လူစားလဲတဲ့ည

လူစားလဲတဲ့ည(စ/ဆုံး)

——————–

 

“ကဲ… ကဲ…. လိုအပ်တဲ့ပစ္စည်းတွေကို သေချာလေးစစ်ကြဦးနော်၊ ကျန်ခဲ့ရင် ပြန်လာယူဖို့မလွယ်ဘူး ….ခရီးကအရမ်းဝေးတယ်”

 

ဆောက်လုပ်ရေး ကန်ထရိုက်တာ တစ်ယောက်ဖြစ်တဲ့ ကိုထွန်းက အသိပေးပြောဆိုလိုက်ခြင်းပင်။

 

အရင်နေ့တွေကတော့ အလုပ်ရုံ၌ပင်

အ​ဆောက်အဦးအတွက်လိုအပ်သော ဖြုတ်တပ်လို့ရတဲ့ နတ်တိုက် အမိုးဒိုင်းအရှင်များကို ဖြတ်တောက်သူက ဖြတ်၊ ဂဟေတို့ ဝရိန်ဆော်သူက ဆော်၊ အပေါက်ဖောက်သူက ဖောက် စသည်ဖြင့် အသီးသီး လုပ်ကိုင်ကြသည်ဖြစ်ရာ ဒီနေ့မှာတော့ထုတ်လုပ်ရေးပြီးဆုံးသွားတာကြောင့် တပ်ဆင်ရေးအတွက် ခရီးထွက်ကြရမည်ဖြစ်၏။

 

ဟွန်ဒိုင်း ဘယ်မောင်း (၁၂) ဘီး ကားပေါ်သို့ အမိုးဒိုင်း ပေ (၁၅၀) စာအတွက် လိုအပ်တဲ့ပစ္စည်းတွေ ပြည့်နေအောင်တင်ဆောင်ပြီးနောက် အလုပ်သမားများလည်း မိမိတို့ အဝတ်အစားများကိုထုပ်ပိုးကာ ကားပေါ်ပစ်တင်လိုက်ကြသည်။

 

“အကုန်စုံရင် နေမမြင့်ခင် ထွက်ကြမယ်ဟေ့…. ကားဆရာရော….ကားဆရာ”

 

“လာပြီ… လာပြီ… ဒီမှာ ကွမ်းဝယ်နေလို့”

 

ပြောပြောဆိုဆိုပင် ပါးစပ်အပြည့် ကွမ်း ၂ ယာ၊ ၃ ယာလောက် ပစ်ထည့်ဝါးကာ ကားပေါ်တက်၊ စက်နှိုးပြီး ထိုခရီးစဥ်ကို စတင်လိုက်ပါတော့သည်။ ကားဆရာဘေးမှာ လမ်းကြောင်းသိသူ ဝရိန်ဆရာတစ်ဦး လိုက်ပါလာပြီး၊ ကားဘော်ဒီထဲက ပစ္စည်းပုံတွေပေါ်မှာတော့ ကျန် (၆)ယောက် လိုက်ပါလာ၏။

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရဲ့ အရေးပါရာ နေရာတစ်ခုဖြစ်တဲ့ အေးသာယာစက်မှုဇုန်မှ နံနက် (၈) နာရီဝန်းကျင်လောက်က စတင်ထွက်လာခဲ့ရာ အောင်သပြေ၊ ရွှေညောင်တို့ကို ဖြတ်ကျော်လာပြီး တောင်လေးလုံးမြို့နယ်အဆုံး တဖြစ်လဲ ကလောမြို့အစရှိ တီကောင်တောင်ကိုရောက်တော့ ၉နာရီ မတ်တင်း။ လာရာလမ်းတလျှောက်ကတော့ မြေပြန့်သာသာလမ်း ဆိုပေမယ့် သည်နေရာကနေစပြီး တောင်ပေါ်လမ်းကို စတက်ရတော့သည်။

 

ကားဆရာအနေနဲ့ ထိုအလုပ်သမားများကို ပို့ဆောင်ပြီး ပြန်လာရမှာမို့ မြန်မြန်ဆန်ဆန် မောင်းချင်ပေမယ့် တဖြည်းဖြည်း မတ်လာသော ကားလမ်းဖြစ်တာကတစ်ကြောင်း၊ ကားပေါ်တင်လာတဲ့ ပစ္စည်းဝိတ် များတာက တစ်ကြောင်း၊ တော်ကြာ ဘယ်ကွေ့၊ တော်ကြာ ညာကွေ့ဖြင့် အကွေ့အကောက်များတာကတစ်ကြောင်း စသည်တို့ကြောင့် ဖြည်းဖြည်းမှန်မှန်သာ မောင်းနေရသည်။

 

ထို့အတူ ကားအနောက်ဘော်ဒီထဲမှာ လူ (၆)ယောက်ပါလာတယ် ဆိုသော်လည်း၊ တစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုနေခြင်း အလျဥ်းမရှိ။ တောင်ပေါ်တက်လာတာကြောင့် အပေါ်စီးမှမြင်နေရတဲ့ လွမ်းမောစရာ တောင်တန်းများ၊ ညီညာလှပနေသော လယ်ကွင်းများ၊ အရောင်စုံလှသည့် တိမ်တိုက်များက်ိုသာ ငေးကြည့်ရင်း လိုက်ပါလာကြခြင်းတည်း။

 

လမ်း၌ ဘဝသံသရာတံတားကို ရောက်ချိန်မှာတော့ တောင်ကြီးသားတစ်ယောက်က သူ့လုပ်ဖော်ကိုင်ဖက် အညာသားတစ်ယောက်ကို ဆရာကြီးလုပ်လိုက်သေး၏။

 

” ကိုညာ သိလား…. ဒီဘဝသံသရာတံတားကြီးကို ကိုလိုနီခေတ် ၁၉၂၇ ခုနှစ်မှာတည်ဆောက်ခဲ့တာလေ… မိတ္ထီလာ သာစည်နဲ့ ကျွန်တော်တို့ ဖြတ်လာတဲ့ရွှေညောင်ကို ဆက်သွယ်ပေးထားတဲ့ မီးရထားလမ်းအဖြစ် ဒီနေ့ထိအသုံးပြုလို့ရသေးတယ်”

 

“ဟုတ်လား ကိုစိုင်းရ… ဒါဆို ဒီတံတားသက်တမ်းက နှစ်(၁၀၀) နီးပါးတောင် ရှိနေပြီပေါ့…. တော်တော်ခိုင်ခံ့တာပဲနော်”

 

“ဟုတ်တယ်… တံတားအရှည် ပေ (၂၀၀)နဲ့ အမြင့် (၆၄) ပေရှိလို့ တော်တော်ရှည်ပြီးမြင့်တယ်လို့ဆိုရမယ်…တောင်နှစ်လုံးကြားက လျှိုကြီးပေါ်မှာဆောက်ထားတာမို့ တံတားပေါ်ကနေ အောက်ကိုငုံ့ကြည့်ရင် အသည်းတယားယား …ပြီးတော့ ဘေးမှာ အကာအရံတွေဘာတွေမပါပဲ မီးရထားလမ်းတစ်ခုတည်း ထီးတည်းကြီး ရှိတာဆိုတော့ ပိုတောင်ဆိုးသေးတယ်…. ”

 

“ဒါတောင် ဒီတံတားပေါ်တက်ပြီး ဓာတ်ပုံရိုက်နေတဲ့သူတွေ ရှိသေးတယ်နော်… ”

 

“အဲ့အနားမှာ အစောင့်ရှိတယ်လေ… ရထားအသွားအလာလည်းရှိနေသေးတာမို့ သူက တက်ခွင့်ပေးမှ တက်ရတယ် ”

 

ကိုစိုင်းပြောတာကို နားထောင်ရင်း ဘဝသံသရာတံတားကြီးကိုငေးကြည့်ကာ ခရီးဆက်လက်ထွက်ခွာလာခဲ့ကြသည်။ ဒီနေရာဒီဒေသမှာနေတဲ့သူအဖို့ကတော့ ထိုမျှလောက်မထူးဆန်းတော့ပေမယ့် တနယ်ရပ်ခြားက ကိုညာအတွက်တော့ အထူးအဆန်းပင်။

 

ထိုနေရာမှလွန်သော်….

 

တစ်ဖက်တစ်ချပ်စီ၌ ထင်းရှူးပင်တွေစီတန်းနေတဲ့ ကားလမ်းမကြီးအတိုင်း

အချိန်အတော်ကြာ မောင်းနှင်လာပြီးနောက် ကလောမြို့ကိုကျော်ကာ အောင်ပန်းမြို့ထဲရောက်သည်။ ထိုမှတဆင့် မြသပိတ် ရေပြာအိုင်၊ မိန်းမရဲတောင် စသည်တို့ဖြင့် နာမည်ကြီးသော ပင်းတယမြို့ထဲသို့ ချိုးကွေ့ကာ ခရီးဆက်ကြရသည်။

 

ပစ္စည်းအပြည့် တင်ဆောင်လာသော ထိုကား​ကြီးမှာ တောင်တန်းတွေကြားက ဖြတ်မောင်းလိုက်လျှင် တောရိုင်းပန်းလေးတို့ရဲ့အလှအပနဲ့အတူ လေနုလေအေးလေးတို့ရဲ့ ထိတွေ့မှုကို ခံစားရသလို၊ လယ်ကွင်းတွေကြားက ဖြတ်လိုက်လျှင်လည်း ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ပြောင်းဖူး စသည်ဖြင့် သဘာဝလတ်လတ်ဆတ်ဆတ် အသီးအနှံဖွံ့ဖွံ့ထွားထွားကြီးတွေကို မြင်တွေ့နေရတာကြောင့် ကားပေါ်မှဆင်းပြီး ခူးစားချင်စိတ်ကိုတောင် မနည်းထိန်းထားရပေမည်။ မြေဆီလွှာထိန်းသိမ်းသည့်အနေဖြင့် စိုက်ပျိုးထားသော လှေကားထစ်စိုက်ခင်းများမှာလည်း ညီညာလှပကာ အရောင်အသွေး စုံလင်နေတော့၏။

 

“ကိုစိုင်း …ဒီပင်းတယမှာ မိန်းမဝဲတောင်ဆိုတာ ဘယ်နားမှာလဲ”

 

ထိုစဥ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်က…

 

