လိပ်ပြာနှုတ်သူ(စ/ဆုံး)
——————-
စောစောကမှနေဝင်သွားတာဖြစ်ပေမယ့်သူမတို့ကျေးလက်အဖို့
လျှပ်စစ်မီးမရှိတာကြောင့် မကြာမီအချိန်အတွင်းမှာမှောင်စပျိုးတော့မယ်ဆိုတာ သူမသိလိုက်သည်။ဒါကြောင့်မို့ သူမတို့အိမ်လင်းလင်းထင်းထင်းရှိစေရန် ဖယောင်းတိုင်နဲ့မီးခြစ်ကိုအသင့်ထားမှဟုတွေးမိပြီးသူမချုပ်လက်စ
အဝတ်ကိုချထားကာမီးဖိုချောင်သို့ကူးလာခဲ့သည်။
“ဒုက္ခပဲ နေ့လည်ကမှထမင်းချက်တော့ မီးခြစ်ကိုဒီနားထားထားတာပါ ဘယ်ရောက်သွားပါလိပ်”
ထားနေကျနေရာမှမီးခြစ်ကိုမတွေ့လိုက်ရသောကြောင့်သူမညည်းညည်းညူ ညူ ဖြင့်မီးဖိုချောင်အတွင်းသို့မွှေနှောက်ကာရှာဖွေနေမိသည်။
အတန်ကြာရှာဖွေပြီးသည့်အထိမတွေ့လိုက်ရသောကြောင့်သူမတစ်ချက်စဉ်းစားလိုက်ပြီး သူမယောက်ျားကိုဖိုးထင်ကိုသတိရသွားသည်။
ကိုဖိုးထင်က တစ်ခါတစ်လေဆေးသောက်တတ်သည်မဟုတ်ပါလား။
“ကိုရင်ဖိုးထင် တော်မီးခြစ်ယူထားလားဒီမှာရှာမတွေ့လို့”
အိမ်ရှေ့ကွတ်ပျစ်မှာအကြမ်းရည်သောက်နေသော ကိုဖိုးထင်ကိုလှမ်းမေးလိုက်ရင်းအတန်ကြာသည့်အထိစကားပြန်မကြားရသောကြောင့်သူမ ကိုရင်ဖိုးထင်အသက်မှရှိသေးရဲ့လားဟုအတွေးဖြင့်အိမ်ရှေ့ထွက်လာခဲ့သည်။
အိမ်ရှေ့ရောက်တော့ သူမ အကြမ်းရည်သောက်ရင်းအိမ်ရှေ့တစ်နေရာသို့ငေးမောနေသောကိုဖိုးထင်ကိုလှမ်းမြင်လိုက်ရသည်။
ကိုဖိုးထင်ငေးမောနေသည့်နေရာကိုသူမလှမ်းကြည့်လိုက်သောအခါတွေ့လိုက်ရသောမြင်ကွင်းတစ်ခုကြောင့်သူမဒေါပွသွားသည်။
လူကိုဖမ်းစားမတတ် အီစီကလီမျက်လုံးနှင့်သနပ်ခါးကိုအဖွေးသားလူးထားပြီး သေတ္တာတစ်လုံးသယ်လာတဲ့မိန်းမတစ်ယောက် သူမယောက်ျားကိုဖိုးထင်ကိုညို့ငင်သည့်မျက်လုံးဖြင့်တစ်ယောက်ကိုတစ်ယောက်ကြည့်နေတာကိုမြင်လိုက်ရသောကြောင့်ဖြစ်သည်။
ထိုသေတ္တာသည်ကိုသူမ လွန်ခဲ့သည့်နှစ်ရက်လောက်ကတည်းကသတိထားမိနေတာဖြစ်ပြီး
သူမလင်တော်မောင် ကိုဖိုးထင်နဲ့ပတ်သက်နေသည်ဟုသူမသံသယဝင်နေမိသည်။
ကိုဖိုးထင်က ထိုသတ္တာသည်မကို အီပြုံးပြုံးပြပြီးထိုသေတ္တာသည်မ
ခြံရှေ့ဖြတ်လျှောက်ပြီးသည်အထိသမင်လည်ပြန်တောင်ကြည့်နေလိုက်သေးသည်။ သူမဒေါပွပွဖြင့်ကိုဖိုးထင်အနီးသို့လျှောက်လာခဲ့သည်။
“ဇာတ်ကြောတွေဘာတွေများ လွဲသွားပါဦးမယ် ကိုရင်ဖိုးထင်”
