ရွာပြင်ကနုယဥ်

*ဘွားမယ်စိန်နှင့်ရွာပြင်မှနုယဥ်*📖📖📖( စ…ဆုံး)

*******************************************

“ဟဲ့…မိစမ်းဘယ်တုန်း”

“သြော်…မဝင်း…ကျုပ်တောင်ဝိုင်းမြေပဲနှုတ်သွားမလို့တော့်…”

“မြေပဲတွေရသလားဟဲ့”

“ဒီနှစ်ကမြေပဲကောင်းတယ်အစ်မရဲ့”

“အေးပါအေ…သွားစရာရှိတာကိုသွားသွား…
ကျုပ်က ဘာရယ်မဟုတ်ပါဘူး လှမ်းနှုတ်ဆက်တာ”

“ဟုတ်ပြီတော်ရေ့…ဒါဖြင့်ကျုပ် သွားလိုက်ဦးမယ်”

ခြံဝိုင်းအတွင်းမှနေ၍ဒေါ်ဝင်းသည်
မိစမ်းအားစကားလှမ်းပြောနေ​ခြင်းဖြစ်၏။
မိစမ်းဆိုသူကတော့ သူလိုရာသို့ထွက်သွားလေပြီ။

“ဘယ်သူနဲ့စကားပြောနေတာလဲအေ့”

“မိစမ်းပါအမေရယ်…သူမြေပဲနှုတ်သွားမလို့တဲ့”

“သြော်..အေး…..။
ဒါနဲ့ နင့်သမီးကော…ဘယ်သွားနေတာတုန်းဟဲ့”

“ပေါက်စမတို့နဲ့သွားကစားတယ်လေ”

“သြော်…အေးပါ…အေးပါ……
ဒါမို့ ဒီကလေးမကို မတွေ့တာကိုးအေ့”

“ဟုတ်ပါ့…အမေ့မြေးမကအဖော်တွေမင်နေလေရဲ့…
သူအဖော်မင်တာအရေးမဟုတ်ဘူး…
ကစားရင်းရန်ဖြစ်လာရင် ကျုပ်ကပဲ
လူကြီးချင်းဝင်ရန်ဖြစ်ရသေးတာ……..”

“ညည်းကိုက ကဲလွန်းတာပါအေ…
ဘယ့်နဲ့ ကလေးချင်းရန်ဖြစ်တာလူကြီးတွေပါရတယ်လို့”

ဘွားမယ်စိန်ပြောလေမှ ဒေါ်ဝင်း ခေါင်းငုံ့၍
မီးဖိုထဲဝင်သွားတော့သည်။
ထိုသို့မဟုတ်လျှင် ဘွားမယ်စိန်၏ဆူပူမှုကို ဒေါ်ဝင်းခံရတော့မည်ဖြစ်သည်။

*************************

အညာမိုးသည် တဖျောက်ဖျောက်ကျဆင်းနေခဲ့၏။
မိုးတိမ်ဆိုင်တို့ထူထပ်နေသော်လည်း မိုးသည်က
တဖျောက်ဖျော​က်သာ ရွာသွန်းနေလေသည်။

“နုယဥ်…ဟဲ့…နုယဥ်………”

“ရှင်…အမေ…….”

ထမင်းအိုးတည်နေသော နုယဥ်ကို
မိခင်ဖြစ်သူ ဒေါ်ခင်သိန်းသည် အော်ဟစ်၍ခေါ်လေသည်။
နုယဥ်လည်းတည်လက်စ ထမင်းအိုးကို မီးဖိုပေါ်မှ
ကတုန်ကယင်ဖြင့်ချလိုက်ပြီးနောက်
တဲအိမ်အပြင်သို့ထွက်လာခဲ့ရှာသည်။
တဲအိမ်အပြင်ရောက်သောအခါ
ခါးကြီးထောက်ကာ
ဒေါသတကြီးဖြစ်နေသော မိခင် ဒေါ်ခင်သိန်းကြောင့်
နုယဥ် လက်ဖျားခြေဖျားတို့အေးစက်စပြုလာခဲ့လေပြီ။
သူ၏တုန်ရီလုလုအသံကိုထိန်း၍…

“အ…အမေ….ဘာ…ဘာဖြစ်လာတာလဲ ဟင်……..”

အရွယ်ရောက်ပြီးဖြစ်သော်လည်း နုယဥ် သူမအတွက်
တစ်ဦးတည်းသော သံယောဇဥ်ဖြစ်သည့် မိခင်ကြီးအား
ချစ်ကြောက်ရိုသေရှာသည်။
ဒေါ်ခင်သိန်းသည်လည်း နုယဥ်အပေါ်၌ ချုပ်ချယ်လွန်း၏။
မိခင်ဖြစ်သူအား လယ်တောလိုက်၍ ရှာဖွေကျွေးပါသော
နုယဥ်အား ဒေါ်ခင်သိန်းသည် ထစ်ခနဲရှိရိုက်ဟဲ့…ဆဲဟဲ့ပြုလုပ်တတ်သူဖြစ်သည်။
ယခုလည်း မည်သည့်အကြောင်းကြောင့်ဆိုတာ နုယဥ်မသိသေးသော်လည်း မိခင်၏ လက်စွဲတော်ကြိမ်လုံးကြီးအား
နုယဥ်မြင်ယောင်နေမိချေပြီ။

“နင်….မနေ့ညက ဘယ်သွားသေးလဲ”

“ရှင်…မနေ့ညက….မနေ့ညက ကျုပ်…
အမေနဲ့အတူတူအိပ်တာလေ…
ကျုပ်ကဘယ်ကိုသွားရမှာလဲ”

“ဟဲ့…ကောင်မ…နင်မညာနဲ့….မနေ့ညက
နင့်ကို ရွာပြင်ဘက်မှာတွေ့တဲ့သူရှိတယ်…မှန်မှန်​​ဖြေရင်​ဖြေနော်…မဖြေရင် ညည်းငါ့အ​ကြောင်းပိုသိမယ်မှတ်…..”

