လင်းမြွေလှမောင် (စ/ဆုံး)
—————————-
ယခုဖော်ပြပါဇတ်လမ်းသည် အမှန်တကယ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကာယကံရှင်မှာသေဆုံးသွားပြီဖြစ်ရာ သူ၏ အမည်နာမအရင်းအတိုင်းသာ မပြောင်းမလဲဘဲ ဖော်ပြထားပါသည်။
(က)
အချိန်ကတော့ ၁၉၈၀ ဝန်းကျင်အချိန်ကဖြစ်ပါသည်။ ရန်ကုန်တိုင်းတွင် တိုက်ကြီးမြို့ကိုကျော်လွန်လိုက်လျှင် မြောင်းတကာစံပြကျေးရွာသို့ ရောက်ရှိနိုင်ပေသည်။ ထိုခေတ်က မြောင်းတကာရွာမှာ သိပ်ပြီးမကြီးမား၊ မစည်ကားသေးပေ။ ထိုမြောင်းတကာရွာနှင့် မနီးမဝေးတွင် ရွာကလေးများရှိပြီး ရွာကလေးများမှာ အမည်နာမအားဖြင့် တိတိကျကျမရှိဘဲ လေးအိမ်စု၊ ငါးအိမ်စု စသဖြင့်သာခေါ်ဆိုကြသည်။ ရွာဟုဆိုသော်လည်း ဆွေမျိုးသားချင်းများက အိမ်ငါးလုံး၊ အိမ်ဆယ်လုံးခန့်ဆောက်ကာ နေထိုင်ကြခြင်းဖြစ်သည်။ ထိုအနီးအနားတွင်တော့ လယ်ကွင်းများရှိသည်။ ယခုတော့ ထိုရွာကလေးများသည် မြောင်းတကာကျေးရွာအတွင်းသို့ ဝင်သွားကြပြီဖြစ်သည်။
သူ့နာမည်က ကိုလှမောင်ဖြစ်သည်။ သူက မြောင်းတကာရွာအနီး ရွာငယ်လေးတစ်ရွာဖြစ်သော ငါးအိမ်စုရွာတွင်နေထိုင်သည်။ ငါးအိမ်စုဟု ခေါ်သော်လည်း အိမ်က အလုံးနှစ်ဆယ်လောက်ရှိသည်။ ရွာကိုစတင်တည်ထောင်နေထိုင်စဉ်က အိမ်ငါးအိမ်သာရှိသောကြောင့် ထိုသို့ခေါ်ဆိုရခြင်းဖြစ်သည်ဟု လူကြီးသူမများက ဆိုသည်။ ကိုလှမောင်မှာ အသက် ၃၂ နှစ်ရှိပြီဖြစ်ပြီး အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနှင့် ဗလခပ်တောင့်တောင့်ဖြစ်သည်။ ဗလတောင့်ရခြင်းမှာလဲ ကာယဗလကိုစိတ်ဝင်စားသည်။ မြို့တက်သည့်အခါ ကာယဗလလေ့ကျင့်သည့် စာအုပ်များကို ဝယ်ယူဖတ်ရှုပြီးနောက် လိုက်လံကျင့်သည်။ ထို့အတွက်ကြောင့် ကိုလှမောင်၏ ကိုယ်လုံးတွင် ကြွက်သားများနှင့် အလွန်ကြည့်ကောင်းလှသည်။
ကိုလှမောင်မှာ ဗလကြွားချင်တာလားမပြောတတ်၊ အမြဲတမ်းအပေါ်က စွပ်ကျယ်အကျီသာဝတ်သည်။ တစ်ခါတစ်ရံလဲ အပေါ်ပိုင်းဗလာကျင်းနေတတ်သည်။ လက်မောင်းများ၊ ရင်အုပ်များတွင် ဗလကြီးတွေက အကျစ်လိုက်အခဲလိုက်ကြီးတွေ ရှိကြသည်။ အောက်ပိုင်းကတော့ ပုဆိုးတိုတိုဝတ်ထားပြီး ခြေသလုံးကြွက်သားကြီးတွေကလဲ အလွန်တုတ်ခိုင်လှသည်။ ဗလကောင်းသလို အားလဲအလွန်ကောင်းသည်။
