ရုပ်သေးရုပ်

ရုပ်သေးရုပ်(စ/ဆုံး)

————————

အချိန်ကား မန္တလေးသိန်းဇော်ခေတ်ဟု ပြောရမည့်အချိန်ပင်။

ထိုအချိန်က ဇာတ်သဘင်ပညာ အလွန်ထွန်းကားနေချိန် ဟုလည်း ဆိုရပေမည်။

မြစ်ကမ်းဘေးရှိအညာဒေသ တစ်ခုတွင် မစိုးဟူသော မုဆိုးမကြီးတစ်ဦးရှိရာ သူ့တွင်သမီးနှစ်ယောက်သားတစ်ယောက်ရှိလေသည်။

မ​စိုးက မုဆိုးမတစ်ဦးဖြစ်သော်လည်း နောက်အိမ်ထောင်မပြုပဲ အကြော်ရောင်းကာ သားသမီးသုံးယောက်အား ရှာကျွေးနေသူတစ်ဦးဖြစ်သည်။

မ​စိုးအကြော်ရောင်းသောနေရာကား ရွာလယ်လမ်းမ​ကြီးဘေးရှိ ညောင်ပင်အိုကြီး အောက်တွင်တဲလေးထိုးကာ ရောင်းခြင်းဖြစ်သည်။

သမီးနှင့်သားများက အသက်နှစ်နှစ်ခန့်သာကွာကြသောကြောင့်အရွယ်ရောက်လာသော အခါခန္ဓာကိုယ် ဖွံ့ထွားမှုသိပ်မကွာကြကာ အရွယ်မတိမ်းမယိမ်းဟုထင်ရပြီး အထူးသဖြင့် ရွှေရီနှင့်ငွေရီတို့နှစ်ဦးအား အမွှာညီအစ်မဟုထင်ကြရလေသည်။

ရွှေရီက အကြီးဖြစ်ပြီး ငွေရီကအငယ်ဖြစ်သည်။

မောင်ဖြစ်သူနာမည်ကား မဲလုံးဟုခေါ်ကာ မွေးရာပါ အသိညာဏ်ချို့တဲ့သူဖြစ်သောကြောင့်အစ်မနှစ်ဦးက သနားချစ်ပိုကာ ဝိုင်းချစ်ကြလေသည်။

ရွှေရီနှင့်ငွေရီတို့ညီအစ်မနှစ်ဦးက ဇာတ်မင်းသား သိန်းဇော်ကို အလွန်ပင်ကြိုက်ကြလေသည်။

မစိုးက အကြော်ရောင်းကာ တစ်မိသားစုလုံးဝမ်းရေးဖြေရှင်းရသောကြောင့် ရွှေရီနှင့်ငွေရီတို့သေစာ ရှင်စာ ဖတ်တတ်ရုံသာအတန်းကျောင်းတတ်ခဲ့ရပြီး မူလတန်း၌ပင်ကျောင်းထွက်လိုက်ကြရသည်။

ညီအစ်မနှစ်ယောက်တွင် တစ်ဦးက မဲလုံးကိုထိန်းကာ တစ်ဦးက မိခင်ကိုကူညီရလေသည်။

မဲလုံးက အရွယ်ရောက်လာသော်လည်း အသိဉာဏ်က ကလေးတစ်ဦးကဲ့သို့သာရှိလေသည်။

“မရွှေ ဒီတစ်ခေါက်ရွာ ဇာတ်ပွဲလာရင် မောင်လေးနဲ့ သွားကြည့်ရအောင် မောင်လေးက ဇာတ်ပွဲ မကြည့်ဖူးရှာဘူး”

“အေးပါငွေရီရယ် ကြည့်ကြတာပေါ့ အလှူအိမ်က ဖိတ်တုန်းက ရထားတဲ့ အင်္ကျီစလေးတွေလဲ ချုပ်ကြတာပေါ့”

ရွာထဲက အလှူအိမ်များက အပျိုမလေးများအား ဖိတ်ရာတွင် အင်္ကျီစ လေးများဖြင့် ဖိတ်လေ့ရှိသည်။

ထိုအခါ ငြိမ်ပြီးနားထောင်နေရာကနေ မဲလုံးက

“သားကိုလဲ အင်္ကျီစ ချုပ်ပေးဦး”

“မောင်လေးအတွက် ဘုရားပွဲမှာ ဘောလုံးကန်ဝတ်တဲ့ ဝတ်စုံလေးဝယ်ပေးမယ်နော်”

“ဟေးပျော်လိုက်တာ ဟေ့ ပျော်လိုက်တာ ”

ဟုဆိုကာ ခုန်ပေါက်ပြေးလွှားနေလေတော့သည်။
မစိုးလဲ သမီးနှစ်ယောက်ကိုကြည့်ကာ

“ငါ့သမီးတွေတောင် အပျိုဖြစ်နေကြပြီ ငါ့သမီးလေးတွေ ဝတ်ချင်စားချင်ရှာမှာပဲ ”

ဆင်းရဲနုံချာသော မိမိတို့၏ဘဝကို တွေးကာ စိတ်မကောင်းဝမ်းနည်းမှုများက မျက်ရည်များ အဖြစ်စီးကျလာလေသည်။

ရွှေရီက

“အမေ ငိုနေတာလား ဘာလို့ငိုတာလဲ အမေရယ် မငိုပါနဲ့.”

ဟုဆိုရာ ငွေရီကလည်း

“အမေရယ် သမီးဇာတ်ပွဲကြည့်ချင်တယ်ဆိုလို့လားဟင်၊ အမေမကြိုက်ရင် သမီးမပြောတော့ဘူး ပွဲလည်းမကြည့်တော့ပါဘူး ”

ဒေါ်စိုးက ခေါင်းကိုဖြေးညှင်းစွာ ခါယမ်းလိုက်ပြီး

” မဟုတ်ပါဘူး သမီးတို့ရယ် သမီးတို့ကို မဝတ်ရ မစားရတာကို တွေးပြီး အမေဝမ်းနည်းလို့ပါ ”

ဟု ပြောရင်းမျက်ရည်သုတ်လိုက်၏။

ရွှေရီက

“အမေရယ် စိတ်မကောင်းစရာတွေမတွေးပါနဲ့၊ သမီးတို့ဒီနှစ် ပဲနုတ်ချိန် ပဲနုတ်လိုက်ရင် အဆင်ပြေမှာ၊
ဒီနှစ်က ရွာမှာပဲတွေသိပ်ကောင်းတာ အမေရဲ့ ၊သမီးတို့ညီအစ်မနှစ်ယောက် ပဲနုတ်လိုက်ချိန်သာ အမေ မဲလုံးကို ကြည့်ထားရမှာ၊
ရွာကလူပျိုတွေနဲ့ မောင်လေးကို ပေးမပေါင်းနဲ့နော် အမေ၊ ဟိုနေ့ကလဲ ဖိုးထောင်တို့ မောင်လေးကို ခေါ်ပြီး အရက်တိုက်လွှတ်လိုက်တာ ၊ပြီးတော့ သမီးတို့ညီအစ်မကိုလဲ ရိသဲ့သဲ့နဲ့ လူယုတ်မာတွေ”

ဖိုးထောင်ဆိုသူမှာ နှာယောင်ပွပွနဲ့ နှာဘူးရုပ်၊
ရွာက အပျိုအအို တစ်ခုလပ်မရှောင် ဖွန်ကြောင်တတ်သူ။

သူ့မိဘက အရက်ပုန်းရောင်းကာ ပိုက်ဆံလေး နဲနဲ ရှိတော့ မြောက်ကြွကြွ၊
ဘာအလုပ်မှလက်ကြောတင်းအောင်မလုပ် သူများသားသမီးကို သားပြောမယားပြော ဆို ထိပ်ဆုံးက၊တစ်ရွာလုံး၏ချဥ်ဖတ်ဆိုလျှင်လည်းမမှား ။

ရွှေရီတို့ညီအစ်မက လုံးကြီးပေါက်လှသူတွေမို့ ရွှေရီတို့ကို တွေ့လျှင် သွားရည်တမြားမြားနှင့် ရိသဲ့သဲ့လုပ်လေ့ရှိသည်။

ဒီနှစ်ရွာမှာ ပဲတွေ ကောင်းတော့ ရွှေရီနှင့်ငွေရီ ပျော်မဆုံး ကိုယ်တိုင်မစိုက်ပေမဲ့ပဲနုတ်လိုက်လျှင် မြေပဲ များအား ပဲနုတ်ခအဖြစ် ရသောကြောင့်ဖြစ်သည်။

မနှစ်ကပဲတွေ သိပ်မကောင်းတာတောင် ရွှေရီတို့ညီအစ်မ ပဲနုတ်လိုက်တာ အတော်ပင်အဆင်ပြေခဲ့သည်။

ရွှေရီတို့ညီအစ်မကအလုပ်ကို မခိုမကပ်ပဲ ကြိုးစားသောကြောင့် ပဲခင်းပိုင်ရှင်များက ရွှေရီတို့ကို အမြဲခေါ်ကြသည်။

ထိုရွာသို့ ကျောင်းဆရာလေး ကိုအောင်ရောက်လာတော့ တစ်ရွာလုံးက ဆရာလေးအား အလွန်ချစ်ခင်ကြလေသည်။

ဆရာလေး အိမ်သို့ ရွာက အပျိုဖြူချောလေးများက ဟင်းများလာပို့ကြကာ ရေလာမြောင်းပေးပြုတတ်ကြသည်။

ဆရာလေးရုပ်ရည်က တည်ကြည်ခန့်ညားပြီး လူကုန်ထံအသိုင်းအဝိုင်းမှဆင်းတက်လာသော သဌေးသားဖြစ်သောကြောင့် နုနုရွရွနှင့် ပျိုတိုင်းကြိုက်သောနှင်းဆီခိုင်ပင်။
စာအသင်အပြကောင်းသောကြောင့် ဆရာလေးရောက်သောနှစ်၌ လေးတန်းကလေးများတန်းလုံးကျွတ်အောင်ကြလေသည်။(ထိုစဥ်အခါက လေးတန်း၊ရှစ်တန်း ၊ဆယ်တန်းက အစိုးရစစ်ဖြစ်သည်။)

ဆရာလေးမိဘများက မြို့ကြီးပြကြီးမှလူချမ်းသာများဖြစ်ကြသော်လည်း ဆရာလေးမူကား ဝါသနာကိုအခြေပြုကာ ကျောင်းဆရာအလုပ်ကိုပင် ရွေးချယ်ခဲ့သည်။

ဆရာလေးအား ဖိုးထောင်အုပ်စုမှကြည့်မရ။
သူ့ကို အနားကပ်မခံသော အပျိုတစ်သိုက်က ဆရာလေးကိုဆိုလျှင် သဲသဲလှုပ်ကြသောကြောင့်ဖြစ်သည်။

ဆရာလေးက ​ေရွှရီ့​မောင်လေး မဲလုံးကိုကား အတော်လေးဂရုဏာထားကာ ချစ်ခင်​သည်။

ဆရာလေး မြို့တက်ပြီး ပြန်လာလျှင်မဲလုံးအတွက် စားစရာ မုန့်များ အဝတ်အထည်လေးများ ဝယ်လာတတ်သေးသည်။
မဲလုံးလဲ ဆရာလေး မြို့တက်လျှင် ဖင်တကြွကြွနှင့်မျှော်တတ်သည်။

အနေအထိုင်သေသပ်ပြီးအသားအရေ ညိုညက်ကာ လှပသော ရွှေရီ့ကိုလည်း ဆရာလေးက သံယောဇဥ်ရှိပုံရသည်။