“အို…အမေရယ်…ကျုပ်မညာပါဘူး…ကျုပ်ညက
ဘယ်မှမသွားပါဘူးတော်…တကယ်ပါ “

“ဒါဆို…မနေ့ညက ကျော်ဖေတို့တွေ့တာနင်မဟုတ်တော့ဘယ်သူတုန်း…ရွာပြင်ကနေ ရွာထဲကို ခပ်သုတ်သုတ်ဝင်ပြေးသွားတာ
တွေ့တယ်လို့ သူတို့ကိုယ်တိုင်ပြောတာ…
ညည်းငါ့ကိုမညာနဲ့…ရွာပြင်မှာဘယ်အကောင်နဲ့သွားချိန်းတွေ့တာလဲ”

“ဟင်…ဒါ…ကျော်ဖေတို့ညာတာအမေ…
ကျုပ်ဘယ်မှမသွားဘူး”

“အေး…ညာထား…ငါ့ကြိမ်လုံးနဲ့နင်နဲ့အတွေ့ပဲ”

“အမေ့…ကျုပ်…တကယ်….တကယ်ပြောတာပါအမေရယ်…
ကျုပ်မညာပါဘူးတော်…….”

ဒေါ်ခင်သိန်းသည် သူ့အားညာရလေမလားဟူ၍
ဒေါသတကြီးဖြင့်အိမ်နံရံ၌ထောင်ထားသော ကြိမ်လုံးကိုအပြေးယူကာ နုယဥ်အားရိုက်တော့သည်။

“ရွှမ်း……..”

“အမလေးတော့်…အမေရဲ့…ကျုပ်မညာပါဘူးတော့်……”

“ရွှမ်း…..”

“အမလေး…နာလိုက်တာအမေရဲ့………”

ဒေါ်ခင်သိန်းသည်ဒေါသတကြီးဖြင့်
ကြိမ်လုံးဖြင့်ထပ်မံရိုက်လေသည်။
နုယဥ်သည်လည်း လက်ဖြင့်ကာလိုက်
ဝိုင်းထဲပတ်ပြေးလိုက်ဖြင့် ဒေါ်ခင်သိန်း၏ကြိမ်လုံးစာကိုရှောင်၏။
ဒေါ်ခင်သိန်းကလည်း ဒေါသတကြီးဖြင့်လိုက်လေရာ
နုယဥ်သည်လည်း အိမ်ဝိုင်းထဲ၌လှည့်ပတ်ပြေးရှာသည်။
သားအမိနှစ်ယောက်၏အော်ဟစ်သံများကြောင့် အိမ်နားနီးချင်းများမှ ဒေါ်ခင်သိန်းကို ဝိုင်းဆွဲပြီးတားယူကြရလေသည်။
ထိုအခါမှ နုယဥ်အရိုက်ခံရလွတ်လေသည်။

“အဲ့ကောင်မကိုညကရွာပြင်မှာတွေတယ်လို့ ကျော်ဖေတို့ကပြောတယ်…ကျုပ်မေးတာကို ဒင်းကမ​ဖြေဘဲ ညာနေလို့ရိုက်တာ……”

ဟု…ဒေါ်ခင်သိန်းကပြောလေရာ ဘေးခြံဝိုင်းမှာ
အရီးဦးမှ….

“ညည်းအမေပြောတာဟုတ်သလား….နုယဥ်….”

ဟု…မေးသောအခါ နုယဥ်သည် ခေါင်းကိုတဆတ်ဆတ်ခါ၍..

“မဟုတ်ဘူး…ကျုပ်ဘယ်မှမသွားဘူးအရီးရဲ့…
ကျုပ်ညက အမေနဲ့အတူအိပ်တာ…
ဘယ်မှမသွားပါဘူးတော်…”

နုယဥ်ပြောသည်ကို အရီးဦးသည်
ခေါင်းကိုတညိတ်ညိတ်လုပ်၍…

“ညည်းသမီးကမသွားဘူးပြောနေတာပဲ ခင်သိန်းရယ်…
ဒီကလေးမက ငါတို့မျက်စိရှေ့တင်အရွယ်ရောက်တာပါအေ…
ဒီလိုတွေသွားလာတာမရှိဘူးပါဘူး….။
ကျော်ဖေတို့ အမြင်မှားတာနေမှာပါ…အဲ့အကောင်တွေက
ငမူးငရူးတွေအေ့…ညည်းမို့သူတို့ပြောတာယုံပြီး
ကိုယ့်သမီးကိုရိုက်ရတယ်လို့”

“ဟုတ်ပါ့…မခင်သိန်းရယ်….တော်ကလည်း……”

အရီးဦး၏စကားကို ကျန်လူများမှဝင်၍ထောက်ခံကြသည်။
ထိုအခါမှ ဒေါ်ခင်သိန်းလည်း စိတ်ကိုလျော့ချလိုက်တော့၏။
သို့သော်လည်း နောက်ရက်များ၌
နုယဥ်အား ညဘက်တိုင်းရွာပြင်၌တွေ့သည်ဟူသော သတင်းသည် တစ်ယောက်မကပြောလာလေရာ ဒေါ်ခင်သိန်း
နုယဥ်ကိုရိုက်နှက်မေးပြန်သည်။
နုယဥ်သည်…

“ဘုရားပေးပေး…ကျမ်းပေးပေးပါ အမေရယ်…
ကျုပ် ညဘက်ဘယ်မှမသွားပါဘူးတော်…….”

