လပ်ကီး(စ/ဆုံး)
———-
ကျုပ်ရဲ့နာမည်က လပ်ကီး။ကံကောင်းခြင်းဆိုတဲ့အဓိပ္ပာယ်နဲ့ကျုပ်ရဲ့သခင်မကြီးကပေးအပ်ထားတဲ့နာမည်လေးပေါ့။နာမည်လေးအတိုင်းကျုပ်တကယ်ပဲကံကောင်းခဲ့ရပါတယ်။သခင်မကြီးတို့မိသားစုနဲ့ဘဝတစ်ကွေ့မှာတွေ့ဆုံနေထိုင်ခဲ့ရတာဟာကျုပ်အတွက်တော့အင်မတန်ကိုကံကောင်းလွန်းခဲ့ပါရောလေ။ကျုပ်အပေါ်မှာသနားဂရုဏာအပြည့်၊ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ကျုပ်ဘ၀တစ်လျှောက်လုံးကိုကယ်တင်ဖေးမပေးခဲ့တဲ့သခင်မကြီးကိုကျုပ်အချစ်ဆုံးပါပဲ။
“လပ်ကီးရေ”ဆိုတဲ့ သခင်မကြီးရဲ့ခေါ်သံလေးကြားရရင်ကိုကျုပ်မှာအလိုလိုပျော်နေမိတာရယ်။တခြားကျုပ်တို့နဲ့အမျိုးတူတွေမနာလိုဖြစ်ရတဲ့အထိကျုပ်အပေါ်မှာချစ်ရှာလွန်းတဲ့ကျုပ်ရဲ့သခင်မကြီးပေါ့ဗျာ။ကျုပ်ရဲ့ဘဝအစကဒီလိုဗျ။
ကျုပ်မွေးပြီးမကြာပါဘူးကျုပ်ရဲ့အမေကရွာကဘုန်းကြီးကျောင်းနားကအပင်လေးရဲ့အောက်မှာကျုပ်ရဲ့ညီအကိုမောင်နှမတွေနဲ့အတူကျုပ်ကိုချန်ထားရစ်ခဲ့တယ်လေ။အမေ့ရဲ့မလှုပ်မယှက်တော့တဲ့ခန္ဓာကိုယ်ကြီးကိုပီနံအိတ်ကြီးနဲ့ထည့်ယူပြီးကားပေါ်တင်ချသွားတာကိုကျုပ်တို့တတွေနောက်ဆုံးမြင်တွေ့လိုက်ရတာပေါ့ဗျာ။အမေမရှိတော့တဲ့ကျုပ်တို့ရဲ့ဘဝတွေကို ဟိုကဒီကခေါ်ယူပြီးကျုပ်တို့ကိုသယ်ဆောင်သွားလိုက်ကြတာကျန်ခဲ့တဲ့သူတွေလည်းတကွဲတပြားစီနဲ့ဘယ်ဆီရောက်လို့ဘယ်ဆီပေါက်နေမှန်းမသိနိုင်တော့ပါဘူး။ကျုပ်နေတဲ့ရွာကဦးသန်းစိုးဆိုတဲ့ ဦးလေးကြီးရဲ့ ကောင်းမှုကြောင့် ကျုပ်ခမျာ ကျုပ်ရဲ့သခင်မကြီးအိမ်ဆီရောက်ခဲ့ရတာပေါ့။
သခင်မကြီးရဲ့ခြံကြီးထဲမှာစတင်ရောက်ခဲ့ရတဲ့နေ့ကစပြီးကျုပ်အတွက်ကံကောင်းမှုတွေနဲ့အတူလပ်ကီးဆိုတဲ့နာမည်လေး ပိုင်ဆိုင်ခဲ့ရတော့တာပါပဲ။
*********
ကျုပ်ရဲ့သခင်မကြီးမိသားစုကမချမ်းသာပေမဲ့အသင့်အတင့်နေနိုင်စားနိုင်တဲ့ အခြေအနေမျိုးလေး။သခင်မကြီးရယ် သခင်မကြီးရဲ့ယောကျာ်းဦးကြီးမောင်ရယ် သားသမီးသုံးယောက်ရယ်နဲ့မိသားစုကလည်းများများစားစားမရှိလေလှဘူး။ကျုပ်အတွက်တော့ကျုပ်သခင်မကြီးရဲ့အိမ်လေးကအလုံခြုံဆုံးဘေးအကင်းဆုံးနေရာလေးပေါ့။
မနက်လေးနာရီလောက်ဆိုသခင်မကြီးတို့ရဲ့မိသားစုလက်ဘက်ရည်ဆိုင်လေးစဖွင့်ပါပြီ။
ကျုပ်သခင်မကြီးခမျာ မနက်မနက်ဆိုအစောကြီးထ မီးတွေမွှေး ရေနွေအိုးတွေတည်မနက်ဆိုင်အဆင်သင့်ဖြစ်နေစေဖို့အတွက်အမြဲတမ်းပြင်ဆင်ထားတတ်သူရယ်လေ။အပင်ပမ်းလည်းခံနိုင်ပါရဲ့။မိသားစုအတွက်ရှေ့တန်းကနေအမြဲရှိနေတတ်သူသခင်မကြီးပါပင်။မိန်းမသားဆိုပြီးဘယ်သောအခါမျှအားငယ်နေလိမ့်တဲ့သူမျိုးမဟုတ်။ကျုပ်နေတဲ့ရပ်ရွာဝန်းကျင်ကလည်းကျုပ်ရဲ့သခင်မကြီးကိုချစ်ကြလေးစားကြနဲ့။လေးစားဆို ကျုပ်ရဲ့သခင်မကြီးကအားလုံးရိုသေချစ်ကြောက်ရတဲ့ကျောင်းဆရာမဟောင်းကြီးတစ်ယောက်ပေါ့။ဘယ်တော့မှမဟုတ်မမှန်တာမလုပ် မပြောတတ်တဲ့သူမျိုး။မတရားတာလုပ်ရင်လည်းငြိမ်မခံတတ်တဲ့စိတ်မျိုးနဲ့။