ရွှေရီက လည်းဆရာလေးအားသဘောကျသော်လည်း ချမ်းသာသော ဆရာလေး ဘဝနှင့် မိမိဘဝကား မည်သို့မှမဖြစ်နိုင်သည်မို့ ခပ်ကင်းကင်းသာနေတတ်သည်။

ငွေရီကတော့ မရွှေရီနှင့်ဆရာလေးအား သဘောတူသည်။
တစ်နေ့ဆရာလေးမြို့ကပြန်တော့ ဖိုးထောင်အတွက်မုန့်များအပြင် ရွှေရီတို့ညီအစ်မအတွက် အဝတ်များဝယ်လာသည်။

“ရွှေရီရေ ရွာဘုရားပွဲလည်းနီးပြီဆိုတော့ ရွှေရီတို့ညီအစ်မအတွက်ကိုယ် အဝတ်လေးတစ်စုံစီ ဝယ်လာတယ်၊ ဖွားစိုးအတွက်တော့ ဘုရားသွားဖို့ ရောဂီတဘက်လေး ဝယ်လာတယ် ၊မဲလုံးအတွက်တော့ မုန့်တွေပေါ့”

“မယူပါရစေနဲ့ဆရာလေးရယ် တော်ကြာရွာကလူတွေတစ်မျိုးထင်နေပါ့မယ်၊ ရွှေရီတို့မှာ ဘာမှမရှိပါဘူးဆရာလေးရယ် ၊ဂုဏ်သိက္ခာလေးတစ်ခုပဲရှိတာပါ အဲတာလေးတော့ အပွန်းအဆင်းမခံပါရစေနဲ့နော် ”
ဟုဆိုကာ ထိုအဝတ်ထုပ်အား ပြန်ပေးလိုက်သည်။

“စိတ်သန့်သန့်နဲ့ယူပါ ရွှေရီဒါက ကျွန်တော့လစာနဲ့ ဝယ်ပေးတာပါ။ခုက ဘုရားပွဲလဲနီးပြီလေ ၊ကျွန်တော်ကဝန်ထမ်းမို့လား ရေစက်ရှိခိုက် အမှတ်တရပေးတယ်လို့သဘောထားပြီးယူလိုက်ပါ ၊ကျွန်တော်အခြားရွာကို ပြောင်းရရင်လဲ အမှတ်တရပေါ့ ရွှေရီရယ်”

ရွှေရီမျက်ဝန်းက ပြိုတော့မယ့်မိုးလို ညှို့မှိုင်းသွားပြီး
“ဆရာလေးက ပြောင်းရတော့မှာလား”
ဟုပြောကာ အသံများတိမ်ဝင်သွားတော့သည်။

မဲလုံးက “ဆရာလေး မပြောင်းရဘူး မသွားရဘူး”ဟုဆိုကာ အသံပြဲကြီးနဲ့ ငိုပါလေတော့သည်။

“ဆရာမပြောင်းရသေးပါဘူး မဲလုံးရယ် သဘောပြောပြတာပါ ၊မရွှေရီကသာ လက်ခံရင် ဆရာလေး သားတို့အိမ်မှာ တစ်သက်လုံးနေသွားချင်တာ”

“အိုဆရာလေးကလဲ မဲလုံးဆီဘာတွေ လျှောက်ပြောမှန်းမသိပါဘူး”
ဟုဆိုကာရွှေရီတစ်ယောက် အိပ်ယာခန်းထဲပြေးဝင်သွား၏။

ဒေါ်စိုးက ရွှေရီအားကြည့်ကာ ပြုံးနေလေသည်။

ဟုတ်တယ်လေ မိမိလိုမုဆိုးမကြီးရဲ့သမီးကို ဆရာလေးလို လူက သဘောကျသည်ဆိုတော့ ကျေနပ်သည်ပေါ့။

ဆရာလေး ဘက်က ချမ်းသာမှုတွေ ဒေါ်စိုးမမက်မော။
ဆရာလေး ရဲ့ မဲလုံးအပေါ် ဂရုစိုက်မှု၊ တည်ငြိမ်မှု ၊သမီးလေးအပေါ် တန်ဖိုးထားမှုတွေကို သာဒေါ်စိုးမက်မောသည်။

တစ်နေ့ရွာဘုရားပွဲရောက်တော့ မဲလုံးတို့မိသားစုနှင့် ဆရာလေးအပါအဝင်အိမ်နီးချင်းများ လှည်းကြီးနှင့်ဘုရားပွဲ သွားကြတော့သည်။

ဘုရားပွဲတွင်ဇာတ်ပွဲအပြင် ရုပ်သေးရုပ်ပြသည့်ပွဲလည်းပါလေသည်။
ရုပ်သေးရုပ်ကြိုးဆွဲဆရာက ကြိုးဆွဲရာတွင်အလွန်တော်လေသည်။

ရုပ်သေးကြိုးဆွဲဆရာက ကိုဘကောင်းဟုအမည်တွင်သည်။

ရွာကလူတွေလဲ ရုပ်သေးပွဲကိုအလွန်သဘောကျရာ ရွာလူကြီး လဲ ရုပ်သေးရုပ်အဖွဲ့အား အိမ်သို့ဖိတ်ကြားကာ ထမင်းကျွေးသည်။

မဲလုံးက ရုပ်သေးရုပ်ဆရာများအားသွားကြည့်မည်ဟုပူဆာသောကြောင့်ငွေရီလိုက်ပို့ရလေသည်။

အသားညိုညက်ညက် စံပယ်တင်မှည့်လေးနှင့် လှသော ငွေရီအားရုပ်သေးအဖွဲ့မှသတိထားမိကြသည်။

ကိုဘကောင်းက “သူကြီးမင်း ဟိုကောင်မလေးက ဘယ်သူလဲဟုမေးရာ

“ဩမစိုးသမီးအငယ်မ ငွေရီလေ ၊သူ့ဘေးက သူ့မောင်မဲလုံးတ့ဲ၊ မဲလုံးကြပ်မပြည့်ရှာဘူး လူကသာကြီးတာ ကလေးလိုပဲ”

“အော်သနားစရာပါလား ”

နောက်ရက်၌ဒေါ်စိုးအိမ်သို့ရုပ်သေးဆရာ ကိုဘကောင်းနှင့်သူ့တပည့်တစ်ဦး ရောက်လာကြ၏။

ရွှေရီနှင့်ငွေရီတို့လဲ ကိုဘကောင်းတို့အား မြေပဲလှော် ရေနွေးကြမ်းလေးနှင့်ဧည့်ခံလေသည်။

မဲလုံးအတွက်ဟုဆိုကာ ရုပ်သေးမင်းသမီးရုပ်လေးအား လက်ဆောင်ပေးလေသည်။

ရုပ်သေးရုပ်မင်းသမီးရုပ်လေးအား ကိုဘကောင်းမှ ကြိုးဆွဲပြလေရာ ရွှေရီတို့မိသားစုလဲ သဘောအကျကြီး ကျနေလေတော့သည်။

“တော်လိုက်တာ ကိုဘကောင်းရယ် ငွေရီလဲ ကြိုးဆွဲတတ်ချင်လိုက်တာ”

ကိုဘကောင်းမျက်နှာ ဝင်းလက်သွားပြီး

“ကိုယ်မပြန်ခင်သင်ပေးမယ်လေ ငွေရီ ၊ကိုယ်အားတဲ့အချိန်လာသင်ပေးမယ်”

“မဟုတ်တာပဲ ကိုဘကောင်းရယ် ငွေရီပြောတာ စိတ်ထဲမထားပါနဲ့ ငွေရီတို့ဘဝနဲ့ အနုပညာက အဝေးကြီးပါ”

ငွေရီမျက်နှာလေး မှိုင်းညှို့သွားသည်။

မဲလုံးကလည်း

“ရဘူး ရဘူး မမကိုသင်ပေးလိုက် ဒါမှမမက သားကိုအရုပ်လေးနဲ့ကပြအောင် လုပ်ပြရမှာ”

“ဟုတ်တာပေါ့ မဲလုံးရ အရုပ်သာ ကြိုးဆွဲသူမရှိရင် ဘယ်အသက်ဝင်ပါတော့မလဲ စိတ်မပူပါနဲ့ ငွေရီ့ကို အစ်ကိုသင်ပေးမှာပါဟု ”

ဘကောင်းကငွေရီအား ရွှန်းရွှန်းစားစားကြည့်ရင်းဆိုလိုက်၏။

ရွှေရီကတော့ သက်ပြင်းရှည်ကြီးကိုသာ ချမိတော့သည်။

နောက်ရက် ကိုဘကောင်းအားလျှင် ဒေါ်စိုးအိမ်သို့လာကာ ငွေရီအား ကြိုးဆွဲပညာအား သင်ပေးတော့သည်။

ဉာဏ်ကောင်းသော ငွေရီကား မကြာမှီ ကြိုးဆွဲတတ်လာကာ ကိုဘကောင်းနှင့်လည်းသံယောဇဥ်ကြိုးချည်နှောင်မိကြတော့သည်။

“ညီမလေးငွေရီ ညီမလေးက မိန်းခလေးပါ ၊ကိုဘကောင်းနဲ့ တပူးပူးတတွဲတွဲသွားလာနေကြတာ လူမြင်မသင့်တယ်ဘူး။ တစ်ကယ်လို့ ကိုဘကောင်းသာ ညီမလေးကို မေတ္တာ စစ်နဲ့ ချစ်ရင် လူကြီးစုံရာနဲ့ လာတောင်းခိုင်းလိုက်ပါ ”

“အို မမနဲ့ ဆရာလေး တုန်းကရော ငွေရီဘာပြောလို့လဲ
ငွေရီအလှည့်မှလာမပြောနဲ့ ”
ဟုဆိုကာ ဆူဆောင့်ကာ အခန်းထဲ ဝင်သွားတော့သည်။

“ငွေရီ နင့်အစ်မကြီးနဲ့ ဆရာလေးက ခုထိ သမီးရည်းစားတောင်မဖြစ်ကြသေးဘူး။
ပြီးတော့ဆရာလေးကလဲ အနေအထိုင်အင်မတန်မှဆင်ခြင်တဲ့သူ၊နင့်ကိုဘကောင်းက ဘယ်အရပ်ဇာတိလည်း မသိ၊ ဘယ်ကိုသွားပြီး ဘယ်လာမယ်မသိ၊
နောက်ဆုံး ညည်းပဲ ကိုယ်ကျိုးနဲရမှာမို့ စေတနာနဲ့ တားနေတာ ၊အစ်မနဲ့ အမေစကား နားထောင်ပါ အေ”

“ဘာလဲအမေ ကိုဘကောင်းက ဆရာလေးလိုသူဌေးသား မဟုတ်လို့လား ဘွဲ့ရပညာတတ်မဟုတ်လို့လား ”

“ငွေရီနင် မဟုတ်တာလျှောက်မပြောနဲ့၊
ငါနဲ့ဆရာလေးက ခုထိရိုးရိုးသားသားတွေ၊
ငါက မိန်းကလေးမို့ အညှာမလွယ်ဘူး ၊
သူ့ဟာသူ သူဌေးသားပညာတတ်ဖြစ်နေပါစေ၊ ပြီးတော့ အမေနဲ့ငါကလည်း သူဌေးသားမို့ပညာတတ်မို့ လက်ခံစကားပြောတာမဟုတ်ဘူး ၊ဆရာလေး အကြောင်းနင်လဲသိသားပဲ၊
ငါက ရှေ့ဆက်မတိုးနဲ့ဆိုလည်း အေးဆေးပဲ ငါဆရာလေးအချစ်ကို လက်မခံလဲ ဘာမှမဖြစ်ဘူး ခုက ညည်းအတွက်ပြောနေတာ ”
ဟုဆိုကာ ငိုလေသည်။

