လူစားလဲသည့်အိမ်ကြီး(စ/ဆုံး)
———————————
လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ခန့်လောက်က စစ်ကိုင်းတိုင်းဒေသကြီး ကသာ မြို့နယ်အတွင်းက ရွာလေး တစ်ရွာတွင် ကိုမျိုးဝင်း နှင့် မခင်နှောင်းဟု ခေါ်သော ကြင်စဦး ဇနီးမောင်နှံ နှစ်ဦး ရှိခဲ့လေသည်။
မိဘတွေ သဘောတူလို့ ယူခဲ့ကြတာ မဟုတ်ဘဲ တစ်ယောက်ကို တစ်ယောက် ချစ်ခင်နှစ်သက်လွန်း၍ မိဘများ သဘောမတူသည့်ကြားမှ ဇွတ်အတင်း ရွှေလက်တွဲခဲ့ကြခြင်းဖြစ်သည်။ သာမန် လက်လုပ်လက်စား ကိုမျိုးဝင်း နှင့် ထိုခေတ်အခါက တောသူဌေးဟု ဆို၍ ရသော မိသားစုတို့မှ ပေါက်ဖွားလာသည့် မခင်နှောင်း တို့၏ အိမ်ထောင်ဦးကာလအစသည်ကား ခက်ခဲပါသည်ဆိုသော ဘဝတွေ ထက် ပိုကြမ်းတမ်းခဲ့လေသည်။ ခက်ခဲပင်ပန်းစွာ ရုန်းကန်နေသည့်ကြားမှ သမီးလေးတစ်ယောက်ရကာ အဆင်ပြေစအချိန်တွင်တော့ အတိတ်ဘဝက ဝဋ်ကြွေးတွေ မကုန်၍ ပေးဆပ်ရသည်ပဲလား၊ သို့တည်းမဟုတ် မိသားစုလိုက် မည်သို့သော ကံကြမ္မာဆိုးကို ဖက်တွယ်ခဲ့ကြလေမသိ။ တစ်မိသားစုလုံး ကံကြမ္မာဆိုး ဒုက္ခဆိုးနှင့် ကြုံရကာ လူ့ဘဝကြီးအား ရှေ့ဆင့်နောက်ဆင့် ခွဲခွာခဲ့ကြရလေသည်။
ဤသို့ဆိုလျှင် မည်သို့သော ကိစ္စများကြောင့် တစ်မိသားစုလုံး ကံဆိုးမိုးမှောင်ကျသလဲ ဟု စာဖတ်သူတို့ တွေးနေကြပါလိမ့်မည်။ ဟုတ်ပါသည်။စာရေးသူကိုယ်တိုင် လည်း ဤအကြောင်းအား စသိကာစ အချိန်တွင် အလွန်အမင်းသိချင်ခဲ့သောကြောင့် ကိုမျိုးဝင်း ၏ ဘကြီးဝမ်းကွဲတော်စပ်သူအဘိုးဦးဘဦး အား မျက်နှာပူစွာဖြင့် မေးမြန်းစုံစမ်းခဲ့ရလေသည်။
ထိုအခါ ဇရာကြောင့် မှိန်ဖျော့ဖျော့ရှိနေရသော ဘကြီး၏ မျက်လုံးအစုံသည် ရီဝေစိုစွတ်လာလျက် အရောင်တစ်လက်လက်တောက်လာကာ
ထိုအဖြစ်အပျက်ဆိုးကြီးအား သက်ပြင်းမောများ ချကာ တစ်ခါတစ်ရံ တိမ်ဝင်သွားသော အသံတို့အား ထိန်းလျက်တစ်နည်း၊ အလိုလို ကျလာသော မျက်ရည်ပေါက်ကြီးငယ်တို့ကို သုတ်လျက် တစ်ဖုံ
ဖြင့် ဝမ်းနည်းပူဆွေး ခက်ခဲပင်ပန်းစွာ အောက်ပါအတိုင်း ပြောပြလေရာ စာရေးသူ ကျနော်လည်း စာဖတ်ပရိတ်သတ်တို့ သိရှိစေရန်အလို့ငှာ ဇာတ်လမ်းသဖွယ် ရေးသားဖော်ပြလိုက်ရပေသည်။
ဤအဖြစ်အပျက် အား ပြောပြသော ဘကြီး၏ ဆန္ဒကြောင့် အမည်နှင့် နေ့ရပ်လိပ်စာများကို လွှဲရေးထားပါကြောင်း ဦးစွာပထမ တင်ပြအပ်ပါသည်ခင်ဗျာ။
########
“မိခင်နှောင်း”
“ရှင် အဖေ”
“နင် ဟိုဘက်ရွာက မျိုးဝင်း ဆိုတဲ့ကောင်နဲ့ ကြိုက်နေတယ်ဆို ဟုတ်လား ”
“ဟင် အဖေ့ကို ဘယ်သူပြောတာလဲ”
“ငါ့ကို ဘယ်သူပြောတာလဲ ပြန်မမေးစမ်းနဲ့ ၊ဟုတ်လား မဟုတ်လားပဲ ဖြေ”
“မဟုတ်ပါဘူး အဖေကလည်း သမီးက ကြိုက်ပါ့မလား၊ သူ့လို လူမျိုးကို”
“အေး ဒါဆိုလည်း ပြီးရော၊ ငါ့နားထဲကို သတင်းတွေ ရောက်လာလို့ မေးတာ ၊ နင် အနေအထိုင်ဆင်ခြင်၊ တစ်ခုခုကြားရင် အသေပဲ။ကြားလား မိခင်နှောင်း”
“ဟုတ် ဟုတ်ကဲ့ အဖေ”
“အေး သွားတော့။ဟေ့ လှနု မင်း သမီးကို မင်းကြည့်ထိန်း ကြားလား”
“ဟုတ်ကဲ့ပါ ကိုထွန်းတောက်ရယ် ၊ရှင့်ကို ကြည့်ရတာ ပင်ပန်းလိုက်တာ၊ သမီးလေးက လိမ္မာပြီးသားပါ၊သူနားလည်ပါတယ်”
“အေး မင်း အဲ့လို့ရှေ့ကနေ ကာဆီးကာဆီးလုပ်နေလို့ ဟိုက ကဲနေတာ မင်းလည်း သတိထားနေ”
စိတ်ဆိုး မာန်ဆိုးဖြင့် တစ်အိမ်လုံးကို ဆူပူကြိမ်းမောင်းကာ ထော်လာဂျီ တစ်စီးဖြင့် ထွက်သွားသော ဦးထွန်းတောက် ကျောပြင်ကို ကြည့်ကာ ဒေါ်လှနု တစ်ယောက် သက်ပြင်းမောရှည်တစ်ခုကို ချလိုက်လေသည်။
ဟုတ်တော့လည်း ဟုတ်သည်။ ဦးထွန်းတောက်နှင့် ဒေါ်ခင်နှောင်းတို့တွင် သမီးလေးတစ်ဦးတည်းသာ ရှိသောကြောင့် သမီးလေးငယ်ငယ်ထဲက လိုချင်တာမှန်သမျှ ဖြည့်ဆည်းခဲ့သည်။တစ်ဦးထဲသော သမီးလေးဖြစ်၍လည်း နှစ်ဖက်မိဘ ဆွေမျိုးအားလုံးက အလိုလိုက် အကြိုက်ဆောင်ကာ ဖူးဖူးမှုတ်ထားခဲ့လေသည်။
“သမီးရေ ခင်နှောင်း”
“ရှင် အမေ”
“လာပါဦးကွယ် ”
“ဟုတ်”