ဟု…ငြင်းမြဲအတိုင်းငြင်းလေသည်။
ဒေါ်ခင်သိန်းခမျာလည်း
ရိုက်နှက်ရသည်ပင် ခြေကုန်လက်ပန်းကျဖြစ်နေရှာသည်။
ရွာပြင်၌ ညဘက်ဆို တစ်ဦးထဲသွားလာနေသော
နုယဥ်ကိုလည်း ရွာမှ လူတချို့ကတွေ့နေ့ကြစဲပင်။

*******************************

“ဘွား…ကျုပ်တို့ဝင်လာပြီနော်………”

“သြော်…မောင်တိုးတို့…လာကြ…လာကြ………..”

မောင်တိုးနှင့်အတူမောင်အုန်းရော လိုက်ပါလာလေသည်။
ဘွားမယ်စိန်ထိုင်နေသောကွပ်ပျစ်၌ ဝင်ထိုင်ကြပြီးနောက်…

“အလည်လာကြတာလားကွဲ့………”

ဘွားမယ်စိန်မေးလေသောအခါ မောင်တိုးကပြုံးစစမျက်နှာထားဖြင့် သူ၏ ခေါင်းထိပ်ရှိကျစ်စမြီးလေးကိုလက်ဖြင့်
ဆွဲနေလေသည်။
ထိုသို့နေရင်း မောင်အုန်းကိုကြည့်၍…

“ကိုကြီးအုန်းအရေးလို့ပြောရမှာပေါ့ဘွားရယ်…ဟီး…ဟီး…
ကိုကြီးအုန်းပြောလိုက်လေဗျာ…….”

မောင်တိုး၏စကားကြောင့် ဘွားမယ်စိန် သူဖွာရှိုက်နေသော
ဆေးလိပ်ကြီးကိုလက်မှ ချ၍…

“အထူးအဆန်းပါလားဟဲ့…ဘာများလဲ….
မောင်အုန်းမိန်းမတောင်းဖို့ ဘွားကိုလာခေါ်ကြတာများလား”

ဟုမေးသောအခါ မောင်အုန်းတစ်ယောက်ပြာပြာသလဲဖြင့်…

“အာ…မ…မဟုတ်ပါဘူးဘွားရာ…
ဒီကောင်ကျုပ်ကိုစနေတာဗျ………”

ဘွားမယ်စိန်၏သားတပည့်ဖြစ်သော မောင်တိုးနှင့်မောင်အုန်းသည်အညာသားလူချောများဖြစ်၏။

“ကဲ…ဒါဆို ဘာအကြောင်းလဲဆိုတာ ပြောစမ်းပါဘွားကို”

ဟု ပြောလေသောအခါ မောင်တိုးမှ…

“ဟော…သည်လိုဘွားရေ…ကိုကြီးမောင်အုန်းရဲ့ချစ်သူ
တောင်ပိုင်းက နုယဥ်ဆိုတာလေ……….”

ဟု…အစချီ၍ပြောလေသောအခါ…

“နုယဥ်တို့နုခင်တို့လား………”

“ဟုတ်ပါ့ အဲ့ထဲက နုယဥ်လေ…နုခင်က မြို့ကြီးသားနဲ့ညားလို့မြို့မှာနေတယ်ဗျ…နုယဥ်က ဘွားသားကိုကြီးမောင်အုန်းရဲ့
အချစ်ကလေးပေါ့ဗျာ…”

“ခွေးကောင်…စကားကိုအကောင်းပြောပါဟ”

“ပြောနေတာပဲကိုကြီးအုန်းရာ…
ကျုပ်ကမှန်ရာကိုပြောတာပါဗျ…”

“တယ်…ငါလုပ်ထည့်လိုက်ရ မျက်နှာပိုးကိုမသေဘူး…….”

မောင်အုန်းသည် သူကိုစနောက်နေသော မောင်တိုးအား
မျက်နှာထားတည်တည်ဖြင့်ပြောလေသည်။
မောင်အုန်းရှက်နေသည်ကို သိ၍ စနောက်နေသောမောင်တိုးတစ်ယောက်ဆက်ပြီး…

“အဲ့သည် နုယဥ်ကို ညဘက်ရွာပြင်မှာတွေ့တွေ့နေတယ်လို့
မြင်မိသူတွေကပြောကြတယ်ဗျ…
အဲ့လိုကြားတိုင်း ဒေါ်ခင်သိန်းက
နုယဥ်ကျောကိုဗြောတီးတော့တာပဲဘွားရဲ့…
ခက်တာက ဗျာ…နုယဥ်ကလည်း သူမသွားပါဘူးလို့တတွင်တွင်ငြင်းနေပြန်တော့…နုယဥ်အရိုက်ခံရတာကို
မကြည့်ရက်တဲ့သူ့အချစ်ကြီး ကိုမောင်အုန်းကြီးက
ဘွားဆီကိုအပြေးလာတော့တာပဲဗျို့………”

မောင်တိုး စကားဆုံးလေတော့ ဘွားမယ်စိန်လည်းပြုံးလေပြီ။
မောင်အုန်းကတော့ ရှက်၍ခေါင်းကြီးငုံ့ထားလေသည်။

“ကဲပါ…ဘာရှက်စရာရှိတုန်းမောင်အုန်းရဲ့…
အင်းနော်…ခင်သိန်းသမီးအငယ်မနုယဥ်ဆိုတာလည်း
အချောလေးပဲ….ငါ့သားနဲ့လိုက်ဖက်ပါ့အေ……..”

