ရေတွင်းထဲကရတနာသေတ္တာ

ရေတွင်းထဲကရတနာသေတ္တာ(စ/ဆုံး)

———————————–

ပိုး တို့ မိသားစုလေး ဟာ တချိန်တုံးကတော့ သိပ်ကို အေးချမ်းပြီးပျော်ရွှင်စရာကောင်းခဲ့ပါတယ် ။ လူတိုင်းကလဲ အားကျ ရတယ် ။ ဇရပ်ကိုင်း ရွာမှာတော့ ပိုး တို့ မိသားစု ကို ဘယ်သူမှ မလေးမစား မဆက်ဆံရဲကြဘူး ။ ပိုး အဖေ က ဆန်စက်ပိုင်ရှင် ဘုရားဒါယိကာ ကျောင်းဒကာ အမေ ကလဲ ရပ်ရေး ရွာရေးဆို ထိပ်ဆုံးက ပါဝင်လုပ်ဆောင်တဲ့ သူလေ ။ မမကြီးကတော့ ရွာရဲ့ကွမ်းတိုင်ကိုင် ကိုကိုကြီးကလဲ မိသားစု လုပ်ငန်းဖြစ်တဲ့ ဆန်စက်မှာ ကြိုးစားလုပ်ဆောင်တော့ အဖေတောင် အိမ်မှာအေးအေးဆေးဆေး အနားယူလို့ ရပြီ။

ပိုး ကတော့အငယ်ဆုံး ပီပီ အ်ိမ်မှာ အမေတွေ အမတွေနဲ့ အတူ အ်ိမ်မှုကိစ္စတွေဝိုင်းလုပ်ရင်း အားတဲ့ အချိန် ၀တ္တုလေးဖတ် စိတ်ကူးလေးယဉ်ပေါ့ ။ မမကြီးကတော့ ကွမ်းတိုင်ကိုင်ပီပီ အလှက တယ်မက် ။ မိုးလင်းကနေ မိုးချုပ် ခေါင်းစ ခြေဆုံး သနပ်ခါးအဖွေးသား နဲ့ လေ။ ခေါင်းမှာ ပန်တဲ့ ပန်းကလဲ အမြဲ လန်းနေတာ နွမ်းတယ်ကိုမရှိဘူး ။ နှင်းဆီမေ ဆိုတဲ့ နာမည်နဲ့ တမင်လိုက်အောင်ကိုများ နှင်းဆီတွေ တနေ့ တစ်ရောင် ပန်နေလားမသိပါဘူး ။
လက်ဝတ်ရတနာတွေဆိုတာလဲ ၀တ်လို့ ကိုမကုန် ။ ဒီလို ပြီးပြည့်စုံ တဲ့ပိုးတို့ ဘ၀ ကို ဖျက်ဆီးပစ် ဖို့ ရောက်လာတဲ့ သူကတော့ သီတာခင် ပါ ။

သီတာခင်ဆိုတာကတော့ ကိုကို ကြီး ရဲ့ ငယ်ရည်းစား ပေါ့ ။ ကိုကိုကြီးက သူ့ ကို သိပ်ပြီး ချစ်တာ ၊ ချစ်လို့ လဲ မိဘတွေ သဘောမတူတဲ့ ကြားက ခိုးပြေးခဲ့တာပေါ ။ ပိုး တို့ မိဘတွေက သူဌေးတွေ ဆိုပေမယ့် မောက်မာတဲ့ ထဲတော့ မပါပါဘူး ။

သီတာခင်ကို ကိုကိုကြီး နဲ့ သဘောမတူဘူးဆိုတာကလဲ အကြောင်းရှိတယ် ။ သီတာခင်က အပျိုမဟုတ် တခုလတ် ဖြစ်တဲ့ အပြင် လျှပ်ပေါ်လော်လီတယ်လို့ လဲ နာမည်ပျက်ကရှိတယ်လေ ။ ဘယ်လိုပဲ သဘောမတူပါစေ ကိုကိုကြီးက စွဲလမ်းပြီး ခိုးပြေးသွားတော့လဲ ဘယ်လိုမှ မတတ်နိုင်ဘူး ပေးစားရတော့တာပေါ့ ။ သီတာခင် အမေ ကလဲ နှုတ်ကြမ်းအာကြမ်းရယ်ပါ ပိုးတို့ မိသားစုက သူဌေးဆိုတော့ မင်္ဂလာဆောင်ကိုလဲ ခမ်းခမ်းနားနားဆောင်ပေးရမယ်တဲ့ ။ ရွှေ ငါးကျပ်သား လယ်တစ်ဧက နဲ့ တင်တောင်းရမယ်တဲ့လေ။ အမေက ရွာဓလေ့ အရ ခိုးပြေးရင် ပြန်အပ်ဖို့ ပဲလိုတယ် တင်တောင်းစရာမလို ပြောတော့ သီတာခင် အမေ မှာလေ ဖျပ်ဖျပ်ကိုလူးလို့ ။

နောက်ဆုံးတော့ ကိုကိုကြီး မျက်နှာကြောင့်ပဲ သူတို့ တောင်းဆိုချက်အတိုင်းလုပ်ပေးခဲ့ပါတယ် ။ တစ်ကယ်တော့ သူတို့ တောင်းဆိုတဲ့ အရာတွေကလဲ ပိုး တို့ အတွက်ကပမွှားတွေပါပဲ ။ ကိုကိုကြီး အိမ်ထောင်ကျတော့ အဖေက အိမ်ခွဲမနေစေချင်ဘူး ။ သားကြီးဆိုတော့ အားကိုးတာလဲပါတာပေါ့ ။ ကိုကိုကြီးလဲ အိမ်ခွဲနေဖို့ အစီအစဉ်မရှိဘူးဆိုတော့ အဆင်ပြေသွားတာပေါ ။ ပိုးတို့ ခြံဝိုင်းက အတော်လေးကျယ်ဝန်းတယ် ။ အိမ်ကလဲ ကျွန်းတွေနဲ့ ဆောက်ထားတဲ့ အိမ်ကြီးရခိုင်လေ ။ ဆန်စက်ကတော့ ရွာထိပ်မှာ သက်သက်ရှိတာ ။

 