သူမအသံကြားမှ ကမန်းကတမ်းမျက်နှာလွှဲလိုက်ပြီးမသိသလိုလုပ်နေသောကိုဖိုးထင်ကိုကြည့်ပြီး သူမအူယားလာမိသည်။ ယောက်ျားဆိုတာမျိုးကမခုတ်တတ်တဲ့ကြောင်ဆိုတာမျိုးကတကယ်မှန်တာပဲဟုတွေးမိသည်။
“ကဲ လင်းစမ်းပါဦး အဲ့ဒီသေတ္တာသည်မနဲ့ ဘယ်အချိန်ကတည်းကမျက်လုံးချင်းစကားပြောနေတာလဲ တော်လိမ်ဖို့မကြိုးစားနဲ့ တော့်ဗိဇကို ကျုပ်သိတယ်”
“အေးကြည်မရာ မင်းတကယ်ခက်တာပဲ အရာရာကိုသဝန်တိုအူတိုဖြစ်နေလို့မင်းနဲ့ငါမတည့်တာ မင်းကိုငါလိမ်လဲမလိမ်ဘူး ညာလဲမညာဘူး အခုကြည့်တာကငါတို့အိမ်အတွက်သေတ္တာတစ်လုံးလောက်ဝယ်မလားလို့စဉ်းစားနေတာ”
လျှာအရိုးမရှိလျှောက်ပြောနေသောသူမလင်တော်မောင်ကိုကြည့်ပြီးသူမမရယ်ချင်ပဲဟားတိုက်ရယ်မောလိုက်သည်။အရင်တုန်းကကိုဖိုးထင်ရဲ့လှည့်စားမှု့ကိုအကြိမ်တော်တော်များများခံလာပြီးပြီမို့သူမအနေနဲ့နှောကြေနေပြီဖြစ်သည်။
“တော်ကသေတ္တာဝယ်ရအောင် ဘာတွေထည့်မှာတုန်း ထည့်လောက်စရာပစ္စည်းကောရှိရဲ့လား ဘာမှစုစုဆောင်းဆောင်းမရှိပဲ ဘာတွေများထည့်ချင်တာလဲ တော်နော် တော်နဲ့ကျုပ်စကားမများချင်ဘူး ဒီရွာရောက်တာတစ်နှစ်လောက်ပဲရှိသေးတယ် ကျုပ်အရှက်မကွဲချင်ဘူး”
သူမစိတ်ဆိုးမာန်ဆိုးဖြင့် ကိုဖိုးထင်နံဘေးက မီးခြစ်ကိုကောက်ယူကာ ပြန်ထွက်လာခဲ့သည်။အိမ်ပေါ်သို့ရောက်ခါနီးမှနောက်သို့ပြန်လှည့်လိုက်ပြီး
“ပြောထားမယ်နော်ကိုဖိုးထင် ဘာသံညာသံမှမကြာချင်ဘူး
တခြားကောင်မတွေနဲ့အသံထွက်လာလို့ကတော့ တော့်အသက်ဖက်နဲ့ထုတ်ထားးးး”
သူမအိမ်ပေါ်ရောက်တော့ ကိုဖိုးထင်ကြားအောင် တမင်ဖနောင့်နဲ့ကြမ်းပြင်ဆောင့်ကာတတ်လာခဲ့သည်။
••••••••••••••••
“ညည်းနဲ့တကယ်လိုက်တယ် အေးကြည်မရဲ့ ညည်းတို့လိုငယ်ရွယ်တဲ့သူတွေအဖို့ အရောင်လွင်လွင်လေးတွေဝတ်သင့်တယ် ဒီအဝါနုရောင်အိကျီ င်္ င်္လေးယူမယ်ဆို ဟော့ဒ်ီပါတိတ်လေးပါယူလိုက်
လိုက်ဖက်တယ်”
အထည်သည်ဒေါ်ဘုမရဲ့ ရွန်းရွန်းဝေပြောသည့်စကားကိုကြားပြီးသူမရှေ့တွင်ရှိနေသောအထည်များအားလှန်လောကြည့်နေမိသည်။
ထိုအဝတ်အထည်များကိုသူမလိုချင်သော်လည်းဝယ်ရကောင်းမလားချင့်ချိန်နေမိသည်။
