ရေပြာအိုင်မှသူတော်စင်

ရေပြာအိုင်မှသူတော်စင်(စ/ဆုံး)

———————————-

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော် ၆၀ နီးပါး အချိန်ကာလကဆိုလျှင် ရေပြာအိုင်ရွာသည် မော်တော်ကားလမ်းဘေးမှာ တည်ရှိ၍ တော်တော်ပင် စည်ကားသော ရွာကြီးတစ်ရွာ ဖြစ်ခဲ့သည်။ ဥဒဟို သွားလာနေသော ကုန်တင် မော်တော်ကား၊ ခရီးသည်တင် မော်တော်ကားများကို အမှီပြုသောအားဖြင့် ရေပြာအိုင်ရွာမှ လူအများစုသည် လယ်ယာလုပ်ငန်းခွင်ကို ဖိဖိစီးစီး မလုပ်ကြဘဲ မော်တော်ကားလမ်းဘေး တစ်လျှောက်မှာ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အကြော်ဆိုင်၊ ကွမ်း၊ ဆေးလိပ်၊ လက်ဖက်သုပ်ဆိုင် စသည်များကို တည်ခင်း ရောင်းချခဲ့ကြသည်။ ချိုးရေ၊ သုံးရေ သောက်ရေအိုးတည် ရောင်းကြသည်။

အိပ်စက်နားနေရန် တည်းခိုခန်းကလေးတွေ ဆောက်ပြီး ညအိပ်ခရီးသည်တွေ ငှားစားကြသည်။ ဤလုပ်ငန်းများဖြင့် ချောင်လည်နေကြသည့် ရွာသူရွာသား တွေကို အားမကျဘဲ မိဘဘိုးဘွားလက်ထက်က အသက်မွေးဝမ်းကျောင်း အဖြစ် လုပ်လာခဲ့သော အလုပ်ကိုသာ သမားရိုးကျလုပ်ငန်းအဖြစ် ထွန်ယက် စိုက်ပျိုး လုပ်ကိုင်စားသောက်လာခဲ့ကြသော ညားခါစ ဇနီးမောင်နှံတစ်စုံ ရှိနေ

သည်။ ဤဇနီးမောင်နှံကား စိတ်ကောင်းရှိသည်နှင့်အမျှ ရိုးလွန်းသော ကိုဘိုးအောင် နှင့် မရွှေအိမ်တို့ ဖြစ်ကြသည်။

ကားလမ်းဘေးမှာ ပေါ်ပင်အလုပ်ဖြင့် ငွေရွှင်နေသည် ဖြစ်သောကြောင့် လယ်ယာအလုပ်ကို အလျဉ်မပြတ်ရုံသာ လုပ်ကြသည့် ရွာသူရွာသားတွေကို . ရိုးလွန်းသော ကိုဘိုးအောင်နှင့် မရွှေအိမ်တို့က အားမကျပေ။ သူတို့ သမားရိုးကျ လယ်အလုပ်ကိုပင် ဓားမဦးချ လုပ်လာခဲ့ကြသည်။

ကိုဘိုးအောင်နှင့် မရွှေအိမ်တို့ကား ချို့ငဲ့ ဆင်းရဲလှသည်။ကိုဘိုးအောင်က လယ်လုပ်ချိန်မှာ လယ်ကူလီ၊ မရွှေအိမ်က ကောက် စိုက်အငှားလိုက်၊ လယ်အချိန်ကုန်လျှင် ဇနီးမောင်နှံနှစ်ယောက် တောထဲသွား ထင်းခုတ်၊ ထင်းခွေကာ မော်တော်ကားလမ်းဘေးမှာ စီးပွားဖြစ်နေသည့် ဈေး ဆိုင်တွေကို ထင်းရောင်းသည်။ သူတို့ဇနီးမောင်နှံက ဈေးရောင်းရန် အားမကျ သည်မှာ အဆန်းမဟုတ်။ ဈေးရောင်းရာမှာ လိုအပ်သည့် အရင်းအနှီး၊ အိုးခွက်။ ကိရိယာ တန်ဆာပလာ ဆိုသည်မှာ လုံးဝ မရှိသူများ ဖြစ်သည်။ အရင်းအနှီး ထူထောင်ရန် ငွေချေးစေကာမူ ကောက်သင်းကောက်စရာပင် မရှိအောင် ဆင်းရဲ ချို့ငဲ့သော ကိုဘိုးအောင်နှင့် မရွှေအိမ်ကို မည်သူကမျှ ချေးငှားလိုစိတ် မရှိ ကြသည်ကိုလည်း သူတို့ဇနီးမောင်နှံ ကောင်းကောင်း သိနေသည်။

ထို့ကြောင့် မည်သူ့အကြွေးကိုမျှ တစ်ပြားတစ်ချပ် အတင်မခံ၊ အကြွေးမယူ၊ အပြောအဆို မခံဟူသော စိတ်ဖြင့် ဆင်းရဲခြင်းဒဏ်ကို ကြိတ်မှိတ် သည်းခံကာ ကင်းကင်းရှင်းရှင်း နေခဲ့ကြသည်။

ဤနေ့ကား သူတို့ ဇနီးမောင်နှံ နှစ်ယောက်သည် ငါးနှစ်ကျော် အရွယ် ရှိနေပြီဖြစ်သော သမီးဦးကလေးကို ကိုဘိုးအောင်က ကျောပိုးပြီး မရွှေအိမ်က -ကြိုးခွေနှင့် ဓားထည့်ထားသည့် ဆိုင်းထမ်းပိုးကို ထမ်းကာ တင်းခွေရန် တောထဲ ထွက်လာခဲ့ကြသည်။ သူတို့ တောထဲသွားသော လမ်းသည် ဤ တောင်ကုန်းငယ်ဘေးမှ ကပ်ပြီး သွားလေ့ရှိကြသည်။ တောင်ကုန်းထိပ်မှာ

ဝေဝေဆာဆာ အုပ်ဆိုင်းနေသော စံကားဝါပင်ကြီးကား ထိုအချိန်က ပင်ပျိုမျှ သာ ရှိသေးသည်။ တစ်စုံတစ်ဦးက တမင် လာစိုက်ထားသလား၊ သူ့အလို အလျောက် အလေ့ကျပေါက်နေသလား ဆိုသည်ကိုမူ ကိုဘိုးအောင်တို့ ဇနီးမောင်နှံ မသိကြပေ။ မိုးဦးကျအချိန် မှိုရှာ၊ မျှစ်ချိုးထွက်ရင်း မြေပြင်မှာ ရွှေစင် ခင်းထားသလို ဝါဝင်းသော စံကားဝါပွင့်တွေ တင်းကျမ်း ကြွေကျနေသည်ကို ကောက်ယူရန် ဤတောင်ကုန်းငယ်ပေါ်သို့ တက်လေ့ရှိကြသည်။