မိခင်ဖြစ်သူ လှမ်းခေါ်သောကြောင့် အိမ်ခန်းထဲဝင်ကာ အလှပြင်နေသော ခင်နှောင်းတစ်ယောက် လုံချည်လေး ပြင်ဝတ်ရင်း မိခင်ရှိရာ လျှောက်လာခဲ့သည်။
သမီးဖြစ်သူ ရောက်လာသည်နှင့် ဒေါ်လှနု တစ်ယောက် သမီးဖြစ်သူကို စေ့စေ့ကြည့်ကာ
“သမီး မျိုးဝင်း ဆိုတဲ့ ကောင်လေးနဲ့ ဖြစ်နေတယ် ဆိုတာ ဟုတ်လား ”
“ဟာ အမေကလည်း ခုနက အဖေလည်း ဒါပဲ မေးတယ်။ အခု အမေကပါ ထပ်မေးနေတယ်။စိတ်ညစ်လိုက်တာ ”
ဖြေရခက်သည့် မေးခွန်းမို့ထင်သည်။ခေါင်းက ဆံပင်တွေကို ဖွရင်း စိတ်ရှုပ်စွာ ပြန်ဖြေလာသော သမီးဖြစ်သူ ခင်နှောင်းကို ကြည့်ကာ ဒေါ်လှနု ပြုံးလျက်
“သမီး ရယ် ၊ အမေလည်း ငယ်ရာက ကြီးလာတာပါ။အမေနားလည်ပါတယ်။ ဒီအမေနဲ့ ဒီသမီး နှစ်ယောက်ထဲရှိတာ။ အမေ့ကို မပြောလို့ သမီး ဘယ်သူ့ကို ပြောမှာလဲ ။ အမေ့ကို အမှန်အတိုင်းသာ ပြောနော် သမီး”
ချိုသာစွာပြောလာသော မိခင်စကားကို ခင်နှောင်း မလွန်ဆန်ရက်ပါ။ ထို့ကြောင့်
“ဟုတ် ဟုတ်ပါတယ် အမေ ။ သမီးတို့ချင်း မေတ္တာမျှနေကြပါတယ်။ ပြီးတော့လေ အမေ
ကိုမျိုးက ရိုးသားပါတယ် ။ သမီးတို့ကို သဘောတူပေးပါနော် အမေ”
ညိုးငယ်စွာ ပြောလာသော အသက်20 အရွယ် သမီးဖြစ်သူအား ကြည့်ရင်း ဒေါ်လှနု တစ်ယောက် သက်ပြင်းတစ်ချက် ရှိုက်ကာ
“သမီးတို့လို အရွယ်ဆိုတာက အချစ်ကို ခံစားတတ်ကြတာ အမေနားလည်ပါတယ်ကွယ်။ဒါပေမဲ့လည်း သမီးရယ် သမီးအဖေရဲ့ ဒေါသကိုလည်း သိရဲ့သားနဲ့ ၊ သမီးအဖေကို အမေ မနိုင်ပါဘူး သမီးရယ် ”
ဒေါလှနု၏ အပြောကြောင့် ခင်နှောင်းတစ်ယောက် မျက်ရည်ဝဲလာကာ အိမ်ထဲသို့ ဝင်ခဲ့လေတော့သည်။
မျက်ရည်လေး တစ်ဝဲဝဲနှင့် ထွက်ခွာသွားသော သမီးဖြစ်သူအား ကြည့်ကာ ဒေါ်လှနုကိုယ်တိုင် စိတ်မကောင်းဖြစ်မိလေသည်။သို့သော်လည်း သူဘာမျှ မတတ်နိုင်ပါ။ တစ်ဦးတည်းသော သမီးလေးမို့ ဖခင်တစ်ယောက်၏ စေတနာဒေါသတွေကိုလည်း သူမ အပြစ်မမြင်လိုပါ။ ဖအေနှင့်သမီးကြား မည်သို့ မည်ပုံ အဆင်ပြေအောင် လုပ်ရမလဲ ဟု တွေးကာ ဒေါ်လှနု တစ်ယောက် စိတ်ရှုပ်နေလေတော့သည်။
#####
“နှောင်း”
“ပြောလေ ကိုမျိုး ”
“နှောင်း အိမ်က ကိုမျိုး နဲ့ သဘောမတူဘူးဆို ”
“ဟုတ်တယ် ကိုမျိုးရယ် ၊ နှောင်း ဘယ်လို လုပ်ရမလဲ မသိဘူး၊ နှောင်းလေ ကိုမျိုးနဲ့လည်း မခွဲနိုင်ဘူး အဖေ့ကိုလည်း ကြောက်တယ်”
စိုးရိမ်ပူပန်စွာ မျက်မှောင်လေး ကျုံ့ပြီး ပြောလာသော ချစ်ရသူလေး နှောင်း၏ လက်ဖောင်းဖောင်းလေးကို မျိုဝင်း ဆွဲယူ လိုက်ကာ
“နှောင်းလေး ဘာမှ မကြောက်နဲ့နော် ကိုမျိုး တစ်ယောက်လုံး ရှိတယ် ၊ ဘယ်တော့မှ မခွဲသွားဘူး၊သဘောမတူလည်း ခိုးပြေးမှာပေါ့ နှောင်းကို ကိုမျိုး ရှာကျွေးနိုင်ပါတယ် ”
ယုယကြင်နာစွာ ပြောလာသော မျိုးဝင်းစကားကြောင့် ခင်နှောင်း အပူနည်းနည်းသက်သာ သွားသလိုရှိသွားရသည်။ထို့နောက် မျိုးဝင်းအား ချစ်ခင် အားကိုးသော မျက်ဝန်းတို့ဖြင့် ကြည့်ကာ
“ကိုမျိုး တကယ်ပြောတာနော် ဘယ်တော့ မှ ထားမသွားရဘူး ကတိပေးရမယ် ”
ကလေးတစ်ယောက်လို ပြောလာသော ချစ်ရသူခင်နှောင်း အပြောကြောင့် မျိုးဝင်း တစ်ယောက် သဘောကျစွာ ရယ်ရင်း
“ဟား ဟား ကတိပါဗျာ ကတိ ကတိ”
ထိုကဲ့သို့ ချစ်သူတို့၏ သဘာဝအတိုင်း ရွာထိပ်တွင်ရှိသော ညောင်ပင်ကြီး အောက်တွင် တီတီတာတာ ပြောနေကြသည်ကို တွေ့သွားသည့် လူတစ်ယောက်ရှိလေသည်။ထိုလူကား အခြား မဟုတ်။ ခင်နှောင်း၏အဖေ ဦးထွန်းတောက် ၏ တပည့်တစ်ယောက်ပင် ဖြစ်သည်။ သို့သော် သူတို့အား တွေ့သွားသည့် လူတစ်ယောက်ရှိသည်ကိုတော့ မျိုးဝင်းရော ခင်နှောင်းပါ သိရှိခဲ့ခြင်း မရှိပေ။
######
“တောက် လာစမ်း ခွေးမ ဒါ ဘယ်က ပြန်လာတာလဲ”
“ဟို ဟို ဟို ရွာအလည်ပိုင်းက ပြန်လာတာပါ အဖေ”
သီချင်းလေး ညည်းကာ အိမ်ထဲသို့ ဝင်လာသော ခင်နှောင်းမှာ ဖခင်ဖြစ်သူ၏ အော်ပြောသံကြောင့် လန့်သွားကာ အထစ်ထစ် အငေါ့ငေါ့ ဖြေမိလေသည်။