“အမလေး အေးကြည်မရယ် အထည်လေးတစ်ထည်နှစ်ထည်ဝယ်ဖို့အရေးစဉ်းစားမနေပါနဲ့အခုချက်ချင်းပေးရမှာမဟုတ်ပါဘူး စပါးပေါ်ပြီးမှပေးရမှာပါအေ”
“သြော်ဒေါ်ဘုမရယ် ကျွန်မလိုသာဆိုဝယ်ချင်တာပေါ့ ဒါပေမယ့်ကိုယ့်အခြေအနေကိုယ်ကြည့်နေရသေးတယ်”
ဒေါ်ဘုမက မရောင်းရမည်စိုးသည့်မျက်နှာထားဖြင့်
“အမလေး ဒီနှစ်တစ်ရွာလုံးစပါးအထွက်ကောင်းပြီး စီးပွားရေးအဆင်ပြေနေကြတယ် ဆိုတာကိုငါသိပါတယ်အေ ညည်းကဘာတွေချင့်ချိန်နေတာတုန်း”
“ဒေါ်ဘုမကလည်း စပါးအထွက်ကောင်းပေမယ့် ကျွန်မတို့ကလယ်ငှါးလုပ်ရတာလေ ဒါကြောင့်လယ်ပိုင်ရှင်ကိုသုံးပုံတစ်ပုံပေးရဦးမှာ”
ဒေါ်ဘုမက ကျွန်မစကားကိုနားမဝင်ဟန်ဖြင့်သူမစောစောကကိုင်ကြည့်နေသောအဝါနုရောင်ဝမ်းဆက်နှစ်မျိုးကိုယူကာကျွန်မလက်ထဲသို့အတင်းထည့်ပေးရင်း
“ယူသာထားလိုက် အေးကြည်မ နောက်မှပိုက်ဆံလာကောက်မယ်
ဒီအထည်တွေဝတ်လိုက်ရင်ညည်းယောက်ျား ညည်းအပေါ်အရင်ကထက်ပိုဂရုစိုက်လိပ်မယ်”
စပ်စုတတ်သောဒေါ်ဘုမက သူမအကြောသိနေပုံပေါက်သည်။သူမကနောက်ဆုံးမှာတော့ထိုအထည်ကိုဝယ်ယူဖို့ဆုံးဖြတ်လိုက်သည်၊၊
“ဒါဆို ဒီနှစ်ထည်ယူလိုက်မယ်နော် ဒေါ်ဘုမနောက်နှစ်ရက်လောက်နေမှပိုက်ဆံလာကောက်လှည့်”
သူမဒေါ်ဘုမအားနှုတ်ဆက်ပြီးသူမအိမ်ရှိရာသို့ပြန်လာခဲ့သည်။
ဒေါ်ဘုမဆီသူမ အစတုန်းကတော့ ကိုဖိုးထင်နဲ့အကြည်စိုက်နေသည့် သေတ္တာသည်မအကြောင်းမေးမြန်းဖို့လာတာဖြစ်ပြီး နောက်မှသူမတို့ဂုဏ်သိက္ခာကျပါတယ်လေဟုတွေးမိကာမမေးဖြစ်ခဲ့တော့ပေ။
အိမ်သို့ရောက်ခါနီးမှာတော့ သူမတို့အိမ်ထဲကနေ ကျော့မော့နေအောင်ပြင်ဆင်ကာ အပြင်သို့ထွက်လာသောကိုဖိုးထင်ကိုမြင်လိုက်ရသည်။
“ဒါက ဘယ်ကိုလူပျိုလှည့်မလို့တုန်း ကိုဖိုးထင်”
“သြော် မင်းဘယ်သွားနေတာလဲ မိန်းမ
ငါအခုရွာတောင်ပိုင်းက ကိုမင်းတို့နာရေးအိမ်သွားမလို့
ညနေစာမစားတော့ဘူးမိန်းမ”
ထိုအခါမှသူမ ရွာမှာနာရေးရှိတာကိုသတိရလိုက်သည်။အစကသူမစိတ်ထဲ ဟိုသေတ္တာသည်မနဲ့များသွားမလို့လားဟုသံသယဝင်နေမိသည်။
“ဒါဆိုမြန်မြန်သွားပြီး မြန်မြန်ပြန်လာနော် ဖဲတွေဘာတွေဝင်ရိုက်မနေနဲ့ဦး တော်ကြာဖဲလိမ်ရိုက်ခံနေရဦးမယ်”
တစ်ဖက်ရွာကဖဲဝိဇ္ဇာတွေရောက်နေသည်ဟုသတင်းကြားထားသောကြောင့်သူမ ကိုဖိုးထင်ကိုသတိလှမ်းပေးလိုက်ရသည်။သို့သော်သူမထင်သလိုမဖြစ်လာခဲ့ပါ။