သူ့ရဲ့စကားသံတစ်ချက်က တစ်ချက်ဆိုဆိုသလောက်ထိရောက်ပြင်းထန်ပါပေရဲ့။သူ့ရဲ့ရပ်ရွာအပေါ်မှာလည်းမှန်မှန်ကန်ကန်နဲ့ကိုယ်ကျင့်သိက္ခာကိုအမြဲတန်ဖိုးထားရှေ့ဆောင်လမ်းပြနေထိုင်နေတဲ့ သခင်မကြီးပေါ့။
ဆိုးနေတာကသခင်မကြီးရဲ့ယောကျာ်းဦးကြီးမောင်။ကျုပ်ရဲ့သခင်မကြီးကတရားမျှတကြင်နာသလောက် သူကတော့ပြောမပြောချင်ပေါင်။အရက်ကလေးကလည်းညနေဘက်ဆိုတသသတမြမြနဲ့။
ဦးကြီးမောင်ဘယ်လောက်ဆိုးဆိုးကျုပ်ရဲ့သခင်မကြီးကအမြဲတစေအနွံတာခံချစ်ပေးရှာသည်ရယ်။ဦးကြီးမောင်ကြောင့်ကျုပ်သခင်မကြီးမျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရသည့်အခါပေါင်းလည်းမနည်းမနော။ကျုပ်ဖြင့်လေ သခင်မကြီးကိုမူးပြီးဆဲလားဆိုလားလုပ်လာတဲ့အချိန်ဆိုပြေးပြီးကိုကိုက်ချင်မိတော့တာပါပဲ။မနည်းကိုစိတ်တွေထိန်းရသိမ်းရတော့တယ်။ဒီရပ်ဒီရွာမှာသခင်မကြီးကိုမလေးမစားအော်ဟစ်ကြိမ်းမောင်းရဲတာဦးကြီးမောင်ပဲရှိသည်လေ။ငရဲငအုံတွေကြီးမိရင်လည်းကြီးပါစေတော့ဆိုပြီးတခါတခါစိတ်တွေကိုလွတ်ချပစ်ချင်မိပါရဲ့။
*********
နေ့လည်နေ့ခင်းဈေးရောင်းလို့ပါးလာပြီဆိုရင်အိမ်နောက်ထဲသခင်မကြီးဝင်လာပါပြီ။သခင်မကြီးရဲ့လက်ထဲမှာကျုပ်ကိုကျွေးဖို့ အမြဲချန်ချန်ထားတတ်တဲ့ထပ်တရာမုန့်လေး။ကျုပ်အတွက်ဆိုမုန့်ရောင်းရင်းအချိန်ထဲကတစ်ခုအမြဲတမ်းချန်ကျန်ထားတတ်သည်ပါပဲ။
ကျုပ်ဘဝမှာအပျော်ဆုံးအချိန်က ကျုပ်သခင်မကြီးရဲ့ “လပ်ကီးရေ”ဆိုတဲ့အော်ခေါ်သံလေးပေါ့။ကျုပ်ဆိုတဲ့ကောင်ကလည်းအသံလေးကြားရင်အမြီးလေးနှံ့ပြီးရောက်ရာနေရာကနေဒုန်းဆိုင်းပြေးလာတော့တာပါပဲ။ကျုပ်ရဲ့ပါးနှစ်ဖက်ကိုအမြဲကိုင်ပြီးထပ်တရာလေးကျွေးတတ်တဲ့သခင်မကြီး။လက်ဘက်ရည်ဆိုင်ဆိုတော့
လူတွေကစုံ၊ကျုပ်ကလည်းအလိုက်သိရပါတယ်လေ။ဘယ်တော့မှဆိုင်ရှေ့ဆီကျုပ်မသွားလေဘူး။ကျုပ်ကိုဆိုမြင်လိုက်တာနဲ့မောင်းထုတ်ချင်ကြသူတွေချည်း။ကျုပ်အင်မတိအင်မတန်ဗိုက်ဆာလွန်းရင်သာ ဆိုင်နံဘေးကနေကပ်ပြီးလူတွေမမြင်အောင်သခင်မကြီးနားအရိပ်လေးသွားပြလိုက်တော့ပါပဲ။
တစ်ခါတစ်လေကျုပ်ကိုမြင်မိလို့အကျိုးအကြောင်းလေးမေးဟယ်ပြုဟယ်ဆိုသခင်မကြီးကကျုပ်အကြောင်းကိုဝမ်းသာအားရစကားစချီတော့တာပါပဲ။
“ဒီလပ်ကီးကြီးကသိပ်လိမ္မာတာ ညဆိုတစ်ညလုံးအိပ်တယ်မရှိဘူး အိမ်တစ်ဝိုင်းလုံးကိုလှည့်ပတ်ပြီးသူ့ခမျာစောင့်နေပေးရှာတာလေ…..