ဘွားမယ်စိန်မှအားပါးတရပြောလေသောအခါမောင်အုန်းတစ်ယောက် ခေါင်းကိုမော့၍ ပြုံးနေရှာသည်။
မောင်တိုးကလည်း မောင်အုန်းပခုံးကို ဖက်၍ အားပေး၏။
ထိုအခါမှ အားတက်လာသောမောင်အုန်းလည်း…

“ကျုပ်နဲ့နုယဥ်နဲ့ချစ်ကြိုက်နေတာ နှစ်ပိုင်းလောက်ရှိပြီဘွား…
ကျုပ်လည်းနုယဥ်အကြောင်းကိုသိတယ်…သူ့ခမျာ
အမေကိုလုပ်ကျွေးရတာနဲ့ အချိန်မအားလပ်တော့
ကျုပ်နဲ့တောင်တစ်ရက်နေလို့တစ်ခါမတွေ့ဖြစ်ပါဘူးဗျာ…
ပြီးတော့ သူကမညာတတ်ဘူးဘွားရဲ့…သူ့အ​ကြောင်းကျုပ်က
အူမချေးခါးအကုန်သိတယ်”

မောင်အုန်းသည် သူ၏ချစ်သူနုယဥ်အကြောင်းကိုပြောပြလေသည်။
ဘွားမယ်စိန်သည်လည်း စဥ်းစားနေ၏။
ထိုသို့စဥ်းစားရင်းမှ…

“သူအစ်မ နုခင်ကရော…ရွာကိုပြန်မလာဘူးလား…….”

“သူ့အစ်မနုခင်က မြို့ကြီးသားနဲ့ညားတော့
အောက်​ခြေခပ်လွတ်လွတ်ဗျ…
သူ့အမေကလည်း သမီးကြီးမှသည်းသည်းလှုပ်လေဗျာ…
ပြောရရင် ကျုပ်ရည်းစားနုယဥ်ကမှသမီးလိမ္မာလေးပါဘွားရယ်…ဒါကို ဒေါ်ခင်သိန်းက အမြဲဆူလို့ပူလို့ရိုက်လို့မပြီးရှာဘူး”

“ကိုကြီးအုန်းပြောတာလည်းဟုတ်တယ်ဗျ…
နုခင်က မြို့ကြီးသားနဲ့ရသွားတာ အရင်လလောက်က ရွာကို
တစ်ခါလာသေးတယ်…ဒေါ်ခင်သိန်းမမာတဲ့အချိန်ပေါ့ဗျာ…
မအေကြီး ဒီလောက်ဖြစ်နေတာကို ပြုစုဖို့ရွံရှာနေလိုက်တာ
ကျုပ်ဖြင့်ကြည့်ရတာစိတ်ပျက်လွန်းလို့ပြေးသာရိုက်လိုက်ချင်တယ်”

မောင်တိုးပြောတာကို မောင်အုန်းက
ခေါင်းညိတ်ထောက်ခံလေသည်။

“အင်း..နုခင်နဲ့နုယဥ်ကအကြီးအငယ်သာပြောတယ်
ရုပ်ချင်းရောကိုယ်လုံးကိုယ်ပေါက်ရောက
ဆင်တယ်မဟုတ်လားကွဲ့”

“ဆင်တာတော့ဆင်တယ်ဗျ…ရုတ်တရက်ကြည့်ရင်
နုယဥ်ကိုနုခင်မှတ်ရတယ်….”

“အင်း…………အေးကွယ် ဒါဖြင့်
နုယဥ်ကိုဘွားဆီခေါ်လာလှည့်ညနေကြရင်…
သူ့အမေလည်း ခေါ်လာခဲ့ကြပေါ့……..”

“ကျုပ်တို့အဖြေရှာတွေ့မှာပေါ့နော်ဘွား”

“ကိုကြီးအုန်းကလည်း ဆိုးရိမ်လှကောဗျာ…
ဘွားပြောသလိုသာလုပ်ပါ…
ခင်ဗျား အချစ်နုယဥ်အရိုက်မခံရလောက်ပါဘူးဗျ……..”

“တယ်…အေးပါ ငနွားရာ…
မင်းအဖြစ်မရှိတိုင်း ငါ့ကို လာလာနောက်မနေစမ်းပါနဲ့ကွာ….”

“ဘွား…ကျုပ်ကိုပြောတာကြားလိုက်လားဗျ…
သူ့မှာရည်းစားလေးရတော့ ကျုပ်ကို အဖြစ်မရှိတဲ့ကောင်ကြီးဆိုပြီးပြောနေတာ…ဒီမှာကိုကြီးအုန်းရ…ကျုပ်ကဘွားသွားတဲ့
ခရီးတိုင်းကိုလိုက်ပါပြီး ရည်းစားပူမိနေရမယ့်အရေးကိုမတွေးချင်လို့မထားတာပါဗျာ…
အစကတည်းကကျုပ်သာထားရင်လေ
အခုကိုကြီးအုန်းရည်းစားနုယဥ်ဆိုတာကို
ကျုပ်အရင်ရပြီးပြီဗျ….”

“ဘာကွ……….”

“ဟဲ့…ဟဲ့……သြော်…ဒီကလေးတွေနှယ်……..”

“ညနေမှလာမယ်ဘွားရေ…..အခုတော့ပြေးပြီဗျို့……..”

