*လိပ်ရှာခွေး*📖📖📖
********************
လိပ်ရှာခွေးလေးအမည်က မိညိုပါ၊ လေးနှစ်သမီးခန့် ရှိပါပြီ။ အမွေးတိုတို အညိုရောင်လေးဖြစ်ပြီး နဖူးအလယ်မှာ တြိဂံပုံအဖြူစက်ကလေး ပါပါသည်။ လျှာမှာလည်း အမည်းစက်တွေ ရှိလို့ မြွေကိုက်ရင် မသေနိုင်ဘူးလို့ ပြောကြပါသည်။ ကော့သောင်းမြို့နယ် ပါဆယ်ပါညန်း ဆီအုန်းစိုက်ပျိုးရေးစခန်းက ခွေးမကလေး ဖြစ်ပါသည်။
ကျွန်တော် အဲ့သည်စခန်း ရောက်စမှာပဲ၊ ခွေးမလေး မိညိုနဲ့ စတင်ရင်းနှီးရပါသည်။ မိညိုမှာ အမဲလိုက်ခွေးဆိုသော်လည်း ဟိတ်ဟန်မရှိဘဲ မြန်မာခွေးပီပီ သာမန်အရွယ်အစား ခွေးမကလေးသာ ဖြစ်ပါသည်။ လူတိုင်းနှင့်လည်း ယဉ်ပါးသဖြင့် ကျွန်တော်နှင့် ခွေးမကလေး မိညိုတို့လည်း လျင်မြန်စွာ ရင်းနှီးကျွမ်းဝင်ခဲ့ပါသည်။
သူ့အကြောင်းတော့ ကောင်းကောင်း မသိသေးပါ။ သူ့သခင်ကတော့ ဓားပြမှုနှင့် ထောင်ဒဏ် (ရနှစ်ကျသော မုဆိုးတင်မောင်ဖြစ်ပါသည်။ မုဆိုးတင်မောင်ကတော့ စခန်းရှိ အရာရှိ၊ ဝန်ထမ်း၊ ရဲဘက်များအတွက် ငါးရှာပေးခြင်း၊ တောဝက်နှင့် ချေ(ဂျီ)ကို နင်းကိုင်းထောင်၍ ဖမ်းဆီးပေးသော မုဆိုးဖြစ်ပါသည်။
စခန်းအနေဖြင့် မြို့နှင့် အလှမ်းဝေး၍ မြေပြန့်နှင့် ဝေးခြင်းတို့ကြောင့် စခန်းရှိသူအားလုံးမှာ တစ်ခါတ်နှစ်ခါ ငါးသေတ္တာနှင့် ဓာတ်လုံး (ဘဲဥ)ဟင်းတို့ကိုသာ ထပ်ကာတလဲလဲ စားသုံးရသဖြင့် အနံ့ပင် မခံချင်တော့ပါ။ ထို့ကြောင့် မုဆိုးတင်မောင် တောဝက်မိသောနေ့၊ ချေ(ဂျီ)မိ သောနေ့များမှာ စခန်းတစ်ခုလုံး စိုပြေသောနေ့ ဖြစ်ပါသည်။
စခန်းအတွက် လိုအပ်သော အသီး၊ အနှံ၊ ဟင်းရွက်များကိုတော့ တပ်ကြပ်ကြီးဦးအေးမောင်ဦးစီးသော တောင်ယာဘုတ်က အလုံအလောက် စိုက်ပျိုးထောက်ပံ့ပေးပါသည်။ စခန်းပိုင် တောင်ယာမှာ (၅)ဧကခန့် ကျယ်ဝန်းပြီး၊ ရာသီပေါ်သီးနှံများအပြင် နှစ်ရှည်စားပင်၊ သရက်၊ ဒူးရင်း၊ ပိန္နဲ၊ ငှက်ပျော၊ သံပုရာ၊ ဒညင်းပင်များပါ ရှိပါသည်။ လိုအပ်သော မျိုးစေ့များကိုတော့ ‘ထောက်’ဌာန တာဝန်ခံထောင်မှူးဦးမြင့်ဦးက ဝယ်ပေးပါသည်။
ယနေ့ အလုပ်နားရက် တနင်္ဂနွေနေ့ ဖြစ်ပါသည်။ ကျွန်တော်တို့ ထောင်မှူးအုပ်စု ရုံးခန်း လက်ဖက်ရည်စားပွဲတွင် ထိုင်ကြရင်း၊ မနက်စာ ထမင်းကြော်နှင့် လက်ဖက်ရည် သောက်ကြရင်း စကား စမြည် ပြော၍နေကြချိန်တွင် မုဆိုးတင်မောင် ရောက်ရှိလာပါသည်။
