လင်းနောင်နှင့်လူခြောက်သိန်းမောင်

လင်းနောင်နှင့်လူခြောက်သိန်းမောင်(စ/ဆုံး)

—————————————-

“ဗျို့…ဆရာလေး….”

“ဟာ…ကိုကြီးမြ…လာလေဗျာ…ဝင်ခဲ့…”

လင်းနောင်တစ်​ယောက် ​ကွပ်ပျစ်တွင်ထိုင်နေစဥ် သူတို့အိမ်ဝိုင်းအတွင်းသို့ ကိုကြီးမြ ဝင်လာလေသည်။
ဒါ​ကြောင့် သူကလည်း ထိုင်နေတာကိုနေရာရွေ့ ပေးလိုက်ပြီး ကိုကြီးမြအား ဝင်ထိုင်စေခဲ့သည်။

“ကိုကြီးမြကလည်းဗျာ…ကျုပ်ကို ဆရာလေးလို့ မခေါ်စမ်းပါနဲ့…။ကလေးတွေကိုတောင်… ပြောမရလို့ လွှတ်ထားရတာဗျ…”

ကိုကြီးမြက လင်းနောင်တို့ရွာလယ်ပိုင်းတွင်နေသူဖြစ်သည်။
ကျောင်းပညာစုံသော်လည်း မိဘလက်ငုပ်ဖြစ်သည့် လယ်ယာလုပ်ငန်းကိုသာ ဦးစီးလုပ်ကိုင်နေသူလည်းဖြစ်ပေသည်။
ယခုလို အိမ်ထိ အလည်လာသည်က ရှားတာကြောင့် လင်းနောင် အံ့သြနေမိ၏။

“မင်းကလည်းကွာ…ကလေးတွေစာသင်ပေးတော့ ဆရာပဲပေါ့…ခေါ်ပါစေစမ်းပါကွာ…”

“ဟုတ်တော့လည်း ဟုတ်ပါဗျာ…ဒါနဲ့ ဘာအကြောင်းနဲ့ကျုပ်ဆီရောက်လာတာလဲဗျ…ကိုကြီးမြက ကျုပ်ဆီလာတာ ရှားတယ်မလား…”

လင်းနောင်အမေးအား ကိုကြီးမြက လင်းနောင် ကျောကိုလက်​ဖြင့် ပုတ်လိုက်ပြီး…

“အေး…ငါ လာတာလည်း မင်းကိုခေါ်ခိုင်းလို့ကွ…”

“ဗျာ…လယ်ထဲ လူလို လို့လား…”

လယ်ကိစ္စအထင်ဖြင့် လင်းနောင်မေးလိုက်လေတော့…

“ဟာ…မင်းကလည်းကွာ…လယ်ကိစ္စမဟုတ်ပါဘူး..အခုလာတာ တို့အိမ်မှာ မင်းရဲ့ဆရာကြီး ရောက်နေတယ်ကွ…”

“ဗျာ…ဆရာကြီး…ဆရာကြီးဆိုတော့ ကျုပ်ဆရာ…ဆရာခန့်မော်လားဗျ…”

“အေး..အေး…မင်းပြောတဲ့နာမည်ပဲကွာ…။မနေ့ကငါ မြို့တက်ပြီး မြေပဲဆီကြိတ်တာဟေ့…အဲ့တာ လမ်းကြုံလို့ဆိုပြီး လိုက်လာတာ…သူနဲ့စကားပြောရင်း မင်းဆရာဆိုတာသိလာတာ….တို့ရွာလည်း ရောက်လာတတ်တော့ ငါလည်း မျက်မှန်းတန်းမိယုံပဲဟ…ဘယ်သူဆိုတာ သေချာမသိဘူး…”

“ဟာ…ဒါဆို ညကတည်းက ဆရာကြီးက ကိုကြီးမြတို့အိမ်မှာပေါ့…ဟုတ်လား ကိုကြီးမြ…”

“အေးပေါ့ ဟ…သူက သူကြီးအိမ်တည်းမယ်ပြောတယ် ။ငါလည်း ဧည့်ဝတ်ကျေချင်တာနဲ့ ငါ့အိမ်ပဲ တည်းခိုင်းလိုက်တာ…အခု မင်းကိုလာခေါ်ခိုင်းလို့ ငါလာခဲ့တာ…မင်းဆရာကတော်တော်စကားပြောကောင်းတယ်ဟေ့…ငါ့အဘဆို ဆရာကြီး…ဆရာကြီးနဲ့ ပါးစပ်က ကိုမချဘူး……”

ကိုကြီးမြက ဆရာခန့်မော်အကြောင်းကိုပြောပြနေလေတော့ လင်းနောင်က…

“ကျုပ်ဆရာကြီးနဲ့မတွေ့တာကြာပြီ…ဒါပေမယ့် ကျုပ် ခဏနေမှလိုက်ခဲ့မယ်ဗျာ…အမေက ရွာထဲက မတင့်တို့နဲ့ အဝေရာရွက်သွားခူးတယ်ဗျ… ”

“အေး…ဒါဆို အရီးပြန်လာမှ ပြောပြီးလာခဲ့လေ…။အခုတော့…ငါပြန်လိုက်ဦးမယ်ကွာ…”

“ဟုတ်…ကိုကြီးမြ….ကျုပ်ဆရာကိုလည်းပြောလိုက်ဦး အမေပြန်လာတာနဲ့ ကျုပ်ချက်ချင်းလာခဲ့မယ်လို့….”

“အေး.. အေး ပြောလိုက်မယ်….”.

ကိုကြီးမြက ဝိုင်းထဲမှ ထွက်သွားတော့၏။
ကျန်ရစ်ခဲ့သော လင်းနောင်ကတော့ ဆရာကြီး ရောက်လာ တာအကြောင်းရှိရမယ်လို့ တွေးရင်း မိခင်ဖြစ်သူပြန်အလာကို စောင့်နေမိလေသည်။

စောင့်နေရင်း မိခင်ဖြစ်သူမလာသေး၍ နွားတင်းကုပ်ဝင်ကာ နွားစာများဖြည့်လိုက် နွားချီးများ ကျုံးလိုက်ဖြင့် အလုပ်လုပ်ရင်း စောင့်နေလိုက်၏။

သူ့အလုပ်များပြီးချိန် ရောက်မလာသေး၍ ရေချိုးဖို့စိတ်ကူးလိုက်၏။
ရေမိုးချိုး အဝတ်အစားလဲပြီးနောက်မှာတော့ ကွပ်ပျစ်မှာ ပြန်ထိုင်နေလိုက်ပြီး မိခင်အားစောင့်နေလိုက်တော့သည်။

သူထိုင်စောင့်နေရင်းခဏကြာတော့ မတင့်တို့အုပ်စုနှင့် မိခင် ဒေါ်နှင်းမြိုင် ဝိုင်းထဲသို့ဝင်လာကြ၏။
အားလုံးလက်ထဲမှာလည်း အဝေရာရွက် အညွှန့်များ လက်ဖြင့်အပြည့် စုပ်ကိုင်လာကြသေးသည်။

“ဟဲ့ သား ရေမိုးချိုးပြီးပြီလား…..”

ရေမိုးချိုး ထားသော သူ့အား မိခင်က မေးလေတော့…

“ဟုတ်တယ် အမေရေ….ကိုကြီးမြတို့အိမ်မှာ ဆရာကြီးရောက်နေတယ်တဲ့…ကျုပ်ကို ကိုကြီးမြ လာခေါ်တာကြာပေါ့…ကျုပ်ကအမေ့ပြောပြီးမှလာမယ်ပြောလိုက်တာ…”

“အမလေး…အဲ့တာကြောင့် ဖင်တကြွကြွ ဖြစ်နေတာမလား…သွား…သွား…အပြန်ကြရင် ခရမ်းချဥ်သီး ငပိ့ချက်နဲ့ အဝေရာရွက်လေးပြုတ်တို့ ကြမယ်….”