သီတာခင်က လူကသာ ဆင်းရဲတာ အလှဂုဏ်မောက်ပြီး အတော်လေး မောက်မာတယ်ပြောရမယ် ။ အိမ်ရဲ့ ချွေးမကြီးဆိုပြီး နေရာတကာ အာဏာပြချင်နေတာ ။ အလုပ်သမားတွေကလဲ ကိုကိုကြီးမျက်နှာကြောင့်သာ သူခ်ိုင်းသမျှလုပ်ပြောသမျှခံနေရတာ ။ ကိုကိုကြီးကလဲ မယားအချောအလှ ရထားတော့ မယားဘာလုပ်လုပ် အပြစ်မပြင် ချစ်စ ခင်စ အချိန်ဆိုတော့ ပိုး တို့ လဲနားလည်ပေးလိုက်ပါတယ် ။

 

နောက် သိပ်မကြာဘူး မမကြီး နှင်းဆီမေ က ပါ ရည်းစားရပါရော ။ မမကြီး ရည်းစားက ရန်ကုန်မြို့ဇာတိ အရာရှိပေါက်စတဲ့ ။ ပိုး တို့ မြို့မှာတာဝန်ကျတော့ မမကြီး နဲ့ ဘုရားပွဲတွေမှာတွေ့ ပြီး ကြိုက်ကြတာတဲ့ ။ အဖေ နဲ့ အမေ ကတော့ မမကြီး ရည်းစားကိုပြောတယ် မမကြီးကို တကယ်ချစ်မြတ်နိုးရင် မြို့ က မိဘတွေကို စာပို့ ပြီး လာရောက်တောင်းရမ်း နားဖောက်တဲ့ ။ မမကြီးအသက်ကလဲ မငယ်တော့ဘူးလေ ။ သုံးဆယ်နား ကပ်တော့မယ်ဆိုတော့ သမီးကညာ အချိန်မလင့်ဆိုတဲ့ အတိုင်း မိဘတွေက လူကောင်းသူကောင်းနဲ့ ဆို အ်ိမ်ထောင် အတည်တကျ ကျစေချင်တယ် ။

 

မမကြီး ရည်းစား နာမည်က ကိုကျော်မင်းတဲ့ ကိုကျော်မင်းက တော့ ရန်ကုန်မြို့ က သူ့ ရဲ့မိဘတွေကို စာပို့ ထားတယ်လို့ပြောတယ် ။ ဒါပေမယ့် အချိန်အတော်ကြာတဲ့ ထိ ဘာသတင်းမှ အကြောင်းမပြန်ခဲ့ဘူး ။

တစ်ညမှာတော့ မမကြီးက ကိုကျော်မင်းနဲ့ တခြားဘက်ရွာမှာ ဗီဒိုရို သွားကြည့်ရင်း အပြန် မိုးချုပ်တော့ တခါထဲ ခိုးရာလိုက်ပြေးသွားခဲ့ တယ် ။ အဖေ နဲ့ အမေ ဆိုတာ စိတ်ဆိုးတာမှ ပိုးတောင်နေစရာမ၇ှိဘူး ။ ဒါပေမယ့် မိဘတွေဆို သိတယ်မလား စိတ်ဆိုးလဲ ခဏပေါ့ ။

ဘာပဲဖြစ်ဖြစ် ဖြစ်လာသမျှကို အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးမယ်ဆိုပြီး ကိုကျော်မင်း မိဘတွေကို ထပ်ပြီး စာပို့ ခေါ်ခိုင်းလိုက်တယ် ။ ဒီတခါမှာသော ကိုကျော်မင်း မိဘတွေ ရောက်လာခဲ့ပါတယ် ။ ကိုကျော်မင်း မိဘတွေက ရန်ကုန်မှာ ကုန်စုံဆိုင်ကြီးဖွင့်တာလို့ သိရတယ် ။ မင်္ဂလာပွဲကို ဘယ်လိုစီစဉ်ပေးမလဲ ကိုကျော်မင်း မိဘတွေကိုမေးတော့ ကိုကျော်မင်း မိဘတွေက ရုတ်တရက်ချက်ခြင်းဆိုတော့ သူတို့ လဲ ကြိုတင်ပြင်ဆင်ချိန်ကမရ ငွေတွေကလဲ ဆိုင်အတွက် ပစ္စည်းတွေ အောင်းထားသော လက်ထဲ မကျန်တော့ဘူးတဲ့ ။ အမေ ဆိုတာလေ ဒေါသတွေထွက်တာမှ မျက်နာပါနီတယ် အဖေကတော့ တည်တည်ငြိမ်ငြိမ် နဲ့ ပဲ မမကြီး မျက်နှာမငယ်ဖို့ သူတို့ ပဲ စီစဉ်ပေးမယ်ဆို တဲံ အကြောင်းပြောလိုက်တယ် ။

 

မမကြီး မင်္ဂလာပွဲကလဲ ခမ်းခမ်းနားနားပါပဲ ။ မနက်ပိုင်း လုပ်ပြီး ညပိုင်းဆိုင်းဝိုင်းငှားပြီး အငြိမ့်ပွဲ စီစဉ်ပေးတယ် ။ တစ်၇ွာလုံးကိုလဲထမင်းရည်ချောင်းစီး အယုတ်အလတ်မရွေး ကျွေးမွေးခဲ့တယ် ။ မင်္ဂလာဆောင်ပြီးတော့ ကိုကျော်မင်းမိဘတွေက ရန်ကုန်ပြန်သွားကြတယ် ။ ကိုကျော်မင်းကလဲ လတ်တလော ဒီမြို့ မှာတာဝန်ကျပြီး ၀န်ထမ်းအိမ်ယာရတယ်ဆ်ိုပေမယ့် ၀န်ထမ်းအိမ်က အတော်လေးကျဉ်းတော့ မမကြီးကလိုက်မနေချင်ဘူးလေ ။ တသက်လုံး အိမ်ကြီး အိမ်ကောင်းမှာနေလာပြီး ယောကျာ်းရမှ အိမ်သေးသေးကို ပြောင်းနေရမှာကို သူက ရှက်တယ်လေ။ ဒါနဲ့ ပဲ ကိုကျော်မင်းကိုလဲ အိမ်ပေါ်ခေါ်တင်လိုက်တယ်

နဂိုတကည်းမှ သီတာခင်နဲ့ အဆင်မပြေ ဖြစ်တာ ခု ကိုကျော်မင်းပါ ရောက်လာတော့ စိုးရိမ်မိတာတော့ အမှန်ပဲ ။ ကိုကျော်မင်းပုံကြည့်ရတာတော့ အေးအေး ဆေးဆေး သမားဆိုပေမယ့်လဲ သူစိမ်းကတော့ သူစိမ်းပဲလေ ။

 

