မြင့်ဆောင် နှင့် လမ်းကြုံစမ်းသည့် ပညာသည်
(၁)
ကိုမြင့်ဆောင်တဲ၌ ငတူး မောင်စိုးနဲ့ဇော်မြင့်တို့သုံးယောက် လသာစင်လေးပေါ်တွင်ထိုင်ရင်း အိက်မပျော်ပဲရှိနေကြသည် ယနေ့ညသည် လပြည့်ညဖြစ်၍ ကောင်းကင်ပေါ်၌လမင်းကြီးကလည်း ထိန်ထိန်သာလျှက်ရှိသည်။
“ဒို့ဒီအတိုင်းနေလို့တော့မကိုက်ဘူးကွ တစ်ခုခုလိုနေသလိုပဲ”
ပက်လက်လန်အိပ်ရင်း လပြည့်ဝန်းကြီးကိုမော့ကြည့်နေသော ငတူးဆိုလိုက်တော့
“ဘာလိုနေလို့တုန်းဗျာ့ ခင်ဗျားအရက်သောက်ချင်လို့လား”
မောင်စိုးလည်း ငတူးလိုအပ်ချက်မှာ အရက်ဖြစ်မည်ထင်၍မေးလိုက်သည်
“အရက်မဟုတ်ဘူးကွ ငါအရက်မသောက်တာကြာပြီ အခုဟာက တစ်ခုခုလိုနေသလိုကြီးဖြစ်နေတာ ဘာလိုနေမှန်းလည်းမသိဘူး”
ငတူးသူ့လိုအပ်ချက်ကို သူမသိပဲဖြစ်နေတော့
“ကိုငတူး ခင်ဗျားမိန်းမလိုချင်နေတာလား”
“မင်းကလည်း မဟုတ်ကဟုတ်က လာကွာ ဒို့ရွာထဲသွားရအောင်”
ငတူးပြောပြောဆိုဆို အိပ်နေရာမှထလိုက်တော့
“အေးဗျာ သွားရအောင် ဒီအတိုင်းကြီးနေရတာပျင်းလာပြီ”
မောင်စိုးနဲ့ဇော်မြင့်လည်း ထိုင်နေရာမှာထကာ တဲတိုင်တွင်ချိတ်ထားသော လေးဂွလွယ်အိပ်များကို ယူလွယ်လိုက်သည်
“ပေးစမ်းပါဦးကွ ငါ့လွယ်အိပ်”
ငတူးလည်း တဲအောက်ရောက်နေပြီမို့ သူ့လွယ်အိပ်ကိုပါ လှမ်းတောင်းလိုက်ပြီး သုံးယောက်သား ရွာပြန်ရန်ခြေလှမ်းများ စလိုက်ကြသည် သူတို့ရွာပြန်မည့်အကြောင်းကိုတော့ တရားထိုင်နေသောကိုမြင့်ဆောင်အား အာရုံပျက်သွားမည်ဆိုး၍မပြောဖြစ်ခဲ့တော့
“ဘယ်လမ်းကပြန်မှာတုန်းဗျာ့”
မောင်စိုးလည်း တဲကုန်းအောက်ရောက်သည့်နှင့် ပြန်မည့်လမ်းကိုမေးလိုက်သည်
“လာကွာ လသာသာလှည်းလမ်းအတိုင်းပြန်တာပေါ့ ခြေလျှင်လမ်းက မြွေပါးကင်းပါးစိုးရိမ်ရတယ်ကွ”
ငတူးလည်း ရွာသို့ပြန်ရန်လှည်းလမ်းကိုရွေးလိုက်ပြီး သုံးယောက်သား ကျတ်တက်လျှိုထဲမှနေ လှည်းလမ်းပေါ်ကိုဖြတ်တက်လာခဲ့ကြသည် သူတို့သုံးယောက်လှည်းလမ်းပေါ်ရောက်တော့
“လာကွာ ရွာကိုကခဏခဏရောက်နေတာ တခြားရွာတွေက သိပ်မရောက်ဖြစ်ဘူး လသာသာထိမ်ပင်ရွာဘက်သွားကြည့်ရအောင်”
ငတူးလည်း လှည်းလမ်းပေါ်ရောက်မှ စိတ်တမျိုးပြောင်းသွားပြီး သူတို့ရွာကိုမပြန်သေးပဲ ထိမ်ပင်ရွာဘက်ခြေဦးလှည့်လိုက်သည် မောင်စိုးနဲ့ဇော်မြင့်လည်း ဘာမှမပြောပဲသူ့နောက်ကသာအသာလိုက်ခဲ့ကြသည် သူတို့လည်း လကသာ အိပ်ကမပျော်ဖြင့် ငတူးခေါ်ရာလျှောက်လိုက်နေကြပြီး
“ကိုငတူး ငှက်အိပ်တန်းလေးဘာလေးလိုက်ပစ်ရအောင်ဗျာ”
“ပစ်မနေပါနဲ့ကွာ ငါကအရက်သာသောက်တာကွ သူတစ်ပါးအသက်တော့မသတ်ဘူး”
ငတူးလည်း ဇော်မြင့်စကားကို ပယ်ရှားပြီး ထိမ်ပင်ရွာဘက်ကိုသာ ဆက်လျှောက်လာခဲ့သည် သူတို့သုံးယောက် ထိမ်ပင်ရွာခေါင်းရင်း ရွာဦးစေတီလေးနားရောက်တော့ ပေပင်ရွာမှ ထိမ်ပင်ရွာခေါင်းရင်းဘက်ကိုတက်သည့်လှည်းလမ်းပေါ်တွင် လူတစ်ယောက်လျှောက်လာနေတာကို လှမ်းမြင်လိုက်ရပြီး
“ဟိုမှာကွ ဒို့လိုလသာသာ လျှောက်သွားနေတဲ့လူတစ်ယောက်”
ငတူးလည်း ထိုလူကိုလှမ်းကြည့်၍ပြောလိုက်ပြီး သုံးယောက်သာ ထိမ်ပင်ရွာဘက်ကိုဆက်လာခဲ့သည် သူတို့သုံးယောက်၏အကြည့်များကတော့ လှည်းလမ်းပေါ်ရှိလူထံမှမခွါကြသေးပဲရှိနေပြီး
“ဟေ့ကောင်တွေနေဦးကွ အဲ့ဒါစုန်းရွာက ဒေါ်အုန်းပဲ ဒီအဖွာကြီး ဒီအချိန်ကြီးဘာလုပ်တာတုန်းမသိဘူး”
ငတူးလည်း ပြောပြောဆိုဆိုခြေလှမ်းကိုရပ်လိုက်ပြီး ထိမ်ပင်ရွာခေါင်းရင်း ညောင်ပင်ကြီးနှင့်ကွယ်၍ ဒေါ်အုန်းကို ကြည့်နေသည် မောင်စိုးနဲ့ဇော်မြင့်လည်း သူ့နောက်မှကွယ်၍ကြည့်နေရင်း
“ကိုတူး ခင်ဗျားအဲ့ဒီအဖွားကြီးကိုသိလား”
“သိတာပေါ့ကွ ဒါစုန်းမကြီးကွ ကိုမြင့်ဆောင်တဲကိုတောင်ရောက်လာသေးတယ်”
ငတူးလည်း ဒေါ်အုန်းကိုမြင်တော့ သူ့ကိုငှက်စိတ်ပေါက်အောင်လုပ်သွားသည့် ဦးထော်ကိုပါပြန်သတိရလိုက်ပြီး ထိုသတိရစိတ်နဲ့အတူ ကြောက်စိတ်များပါဝင်လာခဲ့သည် ဒါကြောင့်သူလည်း အနီးအနားကိုဝေ့ဝိုက်ကြည့်လိုက်ပြီး
