ရွာသူ(စ/ဆုံး)
———–
အချိန်အခါကား ၊ နောင်တော်ကြီးမင်း နန်းတက်ချိန် ၊ အယုဒ္ဓယပြည်နှင့် စစ်အေးခါစ အခါသမယ ဖြစ်သည်။
ယင်းတော် စီရင်စု ၊ သူကြီးမင်း ဦးရွှေဇံ အုပ်ချုပ်သော ၊ ညောင်နှစ်ပင် ကျေးရွာသည် အလွန် စည်ပင်ဖွံဖြိုး၏။
သူကြီးမင်းသည် ကျေးရွာကို အာဏာ ပြင်းပြင်းဖြင့် အုပ်ချုပ်သည်ဟုလည်း ကျော်လေ၏။ အပြစ်သားတို့ကို စီရင်ရာ၌လည်း ပြတ်သားရဲဝန့်လေ၏။
ထို့ကြောင့် သူကြီး ဦးရွှေဇံ၏ အာဏာစက်အောက် ရှိသော ရွာသူရွာသားတို့သည် သူကြီးမင်းအား အလွန်တရာ ကြောက်ရွံခန့်ငြားကြလေ၏။
ကျေးရွာ၏ တောင်ဖျား တသီးတသန့် ရှိသော ခုနှစ်အိမ်တန်းမှ ငထော်၏ အိမ်သည် သူကြီး၏ တားမြစ်ချက်ဖြစ်သော ဘိန်းဘင်းကစော် အရက်သေစာ ရောင်းဝယ်ဖောက်ကားခြင်း မပြုရဟူသည့်အမိန့်အား တံစိုးလက်ဆောင်ပေး၍ ခိုးကြောင်ခိုးဝှက် ကျုးလွန်လေ့ရှိ၏။
ယခုလည်း ငထော်သည် ညဉ့်အချိန်မတော် ခိုးဝှက်ပြီး အရက်ချက်လုပ်နေပါ၏။ အရက်ပေါင်းဖိုအား ထင်းမီးထိုးပြီး ဂရုမစိုက်နိုင်၊ ငထော် မူးနေ၏။ မကြာပါ …
” မီးဗျို့ … မီး … မီး ”
” ဒေါင် … ဒေါင် … ဒေါင် ”
” တောက် … တောက် …တောက် ”
ရွာတောင်ဖျားဘက်မှ မီးဟုအော်ဟစ်သံ ၊ သံချောင်းခေါက်သံ ၊ ဝါးရိုက်သံ ဆူညံစွာ ထွက်ပေါ်လာ၏။ အရက်ပုန်း ရောင်းချသည့် ငထော်၏ တဲမှ စတင် မီးလောင်ခြင်း ဖြစ်သည်။
အချိန်ကား သက်ကြီးခေါင်းချချိန်။
ဆူညံသံတွေကြောင့် မသက်ပန် အိပ်ရာထဲမှ လူးလဲ ထလိုက်သည်။ ပြေကျနေသော ဆံပင်တို့ကို ကပိုကရို ထုံးဖွဲ့၏။ ပြီးလျင် ချက်ချင်း တဲအပြင်သို့ ထွက်ကြည့်လိုက်သည်။မြင်ကွင်းကို ကြည့်၍ သူမ ဘုရားတလိုက်မိသည်။
” ဘုရား ဘုရား ”
သူမ၏ တဲနှင့် ငါးအိမ်ကျော်လောက်မှာ မီးညွန့်မီးတောက်များက ထန်းတဖျားစာလောက် တောက်လောင်နေပြီ။ မီးက အရမ်း နီးကပ်နေလေပြီ။ မီးပွားမီးစများက လေနဲ့အတူ သူမ၏ တဲအိမ်လေးဆီသို့ လွင့်ပျံ့လာကုန်ပြီ။
အမှန်တော့ တစ်အိမ်ကျော်က ဒေါ်လှညွန့်တို့၏ တမာပင်ကြီး ခံနေလို့ မီးက မကူးသေးခြင်းသာ။
မသက်ပန် သတိဝင်လာသည့်အခါ တဲထဲ အမြန်ပြေးဝင်၍ ရသလောက် ထုပ်ပိုးလေတော့၏။ တကယ်တန်းက သူမမှာ ရှိသော ပစ္စည်းများမှာ အဖိုးတန်ဟူ၍ မယ်မယ်ရရ မရှိ။ ထင်းရှုးသေတ္တာလေးထဲက ကောင်းနိုးရာရာ ထမိန်၊ အင်္ကျီလေးတွေကို လုံးထွေးထည့်လိုက်သည်။
အဘနဲ့အမေ၏ ဂုဏ်တော် စိပ်ပုတီး ၊ ပြီးတော့ ဝါကျင့်ကျင့် ပေစာထုပ်လေး။ ပြီးတော့ အမေ့လက်ထက်ကတည်းက သွေးလိမ်းလာခဲ့သည့် သနပ်ခါးကျောက်ပြင်ကလေး။ တဆက်တည်း သနပ်ခါးတုံးအသစ်လေးပါ ကောက်ထည့်၏။မသက်ပန် ထည့်မိထည့်ရာ ထည့်နေမိခြင်း ဖြစ်သည်။
” မသက်ပန် … မသက်ပန် …၊ မီးညွန့်က ဒေါ်လှညွန့်တို့အိမ်ဘက် ကူးနေပြီ၊ မနိုင်တော့ဘူး ထွက်လာခဲ့တော့ ”
ဒီအသံက ကိုအောင်မင်း အသံဟု ထင်ရသည်။ မီးငြိမ်းသတ်ရင်း သတိတရ ခေါ်နေခြင်း ဖြစ်လိမ့်မည်။ ဒီတစ်ရွာလုံး သူမအား လူရာသွင်း စကားပြောတတ်သူမှာ ကိုအောင်မင်း တစ်ယောက်သာရှိ၏။
မှန်၏ ။ ကိုအောင်မင်းသည် မသက်ပန်၏တဲ အရှေ့မှ အော်ခေါ်နေ၏။ ရွာထဲက လူငယ်တွေ အုတ်အုတ်သဲသဲ မီးငြိမ်းနေပေမယ့် မီးက မနိုင်၊ စက္ကန့်ပိုင်းအတွင်း တစ်အိမ်ပြီးတစ်အိမ် ကူးစက် လောင်ကြွမ်းကုန်သည်။
ကိုအောင်မင်း … မသက်ပန် ထွက်မလာ၍ စိတ်ပူကာ တဲထဲသို့ စွတ်ရွတ် ပြေးဝင်လာ၏။
” မသက်ပန် … ဘာလုပ်နေတာလဲ ၊ မီးက ခင်ဗျားတဲကို ကူးတော့မှာ ၊ ထွက်ခဲ့တော့ ၊ ဘာမှ ယူမနေနဲ့ ၊ လူ့အသက်ထက် ဘာမှ တန်ဖိုးမရှိဘူး ၊ လာ လာ ”
ရေပုံးတစ်ဖက်နဲ့ ကိုအောင်မင်းက မသက်ပန်ကို ဇွတ်အတင်း ဆွဲခေါ်၏။ မသက်ပန်ခမျာ အထုပ်ကို အသေအချာ ချည်၍ ပွေ့ပိုက်ကာ ကိုအောင်မင်း ဆွဲခေါ်ရာသို့ ပါလာ၏။
ထိုအခိုက် ကလပ်ပေါ်က ရွှေရေးအနားခြယ် သစ်စေးသုတ်ထားသည့် မယ်တော်သစ်သားရုပ်တုကို သူမ မျက်လုံးထောင့်တွင် ဖျတ်ခနဲ့ မြင်သွား၏။ မသက်ပန် စိတ်ထဲဝယ် မယ်တော်ရုပ်တုကလည်း သူမအား ကြည့်နေသဘိကဲ့သို့ ထင်မြင်မိသွား၏။