ပိုးတို့ မိသားစု မှာ မုန်တိုင်းက အခုမှစတာပါ ။ တစ်အိမ်ထဲ မိသားစု များလာတော့ စကားများတာတွေ ကတောက်ကဆ ဖြစ်လာတာတွေကလဲ များလာတယ် ။ မမကြီးကလဲ အိမ်ထောင်ကျပြီးပေမယ့် အပျိုဘ၀လို နုနုရွရွနေချင်တယ် ။ သီတာခင်ကလဲ ချွေးမကြီးဆိုပေမယ့် အိမ်အလုပ်တွေတစ်ခုမှမကူဘူး ။ ပိုး ကတော့ အားလုံးနဲ့ လိုက်လျောညီထွေဖြစ်အောင် အတတ်နိုင်ပြီး ကြိုးစားပြီးနေပါတယ် ။

 

တစ်ရက် ကိုကိုကြီးက ဆန်စက်မှာ ရှိနေတဲ အချိန် ပိုး ရယ် မမကြီးရယ် အမေရယ်ကတော့ ဘုန်းကြီးကျောင်းဆွမ်းသွားပို့ တယ် ။ မမကြီးယောကျာ်း ကိုကျော်မင်းကတော့ ရုံးသွားတယ် ။ အိမ် မှာ အဖေ နဲ့ သီတာခင်ပဲရှိနေတဲ့ အချိန်ပေါ့ ။

ပိုး တို့ ဘုန်းကြီးကျောင်းက ပြန်လာတော့ အဖေ အိမ်ပေါ်ကနေ ပြေးဆင်းလာတယ် ။ ပိုးတို့ ကိုမြင်တောာ့ မျက်နှာပျက်သွားတယ် ။ အမေက ဘယ်သွားမလဲ မေးတော့ ဆန်စက်ခဏသွားကြည့်မလို့ ဆိုပြီး ထွက်သွားတယ် ။ နောက်တော့ သီတာခင် ကပါ အိမ် အပေါ်ထပ်က ဆင်းလာတယ် ။ သီတာခင် နဲ့ ကိုကိုကြီးတို့ အခန်းက အိမ်အောက်ထပ် မှာ၇ှိတာလေ ။ သီတာခင်က တော်ရုံဆို အိမ်အပေါ်ထပ် တက်လေ့ တက်ထ မရှိဘူး ။ အမေက တော့ ဘာရယ်မဟုတ် သီတာခင်ကို အိမ်ပေါ်မှာဘာလုပ်နေတာလဲဆိုပြီး မေးလိုက်တယ် ။

“ဘုရားဝတ်ပြုပုတီးစိပ်နေတာပါ အခုတလော ကံတွေ ညံနေတယ်ထင်လို့ လေ”

သီတာခင်က ခပ်ပြတ်ပြတ်ပြောပြီး ခြံထဲဆင်းသွားတယ် ။ မမကြီးကတောာ့ မျက်စောင်းထိုးပြီး တဗျစ်တောက်တောက် ပြောနေတာပေါ. ။

 

“အမေ အမေ့ ချွေးမ ကို ကြည့်ပြောအုံး သူ့ နေပုံထိုင်ပုံတွေက မူမမှန်ဘူး တနေ့ကလဲ သမီးယောကျာ်း ခြံရှင်းနေတဲ့ အချိန်မှ ရေချိုးနေတာ မပြီးနိုင်တော့ဘူး “

“တိုက်ဆိုင်သွားတာနေမှာပါဟေ ဗိုက်ဆာတာကွယ် မိပိုးရေ ထမင်းပွဲပြင်ဟေ့ “

“ဟုတ် အမေ”

သီတာခင်က လဲ သီတာခင်ပါပဲ မမကြီးယောကျာ်းရှေ့ မှာလဲ လျှပ်ပေါ်လော်လီနေတယ် ။ ကိုကျော်မင်းကလဲ ဖော်ရွေတတ်တော့ သီတာခင် နဲ့ ကို အတော်လေး ရင်းနှီးလာတယ် ။ မမကြီးကတော့ စိတ်တို ပြီး ကိုကျော်မင်း နဲ့ စကားများ ။ တခါတလေ ကိုကျော်မင်း မခံသာတဲ့ စကားတွေနဲ့ တောင် ဆဲဆို ပြောဆို နေလို့ ပိုးတို့ တောင် ၀င်တားရသေးတယ် ။ အဖေ ကတော့ခုတလော ဆန်စက်မှာပဲ နေတာများတယ် ။ သူလဲ မိသားစုတွေ စကားများရန်ဖြစ်တာ မမြင်ချင်လို့ ထင်ပါရဲ့ ။

 

တစ်ရက်မှာတော့ ပိုး ဘယ်လို မှ မမျှော်လင့်ထားတဲ့ အရာတစ်ခုကိုတွေ့ လိုက်ရတယ် ။ အဲဒီည ကလပြည့် ညမို့ ရွာထိပ်ဘုရားမှာ ဘုရားပွဲရှိတယ် ။ မမကြီးကတော့ ထုံးစံအတိုင်း အလှတွေပြင် အစိမ်းရောင်ချိပ်လုံခြည်နဲ့ လိုက်တဲ့ ကျောက်စိမ်းတစ်ဆင်စာဝတ် ပြီး သူ သူငယ်ချင်း တွေ နဲ့ အတူ ဘုရားပွဲသွားတာပေါ့ ။

ကိုကိုကြီးကလဲ တချိန်က ကာလသားခေါင်းဆောင်ဖြစ်ခဲ့ တော့ အခုလဲ ပွဲတော်မှာ စီမံစရာကိစ္စတချို့ စီမံပေးဖို့ ဘုန်းကြီးကျောင်းကို ရောက်နေတယ် ။ အဖေ နဲ့ အမေကတော့ ညနေက မျှစ်တို့ တွေ အစားများပြီးစောစောစီး အိပ်ပျော်နေတယ် ။

ပိုး လဲ သူငယ်ချင်းတွေ လဲ ဘုရားပွဲခဏသွားလည်ပြီး ခေါင်းတွေ မူးလာတာနဲ့ စောစောစီးစီး အိမ်ပြန်လာခဲ့တယ် ။ အိမ်ရောက်တော့ အခန်းထဲ တန်းမ၀င်ပဲ ရေဆာတာနဲ့မီဖိုချောင်ဖက် သွားလိုက်တယ် ။ ကိုကိုကြီး အခန်းရှေ့ ကဖြတ်တော့ အခန်းထဲမှာ အသံတွေ ကြားနေတာနဲ့ ကိုကိုကြီး လို့ ပဲ ထင်လိုက်တယ် ။