ကိုလှမောင်က လယ်အလုပ်ကိုတစိုက်မတ်မတ်လုပ်သည်။ မိဘများ၏ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ပြီး အိမ်ထောင်မပြုသေးပေ၊ မိဘများခြံဝိုင်း၏ တောင်ဘက်တွင် တဲအိမ်ကလေးထိုးပြီးနေထိုင်သည်။ အစားလဲသန်သလို၊ အလုပ်လဲသန်သည့်အတွက် မိဘမောင်နှများက အားထားရလေသည်။
သို့သော် ကိုလှမောင်တွင် မကောင်းသည့်အကျင့်တစ်ခုရှိသည်။ ထိုအရာကတော့ မြွေသားကြိုက်ချင်းပင်ဖြစ်သည်။ မြွေသားထဲတွင် လင်းမြွေသားအား အလွန်ကြိုက်နှစ်သက်သည်။ သူတို့နယ်တစ်ဝိုက်သည် မြွေအလွန်ပေါသည်။ လင်းမြွေများလဲပေါသဖြင့် ကိုလှမောင်က လင်းမြွေကို တမင်လိုက်ဖမ်းလေ့ရှိသည်။
“ဗျို့ကိုလှမောင်ကြီး မိုးထဲလေထဲ ဘယ်သွားမလို့တုန်းဗျ”
“လယ်ကွင်းစပ်ကရိုးနားကို သွားမလို့ဗျ၊ အဲဒီမှာ ဖားဥတွေ ဖားလက်တက်လေးတွေ တွေ့ထားတယ်”
“ဒါဆို ထုံးစံအတိုင်း လင်းမြွေဖမ်းဖို့ပေါ့”
“ဒါပေါ့ဗျာ၊ ဒီကောင်တွေက ဖားသိပ်ကြိုက်တာမဟုတ်လား၊ ဒီညစောင့်ဖမ်းရင် နောက်နေ့စားဖို့ လေးငါးဆယ်ကောင်တော့ ရမယ်ထင်တယ်ဗျ”
ရွာသားတစ်ယောက်နှင့် စကားပြောရင်း လယ်ကန်သင်းရိုးများအတိုင်း ဆက်လျှောက်လာခဲ့သည်။ ညနေ လုပ်ငန်းပြီးချိန်မှ အိမ်တွင် ထမင်းစားပြီး ပြန်ထွက်ခဲ့သည်မို့ နေကစောင်းနေပြီဖြစ်သည်။ မိုးဦးကျမို့ မိုးကကောင်းလှသည်။ ကိုလှမောင်လဲ မိုးရေထဲ ခမောက်ကြီးဆောင်းထားပြီးနောက် ဝါးနှင့်ပြုလုပ်ထားသည့် ပခြုပ်တစ်ခုကိုလဲ လွယ်ထားသည်။ လက်နှိပ်ဓါတ်မီးကိုလဲ အသင့်ကိုင်ရင်း သစ်ပင်တစ်ပင်အောက်တွင် စောင့်နေတော့သည်။ မိုးချုပ်ပြီးလို့ ည ၈နာရီခန့်ရှိပြီဖြစ်သည်။ ပတ်ဝန်းကျင်တွင် ပိုးကောင်အော်သံများ ဖားအော်သံများနှင့် ဆူညံနေသည်။ ထိုအချိန် လယ်ကွင်းထဲမှ မြွေကြီးများတက်လာကြသည်။ ဖားပေါက်ကလေးများအား လာရောက်ဖမ်းယူစားသောက်ကြခြင်းဖြစ်သည်။
လင်းမြွေကြီးများမှာ နွေတစ်နွေလုံး မြေအောက်တွင်အောင်းနေသဖြင့် ဆူဖြိုးနေသည်။ ကိုလှမောင်လဲ ထိုမြွေကြီးများ အစာစားနေသည်ကို စောင့်ကြည့်နေသည်။ ဖားတွေကိုမြိုပြီးတော့မှ မြွေကိုလိုက်ဖမ်းသည်။ ထိုအချိန်မြွေများမှာ သိပ်မပြေးနိုင်တော့ပေ၊ လင်းမြွေကြီး၏ ဂုတ်ကို ဆတ်ခနဲ ကောက်ကိုင်ပြီး ပခြုပ်အတွင်းသို့ထည့်သည်။
