လူစားလဲသည့်ည

လူစားလဲသည့်ည(စ/ဆုံး)

​—————————

လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုခန့်​သောအခါက ​ကျော်စွာတစ်​ယောက်သည် မြို့အပြင်တွင် ရှိ​သော စိန်တစ်လုံးသရက်ပင်​များနှင့် အခြားသစ်ပင်ပန်းမန်တို့ ​ရော​​ပြွန်း စိုက်ပျိုးထားရာ ၎င်း၏ မိသားစုအပိုင် ခြံကြီးသို့ သူငယ်ချင်းဖြစ်သူ စိုးမြင့်နှင့်​အတူ ဆိုင်ကယ်တစ်စီးဖြင့် ထွက်သွားခဲ့ဖူး၏။ ထိုစဥ်က စိန်တစ်လုံးသရက်ပင်များ အဓိကထား စိုက်ပျိုးရာ အရိပ်အာ​ဝါသ ​ကောင်းမွန်လှစွာ​သော ငါးဧကအကျယ်အ​ဝန်း​ရှိ ထိုခြံကြီးတွင် ခန့်အပ်ထား​သော ခြံ​စောင့် ဦး​လေးကြီးမှာ အ​ကြောင်းကိစ္စတစ်ခု​ကြောင့် သူ၏ ရွာသို့ ခွင့်ယူ ပြန်သွားသဖြင့် ခြံအတွင်းရှိ အ​စောင့်​ခွေး ဆယ့်သုံး​ကောင်အား အစာ​ကျွေးမည့်သူ မရှိ​ပေ။ ထို့​ကြောင့် ကျော်စွာ၏ ဖခင် ဦးသိန်းလှိုင်က အဆိုပါ ခြံ​စောင့်​ခွေးများ​ကို အစာ​ရေ​စာ ​ကျွေး​မွေးရန်အလို့ငှာ သူ့အား ​စေလွှတ်​လိုက်​​လျှင် ​ကျော်စွာအ​နေဖြင့် မငြင်းသာ​တော့ဘဲ စိုးမြင့်ဟူ​သည့် သူငယ်ချင်းတစ်ဦးကို ​ခေါ်ကာ မိသားစုပိုင် သရက်စိုက်ပျိုးခြံ​ကြီး​ဆီ​သို့ ထွက်ခွာလာခဲ့ခြင်းပင် ဖြစ်​သည်။

မြို့အပြင်ရှိ ခြံကြီးသို့ ​ရောက်​သောအခါ ​ကျော်စွာတို့မှာ အ​သင့်​ပါလာ​သော ​ခွေးစာများအား ခြံ​စောင့်​ခွေးများ​ကို ​​ကျွေး​မွေးကြပြီးသကာလ မိမိတို့ ​သောက်စားဖို့ရန် ဝယ်ယူလာခဲ့​သော အရက်ပုလင်းတစ်လုံးနှင့် အမြည်းများကို ထုတ်ယူလိုက်ကာ ခြံ​စောင့်တဲထဲ နှစ်​ယောက်ဝိုင်းဖွဲ့ ထိုင်လိုက်​ကြ၏။ ထို့​နောက် သူတို့သည် အရက်​သောက်​လိုက် အမြည်းစားလိုက်ဖြင့် ​ရောက်တတ်ရာရာ ​ပြောဆိုလာ​ခဲ့​ကြ​ပြီး​နောက် မိမိတို့ စိတ်ပါဝင်စားရာ သဘာဝ​လွန်​ဖြစ်ရပ်များဆီ စကား​လမ်းကြောင်း ​ရောက်​ရှိလာခဲ့​လေ​သည်။

ဤအခါ ​ကျော်စွာက မိမိတို့ သရက်ခြံကြီး၏ အပြင်​ဘက် မျက်​စောင်းထိုး လမ်း​ထောင့်တစ်​နေရာတွင် ရှိသော နှစ်ချို့ မန်​ကျည်း​ပင်ကြီး ​အောက်တည့်တည့်သည် မည်သည်ကြောင့် မသိ၊ မကြာခဏ ယာဥ်​မော်​တော်များ မတော်တဆ တိုက်မိ,ခိုက်မိလေ့ ရှိပြီး လူအသေအပျောက်လည်း ရှိတတ်ကြောင်း စိုးမြင့်အား ဖွင့်ဟ​ ပြောပြ၏။ ထိုအထဲကမှ ဤခြံကြီးသို့ ကျော်စွာ အလည်​လာစဥ် အခါတပါးက ယင်းမန်ကျည်းပင်ကြီး​အောက် အ​​ရောက် ရုတ်တရက် စက်ရပ်သွားခဲ့​သော​ ကုန်တင်ကားကြီးတစ်စီးအ​ကြောင်းမှာလည်း ​ကျော်စွာ​၏ မျက်မြင်ကိုယ်​တွေ့​ဖြစ်ပြီး ထိတ်လန့်ဖွယ်ရာ ​ကောင်းလွန်းလှသည်။ အ​ကြောင်း​ကား ထိုအချိန်က စက်ချို့ယွင်းသွား​သည်အထင်ဖြင့် ကား၏​ အောက်သို့ ဝင်​ရောက်သွားသော ယာဉ်မောင်းဖြစ်သူမှာ ပြဿနာရင်းမြစ်ကို ​ဖွေရှာ​နေစဥ်သကာလတွင် အဆိုပါကားကြီးမှာ ​မောင်းနှင်သူ မရှိပါဘဲ ​ရပ်နေရာမှ ဗြုန်းစား ထထွက်သွား​သော​ကြောင့် ထိုလူခမျာ ကုန်ကားဘီး အကြိတ်ခံရကာ အ​သေဆိုးဖြင့် ​သေဆုံးသွားခြင်း​ကြောင့်​ပင်။

သို့နှင့် ခြံအနီးဝန်းကျင်ရှိ အလွန်တရာမှ ခိုက်လှသည်ဟုပင် ယူဆရမည့် မန်ကျည်းပင်​ကြီး​အ​ကြောင်းမှ စ၍ အခြား​သော ဖြစ်ရပ်​ဆန်း​ကြယ် ကိ​စ္စ​ရပ်များဆီသို့ ​တောင်​ရောက်,မြောက်​ရောက် ​ပြောဆိုလာ​ကြ​ရင်းဖြင့် ည​နေပိုင်းသို့တိုင်​အောင် ​ရောက်မှန်းမသိ ​ရောက်ရှိ​လာ​​လေသည်။ ဤတွင် နှစ်​ယောက်သား အ​တော်အ​တန် မူး​ဝေလာကြပြီ ဖြစ်​သော်ငြားလည်း အာသာမ​ပြေ​သေးသဖြင့် ​နောက်ထပ် အရက်တစ်လုံး ဝယ်ခြမ်းရန်နှင့် ခြံ​စောင့်တဲမှာ​ပင် မအိပ်စဖူး ညအိပ်ကြရန် တိုင်ပင်မိကြ၏။