ရေသောက်ပြီးမှ တွေးလိုက်မိတာက ကိုကိုကြီး က ဘုန်းကြီးကျောင်းမှာ ရှိနေရမယ့်အချိန် ဒါဆို ဘယ်သူများလဲ ပိုး လဲ စပ်စုချင်စိတ်နဲ့ ဟနေတဲ့ သစ်သားပေါက်ကြားက ချောင်းကြည့်လိုက်တယ် ။ အထဲမှာ ဖယောင်းတိုင်မီးတော့ ထွန်းထားတယ် ။အလင်းရောင်ကတော့ မှိန်ပြပြပေါ့ ။ လှုပ်ရှားနေတဲံ သဏ္ဍာန် ကိုကြည့်ုပြီး ပိုးမျက်စိရှက်သွားတယ် ။ သီတာခင် ရဲ့ ညူတုတုအသံတွေကလဲ အူးယား အသဲယား စရာပါ ။

“ကဲ ကိုယ့်အခန်းကိုယ်ပြန်တော့ ကိုကျော် ခနနေ အိမ်က ဟာတွေပြန်ရောက်ကုန်တော့မယ်”

“ခနလေး တွေ့ လိုတောင်မ၀သေးဘူးကွာ ”

“အမလေး ရှင်ရယ်… ရှင့် မယား နှင်းစီမေ နဲ့ကျုပ်လင် ကြီးသိမှ ပြသနာတက်နေအုံးမယ် “

“သီတာရယ် ကိုကို ကလေ သီတာနဲ့ ပဲ နေချင်တာ နှင်းဆီမေ ဆိုတဲ့ မိန်းမ ကလေ ကိုကို့ အကြိုက်မသိဘူး သူက မာန ကြီးပြီး မောက်မာလွန်းတယ် “

 

“ဒါဆို သီတာ တခုမေးကြည့်မယ် ကိုကျော် သီတာ နဲ့ တသက်လုံး အတူနေချင်လား”

“ဘယ်လို မေးလိုက်တာလဲ သီတာရယ် နေချင်တာပေါ့ ကိုကိုတို့ ဒီထက် ပိုစောစောတွေ့ ခဲ့ရင်ကောင်းမယ်လို့ အမြဲ တွေးနေမိခဲ့တာ”

“ဒါဆို ကိုကျော် သီတာအတွက် စွန့် စားရဲလား သီတာ တခု တွေးမိတာရှိတယ်”

“ဘာများလဲ သီတာ”

“ဒီမိသားစု ရဲ့ ကြွယ်ဝမှုကို ကိုကျော်အကုန်သိလား”

“မသိဘူးလေ….ဆန်စက် ရယ် နှင်းဆီမေ ၀တ်နေတဲ့ ရတနာတွေရယ်ပဲ သိတယ် အဲဒါတွေလဲ ဘယ်လောက်တောင် တန်ဖိုးရှိလဲ ကိုကိုမသိပါဘူးကွာ “

“သီတာ ပြောပြမယ် ကိုကျော် ဒီအိမ်ရဲ့ ချမ်းသာ ကြွယ်ဝမှုက ကိုကျော် မယုံနိုင်လောက်အောင်၇ှိတယ် တချို့ ရွှေငွေရတနာတွေဆို ဘယ်သူမှ မသိဘူး အဘိုးကြီးပဲသိတာ “

“ဟင်ဟုတ်လား ဒါတွေ သီတာ ဘယ်လိုလုပ်သိ”

“သီတာ စုံစမ်းကြည့်တာပေါ့ ကိုကျော်ရယ် ‘ဒါတွေထားပါ ကိုကျော် အဲဒီရတနာတွေ ယူပြီး သီတာ နဲ့ ဘ၀ အသစ်မစချင်ဘူးလား”

“ဖြစ်ပါ့မလားသီတာရယ် အဘိုးကြီးက ဘယ်ပေးပါ့မလဲ “

“အဘိုးကြီးကတော့ ဘယ်ပေးမလဲ ဒါပေမယ့် အဘိုးကြီးကို အတင်းခြိမ်းခြောက် အစ်မေးပြီး လက်စဖျောက်လိုက်ရင်ရော”

 

“အမေ့ “

 

အဲဒီအချိန်မှာ ကြောင်ပေါက်လေး ရွှေဝါ က ခြေထောက်ကို လာနမ်းတာမို့ ပိုး ယောင်ပြီး ထအော်လိုက်မိတယ် ။

“အပြင်မှာ လူရှိနေတယ် ကိုကျော်“

 

အခန်းတံခါးပွင့်လာပြီး သီတာခင်က ပိုး ကို စူးစိုက်စွာကြည့်နေတယ်။ အနောက်မှာတော့ ကိုကျော်မင်းက မလုံမလဲ မျက်နှာနဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေတယ် ၊ရုတ်တရက် သီတာခင်က ပိုး ကို အခန်းထဲ ဆွဲခေါ်ပြီး အခန်းတံခါးကိုပြန်ပိတ်လိုက်တယ် ။

“မသီတာ ပိုးကို ဘာလုပ်မလို့ လဲ လွှတ်စမ်း ကိုကျော် လဲ မမကြီး အပေါ် သစ္စာဖောက်ရက်တယ် နင်တို့ တွေက လူတွေမှ ဟုတ်ရဲ့ လား”

“ရူး တိုးတိုး “

သီတာခင်က ပိုး ပါးစပ်ကို ပိတ်လိုက်ပြီး ကိုကျော်မင်းကို လက်ခြေ ဟန်ခြေ ပြလိုက်တယ် ။

“သူ့ ကို လည်ပင်းညစ်သတ်လိုက်တော့ သူအကုန်သိသွားပြီး သီတာတို့ ဒုက္ခရောက်လ်ိမ့်မယ် မြန်မြန်လုပ်ကိုကျော်”

“ဟင် ဖြစ်ပါ့မလားသီတာ “

“ကိုကျော် မလုပ်ရင် သီတာရော ကိုကျော်ရော ဘ၀ပျက်မှာ စဉ်းစားနေထို့ အချိန်မ၇ှိဘူး အမြန်လုပ်”

ကိုကျော်မင်း လဲ တုန်တုန်ရင်ရင် နဲ့ ပိုး လည်ပင်းကို ဆုပ်ကိုင်လိုက်တယ် ။ ပိုးရုန်းပြီး အော်နေပေမယ့် ထင်သလောက် အသံ ထွက်မလာခဲ့ဘူး ။ သီတာခင်က လဲ အတော်လေးကို အားရှိတယ် ။ ကိုကျော်မင်း ကလဲ အားပိုပါလာပြီး ပို အသက်ရှုမမှန်တော့ပဲ နာကျင်လာတော့တယ် ။ နောက်တော့ မျက်လုံးတွေပြာတက်လာပြီး သတိရတချက် မရတချက်ဖြစ်နေတော့တယ် ။ နားထဲမှာတော့