“အင်းပါ အမေရာ…ဒါဆို ကျုပ်သွားတော့မယ်….”

လင်း​နောင် မိခင်အား ခွင့်တောင်းပြီးသည်မို့ ချက်ချင်း ကိုကြီးမြတို့အိမ်ဆီသို့ ထွက်လာခဲ့လိုက်တော့သည်။
သူထွက်လာရင်း ဝိုင်းပြင်ရောက်တော့…

“အရီးသားကလည်း သူ့ဆရာကြီးဆိုတာနဲ့ ဖင်တကြွကြွပဲလား…”

“အဲ့တာပြောတာပေါ့…အမေ မွေးထားမဟုတ်ပါဘူး မင့်ဆရာကြီးကမွေးထားတာပါလို့ သူ့ကိုပြောနေရတာ…”

“အဲ့လိုလား…ဟီးးးးဟီးးးးဟီးးးးး”

နောက်ကျောဆီမှ မိခင်နှင့် မတင့်တို့တွေ သူ့အား စနောက်နေသည့်အသံများကြားလိုက်ရ၏။
သို့သော် သူပြန် စနောက်ဖို့အချိန်မရှိ။

ကိုကြီးမြတို့အိမ်ဆီသာ ခပ်သုတ်သုတ် သူလာခဲ့လိုက်သည်။

ကိုကြီးမြတို့အိမ်ဝိုင်းထဲ သူဝင်လာတော့ အိမ်အောက်ထပ်ရှိ စားပွဲတွင် ထိုင်နေကြသူများထဲ သူဆရာကြီး အားမြင်လိုက်ရလေသည်။
ဆရာကြီးကလည်း သူ့နည်းတူစွာပင် သူ့အားမြင်လိုက်၏။

“လာဟေ့…လင်းနောင်ရေ…ဆရာက မင်းကိုမျှော်နေတာကွ….”

“ဆရာကြီးကလည်းဗျာ…ညကတည်းက ရောက်တာများ ကျုပ်ကိုခေါ်လိုက်ရောပေါ့…..”

မတွေ့ရတာကြာပြီဖြစ်သော ဆရာဖြစ်သူအား လင်းနောင် ဝမ်းသာအားရပြောလိုက်တော့သည်။

“အေးကွာ…ညကလည်း မိုးချုပ်နေတာနဲ့ မခေါ်ခိုင်းလိုက်တာ…ကြည့်စမ်းပါဦး ငါ့တပည့်က ချောလာလိုက်တာ…”

“ကျုပ်အရင်တိုင်းပါပဲဆရာကြီးရာ…ဒါနဲ့ ဆရာကြီး ခရီးထွက်သွားတယ်လို့ ကြားတယ်…ဒါကြောင့်ဆရာကြီးရွာလည်း ကျုပ်မလာဖြစ်တာဗျ…”

“ဟုတ်တယ်….ဆရာကြီးပြန်ရောက်လာတာမကြာသေးဘူး
အခု ဒီကိုလာတာကလည်းအကြောင်းရှိလို့…..”

“ဘာအကြောင်းများလဲ ဆရာကြီး……”

ကိုကြီးမြတို့သားအဖကလည်း သူတို့စကားပြောနေကြသည်ကို ဘေးမှ စိတ်ဝင်တစား နားထောင်နေကြ၏။
သူက ဆရာကြီးထိုင်နေသော ခုံတန်းရှည်တွင်ဝင်ထိုင်နေပြီး ကိုကြီးမြတို့သားအဖက သူတို့နှင့်မျက်နှာချင်းဆိုင် တွင်ထိုင်နေကြခြင်းဖြစ်သည်။

သူ့အမေးအား ဆရာကြီးက…

“ဒီလိုကွ…ရွာတစ်ရွာကိုသွားရမယ်…အဲ့ရွာမှာ သူခိုးသောင်းကျန်းနေလို့ကွ…..”

“ဗျာ…သူခိုး ဟုတ်လားဆရာကြီး…”

“အေး…သူခိုးတော့သူခိုးပဲ…ဒါပေမယ့်သူက လူသူခိုးမဟုတ်ဘူးကွ….”

“ဗျာ…..”

“ဘယ်လို….”

သူရော ဘေးတွင်နားထောင်နေကြသော ကိုကြီးမြတို့သားအဖကပါ နားမလည်နိုင်အောင်ဖြစ်သွားကြ၏။
သူတို့တွေဖြစ်နေသည့်ပုံကိုကြည့်ပြီး ဆရာကြီးက…

“အင်း ပြောရရင်တော့ အကြောင်းတစ်ခုကို အရင်စပြောရမှာပဲ…..ဒီလိုကွ……..”

☸☸☸☸☸☸☸☸☸☸☸☸

ရွာနာမည်က ကျီးပြုံးဖြစ်သည်။
ကျီးပြုံးရွာဟာ…စည်ကားလှသောရွာကြီးတစ်ရွာဖြစ်ပြီး ချမ်းသာကြွယ်ဝ သူများ ပေါများသကဲ့သို့ ဆင်းရဲနွမ်းပါးသူများလည်း ပေါများပေသည်။
ထိုနွမ်းပါးသူများထဲမှာ ဦးမောင်ဝင်းနဲ့ ဒေါ်မိုးတို့မိသားစုလည်းအပါအဝင်ဖြစ်ပေသည်။
ဦးမောင်ဝင်းအလုပ်က သူဌေးအိမ်တွင် အလုပ်ကြမ်းလုပ်ရခြင်းဖြစ်ပြီး ဒေါ်မိုးကတော့ ထို သူဌေးအိမ်တွင်ပင် အဝတ်လျော်ပန်းကန်ဆေး လုပ်ကိုင်ရခြင်းဖြစ်သည်။
ပင်ပန်းသည့်ကိစ္စတိုင်းကို လုပ်ကိုင်ပေးကြရသော်လည်း ရလာသည့် ငွေကြေးမှာ မိသားစုစားဖို့ပင် မလုံလောက်ခဲ့။
သမီးနှစ်​ယောက်ဖြစ်သူ လှလှနှင့် ပပ တို့ကိုပင် ယခုထိ အများနည်းတူ စာမသင်ပေးနိုင်၊အဝတ်အစားလှလှပပ မဆင်ပေးနိုင်ခဲ့ကြ။
ရှိတာလေးခွဲဝေစားပြီး ကိုယ်လုံရာသာ အရောင်မှိုင်းနေသည့် အဝတ်အစားများကို ဝတ်ဆင်ကြရ၏။
အကြီးမဖြစ်သော လှလှဟာဖြင့် ဆယ့်သုံးနှစ်အရွယ်ဖြစ်ပြီးမိခင်နှင့်အတူ ဝိုင်းကူနေရရှာသည်။ အငယ်မပပကတော့ ကိုးနှစ်အရွယ်သာရှိ​သေး၏။
ထိုသို့ဆင်းရဲနွမ်းပါးလှသော ဦးမောင်ဝင်းတို့ ဘဝထဲသို့နောက်ထပ် တစ်ယောက် ကဝင်ရောက်လာခဲ့လေသည်။
ထိုအရာက ဒေါ်မိုးတွင် တတိယမြောက်ရင်သွေးလေး လွယ်ထားရခြင်းဖြစ်သည်။
ကိုယ်ဝန်ရှိလာ၍ ဒေါ်မိုးခမြာ အလုပ်ကို မသွားနိုင်ရှာ။
ထို​ကြောင့် ရှိသမျှ မိသားစု စားဝတ်နေရေးသည် ဦးမောင်ဝင်းခေါင်းပေါ်သာကျလာခဲ့၏။
ဒီလိုဖြင့် ဒေါ်မိုးရဲ့ ကိုယ်ဝန်ဟာ မွေးဖွားမည့်ရက်သို့ရောက်လာခဲ့လေသည်။
ပထမ ကလေးများနည်းတူပင် လက်သည်ကြီး ဒေါ်ထားနှင့်ပင် မွေးဖို့ပြင်ခဲ့​ကြလေသည်။

“အားးးးးးး….အမလေး….ကြီးတော်ရဲ့….နာလှပါပြီ….ကျုပ်….ကျုပ်မရတော့ဘူးတော့…..”

