လကျာဘီလူး

*လကျာဘီလူး*📖📖

လကျာဘီလူးဆိုသည့်အတိုင်း ရန်သူကို ဘီလူးတစ်ကောင်ကဲ့သို့ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခြေမှုန်းတတ်သူ၊ စိတ်မြန်လက်မြတ်ရှိသူ၊ ငယ်ရွယ်ထက်မြက်သူ၊ အမှုထမ်းရန်အတွက် ဘီလူးဝင်စားသူဟု တင်စားရသည့် လက်ရုံးရည် နှလုံးရည်ပြည့်ဝသော ဦးအောင်ဇေယျ၏  ပြည်ထောင်ဘက် သူရဲကောင်းတစ်ဦးဖြစ်သည်။

လကျာဘီးလူး၏ မေွးရာ ရွာဇာတိနှင့် မွေးသက္ကရာဇ်တို့ကို တိတိကျကျမသိရပါ။မွေးသက္ကရာဇ်ကို ခရစ်နှစ် ၁၇၂၀ ကျော်ဝန်းကျင်ဟု ခန်မှန်းရ၍ မုဆိုးဘိုနယ်သားဖြစ်နိုင်သည်။ ငယ်မည်မှာ ငစံ/ ငညိုသူ ဖြစ်ပါသည်။

အလောင်းမင်းတရားကြီးသည် ၁၇၅၂ မေလတွင် မြင်းရည်တက် ၆၈ ဦးရွေးချယ်ဖွဲ့စည်းသောအခါ ငညိုသူလည်း တစ်ယောက်အပါအဝင်ဖြစ်သည်။

ငညိုသူမှာ အသက်ငယ်ငယ်နှင့် ဦးတွန်၊ ဦးသာ၊ ဦးနှောင်း၊ ဦးကောင်းတို့ကဲ့သို့ ဦးအောင်ဇေယျ၏ ပြည်ထောင်ဘက် စစ်သည် ရဲမက်တစ်ဦးလည်းဖြစ်သည်။

မြင်းရည်တက်ဗိုလ် ၆၈ ယောက်အား အတုလဆရာတော်ခင်ကြီးဖျော်၏ မှတ်တမ်းတွင် ” ညိုသူ ရေးရှာ ” (အရေးတော် အောင်မြင်စေသော အကြောင်းအရာတို့ကို ရှာဖွေသိရှိတတ်သူ) ဟု မှတ်တမ်းတင် ရေးသားထားပါသည်။

ငညိုသူမှာ အလောင်းမင်းတရားကြီး၏ ထန်းလုံးခံတပ်သို့ မွန်တပ်များဝိုင်းဝန်းလုပ်ကြံချိန် ကောဇာသက္ကရာဇ် ၁၁၁၄ ကဆုန်လပြည့်ကျော် ၈ ရက် သောကြာနေ့၌ အလောင်းမင်းတရားကိုယ်တိုင် ထွက်၍တိုက်တော်မူသောအခါ ငညိုသူလည်းပါဝင်ခဲ့သည်။

ပထမဆုံးပွဲဦးထွက် အောင်ပွဲ၌ ဦးအောင်ဇေယျသည် မြင်းရည်တက်ဗိုလ် ၆၈ ယောက်ကို သင့်တော်ရာ တပ်များခွဲ၍ နေရာချပြီး မြို့လေးမျက်နှာမှ ဗိုလ်ချုပ်လေးယောက် ကွပ်ကဲ၍ အပြင်းတိုက်စေသည်။ ငညိုသူမှာ  မြို့မြောက်မျက်နှာမှ