“ဟေ့ကောင်တွေလာ ဒီအဖွားကြီးနဲ့ ထိပ်တိုက်တွေ့လို့မဖြစ်ဘူး ဘုရားကုန်းပေါ်တက်နေရအောင်”
ငတူး ဘုရားကုန်းဘက်ကိုလှည့်ကြည့်ပြီး ပြောနေသည့်အချိန်
“ဟေ့လူဟေ့လူ ဟိုအဖွားကြီးပျောက်သွားပြီဗျာ့”
မောင်စိုးနဲ့ဇော်မြင့်ထံမှ အံ့ဩတကြီးပြောလိုက်သည့်အသံကိုကြားပြီး ငတူးလည်းဆတ်ကနဲပင် ဒေါ်အုန်းလာနေသည့် လှည်းလမ်းဘက်ကိုလှည့်ကြည့်လိုက်သည် ထိုအခါ ဒေါ်အုန်းကို မတွေ့ရတော့ပဲ
“ဟေ့ကောင်တွေ ဘယ်လိုလုပ်ပျောက်သွားတာတုန်းကွ”
“မသိဘူးဗျာ့ ကျုပ်တို့ကြည့်နေရင်းနဲ့ကို ပျောက်သွားတာ”
“ဟေ ဟုတ်လား ဒါဆိုဒီအဖွားကြီး ဒို့ရှိနေတာကိုများ သိသွားလား မသိဘူး”
ငတူးလည်း စိုးရိမ်သည့်လေသံဖြင့်ပြောလိုက်ပြီး ရှေ့ နောက် တောင် မြောက် အကုန်ပတ်ကြည့်လိုက်သည် ထိုသို့ကြည့်နေရင်း သူတို့နောက်ကို ပြန်လှည့်ကြည့်မိသည့်အခိုက် သူတို့နောက်တွင်တောင်ဝှေးကြီးထောက်လျှက် ရပ်နေသော ဒေါ်အုန်းကိုမြင်လိုက်ရပြီး
“ဟိုက် ဒေါ်အဲသရုန်း”
ငတူးလည်း ပါးစပ်မှလွှတ်ခနဲထွက်သွားပြီး ဘုရားကုန်းပေါ်တက်ပြေးတော့သည် မောင်စိုးနဲ့ဇော်မြင့်လည်း သူ့နောက်မှပြေးလိုက်လာပြီး
“ကိုငတူး ဘာတုန်းဗျာ့ ဒေါ်အဲသရုန်းဆိုတာ”
ဘုရားကုန်းပေါ်ရောက်သည်နှင့် မောင်စိုးကမေးလိုက်ပြီး
“ဒေါ်အုန်းသရဲကိုပြောတာကွ ငါ့ပါးစပ်ကရောင်ပြီးထွက်သွားလို့”
ငတူးလည်း ကြောက်ကြောက်လန့်လန့်ဖြင့် ဒေါ်အုန်းသရဲကိုပင်မှန်အောင်မပြောနိုင်တော့ပဲဒေါ်အဲသရုန်းဖြစ်သွားပြီး သူပြောလိုက်တော့ မောင်စိုးနဲ့ဇော်မြင့်လည်း ညောင်ပင်ကြီးဆီကို ပြန်ကြည့်လိုက်ကြသည် ထိုအခါညောင်ပင်အောက်တွင် တောင်ဝှေးကြီးထောက်လျှက် ရပ်နေသောအဖွားအိုတစ်ဦးကို လှမ်းမြင်လိုက်ရပြီး ထိုအဖွားအိုသည် သူတို့ကြည့်နေရင်းပျောက်သွားသည့် လမ်းပေါ်ကအဖွားအိုမှန်းသိလိုက်သည်
“ကိုငတူး ဒီအဖွားကြီးကျုပ်တို့နောက်ဘယ်လိုလုပ်ရောက်နေတာတုန်းဗျာ့”
ဇော်မြင့်လည်း အဖွားအိုကိုကြည့်ရင်း အံ့ဩသည့်လေသံဖြင့်မေးလိုက်တော့
“ငါလည်း မသိဘူးလေကွာ မသင်္ကာလို့နောက်လှည့်ကြည့်တော့ သူ့ကိုတွေ့တာပဲ မင်းတို့ရောမမြင်ဘူးလား”
ငတူးလည်း အတူတူရပ်နေသော မောင်စိုးနဲ့ဇော်မြင့်ကိုပြန်မေးလိုက်တော့
“သိဘူးလေဗျာ ကျုပ်တို့ကရှေ့ပဲမဲကြည့်နေတာ”
မောင်စိုးနဲ့ဇော်မြင့်လည်း ငတူးကိုပြန်ဖြေရင်း ညောင်ပင်အောက်မှဒေါ်အုန်းကိုသာ စူးစိုက်ကြည့်နေကြသည် ဒေါ်အုန်းသည်လည်း ဘုရားကုန်းပေါ်မှသူတို့ကိုကြည့်ရင်း ခြောက်ကပ်ကပ် အက်ကွဲကွဲအသံကြီးဖြင့် ရယ်နေသည် သူတို့သုံးယောက် ထိုရယ်သံကြီးကိုကြားတော့ နားကြောများစိမ့်ပြီး ကြက်သီးတဖြန်းဖြန်းထလာကြသည်
“ကိုငတူး ကျုပ်တို့ဘယ်လိုလုပ်မတုန်း ဒီဘုရားကုန်းပေါ်ကဆင်းရင် ကျုပ်တို့နောက်များ လိုက်လာမလားမသိဘူး”
မောင်စိုးလည်း စိုးရိမ်တကြီးမေးလိုက်ပြီး သူတို့ပြန်ရမည့်အေရးကို တွေးပူနေမိသည်
“ငါလည်းမပြောတတ်ဘူးကွ လောလောဆယ်တော့ ဒီအပေါ်မှာပဲ ဆက်နေရဦးမှာပဲ ဟိုအဖွားကြီးပြန်တော့မှ ဒို့လည်းတဲပြန်တာပေါ့”
ငတူးအဖြေဆုံးတော့ ဇော်မြင့်က
“နေပါဦးဗျာ့ ကျုပ်တို့ကဒီအဖွားကြီးကို ဘာလို့ကြောက်နေရတာတုန်း”
သူလည်း အံ့ဩမိတာမှန်ပေမဲ့ ဒီအဖွားကြီးကို ဘာကြောင့်ကြောက်နေရတာတုန်းဆိုတာတော့ သေချာမသိသေး ဒါကြောင့်ငတူးကိုမေးလိုက်ပြီး ငတူးက
“ဒီအဖွားကြီးက စုန်းမကြီးပါဆိုကွာ သူ့တောင်ဝှေးနဲ့ထိုးရင် ဦးဖိုးခေါင်ကြီးတောင်မခံနိုင်ဘူးကွ အဲ့ဒါကြောင့်ငါလည်း ကြောက်နေတာ”
ငတူးလည်း သူကြောက်ရသည့်အကြောင်းကို ရှင်းပြလိုက်ပြီး စေတီလေးကို ဦးကုန်းချလိုက်သည် ဒီအချိန်သူ့တို့အားကိုစရာဆိုလို့ ဘုရားမှတပါးအခြားမရှိပြီမို့ စေတီလေးကို ဝိုင်းရှိခိုးနေကြသည် ဒေါ်အုန်းသည်လည်း ဘုရားကိုကြောက်၍လား တောင်ကုန်းပေါ်မတက်နိုင်လို့လားတော့မသိ ညောင်ပင်ကြီးနားမှာသာရပ်ပြီး သူတို့ကိုလှမ်းကြည့်နေသည်။
(၂)