“မိန်းမရဲတောင်ပါ…. ကိုညာရယ် …ဘယ့်နှယ့် မိန်းမဝဲတောင်တုန်း” ဟု ခပ်သဲ့သဲ့ ပြောလိုက်သည်။ ထိုစဥ် ကိုစိုင်းက

 

“ကိုညာပြောတာလည်း မမှားပါဘူး …ဟ်ိုးအရင်ကတော့ မိန်းမဝဲတောင်လို့ ခေါ်ကြသတဲ့ … တို့အခုသွားတဲ့လမ်းမှာတော့ အဲ့ဒီ့တောင်ကို တွေ့ရမှာမဟုတ်ဘူးရယ် …ဘာလို့ဆို အခုလမ်းက ပင်းတယကနေ ဟဲဟိုးသွားတဲ့ ဖြတ်လမ်းကနေ သွားနေတာမို့လေ”

 

“ဪ… ဒါဖြင့်ရင်လည်း ကျုပ်ကို အဲ့ဒီ့မိန်းမဝဲတောင်အကြောင်း ကြားဖူးတယ်ရှိအောင် ပြောပြပါလား… ”

 

“ပြောပြမယ်… ကျွန်တော်လည်း ပျင်းနေတာနဲ့အတော်ပဲ… ဟဲ ဟဲ ”

 

“တစ်ချိန်တုန်းက … ဘုရင့်သမီးတော်တစ်ပါးဖြစ်တဲ့ နန်းဧကရီလေးက ကျေးတောသား လုလင်တစ်ယောက်နဲ့ ဖူးစာပါလာပြီး ချစ်ကြိုက်သွားသတဲ့.. (တချို့ကလည်း မြို့စားကြီးသမီး) လို့ ပြောကြတယ်…

 

တစ်နေ့ ….ဒီအဖြစ်အပျက်ကို ဘုရင်ကြီးသိသွားတဲ့အခါ အမျက်ဒေါသထွက်ပြီး သမီးတော်လေးကို တစ်ခြားမင်းဆွေမင်းမျိုးတစ်ဦးနဲ့ လက်ထပ်ပေးဖို့ စီစဉ်ခဲ့တယ် …

ဒီသတင်းကြားကြားချင်းပဲ မင်းသမီးလေးက ကျေးတောသား လုလင်နဲ့ အတူ အားလုံးနဲ့ ဝေးရာကိုထွက်ပြေးကြတာပေါ့။ သူတို့ နှစ်ဦး ထွက်ပြေးလာကြရင်း အခု မိန်းမရဲတောင်လို့ ခေါ်ကြတဲ့ တောင်ရဲ့အရှေ့ဘက် ရွာတစ်ရွာ ကို ဖြတ်သွားပြီးတော့ ကင်းခွန်ပေးရမယ့်နေရာကို ရောက်လာပါရော။ လက်ထဲမှာ ကင်းခွန်ပေးစရာမရှိတဲ့အတွက် ကျေးတောသားလုလင်ဟာ … ရာဇဝတ်ဘေးကို တွေးကြောက်မိပြီး ကင်းခွန်အတွက် သူသွားရှာမယ်….နောက်မှ ပြန်လာခေါ်မယ်လို့ ကတိပေးပြီး ထွက်သွားခဲ့တယ် …ဒီလိုနဲ့

နန်းဧကရီ လေးဟာ တောင်ပေါ်မှာ ရက်တွေအကြာကြီး စောင့်နေခဲ့ပေမယ့် ကျေးတောသားလုလင်ကတော့ ပြန်ရောက်မလာခဲ့ပါဘူး …နန်းဧကရီလေးဟာ သစ္စာမရှိတဲ့ ကျေးတောသား လုလင် ကို စိတ်နာတာရယ် တစ်ခြားသူတစ်ဦးကိုလည်း လက်မထပ်ချင်တာရယ်ကြောင့် အသက်သာအသေခံလိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး တောင်ထိပ်ကနေ တောင်အောက်ကို ခုန်ချပြီးမိမိကိုယ်ကို အဆုံးစီရင်ခဲ့တယ်…..

 

ဒီလိုနဲ့ပဲ ဒဏ္ဍာရီအရဆိုရင် နန်းဧကရီဟာ ဒီတောင်ကိုစောင့်တဲ့ သခင်မဖြစ်လာခဲ့တယ်… ကိုယ်ရွေးချယ်တဲ့လမ်းကို ရဲရဲကြီးလျှောက်ခဲ့ပြီး သေရဲတဲ့မိန်းကလေး၊ ရဲရင့်တဲ့မိန်းကလေးမို့ မိန်းမရဲလို့ခေါ်ကြပြီး ဒီတောင်ကိုလည်း မိန်းမရဲသခင်မတောင်လို့ခေါ်ကြတာပေါ့ဗျာ….

 

တချို့ကလည်း တောင်ထိပ်က နေ ရေဝဲထဲ ကို ခုန်ချပြီး အဆုံးစီရင်တာကြောင့် မိန်းမဝဲတောင်လို့ ယခင်က ခေါ်ကြတယ်လို့လည်း ပြောကြသေးတယ်”

 

ကိုစိုင်းပြောသမျှကို ခေါင်းတဆတ်ဆတ်ညိမ့်ပြီး ငြိမ်ကာနားထောင်လိုက်ရတဲ့ ကိုညာကတော့ သူသိချင်တာကို သိခွင့်ရလိုက်ရတဲ့အတွက် ကျေနပ်သွားတဲ့မျက်နှာထားမျိုးဖြစ်နေတော့၏။

 

စောစောကတော့ စကားသံမဝဲတဝဲနဲ့ ဒဏ္ဍာရီလာအချို့ကိုပြောပြနေတဲ့ ကိုစိုင်းရဲ့အသံက အဆက်မပြတ်ထွက်ပေါ်နေသော်လည်း ယခုအခါမှာတော့ ယခင်ကလို တိတ်ဆိတ်သွားပြန်သည်။ ကုန်ကားကလည်း တအိအိနဲ့မောင်နှင်လာလိုက်တာ အချိန်အတော်ကြာလို့ ခရီးလည်းအတော်ပေါက်နေလေပြီ။ တစ်နေရာရောက်ပြန်တော့..

 

“ကိုစိုင်း…. ဟိုးဘက်မှာမြင်နေရတဲ့ဟာကရော…. ”

 

လက်ညှိုးထိုးပြတဲ့နေရာကိုကြည့်လိုက်တော့ ပင်းတယလှိုဏ်ဂူကို တွေ့ရသည်။

 

“အဲ့တာ နာမည်ကြီး ပင်းတယလှိုဏ်ဂူပေါ့ ကိုညာရ ….အခုမြင်နေရတာက အနောက်ဘက်အခြမ်း …အရှေ့ဘက်မှာတော့ အထင်ကရအနေနဲ့ ပင့်ကူရုပ်ကြီးတစ်ခုရှိတယ် …အဲ့ဒီ့ပင့်ကူရုပ်ကလည်း ရာဇဝင်နဲ့”

 

“ဟုတ်လား လုပ်ပါဦး အဲ့တာဆို… အဲ့ဒီ့ ပင့်ကူအကြောင်းလေး”

 

“အင်း… ပြောပြမယ်… တစ်ရံသောအခါက နဂါးပတ်တောင်မှာ သီတင်းသုံးနေတဲ့ရသေ့ကြီး နဲ့ မနီးမဝေးမှာ နဂါးတစ်ကောင်ကလည်း ဂဠုန်ရန်ကို မကြောက်ပဲ ရဲဝံ့စွာနေလေတယ် …. တစ်နေ့ ဂဠုန်မင်းက နဂါးကို ထိုးသုတ်သော်လည်း မရ ၊ ခါးမှ မချီလည်း မနိုင် ၊ အကြိမ်ကြိမ် ကြိုးစားသော်လည်း အချည်းအနှီးသာဖြစ်နေတာကြောင့် လူယောင်ဖန်ဆင်းပြီး ရသေ့ကြီးထံ လျှောက်တင်လိုက်တယ်…

 

ရသေ့ကြီးလည်း ဂဠုန်မင်း၏ ပရိယာယ် ကို မရိပ်မိပဲ … “အမောင်လုလင် ထိုနဂါးသည် ပတ္တမြား မျက်ရှင်ကို ငုံထားသောကြောင့် ဖြစ်သည်။ နဂါး၏ အမြှီးဖျားမှ မချီကာ ပတ္တမြား မျက်ရှင်ကို ထွက်အောင် ခါရမ်းမှသာလျှင် နဂါးကို ရနိုင်ပေမည်” ဟု မိန့်တော် မူလိုက်တယ်…. ဂဠုန်မင်း လည်း နဂါးကို အမြှီးဖျားကနေ ထိုးသုတ်ပြီး ပတ္တမြားကို ထွက်ကျလာအောင်လုပ်တော့မှ အောင်နိုင်သွားတော့တယ်…

 

အဲ့ဒီ့အချိန် လေး၊ မြှားတို့ လွယ်ပြီးခရီးထွက်လာတဲ့ ကုမ္မာဘယ မင်းသားကို မြင်လိုက်တဲ့အခါ .. နဂါးမင်းလည်း ကယ်ပါယူပါဆိုပြီး အကူအညီတောင်းခံလိုက်တယ် …. ကုမ္မာဘယ မင်းသားလည်း ဂဠုန်မင်း ကို လေးနှင့် ပစ်ခွင်းလိုက်တဲ့အခါ ဂဠုန်မင်းက “ ငါဖမ်းရသော နဂါးကို စားအံ့ဆဲဆဲအချိန်တွင် သင့်လက်ချက်ကြောင့် သေရတော့မယ်။နောင်ဘဝတွင် ကြီးစွာသောခန္ဓာကိုယ် ကိုရရှိပြီး သင်၏ သွားရာလမ်းတွင် ရန်မူနိုင်ပါစေသတည်း”ဆိုပြီး ကျိန်ဆိုလိုက်သတဲ့…

 

အဲ့ဒီ့နောက် ဂဠုန်မင်း ထိုဘ၀ မှ စုတေသော် … အနောက်ဘက် ဥမင်သုံးခုတို့ရဲ့ အလယ်မှာပင့်ကူကြီး ဖြစ်တော့တယ် …

 

တစ်နေ့ ကုမ္မာဘယ မင်းသားက တ်က်ုယ်တည်း တောကစားထွက်ရင်း မနီးမဝေး ဥမင်အတွင်း မှ နတ်သမီး ခုနှစ်ဖော်တို့၏ အော်သံကိုကြားလိုက်ရတယ် … မင်းသားလည်း အသံကြားရာအတိုင်း အလျင်အမြန်ပြေးသွားသော အခါ နွားချည်ကြီုးပမာဏလောက်ရှိတဲ့ ပင့်ကူအမျှင်တွေနဲ့ ဖမ်းဆီးခံထားရသော နတ်သမီးခုနှစ်ဖော်တို့ကို တွေ့လိုက်ရတယ်….