နောက်မြွေတစ်ကောင်ကိုတော့ ဂုတ်ကိုလှမ်းကိုင်လိုက်စဉ် မြွေက မြွေလိမ်မြွေကောက်သွားသဖြင့် လက်ကလွဲသွားသည်။ ထိုအချိန်တွင် လင်းမြွေကြီးက ကိုလှမောင်၏ လက်ဖျံအားကိုက်ထည့်လိုက်သည်။ ကိုလှမောင်ကလဲ နောက်လက်တစ်ဖက်ဖြင့် လင်းမြွေကို ဖမ်းယူလိုက်သည်။ လင်းမြွေ၏ အစွယ်တွေက ကိုလှမောင်၏ လက်ဖျံကြွက်သားကြီးများအတွင်း စိုက်ဝက်နေသည်။
“အောင်မာ မင်းကငါ့ကိုကိုက်တယ်ပေါ့၊ အေး အိမ်ရောက်ရင်တော့ မင်းကိုငါအရင်စားမယ်”
ထိုသို့ပြောပြီးနောက် မြွေကြီးကို ပခြုပ်အတွင်းထိုးထည့်လိုက်သည်။ လင်းမြွေက အဆိပ်မရှိသည်မို့ ကိုလှမောင်လက်တွင် ကိုက်ရှရာသာဖြစ်ပြီး ကြီးကြီးမားမား ဒဏ်ရာမရပေ။ သန်းခေါင်မတိုင်မီတွင်ပင် ပခြုပ်ကြီးက လေးလံနေပြီဖြစ်ရာ ကိုလှမောင်လဲ အိမ်သို့ပြန်ခဲ့သည်။
(ခ)
သူနေထိုင်သည့် တဲကလေး၏ ခြေရင်းတွင် ဝါးပခြုပ်အကျဲကြီးများရှိသည်။ ကိုလှမောင်က ပြန်လာပြီးနောက် လင်းမြွေများကိုထုတ်လိုက်သည်။ ထို့နောက် လင်းမြွေ၏ ခါးကိုကိုင်ကာ လက်ချောင်းနှစ်ချောင်းကြားတွင် ညှပ်လိုက်ပြီး အားနှင့်ညှစ်ထည့်လိုက်သည်။
“ဂျွတ် . . ဂျွတ်”
မြွေ၏ ခါးရိုးကျိုးသံများပေါ်ပေါက်လာသည်ကို ကိုလှမောင်က ရယ်မောရင်းနားထောင်နေသည်။ ထို့နောက် ထိုလင်းမြွေများကို ပခြုပ်ကျဲကြီးများအတွင်းသို့ ထည့်လိုက်တော့သည်။ ထို့နောက် နောက်ထပ်လင်းမြွေတစ်ကောင်ကို ထုတ်ယူလိုက်သည်။
“မင်းက ခုနက ငါ့ကိုကိုက်ထားတဲ့ကောင်၊ လာခဲ့”
လင်းမြွေ၏ ခါးကိုချိုးလိုက်ပြီးနောက် ပခြုပ်အတွင်းပြန်ထည့်ထားလိုက်သည်။ မီးမွှေးပြီးတော့ သံဒယ်အိုးတစ်လံးကို ထင်းမီးဖိုပေါ်တင်လိုက်သည်။ ထိုအထဲသို့ ရေကိုသင့်ရုံထည့်ပြီးနောက် ကြက်သွန်ဖြူ ငရုတ်သီး၊ ဆီ၊ ဆားခတ်လိုက်သည်။ ထို့နောက် ခါးချိုးထားသည့် လင်းမြွေကြီးကိုယူပြီးနောက် ခေါင်းနှင့်အမြီးဖျားမှကိုင်ကာ ဆောင့်ဆွဲလိုက်တော့သည်။
“ဗြစ် . .ဗြစ် . .ဗြုတ်”
မြွေ၏ ကျောရိုးဆစ်များတဗြုတ်ဗြုတ် ပြုတ်နေသည့်အသံများကို ကြားရသည်။ ထို့နောက် မြွေကြီးမှာပျော့သွားသည်။ ဓါးထက်ထက်နှင့် မြွေ၏ မေးအောက်ကိုခွဲလိုက်ပြီးနောက် ဗိုက်ကိုဆက်ခွဲလိုက်ကာ မြွေအတွင်းကလီစာများကိုဆွဲထုတ်လိုက်သည်။