“အေး…မင်းလွတ်အောင်ပြေး…
မပြေးရင်ငါ့လက်စာမင်းအတွေ့ပဲ”

မောင်တိုးတစ်ယောက်မောင်အုန်းကိုစနောက်၍
ထွက်ပြေးသွားတော့သည်။
မောင်အုန်းကလည်းမောင်တိုးနောက်သို့အ​ပြေးလိုက်သွား
လေသည်။
ထိုမြင်ကွင်းကိုကြည့်၍
ဘွားမယ်စိန်သည် ဆေးလိပ်ကြီးကို
ဖွာရှိုက်၍အတွေးများထဲ၌
မျောပါနေခဲ့တော့၏။

******************************
ညနေပိုင်းအချိန်၌…

မောင်တိုးတစ်ယောက်ဘွားမယ်စိန်အိမ်၌ရောက်နှင့်နေခဲ့၏။
ဒေါ်ဝင်းနှင့်ကွပ်ပျစ်၌စကားပြောနေကြချိန်
ဘွားမယ်စိန်သည်က ဘုရားခန်း၌ တရားထိုင်နေခဲ့သည်။
ထိုစဥ် မောင်အုန်းနှင့်နုယဥ်တို့သားအမိရောက်ရှိလာကြ၏။

“ဟော…ကိုကြီးအုန်းတို့မိသားစုရောက်လာကြပြီဗျ”

“ဟာ..ဒီကောင်………”

မောင်တိုးစကားကြောင့်မောင်အုန်းမှလှမ်းငေါက်သလို
နုယဥ်ကရှက်ပြုံးပြုံး၏။
ဒေါ်ခင်သိန်းကတော့ မောင်တိုးကို မျက်စောင်းလှမ်းထိုးလေတော့ ဒေါ်ဝင်းတစ်ယောက်ရယ်မောလေသည်။

“ကဲ…အစ်မတို့ထိုင်ကြတော်…ထိုင်ကြ……..”

“အေးဟယ်…ဘွားကခေါ်တယ်ဆိုလို့ လာခဲ့တာ…”

ဒေါ်ခင်သိန်းနှင့် နုယဥ်သည် ကွပ်ပျစ်ခင်း၌ဝင်ထိုင်လေသည်။မောင်တိုးသည်က ကွပ်ပျစ်ခင်းမှဆင်း၍
နံဘေးရှိ ထန်းလက်ခုံ၌ ထိုင်၏။
မောင်အုန်းသည်လည်းမောင်တိုးနည်းတူ ထန်းလက်ခုံတစ်ခု၌
ထိုင်နေခဲ့သည်။

“အမေကဒီနေ့မှညနေပိုင်းဘုရားခန်းဝင်နေတာအေ့…
ခါတိုင်းဆို ညပိုင်းမှဘုရားခန်းဝင်လေ့ရှိတာ…
ကြည့်ရတာတစ်ခုခုအရေးကြီးနေတယ်ထင်တယ်”

“ဟုတ်လားအေ့…”

ဒေါ်ဝင်းစကားကြောင့် ဘွားမယ်စိန်အား
စောင့်ဆိုင်းနေကြလေသည်။
မကြာပါ..ဘွားမယ်စိန် ဘုရားခန်းမှထွက်၍
ကွပ်ပျစ်ခင်းဆီရောက်လာခဲ့တော့၏။
ဘွားမယ်စိန်ရောက်လာလေတော့ ဒေါ်ဝင်း ကွပ်ပျစ်မှဆင်းကာ
နေရာဖယ်ပေးရှာသည်။

“ခင်သိန်းတို့တောင်ရောက်နေကြပြီပေါ့………”

“ဘွားခေါ်တယ်ဆိုလို့…ကျုပ်တို့လည်း လိုက်လာခဲ့တာ…
ဘာအရေးများရှိလို့တုန်း တော့်”

ဒေါ်ခင်သိန်းမှမေးသောအခါ ဘွားမယ်စိန်ခေါင်းကို
ညိတ်၍…

“အင်း………..နုယဥ်…ညည်းကိုညဘက်
ရွာပြင်မှာတွေ့တဲ့သူတွေရှိတယ်ဆိုတာဟုတ်လား…
ညည်းသွားသေးလားရွာပြင်ကို”

“ဘွားရယ်…ကျုပ်မသွားပါဘူးတော်..
အဲ့ကိစ္စပါပဲ အမေကကျုပ်ပြောတာကိုလက်မခံဘဲ
ထစ်ခနဲရှိဆူလိုက်ရိုက်လိုက်ဖြစ်နေတာ ဘွား ကူပြောပေးပါဦးတော်…မဟုတ်ရင်အမေ့လက်ချက်နဲ့ကျုပ်သေရပါတော့မယ်…”

နုယဥ်ကမျက်ရည်လေးတစမ်းစမ်းဖြင့်ပြောလေတော့
မောင်အုန်းလည်းစိတ်မကောင်းသလို
ဒေါ်ဝင်းတို့မောင်တိုးတို့လည်း နုယဥ်ကိုသနားနေမိကြသည်။

“ညည်းသမီးနုခင် ရွာကိုလာသေးတယ်ဆို…
ဘယ်တုန်းကပြန်တာလဲ”

“အဲ့တာ ဒီကောင်မကြောင့်လေ…ကျုပ်သမီးက
ကျုပ်ဆီကိုလာတာကို သူကကျုပ်သမီးအလိုမကျအောင်ပြောလို့ ဟိုကပြန်သွားရတာ………”

“အမေရယ်……..”

ဒေါ်ခင်သိန်းစကားကြောင့် နုယဥ်မျကရည်ပိုးပိုးပေါက်ပေါက်
ကျလာတော့၏။
ထိုအခါ…

“အရီးခင်သိန်း သိပ်လွန်တယ်ဗျာ…
ခင်ဗျားသမီးကြီးက ခင်ဗျားကိုပြုစုဖို့တောင်ရွံနေတာ…
ဟောသည် နုယဥ်ကမှ ခင်ဗျားကို ပြုစုလို့ ခင်ဗျားကျန်းမာလာတာဗျ…….”

