လူခြောက်မယား

*လူခြောက်မယား*📖📖📖(စ/ဆုံး)

**********************************

——————————
ရွာလုံးကျွတ်မီးခိုးတိတ်အောင် ကျွေးမွေးသောမင်္ဂလာပွဲတစ်ခု။ ထိုမင်္ဂလာပွဲသို့ ကလေးမှအစ လူကြီးအဆုံးတက်ရောက်ချီးမြှင့်ကြသည့် ထူးခြားသောမင်္ဂလာပွဲတစ်ပွဲဖြစ်သည်။ ပို၍ထူးခြားသည်မှာ ထိုမင်္ဂလာပွဲတွင် သတို့သားကိုမတွေ့ရဘဲ သတို့သမီးတစ်ဦးတည်းသာတွေ့နေရခြင်းပင်။ သတို့သား၊သတို့သမီးထိုင်သည့် တစ်ခုသောထိုင်ခုံပေါ်တွင်ကားအဝါဖျော့ရောင် သတို့သားဝတ်စုံလွှားထားသည်ကိုတွေ့လိုက်ရသည်။ သတို့သမီး၏မျက်နှာမှာကား တက်ကြွလန်းဆန်းသောအမူအရာတို့ မတွေ့ရချေ။ သို့သော်သတို့သမီး၏ မိခင်ကား လာသမျှဧည့်သည်ကို ဧည့်ခံပြုံးပြရသည်မှာအမောပင်။
” လာမခင်ရီ…တစ်ယောက်ထဲလားရှင့်…”
” အေး…မမို့ရေ မနွယ်တို့စောင့်ရတာကြာတာနဲ့တစ်ယောက်ထဲထွက်လာတာအေ့…”
” အေးပါဟယ်…လာလာဒီဖက်ဝိုင်းကို…”
” မမို့တို့များ ရွှေသမက်၊ငွေသမက်ရထားတော့ မျက်နှာကပြုံးဖီးနေတာဘဲအေ…”
” ဒါလည်းသမီးလေးရဲ့ကံပါအေ…တို့ကတော့သမီးလေးရဲ့ရွေးချယ်မှုကိုကောင်းသည်ဆိုးသည်မကန့်ကွက်ပါဘူး…”
” ဒါပေါ့အေ…ညည်းသမီးကတော့ လူရွေးတော်သွားပြီ…”
လက်ဖက်ရည်ဝိုင်းမှအမျိုးသမီးကြီးတို့၏ မြှောက်ပင့်စကားများ ကြွက်စိကြွက်စိထွက်လာသည်။ ထိုမြှောက်ပင့်စကားများကြား ၌ သတို့သမီး၏မိခင်ဒေါ်မို့မို့ဖြူ ပါးစပ်မစိနိုင်တော့ချေ။
အမှန်စင်စစ်ထိုမင်္ဂလာပွဲကျင်းပနေသော သတို့သားမှာရုပ်ခန္ဓာမရှိဘဲ နမ်သာရှိသည့် လူခြောက်တစ်ဦးပင်ဖြစ်သည်။ ဆင်းဆင်းရဲရဲနေခဲ့ရသော ဦးဖိုးထူနှင့် ဒေါ်လှအုံတို့မိသားစုမှာ ထိုသားခြောက်မွေးပြီးသည့်အချိန်မှစ၍ တနေ့တခြားစီးပွားလာဘ်လာဘများ တိုးပွားလာခဲ့သည်။ ဒေါ်လှအုံတို့လင်မယားက ထိုလူခြောက်ကလေးကို ဖဲမွေ့ယာအသေးလေးပေါ်၌ သိပ်ထားကာ ထမင်းစားချိန်ထမင်း၊ ရေသောက်ချိန်ရေ အသင့်ထားရှိပေးပြီး သက်ရှိလူသားတစ်ယောက်နှယ်ဂရုတစိုက်ကျွေးမွေးစောင့်ရှောက်ထားသည်။
ထိုလူခြောက်ကလေးလည်း လိုချင်သည်များကိုအိပ်မက်ကမ္ဘာမှတဆင့် မိခင်ကိုအသိပေး၏။ သူတို့လောကတွင် မိသားစုနဲ့ ဆက်သွယ်ရသည့် တစ်ဦးတည်းသောသူမှာလည်း သူတို့၏မွေးမိခင်သာဖြစ်၏။ တနေ့ဒေါ်လှအုံအိပ်ပျော်နေစဉ် အိပ်မက်ထဲ၌ လူငယ်တစ်ယောက်ရောက်လာခဲ့သည်။
” အမေ…သားမိန်းမလိုချင်ပြီ…သားဖို့ မိန်းမရှာပေး…”
” အို…သားရယ်…သားကြိုက်တဲ့မိန်းကလေးပုံစံမေမေဘယ်လိုသိမှာလဲကွယ်…အပူမရှာချင်စမ်းပါနဲ့ငါ့သားရဲ့…”
” မသိဘူးဗျာ…သားမိန်းမလိုချင်တယ်…”
” အေးပါအေးပါ…မေမေရှာပေးမယ်နော်…”
ထိုလူငယ်ကား သားဖြစ်သူလူခြောက်ကလေးဖြစ်မှန်းဒေါ်လှအုံသိသည်။ သားဖြစ်သူငယ်စဉ်ကတည်းက မိခင်၏အိပ်မက်ထဲသို့ ညတိုင်းလိုလိုလာနေကျဖြစ်သည်။ သားလူခြောက်ကလေးလည်း ရုပ်ခန္ဓာရှိလူသားတစ်ဦးကဲ့သို့ပင် အရွယ်ရောက်နေပေပြီ။
” ကဲအမေ…သားပြောတာတွေ ဖေဖေ့ကိုလည်း ပြန်ပြောပြလိုက်ပါဦး…ကဲသားသွားပြီဗျို့….”
ထိုလူငယ်က ဒေါ်လှအုံကိုမှာစရာရှိတာမှာပြီးသည်နှင့် ခပ်လှမ်းလှမ်းရှိ အမှောင်ထုထဲသို့တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။
မနက်ရောက်သည်နှင့် ညကအိပ်မက်အကြောင်းကို ယောကျာ်းဖြစ်သူအား ဒေါ်လှအုံပြောပြလိုက်၏။ ဦးဖိုးထူက ခေါင်းတဗြင်းဗြင်းကုတ်ရင်း
” ဟေ…ငါ့သားကအဲလို့ပြောသလားဟေ့…ဒါမှတကယ်ခက်တာဘဲ…”
” ဟုတ်တယ် တော့သားက သူမိန်းမလိုချင်ပြီ…ရှာပေးလို့ပြောနေတာ…”
” ရှာတာတော့ဟုတ်ပါပြီ…ဘယ်နားသွားရှာရမယ်လို့သူကမပြောတော့ ငါတို့ဘယ်နားသွားရှာရမလဲလှအုံရဲ့….”
” ကျုပ်လည်းမသိပေါင်တော်…”
ဒေါ်လှအုံလည်း ထိုကိစ္စအတွက်ခေါင်းခဲနေစဉ် ခဏ၌တစ်ခုခုကိုသတိရသွားဟန်ဖြင့် မျက်လုံးများဝင်းလက်လာပြီး
” ဪသတိရပြီ…ကြားဖူးနားဝစကားအရဆိုရင် လူခြောက်ကလေးတွေက လင်လိုချင်တယ်၊မယားလိုချင်တယ်ပြောရင် သူတို့နဲ့လိင်ဆန့်ကျင်ဘက်အရုပ်တွေဝယ်ပေးရတယ်တဲ့အေ့…”
” ဟုတ်ပါ့မလားလှအုံရယ်…နင့်ဟာက…”
” ဟုတ်မဟုတ်တော့ကျုပ်လည်းမသိဘူးအေ့…ဒါပေမဲ့လည်းလုပ်ကြည့်တော့ပိုမကောင်းပေဘူးလားကိုဖိုးထူရဲ့…”
” မင်းသဘောဘဲ…မင့်သားအတွက်မင်းဘဲကြည့်ပြီးစီစဉ်လိုက်…”
လင်မယားနှစ်ယောက်တိုင်ပင်ပြီး ဒေါ်လှအုံကဈေးမှ ဘိုမရုပ်တစ်ရုပ်ကိုဝယ်ပြီး သားဖြစ်သူနဲ့ဘေးချင်းယှဉ်တင်ထားပေးလိုက်သည်။ ညအိပ်ပျော်ချိန်၌ ဒေါ်လှအုံ၏အိပ်မက်ထဲသို့သားဖြစ်သူရောက်လာခဲ့သည်။
” သား…လူလေး…မျက်နှာမသာမယာနဲ့ဘာဖြစ်လို့လဲသားရဲ့…”
” အမေတို့ကြောင့်ပေါ့…သားအတွက်မိန်းမရှာပေးပါဆိုအရုပ်မကြီးဝယ်လာပေးတော့ သားဘာလုပ်ရမှာလဲဗျ…”
” ဟင်…သားဘဲမိန်းမလိုချင်တယ်ဆိုကွဲ့…”
” သားက လူသားမိန်းမစစ်စစ်ကိုလိုချင်တာလေအမေရဲ့…”
” ဟင်…အဲဒါကိုအမေတို့ကဘယ်လိုပြောပြီး ရှာပေးရမလဲငါ့သားရဲ့…အမေ့သားကအကောင်အထည်ဖော်လို့ရတာမှမဟုတ်ဘဲ…”
ဒေါ်လှအုံ၏စကားကြောင့် လူခြောက်ကလေးမှာ စိတ်ထိခိုက်သွားဟန်ဖြင့် ခေါင်းငိုက်စိုက်ကျသွားသည်။
” သား…အမေ့စကားကြောင့် စိတ်ထိခိုက်သွားတာလား…အမေမရည်ရွယ်ပါဘူးကွယ်…ကဲဒီလိုလုပ်…သားကိုယ်တိုင်သားကြိုက်တဲ့မိန်းကလေးမျိုးကိုရှာချေ…ရှာလို့တွေ့ရင်တော့အမေတို့ကိုပြော အမေတို့အဲဒီမိန်းကလေးကိုသွားတင်တောင်းပေးမယ်…ဟုတ်ပြီလား…”
ထိုစကားပြောမှ လူငယ်လေးမှာ ခေါင်းပြန်ထောင်လာပြီး
” တကယ်လားမေမေ…ဒါဆိုသားကြိုက်တဲ့ကောင်မလေးကို သားကိုယ်တိုင်ရှာမယ် မေမေတို့ဘက်ကပြောထားတဲ့အတိုင်း လုပ်ပေးဖို့မမေ့နဲ့ဦး…”
ထိုသို့အိပ်မက်ပေးပြီး တစ်လခန့်ကြာသောအခါ သားလူခြောက်ကလေးမှာ ဒေါ်လှအုံ၏အိပ်မက်ထဲသို့လာပြီး သူသဘောကျသည့်မိန်းကလေးကို ရှာတွေ့ပြီဖြစ်ကြောင်း ပြောလာခဲ့သည်။
” သေချာလို့လားသားရယ်…အမေ့ချွေးမကသားတို့လိုလူခြောက်မလေးဘဲလားကွဲ့….”