“ဒီနေ့တော့ ထင်းခွေတာ နောက်ဆုံးပဲ ရွှေအိမ်ရှေ့ – မိုး သုံး၊ လေးမတောင် ကျနေပြီပဲ၊ လယ်လုပ်ငန်းက စတော့မယ် ဟုတ်၊ မင်းရော၊ ငါရော အားမှာ မဟုတ်တော့ဘူးကွ၊ ဒီတစ်ခါ ရတဲ့ ထင်းကို မရောင်းတော့ဘဲ တို့ မိုးတွင်းစာပဲ ထားလိုက်ကြရအောင်””

တန်ခူးကုန်ပြီး ကဆုန်ဆန်းပြီဖြစ်ရာ သင်္ကြန်မိုးက သုံးကြိမ် ရွာပြီး ခဲ့လေပြီ။ ကဆုန်လပြည့်ကို ကြိုသည့်အနေဖြင့် ကဆုန်လဆန်းမှာ မိုးကြီး တစ်ကြိမ် ရွာလိုက်သေးသည်။ ပူပြင်းခြောက်သွေ့သော နွေရာသီမှာ ညှိုးနေ ခဲ့သော သစ်ပင်တို့ကား စိမ်းလန်းဝေဆာလာကြသည်။ မိုးဖြိုင်ဖြိုင်ရွာလျှင် လယ်လုပ်ငန်းခွင် ဝင်ရတော့မည် ဖြစ်၍ ကိုဘိုးအောင်က ဇနီးသည်ကို ပြော လိုက်ခြင်း ဖြစ်၏။

“အေးပေါ့၊ ကိုယ်သုံးဖို့ ချန်ရဦးမှာပေါ့”

မရွှေအိမ်က ပြောရင်း သူတို့ အနားကပ်ပြီး ဖြတ်လာသော တောင် ကုန်းအခြေမှာ မြေပေါ်ကြွေကျနေသည့် စံကားပွင့် သုံးလေးပွင့်ကို မြင်လိုက် သဖြင့် ကုန်းထိပ်ပေါ်က စံကားဝါပင်ကြီးကို မော့ကြည့်လိုက်မိသည်။

“ဟာ… ကိုဘိုးအောင်ရေ၊ စံကားဝါပင်ကြီးက စောစောစီးစီး ပွင့်နေပြီတော်၊ ကြည့်စမ်းပါဦး”

အပင်ပေါ်မှ ပွင့်နေဆဲ စံကားဝါပွင့်ဝါဝါတွေကို မရွှေအိမ် လှမ်းမြင် သဖြင့် ပြောလိုက်သည်။

“အေးဟ၊ ဒီနှစ် အပင်ကြီး စောစောစီးစီး ပွင့်နေတယ်”” ကိုဘိုးအောင်ကပါ မော့ကြည့် ထောက်ခံလိုက်သည်။

“ပန်းတွေ ကောက်ရအောင်တော်၊ အပင်အောက် ဘယ်လောက် နေမယ် မသိဘူး၊ လာ ကိုဘိုးအောင်၊ တောင်ကုန်းပေါ် တက်ကြစို့”

မရွှေအိမ်က တောင်ကုန်းပေါ်တက်ရန် ခြေလှမ်းပြင်ရင်း ပြောသည်။

““အိုကွာ … ပြန်မှ ကောက်ပါလား” ကိုဘိုးအောင်က ကန့်ကွက်၏။

“အခုကို ကောက်ချင်တယ်တော်၊ ကျုပ်စိတ်ထဲမှာ ထူးထူးဆန်းဆန်း ပွင့်တဲ့ပန်းကို ဘုရားတင်ချင်နေတယ် ကိုဘိုးအောင်ရဲ့၊ အပြန်မှဆိုရင် သူများ ကောက်သွားလို့ မရလိုက်ဘဲ နေမှာ”

ပြောပြောဆိုဆို မရွှေအိမ် ခြေလှမ်းသွက်သွက်ဖြင့် တောင်ကုန်းပေါ် တက်သွားသောအခါ ကိုဘိုးအောင် မနေသာတော့ပေ။ သမီးလေးထမ်းလျက် ရွှေအိမ်နောက် လိုက်လာရသည်။

“ဟောတော် ကိုဘိုးအောင်၊ စံကားဝါပင်ရင်းမှာ ဘာတုံး၊ ကြည့်စမ်း””

စံကားဝါပင်ခြေကို လှမ်းမြင်ရသည့်အခါ မရွှေအိမ်က တုံ့ခနဲ ရပ် လိုက်ပြီး အသံအုပ်အုပ်ဖြင့် ပြောသောကြောင့် ကိုဘိုးအောင် ကြည့်လိုက်သည်။ စံကားဝါပင်ကြီး အရင်း မြေပေါ်မှာ တစ်ကိုယ်လုံး အဝတ်ဖြူ ဝတ်ထားသည့် လူတစ်ယောက် လဲလျောင်းနေသည့် သဏ္ဌာန်ကို တွေ့ရ၏။

““တို့ လာနေကျနေရာပဲ၊ သရဲခြောက်တာတော့ မဟုတ်ပါဘူး၊ လူ အစစ်နဲ့ပဲ တူပါတယ်””

မရွှေအိမ်က တီးတိုး ပြော၏။

“လာကွာ၊ အနားသွားကြည့်ရအောင်၊ အဝတ်ဖြူဝတ်ထားတော့ သူတော်ကောင်းနဲ့ပဲ တူပါတယ်”