ဟောနေ့ခင်းဘက်ကျ သူရှိလို့ရှိမှန်းကိုမသိရလေဘူး ရယ်”
ဟုတ်ပါတယ်။ကျုပ်ကိုခေါ်ယူကျွေးမွေးစောင့်ရှောက်ထားတဲ့ကျုပ်သခင်မကြီးရဲ့အရိပ်ကိုကျုပ်ပြန်ပြီး စောင့်ရှောက်ပေးတာမျိုးလေးပါ။ညဘက်ဆိုသခင်မကြီးတို့ရပ်ရွာမှာသူခိုးသူဝှက်တွေကလည်းအများသား။ကျုပ်ရှိတဲ့ဝိုင်းခြံဘက်ဆိုဒီကောင်တွေခြေဦးကိုမလှည့်ရဲအောင်ကျုပ်ကောင်းကောင်းပညာပြထားပေးတာပေါ့ဗျာ။
တစ်ညသားပေါ့။မိုးတွေကလည်းစွေ ညကလည်းနက် တကယ့်ကိုအိပ်ကောင်းသိပ်ကောင်းတဲ့အချိန်မျိုး။ကျုပ်လည်းမိုးနဲ့လွတ်ရာအိမ်လှေကားထစ်အောက်လေးကသဲပုံဆီမှာခနလေးဝပ်ပြီးမိုးခိုနေတုန်းပေါ့။ပုဆိုးအမဲခြုံထားလေတဲ့သူကောင့်သားနှစ်ကောင် သခင်မကြီးတို့အိမ်နောက်ကတဲလေးထဲကိုဖြေးဖြေးချင်းဝင်သွားနေတာကျုပ်တွေ့လိုက်ရတာပေါ့။ကျုပ်ဆိုတဲ့ကောင်ကလည်းဖျတ်ခနဲဆိုနားရွက်ကထောင်ပြီးသား။ကျုပ်သိတာပေါ့သူတို့အနံ့သူတို့အရိပ်သူတို့ပုံစံတွေ။တဲထဲမှာက ကြက်မသားအမိနှစ်အုပ်ရယ် ကြက်ဖနီကြီးရယ် အပျိုမဒန်းအုပ်စုရယ်မနည်းမနောရှိနေသည်မဟုတ်လား။ကျုပ်အသာလေးစွင့်ကြည့်နေတုန်းကြက်ဖနီကြီးရဲ့အွတ်ခနဲ့မြည်သံသဲ့သဲ့ကြားလိုက်ရတော့တာပါပဲ။
ဒီအခြေအနေဆိုကျုပ်သိလိုက်ပြီရယ်။
ဘယ်ပြောကောင်းမလည်းလေ။ကျုပ်လည်းမြင်းဇောင်းကနေလွတ်လိုက်တဲ့မြင်းလိုအသံကုန်ဟစ်ပြီးတစ်ဟုန်ထိုးတဲထဲကသူကောင့်သားနှစ်ယောက်ဆီပြေးပြီးခဲတော့တာပါပဲ။
ကျုပ်ကိုလည်းမြင်ရောဝရုန်းသုန်းကားနဲ့ကြက်တွေကိုလွတ်ချပြီးတဲထုတ်တန်းဆီပြေးတက်တာဗျာ။ဘေးနားကထောင်ထားတဲ့သံပုံကြီးကိုတက်နင်းမိပြီးအသံတွေဂလောင်ဂဂျောင်နဲ့ဝိုင်းခြံထဲဆူဆူကိုညံသွားတော့တာပါပဲ။ကြက်တွေအော်သံ၊ဝရုန်းသုန်းကားအော်သံဟစ်သံတွေကြောင့်ကျုပ်သခင်မကြီးအိမ်ပြတင်းကနေလက်နှိပ်ဓါတ်မီးထိုးပြီးခုန်ပြေးဆင်းလာပါပြီရယ်။လက်ထဲမှာလည်းငှက်ကြီးတောင်ဓါးကြီးကလည်းဝင့်လို့။အမယ်လေး ပြေးလိုက်ကြတာပြေးလိုက်ကြတာဆိုတာဖနောင့်နဲ့တင်ပါးတသားထဲကိုကျလို။ဒင်းတို့တွေမနက်ကျ ကျုပ်သခင်မကြီးရဲ့လက်ဘက်ရည်ဆိုင်ကိုတောင်မလာရဲတော့ဘူးလေ။ဘယ်လာရဲမလည်းကျုပ်ကိုမြင်ရင်ဒီကောင်တွေနောက်ကျောမှမလုံတာကို။
********
ကျုပ်သခင်မကြီးရဲ့သားသမီးသုံးယောက်ကလည်းကျုပ်ကိုအတော်ချစ်ရှာပါပေတယ်။သူတို့တွေနဲ့ညနေဘက်ဆိုကျုပ်မှာပြေးတမ်းလိုက်တမ်းကစားရတာမောတယ်ဆိုတာရယ်မရှိလေဘူး။အငယ်ဆုံးခလေးမလေးကဆိုစကားကမပီတပီနဲ့လပ်ကီးရေ လပ်ကီးရေနဲ့လက်လေးတို့တိူ့တို့ပြီးကျုပ်ကိုစရှာခေါ်ရှာတာ။သူ့ကိုတော့ကျုပ်ကတအားချစ်။