“ညည်းကလည်း အေ….ညှစ်စမ်းပါ….ညည်း ကလေးက အခုထိ မမြင်ရသေးဘူး ညှစ်….အံကိုကြိတ်ထား….အားမလျော့နဲ့ ခဏပဲ အနာခံရမှာ….ညှစ် သမီး….ညှစ်…….”

အခန်းတစ်ခန်းသာရှိသော.တဲအိုလေးအတွင်း အသံများ ဆူညံနေလေသည်။
အပြင်မှာစောင့်နေကြသော ဦးမောင်ဝင်းတို့ သားအဖတတွေကတော့ ရသလောက်ဘုရားစာလေးရွတ်ရင်း တဲအိုလေးထဲသို့ တကြည့်ကြည့်လုပ်နေကြတော့သည်။
ခဏကြာ​တော့ အစောပိုင်းက ဆူညံနေသံများ ပျောက်ကွယ်သွားပြီး လက်သည်ဒေါ်ထားတစ်ယောက်.အနှီးလေးပိုက်ပြီး တဲအပြင်သို့ထွက်လာခဲ့လေသည်။
ဒေါ်ထားဟာ ဦးမောင်ဝင်းကို မြင်မှ အနားကပ်လိုက်ပြီး…

“မောင်ဝင်း…နင်တို့တော့ချမ်းသာပြီဟေ့……”

“ဗျာ….”

ဒေါ်ထားစကားအား ဦးမောင်ဝင်းနားမလည်ခဲ့။
ဒေါ်ထားကလည်းသူပိုက်လာခဲ့သော အနှီးထုပ်လေးကို ဖွင့်ပြလိုက်ပြီး…

” ဒီမှာ…နင့်မိန်းမ လူ​ခြောက်လေးမွေးတယ်…ကြည့်ကြည့်စမ်း…”

ဒေါ်ထားစကားကြောင့် ဦးမောင်ဝင်း ဒေါ်ထားလက်ထဲ ပွေ့ပိုက်ထားသော အနှီးစလေးကို လှန်ကြည့်လိုက်လေတော့…

“ဟာ…တကယ်…တကယ် လူ​ခြောက်လေးပဲဗျ….ကျုပ်…ကျုပ် ဘာလုပ်ရမလဲ ဒေါ်ထား…”

ဦးမောင်ဝင်း မြင်လိုက်ရသော မျက်လုံးအစုံအားမယုံကြည်နိုင်ဘဲ ဒေါ်ထားအား မေးလိုက်လေသည်။
ဦးမောင်ဝင်းအမေး​ကြောင့် ဒေါ်ထားကလည်း…

“လူ​ခြောက်လေးမွေးတာ နင်တို့နဲ့ ရေစက်ရှိလို့ပဲဟဲ့…သူ့ကို အရွယ်လိုက်မှတ်ထားပြီး သာမာန်လူတွေလို အဝတ်အစားဆင်ပေး…။စားချိန်တန်ရင်လည်း သူ့ဘေးနားမှာ ထမင်းတို့ ဟင်းတို့ ပန်းကန်လေးနဲ့ချပေး…အဲ့တာဆို နင်တို့အကြောင်းထူးလာမှာပါ…..”

ဒေါ်ထားပြောပြသမျှအား ဦးမောင်ဝင်းက မှတ်ထားလေသည်။

အဲ့သည်နောက် ဦးမောင်ဝင်းတို့ လူခြောက်လေးမွေးသည်ဆိုသည့် သတင်းကြောင့်.လာရောက်ကြည့်သူများပြားလှ၏။
အချို့ကလည်း လူ​ခြောက်လေးအတွက်ဆိုပြီး ငွေးကြေးများပေးသွားတတ်ကြ၏။
အချို့ကတော့ဖြင့် လူခြောက်လေးရဲ့ လက်များ ၊​ ​ခြေထောက်များကို ကိုင်ကြည့်ကြ၍ လူများလာကြည့်ခြင်းကို ဦးမောင်ဝင်းက ခွင့်မပြုတော့ပေ။

ဦးမောင်ဝင်းသူရဲ့သားဖြစ်သူ တစ်ထွာကျော်ကျော်သာရှိသော မဲမဲ လူ​ခြောက်လေးအား
သိန်းမောင်ဟုအမည် မှည့်လိုက်လေသည်။
အဲ့သည်​နောက်တော့ လက်သည်ကြီးပြောသလို မနက်တိုင်း
သူ့ရဲ့ဘေးနားတွင် နို့ခွက်လေးအား ထားပေးလေသည်။
ထူးခြားသည်က မနက်ပိုင်း ထားပေးသော နို့ခွက်ဟာ ညဆိုလျှင် အမြဲလစ်ဟာနေတတ်၏။

ဒီလိုဖြင့် တစ်နေ့မှာတော့…

“ကိုမောင်ဝင်း….ကိုမောင်ဝင်း….”

“အေး…ပြောလေ မိန်းမရ….”

မိန်းမဖြစ်သူ ဒေါ်မိုးက ခေါ်လိုက်လေတော့ ဦးမောင်ဝင်း ထမင်းစားရင်း ​ဖြေလိုက်လေသည်။
ဒေါ်မိုးကလည်း ဦးမောင်ဝင်း ထမင်းစားသည့်ဘေးတွင်ထိုင်နေပြီး အကြောင်းအရာတစ်ခုကို ပြောပြဖို့ အသင့်ဖြစ်နေခဲ့၏။

“ညက…ကျုပ်သား သိန်းမောင်က ကျုပ်ကိုပြောတယ်တော့….”

“ဟ…မင့်သားက ဘယ်လိုပြောတာတုန်း…”

ဦးမောင်ဝင်းက မယုံကြည်သလို ဖြင့် ပြောလိုက်လေတော့ ဒေါ်မိုးက…
“ညက ကျုပ်အိမ်မက်ထဲ လာပြောတာတော့…ကျုပ်သားက တော့ သမီးလှလှ နဲ့ ရုပ်ဆင်တယ် မျက်နှာလေးကို ဝင်းပပြီး ချောလိုက်တာတော်…။အယ်နောက်ပြီး တော် ဟိုတစ်နေ့က ဝယ်ပေးထားတဲ့ ချည်ထည်အစိမ်းလေး ဝတ်ထားတာတော်ရေ့…သူ့အသားလေးနဲ့တော်တော်လိုက်တာပဲတော်…..”

မိန်းမဖြစ်သူ ဒေါ်မိုးက ဝမ်းသာအားရပြောနေလေ၍ ဦးမောင်ဝင်း စိတ်ဝင်စားသွားကာ ထမင်းပင်ဆက်မစားနိုင်ခဲ့။

“အေး…မင်းသားက မျက်နှာလိုက်တာပဲ…ငါ့ဆီကျ လာကိုမလာဘူး…ကဲ… ပြောစမ်းပါဦး…ဘာတွေပြောသွားသေးလဲ….”