“ဟဲ့ မုဆိုးကြီး၊ ဒီမှာ တို့ စားရသောက်ရတာလည်း လာကြည့်ဦးဟ၊ အူခြောက်နေပြီ”
ဟု ကျွန်တော်က ပြောလိုက်ရာ-
“ဟုတ်ကဲ့ပါ ဆရာ၊ တပည့်သိပါတယ်။ အဲဒါကြောင့် ကနေ့ တနင်္သာရီရိုးမပေါ်တက်ပြီး လိပ်ရှာမလို့။ ဆရာ လိုက်ဦးမှာလား”
“မင်းတစ်ယောက်တည်းလား။ လိပ်ရှာတာများကွာ၊ ရိုးမပေါ်တက်စရာတောင် မလိုဘူးထင်ပါတယ်။ တောင်ခြေရင်းက ချောင်းတွေ မြောင်းတွေထဲ ရှာရင်လည်း ရမှာပါ”
“ဒီက လိပ်တွေက ချောင်းကြိုမြောင်းကြားထဲမှာ ရှာလို့မလွယ်ဘူး ဆရာရေ။ ကုန်းလိပ်တွေဖြစ်လို့ တောင်ပေါ်တက်ရှာမှ ပေါတာ ဆရာရဲ့။ ဆောက်လိပ်တို့၊ ဇင်းရှောလိပ်တို့ပေါ့ ဆရာ။ တစ်ကောင်ကို တစ်ပိဿာကျော်ရှိတယ်။ မိညိုကို ခေါ်သွားရင်တော့ ကျွန်တော်တို့ အပင်ပန်းခံပြီး ရှာစရာမလိုပါဘူး ဆရာ။ မိညိုရှာပေးရင် မနိုင်အောင် ရတတ်ပါတယ်”
““ဟုတ်ရဲ့လားကွာ၊ အမဲလိုက်ခွေးက လိပ်ရှာပေးတယ်လို့၊ ငါတော့ မကြားဖူးပါဘူး။ ဖွတ်၊ ပဒပ်၊ ယုန်ရှာပေးတယ်ဆိုရင်လည်း ဟုတ်သေးရဲ့ကွာ”
“အဟုတ်ပါ ဆရာမယုံရင်လိုက်ခဲ့ပါ။ မိညိုအစွမ်း သိရအောင်လေ”
“အေး ဒါဖြင့် လိုက်မယ်ကွာ။ လိုရမယ်ရ ရိုင်ဖယ်ကြီးတော့ ဆွဲခဲ့ဦးမယ်’”
“ကောင်းတယ် ဆရာ၊ တနင်္သာရီရိုးမပေါ်မှာတော့ မျောက်၊ ကျားသစ်နက်နဲ့ ချေ၊ တောဝက် ပေါတယ် ဆရာ”
“အေး အေး ကောင်းပြီ၊ ခဏစောင့်ကွာ”
သို့နှင့် ကျွန်တော်လည်း အမဲလိုက်ယူနီဖောင်း ဝတ်ဆင်ပြီး မုဆိုးတင်မောင်နှင့်အတူ တောလည်ထွက်ခဲ့ပါတော့သည်။ ခွေးမလေး မိညိုမှာတော့ မြူးထူးပျော်ရွှင်စွာဖြင့် ရှေ့က ပြေးရင်း လမ်းပြနေပါတော့သည်။
ပါဆယ်ပါညန်း စခန်းအနောက်ဘက်ရှိ ဆီအုန်းခင်းကြီးအား တစ်မိုင်ကျော်ခန့် ဖြတ်ကျော်ပြီးသည့်နောက်တွင် တနင်္သာရီရိုးမတောင်ခြေရင်းသို့ ရောက်ရှိပါသည်။ ဆီအုန်းခင်းနှင့် တောစပ်အား စည်းခြားထားသည့် ပေ(၂၀)ခန့်ရှိ မီးတားလမ်းအား ဖြတ်ကျော်အပြီး တောစပ်သို့ ဝင်လိုက်သည်နှင့် “ဝုန်းဝုန်း” ဟူသော တောတိုးသံများအား ကြားလိုက်ရပါသည်။