သူတို့လေးတွေနဲ့အတူကျုပ်လည်းကျုပ်သခင်မကြီးရဲ့အရိပ်အာဝါသအောက်မှာ ပျော်ရွှင်နေခဲ့ရတာပေါ့လေ။ကျုပ်သခင်မကြီးကကျုပ်အပေါ်ချစ်ရှာသလောက်ဦးကြီးမောင်ကတော့မူးလာပြီဆိုတခါတခါကျုပ်ကိုရေနဲ့ပက်လိုလားပက်ရဲ့၊ဆဲလားဆဲရက်နဲ့။ကျုပ်ကိုဘယ်လောက်ပဲပြောပြောဘယ်လောက်ပဲဆဲဆဲဆိုဆို ဦးကြီးမောင်ကလည်းကျုပ်ရဲ့သခင်ပါပဲ။ကျုပ်စိတ်မဆိုးစိတ်မခုရက်ပါဘူးလေ။ဦးကြီးမောင်မူးလာပြီဆိုတာနဲ့ကျုပ်အလိုက်သိစွာနဲ့သူနဲ့ဝေးရာနေရာလေးဆီခနရှောင်နေလိုက်ပါရဲ့။မဟုတ်ရင်ဦးကြီးမောင်အကြောင်းသိတယ်မလား။ကြံဖန်ပြီးရစ် အပြစ်ရှာဦး ရိုက်ဦးနှက်ဦးမည်ရယ်လေ။
************
သခင်မကြီးကိုဒီရပ်ရွာကချစ်ကြလေးစားကြသူတွေများသလောက် မနာလိုကြသူတွေလည်းရှိပါပေရဲ့။လက်ဘက်ရည်ဆိုင်ကရောင်းရလေတော့ပြိုင်ဘက်ဆိုင်တွေတော်တော်များများက သခင်မကြီးတို့မိသားစုကိုအမြဲရန်ဖြစ်ပြီးစကားများစိတ်ဆင်းရဲနေရတာကိုမြင်တွေ့ချင်နေကြသူတွေလည်းအပေါသား။သူတို့တွေ့ရဲ့ဦးတည်ရာ ဦးတည်ချက်က သခင်မကြီးကိုဖြုတ်ချဖို့ပါပဲ။အိမ်နဲ့ဆိုင်ကတွဲရက်မို့အခြားဆိုင်တွေနဲ့ယှဉ်လိုက်ရင်အမြဲတပမ်းသာနေတာပေါ့။မုန့်ကလည်းကောင်း၊လက်ဖက်ရည်ကလည်းဆရာမကြီးဖျော်တဲ့လက်ဘက်ရည်ကတခြားဆိုင်တွေထက်အသာကြီးရယ်လေ။စေတနာကလည်းပါ၊အပြောအဆိုကလည်းမေတ္တာအပြည့်ရယ်နဲ့ဆိုတော့ကျုပ်တို့သခင်မကြီးဆိုင်လူတွေစည်ကားနေတာသိပ်တော့မဆန်းလေလှဘူးရယ်။
သခင်မကြီးမျက်နှာလေးပြုံးပျော်နေရင်ကျုပ်မှာလေအားတွေရှိချက်။သူ့ခမျာထမ်းရတာမိသားစုအားလုံးရဲ့စားအိုးကြီးတစ်ခုလုံးမဟုတ်လား။
*******
မနက်ဆိုလေးနာရီထရတဲ့အရှိန်ကြောင့်သခင်မကြီးခမျာနေ့လည်နေ့ခင်းဆိုခနလေးတရေးတမောအိပ်နိုင်မှအဆင်ပြေသည်ရယ်။ညနေမိုးချုပ်ဆိုဆိုင်ထဲတစ်ခါပြန်ဝင်ရသည်မဟုတ်ပေလား။ညနေလေးနာရီလောက်ဆို မိသားစုအားလုံးရဲ့အဝတ်တွေ စားပြီးသားပန်းကန်တွေကိုကလေးတွေနဲ့အတူလုပ်ဟယ်ကိုင်ဟယ်နဲ့သူ့ခမျာမမောနိုင်မပမ်းနိုင်။ကျုပ်ကတော့သခင်မကြီးအလုပ်လုပ်နေတဲ့အုတ်ကန်နားကသဲဖုတ်လေးမှာထိုင်ပြီးရှိနေပေးတာပေါ့လေ။
မကြာပါဘူး ဉီးကြီးမောင်တစ်ယောက်ဒယိမ်းဒယိုင်နဲ့ကျုပ်တို့ရှိရာဆီအပြင်ကနေဆဲဆိုပြီးဝင်လာပါပြီလေ။လက်ထဲမှာလည်းအရက်ပုလင်းအိတ်နဲ့။မူးလာပြီဟေ့ဆိုရင်အေးအေးဆေးဆေးရယ်မနေတတ်။ဝုန်းဒိုင်းကြဲပြီး
တစ်အိမ်လုံးကိုစိတ်ဆင်းရဲအောင်ဆဲဆိုရန်ဖြစ်တတ်သည့်ဦးကြီးမောင်ပါပေ။ခုလည်းကြည့်ဦး
မရောက်သေးဘူးငါနဲ့ကိုင်တုတ်ပြီးကျုပ်ရဲ့သခင်မကြီးကိုဆဲဆိုအော်ဟစ်နေပါပြီလေ။သခင်မကြီးကတော့ဘာမျှကိုခွန်းတုံ့မပြန်။တဖြေးဖြေးဒင်းကဆိုးသည်ထက်ဆိုးလာလေသည်ရယ်။အနီးအနားကထင်းချောင်းကြီးကိုကောက်ပြီးကျုပ်သခင်မကြီးဆီရိုက်ဖို့ရာပြင်တော့တာပါပဲ။အဲလိုအချိန်ဉီးကြီးမောင်နဲ့အတူဘယ်ကနေပေါ်လာမှန်းမသိတဲ့အကောင်ရှည်ကြီးပါကျုပ်တွဲပြီးမြင်လိုက်ရတော့သည်။