“ရတယ်လေ အဲဒါဆိုငွေရီ ကိုဘကောင်းနဲ့ လိုက်သွားလိုက်တော့မယ်၊ ဒါဆိုအမေနဲ့မမလည်း သိက္ခာမကျတော့ဘူးမဟုတ်လား ”
ဟုဆိုကာ ရုပ်သေးရုပ်အားပိုက်ကာ အိမ်မှခြေလှမ်းကျဲကြီးဖြင့် ထွက်ခွာသွားတော့သည်။

“မသွားပါနဲ့ညီမလေးရယ်”
ဟုဆိုကာရွှေရီက တားသော်လည်းမမီတော့ ။

“နေပါစေ ရွှေရီ ၊အမေနဲ့အစ်မစေတနာကို နားမလည်မှတော့ ဒင်းထိုက်နဲ့ ဒင်းကံပအေ”
မိခင်ဖြစ်သူ မျက်ရည်များစီးကျလာလေသည်။

မဲလုံးက ပြဿနာမတက်ဖူးသောမိသားစု၌ ဤသို့အဖြစ်ကို မြင်တော့ မျက်လုံးလေး ကလည်ကလည်ဖြင့် ကြည့်နေရှာသည်။

ငွေရီကိုဘကောင်းထံရောက်တော့ အကျိုးအကြောင်းပြောပြတော့သည်။

ကိုဘကောင်းလည်းငွေ့ရီအားပွေ့ဖက် ချော့မြူရင်း ဘုန်းကြီးကျောင်းအစပ်တောလေးထဲ၌ အချစ်နယ်ကျွံမိသွားကြတော့သည်။

သူတို့အဖြစ်ကို ချောင်းကြည့်နေကြသော မျက်လုံးများအား သတိမထားမိခ့ဲကြ။

“ငွေရီ ကိုယ့်နောက်လိုက်ဖို့ ကိုယ်ကအဆင်သင့်မဖြစ်သေးဘူး၊ကိုယ်ပွဲနှစ်ပွဲလောက်ကြိုးဆွဲပြီးရင် ကိုယ့်မိဘတွေနဲ့ ကိုယ်ငွေရီ့ကိုလာတောင်းမယ် ”

“ဘာ ကိုဘကောင်း ဒီအခြေအနေရောက်မှ ငွေရီအိမ်ပြန်ရမယ်ဟုတ်လား၊ ရှင်လူမှဟုတ်သေးရဲ့လား ၊ခုငွေရီဘယ်မျက်နှာနဲ့ အိမ်ပြန်ရမှာလဲ၊ ပြီးတော့ခုက ကိုယ်ဝန်ရှိလာရင် ဘယ်လိုလုပ်မလဲ ရှင့်မို့ပြောရက်တယ် ”

ဟုဆိုကာ ဘကောင်းအားပါးရိုက်လိုက်၏
ပြီးတော့ ငွေရီနှင့်ဘကောင်းရုန်းရင်းဆန်ခတ် အနည်းငယ်ဖြစ်ကာ ကိုဘကောင်းက ငွေရီအား ကျောခိုင်းလိုက်ကာထွက်လာ​သည်။

ငွေရီက ဘကောင်းနောက်ကျောအား နာကျည်းစွာကြည့်ပြီး တောက်ခေါက်လိုက်သည်။

ငွေရီ တစ်ယောက်တည်းကျန်ချိန်၌ ဖိုးထောင်တို့သုံးယောက်ရောက်လာကာ

“ငွေရီအစဥ်မပြေဘူးလား”

ဟုဆိုကာ ငွေရီ့လက်အားဆွဲလိုက်ရာ

“နင်တို့မယုတ်မာနဲ့နော် ငါ့ကိုဘာများထင်နေလဲ”

“ခုမှ အ ချင်ယောင်ဆောင်မနေနဲ့ ၊နင်နဲ့ဘကောင်းဘာတွေဖြစ်တယ်ဆိုတာ ငါတို့တွေ့ထားပြီးပြီ ၊
ခုမှ ကိုယ့်ကိုယ်ကို တန်ဖိုးထားချင်ယောင်ဆောင်မနေနဲ့ ၊ငါတို့ကိုလည်း မျှဝေကျွေးပါဦးငွေရီ”

ဟုဆိုကာ သုံးယောက်တစ်ယောက်အားမို့ ငွေရီ့ဘဝအားယုတ်မာကြတော့ ငွေရီ လဲရသည့်ခွန်အားနှင့်ဖိုးထောင်လက်အား ဆွဲကိုက်လိုက်၏။

“ခွေးမ ကိုက်တယ်ဟုတ်လား”

‘ဟု ဆိုကာ အနီးရှိသစ်ကိုင်းခြောက်နှင့်ငွေရီ့ ခေါင်းကို ကောက်ရိုက်လိုက်သည်။

“ဟာကိုဖိုးထောင် ကျုပ်တို့ လက်လွန်သွားပြီ ဘယ်နှယ့်လုပ်ကြမလဲ ”

“မထူးဘူးကွာ အသေသာသတ်လိုက်တော့ ၊ပြီးတော့ မင်းတို့ ဟန်မပျက်နေကြ၊ထင်စရာ ရှိရင် ဘကောင်းကို ထင်ကြလိမ့်မယ် ”

ဟုဆိုကာခေါင်းအားထပ်ရိုက်လိုက်​ကြကာ သေလောက်ပြီထင်မှ

” လာလာ လစ်ရအောင် ”
ဟုဆိုကာ ရွာထဲပြန်ပြေးကြတော့သည်။

ရွာသို့ရောက်သော် အိန္ဒြေမပျက်နေကြတော့သည်။

ငွေရီလဲ နာကျည်းမုန်းတီးမှုများဖြင့် ရုပ်သေးရုပ်လေးအားကြည့်ကာ အသက်ထွက်သွားတော့သည်။

ငွေရီ့ဘေးမှာကား ရုပ်သေးမင်းသမီးလေးက ပုံလျှက်သား။

ထိုနေ့ည ကိုဘကောင်းအဖွဲ့ ပြန်သွားပြီဟု သတင်းကြားတော့ ရွှေရီတို့သားအမိလည်း ငွေရီ ကိုဘကောင်းအဖွဲ့နှင့်ပါသွားသည်ဟုသာ ထင်နေမိသည်။

နောက်ရက် တောစပ်၌ အမျိုးသမီးအလောင်းတွေ့သည်ဟုဆိုတော့ တစ်ရွာလုံးသွားကြည့်တော့ ငွေရီ့အလောင်းဟုသိကြရသည်။

ဆရာလေးက သတင်းကြား၍ သွားကြည့်ပြီး

“အလောင်းဆီဘယ်သူမှမသွားကြနဲ့ ခြေရာလက်ရာ ပျက်သွားမယ်”

ဟုဆိုကာ ရွာသားအချို့အား စောင့်ခိုင်းထားလိုက်သည်။

ဆရာလေးလဲမြို့က သူငယ်ချင်းရဲအုပ်ထံ ကြိုးဖုန်းဆိုင်သို့သွားကာချက်ချင်းဖုန်းဆက်တော့မြို့မှ ရဲများ ကားဖြင့်ချက်ချင်းရောက်လာကာ အလောင်းအားစစ်ဆေးကြ ဓာတ်ပုံရိုက်ကြနှင့်။

ရွှေရီတို့သားအမိယူကြုံးမရ အရူးမီးဝိုင်းဖြစ်ကြရတော့သည်။

အမှုက အုပ်စုဖွဲ့ မုဒိမ်းကျင့်လူသတ်မှု။

​ေငွရီအလောင်းအားမြို့သို့သယ်သွားကြသည်။

ရုပ်သေးရုပ်လေးအား ညီမလေးရဲ့ နောက်ဆုံးပိုင်ဆိုင်ရာမို့ ရွှေရီကထွေးပိုက်လိုက်သည်။

“မိုက်လိုက်တာ ညီမလေးရယ်၊ ခုတော့ အရှက်တကွဲ အကျိုးနဲဖြစ်ကာ အသေဆိုးနဲ့သေရှာ ပါပေါ့လား ”
ဟုဆိုကာ အရုပ်လေးအားပိုက်လျှက်ငိုလေသည်။

မဲလုံးက အရုပ်လေးကို လှမ်းယူရင်း

“မမငွေရီ မမခေါင်းက ဘာဖြစ်တာလဲဟင် မမငွေရီမငိုနဲ့တိတ်တိတ်ဟု ”

မဲလုံးစကားကြောင့် အရုပ်လေးအားလှမ်းကြည့်မိတော့ အရုပ်လေးက ပြုံးလျှက်သားပင်။

အရုပ်လေးလက်တွင်စွန်းပေနေသော ငွေရီ့သွေးစက်လေးကိုက မည်သူမှသတိမထားမိကြ။

မဲလုံးက အရုပ်လေးအား ဘယ်သူကိုမှ မပေးတော့ပဲ အရုပ်လေးနဲ့သာ စကားတတွတ်တွတ်ပြောနေတော့သည်။

ရွှေရီနဲ့ဒေါ်စိုးလဲ မဲလုံးလေးအဖြစ်ကိုကြည့်ကာ ဝမ်းနည်းမဆုံး။ဆရာလေးလဲ စိတ်မကောင်းဖြစ်ရုံမှတစ်ပါး မတတ်နိုင်ပေ။

ညတွင်လည်း မဲလုံးလေးက ထိုရုပ်သေးရုပ်လေးနဲ့ သာဖက်အိပ်သည်။တစ်ခါတစ်ရံ လက်ခုပ်တီးကာ

” မမငွေရီကတာလှတယ်ဟေ့ က က ”
ဟုဆိုတတ်လေသည်။

ရဲများကလည်း ဘကောင်းအား ခေါ်စစ်ရာ ငွေရီနှင့် တောစပ်တွင်စကားပြောပြီးနောက် ငွေရီအား အိမ်ပြန်ဖို့ ချော့မော့ပြောဆိုတော့ ငွေရီက မိမိအား ပါးရိုက်ကြောင်း ။မိမိလည်း စိတ်ဆိုးကာ ပြန်ခဲ့ကြောင်း ထွက်ဆိုသည်။

ရဲအုပ်က ဆရာလေးဆီဖုန်းဆက်ကာ သတ်သည်မှာ ဘကောင်းမဖြစ်နိုင်ကြောင်း၊ ရွာထဲမှအုပ်စုလိုက်နေသော ရွာသားများ သာသတိထား ကြည့်ပေးပါရန်နှင့် မိမိလည်း ရွာသို့လာရောက်စုံစမ်းမည်ဖြစ်ကြောင်းသူငယ်ချင်း​ဖြစ်သူ ကိုအောင်ထံ ဖုန်းဆက်လာသည်။

ကိုအောင်လဲ သူကြီးထံ သူငယ်ချင်းမှာကြားသည်များအားသွားပြောလိုက်၏။

သူကြီးလဲ တွေးတွေးဆဆနဲ့ စဥ်းစားကာ ဖိုးထောင်တို့အုပ်စုအား သံသယဝင်လျှက်ရှိသည်။

သူတို့အုပ်စုသာလျှင် လောင်းကစား မိန်းမကိစ္စဝာသနာ ပါကြသည်မဟုတ်လား။

ထိုနေ့ည ဖိုးထောင်တို့သုံးယောက် ကင်းစောင့်တာဝန်ကျလေရာ ခွေးများကလည်း အလွန်အမင်းအူလျှက်ရှိလေသည်။

ကင်းတဲဘေးတွင် ခြေသံတရှပ်ရှပ်ကြားရခြင်း၊မိန်းကလေးတစ်ဦးရယ်မောသံကြားလိုက် ၊ငိုသည်းသံကြားလိုက်နှင့် တစ်ညလုံး အိပ်မရကြ။သုံးယောက်သား မနက်လေးနာရီထိ ငုတ်တုတ်ထိုင်နေကြရသည်။