“ပြောတယ်တော်ရေ့….အခု သူ့အမတွေနဲ့နေတဲ့ အခန်းထဲ သူမနေချင်ဘူးတဲ့…။သူ့ကို အခန်းသပ်သပ်ရပ်ရပ်လေးနဲ့ထားပေးပါတဲ့…နောက်ပြီး အမတွေက ညစ်ပတ်တော့ သူအဲ့အနံ့တွေမခံနိုင်ဘူးတဲ့…သူအဲ့လိုပြောတော့ ကျုပ်ကလည်း သားလေးပြောသလို ထားပေးချင်တာပေါ့ လို့…ဒါပေမယ့်အမေတို့ကဆင်းရဲတော့ ဒီလိုလေးပဲ သည်းခံနေပေးပါဆိုတော့ သားက ဘာပြောတယ်ထင်လဲ ကို မောင်ဝင်း….”

“ဘာပြောတုန်းဟ….”

“အမေတို့ဆင်းရဲတာကို သားသိပါတယ်တဲ့…အဲ့တာ သားရှာလို့ရတဲ့ ရွှေစလေးတွေ သားခေါင်းအုံးအောက်မှာထားထားမယ် အမေတို့.ထု့ခွဲပြီး သားပြောသလိုလုပ်ပေးပါတဲ့…….”

“ဟင်…မင်းသားက အဲ့လိုပြောတာလား….”

“ဟုတ်ပါ့… ကျုပ်တော့ သားလေးကိုတွေ့ရတာနဲ့တင်ကျေနပ်ပါတယ်တော်….”

ဒေါ်မိုးစကားအား ဦးမောင်ဝင်း နားမထောင်တော့…ချက်ချင်းလက်ဆေးလိုက်ပြီး သားဖြစ်သူ ထားရာအခန်းဆီသို့ ထွက်သွားတော့၏။

အခန်းထဲရောက်တော့ သားဖြစ်သူအိပ့်နေသော ခေါင်းအုံးလေးရဲ့ အောက်ကို လက်ဖြင့် စမ်းလိုက်လေတော့…

“ဟင်….”

လက်ထဲပါလာသည်​ရွှေဆွဲကြိုး ပျက် တစ်ခုနှင့် မည်းညစ်နေသော ရွှေပြားလေးတို့ကို ဦးမောင်ဝင်းတွေ့လိုက်၏။
ထိုအရာများကို ကြည့်ပြီး ချက်ချင်း အခန်းပြင်သို့ ယူ ထွက်လာခဲ့လေသည်။
အခန်းပြင်ရောက်မှ မိန်းမဖြစ်သူအား…

“မိန်းမ…ဒီမှာကြည့်စမ်း….”

“ဟယ်….တကယ်ကြီးလား….ကျုပ်က သားက ဒီတိုင်းပဲ ပြောသွားတယ်ထင်နေတာ…”

ဦးမောင်ဝင်းနှင့် ဒေါ်မိုး ရွှေဆွဲ ပြားနှင့် ရွှေဆွဲကြိုး အပျက်ကို ကြည့်ကာ ဝမ်းသာနေကြ၏။

“ဒီကိစ္စကို ဘယ်သူ့မှမပြောနဲ့နော်…ဒါ ငါ့သားအတွက်ကော တို့အတွက်ကောပါ အန္တရယ် ကင်းအောင်လို့ပဲ….”

ဦးမောင်ဝင်းစကားအား ဒေါ်မိုးက ခေါင်းငြိမ့်လိုက်လေသည်။

အဲ့သည်ချိန်မှ စ၍ ဦးမောင်ဝင်းတို့ဟာ တဲစုတ်မှ ထရံကာ…ထရံကာမှပျဥ်ထောင်၊ ပျဥ်ထောင်မှ တဆင့် တိုက်ပိုင်များအသွင်သို့ တဖြေးဖြေးပြောင်းလဲ လာခဲဲ့ ကြသည်။
ယခင်ကလို သူများအိမ်တွင် လုပ်စရာမလိုတော့…
လှလှ နှင့်ပပ သည်လည်း အဝတ်အစားတောက်တောက်ပြောင်ပြောင် နေနိုင်လာတော့၏။

အချိန်ကာလတွေပြောင်းလဲ လာတော့ လူခြောက်လေး သိန်းမောင်ပင် အသက် နှစ်ဆယ်ကျော်လာခဲ့၏။

“အဖေ…အဖေ့ သားကိုကြည့်ပြောဦးတော်…”

“ဘာဖြစ်လို့လဲ သမီး လှလှ….”

“ဘာဖြစ်ရမလဲတော်…မနေ့က ကျုပ်ဆီလာလည်တဲ့ သူဌေးလေး သာရင် ဘယ်ကမှန်းမသိဘူး ခဲနဲ့ အထု့ခံလိုက်ရတယ်…အဲ့တာ အဖေ့သားလက်ချက်ပဲ”

“အိုအေ…ညည်းအကောင်ကို မောင်ဖြစ်သူက သဘောမကျလို့နေမှာပေါ့….သွားစမ်းလှလှ နောက်ကို အဲ့အကောင်နဲ့ မပတ်သတ်နဲ့ ကြားလား….”

ဒေါ်မိုးက ဝင်ကာ ပြောလိုက်လေ​တော့ လှလှ နူတ်ခမ်းဆူပြီး…

“အမေတို့ က အလိုလိုက်လွန်းတယ်…သူ သဘောမကျဘူးဆိုရငိ ကျုပ်ဒီတစ်သက် လင်ယူရဦးမှာလားတော့…..”

“အေး…သူမကြိုက်လို့ ညည်းမယူရဘူးဆိုလည်း မယူနဲ့…ငါတို့မရှိရင် ညည်းမောင်ကို ညည်းပဲဂရုစိုက်ရမှာ…ကြားလား လှလှ….”

“သိပါတယ်အမေရယ်….ကျုပ်သိပါတယ်…”

ဦးမောင်ဝင်းတို့ စီးပွားရေးအဆင်ပြေနေပါသော်လည်း သိန်းမောင်ကအမြဲ ရှာဖွေပေးနေစဲပင်။
နေ့စဥ် သူ့ရဲ့ခေါင်းအုံးအောက်တွင် ပစ္စည်းများ ယူလာပေးစဲဖြစ်သည်။

တစ်ရက်မှာတော့….

“ဖွင့်စမ်း…ဟေ့…..တံခါးဖွင့်ကြစမ်း….”

“ဘာဖြစ်လို့လဲ… ”

“သူခိုးလာဖမ်းတာ…ငါ့ရဲ့ ရွှေပြားတွေမသိမသာပျောက်နေတာကြာပြီ…ဒီတစ်ခါ အမှတ်အသားလုပ်ထားတဲ့ရွှေပြားတွေကို မင်းတို့လာရောင်းကြတယ်…ဘယ့်နဲ့ရှိစ…တိုက်ပိုင်ရာပိုင်တွေက သူခိုးဖြစ်ရတယ်လို့…ဖမ်းကြစမ်း….”

“ဟာ….ကျုပ်ဘာလုပ်မိလို့လဲ….လွှတ်ကြစမ်း….”

“ကျွန်မယောကျာ်းဘာလုပ်မိလို့လဲ….ရှင်တို့ မှားနေပြီနော်….”