ခြံအပြင်သို့ ရောက်နေပြီ ဖြစ်သော မသက်ပန်သည် တုန့်ဆိုင်းမနေပဲ ချက်ချင်း ကိုအောင်မင်း လက်မှ ဆောင့်ရုန်း ထွက်လိုက်ပြီး ၊ အထုပ်ကို မြေပေါ်သို့ ပစ်ချကာ ၊ တဲထဲသို့ ပြန်လှည့် ပြေးဝင်သွားလေ၏။
အဖြစ်အပျက်တို့မှာ မြန်ဆန်လွန်း၍ …ကိုအောင်မင်း တားမြစ်ချိန် မရလိုက်ပါ ။
” ဟာ ! မသက်ပန် မသက်ပန် ”
မသက်ပန်၏ တဲခေါင်မိုးမှာ မီးစွဲစပြုနေလေပြီ ။ တဖျစ်ဖျစ်နဲ့ ခေါင်ဝါးတွေကို မီးက လောင်စပြုပြီ။ ကိုအောင်မင်း မသက်ပန်အတွက် စိုးရိမ်သွားသည်။ အော်ဟစ်ခေါ်သော်လည်း မသက်ပန်က တဲထဲ ရောက်သွားပြီ ဖြစ်၏။
သက်ကယ်မိုး ၊ ထရံကာတဲဆိုတော့ မီးက လောင်လွယ်၏။ ချက်ချင်း မီးတောက်များက တဟုန်းဟုန်း တောက်လောင်လေတော့သည်။
ကိုအောင်မင်းလည်း လက်ထဲက ပုံးဖြင့် ဖုန်များကို ကျုံးယူ၍ တဲကို ပက်လေသည်။ မထိရောက်ချေ။ မီးက စွဲလောင်နေလေပြီ။
” မသက်ပန် … မသက်ပန် ”
မသက်ပန် တဲထဲမှ ပြေးထွက်လာသည်။ သူမ၏ ရင်ခွင်ထဲတွင် တစ်တောင်ခန့်အရွယ်ရှိသည့် ရွှေရေးခြယ် အနက်ရောင်သစ်စေးသုတ်ထားသော မယ်တော်ရုပ်တုကို ပွေ့ပိုက်လာ၏။
မီးဟပ်သည့်အရှိန်ဖြင့် မသက်ပန်၏ တစ်ကိုယ်လုံး ပူလောင်မြိုက်နေရှာသည်။ ကိုအောင်မင်း လဲကျလုလု မသက်ပန်ကို ဆီးကြို ပွေ့လိုက်သည်။
မသက်ပန်ကား အသံယဲ့ယဲ့လေးဖြင့်…။
” ကျမအမေရဲ့ နောက်ဆုံး အမွေလေးမို့ပါရှင် …”
မသက်ပန်က လက်ထဲက ရုပ်တုကို အနည်းငယ်မြှောက်ပြပြီး ပြောလိုက်ခြင်း ဖြစ်သည်။
မသက်ပန်၏ လက်ထဲက ရွှေရေးခြယ် သစ်စေးချထားသည့် မယ်တော်ရုပ်တုသည် ကြည့်ရင်းနှင့်ပင် အသက်ဝင်လွန်းသည်ဟု ကိုအောင်မင်း တွေးထင်မိသည်။ ဘာကြောင့်မှန်းမသိ။ ကိုအောင်မင်းသည် မယ်တော်ရုပ်တုကို ကြည့်၍ ကျောထဲ စိမ့်သွား၏။
ခပ်ရွံရွံ ဖြစ်လာသည့် စိတ်အခံကြောင့် ရုပ်တုမှ မျက်နှာလွဲလိုက်မိသည်။
တဲကား တခဏချင်းပင် လောင်ကြွမ်းသွားလေပြီ။ မီးသည် တခြားအိမ်သို့ ဆက်၍ ကူးစက်လောင်ကြွမ်းရန် အရှိန်တညီးညီး တောက်လောင်နေတော့၏။
ရွာရှိ လူငယ်တို့သည် ဒေါသတကြီး လောင်ကြွမ်းနေသော မီးကို ကြိုးစားပမ်းစား ငြိမ်းသတ်နေကြပါသည်။
ရွာတောင်ဖျားရှိ တဲ ခုနှစ်လုံး ကုန်မှ မီးက ရပ်တန့်သွား၏။ လူငယ်တို့လည်း ခြေကုန်လက်ပန်းကျကြလေပြီ။ တော်သေး၏။ မီးက ငြိမ်းသွား၏။
မီးလောင်ပြင် ငုတ်တိုကို ခြေပစ်လက်ပစ် ငေးမောကြည့်နေသူက မသက်ပန်။ ငိုလည်း မငို ၊ ရှိုက်လည်း မရှိုက်။ ကြောင်ငေးငေးလေး ကြည့်နေရှာသည်။ ပြာပုံအတိဖြစ်သွားသော သူမ၏ နေအိမ် တဲငယ်လေးကို တသသ ဖြစ်နေရော့လား မဆိုနိုင်။မိဘများ ရှိစဉ်ကတည်းက နေလာခဲ့သည့် အိမ်အိုကလေးမဟုတ်လား။
ဗလာကျင်းသော ကိုယ်အထက်ပိုင်းဖြင့် မသက်ပန်၏ အနီးတွင် မားမားကြီး ရှိနေပေးသူက ကိုအောင်မင်း။
ကိုအောင်မင်းသည် သူ့ မျက်စိအောက်က မသက်ပန်တစ်ယောက် မချိတင်ကဲ ဖြစ်နေသည်ဟု ထင်မှတ်ကာ…
” ငိုချင်ရင် ငိုချလိုက်ပါလား မသက်ပန်ရယ် ”
မသက်ပန် ကိုအောင်မင်းကို မော့ကြည့်၏။ ပြီးလျင် ယဲ့ယဲ့မျှ ပြုံးပြရှာသည်။
” ကျမ မငိုပါဘူး ကိုအောင်မင်း ၊ ငိုစရာမှ မလိုတာလေ … ဝိပါကဝဋ်ကြွေးများ တယ်လည်း ကြောက်စရာ ကောင်းတာကိုး ၊ ဝဋ်ကြွေးလို့ပဲ မှတ်ပါတယ်ရှင် ”
တရားသဘောဖြင့် တည်တည်ငြိမ်ငြိမ် ဆိုနေလေသော မသက်ပန်၏ မျက်လုံးများသည် တကယ်ကို ဆွေးဆွေးမြေ့မြေ့ ရှိလှသည်ဟု ကိုအောင်မင်း ထင်မိလေသည်။
ညိုစိမ့်စိမ့် အသားရေရှိသော မသက်ပန်သည် လှသည်ဟု မဆိုနိုင်ငြားလည်း ချစ်စဖွယ် ရုပ်အဆင်း ရှိသူဖြစ်၏။ ကိုအောင်မင်း၏ မျက်ဝန်းများက မသက်ပန်အပေါ် အထူးပင် နူးညံ့သိမ့်မွေ့လွန်းနေ၏။သနားခြင်း ၊ ဂရုဏာသက်ခြင်း ၊ အားပေးနှစ်သိမ့်လိုခြင်းတို့ဖြင့် ပြည့်လျမ်းနေပါသည်။
မသက်ပန်ကတော့ ဘာကို ခံစားနေရှာသည်မသိ။ခပ်မှိုင်းမှိုင်း ရှိလှသည်။ခပ်ပုံ့ပုံ့လေး မြေပြင်ပေါ်ထိုင်နေရှာ၏။
မသက်ပန်၏ ရင်ခွင်ထဲတွင်တော့ ရွှေနားရစ် သစ်စေးချ မယ်တော်ရုပ်ကို ခပ်တင်းတင်း ပွေ့ပိုက်လျက် …။
…………….