တဖြည်းဖြည်း အချိန်သည်လည်း ညဆယ်နာရီခန့်ပင်ရှိနေပြီဖြစ်သည် သူတို့သုံးယောက်လည်း ဒေါ်အုန်းမပြန်သေး၍ ဘုရားကုန်းပေါ်မှ မဆင်းရဲပဲဖြစ်နေကြပြီး ဒေါ်အုန်းလည်း ထိုအချိန်ရောက်တော့ သူ့တို့ကိုမကြည့်တော့ပဲ ထိမ်ပင်ရွာဘက်ကိုလှမ်းကြည့်နေသည် သူတို့လည်း ဒေါ်အုန်းကြည့်ရာဘက်လိုက်ကြည့်နေပြီး ထိမ်ပင်ရွာထဲမှ လူနှစ်ယောက်ထွက်လာတာကို မြင်လိုက်ရသည် ထိုလူနှစ်ယောက်သည် တစ်ယောက်ကစကောတစ်ချပ်ကိုကိုင်လာပြီး ကျန်လူတစ်ယောက်က တောင်းငယ်တစ်လုံးကိုမလာသည် သူတို့နှစ်ယောကရွာအပြင်ရောက်တော့ ရွာစည်းရိုးဘေးတွင် သူတို့ယူလာသောပစ္စည်းများကို ချလိုက်ပြီး တစ်စုံးတစ်ခုကို လုပ်ဆောင်နေကြသည် ငတူးတို့သုံးယောက်လည်း ထိုလူနှစ်ယောက်လုပ်ကိုင်နေတာတွေကို ကြည့်နေရင်း ဒေါ်အုန်းကိုပင်မကြည့်နိုင်ပဲဖြစ်နေသည်။
“ကိုငတူး အဲ့ဒါဘာလုပ်နေတာတုန်းဗျာ့”
ဇော်မြင့်လည်း ထိုလူနှစ်ယောက်ဘာလုပ်နေသည်ဆိုတာကို သိချင်၍မေးလိုက်တော့
“ငါလည်း သေချာတော့မသိဘူး ဒါပေမဲ့ ဒါတစ်ခုခုကိုကျွေးနေတာကွ”
ငတူးလည်း သူသိသလောက်ခန့်မှန်းမိတာကိုပြောရင်း ညောင်ပင်အောက်မှဒေါ်အုန်းကို ပြန်ကြည့်လိုက်သည် ထိုအခါဒေါ်အုန်းကို မတွေ့ရတော့ပဲ ညောင်ပင်အောက်မှရပ်နေသည့် ခွေးနက်တစ်ကောင်ကိုမြင်လိုက်ရပြီး
“ဟာ ဟေ့ကောင်တွေ ဟိုအဖွားကြီးမရှိတော့ဘူးကွ ဟိုမှာခွေးနက်တစ်ကောင် ရောက်နေပြန်ပြီ”
ငတူးပြောလိုက်၍ လူနှစ်ယောက်လုပ်ဆောင်နေတာတွေကို ကြည့်နေသည့် မောင်စိုးနဲ့ဇော်မြင့်လည်း ညောင်ပင်အောက်ကိုပြန်ကြည့်လိုက်သည် ထိုအခါ ငတူးပြောသလို ဒေါ်အုန်းကိုမတွေ့ရတော့ပဲ ဒေါ်အုန်းရပ်နေသည့်နေရာမှာ ခွေးနက်တစ်ကောင်ရောက်နေတာကိုမြင်လိုက်ရပြီး
“ဟေ့လူ ဒါဟိုအဖွားကြီးများ ခွေးလိုပြောင်းထားတာလားမသိပါဘူး”
မောင်စိုးနဲ့ဇော်မြင့်လည်း သူတို့အမြင်ကိုပြောလိုက်ပြီး ခွေးနက်ကိုသာကြည့်နေသည် ခွေးနက်ကတော့ ထိမ်ပင်ရွာစည်းရိုးဘေးမှ လူနှစ်ယောက်ကိုသာကြည့်နေပြီး ငတူးက
“ဖြစ်နိုင်တယ်ကွ ဒါ ဒေါ်အုန်းပဲဖြစ်မယ် ဟိုလူနှစ်ယောက်ကျွေးတာကိုစားဖို့ သူခွေးယောင်ဆောင်ထားတာဖြစ်မယ် ဟိုလူနှစ်ယောက်ကလည်း သူ့ကိုလာကျွေးတာပဲဖြစ်ရမယ်”
ငတူးလည်း အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးပြောဆိုလိုက်သည်
“သူ့ကို ဘာကြောင့်ကျွေးတာတုန်းဗျာ့”
“ငါ့အထင် ဒေါ်အုန်းဒီရွာထဲက လူတစ်ယောက်ယောက်ကို ပြုစားထားတယ်ထင်တယ်”
ငတူးမောင်စိုး၏အမေးကိုပြန်ဖြေပြီး
“ဟေ့ကောင်တွေ ဒို့ဒီအဖွားကြီး သွားစားနေတဲ့အချိန် တဲပြန်ရအောင်ကွာ”
သူရသည့်အခွင့်အရေးကို လက်လွှတ်မခံချင်၍ပြောလိုက်ပြီး ဘုရားရင်ပြင်ဘေးတွင် ချွတ်ပုံထားသည့် လေးဂွလွယ်အိပ်ကိုကောက်လွယ်ထားလိုက်သည် မောင်စိုးနဲ့ဇော်မြင့်လည်း သူ့လိုပင်ကောက်လွယ်ထားကြပြီး ဒေါ်အုန်းသွားစားမည့်အချိန်ကို စောင့်နေကြသည် ခဏကြာတော့ ရွာအပြင်ထွက်လည့် လူနှစ်ယောက်လည်း တောင်တစ်လုံးကိုသာပြန်ယူ၍ ရွာထဲပြန်ဝင်သွားကြသည် သူတို့ရွာထဲဝင်သွားပြီး သိပ်မကြာခင် ဒေါ်အုန်းနေရာရောက်နေသည့် ခွေးနက်လည်း စကောပေါ်ပုံခဲ့သည် အရာများကိုသွားစားနေသည် ငတူး မောင်စိုးနဲ့ဇော်မြင့်လည်း ထိုခွေးသွားစားနေသည့်အချိန် ဘုရားကုန်းပေါ်မှအသာဆင်းခဲ့ပြီး တဲဘက်ကိုပြန်ခဲ့ကြသည်။
(၃)
သူတို့သုံးယောက် တဲကိုပြန်လာနေရင်း လမ်းတစ်ဝက်အရောက် သူတို့နောက်မှကျော်တက်သွားသော ခွေးနက်တစ်ကောင်ကိုမြင်လိုက်ရပြီး
“ဟေ့လူ အဲ့ဒါဟိုခွေးမဟုတ်လား”
မောင်စိုး ညောင်ပင်အောက်မှခွေးဖြစ်မှန်းသိ၍ပြောလိုက်တော့
“ဟုတ်တယ်ဟေ့ ဒါဒေါ်အုန်းဒို့နောက်လိုက်လာတာလားမသိးဘူး”
ငတူးလည်း ထိတ်ထိတ်ပြာပြာဖြင့် သူတို့ရှေ့ရောက်နေသည့်ခွေးကိုကြည့်၍ပြောလိုက်တော့
“ဘယ်လိုလုပ်မတုန်း တဲနဲ့လည်းဝေးသေးတယ် ဦးမြင့်ဆောင်ကို အော်ခေါ်ရမလား”
ဇော်မြင့်လည်း လွယ်အိပ်ထဲမှလေးဂွကိုထုတ်ကိုင်ရင်း သူတို့နှစ်ယောက်ကိုပြောလိုက်သည်