“ဘာ ရွာအလည်ပိုင်းလဲ ငါ အားလုံး သိပြီးပြီ။ဟိုကောင်နဲ့ တွေ့လာတာမလား။ အမိုက်မ မိဘ မျက်နှာကို အိုးမည်းသုတ်ချင်နေတဲ့ဟာမ။ လှနု လှနု ဟေ့ လှနု လာစမ်း ဒီကို ။
စိတ်ဆိုးဒေါသထွက်ကာ တစ်ရှုးရှုး တစ်ရှဲရှဲ ဖြင့် ဆူပူကြိမ်းမောင်း နေသော ဦးထွန်းတောက် ဆီသို့ ဒေါ်လှနု တစ်ယောက် ခပ်သုတ်သုတ် လျှောက်လာရင်း တစ်ရှုံ့ရှုံ့ ငိုနေသော သမီးဖြစ်သူ ၏ လက်ကလေးကို ကိုင်ထားလိုက်သည်။
ထိုအခါ ဒေါ်လှနု၏ အပြုအမူကို ကြည့်ကာ ပိုမို ဒေါသထွက်သွားရသော ဦးထွန်းတောက် မှာ
“မင်း အလိုလိုက်လို့ ဖြစ်တာ ။လှနု မင့် သမီးကို အဲ့ကောင်နဲ့ ငါ လုံးဝ သဘောမတူဘူးနော် မင်းကြည့်ထိန်း မင်းကြည့်ထိန်းကွ တောက်”
“ဟုတ်ပါပြီ ကိုထွန်းတောက်ရယ် စိတ်ကို လျှော့ လိုက်ပါ သမီးလေးလည်း အရွယ်ရောက်နေပြီပဲ”
“အဲ့ဒီ အရွယ်ရောက်လို့ ပြောတာပေါ့ကွ ။ သူ့ကို ရွာထဲ ပေးမသွားစေနဲ့ ။ တစ်ခုခုဆိုရင် ငါ့ကို ချက်ချင်းပြော ကြားလား ။ ခင်နှောင်း သွားစမ်း ခု အိမ်ထဲဝင် ”
ဖခင်၏ ခပ်ကြမ်းကြမ်း စကားတွေကြောင့် ခင်နှောင်း ပိုမို ဝမ်းနည်းကာ ငိုလျက်ပင် မိမိအခန်းဆီသို့ ဝင်သွားတော့သည်။ဒေါ်လှနု တစ်ယောက်ကတော့ ထို အဖြစ်အပျက်ကို ကြည့်လျက် စိတ်မကောင်းဖြစ်ရုံကလွဲ သူလည်း ဘာမျှ မတတ်နိုင်။
ဤသိုနှင့် ဖခင် လုံးဝ သဘောမတူသည့်ကြားမှ ခင်နှောင်း တစ်ယောက် မျိုးဝင်း ခေါ်ရာ နောက်သို့ လိုက်ခဲ့တော့သည်။ မျိုးဝင်းသည်လည်း ခင်နှောင်းအပေါ် အလွန်ဂရုစိုက်ပြီး သူ့မျက်နှာ တစ်ရွာထင်ကာ အားကိုးတကြီးလိုက်လာခဲ့သည့် ခင်နှောင်းကို မျက်နှာမငယ်အောင် ထားလေသည်။ခင်နှောင်း၏ ဖခင်သည်လည်း အလွန်ဒေါသ ထွက်ကာ ခင်နှောင်းအား သမီးအဖြစ်မှ စွန့်လွှတ်သည်ဟု ရပ်ရွာအား ကြေညာလေသည်။
#######
အချိန် နှင့် ဒီရေသည် လူကို မစောင့် ဟု ဆိုရိုးစကား ရှိရာ မျိုးဝင်း နှင့် ခင်နှောင်းတို့၏ အိမ်ထောင်သက်တမ်းမှာလည်း တစ်နှစ်ကျော်လာခဲ့လေပြီ။ ခင်နှောင်းမှာလည်း မျိုးဝင်းနှင့် ရသည့် ပထမဆုံး ရင်သွေးကို လွယ်ထားရသည်မှာ လေးလ ထဲသို့ပင် ရောက်လေပြီ။ မျိုးဝင်းသည်လည်း ဘကြီးဝမ်းကွဲတော်စပ်သူ၏ ကောင်းမှုဖြင့် သုံးဧက ခွဲခန့် ရှိမည့် လယ်ကွက်အား စုဖက် သဘော လုပ်ကိုင်နေရသောကြောင့် စီးပွားရေးလေး အတန်အသင့် ချောင်လည် လာသည်။
“နှောင်း မိန်းမရေ ”
“ရှင် ကိုမျိုး ”
“လာပါဦးကွာ ဒီမှာ ကိုမျိုး ဘာပါလာလဲလို့ ”
သူတို့နေထိုင်ရာ ခြံဝန်းလေးထဲသို့ အထုတ်ကလေး တစ်ထုပ်မြှောက်ပြကာ ဝင်လာသော ကိုမျိုးကို ခင်နှောင်းတစ်ယောက် ပြန်ထူးရင်း ကြည့်လိုက်ရာ
“ဟင် နွားနို့တွေပါလား ကိုမျိုးရဲ့”
“ဟုတ်တယ် မိန်းမရဲ့ ခုက မိန်းမဆီမှာ ကလေးလေး ရှိနေပြီမို့ အားရှိဖို့ လိုတယ်လေ အဲ့ဒါကြောင့်မို့ ရွာနောက်ပိုင်းက အရီးငွေကြည် တို့အိမ်က ဝယ်လာတာ ခြံထွက်စစ်စစ် နော် မိန်းမ ”
“အော် ကိုမျိုးကလည်း ခင်နှောင်း အဲ့ဒါတွေ မလိုပါဘူး ပိုက်ဆံသာ စုထားရအောင် နော် မွေးလို့ ဖွားလို့ရင် ငွေက လိုမှာ”
ပူပန်စွာ ပြောလာသော ချစ်ဇနီး စကားကြောင့် မျိုးဝင်း ပြုံးလိုက်ကာ
“မပူပါနဲ့ မိန်းမရယ် ယောကျ်ား အလုပ်ကြိုးစားပါ့မယ်ကွ ဒီမယ် ကြည့် နည်းတဲ့ ကြွက်သားတွေ မဟုတ်ဘူး ဟားဟား”
ရွှတ်နောက်နောက် ဖြင့်ပြောကာ သူ၏ လက်မောင်းကိုပါ ကွေး ပြနေသော မျိုးဝင်း အပြောကြောင့် ခင်နှောင်းပါ သဘောကျစွာ ရယ်မိလေသည်။
“အော် နှောင်း ။ ပြောမယ် ပြောမယ် နဲ့ မပြောဖြစ်တာ ရွာလယ်ပိုင်းက ဦးအုန်းကြိုင်ကိုသိတယ် မလား”
“အင်းလေ ကိုမျိုး သိတယ် ဘာလို့လဲ”
“သူက ပြောတယ် သူ့ဆီမှာ နွားမ သုံးကောင် ပိုနေတယ် တဲ့။ အဲ့ဒါ မွေးဖက် ယူပါလား တဲ့ ကွ။ အဲ့ဒီသုံးကောင်း မွေးဘက်ယူ ထားရင် တစ်နှစ်ကို နွားပေါက်တစ်ကောင်တော့ ရမှာ သေချာတယ်”
“ဖြစ်ပါ့မလား ကိုမျိုးရယ် နှောင်းကလည်း မပေါ့မပါးကြီးနဲ့ ဝိုင်းမကူနိုင်ဘူး ”