“အဲဒါဆို ​ကျော်စွာ… ငါ မင်းဆိုင်ကယ်နဲ့ အရက်တစ်လုံး ​ပြေးဝယ်လိုက်မယ်။ ဒီအနီးအနားမှာ အရက်ဝယ်လို့ ရနိုင်မယ့် ဆိုင်တစ်ဆိုင်​ဆိုင်တော့ ရှိမှာပဲ​လေ”

“​အေး… စိုးမြင့်၊ အဲဒီအစီအစဥ် ​ကောင်းတယ် သူငယ်ချင်း။ ​ရော့ကွာ… ဆိုင်ကယ်​သော့။ သိပ်လဲ ကြာမ​နေနဲ့ဦး”

ဆိုင်ကယ်ဖြင့် စိုးမြင့် ထွက်ခွာသွားပြီး​နောက် ​ကျော်စွာမှာ လက်ကျန်အရက်များအား စိမ်​ပြေန​ပြေ ထိုင်ဖြတ်လျက် ရှိ​နေစဥ် အခြားဆိုင်ကယ်တစ်စီးက ခြံဝ​ရှေ့တည့်တည့် လာရပ်​​သဖြင့် ထွက်ပြီး ကြည့်မိလျှင် ခြံ​စောင့်၏ မိတ်​ဆွေတစ်ဦးဖြစ်​ကြောင်း ​တွေ့ရှိရ​လေသည်။

“ခြံ​စောင့်ဦး​လေးကြီးက ရွာပြန်သွားလို့ မရှိဘူးခင်ဗျ။ ဘာကိစ္စလဲ မသိဘူး”

“​သြော်… ဟုတ်လား။ အဲဒါဆိုရင်​တော့ ​ရော့… သူ့အဖို့ လမ်း​ကြုံ ဝယ်လာတဲ့ ဒီအ​ကြော်စုံ​တွေ မင်းပဲ ယူလိုက်​တော့ ​မောင်ရင်။ ဒါနဲ့… ငါ့တူတစ်​​ယောက်တည်း ဒီခြံမှာ ဘာလာ​လုပ်​နေတာလဲ။ ​နေ​တောင်မှ ​စောင်း​​တော့မယ်​နော်။ မြို့ထဲ မ​ပြန်​သေးဘူးလား”

“ဟား… အ​မြည်းလိုနေတာနဲ့ ​အတော်ပဲ ဦး​​လေးရေ၊ ကျေးဇူးတကယ်တင်တယ်။ ကျွန်​တော် အခုလာတာ အ​ဖေ လွှတ်လိုက်လို့​လေ။ သူ့ရဲ့ ခြံ​စောင့်​ခွေး​တွေကို အစာ​ကျွေးမယ့်သူ မရှိဘူးဆိုလို့ ကျွန်တော့်သူငယ်ချင်းကို ​ခေါ်ပြီး ​ခွေးစာ လာ​ကျွေးရတာ​ပေါ့။ ဒီ​နေ့​​တော့ အိမ်မပြန်​တော့ပါဘူးဗျာ၊ ကိုယ့်ခြံထဲ အိပ်ဖူးတယ် ရှိ​အောင် တစ်ည​လောက် အိပ်ကြည့်ဦးမလို့​။ အတူပါလာတဲ့ သူငယ်ချင်းကတော့ ကျွန်​တော့်ရဲ့ ဆိုင်ကယ်နဲ့ အရက်အဝယ်တော် ထွက်သွား​လေရဲ့”

“​အေး ​အေး ​အေး… သိပ်ပြီး မူးမ​နေကြနဲ့ကွယ်၊ ​နော့။ မင်းတို့ ခြံ​စောင့် ငါ့မိတ်​ဆွေက​တော့ ဘုရားတရား အရမ်းလုပ်တဲ့ လူ။ သူ​အမြဲပြော​နေကျ စကားတစ်ခွန်း​တော့ ရှိတယ်။ အဲဒါက ဘာလဲဆို​တော့… ဒီခြံကြီးထဲ ဘုရားတရား ပုံမှန်မလုပ်နိုင်ရင် ​နေဖို့,ထိုင်ဖို့ တယ်မလွယ်ဘူးဆိုပဲ။ ကိုင်း… ​မောင်ရင်၊ ဦး သွားဦးမယ်”

ပြောဆိုပြီးနောက် ဆိုင်ကယ် ​မောင်းနှင် ထွက်ခွာသွား​သော ခြံ​စောင့်၏ မိတ်​ဆွေ ဦးလေးကြီးကျောပြင်ကို ကြည့်ကာ ​ကျော်စွာ့စိတ်အတွင်း အ​တွေးများစွာ ထပ်လာ၏။ ခြံပိုင်ရှင် မိမိတို့ပင် မကြား,မသိဖူးသော စကားအချို့ကို ယခု​လေးတင် ဦး​လေးကြီးမှ ​ပြောသွားခဲ့သည် မဟုတ်​လော။ သို့​သော် ခဏအကြာတွင် ထိုကိစ္စအား ​ခေါင်းအတွင်းမှ ထုတ်ကာ ​ကျော်စွာမှာ ခြံ​စောင့်တဲအတွင်း ပြန်ဝင်သွားခဲ့ပြီး လက်ကျန်အရက်များနှင့် တွဲဖက်၍ ဦး​လေးကြီး ​ပေးခဲ့သည့် အ​ကြော်စုံကို မြည်းဝါး​နေလိုက်သည်။

အချိန်များသည် ကုန်လွန်လာခဲ့ပြီး​နောက် ည​နေ​စောင်းကာ ​နေဝင်စပင် ပြုလာခဲ့​ချေပြီ။ ဆိုင်ကယ်ဖြင့် အရက်ဝယ် ထွက်သွားသူ စိုးမြင့်မှာ ယခုအချိန်တိုင်​အောင် ပြန်​ရောက်​လာ​ခြင်း အလျဥ်းမရှိ​သေး။ အမှန်စင်စစ် ထိုည​နေက အရက်ဝယ်​ ထွက်သွားခဲ့သူ စိုးမြင့်တစ်​ယောက်မှာ မူးမူးရူးရူးနှင့် မြို့တွင်းသို့ ပြန်သွားပြီ ဖြစ်​ကြောင်း ​ကျော်စွာအ​နေဖြင့် သိရှိနိုင်ခဲ့ပါမူ…။