ရေနွေးကလဲ ပွက်ပွက်ဆူနေပြီမို့ ထိုမြွေကြီးအား ရေနွေးထဲ ပစ်ထည့်လိုက်သည်။ မြွေကြီးမှာ ရုတ်တရက်တော့ မသေသေးပေ၊ ထိုရေနွေးပူထဲတွင် လူးလွန့်နေသေးသည်။ ခဏနေမြွေကျက်တော့ ညနေကတည်ထားသည့် ထမင်းလေးလုံးချက်အိုးကြီးကို မယူလိုက်ပြီးနောက် မြွေကိုအကောင်လိုက်ဖဲ့ကာစားသည်။ ပျဉ်းတွဲတွဲမြွေအရေခွံကြီးကိုဝါးရင်း ဒယ်အိုးထဲက ရေတွေခပ်သောက်လိုက်နှင့် အားရပါးရစားနေသည်။ စားသောက်ပြီးတော့မှ အိမ်ပေါ်တက်ပြီးအိပ်တော့သည်။
“အောင်မယ်လေးလှမောင်ရယ်၊ မင်းအကျင့်တွေမပြင်သေးဘူးလား”
မနက်လယ်ထဲဆင်းခါနီးအမေဖြစ်သူက အော်ဟစ်ပြောဆိုနေသည်။
“အမေကလဲဗျာ၊ ကျုပ်မြွေသားစားတာ ဆန်းသလား”
“မြွေသားစားတာတော့ မဆန်းဘူးပေါ့၊ ဒါပေမယ့် မြွေကိုခါးရိုက်ချိုးတာတော့ဆန်းတာပေါ့”
“အော် အမေကလဲ မြွေကိုအခုလိုခါးရိုက်ချိုးထားတော့ မြွေကပြေးလဲမပြေးနိုင်၊ သေလဲမသေနိုင်ဘူးပေါ့၊ ဒီတော့မှ ကျုပ်စားချင်တဲ့အခါကျရင် အသာကလေးဖမ်းပြီးစားယုံပဲ၊ လတ်လဲလတ်တာပေါ့”
“အေးပါဟယ်၊ နင်ဒီလိုကြပ်ကြပ်လုပ် နင်တစ်နေ့ ဝဋ်လိုက်လိမ့်မယ်သိလား”
အမေ့အပြောကိုနားမထောင်တော့ဘဲ လယ်ထဲသို့ထွက်ခဲ့သည်။ လှမောင်က အရက်တော့မသောက်တတ်။ သူ့ထံတွင် လင်းမြွေများကို ခါးရိုက်ချိုးပြီးမွေးမြူထားကာ စားခါနီးမှချက်စားတတ်သည့်အကျင့်ဆိုးတစ်ခုရှိသည်ကလွဲပြီး လူကောင်းသူကောင်းဖြစ်သည်။ ထိုသို့ပြုလုပ်တတ်သည့်အတွက် သူ့အားလဲ လင်းမြွေလှမောင်ဟုရွာတွင်သာမက မြောင်းတကာရွာအထိပါနာမည်ကြီးနေတော့သည်။
အချိန်တွေက တဖြည်းဖြည်းကုန်လာခဲ့သည်။ မိုးဥတုပြီးလို့ ဆောင်းတောင်ကုန်ပြီး နွေဦးပင်ရောက်ခဲ့ပြီဖြစ်သည်။ ထိုအချိန်တွင် လင်းမြွေများ သိပ်မရှိတော့သဖြင့် လှမောင်တစ်ယောက် မြွေသားမစားရတာကြာပြီဖြစ်သည်။ နွေမို့ အလုပ်လဲပါးသည်။ တစ်ရက် ကိုလှမောင်တစ်ယောက် အိမ်တွင်ထိုင်နေစဉ်အဖေဖြစ်သူကလှမ်းခေါ်သဖြင့် ထလာခဲ့သည်။
“သားရေ၊ ငါတို့ခြံရှေ့က ကုကြိုပင် ကြီးက အကိုင်းတွေတအားများနေပြီကွာ၊ မင်းတက်ချိုင်လိုက်ကွာ၊ မိုးဦးကျလေဦးကျဆို သစ်ကိုင်းတွေက ကျိုးကျတော့မှာ၊ နောက်ပြီးတို့လဲ ထင်းသုံးရတာပေါ့ကွာ”