ကိုဘိုးအောင်က ပြောသောအခါ မရွှေအိမ်က သဘောတူပြီး ညင်သာ သော ခြေလှမ်းများဖြင့် အနားသို့ ကပ်သွားကြသည်။ သူတို့ ထင်သည့်အတိုင်း ဝင်၊ စံကားဝါပင်ရင်းမှာ လဲလျောင်းနေသည့် သဏ္ဌာန်သည် အသက် ၆ဝကျော်အရွယ် ခန့်မှန်းရသည့် အိုမင်းရင့်ရော်သော လူသူတော်တစ်ပါး ဖြစ်ချေ သည်။ မည်သို့ဖြစ်သည်ကို ကိုဘိုးအောင်နှင့် မရွှေအိမ်တို့ အသေအချာ မသိ သော်ငြားလည်း လူသူတော် အဘိုးအိုကား ပြင်းထန်သော ဝေဒနာတစ်ခုခုကို စားကာ ဘဝကူးတော့မည့်ဆဲဆဲ အခြေအနေမှာရှိနေသည်ကိုကား ဇနီး မောင်နှံ နှစ်ယောက်လုံး အကဲခတ်မိသည်။ သို့သော် လူသူတော်ဘိုးအိုး အမှတ်သညာ သတိချို့ယွင်းခြင်း မရှိချေ။ သူ့အနားမှာ ညင်သာစွာ ထိုင်လိုက် ကြသော ကိုဘိုးအောင်တို့ မိသားစုသုံးယောက်ကို မျက်လုံး ဖွင့်ကြည့်သည်။

“အဘ၊ ကျွန်တော်တို့ ဘာကူညီရမလဲ ခင်ဗျာ”

ကျောပေါ်က သမီးလေးကို မြေပေါ်သို့ အသာအယာ ချပြီး ကိုဘိုးအောင်က ပုဆစ်ဒူးချထိုင်၍ ရိုသေစွာ မေးနေခိုက်မှာ မရွှေအိမ်က အဘိုးအိုခြေရင်းဘက်မှာ ကျုံ့ကျုံ့တုံ့တုံ့ထိုင်သည်။ ဦးခေါင်းမှာ ပတ်ထားသော ပုဆိုးစုတ်ကို ဖြေ၍ အဘိုးအိုခြေထောက်မှာ ဝိုင်းအုံနေသည့် မှက်၊ ခြင်တွေ ကို မောင်းနှင်ပေးသည်။

“ရေလေးတစ်ပေါက်တော့ သောက်ချင်တယ်ကွဲ့”

လေးတွေ့သောအသံဖြင့် အားယူပြောသော အဘိုးအိုကို ကိုဘိုးအောင်က သနားကြင်နာစွာဖြင့် သူတို့ ယူဆောင်လာသည့် ဘူးသီးခြောက်ထဲမှ ရေကို သန့်စင်စွာ ဆေးထားသော အုန်းမှုတ်ခွက်ထဲ ထည့်ကာ သူတော်စင် အဘိုးအို၏ ဦးခေါင်းကို ယုယပိုက်ထွေး ထူပေးပြီး ရေတိုက်သည်။

“သာဓု … သာဓု .. သာဓု ….”

အဘိုးအိုက လေးလေးတွဲ့တွဲ့သာဓုခေါ်သည်။ ထို့နောက် စံကားဝါ ပင်ခြေ တစ်နေရာကို လက်ဖြင့် ညွှန်ပြသည်။

“ငါ့ကို အဲဒီနေရာမှာ မြှုပ်”

တိုတောင်းသောစကားကို တစ်ခွန်းတည်းပြောကာ အဘိုးအိုသည် ညင်သာစွာ မျက်စိမှိတ်သွားရှာသည်။

“ကဲ- ဘယ်လိုလုပ်မလဲ ကိုဘိုးအောင်””

မရွှေအိမ်က မေးသည်။ ရေတိုက်စဉ်က အဘိုးအိုဦးခေါင်းကို ရင်ခွင် မှာ ထွေးပိုက်ထားခဲ့သော ကိုဘိုးအောင်က ယခု သူ့ရင်ခွင်မှာ ဦးခေါင်းမှီရင်း ဝိညာဉ်ချပ်သွားရှာပြီဖြစ်သော အဘိုးအို၏ ရုပ်ကလာပ်ကို မူလလဲလျောင်းရာ နေရာသို့ အသာအယာ ပြန်ချထားလိုက်သည်။

ဤနေရာကို သူတို့ဇနီးမောင်နှံသည် စံကားဝါပန်းပွင့်ချိန် အမြဲ လာကောက်ခဲ့ဖူးသည်။ လူရိပ်လူယောင် တစ်ခါမှ မတွေ့ခဲ့ဖူးချေ။ ဤတောင် ကုန်းငယ်ထိပ်ကလည်း လူပုန်းခိုနေစရာ သစ်ပင်ချုံပုတ် ထူထပ်ခြင်းလည်း မရှိ။ ဤစံကားဝါပင်ကြီး တစ်ပင်သာ ထီးထီးမားမား ရှိနေပြီး ပင်ယောင် နှစ်ယောင် တောပန်းပင် နှစ်ပင်နှင့် မြက်ပင်များသာ ရှိသည်။ ‘

“ဒီဘိုးအိုက ဘယ်က ရောက်လာပြီး ဘာဖြစ်လို့ သေပါလိမ့်ကွယ်။ သူ့ကိုယ်ပေါ် ဝတ်ထားတဲ့ ပိတ်ဖြူကလွဲပြီး ဘာပစ္စည်းမှလည်း မရှိပါဘူး။ ငါ သနားလိုက်တာကွာ”

အဘိုးအို၏ ရုပ်ကလာပ်ကို ကြည့်ပြီး ကိုဘိုးအောင်က ပြောသည်။

“ဟုတ်ပါတယ်တော်၊ သနားစရာ ကောင်းပါတယ်၊ အဘိုး ရုပ် လက္ခဏာကလည်း သူတော်ကောင်း လက္ခဏာပါပဲ၊ အဲဒါ ဘယ်လိုလုပ်မလဲ ကိုဘိုးအောင်”

မရွှေအိမ်က ထောက်ခံပြောပြီး မေးပြီးသားမေးခွန်း ပြန်မေးသည်။

“ဘယ်လို လုပ်မလဲကွ၊ သူ့ နောက်ဆုံးအချိန်မှာ တို့မိသားစုပဲ သူ့ အနားမှာ ရှိနေတာ သူမှာတဲ့အတိုင်း ဆောင်ရွက်ပေးလိုက်တာ တို့အဖို့ ကုသိုလ် ရပါတယ်ကွာ၊ မင်းကလည်း ဒီနေ့မှ စွတ်စွတ်ရွတ်ရွတ် ပေါက်တူးကို ဆိုင်းထဲ ထည့်ထမ်းလာတာ အဘိုးအတွက် ရည်ရွယ်လာသလို ဖြစ်နေတယ် ရွှေအိမ်ရဲ့”