ပြန်မလာ​တော့မည့် သူငယ်ချင်းဖြစ်သူကို ​စောင့်မျှော်ရင်း တဲအတွင်း အရက်ကပ်ကျန်​လေးများ ​​​ချွေတာ ​သောက်သုံး​လိုက်၊ အ​ကြော်စုံကို စားသုံးလိုက် လုပ်​နေသူ ​ကျော်စွာသည် တဖြည်းဖြည်းနှင့် စိတ်လက်မရှည် ဖြစ်လာ​သော​ကြောင့် တဲ​ရှေ့ ကွပ်ပျစ်ထက်သို့ ​နေရာ​ရွှေ့​ပြောင်း ထိုင်ချလိုက်၏။ ​နေခြည်​ရောင်ဖြာ ​ကွယ်ပျောက်ဆုံးကာ အ​မှောင်လုံးလုံး အ​တုန်းအရုန်း ကျ​ရောက်​တော့မည့် လက္ခဏာ စိုင်း​ပြင်း​လျက် ရှိသည့် ယခုလို အချိန်အခါမျိုး​တွင် သရက်ခြံကြီးအပါအဝင် အနီးဝန်းကျင်ဆိုသည်မှာလည်း လူသွား,လူလာ ပြတ်လပ်သွားသည့် မြို့အပြင်တစ်​နေရာ ဖြစ်​သော​ကြောင့် ဆိတ်ငြိမ်မှုမှာ ဆထက်ပိုတိုး မင်းမူလာ​​လျှင် ​ကျော်စွာမှာ ‘မိမိအကြားအာရုံများ ပင်းသွားပြီ​လော’ ဟုပင် သံသယဝင်လာမိ​လေသည်။ ထိုအချိန်တွင်…

“ပုစွန်​ကြော် စားချင်လိုက်တာ​အေ… ငါ့နည်းနည်း ​ကျွေးပါ​တော့လား ​ကောင်​လေး…” ဟူသည့် မိန်းမကြီး တစ်​ဦး၏ အ​သံ ခပ်တိုးတိုးတစ်ခုမှာ ကွပ်ပျစ်နှင့် မလှမ်းမကမ်းရှိ သ​ရက်​ပင်​တစ်ပင်အထက်က ထွက်​ပေါ်လာခဲ့၏။

အ​သေအချာပင် နားများဖြင့်ဆက်ဆက် ဧကန်ကြားလိုက်ရ​သည့်အတွက် ​ကျော်စွာမှာ အသံလာရာ သရက်ပင်အထက်သို့ ​မော့ကြည့်လိုက်လျှင် မည်သည့် သက်ရှိ​အရိပ်အ​​​ရောင်မျှ မ​တွေ့,မမြင်ရ​ချေ။ ယခုအချိန်၌ မိမိနှင့် အ​စောင့်​ခွေးများမှ လွဲ၍ အခြားမည်သူ တစ်ဦး,တစ်​ယောက်​မျှ ဤခြံကြီးအတွင်း လုံးဝမရှိ​သော​ကြောင့် ​ကျော်စွာအ​နေဖြင့် ​ကြောင်အမ်းအမ်းတစ်ချက် ဖြစ်သွားမိ၏။ မည်သို့​ပင် ဆို​စေကာမူ ‘မကြုံစဖူး အထီးကျန်မှု၊ တိတ်ဆိတ်မှုများကြောင့် မိမိစိတ်က မိမိအား ပြန်လည် ​ခြောက်လှန့်ခြင်းသာ ဖြစ်နိုင်​ကောင်း၏’ ဟု ​ကျော်စွာတစ်​ယောက် ဖြည့်​တွေးမိ​သော်လည်း ကိုယ့်နားရွက်များကိုကိုယ် ယုံကြည် စိတ်ချ မရနိုင်​သေးသဖြင့်…

“ဘာ​တွေ လာပြီး ​တောင်း​နေတာလဲ။ ​ကျွေးစရာ ဘာပုစွန်​ကြော်မှ မရှိဘူး” ဟု ပါးစပ်ဖျားမှ လွှတ်ခနဲ ​ပြောလိုက်မိ​လေ​သည်။

“နင်မြည်းနေတဲ့ အထဲက ပုစွန်​ကြော်အနံ့​တွေ ရ​နေပါတယ်အေ… မြင်လည်း မြင်နေရတဲ့ဟာ… တစ်ခု​လောက်တော့ ​ကျွေးစမ်းပါ…”

ထပ်မံ ထွက်​ပေါ်လာသည့် သရက်ပင်အထက်က ခွန်းတုံ့ပြန် စကားအသံ​ကြောင့် အ​ပြေးအလွှား ​ဖွေရှာ စဥ်းစား​နေစရာ မလို​အောင်ပင် သရဲအ​ခြောက်ခံရပြီ ဖြစ်​ကြောင်း ​ကျော်စွာ့ ​ခေါင်းအတွင်း အတပ်သိလိုက်​​ချေပြီ။

“​ကောင်းပြီ​လေ၊ ပုစွန်​ကြော် ​​ငါကျွေးမယ်။ နောက်ထပ် လာမ​နှောင့်ယှက်နဲ့တော့”

ပုံမှန်စိတ်အတိုင်းဆိုပါက ​နေရာမှ ရုတ်ချည်း ထ​ပြေးမိမည် မှန်​သော်လည်း အရက်တန်ခိုး ကြွ​နေသည့် ယခုလို အ​ခြေအ​နေမျိုးတွင်​တော့ ပြန်​ရောက်မလာ​သေးသူ စိုးမြင့်ကို စိတ်​မာန်ဆိုးလျက်ရှိ​သော ဓါတ်အခံဖြင့် ​ရောယှက်,ပေါင်း​စပ်​ကာ မသိစိတ်၏ နှိုးဆွ,လှုံ့​ဆော်မှုဖြင့် ဤသို့ တုံ့ပြန်,ပြော​ဆို​လိုက်​ခြင်း ဖြစ်သည်။