” မဟုတ်ဘူးအမေ…သူကလူသားမိန်းကလေးစစ်စစ်…”
” ဟေ…သူကဘယ်ကလဲပြောပါအုံးသားရဲ့….”
” သူကသားတို့ရွာနဲ့အလှမ်းဝေးတဲ့မြို့ပေါ်က ကောင်မလေးအမေရ…”
” ဘုရားဘုရား…ငါ့သားတော့ မြို့သူကိုမှရှာလာခဲ့တာဘဲ…”
” ဘာလဲအမေပြောထားပြီး မလုပ်ပေးချင်တော့တာလား….”
” မဟုတ်ပါဘူးသားရယ်…သားပြောတဲ့မိန်းကလေးကိုမေမေတို့မှမမြင်ဖူးတာလေ…ဘယ်လိုသွားပြီး တောင်းရမ်းရမှာလဲကွဲ့လူကလေးရဲ့.. ”
” အဲဒါအတွက်မပူနဲ့အမေ…သားအားလုံးပြောပြမယ်…အမေတို့ကတောင်းရမ်းဖို့သာပြင်ထား….”
ဟုပြောပြီး မြို့နေကောင်မလေး၏ပုံပန်းသွင်ပြင်၊မိဘနာမည်နှင့် နေရပ်တို့ကိုပါပြောပြလိုက်သည်။ ဒေါ်လှအုံတို့လည်း ပြာပုံထဲအပ်ရှာရ သကဲ့သို့ တစ်ခါမှရင်းနှီးကျွမ်းဝင်မှုမရှိသော လူကိုမြို့အနှံ့လိုက်ရှာကြ၏။
” ကဲမိန်းမရေ…ဘယ်လိုလုပ်ကြမလဲ…သားပြောတဲ့မိန်းကလေးရဲ့မိသားစုကိုရှာတွေ့ပြီထားဦး…တို့လာရင်းအကြောင်းကိုဘယ်လိုပြောပြကြမလဲ….”
” ကျိုးကြောင်းသင့်အောင်တော့ပြောပြရမှာပေါ့အေ….ငါတို့မှာလည်းဒီသားတစ်ယောက်ဘဲရှိတာကို….”
သားပြောပြထားသောပုံပန်းသဏ္ဍာန်နှင့်ကိုက်ညီမည့်ကောင်မလေးကိုလိုက်ရှာရာ ညနေစောင်းခန့်တွင် မြို့စွန်ရှိ အိမ်စုကလေးဘက်သို့ရောက်ရှိလာသည်။ ထိုရပ်ကွက်မှာဆင်းရဲသားရပ်ကွက်ဖြစ်ဟန်တူသည်။ အိမ်အပြင်အဆင်မှာ မြို့လူထုတို့နေသည့်အိမ်နှင့်မတူဘဲ သေးငယ်လှသည်။ လိပ်စာထဲကအတိုင်းရောက်သော် အိမ်တစ်အိမ်၏ရှေ့သို့ရပ်လိုက်ကြသည်။
” သားပြောပြတာဒီအိမ်နဲ့တူတယ်ကိုဖိုးထူ…”
” သေချာလို့လားမိန်းမ…တော်ကြာတို့ကိုသူခိုးသူဝှက်တွေထင်ပြီး မောင်းထုတ်နေဦးမယ်…”
” သားပြောပြထားတဲ့အိမ်ပုံစံဆိုရင် ဒီအိမ်ဘဲကိုဖိုးထူ…ဟုတ်မဟုတ်အရင်ခေါ်ကြည့်ရတာပေါ့….”
” အိမ်ရှင်တို့…အိမ်ရှင်တို့….ဒါဒေါ်မို့မို့ဖြူတို့အိမ်ဟုတ်ပါသလားရှင့်….”
အပြင်မှ ခေါ်နေသောအသံကြောင့် အဝတ်လျှော်နေသောမမို့မို့ဖြူတစ်ယောက်လမ်းဘက်သို့လှည့်ကြည့်လိုက်ရာ ခပ်ကျော့ကျော့ဝတ်ဆင်ထားသည့် လူနှစ်ယောက်ကိုတွေ့လိုက်ရသဖြင့် အသံပြန်ပြုလိုက်၏။
” ဟုတ်…ဟုတ်ပါတယ်ရှင့်…ဘာကိစ္စများလဲရှင့်…”
ထိုအခါအပြင်မှလူနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကြ၏။ မိန်းမကြီးက
” ဒါဆိုရင်အစ်မတို့ကိုအထဲဝင်ခွင့်ပြုပါဦး…ပြောစရာကိစ္စလေးရှိလို့ပါရှင့်…”
” ဟုတ်ဟုတ်….ဝင်လာပါအစ်မတို့…ဘာကိစ္စများလည်းနော်….အိမ်ထဲဝင်ကြပါအုံး…”
ထိုလူနှစ်ယောက်လည်း အိမ်ထဲသို့ဝင်လာခဲ့ကြပြီး အိမ်အနှံ့ဝေ့ကြည့်နေကြ၏။
” ဟို…ဟို…အစ်မတို့ဘာရှာကြတာလဲရှင့်…”
” ညီမမှာ စိမ်းနွယ်လို့ခေါ်တဲ့သမီးလေးရှိလား….”
” ဟင်…သ…သမီးနဲ့သိကြတာလား…”
” အစ်မတို့တော့မသိပါဘူး…အစ်မရဲ့သားပြောပြထားလို့ပါ…”
ထိုအခါမှ မမို့ဖြူကသဘောပေါက်သွားဟန်ဖြင့်
” ဪ…ဟုတ်ပါတယ်…စိမ်းနွယ်လို့ခေါ်တဲ့သမီးလေးတစ်ယောက်ရှိပါတယ်ရှင့်…ခုကအလုပ်သွားနေပါတယ်…ဘာကိစ္စများလည်းနော်…”
” သားရေးသမီးရေးကိစ္စပါဗျာ….ကျွန်တော်တို့ရဲ့သားလေးက ဟောဒီကညီမရဲ့သမီးကိုသဘောကျချစ်နှစ်သက်လို့ သွားတောင်းပေးပါအုံးဆိုလို့ လာရောက်တောင်းရမ်းပေးတာပါ….”
” ရှင့်….ဒါ…ဒါက…သ…သမီးလေးပြန်လာမှ သူ့သဘောကိုမေးရဦးမှာရှင့်…”
” နားလည်ပါတယ်ဗျာ…ကျွန်နော်တို့ဘက်က မိဘဝတ္တရားရှိတဲ့အတိုင်း လာရောက်ရတာပါဗျ…”
” ဟုတ်ကဲ့ပါရှင့်…သမီးလေးပြန်လာတာနဲ့…ဒီအကြောင်းကိုပြောပြပြီး စကားပြန်ပေးပါ့မယ်ရှင့်…ဒါနဲ့အစ်ကိုတို့သားရော ပါမလာဘူးလား…တစ်မျိုးတော့မထင်နဲ့နော်…မြင်ဖူးထားတော့လူမမှားတော့ဘူးပေါ့ရှင်…ဟင်းဟင်း….”