ကျုပ်လည်းကြောင်ပြီးကြည့်မိနေတုန်းဝိုင်းခြံ
ဘေးကနေ တရွှီရွီနဲ့အသံကုန်အော်ဟစ်ပြီးကျုပ်သခင်မကြီးထိုင်အလုပ်လုပ်နေတဲ့နေရာဆီအမောက်ထောင်ပြေးသွားနေတဲ့မြွေဟောက်ကြီးကိုကျုပ်တွေ့လိုက်ရပြီရယ်။
“အောင်မလေး လုပ်ကြပါဦး မြွေကြီး မြွေကြီး”
တရွှီရွှီအသံကြီးကြောင့်သခင်မကြီးလှည့်အကြည့်မြွေကြီးကိုမြင်လိုက်ရတာကြောင့်ချောက်ခြားသွားရသည်ပင်။ထိုင်ရက်ကနေရုတ်တရက်ပြန်ထဖို့ခက်နေတုန်းဒင်းတို့တွေအပီကိုလုပ်နေသလိုပါပဲ။တစ်ယောက်ကလည်းထင်းချောင်းကြီးနဲ့ရိုက်ဖို့ရွယ်နေပြီ။ဟိုအကောင်ရှည်ကလည်း တစ်မျိုး။လာကြစမ်းပါလေကွယ်။ကျုပ်အကြောင်းဒင်းတို့တွေကောင်းကောင်းသိသွားစေရလေမယ်။
လပျကီးတဲ့။
ဟိုအကောင်ရှည်ကကျုပ်ရဲ့ဟိန်းသံကြောင့်
တန့်ခနဲရပ်သွားပြီးကျုပ်ရှိရာဆီအမောက်ပြင်ပြီးအခြေအနေကြည့်ပုံရသည်။သခင်မကြီးခမျာမြွေကိုနဂိုကတည်းကကြောက်သူပီပီတုန်လှုပ်နေရှာပါပြီ။ကျုပ်လည်းခြေကောလက်ကောအသင့်အနေအထားနဲ့ဘေးပတ်ပတ်လည်လှည့်ပြီး ကျုပ်တိုက်ပွဲဝင်ဖို့ စပါပြီ။ဒင်းကလည်မှလည်။အသံကလည်းကျယ်မှကျယ်။
ကျုပ်ခြေကိုကုပ်ပြီး အားအင်အပြည့်နဲ့ဒင်းလည်မျိုဆီ အရအမိခုန်ကိုက်ပါပြီရယ် ။ကျုပ်ရဲ့ဟိန်းသံ ဒင်းရဲ့ရုန်းသံ တွေနဲ့ အုတ်ကန်နားမှာပွဲကြီးပွဲကောင်းကိုဖြစ်လို့။သခင်မကြီးရဲ့အော်သံကြောင့်ဆိုင်ထဲကစားပွဲထိုးလေးတွေအပြေးလာပြီး ဒင်းကိုရိုက်တုတ်ပါပြီလေ။ဘယ်ရမလည်းကျုပ်ရဲ့ခဲချက်အောက်မှာဒင်းမှိတ်တုတ်သွားရပြီ။နည်းတဲ့အကောင်ရှည်ကြီးမဟုတ်။ကျုပ်မှာဒင်းရဲ့သွေးတွေဆိုတာပါးစပ်ကိုနီရဲလို့။ဘယ်အချိန်ထဲက ပြေးသွားမှန်းမသိဦးကြီးမောင်ဆိုတာ။သခင်မကြီးခမျာမျက်ရည်စလေးတွေနဲ့ကျုပ်ပါးလေးတွေလာကိုင်ပြီးထိုင်ငိုနေတော့သည်လေ။
ကျုပ်ကသခင်မကြီးရဲ့လပ်ကီးမဟုတ်ပေလား။
*********
ကျုပ်ဒီအိမ်မှာနေထိုင်လာခဲ့တာဟိုအငယ်ဆုံးခလေးလေးရဲ့တစ်သက်ပဲဆိုပါတော့။သူတို့လေးတွေတောင်အတန်းတွေအသီးသီးရောက်ကုန်ကြပါပြီ။နှစ်တွေကြာရှည်လာတာနဲ့အမျှကျုပ်နဲ့သခင်မကြီးရဲ့သံယောဇင်ကလည်းဘယ်သူတွေမှခွဲပြုမရနိုင်လေအောင်ခိုင်မာလွန်းပါရဲ့။ကျုပ်တောင်အသက်အရွယ်အရွယ်အပိုင်းအခြားတစ်ခုဆီရောက်ရှိလို့လာခဲ့ပါပြီ။ကျုပ်ရဲ့ဝတ္တရားကတော့ဘယ်သောအခါမျှပျက်လိမ့်မည်မဟုတ်။သခင်မကြီးတို့ရဲ့အိမ်အပေါ်မှာကျုပ်အမြဲစောင့်ရှောက်လျက်ပေါ့။