“အဖေ….အဖေ….အဖေ့ကို လွှတ်ကြစမ်းပါ…..အခုလွှတ်ကြ……”

“အဖေ…..အဖေ…အီး…ဟီးးးးးဟီးးးးးးး”

ဦးမောင်ဝင်းအား ဖမ်းဆီးကာ.ခေါ်ဆောင်သွားကြ၏။
သမီးဖြစ်သူတွေနဲ့ ဒေါ်မိုး တို့အော်ဟစ်တားဆီးပါသော်လည်း အရာမထင်ခဲ့ ။
ဦးမောင်ဝင်းကတော့ ခေါ်ဆောင်သွားခံလိုက်ရလေသည်။

✡✡✡✡✡✡✡✡✡✡✡✡✡✡✡✡✡✡✡✡

“ဟာ…ဒါဆို သူ့အဖေက အဖမ်းခံထားရတာပေါ့…ဟုတ်လား ဆရာကြီး…”

လင်းနောင် တအံ့တသြမေးလိုက်မိ၏။

“ဟုတ်တာပေါ့ ကွာ…အစစ်ဆေးခံ…အရိုက်ခံရတာပေါ့…ဒါပေမယ့် သူကလည်း ငွေကြေးရှိလူတန်းစားမလား…သူယူတာတွေပြန်လျှော်ပေးပါ့မယ်ဆိုတော့မှ ပြန်လွှတ်ပေးလိုက်တာပေါ့….”

“ဒါဆို…. ကိစ္စက ပြီးသွားပြီပေါ့…..”

ကိုကြီးမြက ဝင်ပြောလိုက်လေတော့ ဆရာကြီးက…

“အင်း….ပြီးမယ်လို့ထင်တာက မပြီးခဲ့ဘူးလေ…ဘာလို့ဆို သူ့သား သိန်းမောင်က ပစ္စည်းရှာမပျက်ခဲ့ဘူး…နေ့တိုင်းပဲ သူ့ခေါင်းအုံးအောက်မှာ ထားထားနေတာ…ခက်တာက သူများပစ္စည်းတွေဆို​တော့ ဦးမောင်ဝင်းတို့ အကျပ်ရိုက်တာပေါ့….နောက်ပိုင်း ကျ ပစ္စည်းပျောက်တဲ့လူတွေဆီ လိုက်ပြန်ပေးရတဲ့အထိကိုဖြစ်လာတာ”

“သူ့သားကို ပြောမရဘူးလား ဆရာကြီး…သူ့မိဘတွေ ဒီလောက် ဖြစ်နေတာကို….”

လင်းနောင်က မေးလိုက်လေတော့…

“ပြောတာပေါ့….သားရယ် အဖေတို့လည်း ချမ်းသာနေပါပြီ ပစ္စည်းတွေမရှာပေးပါနဲ့တော့လို့ဆိုရင် တစ်ရက်နှစ်ရက်လောက်ပဲ နားတာဟေ့…နောက်ရက်တွေပြန်ပြန်ယူလာတာ…”

“ဟာ…ခက်သားပါလား…ဒီကောင် သိန်းမောင်လုပ်တာက သူ့မိဘတွေ အဖမ်းခံရဖို့လမ်းပါလား ဆရာကြီးရာ…”

လင်းနောင် မချိတင်ကဲပြောလိုက်ခြင်းဖြစ်သည်။

“သူကလည်း သိရှာမှာပါ…ခက်တာက သိန်းမောင်က စောရ နက္ခတ် နဲ့ မွေးလာတာဆိုတော့ သူ့ခမျာလည်း မခိုးရ မယူရ ရင်မနေနိုင်ဖြစ်နေတာ….”

“သြော်…အဲ့လိုလား…ဒါဆို သူ့ကို ဘာမှလုပ်ပေးလို့မရတော့ဘူးလား ဆရာကြီး….”

“အဲ့ကိစ္စပဲပေါ့…သူ့မိဘများက ဆရာကြီးကို လာပင့်ကြတာလေ…ဆရာကြီးကလည်း တပည့်ကို လိုက်ပါစေချင်လို့ လာခေါ်ရတာပဲ….”

“ဟာ…တကယ်လားဆရာကြီး….ဒါမျိုးဆို ကျုပ်လိုက်ချင်တာပေါ့…ဆရာကြီး ဘယ်တော့ ခရီးစမလဲ…”

“အင်း….မနက်ဖြန် စောစောသွားကြတာပေါ့….”

“ကျီးပြုံးရွာဆို…ကျုပ်သိတယ်ဗျ….အဲ့ရွာဘက်ရောက်ဘူးတယ်….ကျုပ်လှည်းနဲ့အရောက်လိုက်ပို့ပေးမယ်…”

ကိုကြီးမြက သူလိုက်ပို့မယ်ဆိုပြီး ဝင်ပြောလေ​တော့…

“ဒါဆို ကောင်းတာပေါ့ကွာ…..”

အဲ့​နောက်မှာတော့ ဆရာကြီးကိုနူတ်ဆက်ပြီး အိမ်ပြန်လာခဲ့လိုက်၏။

အိမ်ရောက်တော့ မိခင် ဒေါ်နှင်းမြိုင်က သူအား စောင့်နေသည်ကိုတွေ့လိုက်ရလေတော့…

“အမေ့….ထမင်းစားပြီးပြီလား​ဗျ…..”

“မစားသေးဘူးလေ…အမေက သားနဲ့အတူစားဖို့စောင့်နေတာ…”

“ဒါဆို စားကြမယ်လေဗျာ…ကျုပ်လည်း ကိုကြီးမြတို့အိမ်က ကျွေးတာ မစားခဲ့ဘူး…အိမ်မှာအမေ စောင့်နေမှာဆိုးလို့….”

သားအမိနှစ်ယောက် ခရမ်းချဥ်သီးငပိ့ချက်နှင့် အဝေရာရွက်ပြုတ်များကိုထမင်းထဲ မြုပ့်ရင်း အားရပါးရ စားကြတော့၏။

စားသောက်ပြီး ချိန်မှာတော့ ဒေါ်နှင်းမြိုင်က ကွပ်ပျစ်တွင်ထိုင်ကာ အဝတ်အစား အပေါက်အပြဲများအား အပ်နှင့်လိုက်ချုပ်နေလေသည်။
လင်းနောင်ကလည်း မိခင်အနားထိုင်ကာ ရေနွေးကြမ်းသောက်နေလိုက်ပြီး…

“အမေ…ကျုပ် ဆရာကြီးနဲ့မနက်​ဖြန် ခရီးသွားရမယ် ”

“အမေသိပြီးသားပါ…သားဆရာကြီးရောက်လာတာ သားကို လာခေါ်တာဆိုတာကို….”

“ဟုတ်တယ်အမေ..သားတို့ သွားရမယ့်ရွာက ကျီးပြုံးတဲ့…အဲ့ရွာကို ကိုကြီးမြက သူ့လှည်းနဲ့လိုက်ပို့မှာဆို​တော့ မကြာလောက်ပါဘူး….”

“အင်း…မောင်မြ လ်ိုက်ပို့မှာဆိုတေ့ာ သားတို့ အဆင်ပြေတာပေါ့…နေပါဦး အဲ့ရွာသွားရ တဲ့အကြောင်းက…ဘာများလဲသား….”

ဒေါ်နှင်းမြိုင်ရဲ့အမေးကြောင့် လင်းနောင်သူသိထားသမျှအား ပြောပြလိုက်လေသည်။
လင်းနောင်ပြောသမျှကိုဒေါ်နှင်းမြိုင်က စိတ်ဝင်တစား နားထောင်လေသည်။

အားလုံးပြောပြလို့ ကုန်လေမှ…

“အင်း…အမေတို့ငယ်ငယ်တုန်းကလည်းကြားဖူးတယ်
လူခြောက်မွေးတာက မိဘတွေကို ချမ်းသာအောင်လုပ်ပေးတယ်တဲ့…အခုက သားလူ​ခြောက်သိန်းမောင်က မိဘတွေတော့ ချမ်းသာပါရဲ့ မတော်ရင်လည်း အချုပ်ကျ ကိန်းပါလား သားရယ်….”