တစ်ယောက်က

“ဖိုးထောင်ငွေရီလားမသိဘူး ငါကြောက်တယ်”

“ဟေ့ကောင်မင်း ပါးစပ်ပိတ်ထား အားလုံးထောင်ထဲ ရောက်ကုန်မယ်။သူကြီးကလည်း ငါတို့ကိုသံသယဝင်နေတာ နောက်တစ်ခါမင်းထပ်ပြောရင် မင်းကိုပါငွေရီ့နောက်ပို့ပစ်မယ် ကြားလား”

ကင်းတဲအပေါ်တွင် အသံသွင်းထားသော ကတ်ဆက်အသေးလေးကိုကား မည်သူမျှသတိမထားမိကြ။

မနက်စောစော ဒေါ်စိုးတို့သားအမိ အကြော်ရောင်းရန် ထွက်လာခဲဲ့ကြ၏။

မဲလုံးလဲ ရုပ်သေးရုပ်လေးအား သစ်ပင်အိုကြီးတွင်ချိတ်ကာ အပင်အောက်တွင် ထိုင်ကာ တစ်ဦးတည်းဆော့ကစားနေသည်။

ဖိုးထောင်တို့သုံးယောက်လဲ ကင်းစောင့်ပြီးပြီမို့ ရွာထဲသို့ဝင်လာရာ ဒေါ်စိုးအကြော်တဲအောက်လဲ ရောက်ရော ရုပ်သေးရုပ်က အဆမတန်လှုပ်လာလေသည်။

သူတို့မြင်လိုက်ရသည်က ​ေငွရီသည် ရုပ်သေးရုပ်မင်းသမီးအဝတ်အစားများဝတ်ဆင်ထားကာ မျက်နှာက ရုပ်သေးမင်းသမီးက့ဲသို့မျက်လုံးများပြူးကာ ပြုံးလျှက် မျက်တောင်မခတ်ပဲ ရုပ်သေးရုပ်ကဲ့ သို့သူတို့သွားမည့်လမ်း၌ က နေတော့သည်။

ဖိုးထောင်တို့သုံးယောက်လဲ ရပ်ပြီး ကြောင်ကြည့်နေရာ မဲလုံးက
” မမငွေရီကဟေ့ က လှတယ်”
ဟုလက်ခုပ်လက်ဝါးတီးကာ အားပေးနေသည်။

ငွေရီကနေရာမှ ကကွက်များတဖြေးဖြေး ကြမ်းလာကာ မျက်လုံးများ ပပြူးကျယ်လာပြီး သူ့မျက်နှာမှာပြုံးနေရာမှတ​ဖြည်းဖြည်း တည်ကာ က​လျှက်ဖြင့်ပင် သူတို့နှင့်တဖြေးဖြေး နီးကပ်လာသည်။

ထိုအခါမှဖိုးထောင်တို့လည်း သတိဝင်လာကာ

“ငွေရီသရဲမကြီး က ပြီးလာနေပြီ ပြေးကြပြေးကြ”
ဟုအော်ကာ ပုဆိုးပင်မနိုင် ထွက်ပြေးကြတော့သည်။

“မမငွေရီ …က …ပြီးလိုက်သွားပြီ၊ က..ပြီးလိုက်သွားပြီ”
ဟု လက်ခုပ်လက်ဝါးတီးကာမဲလုံးက အားပေးနေ၏။
ဒေါ်စိုးနှင့်ရွှေရီလဲ ကြောင်ကြည့်နေမိကြသည်။
သူတို့နှစ်ဦးကား ဘာကိုမျှ မမြင်ကြရပေ။

အချိန်ကား မိုးပင်ကောင်းကောင်းမလင်းသေး။

ဖိုးထောင်တို့လည်း ပြေးရင်းနောက်လှည့်ကြည့်တော့ ဒေါသတကြီးရုပ်သေးကဲ့သို့က ကာလိုက်လာသော ငွေရီကိုတွေ့ကြရာ ဖိုးထောင်တို့သုံးယောက်ခလုတ်တိုက်ကာချော် လဲကြတော့သည်။

ရုပ်သေးမျက်နှာနှင့်ငွေရီကား ဖိုးထောင်လည်ပင်းထက်၌ ဒေါသသကြီးတက်ကာ ခုန်ပေါက် ကနေလေရာ ထို နေရာ၌ပင် ဖိုးထောင်ကမလှုပ်နိုင်တော့ဘဲမျက်လုံးကြီးပြူးလျှက် အသက်ပါထွက်သွားတော့သည်။

ကျန်နှစ်ယောက်က မပြေးနိုင်မလှုပ်နိုင်ကြတော့ဘဲ ကြောင်လျှက်ကြည့်နေစဥ် နောက်တစ်ဦးအပေါ် ဒေါသကြီး တက်ခုန်ကာ ကပြန်၏။

ခုန်ကနေစဥ် ရုပ်သေးမျက်နှာကဲ့သို့ဖြစ်နေသော ငွေရီ့ ခေါင်းကြီးက တဖြည်းဖြေးကြီးလာကာ လဲနေသောအခြားတစ်ဦးအထိ ရောက်လုဖြစ်လာလျှင် ထိုသူလဲ အားးးဟုအော်ကာ မေ့လဲသွားလေသည်။

ထိုချိန်တွင်ရွာသားများ ရောက်လာရာ အသက်မဲ့နေသော ဖိုးထောင်နှင့် အခြားတစ်ဦးအား တွေ့ကြရပြီး ကျန်တစ်ဦးအား သတိလစ်လျှက်သား တွေ့ကြရလေသည်။

ဆရာလေးလဲ မြို့က သူငယ်ချင်းရဲအုပ်အား ဖုန်းဆက်ရပြန်လေသည်။
မကြာမီရဲများရောက်လာကာ ရွာသူကြီးလဲ ကင်းတဲမှအသံသွင်း တိတ်ခွေအား ရဲအုပ်လက်သို့အပ်လိုက်သည်။

ရဲများက အလောင်းများအား ရင်ခွဲရုံသို့သယ်ကာ စစ်ဆေးကြည့်ရာ အလောင်းများရင်ဘက်၌ သစ်သားချောင်းနှင့်အထောင်းခံထားရသလိုဖြစ်လျက် ရင်ညွန့်နံရိုးများလည်း ကျိုးကြေနေသည်ကို ထူးဆန်းစွာ တွေ့ကြရလေသည်။

ကျန်တစ်ဦးမှာ သတိရလာကာ အလွန်အမင်းကြောက်လျှက် စကားပင်မပြောနိုင်ပါချေ။

အစောင့်အကြပ်များနှင့်ဆေးရုံတွင်နေရလေသည်။

ငွေရီ့ကို သတ်သောသူများကို ငွေရီက အငြိုးကြီးစွာလက်စားချေလိုက်သည်ဟူသော သတင်းကား တစ်ရွာလုံးပျံ့လျှက်ရှိသည်။

ကျန်တစ်ဦး ဆေးရုံတွင်အိပ်နေစဥ် သတိရကာ မျက်လုံးဖွင့်ကြည့်တော့ ရုပ်သေးမျက်နှာနှင့်ငွေရီအား မျက်နှာကျက်တွင် ကပ်နေတာတွေ့ရပြီးတစ်ခဏ၌ သူ့အပေါ်သို့ အငြိုးကြီးစွာ ခုန်ချကာ ဒေါသတကြီး တက်ကာ ကခုန်နေလေတော့သည်။

အစောင့်များလဲ ရုန်းရင်းဆန်ခတ်ဖြစ်နေသော သူ့ထံသို့ရောက်သောအခါထိုသူမှာ ဖိုးထောင်တို့သေစဥ်တုန်းက အတိုင်း ရင်ဘတ်တစ်ခုလုံး အညိုအမဲစွဲကာ သေဆုံးနေသော ထိုသူ့အလောင်းကိုသာ တွေ့လိုက်ရသည်။

ဆရာလေး သူငယ်ချင်းရဲအုပ်ကလည်း မိမိတစ်သက်သာတွင် ထိုကဲ့သို့ အမှုမျိုး မတွေ့ဖူးကြောင်း အံ့ဩစွာ ပြောဆိုကြလေတော့သည်။

လူသတ်တရားခံများကိုလည်းသိလိုက်ကြရပြီးတရားခံများအားလုံးလဲ သေကြပြီဖြစ်လေသည်။

ရွှေရီ တို့သားအမိလည်း ကြိုးဆွဲရုပ်လေးအား ကြည့်ပြီး

“ညီမလေး ငွေရီ၊ ညီမလေးကိုသတ်တဲ့သူတွေကိုဂလဲ့စားချေပြီးပြီပဲ ကျေနပ်ပါတော့ညီမလေးရယ်”
ဟုဆိုကာ ရုပ်သေးရုပ်အား မြစ်ထဲသွားမျှောလိုက်ကြသည်။

ထို့နေ့မနက်၌ပင် ငွေရီ့အားရည်စူးကာ ဘုန်းကြီးကျောင်းသို့နေ့ဆွမ်းပို့ကာ တရားနာအမျှပေးဝေကြ၏။

မဲလုံးကား အရုပ်လေးမရှိတော့၍တရှုပ်ရှုပ်ငိုနေရာ ဆရာလေးက

“မဲလုံးရာ ငိုမနေပါနဲ့တော့ ဒီတစ်ခေါက်ဆရာလေး လစာထုတ်မြို့တက်ရင် မဲလုံးအတွက် အရုပ်တွေအများကြီး ဝယ်ပေးမယ်နော်”
ဟုမနည်းချော့မှ အငိုရပ်၏။

မဲလုံးတစ်ရေးနိုးကာ အပေါ့သွားရန် အိမ် အောက်ဆင်းလာခဲ့၏။

ထိုအချိန်တွင်

“မောင်လေးရေ မဲလုံးရေ”

ဟုခေါ်သံကြောင့် ကြည့်လိုက်ရာ ငွေရီအား အိမ်ပေါက်ဝတွင်ရပ်နေသည်ကို တွေ့လိုက်ရသည်။

“မမငွေရီ အိမ်ပေါက်မှာ ဘာရပ်လုပ်နေတာလဲ ဝင်ခဲ့လေဟု ”

ဆိုကာ တံခါးသွားဖွင့်တော့ အိမ်ပေါက်ဝတွင် ကျနေသော ရုပ်သေးရုပ်လေးအား တွေ့လိုက်ရ၏။

မဲလုံးလဲ ရုပ်သေးရုပ်လေးအား ကောက်ကာ အိမ်ပေါ်တက်လာစဉ် ရွှေရီနိုးလာပြီး မဲလုံးလက်တွင်ကိုင်ထားသော ရုပ်သေးရုပ်အားတွေ့လိုက်တော့ အလွန်အမင်းအံ့ဩသွားလေသည်။

နောက်ရက်မနက်၌ ဆရာလေးက ရွှေရီတို့ အိမ်ကိုရောက်လာပြီး

“ရွှေရီတို့သားအမိတွေ ဘာတွေပြောနေကြတာလဲ ”
ရွှေရီက ဆရာလေးအား ရုပ်သေးရုပ်လေးအား ပြလိုက်ရာ ဆရာလေးလဲ အလွန်အမင်းအံ့ဩသွားသည်။

“ဟုတ်တယ် ဆရာလေး၊ငွေရီ့အရုပ်လေး ပြန်ရောက်နေတယ် ၊ကြည့်ရတာ ငွေရီ မအေးချမ်းနိုင်သေးဘူး ထင်တယ် ငွေရီလုပ်စရာတွေ ကျန်သေးတယ် ထင်တယ်။သနားစရာကောင်းတ့ဲ ငါ့ညီမလေး ဘယ်သူတွေများ သူ့အပေါ် ဘယ်လိုယုတ်မာကြလို့ မအေးချမ်းနိုင်သေးတာလဲ မသိပါဘူး ဆရာလေးရယ်”