 

နဂိုကတည်းက အများသူငါ ဒုက္ခရောက်တာကိုကြည့်မနေတတ်တဲ့ မင်းသားလည်း နတ်သမီးခုနှစ်ဖော်ကို ကယ်တင်ဖို့ ဆုံးဖြတ်လိုက်တော့တယ်…

 

ပြီးတော့ “ယခုပင့်ကူမျှင်များကို ဖြတ်နေတုန်း ပင့်ကူကြီး ရောက်လာနိုင်တယ်… ရန်သူကို အရင်ရှာမှ ဖြစ်မယ်” ဆိုပြီး မြောက်ဘက်ကို သွားရင်း ပင့်ကူကြီးနဲ့ထိပ်တိုက်တွေ့လိုက်ရပါလေရော …

 

ပင့်ကူကြီးလည်း မင်းသားကိုမြင်တဲ့အခါ ဂဠုန်မင်း ဘဝတုန်းက ရန်ငြိုးထားခဲ့သူဖြစ်ပြီး ဒေါသထွက်ကာ အစွမ်းရှိသမျှ တိုက်ခိုက်ကြတော့တာပေါ့ …နောက်ဆုံးမှာ မင်းသားက မြှားတစ်စင်းနဲ့ ပင့်ကူကြီးအား ပစ်ပြီး အောင်နိုင်တဲ့ အခါ “ပင့်ကူရ ပြီ၊ ပင့်ကူရပြီ” ဆိုပြီး လက်ခမောင်းခတ် ကြွေးကြော်လိုက်တာကြောင့် ထိုနေရာကို “ပင့်ကူရ” ဟု ခေါ်ဆိုပြီး နောင်ကြာလာသောအခါ… “ပင်းတယ” ဆိုတဲ့ အမည်တွင်လာခဲ့တော့တယ်”

 

ကိုစိုင်းပြောသမျှကို ကားပေါ်ကလူတွေ ငြိမ်ပြီးနားထောင်လာလိုက်တာ ပုန်းတလုတ်ရေကန်ဆီကိုတောင် ရောက်လာလေပြီ။ ထိုနားက စျေးဆိုင်ကြီးတစ်ဆိုင်ရောက်ကာမှ ကားဆရာလည်း ကားရပ်ကာ အညောင်းအကြောဖြေရင်း လိုအပ်သည်များကို ဝယ်ယူကြပြီးမှ ခရီးဆက်ကြ၏။ ပုန်းတလုတ်ရေကန်အနားမှာ ခရီးတထောက် နားလက်စနဲ့ ဒီကန်ကြီးရဲ့ သမိုင်းကြောင်းကိုပါ ပြောပြချင်စိတ်ဖြစ်လာတာကြောင်​့ ကိုစိုင်းကပင် စကားစသည်။

 

“ဒီပုန်းတလုတ်ရေကန်ကြီးကလည်း ရာဇဝင်နဲ့ဗျ”

 

ကိုစိုင်း စလိုက်သည်နှင့် ကျန်သူများက ညှိစရာမလိုပဲ နားထောင်ရန် အသင့်အနေအထားဖြစ်သွားတော့၏။

 

“ရှေးတုန်းက ပင်းတယဟာ သားရဲတရိစ္ဆာန် တွေ ကျက်စားကြတဲ့ တောကြီးတစ်ခုဖြစ်တယ် …တစ်နေ့မှာ ရေရှားပါးတဲ့ ပြဿနာ တစ်ခုဖြစ်လာတော့ သတ္တဝါတွေ သေကြေပျက်စီးကြတာကို နဂါးမင်းက မကြည့်ရက်နိုင်တဲ့အတွက် ပင်လယ်သမုဒ္ဒရာထဲက ရေတွေကို ခံတွင်းထဲငုံပြီး ယခု ပုန်းတလုတ် ရေကန် မှာ သွန်ချလိုက်ပြီး ရေကန်ကို မဖျက်စီးအောင် အဓိဌာန်ပြုခဲ့ပါသေးတယ်

 

“ငါသည် ပုန်းတလုတ်ရေကန်အား သတ္တဝါတွေ ချမ်းသာစွာနေထိုင်ရေး အတွက် အလွန်ဝေးသော အရပ်ဒေသမှ ပင်လယ် သမုဒ္ဒရာ ရေကို ငါ၏ နှုတ်တော်ဖြင့် သယ်ဆောင်၍ ရေကန်အဖြစ် ဖန်ဆင်းပေးခဲ့ပါသည်။ ထိုမှန်သော သစ္စာစကားကြောင့် ဒီရေကန်တွင် ငါးဖမ်းခြင်း ၊ လှေလှော်ခြင်း ၊ ဖောင်စီးခြင်း ၊ တံတားထိုးခြင်းများ ပြုလုပ်ပါက ရေများ ခန်းခြောက်ပါစေ”

 

ဒီလိုအဓိဌာန် ပြုခဲ့သောကြောင့် နဂါးအဓိဌာန်ပြုသောကန်မို့ နာဂဓိဌာန် ပုန်းတလုတ် ရေကန်ဆိုပြီး ခေါ်ဆိုခဲ့ကြတာ… ယခင်ကဆို နတ်သမီးတွေတောင် ရေဆင်းချိုးကြသေးတယ်တဲ့”

 

“ဟာ… မိုးရွာလာပြီ….ပစ္စည်းတွေ လုံအောင်ဖုံးကြဦးဟေ့”

 

ကားပေါ်ပါလာတဲ့လူတစ်ဦးရဲ့ စကားသံနှင့်အတူ ဒီအတိုင်းပစ်တင်လာတဲ့ အိပ်ယာလိပ်၊ အဝတ်စားထုပ်တို့ကို မိုးလုံအောင်ဖုံးဖိလိုက်တော့သည်။ ထိုအခါ ကိုစိုင်းပြောလက်စ စကားပြတ်သွားတာကြောင့် အချို့က အားမလိုအားမရတောင် ဖြစ်မိသွားသေးသည်။မတ်စောက်သော တောင်တက်လမ်းပေါ်မောင်းနေရတာကြောင့် ကားမှာချက်ချင်းရပ်လို့အဆင်မပြေသေးပဲ ခဏမှေးမောင်းလာပြီး လမ်းသာတဲ့နေရာရောက်မှ ကားကိုရပ်လိုက်၏။

 

“အနောက်မှာ အဆင်ရောပြေကြလားဟေ့…. မိုခိုကြဦးမလား”

 

“ခိုမနေတော့ပါဘူးဗျာ… မိုးစိုလို့မရတဲ့ပစ္စည်းတွေက်ိုတော့ မိုးကာစကြီးနဲ့ ဖုံးထားတယ်… ”

 

“ရတယ်… ဒီတိုင်းသာ ဆက်မောင်းတော့ဗျို့”

 

“ဟုတ်ပြီ၊ ဟုတ်ပြီ…”

 

သို့နှင့် ကားဆရာက ဆက်လက်မောင်းနှင်လာရာ မကြာမီ မဲနယ်တောင်ဒေသကိုရောက်၏။ တောက်လျောက်က မတ်စောက်သောတောင်ပေါ်လမ်းတွေသာချည်း ဖြစ်တာမို့ ကာနောက်လိုက်လာသူများမှာ ပစ္စည်းတွေနဲ့ အောက်လျှောမကျအောင် မနည်းထိန်းနေရသေးသည်။ တောင်ပေါ်ရောက်လာလေ… ပိုမိုအေးချမ်းလာလေဖြစ်သလို မိုးကလည်း သည်းသည်းမဲမဲရွာတာမျိုးမဟုတ်ပဲ ရွာတယ်ဆိုရုံလောက်သာကျနေတာကြောင့် ချမ်းစိမ့်နေတော့၏။

 

ညနေ ၅ နာရီလောက်ရောက်တော့ မဲနယ်တောင်ထိပ်ပေါ်က ကျေးရွာလေးဆီရောက်လာပြီး သုံးရွာပေါင်း တစ်ခုတည်ထားတဲ့ စာသင်ကျောင်းထဲသို့ ကားကိုမောင်းဝင်လာလိုက်သည်။ ကျောင်းထဲဝင်လိုက်တာနဲ့ ဆောက်ပြီးသား အ​ဆေက်အဦးတွေရဲ့အနီးမှာ အမိုးမပါ ဘာမပါနဲ့ ဆောက်လက်စအ​ဆေက်အဦးတစ်ခုရှိနေတာကြောင့် ထိုအတွက်အမိုးဒိုင်းတင်ပြီး သွပ်မိုးပေးရမည်ကို အားလုံးသိနေကြ၏။

 

ညနေသာ ဆိုရတယ်… နေရောင်ကောင်းကောင်းမမြင်တော့။ အုံ့မှိုင်းမှိုင်းသာ ဖြစ်နေ၏။ မကြာမီကျောင်းအုပ်ကြီးတစ်ယောက်ရောက်လာပြီး စကားစမြည်ပြောကာမှ ဒီနေရာဒီဒေသမှာ မိုးလင်းကမိုးချုပ်ထိ နေရောင်ကောင်းကောင်းမမြင်ရပဲ၊ ယခုလိုအုံ့မှိုင်းမှိုင်းသာဖြစ်နေသည်ကို ကြားသိလိုက်ရသည်။ သို့ဖြင့် ကားပေါ်ပါလာတဲ့ ပစ္စည်းတွေကိုချပြီးနောက် ကားဆရာမှာလည်း ထိုနေရာမှအမြန်မောင်းထွက်သွားသည်။ သူလည်းမိုးမချုပ်ခင် အမြန်ပြန်ရမှာ မဟုတ်လား။

 