“ဟုတ်တယ်အမေ…ဒါကြော့င် သူ့မိဘတွေက ဆရာကြီးကိုပင့်ကြတာဗျ…ကျုပ်တော့ သိချင်တယ်ဗျ…အဲ့လူခြောက်သိန်းမောင်ကို ဆရာကြီးကဘယ်လိုလုပ်ပေးမလဲဆိုတာ စိတ်ဝင်စားတယ်…”

“အင်းပေါ့…အမေ့သားက မောင်စပ့်စုပဲဟာ….အသွားအလာကို ဂရု့စိုက်ဦး ဆရာကြီးကိုလည်း ရိုရိုသေသေ ဆက်ဆံနော် သား….”

“စိတ်ချပါ အမေရာ…အမေ့သား လင်းနောင်အကြောင်း အမေ သိသားပဲဗျ…..”

သားအမိနှစ်ယောက် အတိုင်အဖောက်ညီနေခဲ့ကြသည်။

နောက်ရက်မနက်မှာဖြင့် ကိုကြီးမြ လှည်းနှင့် ကျီးပြုံးရွာသို့ ခရီးစထွက်လာ​ကြ တော့သည်။
ကျီးပြုံးရွာဟာ လင်း​နောင်တို့ရွာရဲ့ အနောက်ဖက်ယွန်းယွန်းတွင်တည်ရှိ၏။
လှည်းဖြင့် တစ်နေကုန် ခရီး သွားလာရပြီး မှောင်ရီပျိုးလေမှ ကျီးပြုံးရွာသို့ရောက်လာခဲ့ကြ၏။
လူချမ်းသာတွေပေါသည့် ကျီးပြုံးရွာဟာ စည်ကားလှ၏။
အရောင်းအဝယ်သမားများ လည်း စုဝေးရာ အရပ့်ဒေသကြီးဖြစ်နေပေသည်။

အချို့နေရာတွေမှာ အလှူပေး မဏ္ဍပ်များ ပြုလုပ်၍ အလှူလုပ်နေသည်ကိုလည်း တွေ့ကြရသေး၏။
ချမ်းသာလျှင် ချမ်းသာ သကဲ့သို့ ကြီးကျယ်ခန်းနားစွာ အလှူပေးကြခြင်းဖြစ်သည်။

လင်းနောင်တို့ ဟာ ဦးမောင်ဝင်း ဒေါ်မိုး အိမ်ကို မေး၍ လာခဲ့ကြရင်း တိုက်အိမ်အကြီးကြီးရှေ့သို့ လှည်းရပ်လိုက်ချိန်၌…

“ဘယ်သူတွေလဲ ဗျ….”

“ဒါ…ဦးမောင်ဝင်းအိမ်လား…”

“ဟုတ်ပါတယ်…ဒါ သူဌေးဦးမောင်ဝင်းအိမ်ပါ..ဘယ်သူတွေလဲ ခင်မျ…”

“ကျုပ်က သူပင့်ထားတဲ့ ဆရာ ခန့်မော်ပါ….”

“သြော်…သူဌေးက မှာထားပါတယ်…ဝင်ခဲ့ပါ…လှည်းကတော့ တင်းကုပ် နားမှာရပ်ပေးပါ…ကျန်တာ ကျုပ် လုပ်ပေးပါ့မယ်….”

ဦးမောင်ဝင်းအိမ်က အလုပ်သမားလေးက ဆရာခန့်မော်တို့အား တရိုတသေပြောပြီး အိမ်ထဲသို့ ဝင်စေ၏။
ကိုကြီးမြ ရဲ့ လှည်းကိုတော့ သူကိုယ်တိုင် တင်းကုပ်နားမောင်းသွင်းပြီး နွားများကို ဖြုတ်ကာ တင်းကုပ်အတွင်း အစာ ကျွေးလေသည်။

“လာကြပါရှင့်….ကျွန်မနာမည်က လှလှပါ…ကျွန်မက ဦးမောင်ဝင်းရဲ့ သမီးကြီးပါ…..”

လှပသော အသွင်နှင့် တောက်ပြောင်သောအဝတ်အစားများ ဝတ်ဆင်ထားသည့် လှလှ ဆိုသည့် မိန်းမပျိုက သူတို့အား အိမ်အတွင်း ဝင်ဝင်ခြင်း ပင် နူတ် ဆက်လေသည်။

ဧည့် ခန်းအတွင်းရှိ သစ်သားထိုင်ခုံကြီးများဟာ ထု့ထည်ကြီးမားပြီး သစ်လွင် လို့နေ၏။
လူချမ်းသာတို့ရဲ့ အသုံးအဆောင်များကို လင်းနောင်ငေးမောနေမိသည်။

သူတို့ ထိုင်နေကြရင်း ခဏကြာတော့ အသက်ငါးဆယ်အရွယ် ယောကျာ်းတစ်ယောက် သူတို့အနီး ရောက်လာခဲ့လေသည်။
ထိုလူရဲ့အသွင်က ကျက်သရေရှိလှ ၏။
ထိုလူကြီးက ခုံတွင် ဝင်ထိုင်လိုက်ပြီး…

“ကျွန်တော်က ဦးမောင်ဝင်းပါ…အခုလို လာပေးကြတာ ကျေးဇူးတင်ပါတယ်ဗျာ….”

“ရပါတယ်ဗျာ…အခုကော ခင်ဗျားသားအ​ခြေအနေကဘာထူးသေးလဲ…”

ဆရာကြီးက ဦးမောင်ဝင်းအားကြည့်ကာ မေးလိုက်၏။
ဦးမောင်ဝင်းက မဖြေသေးဘဲ သက်ပြေးလေးချလိုက် ခေါင်းလေးရမ်းလိုက်ဖြင့်…

“ဟင်း….မရပါဘူးဗျာ…ကျုပ်တို့ ပြောလည်း ခဏပါပဲ…​သူယူချင်တာ ယူခဲ့တာပဲ… ကျုပ်လည်း ပိုင်ရှင်ရှာ ပြန်ပေးနေရတာ ပင်ပန်းလှပါပြီ…..”

ဦးမောင်ဝင်း စိတ်ပင်ပန်းနေသည်ထင်သည်။
သားဖြစ်သူ သိန်းမောင် အကြောင်းကို ပြောပြနေလေသည်။
သူ့စကားကိုနားထောင်နေကြရင်း ခဏကြာတော့ ဆရာကြီးက…

” ဒါဆို ခင်ဗျား သားကို ကျုပ် ကြည့်ချင်တယ်…”

“ရပါတယ် ဆရာကြီး…ကျုပ်သူ့အခန်းကို လိုက်ပို့ပေးပါ့မယ်…..”

ဦးမောင်ဝင်းက ထိုင်နေရာမှ ချက်ချင်း ထရပ်လိုက်ပြီး သားဖြစ်သူ အခန်းအား လိုက်ပြလေသည်။
သိန်းမောင်ကို အပေါ်ထပ်တွင်ထား ရှိတာဖြစ်သည်။
လင်းနောင်နှင့် ကိုကြီးမြတို့ဟာ ဆရာကြီးနောက်မှ လိုက်ပါလာခဲ့ကြသည်။
သိန်းမောင်ကို ထားသော အခန်းသို့ လင်းနောင်တို့ဝင် လိုက်ကြချိန်မှာ….

“ဟာ….”