“နေဦးကွ ဒေါ်အုန်းဟုတ်မဟုတ်စောင့်ကြည့်ရအောင်”
ငတူးလည်း ပြောပြောဆိုဆိုလွယ်အိပ်ထဲမှ လေးဂွကိုထုတ်ကိုင်ထားလိုက်သည် ယခုအချိန်သူတို့၏အားထားရာကတော့ လေးဂွများဖြစ်သွားကြပြီး သုံးယောက်သားလေးဂွကိုယ်စီကိုင်ရင်း လမ်းပေါ်မှခွေးနက်ကိုကြည့်နေကြသည် သူတို့ရှေ့ကိုကျော်တက်သွားသောခွေးနက်သည်လည်း ရှေ့ဆက်မသွားပဲသူ့တို့ကိုရပ်ကြည့်နေပြီး
“အဟက် ဟက်ဟက်”
ခွေးနက်ဆီမှ ရယ်သံအက်တက်တက်ကိုကြားလိုက်တော့
“ဒေါ်အုန်း”
မတိုင်ပင်ပဲ သုံးယောက်စလုံးပြိုင်တူပြောလိုက်ကြပြီး မျက်လုံးများပြူးကျယ်ကာ ကြက်သီးများတဖျန်းဖျန်းထလာကြသည် ဒေါ်အုန်းလည်း ခွေးအဖြစ်မှလူအဖြစ်ကို ပြန်ပြောင်းလိုက်ပြီး
“မင်းတို့ ဘယ်ရွာကတုန်း ညကြီးမင်းကြီး ဘာလုပ်တာတုန်း”
ဒေါ်အုန်း သူတို့ကိုစေ့စေ့ကြည့်ပြီးမေးလိုက်တော့
“သလဲကုန်းရွာကဗျာ့ အိပ်မပျော်လို့လျှောက်သွားနေတာ”
ငတူးလည်း သူ့စိတ်ကိုထိန်းရင်းပြန်ဖြေလိုက်သည်
“အေး ငါ့လိုပဲပေါ့ ငါလည်းအိပ်မပျော်လို့ လျှောက်သွားရင်းလမ်းကြုံလို့ စားပွဲတစ်ခုတောင်ဝင်စားခဲ့သေးတယ်”
ဒေါ်အုန်လည်း သူ့အကြောင်းကို ငတူးတို့သုံးယောက်သိနေပြီမို့ မကွယ်မဝှက်ပဲပြောလိုက်သလို ငတူးတို့ကလည်း သူပြောတာကိုအံ့ဩမနေတော့ ဒါပေမဲ့ သူတို့ရှေ့လမ်းပိတ်ရပ်ထားသည့်အတွက် တစ်ခုခုလုပ်မှာကို စိုးရိမ်နေကြပြီး မည်သို့လုပ်ရမည်ကို အကြံထုတ်နေကြသည် ထိုအချိန် ဒေါ်အုန်းထံမှ
“နင်တို့ သလဲကုန်းရွာကဆိုတော့ မြင့်ဆောင်ကိုသိမှာပေါ့”
“သိတယ်ဗျာ့ ကျုပ်တို့အခု သူ့တဲကိုပြန်မှာ”
ငတူးလည်း ကိုမြင့်ဆောင်နှင့်ပတ်သက်နေလျှင် ဒေါ်အုန်းများကြောက်သွားမလားဆိုသည့် အတွေးဝင်လာပြီးပြောလိုက်တော့
“ဒါဆိုဟန်ကြတယ်ဟေ့ လမ်းကြုံတုန်း ငါသူ့ကိုတစ်ခုလောက်စမ်းလိုက်ချင်လို့”
ဒေါ်အုန်းလည်း ပြောပြောဆိုဆိုရှေ့တိုးလားပြီး ငတူးနားကိုကပ်မည်အလုပ်
“အင့်ဟယ်”
ငတူးလည်း သူမစမ်းခင်ကိုယ်အရင်စမ်းကာ ဒေါ်အုန်းကိုတွန်းလှဲလိုက်ပြီး
“ဟေ့ကောင်တွေပြေးတော့”
ပြောလည်းပြောပြေးလည်းပြေးဖြင့် ငတူးရှေ့မှဦးဆောင်ပြေးခဲ့ပြီး ကျန်နှစ်ယောက်မှလည်း သူ့နောက်မှတန်းနေအောင်ပြေးလိုက်လာသည် ဒေါ်အုန်းကတော့ အလစ်အငိုက်ခံလိုက်ရ၍ မြေပေါ်တွင်လဲကြနေပြီး ကုန်းရုန်းထနေရင်းမှ
“တွေ့မယ် မသာလေးတွေ တွေ့မယ် ငါမစမ်းရသေးဘူး နင်တို့ကငါ့ကိုအရင်တွန်းလှဲသွာတယ် နင်တို့ငါ့လက်က ပြေးလို့မလွတ်ဘူး”
ဒေါ်အုန်း ဒေါသတကြီးအော်ပြောရင်း ခန္ဓာကိုယ်မတ်မတ်ရပ်လိုက်ပြီး လေပေါ်ကို တစ်ချက်ဆောင့်ခုန်လိုက်သည် သူ့ခန္ဒာကိုယ် သစ်ပင်ထိပ်ဖျားအမြင့်လောက်ရောက်သွားသည်နှင့်
“မသာလေးတွေပြေးစမ်း မိလို့ကတော့ နင်တို့အူတွေကို နှုတ်စားပစ်ဦးမယ်”
ဒေါ်အုန်းပါးစပ်ကြိမ်းဝါးရင် လေထဲမှပင်တရိပ်ရိပ်ပြေးလိုက်လာသည် ငတူးတို့သုံးယောက်လည်း နောက်သို့ပင်လှည့်မကြည့်ရဲတော့ပဲ
“ဦးမြင့်ဆောင် ကယ်ပါဦးဗျို့ ကျုပ်တို့နောက်ကို ဒေါ်အုန်းလိုက်လာလို့”
ငတူးမအော်ပေမဲ့ မောင်စိုးနဲ့ဇော်မြင့်ကတော့ အသံကုန်ေအာ်ရင်းကိုမြင့်ဆောင်တဲကို ပြေးချလာသည်။
(၄)
တဲလာသာစင်လေးပေါ်မှာထိုင်နေသော ကိုမြင့်ဆောင်လည်း သူ့အမည်ကိုအော်ခေါ်သံကြား၍ အသံလာရာဆီကို လှည့်ကြည့်မိလိုက်သည် ထိုအခါ အကွက်ထဲမှထွက်သည့် လှည်းလှမ်းအတိုင်း ဒယောသောပါးပြေးချလာသော ငတူးတို့သုံးယောက်ကို လှမ်းမြင်လိုက်ရပြီး ထိုင်နေရာမှထရပ်လိုက်သည် စိတ်ထဲမှာလည်း
“ဒီကောင်တွေ ရွာပြန်သွားတာမဟုတ်ဘူးလား ဘယ်နှယ်ကြောင့် ပြေးလာရတာတုန်း ဧကန္ဒသရဲလိုက်လာပြီနဲ့တူတယ်”
ကိုမြင့်ဆောင်လည်း တကိုယ်တည်းပြောရင်း ပြေးလာသည့်ငတူးတို့ကိုကြည့်ကာ
“ဟေ့ကောင်တွေ မင်းတို့ဘာဖြစ်လာတာတုန်း”
ကိုမြင့်ဆောင်အမေးကို ချက်ခြင်းပြန်မဖြေသေးပဲ တဲရောက်အောင်ပြေးလာခဲ့ကြပြီးမှ
“ဒေါ်အုန်းဗျာ့ ဒေါ်အုန်း ဒေါ်အုန်းလိုက်လာလို့”