“ရပါတယ် မိန်းမရယ် နွားလေး သုံးကောင်ပဲ ။
ကိုမျိုး ကျောင်းနိုင်ပါတယ်။ ပြီးတော့ ခု ကလေးလေးပါ ရောက်လာတော့မှာဆိုတော့ ခုထဲက ကြိုစား ထားရမယ်ကွ ကိုမျိုးလို ဘဝမျိုးတော့ အဖြစ်မခံဘူး ”
“အင်းပါ ကိုမျိုးရယ် ကိုမျိုး သဘောပဲနော် ”
ရင်နာစွာ ပြောလာသော မျိုးဝင်းစကားကြောင့်
ခင်နှောင်း စိတ်မကောင်းဖြစ်မိကာ ယခုအချိန်ထိ ပြတ်သားလွန်းသော မိမိ၏ မိဘများကြောင့်လည်း ပိုမို အားနာ မိရသည်။ သို့သော်လည်း မိမိ ဆန္ဒ အလျောက် လျှောက်ခဲ့သော လမ်းမို့ မိဘတွေကိုတော့ ခင်နှောင်း အပြစ်မတင်မိပါ ။
########
ဤသို့ဖြင့်ပင် ခင်နှောင်း တစ်ယောက် ပထမဆုံး သမီးလေး ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့လေသည်။ သမီးလေး၏ အဖေ ဖြစ်နေပြီ ဖြစ်သော မျိုးဝင်း သည်ကား ပျော်မဆုံး မော်မဆုံး ဖြစ်နေတော့သည်။ သမီးလေးသည်လည်း မိခင် ခင်နှောင်းနှင့်တူကာ လွန်စွာ ချစ်စရာ ကောင်းလွန်းလှသည်။ သမီးလေး ၏ အမည်ကိုလည်း မျိုးဝင်း ကိုယ်တိုင် “ဖူးပြည့်ခင်” ဟု အမည်ပေးကာ အိမ်နာမည် “ပြည့်ပြည့်” ဟု ခေါ်တွင်စေခဲ့သည်။
ခင်နှောင်း၏ မိခင် ဒေါ်လှနုသည်လည်း ပြည့်ပြည့်လေး မွေးပြီးမှ ခင်နှောင်းတို့၏ အိမ်သို့ ယောကျ်ားဖြစ်သူ ဦးထွန်းတောက် မသိအောင် တစ်ခါတစ်ရံ လာတတ်လေသည်။ ဦးထွန်းတောက်သည်ကား မာနကို မလျှော့ ၊ မာန်ကို မလျှော့ ။ မြေးဦးလေး ရသည်ကိုပင် မသိကျိုးကျွံ ပြုနေခဲ့သည်။ ထို့ကြောင့်လည်း မျိုးဝင်းမှာ ယောက္ခထီးဖြစ်သူ ဦးထွန်းတောက် အပေါ် စိတ်အနာကြီး နာကာ တစ်နေ့ ပိုက်ဆံ ရှိရမည် ဟု တေးထားလေသည်။
#########
အချိန်သည် ရက်မှ လ၊ လမှ နှစ် သို့ တိုင်ခဲ့လေ ပြီ။
ယခုဆိုလျှင် သမီးလေး ပြည့်ပြည့်သည်ပင်လျှင် ငါးနှစ်ကျော်ခဲ့လေပြီ။ ခင်နှောင်းသည်လည်း ပြည့်ပြည့်အပြင် နောက်ထပ် တစ်ယောက်ကိုပါ လွယ်ထားရပြန်လေသည်။စီးပွားရေးမှာလည်း မျိုးဝင်း၏ ကြိုးစားမှုကြောင့် လယ်ပိုင် နွားပိုင်လေး ဖြစ်လာ ကာ ရွှေတို ငွေစ အနည်းငယ် စုဆောင်းမိလာခဲ့သည်။
“မိန်းမရေ ”
“ရှင် ကိုမျိုး ”
“တို့တွေ စုထား ဆောင်းထားတာ လေးတွေလည်း ရှိနေပြီ၊ အိမ်ကောင်းကောင်း တစ်လုံးလောက် ဝယ်ကြရအောင်ကွာ ၊ ခုအိမ်လေးက ဟောင်းနေပြီကွ၊ အိမ်ဆောက်ဖို့ကတော့ မင်းလည်း မပေါ့မပါးကြီးနဲ့ ဆိုတော့ အဆင်ပြေမှာ မဟုတ်ဘူး”
“အင်း ကိုမျိုးက ဘယ်လိုစီစဥ်ထားလို့လဲ”
“တစ်ရွာမပြောင်းသူကောင်း မဖြစ်တဲ့ မိန်းမရဲ့ ၊ ဒီနေရာလေးကို ရောင်းပြီး ကသာမြို့ရဲ့ အနောက်ဘက်ခြမ်းက လမ်းဆုံး လမ်းခွလည်း ကျတဲ့ နေရာမှာ အိမ်အသစ်တစ်လုံး ရှိတယ် ကြားတယ် ၊ စျေးလည်း သက်သာတယ် ၊ မဆိုးဘူးလို့ ပြောလို့ရတယ်ကွ ၊ အဲ့ဒီအိမ်ကြီး ဝယ်ရင် ကောင်းမလားလို့”
“ဟုတ်ပါ့မလား ကိုမျိုးရယ် ၊ သေချာစုံစမ်းပါဦး တော်ကြာ မကောင်းတဲ့ အိမ်တွေ ဘာတွေ ဖြစ်နေပါ့မယ်”
“သေချာ စုံစမ်းထားပါတယ် မိန်းမရယ် အဆင်ပြေပါတယ်ကွ။ ပြီးတော့ သမီးလေးရဲ့ ရှေ့ရေးကလည်း ရှိသေးတယ်လေ ။ အဲဒီ အနီးအနားမှာ ရွာကြီးတွေလည်း ရှိတယ် ၊ အဲ့ဒီကို ပြောင်းပြီးတော့ အိမ်ဆိုင်လေး လည်း ဖွင့်လို့ရရင် ဖွင့်ချင်တယ်ကွာ”
ရှေ့ရေးကိုမျှော်တွေးပြီး ချက်ကျလက်ကျ ပြောနေသော မျိုးဝင်းကို ခင်နှောင်း ကြည့်ကာ
“အင်းပါ ကိုမျိုး သဘောပဲလေ”
ဇနီးဖြစ်သူဆီမှ ခွင့်ပြုချက်ရသည်နှင့် မျိုးဝင်းတစ်ယောက် ကျေနပ်စွာ ပြုံးလိုက်မိသည်။
########
“ဟေ့ကောင် မျိုးဝင်း ၊ ဟုတ်မှလည်း လုပ်ပါကွာ
အဲ့ဒီ အိမ်ကြီးက မသန့်ဘူးတဲ့ကွ ၊ လမ်းဆုံ လမ်းခွ ကျတဲ့အပြင် အိမ်ကလည်း မသန့်တော့ ပိုင်ရှင်တွေတောင် မနေရဲဘဲ လျှော့စျေးနဲ့ ရောင်းထုတ်နေတာကွ”
တစ်ရွာထဲနေ ငယ်ပေါင်းဖြစ်သည့် ဝင်းဖေ ၏စကားကို မျိုးဝင်း တစ်ချက်မျှ ပြုံးကာ
“အေး လမ်းဆုံ လမ်းခွ ကျတာကိုတော့ ငါ သဘောကျတယ်ကွ အိမ်ဆိုင်လေး ဖွင့်လို့ရတယ်၊ အိမ် မသန့်ဘူး ဆိုတာကတော့ကွာ စိတ်ထင်လို့ နေမှာပါ ”