အိမ်ရဲ့စီးပွားရေးတက်လာတာနဲ့အမျှဦးကြီးမောင်ရဲ့ကျန်းမာရေးကတဖြေးဖြေးချူချာလို့လာနေသည်။ချူချာဆိုသောက်လိုက်တာမှချာချာလည်အောင်ကိုနေ့စဉ်သောက်နေခဲ့သူမဟုတ်လား။အခုထိလည်းအရက်နဲ့အသက်ကိုအံ့တုပြီးသောက်နေဆဲလေ။တခါတလေဆိုသခင်မကြီးရဲ့မျက်နှာလေးညိုးကျလို့။လောကဓံကတစ်မျိုး၊သားသမီးအရေးတွေကတစ်မျိုး၊ဦးကြီးမောင်ကတစ်မျိုးနဲ့သူ့ခမျာအတော့်ကိုကျဉ်းကြပ်နေရှာပါပြီရယ်။
**********
လောကဓံအလှည့်အပြောင်းများအင်မတန်ကိုကြောက်စရာကောင်းလွန်းလှပါပေတယ်။ကျုပ်ရဲ့သခင်မကြီးတို့မိသားစုခမျာ တစ်ယောက်ပြီးတစ်ယောက်ကျန်းမာရေးတွေချုချာလာလိုက်တာ အိမ်ရဲ့စီးပွားရေးလက်ဘက်ရည်ဆိုင်လေးကိုမလုပ်နိုင်တော့တဲ့အထိအောင်ပါပဲ။
ပြသနာတွေကလည်းမျိုးစုံတစ်နေ့တစ်မျိုးမရိုးရလေအောင်ပင်။တဖြေးဖြေးနဲ့ကျုပ်ရဲ့သခင်မကြီးခမျာစိတ်ထောင်းကိုယ်ကြေဖြစ်ရသည်အထိစိတ်တွေဆင်းရဲရချက်ကို။ညရောက်ရင်လည်းခြံထဲမှာအရိပ်အယောင်တွေကျုပ်မှာမြင်ရပြုရပြန်တော့သခင်မကြီးတို့အတွက်စိုးရိမ်စိတ်ကကြီးရပါပြီလေ။လူတွေမမြင်ရလေတဲ့အရာတွေကိုကျုပ်တို့တွေကောင်းကောင်းမြင်နိုင်တာမဟုတ်လား။ညဆိုခြံထဲမှာမကောင်းတဲ့အရိပ်တွေဥဒဟိုသွားလို့ပြေးလို့ပါလေ။
တစ်ရက်ပေါ့။ကျုပ်လည်းအိမ်ထဲမှာလှည့်ပတ်သွားနေရင်းတစ်ရက်ထက်နေရထိုင်ရတာခါတိုင်းလိုမဟုတ်ဘဲလေးလံလို့ရယ်။အိမ်ရဲ့ထောင့်စွန်းတစ်နေရာလည်းအရောက်ခြံနံဘေးကမြေနေရာလေးကိုကြည့်ပြီးစိတ်ထဲမသိုးမသန့်ကြီးဖြစ်နေမိပြီလေ။ကျုပ်နှာခေါင်းကအနံ့တစ်ခုခုကိုရနေသည့်အလား။
ကျုပ်ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး အိမ်အပေါ်ထပ်ဆီကျုပ်တက်သွားမိလေသည်ရယ်။အိမ်ကပြင်မှာသခင်မကြီးစောင်လေးခြုံပြီးမှိန်းနေပုံရသည်။ကျုပ်အသံကြားလို့ထင်ပါရဲ့။
“လပ်ကီးရေ ဆင်းဆင်း အောက်ကို သွားတော့”
ကျုပ်ကလည်းတအီအီနဲ့အသံပေးပြီးပေကပ်ပြီးအပေါ်မှာနေနေတာပေါ့။ခနနေတော့သခင်မကြီးထပြီးကျုပ်အနားရောက်လာတော့တာပါပဲ။
“ဗိုက်ဆာလို့လား လပ်ကီးရေ ..လာလာ
အမေထမင်းလေးကျွေးမယ် အောက်ဆင်း”
သခင်မကြီးရဲ့အပြောကြောင့်ကျုပ်လေမျက်ရည်တွေကိုဝိုင်းလို့ပါရယ်။ကျုပ်သခင်မကြီးရဲ့ထဘီစလေးကိုလက်နဲ့ဆွဲပြီးအရအမိအောက်ကိုခေါ်လာခဲ့မိတော့တာပေါ့။သခင်မကြီးကလည်း ဘာဖြစ်လို့ပါလိမ့်ဆိုတဲ့ပုံစံမျိုးနဲ့အံ့အားသင့်လို့။အောက်လည်းရောက်ကောခြံနံဘေးကမြေကွပ်လပ်ဆီကျုပ်ခေါ်သွားတော့တာပါပဲ။မြေကကျန်တဲ့နေရာတွေအမာချည်းပဲ။ဒီတစ်နေရာထဲကွက်ပြီးပျော့တော့တော့ဖြစ်နေတာ။ကျုပ်လည်းလက်နဲ့အားရပါးရကိုယက်ပြီးအဲမြေကိုဖော်တော့တာပေါ့လေ။တစ်ခုခုတော့တစ်ခုခုပါပဲ။သခင်မကြီးခမျာအစကဒီအတိုင်းသာမန်ထင်နေပုံရတယ်။ပြီးတော့မှတစ်ခုခုသူသိနေသလိုပါပဲ။မြေကလည်းခပ်စိုစိုခပ်ပွပွတစ်နေရာထဲထူးပြီးဖြစ်နေလေသည်ပင်။ကျုပ်လည်းအားရပါးရယက်အပြီးသခင်မကြီးအိမ်ထဲကတုရွင်းအမြန်ယူပြီးသူကိုယ်တိုင်တူးလေပါတော့သည်။ဟော…မကြာပါဘူး ဒုတ်ခနဲအသံနဲ့အတူမြေအိုးလေးတွေ့ပါပြီလေ။