ဟု…မောင်တိုးတစ်ယောက် နုယဥ်အတွက်မခံချင်စွာဝင်ပြောလေသည်။

“ဟဲ့…ငါ့သမီး​ကြီးက မြို့ကသူဌေးနဲ့ရတာ
ဒါတွေဘယ်လုပ်နိုင်မလဲ…
နုယဥ်ဆိုတာလည်းငါမွေးလို့ကြီးလာတဲ့ငါ့သမီး
သူကငါ့ကိုပြုစုရမှာပေါ့…ဒါကိုများစာဖွဲ့နေသေးဟယ်”

ဒေါ်ခင်သိန်းစကားကို မောင်တိုးတို့ စိတ်ပျက်လေသည်။

“ကဲပါ….ခင်သိန်း…ညည်းလေသံကိုလျော့အေ့…
ဒါတရွာထဲသားတွေ
ဘာလို့ရန်လိုစကားတွေပြောနေရတာလဲ….”

ဟု…ဘွားမယ်စိန်ကဝင်ဟန့်လေသည်။

“နုယဥ်…ညည်းအစ်မပြန်သွားတုန်းက
ဘာတွေဖြစ်ကြသေးလဲ…ဘွားကိုမညာတမ်းပြောပြစမ်းအေ”

ဘွားမယ်စိန်မှနုယဥ်ကိုမေးလေတော့ နုယဥ်သည်
မိခင်မျက်နှာကိုကြည့်၏။

“ဟဲ့…ပြောလိုက်လေ
ငါမသိအောင်ညည်းငါ့သမီးကြီးကို
ဘာတွေပြောလိုက်လဲဆိုတာ…”

ဒေါ်ခင်သိန်းကပြောလေတော့
နုယဥ်သက်ပြင်းကိုမျှင်းချလေသည်။

***************************

ဒေါ်ခင်သိန်းနာမကျန်းဖြစ်ချိန်၌ မြို့အား
လူကြုံဖြင့်သတင်းပါးလေသောအခါ နုခင်ရွာကိုရောက်လာလေသည်။

“ကျုပ်ကအားတာမဟုတ်ဘူး…
ကျုပ်ယောကျာ်းကလည်း သူ့အလုပ်နဲ့သူများနေတာ…
အိမ်မှာလည်းအခိုင်းအစေတွေနဲ့ဆိုတော့စိတ်မချရဘူး..
ကျုပ်နောက်ရက်ကျရင်ပြန်မယ်……..”

မိခင်ကြီးအနား၌မထိုင်ဘဲခပ်လှမ်းလှမ်းမှာနေ၍
ထိုစကားပြောလေသည်။

တစ်ခါ…

“အစ်မ…အမေ့ကိုလေ…မြို့ကဆေးရုံကိုပို့ပေးပါလားဟင်….”

နုယဥ်အစ်မဖြစ်သူ သူဌေးကတော်အား ပြောလေတော့…

“အို…သေမယ့်သူကို ဆေးရုံပို့ပြီး…
ငါ့ငွေတွေအလကားအကုန်မခံနိုင်ပါဘူး”

ဟု…ဆိုလေသော် နုယဥ်တစ်ယောက်အစ်မဖြစ်သူအား
စိတ်နာမိ၏။
မိခင်ကြီးခမျာ သူ့သမီးကြီးလာ၍ဝမ်းသာနေရှာသော်လည်း
သမီးကြီးဖြစ်သူက သူ့အနီးသို့ပင်မကပ်…
လူမမာဖြစ်နေသော မိခင်ကြီးကိုရွံရှာ၍နေသည်။

တစ်ရက်၌…

“နုယဥ်ရော့…ဒါအမေ့အသုဘအတွက်သုံးလိုက်…”

“ဟင်….”

အစ်မဖြစ်သူပေးသော ငွေအချို့ကိုနုယဥ်ကြည့်နေမိသည်။

“ရော့…ငါတော်နေဆိုပြန်မှာ…ငါ့လှည်းသမားကိုလည်းပြင်ခိုင်းထားပြီ…ဒါနင် အမေ့အသုဘကျရင်သုံးဖို့ငါပေးထားခဲ့တာ”

“အစ်မ….နင်….နင်….ကျေးဇူးကန်းတဲ့ကောင်မပဲ…….”

“ဘာပြောတယ်…ငါကကျေးဇူးကန်းတယ်ဟုတ်လား…
နေ့လားညလားမသေချာတဲ့လူမမာအတွက် အသုဘစရိတ်ပေးတာကို ကျေးဇူးကန်းတယ်ဆိုတော့ နင်ကဘာတတ်နိုင်လို့လဲ…ဟမ်……”

“အေး…ငါကနင့်လိုသူဌေးကတော်လည်းမဟုတ်ဘူး…
ရွှေလည်းမရှိဘူး…ငွေလည်းမရှိဘူး…
ဒါပေမယ့် အမေ့အတွက်ငါရှာနိုင်တယ်…
အမေ့ရောဂါပျောက်ဖို့ လယ်ရောင်းပြီးငါကု့မယ်…
သွား…နင်သာ နင့်ငွေတွေယူပြီး ဒီရွာကထွက်သွား…
အမိုက်မရဲ့……….”