ထိုစကားကြောင့် ဒေါ်လှအုံမှာ ကွက်ခနဲမျက်နှာပျက်သွားသော်လည်း ချက်ချင်းပြန်ပြင်လိုက်ပြီး
” အစ်မတို့သားက သာမန်လူမဟုတ်ပါဘူးရှင်…”
” ရှင့်!…”
ဒေါ်လှအုံ၏စကားကြောင့် မမို့ဖြူအာမေဋိတ်သံပြုမိ၏။
” ဟုတ်တယ်ညီမ အစ်မသားက လူခြောက်ကလေးပါ…ဒါကလည်းညီမတို့ဘက်ကသားရဲ့ဖြစ်တည်မှုကို လက်ခံနိုင်မှ သားရေးသမီးရေးကိစ္စဆက်ပြောမှာပါ…”
ဒေါ်လှအုံကမကွယ်မဝှက်ဘဲ သားဖြစ်သူ၏ဖြစ်တည်မှုကိုပါပြောပြလိုက်ရာ ရိုးသားသောတောသူတောင်သားများဖြစ်ကြောင်း ဒေါ်မို့မို့ဖြူသဘောပေါက်ဟန်ဖြင့် ပြုံးလိုက်၏။
” ညီမကတော့ဘာမှမပြောလိုပါဘူးရှင့်….သမီးလေးရဲ့စိတ်ဆန္ဒကိုမေးပြီးရင်တော့အကြောင်းပြန်ပါ့မယ်…စိတ်တွေမပူကြပါနဲ့နော်…ညီမသမီးလေးကလိမ္မာပြီးမိဘစကားနားထောင်တဲ့ကလေးပါ….”
” ဒါဆိုလည်းညီမတို့သားအမိတွေ တိုင်ပင်ကြပေါ့ရှင့်….ရက်အကြာကြီးတော့ မလုပ်နဲ့နော်….အစ်မတို့သားက အရမ်းဂျီကျနေလို့ပါ….”
” စိတ်ချအစ်မ…ညီမတို့ကိုအချိန်သုံးရက်ဘဲပေးပါ…အစ်မတို့ကိုအကြောင်းပြန်ပါ့မယ်….”
မိဘချင်းစကားပြောပြီးသည်နှင့် ဒေါ်လှအုံတို့လင်မယားလည်းတောရွာသို့ပြန်လာခဲ့၏။
မစိမ်းနွယ်ကစတိုးဆိုင်တစ်ခုမှ အရောင်းဝန်ထမ်းမလေးတစ်ဦးဖြစ်၏။ မြို့ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင်နေထိုင်ပြီး သားအမိနှစ်ယောက်သာရှိ၏။ မိခင်က ဖဲရိုက်၊နှစ်လုံး၊သုံးလုံးတို့ကို အလွန်အကျွံစွဲလမ်းသူဖြစ်သောကြောင့် စိမ်းနွယ်ကအိမ်စရိတ်သာမက မိခင်၏လောင်းကစားစရိတ်ကိုပါရှာပေးနေရ၏။
ဆိုင်ပိတ်သည်နှင့် ဟင်းချက်စရာများဝယ်ခြမ်းပြီးအိမ်သို့လမ်းလျှောက်ပြန်လာခဲ့သည်။ ယခုတလော တစ်ယောက်ယောက်ကမိမိကိုအမြဲလိုလိုစောင့်ကြည့်နေသကဲ့သို့ခံစားနေရသဖြင့် စိတ်မလုံမလဲဖြစ်ကာ အနောက်ကိုမကြာခဏလှည့်လှည့်ကြည့်နေသည်။ ည၆နာရီမှဆိုင်ပိတ်သဖြင့် အိမ်အပြန်တွင် ပတ်ဝန်းကျင်ကမှောင်စပျိုးနေချေပြီ။
” အမေ…အမေ…တံခါးဖွင့်ဦး…သမီးပြန်ရောက်ပြီ…”
” အေးအေး…လာပြီသမီးလေးရေ..လာပြီ…”
” ဟင်…သမီးလေးဆိုပါလား…အမေများနေမကောင်းတာလား…”
မိခင်ဖြစ်သူ၏ချိုသာသောစကားကြောင့် စိမ်းနွယ်ကြောင်အမ်းအမ်းဖြစ်သွားသည်။ ပုံမှန်အချိန်များတွင် ဒေါ်မို့ဖြူသည် စိမ်းနွယ်ကိုအမြင်မကြည်ဘဲအမြဲတစေဆဲရေးတိုင်းထွာတတ်သည်။ ယခုမူကား ချိူချိုသာသာပြောနေသောကြောင့် သူမအံ့ဩမိနေခြင်းပင်။ သူမတွေးနေစဉ် တံခါးပွင့်လာပြီး မိခင်ဖြစ်သူထွက်လာသည်။
” သမီးလေးပင်ပန်းနေပြီလားကွဲ့…လာလာသမီးလေး….”
” အမေ…အမေနေကောင်းပါတယ်နော်…”
” နေကောင်းတာမှတဖက်ကိုလွန်နေတာအေ….လာအထဲကို…အမေပြောစရာရှိတယ်….”
” ဘာလဲအမေရဲ့…အဝတ်လဲပါရစေဦး…”
” အိုအေ…နောက်မှလဲ….အမေအရေးတကြီးပြောစရာရှိတယ်ဒီမှာလာထိုင်….”
ဒေါ်မို့ဖြူက တံခါးကိုပြန်ပိတ်လိုက်ပြီး ဂျက်ထိုးထားလိုက်သည်။ သမီးဖြစ်သူ၏လက်ကိုအတင်းဆွဲခေါ်ပြီး ခုံပေါ်၌ထိုင်ခိုင်းလိုက်ပြီးမှ
” သမီး…သမီးမှာချစ်သူရည်းစားရှိနေပြီလား….အမေ့ကိုအမှန်တိုင်းပြောစမ်း….”
” အမေ…အမေနေကောင်းတာသေချာပါတယ်နော်…မှန်းစမ်း…”
မိခင်ဖြစ်သူ၏ထူးဆန်းသောစကားကြောင့် စိမ်းနွယ်ကမိခင်၏နဖူးကိုလက်ဖြင့်စမ်းကြည့်လိုက်ရာ ဒေါ်မို့ဖြူကစိမ်းနွယ်၏လက်ကိုပုတ်ထုတ်လိုက်ပြီး
” ညည်းလက်ကိုဖယ်စမ်းပါအေ…နေကောင်းပါတယ်ဆိုနေ…အမေမေးတာဘဲဖြေ…ညည်းမှာချစ်သူရည်းစားတွေရှိနေပြီလား…”
” အမေရယ်…တနေ့တနေ့စားဖို့သောက်ဖို့ ကုန်းရုန်းရှာဖွေနေရတာ…ဘယ်ကလာရည်းစားထားဖို့အချိန်ရလို့လဲရှင်…”
” ကောင်းတယ်…အဲဒါကောင်းတယ်…ဒီမယ်သမီး…ညည်းအမေပြောတာကိုသေချနားထောင်…အမေ့ကိုကောင်လေးတစ်ယောက်ရဲ့မိဘတွေက သူတို့ရဲ့သားနဲ့သမီးလေးကိုလက်ထပ်ပေးဖို့လာကမ်းလှမ်းထားတယ်…အဲဒါကိုသမီးလက်ခံရမယ်…သမီးအဲကောင်လေးကိုလက်ထပ်ရမယ်….”
” ရှင်.”
” ဟားဟားဟား…အမေရယ်…အမေဒီညဘာဖြစ်နေတာလဲ…သမီးကိုမစနဲ့တော့ သမီးပင်ပန်းလာတယ်…အဝတ်အစားလဲရေချိုးပြီးနားတော့မယ်….”
မိခင်၏စကားကြောင့် စိမ်းနွယ်မှာ ရယ်ချင်စိတ်ပေါက်သွား၏။ မိခင်ဖြစ်သူကိုမည်သို့မျှနားမလည်နိုင်တော့ချေ။ သို့ကြောင့် ထိုင်ခုံမှထသွားမည်အလုပ် ဒေါ်မို့ဖြူက ပြန်ဆွဲထားလိုက်သဖြင့် ပြန်ထိုင်လိုက်ရ၏။
” ဘာလဲအမေရယ်…အမေကသမီးကိုယောကျာ်းပေးစားမလို့လား…”
ဆိုပြီးခပ်နောက်နောက်ပြန်ပြောလိုက်ရာ မိခင်ဖြစ်သူက
” ညည်းကိုငါစနေတာမဟုတ်ဘူးမိစိမ်း….တကယ်ပြောနေတာ…နေ့လည်ကအမေ့ဆီကိုကောင်လေးရဲ့မိဘတွေလာသွားတယ်…”
ဟုပြောပြီး ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်၏။ မိခင်ဖြစ်သူစကားဆုံးသည်နှင့် စိမ်းနွယ်မှာ မျက်လုံးအပြူးသားဖြင့်
” အမေ…လူခြောက်တွေကတကယ်ရှိတယ်ပေါ့…”
” ဪ..ရှိလို့ဘဲ သူကညည်းကိုကြိုက်နေတာပေါ့အေ…ညည်းဘယ်လိုသဘောရလဲ…”
” သမီးလက်မထပ်ချင်သေးပါဘူးအမေရယ်…ပြီးတော့ခုလက်ထပ်ရမှာက လူခြောက်နဲ့ဆိုတော့သမီးပိုတောင်လက်မထပ်ချင်သေးဘူး….”