ကိုဘိုးအောင်က ပေါက်တူးကို ဆွဲယူရင်း ပြောသည်။

“ဟုတ်ပါရဲ့တော်၊ ဟိုတစ်နေ့က ထင်းခွေရင်း ကဒတ်ပင်တွေ့လာ ခဲ့တာ အမှတ်ရလို့ ကဒတ်ဥ တူးခဲ့မယ်အကြံနဲ့ ပေါက်တူးလေး ဆွဲလာခဲ့တာ၊ အခုတော့ သူတော်ကောင်းအဘိုးအတွက် ကုသိုလ်ပြုဖို့ ဖြစ်လာရတာ ကဒတ်ဥ တူးတာထက် မြတ်ပါတယ်တော်” ။

မရွှေအိမ်က တကယ့်စေတနာဖြင့် ပြန်ပြောသည်။ ဇနီးမောင်နှံ နှစ်ယောက် တစ်ယောက်က တူး တစ်ယောက်က မြေစာတွေကျုံးဖြင့် မကြာမီ သူတော်စင်အဘိုးအို၏ ရုပ်ခန္ဓာကို သိုမှီးမြှုပ်နှံရန် လုံလောက်သည့် ကျင်း တစ်ခု ဖြစ်လာသည်။ ကိုဘိုးအောင်နှင့် မရွှေအိမ်သည် အဘိုးအိုရုပ်ကလာပ် ကို ရိုသေစွာ ရှိခိုးကန်တော့ပြီး နှစ်ဦးသား အတတ်နိုင်ဆုံး ညင်သာစွာဖြင့် ချီယူကာ မြေကျင်းထဲထည့် မြှုပ်နှံလိုက်ကြသည်။

ကြွေကျနေသော စံကားဝါပွင့်တွေကို မရွှေအိမ်က ကောက်ကာ အဘိုးအို၏ မြေပုံပေါ်မှာ ပန်းပူဇော်သည့်သဘောဖြင့် သပ်ရပ်စွာ စုပုံ တင်ထား လိုက်သည်။

ထိုနေ့အဖို့ ထင်းခွေရန် အချိန်မရှိတော့သဖြင့် ဇနီးမောင်နှံနှစ်ယောက် သမီးလေးထမ်းပြီး လာလမ်းသို့ ပြန်လှည့်ခဲ့ကြတော့၏။ နှစ်ဦးလုံး စိတ်ထဲ မှာကား ငွေကြေးပိုက်ဆံ တစ်ပြားမှ မကုန်ဘဲ မြင့်မြတ်သော ကုသိုလ်ကောင်းမှုတစ်ခုကို ပြုလိုက်ရသည်ဟု တွေးကာ ဝမ်းမြောက်နှစ်သိမ့်နေကြလေသည်။

ထိုညမှာပင် မရွှေအိမ်သည် ထူးခြားသော အိပ်မက်ကို မြင်မက်လေ၏။

သူတို့ဇနီးမောင်နှံ ရိုသေစွာမြှုပ်ခဲ့သော အဘိုးအိုသည် မရွှေအိမ်တို့ အိမ်ဦးခန်းမှာ တင်ပျဉ်ခွေ ထိုင်နေသည်။

“မိန်းကလေး၊ ငါ ရဟန်းဝတ်ချင်တယ်၊ သို့သော်လည်း အချိန်မကျ သေးတော့ ဝတ်ဖြူစင်ကြယ်နဲ့ပဲ တစ်ဘ၀ ပြီးသွားတယ်။ အခု မိန်းကလေးတို့ အိမ်မှာ လာနေမယ်။ သို့သော် ကြာကြာတော့ မနေဘူးကွဲ။ ငါ့ အသွင်သဏ္ဌာန် ရဟန်းလို ပေါ်လာတဲ့အချိန်မှာ ငါ တခြားဘဝကို သွားရဦးမှာပဲ။ အဲဒီဘဝ မှာမှ မြင့်မြတ်တဲ့ရဟန်း ဖြစ်ရမှာ။ မိန်းကလေးဆီမှာ ခဏနားတဲ့ သဘော ပေါ့ကွယ်။ မိန်းကလေးတို့ ကျေးဇူးကို တုံ့ပြန်မှာပါ”

ပြတ်သားပီသစွာ ပြောသော သူတော်စင် အဘိုးအို၏ စကားကို အိပ်ရာကနိုးလာသော မရွှေအိမ်သည် မမေ့ပျောက်နိုင်ဘဲ စွဲစွဲမြဲမြဲပင် မှတ်သား မိသည်။ သို့သော် ထိုအိပ်မက်ကို သူ့ခင်ပွန်း ကိုဘိုးအောင်မှလွဲ၍ မည်သူ့ကို မျှ မပြောပြဝံ့ချေ။ :

တောင်ကုန်းထိပ်မှာ အဘိုးအို သူတော်စင်တစ်ပါးကို သဂြိုဟ်ခဲ့ရ သည်ဟု ရွာသူကြီးနှင့် ရွာသားတွေကို အသိပေးစဉ်က …

““နင်တို့စကား မှန်ရဲ့လား ဘိုးအောင်၊ တစ်ရပ်တစ်ရွာက ရောက် လာတဲ့ အာဂန္တုကို ပစ္စည်းယူ လူသတ်ပြီး ပိတ်ဖြူပတ်မြှုပ်ခဲ့တာလားဟဲ့”

ဟု မရှိခိုးနိုး၊ မလှစုန်းမျိုး ဟူသော စကားအတိုင်း ချိုးချိုးနှိမ်နှိမ် ပြောသူက ပြောသည်။ သူကြီးမင်းက သူ့ပိုင်နက်မှာ သူ့တာဝန်မကင်းဟူ၍ ရွာသားအချို့နှင့် ကိုဘိုးအောင် ဇနီးမောင်နှံကိုပါ ခေါ်ကာ အလောင်းဖော် ကြည့်မည် ဟူ၍ တောင်ကုန်းထိပ်ကို တက်သည်။ ။

“အလောင်းမှာ သံသယဖြစ်စရာ အချက်အလက် တွေ့ရင် မြို့ပေါ် တက်ပြီး ဂါတ်တိုင်ရလိမ့်မယ် ဘိုးအောင်၊ ဒီအဘိုးကြီး ဘာမှန်း မသိဘဲနဲ့ မင်းတို့လင်မယား သဘောအတိုင်း မြှုပ်ခဲ့တာကိုက မင်း တာဝန်မကင်းဘူးကွ”