“ဟေ့ကောင် ကြည့်လုပ်ဦးနော် မျိုးဝင်း ၊ ငါကတော့ သိပ်မဘောမကျဘူးကွာ ၊ တခြားနေရာ တစ်ခု ထပ်ရှာစေချင်တယ် ”
ထိုအခါ စဥ်းစဥ်းစားစား ပြောနေသော သူငယ်ချင်းဖြစ်သူ ဝင်းဖေ ၏ပုခုံးကို ဖက်ကာ
“ဒီမှာ ဝင်းဖေရ ခုငါ့ လက်ထဲမှာ ရှိတဲ့ ငွေနဲ့ဆို အဲ့ဒီအိမ်က အသင့်တော်ဆုံးပဲကွ ၊ တစ်ခုပဲ ရှိတယ် မင်း ဒီအကြောင်းတွေကို ငါ့မိန်းမ မသိစေနဲ့နော်”
ဘယ်လို မှ တား မရ ဖြစ်နေသော မျိုးဝင်းကို ကြည့်ကာ ဝင်းဖေတစ်ယောက် ခေါင်းကို လေးတွဲ့စွာ ညိမ့်ပြလိုက်ရလေတော့သည်။
ဤသို့ဖြင့် လမ်းဆုံ လမ်းခွ ကျသော ၎င်း အိမ်ကြီးအား မျိုးဝင်းတစ်ယောက် စျေးသက်သာစွာ ဝယ်ခဲ့တော့သည်။အိမ်ကြီး၏ ပုံသဏ္ဍာန်မှာ နှစ်ထပ်အိမ်ကြီးဖြစ်ကာ ပျဥ်ထောင် ပျဥ်ခင်း ဖြစ်သည်။ထို့အပြင် သုံးခန်းပတ်လည် အိမ်ကြီးဖြစ်၍ ကျယ်ဝန်းသည်ဟု ဆိုနိုင်ပေသည်။ အိမ်အောက်ထပ်တွင်လည်း ဧည့်ခန်း မီးဖိုခန်း အပြင် ရေချိုးခန်းပါ ပါရှိသောကြောင့် ထိုခေတ်အခါက အလွန်ခေတ်မီသော အိမ်ကြီးပင်ဖြစ်သည်။
မျိုးဝင်းတစ်ယောက် အိမ်ကြီးကို လှည့်ပတ်ကြည့်ရှုကာ အလွန်သဘောကျ နှစ်သက်နေလေသည်။အိမ်နောက်ဘက်တွင်ရှိသော ခိုင်ခံ့လှသည့် နွားတင်းကုတ်ကြီးကို ကြည့်ကာ “ငါ့ ယောက္ခမ အိမ်ထက်တောင် ခမ်းနားနေပါလား ” တွေးကာ အကျေနပ်ကြီး ကျေနပ်နေလေသည်။ မိမိတို့ ၏ အိမ်ကုတ်လေး ထက်တော့ အဆတစ်ရာ မက သာ လွန်းပေသည် ဟူ၍လည်း တွေးကာ ပျော်မဆုံး ဖြစ်နေလေသည်။
(စကား ချပ်။ လွန်ခဲ့သော ငါးနှစ်ခန့်လောက်က စာရေးသူ အလုပ်ကိစ္စတစ်ခုဖြင့် ကသာ အနောက်ဘက်ခြမ်းကို ရောက်ရှိရာ ဟောင်းနွမ်းဆွေးမြည့်နေသော လူမနေသည့် အိမ်အို တစ်လုံးကို တွေ့ရှိခဲ့ရာမှ ဘာရယ် မဟုတ် မေးမြန်းကြည့်ရာ ယခု ဇာတ်လမ်းကို သိခဲ့ရခြင်းဖြစ်သည် ။ အိမ်အိုဟု ဆိုရာ၌ စာရေးသူ တွေ့သည့် အချိန်က အိမ်ဟုပင် ဆို၍မရလောက်အောင် ပျက်စီးနေခဲ့ပါသည်။ ခြစားကာ ဆွေးမြည့်နေသော အိမ်တိုင်တစ်ချို့ ၊ သစ်ပင်ခြုံနွယ်တို့ဖြင့် ပြည့်နေသော တင်းကုတ် ဟောင်းတစ်ခုကို တွေ့တော့မှ အိမ်အို ဟု မှတ်ထင်သိရှိခဲ့ရပေသည်။)
ထိုသို့ဖြင့် မျိုးဝင်းတို့ မိသားစု ထိုအိမ်ကြီးဆီသို့ ပြောင်းရွှေ့ခဲ့တော့သည်။မျိုးဝင်း ၏ တစ်ဦးထဲသော ဆွေမျိုးလည်း ဟုတ် ၊ ဘကြီးဝမ်းကွဲလည်း တော်စပ် သူ ဦးဘဦး ၏ မှာကြားမှုဖြင့် အိမ်သစ်တက် မဂ်လာပြုလုပ်ကာ သံဃာတော်သုံးပါးပင့်၍ တရားနာကြားမှု တို့ကို ပြုလုပ်၍ အိမ်ကို သန့်ရှင်းစေခဲ့သည်။
ကျယ်ဝန်းသော အိမ်ကြီးအတွင်းတွင် ပျော်နေရှာသော သမီးလေး ပြည့်ပြည့်ကိုကြည့်ကာ ကိုမျိုးဝင်းနှင့် မခင်နှောင်းတို့ ကျေနပ်ပီတိ ဖြစ်နေခဲ့ရသည်။ ကိုမျိုးဝင်းမှာလည်း အိမ်ဆိုင်လေး ဖွင့်နိုင်ဖို့အရေး မျှော်တွေးကာ အလုပ်ကို ပို ကြိုးစားလျက်ရှိသည် ။ ထိုအိမ်ကြီးသို့ ပြောင်းပြီး သုံးလ ကျော် လေးလ လောက်အထိ မည်သည့်အနှောက်အယှက် မျိုးမှ မကြုံ ခဲ့ရသော ကြောင့် မျိုးဝင်းမှာ ပို၍ စိတ်ကျေနပ်ခဲ့ရသည် ။ သို့သော် ထိုအိမ်ကြီးသို့ ရောက်ပြီး လေး လခန့် အကြာ ၊ မခင်နှောင်း၏ ကိုယ်ဝန်သည်လည်း နေ့စေ့ လစေ့ မွေးဖွားခါနီး အချိန်တွင်တော့ တိတ်ဆိတ် အေးချမ်းလျက်ရှိသော အိမ်ကြီးတွင် ထူးခြားမှုများ စတင်လာခဲ့တော့သည်။
လူ သူမရှိဘဲ အိမ်အပေါ်ထပ်တွင် ခြေသံတွေ ကြားခြင်း၊ ညဘက် အိပ်ချိန် စူးစူးဝါးဝါး အော်သံ တွေ ကြားရခြင်း၊ ညနေစောင်းလာလျှင် သမီးလေး ပြည့်ပြည့်မှာ တစ်ယောက်ထဲ စကားတွေ ပြောလာခြင်း ၊ တစ်ခါတစ်ရံ အိမ်သားများ အိပ်နေချိန် အိမ်ကြီးမှာ သိမ့်သိမ့်တုန်လျက် ဆိုးရွားသော အနံ့အသက်များ ရလာခြင်း စသည့် ထူးခြားမှုများအား ကြက်သီးထဖွယ် ကြုံတွေ့ခဲ့ရလေတော့သည်။