တောဝက်အုပ်ကြီး အိပ်နေရာမှ လူနံ့ရသဖြင့် ပြေးလွှားသံများဖြစ်ပါသည်။ အတန်ငယ်လှမ်းသဖြင့် တောတိုးသံသာ ကြားလိုက်ရပြီး၊ အကောင်အထည်ကိုတော့ မမြင်လိုက်ရပါ။
တောင်ခြေရောက်သည်နှင့် ဝက်လူးအိုင်များအား လတ်လတ် ဆတ်ဆတ် မြင်တွေ့ရပါသည်။ မမျှော်လင့်သော နေရာဖြစ်၍ ကျွန်တော်တို့ သတိမထားမိဘဲ၊ တောဝက်အုပ်ကြီးနှင့် လွဲချော်သွားခဲ့ရခြင်း ဖြစ်ပါသည်။
“ဆရာရေ့၊ တောဝက်အုပ်ကြီးတော့ လွတ်သွားပြီဗျို့။ မိညိုတောင် အနံ့မရသေးဘဲ၊ သူတို့က အနံ့ဦးသွားဟန်တူပါရဲ့။ ကျွန်တော်လည်း မထင်မှတ်တာနဲ့ ပေါ့သွားမိတယ်။ အရင်တုန်းက ဒီနေရာမှာ တစ်ခါမှ မတိုးမိပါဘူး ဆရာရယ်”
“လေတင်နဲ့ လေအောက် ထင်တယ် တင်မောင်။ လွတ်တဲ့ငါး ကြီးမနေပါနဲ့ ။ လိပ်ဖမ်းဖို့လာတာ၊ တောဝက်အုပ်ကြီး လွတ်သွားတော့ရော ဘာဖြစ်သလဲကွာ”
“ဟုတ်ကဲ့ပါ ဆရာ၊ ဒါဖြင့်လည်း ဆက်တိုးကြစို့ဗျာ”
ထိုစဉ် ရှေ့တစ်ခေါ်လောက်မှ မိညိုဟောင်သံ ကြားရပါသည်။ သစ်ကိုင်းချင်းရိုက်သံ မိညိုဟောင်သံ တဝုတ်ဝုတ်အပြင် မျောက်အော်သံများကိုလည်း ကြားရပါသည်။ မျောက်အုပ်ကြီးမှာ မိညိုအား မကြောက် သဖြင့် မပြေးသော်လည်း ရုတ်တရက် ပေါ်ထွက်လာသော ကျွန်တော်တို့နှစ်ဦးအား တွေ့ရှိသည်နှင့် တဝုန်းဝုန်း တောတိုးကာ ပြေးလွှားကြပါတော့သည်။
ကျွန်တော့်အနေဖြင့် မျောက်အုပ်ကြီးအား အငိုက်မိသဖြင့် အကြီးဆုံးမျောက်ကြီးအား ရိုင်ဖယ်သေနတ်ဖြင့် ချိန်လိုက်စဉ်တွင် ဘယ်ကပေါ်လာမှန်းမသိသော မျောက်မည်းကလေးတစ်ကောင်မှာ မျောက်ကြီးများရှေ့မှ ကာဆီးကာဆီး လုပ်၍နေပါတော့သည်။
“ဆရာ အဲဒါ မျောက်ပင့်ကူလို့ ခေါ်ပါတယ်။ ရှားပါးမျောက်တစ်မျိုးပေါ့။ ဆေးဖက်ဝင်တယ် ဆရာ။ ခြေတံ၊ လက်တံရှည်ရှည်နဲ့ အမြီးကလည်း လက်လိုပဲ။ သစ်ကိုင်းကို ချိန်လို့ရတယ် ဆရာ။ ပစ်ချင်ရင်လည်း ပစ်ချလိုက်တော့ ဆရာရေ”
“ဒိုင်း”ဟူသော သေနတ်သံနှင့်အတူ မျောက်မည်းကလေးမှာ ရင်ပွင့်သွားပြီး ၎င်း၏ အနောက်တွင် ကပ်လျက်ရှိနေသည့် မျောက်ညိုကြီးတစ်ကောင်ကိုပါ ဒဿမ ၃၀၃ ရိုင်ဖယ်ကျည်ဆန်က ဖောက်ထွင်း သွားပြီးနောက် နှစ်ကောင်စလုံး အရုပ်ကြိုးပြတ် ပြုတ်ကြလာပါတော့သည်။
“ကိုယ့်ဆရာက တော်တယ်ဗျို့။ တစ်ချက်ပစ် နှစ်ကောင်ဗျနော်”
“မြှောက်မနေနဲ့ တင်မောင်ရေ့၊ နှစ်ကောင်ထပ်နေလို့ပါကွာ”