​ကျော်စွာသည် ပုစွန်​ကြော် သုံးချပ်ကို ယူ၍ ကွပ်ပျစ်နံ​ဘေး ​မြေ​ပြင်​ပေါ်သို့ ပစ်ချ​ပေးလိုက်၏။ ထိုအချိန်တွင် အ​စောပိုင်း​တုန်း​က မိန်းမကြီးအသံ ထွက်​ပေါ်ခဲ့​သော သ​ရက်ပင်ကြီး၏ သစ်ကိုင်းတစ်ကိုင်းမှာ တဂျစ်ဂျစ် မြည်သံ​များ​နှင့်အတူ မြေပြင်သို့ နိမ့်ဆင်းကျလာခဲ့ပြီးနောက် အထက်သို့ ဆတ်ခနဲ ပြန်​တက်​သွားခဲ့​​ချေသည်။ မယုံကြည်နိုင်ဖွယ်ရာ ဖြစ်​ပေါ်လာ​ခဲ့​သော ထိုအခြင်းအရာ​ကြောင့် ​ခေါင်းနားပန်းများ အလွန်တ​ရာ ကြီးတက်သွားခဲ့​သော ​ကျော်စွာတစ်​ယောက် မိမိ၏ မျက်​လုံး​များအား ၎င်းသရက်ပင်​ပေါ်သို့ လှမ်းမကြည့်မိ​အောင် မ​နည်း စိတ်တင်းထားလိုက်ရ၏။

​ဖင်ကပ်ကျန်​သော အရက်တစ်ခွက်ကို ​ရေပင် မ​ရော​တော့ဘဲ ​ကျော်စွာက တကျိုက်တည်း ပစ်​မော့ချလိုက်သည်။ ရဲ​ဆေး တင်ချလိုက်​သော အရက်အစွမ်း​ကြောင့် သူ၏ လည်​ချောင်း​တ​​လျှောက်​အပါအဝင် ခန္ဓာတစ်ကိုယ်လုံး ပူ​​နွေးဆင်းသွားခဲ့၏။ ထို့​နောက် မျက်လုံးအစုံ မှိတ်၍ သူသည် စိတ်ထဲမှ ‘ငါမူးပြီး မြင်ချင်ရာ​တွေ မြင်၊ ကြားချင်တာ​တွေ ကြား​နေရတာ​နေမှာ’ ဟု မိမိကိုယ်ကိုယ် ​ဖြေ​သိမ့်​လျက် ရှိ​စဥ်…

“ကျွန်မကို ​နေရာထိုင်ခင်း​လေး တစ်ခု​လောက် ​ပေးပါရှင့်။ အစ်ကိုတို့ ခြံကြီးနားက မန်ကျည်းပင်နားမှာ ကျွန်မက ဆိုင်​ကယ်အတိုက်ခံရပြီး ​သေခဲ့ရသူပါ။ ခြံထဲကို အစ်ကို အ​ကြော်​ထုပ် ယူပြီး ပြန်ဝင်လာချိန်မှာ ကျွန်မ ကပ်လိုက်လာခဲ့တာ​ပါ။ အခု ခြံထဲက ဟာ​တွေ သိသွားပြီး ​လိုက်မောင်းထုတ်​နေကြလို့ပါ။ မြန်မြန် အကူအညီ​ပေးပါ…” ဟူသည့် အမျိုးသ​မီး စကား​ပြောသံတစ်ခုမှာ မိမိထိုင်ရာ ကွပ်ပျစ်​ရှေ့က ရုတ်တ​ရက် ထွက်​ပေါ်လာ​သော​ကြောင့် ​ကျော်စွာက သူ့မျက်လုံး​​များ​ကို ဆတ်ခနဲ ပြန်ဖွင့်ကြည့်မိသည်။

ထိုအခါ ဝိညာဥ်​ယောင်​ယောင် အ​နေအထား၊ မပီပြင်,ဝိုးတဝါး အရိပ်တစ်ခုမှာ သူ၏ရှေ့နား လာရပ်​နေ​ကြောင်း ​ကျော်စွာ ​တွေ့ရှိလိုက်ရ​၏။ တစ်သက်နှင့်တစ်ကိုယ် ကြုံကြိုက်ဖူးခြင်း အလျဥ်းမရှိ​သော ​သွေးပျက်ဖွယ်ရာ ကိစ္စရပ်များ​ကြောင့် ​ကျော်စွာတစ်​ယောက် ရူးသွပ်ချင်စိတ်များပင် ​ပေါက်လာမိသည်။ ယခုအချိန်တွင် ခြံ​၏ အ​စောင့်​ခွေး ဆယ့်သုံး​ကောင်စလုံးမှာလည်း ဘယ်​ရောက်လို့ ဘယ်​ပေါက်ကုန်မှန်း မသိ၊ ​ပျောက်ချက်သား ​ကောင်း​နေကြ​၏။

​ကျော်စွာသည် သူ၏ သိမ်ငယ် စိုးရွံ့စိတ်များကို ဦး​ခေါင်းအတွင်းမှ အလျင်အမြန် ​မောင်းထုတ်ပစ်လိုက်သည်။ ဤခြံကြီး၏ အရှင်သခင် ဖြစ်​သော သူ့ဖခင်သား အရင်း​ခေါက်​ခေါက် သူဆိုသည်မှာလည်း သည်ခြံကြီး၏ ပိုင်ရှင်ပင် မဟုတ်သ​လော။ ထို့​ကြောင့် သူက…

“ဒီခြံဟာ ငါ့ခြံပဲ။ ငါ့အပြင် ဘယ်သူ့ကိုမှ မ​နှောင့်ယှက် မ​ခြောက်လှန့်ပါဘူးလို့ ကတိ​ပေးမှ ​နေရာထိုင်ခင်း ငါ​ပေးနိုင်မယ်” ဟု စိတ်အရဲတင်း​ကာ ​လေသံမာမာ ​ပြောချလိုက်သည်။

“ကျွန်မ ကတိ​ပေးပါတယ်ရှင်။ ​နေစရာ​နေရာ မြန်မြန်​ပေးပါ​တော့။ အ​နောက်က ဟာကြီး​တွေက ခြံထဲ ဝင်လာရ​ကောင်းလား​ဆို​ပြီး ကျွန်မကို လိုက်လိုက်ရိုက်​နေကြလို့ပါ…”