ဟူသော စကားကို သူကြီးက လေသံမာမာဖြင့် ပြောသည်။ အားကိုး အားထား ကျောထောက်နောက်ခံ မရှိသော သူဆင်းရဲလင်မယားကို မြေနိမ့်ရာ ဝိုင်းပြီး လှံစိုက်ကြခြင်းသာ ဖြစ်သည်။

ထိတ်လန့်စိုးရိမ်သောစိတ်ဖြင့် လိုက်လာရသော ကိုဘိုးအောင်နှင့် ရွှေအိမ်ကား တောင်ကုန်းထိပ်ပေါ် ရောက်လေသောအခါ သူတို့မျက်စိကိုပင် မယုံနိုင်ကြတော့ချေ။

“ဘယ်နေရာလဲကွ အလောင်းမြှုပ်ထားတာ”

သူကြီးမင်းက မေး၏။တောင်ကုန်းထိပ်တွင် သူတို့ လင်မယား မနက်အချိန်က မြှုပ်ထား ခဲ့သော အဘိုးအို၏ မြေပုံနေရာကား လုံးဝ ပျောက်ကွယ်နေသည်။ မြေကြီးကို တူးဆွထားသည့် လက္ခဏာလည်း မရှိ၊ မြက်ပင်တွေလည်း နေရာမပျက်။ စံကားဝါပန်းပွင့်တွေကလည်း အပင်ပေါ်က ကြွေထားသည့် ပင်ကိုအနေအထား အတိုင်း ပြန့်ကျဲနေသည်။ လူတစ်ယောက်လုံးကို မြှုပ်နှံထားသည့် မြေပုံနေရာ ဟူ၍ အရိပ်အယောင် လက္ခဏာပင် ရှာမတွေ့တော့ချေ။

မနက်ကဖြစ်သည့် ကိစ္စသည် ယခု ညနေစောင်းမှာ အစအနပင် မရှိတော့အောင် ပျောက်ကွယ်သွားခဲ့သည်။

ကိုဘိုးအောင်တို့ ဇနီးမောင်နှံကား ဘာမျှ မပြောတတ်တော့။ မျက်လုံး အကြောင်သား၊ ပါးစပ် အဟောင်းသားဖြင့် သူကြီးမင်းနှင့် ရွာသားတွေကို သာ ကြည့်နေတော့သည်။

““အလကား၊ ဆင်းရဲငတ်ပြတ်လို့ စိတ်ရူးပေါက်တိုင်း တွေ့ကရာ ရှစ်သောင်း ပြောနေတာ၊ လာမိတာ မောလိုက်တာ”

သူကြီးမင်းက စိတ်ဆိုးဆိုးဖြင့် ကြိမ်းမောင်း ရေရွတ်ပြီး ရွာသားတွေ နှင့် ပြန်သွားကြပြီးသည့်နောက် သူဆင်းရဲလင်မယား ကိုဘိုးအောင်နှင့် မရွှေအိမ်တို့ သူတို့ကိုယ်တိုင် ရေတိုက်ခဲ့ရ၊ မြှုပ်ခဲ့ရသည့် သူတော်စင်အဘိုး အိုအကြောင်းကို စကား မစဝံ့ကြတော့ချေ။

နေ့လယ်ဘက် သူကြီးမင်းနှင့် ရွာသားတွေ အကြိမ်းအမောင်း အပြော အဆို ခံထားရပြီး ညဘက် အထက်ပါ အိပ်မက်ကို မက်လိုက်သောအခါ မရွှေအိမ် သည် သူ့ယောက်ျား ကိုဘိုးအောင်ကလွဲပြီး မည်သူ့ကို ပြောဝံ့ပါတော့မည်နည်း။

မရွှေအိမ် ကိုယ်ဝန်ရှိလာသည်။ အချိန်စေ့သောအခါ ခက်ခဲခြင်း၊ ပင်ပန်း ခြင်း လုံးဝ မရှိဘဲ ပြည့်ဖြိုးဖြူစင်သော သားယောက်ျားကလေး တစ်ယောက် မွေးဖွားလိုက်သည်။

“ဘိုးအောင်နဲ့ ရွှေအိမ်တို့ မွေးထားတဲ့ သားကလေး သွားကြည့်စမ်း၊ သူတို့ရုပ်နဲ့တောင် မတန်ဘူးတဲ့၊ ချစ်စရာကောင်းလိုက်တဲ့ ကလေး” ဟူ၍ လည်းကောင်း…၊

“ဒီကလေး ငိုသံ တစ်ခါမှ မကြားပါကလား””ဟူ၍ လည်းကောင်း ရွာထဲမှာ ပြောကြ၊ ဆိုကြသည်။ သူတို့ ပြောသည့်အတိုင်းပင် သားငယ်သည် ထူးထူးခြားခြား ဖြူစင်ကြည်လင်သော ရုပ်လက္ခဏာနှင့် ကျက်သရေ ရှိလှ သည်။ ဝမ်းမှထွက်သည့် အချိန်ကစပြီး တစ်ကြိမ်မျှ ငိုကြွေးခြင်း၊ အသံပေး ခြင်း မရှိချေ။ မရွှေအိမ်က နို့တိုက်လျှင် စို့သည်။ နို့ဆာသည်ဟူ၍ ငိုကြွေး ခြင်း လုံးဝ မပြုပေ။

ကလေး ငယ်စဉ်အချိန်က ရွာသူရွာသားတွေက “သိပ်အေးတဲ့ ကလေး၊ မငိုတတ်ဘူး”ဟု ဆိုသည်။

အခါလည်ကျော်၍ စကားပြောတတ်သောအရွယ်မှာ သားငယ်သည် လုံးဝ အသံမထွက်သောအခါ…

“ကလေးက အအလေး မွေးထားတာ ထင်ပါရဲ့”ဟု ထင်မြင်ချက် ပေးကြပြန်၏။

ကလေးငယ်သည် အခြားကလေးများလို ဆော့ခြင်း၊ လှုပ်ရှားခြင်း လည်း မရှိ၊ အသံလည်း မထွက်။ သူ့ရှေ့မှာ ဘာပြောနေနေ၊ ဘာလုပ်ပြ နေနေ စိတ်ဝင်စားခြင်း၊ ကြည့်ရှုခြင်း၊ ရယ်မောခြင်း၊ ငိုကြွေးခြင်း၊ လှုပ်ရှား ခြင်း လုံးဝ မရှိသောအခါ … ။