••••••••••••••••
“မပေးနိုင်ဘူးကို ဖိုးထင် ဒီစပါးရောင်းရတဲ့ငွေတွေက နောက်နှစ်ကျအရင်းအနှီးလုပ်ဖို့ရှိသေးတယ် တော်ဘယ်လိုပြောပြောမပေးနိုင်ဘူး”
လူနာအမဲခြောက်တောင်းသလို တဂျီဂျီနဲ့အပူကပ်နေသော ကိုဖိုးထင်ကိုသူမပြတ်ပြတ်သားသားပြောပစ်လိုက်သည်။
တကယ်လည်း ထိုငွေများကနောက်နှစ်အတွက်အရင်းအနီးလုပ်ဖို့ပင်ဖြစ်သည်။
“ဒီမိန်းမပြောရတာ တော်တော်လက်ပေါက်ကပ်တယ် ခဏလောက်နေကျ မင်းကိုနှစ်ဆမဟုတ်ဘူးသုံးဆပြန်ပေးမယ်
မြန်မြန်ပေး ဝိုင်းမပြီးခင်ပြန်သွားရမှာ”
“ဒါကြောင့်တော့ကို ဖဲမဆော့ပါနဲ့လို့ပြောထားတာကို ဟိုဖဲဝိဇ္ဇာတွေကတော့လိုငအူငအကိုပါးပါးလေးပုတ်သွားမှာပေါ့
မပေးနိုင်ဘူး တော်ကျုပ်ကိုတောင်းချင်သလောက်တောင်းမပေးနိုင်ဘူး
ဘယ့်နှယ့်တော်မနေ့ကလည်းရှုံးဒီနေ့လည်းရှုံး အီးဟီးဟီးးး”
ဖဲရှုံးပြီးမွှန်နေသော ကိုဖိုးထင်ကိုကြည့်ပြီး သူမငိုချလိုက်သည်။
“အေးကြည်မ ငါနင့်ကို ငိုခိုင်းနေတာမဟုတ်ဘူး ပိုက်ဆံတောင်းနေတာ ပေးမှာလားမပေးဘူးလား ငါနင့်ကိုစိတ်ကုန်နေပြီနော်”
“သြော် အခုမှပဲ စကားမှန်တွေထွက်လာတော့တယ် တော်ကကျုပ်ကိုစိတ်ကုန်နေပြီဆိုတော့ နောက်တစ်ယောက်တွေ့နေပြီပေါ့ ဟုတ်လား အခုပိုက်ဆံတောင်းတာလည်းအဲ့ဒီနောက်တစ်ယောက်ကိုပံပိုးမလို့မဟုတ်လား ဘယ်သူလည်းအဲ့ဒီတစ်ယောက် ဟိုသေတ္တာသည်မမှဟုတ်ရဲ့လား”
သူမကိုဖိုးထင်အပေါ်တေးထားသမျှပေါက်ကွဲပစ်လိုက်သည်။
သူမစကားကိုကြားပြီးကိုဖိုးထင်ရဲ့မျက်နှာနီမြန်းလာကိုသူမတွေ့လိုက်ရသည်။
“တော်တော်ကြားချင်နေတာပေါ့ဟုတ်လား မဖြစ်တော့ဘူးနည်းနည်းလောက်ဆုံးမမှဖြစ်တော့မယ်”
သူမရှေ့တွင်ရှိနေသော ကိုဖိုးထင်ကသူမအားရုတ်တရက်ဆောင့်ဆွဲလိုက်သည့်အရှိန်ကြောင့်သူမအရှိန်ဖြင့်သူမခေါင်းအားတိုင်ဖြင့်တိုက်မိလိုက်သောကြောင့်သူမမူးမိုက်သွားကာလောကကြီးနှင့်ခေတ္တအဆက်အသွယ်ပြတ်သွားသည်။
•••••••••••••••••
သူမပြန်သတိရလာတော့ သူမရဲ့လက်နှစ်ဖက်ကို အိမ်တိုင်နဲ့လက်ပြန်တုတ်နှောင်ထားတာကိုတွေ့လိုက်ရသည်။တအိမ်လုံးလည်းပွစာကျဲနေပြီး မွှေနှောက်ရှာဖွေနေသော ကိုဖိုးထင်ကိုသူမလှမ်းမြင်လိုက်ရသည်။