” ဟဲ့ဟဲ့…ညည်းလူခြောက်တွေအကြောင်းမကြားဖူးသေးလို့ပါ….ညည်းအခုလိုလူခြောက်မယားလုပ်ရမှာက ထီပေါက်တာထက်ကိုကံကောင်းသေးတာအေ့…ညည်းပင်ပင်ပန်းပန်းလုပ်စရာမလိုတော့သလို ညည်းအမေဖြစ်တဲ့ငါလည်း ငွေကိုဖောဖောသီသီသုံးနိူင်သွားတာပေါ့အေ့…ညည်းအတွေးမမှားစမ်းပါနဲ့….”
” အိုအမေရယ်….လင်ယူတာကစားစရာများမှတ်နေတာလား….ဒါသမီးဘဝအတွက်အရေးကြီးတဲ့အရာတစ်ခုနော်…”
” အောင်မယ်….ငါမွေးလို့်ညည်းလူဖြစ်လာတာအေ့….ငါကကောင်းစေချင်လို့ပြောတာ…မိဘကလက်နဲ့ရေးတာကို ညည်းခြေထောက်နဲ့မဖျက်ချင်စမ်းပါနဲ့အေ….ညည်းဘဝကောင်းစားဖို့ပြောနေတာ….”
” သမီးမယူနိုင်ပါဘူးအမေရယ်….အမေ့ကိုသမီးရှာကျွေးနိုင်ပါသေးတယ်…သမီးမှာလက်တွေခြေတွေအကောင်းကြီးပါ…အမေ့အသုံးစရိတ်အတွက်ပူမနေစမ်းပါနဲ့….”
” ငါ့ကိုဘာမှပြန်မပြောနဲ့တော့မိစိမ်း….ငါကပြောရင် ပြောသလိုလိုက်လုပ်မှကြိုက်တာညည်းသိတယ်နော်….ညည်းပြင်စရာရှိတာပြင်ထား….နောက်သုံးရက်နေရင် ကောင်လေးမိဘတွေလာလိမ့်မယ်…စတိုးဆိုင်မှာအရောင်းသမ လုပ်မနေနဲ့တော့…”
” ဟူး…..စိတ်ညစ်ပါတယ်နော်….”
မိခင်ကိုပြန်အာမခံနိူင်တော့သည့်အဆုံး စိမ်းနွယ်မှာ သက်ပြင်းရှည်ကြီးကိုသာ ချရင်း အိပ်ခန်းထဲသို့ဝင်သွားခဲ့တော့သည်။ ဒေါ်မို့်မို့ဖြူမှာကား မိမိအတွက်ရလာမည့် ငွေပုံကြီးကိုသာ အတွေးထဲမြင်ယောင်ရင်း ပြုံးပြုံးကြီးထိုင်နေတော့သည်။
ဤသို့ဖြင့်ရက်ချိန်းပြည့်သွားပြီး နှစ်ဦးနှစ်ဖက်သဘောတူကာ ယခုကဲ့သို့စည်ကားသိုက်မြိုက်သော မင်္ဂလာပွဲကြီးကိုကျင်းပလိုက်တော့သည်။ ထိုမင်္ဂလာပွဲပြီးသည်နှင့် ခန်းဝင်လက်ဖွဲ့အဖြစ် အိမ်ကြီးတစ်လုံးကို ပေးရာ ထိုအိမ်ကြီးထဲ၌ စိမ်းနွယ်နေရ၏။ ထို့ပြင် လက်မသာသာရှိသောလူပုံသဏ္ဍာန်အရာထည့်ထားသည့် မှန်ဘောင်တစ်ခုကိုလည်းဂရုတစိုက်ကြည့်ရှူရသေး၏။ ထိုအိမ်ကြီးထဲ၌ စိမ်းနွယ်တစ်ယောက်ဘုရင်မကြီးတစ်ပါးနှယ် နေရသော်လည်း စိတ်နှလုံးမွေ့လျော်ခြင်းမရှိချေ။
လက်ထပ်ပြီးသည့်အချိန်မှစ၍ မိမိ၏အပါးမှတစ်စုံတစ်ယောက်ရှိနေသောခံစားချက်ကို အရင်ကထက်ပို၍ခံစားမိနေသာ်လည်း ဘာမှန်းမသိရချေ။
” မအေးပို…ဒီနေ့စိမ်းတို့ဘုရားသွားရအောင်နော်…ဒီအိမ်ကြီးထဲနေနေရတာစိတ်မွန်းကြပ်လာပြီ….”
” ဟို…ဟိုလေ…ကို…ကိုကြီးကိုမမစိမ်းခွင့်တောင်းပြီးပြီလားဟင်….”
” မအေးပို…ဒီအိမ်မှာရှိတာ မအေးပိုနဲ့စိမ်းနှစ်ယောက်ထဲလေ…ဘယ်ကကိုကြီးကိုခွင့်တောင်းရမှာလဲ….”
” ရှင်…မ…မဟုတ်ဘူးလေမမစိမ်း….မမစိမ်းရဲ့ယောကျာ်းကိုကြီးသန့်နောင်လည်းရှိတယ်လေ….”
” အိုဟယ်….ဘာမှမဟုတ်တဲ့အသားခြောက်ကိုများ ကြောက်နေရတယ်လို့…သူကအကောင်အထည်မြင်နေရတာမှမဟုတ်ဘဲခွင့်တောင်းနေစရာမလိုဘူး….တကတည်း ဘာမှမလုပ်ဘဲတနေ့တနေ့ ထမင်းခူးပေးလိုက်…အဝတ်သွားထားပေးလိုက်နဲ့အလုပ်ကိုရှူပ်လွန်းတယ်….”
” ရှင်!…”
စိမ်းနွယ်၏စကားကြောင့် မအေးပို လန့်သွားပြီး လက်နှစ်ဖက်ဖြင့်ပါးစပ်ကိုပိတ်ထားလိုက်မိသည်။ မအေးပိုက လူခြောက်ကလေးအကြောင်းကို ရွာမှာကတည်းကသိပြီးသားဖြစ်၏။ ယခုလည်းထိုလူခြောက်ကလေး၏ဝေယျာဝစ္စနှင့်စိမ်းနွယ်၏ဝေယျာဝစ္စကို လုပ်ပေးရန် ဒေါ်လှအုံကထည့်ပေးလိုက်ခြင်းဖြစ်၏။
” ကဲမအေးပို….စိမ်းပြောထားမယ်…ဒီနေ့ကစပြီး အဲဒီအမဲသားခြောက်လိုလိုဟာကို ထမင်းတွေသွားထားပေးတာတွေ….အကောင်းစားအဝတ်တွေ သွားသွားထားပေးတာတွေ မလုပ်နဲ့တော့ကြားလား….အလကားဘာမှမဟုတ်တာတွေကိုလာအယုံသွင်းနေတယ်…”
” ရှင်…မ…မလုပ်ပေးရင် ကိုကြီးသေသွားမှာပေါ့မမစိမ်းရဲ့…”
” ငါကမလုပ်နဲ့ဆိုမလုပ်နဲ့ပေါ့မအေးပိုရဲ့…ဒါငါ့အိမ်…ဒီအိမ်ကြီးရဖို့ငါ့ဘဝနဲ့ရင်းထားရတာ…ငါ့အိမ်မှာနေရင်ငါ့စည်းကမ်းကိုလိုက်နာရမယ်ကြားလား…မဟုတ်ရင်အထုတ်ဆွဲပြီးရွာပြန်သွားတော့….”
” ဟုတ်…ဟုတ်ကဲ့မမစိမ်း…”
စိမ်းနွယ်၏စကားကြောင့် မအေးပိုဘာမှပြန်မပြောရဲတော့ချေ။ ထိုအချိန်မှစ၍ လူခြောက်လေးအတွက် စားသောက်စရာများနှင့် အဝတ်အစားများကို သွားမပို့ပေးတော့ချေ။
လူခြောက်ကလေးကိုလည်းအတူအိပ်သည့်ကုတင်ပေါ်တွင်မထားတော့ဘဲ ပစ္စည်းအဟောင်းများသိမ်းသည့် စတိုခန်းထဲတွင်သွားပစ်ထားလိုက်သည်။
စိမ်းနွယ်မှာယောက္ခပေးသည့် တင်တောင်းငွေများဖြင့် ကုန်စုံဆိုင်ကြီးကိုမြို့ဈေးထဲ၌ဖွင့်ထားလိုက်၏။ ဒေါ်မို့မို့ဖြူလည်း သမီးကောင်းမှုဖြင့် ဆင်ခြေဖုံးရပ်ကွက်မှမြို့လယ်ခေါင်ရှိ တိုက်ခန်းသို့ပြောင်းလာပြီး လောင်းကစားကိုစိတ်ကြိုက်လုပ်တော့သည်။
ဒေါ်လှအုံသည် တောင်ထိပ်ပေါ်ရှိမြဘုရားသို့ရောက်နေ၏။ ဘုရားဆည်းလည်းသံမှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေ၏။ သူမသည်ဘုရားကိုဝတ်ပြုရင်း တိတ်ဆိတ်မှု၏အရသာကိုခံစားနေသည်။ ထိုစဉ်
” အမေ…အမေ…”
ဟူသောခေါ်သံကြောင့် သူမလှည့်ကြည့်လိုက်ရာ ပိန်လှီနေသောလူငယ်တစ်ယောက်ကိုတွေ့လိုက်ရ၏။
” အမေ…သားကိုကယ်ပါဦးဗျ…”
” ဟယ်…သားလေး…မောင်သန့်နောင်…အမေ့သားလေးပိန်လိုက်တာကော နေမကောင်းဘူးလားကွဲ့….အဝတ်တွေလည်းစုတ်ပြတ်နေတာဘဲ….အမေ့နားလာပါဦးသားရယ်….”