ဦးအောင်ဇေယျ ၏ ညီတော် သတိုးသိခ်သူ(နောင်တောင်ငူစား)ဗိုလ်ချုပ်ခန့်ထားသော တပ် ၁၅ တပ်တွင် ငထွန်းကျော်၊ မင်းရဲစည်သူ၊ မင်းကျော်ဗညား၊ စစ်တောင်းသီရိစသော မြင်းရည်တက်ဗိုလ် ၁၃ ယောက် နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့ရသည်။ ထို့ကြောင့် လကျာဘီးလူးဟူသောဘွဲ့ကို မင်းတရားကိုယ်တိုင်ချီးမြင့်ခဲ့သည်။

ခရစ်နှစ် ၁၇၅၃ တွင် အလောင်းမင်းတရားကိုယ်တိုင် ပင်း၊ မဲထီးဒေသသို့ ချီတော်မူသောအခါ နောက်တော်ပါးမှ လိုက်ပါအမှုထမ်းခဲ့လေသည်။ ခရစ်နှစ် ၁၇၅၄ အင်းဝတိုက်ပွဲ၊ ကောဇာသက္ကရာဇ် ၁၁၁၇ ရန်ကုန်တိုက်ပွဲ၊ ၁၁၁၈ သန်လျင် တိုက်ပွဲ၊ ၁၁၁၉ ဟံသာဝတီ မြို့သိမ်းတိုက်ပွဲတို့တွင် မင်းခေါင်နော်ရထာ ဦးတွန်၊ မင်းလှမင်းခေါင်ကျော် ဦးကောင်းတို့နှင့်အတူ လက်စွမ်းပြတိုက်ခိုက်ခဲ့သည်။

မင်းတရားနှင့် နီးကပ်သည့်ဆက်ဆံရေးရှိပြီး၊ အလွန်အားထား ယုံကြည်ရသူလည်းဖြစ်သည်။ မင်းတရားကိုကိုယ်တိုင်ပင် ဓားကောင်းတလက်ကို ချီးမြင့်ဖူးလေသည်။

အလောင်းမင်းတရားကြိးသည် မြန်မာ သက္ကရာဇ် ၁၁၁၅ ခုနှစ်တွင် မုဆိုးဘိုကို ရွှေဘိုသမုတ်၍ မြို့နန်း တည်တော်မူလေသည်။ ထိုအခါ အမတ်ကြီး ဦးမြတ်သာနေ (လက်ဝဲသုန္နရ)နှင့် မင်းတရားတို့မှာ ရွှေဘုံရတနာနန်းတော်ကြီးတွင် ရာဇမင်းတို့ အားပြုအပ်သော၊ နတ်နှင့်တူသော၊ နန်းတော်အဆောင်များအတွင်း ဓားကိုင်ဆောင်ခွင့်ရသူ ၄ ဦးဖြစ်သည့် ဝင်းတော်မှူး လေးယောက် ရွေးချယ်ရန် တိုင်ပင်ကြရပြန်သည်။

သားတော်ကြီး အိမ်ရှေ့မင်း သီရိဓမ္မရာဇာပင် ဓားကိုင်ဆောင်လျက် ဝင်ခွင့်မရှိသည့် ညီလာခံ၌ မင်းတရားအား အမြဲမပြတ် စောင့်ကြပ်ရန် လက်နက်စွဲကိုင်ခွင့် ရသူများ ဖြစ်သောကြောင့် ဝင်းမှူးရွေးချယ်ရသည်မှာ အခက်ခဲဆုံး ဖြစ်သည်။

နောက်ဝင်းတော်မှူးအဖြစ် ဥဒိန်နော်ရထာဘွဲ့နှင့် ငကုလားအားလည်းကောင်း၊ ဆွေတော်မျိုးတော်လည်းဖြစ် ပြည်ထောင်ဘက်လည်ဖြစ်သည့် မင်းကျော်ဗညားဘွဲ့ခံ ငမြတ်ထွန်းအား မင်းကျော်အာကာဘွဲ့၊ လက်ျာကျော်ထင် ငနှောင်းကို မင်းလှနော်ရထာဘွဲ့များ ချီးမြှင့်လျက် လက်ယာဝင်းတော်မှူး၊ လက်ဝဲဝင်းတော်မှူးများအဖြစ် ခန့်ထားလိုက်လေသည်။