“ဘိုးအောင်နဲ့ ရွှေအိမ်တို့ ကုသိုလ် ထူးပလေတော်၊ လင်မယားနှစ် ယောက်လုံး မွဲပါတယ်၊ တေပါတယ်ဆိုမှ မွေးလာတဲ့သားက ကြောင်တောင် ကန်းကလေးလား၊ အဘို့အအ အပင်းလေးလား၊ ဘယ်လိုမှ သုံးမရတဲ့ လူစဉ် မမိတဲ့ ဒုက္ခိတကလေးဟဲ့”ဟူ၍ လည်းကောင်း ၊

“သားယောက်ျားရယ်လို့ အားကိုးရဖို့နေနေသာသာ ဆင်းရဲရတဲ့ အထဲ တာဝန်ကြီးအောင် လာဖြစ်တဲ့ကလေး”ဟူ၍ လည်းကောင်း အားမနာ တမ်း ပြောကြ ဆိုကြသည်။

သို့သော် ကိုဘိုးအောင်ရော၊ မရွှေအိမ်ရော သားငယ်ကို လုံးဝ မငြိုငြင် ကြပေ။ သမီးအကြီး မဖွားမိက မောင်လေးကို အထိုက်အလျောက် ကြည့်ရှု ထိန်းကျောင်းတတ်နေပြီ ဖြစ်၍ ဇနီးမောင်နှံနှစ်ယောက် ခါတိုင်းလိုပင် အလုပ် အကိုင် မပျက် နေရာမှ ရွာသူရွာသားတွေအဖို့ အံ့သြစရာ ဖြစ်လာသည်။

သားငယ်ကိုမွေးပြီး အခါလည်ကျော်အရွယ်မှာ လယ်ကူလီလုပ်နေ သော ကိုဘိုးအောင်သည် မည်သူ၏ လယ်နှင့်မှ မထိစပ်ဘဲ လွတ်ကင်းသောနေရာမှာရှိသည့် ရေအိုင်ဟောင်းတစ်ခုကို ကြာရွက်နု ခူးရန် သွားသည်။ ပဒုမ္မာကြာရွက် အလိပ်နုနုကလေးများကား ငါးပိရည်နှင့် တို့စားလျှင် ထမင်း အလွန်မြိန်သည်။ ကိုဘိုးအောင်နှင့်အတူ လယ်သမား သုံး၊ လေးယောက်လည်း – ကြာရွက်ခူးရန် လာကြသည်။

အိုင်ကမ်းစပ်သို့ ဆင်းလိုက်သော ကိုဘိုးအောင်၏ ခြေနင်းချရာ မြေစိုင်ခဲ – တစ်ခုသည် ပဲ့ပြီး ရေအိုင်ထဲ ကျသွားသောအခါ ကိုဘိုးအောင် ထိုင်လျက် လဲသွားသည်။ ထိုအခါ လက်က ဆွဲမိဆွဲရာ ဆွဲလိုက်သောအခါ မြေကြီးထဲ မြုပ်နေသည့် သံကွင်းလိုလို အရာတစ်ခုကို လက်က စွပ်မိလျက်သား ဖြစ်သွား ၏။ ကိုဘိုးအောင်က သံကွင်းလိုအရာကို ဆွဲယူပြီး အိုင်ထဲက ရေဖြင့် ဆေးလိုက် သည်။ ထိုအရာသည် သံကွင်း မဟုတ်ဘဲ ဝင်းမှည့်သော အရောင်ဖြင့် ရှေးဟောင်း ရွှေခြေချင်းကြီး ဖြစ်နေသည်။ ထိုသတင်းသည် တစ်မုဟုတ်ချင်း ရွာထဲ ပျံ့သွား၏။

ရွာကြေးရတတ်တစ်ဦးက မတန်တဆ ဈေးနှိမ်ပေးပြီး ဝယ်သည်။ မရောင်းလျှင် ဂါတ်ကို အကြောင်းကြားမည်။ ထိုခေတ်က မြေထဲမှ ရသမျှ – ပိုင်ရှင်မဲ့ဥစ္စာသည် အစိုးရဘဏ္ဍာတော်ဟူသော သတ်မှတ်ချက်က ရှိနေကြောင်း ကိုဘိုးအောင်အား သိစေသည်။ ထို့ကြောင့် ပေးသမျှဈေးဖြင့် ကိုဘိုးအောင်က ရောင်းလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ ထိုငွေဖြင့် အိမ်ကလေးကို မိုးနိုင်၊ ကာနိုင်၊ ပြင်နိုင်ခဲ့သည်။

ထိုရေအိုင်ဟောင်းပတ်လည်မှာ ကိုဘိုးအောင်လို ပစ္စည်းဟောင်း – တွေ့နိုးနိုး ရှာသူတွေ များလာသည့်အတွက် အန္တရာယ်မကင်းကြောင်း စဉ်းစား မိသော ကိုဘိုးအောင်က မသွားတော့ဘဲ လမ်းဖြတ်လိုက်၏။ လိုချင်လောဘ ဖြင့် ရှာသူတွေ ဘာမျှမတွေ့တော့၍ လက်လျှော့ပြီး ရေအိုင်ဟောင်းဆီ မသွား ကြဘဲ လူရှင်းမှ ကိုဘိုးအောင်က ကြာရွက်နု ခူးရန် သွားသည်။ ထိုအခါ အိုင်စပ်တွင် မာကျောကျောအရာတစ်ခုကို ခလုတ်တိုက်မိ၍ ကြည့်လိုက်သည်။ မြေအိုးလိုလို တစ်စွန်းတစ်စ ပေါ်နေသည်ကို တွေ့သဖြင့် ဓားဦးဖြင့် ကော် မ လိုက်၏။ ဥသျှစ်သီးမှည့်အရွယ်သာသာ ရှိပြီး အင်္ဂတေဖြင့် အလုံပိတ်ထား

သော မြေအိုးငယ်ကလေးကို တွေ့ရသည်။ ဓားနှောင့်နှင့် ထုခွဲကြည့်လိုက်သော အခါ ကိုဘိုးအောင်၏ ဝမ်းမြောက်မှုကား ပြောဖွယ် မရှိတော့ချေ။