၂။
” ကျုပ် မသက်ပန်အပေါ် မေတ္တာရှိနေတာ ၊ ကြာခဲ့ပါပြီ ။ ခုလိုချိန်ခါမျိုးမှာ ဖွင့်ပြောရတာကို အခွင့်အရေးယူတယ်လို့ မအောင်မေ့စေလိုဘူး။ မသက်ပန်ကို ကျုပ် ရိုးမြေကျ စောင့်ရှောက်ချင်တယ် ။ မသက်ပန်ရဲ့ သဘောကိုသာ ပွင့်ပွင့်လင်းလင်း ပြောပါ ၊ ချိုသည်ဖြစ်စေ ခါးသည်ဖြစ်စေ ကျုပ် အလေးထားပါ့မယ် ”
မသက်ပန် ရှက်၍ ခေါင်းကို ငုံ့ထားမိသည်။ကိုအောင်မင်းသည် ရိုးသားတည်ကြည်သူ တစ်ယောက်ဆိုတာ မသက်ပန် မသိပဲ နေပါ့မလား။ မသက်ပန်သည် မိမရှိ ဖမရှိ တစ်ကောင်ကြွက်ဟု ဆိုရသော် ကိုအောင်မင်းသည်လည်း မသက်ပန်လိုသာ။ သို့သော် ကိုအောင်မင်း၌ အမိအဘမရှိကြသော်လည်း ဆွေသားမျိုးသား အများအပြားရှိကြသေး၏။
အနည်းကျဉ်းမျှသော လယ်ယာအမွေတို့ကိုလည်း ပိုင်ဆိုင်ထား ရှိသေး၏။
မီးဘေးသင့် အိမ်ထောင်စုများ ခေတ္တနားခိုရာ ရွာဦးကျောင်းက ဥပုသ်ဇရပ်အရှေ့ ကွင်းပြင်တွင် ကလေးသူငယ်များသည် ပြေးလွှားခုန်ပေါက် ကစားနေကြသည်။ မယ်ဇလီပင်ကြီး၏ အရိပ်ကြောင့် ကလေးများ ဆော့ကစားရာ နေရာသည် ကောင်းစွာ အရိပ်ရနေ၏။
ရေတွင်း အနီးက ပုဏ္ဍရိပ်တွင် ကိုအောင်မင်းနှင့်မသက်ပန်တို့ လွတ်လပ်စွာ စကားပြောဆိုနေကြခြင်း ဖြစ်သည်။ မီးဘေးသင့် မသက်ပန် ရှိရာကို လာရောက်ပြီး ကိုအောင်မင်းက လက်ထပ်ခွင့် တောင်းနေခြင်းပင်။ မသက်ပန်ကသာ ခေါင်းငြိမ့်ပါက ကိုအောင်မင်း၏ ရွာမြောက်ဖျားက နှစ်ထပ်ပျဉ်ထောင်၊ ပျဉ်ခင်း နေအိမ်ပေါ် အသာတက်နေလိုက်ရုံသာ ရှိတော့သည်။
” ကျမကို ကိုအောင်မင်းက နှစ်သက်တာ ကျမ ယုံပါတယ် ။ ဒါပေမယ့် ကိုအောင်မင်းရဲ့ ဆွေမျိုးများက သဘောတူကြပါ့မလား ။ပြီးတော့ တစ်ရွာလုံးက ကျမကို ဘယ်လို သဘောထားကြတယ်ဆိုတာ ကိုအောင်မင်းလည်း အသိသားပဲလေ ”
ထိုစကားကို ဆိုသည့်အခါ မသက်ပန်သည် တစုံတစ်ခုအား စိုးရိမ်မကင်း ဖြစ်သည့်သဘော၌ ရှိလေသည်။
ကိုအောင်မင်းကတော့ လွန်စွာ တက်ကြွသောလေသံဖြင့် …
” အိုဗျာ … ကျုပ် ဆွေမျိုးတွေကို ဂရုစိုက်စရာ မလိုပါဘူး ၊ သူတို့ အကူအညီလည်း ကျုပ်က ဘာတစ်ခုမှ ယူဖူးတာမဟုတ်ဘူး ၊ ကျုပ်သဘော ကျုပ်ဆန္ဒကသာ အဓိကပါ မသက်ပန်ရယ် ၊ ပြီးတော့ တစ်ရွာလုံးက မသက်ပန်အပေါ် ဘယ်လို ယိုးစွပ်ကြပေမယ့် ကျုပ်စိတ်ထဲမှာ မသက်ပန်ဟာ သာမန်လူတစ်ယောက်ထက် မပိုပါဘူး ။ ကျုပ် မသက်ပန်အပေါ် မြတ်မြတ်နိုးနိုး ချစ်တယ် ။ ဒါဆိုရင် ပြီးပါရောလား မသက်ပန် ”
မသက်ပန် ငုံ့ထားသော ခေါင်းကို မော်၍ ကိုအောင်မင်းနှင့် မျက်လုံးချင်း ဆုံအောင် ကြည့်လိုက်ပြီး တည်ကြည်သော လေသံဖြင့် …
” ကျမက သူတို့ ယိုးစွပ်ကြသလို ၊ရွာသူ (စုန်း)တစ်ယောက် ဖြစ်နေမယ်ဆိုရင်ရော ၊ ကိုအောင်မင်း ကျမကို ဆက်ချစ်နိုင်ပါဦးမလား ”
” ဗျာ …”
ကိုအောင်မင်းသည် မသက်ပန်မျက်နှာအား အကဲခတ်သလို ကြည့်နေမိသည်။ အဖြေ မပေးတတ် ဖြစ်နေသည်။ မသက်ပန်သည် ရွာသူ(စုန်းမ)ဆိုပါက သူ ချစ်နိုင်ပါ့မလား ။ ဗမာတို့၏ ရှေးဓလေ့မှာ ရွာသူဟု သမုတ်ခံရသူအား အထူးတလည် ရှောင်ကြဉ်သွေဖယ်တတ်ကြလေ၏။ မသက်ပန်၏ ကွယ်လွန်သူ မိခင်ကြီး ဒေါ်သူဇာသည် ရွာသူဟု အတိအလင်း သမုတ်ခံရသူ ဖြစ်၏။
တစ်ရွာလုံး၏ ကြဉ်ခြင်းကို ခံခဲ့ရသည်။
မသက်ပန်၏ ညို၍ စိုနေသော မျက်နှာလေးသည် စွဲမက်ဖွယ်ရာ အတိပင်။ ကပိုကရိုလေး ထုံးဖွဲ့ထားသော နက်မှောင်သည့်ဆံကေသာတို့က မသက်ပန်၏ အလှကို ကျက်သရေ တင့်စေ၏။ ခပ်ဖူးဖူးလေး ရှိသော မသက်ပန်၏ နုတ်ခမ်းတို့သည် ကိုအောင်မင်း၏ဆုံးဖြတ်ချက်တို့ကို မပြောင်းလဲပဲ တည်ကြည်ရန် တွန်းအားပေးနေကြသည်။ အချစ်သည် အကြောက်တရားကို ချေဖျက် ရင်ဆိုင်ရဲ၏ဟု ဆိုရခြိမ့်မည်။
” မသက်ပန် ဘာကြီးဖြစ်နေနေ ၊ ကျုပ် မသက်ပန်အပေါ် ထားရှိတဲ့ မေတ္တာက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး ၊ ကျုပ် စိတ်သဘောက ဘယ်လို အန္တရာယ်မျိုး လာလာ မသက်ပန်ရှေ့ကနေ ကာကွယ်စောင့်ရှောက်ပေးချင်တာ ၊ မသက်ပန်ကို ခလုပ်မထိ ဆူးမငြိစေချင်တဲ့ မေတ္တာသက်သက်ပါ ၊ ကျုပ်ကို လက်ထပ်ခွင့်ပြုပါ မသက်ပန် ။ မသက်ပန်ရဲ့ တစ်ဘဝလုံး ကျုပ် ကာကွယ်စောင့်ရှောက်ပါ့မယ်လို့ ကတိပေးပါတယ် ”