ပြီးနောက် စားနပ်ရိက္ခာ၊ အဝတ်အစား၊ အိပ်ယာလိပ်တို့ ကိုယ်စီယူလိုက်ကြပြီး ဆောက်လက်စဖြစ်တဲ့ နှစ်ထပ်စာသင်ဆောင်ဆီကို လျှောက်သွားကြတော့၏။ အ​ဆေက်အဦးမှာ အကြမ်းထည်ဟုဆိုသော်လည်း နှစ်ထပ်ဖြစ်တာကြောင့် အောက်ထပ်မှာနေ၍၊ စား၍ ရသည်။ သို့သော် မိုးလုံလေလုံကြီးတော့ မဟုတ်။

 

“မထူးဘူး… ဒီအောက်မှာပဲ အိပ်ကြတာပေါ့”

 

တာဝန်ခံတစ်ယောက်ဖြစ်တဲ့ ကိုဇော်က ပြောလိုက်ရာ ကိုစိုင်းက ပတ်ဝန်းကျင်အခြေအနေကိုကြည့်ပြီး ပြန်ပြော၏။

 

“ဒီမှာဆို အေးခဲပြီး သေသွားလိမ့်မယ်၊ ဘေးမှာအကာအကွယ်လည်း သေချာရှိတာမဟုတ်ဘူး… ကျွန်တော်တော့ ဟိုဘက်ဘေးက အ​ဆောင်ရဲ့ ဝရန်တာမှာပဲ သွားအိပ်လိုက်တော့မယ်… ”

 

ထိုသို့ပြောပြီး ကိုညာကို လက်တို့တဲ့အခါ ကိုညာလည်း အဝတ်အိတ်လွယ်ကာ ကိုစိုင်းနောက် ပါသွားသည်။ ထို့အတူ ကျန်နှစ်ယောက်ကလည်း ကိုစိုင်းဘက်ကို ပါသွားတာကြောင့်… ၄ ယောက်တစ်ဖွဲ့၊ ၃ ယောက်တစ်ဖွဲ့ဖြင့် နှစ်ဖွဲ့ခွဲအိပ်ဖို့ အကြောင်းဖန်လာရတော့သည်။ ကံကောင်းထောက်မစွာနဲ့ပဲ စာသင်ခန်းတံခါးက စေ့ရုံတင်စေ့ထားတာကြောင့် ဝရန်တာမှာမအိပ်ရပဲ အခန်းထဲဝင်အိပ်လို့ ရသွားသည်။ ထိုညကတော့ ပစ္စည်းနေရာချတာနဲ့ ချက်တာပြုတ်တာနဲ့တင် အချိန်ကုန်ပြီး ထွေထွေထူးထူး လုပ်စရာ အလုပ်မရှိတော့ပဲ လိုင်းမမိတမိဖြစ်နေတဲ့ ဖုန်းလေးသုံးရင်း စောစောစီးစီး အိပ်လိုက်ကြတော့သည်။

 

“တောက်…. ဟင်း”

 

တောက်ခေါက်ပြီး နှာမှုတ်လိုက်တဲ့အသံ။ ဒီအသံကို ကွဲကွဲပြားပြား ကြားလိုက်ရတာကြောင့် ကိုစိုင်းနိုးသွားသည်။ အနားက ဖုန်းကိုဖွင့်ကြည့်တော့ ည(၁၂)နာရီအတိ။

 

“ဒီအချိန်ထိ ဘေးကလူတွေမအိပ်သေးတာလား”

 

ခေါင်းမြှီးခြုံလျှက်နှင့်ပင် စိတ်ထဲက ရေရွတ်လိုက်သေးသည်။

 

“ဟား… ဟား…ဟား.. ”

 

“ဟော…. ထရယ်နေပြန်ပြီ၊ ဒီလူဘယ်လိုလူလဲ… ဘေးမှာလူတွေအိပ်နေတာတောင် ရယ်နေသေးတယ်… ”

 

စောင်ခြုံထဲကနေထွက်ပြီး ပြောလိုက်ချင်ပေမယ့် စောင်လွတ်တာနဲ့ ချမ်းနေတာကြောင့် ဘာမှမပြောတော့ပဲ မသိချင်ယောင်​ဆောင်ကာ အိပ်ဖို့ပဲကြိုးစားနေတော့သည်။ အတန်ကြာ တိတ်ဆိတ်နေပြီးနောက်မှ…

 

“ဂျွီ……. ”

 

“ဒီအသံ၊ ဒီအသံက ငါ့ခြေထောက်နားက စားပွဲခုံ တွန်းလို့ရွေ့သွားတဲ့အသံ၊ ကိုညာများ အိပ်ရင်း ခြေထောက်နဲ့ကန်မိလေသလား” သို့လော သို့လောတွေးရင်း အိပ်ပျော်လုဆဲဆဲမှာပင် ထိုအသံက ထပ်မံထွက်ပေါ်လာ၏။ ဒီတစ်ခါမှာတော့ ခုံကိုတရွတ်တိုက်ဆွဲသွားသလို “ဂျွီး…. “ဆိုပြီး ​အသံရှည်ကြီးထွက်ပေါ်လာသည်။

 

“ကျွတ်”

 

ကိုစိုင်းတစ်ယောက် စုတ်သပ်ကာ သက်ပြင်းတစ်ချက်ချရင်း နားပိတ်ပြီးသာ အိပ်လိုက်တော့သည်။ သို့နှင့် ဘယ်ကနေဘယ်လိုမိုးလင်းသွားမှန်းမသိ။ စကားပြောသံ လမ်းလျှောက်သံတို့ထွက်ပေါ်လာမှ ကိုစိုင်းလည်းနိုးလာတော့သည်။ နိုးနိုးချင်း ညက,မကျေနပ်တဲ့ကိစ္စကိုပြောဖို့ ဟန်ပြင်နေစဥ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ပြော၏။

 

“ကိုစိုင်း… မင်းရော ညကအသံတွေကြားမိသေးလား”

 

“ဟင်… ခင်ဗျားတို့ရော ကြားတာလား ”

 

“ကြားတာမှ တစ်ဖွဲ့လုံးကို ကြားတာဟေ့ရောင်ရေ… ငါညက တစ်ညလုံးအိပ်မပျော်ဘူး… အော်သံတွေ၊ ရယ်သံတွေ အခန်းထဲမှာ ပွက်လောရိုက်နေတာပဲ”

 

“ဟုတ်တယ်… ဒီစားပွဲကိုလည်းကြည့် ညက ငါတို့ဒီအနားမှာ ကပ်အိပ်ကြတာလေ… မနက်ကျ ဟိုးဘက်အထိရွေ့နေတာ.. ခုံကိုတရွတ်တိုက်ဆွဲသွားတဲ့အသံလည်း ကြားရတယ်”

 

“ဟုတ်လား… ကျွန်တော်လည်း အဲ့အသံကိုကြားတယ်… ကိုညာ ခြေထောက်နဲ့ကန်မိတယ်ထင်နေတာ”

 

“ဘယ်ကသာ ကိုစိုင်းရာ… ညကကျုပ်မှာ ချမ်းလွန်းလို့ နဖူးနဲ့ဒူးထိအောင် ကွေးအိပ်နေရတာ… တစ်ညလုံး ခြေထောက်တောင် မဆန့်ရပါဘူး”

 

“ဒါဆို… ဒါဆို သရဲခြောက်တာပေါ့”

 

“မရတော့ဘူး… ကျုပ်ကတော့ တစ်ခုတည်းနဲ့တင် လန့်သွားပြီ ပြန်တော့မယ် မလုပ်တော့ဘူး”

 

“ဟာ… အလုပ်တောင်မလုပ်ရသေးဘူးလေဗျာ… ဘယ့်နှယ် ….ဒီအထိတောင်ရောက်လာပြီးမှတော့ အလုပ်ဆက်လုပ်လိုက်တော့ပေါ့”

 

ကိုညာပြောတဲ့စကားကို ကိုစိုင်းက ထောက်ခံသည်။

 

“ဟုတ်တယ်လေဗျာ… ရောက်လက်စနဲ့တော့ မထူးတော့ပါဘူး”

 

“မသိဘူးကွာ… ငါတော့ပြန်တော့မယ်… ”

 

“ဟေ့လူ… ကျုပ်တို့က မန္တလေးကနေအတူတူတက်လာတာနော်… ခင်ဗျားပြန်ရင် ကျုပ်လည်းလိုက်မယ်”

 

နှစ်ယောက်သားက အတိုင်အပေါက်ညီညီနဲ့ အခန်းအပြင်ထွက်သွားကြသည်။ ကိုညာနဲ့ကိုစိုင်းကလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဘာပြောရမှန်းမသိတော့။ မျက်နှာဘာညာသစ်ပြီး ညက အပြင်ဘက်မှာအိပ်တဲ့ကိုဇော်တို့ဆီသွားကြည့်တော့ သူတို့က မနက်စာတောင်ပြင်ပြီးနေပြီ။ သို့သော် အရင်လိုရွှင်ရွှင်ပြပြမရှိပဲ သုံးယောက်စလုံး မှိုင်တိုင်တိုင် ငိုင်တိုင်တိုင်။

 

“ကိုဇော်… ညက အခြေအနေဘယ်လိုရှိလဲ”

 

“အေးဆေးပါပဲ… အေးလွန်းလို့ ချမ်းပြီးစိမ့်နေရော”

 

ရွှတ်နောက်နောက်ပြောလိုက်မှ ဘေးကလူတွေလည်း အသက်မပါတဲ့ပုံနဲ့ ပြုံးလိုက်ကြသည်။ တဆက်တည်းမှာပင် ကိုဇော်တို့နဲ့ မလှမ်းမကမ်းမှာ အိပ်တဲ့သူတစ်ယောက်က ထပြောသည်။

 

“ညကကွာ…. ချမ်းပါတယ်ဆိုမှ ငါ့စောင်ကို လာလုနေသေးတယ်”

 

“ဟင်”

 

“လေကွယ်အောင် ကာထားတဲ့ ဒီမိုးကာစကြီးကိုလည်း လာဆွဲလှန်နေတာ… တော်တော်နဲ့မအိပ်ဖြစ်ပါဘူးကွာ… အရေးထဲ နပန်းထလုံးနေရသေးတယ်…ငါ့ကျောတွေလည်းအောင့်လို့”

 