“ကိုဖိုးထင် ကျုပ်ကိုဘာလို့လက်ပြန်တုတ်ထားတာလဲ အခုလွှတ်ပေးစမ်း”
“ပါးစပ်ပိတ်ထားစမ်းကောင်မ နောက်တစ်ခါအသံထွက်လို့ကတော့နင့်ကိုငါကိုယ်တိုင်သတ်ပစ်မယ်”
ကိုဖိုးထင်ရဲ့စကားကြောင့်သူမထောင်းခနဲ့ဒေါသထွက်သွားသည်။
“ကိုဖိုးထင်ရှင်တော်တော်ကိုမွှန်နေပြီပဲ ရှင့်ဟာမကိုပေးဖို့ ရှာထားလိုက်တာများမြင်မကောင်းဘူး ”
နောက်ဆုံးမှာသူမဖွက်ထားသောငွေတွေကိုကိုဖိုးထင်တွေ့သွားတာကိုသူမမြင်လိုက်ရသည်။
ငွေထုတ်နဲ့အတူသူမတစ်နေ့ကဝယ်ထားသော အထည်များကိုပါကိုဖိုးထင်ကိုင်ကြည့်နေတာကိုမြင်လိုက်ရသည်။
“အံမယ် အထည်တွေဘာတွေဝယ်ထားတာပါလား ဒါတွေဝတ်လို့မင်းကိုယ်မင်းလှမယ်လို့ထင်နေတာလား ဒီအထည်အဆင်လေးက မင်းပြောနေတဲ့သေတ္တာသည်မလေးနဲ့ဆိုအရမ်းလိုက်မှာပဲဟဲဟဲ”
“ရှင်တော်တော် တဏှာရူးတဲ့လူ ကျုပ်ပစ္စည်းတွေပြန်ချထားလိုက်စမ်း”
ကိုဖိုးထင်က သူမအနီးသို့ရောက်လာပြီးလက်နှီးစုတ်တစ်စုတ်ဖြင့်
သူမပါးစပ်ထဲသို့ထိုးသွားလိုက်သည်။
“အခုမှပဲနားအေးသွားတာပဲ အမှန်တိုင်းပြောရရင်မင်းနဲ့ပေါင်းရတာတာ
်စိတ်ကုန်နေပြီ”
ကိုဖိုးထင်က သူမအားနှုတ်ပိတ်ပြီးအပြင်သို့လှမ်းမျှော်ကြည့်လိုက်သည်။ထိုနောက်သူတစ်စုံတစ်ယောက်ကိုမြင်တွေ့သွားဟန်တူသည်။
“ပြောရင်းဆိုရင်း မင်းမျှော်နေတဲ့ သေတ္တာသည်မလေးတောင်ရောက်နေပြီ ဒီအထည်လေးလက်ဆောင်ပေးပြီး ကြည်နူးလိုက်ဦးမယ်မင်း အိမ်ထဲကနေအသာလေးနားထောင်နေ ဟဲဟဲ”
ကိုဖိုးထင်အိမ်ပေါ်ကနေဆင်းသွားတော့ သူမစိတ်တွေဗြောင်းဆန်နေတာတာတော့အမှန်ပင် စီးကျလာသောမျက်ရည်စများနဲ့အတူ နားစွင့်နေမိသည်။
“အမရေ အိမ်ထဲဝင်ပါဦး…”
ပြီးတီတီအသံဖြင့်ဖိတ်ခေါ်လိုက်သောကိုဖိုးထင်ရဲ့အသံကိုသူမကြားနေရသည်။
“အမကိုခေါ်တာလား မောင်လေး……”
သေတ္တာသည်မရဲ့အသံကိုကြားပြီး နောက်ဆုံးတော့ခေါ်ရပြီပေါ့ဟူသောအမူအရာကိုသူမမြင်ယောင်နေမိသည်။
“သေချာတာပေါ့ အမကိုလှမ်းမခေါ်လို့ဘယ့်သူ့ကိုခေါ်ရမှာလဲဟဲ”
“ခစ်ခစ်ခစ်”
နောက်ဆုံးသေတ္တာသည်မရဲ့ဖြားယောင်းသည့်ရယ်သံကိုကြားပြီး ဗိုင်းခနဲ့ သေတ္တာကြီးကိုမြေပေါ်သို့ချလိုက်သည့်အသံကိုသူမကြားလိုက်ရသည်။သူမဆက်လက်နားထောင်နိုင်စွမ်းမရှိတော့ချေ။
••••••••••••
“အေးကြည်မရေ ငါအထည်ဖိုးလာကောက်တာဟေ့”