ယောက်ကျားပီသသော စကားကို တည်ကြည်လေးနက်စွာ ပြောနေသည့် ကိုအောင်မင်း၏ မျက်နှာကို မသက်ပန် လေးစား ကြည်ညိုစွာ ကြည့်လိုက်သည်။ ကိုအောင်မင်း၏ ရွှန်းစားသော မျက်လုံးတို့ကို ကြာကြာ ဆုံ၍ မကြည့်ဝန့်။ သို့ပေမယ့် သူမဘဝ၏ အပြောင်းအလဲတစ်ခုကို အဖြေပြန်ပေးရတော့မည်မဟုတ်လား။
မသက်ပန် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ထိုဆုံးဖြတ်ချက်ကြောင့်…
မသက်ပန် ရင်ခုန်၏။ စိတ်တို့ လှုပ်ရှားတုန်ခိုက်၏။ မိန်းမသားပီပီ ရှက်ရွံနေ၏။ လက်တို့ကို အကြောင်းမဲ့ ပွတ်ခြေရင်း …၊
” ဒါဆိုရင်တော့ ကိုအောင်မင်းရဲ့ သဘောအလိုအတိုင်းပါပဲ ၊ ကျမ သဘောတူပါတယ် ”
” ဟာ ဝမ်းသာလိုက်တာ မသက်ပန်ရယ် ၊ ဒါဖြင့် ကျုပ် စီစဉ်စရာ ရှိတာတွေ စီစဉ်လိုက်တော့မယ်နော် ”
မသက်ပန် ကိုအောင်မင်း၏ အမေးကို နုတ်ဖြင့် မဖြေတော့ပါ။ ခေါင်းကိုသာ ငြိမ့်ပြလိုက်လေ၏။
___________
၃။
မနက်ဖြန်ဆို ကိုအောင်မင်းနှင့်မသက်ပန်တို့ အကြင်လင်မယား အဖြစ်သို့ လက်ထပ်ကြတော့မည် ဖြစ်သည်။
ကိုအောင်မင်းဘက်မှ အမျိုးအဆွေအချို့ကတော့ သဘောမတူကြောင်း အသံထွက်လာကြသေးသည်။ ဒါပေမယ့် ကိုအောင်မင်း၏ အမျိုးအဆွေများသာမက တစ်ရွာလုံး ၊ မည်သူမည်ဝါကမျှ မသက်ပန်နှင့် သဘောမတူကြောင်း ပွင့်လင်းစွာ ပြောဆိုရဲခြင်း မရှိကြချေ။
မသက်ပန်သည် ရွာသူ ၊ ပညာသည် မျိုးရိုး ၊ စုန်းကဝေ တစ်ယောက်ဟု ရှေးယခင်ကတည်းက ကြောက်ရွံစိတ် ရှိနေကြသည်။ ထို့ကြောင့် ပွင့်ပွင့်လင်းလင်း ဖွင့်ဟ မကန့်ကွက်ရဲကြပဲ ၊ ခပ်ကြိတ်ကြိတ် တီးတိုးပြောဆိုနေခြင်းမျိုးသာ။
ဘယ်လိုပဲ ဖြစ်ဖြစ် ကိုအောင်မင်းတစ်ယောက်ကတော့ သူ ချစ်မြတ်နိုးသော မသက်ပန်နှင့် အတူနေရတော့မည်ဟူသော အတွေးဖြင့် ဝမ်းမြောက်တက်ကြွနေရှာသည်။ မသက်ပန်ထံမှ အဖြေရပြီး၊ ၃ရက်အတွင်း လက်ထပ်ရန် အားချင်း စီစဉ်ခြင်း ဖြစ်သည်။
မနက်ဖြန်၌ ရွာဦးကျောင်း ဆရာတော် ဦးသြဘာသ နှင့် သံဃာတော်များကို သင်္ကန်းကပ်၍ မင်္ဂလာ ဆွမ်းကျွေးမည်။ ရင်းနှီးသော မိတ်ဆွေသင်္ဂဟ အနည်းအကျဉ်းကို လ္ဘက်ကမ်းကာ ဖိတ်ကြား၍ ဝက်သားဗလာဟင်းဖြင့် ထမင်းကျွေးရန်အတွက်လည်း ရွာက ကာလသားအချို့၊ ကာလသမီးအချို့၊ အိမ်ထောင်သည်မိန်းမကြီးအချို့ကို ၎င်းအိမ်ဝိုင်းထဲ ခေါ်ယူ၍ ချက်ပြုတ်ရန် ပြင်ဆင်နေကြပြီ။
ငရုတ်သီးကြော်သူ ၊ ကြက်သွန်နီခွာသူ၊ ဆန်ရွေးသူ ၊ ထင်းမီးဖိုသူ စသဖြင့်၊ အလုပ်ကိုယ်စီဖြင့် မအားမလပ်သည့်အကြားက လူငယ်မောင်မယ်များသည် စစနောက်နောက် တဟီးဟီး တဟားဟားနှင့် ရှိကြလေ၏။
ကြက်သွန်နီ အခွံသင်နေသော အရီး မအိမ်ကောင်းသည် ဇဝနဉာဏ် ရွင်သူ ဖြစ်သလို ၊ အရွှန်းလည်း ဖောက်တတ်၏။ အိမ်ထောင်သည် အရီး မအိမ်ကောင်း၏ စကားများက အနီးရှိ ကာလသမီးတို့ကို ပါးစပ်မပိတ်ရ ၊ တခစ်ခစ်နဲ့ ရယ်မောနေကြရသည်။
ညစ်ညမ်းသည်မဟုတ်ပေမယ့် အရီးမအိမ်ကောင်းက သွယ်ဝိုက်၍ အိမ်ထောင်သည်တို့၏ အတွင်းရေးများကို မထိတထိ ပြောတတ်၏။ထိုစကားတို့သည်ပင် အပျိုမများအတွက်က အသစ်အဆန်းတစ်ခုသဖွယ် သဘောကျစရာ ၊ ရယ်မောစရာ ဖြစ်နေပြီး ပွဲကျကုန်၏။
သတို့သမီးလောင်း မသက်ပန်ကား နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးအပေါ် ရောက်နေပြီ ဖြစ်၏။ ဒီလိုအချိန် မနက်ဖြန် မင်္ဂလာပွဲအတွက် မသက်ပန်သည် ဘုန်းကြီးကျောင်းက မီးဘေးသင့်များ နားခိုရာ ဇရပ်၌ ရှိမနေသင့်တော့ဘူးမဟုတ်လား။ ထို့ကြောင့် မသက်ပန်သည် နှစ်ထပ်အိမ်ကြီးပေါ်က သီးသန့်အခန်းတစ်ခုမှာ ရှိနေပါ၏။
မသက်ပန်သည် ပြတင်းပေါက်မှနေ၍ တခစ်ခစ်နှင့် ရယ်မောနေကြသော အပျိုမများနှင့် အရီးလေး မအိမ်ကောင်းတို့၏ အမူအယာများကို ကြည့်၍သော်၎င်း ၊ စကားများကို ကြား၍သော်၎င်း အပျော်များပင် ကူးစက်လာသလိုပင်။ သူမစိတ်ထဲတွင် ရွှတ်နောက်နောက် အရီးမအိမ်ကောင်းကို ရင်းနှီးကျွမ်းဝင်သလို ခံစားနေမိသည်။ အရီးမအိမ်ကောင်းသည် နှစ်လိုဖွယ်ကောင်းသည်ဟု ထင်မိနေပါ၏။ဘာကြောင့်မှန်းမသိ ပွင့်လင်းဖော်ရွှေသော အရီး မအိမ်ကောင်းကို အမျိုးအသားလို သဘောထားမိနေသည်။
နောက်ပြီး ယနေ့ညသည် သူမ ဘဝမှာ နောက်ဆုံးသော အပျိုစင်ညပါလားဟု တွေးမိသည့်အခါ ရင်ခုန် စိတ်လှုပ်ရှားနေမိသည်။
ထိုအခိုက် ကိုအောင်မင်း၏ ခြံဝိုင်းထဲသို့ ၁၃ နှစ်သား အရွယ် ပေစိသည် အပြေးလေး ဒုန်းစိုင်း ဝင်လာပြီး ၊
” အမေ … အမေ ”
ကြက်သွန်ခွာနေသော အရီးမအိမ်ကောင်း မတ်တတ်ထရပ်လိုက်ပြီး၊