ထိုလူငယ်ကမျက်ရည်စက်လက်ဖြင့် ဒေါ်လှအုံ၏ရင်ခွင်ထဲသို့ ကလေးတစ်ယောက်နှယ်တိုးဝင်ပြီး တသိမ့်သိမ့်ငိုနေ၏။
” သားလေး…ဘာဖြစ်လာတာလဲအမေ့ကိုပြောပါအုံး…သားလက်ထပ်ပြီးထဲက အမေ့ဆီမလာတာတစ်နှစ်ကျော်ပြီနော်…သားမိန်းမနဲ့အဆင်မပြေဘူးလား…”
” အမေ…သူသားကိုမချစ်ဘူးဗျ…သားထမင်းမစားရတာကြာပြီ…မအေးပိုလည်းသူ့ကိုမဆန့်ကျင်ရဲလို့သားကိုထမင်းလည်းလာမပို့ပေးတော့ဘူး…အဝတ်အစားလည်းလာမလဲပေးတော့ဘူး…ပြီးတော့သူကသားကို မည်းမှောင်နေတဲ့အခန်းထဲမှာပိတ်လှောင်ထားတယ်…သားအရမ်းကြောက်တယ်အမေ…”
” အမလေး….အမေတို့တော့မြွေပွေးကိုခါးပိုက်ဆောင်မိပြီနဲ့တူတယ်ငါ့သားရယ်…ငါ့သားကိုသူတို့ကမချစ်မနှစ်သက်ဘဲ ငွေကြေးမက်မောပြီး လက်ခံထားကြတာပေါ့….ငါ့သားလေးကိုကြည့်ပါအုံး ပိန်လှီပြီးညစ်ပတ်ပေစုတ်နေတာဘဲ…အမေသားကိုပြန်ခေါ်မယ်…သူတို့လက်ထဲမထည့်ပေးနိူင်တော့ဘူး….”
” အမေ…သူတို့ကသားကိုတစ်ပတ်တစ်ခါလာပြီးတွေ့တယ်…သူတို့လုပ်ငန်းဆောင်တာမှန်သမျှကိုကြည့်ရှု မစ ပေးရမယ်တဲ့…နောက်ပြီးစိမ်းအမေက သူလောင်းကစားလုပ်တိုင်းအမြဲနိူင်အောင် မစပေးရမယ်တဲ့…မ မစ ပေးရင်သားကိုမီးရှို့ပစ်မယ်လို့ခြိမ်းခြောက်တယ်….သားကိုလည်းအချွန်တွေနဲ့ထိုးထားကြတာကြည့်ပါအုံးအမေ….”
မောင်သန့်နောင်ကထိုသို့ပြောပြီး ခန္ဓာကိုပေါ်မှအနာများကိုမိခင်အားလှန်ပြလိုက်၏။
” အမလေး…ဖြစ်မှဖြစ်ရလေငါ့သားရယ်….ငါ့သားကိုအမေတို့ဒုက္ခတွင်းထဲပစ်ထားမိသလိုဖြစ်နေပါရော့လားကွယ်…အဟင့်….”
ဒေါ်လှအုံကသားဖြစ်သည်၏ဒဏ်ရာကိုကြည့်ပြီး မချိတင်ကဲ ဝမ်းနည်းငိုကြွေးနေမိသည်။ တိတ်ဆိတ်အေးချမ်းသော မြစေတီရင်ပြင်သည်ကား သူမ၏အပူသောကပရိဝေဒမီးကို မငြိမ်းအေးစေနိူင်တော့ပေ။
” အမေ…သားပြန်တော့မယ်…မနက်ဖြန် သားအိမ်ကိုလာခဲ့နော်အမေ…သားကြိုက်တဲ့ဝက်သားဟင်းလေးချက်လာပေးနော်…သားဗိုက်အရမ်းဆာတယ်ဗျ…နောက်ပြီးသားအတွက်အဝတ်အစားအသစ်လေးလည်းဝယ်လာပေးနော်သားအဝတ်တွေစုတ်နေပြီဗျ….”
” အင်းပါသားရယ်…အမေမနက်ဖြန်လာခဲ့မယ်နော်…သားကြိုက်တာတွေဝယ်လာပေးမယ်….ကျန်းမာရေးလည်းဂရုစိုက်နော်သားလေး…”
” ဟုတ်…သားသွားပြီအမေ…”
မောင်သန့်နောင်က မိခင်ကိုနူတ်ဆက်ပြီး စေတီ၏အနောက်ဘက်အမှောင်ထုထဲသို့တိုးဝင်ပျောက်ကွယ်သွား၏။
” သား…သားလေး…”
” မလှအုံ…မလှအုံ…သားကိုအိပ်မက်မက်နေတာလား….နေမြင့်နေပြီထပါအုံး…”
ဦးဖိုးထူက လှုပ်နိူးလိုက်သောကြောင့် ဒေါ်လှအုံနိူးလာသဖြင့် အိပ်မက်မက်နေမှန်းသိလိုက်၏။ သို့သော်ပါးပြင်နဲ့ခေါင်းအုံးတို့မှာကား မျက်ရည်ဖြင့် စိုရွဲှနေ၏။
” မိန်းမ…သားကိုမက်လို့လား…ပြောစမ်းပါအုံး ငါ့သားလေးအဆင်ပြေရဲ့လား…”
” အစ်ကို…သား…သားလေးအရမ်းပိန်နေတယ်…သူ့ကိုဟိုသားအမိကနှိပ်စက်ကြတယ်တဲ့…”
ဒေါ်လှအုံကထိုသို့ပြောရင်း အိပ်မက်အကြောင်းကို ယောကျာ်းဖြစ်သူအား အကုန်ပြောပြလိုက်၏။
” တောက်! ဒင်းတို့ကငါ့သားကိုမချစ်မကြိုက်ဘဲ…ငွေမက်ပြီး ငါ့သားကိုအငတ်ထားကြတာပေါ့…”
နောက်တနေ့၌လင်မယားနှစ်ယောက် သားကြိုက်သည့်ဝက်သားဟင်းကိုထမင်းချိုင့်ထဲထည့်ပြီး မြို့သို့တက်လာကြပြီး သားဖြစ်သူအတွက်အဝတ်အစားသုံးစုံကိုလည်းဝယ်လာခဲ့ကြ၏။ ထို့နောက် ချွေးမဖြစ်သူရှိရာအိမ်ကြီးသို့လာခဲ့ပြီး ခြံရှေ့ရောက်သည်နှင့် လူခေါ်ခေါင်းလောင်းကိုတီးလိုက်၏။
ခဏ၌ခြံရှေ့တံခါးဆီသို့ မအေးပိုကအပြေးကလေးရောက်လာခဲ့၏။
” အ…အရီးလေး….”
” ဟဲ့…အေးပို…တံခါးမြန်မြန်ဖွင့်လိုက်စမ်း…”
” ဟုတ်…ဟုတ်ဖွင့်နေပါတယ်အရီးလေး…”
တံခါးပွင့်လာသည်နှင့် ဒေါ်လှအုံတို့လင်မယားနှစ်ယောက်အိမ်ထဲသို့ဝင်လာကြပြီးလျှင်
” ညည်းမမလေးမရှိဘူးလား အေးပို…”
” မ…မရှိဘူးအရီးလေး…မမစိမ်းကဆိုင်သွားနေတယ်…”
” ညည်းအစ်ကိုရော ဘယ်မှာထားထားတာလဲ….ထမင်းပုံမှန်ကျွေးရဲ့လား…အဝတ်အစားပုံမှန်လဲပေးရဲ့လားအေးပို…”
” အ…အခန်းထဲမှာပါအရီးလေး…အဝတ်အစားတွေထမင်းတွေပုံမှန်ပို့ပေးပါတယ်…”
” ငါ့သားကိုငါတွေ့ချင်တယ်အေးပို…ငါ့သားဆီလိုက်ပို့ပေးစမ်း…”
” ဟို…ဟိုလေ….မမစိမ်း…မမစိမ်းကသူ့အခန်းထဲကို ဘယ်သူမှပေးမဝင်ဘူးရှင့်…တံ…တံခါးသော့လည်းခတ်ထားပါတယ်…”
” အေးပို…”
” ရှင့်…ဦး…ဦးထူ…”
မအေးပိုကစကားအထစ်ထစ်ဖြင့်ပြောနေသဖြင့် ဦးဖိုးထူစိတ်မရှည်တော့ဘဲ အော်လိုက်တော့၏။
” ငါ့သားဘယ်မှာလဲပြောစမ်း….”
” ဟို…ဟို…အ…အခန်းထဲမှာပါဦးထူ…”
” ဘယ်အခန်းလဲသွားပြ…”
မအေးပိုက တဟိုဟိုဖြင့် အင်တင်တင်လုပ်နေ၏။ ထိုအချိန်ခြံရှေ့တံခါးပွင့်လာပြီး မစိမ်းနွယ်နဲ့မိခင်ဖြစ်သူဝင်လာခဲ့၏။
” မအေးပို…မအေးပို…ငါပြန်ရောက်ပြီဟဲ့…ဘာလုပ်နေတာလဲ….ဘယ်သူတွေနဲ့စကားပြောနေတာလဲ….”