 

“သေပြီ အလောင်းဖျောက်ဖို့ အမြန်လုပ်ရအောင်”

“ဖြစ်ပါ့မလား သီတာရယ် ဒီအချိန်ကြီး အလောင်းကို ဘယ်မှာသွားပစ်လို့ ရမှာလဲ ခဏနေ နှင်းဆီတို့ ပြန်လာတော့မယ်”

“အဲတာကြောင့် အမြန်လုပ်ဖို့ ပြောတာပေါ့ အချိန်မ၇ှိဘူး လုပ်လက်စနဲ့ မထူးဘူး အဘိုးကြီးကိစ္စပါလုပ်ရမယ် ပစ္စည်းတွေရတာနဲ့ သီတာတို့ ညတွင်းချင်းပဲ ဒီမြို့ ကထွက်သွားကြမယ် ကိုကျော်က သီတာ အလောင်းကို အမြန်သယ်ပြီး ရေတွင်းထဲ ပစ်လိုက် သီတာ ကအဘိုးကြီး ကိစ္စဆက်လုပ်ထားမယ် “

ကိုကျော် ပိုး အလောင်းကို သယ်သွားတာကို ပိုး နံဘေးကနေ ကြည့်ရင်း ဘာဆက်လုပ်ရမှန်းမသိတော့ဘူး ။ တစုံတယောက် ကတော့ ပိုးမသေသေးဘူး ခန္ဓာကိုယ်ထဲ ပြန်ဝင်လို့ ပြောနေပေမယ့် သီတာအကြံကို သိလိုက်ရတဲ့ ပိုးဟာ အဖေ့ အတွက် စိတ်မဖြောင့်ဘူးလေ ။

သီတာခင် အဖေ့ ကိုသတ်တော့မှာကိုလဲ သိနေတယ်လေ။ ဒါကြောင့် ကိုကျော်နောက်ကို မလိုက်တော့ပဲ သီတာ အနောက်ကိုပဲလိုက်သွားခဲ့လိုက်တယ် ။ သီတာက လှေကားပေါ်ခပ်ဖွဖွ နင်းတက်လာပြီး အဖေတို့ အခန်းရှေ့ ရောက်တော့ ရပ်သွားတယ် ။ နောက်ပြီးေ အခန်းတံခါးကို ထုရိုက်လိုက်တယ် ။

“အဖေ အဖေ”

 

တံခါ့းပွင့်လာပြီး အဖေ ထွက်လာတယ် သီတာခင်ကို မြင်တော့ အံသြသွားပြီး

 

“ဒီချိန်ကြီး ဘာလာလုပ်တာလဲ သီတာ”

သီတာခင် ကငိုမဲ့မဲ့ မျက်နှာထားနဲ့

“သီတာသီတာ ကြောက်လို့ ပါ အဖေ အခန်းထဲမှာ မြေကြွက် အကြီးကြီးတစ်ကောင်ရှိနေတယ် ဘယ်လို မောင်းထုတ်ထုတ် မသွားဘူး အဲဒါ အဖေ ကူညီပေးပါအုံး အဲဒီမြေကြွက်ရှိနေရင် သီတာ အိပ်ရဲမှာ မဟုတ်ဘူး”

အဖေ မလိုက်သွားနဲ့ လို့ ပိုးပြောနေပေမယ့် အဖေကတော့ ပိုးအသံကို မကြားပါဘူး ခေါင်းတချက်ကုပ်လိုက်ပြီး လိုက်သွားခဲံတယ် ။ သီတာခင် အခန်းထဲရောက်တော့

“ဘယ်မှာလဲ မြေကြွက်”

သီတာခင်က အဖေ့ ကို ဖက်လိုက်ပြီး

“သီတာ တစ်ယောက်ထဲ ကြောက်တယ် သီတာဘေးမှာနေပေးပါနော်”

“ဟာ ဒီမိန်းမယုတ် “

အဖေ ကဒေါသထွက်သွားပြီး သီတာကို တွန်းထုတ်လိုက်တယ်။

“မင်း ဘာဖြစ်ချင်နေတာလဲ ငါတို့ မိသားစု ကို မဖျက်ဆီးပါနဲ့ မင်းကို ထိုင်သင့်သလောက် နစ်နာကြေးပေးမယ် ငါ့သားကို ကွာရှင်းပေးတော့ “

“နစ်နာကြေးဟုတ်လား ဒါဆို ရှင်ကြီး ကျွန်မ ကိုစော်ကားခဲ့တဲ့ နစ်နာကြေးကရော”

“ဒါက မင်းအတင်းဆွဲဆောင်လို့ ငါမှားခဲ့ရတာ ငါ့အမှားတွေ အတွက်ကြောင့်သာ ဒီလောက်သည်းခံပေးနေရတာ ခုတော့ ငါ့မိသားစုကို အပျက်စီးမခံနိုင်တော့ဘူး မင်းလို မြွေပွေးမကိုလဲ အိမ်မှာဆက်မထားနိုင်တော့ဘူး”

အိုး ဒါက ဘာတွေလဲ ပိုး ဆက်ပြီး မကြားနိုင်တော့ဘူး ။ အဖေကပါ သီတာနဲ့ ဖောက်ပြန်ခဲ့တာလား ။ အဲဒီအချိန်မှာပဲ အခန်းတံခါး ခေါက်သံကြားလိုက်ရတယ် ။

“ဟင် သားကြီးပြန်လာပြီ ထင်တယ် ငါ့ကို အထင်လွဲတော့မှာပဲကွာ ”

သီတာခင်ကတော့ သွေးအေးအေး နဲ့ ပဲ အခန်းတံခါးကို ဆွဲ ဖွင့်လိုက်တယ်

“ဟင်မောင်ကျော် “

ကိုကျော် က အဖေ့ကို သူ့ လက်ထဲ မှာ ကိုင်ထားတဲ့ တုတ်နဲ့ ရိုက်လိုက်ပြီး အဖေ လဲကျသွားချိန်မှာ သီတာ ကကြိုး နဲ့ လက်နှစ်ချောင်းကို လှုပ်မရအောင် ချည်တုတ်လိုက်တယ် ။

“မင်းတို့ တကြိတ်ထဲ တစ်ဥာဏ်ထဲလား …ကျေးဇူးမသိတတ်တဲ့ ဟာတွေ မင်းတို့ ဘာဖြစ်ချင်ကြတာလဲ”