” ဟဲ့ ဟဲ့ ပေစိ ၊ ဘာဖြစ်လာတာတုန်း ၊ အမောတကောနဲ့ ”
ပေစိကား အရီးမအိမ်ကောင်း၏ သားဖြစ်၏။ ပေစိသည် အပျိုမတွေကြား အတင်း တိုးဝှေ့လာပြီး ၊ မအိမ်ကောင်း၏ လက်ကို ဆွဲကာ၊
” အငယ်ကောင် ငတိုး ဘာဖြစ်မှန်း မသိဘူး အမေ ၊ အိမ်ကိုသာ အမြန်လိုက်ခဲ့ …ဟောဟဲ … ဟောဟဲ”
ပေစိကား ပြေးလာရ၍ မောနေရှာ၏။ သူ့ ရင်ဘတ်တွေ တဒိန်းဒိန်း ခုန်နေသည်။
” ဟဲ့ ဘာဖြစ်တာလဲ ပြောအုံးလေ။ ငတိုး ဘာဖြစ်လဲ ၊ မထိတ်သာ မလန့်သာ ရှိလိုက်တာ ပေစိရယ် ”
” ငတိုးလေ … ငတိုး … တဲရှေ့မှာ ထိုင်လျက်ကြီး ခုန်ဆွ ခုန်ဆွနဲ့ လုပ်နေတာကြာပြီ အမေရဲ့ ၊ သူ့ ပါးစပ်ကလည်း တစပ်စပ်နဲ့ အမြုပ်တွေထွက်လို့ ၊ မျက်လုံးကြီးကလည်း ခါတိုင်းနဲ့မတူဘူး ၊ လည်ထွက်နေတာ ကြောက်စရာကြီး ၊ သရဲပူးတယ် ထင်တာပဲ … ဟောဟဲ … ဟောဟဲ ”
” အောင်မယ်လေး မြတ်စွာဘုရား ၊ ကယ်ကြပါအုံးတော် ”
အရီးမအိမ်ကောင်းဟာ ပေစိကိုတောင် မခေါ်နိုင်ရှာဘူး ၊ သူ့အိမ်ကို တန်းပြေးတော့၏။ ကျန်ခဲ့သူများမှာ တစ်ယောက်တစ်ပေါက် အမျိုးမျိုးသော ထင်ကြေးတို့ ပေးကုန်ကြ၏။ ရင်းနှီးသူ အချို့မှာ မအိမ်ကောင်းအနောက်သို့ ပြေးလိုက်သွားကြလေ၏။
ကျန်ရစ်ခဲ့သော ပေစိအား ရေတိုက်ကြသည်။ ပြီးလျင် ပြည့်ပြည့်စုံစုံ သိလို၍ မေးနေကြ၏။
” ဘာဖြစ်မှန်း သေချာ မသိဘူး … ကျုပ်တို့ ညီအစ်ကို နွားတွေ သိမ်းပြန်လာတာ ၊ ရွာတော်ရှင် နတ်နန်းနား မရောက်ခင် ညောင်နှစ်ပင်ရှေ့က မြေကွက်လပ်ရောက်တော့ ငတိုး မြေပေါ်ကို ဘိုင်းကနဲ ပစ်လဲတယ် ။ ကျုပ် သွားထူပေးတော့ အတော်နဲ့ ထမလာဘူး ၊ သတိလစ်နေသလိုပဲ ၊ ဒါနဲ့ ကျုပ် အတင်းလှုပ်နိုးတော့မှ ငတိုး ကြောင်တောင်တောင်နဲ့ ပြန်ထလာတယ် ။ သူ့ကြည့်ရာတာ သူ ဘာဖြစ်သွားမှန်းလည်း မသိဘူးနဲ့ တူပါတယ် ။ မျက်လုံးက ပြူးတူးကြောင်တောင်နဲ့ ။ စကားလည်း တစ်ခွန်းမှ မဆိုဘူး။ အဲ့ကနေစပြီး အိမ်ရောက်တဲ့အထိ သူ့မျက်လုံးက ခါတိုင်းနဲ့ မတူတော့ဘူး၊ ကြောင်တက်တက်နဲ့ ။ အိမ်ရောက်တော့ ကျုပ်က အိမ်ထဲဝင် ရေသောက်တယ် ။ ပြန်ထွက်လာတော့ ငတိုးက မြေပေါ် ထိုင်ပြီး ခုန်ဆွဆွ ဖြစ်နေပြီ။ ပါးစပ်ကလည်း ဝက်တွေ အစာစားသလို တစပ်စပ်နဲ့ မပြတ်အောင် လှုပ်နေတယ် ။ အမြုပ်တွေဆိုတာ ပါးစောင်မှာ မြင်မကောင်းဘူး ။ ကျုပ်က ဘာမေးမေးလဲ ငတိုးက မဖြေဘူး ၊ မျက်လုံးကြီးက ကြောက်စရာကြီး ၊မျက်ဆံ အနက်သား မရှိပဲ ၊ အဖွေးသားကြီးဗျ ၊ အဲ့တာနဲ့ ကျုပ်လည်း ကြောက်လာပြီး အမေရှိမယ့် ဒီအိမ်ကို ပြေးလာလိုက်တာ ”
အပျိုခေါင်း မဂျမ်းဘုံက …
” ဟယ် အဲ့ဒီ ညောင်နှစ်ပင်က လူစားတယ် ၊ နင်တို့တွေ တစ်ခုခု အမှားလုပ်ခဲ့သလား ၊ ဟိုတစ်နှစ်ကပဲ ဦးကံလှရဲ့ သားလေး ပေါကြည် ညောင်နှစ်ပင်အောက်မှာ အပေါ့စွန့်လို့ ၊ နတ်ကိုင်တာ သေပါရောလား ”
ကျန်အပျိုမတစ်ယောက်က ထောက်ခံ၏။
” ဟုတ်ပါ့ ပေါကြည် ဖျားတာများဆို ၇ရက်တောင် ၊ နောက်ဆုံး ဆေးဆရာ ဦးငွေရတောင် လက်လျော့လိုက်ရပါရောလား ”
ဤတွင် ပေစိက အတင်းပင် ငြင်းဆိုလေ၏။
” မဟုတ်တာဗျာ ၊ အဲ့သလောက်တော့ ကျုပ်တို့လည်း မသိပဲနေမလား ၊ ဘာမှ မဖွယ်မရာ မလုပ်ခဲ့ပါဘူး ၊ ဘုရားစူးပါစေ့ တကယ် ပြောတာပါဗျ ”
အပျိုများမှာ တစ်ယောက်တစ်မျိုး သူတို့ထင်ရာတွ ပြောကုန်ကြပြန်သည်။ ပေစိကား အမောပြေသွားပြီ ဖြစ်၍ သူ့အမေ နောက်သို့ ပြေးလိုက်သွားရပြန်၏။ ပေစိ ပြောသွားသော စကားများကို အနောက်မှ နားထောင်နေသူတစ်ဦး ရှိလေသည်ကို အားလုံးက သတိ မထားမိလိုက်ကြချေ။ ထိုသူမှာ အခြားမဟုတ် ကိုအောင်မင်း၏ သတို့သမီးလောင်း မသက်ပန် ဖြစ်လေ၏။
ပေစိ ပြေးသွားသည်ကို လူတွေ ငေးမောနေစဉ်မှာ မသက်ပန်သည် တိတ်တဆိတ် အိမ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။
သူမသည် သူမအား ပေးထားသည့် အခန်းထဲရှိ သေတ္တာတစ်လုံးပေါ်တွင် တင်ထားသော အဝတ်ထုပ်ကို ဖြည်လိုက်သည်။ ထိုအခါ ရွှေရေးခြယ် သစ်စေးချ မယ်တော် ရုပ်တုသည် ထင်းခနဲ့ ထွက်ပေါ်လာ၏။
မသက်ပန်သည် ရုပ်တုရှေ့၌ ပျပ်ဝပ်စွာ ဒူးတုပ် ရှိခိုးကန်တော့၏။ သူမ၏ နုတ်ခမ်းများက တလှုပ်လှုပ် တရွရွနဲ့ ဆုတောင်းစာအချို့ကို ရွတ်ဆို၏။ သူမ၏မျက်ဝန်းများက ရှည်လျားသော မျက်တောင်များဖြင့် ဖုံးပိတ်ထားသည်။