” မ…မမစိမ်း….”
မအေးပိုက စိမ်းနွယ်ဆီပြေးလာ၏။ စိမ်းနွယ်တို့လည်း ယောက္ခမဖြစ်သူကိုတွေ့လိုက်ပြီး ပြုံးလိုက်ကာ
” ဪ…အမေတို့ရောက်နေတာလား…မအေးပို…အမေတို့ကိုအိမ်ထဲခေါ်သွားလေ…ဘာလို့ဒီမှာရပ်ခိုင်းရတာလဲ…”
” ဟို…ဟိုလေ…”
” ပြန်ရောက်ပြီလားသမီး…အမေတို့ကသားလေးသန့်နောင်ကိုလာကြည့်တာပါ…”
” ဪ…ကိုသန့်နောင်ကိုလာကြည့်တာလား….အမေ့သားကအိမ်ထဲမှာရှင့်…သူကတနေ့တနေ့အိမ်ထဲမှာဘဲနေနေတာလေ…ဟုတ်တယ်နော်အမေ…”
စိမ်းနွယ်ကထိုသို့ပြောပြီး ဒေါ်မို့မို့ဖြူဘက်လှည့်ကာပြောလိုက်၏။ ဒေါ်မို့်မို့ဖြူလည်း မျက်နှာချိုသွေးလိုက်ပြီး
” ဟုတ်…ဟုတ်ပါတယ်ရှင်…သမက်လေးကအကောင်အထည်သာမမြင်ရတာ ဇနီးနဲ့ယောက္ခမအပေါ်တော့ အရမ်းကိုသိတတ်တာရှင့် ….အဟင်း…”
” ဟုတ်လား…ဒါဆိုလည်းကျုပ်သားနဲ့တွေ့ချင်လို့ ပြပါအုံး…”
” ဪ..အဲဒါ…ဟို…ဟိုလေ…အမေ့သားကအခန်းထဲမှာရှိတယ်ရှင့်…အေးပို…ကိုသန့်နောင်ကိုတချက်သွားကြည့်လိုက်ပါအုံး စိမ်းအခန်းကိုလည်းသန့်ထားပေးအုံးနေ.ာ်…..အမေ ခဏနေအုံးနော်…အေးပိုကိုသွားကြည့်ခိုင်းထားတယ်…သမီးတို့အခန်းကရှုပ်ပွနေလို့ပါ..”
” ဟုတ်…ဟုတ်မမစိမ်း…”
မအေးပိုကအိမ်ထဲသို့ပြေးဝင်သွားပြီး စတိုခန်းသော့ကိုရှာကာ မှန်ခေါင်းငယ်ကိုအမြန်ရှာဖွေလိုက်၏။ ခဏ၌အိမ်ထောင့်တွင် ဖုန်မှုန့်များကပ်နေသောမှန်ခေါင်းငယ်ကိုတွေ့လိုက်ရပြီးအမြန်ကောက်ယူကာ အဝတ်စဖြင့်သန့်ပေးလိုက်၏။ ထို့နောက်အထဲမှ အသားခြောက်ကလေးကိုသေချာကောက်ယူပြီး အိပ်ယာသေးသေးလေးထက်၌အိပ်စေပြီးသည်နှင့် စိမ်းနွယ်၏အခန်းတံခါးကိုဖွင့်ကာ မှန်ခေါင်းငယ်အား အိပ်ယာခေါင်းရင်းရှိ ခေါင်းအုံးပေါ်သို့တင်ပေးလိုက်၏။ ရှုပ်ပွနေသောစိမ်းအခန်းကိုလည်း အမြန်သန့်ပေးလိုက်၏။ ပြီးသည်နှင့်အောက်ထပ်သို့်ပြန်လာပြီး ဧည့်ခန်းထဲ၌ထိုင်နေသောစိမ်းနွယ်ဆီပြေးလာပြီး
” ပြီးပြီမမစိမ်း….”
” အမေနဲ့အဖေတို့ ကိုသန့်နောင်ကိုသွားတွေ့လို့ရပါပြီရှင့်….ကိုသန့်နောင်အမေ့ကိုလာတွေ့သေးလား…”
စိမ်းနွယ်ကထိုသို့ပြောလိုက်သော်လည်း ဒေါ်လှအုံတို့်လင်မယားကဘာမှမပြောဘဲ ထိုင်ရာမှထကာ အပေါ်ထပ်သို့တက်လာခဲ့ကြသည်။ စိမ်းနွယ်၏အခန်းထဲသို့ရောက်သည်နှင့် ကုတင်ပေါ်ရှိခေါင်းအုံးပေါ်မှ မှန်ခေါင်းသေးသေးလေးကိုကြည့်လိုက်၏။
” သား…သားလေး…အမေတို့ရောက်လာပြီနော်….အမေ့သားလေး…”
နှစ်ယောက်သားမှန်ခေါင်းငယ်ကို ကောက်ယူလိုက်ပြီး သားဖြစ်သူကိုကြည့်လိုက်ရာ လက်မသာသာရှိသော လူခြောက်ကလေး၏ခန္ဓာအနံ့၌ အနီစက်များကိုတွေ့လိုက်ရ၏။
” ငါ့သားကိုအဖေတို့အိမ်ပြန်ခေါ်သွားမယ်…ဒီမိန်းမယုတ်ဆီမှာ သားနေစရာမလိုတော့ဘူး…”
ဦးဖိုးထူကထိုသို့ပြောပြီး မှန်ခေါင်းကိုပွေ့ယူကာ လှည့်ထွက်မည်အပြု
” အဖေ…ကျွန်မယောကျာ်းကို ဘယ်ခေါ်သွားမလို့လဲရှင့်…”
” ဖယ်စမ်း…ငါ့အရှေ့ကနေဖယ်ကြစမ်း….ငါ့သားကိုနှိပ်စက်လို့မဝကြသေးဘူးလား….”
” အဖေတို့ကို ကိုသန့်နောင်ကဘာတွေတိုင်ထားလို့လဲမသိပေမဲ့ ဒါလင်မယားကြားကကိစ္စလေ….လင်မယားကြားကကိစ္စကိုဘေးလူတွေဝင်ပါစရာမလိုဘူးထင်တယ်နော်…”
” ဘေးဖယ်နေလို့ငါပြောနေတယ်နော်…”
” မဖယ်ဘူး…အဖေတို့ကကျွန်မယောကျာ်းကိုဘယ်ခေါ်သွားမလို့လဲ… ဒီလူခြောက်ကလေးကိုကျွန်မပိုင်တယ်နော်…အဖေတို့ကိုယ်တိုင် ကျွန်မနဲ့လက်ထပ်ပေးခဲ့တာ…ပေးစမ်းအဲဒီမှန်ခေါင်း….”
” ဖယ်စမ်း…ငါ့သားကိုမင်းထိစရာမလိုဘူး….”
” ခွမ်း….”
” ဟင်…”
” ငါ့သားလေး….အမလေး… ငါ့သားလေးရေ….”
တစ်ယောက်နှင့်တစ်ယောက်လုကြရင်း မှန်ခေါင်းငယ်လေးသည် ကြမ်းပြင်ပေါ်သို့ကျသွားပြီး ကွဲကြေသွား၏။ လူခြောက်ကလေးလည်း ကြမ်းပြင်ပေါ်ရှိမှန်ကွဲစများကြားသို့ လွှင့်စင်သွား၏။ ဒေါ်လှအုံက အလန့်တကြားဖြင့် မှန်စများကြားမှ လူခြောက်ကလေးကိုအမြန်ကောက်ယူလိုက်၏။ ထိုအခါသေးငယ်သောမှန်ကွဲစလေးသည် လူခြောက်ကလေး၏ကြောပြင်၌ စိုက်ဝင်နေ၏။
” အမလေး….ငါ့သားလေးအသက်မှရှိသေးရဲ့လား….”
” ငါ့ယောကျာ်းကိုပြန်ပေး…ငါ့ယောကျာ်းကိုမယူသွားနဲ့…”
” တော်ကြတော့…ဒါငါ့သား…ငါ့သားကိုငါပြန်ခေါ်မယ်…မင်းတို့်အနားတိုးလာတာနဲ့ ငါအကုန်သတ်ပစ်မယ်မှတ်…”
ဦးဖိုးထူက အနားမှသံပန်းအိုးကိုကောက်ယူလိုက်ပြီး စိမ်းနွယ်တို့သားအမိအားရွယ်ထားလိုက်၏။
” လာအေးပို…ညည်းငါတို့နဲ့ုပြန်လိုက်ခဲ့…ဒီကောင်မတွေဆီမှာအလုပ်လုပ်စရာမလိုတော့ဘူး….”
” ဟုတ်…ဟုတ်အရီးလေး…”
ထို့နောက် ဒေါ်လှအုံတို့လင်မယားသည် သားခြောက်ကလေးကိုပုဝါဖြင့်ပတ်လိုက်ပြီး မအေးပိုကိုခေါ်ကာ ထိုအိမ်ကြီးထဲမှ ထွက်လာခဲ့ကြ၏။
ဒေါ်လှအုံသည် သားကြိုက်တတ်သည့် အစားအသောက်များကို ချက်ပြုတ်ပြီးသားအခန်းထဲသို့ယူလာပေး၏။
” သားလေး…ထမင်းစားတော့…အမေသားကြိုက်တတ်တဲ့ဟင်းတွေချက်ထားပေးတယ်…သားဒဏ်ရာတွေသက်သာသွားပြီလား…အိမ်ပြန်ရောက်တာ တစ်လကျော်နေပြီသားအမေ့ကိုလာမတွေ့သေးဘူးနော်….”