အိမ်ခြံဝန်းတံခါးပွင့်နေပေမယ့် လူရိပ်လူချည်မမြင်ရသောကြောင့်
ဒေါ်ဘုမစိတ်ထဲ အထည်ဖိုးမပေးချင်လို့ပုန်းများနေသလားဟုသံသယဝင်မိသည်။
လူရိပ်မမြင်သောကြောင့်လှည့်ပြန်မည်အပြု ညည်းညူ သံတစ်ချက်ကိုကြားလိုက်ရသောကြောင့်ဒေါ်ဘုမခြေလှမ်းများရပ်တန့်သွားသည်။
“အေးကြည်မ ညည်းအိမ်ပေါ်မှာလား”
ဒေါ်ဘုမပြောပြောဆိုဆိုဖြင့် အိမ်ပေါ်တတ်လာတော့ အိမ်ပေါ်မှာကြိုးတုတ်လျက်သားတွေ့ရသော
သ်ူမကိုမြင်ပြီးဒေါ်ဘုမထိတ်လန့်သွားမိသည်။
“ဟဲ့ အေးကြည်မ ဘယ်လိုဖြစ်တာလဲ အနုကြမ်းစီးခံရတာလား”
ကြိုးများကိုဖြည်ပေးလိုက်ပြီး ပါးစပ်မှာဆို့ထားသို့အဝတ်ကိုဖယ်လိုက်ပေမယ့် မျက်ရည်တွေအပြည့်နဲ့ရှိနေသေသူမကိုဒေါ်ဘုမစိုးရိမ်တကြီးမေးလိုက်သည်။
“ကျုပ်ကဘာချမ်းသာလို့အနုကြမ်းစီးခံရမှာလဲ ကိုဖိုးထင်ပေါ့ ကိုဖိုးထင်ကျွန်မအပေါ်လုပ်ရက်တယ်ဒေါ်ဘုမရယ် အီးဟီးးးး”
“ဒါဆိုနင့်ကိုဒီလိုလုပ်သွားတာဖိုးထင်ပေါ့ လင်နဲ့မယားလျှာနဲ့သွားပေါ့အေ နင်ကနည်းနည်းအလျော့ပေးပေါ့”
မျက်ရည်များဖြင့်စိုရွှဲနေသည့်သူမမျက်နှာကိုကြည့်ပြီးဒေါဘုမဂရုဏာသက်မိသည်။
“မဟုတ်ဘူးဒေါ်ဘုမ ကိုဖိုးထင်စပါးရောင်းရငွေတွေယူပြီးမယားငယ်နောက်လိုက်သွား
သူသူ ကျုပ်ကိုထားပြီတော့ အီးဟီးးးး”
“ဟော်တော် ညည်းဟာကသေချာရဲ့လားအေ ဖိုးထင်ကဘယ်ကမယားငယ်ရှိလို့လဲ ငါတို့မကြာမိပါဘူး”
အေးကြည်မသက်ပြင်းတစ်ချက်ချကာဒေါ်ဘုမအားလှမ်းကြည့်လိုက်သည်။
“ကျွန်မရှက်လို့ဘယ်သူ့မှမပြောပဲထားတာ တကယ်တော့ကိုဖိုးထင်က မိန်းမအရမ်းပွေတာ အခုလိုက်ပြေးတဲ့သေတ္တာသည်မနဲ့အကြည်စိုက်နေတာကြာပြီ”
“သေတ္တာသည် ဟဲ့အေးကြည်မငါတို့ရွာဘယ်ကသေတ္တာသည်ရှိလို့လဲ”
“ရှိတယ်ဒေါ်ဘုမ အဲ့ဒီသေတ္တာသည်မက ညနေတိုင်းဆိုကျွန်မတို့အိမ်ရှေ့ကဖြတ်တာ ကိုဖိုးထင်ကိုစားမတတ်ဝါးမတတ်ကြည့်တာကျွန်မရိပ်မိတယ်”
လင်စိတ်ကြောင့်စိတ်မတညိငြိမ်ဖြစ်နေသောအေးကြည်မကိုရေတစ်ခွက်ခတ်ပေးရင်းအေးကြည်မအားလှမ်းလိုက်သည်။
“ငါ့ကိုသေချာရှင်းပြစမ်းပါအေ သေတ္တာလိုချင်မြို့ပေါ်တတ်ဝယ်နေကြမဟုတ်လား ညနေမိုးချုပ်ကြီးဘယ်ကသေတ္တာသည်ကလာမှာလဲ ”