ရိုင်ဖယ်သေနတ်သံကြီးမှာ တောလုံးဟိန်းသွားသဖြင့် မျောက်အုပ်ကြီးမှာ ကြောက်လန့်တကြား ထွက်ပြေးသွားကြသဖြင့် တစ်တော တစ်တောင်လုံး ဆူညံ၍သွားပါတော့သည်။
သေနတ်မှန်၍ ပြုတ်ကျလာသော မျောက်နှစ်ကောင်အား မိညိုက တစ်ကောင်ချင်း ရှာဖွေကိုက်ယူ၍ မုဆိုးတင်မောင်အား ပေးပါသည်။
“ဆရာရေ့ လာဘ်ဦးတော့ ကောင်းနေပြီဗျို့။ မုဆိုးထုံးစံအရဆိုရင် လာဘ်ဦးကောင်းရင် အကောင်ပလောင်များများ ရတတ်သတဲ့”
“အေး ကောင်းပါ့ကွာ။ ဒါနဲ့ မင်း ခွေးမကလေးက လိမ္မာလှချည်လားကွ”
“အဟုတ်ပါ ဆရာ။ နောက်ပိုင်း ပိုတော်တဲ့ မိညိုရဲ့အစွမ်းကို မြင်ရဦးမှာပါ ခင်ဗျား”
မျောက်သေနှစ်ကောင်အား သစ်ကိုင်းတစ်ခုတွင် ချည်နှောင်ထားခဲ့ပြီး ကျွန်တော်တို့ဆရာတပည့် ရိုးမတောင်ပေါ်သို့ ဆက်လက်တက်ခဲ့ကြရာ မတ်စောက်လွန်းသဖြင့် အလွန်ပင်ပန်းလှပါသည်။ ခွေးမကလေး မိညိုမှာတော့ မောပန်းဟန်မရှိဘဲ၊ ရှေ့ဆုံးက တက်နေပြီး မြူးထူးပျော်ပါးလျက် ရှိပါသည်။
မကြာမီ တောင်ကြားပေါ်အရောက်၌ပင် မိညို၏ တစ်ဝုတ်ဝုတ် ဟောင်သံ ကြားရပြီးနောက် “အီ…အီ…” ဟူသော အသံရှည်ဆွဲ၍ အီသံကိုလည်း ကြားရပါသည်။
“ဆရာရဲ့ မိညိုတော့ လိမ်မိလို့၊ အချက်ပေးနေပြီဗျို့”
“ဘယ်လို အချက်ပေးတာလဲကွ”
“မိညိုက သားကောင်တွေ့ရင် တဝုတ်ဝုတ် ဟောင်တယ် ဆရာ။ သူ ဖမ်းမိပြီဆိုရင် ‘အီ’ သံပေးပြီး သခင့်ကို ခေါ်တော့တာပဲ။ မိညိုဆီ ပြေးကြစို့ ဆရာရေ့”
ဟုတ်ပါသည်။ ကျွန်တော်နှင့် မုဆိုးတင်မောင်တို့ မိညိုထံအရောက်တွင် ဆောက်လိပ်တစ်ကောင်အား နှုတ်သီးဖြင့်ထိုး၍ ပက်လက်လှန်ထားပြီး၊ တအီအီအသံပြုနေသော မိညိုအား တွေ့ရှိရပါတော့သည်။
မုဆိုးတင်မောင်မှာ တစ်ပိဿာခန့်ရှိ ဆောက်လိပ်တစ်ကောင်အား အသင့်ပါလာသည့် လွယ်အိတ်အတွင်းသို့ ကောက်ထည့်လိုက်သည်နှင့် မိညိုမှာ ရှေ့သို့ တစ်ဖန်ပြေးပြန်ပြီး လိပ်ရှာပြန်ပါသည်။
သည်လိုနှင့် ဆောက်လိပ်ခြောက်ကောင်ရရှိရာ မုဆိုးတင်မောင်၏ လွယ်အိတ်မှာ လိပ်သုံးကောင်သာ ဆန့်သဖြင့်၊ ကျန်လိပ်နှစ်ကောင်အား လက်တစ်ဖက်ဆီမှကိုင်၍ လည်းကောင်း၊ ကျန်လိပ်တစ်ကောင်အား ကျွန်တာ်မှ ကိုင်၍ လည်းကောင်း၊ ရိုးမကြောပေါ်မှ ပြန်ဆင်းခဲ့ကြပါသည်။