မသက်ပန်၏ ဆုတောင်းသံအဆုံး၌ မယ်တော်ရုပ်တု၏ အခြေသည် ချောက်ခနဲ့ အသံမြည်သွား၏။
ပြီးသော် …
မသက်ပန်သည် ရုပ်တုအခြေက အံဝှက်ပါ အကန့်လေးကို ဆွဲလိုက်၏။ထွက်ပြူလာသော အံဝှက်အတွင်း၌ ဂဝံရုပ်လးတစ်ခု တွေ့ရလေ၏။
တောကြီး ဂမုန်းနီဖြင့် စီရင်ထားသော ဂဝံရုပ် ဖြစ်နေလေ၏။
ဂမုန်းနီ ။ ဂမုန်းနီ၏ အတက်အလက်တို့သည် နနွင်းတောင့်ကဲ့သို့ ရှိ၏။
အရွက်တို့သည် ဆိတ်ဖူးရွက်ကဲ့သို့ ပြာလဲ့လဲ့ ရှိလေ၏။ ထုံးရေ စင်ပါက နီမြန်း၏။ ဟင်္သာပြဒါးကဲ့သို့ နီမြန်းမှ စစ်၏။ဂမုန်းနီဖြင့် စီရင်အပ်သော ဂဝံရုပ်တုသည် အစိမ်း ဘုတ်တစ္ဆေ ဘီလူး စုန်းနားပင်းတို့ကို နိုင်သော အစွမ်း ရှိလေ၏။ သူတော်စင်တို့ မွေ့လျော်ရာ တောကြီး မြိုင်၌ ပေါက်လေ့ရှိသည်။ ရှားပါး ဂမုန်းအနွယ် ဖြစ်လေ၏။
မသက်ပန်သည် ဂဝံရုပ်လေးကို လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် အိမ်ထဲက ထွက်လာသည်။
မသက်ပန်သည် ပေစိလေး ပြောသည့် စကားများကို နားထောင်အပြီး ၊ ပေစိ၏ ညီ ငတိုးတစ်ယောက် မြေဘုတ်ဘီလူး ဖမ်းစားထားသည်ကို သိရှိသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် မြေဘုတ်ဘီလူးအား နိုင်စားသော ဂမုန်းနီ ဂဝံရုပ်ကို တပါတည်း ယူလာခဲ့ခြင်း ဖြစ်၏။
ချက်ရေးပြုတ်ရေး လုပ်ကိုင်နေသူအများသည် မသက်ပန် ထွက်လာသည်ကို တအံတဩဖြင့် ကြည့်နေကြ၏။
မသက်ပန်။ တပတ်လျိုဆံထုံး ၊ ကျက်သရေတင့်သော နဖူးပြင် ၊ ကော့ရွှန်းနေသော မျက်ဝန်း ၊ စင်းဖြောင့်နေသည့် နှာတံ ၊ ပိရိသေသပ်သော နုတ်ခမ်း တို့ဖြင့် တည်ကြည်သော မျက်နှာ ။ အချိုးအဆစ် လှပပြေပြစ်သော ကိုယ်လုံးသွယ်သွယ် ၊ မနှေးမမြန် လျှောက်လှမ်းသွားသော ခြေလှမ်းတို့သည် မြင်ရသူအပေါင်းကို ငေးမောသွားစေ၏။
ယခင်က တစ်ရွာလုံး မြင်ဖူးနေကျ မသက်ပန် မဟုတ်ဟု သူတို့ ခံစားနေကြရသည်။
ဘာဖြစ်လို့လဲဆိုတော့ ယခင်က မသက်ပန်သည် ခေါင်းကို ညစ်ထေးထေး ပုဆိုးပိုင်းတစ်ထည်ကို ခြုံထားလေ့ရှိ၏။ မျက်နှာကို ကောင်းစွာ မမြင်ရ ၊ ခပ်ပွပွ ဖျင်ကြမ်းရင်ဖုံးအင်္ကျီ ၊ ကန့်လန့်စင်း ယောထမီအနက်ရောင် အဟာင်းတစ်ထည်သာ အမြဲလိုလို ဝတ်ဆင်တတ်သည်ကို မြင်ဖူးတွေ့ဖူးကြသည် မဟုတ်လား။
အမြဲတန်း မျက်နှာကို ငုံ့လျိုးထားတတ်သော မသက်ပန်။ မျက်နှာကို ဖုံးကွယ်ထားတတ်သော မသက်ပန်၏ အလှကို ယခုအခါ သူတို့ ငေးမောနေမိကြသည်။အံဩမှင်သက်နေမိကြသည်။
မသက်ပန်ကား ၎င်းတို့ကို ဂရုမပြုအား၊ သူမ၏ ခြေလှမ်းများက၊ အရီးမအိမ်ကောင်း၏ အိမ်ရှိရာသို့ …။
_____________
၄။
တစ်ရွာလုံး၏ ပါးစပ်ဖျားတွင် မသက်ပန်၏ အကြောင်းက အမျိုးမျိုး အဖုံဖုံ ပြန့်ကားလျက်ရှိသည်။
မသက်ပန်သည် အရီးမအိမ်ကောင်း၏ သားငယ် ငတိုးအား မြေဘုတ်ဘီလူး ဖမ်းစားခြင်းမှ ကယ်တင်ကုသပေးခဲ့သည်ဟူသော သတင်းဖြစ်လေ၏။
” သက်ပန်လည်း အရီးမအိမ်ကောင်းရဲ့ ခြံဝိုင်းထဲ ခြေချရော ၊ သရဲပူးနေတဲ့ ငတိုး ငြိမ်ကျသွားသတဲ့အေ့ ”
” အေး ဟုတ်တယ် ၊ သက်ပန်က ခုန်ဆွဆွ လုပ်နေတဲ့ ငတိုး ခေါင်းပေါ်ကို သူ့လက်ဖဝါးနဲ့ အသာသပ်ချလိုက်တာ ၊ ငတိုး ပါးစပ်က ဝက် အစာစားသလိုတစပ်စပ်မြည်နေတာ ရပ်သွားဆိုပဲ ”
” ဘယ် … ညီးတို့က အနားကပ် မကြည့်ကြလို့ ၊ ငါက မျက်မြင် ကိုယ်တွေ့အေရဲ့။ သက်ပန် ပါးစပ်က ဂါထာတွေ ရွတ်တာများဆို ကြက်သီး ဖီးဖီး ထတယ်။ ငါမှတ်မိတာတော့ (ထွက်စမ်း မိစ္ဆာ၊ နင်အဆင့်နဲ့ ငါ့ကို အာခံချင်သလား ဟဲ့ ) လို့ အရင်ကြိမ်းဝါးတယ် ပြီးတော့ ဒီလို ထပ်ဟန့်တယ်အေရဲ့ ၊ ဘာတဲ့အေရယ် နေပါဦး ၊ ငါ အသေအချာ မှတ်လာခဲ့ပါတယ် ။ အော် မှတ်မိပြီ မှတ်မိပြီ ဒီလိုအေရဲ့ ”
အမျိုးသမီးက ကိုယ်နေဟန်ကို ခပ်မတ်မတ် ပြင်လိုက်ပြီး သံနေသံထားဖြင့်၊
” ဥုံ … မြေထဲမနေ မြေပေါ်နေ ဒွေးချေမယ်လျ မြေဘုတ်ဖို နဲ့ မြေဘုတ်မ ။ စားသည့်ထမင်း ကြက်သားဟင်းနှင့် မြေမင်း စားတော်ခေါ်၏။ ”
” စားဟဲ့ဆိုလျင် မစားလျင် … နင့်အူထုံးကို ဓားမတုံးနှင့် ခုတ်လိမ့်မည်။ စားဟဲ့ဆိုလျင် မစားလျင် … နင့်ဆံထုံးကို ဓားမတုံးနဲ့ ခုတ်လိမ့်မည်။ ”
” ဧဟိဘတ္တံ ဘောဇနံ ဘုဉ္ဇဟိ ဘုဉ္ဇဟိ ။ ”
အိုအေ! … အဲ့သလို ၃ခေါက်လည်း ရွတ်ပြီးရော ဘာပြောကောင်းမတုန်း ၊ ကြည့်နေတဲ့သူ အကုန် ကြက်သီးဖြန်းကုန်ကြတာပေါ့ ၊ သက်ပန်ရဲ့ အသံကလည်း ဟိန်းထချက် ။ ငတိုး ကိုယ်ထဲ ဝင်ပူးနေတဲ့ မြေဘုတ်ဆိုတာ နောက်ကို ပက်လက်လန်ကျရောပေါ့အေ။