“ကျွန်မကိုမနှစ်သိမ့်ပါနဲ့ဒေါ်ဘုမရယ် ကိုဖိုးထင်အဲ့ဒီသေတ္တာသည်မနဲ့လိုက်သွားတာကျွန်မနားနဲ့ဆက်ဆက်ကြားထားတယ် သူကျွန်မအိမ်ထဲဝင်လာပြီး သူ့သေတ္တာမြေပေါ်ချလိုက်တဲ့အသံကျွန်မကြားရတယ်”
အေးကြည်မစကားကိုကြားပြီး ဒေါ်ဘုမတစ်စုံတစ်ရာကိုသတိရသွားသည်။
“ခဏနေဦးအေးကြည်မ အဲ့ဒီသေတ္တာသည်မပုံကိုပြောစမ်း”
“ဆံပင်ဖားလျားချထားတယ် သနပ်ခါးကိုပါးကွပ်ကြားလူးထားတယ်
လုံးကြီးပေါက်လှအဆင်ပဲ ဒေါ်ဘုမ”
ဒေါဘုမစိတ်လှုပ်ရှားစွာဖြင့်အေးကြည်မအားလှမ်းကြည့်မိသည်။
“အဲ့ဒီမိန်းမက ဘာဝတ်ထားလဲ အဝါရောင်ဝတ်ထားတာမဟုတ်လား”
“ဟုတ်တယ် ဒေါ်ဘုမအဝါရောင်ဝမ်းဆက်ဝတ်ထားတာဒေါ်ဘုမသူ့ကိုသိလား”
ဒေါ်ဘုမ အေးကြည်မအားဂရုဏာသက်စွာကြည့်လိုက်ပြီး
“ညည်းယောက်ျားရှိတဲ့နေရာငါသိပြီလို့ထင်တယ် အေးကြည်မ”
•••••••••••••••
ဒေါ်ဘုမသွားရာနောက်ကနေလိုက်ပြီး သူမစိတ်ထဲကြုံးဝါးနေမိသည်။
“လင်ခိုးမ တွေ့လို့ကတော့ သူသေကိုယ်သေဆွဲလုပ်ပစ်မယ်”
အတန်ကြာသွားပြီးတဲ့အခါမှာတော့ ဒေါ်ဘုမသွားသည့်နေရာက ရွာပြင်ကသုသန်ဆီသို့ဦးတည်နေတာကိုသူမသိလိုက်ရသည်။
“ဒေါ်ဘုမအဲ့ဒီကောင်မက ရွာပြင်မှာနေတာလား ဒါမှမဟုတ်ဒင်းတို့နှစ်ယောက် တခြားရွာထွက်ပြေးမလို့လား”
သူမမေးခွန်းကိုပြန်မဖြေပဲ သုသန်အနီးရောက်တော့ ဒေါ်ဘုမကသုသန်ထဲကဇရပ်အိုဆီသို့လှမ်းကြည့်လိုက်သည်။
“ငါထင်တာမလွဲဘူးဆိုရင်ညည်းယောက်ျား ဇရပ်ပေါ်မှာရှိလိပ်မယ်”
ကိုဖိုးထင်ရှိသည့်နေရာသိလိုက်သည်နှင့်တပြိုင်နက်သူမဇရပ်ပေါ်သို့ပြေးတတ်လိုက်သည်။ဇရပ်ပေါ်မှာသေတ္တာတစ်လုံးကိုတွေ့ရသည်။
“ဟဲ့ လင်ခိုးမအခုထွက်ခဲ့စမ်း ညည်းငါ့ယောက်ျားကိုဖြားယောင်းဖို့မကြိုးစားနဲ့ ဟိုသစ္စာမရှိတဲ့ကောင်ကောထွက်ခဲ့”
ပတ်ဝန်းကျင်သို့ဝဲကာရှာလိုက်ပေမယ့် ဇရပ်ရှိရာသို့လျှောက်လာသည့်ဒေါ်ဘုမကလွဲဥတခြားမည်သူတစ်ဦးတစ်ယောက်မှမတွေ့ရချေ။
“အေးကြည်မ ရှာမနေနဲ့ ညည်းယောက်ျားဒီမှာပဲရှိတယ်”
“ဘယ်မှာလဲ ဘယ်မှာလဲဒေါ်ဘုမ ကျုပ်ယောက်ျားဘယ်မှာလဲ”
ဒေါ်ဘုမက သူမအနီကသေတ္တာကြီးကိုလက်ညိုးညွှန်ပြလိုက်သည်။
“ညည်းယောက်ျား ဒီထဲမှာသေချာပေါက်ရှိလိပ်မယ်”
“ဒီထဲမှာလား ကျုပ်ယောက်ျားက ဒီသေတ္တာထဲဘာလို့ရောက်ရမှာလဲ”