ထိုအရိပ်မှိုင်းမှိုင်း ​ပြောဆိုသည့်အတိုင်းပင် ​ကျော်စွာက မလှမ်းမကမ်း​နေရာသို့ လှမ်းကြည့်လိုက်လျှင် လူဝံနှင့် တူ​သော မည်းမည်းကြီး နှစ်​ကောင်ကို အ​မှောင်ထုနှင့် ​ရော​နှောစွာ ​တွေ့မြင်လိုက်ရ၏။ ​နေ​ရောင် အကြွင်းအကျန်များ ​ကောင်းကင်ပြင်တွင် စိုးစဥ်းမျှ မရှိ​တော့သည့်အတွက် ခြံကြီးမှာလည်း ပတ်ဝန်းကျင်နှင့်အပြိုင် ​မှောင်ပိန်း​ကျနေပြီ ဖြစ်​သော်လည်း တဲအတွင်း ဖွင့်ထား​သော လျှပ်စစ်မီးလုံး၏ ဝါကြန့်ကြန့်အလင်း​ရောင် ​ထောက်ပံ့မှု​ကြောင့်သာ မယုံကြည်နိုင်ဖွယ်ရာ ထိုအရာများအား ​ကျော်စွာ ​တွေ့မြင်​နေရခြင်း ဖြစ်သည်။

“ဟိုနား​လေးက အပင်မှာ သွား​နေ”

အ​နောက်က မည်းမည်းအ​ကောင်ကြီးများ​ကြောင့် ကမူးရှူး​ထိုး ဖြစ်​နေ​သော အမျိုးသမီးသဏ္ဍာန် အရိပ်၏ အသည်းအ​သန် ခွင့်ပန်မှု​ကြောင့် ​ကျော်စွာလည်း ခြံအတွင်းရှိ အပင်များအား ဟိုဟိုသည်သည် ပြူးပြဲ ​လျှောက်ကြည့်ပြီး​နောက် ​တွေ့ကရာ ပိန္နဲပင်တစ်ပင်အား လက်ညှိုးထိုးညွှန် ပြသကာ ​နေရာပေးလိုက်​လေ၏။ ဤတွင် အမျိုးသမီးအရိပ်မှာ လျင်မြန်လွန်း​သော အရှိန်ဖြင့် ပိန္နဲပင်အထက် လှစ်ခနဲ ​ပြေး​တက်သွားလျှင် အမည်းတန်းတစ်တန်းသာ ​ကျော်စွာ ​တွေ့​မြင်​လိုက်ရသည်။

ထိုအချိန်တွင် ​နောက်ထပ် က​လေးအရိပ်တစ်ခုမှာ ​ကျော်စွာ ထိုင်​​နေရာ ကွပ်ပျစ်​ကပ်လျက်သို့ ခြံတွင်းတစ်​နေရာမှ အမြန် ​ပြေးထွက်လာပြီး…

“သမီးကိုလည်း ​နေရာတစ်ခု​လောက် ​ပေးပါရှင့်။ ​နေစရာ မရှိ​လို့ပါ…” ဟု ငိုသံပါပါ ​ပြောဆိုလာခြင်း​ကြောင့် ​ကျော်စွာ​လည်း ကရုဏာသက်သွားခဲ့သဖြင့် အပင်တစ်ပင် ထပ်မံ ​ရွေး​ချယ်​ပေးလိုက်ပြန်လျှင် အဆိုပါက​လေးအရိပ်မှာ ပထမ​အမျိုး​သ​မီး​အရိပ်ကဲ့သို့ပင် လျင်မြန်​သော အဟုန်ဖြင့် သူ့အ​တွက် ​နေ​ရာထိုင်ခင်းဆီ ​ပြေးတက်သွားခဲ့ပြန်၏။

အပြင်မှ လာသည့် မကျွတ်မလွတ်သူများအား ယင်းသို့ ​နေရာ​ထိုင်ခင်း ချ​ပေးပြီး​နောက်တွင် ခပ်လှမ်းလှမ်း၌ ရှိ​နေကြ​သော မည်းမည်းကြီးနှစ်​ကောင်မှာလည်း တဖြည်းဖြည်းချင်း ​ပျောက်ကွယ်သွား​လေသည်။ ထိုအခိုက်…

“ငါ့​ကော ​နေစရာ ​ပေးဦးမလားဟေ…” ဟူ​သော အသံကြီးတစ်သံ​မှာ တဲအတွင်းပိုင်းဆီမှ ထွက်​ပေါ်လာခဲ့၏။

၎င်းအသံကြီးသည် ပုစွန်​ကြော်များ ​တောင်းစားခဲ့​သော ကွပ်​ပျစ်နံ​ဘေး သရက်ပင်အထက်က အကောင်အထည် မမြင်ခဲ့ရသော မိန်းမကြီး၏ အသံပင် ဖြစ်သည်။ ထို့ကြောင့် ​ကျော်စွာတစ်​ယောက်လည်း မျက်မှောင်ကြုတ်လျက် အကာအရံမဲ့သော ရှေ့မျက်နှာစာမှတဆင့် တဲအတွင်းပိုင်းသို့ ချက်​ချင်း လှည့်ကြည့်လိုက်လျှင် ဘုရားစင်ကပ်လျက်ရှိ ထုပ်​တန်း​ပေါ်က ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု​အား ထင်း​ထင်း,ရှင်းရှင်းကြီး ​တွေ့လိုက်ရ​ချေ​တော့၏။ အ​ကြောင်း​ကား ခန္ဓာ​တစ်ကိုယ်လုံးတွင် အ​​မွေးအမှင် မည်းမည်း,ကြမ်းကြမ်းကြီး​များ အုပ်ခြုံ,ဖုံးလွှမ်းလျက် ရှိ​​သော ခပ်ဝဝ သရဲမကြီးတစ်​ကောင်မှာ ထို​နေရာမှ ပြူးကျယ်လွန်းလှသော ၎င်း၏ မျက်လုံးအစုံဖြင့် သူ့အား စူးစိုက် ကြည့်​နေခြင်း​ကြောင့်ပင်။

​ကျော်စွာအ​နေဖြင့် လိပ်ပြာလွင့်ထွက်မတတ် ​ကြောက်လန့်​သွားခဲ့မိ​သော်လည်း အရက်တန်ခိုးကြောင့်ဟု ထင်၊ အ​စောပိုင်းက တင်ကြို ကြုံ​တွေ့ခဲ့ရ​သော ထူးမခြားနား အံ့ဖွယ်ဖြစ်ရပ်များ​တွင် ပြင်ပမှ မကျွတ်မလွတ်သူ အချို့ကို နေရာထိုင်ခင်း ချပေးနိုင်စွမ်း ရှိခဲ့သည့်အတွက် မိမိကိုယ်ကိုယ် ဤခြံကြီးကို အစိုးရသူ ဖြစ်​ကြောင်း စက္ကန့်ပိုင်းအတွင်း ဆင်ခြင်လိုက်နိုင်​လျှင် သူ၏ ​သွေးများ ဆူပွက်လာခဲ့ပြီး ကွပ်ပျစ်နံ​ဘေးက အိမ်တိုင်တစ်တိုင်တွင် ဆွဲချိတ်၍ထား​သော လုံခြုံ​ရေး​လက်​နက် ဓါးရှည်နှစ်ချောင်းအား ​ပြေးဆွဲယူကာ…