ထိုသို့သော ကိစ္စများကြောင့် မျိုးဝင်းမှာ မွေးဖွားခါနီးနေသော ဇနီးသည် ခင်နှောင်းအား စိတ်မချဖြစ်ကာ အလုပ်ပျက် အကိုင်ပျက်ပင် ဖြစ်လာလေတော့သည် ။ ခင်နှောင်း၏ မိဘများဆီသို့လည်း ခင်နှောင်းအား ပို့ထားဖို့ရန် သူ့မာနက ခွင့်မပြု။ ယခု အချိန်ထိ ကိုယ်ဒူး ကိုယ်ချွန်လာခဲ့ပြီးမှ ဤကိစ္စကြောင့်နှင့်တော့ ဦးထွန်းတောက်ကို သူဒူး မထောက်ချင်ပါ ။
ထို့ကြောင့် အလုပ်အပျက်ခံကာ ဇနီးသည်အား စောင့်ရှောက်ရုံမှ တစ်ပါး အခြား မရှိတော့ပြီ။ ဤသို့ဖြင့် တစ်ခုသော ည တစ်ည တွင်တော့
“ရှပ် ရှပ် ရှပ် ရှပ် ”
ခြေသံတစ်ခုကြောင့် မျိုးဝင်း အိပ်နေရာမှ လန့်နိုးလာခဲ့သည်။ ဘေးက ဇနီးကို ကြည့်မိတော့ ပက်လက်အနေအထားဖြင့် နှစ်ခြိုက်စွာ အိပ်မော ကျနေသည်ကို တွေ့ရသည် ။ ဇနီး၏ ဘေးတွင်ကြည့်မိတော့ ကွေးကွေးလေး အိပ်နေသော သမီးဖြစ်သူ ပြည့်ပြည့်ကို တွေ့ရသည်။ ထိုသို့ ဆိုလျှင် ကြားနေရသော ခြေသံသည် ဘယ်သူဖြစ်မလဲ ဟု မျိုးဝင်း တွေးကာ ဓာတ်မီးကိုင်လျက် အခန်းပြင်သို့ ထွက်ခဲ့သည်။
၎င်းတို့ မိသားစုမှာ အိမ်ကြီး၏ အပေါ်ထပ် အနောက်ခန်းထဲတွင် စု အိပ်ကြသည်။
“ဒေါက် ဒေါက် ဒေါက် ဒေါက် ”
ကြားနေရသော ခြေသံမှာ လှေကားသို့ ရောက်ရှိကာ အောက်ထပ်သို့ ဆင်းသွားပုံ ဖြစ်တာ ကြောင့် မျိုးဝင်းလှေကားဆီသို့ ဓာတ်မီးတစ်လက်ကိုင်ကာ လှမ်းလာခဲ့သည်။ လှေကားထိပ်သို့ ရောက်ရာ ဓာတ်မီးကို ချက်ချင်း ဖွင့်မကြည့်သေးဘဲ အခြေအနေကို အကဲ ခတ် ကြည့်လိုက်သည်။
မှိန်ပြပြ လရောင်ဖြင့် လှေကားတက်ခုံ ပေါ်တွင် လူရိပ်တစ်ရိပ်ကို တွေ့ရသည်။ အနေအထားမှာ မျိုးဝင်းဘက်သို့ ကျောပေးရပ်လျက်ရှိသည်။ ထို့သို့ ကျောပေးထားသော်လည်း နွဲ့နှောင်းသော ကိုယ်နေဟန်ထားကြောင့် အမျိုးသမီးတစ်ဦး ဖြစ်မည်ဟု မျိုးဝင်း ခန့်မှန်းလိုက်သည် ။
သိချင်ဇောဖြင့် သူ တံတွေးတစ်ချက်မြိုချကာ ဓာတ်မီးနှင့် လှမ်းထိုးလိုက်သည် ။ ထိုအခါမှ သူ့ နံဖူးမှ ချွေးများ ပင် တစ်ပေါက်ပေါက်စီးကျလာလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီးမှာ ကိုယ်ဝန်သည်တစ်ဦး ဖြစ်ပုံရကာ ဝတ်ထားသော အက်ျီ မှာလည်း သူ့ ဇနီး ခင်နှောင်း၏ ဝတ်စုံပင် ဖြစ်နေလေသည်။
ထိုသို့ ကြည့်နေရင်းနှင့်ပင် မျိုးဝင်း အာခေါင်တွေ ခြောက်လာကာ မူးဝေသလို ရှိလာသည်။ ထိုစဥ်
“အား ”
ရုတ်တရက် လှည့်လာသော ထိုအမျိုးသမီးမျက်နှာကို ကြည့်ကာ မျိုးဝင်းတစ်ယောက် ငယ်သံပါအောင် အော်မိရင်း လူလည်း ကြမ်းပြင်သို့ ဖင်ထိုင်ရက်ကျသွားလေသည်။ အဘယ်ကြောင့်ဆိုသော် လှည့်ကြည့်လာသော ထိုအမျိုးသမီး၏ မျက်နှာ သူ၏ဇနီးဖြစ်သူ ခင်နှောင်း၏ မျက်နှာနှင့် ချွတ်ဆွတ် တူနေသည့်အပြင် မျက်နှာတွင် သွေးများ ပေပွနေပြီး ဝမ်းဗိုက်ထဲမှလည်း သွေးများ မြင်မကောင်းအောင် စီးကျနေလေ သောကြောင့် ဖြစ်သည်။
“ကိုမျိုး ကိုမျိုး ဘာဖြစ်တာလဲ ထပါဦး”
ဇနီးသည် ခင်နှောင်း၏ အသံကို ကြားတော့မှ မျိုးဝင်း အသိစိတ်ဝင်ကာ အိပ်မက်ဖြစ်နေကြောင်း သိရလေသည်။
“မိန်းမ မိန်းမ မင်း မင်း ဘာမှ မဖြစ်ဘူးနော် ”
ခင်နှောင်း၏ မျက်နှာတို့ကို ပွတ်သပ်ကြည့်ရင်း စိုးရိမ်တကြီးမေးနေသော မျိုးဝင်းကို ကြည့်ကာ
ခင်နှောင်း ပြုံးပြလျှက်
“ဘာမှ မဖြစ်ပါဘူး ကိုမျိုးရဲ့ အိပ်မက်ဆိုးတွေ မက်နေတာ လား ။ ရော့ ရေလေး သောက်လိုက်ဦး ပြီးရင်တော့ ပြန်အိပ်တော့ နော် မနက် အလုပ်သွားရဦးမယ်မလား ”
ဇနီးဖြစ်သူ ကမ်းပေးလာသော ရေတစ်ခွက်ကို ကတုန်ကရင် လှမ်းယူကာ မျိုးဝင်းတစ်ယောက် အားပါးတရ သောက်ချလိုက်လေသည်။ထို ညတစ်ညလုံး မိုးလင်းသည်အထိ မျိုးဝင်း အိပ်မပျော်တော့ပါ။ အိပ်မက်ထဲတွင် တွေ့ရသော အမျိုးသမီးကြောင့် ခင်နှောင်းကို သူ စိတ်မချဖြစ်နေတော့သည်။ ထို့ကြောင့် မနက်လည်း အလုပ်မသွားတော့ဟု ဆုံးဖြတ်လိုက်လေတော့သည် ။