ဟုပြောရင်းနုယဥ်ငိုလေသည်။

“တောက်……အေးပေါ့လေ…နင့်ထိုက်နဲ့နင့်ကံပဲ
ဒီလူမမာကိုကုပြီးသာ…ဒုက္ခခံပေတော့…………… “

နုခင်တစ်ယောက်​ဒေါသတကြီးဖြင့် ပြန်သွားလေသည်။
နုယဥ်မှာတော့…

“အစ်မရယ်…အမေလိုတာ နင့်ကိုပါ…နင့်ငွေတွေ…ရွှေတွေ…
ဂုဏ်တွေမဟုတ်ပါဘူးဟာ……”

ဟုပြောရင်းမိခင်ကြီးမသိအောင်
ငိုကြွေးရှာသည်။
ထို့နောက်သူ၏လယ်ကိုရောင်း၍
မိခင်ကြီးကိုဆေးကုသပေးသောအခါမိခင်ကြီး၏
ဝေဒနာများသက်သာပျောက်ကင်းလာခဲ့လေသည်။

**************************
နုယဥ်ပြောပြသောအကြောင်းအားနားထောင်ကြပြီးသောအခါ
ဒေါ်ခင်သိန်းသည် သမီးဖြစ်သူအားဖက်၍ကငိုကျွေး၏။
မောင်တိုးတိုသည့်က နုခင်အား အမုန်းကြီးမုန်းကြတော့သည်။

“အမလေး….အမေကိုသင်္ချိုင်းပို့တဲ့အမိုက်မကိုမှ
အမေချစ်ရတယ်လို့…ငါ့သမီးငယ်အလိမ္မာလေးရယ်…
အမေတောင်းပန်ပါတယ်ကွယ်….အီး….ဟီး….ဟီး…..”

ဒေါ်ခင်သိန်းငိုကြွေးလေတော့ နုယဥ်က မိခင်ကြီးအား
ပွေ့ဖက်နှစ်သိမ့်ရှာ၏။

“ကဲပါလေ…သတ္တဝါတစ်ခုကံတစ်ခုဆိုသလိုပေါ့…
အခု နုယဥ်ကိုရွာပြင်မှာတွေ့တဲ့ကိစ္စ…
ဒီကိစ္စကိုဘွားရှင်းပေးမယ်….
ကဲ….သမီးနုယဥ်…လာဘွားရှေ့ကိုလာ…..”

ဟု…ဘွားမယ်စိန်မှခေါ်လိုက်တော့သည်။
နုယဥ်သည် ဘွားမယ်စိန်ရှေ့သို့တိုးကပ်လာခဲ့သည်။

“မျက်လုံးမှိတ်ထားနော်…”

“ဟုတ်ကဲ့ဘွား…..”

အားလုံးကစိတ်ဝင်စားနေကြလေပြီ။
နုယဥ်သည်လည်းမျက်လုံးမှိတ်ထား၏။

“ကဲ…နုခင်….ရောက်တဲ့နေရာကနေဒီကိုလာပါ….
ဘွားခေါ်တယ်…လာပါ………………”

ဟု…ပြောရင်းနှုတ်မှတဖွဖွဖြင့်ဂါထာအချို့ကိုရွတ်ဆိုသည်။
ခဏမျှကြာတော့ မျက်လုံးမှိတ်ထားသော နုယဥ်၏
ခန္ဓာကိုယ် သည်တုန်ခါလာ၏။

“ရောက်ပြီလား……..”

ဘွားမယ်စိန်အမေးကိုခေါင်းညိတ်ပြလေသည်။
နုယဥ်မျက်လုံးများဖွင့်လာပြီးဘေးဘီကိုစူးစမ်းစွာကြည့်ပြန်သည်။
ပြီးလေတော့ ဒေါ်ခင်သိန်းဆီ၌အကြည့်ရောက်သွားပြီး…

“အမလေး….အမေရဲ့….သမီးကိုကယ်ပါဦးအမေရဲ့….
အီး……..ဟီး………ဟီး……….ဟီး…..”

ရုတ်တရက် နုယဥ်တစ်ယောက်ဒေါ်ခင်သိန်းကိုကြည့်၍
ရှိုက်ငယ်တကြီးငိုကြွေး
တော့သည်။

“ဟဲ့…သမီးနုယဥ်…ဘာဖြစ်တာလဲ…ဘွားလုပ်ပါဦး….
ကျုပ်သမီးဘာများဖြစ်တာလဲမသိဘူး”

ဒေါ်ခင်သိန်းပြောလေတော့ဘွားမယ်စိန်သည် လက်ကာပြပြီး…

“ကဲ…နုခင် ညည်းအကြောင်းကိုပြောပြလိုက်ပေတော့”

ဟုပြောလေရာ ငိုကြွေးနေသောနုယဥ်သည်
ခေါင်းကိုညိတ်ပြပြီး…

“အမေ…ကျုပ် နုခင်ပါ…….”

“ဟင်…သမီးကြီး….နု….နု…ခင်….ဟုတ်ရဲ့လား……..”

“ဟုတ်ပါတယ်အမေ…ကျုပ် နုခင်ပါ…။
ကျုပ်အမေ့ကိုစော်ကားမိလို့ကျုပ်ခံရတာ….
ကျုပ်နုယဥ်နဲ့ရန်ဖြစ်ပြီး မြို့ကိုအပြန်…
လမ်းမှာ ကျုပ်တို့စီးလာတဲ့နွားလှည်းကို ဓားပြတိုက်ခံရလို့…
ကျုပ်ကိုသတ်ပြီး ပစ္စည်းတွေလုသွားကြတယ်အမေရဲ့…..
အီး….ဟီး….ဟီး……..
ဒါကိုကျုပ်ယောကျာ်းသိပေမယ့်…ဒင်းကနောက်မယားယူပြီး
ကျုပ်အတွက်ဘာကုသိုလ်မှလုပ်မပေးဘူး….
ကျုပ်လည်းအမေတို့ရွာထဲဝင်ချင်ပေမယ့် ဝင်မရလို့ ရွာပေါက်မှာပဲတဝဲလည်လည်ဖြစ်နေတာ…..အီးးးးးဟီးးးးးးဟီးးးးးး”

နုခင်သည်သူ၏အဖြစ်ကိုငိုကြွေးရင်းပြောပြရှာသည်။
နားထောင်နေကြသူများလည်းစိတ်မကောင်းဖြစ်နေမိကြ၏။

“အဖြစ်ဆိုးလှပါလား သမီးကြီးရယ်…………..”

