှခါ နှိုးနေသည်ကို
လည်း မသိတော့။

‘အဘရာ၊စိတ်ထိန်းပါဦး ”

အဘွားကြီး ရင်ဘတ်ပေါ် မှောက်၍
အော်ဟစ်နေသော သူပခုံးကို တစ်ယောက်က ဆုပ်ကိုင်ပြီး ပြောလာသည်။အသိဝင်လာ၍
မော့ကြည့်ရာ ခြေရင်းအိမ်က ကောင်လေးဖြစ်နေ သည်။

“မောင်စိုးရာ မင်းအဘွား မရှိတော့ဘူးထင်တယ်ကွာ”

ဘေးဘီ ကိုပါ အကြည့်ရောက်မိ၏။
ပတ်ဝန်းကျင်က လူတချို့ပါ ရောက်နေသည်။
တစ်ယောက်တစ်ပေါက်ပြောနေသည့် အသံတွေ
က နားထဲကို အလုအယက်တိုးဝင်လာသည်။

“အဘွားက လေတံစို့ဖြစ်တာများလား အဘ”

“လေဖြတ်တာ ထင်တယ်”

“မသိပါဘူးကွာ ..အီး ..အစ်အစ် ”

ချုပ်တီးနေရင်းက ဘယ်လိုမှ ထိန်းမရ၊
နှလုံးအိမ်တစ်ခုလုံး ပြတ်ကြွေလုမတတ်
တဆတ်ဆတ်နာကျင်နေသည်။အားပါးတရ
ငိုချင်သော်လည်း တစ်ဆို့နေ၏

”သွေးဆောင့်တက်တာများလားအဘ”

မောင်စိုး၏ အမေးစကားကို

” ဘာရောဂါမှ မရှိဘူးကွ”

“မနေ့က ညနေကတောင် အဘွားနဲ့ စကားပြော
နေသေးတာ ၊ရယ်ရယ်မောမောနဲ့ပါ၊
အခုကျ သေတာတောင် မယုံဘူး”

အမျိုးသမီး တစ်ဦးအသံ နားထဲ ဝင်လာသည်။

“အေးလေ၊ သူ ခြေညောင်းလက်ဆန့်
လမ်းထွက်လျောက်နေတာကွဲ့”

တကယ့်ကို မယုံံချင်စရာ ကောင်းလွန်းနေသည်။
အဘွားကြီးထံ အကြည့်ရောက်မိတော့

” ဟိုမှာ ပုရွက်ဆိတ်တွေ လုပ်ကြပါဦးကွာ”

ပုရွက်ဆိတ်များက အဘွားကြီးဘေးနား
တဝိုက်တွင် ဒုက္ခပေးဖို့ဟန်ပြင်နေပြန်သည်။
လက်နှစ်ဘက်နှင့် ဒေါသတကြီး ပွတ်ချေနေ
မိသည်။ မောင်စိုးမိန်းမက ဝင်တားပြီး ပြောလာသည်။

” သတိနဲ့ ထိန်းပါ အဘရယ်၊တရားနဲ့ဖြေပါ ၊ အဘွားက အေးအေးသက်သာ သွားတာပါ”

”တရားက သိရုံပဲသိတာ။ငါ့ဆီမှာမရှိသေးဘူး ၊
အီး အစ် အစ် အစ်”

မောင်စိုးက အသာဆွဲထူပြီး အိမ်ရှေ့ခန်းကို ခေါ်သွားတော့သည်။အတွေးများ ယောက်ယက်ခတ်နေ၏။လူငယ်တစ်စုက အဘွားကြီးကို ရေမိုးချိုးပြင်ဆင်ပေး နေသည်။သူ့မှာ ငေးကြည့်ရုံသာ တတ်နိုင်တော့သည်။

ထောက်တည်ရာမဲ့နေသလို ဖြစ်နေ၏။ယိုင်လဲ
ကျချင်နေသလို ဖြစ်နေ၍ အိမ်တိုင်ကိုမှီ၍ ထိုင်
နေရသည်။

÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

” အဘရေ ၊ အဘွားဘော်ဒီကို သင်္ဂြိုလ် တော့
မယ်နော်”

” အဘွားကြီးသွားတော့ မှာပေါ့နော်”

“ဟုတ်ကဲ့ အဘ”

အဘွားကြီးကို သင်္ဂြိုလ်စက်ထဲ ထည့်ရန်
မောင်စိုး လာပြောနေသည်။

“အေးပါကွာ၊ ခေါ်သွားကြပါ၊အဘွားကြီး မီး
သင်္ဂြိုလ်ပြီးရင် သူ့ အရိုးလေးတစ်ချောင်း
တော့ ငါ့ကို ပြန်ပေးကြပါကွာ ”

မိုးသီး