####
ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီး သုံးလေးရက်ခန့် ကြာသည့် အချိန်တွင်တော့ မျိုးဝင်းလည်း ထိုအိပ်မက်ကို မေ့မေ့ပျောက် ရှိလေသောကြောင့် လယ်တောသို့ ထွက်လာခဲ့တော့သည်။ ဒီနေ့တော့ အလုပ် စောစော သိမ်းမည်ဟု မျိုးဝင်းတစ်ယောက် တွေးထားလေသည်။
ညနေစောင်းပြီ ဖြစ်၍ လုပ်လက်စ အလုပ်တို့ကို လက်စသတ်ကာ မျိုးဝင်း အိမ်ပြန်ခဲ့တော့သည် ။
အိမ်သို့ရောက်သောအခါ အိမ်ရှေ့တွင် ရပ်စောင့်နေသော ဇနီးသည်ကို တွေ့မှ မျိုးဝင်း စိတ်အေးသွားသည်။မည်သို့ပင်ဖြစ်စေ ယခုလိုအချိန်တွင် သူ့ဇနီး အနားတွင် မိန်းကလေး ဖော်တစ်ယောက်တော့ ထားမည်ဟု သူတွေးထားသည်။
” ကိုမျိုး ဒီနေ့လေ ညနေစောင်းလောက်က ဗိုက်နည်းနည်းနာ တယ် ။ပြီးတော့ အထဲက ကလေးက အတော်လေး လှုပ်တယ် ဒီနေ့များ မွေးမလား မသိဘူး ”
ရောက် ရောက်ခြင်း ပြောပြနေသော ဇနီးသည်စကားကြောင့် သူ မျက်လုံး ပြူးသွားသည်။ ဟုတ်သည်လေ ၊ မွေးဖွားဖို့ဆိုရင် လက်သည် လိုပေမည် ။ အရင် ပြည့်ပြည့်လေးတုန်းက ရွာထဲ မို့ လက်သည်ခေါ်ရတာ အဆင်ပြေပေမဲ့ ယခုနေရာကတော့ ရွာတွေနဲ့ အတန်ငယ်ဝေးသည်။ ထို့ ကြောင့် လက်သည် ကို ကြိုခေါ်ထားမှ အဆင်ပြေလိမ့်မည် ဟု တွေးကာ
“ဟေ ဟုတ်လား မိန်းမ ဒါဆို လက်သည် ကြိုခေါ်ထားမှ ဖြစ်မှာပေါ့ အခုပဲ သွားခေါ်လိုက်မယ်လေ ”
“ဟာ နေပါစေ ကိုမျိုးရယ် မမွေးဖြစ်ရင် အားနာစရာကြီး ပြီးတော့ ညနေလည်းစောင်းနေပြီ နက်ဖြန်မနက်မှ ကိုမျိုးဘကြီးရွာက လက်သည် ဒေါ်ဖွားကြည် ကို သွားခေါ်ထားပေးနော် ”
“ကဲ ကဲ ဒါဆိုလည်း မိန်းမလေး သဘောပါဗျာ ဒါနဲ့ ပြည့်ပြည့်လေးရော ”
“ဟော ဟိုဘက် ခြံထောင့်မှာ ဆော့နေတယ် ”
“အင်း နောက်နှစ်ဆိုရင် ပြည့်ပြည့်လေးကို ကျောင်းထားရတော့မယ်ကွ ”
“ဟုတ်ပါ့ ကိုမျိုးရယ် အချိန်တွေလည်း မနည်းတော့ဘူးနော် အခုချိန် အမေသာ ဘေးမှာ ရှိရင် ကောင်းမှာပဲ ”
ပြောရင်း စကားသံတိမ်ဝင်သွားသော ဇနီးသည်ကို ကြည့်ကာ မျိုးဝင်း စိတ်မကောင်းဖြစ်မိသည်။ ယောက္ခထီးကြီးလောက် စိတ်သဘောထား မကြမ်းသော ယောက္ခမကြီး ဒေါ်လှနုကိုတော့ သူရိုသေ လေးစားပါသည်။ ပြည့်ပြည့်လေး ငယ်ငယ် သူ့ဘကြီး၏ ရွာတွင် နေထိုင်စဥ်က ဟိုဘက်ရွာ ဒီဘက်ရွာ သိပ်မဝေးသော ခရီးကြောင့် ဒေါ်လှနု တစ်ယောက် တစ်ခါတစ်ရံ ရောက်လာတတ်ပေမဲ့
ယခု နေရာတွင်တော့ လာဖို့ ခရီးက အတော်အသင့် ဝေးတာမို့ ရောက်မလာခဲ့ပါ ။ ခင်ပွန်းဖြစ်သူကို ကြောက်၍လည်း ဖြစ်မည်ထင်သည်။
ထိုနေ့ညက ညနေစာ စားကြကာ စောစီးစွာပင် သူတို့ အိပ်ရာ ဝင်ခဲ့ကြသည်။ ည သန်းခေါင်လောက်အချိန်တွင်တော့
“ကိုမျိုး ကိုမျိုး ထပါဦး ထပါဦး ဒီမှာ ကျမ ဗိုက်အရမ်းနာလို့ မွေးတော့မယ်ထင်တယ် ”
မျက်နှာရှုံ့မဲ့စွာဖြင့် သူ့အား လှုပ်နှိုးကာ ပြောဆိုနေသော ဇနီးစကားကြောင့် မျိုးဝင်း ကပျာကယာ ထထိုင်လိုက်ကာ
“ဟာ ဟုတ်လား မိန်းမ ဒုက္ခပဲ ဒီအချိန်ကြီးလက်သည်ကို ဘယ်သွား ခေါ်ရမလဲ ”
” လက် လက်သည် ကို ခေါ်တာ ခန ထားဦး ကို ကိုမျိုး ဟိုမှာ ဘယ်သူတွေလည်း မသိဘူး ကျမ ကို လာ လာ ခေါ်နေကြတယ် အား ”
အိပ်ရာ ထဲ လူးလိမ့်ကာ အပေါက်ဝသို့ လက်ညိုးထိုးလျက် ပြောနေသော ဇနီးသည်ကို ကြည့်ကာ မျိုးဝင်း စိုးရိမ်မိသွားသည်။
“ခင် ခင်နှောင်း လိုက်မသွား နဲ့နော် လိုက်မသွားမိစေနဲ့ ၊ ဒီမှာ ကြည့် သမီးလေး ပြည့်ပြည့်လည်း ငိုနေတယ် လက်သည် ရအောင် သွားခေါ် မယ် နော် ခင်နှောင်း ခနစောင့် ”
” မ မသွားပါနဲ့ ကို ကိုမျိုး ခင်နှောင်း ကြောက်လို့ပါ
ဘေးမှာလည်း သူတို့တွေ အများကြီး ။ ကျမ မလိုက်ချင်ဘူး ကိုမျိုး ရယ် အဟင့်ဟင့် ”
ငိုယိုလျက် ပြောနေသော ဇနီးသည်ကို ကြည့်ကာ မျိုးဝင်း ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူနှင့် သမီးလေး ပြည့်ပြည့် သာ ရှိသည်ကို တွေ့ရလေသည်။ ပြည့်ပြည့်လေးမှာလည်း မိခင်၏ အဖြစ်ကို ကြည့်ကာ ငိုယိုလျက်
“အဖေ အဖေ အမေက ဘာဖြစ်တာလဲ ဟင် အမေ့ကို ဆေးဆရာ ခေါ်မပြဘူးလား အီးဟီးဟီး”