ဒေါ်လှအုံကထိုသို့ပြောရင်း သားဖြစ်သူ၏အိပ်ယာသေးသေးလေးကိုသေချာပြင်ပေးနေ၏။
ညရောက်သော် အိပ်မက်ထဲသို့သားဖြစ်သူရောက်လာခဲ့သည်။ အရင်လိုပိန်မနေဘဲ ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်နေပြီး အဝါရောင်စတစ်အင်္ကျီကိုဝတ်ဆင်ထားသည်။
” အမေ…သားနေကောင်းသွားပြီဗျ…ကျောပြင်ကဒဏ်ရာလည်း သက်သာနေပါပြီ။ သားအမေ့ဆီမလာတာကလည်း သားသူ့ကိုလွမ်းနေလို့ မြစေတီမှာနေ့တိုင်းသွားထိုင်နေလို့်ပါ…အမေတို့ကျန်းမာရေးဂရုစိုက်နော်….နောက်ပြီးသားအတွက် သင်္ကန်းလေးတစ်စုံလောက်ကပ်ပေးပါနော်အမေ…”
” အင်းပါသားရယ် အမေလှူပေးပါ့မယ်…”
နောက်တစ်နေ့၌ဒေါ်လှအုံသည် ယောကျာ်းနဲ့တိုင်ပင်ပြီး သင်္ကန်းတစ်စုံဝယ်ကာ ရွာဦးကျောင်း၌သွားရောက်လှူဒါန်းပေးလိုက်၏။ မအေးပိုလည်း ဒေါ်လှအုံတို့၏အိမ်တွင်နေလာသည်မှာ ငါးလပင်ပြည့်ခဲ့ပြီ။ သူမသည်မိဘမရှိသည့် တစ်ကောင်ကြွက်တမျက်နှာဖြစ်သဖြင့် ဒေါ်လှအုံကခေါ်ယူကျွေးမွေးထားခြင်းဖြစ်၏။ ယနေ့သည် အိမ်၌ဒေါ်လှအုံတို့လင်မယားနှစ်ယောက်စလုံးမရှိကြချေ။ မန္တလေးတောင်သို့သွားပြီး ဘုရားဖူးသွားကြသဖြင့် သုံးရက်လောက်တော့ကြာမည်ဖြစ်သည်။
မအေးပိုကိုကား အိမ်စောင့်အဖြ
စ်နှင့် လူခြောက်ကလေးမောင်သန့်နောင်ကိုအလုပ်အကျွေးပြုရန်အတွက် စိတ်ချလက်ချထားခဲ့ခြင်းဖြစ်သည်။ မအေးပိုကထိုအခွင့်အကောင်းကိုယူပြီး လူခြောက်ကလေးနှင့် အတွင်းပစ္စည်းကိုယူပြီး မြို့သို့ပြေးလေသည်။ ဘုရားဖူးပြန်လာသည့် ဒေါ်လှအုံတို့ကား သားဖြစ်သူကိုလည်းရှုံး၊အတွင်းပစ္စည်းလည်းရှုံးကာ အပူလုံးကြွနေရသည်။ မအေးပိုကိုကား အစအနပင်မတွေ့ကြရတော့ချေ။
မောင်ရေခဲတို့ဆရာတပည့်သည် ကျောက်ကြားဘုရားတည်မည့်နေရာကို လိုက်ရှာရင်း သရက်စုရွာသို့ရောက်လာခဲ့ကြသည်။ ရွာထိပ်သို့ရောက်လာသည်နှင့် သစ်ပင်ကြီး၏အောက်မှ ထိုင်နေသောလူငယ်တစ်ယောက်ကိုတွေ့လိုက်ရသဖြင့် မေးမြန်းရန်အနားသို့တိုးလာခဲ့သည်။
” ညီလေး…ညီလေးကဒီရွာကလားဗျ…”
မောင်ထင်ပေါ်ကဆရာဖြစ်သူအား ကြောင်ကြည့်နေသည်။ လူငယ်က မောင်ရေခဲကိုလှည့်ကြည့်လာပြီး
” ခင်ဗျားက ကျုပ်ကိုမြင်နေရတာလားဗျ..”
“မြင်ရလို့ဘဲ အကူညီတောင်းဖို့လာတာဗျာ…ဒါနဲ့ညီလေးစကားကထူးဆန်းနေပါလားဗျ…”
” ဟာ….ကျုပ်ကခင်ဗျားတို့လို လူမဟုတ်ဘူးလေဗျာ…ဒါကြောင့် ကျုပ်ကိုမြင်နေရတာလားလို့မေးတာပေါ့ဗျ….”
ထိုလူ၏စကားကြောင့် မောင်ရေခဲသေချာကြည့်လိုက်ရာ ထိုပုဂ္ဂိုလ်မှာလူစင်စစ်မဟုတ်မှန်းသိလိုက်ရသည်။
” ဪ…ငါသတိမကပ်မိပေဘဲကိုး…ဒါနဲ့ညီလေးကဒီမှာဘာလုပ်နေတာလဲဗျ…”
” ကျုပ်…ကျုပ်မိဘနှစ်ပါးကိုစောင့်နေတာဗျ…သူတို့ကကျုပ်ကိုလိုက်ရှာနေတယ်လေ…အရင်ကအမေနဲ့အဆက်အသွယ်လုပ်လို့ရပေမဲ့ခုကမရတော့ဘူးဗျ….ရွာထဲကိုလည်းကျုပ်ဝင်လို့မရတော့ဘူးလေ…”
မောင်ရေခဲကထိုလူအား သေချာကြည့်လိုက်ရာလူခြောက်ကလေးဘဝမှသေလွန်သွားပြီဖြစ်သော ဝိဉာဉ်တစ်ကောင်ဖြစ်မှန်းသိလိုက်၏။
” ညီကကလူခြောက်ဘဝကနေ သေလွန်ပြီးတဲ့ဝိဉာဉ်ဘဲ…ဒါကြောင့်ရွာစောင့်နတ်ကရွာထဲအဝင်မခံတော့တာ….”
” ဟင်…ကျုပ်…ကျုပ်မသေပါဘူး…ကျုပ်ရဲ့ခန္ဓာကလေးရှိနေပါသေးတယ်…”
ဝိဉာဉ်ကထိုသို့ပြောပြီး လူခြောက်ခန္ဓာကလေးရှိရာသို့ပြန်သွား၏။ ထိုအခါ ပုလင်းထဲရှိမိမိ၏ခန္ဓာသေးသေးလေးမှာ ချစားထားသလိုဖြစ်နေပြီး မည်းခြောက်သွားသည်ကိုတွေ့လိုက်ရသည်။
” ငါ…ငါသေသွားပြီဘဲ….”
လူခြောက်ကလေး၏ဝိဉာဉ်မှာငိုယိုပြီး မောင်ရေခဲရှေ့ပြန်ရောက်လာသည်။
” ယုံပြီလား…ညီကသေသွားပြီဆိုတာ…”
” ယုံပါပြီဗျာ…ဒါကြောင့်ကျုပ်အမေနဲ့ဆက်သွယ်လို့မရတော့တာပေါ့….ကျုပ်ကိုခိုးယူပြီး ပုလင်းထဲထည့်ထားကြတာလေ…ဒါပေမဲ့ကျုပ်ရဲ့ဝိဉာဉ်ကမြဘုရားမှာရောက်နေတာ…ကျုပ်ပြန်လာတော့ ပုလင်းထဲဝင်မရတော့တာနဲ့ အမေ့ဆီပြန်လာတာ…ဒီရောက်တော့ ရွာထဲအဝင်မခံတော့ဘူးလေ…အမေနဲ့အဖေ ကျုပ်ကိုစိတ်ပူနေရှာတယ်…ကျုပ်အမေနဲ့တစ်ခါလောက်တွေ့ချင်တယ်ဗျာ…ကျုပ်….ကျုပ်ကိုခင်ဗျားကူညီပေးနိူင်မလား…ကျုပ်ကိုမြင်နိူင်တာခင်ဗျားတစ်ယောက်ထဲရှိတာလေဗျာ…”
မောင်ရေခဲသည် ထိုလူခြောက်ကလေး၏ ဝိဉာဉ်ကိုကြည့်ပြီး သနားနေမိသဖြင့် ရွာစောင့်နတ်ကိုအကူအညီတောင်းပြီး ရွာထဲသို့ခဏတာဝင်ခွင့်ပေးရန် တောင်းဆိုပေးလိုက်၏။ ရွာစောင့်နတ်လည်း မောင်ရေခဲ၏တောင်းဆိုမှုကြောင့် ညရောက်လျှင် ရွာထဲသို့ခေတ္တဝင်ခွင့်ကိုပေးလိုက်၏။
” ကဲ…ညီလေးကိုရွာစောင့်နတ်က ရွာထဲကိုခေတ္တဝင်ခွင့်ပေးလိုက်ပြီ…ညီ့ကိစ္စပြီးရင်တော့ဒီနေရာကနေအဝေးဆုံးကိုထွက်သွားရမယ်နော်….ညီရဲ့နောက်ဘဝကညီ့ကိုစောင့်ကြိုနေတယ်…ကဲကဲ…နေရစ်ခဲ့ပေဦးတော့….”