ပြောရင်းဆိုရင်း အင်္ကျီလှန်ပြတော့ ရုန်ရင်းဆန်ခတ်ဖြစ်ပြီး ကျန်ခဲ့တဲ့အညိုမဲဆွဲရာတွေကို တွေ့လိုက်ရသည်။ ထိုအခါ နဂိုကတည်းကမှ ကြောက်နေတဲ့ မန္တလေးသားနှစ်ယောက်လည်း ဝင်ပြောတော့၏။

 

“ကျုပ်တို့တော့ နံနက်စာစားပြီးတာနဲ့ ပြန်တော့မယ် ကိုဇော်ရာ”

 

“ဟာ… ဘယ်လိုပြန်မှာတုန်း၊ ဒီလောက်အဝေးကြီးဟာကို”

 

“ရတယ်ဗျာ… ကြုံတဲ့ကားနဲ့အဆင်ပြေသလိုလိုက်သွားတော့မယ်… ဒီမှာ ညထပ်မအိပ်ရရင် ပြီးရော”

 

တဇွတ်ထိုးပြောနေမှတော့ ကိုဇော်လည်း မတတ်သာတော့။ သူတို့အလိုကို ခေါင်းညိမ့်လိုက်ရတော့သည်။ ပြီးနောက် နံနက်စာ ထမင်းကြော်နဲ့ ကြက်ဥကြော်ကို အတူတကွ စားသောက်ကြတော့၏။ မကြာမီ မန္တလေးသားနှစ်ယောက်နဲ့ ကျောမှာဒဏ်ရာရလိုက်တဲ့သူတို့ ပေါင်းပြီး အထုတ်ကိုယ်စီဆွဲကာ ထိုနေရာမှ ထွက်သွားကြသည်။

 

” သုံးယောက်သားကတော့ သွားရှာပြီ… တို့ လေးယောက်ပဲ ကျန်တော့တယ်… မင်းတို့တော့ မပြန်ဘူးမို့လား ”

 

“ဟာ…. ပြန်စရာလားကိုဇော်ရာ… အလုပ်လာလုပ်ပါတယ်ဆိုမှ… ”

 

“အေးကွာ… လောလောဆယ်တော့ တို့လေးယောက်ပဲ လုပ်နှင့်ကြတာပေါ့…ခဏနေမှ ကိုထွန်းဆီဖုန်းဆက်ပြီး အကျိုးအကြောင်းလှမ်းပြောလိုက်တော့မယ်”

 

သို့နှင့် အလုပ်စလုပ်ကြတော့သည်။ အပေါ်ထပ်ကို ပစ္စည်းတင်စရာရှိတာတွေတင်ကြ၏။ ကိုဇော်က ဘယ်ချိန်ဖုန်းဆက်လိုက်လဲတော့မသိ ညနေလောက်ရောက်တော့ လူနှစ်ယောက် ထပ်ရောက်လာသည်။ သို့နှင့် အားလုံးပေါင်း လူ (၆) ယောက်ဖြစ်သွားသည်။ သူတို့နှစ်ယောက်လည်း အနွေးထည်ကိုယ်စီနှင့်ဖြစ်နေတာမို့ ညအိပ်တော့ ကိုစိုင်းတို့နဲ့အတူ စာသင်ခန်းထဲ လိုက်အိပ်သည်။ သည်ကောင်တွေ လန့်သွားမှာဆိုးလို့ မနေ့ညက အဖြစ်အပျက်တွေကို ထုတ်မပြောပဲ ဘာသိဘာသာ နေလိုက်ကြသည်။ အသစ်ရောက်လာတဲ့နှစ်ယောက်က သောက်တတ်စားတတ်သူဖြစ်တာကြောင့် အရမ်းမမှောင်ခင် ရွာထဲသွားပြီး အရက်ဝယ်ကြသေးသည်။

 

ဒီရွာမှာ အရက်ရောင်းခွင့်မရှိတာကြောင့် ရွာသူရွာသားများက မရောင်းရဲ၊’ငါတို့ဆီမှာ အရက်မရှိဘူး’ဟုသာ ငြင်းလွှတ်ကြသည်…

ထိုစဥ် ကိုစိုင်း၊ ကိုညာ၊ ကိုဇော်အပြင် နောက်တစ်ယောက်ဖြစ်တဲ့ ကိုလှစိန်က သူတို့တိုင်းရင်းသားဘာသာစကားဖြင့် ဒီရွာအတွက်စာသင်ကျောင်းလာဆောက်ပေးတာဖြစ်ကြောင်း၊ ဘယ်သူ့ကိုမှ မသိစေရပဲ လျှို့ဝှက်ထားမည်ဖြစ်ကြောင်း အတင်းတောင်းပန် ပြောဆိုကာမှ မျောက် တံဆိပ် အရက်တစ်လုံး ဝယ်လို့ရလာခဲ့သည်။

 

သို့နှင့် ညရောက်တော့ စာသင်ခန်းထဲမှာ ကိုစိုင်း၊ ကိုညာနဲ့ အသစ်​ရောက်လာတဲ့နှစ်ယောက်တို့ ပေါင်းထိုင်ကာ အရက်ဝိုင်းလေး ဖွဲ့လိုက်သည်။ ဖုန်းလိုင်းတွေ သိပ်မကောင်းတာကြောင့် အင်တာနက်ဘာညာလည်းသုံးမရပဲ လေးယောက်သား စကားပြောလိုက်၊ သောက်လိုက်ဖြင့်သာ အချိန်ကုန်ဆုံးစေတော့သည်။

 

“ခလွမ်း….. ”

 

ထောင်ထားတဲ့ ပုလင်းခွံ လဲကျသွားတဲ့အသံပင်။ သည်အသံကို ကြားလိုက်ရတာလည်း အခြားသူတော့မဟုတ်။ အိပ်ရေးဆတ်တဲ့ကိုစိုင်း။ ထို့နောက် ပုလင်းက လိမ့်သွားသည်။ လဲကျပြီးချက်ချင်းလိမ့်တာမျိုးမဟုတ်ပဲ ခဏကြာမှ လိမ့်သွားခြင်းပင်။ မနေ့ညက သရဲခြောက်ခံထားရတဲ့အရှိန်ကြောင့်လားမသိ။ ကိုညာက တုတ်တုတ်မှမလှုပ်ပဲ ငြိမ်နေ၏။ သို့သော်ကိုစိုင်းက သူ့စပ်စုချင်စိတ်ကို မထိန်းနိုင်တော့တာကြောင့် ခေါင်းမြှီးခြုံထားရာမှ အနည်းငယ်လှပ်ကြည့်သည်။ နေသာမထွက်တာ၊ လသာတဲ့အချိန်ဖြစ်တာကြောင့် ထိုအခန်းထဲကို အတိုင်းသားမြင်နေရ၏။

 

အရက်ပုလင်းကို တစ်ယောက်ယောက်က ခြေထောက်နဲ့တိုက်မိရအောင်လည်း ဟိုဘက်နှစ်ယောက် ဒီဘက်နှစ်ယောက်အိပ်တာဖြစ်ပြီး အလည်လွတ်တဲ့နေရာမှာ ပုလင်းကို ထီးတည်းကြီးထောင်ထားတာဖြစ်သည်။ ခြေထောက်ဆန့်အိပ်ရင်တောင်ချမ်းနေတာဖြစ်လို့ ကွေးပြီးအိပ်နေခြင်းဖြစ်တာကြောင့် ကန်မိဖို့က အဝေးကြီး။ ထိုသို့ တွေးနေစဥ် စောနက အရက်ပုလင်းက အနောက်ပြန်လှိမ့်လာသည်။ ထိုသို့လှိမ့်လာတဲ့အသံက တိတ်ဆိတ်နေတဲ့အခန်းကို ဖုံးလွှမ်းသွားပြီး ကြက်သီးထစရာကောင်းအောင် ဖြစ်သွား၏။ထိုအဖြစ်အပျက်ကို မျက်ဝါထင်ထင်မြင်နေရတဲ့ ကိုစိုင်းမှာတော့ သွေးပျက်မတတ်ကြောက်လန့်သွားတာကြောင့် ခေါင်းမြှီးအမြန်ခြုံကာ စောင်ကိုကိုက်နေတော့သည်။ ဘေးစောင်းအိပ်ရင် ကျောချမ်းပြီးကြောက်နေမှာဖြစ်တာကြောင့် ပက်လက်လှန်ကာ အံကြိတ်ရင်း မျက်လုံးကိုတင်းတင်းမှိတ်ထား၏။ ထိုသို့ ဖြစ်နေသည့်ကြားမှ အရက်ပုလင်းက ဟိုဘက်လိမ့်လိုက်၊ တော်ကြာ ဒီဘက်ပြန်လိမ့်လာလိုက်ဖြစ်နေတဲ့အသံက သူ့စိတ်ကို ပိုခြောက်ခြားစေသည်။ သည်အချိန်မှာ အိပ်မပျော်နေတဲ့ ကိုစိုင်းကတော့ ငရဲခန်းရောက်နေသလို ရင်တလှပ်လှပ်ဖြင့် ကြောက်စိတ်တွေ ငယ်ထိပ်ထိတက်ဆောင့်နေ၏။ သို့ပေမယ့် သူ့ခမျာ ဘာမှမတတ်နိုင်၊ မနက်မိုးအမြန်လင်းဖို့ကိုပဲ ဆုတောင်းနေမိတော့၏။

 

နောက်ဆုံးတော့ ကိုစိုင်းဆန္ဒတွေ ပြည့်လေပြီ။ မနက်လင်းလို့ နိုးသည်နှင့် ခြေသံတရှပ်ရှပ်ကြားနေရလို့ ခေါင်းထောင်ကြည့်လိုက်ရာ အသစ်ရောက်လာတဲ့နှစ်ယောက်က သူတို့အိပ်ယာလိပ်တွေအမြန်သိမ်းပြီး အခန်းထဲမှ ထွက်ပြေးသွားတော့သည်။ ထိုအခါ ကိုညာက

 

“ဒီကောင်တွေလည်း ပြေးတော့မယ်နဲ့တူပါတယ်ကွာ… ညက ခြောက်တာ တော်တော်ကြမ်းတယ်”

 

“ဒါဖြင့်ရင် ကိုညာလည်း အိပ်ပျော်မနေဘူးပေါ့ ”

 