ငတိုး ပက်လက်လန်လဲကျတဲ့အခါ ၊ မအိမ်ကောင်းက ပြေးပွေ့တယ် ။ သက်ပန်က လဲကျနေတဲ့ ငတိုး ခြေလက်ကို တောက်ပေးတယ် ။ ချက်ချင်း ငတိုး သတိလည်လာရောအေရယ် ။ စွမ်းချက် စွမ်းချက် လက်ဖျားခါတယ် ။
” သက်ပန်က ပြန်ခါနီး မအိမ်ကောင်းကို အသေအချာ မှာသွားတယ် ။ မြေဘုတ်ဘီလူးက အစာလိုလို့ ဝင်ပူးတာပါတဲ့ ။ သူ ကျေနပ်အောင် စကောတစ်ချပ်မှာ ထမင်းဖြူ တစ်ပန်းကန်ပြား၊ ကြက်ခေါင်း ၊ ကြက်အူ၊ ကြက်တောင်ပံ နှစ်ဘက်၊ ကြက်ခြေနှစ်ချောင်းတို့ကို အစိမ်းထည့် လှေကားရင်းမှာ ခေါစာချကျွေးလိုက်ပါတဲ့ ။ အဲ့ဒါဆို အဆင်ပြေသွားပါလိမ့်မယ်လို့ ပြောပြီး ပြန်သွားလေရဲ့ ”
ထိုမိန်းမသည် အားရပါးရ ပြောအပြီး ပြောင်းဖူးဖက် ဆေးပေါ့လိပ်ကို ကောက်ဖွာ အမောဖြေလေ၏။
အားရပါးရ ဖွာအပြီး ဆက်ပြောပြန်၏။
” သက်ပန်လည်း ပြန်သွားရော ငတိုး ငေါက်ခနဲ့ ထဆော့ပါလေရောလား ၊ မအိမ်ကောင်းခမျာ ကျေးဇူးတင်စကားကို အိမ်လိုက်ပြောရသတဲ့ ”
တစ်ယောက်သောသူက …
” ဒါဆို သက်ပန်က ရွာက ပြောနေကြသလို ရွာသူပဲပေါ့နော် ”
” ဖွ … ဖွ … အဲ့တာတော့ ငါလည်း မပြောရဲဘူးအေရဲ့ ၊ ကြမ်းကြား လေကြား အေရယ်။ ကောင်မ … ညီးမို့ ယိုးရဲတယ် ။ ငါတို့တော့ ပြောရဲပေါင် ”
မေးသောသူသည် ရှိုးတို့ရှန့်တန့်ဖြင့် နုတ်ဆိတ်သွား၏။
သို့ပေမယ့် တစ်ရွာလုံး၏ စိတ်ဝယ် မသက်ပန်သည် ဘာလဲဆိုတာ သို့လော သို့လောဖြစ်ကာ မတင်မကျ ဖြစ်နေကြလေတော့၏။ ဤသတင်းသည် သေချာပေါက် သတို့သားလောင်း ကိုအောင်မင်း၏ နားသို့ မနှေးအမြန် ရောက်လိမ့်မည်။ ထိုအခါ ကိုအောင်မင်းသည် မည်သို့ ဆုံးဖြတ်မည်နည်း။
မနက်ဖြန်ဆိုလျင် ကိုအောင်မင်းနဲ့ မသက်ပန်၏ မင်္ဂလာပွဲ မဟုတ်လား။
____________
၅။
ရေနံဆီ မီးအိမ်သည် ကိုအောင်မင်း၏ အပေါ်ထပ်၌ ထွန်းလင်း နေပါ၏။ အောက်ဘက် ခြံထဲတွင် ကာလသား လူငယ်အချို့ ချက်ပြုပ်နေကြဆဲ ဖြစ်သည်။ မိန်းမသူများတော့ မရှိကြတော့ပေ။
မီးရောင်အောက်တွင် မသက်ပန်သည် ကြမ်းပြင်၌ ကျုံ့ကျုံ့လေး ထိုင်နေရှာသည်။ ကိုအောင်မင်းကား မသက်ပန်ကို မချိတင်ကဲ ကြည့်ရင်း …
” မသက်ပန် မင်း ဘယ်လို လုပ်လိုက်တာလဲကွယ် ၊ မနက်ဖြန်ဆိုရင် မင်းနဲ့ ကျုပ်ရဲ့ မင်္ဂလာပွဲတောင် ကျင်းပတော့မှာ …”
ကိုအောင်မင်း၏ အမေးစကားကို မသက်ပန် မဖြေ။ ခေါင်းကို တွင်တွင်ကြီး ငုံ့ထားလေ၏။
ကိုအောင်မင်းက ဒေါမနသဖြစ်ကာ ဆက်ပြောသည်။
” အခု တစ်ရွာလုံးမှာ မင်းသတင်းက ပျံ့နေသကွဲ့ ။လူတွေကလေ မင်းကို မရဲတရဲ ဆိုကုန်ကြပြီ။ မသက်ပန်က ….”
ကိုအောင်မင်း စကားတို့သည် ထိုနေရာ၌ ရပ်သွား၏။ ဆက်ပြီး မဆိုရဲချေ။ မဆိုရက်ချေ။
မသက်ပန် ခေါင်းမော်လာ၏။ နုတ်ဆွံ့သွားသောကိုအောင်မင်းကို မျက်လုံးချင်း ဆုံအောင် ကြည့်လိုက်ပြီး …၊
” ဆက်ပြောပါ အစ်ကို ၊ သက်ပန်က ရွာသူလို့ ”
မသက်ပန်ကား ပကတိ တည်ငြိမ်လှသည်။ စိတ်ဆိုး ဒေါသထွက်ဟန် အလျင်းမရှိချေ။
“ဟူး …”
ကိုအောင်မင်း ဟူးခနဲ့ သက်ပြင်းချ၏။မသက်ပန်၏ အကြည့်ကို တည့်တည့်မကြည့်ပဲ လွှဲလိုက်ပြီး၊ မျက်နှာကို ပြတင်းပေါက်ဆီသို့ လှည့်ကာ၊
” ပြောလည်း ပြောစရာ ဖြစ်ကုန်ပြီပေါ့ မသက်ပန်ရယ် ။ မသက်ပန်က အရီးမအိမ်ကောင်းရဲ့သား ငတိုး၊ သရဲပူးတာ သွားထုတ်ပေးတာကိုး ”
ချက်ချင်း မသက်ပန်ထံက အသံထွက်လာ၏။
” အဲ့တာ … ကျမ မှားသလား အစ်ကို ၊ ကျမ စေတနာနဲ့ ကူညီလိုက်တာပါ။ ကျမ အချိန်မှီ မရောက်ရင် ငတိုး ဘာဖြစ်မယ်ထင်လဲ …”
ကိုအောင်မင်း မသက်ပန်ဘက်သို့ လှည့်လာသည်။ မသက်ပန်က တည်ကြည်စွာ …
” မြေဘုတ် စားရင် ၊ ငတိုး အော့အန်သေလိမ့်မယ် အစ်ကို ။ ဒါကြောင့် ကျမ လူ့အသက်တစ်ချောင်းကို ကယ်လိုက်မိတာပါ ။ ကျမ ဘယ်သူ့ကိုမှ ဒုက္ခ မပေးခဲ့ပါဘူး ”
ကိုအောင်မင်း မသက်ပန်ကို တည့်တည့်ကြည့်သည်။ သူ့အကြည့်က ခုနလို မဟုတ်တော့ နူးညံ့လာသည်။
” ဒါတွေကို မင်း ဘယ်လို သိနေတာလဲ မသက်ပန် ၊ မင်းမှာ တကယ်ပဲ ပညာစက် ရှိနေတာလားဟင် ”
မသက်ပန် ပထမတော့ ငြိမ်နေသေး၏။ တအောင့်လောက်ကြာမှ …။
” ကျမ အစ်ကို့ကို ပြောပြနိုင်တာ တစ်ခုပဲ ရှိတယ် ။ အစ်ကို ယုံချင်လည်း ယုံပါ ။ မယုံဘူးဆိုလည်း အစ်ကို့ ဆုံးဖြတ်ချက်ကို ကျမ နာခံပါ့မယ် ။