“ဟဲ့… မိစ္ဆာမ၊ ဘုရားစင်နားက အခုချက်ချင်း ဆင်းလိုက်စမ်း” ဟု ဟစ်​အော်​ ငေါက်ငမ်းလျက် လက်ထဲမှ ဓါးတစ်​ချောင်းဖြင့် ချိ​န်​ရွယ် ပစ်​ပေါက်လိုက်၏။

ထိုအခါ ဝဝတုတ်တုတ် သရဲမကြီးက ၎င်း၏ ခန္ဓာကိုယ်နှင့် မလိုက်ဖက်အောင် ဖြတ်ခနဲ တိမ်း​ရှောင်ကာ တဲခေါင်လျောက်ဆီသို့ အိမ်မြှောင်ပမာ တွယ်ကပ်လိုက်ပြီးနောက် ​တဝူးဝူး,တဝါးဝါး ဟစ်အော်ကာ ဒေါပြင်းတကြီး သောင်းကျန်း​တော့လေရာ ခြံစောင့်တဲတစ်ခုလုံးမှာ အဆက်မပြတ် တုန်ခါ,လှုပ်ခတ်သွား​လေသည်။ သရဲမကြီး၏ ပါးစပ်မှလည်း…

“ဒီခြံကြီးမှာ ငါ​နေလာတာ ကြာလှပြီဟဲ့၊ ဘယ်ဟာကမှ ငါ့ဆို ကလန်ကဆန် မလုပ်ရဲခဲ့ဘူး။ ဒီခြံကြီးကို လူ့​လောကမှာ နင်တို့ ပိုင်စိုးကြသလို ပရ​လောကမှာလည်း ငါ​စောင့်​ရှောက်​ရတာပဲ။ အခု ငါ့​လောကက ကိစ္စ​တွေကို နင်နဲ့ မဆိုင်ဘဲ နင်ဝင်ရှုပ်တယ်။ အခုမှ ရောက်တဲ့ ဟာ​တွေက နင့်အားကိုးနဲ့ ငါ့ကို ပမာမခန့် လုပ်ကြတယ်။ မ​ကျေနပ်ဘူးဟေ့၊ လုံးဝမ​ကျေနပ်ဘူး…” ဟု အံတကြိတ်ကြိတ် ဆိုလျက် ​ကျော်စွာရှိရာ လှမ်းခုန်အုပ်​တော့၏။

​ကျော်စွာဆိုသည်မှာလည်း ဤအခါကျမှ ​ကြောက်လန့်တ​ကြား ဖြစ်ကာ လက်ထဲ ကျန်​သော ​နောက်ဓါးတစ်လက်အား မိမိ​၏ ဘေးဘီဝဲယာသို့ ပစ်စလက်ခတ် ​ဝှေ့ယမ်းလျက် ခြံအ​တွင်း​မှ အော်ကြီးကုလားပူ ထွက်​ပြေးရ​ချေ​သည်။

အ​နောက်သို့ ပြန်လှည့်မကြည့်ရဲလောက်အောင်ပင် ခြံအပြင်က ကား​လမ်းအတိုင်း အူယားဖားယား ထွက်​ပြေးခဲ့လေရာ အ​တော်အ​တန် ခပ်လှမ်းလှမ်းသို့ ​ရောက်လတ်​သောအခါ ထိုအနီးတဝိုက်တွင် နေထိုင်သော အသိမိတ်​ဆွေတစ်​ယောက်နှင့် ကံအား​လျော်စွာ ​တွေ့ဆုံရလေသည်။ သို့နှင့် ထိုလူ့ အကူအညီဖြင့် ဆိုင်ကယ်တစ်စီး လိုက်လံ ငှားယူကာ မြို့အတွင်းပိုင်းရှိ မိမိ၏ ​နေအိမ်ဆီ ​ကျော်စွာ​ ခရီးအ​သော့နှင်ခဲ့​တော့၏။

အိမ်သို့ ပြန်လည်ရောက်ရှိ​သောအခါ မိသားစုအား ဖြစ်​ကြောင်းကုန်​စင် ​ပြောပြလိုက်သဖြင့် ​ကျော်စွာ၏ ဖခင်ဖြစ်သူ ဦးသိန်း​လှိုင်​​မှာ မိမိခြံကိစ္စအတွက် ရတက်မ​အေးလျက် ရှိရကား ဘု​ရားစင်မှ စိပ်ပုတီးတစ်ကုံး၊ ပရိတ်ရေတစ်ပုလင်းတို့ကို ယူဆောင်လိုက်ပြီးနောက် သားဖြစ်သူနှင့် အလုပ်သမားတစ်ဦးတို့ကို ဦးဆောင်ကာ ခြံကြီးရှိရာဆီ ညတွင်းချင်းပင် ထွက်ခွာလာခဲ့တော့သည်။

မြို့အပြင်ရှိ မိမိတို့ သရက်ခြံကြီးသို့ ​ဆိုက်ရောက်ကြ​သောအခါ ညအကာလမှာ ​နောက်ကျလှပြီ ဖြစ်သဖြင့် ​ပတ်ဝန်းကျင်​တခွင်သည် ဆိတ်ငြိမ်လျက်သား ရှိနေသည်။ တဲအ​တွင်း​ရှိ တစ်ခုတည်း​သော လျှပ်စစ်မီးလုံး​မှာလည်း အဘယ်ကြောင့်မှန်း မသိ၊ ထွန်းလင်းနိုင်စွမ်း အလျဉ်းမရှိတော့လျှင် ဦးသိန်းလှိုင်တို့ သုံးဦးသား ကိုင်ဆောင်ထားကြသော လက်နှိပ်ဓါတ်မီး အလင်းရောင်များမှအပ ခြံကြီးတစ်ခုလုံးသည် မှောင်အတိကျနေတော့၏။ ​ကျော်စွာ ကြုံ​တွေ့ခဲ့ရ​သော သရဲမ​ကြီးနှင့်တကွ အခြား​သော နာနာဘာဝဆိုသည်များကိုလည်း အလျဉ်း မ​တွေ့ရှိရ​ပေ။ ခြံစောင့်ခွေးများသည်လည်း ထူးဆန်းစွာပင် ကြက်ပျောက်,ငှက်ပျောက် ပျောက်နေကြပြန်၏။ ဦးသိန်းလှိုင်​သည် မိမိ၏ ခြံအ​နေအထားကို ​ခေတ္တလှည့်လည် အကဲခတ်လိုက်ပြီးနောက် တဲ​ရှေ့​နား​​​လောက်​တွင် ကျော်စွာတို့အား ထင်း​ခြောက်တုံးများ ရှာ​ဖွေ စုပုံ​စေကာ မီးဖို​ခိုင်း​လိုက်​သည်။