“ဒီလောက် သောင်းကျန်းနေတာကို ဘာ်အိပ်ပျော်မလဲကွ….ငါတင်မဟုတ် ဟိုနှစ်ယောက်လည်း အိပ်မပျော်ဘူးတဲ့လေ… သရဲခြောက်တာ အစအဆုံး တို့အကုန်သိနေကြရတာပဲ”

 

“ဟူး…. ”

 

ကိုစိုင်းက သက်ပြင်းတစ်ချက်ချပြီးမှ စကားဆက်၏။

 

“ဒီတော့ ကိုညာဘာလုပ်ဖို့စဥ်းစားထားလဲ… ”

 

“ဘာကိုလဲ”

 

.”ဪ …ဒီမှာ အိပ်၊ မအိပ်ကိုပြောတာပါ”

 

“ကျုက်က အဲ့လောက်ကြီးကြောက်တတ်သူတော့ မဟုတ်ပါဘူး… အဖော်ရှိရင်အိပ်ရဲပါတယ်”

 

“ဟုတ်တယ်… ကျွန်တော်လည်းတူတူပဲ၊ အပြင်မှာ ဒီလောက်အေးနေတာကိုတော့ အရွဲ့တိုက်ပြီး အိပ်မနေနိုင်ပါဘူး… ပြီးတော့ အခင်းကောင်းကောင်းလည်းရှိတာမဟုတ်၊ မြေကြီးပေါ် ဖျာခင်းအိပ်ရတာ… ကျွန်တော်က အဆုတ်ရောဂါသမားမို့ အဲ့လိုအိပ်လိုအ့ဆင်မပြေဘူးရယ်… ဒီတော့ ဒီမှာပဲ အိပ်ကြမယ်ဗျာ… ကိုညာရော အိပ်မယ်မို့လား”

 

“ကျုပ်က အဖော်ရှိရင် အိပ်ရဲပါတယ်ဆို… ”

 

“ဟုတ်ပါပြီ… ”

 

ဤမျှနှင့်စကားစဖြတ်ပြီး မျက်နှာသစ်ကာ နံနက်စာစားပြီနောက် အလုပ်လုပ်ကြတော့သည်။ တစ်စစီဖြတ်ကာ ယူလာတဲ့ ဒိုင်းတွေကို သူ့နေရာနဲ့သူ နတ်ခေါင်းစွပ်ကာ ပြန်လည်တပ်ဆင်ပြီး အဆောက်အဦးပေါ် တင်ကြသည်။ အလုပ်သာ လုပ်နေရတာ အသစ်ရောက်လာတဲ့ ဟိုနှစ်ယောက်လည်း ဘယ်အချိန် ထပြန်မှန်းမသိတာကြောင့် စိတ်အေးလက်အေးတော့ မလုပ်ရဲ။ တကယ်လို့သာ ပြန်သွားလျှင် လူအင်အားလျှော့သွားပြီး သူတို့ပဲပင်ပန်းဦးမယ် မဟုတ်လား။ညနေစောင်းရောက်သည်အထိ ပြန်မဲ့ကိစ္စမပြောတော့မှပဲ စိတ်ချလိုက်ရတော့သည်။ သို့ပေမယ့် ကိုစိုင်းတို့ဆီတော့ လိုက်မအိပ်ရဲတော့ပဲ ကိုဇော်တို့နှင့်သာ မြေကြီးပေါ် ပျဥ်ပြားလေးခင်းပြီး စောင်ထပ်ခင်းကာ အိပ်ရန်ပြင်သည်။ ထို့အတူ ရှေ့ညက အရက်တစ်လုံးကို လေးယောက်ဝိုင်းသောက်ကြပြီး ဒီညမှာတော့ အရက်နှစ်လုံးဝယ်သောက်ကြသည်။ တစ်ယောက်တစ်လုံးနှုန်းဖြင့် ဘာမှမသိတော့တဲ့အထိ မူးအောင်သောက်ပြီး ထိုးအိပ်ကြမဲ့သဘော။

 

ညနေစောင်းလို့ အလုပ်သိမ်းတာနဲ့ ကိုစိုင်းတို့နှစ်ယောက်လည်း စာသင်ခန်းထဲဝင်ပြီး အိပ်ရန်ပြင်သည်။ နှစ်ယောက်လုံးက အရက်ကိုစွဲသောက်တတ်သူတွေမဟုတ်တာကြောင့် မသောက်တော့ပဲ သီချင်းနားထောင်ရင်း ဆေးလိပ်လေးဖွာကာ ဖွာကာဖြင့်နေနေရာ မိုးချုပ်တော့မှ အိပ်ဖို့ပြင်သည်။

 

သရဲဆိုတဲ့အမျိုးက ခြောက်တာများရင် ယဥ်သွားတဲ့သဘောလားတော့မသိ။ ဒီလောက် တစ်ညမပျက်ခြောက်နေတာတောင် ကိုစိုင်းကတော့ ဘယ်အချိန်မှာ ဘယ်ပုံစံနဲ့ခြောက်မလဲဆိုတာကို သူ့မသိစိတ်က နားစွင့်နေသေးတတ်သည်။ သရဲမခြောက်သေးရင် အိပ်မပျော်တဲ့သဘောတောင် ဖြစ်နေ၏။

 

“အဟီး… ဟီး… ”

 

ဟော… လာပါပြီ၊ စကြားနေရပါပြီ။ မိန်းမတစ်ယောက်ရဲ့ ငိုသံ။ အခန်းထဲက ကြားရတာမျိုးမဟုတ်ပဲ အခန်းအပြင် တံခါးဝမှာရပ်ပြီး ငိုနေတဲ့အသံ၊ တစ်ချက်တစ်ချက် စကားပြောတဲ့အသံတို့ကိုပါ ကြားရသည်။ ပီပီသသ ကြားရတာမျိုးမဟုတ်ပဲ ပလုံးပထွေးပြောနေတဲ့အသံမျိုး ဖြစ်၏။

 

မကြာမိ ယောကျာ်းအသံ သြသြကြီးကို ကြားရပြန်သည်။ ဒီအသံကတော့ အလုံပိတ်ထားတဲ့အခန်းထဲကမို့ ကျယ်လောင်စွာကြားလိုက်ရသည်။ အခန်းအတွင်းနဲ့အပြင် အပြန်အလှန်စကားလှမ်းပြောနေတာ အချိန်တော်တော်ကြာလိုက်သည်။ ထိုအသံတို့က်ိုနားစွင့်ရင်း ကြောက်စိတ်ကိုပိုက်ကာ ကိုစိုင်းတစ်ယောက် အိပ်ပျော်သွားပြန်သည်။

 

မနက်မိုးလင်းတော့ ကိုညာကိုကြည့်မိတော့ သူလည်းညက အဖြစ်အပျက်ကို ကြားမိလိုက်သည်ကို ရိပ်မိလိုက်သည်။ သို့ပေမယ့် တစုံတစရာမေးမြန်းခြင်းတော့မရှိတော့ပါ။

 

ထို့နောက် ထုံးစံအတိုင်း လုပ်ငန်းခွင်ဝင်ကြသည်ဖြစ်ရာ အမိုးဒိုင်းများ တင်ပြီးပြီဖြစ်သောကြောင့် ဒီနေ့မှာတော့ မြှားတန်းကြဲရန် ပြင်ဆင်ကြတော့သည်။ သို့ဖြင့် ကိုစိုင်းနဲ့ကိုညာက တစ်ဖက်၊ ကိုဇော်နဲ့ က်ိုလှစိန်ကတစ်ဖွဲ့ နေရာယူပြီး အောက်က ပစ္စည်းပေးဖို့ကိုတော့ အသစ်ရောက်လာတဲ့ နှစ်ယောက်ကို တစ်ဖွဲ့စီ၌ နေရာချထားပေးလိုက်သည်။ ဒီလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းလုပ်နေသူတွေမို့ ထွေထွေထူးထူး သိပ်မပြောရ။ ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတာကို သိနေတာမို့ လုပ်ကွက်က မြန်ဆန်နေ၏။ ညနေ​စောင်းအချိန်လောက်ရောက်တော့ ကိုညာကပြောသည်။

 

“ကိုစိုင်း…. ဟိုမှာ စေတီပျက်တစ်ဆူ ရှိနေတာမဟုတ်လား”

 

လက်ညှိုးထိုးပြတဲ့နေရာကို ကြည့်တော့ တောင်ထိပ်ပေါ်မှာ တစ်ဝက်တစ်ပျက်ဖြစ်နေတဲ့ စေတီတစ်ဆူကိုတွေ့ရသည်။ တောင်ထိပ်ပေါ်မှာရှိနေတာဖြစ်ပြိး ဘေးပတ်လည်မှာလည်း အပင်ခြုံနွယ်တွေရှိနေတာမို့… မြေပြင်ပေါ်က လှမ်းကြည့်ရင် ဘယ်လိုမှမတွေ့ရ။ ယခုလို အမြင့်နေရာကကြည့်မှသာ မြင်တွေ့ရသည်။

 

“ဟုတ်ပါရဲ့… ကိုညာပြောမှပဲ သတိထားမိတော့တယ် …တော်တော်တော့ ဟောင်းနွမ်းနေပုံရတယ်ဗျ… နော်”

 

“ကျုပ်… အဲ့ဒီ့ကို သွားချင်လိုက်တာဗျာ… ”

 

“ဪ… ကိုညာရယ်… အလုပ်ပြီးတဲ့နေ့ အချိန်ရရင် သွားကြည့်ပေါ့”

 

ဘာရယ်မဟုတ်၊ ကိုစိုင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်တာဆိုပေမယ့် က်ိုညာကတော့ လေးလေးနက်နက်တွေးတောနေဟန်ရှိ၏။

 

နောက်တစ်နေ့။ တိတိကျကျဆိုရရင် ကိုစိုင်းတို့ ဒီကိုရောက်တာ (၅) ရက် မြောက်တဲ့နေ့။ ဒီနေ့မှာတော့ သွပ်မိုးရန်သာ ရှိတော့သည်။ ဒါကြောင့် အရင်နေ့တွေကလို သုံးယောက် တစ်ဖွဲ့ခွဲပြီး အ​ဆောက်အဦး ဘယ်ညာတစ်ဖက်စီနေ၍ သွပ်မိုးကြတော့သည်။ ထိုနေ့မှာလည်း ကိုညာက တစ်နေကုန်အလုပ်လုပ်နေတာ အကောင်း၊ ညနေစောင်းတာနဲ့…