ကျမ ဖြေနိုင်တာ ဖြေပါ့မယ်အစ်ကို ။ ကျမ ဘယ်သော်အခါမှ လူကောင်းသူကောင်းတွေအပေါ် ဒုက္ခပေးလို့ မရအောင် ၊ အမေကိုယ်တိုင် မြစင်္ကြာစေတီမှာ သစ္စာဆိုခိုင်းထားခံခဲ့ရသူပါ ။ ကျမကြောင့် ဘယ်သူမှ ဒုက္ခ မရောက်စေရပါဘူးလို့ ကတိပေးပါတယ် ။
ပညာစက်ဆိုတာက ကျမ ငယ်စဉ် ၁၃နှစ်သမီးကတည်းက စွန့်ခဲ့ပြီးပါပြီ ။ ကျမမှာ ဘာပညာစက်မှ မရှိပါဘူး ။ ကျမမှာ ရှိတာဆိုလို့ အမေ့ အမွေပဲ ကျန်ပါတော့တယ် ။ အဲ့ဒါကတော့ ကျမ သေသည်အထိ ကျန်ရှိနေမှာပါ ”
ပြောရင်း မသက်ပန်၏ အသံမှာ တုန်ရင် လှိုက်ခုန်လာ၏။ ဝမ်နည်းမှုကြောင့် ငိုသံပါလာသည်။
” အစ်ကို သိအောင် ကျမ ပြောပြမယ် ။
ရွာသူဆိုတာက … အင့် ”
မသက်ပန် စကား မဆက်နိုင်။
မသက်ပန်၏ နုတ်ခမ်းကို ကိုအောင်မင်းက လက်ဖဝါးဖြင့် ပိတ်လိုက်ခြင်း ဖြစ်သည်။ငိုသံပါလာသည့် မသက်ပန်အပေါ် သနားလာသောကြောင့် ဖြစ်သည်။ မသက်ပန်၏ စကားတို့သည် ကြားခုလပ်၌ ရပ်တန့်သွားလေ၏။ဆက်မပြောသာတော့ပေ။
မသက်ပန်သည် ရွာသူဟုလည်း ဝန်မခံ။ ပညာစက် အထူး မရှိပါဟုလည်းဆို၏။ သို့သော် မသက်ပန်သည် သူမ၏ အမေ ဒေါ်သူဇာ၏ ပညာအမွေကိုတော့ ဆက်ခံနေရပါသည်တဲ့လေ။ဆက်စပ်တွေးပြီး အဖြေရှာမရ။
သို့ပေမယ့် ကိုအောင်မင်းအတွက် ဝမ်းသာစရာ အချက်တစ်ခုကို မသက်ပန် ဖြေခဲ့လေပြီ။ သူမကြောင့် တစ်ပါးသောသူ ဒုက္ခ မရောက်စေရပါဟူသော ကတိ ပေးလာပြီမဟုတ်လား ။
ဤကတိသည်ပင် ကိုအောင်မင်း၏ ကြောက်လန့်နေသော သံသယမြူမှုန်တွေ ကင်းစင်သွားစေပါ၏။
ထို့ကြောင့် မသက်ပန်၏ လက်ချောင်းလေးများကို ကိုအောင်မင်း အသာအယာ ဆွဲယူ ကိုင်လိုက်ရင်း …၊
” အစ်ကိုကတော့ မသက်ပန် ဘာကြီး ဖြစ်နေ ဖြစ်နေ ၊ မသက်ပန်အပေါ် ထားတဲ့ မေတ္တာ တစ်ရွေးသားမှ လျော့ပါးမသွားပါဘူးကွယ် ။ မသက်ပန်အပေါ် ရွာကလူတွေ အထင်မြင် လွဲမှားကြမှာကို ကြားထဲကနေ စိုးရိမ်မိလို့ပါ ”
ထိုသို့ ပြောအပြီး ကိုအောင်မင်းသည် ဇနီးလောင်း မသက်ပန်၏ ကိုယ်လုံးလေးကို ပိုင်ပိုင်နိုင်နိုင် ထွေးပွေ့လိုက်သည်။
မသက်ပန်ခမျာ အင့်ခနဲ့ အာမေဋိတ်သံ ထွက်ကာ ကိုအောင်မင်း ရင်ခွင်ထဲ ပြိုဆင်းသွားလေ၏။ မသက်ပန် အလန့်တကြား ကိုအောင်မင်း၏ မျက်နှာကို မော့ကြည့်လိုက်သည်။
မိုးကောင်းကင်၌ တိမ်မည်းများ ကင်းစင်သွားသောအခါ လရောင်သည် ပြည့်ဝစွာ ထွန်းလင်းတောက်ပလာ၏။
ပြတင်းပေါက်မှ ဝင်လာသော လရောင်ကြောင့် မသက်ပန်၏ အရှက်သည်းနေသော မျက်နှာကို မြင်တွေ့နိုင်ပါသည်။
အချစ်စ်ိတ်တို့ နိုးကြားလာပြီး မသက်ပန်အပေါ် မချင့်မရဲ ဖြစ်လာသော ကိုအောင်မင်း၏ မျက်နှာသည်လည်း မသက်ပန်မျက်နှာအနီးသို့ တိုးကပ်သွားသည်။
” အို … ”
အသံနဲ့အတူ မသက်ပန်၏ မျက်တောင်များ မှေးစင်းသွားကုန်၏။ အားအင်ကုန်ခမ်းသူတစ်ယောက်လို မသက်ပန်ခမျာ ကိုအောင်မင်း၏ ဖက်ပွေ့နမ်းရှုံခြင်းကို မရုန်းဖယ်နိုင်ရှာခဲ့ပေ။
အောက်ထပ်က ချက်ပြုတ်နေကြသူများထံမှ ဟားကနဲ ရယ်မောသံ ထွက်ပေါ်လာသည်။ လူငယ်များသည် အချင်းချင်း ရယ်မောစရာပြောပြီး ရယ်မောကြခြင်းသာ ။
အပေါ်ထပ်က ရေနံဆီ မီးအိမ်သည် ဆီကုန်သွားသည်လား ၊ လေတိုး၍ ငြိမ်းသွားသည်လား တမင်ငြိမ်းလိုက်သည်လား မသိရ။ မှောင်မည်းသွားလေ၏။
သို့သော် လမင်းကြီးကတော့ သူ့အလင်းကို အစွမ်းကုန် လွှတ်တင်ပေးလိုက်သလိုပင် ။ မီးကုန်ယမ်းကုန် ထွန်းလင်းတောက်ပနေပါ၏။
ခုနတုန်းက ကိုအောင်မင်း တားမြစ်၍ မသက်ပန် မပြောလိုက်ရသည့် စကားစုများ၌ …။
” ရွာသူဆိုတာ သူ့ပညာကို စွန့်ချင်တိုင်း စွန့်လို့ ရတာမျိုးမှ မဟုတ်ဘူး အစ်ကို ၊ဒီပညာက ကျမ လိုချင်လို့ ယူထား ရထားတဲ့ ပညာမှ မဟုတ်ပဲ။ ကျမက ဘာတတ်နိုင်မှာမို့လဲ အစ်ကိုရယ် ”
မင်္ဂလာဆွမ်းအတွက် ထမင်းဟင်း ချက်ပြုပ်နေသူများက သတိမထားမိလိုက်။ ကိုအောင်မင်း၏ နေအိမ်အထက်မှ ညသန်းခေါင်ယံ အ,ကာလအချိန်၌ မသက်ပန်အား ပညာစမ်းလိုသော စုန်းမီးတောက်အချို့ ဝေ့ဝဲသွားကြလေ၏။
ပညာထက်သော စုန်းမျိုးရှိသည့် နေအိမ်ခေါင်မိုးသည် တခါတရံ၌ စောက်ထိုးမိုးမျှော် ယိမ်းယိုင်နေတတ်၏။
အကယ်၍သာ ထမင်းဟင်းချက်လာသူများ အိပ်ပျော် မနေပါက ကိုအောင်မင်း၏ ပျဉ်ထောင်အိမ်၏ ခေါင်သည် တစောင်းကြီး ဖြစ်နေတာကို မြင်တွေ့သွားကြမည် ဖြစ်လေ၏။
ပြီးပါပြီ။
ပီပီ(မန္တလေး)