ဤသို့ဖြင့် မိနစ်ပိုင်းမျှ အကြာတွင် ထင်းမီးပုံတစ်ခု ဖြစ်​ပေါ်လာကာ တဲ‌ရှေ့ အနီးတဝိုက်တွင် လင်းထိန်လာခဲ့၏။ ထို့နောက် ဦးသိန်းလှိုင်သည် စိပ်ပုတီးကို လည်​မှာ ဆွဲလျက် ဂါထာမန္တရားများအား နှုတ်တိုက် သရဇ္စျာယ်ရင်းဖြင့် အတန်ကြာသောအခါ သရဲမကြီး ​ပုစွန်​ကြော်များ တောင်းစားခဲ့​သည်ဟူ​သော တဲကပ်လျက်က သရက်ပင်ကြီး​ဆီ ဦးတည် ​လျှောက်လှမ်းသွား​​ပြီး​လျှင် ထိုနေရာတွင် ရပ်တန့်လိုက်လေသည်။ ပြီးလျှင် အပင်ကြီးအား ခြေဆုံး,ခေါင်းဆုံး အကဲခတ်‌နေရင်း အပင်ထိပ်ဖျားသို့ အကြည့်အရောက်တွင် ဦးသိန်းလှိုင်သည် ထိတ်လန့်ဖွယ်ရာ တစုံတရာအား တွေ့မြင်လိုက်ရဟန်ဖြင့် မျက်လုံး,မျက်ဆံများ ပြူးကျယ်သွား၏။ သို့နှင့် တဆက်တည်းတွင် အသင့်ပါသော ပရိတ်​ရေပုလင်းထဲမှ ရေစက်မှုန်များဖြင့် သရက်ပင်ကြီးအား ​လှမ်းတောက်လိုက်လေသည်။

ထိုအခိုက်တွင်ပင် ယင်းသရက်ပင်ထက်က မည်းမည်းကြုတ်ကြုတ်အဆင်း ရှိသည့် အရာ​ကြီး​တစ်ခုမှာ ​တော်တန်ရုံ စိတ်မခိုင်ပါလျှင် သည်း​ခြေပျက်​သွား​စေနိုင်လောက်​သော အသံသြသြကြီး​များ ​ပြုလုပ်ကာ ခြံအတွင်းမှ အပင်ကြီး,ငယ် အသွယ်သွယ်သို့ ​မျောက်တစ်​ကောင်ပမာ လိုက်လံ ပစ်ခုန်ကူးလေတော့၏။ သို့နှင့် ၎င်းအရာကြီး တဖြစ်လဲ သရဲမကြီးဆိုသည်မှာ ​ဖော်ပြပါအတိုင်း တဲအနီးပတ်လည်တဝိုက် လှည့်ပတ် ခုန်ပျံ​နေရာက အခါတပါးတွင် အမြင့်ဆုံး​သော သရက်ပင်ကြီးတစ်ပင်ပေါ်၌ အရှိန်တန့်လိုက်ပြီး​နောက် ထင်းမီးပုံ၏ တည့်တည့်ဆီ ခုန်အုပ်ချလိုက်ချေသည်။

ဤအခါ ထင်းမီးပုံမှာ ရုတ်ချည်း ငြိမ်း​သေကာ ​မှောင်အတိကျသွားခဲ့​သော​ကြောင့် ဦးသိန်းလှိုင်တို့ သုံးဦးသားသည် ထိုသို့ စက္ခုအာရုံ ချို့ယွင်းသွားသည့် အခြေအနမျိုးတွင် ဘာလုပ်၍ ဘာကိုင်ရမည် အတပ်မသိ၊ အလွန်အမင်း ထိတ်လန့်သွားကြ​ရ၏။

ထိုစဥ် သရဲမကြီး၏ တခိုးခို,တခစ်ခစ်နှင့် လှိုက်ရယ်သံကြီးအပါအဝင် လူတစ်ယောက်၏ ငယ်သံပါအောင် အော်ဟစ် ညည်းတွားသံ၊ အပြန်အလှန် လုံး​ထွေး သတ်ပုတ်သံများက ဟိုဟိုသည်သည် ထွက်​ပေါ်လာ​သဖြင့် ​ဦးသိန်းလှိုင်တို့ သားအဖလည်း လက်နှိပ်ဓါတ်မီးများဖြင့် လိုက်လံ ထိုးကြည့်မိကြလျှင် ​မြေပြင်​ပေါ်တွင် တစ်ကိုယ်တည်း လူးလွန့်လျက် ရှိနေသော အလုပ်သမားကို တွေ့မြင်ကြရလေသည်။ ဤတွင် အ​ခြေအ​နေ ​ပြေးကြည့်ကြလျှင် အလုပ်သမားမှာ ခန္ဓာတစ်ကိုယ်လုံး ဖြူ​‌ရော် ​အေးစက်​နေသည့်အပြင် မျက်ဖြူများပင် စိုက်လျက်ရှိ၏။

ယင်းကြင်အင် လက္ခဏာများကို ​ထောက်ချင့်ရခြင်းအားဖြင့် အ​လုပ်သမားခမျာ သရဲမကြီး၏ ဝင်​ရောက် ပူးကပ်ခြင်း​ကို ခံလိုက်ရရှာပြီ ဖြစ်​ကြောင်း ဦးသိန်းလှိုင်က ရိပ်စားမိလိုက်လျှင် ယင်းအလုပ်သ​မား​အား ကျော်စွာနှင့်အတူ အမြန်ပွေ့ချီကာ ခြံစောင့်တဲပေါ် ​ရွှေ့​ပြောင်းကြလေသည်။ ထို့​နောက် တဲ​အတွင်းက ဘုရားစင်​​ရှေ့ ​ရောက်​သော် အ​ကြောဆွဲသ​ယောင် ဖြစ်လာသော အလုပ်သ​မားကို ဦးသိန်းလှိုင်သည် သူ့ပုတီးကုံး ​ပြောင်း​စွပ်​ပေးလိုက်ပြီး ပရိတ်ရေစက်များဖြင့် တောက်လျက် အောက်ပါအတိုင်း အ​မေးအမြန်း လုပ်​​ချေ​တော့၏။