 

“စေတီပျက်ကြီးဆီ သွားကြည့်ချင်တယ်ဗျာ… ဟိုဘက်တောလမ်းက တက်ရင်နာရီဝက်လောက်ပဲ ကြာမယ်၊ ဒီဘက်ကတက်ရင်တော့ လမ်းမှာ လျှိုမြောင်ကြီးတစ်ခု ခံနေတယ်”

 

စသည်ဖြင့် စေတီပျက်ကြီးကိုကြည့်ကာ တစ်ယောက်တည်း စကားတွေပြောပြောနေတတ်သည်။

 

“အလုပ်ပြီးရင် သွားရမှာပါ ကိုညာရာ… အလုပ်ပြီးလို့ အချိန်မရရင်လည်း တစ်ရက်ထပ်နေပြီး လိုက်ပို့ပေးမယ် ဟုတ်ပြီလား… ဘာမှ လောမနေပါနဲ့ ”

 

ကိုစိုင်းက ခပ်ရွဲ့ရွဲ့ပုံစံနဲ့ ရယ်ပြီးပြောလိုက်တိုင်း ကိုညာကတော့ ခလေးတစ်ယောက်လို ပြန်ပြုံးပြနေတတ်သေးသည်။

 

နောက်တစ်နေ့ကျ မိုးရွာချလာသည်။ သွပ်မိုးနေချိန်ဖြစ်တာကြောင့် အလုပ်နားလိုက်ကြရ၏။ ထိုအခါ ဟိုနှစ်ယောက်က “နားမဲ့အတူတူ အရက်သောက်ပြီးအိပ်တာပိုကောင်းတယ်”ဟုဆိုကာ ကိုယ်တိုင်တင်ပြ၊ ကိုယ်တိုင်ထောက်ခံပြီး ကိုယ်တိုင်အရက်သွားဝယ်ကြတော့သည်။ မိုးစွေနေတဲ့ နေ့ခင်းကြောင်တောင်ကြီးဖြစ်တာမို့ အရက်ပုလင်းတွေဆွဲကာ ကိုစိုင်းတို့ဆီရောက်လာပြီး ဝိုင်းတည်လိုက်ကြ၏။

 

ထိုအခါ ကိုညာလည်း တစ်ခွက်စ၊ နှစ်ခွက်စသောက်လာပြီးနောက် အရှိန်လေးရလာတော့…

 

“မင်းတို့ လိုက်ကြဦးမလား… ညနေလောက်ကျရင် ဟိုတောင်ပေါ်စေတီကို သွားမလို့ ”

 

“ဘယ်တောင်ပေါ်က စေတီလဲ”

 

“ဒီနားလေးတင်လေကွာ…. အောက်ကနေကြည့်ရင်တော့မမြင်ရဘူး၊ တို့လုပ်နေတဲ့နှစ်ထပ်ဆောင်ပေါ်က တက်ကြည့်မှ မြင်ရတယ်”

 

“ဪ… ဟို ပြုပြင်လို့မရတဲ့စေတီကိုပြောတာလား… ကျုပ်တို့အရက်သွားသွားဝယ်နေတဲ့ဆီက အဘကြီးတစ်ယောက်ပြောတာကြားဖူးတယ်… ဒီနားက တောင်ပေါ်မှာ စေတီပျက်တစ်ဆူရှိတယ်တဲ့၊ အဲ့ဒီ့စေတီကို ပြုပြင်လို့လည်းမရ ထုံးသုတ်ဖို့လုပ်ရင်တောင် မိုးကြိုးပစ်ချတာဆိုပဲ… ပြီးတော့ အဲ့ဒီ့ကိုမသွားဖို့နဲ့ နေ့ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် မျက်နှာစိမ်းတစ်ယောက်ယောက်လာခေါ်တာမျိုးရှိရင်လည်း မလိုက်သွားနဲ့တဲ့ ”

 

“ဒါဆို အဲ့ဒီ့မှာ ရှေးဟောင်းပစ္စည်းတွေဘာတွေရှိနေလို့… တို့ကိုမသွားအောင် ခြိမ်းခြောက်ပြောနေတာဖြစ်မယ်… ကျုပ်တော့ တစ်ရက်လောက် သွားကြည့်ချင်တယ်”

 

ထိုစဥ် ကိုစိုင်းက စကားထောက်၏။

 

“ကိုညာ… တော်တော်သွားချင်နေတာ ဘာလို့လဲ… အဲ့ဒီ့ရှေးဟောင်းပစ္စည်းတွေကို လိုချင်လို့လား”

 

“မဟုတ်ပါဘူးကွာ…. ကျုပ်က ဒီတိုင်း သွားချင်နေတာရယ်ပါ”

 

“ကိုယ့်ဒေသလည်း မဟုတ်ပဲနဲ့ မသွားချင်စမ်းပါနဲ့ဗျာ…အစကတော့ နောက်ပြောင်ပြောတယ်ပဲထင်နေတာ… အခုကျ ကိုညာက ပိုပိုရောင့်တက်လာတယ် ”

 

ကိုစိုင်းက လေသံမာဆတ်ဆတ်နဲ့ ပြောလိုက်တော့ ကိုညာလည်း ဘာမှပြန်မပြောတော့ပဲ အရက်ကိုသာဖိသောက်နေတော့၏။ သို့နှင့် တစ်နေကုန် ထိုအခန်းထဲ၌သာ အချိန်ကုန်ဆုံးစေခဲ့ပြီး မှောင်ရီပျိုးချိန်ရောက်တော့ ဟိုအမူးပါးနှစ်ယောက်က အတင်းကုန်းထကာ အခန်းထဲမှ ထွက်သွားကြသည်။ ကိုညာကတော့ ကွေးကွေးလေးအိပ်နေ၏။ ညရောက်တော့ ထုံးစံအတိုင်း အစဥ်အလာမပျက် လမ်းလျှောက်သံကိုကြားရသည်။ ပေအရှည် ၁၅၀ ဝန်းကျင်လောက်ရှိတဲ့ စာသင်ဆောင်ကြီးရဲ့ ဟိုးဘက်ထိပ်ကနေ စကြားရခြင်းဖြစ်သည်။ တစ်ခါတစ်ရံခြေသံ ရပ်သွားပြီး ချက်ချင်းဆိုသလို တံခါးခေါက်သံ၊ ပိတ်ထားတဲ့တံခါးကို အတင်းဆွဲဖွင့်တာကြောင့် တံခါးဂျက်တွေ လှုပ်ခါရမ်းနေတဲ့အသံတို့ကို ကြားရသည်။

 

ထို့နောက် ဒီဘက်ကို ဆက်လျှောက်လာသည်။ ကြမ်းပြင်ကို ဖိနပ်နဲ့တရွတ်တိုက်ဆွဲလျှောက်တဲ့အသံ၊ ခြေသံမထွက်ထွက်အောင် တမင်လျှောက်နေတဲ့အသံတို့ကို ကြားရသည်။ ထိုအသံတို့ရပ်သွားလျှင်လည်း စောစောကလို တံခါးခေါက်သံတို့ တဂျိမ်းဂျိမ်း ကျယ်လောင်စွာထွက်လာတတ်သေး၏။ သို့နှင့် တစ်ခန်းပြီးတစ်ခန်း တံခါးတွေလိုက်ခေါက်ပြီး လျှောက်လာလိုက်တာ နောက်ဆုံး ကိုစိုင်းတို့ရှိနေတဲ့ အခန်းရှေ့မှာ ခြေသံရပ်သွားသည်။ ထို့နောက်..

 

“ဝုန်း”

 

တံခါးကို ဆောင့်တွန်းလိုက်တဲ့အသံက အလုံပိတ်ထားတဲ့အခန်းထဲမှာ ကျယ်လောင်စွာ ထွက်ပေါ်သွားတော့သည်။ သို့သော် အခြေအနေကို ကြိုတင်မှန်းဆနိုင်နေတဲ့ ကိုစိုင်းက နားနှစ်ဖက်ကို လုံအောက်ပိတ်ပြီး အသံမထွက်အောင် ပါးစပ်ထဲ ​စောင်စထိုးထည့်ထားတာကြောင့် ထိုအသံကိုမကြားလိုက်ရပေ။ သို့ပေမယ့်လည်း တံခါးကြီးလှုပ်နေတာတွေ၊ တံခါးဂျက်တွေ ရမ်းခါနေတာတွေကိုတော့ ပြတင်းပေါက် မှန်တံခါးကနေ ဖောက်ဝင်လာတဲ့ လရောင်ဖျော့ဖျော့လေးရဲ့အလင်းကြောင့် မြင်တွေ့နေရသည်။ တစ်ခန်းလုံး အသံတွေလည်း ဆူညံပွက်လောရိုက်နေ၏။ ကိုညာကတော့ အရက်မူးပြီးအိပ်တာမို့လားမသိ။ တုတ်တုတ်မှမလှုပ်။ ကိုစိုင်းမှာတော့ ကမ္ဘာပျက်နေလေပြီ။ ထို့နောက် မျက်လုံးကိုတင်းနေအောင်မှိတ်ထားနေရတဲ့ ကိုစိုင်းမှာလည်း ထိုအဖြစ်အပျက်တို့ကို​ကြောက်တဲ့စိတ်နဲ့ပဲ အိပ်ပျော်သွားတော့သည်။

 

(၇)ရက်မြောက်နေ့မှာ မပြီးပြတ်သေးတဲ့ သွပ်ကိုဆက်မိုးရ၏။ မနက်ကတည်းက မိုးလာလိုက်တာ နေ့ခင်းထမင်းစားနားတော့ ပေ ၂၀ တစ်ခန်းစာလောက်သာ ကျန်တော့သည်။ နောက်ဆုံးရိက္ခာဖြစ်တဲ့ ငါးသေတ္တာကိုချက်ထားပြီး၊ အနီးဝန်းကျင်က လာပေးတဲ့ ဂျူးပင်ကို ကြက်ဥနဲ့ရောမွှေကြော်ထားတာကြောင့် မွှေးကြိုင်နေသည်။ ဗိုက်ဆာဆာနဲ့ ထမင်းစားသောက်ပြီးချိန်မှာတော့ ကိုညာက …

 

“ဒါလေး မိုးပြီးရင်တော့ ပြီးပါပြီ”

 

ထိုစဥ် ကိုဇော်ကလည်း….