အမောတကောနဲ့ လသာစင်ပေါ်လက်ထောက်ပြီးဖြေလိုက်တော့
“နေပါဦးကွ ဒေါ်အုန်းကမင်းတို့နောက် ဘယ်လိုလုပ်လိုက်လာတာတုန်း သူနဲ့ကဘယ်မှာတွေ့တာတုန်း”
“ထမ်ပင်ရွာခေါင်းရင်းက ညောင်ပင်ကြီးနားမှာဗျာ့ ကျုပ်တို့လည်း သူမှန်းသိလို့ ဘုရားကုန်းပေါ်တက်နေရင်း သူအစာသွားနေတော့မှ နောက်ကဆင်းပြီးပြန်လာတာ အဲ့ဒါကျုပ်တို့နောက်ကို လိုက်လာတာဗျာ့”
ငတူးလည်း မောနေသည့်ကြားမှပင် ကိုမြင့်ဆောင်နားလည်အောင် ရှင်းပြလိုက်သည် ကိုမြင့်ဆောင်လည်း ဒေါ်အုန်းလိုက်လာသည်ဆို၍ သူတို့ပြေးလာသည့်လှည်းလမ်းပေါ်ကို လှမ်းကြည့်နေမိသည် သို့သော်ဘာမှမမြင်ရပဲ
“မသာလေးတွေ နင်တို့အပြေးမြန်လို့ ငါ့လက်ကလွတ်သွားတယ်မှတ် နောက်တခါတွေ့လိုကတော့ အကုန်လုံးကို အူးနှုတ်စားပစ်ဦးမယ်”
ဒေါ်အုန်း၏ ဒေါသတကြီးအော်ပြောသံကိုကြားလိုက်မှ ကိုမြင့်ဆောင်လည်း အပေါ်ကိုမော့ကြည့်မိသည် ထိုအခါ သစ်ပင်ထိပ်ဖျားလောက်အမြင့်လေထဲတွင်ရပ်နေသော ဒေါ်အုန်းကိုမြင်လိုက်ရပြီး
“ဟေ့ကောင်တွေ မင်းတို့ကသူနဲ့ဘယ်လိုသွားပတ်သက်မိလို့တုန်း”
“ဘာမှမပတ်သက်မိပါဘူးဗျာ ကျုပ်တိုဘာသာတဲပြန်လာတာကို သူ့ဘာသူနောက်ကလိုက်လာပြီး ကိုမြင့်ဆောင်နဲ့သိရင် ပညာစမ်းလွှတ်ဦးမယ်ပြောလို့ ကျုပ်လည်းတွန်းလှဲပြီးထွက်ပြေးလာတာ”
ငတူးလည်း ကိုမြင့်ဆောင်ရှေ့ရောက်နေပြီမို့ အကြောက်အလန့်မရှိတော့ပဲ ဒေါ်အုန်းကြားအောင်ပင် ခပ်ကျယ်ကျယ်အော်ပြောလိုက်သည် ကိုမြင့်ဆောင်လည်း ငတူးပြောတာကို နားထောင်ရင်း
“ဒေါ်အုန်း သူပြောတာဟုတ်လားဗျာ့”
“ဟုတ်တော့ရော ဘာဖြစ်တုန်း ငါကဘယ်သူ့ဂရုစိုက်ရမှာတုန်း”
ဒေါ်အုန်းလည်း ခပ်ပြတ်ပြတ်ပင်ပြန်ဖြေလိုက်ပြီး လေထဲမှာပင်ခါးကြီးထောက်လျှက်ရပ်နေသည် သူ၏ဆံပင်များသည်လည်း ဖွာလန်ကျဲနေပြီးလေထဲမှလွင့်နေသည် ကိုမြင့်ဆောင်လည်း ဒေါ်အုန်းကိုကြည့်ရင်း
“ခင်းဗျားဘာသာခင်ဗျား ဘယ်သူ့မှငရုမစိုက်စိုက် ခလေးတွေကိုတော့ ခြောက်လှန်ဖို့မသင့်ဘူး”
“ငါကခြောက်လှန့်တာမဟုတ်ဘူး နင့်ကောင်ကငါ့ကိုအရင်တွန်းလှဲတာ”
ဒေါ်အုန်းလည်း ငတူးသူ့အားတွန်းလှဲတာကို အပြစ်လုပ်ပြီးပြောလိုက်တော့ ငတူးက
“ခင်ဗျားပဲ ကျုပ်တို့ကိုပညာစမ်းမလို့ဆို အဲ့ဒါကြောင့်ကျုပ်လည်း တွန်းလှဲတာပေါ့ဗျာ့”
ငတူးလည်း ငေါက်ဆတ်ဆတ်ပင်ပြောလိုက်ပြီး ဒေါ်အုန်းက
“ဟဲ့ နင့်ကို ငါစမ်းရသေးလို့လား”
“မစမ်းရသေးခင် တွန်းလှဲမှပေါ့ဗျာ့ စမ်းပြီးမှတွန်းလှဲရင် ကျုပ်ကဘယ်လိုလုပ် တွန်းလို့ရတော့မှာတုန်း”
ငတူးလည်း ဒေါ်အုန်းကို တခွန်းတိမ်းမခံပြန်ပြောနေပြီးဒေါ်အုန်းလည်း ဘာပြန်ပြောရမှန်းမသိ၍ အံတကြိတ်ကြိတ် တက်တခေါက်ခေါက်ဖြင့်ရှိနေသည် အမှန်လည်း သူသာနောက်ကလိုက်မလာခဲ့ရင် ဤပြဿနာဖြစ်စရာအကြောင်းမရှိ ငတူးတို့လည်း သူ့ကိုကြောက်၍သူမသိအောင်ပြန်လာခဲ့ကြခြင်းဖြစ်ပြီး ထိုသို့ကြောက်မှန်းသိ၍လည်း သူကလိုက်ခြောက်ချင်းဖြစ်သည် ဒါပေမဲ့ အခြောက်မတတ်တော့ တွန်းလှဲခံလိုက်ရပြီး သူလည်းတွန်းလှဲခံရ၍ ဒေါသဖြစ်ကာငတူးတို့နောက်ကို ဆက်လိုက်လာခြင်းဖြစ်ပြန်သည် ဒါပေမဲ့ တဲနားထိအောင်တော့ရောက်မလာ ယာကွက်ခရိုးစပ်ပေါ်မှာသာနေပြီး ငတူးတို့ကိုရန်တွေ့နေခြင်းဖြစ်သည် ကိုမြင့်ဆောင်လည်း သူတို့ကိစ္စကို ထိုက်သင့်သလောက်သိသွားပြီဖြစ်၍
“ကဲကဲ ဒေါ်အုန်း ခင်ဗျားလည်းပြန်တော့ ကျုပ်ကောင်တွေကိုယ်စားကျုပ်တောင်းပန်ပါတယ်”
ကိုမြင့်ဆောင်လည်း ပြဿနာကိုမကြီးကျယ်စေလို၍ ဒေါ်အုန်းကို တောင်းပန်ပြီးပြန်ခိုင်းလိုက်တော့
“တောင်းပန်စရာမလိုပါဘူးဗျာ ကျုပ်တို့မှားတာမှမဟုတ်တာ”
ငတူးလည်းသူတို့အစားတောင်းပန်နေ၍ မကျေနပ်ပဲထပြောလိုက်သည် ထိုအခါဒေါ်အုန်းလည်း ဒေါသထွက်သွားပြီး
“တယ် ဒီကောင်လေးငါလုပ်ရင်သေတော့မှာပဲ”