မိညို၏အစွမ်းဖြင့် ဆက်လက်၍ ရှာဖွေလျှင် ရိုးမကြောပေါ်မှ ဆောက်လိပ်များ မျိုးတုံးကုန်လောက်ပါသည်။ မြေကျင်းအောင်းသော လိပ်၊ သစ်ရွက်ဆွေးများအောက်တွင် ပုန်းအောင်းနေသော လိပ်မှန်သမျှ မိညိုအနံ့ခံမိလျှင် လွတ်ရိုးထုံးစံ မရှိပါ။
အလွန်ရှားပါး၍ တော်သော လိပ်ရှာခွေးမကလေး ဖြစ်ပါသည်။
တနင်္သာရီရိုးမပေါ်မှ ကိုးရိုးကားယား ပုံစံဖြင့် ဆရာတပည့်နှစ်ဦး ဆင်းလာကြပြီးနောက် တောင်ခြေအရောက်တွင် မိညို၏ တဝုတ်ဝုတ် ဟောင်သံကို ကြားရပြီးနောက်၊ တအီအီအသံ ပြုပြန်ပါသည်။
“တင်မောင်ရေ မင်းခွေး လိပ်ဖမ်းမိပြန်ပြီ ထင်တယ်”
“မဟုတ်ဘူး ဆရာရေ၊ ကျွန်တော်တောင် မေ့တော့မလို့။ ဆရာလည်း မေ့နေပြီ မဟုတ်လား။ အလာတုန်းက ဆရာပစ်ခဲ့တဲ့ မျောက်တွေလေ၊ သစ်ကိုင်းပေါ်မှာ ချီထားခဲ့တာ၊ အဲဒါကို မိညိုက သတိပေးတာပါ ဆရာ”
အမှန်ပဲဖြစ်ပါသည်။ လိပ်များရသဖြင့် မျောက်နှစ်ကောင်ကို မေ့သွားရာ အနံ့ခံကောင်းသော မိညို သတိပေးမှ သတိရကြခြင်း ဖြစ်ပါသည်။
သို့နှင့် မုဆိုးတင်မောင်က မျောက်နှစ်ကောင်အား အမြီးချင်းချည်၍ ပခုံးပေါ်တွင် ချိတ်ဆွဲထမ်းခဲ့ပြီး စခန်းသို့ ပြန်ခဲ့ကြပါတော့သည်။
စခန်းသို့ ရောက်လျှင် “ထောက်” ဌာနတာဝန်ခံ ထောင်မှူး ဦးမြင့်ဦးမှ ဦးစီး၍ မဆလာနိုင်နိုင်နှင့် ချက်ပြုတ်ပေးပါသည်။ ဝန်ထမ်းများအားလည်း အချိုးကျ ဝေပေးပါသည်။ ကျွန်တော်တို့အဖွဲ့လည်း တနင်္ဂနွေအလုပ်ပိတ်ရက်ဖြစ်သဖြင့် ‘မဲခေါင်’အရက်တစ်ပုလင်းထောင်ကာ ဆက်ရက်မင်းစည်းစိမ် ခံစားကြပါတော့သည်။
မျောက်ဦးနှောက်ကား အလွန်ဆိမ့်လှပါသည်။ အထူးသဖြင့် အမည်းရောင် မျောက်ပင့်ကူကလေး ဦးနှောက်မှာ ပို၍ ဆိမ့်လှပါသည်။ လိပ်သားမှာတော့ အရိုးနုကလေးများဖြင့် ဖွဲ့စည်းထားသော အသားဖြစ်သဖြင့် တစ်မျိုးစား၍ ကောင်းလှပါသည်။ လိပ်သဲမှာတော့ ပြောဖွယ်ရာမရှိအောင် အရသာရှိပါသည်။
ဤသို့ ကျွန်တော်တို့အုပ်စု ကြီးစွာသော အရသာခံစားနေကြစဉ်တွင် အဓိကဇာတ်လိုက်ဖြစ်သူ လိပ်ရှာခွေးကလေး မိညိုမှာတော့ ကျွန်တော်တို့ ချကျွေးသည့် လိပ်နှင့် မျောက် အရိုးအရင်းကလေးများအား စားရင်း အမြီးနှံ့၍ နေပါတော့သည်။
သည်းထိတ်ရင်ဖို၊ အောက်တိုဘာလ၊ ၂၀၀၅
– ပြီး –
စာရေးသူ – ထောင်မှူးကြီးသိန်းဝင်းအားလေးစားလျက်