ကိုလှမောင်လဲ အကျီချွတ်လိုက်ပြီး ပုဆိုးကိုပြင်ဝတ်လိုက်ကာ ခါးနောက်တွင် ထင်းခုတ်ဓါးမကြီးကို ဆွဲလျှက် သစ်ပင်ကြီးပေါ်သို့တက်ခဲ့သည်။ သစ်ပင်ထိပ်ဖျားကိုချန်ထားပြီး ဘေးနားက ဖြာထွက်နေသည့် သစ်ကိုင်းများကိုခုတ်နေမိသည်။ ထိုအချိန်တွင် သူနှင့်ခပ်လှမ်းလှမ်း သစ်ကိုင်းပေါ်တွင် လင်းမြွေတစ်ကောင်ကိုမြင်လိုက်သည်။
“ဟာ လင်းမြွေကြီးပါလား နိပ်ဟ”
မြွေက သစ်ကိုင်းကိုရစ်ပတ်တက်နေသည်။ ကိုလှမောင်ကလဲ သစ်ကိုင်းအဖျားသို့ တဖြေးဖြေးတိုးပြီးတက်သွားသည်။ အောက်ကကြည့်နေသည့် အဖေဖြစ်သူက
“ဟေ့သား၊ သစ်ကိုင်းအဖျားနားမသွားနဲ့လေ၊ အရင်းကနေခုတ်ဟ”
ကိုလှမောင်လဲစဉ်းစားလိုက်သည်။ သစ်ကိုင်းအရင်းကနေခုတ်ချပြီး အောက်သို့သစ်ကိုင်းရော မြွေရောကျသွားပါက အကယ်လို့များ မြွေက ထွက်ပြေးသွားသည်ရှိသော် သူဖမ်းမိနိုင်မည်မဟုတ်ပေ၊ ထို့ကြောင့် မြွေကိုအရင်ဖမ်းဖို့အတွက် သစ်ကိုင်းအဖျားနားသို့ ကပ်သွားလိုက်သည်။
“ဂျွတ် . .ဝုန်း”
ကျယ်လောင်သည့် သစ်ကိုင်းကျိုးသံကြီးနှင့်အတူ ကိုလှမောင်တစ်ယောက် သစ်ပင်ပေါ်မှပြုတ်ကျတော့သည်။ ပက်လက်ပြုတ်ကျပြီးနောက် အောက်တွင်ခုတ်ချထားသည့် သစ်ကိုင်းကြီးတစ်ကိုင်းပေါ်သို့ ခါးနှင့်ကျသည့်အတွက် ခါးကိုလှန်ချိုးလိုက်သလိုဖြစ်သွားသည်။ ရွာသားများလဲ ကိုလှမောင်ကိုစောင်နှင့်ထုပ်ကာ ထမ်းစင်လုပ်ပြီးနောက် နီးစပ်ရာဆေးရုံသို့ ပို့ရသည်။ မြောင်းတကာမှသည်တိုက်ကြီး၊ တိုက်ကြီးမှသည် အင်းစိန်ဆေးရုံကြီးဆီသို့ ရောက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင်လဲကိုလှမောင်က နာကျင်လွန်းသဖြင့် အော်ဟစ်ငိုကြွေးကာ လိုက်ပါလာခဲ့သည်။
“အမေရေ ကယ်ပါအုံးဗျ၊ နာလိုက်တာ ကျွတ် . . ကျွတ်”
(၃)
“လူနာရဲ့ ခါးဆစ်ရိုးတွေ ကြွေမွသွားတယ်၊ ကျောရိုးအဆစ်တွေလဲ ပြုတ်သွားတယ်၊ တင်ပဆုံရိုးလဲ ကျေသွားတယ်”
ဆရာဝန်၏ ပြောစကားများကိုကြားတော့ ကိုလှမောင်အမေက အော်ဟစ်ပြီးငိုယိုတော့သည်။
“အောင်မယ်လေး လှမောင်ရဲ့၊ အဲဒါ နင့်ဝဋ်တွေနင်ပြန်လည်တာဟဲ့”
ဆေးရုံတွင် တစ်ပတ်ခန့်တက်ပြီးသည့်နောက် အိမ်သို့ပြန်လာကြသည်။ သူနေထိုင်သည့် တဲကလေးထဲတွင်ပင် ပက်လက်ကြီးသာနေထိုင်ရသည်။ ခြေထောက်တွေက လှုပ်ရှားမရတော့ဘဲ အောက်ပိုင်းသေသွားခဲ့သည်။