 

“ပြီးပါပြီ၊ နေ့ခင်းမြန်မြန်လေးမိုးပြီး တစ်ညနေလုံးအေးဆေးနားလို့ရသွားတာပေါ့ ” ဟု ခပ်အေးအေးသာ ပြောလိုက်ပါသည်။

 

ထမင်းစားပြီး ခဏတဖြုတ်နားပြီးတော့ အလုပ်ဆက်ကြ၏။ ခေါင်မိုးပေါ်တက်ပြီး အချိန်ဘယ်လောက်မှတောင် မကြာသေး… “ဝုန်း” ဆိုတဲ့အသံကြားလိုက်ရသည်။ တပြိုက်နက်တည်း ကိုစိုင်းရဲ့အသံထွက်ပေါ်လာ၏။

 

“ကိုညာ… ကိုညာ… ပြုတ်ကျသွားပြီ”

 

ပြောပြောဆိုဆိုဖြင့် အောက်ကိုပြေးဆင်းလာရာ ကျန်သူများကလည်း လိုက်ဆင်းလာပြီး ကိုညာကိုဝိုင်းဝန်းဖေးကူပြီး အော်ခေါ် လှုပ်နှိုးနေသည်။

 

“ကိုညာ… ကိုညာ… ”

 

ကိုညာကတော့ တုတ်တုတ်မှမလှုပ်တော့။ ခေါင်းပေါက်ပြီး သွေးစို့လာတာကလဲဲပြီး အနာတရ ကြီးကြီးမားမားမရှိသော်ငြားလည်း နှစ်ထပ်ခေါင်မိုးပေါ်က ပြုတ်ကျတဲ့အရှိန်ကြောင့် လှုပ်နှိုးမရပဲ သတိလစ်နေလေ၏။

 

“မဖြစ်သေးပါဘူး… နီးစပ်ရာ ဆေးရုံကိုအမြန်ပို့မှရမယ်”

 

ပြောပြောဆိုဆိုနဲ့ ကိုလှစိန်က သူ့ကျောပေါ်တင်ကာ ထိုနေရာမှ ပြေးထွက်သွားသည်။ နောက်တစ်ယောက်ကလည်း အဖော်အဖြစ်လိုက်ပါသွားပြီးနောက် ကျန်လူများကတော့ စိုးရိမ်စိတ်ဖြင့်သာ အလုပ်ကို လက်စသတ်လိုက်ကြ၏။ ဒီအလုပ်နဲ့ ပစ္စည်းတွေကိုထားခဲ့ပြီး အကုန်လိုက်သွားဖို့ကလည်း မဖြစ်သေးဘူး မဟုတ်လား။

 

အချိန်အနည်းငယ်ကြာတော့ အလုပ်တွေအကုန်လုံး ပြီးဆုံးပြီဖြစ်ရာ ပြန်ဖို့အတွက် ပြင်ဆင်ထုပ်ပိုးကြတော့သည်။ ဖုန်းလိုင်းတွေ မမိတာကြောင့် ကိုညာနဲ့ သူ့ကိုလိုက်ပို့သူ​တွေရဲ့သတင်းအစအနလည်း ဘာမှမကြားရ။ အကုန်လုံးလည်း စိုးရိမ်စိတ်တို့သာ ကြီးစိုးနေကြ၏။ မကြာမီ တဖြည်းဖြည်း မှောင်လာသည်။ ထိုအချိန်ထိ ကိုညာတစ်ယောက် ပင်းတယ ဆေးရုံမှာရောက်နေသလား။ ကိုထွန်းသိသွားလို့ ပြန်လာခေါ်သွားပြီလား။ စသည်ဖြင့် ရောက်တက်ရာရာတွေပြောရင်းဆိုရင်း အိပ်ချိန်တောင်ရောက်လာခဲ့ပြီ။

 

ဒီညတော့ ဒီအဆောင်မှာ ကိုစိုင်းတစ်ယောက်တည်း အိပ်ရတော့မည်။ မနက် မိုးလင်းရင် ပြန်တော့မှာဖြစ်တာကြောင့် ဒီညက နောက်ဆုံးညလည်း ဖြစ်၏။ အရင်ကလို ကြောက်ဖော် ကြောက်ဖက် ကိုညာမရှိလေတော့ ကျောတော့စိမ့်သား။ ဒါပေမယ့်လည်း ကိုညာတစ်ယောက်အဆင်ရော ပြေပါ့မလားဟု တွေးပူနေပြီး တော်တော်နဲ့အိပ်မပျော်။ ဥာဥ့်နက်လို့ အိပ်ပျော်ကာစအချိန်ရောက်လာမှ…

 

“ကိုစိုင်း…. ကိုစိုင်း”

 

ခပ်လှမ်းလှမ်းကနေ အော်ပြီး ပြေးလာတဲ့အသံ။ ဒီအသံကို ရင်းရင်းနှီးနှီးကြားဖူးနေသည်။ ဟုတ်တယ်။ ဒါ ကိုညာ…. ကိုညာရဲ့ အသံပဲ။

 

“ကိုစိုင်း… ကျုပ် မင်းကို လာနှုတ်ဆက်တာ ”

 

“ဗျာ… ”

 

“ခင်ဗျားစကားက ဘယ်လိုကြီးလဲ… ဒါနဲ့ ဒဏ်ရာတွေရော သက်သာရဲ့လား… ဘယ်လိုနေသေးလဲ”

 

“သက်သာတယ်… ကျုပ်ဘယ်လိုမှမနေတော့ဘူး… နာတာကျင်တာလည်း မရှိတော့ဘူး ….ကျုပ်ကိုစိတ်မပူပါနဲ့… ကျုပ်သွားတော့မယ်နော်”

 

“ဘယ်သွားမို့လဲ ကိုညာ”

 

ထိုအခါ ကိုညာက တောင်ထိပ်ပါ်ကို လက်ညှိုးထိုးပြသည်။ ရွှေရောင်တလက်လက်နဲ့တောက်ပနေပြီး သပ္ပါယ်လွန်းလှ

တဲ့ စေတီတော်ကြီး။

 

“ဒါ… ဒါ… နှစ်ထပ်ဆောက်ပေါ်ကနေ လှမ်းကြည့်ရင် မြင်ရတဲ့စေတီပျက်ကြီး မဟုတ်ဘူးလား”

 

ထိုသို့မေးချင်ပေမယ့် သူ့စကားတို့ အပြင်ကိုမထွက်ခဲ့ပေ။ ထိုစဥ် ကိုညာက သူ့ရှေ့ကနေ လှစ်ခနဲထွက်သွားသည်။

 

“ဟာ…. ကိုညာ… ကိုညာ ”

 

ကိုစိုင်းကလည်း နောက်မှထပ်ကြပ်မကွာ လိုက်သည်။ သူ လိုက်နေတာသိလို့လားမသိ။ ကိုညာက ခပ်သွက်သွက်လျှောက်သွားရင်း စေတီတော်နားရောက်တော့ အနီးရှိ ကျောက်လှိုဏ်ဂူထဲမှ အမျိုးသမီးတစ်ဦးထွက်လာသည်။ အစိမ်းရောင်အဝတ်အစားကို ဝတ်ဆင်ကာ၊ အစိမ်းရောင်ပန်းတို့ ပန်ဆင်ထား၏။ ကိုစိုင်းနှာခေါင်းထဲ၌လည်း စိမ်းရွှင်ရွှင်အနံ့တို့ကို အဆက်မပြတ်ရနေသေးသည်။ ထိုအမျိုးသမီးဘေးမှာရပ်နေတဲ့ အရပ်ရှည်ရှည် ခန္ဓာကိုယ်ထွားထွားဖြင့် အစောင့်ဟုခန့်မှန်းရသောသူတစ်ယောက်က ဘာမှမပြောပဲ ကိုညာရဲ့ လက်မောင်းမှဆွဲခေါ်သွားကာ သူတို့သုံးယောက်လုံး လှိုဏ်ဂူထဲတိုးဝင်ပျောက်ကွယ်သွားသည်။ ကိုညာကလည်း ရိုရိုကျိုးကျိုးဖြင့် လိုက်ပါသွား၏။

 

“ကိုညာ… ကိုညာ… ”

 

အော်ခေါ်ရင်း လန့်နိုးလာတော့ မနက်မိုးတောင်လင်းနေပြီ။ နှာခေါင်းထဲမှာတော့ စိမ်းရွှင်ရွှင်အနံ့ကြီးကို ရနေဆဲဖြစ်ပြီး မျက်နှာသစ်လို့ နံနက်စာစားပြီးတဲ့အထိ ထိုအနံ့က မပျောက်သွားသေးပေ။ မနက် ၁၀ နာရီ ဝန်းကျင်လောက်ရောက်တော့ ကိုစိုင်းတို့ကို လာကြိုတဲ့ကား ရောက်လာသည်။ ကားမောင်းလာသူရဲ့ သတင်းစကားအရတော့ ကိုညာတစ်ယောက် ပွဲချင်းပြီး ဆုံးသွားရှာလေပြီတဲ့။

 

ဒီစကားကြားတော့ အခြားသူတွေက တအံ့တသြဖြစ်နေပေမယ့် ကိုစိုင်းကတော့ မအံ့သြပဲ တည်ငြိမ်နေသည်။ ညကပဲ သူ့ကိုလာနှုတ်ဆက်သွားတာမဟုတ်လား။ ထို့နောက် ကားပေါ်ပစ္စည်းတွေအကုန်တင်းပြီးချိန်မှာတော့ ကိုစိုင်းက ကားပေါ်တက်လိုက်ပြီး ကားခေါင်းဘက်ကို ေကျာပေးကာ စေတီပျက်ရှိနေတဲ့ တောင်ဘက်ကိုလှမ်းကြည့်ရင်း လိုက်ပါလာတော့သည်။ တဖြည်းဖြည်း ထိုနေရာနဲ့ဝေးကာ မျက်ကွယ်စပြုချိန်မှာတော့ ထိုစေတီအနားမှ လူတစ်ယောက်ပေါ်လာတာကို ခပ်ရေးရေးလေး တွေ့မြင်လိုက်ရပါသေးသည်။

 

စာဖတ်သူများအား

အစဥ်ချစ်ခင်လေးစားလျှက်….

 

စိုင်း(ချယ်ရီမြေ)