“သားရေ မိဖြူရေ လာကြပါဦးဟေ့”
သခင်မကြီးရဲ့အော်သံကြောင့်အိမ်ထဲကလူတွေအလန့်တကြားထွက်လာသည်ပင်။သူတို့ခမျာတွေ့လိုက်ရသောမြင်ကွင်းကြောင့်အထိတ်တလန့်တွေကိုဖြစ်လို့။
“ငါ့သားအဲအိုးကို အပေါ်တင် ခွဲကြည့်စမ်း
လပ်ကီးတအီအီနဲ့လာခေါ်နေလို့လိုက်ကြည့်တာကနေတွေ့တာ အထဲကဘာလည်း ဖွင့်ကြည့်စမ်း”
မြေအိုးခပ်သေးသေးလေးကိုရိုက်ခွဲလိုက်သည်နှင့်တစ်ပြိုင်နက်အထဲကနေပိတ်ဖြူစကြီးနဲ့ထုပ်ထားသောအထုပ်လေးတစ်ထုပ်ကိုသူတို့အားလုံးတွေ့လိုက်ရလေသည်။ပရုတ်လုံးစော်ကလည်းပြင်းမှပြင်း။သခင်မကြီးပိတ်ဖြူကိုအမြန်ဖွင့်ချလိုက်မိသည့်အခါ……
အားလုံးအထိတ်တလန့်တွေနဲ့အတူဟာခနဲဖြစ်ကုန်ကြရလေပြီ။
အင်းကွက်တွေအပြည့်ရေးထားတဲ့ပိတ်ဖြူစကြီးနဲ့အတူလူသေလက်ဖျံရိုးကြီးကိုအပ်ချည်ကြိုးအနက်စကြီးနဲ့အထပ်ထပ်ချည်ထားတာကြီး။ပိတ်ဖြူကြီးကလည်းလူသေကိုလွှမ်းသည့်ပိတ်ဖြူစကြီး။ဒီရပ်ဒီရွာမှာလူသေချပြီဆိုပရုတ်လုံးလှိုင်လှိုင်ထည့်ထားသည့်ပိတ်ဖြူနဲ့တစ်ကိုယ်လုံးပတ်ပြုပြီး ခြေနှစ်ချောင်းကိုကြိုးနဲ့တင်းနေအောင်စည်းပေးပြီးမှသာချလေ့ရှိသည်မဟုတ်ပေလား။
“ယုတ်မာအောက်တန်းကြလိုက်ကြတာအေ
ငါတို့ကိုစီးပွားရေးပျက်ယုံမကဘူး တစ်အိမ်လုံးကိုအသေပါလုပ်ချင်နေပုံရတယ် ကံသီလိုပါအေရယ် လပ်ကီးလေးခေါ်လာပေလို့ပေါ့ ငါ့သားအဲတာတွေအိမ်ပြင်အကုန်ထုတ်ခဲ့ လာ မီးရှို့ပြစ်ရမယ်အဲတာတွေ ပြီးရင်တစ်အိမ်လုံးကို တရော်ကင်းပွန်းလိုက်ပက်ကြစမ်းအေ လုပ်ကြ လုပ်ကြ အဲမကောင်းတဲ့အရာတွေ လုပ်တဲ့သူဆီပြန်ရောက်သွားအောင် နာနာပက်ကြတစ်အိမ်လုံး”
တကယ့်ကိုကံသီပေလို့ပေါ့။မဟုတ်ရင်ကျုပ်သခင်မကြီးတို့မိသားစုဒုက္ခအကြီးအကျယ်ရောက်ရပါပြီလေ။တော်ပါသေးရဲ့ကျုပ်ရဲ့အသိလေးနဲ့ကျုပ်တတ်နိုင်သလောက်လေးရှာဖွေပေးနိုင်ခဲ့လို့။
ကျုပ်လေ ကျုပ်အသက်ရှင်နေသရွေ့ ဒီအိမ်ဒီခြံ ဒီမိသားစုကို အမြဲစောင့်ရှောက်ပေးနေမှာပါလေ။
****************
ဒီည ကျုပ်အတွက်အင်မတန်ကိုထူးဆန်းလို့နေသည်။သခင်မကြီးတို့မိသားစုခမျာ ဦးကြီးမောင်နေစိုးနေလို့အိမ်အပေါ်မှာ ပူပင်သောကတွေအပြည့်နဲ့။ညည့်နက်လာတာနဲ့ တဖြေးဖြေးလူချေတွေကလည်းတိတ်ဆိတ်လာလေပြီ။အိမ်အပေါ်မှာတော့မီးရောင်သဲ့သဲ့လေးကိုလှမ်းမြင်နေရသည်။ဦးကြီးမောင်ကုတင်ရဲ့နံဘေးမှာမိသားစုတွေကောဆွေမျိုးလေးတွေကောစောင့်ပြီးကြည့်နေကြသည်။အခြေအနေကမရေမရာ။
ထုံးစံအတိုင်းအိမ်ကိုလှည့်ပတ်ကြည့်ပြီးကျုပ်အသံလေးဘာလေးပေးနေတော့တာပေါ့။လေတစ်ချက်အတိုက်ကျုပ်နှာခေါင်းထဲ အသားစိမ်းသွေးစိမ်းအနံ့ခပ်ပြင်းပြင်း ကိုရလိုက်မိသည်။ဘယ့်နှယ့်ဒီအချိန်ဒီလိုမျိုးကြီးတစ်ခါမှမကြုံလေမိပါဘူး။