ဒေါ်အုန်းပြောပြောဆိုဆိုဒေါသမထိမ်းနိုင်တော့ပဲ မြေကြီးကို ဖနောင့်ဖြင့်ပေါက်လိုက်သည် ဒါပေမဲ့ ဒေါ်အုန်းတစ်ယောက် သူရပ်နေတာလေပေါ်ဖြစ်မှန်းသတိမထားမိပဲ ဖနောင့်ပေါက်လိုက်မိ၍ ဖနောင့်နဲ့မြေကြီးမထိပဲ အောက်ကိုပြုတ်ကြလာသည် ထိုအခါ ငတူးတို့သုံးယောက်လည်း ဒေါ်အုန်းကိုကြည့်ကာ တဟားဟားအော်ရယ်လိုက်ကြသည်သူတို့အော်ရယ်သံကိုကြားတော့ ဒေါ်အုန်းလည်း ခန္ဓာကိုယ်ကို ပြန်တည့်မတ်ပြီး ကြနေသည့်တန်းလန်းမှပင် သူ၏တောင်ဝှေးဖြင့် ငတူးတို့ရှိရာကို လှမ်းထိုးလိုက်သည် ထိုအခါ တောင်ဝှေးထိပ်မှ မီးလုံးလေးများ အတန်းလိုက်ထွက်လာပြီး သူတို့ရှိရာကိုပြေးဝင်လာသည် ငတူးတို့သုံးယောက်လည်း အရှိန်ဖြင့်ပြေးဝင်လာသော မီးလုံးလေများကိုကြည့်ရင်း
“ဟာ ဟာ လုပ်ပါဦး လုပ်ပါဦး”
သုံးယောက်သား ကြောက်လန့်တကြားဖြင့် ကိုမြင့်ဆောင်နောက်မှာတန်းစီရပ်နေကြသည် ကိုမြင့်ဆောင်လည်း သူ့ထံပြေးဝင်းလာသော မီးလုံးလေးများကိုကြည့်ရင်း
“မင်းတို့ကောင်တွေကတော့ကွာ ပြဿနာပဲ”
သူလည်း ငတူးတို့ကိုအပြစ်မမြင်ပေမဲ ဒီလိုကြီးတိုက်ရခိုက်ရတဲ့အဆင်ထိတော့ မရောက်ချင်ဒါကြောင့်အနည်းငယ် မြည်တွန်လိုက်ပြီး သူထံလာနေသော မီးလုံးများကို လက်ဖြင့်ကာထားလိုက်သည် ထိုအခါ မီးလုံးလေးများသည် အောက်သို့ပြုတ်ကြသွားကြပြီး ဒေါ်အုန်းလည်း ထိုသို့ဖြစ်မည်ကိုကြိုတင်သိရှိပြီးသားဖြစ်သည် ဒါပေမဲ့ သူအားလှောင်ရယ်သော ငတူးတို့ကို ဒေါသဖြစ်၍ပစ်လွှတ်လိုက်ချင်းဖြစ်ကာ သူပစ်လွှတ်လိုက်သော မီးလုံးများထိရောက်မှုမရှိတာကိုမြင်တော့ ကိုမြင့်ဆောင်ရှိနေ၍ဖြစ်မှန်းသိသိရက်နဲ့ပင် ဒေါသပိုထွက်လာသည် ဒါကြောင့် သူ၏တောင်ဝှေးရော ဖနောင့်ရောပါမြေကိုစုံပေါက်လိုက်ပြီး ပါးစပ်မှလည်း ငယ်သံပါတဲ့အထိစူးစူးဝါးဝါး အော်လိုက်သည် ထိုအော်သံအဆုံး သူ့ခန္ဓာကိုယ်မှ အရိပ်ပေါင်းများစွာခွဲထွက်လာပြီး ထိုအရိပ်များသည်ကိုမြင့်ဆောင်တို့ရှိရာထံသို့ပြေးဝင်လာကြသည် ထိုအရိပ်များ ကျတ်တက်လျှိုလယ်ပွဲထဲဝင်လာသည်နှင့် ဖိုးခေါင်ကြီးလည်း ဥနှဲပင်ပေါ်မှဗျောကနဲနေအောင်ဆင်းချလာပြီး ထိုအရိပ်များဆီကိုပြေးဝင်သွားသည် ထိုအသံကြီးကိုကြားတော့ ငတူးလည်း
“ဦးဖိုးခေါင် ဦးဖိုးခေါင်ကြီးဆင်းလာပြီ”
ငတူးလည်း ပြောပြောဆိုဆို ဥနှဲပင်ကြီးဘက်ကို လှည့်ကြည့်လိုက်သည် ထိုအခါ ဥနှဲပင်ကြီးဘက်မှ အရိပ်မဲကြီးတစ်ခု ပြေးလာတာကိုမြင်လိုက်ရပြီး ထိုအရိပ်မဲကြီးသည် သူတို့ထံပြေးလာနေသော ဒေါ်အုန်းကိုယ်မှထွက်သည် အရိပ်များဘက်ကို ပြေးသွားတာမြင်လိုက်ရသည် ငတူးလည်း ဦးဖိုးခေါင်ကြီးဆင်းလာ၍ဝမ်းသာသွားသလို မောင်စိုးနဲ့ဇော်မြင့်လည်း ဦးဖိုးခေါင်ဟုခေါ်သည့် အရိပ်မဲကြီးကိုကြည့်ကာ ထိတ်လန့်အံ့ဩနေကြသည် သူတို့လည်း ဦးဖိုးခေါင်ကို နာမည်ဖြစ်ရင်းနှီးနေကြပေမဲ့ အကောင်အထည်ကိုတော့ မမြင်ဘူးဒါကြောင့် ယခု ဦးဖိုးခေါင်အရိပ်ကြီးကိုကြည့်ကာ ဝမ်းသာရမလို ကြောက်လန့်ရမလိုဖြစ်နေကြပြီး ပါးစပ်အဟောင်းသားဖြင့်ဦးဖိုးခေါင်လုပ်သမျှကိုသာ လိုက်ကြည့်နေကြသည်။
ဦးဖိုးခေါင်လည်း အကွက်ထဲရောက်လာသည့် အရိပ်မှန်သမျှကို ဆွဲ၍လွှင့်ပစ်နေပြီး သူလွှင့်ပစ်လိုက်သောအရိပ်များသည်လည်း လေထဲမှာပင်အခိုးငွေ့များဖြစ်ကာ ပျေက်ကွယ်သွားကြသည် ထိုသို့ ဦးဖိုးခေါင်ကြီးအရိပ်များကို ဆွဲလွှင့်ပစ်နေတာမြင်တော့ ဒေါ်အုန်းလည်း ဒေါသပိုထွက်လာသည် ဒါပေမဲ့သူ ဦးဖိုးခေါင်ကြီးကိုတော့ တိုက်ခိုက်၍မဖြစ်သေးပဲ သူ့ကိုယ်မှမကောင်းဆိုးဝါးအရိပ်များကိုသာ ဆက်တိုက်ထုတ်လွတ်နေသည် ဦးဖိုးခေါင်လည်း ဒေါ်အုန်းထုတ်လွတ်သမျှအရိပ်များကို လမ်းတစ်ဝက်မှပင်ဖယ်ရှားပစ်နေပြီး တဲဘက်မရောက်အောင်တားဆီးနေသည် ကိုမြင့်ဆောင်ကတော့ ဒေါ်အုန်းကိုသာကြည့်နေပြီး ဒေါ်အုန်းဖိုးခေါင်ကြီးကိုတိုက်ခိုက်လျှင် အကာအကွယ်ပေးနိုင်ရန်ဖြစ်သည် ထိုသို့ဖြင့်အချိန်အတော်ကြာတော့ ဒေါ်အုန်းလည်း သူ့ကိုယ်မှအရိပ်များကို မထုတ်လွှတ်တော့ပဲ ဖိုးခေါင်ကြီး၏အရိပ်ကြီးကို သေချာစိုက်ကြည့်နေသည် ကိုမြင့်ဆောင်လည်း ဒေါ်အုန်း၏အကြည့်ကို သဘောပေါက်ကာ အလွတ်မပေးပဲသေချာစောင့်ကြည့်နေသည် ထိုအချိန်