မောင်ရေခဲကထိုသို့ပြောပြီး ပြုံးလိုက်၏။ မောင်ထင်ပေါ်ကဆရာဖြစ်သူကိုနားမလည်နိူင်ဘဲဖြစ်နေ၏။
” ဆရာ…ကျွန်တော်ဆရာ့ကိုကြည့်နေတာကြာပြီ…ဆရာကဒီနေရာမှာရပ်ပြီး ဘယ်သူနဲ့စကားပြောနေတာလဲဗျ…”
” လူခြောက်ကလေးရဲ့ဝိဉာဉ်နဲ့လေထင်ပေါ်ရဲ့…သူကအကူညီတောင်းလို့ကူညီပေးလိုက်တာ…”
” ဆရာ…လူခြောက်ကလေးတွေကတယ်ရှိတာလားဗျ…”
” ရှိတာပေါ့ထင်ပေါ်ရဲ့…ပြောရရင် လူခြောက်ကလေးတွေဆိုတာ သန္ဓေမအောင်တဲ့ ကိုယ်ဝန်ပေါ့…သူတို့က သန္ဓေမအောင်ရာကနေ တေဇောဓာတ်ကြောင့်တဖြည်းဖြည်းခြောက်သွားပြီး ကိုယ်ဝန်ရက်စေ့၊လစေ့တာနဲ့သာမာန်ကလေးမွေးဖွားသလိုဘဲ မွေးဖွားလာတာ…သူတို့ကသန္ဓေမအောင်ပေမဲ့ သူတို့ရဲ့စွဲလမ်းစိတ်ကြောင့် ပြိတ္တာဘုံသားအဖြစ်နဲ့ သူတို့်ရဲ့ခြောက်သွေ့နေတဲ့ခန္ဓာသေးသေးလေးမှာစွဲကပ်နေကြတာလေ…”
” ဒါကြောင့်မို့ လူတစ်ရာမှာ တစ်ယောက်မွေးခဲတဲ့ လူခြောက်ကလေးဟာ ပေတစိတ်စွဲကပ်နေတဲ့အတွက်သက်ရှိလူတစ်ယောက်လိုဘဲ လိုချင်တာတွေပူဆာတတ်တယ်၊မစတတ်တယ်၊အရွယ်ရောက်တတ်တယ်၊သူတို့လိုချင်တာတွေကိုသူတို့ရဲ့မာတာမိခင်ကိုဆက်သွယ်ပြီး ပြောတတ်ကြတယ်လေ..ဒါပေမဲ့လူခြောက်တိုင်းတော့ မ မစတတ်ပါဘူး…”
” သူတို့ကလူတွေလိုဘဲအင်္ဂါအစုံပါတာဘဲလားဆရာ…”
” ပါတယ်ဆိုရုံအရာကလေးသာသာပါဘဲ…ဒါပေမဲ့သူတို့်အသက်ရှိနေသေးရင် အဲဒီလူခြောက်ကလေးက အသားအရေတွေစိုပည်နေတာတွေ့ရတယ်…သေဆုံးသွားရင်တော့ သားခြောက်ကလေးရဲ့အသားစတွေပဲ့ကြွေနေတာမျိုး၊ အသားအရေလုံးဝခြောက်ကပ်ပြီး မည်းနေတာမျိုးဖြစ်သွားတတ်ကြတယ်…”
” ဪ..ဒါဆိုသူတို့လည်း တနည်းအားဖြင့်ပြောရရင် ပေတလောကသားတွေပေါ့နော်ဆရာ….”
” သိပ်ဟုတ်တာပေါ့ထင်ပေါ်…”
ထိုသို့ပြောပြီး ဆရာတပည့်နှစ်ယောက် ထိုနေရာမှ ထွက်သွားကြတော့သည်။
” ကျလိ…ကျလိ…ကျလိ….”
လပြည့်ည၏လရောင်သည် လောကကြီးကို လွှမ်းခြုံနေ၏။ ညပိုးကောင်တို့၏ အော်သံမှအပ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေသည်။ ဒေါ်လှအုံသည် အိပ်ယာထက်မှအိပ်နေရင်း သားဖြစ်သူကိုသတိရနေသည်။ ကိုဖိုးထူကား အိပ်မောကျနေပေပြီ။ သူမသာလျှင် သားဖြစ်သူကိုလွှမ်းဆွတ်နေရခြင်းသာ။ ပြေးကြည့်မှသူတို့မှာ ဒီသားတစ်ယောက်သာရှိသည်မို့ ယခုလိုသားပျောက်သွားသဖြင့် သောကရောက်နေရခြင်းမှာမဆန်းချေ။ မအေးပိုကလည်း သားကိုဘာလုပ်လိုက်သည်မသိ သားဖြစ်သူမှာ သူမ၏အိပ်မက်ထဲသို့ပင်ရောက်မလာခဲ့သည်မှာ ကြာနေချေပြီ။
တွေးနေရင်းမျက်ဝန်းအိမ်မှမျက်ရည်စများစီးကျလာခဲ့သည်။ ထို့နောက်သူမ အိပ်ပျော်သွားတော့သည်။
” အမေ…အမေ…ထပါအုံးဗျ…သားပြန်လာပြီလေ…”
” ဟင်…သား…အသံဘဲ…”
” အမေ…အမေငိုနေတာလားဗျ…အမေအရမ်းပိန်ကျသွားတယ်နော်…”
” သား…အမေ့သားလေးရယ်…သားဘယ်တွေသွားနေတာလဲ….အမေ့ဆီမလာတာကြာပြီ…အမေသတိရနေတာ…”
” အမေ…နောက်အမေ့ဆီသားမလာနိူင်တော့ဘူးဗျ…သား…သား…အမေ့ဆီလာတာဒီတစ်ခါနောက်ဆုံးဘဲဗျ…”
” ဟင်…ဘာလို့လဲသားရဲ့…”
” သား….သားလာလို့မရတော့ဘူးအမေ…သား…သားသေသွားပြီအမေ…”
” ဟင်…သားသေသွားပြီဟုတ်လားသား….အမေ့ကိုမစပါနဲ့သားရယ်…”
” တကယ်ပြောတာအမေ…အမေ့ကိုသားလာနူတ်ဆက်တာ…အဖေ့ကိုလည်းသားထာဝရနူတ်ဆက်ခဲ့တယ်လို့ပြောပေးပါနော်…အမေတို့်ကျန်းမာရေးဂရုစိုက်ကြပါ…နောက်နောင်အမေ့ကိုကျန်းမာရေးဂရုစိုက်ဖို့ ပြောပေးလို့မရတော့ဘူးဗျ…အမေ…သားသွားရတော့မယ်….ကန်တော့ခဲ့ပါတယ်နော်အမေ…”
” သား….သားလေး….”
လူခြောက်ကလေးမောင်သန့်နောင်သည် မျက်ရည်စက်လက်ဖြင့် မိခင်ဖြစ်သူကို နောက်ဆုံးကန်တော့ရင်း တဖြည်းဖြည်းဝေဝါးပျောက်ကွယ်သွားခဲ့တော့သည်။ ဒေါ်လှအုံကား သားဖြစ်သူကိုအော်ခေါ်ရင်း အိပ်မက်မှလန့်နိူးလာခဲ့တော့သည်။ အိပ်မက်အကြောင်းစုံကို ယောကျာ်းဖြစ်သူအား ပြောပြလိုက်ရာ ဦးဖိုးထူလည်း တစ်ခါမှမမြင်ဖူးသေား၏ပုံရိပ်ကိုမျှော်မှန်းပုံဖော်ကြည့်ရင်း ဝမ်းနည်းပူဆွေးနေရှာသည်။ နောက်တစ်နေ့တွင်ကား သားဖြစ်သူကိုရည်စူးပြီး အလှူအတန်းများလုပ်ပေးကြသည်။
ဒေါ်မို့မို့ဖြူသည် လောင်းကစားထဲနစ်မွှန်းရင်း အကြွေးနွံထဲကနေရုန်းမထွက်နိူင်ဘဲရှိနေသည်။ သမီးဖြစ်သူမစိမ်းနွယ်လည်း လူခြောက်ကလေးကိုပုလင်းထဲထည့်ပြီး လိုလေသေးမရှိအောင် ထားပေးသော်လည်း စီးပွားရေးမှာတိုးတက်မလာဘဲ ဆုတ်ယုတ်မြဲဆုတ်ယုတ်လာသည်။ ကြားထဲတွင်လူယုံမအေးပိုက ယောကျာ်းနောက်လိုက်ပြေးသွားသည့်အပြင် မိမိ၏စုမိဆောင်းမိထားသည့် ငွေစရွှေစအချို့ပါ ခိုးယူသွားသဖြင့် စိမ်းနွယ်မှာ အရူးမသဖွယ် စိတ်ထိခိုက်နေသည်။ နောက်ဆုံး၌ မိမိတို့၏တိုက်အိမ်ကြီးကိုရောင်းချပြီး ဆင်ခြေဖုံးရပ်ကွက်ကလေးရှိ အိမ်သေးသေးလေးကိုဝယ်ယူကာ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စားသောက်နေရတော့သည်။…..။
# ပြီး
# ခွန်း