သူမသေတ္တာအဖုံးကိုဆွဲခွာကာဖွင့်လိုက်တော့ သေတ္တာထဲမှာဒေါ်ဘုမပြောသလို သူမချစ်လင်ရှိနေခဲ့ပါသည်။
သို့သော်သူမချစ်လင်သည် အသက်ဝိဥာဉ်ကင်းမဲ့နေချေပြီဖြစ်သည်။
“ဟော်တော် ဟော်တော် ဒေါ်ဘုမလုပ်ပါဦး ကိုဖိုးထင်အသက်မရှုတော့ဘူး ကိုဖိုးထင်အသက်မရှုတော့ဘူး”
“အေးကြည်မရယ်ငါနားမလည်လို့မေးပါရစေဦး ညည်းသေတ္တာတစ်ခါမှမမြင်ဖူးဘူးလား”
သူမ အသက်ကင်းမဲ့နေသော ကိုဖိုးထင်အလောင်းကိုကြည့်ပြီးရုတ်တရက်ပြန်မဖြေနိုင်သေးပေ။
“ဟင့်အင်း ဒေါ်ဘုမရယ် ကျွန်မတို့က ဘယ်လိုလုပ်သေတ္တာမြင်ဖူးမှာလဲ ဒီရောက်မှမြင်ဖူးတာ အသုံးအဆောင်ပစ္စည်းတွေထည့်ဖို့ ဖာတောင်းတို့နဲ့သုံးတာများတာ”
“ကျွတ်ကျွတ်ကျွတ် သနားစရာကောင်းတဲ့အေးကြည်မ
ညည်းအခုထင်နေတဲ့ အရာကသေတ္တာမဟုတ်ဘူး လူသေအလောင်းထည့်တဲ့အခါသုံးတဲ့ခေါင်းတလားပဲ အေးကြည်မ”
ထိုအခုမှထိုဖိုးထင်ဟာသေတ္တာထဲလဲလျောင်းနေတာမဟုတ်ပဲဒေါ်ဘုမပြောသည့်အခေါင်းထဲမှာလဲလျောင်းနေတာကိုသိလိုက်ရသည်။
“ဒါဆိုဟိုမိန်းမက အခေါင်းကြီးရွတ်ပြီးဘာလာလုပ်တာလဲဒေါ်ဘုမ”
“ငါဒဏ္ဍာရီတစ်ပုဒ်ပြောပြမယ်အေးကြည်မ
ငါတို့နယ်မှာ မဖဲဝါဆိုတဲ့သချို င်္င်းကိုအစိုးရတဲ့သူရှိတယ် သူမဟာသုံးနှစ်တစ်ခါ အခေါင်းရွတ်ပြီး ညနေ နေဝင်တရောအချိန်မှာ လိပ်ပြာနှုတ်မယ့်သူကိုရှာလေ့ရှိတယ် ဒါကြောင့်သူ့ကိုတွေ့တဲ့အခါ
ရွာသူရွာသားတွေက အိမ်တံခါးပိတ်ပြီးရှောင်လေ့ရှိတယ်။အကယ်၍သူနဲ့တွေ့မိတဲ့အခါ အိမ်ထဲသို့ဝင်ဖို့မဖိတ်ခေါ်မိစေနဲ့ ဖိတ်မိရင်တော့ ဖိတ်ခေါ်သူရဲ့လိပ်ပြာကိုနှုတ်ပြီး သုသန်သို့ခေါ်ဆောင်သွားလိပ်မယ်
အေးကြည်မရေ စိတ်မကောင်းဘူးအေးကြည်မ ညည်းယောက်ျားတော့သရဲအစားခံရပြီ”
ဒေါ်ဘုမစကားအဆုံးမှာ သူမ ကိုဖိုးထင်ကိုထာဝရဆုံးရှုံးလိုက်ရပြီဟုသိလိုက်ရပြီးမျက်ရည်များကတာတမံကျိုးသည့်ရေလို လျှံကျလာသည်။
“အမလေး မဖဲဝါရဲ့
ကျုပ်ယောက်ျားကိုခေါ်သွားမည့်အစားကျုပ်ကိုသာခေါ်သွားပါတော့လား အီးဟီးးးး”
ပဋာစာရီအရှုံးပေးရလောက်အောင် လူးလိမ့်ငိုနေသောအေးကြည်မကိုကြည့်ပြီး
ဒေါ်ဘုမနောက်ဆုံးသိလိုက်တာကသူမလို အပူအပင်မရှိသောကမရှိ
တွယ်တာစရာမရှိသည့် အပျိုကြီးဘဝနဲ့နေထိုင်ရတာ
ကံကောင်းမူ့တမျိုးပဲဆိုတာကိုပင်။
ပြီးပါပြီ
သျှင်သွေးသုတ