ဆိုလိုက်ရာ ရွှေရီ့မျက်ရည်များက အရုပ်လေးမျက်နှာပေါ်စီးကျကာ အရုပ်လေးလဲ မျက်ရည်များ ကျနေသယောင်ဖြစ်သွားသည်။

“ဘယ်တတ်နိုင်ပါ့မလဲ ရွှေရီရယ် ညီမလေး​ ငွေရီ က ဘယ်သူ့ကိုမှလည်း မနှောင့်ယှက် ၊
ဘုရားတရားမြဲတဲ့အိမ်မှာ ဝင်ထွက်ခွင့်ရနေတယ်ဆိုတော့လည်း သူ့လုပ်စရာ ရှိတာတွေ ကံကြမ္မာက လုပ်ခွင့်ပေးထားပုံပါပဲ ကိုယ်တို့ ေစာင့်ကြည့်ကြရုံပေါ့”

ဟုပြောရင်း အရုပ်လေးကိုယူကာ ရွှေရီ မျက်ရည်များပေနေသောအရုပ် အားပုဝါလေးထုတ်ကာ သုတ်ပေးရင်း

“ညီမလေးငွေရီ အမြန်ဆုံးအေးချမ်းပါစေလို့ အစ်ကိုဆုတောင်းပေးနေပါတယ်”

ဟုဆိုကာ အရုပ်လေးအား မဲလုံးလက်ထဲ ထည့်ပေးလိုက်သည်။

မဲလုံးလေးကား အရုပ်လေးအားရသည်နှင့်

“ဆရာလေး သားကိုအရုပ်တွေဝယ်မပေးနဲ့တော့ ၊သား က မမငွေရီနဲ့ သွားဆော့လိုက်ဦးမယ်”

ဟုဆိုကာ အိမ်ရှေ့ပြေးထွက်၏

“မမငွေရီ က က မမကတာအရမ်းလှတယ်”ဟုဆိုကာ လက်ခုပ်တီးနေတော့သည်။

“ရွှေရီ အကြော်မရောင်းပဲ စက်ချုပ်သင်ပါလား ကိုယ့်အစ်မဝမ်းကွဲကိုဒီ ရွာမှာ စက်ချုပ်လာသင်ပေးဖို့ပြောထားတယ် ၊ဖွားစိုးလဲ အသက်ကြီးပြီ အကြော်ရောင်းရင်ကျန်းမာရေးထိခိုက်တယ် ”

ဒေါ်စိုးလဲ အားရဝမ်းသာနဲ့

“ဟုတ်သားပဲရွှေရီ ၊အမေတို့စုထားတဲ့ ငွေလေးနဲ့ စက်လေးတစ်လုံးလောက်ဝယ်ပြီး သမီးစက်ချုပ်သင်လိုက် ၊အမေလဲ အကြော်မရောင်းချင်တော့ဘူး ၊အကြော်ရောင်းရင် သမီးလေးငွေရီက ကူနေကြဆိုတော့ အမေ ငွေရီ့ကိုသိပ်လွမ်းတယ်”

“အင်းပါ အမေရယ် အမေက သင်စေချင်မှတော့သမီးသင်ပါ့မယ်”

ဟုဆိုလေရာ ဆရာလေးမျက်နှာဝင်းလက်သွားတော့သည်။
ငွေရီကသူ့ဘဝကို အညွန့်ချိုးသွားတဲ့ ဘကောင်းကို ဘယ်လိုလက်စားချေမှာလဲ။

ဘကောင်းကရော ဘယ်လိုလူလဲ ။

ဆရာလေးနဲ့ ရွှေရီရော ဘယ်လိုဇာတ်သိမ်းမလဲ ဆိုတာ အပိုင်း၂တွင်ဆက်လက်ဖတ်ရှုပေးကြပါရန်။
လေးစားလျက်
စာရေးသူ နန်းကြာညို

………အပိုင်း(၂). ………..

………ဇာတ်သိမ်း………….

ကိုဘကောင်းတစ်ယောက် ပွဲနားပြီမို့အိမ်ပြန်ရောက်လာခဲ့သည်။

ကိုဘကောင်းကား ​မန္တလေးမြို့တွင်ပညာလာသင်ရင်း မန္တလေးမြို့၌သာ အခြေချဖြစ်သည်။

အစက ဇာတ်သဘင်ပညာသင်ရန်ဖြစ်သော်လည်း မိမိဇာတ်သဘင်ထဲတွင်တောက်တိုမယ်ရအရံ လူရွှင်တော်ဘဝ ရရစားစားဘဝ၌သာ ရှိလေသည်။

ဇာတ်မင်းသားဖြစ်ရန်မှာ ရုပ်ရည်ရူပကာကား လှပေမှ ၊အကလည်းတော်ပေမှ၊ စန်းကလဲရှိပေမှ အောင်မြင်မည်ဖြစ်လေရာ ကြည့်ပျော်ရှုပျော်ရုပ်ရည်သာရှိသော ကိုဘကောင်း လိုငမွဲကား ဇာတ်မင်းသားမပြောနှင့် ဇာတ်အဖွဲ့တွင် ​တောက်တိုမယ်ရဘ ဝလေး၌သာ နေရသည်။

တစ်ခါတစ်ရံလိုအပ်လျှင် လူရွှင်တော်ဝင်လုပ်ရသော်လည်း ဟိုလူက ဘန်းနှင့်ကောက်ရိုက်လိုက် ဒီလူက ရိုက်လိုက်နှင့် အရှက်ကွဲမှ ပရိတ်သတ်တွေက သဘောကျကာ တဟား ဟားနှင့်ရယ်ကြသည်။

စင်ပေါ်မတက်ရလျှင် ဇာတ်ခုံနောက်ကွယ်၌ မင်မင်းသားခိုင်းလျှင် နှိပ်ပေးရ၊ လိုအပ်လျှင်ဆေးလိပ်လေးပြေးဝယ်ပေးရသည့် အလုပ်ဆိုလျှင် ပိုမှန်ပါလိမ့်မည်။

ကိုဘကောင်းကား ဆွေမရှိမျိုးမရှိ ဘုန်းကြီးကျောင်း၌ကပ်နေသော ဘုန်းကြီးကျောင်းသားဘဝမှ မန္တလေးသိန်းဇော် ဇာတ်အဖွဲ့အရမ်းအောင်မြင်ချိန်၌ ဘဘုန်းကြီးအား မန္တ​လေးတွင်ဇာတ်သဘင်ပညာသင်ယူမည်ဟုခွင့် တောင်းလေသည်။

ဘဘုန်းကြီးက တွက်ချက်ပေးကာ

“မောင်ဘကောင်း မင်းက သဘင်ပညာနဲ့ အကျိုးပေးမယ် ။ဆရာကောင်း တွေ့မယ် ။
ဒါပေမဲ့ ကံငါးပါးကိုအတတ်နိုင်ဆုံးထိန်းပါ ၊
မထိန်းလျှင် ပျက်စီးလိမ့်မယ်၊ အရမ်းအောင်မြင်လာလျှင် ပျက်စီးတတ်တယ် ။
အေ အေ ကံကောင်းပါစေ မောင်ဘကောင်း”

မောင်ဘကောင်းလည်း ဘဘုန်းကြီးအား ဦးခိုက်ကာ လွယ်အိတ်လေးလွယ်ကာ မန္တလေး သို့တက်လာခဲ့၏။

ဇာတ်ထဲ၌တောက်တိုမယ်ရဘဝ၌ လုပ်နေရင်းတစ်နေ့ ရုပ်သေးဆရာကြီး ဦးသိုင်းကြုံနဲ့ ဆုံမိရာမှ ရုပ်သေးရုပ်ပညာရပ်များကို စိတ်ဝင်စားလာကာ ဇာတ်သဘင်၌တောက်တိုမယ်ရ လူရွှင်တော်အရံဘဝ ကို စွန့်လွှတ်ကာ ရုပ်သေးကြိုးဆွဲသဘင်ပညာရပ်များကို အပတ်တကုတ်ကြိုးစားသင်ယူလေတော့သည်။

ဘကောင်း၏ ဇွဲရှိရှိကြိုးပမ်းမှုကြောင့် ဦးသိုင်းကြုံလဲ ပညာကုန်သင်ပေးလေတော့သည်။

ဘကောင်းက အောက်ခြေဘဝမှ လာသူဖြစ်သောကြောင့် အောက်သက်ကျေကာ အလိုက်သိသူလဲ ဖြစ်လေသည်။

ဦးသိုင်းကြုံသမီးပပ ကားမန္တလေးတက္ကသိုလ် ကျောင်းသူတစ်ဦးဖြစ်ကာ ဘကောင်းအားအဖတ်ပင်မလုပ် ၊တောသားဟုဆိုကာအလွန်နှိမ်လေ သည်။
အလကားနေရင်းဘဝင်ရူးကာ အလှဂုဏ်မောက်နေသော ပပအားလည်းဘကောင်းကြည့်မရပေ။

တစ်နေ့ ပပငိုနေလေသည်။
ဦးသိုင်းကြုံမှ ဘကောင်းအားခေါ်ကာ

“ဘကောင်း မင်းဆီကို အကူအညီတစ်ခုတောင်းချင်တယ် ဘယ်လိုမှမအောင့်မေ့ပါနဲ့ကွာ၊ ခုပပမှာကိုယ်ဝန်ရှိနေတယ် သူ့ကောင်က ကျောက်တူးရင်း တွင်းပိပြီး သေတဲ့အထဲမှာပါသွားတာ၊ဒီငမိုက်မ အသက်နဲ့ အရှက်အတွက် ဘကောင်းကူညီပေးပါ”

အရင်ကတော့ ဘကောင်းအားမတူသလိုမတန်သလို ဆက်ဆံသော ပပအား ကြည့်ကာ ဘကောင်း ခေါင်းရမ်းလိုက်ပြီး

“ကျန်တာ ဆရာဘာခိုင်းခိုင်းကျွန်တော်လုပ်ပါ့မယ် ဆရာ ၊ဒီမိန်းမနဲ့ကျုပ်နဲ့တော့ မဖြစ်နိုင်ဘူး”

ဟုငြင်းတော့ ဆရာကငိုရှာသည်။

“ကိုဘကောင်းရယ် ပပကို ကူညီပါနော် ၊ပပ ရှိကြီးခိုးပါရယ့်၊ ဗိုက်ထဲက ကလေး လေးကိုရော ပပကိုရောကယ်ပါ”

ဟုငိုယိုတောင်းပန်လေတော့သည်။

“မောင်ဘကောင်း မင်းသာငါ့သမီးပပကို လက်ထပ်ရင်ဆရာ့ ရုပ်သေးအဖွဲ့တစ်ခုလုံး မင်းလက်ထဲ အပ်ပါတယ်ကွာ သမီးလေးပပ ကိုကူညီပါ”

“ကျွန်တော်စဥ်းစားဦးမယ်ဗျာ ခဏလေးပါ ”

ဘကောင်းတွေးသည်က မိမိလို ဘုန်းကြီးကျောင်းသားက ပညာစုံပြီပဲထား ရုပ်သေးရုပ်တစ်ဖွဲ့လုံးကို ထူထောင်ရန်ဘယ်မှာလဲ ပိုက်ဆံ၊ပိုက်ဆံရှိပြီပဲထား ခုလိုအောင်မြင်သော အဖွဲ့ဖြစ်လာရန်မလွယ်ကူပေ ။