“ဘာဖြစ်ချင်တာလဲဟုတ်လား သီတာ လိုချင်တာ ရှင့် ကို တခါပြောပြီးပြီလေ ရတနာတွေ ဘယ်မှာ မြှပ်ထားလဲ ပြောစမ်း”

“အတော်လောဘကြီးတဲ့ မိန်းမယုတ်ပဲ”

“လောဘကြီးတယ် ဟုတ်သလား အဲဒီ ပစ္စည်းတွေက နဂို ကတည်း ကရှင်တို့ မိသားစု ပိုင်ဆိုင်ခဲ့ရမှာမဟုတ်ဘူး ကျွန်မတို့ မိသားစု ပိုင်ဆိုင်ခဲ့ရမယ့် ပစ္စည်းတွေ လောဘ ကြီးခဲ့ တာက ရှင်တို့ မိဘတွေလေ”

“ဘာပြောတယ် သီတာ ပြန်ပြောစမ်း “

“ရှင်သိချင်တော့လဲ အဘွား မသေခင် ကျွန်မတို့ ကိုပြောပြခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ်ကို ပြန်ပြောပြရမှာပေါ့ ဂျပန်တွေ ၀င်လာပြီး အင်္ဂလိပ်တွေ တပ်ဆုတ် ခဲ့တဲ့ အချိန်မှာ သူတို့ စုဆောင်းထားတဲ့ ရတနာတွေကို အကုန်လုံးမသယ်နိုင်ခဲ့ဘူး ဂျွန်ဆိုတဲ့ အင်္ဂလိပ်စစ်ဗိုလ်ကြီး ဟာ ကျွန်မ ကျွန်မအဘွားကို ကျောက်သံပတ္တမြား အပြည့် ထည့်ထားတဲ့ သေတ္တာတစ်ခုကို အပ်နှံပြီး ထွက်ပြေးခဲ့တယ် တစ်ဝက်ကို ထိန်းသိမ်းပြီး တစ်ဝက်ကို တော့ သုံးလိုက်ပါတဲ့ တနေ့ ကျရင် ကျန်တဲ့ တစ်ဝက်ကို သူပြန်လာယူမယ်ဆိုပြီးပြောခဲ့တယ် … အဲဒီကိစ္စကို ရှင့် အဖေ ကသိသွားခဲ့ပြီး ယုတ်မာတဲ့ အကြံနဲ့ ကျွန်မ အဘွားကို ချည်းကပ်ခဲ့တယ် ရိုးသားတဲ့ ကျွန်မ အဘွားကတော့ ရှင့် အဖေ ရဲ့ အကြံအစည်ကို မသိပဲ ချစ်ခဲ့ ယုံကြည့်ခဲံ့ တာ နောက်ဆုံး ရှင့် အဖေက ကျွန်မအဘွားကိုစွန့် ပစ်ခဲ့တဲ့ အပြင် ရတနာသေတ္တာကို မပြီး ထွက်ပြေးခဲ့တယ်လေ ကျွန်မ အဘွားလဲ ရှင့် အဖေ ထွက်ပြေးသွားတဲ့ နေရာကို အချိန်အတော်ကြာ စုံစမ်းလိုက်ရပြီး နောက်ဆုံး ရှင်တို့ မိသားစု ဇရပ်ကိုင်းရွာမှာ အခြေချနေတယ်ဆိုတာသိလိုက်ရတာပဲ ကျွန်မ အဘွားက ကတိတစ်လုံးကို တန်ဖိုးထားတဲ့ သူ.. ဂျွန် ပြန်လာပြီး သူ့ ရတနာတွေ လာယူရင် ပေးစရာမရှိလို့ သူသေတောင် စိတ်မဖြောင့်နိုင်ခဲ့ဘူး အဲဒီ ပစ္စည်းတွေက ဂျွန် ကျွန်မတို့ မိသားစုကိုအပ်ခဲ့ တာ ရှင်တို့ မိသားစု က ခိုးယူခဲံတာ “

 

ပိုး အတော်လေး အံ့ သြမိပါတယ် ။ ဒီအကြောင်းတွေကို ပိုး တို့ မသိခဲ့ ဘူး ။ အဖေလဲ မသိခဲ့တဲ့ ပုံပါပဲ တအံ့ တသြနဲ့ နားထောင်နေရင်းမှ

“မင်းပြောတာတွေ က အမှန်ပါလို့ ငါ ဘယ်လိုလုပ်ယုံရမလဲ “

“အဟင်းဟင်း ဒီ ကိစ္စ ကို ရှင့် မိန်းမနဲ့ မိသားစုတွေတောင် သိလို့ လား ကျွန်မပြောတာ အမှန်လား အမှားလား ဆိုတာ ရှင် ချင့် ချိန်တွေးတောတတ်မှာပါ ရှင်ယုံချင်ယုံ မယုံချင်နေ ကျွန်မ ဂရုမစိုက်ဘူး ကျွန်မတို့ ပစ္စည်း ကျွန်မ တို့ပြန်ရဖို့ ပဲ အချိန်တွေ ဆွဲမနေနဲ့ မြန်မြန်ပြော မဟုတ်ရင် ရှင်ပါ ရှင့် သမီးနောက် လိုက်ရမယ်”

“သမီး ဟုတ်လား ငါ့သမီး နှင်းဆီ ကို မင်းတို့ ဘာလုပ်လိုက်တာလဲ”

“နှင်းဆီ ဟုတ်လား စိတ်ချပါ ရှင့် သမီး နှင်းဆီက ဒီချိ်န် ဘုရားပွဲမှာ ပျော်နေတုံးပဲ “

“ဒါဖြင့် ပိုး . ပိုးလား ငါ့ သမီး ကို မင်းတို့ ဘာလုပ်လိုက်တာလဲ ပြောစမ်း “

သီတာခင် သည် စိတ်မရှည်ဟန်ဖြင့်

“ရှင်သမီးကို ကျွန်မတို့ တနေရာမှာ ဖွက်ထားတယ် ရှင်သာ ရတနာတွေ ရှိတဲ့ နေရာပြောပြရင် ရှင့်ကို လွှတ်ပေးပြီး ရှင့် သမီးရှိတဲ့ နေရာ ပြောပြမယ်”

အဖေ တချက်တွေ ဝေသွားပြီးမှ

“ကောင်းပြီ ရတနာတွေက ရေတွင်းထဲ အံဝှက်ထဲမှာ ရှိနေတာ အံဝှက် အပေါက်ကို အုတ်နဲ့ ကာပြီး ဘိလက်မြေ ပြန်ဖုံးထားတယ် “