ကနုတ်ပန်းများဖြင့် စီချယ်ထားသော အသားကုတင်ကြီးပေါ်၌ တစ်ထွာသာသာ လူခြောက်လေးအား အဝတ်အစားဆင်ပေးထား၏။
သူနှင့်မလှမ်းကမ်း စားပွဲထက်မှာတော့ အသီးအနှံများ၊ ထမင်းနှင့် ဟင်းများ၊ နို့ခွက်များ အစုံအလင်တင်ပေးထားလေသည်။
ထိုမျှမက အဝတ်အစားထည့်သော အသား ဘီဒိုကြီးများအတွင်းမှာလည်း အသက်နှစ်ဆယ်ကျော် အဝတ်အစားများကအပြည့်ဖြစ်သည်။
လူခြောက်လေး၏ ကိုယ်မှာလည်း လက်စွပ်၊ဆွဲကြိုးများကိုပါ ဆင်မြန်ပေးထား​ကြသေး၏။

“ဒါတွေက…သူ့အမေ သားဖြစ်သူကို ပြင်ဆင်ပေးထားတာပေါ့ဗျာ…အခု​တော့ သူ့အမေနဲ့ သူ့အမပပ တို့ တစ်ဖက်ရွာ အလှူကိုသွားကြတယ်…ကျုပ်နဲ့ သမီးကြီး လှလှပဲ ရှိတာပေါ့…”

“အင်း…..ကျုပ်ကို အပ်လိုက်ပြီဆိုရင် စိတ်ချပါ…ခင်ဗျားသား ကိုပြုပြင်ပေးပါ့မယ်…..”

“ဆရာကြီးရဲ့ သတင်း တွေ ကြားမိပါတယ်…အားလည်း ကိုးသလို ယုံလည်း ယုံကြည်ပါတယ်”

ဦးမောင်ဝင်း စကားကြောင့် ဆရာကြီးက ခေါင်းငြိမ့်လိုက်၏။
ပြီးနောက် လူခြောက် သိန်းမောင် ကိုတစ်ချက်စိုက်ကြည့်လိုက်သည်။

ကြည့်လို့ပြီးနောက် သူ့လွယ်အိတ်အတွင်းမှ ဆေးနီမှုန့်များကို ထုတ်လိုက်ပြီး….

“ဥုံ………ဆေးနီစောင့် သင်ဟာ ဒီစည်းကို ကျော်သူအားသင် တားဆီးပါ….ဒီစည်းအတွင်းမှ မည်သူမှ မထွက်စေနဲ့……….”

ဂါထာရွတ်လိုက်ပြီး ကုတင်အားပတ်၍ စည်းဝိုင်းလိုက်လေသည်။
စည်းဝိုင်းလို့ ပြီးသည်နှင့် ….ကုတင်ထက်က လူခြောက်သိန်းမောင်ကိုကြည့်ကာ…

“သန်းခေါင်ကြရင် ငါလာခဲ့မယ်….မင်းရဲ့ကိစ္စကိုငါစီမံပေးမယ်…အဲ့နောက် မင်းဟာ ငါ့တပည့် လင်းနောင်ရဲ့ အိမ်မက်ထဲကို ဝင်လာခဲ့ပါ…..”

ထိုမျှသာပြောပြီး ဆရာကြီးက အခန်းအတွင်း မှ ထွက်သွားတော့သည်။
သူတို့လည်း ဆရာကြီးနောက်မှလိုက်ပါလာခဲ့ကြ၏။
အောက်ထပ့်ဧည့်ခန်းသို့ ရောက်လေတော့…

“ကဲ…ကိုမောင်ဝင်း ကျုပ်တို့ ဒီည စလုပ်မယ်…အဲ့တာ ခင်ဗျားတို့သားအဖကို ကြိုပြောထားတာပါ….”

“ဘာတွေလိုအပ်သေးလဲဆရာကြီး….”

ဦးမောင်ဝင်းက မေးလေတော့…

“မလိုအပ်ပါဘူး…ခင်ဗျားတို့က ဒီအောက်ထပ်မှာပဲ စောင့်ပေးပါ…ကျုပ်နဲ့ ကျုပ်တပည့် လင်းနောင်ပဲ စီစဥ်ပ့ါမယ်……”

“ဟုတ်ကဲ့ဆရာကြီး…ဒါဆို အခု ထမင်းစားကြရအောင်ဗျာ…ဆရာကြီးတို့လည်း ဆာလောက်ရောပေါ့……”

ဦးမောင်ဝင်းက သူတို့အား ထမင်းစားခန်းသို့ခေါ်ကာ ကျွေးမွေး ဧည့်ခံတော့သည်။

✡✡✡✡✡✡✡✡✡✡✡✡✡✡✡✡✡✡✡✡✡

ညသန်းခေါင်သို့ ရောက်လေပြီ။
အောက်ထပ်တွင် ဦး​မောင်ဝင်း၊လှလှ နှင့် ကိုကြီးမြတို့ ကျန်ရစ်ခဲ့ကြ၏။
လူခြောက်သိန်းမောင်ရဲ့အခန်းမှာတော့ဖြင့် ကုတင် အောက်တွင် ဖယောင်းတ်ိုင်အရှည်နှစ်တိုင်အား ကုတင်ထိပ်နှင့် ကုတင်အောက်ဖျားတွင် ထွန်းစိုက်ထားလေသည်။
ပြီးနောက် ဆရာကြီးက လင်းနောင်အား လူ​ခြောက် သိန်းမောင်ရဲ့ဘေးတွင် လှဲအိပ့် စေ၏။

လူခြောက်သာ ဆိုသည် သိန်းမောင်ရဲ့ အသားအရည်ဟာ အနည်းငယ် စိုနေသည်ဆိုတာ လင်းနောင်သတိထားမိခဲ့သည်။

“ကဲ…ငါ့တပည့် အခုက ငါ့တပည့် အိမ်မက်ထဲကို သိန်းမောင်ရောက်လာလိမ့်မယ်…သူမင်းကို ဘာမှအန္တရာယ်မပေးနိုင်ဘူးဆိုတာတော့သိထား….။​အခုတော့ ဒီ ချည်ကွင်းလေးဝတ်ထား….ဆရာလည်း စိတ်လွှတ်ပြီး ငါ့တပည့်တို့ပြောတာတွေနားထောင်မယ်….တစ်ခုက ဆရာပြောတာကို ငါ့တပည့်သူ့ကိုပြန်ပြောပေးရမယ်….”

“ဆရာကြီးပြောတာ ကျနော်ကြားရမှာလားဆရာကြီး…”

“ကြားရလိမ့်မယ်…စိတ်ချ…..”

ချည်ကွင်းလေးလက်မှာ ဝတ်လိုက်ပြီးနောက် လင်းနောင် စိတ်ကို လျော့ကာ အိပ့်ပျော်စေဖို့ကြိုးစားလိုက်၏။

ဆရာခန့်မော်ကလည်း စည်းဝိုင်းအပြင်တွင် ထိုင်လိုက်၏။ အဲ့သည်နောက် စိတ်ကိုလျော့ကာ မျက်လုံးစုံမိတ်လိုက်ပြီး နူတ်မှ တဖွဖွ ရွတ်ဖတ်နေလေသည်။

အချိန်အတော်ကြာမှာတော့လင်းနောင် နိုးထလာခဲ့၏။

သူနိုးလာချိန်၌ ဘေးဘီကိုထကာ ကြည့်လိုက်ချိန်မှာ သူနှင့်မလှမ်းမကမ်း​နေရာတွင် သူနှင်ရွယ်တူ လူတစ်ယောက် ရပ်နေလေသည်။
ထိုလူဟာ နေရာမရွေ့ဘဲ ထိုနေရာတွင်သာရပ်နေခဲ့၏။
လင်းနောင်က ထိုလူ့အား စိုက်ကြည့်နေချိန်မှာ…

“ကျုပ်က သိန်းမောင်ပါ…ကျုပ်ကိုဘာလို့ အခု့လို လုပ်ထားရတာလဲ….”