“သေစမ်း တစ္ဆေကောင် နင်ကဘာမိုလို့ ငါ့အရိပ်တွေကို လွင့်ပစ်နေတာတုန်း”
ဒေါ်အုန်းလည်း ဒေါသတကြီးဖြင့် သူ့လက်မှတောင်ဝှေးဖြင့် ဖိုးခေါင်ကြီးကိုလှမ်းထိုးလိုက်သည် ထိုအခါ အနီရောင်အလင်းတန်းတစ်ခုထွက်လာပြီး ထိုအလင်းတန်းသည် အရင်တခါဖိုးခေါင်ကြီးအား ထိမှန်ခဲ့သော အလင်းတန်းပင်ဖြစ်သည် ကိုမြင့်ဆောင်လည်း ဒေါ်အုန်းတောင်ဝှေးဆီမှအလင်းတန်းပြေးထွက်လာတာမြင်သည်နှင့် သူ၏လက်ညှိုးဖြင့်ထိုအလင်းတန်းအားဖြတ်ထိုးထားလိုက်သည် ထိုအခါ အနီရောင်အလင်းတန်းလည်း ရှေ့ဆက်မတိုးနိုင်တော့ပဲ ကိုမြင့်ဆောင်လက်ညှိုးထိုးထားသည့်နေရာမှာပင်ရပ်နေသည် ဒေါ်အုန်းလည်း ထိုအဖြစ်အပျက်ကိုမြင်၍ ဒေါသမထိန်းနိုင်ပဲဖြစ်နေသလို ဖိုးခေါင်ကြီး၏အရိပ်ကြီးသည်လည်း ဒေါ်အုန်းကိုစိုက်ကြည့်နေသည် ဒေါ်အုန်းလည်း သူ့လက်ထဲမှတောင်ဝှေးကို ပြန်ရုတ်လိုက်ရင်း
“နင်တို့ နေနင်ဦးပေါ့ ငါ့အကြောင်းကို ထပ်သိစေရဦးမယ်”
ဒေါ်အုန်း ကျိတ်မနိုင်ခဲမရပြောရင်း အကွက်စပ်မှနေပြီး လှည့်ပြန်သွားသည် ဖိုးခေါင်ကြီးလည်း ဒေါ်အုန်းကိုကြည့်နေရာမှ သူတို့ဘက်ကိုလှည့်ကြည့်လိုက်ပြီး ဥနှဲပင်ကြီးဆီကို ပြန်သွားတော့သည် ငတူး မောင်စိုးနဲ့ ဇော်မြင့်တို့လည်း ဖိုးခေါင်ကြီးလှည့်ကြည့်သည့်အချိန် ထိတ်ကနဲဖြစ်သွားကြပေမဲ့ ဖိုးခေါင်ကြီးနောက်ကိုသာ လိုက်ကြည့်မိနေကြသည် ထိုအချိန် ဖိုးခေါင်ကြီးသည်လည်း ဥနှဲပင်ကြီးပေါ်တက်ကာပြန်လည်ပျောက်ကွယ်သွားတော့သည်။
“မင်းတို့ တော်တော်ပြဿနာရှာတဲ့ကောင်တွေပဲ”
ကိုမြင့်ဆောင်လည်း ငတူးတို့သုံးယောက်ကို စိတ်ဆိုးဒေါသထွက်ခြင်းမရှိပေမဲ့ ပါးစပ်ကတော့ပြောမိလိုက်သည်
“အေးဗျာ ကျုပ်တို့လည်းဒီလောက်ကြီးဖြစ်မယ်မထင်ဘူး အခုတော့ကိုမြင့်ဆောင် ကျုပ်တို့အတွက် ရန်မီးပွားသွားတာပေါ့”
“ငါရန်မီးပွားတာကပြဿနာမရှိဘူး မင်းတို့သာကို့ကိုယ်ကိုဂရုစိုက်နေကြ တော်ကြာဒီအဖွားကြီးက ငါ့ကိုမကျေနပ်ပဲ မင်းတို့ကိုတစ်ခုခုလုပ်မှာဆိုးရတယ်”
ကိုမြင့်ဆောင်လည်း သူ့အတွက်စိတ်မပူပဲ ငတူးတို့အတွက် စိတ်ပူ၍ပြောလိုက်ပြီး ငတူးတို့ကို အိပ်ခိုင်းလိုက်တော့သည် ငတူးတို့သုံးယောက်တဲပေါ်တက်သွားတော့ သူလည်းလသာစင်ပေါ်မှာထိုင်ရင်း ဥနှဲပင်ကြီးဘက်ကိုလှည့်ကြည့်နေမိသည်။
(၅)
“မောင်စိုး ဇော်မြင့် မင်းတို့နှစ်ယောက်ရွာထဲသွားပြီး အမဲသားနှစ်ပိဿာလောက်သွားဝယ်ကွာ”
မနက်မိုးလင်း၍ မျက်နှာသစ်ပြီးသည်နှင့် ငတူးလည်း မောင်စိုးနဲ့ဇော်မြင့်ကို ရွာထဲသွား၍အမဲသားဝယ်ဖို့ပြောလိုက်တော့
“ဘာလုပ်မှာတုန်းဗျာ့ ကျုပ်တို့မှ အမဲသားမစားတာ”
မောင်စိုးလည်း သူတို့ထဲကတစ်ယောက်မှအမဲသားမစား၍ ငတူးဝယ်ခိုင်တာကို စောဒကတက်လိုက်တော့
“ဒို့စားဖိုးမဟုတ်ဘူးကွ ဦးဖိုးခေါင်ကြီးကိုကျွေးဖို့ သူညက တို့ကိုကူညီထားတာ”
ငတူးရှင်းပြလိုက်တော့ မောင်စိုးသဘောပေါက်သွားပြီး
“ဟုတ်လား ဒါဆိုလည်း သွားဝယ်တာပေါ့ဗျာ ဒါနဲ့ဦးဖိုးခေါင်ကြီးက နှစ်ပိဿာလောက်နဲ့ဝပါ့မလားဗျာ့ ညတုန်းကမြင်လိုက်ရတဲ့ သူ့အရိပ်ကြီးကနည်းတာကြီးမဟုတ်ဘူး ”
မောင်စိုးလည်း သူတို့မြင်ခဲ့ရသော ဦးဖိုးခေါင်အရိပ်ကြီးကို ပြန်ယောင်ရင်းပြောလိုက်တော့
“ဝပါတယ်ကွာ ထမင်းနဲ့ရောကျွေးမှာကို”
“ဟုတ်လား ဒါဆိုလည်း ပိုက်ဆံပေး အခုသွားဝယ်လိုက်မယ်”
မောင်စိုးမျက်နှာကို ပုဆိုးနဲ့သုပ်ရင်းပြောလိုက်တော့
“အကြွေးဝယ်ခဲ့ကွာ ရွာပြန်ရောက်ရင်ပေးမယ်လို့ပြောလိုက်”
ငတူးလည်း သူ့လက်ထဲမှာ ပိုက်ဆံအဆင်သင့်မရှိ၍ပြောလိုက်တော့
“ဖြစ်ပါ့မလားဗျာ့ ဒေါ်လုံးကအမဲသားနှစ်ပိဿာဆို အကြွေးပေးမှာမဟုတ်ဘူး”
“ပေးပါတယ်ကွာ ငါကလို့မပြောနဲ့ ကိုမြင့်ဆောင်ဝယ်ခိုင်းတာလို့ပြောလိုက်”