ပပအား ကြိုက်သည်မကြိုက်သည်အသာထား မိမိ ဘဝရည်မှန်းချက်များ ခေါင်းတစ်ချက် ငြိမ့်လိုက်သည်နှင့်ပြည့်မှာမို့

“ကောင်းပါပြီဆရာ ကျွန်တော်ပပကိုလက်ထပ်ပါ့မယ် ဆရာကတိလဲ တည်ပါစေ”

ဦးသိုင်းကြုံမှ နောက်ရက်တွင် ပပနှင့်မောင်ဘကောင်း အားလက်ထပ်ပေးလိုက်ပြီး ရုပ်သေးဇာတ်အဖွဲ့အားဘကောင်းအား လွှဲပေးလိုက်ကာ လူ့ဘဝအပူများအား ကျောခိုင်းကာ သာသနာ့ဘောင်ဝင်ရောက်သွားလေတော့သည်။

ပပလည်း ကိုယ်ဝန်ရင့်သောအခါ မြစ်ကြီးနားဘက်အဒေါ်ဖြစ်သူတွေထံ ကလေးမွေးရန်သွား ရင်း ရထားမှောက်သည့်ထဲပါ ကာ သေဆုံးသွား၏။

မောင်ဘကောင်းကား ပပတို့အိမ်ကြီးကိုလည်း ပိုင်ဆိုင်ခွင့်ရလိုက်သည်။

မောင်ဘကောင်းတို့ ရုပ်သေးကသော နယ်တွင် အပျိုချောလေး တစ်ယောက်ပြီး တစ်ယောက် အား ဘကောင်းခြေတော်တင်လေ တော့သည်။

အတည်အဖြစ် ဘယ်မိန်းခလေးကိုမှလက်မထပ်။

အချို့ကို ငွေဖြင့်တိုးတိုးတိတ်တိတ် ဖြေရှင်းသည်။

အချို့ကိုမူ နောက်တစ်ခေါက်လာမှလက်ထပ်မည်ဟုဆိုကာ ချော့ထားခဲ့သည်။

ဘဘုန်းကြီးမှာလိုက်သော စကားများကိုမေ့ကာ ဘကောင်းတစ်ယောက် သူများသားသမီးများကို ဖျက်ဆီးမိနေလေပြီ။

ယခုတစ်ရွာတွင်တော့ ငွေရီနှင့်ဆုံပြီးမှ ငွေရီ့ကိုလက်လွှတ်ရမလိုဖြစ်ခဲ့ရသည်။

ကံကောင်းချင်တော့ ပြန်ခါနီးအချိန်မှငွေရီက လိုက်လာကာ ငွေရီ့ခန္ဓာကိုယ်အားရလိုက်သည်။

ငွေရီအလှကားစွဲမက်ဖွယ်ရာကောင်းတာမို့ ဘကောင်း ငွေရီ့ကိုတစ်ကယ်ပင်လက်ထပ်ချင်သည်။

မြိူ့ပြန်ပြီး သေချာစဥ်းစားပြီးမှ ပြန်လာခေါ်မည်ဟု တွေးထားသော်လည်း ငွေရီက ပါးရိုက်သောကြောင့် ဘကောင်း စိတ်တိုကာ ထားပစ်ခဲ့သည်။

သူပြန်လာတော့ ငွေရီအသတ်ခံရသည့်သတင်းကြားကာ အစစ်အဆေးပင် ခံလိုက်ရသေးသည်။

ဘကောင်းငွေရီ့ကို အလွန်နှမြောကာ စိတ်မကောင်း ဖြစ်ရသည်။

ငွေရီ့ကို ကျောခိုင်းထွက်ပြီး လှည့်ကြည့်တော့ သူကိုမုန်းတီးနာကျည်းမှုတွေနဲ့ စိုက်ကြည့်နေသော မျက်နှာအား ဘကောင်းတစ်သက်မမေ့။

ငွေရီ့အားသတ်သည့်တရားခံများလည်း အသေဆိုးနှင့်သေဆုံးသွားကြောင်းသတင်းကြားရတော့ သူ့အပေါ်ငွေရီက ဘယ်လိုများတုန့်ပြန်မလဲဟု ဘကောင်းတစ်ယောက်တွေးနေမိသည်။

ဘကောင်းလဲ နောက်ပိုင်းမိန်းကလေး တွေနဲ့ ခပ်ကင်းကင်းနေသည်။

မိန်းကလေး များထံသို့ ကပ်မည်ဟု တွေးလိုက်လျှင် ထိုမိန်းကလေးမျက်နှာကနေ ငွေရီ့မျက်နှာဖြစ်သွားပြီး မျက်လုံးပေါက်ထွက်မတတ်ပြူးကြည့်နေသော မျက်နှာအဖြစ်ပြောင်းသွားသောကြောင့် ဘကောင်းလိပ်ပြာလွင့်မတတ်ကြောက်လန့်ရသည်။

ဤသို့ဖြင့် ရာသီစက်ဝိုင်းတစ်ခုလည်ပတ်သောအခါ ငွေရီ့တို့၏ ရွာဘုရားပွဲရာသီရောက်လေရာ ဘကောင်းတို့ရုပ်သေးသဘင်အဖွဲ့အားပွဲ ကဖို့ရွာလူကြီးကိုယ်တိုင်ပွဲလာငှားကြသည်။

ဘကောင်းထိုရွာသို့ မလိုက်ချင်။

ငွေရီနဲ့ ခြေရာချင်းထပ်ခဲ့သောရွာမို့လည်းသာ၍မသွားချင်။

ပွဲနားနေသည်ကလည်း ကြာပြီဖြစ်ရာ ပွဲငှားငွေကလည်း ခါတိုင်းထက်ပို ရသည်ကတစ်ကြောင်း၊ ရွာလူကြီးများကလည်း အရမ်းခင်နေသည်က တစ်ကြောင်းမို့ ဘကောင်းအားနာစွာလက်ခံလိုက်ရသည်။

နက်ဖြန် ငွေရီတို့ရွာဘုရားပွဲသို့သွားရန်တပည့်များက ပြင်ဆင်နေကြလေသည်။

ကိုဘကောင်းလဲ ငွေရီအကြောင်းတွေးရင်းအိပ်ပျော်သွား၏။

အိပ်မက်ထဲ၌ ငွေရီက မြစ်ကမ်းနဘေးတွင်ကိုဘကောင်းအား စောင့်နေလေသည်။

ကိုဘကောင်းတို့ မော်တော်ဘုတ်ရပ်တော့ ငွေရီက ဘကောင်းအား ပြေးကြိုလေသည်။

“ငွေရီ မင်းသေပြီမဟုတ်လား”

“ဘယ်ကလာသေနိုင်မှာလဲ ကိုဘကောင်းရယ် ကိုဘကောင်းကို စောင့်နေတာ ကြာပေါ့။ကိုဘကောင်း လက်ဆောင်ပေးထားတဲ့ အရုပ်လေးလေ ဒီမှာတွေ့လား”ဟုပြကာစံပယ်တင်မှည့်လေးနှင့်ငွေရီက သူ့အားပြုံးပြနေ၏။

“ရော့…ကိုဘကောင်း ​​အရင်လို ကြိုးဆွဲပြပါအုံး ”

ဟုဆိုကာ ဘကောင်းအား အရုပ်အားပေးလေသည်။

ဘကောင်းလဲ အရုပ်ကိုယူလိုက်ကာ ကြိုးဆွဲကပြလေသည်။

ထိုအခါ အရုပ်မှာ ငွေရီမျက်နှာအဖြစ်ပြောင်းသွားပြီး ကနေရင်းမှ အရုပ်ကတဖြေးဖြေးကြီးလာကာ လလူအရွယ်ဖြစ်သွား၏။

ငွေရီ့မျက်နှာနှင့်ရုပ်သေးရုပ်ကြီးက ကနေရင်းနှင့်တဖြည်းဖြည်းမြန်လာကာ မျက်နှာသည်လည်း တစ်ဖြေးဖြေး ခက်ထန်လာလေသည်။

ထို့နောက် ခေါင်းကြီးက တဖြေးဖြေး ကြီးလာကာ နီးကပ်လာသောကြောင့် ကိုဘကောင်းလဲ

“အားးးမလာနဲ့ ငွေရီမင်းခေါင်းကြီး ငါ့ဆီမလာနဲ့”

“ဆရာ ဘာတွေ ယောင်နေတာလဲ ထ ထ မော်တော်ဆီ သွားရအောင် အဆင်သင့်ဖြစ်ပြီ ”

“ငါမလိုက်လို့မရဘူးလားငတို ၊ငါ့စိတ်တွေလေးနေတယ်၊ အိပ်မက်ဆိုးတွေလဲ မက်နေတယ်ကွာ ”

“ဘယ်ရပါ့မလဲဆရာရယ် ဆရာ့မျက်နှာပြမှရမှာပေါ့ ၊ဆရာမပါဘဲ ကျွန်တော်တို့ချည်းဘယ်တုန်းက ကဖူးလို့လဲ ”

ဘကောင်းလဲ သက်ပြင်းရှည်ကြီးချကာ လေးပင်စွာ ထွက်လာတော့သည်။

မကြာမီမော်တော်ထွက်လာရာ ပစ္စည်းများကြားမှ ရေထဲသို့ အရုပ်တစ်ရုပ်ပြုတ်ကျသွားသည်ကိုကား မည်သူ့မှမမြင်လိုက်ကြပေ။

ဘကောင်းတို့မော်တော်လေး ငွေရီတို့ရွာလေးသို့ရောက်ခါနီးလှမ်းမြင်နေရချိန်တွင် မြစ်ဘေး ၌အမျိုးသမီးတစ်ဦးရပ်နေသည်ကို ဘကောင်းလှမ်းတွေ့တော့ ရင်တောင်တုန်သွားကာ

“ငတို ဟို.. ဟိုမှာ…အမျိုးသမီးတစ်ဦးရပ်နေတာ တွေ့လား ငွေရီနဲ့တူလိုက်တာကွာ”

“ဘယ်မှာလဲ ဆရာ မတွေ့ပါဘူး အဖွားကြီးတွေပဲ အဝတ်ထိုင်လျှော်နေတာပါ”

ဟုဆိုရာ ဘကောင်းမြင်သော အမျိုးသမီးမှာ မျက်စိအောက်တွင် ပျောက်ခြင်းမလှပျောက်သွား၏။

ဘကောင်းကသူ့နဖူးမှ ဇောချွေးများအား ပုဝါဖြင့်ထုတ်ကာ သုတ်လိုက်ပြီး စိတ်ထဲမှ

“ငွေရီရယ် ကိုယ့်ကိုအရမ်းနာကျည်းနေတာလားကွာ၊ ကိုယ်တောင်းပန်ပါတယ် ငွေရီလေးရယ် ကိုယ် ့ကိုခွင့်လွှတ်ပါကွာ”

ဟုနှုတ်မှတီးတိုးရွတ်လိုက်တော့သည်။

ရုပ်သေးသဘင်အဖွဲ့ ရွာသို့ရောက်နေပြီဟု ဆိုသည့်သတင်းကြားတော့ ရွှေရီတို့သားအမိမျက်ရည်ကျရသည်။

ဘကောင်းတို့အဖွဲ့ ရောက်သည်နှင့် ညနေစာအားရွာလူကြီးမှထမင်းဖိတ်ခေါ်ကျွေးလေရာ ဘကောင်းတို့အဖွဲ့ ငွေရီ့အိမ်ရှေ့ဖြတ်လျှောက်ကြသည်။

ထိုစဉ်ဘကောင်းက ငွေရီ့အိမ်အားကြည့်လိုက် ရာ အိမ်ရှေ့သစ်ပင်တွင် ခြေတွဲလောင်းလက်တွဲလောင်းကျလျက် ရုပ်သေးရုပ်ကဲ့သို့ တဝင့်ဝင့်တဝဲဝဲ လွှဲနေသော ငွေရီ့ကို ကြက်သည်းထဖွယ်တွေ့လိုက်ရာ ဘကောင်းက