အရှေ့ဝင်းတော်မှုးအဖြစ်လည်း မင်းထင်နော်ရထာဘွဲ့ဖြင့် လကျာဘီလူးအား ခန့်အပ်တာဝန်ပေးခဲ့လေသည်။ ထိုအချိန်မှာစ၍ လကျာဘီလူးတဖြစ်လဲ ငညိုသူမှာ အရှေ့ဝင်းတော်မှူး မင်းထင်နော်ရထာအဖြစ် ထမ်းရွက်ရတော့သည်။

အလောင်းမင်းတရားကြီး အယုဒ္ဓယသို့ ချီသောအခါ အရှေ့ဝင်းတော်မှုး မင်းထင်နော်ရထာပါ လိုက်ပါခဲ့ပြီး အယုဒ္ဓယမှ တပ်ဆုတ်သောအခါ မင်းခေါင်နော်ရထာနှင့်အတူ နောက်ချန်တပ်တွင် ချန်၍ဆုတ်ခဲ့သည်။

လကျာဘီလူးသည် အလောင်းမင်းတရားကြီးလွန်ပြီးနောက် ဆင်ဖြူရှင်မင်းတရားလက်ထက်တော်တွင် ပြန်လည်အမှုထမ်းခဲ့ပြီး ရာဇဂုမ္ဏာန် ဟူသောဘွဲ့ကို ရရှိခဲ့သည်ဟု သိရသည်။ လကျာဘီလူးသည်မည်သည့် အချိန်တွင် ကွယ်လွန်ခဲ့ကြောင်း မသိရချေ။

မြန်မာ့ သမိုင်းမှတ်တမ်းများတွင် လကျာဘီးလူးနှင့်ပတ်သက်သော သမိုင်းမှတ်တမ်းမှာ မရှိသလောက် ရှားလှသည်။

ကိုးကားပြု၍ရနိုင်သော စာပေများတွင် ဆရာတင်နိုင်တိုး၏ ကုန်းဘောင်ခေတ် မင်းမှုထမ်းများအဘိဓာန်တွင် စာကြောင်းရေ ၄ ကြောင်းခန့်နှင့် ဆရာညိုမြ၏ ကုန်းဘောင်ရှာပုံတော်တွင် ကျာဘီလူး၏ ဘွဲ့၊ အမည်ကို ၃ ကြိမ်မျှသာဖော်ပြထားသည်။ (ဆင်ုဖူရှင်မင်းလက်ထက် အမှုထမ်းခြင်းနှင့် ရာဇဂုမ္ဘန်ဟူသော ဘွဲ့ကို ဆရာ သခ်ရာဇာထံမှ ကူးယူထားပါသည် )

ထိုသို့ဖြစ်ရခြင်းမှာ ဦးအောင်ဇေယျလက်ထက်တော်တွင် ဦးတွန်၊ ဦးကောင်းတို့၏ နာမည်ကျော်ကြားမှုကြောင့် တိမ်မြုပ်နေခြင်းသို့မဟုတ် နောက်ပိုင်း နောင်တော်ကြီး၊ ဆင်ဖြူရှင်စသော မင်းများလက်ထက်ဆက်၍ အမှုမထမ်းခြင်းနှင် နောက်ပိုင်းတွင် မဟာသီဟသူရ ဦးသာ၊ မဟာနော်ရထာ ကဲ့သို့သောဝန်ကြီးများနာမည်ကျော်ခြင်းနှင့် စာရေးသူ၏ လေ့လာမှုအားနည်းခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။

ထို့ကြောင့် လကျာဘီလူးနှင့်ပတ်သက်သော စာဖတ်သူတို့သိသည့် အကြောင်းအရာများကို comment တွင် ပြန်လည်မျှဝေပေးဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ။

ရဲဘုန်းသွင်