ပိုဆိုးသည်က ညနေ လေးနာရီခန့်ဆိုလျှင် ကိုလှမောင်၏ နာကျင်လွန်းသဖြင့် အော်ဟစ်သည့်အသံများက ငါးအိမ်စုရွာကလေးကို ဖုံးလွှမ်းသွားသည်အထိ ကျယ်လောင်သည်။ တစ်ခါတစ်ရံ တစ်ညလုံး အော်ဟစ်နေတတ်သည်။
“အောင်မယ်လေး နာလိုက်တာ . . နာလိုက်တာ . . . ကယ်ကြပါ”
ထိုသို့နေရင်း သုံးလခန့်ကြာသွားတော့ ကိုလှမောင်မှာ အရိုးပေါ်အရေတင်ရုပ်ဖြစ်နေပြီ။ ယခင်က သန်သန်မာမာထွားထွားကြိုင်းကြိုင်းရှိခဲသည့်ကိုလှမောင်နှင့်လုံးဝမတူတော့ဘဲ မျက်လုံးများပြူးထွက်နေပြီးနောက် ပိန်ကပ်နေသည့် ကိုလှမောင်ဖြစ်သွားခဲ့သည်။
တစ်ညတော့ ကိုလှမောင်တစ်ယောက် အလွန်ကျယ်လောင်စွာ အော်ဟစ်နေသဖြင့် အမေနှင့် အဖေဖြစ်သူက ပြေးလာကြသည်။ ကိုလှမောင်က တဲကြမ်းပြင်ကိုကြည့်ရင်း မျက်လုံးကြီးများပြူးလျှက်
“အမေရေ၊ မြွေတွေ . . . မြွေကြီးတွေတက်လာတယ် ကယ်ကြပါအုံးဗျ”
ထိုသို့အော်ရင်း လူးလွန့်နေလေသည်။ လှမောင်စိတ်ဖောက်သွားပြီဖြစ်သည်။ သူ့အဖေက လှမောင်ကိုထိန်းထားရသလို အမေဖြစ်သူကလဲ လှမောင်ကိုပွေ့ဖက်ထားသည်။
“မြွေကြီး . . မြွေကြီးတွေ သွား . . မလာနဲ့ . . သွား”
ထိုသို့ဆက်တိုက်အော်နေရင်း နာရီဝက်ခန့်ကြာတော့ ကိုလှမောင်တစ်ယောက်ငြိမ်သက်သွားသည်။ သူ့အမေက ပင်ပန်းသွားပြီးအိပ်ပျော်သွားသည်ဟု ထင်လိုက်သော်လည် ကိုလှမောင်တစ်ယောက်ကတော့ မနိုးသောအိပ်စက်ခြင်းနှင့် အိပ်ပျော်သွားပြီဖြစ်သည်။ ကိုလှမောင်တစ်ယောက်ကတော့ မိမိလုပ်ထားခဲ့သည့် အကုသိုလ်ဝဋ်ကြွေးများ၏ ခေါ်ဆောင်ရာသို့ လိုက်ပါသွားခဲ့ရပေပြီ။
နှစ်ပေါင်းသုံးဆယ်ခန့်ကြာသွားပြီဖြစ်သည်။ သို့သော်လည်း မြောင်းတကာစံပြကျေးရွာတွင် လင်းမြွေလှမောင်ဟုပြောလိုက်လျှင် ရှေ့မီနောက်မီလူကြီးများ တော်တော်များများသိကြပါသည်။ လင်းမြွေလှမောင်၏ အကြောင်းကို ဂျာနယ်များ၊ သတင်းများထဲတွင်လဲ ခဏခဏဖော်ပြပြီးဖြစ်ပါသည်။ သို့သော်လည်း ယနေ့ထက်တိုင် လူအများပြောဖွယ်၊ သံဝေဂယူဖွယ် အဖြစ်အပျက်တစ်ခုအဖြစ် ပြောစမှတ်တွင်နေပါတော့သည်။
(ဇာတ်လမ်းအားပြောပြပေးပါသော ဆရာတော် ဦးကုသလ အားကျေးဇူးတင် ဦးခိုက်ပါသည်ဘုရား)
စာရေးသူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်။
အဂ္ဂဇော်
#အဂ္ဂဇော်
#ဖြစ်ရပ်မှန်