“ဟာ”

ဟုဆိုကာ ဖင်ထိုင်လျှက်ပင် နောက်ပြန်လဲကျသွားလေသည်။

ငတိုလဲ အတူလျှောက်နေရာမှ လဲကျသွားသော ဘကောင်းအား

“ဆရာဘာဖြစ်လို့လဲ ဘာတွေ့လို့လဲဟင်”

“ဟို…ဟို… မှာ ငွေရီက သစ်ပင်မှ တွဲလောင်းကြီး”

“အဲဒါ ဆရာပေးထားတဲ့ ကြိုးဆွဲမင်းသမီးရုပ်လေး ချိတ်ထားတာပါ ဆရာရဲ့ သေချာကြည့်ပါဦး ”

ဘကောင်းလဲ သေချာကြည့်ရာ သူပေးထားသော မင်းသမီးကြိုးဆွဲရုပ်လေး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

အစောတုန်းက မြင်ကွင်းကို ညဘက်မြင်ရလျှင် နှလုံးရပ်ပြီး သေသွားနိုင်သည်။

ရှေ့မှ ရုပ်သေးအဖွဲ့က လှည့်ကြည့်ရာ ဘကောင်းနှင့် ငတိုပါမလာသောကြောင့် ရပ်စောင့်နေလိုက်ကြသည်။

ဘကောင်းနှင့်ငတိုအားလှမ်းမြင်ခါမှ ရှေ့ဆက်သွားကြသည်။

ဘကောင်းထမင်းစားချိန် ရွာမှလူများလည်း လာလည်ရာ မဲလုံးလဲ ကြိုးဆွဲမင်းသမီးရုပ်အား ပိုက်လျှက် သူကြီးအိမ်ရောက်လာ၏။

သူကြီးကတော်က

“ဟဲ့မဲလုံး နင့်တစ်ယောက်ထဲလား ဒေါ်ကြီးစိုးမပါဘူးလား ”

“သားတစ်ယောက်ထဲ ဟုတ်ပါဘူး၊ ဒီမှာမမ ငွေရီပါတယ်”

ဟု ဆိုကာ ကြိုးဆွဲရုပ်လေးအား ပြလေရာ အားလုံးက စိတ်မကောင်းဖြစ်သောမျက်နှာနှင့် မဲလုံးအား ကြည့်လိုက်ကြသည်။

ကျပ်မပြည့်ရှာသောသူမို့ အစ်မသေသွား၍ အရုပ်ကလေးအား သူ့အစ်မထင်နေရှာသည်ဟုထင်ကသနားနေကြ၏။

ဘကောင်းထမင်းစားနေရင်း မဲလုံးအား အရုပ်ပိုက်လျှက်တွေ့လိုက်ရသည်။

အရုပ်အား ပိုက်ထားရာ ဘကောင်းကြည့်နေစဥ် အရုပ်ခေါင်းက ဘကောင်းရှိရာသို့ လှည့်လာသည်ကို တွေ့ရစဥ်ခဏ ဘကောင်းတစ်ယောက် ထမင်းပင် ဆက်မစားနိုင်တော့။

မကြာမီဒေါ်စိုးက မဲလုံးအား လာခေါ်သွားသည်ကို တွေ့လိုက်ရသည်။

အိမ်ရောက်သောအခါ ဒေါ်စိုးက မဲလုံးအားဆူငေါက်နေသည်။

မဲလုံးက ရုပ်သေးရုပ်ပွဲ ကြည့်ချင်သည်ဟု ပူဆာသောကြောင့်ဖြစ်သည်။

​”အမေရယ် မဲလုံးကို ဆူမနေပါနဲ့ ၊သူ့အသိဉာဏ်လေးက ကလေးလိုဖြစ်နေတာလေ အမေ တစ်ကယ်လို့ သူသာ သာမန်အသိဉာဏ်သာရှိရင် ပွဲကြည့်ဖို့မပြောနဲ့ မောင်လေး လက်နဲ့ ဘကောင်းသေလောက်ပြီပေါ့အမေရယ် ”
ဟုပြောရင်း ရွှေရီကမျက်ရည်များကျလာသည်။

ဆရာလေးက

“တပည့်လေးတွေနဲ့ ပွဲသွားကြည့်မယ် ဘာမှာကြအုံးမလဲရွှေရီရေ”

မဲလုံးကပွဲလိုက်ချင်သည်ဟု ပူဆာသောကြောင့် ဆရာလေးလဲ မဲလုံးအား ပွဲသို့ခေါ်သွားရလေတော့သည်။

မဲလုံးလဲကြိုးဆွဲမင်းသမီးရုပ်အား ပိုက်လျှက်ပွဲ၌ လည်ပတ်နေ၏။

ညအချိန်၌ ဘကောင်းတို့ ပွဲကရန်ပြင်ဆင်ရာ မင်းသမီးရုပ်ပါမလာမှန်းသိလိုက်ရသည်။

နှစ်ပါးသွားကရမည်ဆိုမှ မင်းသမီးရုပ်က ပါမလာ ပြသနာ အ​ကြီး ​အကျယ်ပင် ။

ဘကောင်းလဲ တစ်ဖွဲ့လုံးအား စိတ်တိုကာ ဆဲလေတော့သည်။

မင်းသမီးရုပ်အားသေချာထည့်လာကြသော်လည်း ယခု၌မူ ရှာမတွေ့တော့။ပွဲကား ပျက်တော့မလိုပင်။

ငတိုက
“ဆရာဘကောင်း ပွဲမပျက်ဖို့တစ်နည်းပဲရှိတယ်၊ ဆရာငွေရီ့ကိုပေးထားတဲ့ မင်းသမီးရုပ်လေး ကို ငှားကရင် အဆင်ပြေလောက်တယ်”

ဟုဆိုတော့ ဘကောင်းလန့်ပင်သွားကာ နေ့လည်က သစ်ပင်တွင် တွဲလောင်းကျနေသော ငွေရီ့ကိုပြန်မြင်ယောင်ရင်း ဇောချွေးပင်ထွက်လာသည်။

ဟုတ်တော့လည်းဟုတ်သည်။

ပွဲပျက်လျှင် ပြန်လျှော်ရမည့်ငွေမှာမနည်း ။
အရုပ်ကတော့ အန္တရာယ်မပြုနိုင်ပါဘူးဟုတွေးကာ အရုပ်အား သွားငှားခိုင်းလိုက်၏။

ငတိုက အရုပ်ငှားရန် ဇာတ်ရုံမှ ထွက်လာရာ ပွဲစျေးတွင် အရုပ်ပိုက်ကာ လည်ပတ်နေသော မဲလုံးနှင့်တွေ့လိုက်ရ၏။

ငတိုလည်း မဲလုံးအားအရုပ်ငှားလိုကြောင်း ပြောလေရာ မည်သူ့ကိုမျှအရုပ်အားမပေးသော မဲလုံးက ငတိုအား အသာတကြည်ပေးလိုက်သောကြောင့် ဆရာလေးလဲ အံ့ဩနေသည်။

အရုပ်ရလာသောအခါ ဘကောင်းသည် အရုပ်အား နတ်ပွဲမှသပြေခက်နှင့်ရိုက်လိုက်၏။

ထိုအချိန်တွင် သူ့နောက်မှ တစ်ခစ်ခစ်ရယ်ကာ တစ်ယောက်ယောက်ဖြတ်ပြေးသွားသည်ဟု ထင်မိ‌၏။

သူလည်း ပြေးသွားသောအရိပ်နောက် လိုက်ကြည့်ရာ ထမင်းချက်ဖွားစော၏သမီးဖြစ်‌နေသည်ကို တွေ့လိုက်ရသည်။

မဲလုံးအား အိမ်ပြန်ပို့ပေးရင်းဆရာလေးက

“ရွှေရီရေ ထူးဆန်းတယ်ဟေ့… အရုပ်ကို ဘယ်သူ့မှ ပေးမကိုင်တဲ့ မဲလုံးက ဘကောင်းတပည့်ငတို မအရုပ်ကိုလာငှားတာကို တစ်ခွန်းတောင် မငြင်းဘူး ပေးလိုက်တယ်”

“ဆရာလေးက ဘာသိလို့လဲ၊ မမက သားကို ပြောထားတာ နက်ဖြန်မမကို အဝေးကြီးရောက်အောင် လုပ်ထားတဲ့သူတွေ လာမှာ ၊သူတို့မမကိုလာခေါ်လိမ့်မယ် အရုပ်လေး ပေးလိုက်နော် ”

လို့မှာထားတာဟုဆိုကာ တာယာဘီးအားလှိမ့်ကာ ကစားနေသည်။

“ဘာသတင်းဆိုးမှမကြားရပါစေနဲ့လို့ ဆုတောင်းရမှာပေါ့ ဆရာလေးရယ်”

“ဘယ်တတ်နိုင်ပါ့မလဲ ရွှေရီရယ်၊ ကံစီမံရာပေါ့ ”

ပွဲကအချိန်သို့ရောက်သောအခါ ငတိုက မင်းသမီးရုပ်အားကြိုးဆွဲကပြရာ ဘကောင်းလဲ ဘေးက ကြည့်နေလေသည်။

ဘကောင်းကြည့်နေရင်း၌ပင် မင်းသမီးရုပ်မျက်နှာကား တဖြေးဖြေးတည်လာကာ ဒေါသထွက်လျှက် ကနေသယောင်ထင်ရလေသည်။

ဘကောင်း အော်မရလှုပ်မရ အနေအထားဖြင့်ရုပ်သေးရုပ်အား ကြည့်လျှက်ပင်။

ကြိုးဆွဲမင်းသမီးမှ ငွေရီအဖြစ်ပြောင်းလဲကာ လက်များခြေများဒရွတ်တိုက်ဖြင့်သူ့ဆီလာနေသာ်ဟု မြင်နေရ၏။

ထိုအချိန်တွင် ပတ်ဝန်းကျင်တခွင် အမှောင်တိကျသွားသော်လည်း ငွေရီ့ကိုကား လင်းလင်းရှင်းရှင်းမြင်နေရသည်။

“ဘယ်လိုလဲကိုဘကောင်း သူများသားသမီးတွေကို ဖျက်ဆီးလို့ကောင်းရဲ့လား ၊

ဟင်းဟင်း ဟင်း”

ငွေရီကဝမ်းခေါင်းသံကြီးရယ်နေ၏။ထို့နောက် သူ့ မျက်နှာကြီးအားစောင်းလျှက် ဒရွက်တိုက်‌ေလျှာက်လာကာ

” လာပါ.. ငွေရီ့နောက်လိုက်ခဲ့… လာ… ငွေရီစောင့်နေတာကြာပြီ၊ ငွေရီကိုဘကောင်းမလာမချင်း မသွားနိုင်သေးဘူး” ဟုဆိုကာ ငွေရီကလက်မှ ကြိုးများဖြင့်သူ့လည်ပင်းအား ညှစ်လေရာ ဘကောင်းလည်း ဇာတ်ရုံအပြင်သို့ ဝုန်းခနဲ ပြေးထွက်ခဲ့လေတော့သည်။

ပွဲကနေစဉ် မီးစက်မှဆီကုန်ကာ ပွဲရပ်နေစဥ် အတွင်းမို့ ဘကောင်းအဖြစ်ကို သတိမထားမိကြ။

ဘကောင်း ရုတ်တရက်ထပြေးတော့ ကြောင်သွားကြသည်။

ဘကောင်းလဲ ပြေးနေရင်းမှ လှည့်ကြည့်ရာသူ့နောက်တွင် ရုပ်သေးရုပ်လိုကနေသော ငွေရီ့ကို တွေ့လိုက်ရသည်။