မီးကျီးခဲတမျှ ရဲရဲနီနေသော ပတ္တမြားရတနာများကို အိုးကလေး ဖြင့် အပြည့်တွေ့ရသည်။ အရွယ်အစားမှာ အကြီးဆုံး ထန်းစေ့အရွယ်
အငယ်ဆုံး ငရုတ်ကောင်းစေ့အရွယ်အထိ ရှိသည်။ စင်းချော အလုံးကလေးတွေ ဖြစ်သော ပတ္တမြားအရောင်မှာ ကြည့်မဝနိုင်အောင်ပင် ကျက်သရေရှိစွာ ရဲရဲ
တောက် အရောင်တွေ ဖြာနေသည်။ ဤတစ်ကြိမ်မှာကား ကိုဘိုးအောင်သည် ဇနီး မရွှေအိမ်ကလွဲပြီး ရွာထဲမှာ မည်သူ့ကိုမျှ အသိမပေးတော့ဘဲ သိုသိပ်စွာ သိမ်းဆည်းထားသည်။ မြို့ပေါ် တက်သည့်အခါ သင့်တော်သလောက် ဝှက်သို ယူသွားပြီး ရောင်းချသည်။ လယ်ကူလီခရသည့်ငွေဖြင့် မြို့ပေါ်မှာ ၃၆ ကောင် ထိုးရာမှ နိုင်လာသည့်ဟန်မျိုး ပုံမှားရိုက်သည်။

ကိုဘိုးအောင်ရော မရွှေအိမ်ပါ သူတို့ ရိုသေစွာ မြှုပ်နှံပေးခဲ့ရသည့် လူသူတော်ဝင်စားသော သားကလေးက ကောင်းကျိုးချမ်းသာပေးကြောင်း အသေအချာ သိကြရကား သားကလေးကို အထူးဂရုစိုက် ယုယပြုစုသည်။
ဤသို့ဖြင့် ရွာသူရွာသားတွေ မရိပ်မိအောင် ပတ္တမြားတွေကို သိုသိပ်စွာ ထုခွဲ | ရောင်းချပြီး အိမ်ကလေးကို မိသားစုနေလောက်ရုံ လုံလုံခြုံခြုံ ကလေး ဆောက်
သည်။ ရွာသူရွာသားတွေကမှု ကိုဘိုးအောင် လယ်ကူလီခငွေဖြင့် ၃၆ ကောင် နိုင်နေသည်ဟု ထင်နေကြသည်။
အလှူဒါနကိုလည်း လူတွေမရိပ်မိအောင် အနည်းငယ်စီ လီပြီး လှူ သည်။

“ကိုဘိုးအောင်က ၃၆ ကောင်နဲ့ အကျိုးပေးတယ်တဲ့၊ သူ မြို့ကို သွားရင် လိုက်သွားကြ၊ သူ ထိုးတဲ့အကောင်ကို ထိုးကြည့်ကြစမ်း”
ရွာထဲက စကားသံ ထွက်လာသည်။ ကိုဘိုးအောင်သည် ရွာသားတွေ မရိပ်မိအောင် သူတို့နှင့်အတူ ၃၆ ကောင် ဒိုင်ခံနေသောအိမ်ကို ဝင်ရသည်။ သို့သော် ရွာသားတွေ ပါလာသည့်အခါတိုင်း ၃၆ ကောင်ဒိုင်က အဆင်မပြေ သော အကြောင်းကြောင့် ပိတ်ထား၊ နားထားသည်နှင့်သာ ကြုံနေကြရကား
““တို့က ကစားဝိုင်းနဲ့ အကျိုးမပေးပါဘူးကွာ၊ ကာကဝလ္လိယ လင် မယားသာ သူတို့သား ဒုက္ခိတကလေးက အကျိုးပေးနေတာနဲ့ တူပါတယ်”” ဟူသော စိတ်ပျက်လက်လျှော့ စကားကို ရွာသားတွေဆိုကာ ကိုဘိုးအောင်နှင့် မလိုက်ကြတော့ချေ။ ကိုဘိုးအောင်အဖို့ လွတ်လပ်သွားလေသည်။

ပတ္တမြားကလေးတွေ ရောင်းရငွေသည် တော်တော် မြက်မြက်ကလေး ရသည်။ ပတ္တမြားကလေးတွေကား အပြစ်အနာ ကင်းရုံမဟုတ်၊ အရည်အသွေး ကပါကောင်းလွန်းသည်ဖြစ်ရာ အကုန်အစင် ရောင်းချရန်ပင် မလို၊ သုံးပုံ
တစ်ပုံမျှ ရောင်းရုံဖြင့် ကိုဘိုးအောင်နှင့် မရွှေအိမ်တို့ အေးအေးလူလူ နေထိုင် စားသောက်နိုင်သည်။ အမြော်အမြင်ရှိသော ဇနီးမောင်နှံက အိမ်မှာ ကုန်စုံ ဆိုင်ကလေး တည်ထားလိုက်သည်။
ဤသို့ဖြင့် ကိုဘိုးအောင်နှင့် မရွှေအိမ်တို့ သားကလေးသည် အသက် ငါးနှစ်အရွယ်သို့ တိုင်လာခဲ့လေပြီ။ ထိုအချိန် အသက်အရွယ်အထိ စကားပြောခြင်း၊ ငိုကြွေးခြင်း၊ ဆော့ကစားခြင်း မရှိဘဲ စားလို သောက်လိုကြောင်း ပူဆာခြင်းလည်း မရှိခဲ့။ ကျွေးချိန်တန်သည့်အခါ မိဘနှင့် အစ်မက ကျွေးသည် ကို တစ်စုံတစ်ရာမျှ ပြောဆိုမေးမြန်းခြင်း မပြုဘဲ စားပြီး ဘုရားစင်ရှေ့မှာသာ တင်ပျဉ်ခွေ ထိုင်နေလေ့ရှိ၏။ သားငယ် အသက် ငါးနှစ်တင်းတင်းပြည့်သော နေ့ကစပြီး မရွှေအိမ်သည် ပူပန်စိုးရိမ်သောစိတ်က လွှမ်းမိုးလာခဲ့သည်။ မစား နိုင်၊ မအိပ်နိုင်အောင် ဖြစ်လာသည်။