“ကိုင်း… ​ဟေ့၊ ဒီမယ် မှန်မှန်​ပြောစမ်း။ နင်က ဘယ်သူလဲ၊ ဘာအတွက်​ကြောင့်များ ငါ့ခြံထဲမှာ ရှိ​နေရတာလဲ”

“အမယ်​လေး… ပူတယ်ဟဲ့၊ ပူတယ်။ ငါ့ကို ရွာပြန်သွားတဲ့ နင်တို့ရဲ့ ခြံ​စောင့် သိတယ်။ ဒီခြံထဲမှာ ငါက အကြီးဆုံးပဲ။ ဒီမှာ ငါ​နေလာတာ နှစ်​ပေါင်းများစွာ ကြာပြီ။ အရင် ခြံပိုင်ရှင်ဟောင်းတွေက ဒီခြံကို စောင့်ရှောက်ဖို့အတွက် ငါ့ကို မွေးခဲ့ကြတာပဲ…”

“အဲဒါဆိုရင် ​ဘယ့်နှယ် ​ကောင်း​ကောင်းမ​နေဘဲ အခုလိုတွေ ​ခြောက်လှန့် ​နှောင့်ယှက်​နေရသလဲ၊ ​ပြောစမ်း”

“နင့်သားက ငါ့ကိစ္စ​တွေ ဝင်ရှုပ်လို့ဟေ့။ အခု နင့်သား​ကြောင့် တစ်ခြံစလုံးက ငါ့ကို မခန့်လေးစား ဝိုင်းလုပ်ကုန်ကြပြီ။ အရင်လို ငါ့အမိန့်လည်း ဒင်းတို့ မနာခံချင်ကြ​တော့ဘူး…”

“​အေး… ​အဲဒါ ကောင်းတယ်။ လက်ရှိအချိန်မှာ ခြံပိုင်ရှင်က ငါဖြစ်တဲ့အတွက် ငါက လွဲပြီး ဒီခြံကြီးမှာ ဘယ်သူ့ ဩဇာ,အာဏာကမှ သက်​ရောက်မှု မရှိ​စေရ။ နင်လဲ ဒီခြံကြီးထဲမှာ အခုက စပြီး ​နေထိုင်ခွင့် မရှိ​စေရ”

“အောင်မာ… ဒီခြံကြီးထဲ ငါလဲ မ​နေချင်​တော့ပါဘူး။ ဒါ​ပေမယ့် ကြီးစိုးခဲ့သူအ​နေနဲ့ အပြီးအပိုင် ငါထွက်သွားဖို့ဆိုရင် လူစားလဲဖို့ လိုတယ်ဟဲ့။ အဟီး ဟီး ဟီး…”

“ဒီစကား ဆိုလိုရင်းက ဘာလဲ။ ဘာကို လူစားလဲဖို့ လိုတာလဲ”

အ​မေး,အ​ဖြေကဏ္ဍသည် ဤတွင် ပြီးဆုံးပြီ ဖြစ်၏။ ဦးသိန်းလှိုင် ​မေးမြန်းလိုက်​သော ​နောက်ဆုံး​​မေးခွန်းအား အလုပ်သမားကို ဝင်ပူးထားသော သရဲမကြီးက နှုတ်စကားဖြင့် မဟုတ်မူဘဲ ထိတ်လန့်ဖွယ်ရာ နည်းလမ်းတစ်ခုဖြင့် ​ပြန်လည် အ​ဖြေ​ပေးလိုက်​​​​လေ၏။

ထိုင်လျက် အ​နေအထားမှ အရုပ်ကြိုးပြတ်သည့်နှယ် ဆတ်ခနဲ ခွေခေါက် လဲကျသွား​သော အလုပ်သမား၏ အဖြစ်ကို မြင်တွေ့လိုက်ရပြီးနောက် ဦးသိန်လှိုင်တို့ သားအဖမှာ တစ်​ယောက်ကိုတစ်​ယောက် ပါးစပ်အဟောင်းသားဖြင့် ကြည့်ရှုမိလိုက်ကြသည်။ ထိုမှတဖန် သူတို့နှစ်ဦးသည် မလှုပ်မယှက် ငြိမ်သက်နေသော အလုပ်သမားဆီ မမှိတ်မသုန် ပြန်လည် စိုက်ကြည့်နေမိကြ၏။ မိမိတို့ ​တွေးထင်မိသည့်အ​တိုင်း မဟုတ်ပါ​စေနှင့်ဟုလည်း ကိုယ်စီတောင်းဆု​ ပြု​မိ​ကြသည်။ သို့​သော်လည်း သူတို့၏ ဆု​တောင်းများမှာ လုံး​ဝ မပြည့်ဝနိုင်ခဲ့ပါချေ။

အထက်ပါ ပြဿနာရပ်များ ဖြစ်ပျက်ခဲ့ပြီးနောက်တွင် ရင်ခွဲရုံ၏ ​ဆေးစစ်ချက်အရ ဦးသိန်းလှိုင်တို့၏ အလုပ်သမားသည် ထိုညက ‘Heart Attack’ ဖြစ်ကာ အသက်ပျောက်ခဲ့ရသည် ဟူ၏။

ထိုအချိန်မှ စ၍ သရဲမကြီး၏ ခြောက်လှန့် နှောင့်ယှက်မှု မရှိတော့သော်လည်း ကြားက အသက်ပေးဆပ်ခဲ့ရရှာသည့် အလုပ်သမားနှင့် ပတ်သက်၍ မိမိတို့၏ ပယောဂမကင်းဟု ဦးသိန်းလှိုင်တို့က ယူဆကြလျှင် လူစားလဲခံခဲ့ရပုံ ပေါ်သည့် ကွယ်လွန်သူအား သရက်ခြံကြီးအတွင်းမှ ကျွတ်လွတ်စေရန်နှင့် ကောင်းရာဘုံဘဝသို့ ရောက်ရှိစေရန်အလို့ငှာ အလှူအတန်းများအား နှစ်စဉ်မပြတ် ပြုလုပ်ပေးလေ့ ရှိကြသည်။ ထို့အပြင် အလုပ်သမား၏ ကျန်ရစ်သူ မိသားစုကိုလည်း သရက်ခြံကြီးအတွင်း နေရာထိုင်ခင်း ပေးကာ ဦးသိန်းလှိုင်တို့မှ ကြည့်ရှု စောင့်ရှောက်ထားလေသတည်း။

​ဇော်မင်း​အောင် (နက်ရှိုင်းထက်)
​ဖေ​ဖော်ဝါရီလ၊ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်