“အခုလည်းဘွားခေါ်လို့သာကျုပ်လာလို့ရတာ
ကျုပ်ဘဝကံကအတော်ဆိုးပါတယ်အမေရယ်………”

“အီးးးဟီး….ဟီးးး…..ဘာမှမပူနဲ့အေ….အမေညည်းအတွက်
ကုသိုလ်ကောင်းမှုတွေလုပ်ပေးမယ်…နော်သမီးကြီး….
အမေလုပ်ပေးမယ်အေ…………….”

“အမေ့သမီးအမိုက်မကိုခွင့်လွှတ်ပါအမေရယ်….
ကျုပ်ကိုခွင့်လွှတ်ပါ….ညီမနုယဥ်ကိုလည်းကျုပ်တောင်းပန်တယ်ဆိုတာပြောပေးပါတော်…ကျုပ်ညီမလေးကမှ
သမီးလိမ္မာလေးပါအမေရယ်……….”

နုခင်ပြောသည်များကိုဒေါ်ခင်သိန်းငိုကြွေးနေရင်းမှ
ခေါင်းညိတ်ပြရှာသည်။

“ဒါဖြင့် ကျုပ်သွားတော့မယ်အမေ…ကျုပ်အတွက်ကုသိုလ်လုပ်ပေးပါအမေရယ်……..”

“စိတ်ချပါအေ…အမေနဲ့ညည်းညီမ…ညည်းအတွက်ကုသိုလ်ကောင်းမှုလုပ်ပေးပါ့မယ်…..”

ဒေါ်ခင်သိန်းစကားဆုံးတော့ နုခင်သည် ဝါးခနဲသန်းကာ
နုယဥ်၏ကိုယ်အတွင်းမှထွက်ခွာသွားတော့သည်။
သတိမရသေးသောနုယဥ်အားဒေါ်ခင်သိန်းမှထွေးပွေ့ထားသည်။
ဘွားမယ်စိန်မှသူ၏ရေမန်းဖြင့်
နုယဥ်၏မျက်နှာအထက်ဖြန်းပေး၏။

“ကျုပ်သမီးကြီးအဖြစ်ကလည်းဆိုးလှပေါ့….ဘွားရယ်…
ဒီမအေဘယ်စိတ်နဲ့နေရပါ့တော်……..”

ဒေါ်ခင်သိန်းစကားကြောင့်ဘွားမယ်စိန်ခေါင်းကိုညိတ်၍
သက်ပြင်းချလေသည်။

“အင်း…သူကံပါသလောက်ပေါ့အေ….
သူ့အတွက်တတ်နိုင်တဲ့ဘက်ကသာကိုယ်တွေက
လုပ်ပေးကြယုံပေါ့”

“ဟုတ်ပါတယ်ဘွားရယ်…………”

ဒေါ်ခင်သိန်းမျက်ရည်များကျဆင်းနေသည်။

“အမေ…ဘာဖြစ်တာလဲ……..”

နုယဥ်သတိရလာပြီး ငိုကြွေးနေသောမိခင်ဖြစ်သူကိုမေးလေသည်။
နုယဥ်မေးလေတော့ ပို၍ငိုကြွေးကာ….

“သမီးရဲ့ညည်းအစ်မနုခင်ဓားပြသတ်လို့သေပြီအေ့….
ညည်းအစ်မကြီးသေရှာပြီ…သမီးရဲ့……အီး….ဟီးး….ဟီး…..”

“ရှင်…မမ…မမ နုခင် သေပြီ….ဟုတ်ရဲ့လားအမေရယ်….”

“ဟုတ်တယ်နုယဥ်…အစောက ဘွားကနင့်အစ်မနုခင်ဝိညာဥ်ကိုခေါ်ပြီးမေးပြီးသွားပြီဟ……..”

မောင်တိုးကဝင်ပြောခြင်းဖြစ်သည်။

“ဟင်….အမေ….မမ…မမတကယ်မရှိတော့ဘူးပေါ့……”

“ဟုတ်ပါတယ်ဆိုအေ….ညည်းအစ်မအမေတို့ကိုခွဲသွားပြီ
သမီးရဲ့……….”

ဒေါ်ခင်သိန်းနှင့်နုယဥ်တို့ ဖက်၍ငိုကြွေးကြပြန်သည်။
ဓားပြသတ်လို့သေသည့်သမီးဖြစ်သူအတွက်…
အစ်မဖြစ်သူအတွက်ယူကျုံးမရဖြစ်နေကြရှာသည်။

ထိုသို့ဖြင့် သားအမိနှစ်ယောက် နုခင်အတွက်ရည်စူးပြီး
အလှူအတန်းများလုပ်ပေးကြသည်။

“နုခင်ရေ…ငါ့သမီးကြီးရောက်လေရာဘဝမှာ
ဒီလိုအဖြစ်ဆိုးမျိုးနဲ့ဝေးပါစေအေ……”

သံဃာများပင့်ကာအလှူအတန်းလုပ်အမျှဝေပြီးနောက်
ဒေါ်ခင်သိန်း၏ရင်တွင်းမှဆုတောင်းပေးသံပင်ဖြစ်ပါတော့သည်။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)