ကကွက်များက ဘကောင်းကြိုးဆွဲနေကျ ကကွက်များ ။

ဘကောင်းငွေရီ့ကို ကြည့်ရင်းအလွန်ပင်ဝမ်းနည်းလာသည်။

“ငွေရီရယ် ကိုဘကောင်းအပြစ်တွေပါ”

ငွေရီကနေသည်ကို ကြည့်ပြီး ဘကောင်းအလွန်ဝမ်းနည်းကာ သူ့ခြေထောက်များက မြစ်ကြီးရှိရာသို့ဦးတည်လိုက်သည်။

ဘကောင်းလက်ထဲတွင်ကား မင်းသမီးကြိုးဆွဲရုပ်လေးအား ကိုင်လျှက်ဖြစ်နေသည်။ ထိုအရုပ်သည် ဘကောင်းလက်ထဲ မည်သို့ရောက်လာသည်ကိုကားမသိ။

ငတိုတို့ အုပ်စုလဲ ဓာတ်မီးဖြင့် ဘကောင်းအား လိုက်ရှာရာ အရုပ်ကိုင်လျှက် မြစ်ဘက်ကို သွားနေသော ဘကောင်းအားတွေ့ရလျှင်

“ဆရာပြန်လာပါ မသွားပါနဲ့ ”

ဟုအော်သော်ငြား ဘကောင်းသည် အရုပ်အား ကိုင်လျှက် မြစ်ထဲ ခုန်ချလိုက်တော့သည်။

ထိုနေ့ည၌ ဘကောင်း အားလိုက်ရှာသော်လည်း မတွေ့ကြ။
နောက်ရက်နေ့လည်၌ မြစ်ကွေ့တစ်ခုတွင် ဘကောင်း၏အလောင်းအား ကြိုးဆွဲရုပ်သေးရုပ်လေးအား ပိုက်လျှက်တွေ့ကြရလေတော့သည်။

မဲလုံးကား ကြိုးဆွဲရုပ်လေးအား မမေးမရှာတော့သလို မမငွေရီဟုလဲ တစ်ခါမှမပြောတော့။

ဆရာလေးလဲ ရာထူးတိုးဖြင့် အခြားတစ်ရွာသို့ပြောင်းရန် ကြောင်းကြားစာ လက်ခံရရှိပြီဖြစ်၏။

ထိုအချိန်တွင် ရွှေရီမှာ စက်ချုပ်သင်တန်းသို့ တက်ရောက်ခဲ့ပြီး သူ့အိမ်မှာပင် အထည်ချုပ်လျှက်ရှိရာ လက်ရာကောင်းမွန်သောကြောင့် ရွှေရီ့အထည်ချုပ်လုပ်ငန်းလေး အောင်မြင်စပြုနေပြီဖြစ်သည်။

“ရွှေရီရယ် မာနကြီးလိုက်တာ ကိုယ်ပြောင်းတဲ့ အထိ ကိုယ့်ကို အဖြေမပေးဘူးနော်”

“ကျွန်မတို့ ရေစက်ရှိရင် ပြန်ဆုံကြမှာပါ ကိုအောင်ရယ်… ဘဝမှာ မောင်လေးနဲ့အမေ့အတွက်လည်း ငဲ့ရတာမို့ နားလည်ပေးပါရှင် ”

ဟုဆိုရင်း မျက်ရည်များအားသုတ်လိုက်သည်။

ရွာ၏မူလတန်းကျောင်းသည်ပင် အလယ်တန်းကျောင်းလေး အဖြစ်တိုးတက်လာလေပြီ။

သို့သော် အသက်၃၀အရွယ် ဒေါ်ရွှေရီတစ်ယောက် အဖြူအစိမ်းဝတ်စုံလေးများအားမြင်လျှင် တစ်ယောက်သောသူကို သတိရလျှက်ရှိနေ၏။

ရွှေရီ့စက်ချုပ်ဆိုင်အား လူများစွာဖြင့်ငှားကာ လုပ်ငန်းအား နေပတ်နေပြီဖြစ်သည်။

မဲလုံးလေးကား အရင်လို သိပ်ကလေးမဆန်တော့ ။
ရွာ၏အလယ်တန်းကျောင်းသို့ ကျောင်းအုပ် ဆရာကြီးအသစ်ရောက်လာသည် ။

ကျောင်းအုပ်ဆရာကြီး နာမည်ကား ဦး ကိုကိုအောင်ဖြစ်ကာ ကလေးနှစ်ယောက် ပါလာသည်ဟုဆိုလေသည်။

“ဩ ကိုအောင်တောင် အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်တောင် ရနေပြီပေါ့လေ ၊မထင်ပါဘူးကိုအောင် ရယ် ”

ဟုတီးတိုးဆိုရင်း ကျလာသောမျက်ရည်များအား သုတ်လိုက်မိသည်။

ထိုစဥ်ရွှေရီတို့အိမ်ရှေ့၌ကားတစ်စီး ထိုးရပ်လာကာ ကားပေါ်မှ အသက်ငါးဆယ်ကျော် အရွယ်ခန့်အမျိုးသားကြီးတစ်ဦး၊အမျိုးသမီးကြီးတစ်ဦးအပြင် ကျောင်းအုပ်ဆရာကြီး တစ်ဖြစ်လဲကိုအောင်နှင့် ငါးနှစ်အရွယ်ခန့်ကလေး နှစ်ဦး ဆင်းလာကြသည်။

အမျိုးသမီးတစ်ဦးမှာမူ ကားပေါ်မှ ဆင်းမလာသေးပေ။

ရွှေရီက

“လာပါ…ဆရာကြီးတို့ ဧည့်သည်တွေလဲ ပါလာတာရော ၊သားသားနဲ့မီးမီးလေးက ချစ်စရာလေး ”

“အဖေ အမေ ဒါ သားပြောတဲ့ ရွှေရီလေ၊ မလှဘူးလားဟင် ”
“ဟားဟား လှပဗျာ လှပ ”

ရွှေရီရုတ်တရက်ကြောင်သွားသည်။

အိမ်ထောင်သည် ယောက်ကျားတစ်ယောက် က ဘာစကားလဲ ဟုတွေးကာ မျက်နှာများပင် နီမြန်းလာသည်။

ထိုအချိန်တွင် ကလေးနှစ်ယောက်က ကားပေါ်မှာဆင်းလာသော အမျိုးသမီးအား ပြေးကြိုပြီး

“မေမေ လာလာ မြန်မြန်လာ ”

” ရွှေရီရေ အထုတ်တွေလာသယ်ဦးဟေ့ ”

ဟုထိုအမျိုးသမီးထံမှ တရင်းတနှီးခေါ်သံ ကြောင့် ရွှေရီလဲအံ့ဩကာ အမြန်ပြေးထွက်ပြီး ကြည့်လိုက်ရာ

” ဟင် မမ သီတာ ”

ဟုအော်ကာ ပြေးပွေ့ဖက်လိုက်သည်။

ဟုတ်ပါသည် မမသီတာဆိုသူမှာ ရွှေရီအားစက်ချုပ်သင်ပေးသည့် လက်ဦးဆရာမပင် ဖြစ်လေသည်။မမသီတာသည် ကိုအောင်နှင့် မောင်နှမ၀မ်းကွဲတော်စပ်သူလည်းဖြစ်၏။

“မမ..ကလေးနှစ်ယောက်က မမကလေးတွေလား”

” ဟုတ်ပရွှေရီ မမရဲ့သားနဲ့သမီးက အမွှာတွေလေ”

“ဒါဒါဆို ကိုအောင်က မိန်းမရှိတာ မဟုတ်ဘူးလား မမ”

” ဟဲ့ မဟုတ်လို့ ခုလိုသူ့မိဘတွေနဲ့ ညည်းကို လာတောင်းတာလေ ၊ခဏနေရင် ရွာသူကြီးတွေပါ ရောက်လာလိမ့်မယ် ၊အမလေး ဒီရွာမှာကျောင်းမှာ ကျောင်းအုပ်အဖြစ်တာ၀န်ကျဖို့ ငါ့မောင်မှာ မနည်း ကြိုးစားရတာအေ”

သတို့သမီးလောင်း ရွှေရီတစ်ယောက် အထုပ်များ ကူဆွဲရင်း ရှက်လွန်းသောကြောင့် မီးဖိုခန်းထဲပြေး၀င်လာရာ သူ့မိခင်က

“ဟဲ့ ကလေးမ အဲအထုပ်တွေက ဧည့်သည်ဟာတွေလေ ဘယ်ထဲယူသွားမလို့လဲ ၊အသက်က ၃၀ ရှိနေပြီ၊ ခုထိ ကဘောက်တီး ကဘောက်ချာ လုပ်တုန်း”

“အမေရေ ကျုပ်ကရှက်လို့တော်ရေ့၊ မလာရဲတော့ဘူး”

ဟုအော်လေရာ အားလုံးက ရယ်လိုက်ကြ၏။

“အေ ရွှေရီရေ၊ ရှက်ရင်မလာခဲ့နဲ့ ကိုအောင် ပဲလာမယ်ဟု ”

“ပိုဆိုးတယ် တော်ရေ့ တော့်ကို ရှက်နေတာ သိရဲ့လား”

ဟုပြန်အော်သံကြောင့် အားလုံးတဟားဟားဖြင့် ပွဲကျနေတော့သည်။

ထိုအချိန်တွင် မသီတာ၏ သမီးလေးမှ

” မရွှေရီ သမီးအရုပ်လေး ရော ”

ဟုမေးရာ သီတာက သမီးအရုပ်ကားပေါ်မှာလေ ဟု ဆိုတော့

“မဟုတ်ဘူး မေမေ သမီးရဲ့ရုပ်သေးရုပ်”

ဟုဆိုတော့ အားလုံးက အံ့ဩသွားကြသည်။

ရွှေရီက ကလေးအသံကြောင့် အမြန်ပြေးထွက်လာပြီး

“ညီမလေး ငွေရီ၊ ညီမလေး ငွေရီလားဟင် ”

ဟုပြောကာ ကလေးအား ပွေ့ချီလိုက်သည်။

ကလေးက စံပယ်တင်မှည့်လေးနှင့်ရွှေရီအားပြုံးပြနေလေသည်။

ထိုအခါ ကောင်လေးက

“ဘာလဲ ငါနင့်ကို ပေးထားတဲ့ ကြိုးဆွဲရုပ်သေးရုပ်ကို မေးတာလား၊ မန်းလေးက ငါ့အိမ်မှာ အများကြီး”

ဟုဆိုလိုက်ရာ ငွေရီနဲ့ ကိုအောင်က ကလေးအံ့ဩစွာကြည့်ကာ

“ဘကောင်း ”

ဟုတစ်ပြိုင်နက် အော်လိုက်မိကြတော့သည်။

ဩ ဘဝဟူသည် ဆန်းကြယ်ပေစွ။

သံသယတစ်ကွေ့ဝယ် ချစ်ခြင်းမုန်းခြင်းများဖြင့် ဝေးကွာခဲ့ကြသော သူနှစ်ဦးသည် ယခုဘဝတွင် အမွှာမောင်နှမ အဖြစ်မြင်ရလိမ့်မည်ဟု မည်သူမှမထင်ထားခဲ့ကြ။

“ချစ်၍လဲဆုမတောင်းနှင့် မုန်း၍လဲကျိန်မဆဲနှင့်”

ဟူသောစကားအား ဘကောင်းနှင့်ငွေရီအဖြစ်က လက်တွေ့ပြသနေသည် မဟုတ်လား။

လေးစားစွာလျက်

စာရေးသူ နန်းကြာညို