“ဒါဖြင့် ရှင် လိုက်ယူပေးရမယ် ပစ္စည်းတွေ ကျွန်မတို့ လက်ထဲရောက်တာနဲ့ ရှင့် သမီးရှိတဲ့ နေရာပို့ ပေးမယ် ကျွန်မတို့ ကတိပေးတယ်”

အဖေ က ခေါင်းတချက်ညိမ့်လိုက်ပြီး ရေတွင်းစီကို ထွက်လာခဲ့တယ် ။

“အဖေ့ သူတို့ ကို မယုံနဲ့ ကျွန်မ က ရေတွင်းထဲမှာ”

ကျွန်မ ဘေးက ဘယ်လောက်ပြောပြော အဖေ မကြားနိုင်ပါဘူး

သီတာခင်နဲ့ ကိုကျော်ကတော့ အဖေ့ ကို ကြီုးတွေ နဲ့ သေချာ ချည်ပြီးး ရေတွင်း ထဲကို ဆင်းခိုင်းတယ် ။

အဖေ့ က ပုဆိုးကို သေချာပြင်ဝတ် ပြီး ခါးတောင်းကြိုက်လိုက်တယ် ။ အံဝှက် က ရေမျက်နှာပြင်နဲ့ မထိခင် ငါးပေလောက်နေရာမှာ ရှိနေခဲ့တယ် ။ အဖေ က အဲဒီနေရာကို ပုဆိန်နဲ့ ဖြိုပြီး ထွင်းလိုက်တယ် ။ ရတနာတွေ ထည့်ထားတဲ့ ဘူးကို ဆွဲယူပြီး ပြလိုက်တော့ သီတာ့ခင် မျက်နှာ အရောင်လက်သွားပြီး ကြိုးကို မြန်မြန်ဆွဲတင်ဖို့ ကိုကျော်ကို ပြောလိုက်တယ် ။

အဲဒီ အချိန် ခြံထဲဝင်လာတဲ့ ဆိုင်ကယ်သံတွေကို ကြားလိုက်ရပြီး ကိုကိုကြီး နဲ့ မမကြီးတို့ ပြန်လာမှန်း သိလိုက်ရတယ် ။ ပိုး ၀မ်းသာသွားတယ် ။

“ကိုကိုကြီး မမကြီး ဒီကို အမြန်လာကြည့်ကြပါအုံး”

“ကိုကျော် အမြန်ဆွဲတင်တော့ “

ကြိုးကို ဆွဲတင်နေတဲ့ ကိုကျော် လက်တွေကလဲ တုန်နေတယ် ။ အဖေ ကလဲ ရတနာတွေ ထည့်ထားတဲ့ ဘူးကို အကျီင်္နဲ့ ရင်ဘတ်ကြား ထည့်ထားပြီး ကြိုးကို မြဲနေအောင်ကိုင်ထားတယ် ။ အဖေ အပေါ်ရောက်ခါနီးမှာတော့ သီတာခင်က စိတ်မရှည်စွာနဲ့ အဖေ့ အကျီနဲ ရင်ဘတ်ကြားက ဘူးကို ဆွဲလုလိုက်တယ် ။ အဖေက လဲ သီတာခင်လက်ကို တွန်းဖယ်လိုက်တယ် ။ရုန်းရင်း ဆန်ခတ်တွေ ဖြစ်တော့ ကိုကျော်ကလဲ ကြိုးကို ဆွဲနေရင်း ထိန်းမနိုင်တော့ဘူး ။ ဒီအခြေအနေဆို အဖေ ရေတွင်းထဲ ပြုတ်ကျတော့မှာလေ ။ ပိုး လဲ ကိုကျော် အနောက်ကနေ နေပြီး ကြိုးကို ဆွဲလိုက်တယ်။

၀ိုင်း အနောက်ဖက် ရေတွင်းနားက မီးရောင်နဲ့ အသံတွေ ကြားတော့ ကိုကိုကြီး နဲ့ မမကြီးကလဲ အိမ်ထဲ မ၀င်ပဲ ရေတွင်းနားထိ ဆိုင်ကယ်မောင်းလာခဲ့တယ် ။

“ကိုကို ကြီး ကြည့်ပါအုံး ဒီအချိန်ကြီး သူတို့ ဘာလုပ်နေလဲမသိဘူး “

ဟုတ်ပါတယ် သီတာခင်က ရေတွင်းထဲ ခေါင်းငုံ့ ပြီး ရုန်းရင်းဆန်ဖတ်ဖြစ်နေတယ် ။ ကိုကျော်နဲ့ ပိုး ကတော့ ကြိုးကို ဆွဲရင်း ဟန်ချက်ပျက်နေတယ် ။ သူတို့ နှစ်ယောက်လဲ ရေတွင်းနားရောက်တာ နဲ့ အမြန်ဆင်းလိုက်ပြီး

“ဘာဖြစ်နေကြတာလဲ သီတာ ”

ပြောရင်း ရေတွင်းထဲကို ငုံ့ ကြည့်လိုက်တယ် ။ အဖေ့ကိုတွေ့တော့ အံ့ သြသွားတယ် ။ သီတာ ကတော့ ဘာကိုမှ မမြင် အဖေ့ စီက တစုံတခုကို သာ သဲကြီး မဲကြီး ဆွဲလုနေတယ် ။ ကိုကိုကြီးက သီတာကို ဘေးဖက် ဆွဲတွန်း လိုက်ပြီး အဖေ့ကို ချည်ထားတဲ့ ကြိုးကို ဆွဲတင်လိုက်တယ် ။

အဖေ့ အပေါ်ကို ရောက်လာမှ ပိုး စိတ်အေးသွားတော့တယ် ။ ဒါပေမယ့် ပိုး တကိုယ်လုံးအေးစက်လာပြီး မွန်းကြပ်လာတယ် ။ ပိုး သေတော့မှာလား ဟင့်အင်း ပိုး မသေချင်သေးဘူး ။

 

အဲဒီ အချိန်မှာ သီတာ လဲကျနေရာက ထလာပြီး အဖေ့လက်ထဲက ရတနာ ဘူးကို ဆွဲလုတော့ ရေတွင်း ၀မှာ ရုန်းရင်းဆန်ခတ်ထပ်ဖြစ်ကြတယ် ။ ကိုကိုကြီး နဲ့ မမကြီး နှင်းဆီ က ၀ိုင်းဆွဲကြပေမယ့်လဲ အသိစိတ်မဲ့ နေတဲ့ သီတာခင်ကတော့ ခွေးရူးလိုပါပဲ ။ အဖေ ခန္စာကိုယ်တစ်ဝက်က ရေတွင်းထဲရောက်နေတယ် ။ သီတာကလဲ အဖေ့ကိုယ်ပေါ်ရောက်နေပြီး အဖေ့လက်ထဲက ဘူးကို အသဲအသန်လုယူနေတယ် ။