ငတူး အကြွေးယူလို့ရမည့်သူနာမည်ကိုပြောခိုင်းလိုက်ပြီး စိတ်မလုံ၍ နောက်ကိုလှည့်ကြည့်လိုက်တော့ သူတို့နောက်တွင် ရောက်နေသည့်ကိုမြင့်ဆောင်ကို မြင်လိုက်ရပြီး သွားကြီးဖြဲ၍ပြုံးပြလိုက်သည် ကိုမြင့်ဆောင်လည်း သူတို့နှစ်ယောက်ကိုကြည့်ရင်း
“ဘာတုန်းကွ ငါ့နာမည်ပြောပြီးယူခိုင်းနေတာ”
ငတူးလည်း ကိုမြင့်ဆောင်ကြားသွားပြီမို့မထူးတော့ပဲ
“ဒီလိုဗျာ့ ဦးဖိုးခေါင်ကြီးကိုကျွေးဖို့ အမဲသားနှစ်ပိဿာလောက်ဝယ်ချင်လို့ဗျာ့ အဲ့ဒါကျုပ်ဆီမှာပိုက်ဆံမရှိသေးတာနဲ့ ကိုမြင့်ဆောင်နာမည်နဲ့အကျွေဝယ်ချင်လို့ နောက်ကျုပ်မှာရှိတော့ပြန်ဆပ်ပါမယ်”
ကိုမြင့်ဆောင်လည်း ငတူးလုပ်ခြင်တာကိုသိသွားပြီဖြစ်၍
“ပြန်ဆပ်မနေနဲ့ ငါ့ပဲပေးလိုက်မယ် ကဲမောင်စိုးငါ့နာမည်နဲ့ပဲ ယူခဲ့ကွာ ငါရွာရောက်တော့ပေးမယ်လို့ပြောလိုက်”
“မဟုတ်သေးဘူးဗျာ့ ကျုပ်ကကျုပ်ပိုက်ဆံနဲ့ကျွေးချင်တာ”
ကိုမြင့်ဆောင်လည်း ငတူးဖိုးခေါင်ကြီးပေါ်စေတနာရှိနေမှန်းသိ၍
“ဒါဆိုလည်းပြီးရောကွာ ငါ့နာမည်နဲ့ဝယ်ပြီး မင်းဆပ်လိုက်ပေါ့”
သူလည်း ငတူး၏စေတနာကိုနားလည်း၍ သူ့စိတ်ထဲရှိသည့်အတိုင်းလုပ်ခိုင်းလိုက်ပြီး မျက်နှာသစ်၍တဲပေါ်ပြန်တက်လာသည်။
“ကဲ သွားဝယ်တော့ကွာ မင်းတို့ပြန်လာရင် တန်းချက်ကျွေးမှာ”
ငတူးလည်း မောင်စိုးနဲ့ဇော်မြင့်ကိုအမဲသားဝယ်ဖို့လွှတ်လိုက်ပြီး သူကတော့တင်းကုတ်ထဲမှနွားများကို ကြိုးဖြည်၍လွှတ်လိုက်သည် ဒီအချိန် သူတို့အလုပ်သည်လည်း နွားကျောင်းရုံသက်သက်သာရှိတော့ပြီး နေ့လည်းအားညလည်းအားဖြစ်နေ၍ အားသည့်အလျောက်လျှောက်သွားနေကြပြီး သွားသည့်အလျောက်ဒေါ်အုန်းနဲ့တွေ့ကာ တွေ့သည့်အလျောက် ပြဿနာဖြစ်ကြပြီး ဖြစ်သည့်အလျောက် ဖိုးခေါင်ကြီးကူညီ၍ ကူညီသည့်အလျောက် ဖိုးခေါင်ကြီးကို ပြန်ပြီးကျွေးမွေးကြမည်ဖြစ်သည် ငတူးလည်း အလျောက် အလျောက်တွေ တွေးနေရင်းရွာပြန်သွားသည့် မောင်စိုးနဲ့ဇော်မြင့်ကို လှမ်းကြည့်နေမိသည် ထိုသို့ကြည့်နေရင်းလည်း ဒီနေ့ည ဖိုးခေါင်ကြီးကိုအမဲသားကျွေးပြီးလျှင် ဘယ်ရွာကိုသွားရမည်ဆိုတာ စဉ်းစားနေမိသည်။
နေ့လည်ဆယ်နှစ်နာရီလောက်ကြတော့ မောင်စိုးနဲ့ဇော်မြင့်ပြန်ရောက်လာပြီး ငတူးလည်း ရောက်ရောက်ချင်းပင်သူတို့ဆီမှာပါလာသော အမဲသားများကိုယူ၍ချက်ပြုတ်လိုက်ပြီး
“ကိုမြင့်ဆောင် ဦးဖိုးခေါင်ကြီးကို ဘယ်လိုကျွေးရမှာတုန်းဗျာ့”
သူလည်းအခုတစ်ခါကျွေးရသည်မှာ အရင်လိုနွားကျောင်းများဆီမှစုယူထားသောထမင်းမဟုတ်၍ ဘယ်လိုကျွေးရမှန်းမသိပဲဖြစ်နေပြီး ကိုမြင့်ဆောင်ကိုလှမ်းမေးလိုက်သည် ကိုမြင့်ဆောင်လည်း
“အရင်အတိုင်းပဲကျွေးပေါ့ကွ အတူတူပဲကို”
“ဟုတ်လားဒါဆိုလဲပြီးရောဗျာ အရင်အတိုင်းပဲကျွေးလိုက်မယ်”
ငတူးလည်း သူချက်ထားသောထမင်းနဲ့ဟင်းများကို တောင်တစ်လုံးထဲငှက်ပျောရွက်ခင်း၍ ထည့်လိုက်ပြီး ဥနှဲပင်ကြီးအောက်ကို ယူလာခဲ့သည် ထိုနေရာသို့ရောက်တော့
“ဟေ့ကောင်တွေ အဲ့ဒီနေရာမှာငှက်ပျောရွက်ခင်းကွာ”
သူလည်း သူအရင်ကျွေးနေကြ နေရာလေးတွင် မောင်စိုးနဲ့ဇော်မြင်ကို ငှက်ပျောရွက်ခင်းခိုင်းလိုက်ပြီး တောင်းထဲထည့်ယူလာသော ထမင်းနဲ့အမဲသားဟင်းများကို ပုံလိုက်သည် ထို့နောက်
“ဤအပင်မှာနေသော တစ္ဆေကြီးဦးဖိုးခေါင်ခင်ဗျာ ကျွန်တော် ငတူးနဲ့ဒီကမောင်စိုး ဇော်မြင့်တို့က ဦးဖိုးခေါင်ညတုန်းကကူညီခဲ့သည့်အတွက် အမဲသားဟင်းနဲ့ထမင်းများကို ကျွေးမွေးပါသည် လာရောက်စားသောက်လှည့်ပါ စားပြီးရင်လည်း ကျွန်တော်တို့နဲ့အတူ ညောင်ပင်ကုန်းရွာကို လိုက်ခဲ့ပါဦး ကျွန်တော်တို့ရွာလည်သွားချင်လို့ပါ”
ငတူးလည်း ဖိုးခေါင်ကြီးကိုကျွေးရင်း သူတို့နှင့်အတူဒီည ညောင်ပင်ကုန်းရွာကို လိုက်ခဲ့ဖို့ပါဖိတ်ခေါ်လိုက်သည် ထိုအခါ ဖိုးခေါင်ကြီးလည်း ငတူးပြောတာကို သူနားလည်သည့်သဘောဖြင့် ဥနှဲပင်ကိုင်းများကို လှုပ်ခါပြလိုက်တော့သည်။
အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်
စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။
ကိုမြင်ဆောင်