“ကိုဘိုးအောင်ရယ်၊ သားလေး ကိုယ်ဝန်မတည်မီကလေးမှာ ကျုပ်တို့ မြေမြှုပ်သဂြိုဟ်ခဲ့ရတဲ့ လူသူတော်ကို အိပ်မက်တာ ကျုပ် ပြောခဲ့ဖူးတယ် မဟုတ်လား”
သားငယ် ငါးနှစ်ပြည့်ပြီး သုံးရက်အလွန်မှာ မရွှေအိမ်က တိုးတိတ် စွာ ပြောသည်တွင် ကိုဘိုးအောင်သည် ထိတ်လန့်စိုးရိမ်စိတ် ဝင်လာသည်။
“အေး… ငါ သတိရတယ်၊ ဘယ်လိုလဲ မင်းမျက်လုံးထဲမှာ မြင် နေပြီလား ရွှေအိမ်”
ဆိတ်ငြိမ်စွာ ထိုင်နေသော သားငယ်ကို လှမ်းကြည့်ပြီး ကိုဘိုးအောင် က စိုးရိမ်စွာ ပြန်မေးသည်။
“မြင်နေပြီတော့် ကိုဘိုးအောင်””
“မင်း မြင်ရပုံကို ပြောစမ်း”
“ကျုပ်ကလည်း အိပ်မက်ထားတော့ တစ်နေ့မှ သတိမလစ်ဘူး။ | ဂရုစိုက် စောင့်ကြည့်နေခဲ့တာ၊ သားကလေး ငါးနှစ်ပြည့်ပြီး နောက်တစ်ရက် ကစလို့ ထင်ထင်ရှားရှား မြင်လာတယ်”
မရွှေအိမ်က ပြောင်း မျက်ရည်ကျသည်။ ဟုတ်ပါသည်။ မရွှေအိမ် သည် အိပ်မက်ကို သတိမလစ်ဘဲ သားငယ်ကို အထူးဂရုစိုက် ကြည့်နေခဲ့၏။ သားငယ် ငါးနှစ်ပြည့်ပြီး နောက်တစ်နေ့ဝယ် သားငယ်သည် ထိုင်နေကျ နေရာ ဘုရားစင်ရှေ့ဝယ် ထိုင်နေကျ ပုံသဏ္ဌာန်အတိုင်း တင်ပျဉ်
ခွေ ထိုင်နေသည်ကို ကြည့်နေသော မရွှေအိမ် မျက်လုံးထဲတွင်ကား သားငယ် ထိုင်နေသည့်ဘေးတွင် ယှဉ်လျက် ကြည်ညိုစဖွယ် သပ္ပာယ်တင့်တယ်လှသော ရဟန်းတော်တစ်ပါး၏ သဏ္ဌာန်ကို ထင်ထင်ရှားရှား ဖူးတွေ့နေရသည်။ ထို ရဟန်းတော်ကား သားငယ်၏ ရုပ်ရည်ရူပကာပင် ဖြစ်သော်လည်း ဝါတော် ၆၀ ရပြီးသော ရဟန္တာမထေရ်တမျှ ရင့်ကျက်တည်ငြိမ်သည့် ဣနြေ္ဒသိက္ခာ ဖြင့် ကြည်ညိုစရာ ကောင်းလှသည်။ ထိုရဟန်းတော် အသွင်သဏ္ဌာန်သည် သားငယ် ထိုင်လျှင် ထိုင်လျက်၊ သားငယ် လဲလျောင်းလျှင် လဲလျောင်းလျက်၊ အပေါ့အပါး စွန့်ရန် သားငယ် သွားလာလျှင် သွားလာလှုပ်ရှားလျက်၊ သားငယ် အစာအာဟာရ စားသောက်နေလျှင် သပိတ်တော်ကို ပိုက်ကာ ဆွမ်းဘုဉ်းပေး လျက်ဖြင့် သားငယ်၏ ပကတိ ကိုယ်ခန္ဓာနှင့် ယှဉ်လျက်သား မရွှေအိမ် ထင်ထင်ရှားရှား ဖူးတွေ့နေရသည်။

မရွှေအိမ်က သုံးရက်တိုင်တိုင် သူ အထူးဂရုစိုက်ကြည့်၍ မြင်တွေ့ ခဲ့ရပုံကို ကိုဘိုးအောင်အား သေသေချာချာပြောပြီး –
“ကျပ် စိတ်စွဲလို့များ ထင်မြင်နေသလားလို့ စိတ်ကို ဖြေဖျောက် ပစ်တယ်၊ မေ့မေ့ပျောက်ပျောက် နေကြည့်တယ်၊ မရဘူး ကိုဘိုးအောင် …. ထင်ထင်ရှားရှား ပြတ်ပြတ်သားသားကြီး မြင်နေရတယ်တော့်၊ ဟော… အခုပဲ ကြည့်၊ သား ထိုင်နေတာနဲ့ ယှဉ်ရက် ရဟန်းတော်ပုံသဏ္ဌာန် ပေါ်နေတယ်”
ဟု ဆိုရင်း စိုးရိမ်သောကကြောင့် ကျလာသော မျက်ရည်ကို သုတ် လိုက်သည်။

ဈာန်ဝင်နေသလို တည်ငြိမ်စွာထိုင်နေသော သားငယ်ကို ကိုဘိုးအောင် က လှမ်းကြည့်၏။ သို့သော် မရွှေအိမ် မြင်သလိုကား မမြင်ပေ။ မည်သို့ပင် ဖြစ်စေ သူတို့မိသားစုကို ဆင်းရဲတွင်းမှ ကယ်တင်၍ ကောင်းကျိုး ချမ်းသာ ပေးသည့် ထူးခြားသော သားငယ်ကား အိပ်မက်အတိုင်း သူတို့ကို ခွဲခွာပြီး ဘဝကူးရှာတော့မည် ဟူသော အသိကြောင့် ကိုဘိုးအောင်ရော မရွှေအိမ်ပါ ရင်ထဲတွင် မချိတင်ကဲ ပူပန်ကြရှာသည်။
ရင်သွေးရင်နှစ် ချစ်လှစွာသော သားငယ်သည် ဘယ်အချိန်အခါမှာ သွားရှာတော့မည်လဲ ဟူသောစိတ်ဖြင့် မအိပ်နိုင်၊ မစားနိုင် ဖြစ်ရသည်။ ထို အခါ သိတတ်မှတ်တတ်သည့် ဆယ်နှစ်ကျော်အရွယ် ရှိနေပြီဖြစ်သော သမီးကြီး
ကမိဘမျက်ရည်ကျသောအခါ ငိုမဲ့မဲ့ဖြင့် အကြောင်းကို မေးရှာသည်။ မိဘက တိုးတိုးတိတ်တိတ်ဖြင့် နားလည်အောင် ပြောသောအခါ သမီးကြီးသည် – ချစ်လှစွာသော မောင်လေးအတွက် မိဘနှင့် အတူရောပြီး မျက်ရည်ကျရသည်။

#ရသလွင်ပြင်

#Credit