အဖေ့ ရေတွင်းထဲကျတော့မှာမို့ ပိုးလဲမနေသာတော့လဲ သီတာခင်ကို တွန်းဖယ်ကာ အဖေ့ ကို ဆွဲယူလိုက်တယ်။ သီတာခင်က တော့ ပိုးတွန်းဖယ်တဲ့ အရှိန်ကို မထိန်းနိုင်လိုက်ပဲ ရေတွင်းထဲ ဇောက်ထိုး ပြုတ်ကျသွားတော့တယ် ။ သီတာခင် နဲ့ အတူ အဖေ့ လက်ထဲက သေတ္တာဟာလဲ ရေတွင်းထဲပြုတ်ကျသွားတယ် ။

“သီတာ”

“လုပ်ကြပါအုံး ပြုတ်ကျသွားပြီ”

“မြန်မြန်ဆင်းဆယ်ရမယ် ကြိုး ငါ့ကို ကြိုးချည်ပေး အဖေ နဲ့ ကိုကျော်က အပေါ်ကနေ ထိန်းပေးထား ညီမလေး နှင်းဆီ က ရွာထဲကသူတွေ အမြန်သွားခေါ်ခဲ့ချေ”

ကိုကိုကြီး ကို ရေတွင်းထဲ မဆင်းဖို့ အဖေက တားနေတယ် ။ ကိုကျော်က တော့ အခြေအနေ မဟန်မှန်းသိလို့ ကိုကိုကြီးဆိုင်ကယ်ကိုစီးပြီး ခြံထဲက အမြန်မောင်းထွက်ပြေးတောာ့တယ် ။

 

ရေတွင်းထဲ ဆင်းကယ်ဖို့ ဆိုတာကလဲ တကယ်တော့ မလွယ်ပါဘူး ။ ပိုဆိုးတာက ကိုကိုကြီး ကရေမကူးတတ် ရေမငုံ့ တတ်တဲ့ အပြင် ငယ်ငယ်က ရေနစ်ဖူးတော့ ရေကြောက်တဲ့ရောဂါကရှိသေး ။

 

သီတာခင်က တော့ အသက်ဘေးနဲ့ ရင်ဆိုင် ရေအောက်ထဲနစ်မြှပ်နေတာတောင် ရတနာ သေတ္တာဘူးကို အသဲအသန် လိုက်စမ်းရှာနေတယ် ။သေတ္တာကို စမ်းမိတော့ သီတာခင် ပျော်သွားတဲ့ ပုံပါပဲ ။လက်နဲ့ ဖမ်းယူပြီ ဆုပ်ကိုင်လိုက်တယ် ။ တဖြေးဖြေး သီတာခင် မျက်နှာတွေ ပြာနှမ်းလာပြီး ပါးစပ်ကလဲ ပူစီဖောင်းလိုလို အမြှပ်တွေ ထလာတယ် ။ အဲဒီနောက်မှာတော့ သီတာခင် တစ်ယောက် ခန္ဓာနဲ့ ဝိညာဉ်မကပ်နိုင်တော့ပဲ တမလွန်တဖက်ကမ်းစီ ရောက်ရှိလာရတော့တယ် ။ ပိုးကတော့ သီတာခင် ကို သံဝေဂရစွာကြည့်နေမိတယ် ။

အဲဒီနောက်မှာတော့ ပိုး အသိစိတ်တွေ ကင်းမဲ့ သွားပြီး ဘာဆို ဘာမှ မသိတော့ပေ ။ အမြင်အာရုံတွေကလဲ မှောင်ပိတ်ပြီး ရင်ထဲမှာလဲ မွန်းကြပ်လွန်းလှတယ် ။

အချိန်ဘယ်လောက်ကြာသွားမှန်းမသိ နားထဲမှာဘုန်းကြီးတွေ ရဲ့ မေတ္တာပို့သံတွေ ၊ တရားသံတွေကို ကြားမှ သတိပြန်လည်လာခဲ့တယ် ။

ဘေးကို ကြည့်လိုက်တော့ သီတာခင် က ပိုးဘေးမှာ ငုတ်တုတ်ထိုင်နေပြီး ရတနာတွေထည့်ထားတဲ့ သေတ္တာကို ဆုပ်ကိုင်ထားတာတွေ့ လိုက်ရတယ် ။

“ဘ၀ တစ်ပါး ပြောင်းကာသွားသော ဒကာမလေး ပိုးကေသာ နဲ့ ဒကာမလေး သီတာခင်ကို အမျှပေးဝေပါတယ် ရောက်ရာ အရပ်မှာ သာဓုခေါ်ဆိုနိုင်ကြပါစေ”

အပြင်ဖက်က အသံကြားတော့ ပိုးလဲ ချက်ချင်း လက်အုပ်လေးချီလိုက်ပြီး သာဓုခေါ်ဆိုလိုက်တယ် ။

သီတာခင်ထံကတော့ ဘာအသံမှ မထွက်လာခဲ့ဘူး ။

“မသီတာ သာဓု မခေါ်ဘူးလား”

“မခေါ်နိုင်ပါဘူး နင်တို့ မိသားစု အကြံတွေ ငါသိနေတယ် ငါ့ကိုပထုတ်ပြီး ရတနာပစ္စည်းတွေ ပြန်ယူမလို့ မလား လုံးဝ မရစေရဘူး ငါ ဒီရေတွင်းထဲမှာပဲနေပြီး ငါ့တို့ ရတနာတွေကို စောင့််ရှောက်မယ် သာဓုမခေါ်နိုင်ဘူး”

ပိုးလဲ ခေါင်းကိုအသာခါရမ်းလိုက်ပြီး အမျှဝေသံကို ထပ်နားစွင့်လိုက်တယ် ။ သုံးကြိမ်မြောက် သာဓုခေါ်ဆိုပြီးနောက်မှာတော့ ပိုး ကိုတစုံတယောက်က ဆွဲခေါ်သလို ပိုးခန္ဓာကိုယ်ဟာ မြောက်တက်သွားပြီး ပေါ့ပါ့းသွားတော့တယ် ။

 

The end

စာရေးသူ – သက်သက်စံ

Credit