ထူးဆန်းပါပေ့။ကျုပ်လည်းစိတ်ထဲစနိုးစနောင့်ဖြစ်နေမိတာနဲ့ လေလာရာဆီလှည့်ပတ်ကြည့်ပြီးရှာနေမိတော့တာပေါ့။
ဟော…တွေ့ပါပြီ။
ခြံတံခါးနားဆီမှာဖက်နဲ့ထည့်ထားတဲ့အမဲသားအသားတုံးကြီး။ဘေးဘီဝဲယာကြည့်တော့လည်းဘယ်သူမှမရှိလေကြ။အသားစိမ်းမစားရတာကြာနေလေတော့ကျုပ်လည်းဝမ်သာအားရဖြစ်မိတော့တာပေါ့ ။အမဲသားကြီးကလည်းစားချင်စရာနီရဲထွေးလို့။ဗိုက်ကလည်းဟာနေတာနဲ့ကျုပ်လည်းအသားတုံးကြီးကိုဖြဲယဲပြီးအားရပါးရစားတော့တာပေါ့။စားနေရင်းကျုပ်လေလည်ချောင်းထဲတစ်စို့စို့ကြီးနဲ့တစ်မျိုးကြီးဖြစ်လာမိပါပြီ။တစ်ဖြေးဖြေးကျုပ်ရဲ့ဝမ်းဗိုက်ကြီးမီးစနဲ့အထိုးခံရသလိုအထဲမှာပူလောင်မြိုက်နေပါပြီ။ကျုပ်တစ်ခုခုတော့သိလိုက်ပါပြီလေ။
ကျုပ်သိလိုက်တဲ့အရာက သိပေမဲ့နောက်ကျသွားခဲ့ပါပြီရယ်။ကျုပ်ပါးစပ်ထဲကနေအသားစတွေထိုးပြီးအန်ချလိုက်ပေမဲ့ အမြုပ်တွေတစီစီထွက်လာပါရောလေ။
“အမေရေ အဖေကြီး သတိရလာပြီ အမေရေ”
ကျုပ်နားထဲကြားလိုက်ရတာခလေးမလေးရဲ့အလန့်တကြားအော်သံလေး။ဉီးကြီးမောင်သတိလစ်ပြီးမျောနေရာကနေ သတိရလာပြီထင်ပါရဲ့။
“ငအောင်ရေ ရေယူခဲ့ဟေ့ အဖေကြီး ပြန်သတိရလာပြီ အောင်မလေးတော်ငါ့မှာပစ်လိုက်ရပြီထင်နေမိတာ ကိုကြီးမောင်ရယ်”
“ငါ့သားရေ နင့်အဖေစားဖို့ မီးမွှေးစမ်း ဆန်ပြုတ်လေးပြုတ်ရအောင် အစားမကျွေးနိုင်တာနှစ်ရက်တောင်ရှိနေပြီ ဟဲ့ ငါ့သမီး ကျန်နေတဲ့နွားနို့လေးကော ယူခဲ့ချေအေ ”
ကျုပ်သခင်မကြီးရဲ့ဝမ်းသာအားရအသံလေးကြားလိုက်မိရင်းကျုပ်မယ် ပျော်လိုက်တာရယ်။
ကျုပ်သခင်မကြီးခမျာစကားကောင်းကောင်းမပြောနိုင်တာကြာပြီမဟုတ်လား။
ထိုစဉ် ဝုန်းခနဲ”ကျုပ်ရဲ့ခန္ဓာကိုယ်ကြီးက မြေကြီးပေါ်ကိုထိန်းထားရင်းကနေပစ်လဲကျသွားရသည်။ကျုပ်လေ အသံလေးပေးပြီးအော်ခေါ်နေပေမဲ့လည်းကျုပ်ရဲ့မာန်မပါတော့တဲ့အသံလေးကဘယ်သူမှမကြားနိုင်အောင်တိမ်ဝင်နေခဲ့ပါပြီ။အမြုပ်တွေကလည်းတစီစီ။ဗိုက်အထဲကသံချွန်ကြီးနဲ့ထိုးနေသလို နာချက်။ခန္ဓာကိုယ်တစ်ခုလုံးမီးမြိုက်ထားသလိုပူလောင်ချက်ရယ်။
ကျုပ်ကျေနပ်မိပါရဲ့။သခင်မကြီးရဲ့လပ်ကီးရေဆိုတဲ့ခေါ်နေကြအသံလေးသဲ့သဲ့ကိုတောင်ကြားယောင်မိနေပါပြီ။
တဖြေးဖြေးကျုပ်ရဲ့အသိတွေ ကျုပ်ရဲ့စိတ်တွေမှောင်အတိကျလာခဲ့မိပြီ။သခင်မကြီးဆီစိတ်ကသာသွားချင်နေပေမဲ့ လူကမြေကြီးပေါ်ဗုန်းဗုန်းလဲနေပြီမဟုတ်လား။ကျုပ်ခါတိုင်းလိုအသင့်ရှိနေပေးချင်မိပါရဲ့။ဘာပဲဖြစ်ဖြစ်ကျုပ်ကျေနပ်ပါပြီလေ။
ဟော…သခင်မကြီးရဲ့အသံလေးကြားလိုက်မိပါပြီ။
လပ်ကီးရေတဲ့…..။
မင်းဝေလ