ရပ်နေသူက သိန်းမောင်ပင်ဖြစ်သည်။
သိန်းမောင် စည်းတားခံထားရ၍ ဘယ်ဆီမှ သွားမရဖြစ်နေလေသည်။
ဒါကြောင့် လင်းနောင်ကို မေးလိုက်လေတော့…

“သူ့မိဘတွေ စိတ်မချမ်းသာဖြစ်နေရတာကိုပြောပြလိုက်”

“ဟင်….”

ဆရာခန့်မော်ရဲ့အသံကို လင်းနောင် ပီပီသသ ကြားလိုက်ရ၏။
သို့သော် လူကိုရှာကြည့်တော့ မတွေ့ရ။
သိန်းမောင်သည််လည်းကြားပုံမပေါ်ပေ။

“ခင်ဗျား မိဘတွေ….ခင်ဗျား ယူပေးနေတဲ့ပစ္စည်းတွေကြောင့် သူတို့ အခက်တွေ့နေကြတယ်…”

“သူတို့ ဆင်းရဲတုန်းကလည်း ငါဒီလိုယူပေးနေတာပဲလေ…”

“အခုက မတူတော့ဘူးလေ…သူတို့မှာလည်း စီးပွားရေးအဆင်ပြေနေပြီ…ခင်ဗျား သူများ ပစ္စည်းတွေ ထပ်မယူပေးပါနဲ့တော့……”

“ငါမနေနိုင်ဘူး….ငါ သူများပစ္စည်းမယူပေးရရင် မနေနိုင်ဘူး…….”

သိန်းမောင်က ဒေါသတကြီးအော်ဟစ်လိုက်သည်။

“သူမပြင်နိုင်ရင် သူ့ကို စည်းထဲမှာပဲ ဝိညာဥ်သေတဲ့အထိ ထားမယ့်အကြောင်းပြောပြလိုက်လင်းနောင်….”

ဆရာခန့်မော်ရဲ့အသံဟာ ထပ်မံ ထွက်ပေါ်လာခဲ့သည်။

“ခင်ဗျား ထပ်လုပ်နေဦးမယ် ဆိုရင် ခင်ဗျား ကို ဒီစည်းထဲမှာပဲ တစ်သက်လုံးပိတ်ထားရလိမ့််မယ်…အဲ့လိုမျိုး ခင်ဗျား နေနိုင်မှာလား…..”

“ဟင်….မလုပ်နဲ့….မလုပ်နဲ့ စည်းထဲတော့ ငါမနေနိုင်ဘူး….တောင်းပန်ပါတယ် ငါ့ကို လွှတ်ပေးပါ….ငါတောင်းပန်ပါတယ်….”

သိန်းမောင်က သူ့အား သနားစဖွယ် တောင်းပန်နေ၍ လင်းနောင်သနားမိ၏။

“စည်းထဲကထွက်ချင်ရင် ခိုင်းသလိုလုပ်ပေးနိုင်မလား…ဒါဆို သူလည်း စည်းထဲက ထွက်ရမယ်….သူ့မိဘများလည်း စိတ်ချမ်းသာရမယ့် နည်းလမ်းရှိတယ်ဆိုတာ သူ့ကိုပြောပြလိုက် ”

လင်းနောင် ဆရာဖြစ်သူပြောခိုင်းသကဲ့သို့ သိန်းမောင်အား ပြောပြလိုက်လေသည်။

“လုပ်မယ်…..ပြော….ပြော….ဘာနည်းလမ်းလဲ…..”

သိန်းမောင်က အားရဝမ်းသာပြောလိုက်လေသည်။

“မင်းလက်ဝါးထဲမှာ ချည်မန်းကွင်းရှိတယ် လင်းနောင်… သူ့ကိုဝတ်ခိုင်းလိုက်….နောက်ပြီး စိတ်ကို နိုင်အောင် နေ့တိုင်း တရားထိုင်ပေးပါလို့ပြော…ဒါဆို ချည်မန်းကွင်းမလို​ဘဲ စောရ စိတ်တွေပျောက်ကွယ်သွားမယ်ဆိုတာသူသိလာလိမ့်မယ်..”

ဆရာခန့်​မော်ရဲ့စကားအတိုင်းလင်းနောင် သိန်းမောင်အား ပြောပြလိုက်လေသည်။
သိန်းမောင်ကလည်း လက်ခံလေ၍ သူ့လက်ထဲရောက်နေသော ချည်မန်းကွင်းအားဝတ်ဆင်ပေးလိုက်၏။

သိန်းမောင်ကို ချည်မန်းကွင်းဝတ်ပြီးသည်နှင့်….

“ကဲ….ထလို့ရပြီ ငါ့တပည့်…..ထတော့…. ထတော့….”

သူ့ပုခုံးအား ကိုင်ကာ လှုပ်နိုးခံလိုက်ရ၍ လင်းနောင် နိုးလာခဲ့၏။
နိုးလာလာခြင်းကြည့်လိုက်တော့ လူခြောက်သိန်းမောင်က အစောက အတိုင်းပင်မလှုပ်မယှက် ရှိနေခဲ့သည်ကိုတွေ့လိုက်ရ၏။

“ကဲ…စည်းလည်းဖျက်ပေး ပြီးပြီ…သူလည်း ပြောတဲ့အတိုင်းလုပ်မယ်ဆိုတာ ဆရာသိတယ်….လာ အောက်ထပ်ဆင်းကြစို့…….”

ဆရာကြီးက ကိစ္စပြီးသွား၍ အောက်ထပ်သို့ ဆင်းလာခဲဲ့ကြ၏။

အောက်ထပ်တွင်စောင့်နေသော ဦးမောင်ဝင်းတို့ကို…

“ကျုပ်ကိစ္စတော့ ပြီးသွားပါပြီ။
ခင်​ဗျားသားလိုက်နာနိုင်မယ်ဆိုတာ ကျုပ်သိတယ်……”

” ကျေးဇူး တင်ပါတယ် ဆရာကြီးရာ….ကျုပ်အခုမှပဲ စိတ်အေးရတယ်ဗျာ……”

“ကဲ..မိုးတောင်လင်းချေတော့မယ်…ကျုပ်တို့လည်း ပြန်တော့မယ်ဗျာ….”

“ဗျာ…နားကြပါဦးလားဆရာကြီးရယ်…တစ်ရက်နှစ်ရက်လောက် အပန်းဖြေကြပါဦး ကျုပ်ကျွေးမွေးချင်လို့ပါ”

ဦးမောင်ဝင်းက ဆရာကြီးအားပြောလိုက်လေတော့ ဆရာကြီးက…

” မနားတော့ပါဘူးဗျာ…ကျုပ်အတွက် လုပ်စရာတွေရှိသေးတယ်….
အဲ့တာကြောင့်ပြန်ခွင့်ပြုပေးပါ”

ဆရာကြီးစကားအား ဦးမောင်ဝင်း ဆက်မတိုက်တွန်းတော့ဘဲ ဆရာကြီးအား အိတ်လေး တစ်အိတ်ပေးကာ ကန်တော့လေသည်။

အဲ့သည်နောက်မှာတော့ လင်းနောင်တို့တတွေ လှည်းပြင်၍ ကျီးပြုံးရွာမှ ထွက်ခွာလာခဲ့ကြတော့၏။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)