သမီးလေး ပြည့်ပြည့် ၏ အမေးကို သူမဖြေနိုင်။ သူခုချက်ချင်း ပြေးသွား ချင်သည် ။ သို့သော် ဇနီးနှင့်သမီးကို စိတ်မချ ။
” ကို ကို မျိုး ကျမ သွားရတော့မယ် ထင်တယ် အတင်း လာခေါ်နေကြပြီ ”
“ဟာ ခင်နှောင်း မိန်းမ လိုက်မသွားရဘူး နော် လိုက်မသွားရဘူး ”
သူအတန်တန် ပြောနေသည့်ကြားမှ သူ့လက်တွေအား ဆုပ်ကိုင်ထားသော ခင်နှောင်း၏လက်တွေ ပျော့ခွေ ကျသွားသည် ။သူ ထိတ်ခနဲ ဖြစ်သွားသည် ။
” ဟာ ခင်နှောင်း ခင်နှောင်း မဖြစ်ရဘူးနော် အဲ့လို မဖြစ်ရဘူးနော် ခင်နှောင်း ခင်နှောင်း ”
သူ၏ မျက်ဝန်းတို့မှ မျက်ရည်များစီးကျလာကာ ငြိမ်သက်သွား ခင်နှောင်း ကိုယ်လေးကို ပွေ့ယူဆွဲထူလိုက်ရာ မိန်းမကိုယ်မှ သွေးများ စီးကျနေတာကို တွေ့ရသည်။
ထိုသွေးတို့ကို မြင်ကာ သူ စိတ်တွေ လွတ်သွားရသည် ။
“မဟုတ်ဘူး မဟုတ်ဘူး ခင်နှောင်း မသေဘူး ခင်နှောင်းမသေဘူး နော် ခင်နှောင်းက ပင်ပန်းလို့ ခနလေး အိပ်သွားတာ ”
တုန်တုန်ရီရီဖြင့် တတွတ်တွတ်ပြောနေသော သူ နားထဲတွင် အသံတသံကြား၍ လှည့်ကြည့်ရာ အခန်းထောင့်တွင် ရပ်ကြည့်နေသော အမျိုးသမီးတစ်ယောက်ကိုတွေ့ရသည် ။ ထိုအမျိုးသမီး ၏ ရုပ်ရည်သည် လွန်စွာ စက်ဆုပ်ဖွယ်ကောင်းကာ သူတို့အဖြစ်ကို ကြည့်ကာ ကျေနပ် ပီတိ ဖြစ်နေဟန်ရှိသည် ။
မျိုးဝင်း အလွန်စိတ်တိုသွားသည် ။ ခင်နှောင်းကို ခေါ်တာ သူပဲ ဖြစ်ရမည် ။ တွေ့ကြသေးတာပေါ့ ဟု တွေးကာ ခင်နှောင်း ကိုယ်လေးကို ချကာ ထရံတွင်ထိုးထားသော ငှက်ကြီးတောင် ဓားကို ဆွဲယူလိုက်သည်။
“ခင်နှောင်း ကို ပြန်ပေးစမ်း ငါ့မိန်းမကို ပြန်ပေး ”
မျိုးဝင်း တစ်ယောက် ပြောလည်း ပြော စိတ်လည်း လွတ်ကာ မည်းမည်း မြင်ရာ လိုက်ခုတ်တော့သည်။ သို့ သော် သူ၏ ခုတ်ချက်တွေက ထိုအမျိုးသမီးကို မထိ ။ လေ ဟာနယ်ကိုသာ ခုတ်မိလေသည် ။ အချိန်အတော်ကြာသောအခါ လေဟာနယ်ကိုသာ လိုက်ခုတ်နေသော မျိုးဝင်းတစ်ယောက် လက်ပန်းကျလာသည်။
ထို့ကြောင့် ခနရပ်ကာ အမောဖြေနေစဥ် ရုတ်တရက် အသိစိတ်ပြန်ဝင်လာသည် ။ သမီးလေး သမီးလေး ပြည့်ပြည့် ။ သူ လန့်သွားသည် ။ အသိစိတ်ဝင်မှ သမီးလေးကို ရှာလေရာ အခန်းထောင့် တစ်နေရာတွင် ဓားဒဏ်ရာ တို့ ပေပွလျက် ရုပ်ပျက်ဆင်းပျက် သေဆုံးနေသော သမီးလေး ကို တွေ့လိုက်ရလေတော့သည်။
“ဟာ မဟုတ်ဘူး မဟုတ်ဘူး သမီးရေ သမီး အားဟားဟား ဟီးဟီး”
သမီးလေးကို ရင်နင့်စွာ ပွေ့ယူရင်း မျိုးဝင်းတစ်ယောက် ရူးသွားလေတော့သည်။ ထို့နောက်တွင်မူ မည်းမည်းမြင်ရာ လိုက်ခုတ်ရင်း ဓား တစ်လက်ကိုင်ကာ အိမ်အောက်ထပ်သို့ ဆင်းပြေး လေရာ လှေကားမှာပင် ချော်ကျကာ လက်ထဲတွင် ကိုင်ထားသော ဓားမှာ မျိုးဝင်း၏ ဝမ်းဗိုက်ကို ထုတ်ချင်းဖောက်သွားတော့သည်။
နောက်တစ်နေ့ မနက်တွင် အိပ်မက်တွေ မကောင်း၍ တူ ဖြစ်သူ မျိုးဝင်း အိမ်သို့ ရောက်လာ သော ဦးဘဦးတစ်ယောက် ထို အဖြစ်ဆိုးကို မျက်ဝါးဝါးထင်ထင်တွေ့လေမှ ယူကြုံးမရ ဖြစ်ကာ ယောကျ်ားကြီးတန်မဲ့ ချုံးပွဲချ ငိုမိတော့သည်။
အသုဘ အစီအစဥ်ကို ဦးဘဦး ဦးဆောင်ကာ ကာလသား တစ်ချို့ဖြင့် နီးစပ်ရာ သုသာန်တွင် နေ့ချင်း သဂြိုလ်ခဲ့ရသည် ။ ထိုအချိန်က ဦးဘဦး အသက်မှာ လေးဆယ်ကျော် မျှသာ ရှိသေးသော်လည်း အလုပ်ကြိုးစားကာ ရိုးသားသော တူဖြစ်သူ မျိုးဝင်းအပေါ် ယုံကြည်ကာ တစ်လ လျှင် တစ်ခေါက်မျှတောင် တူဖြစ်သူ အိမ်ကို မရောက်ခဲ့ပါ ။ အိမ်တက်မဂ်လာ ပြုလုပ်သည့် အချိန်တုန်းကသာလျှင် တစ်ခါမျှ ရောက်ဖူးလေသည်။ ထိုအချိန်က သူသည်လည်း ပြည့်စုံ လှသည် မဟုတ်သော ကြောင့် ကိုယ့်အပူနှင့်ကိုယ်သာ လုံးချာ လိုက်နေခဲ့ရသည်။
မျိုးဝင်းတို့အား သဂြိုလ် ပြီးသည့် ညတွင်မူ ဦးဘဦး ဆီသို့ မျိုးဝင်းတစ်ယောက် ညိုးငယ်စွာ ရောက်လာခဲ့ပြီး သူတို့မိသားစုမှာ မိသားစုလိုက် လူစားလဲ ခံရခြင်း ဖြစ်ကြောင်း၊ ယခုတွင်မူ ထိုအိမ်ကြီးမှာပဲ ဆင်းရဲစွာနေထိုင်ရကြောင်း ၊ သူတို့အတွက် ကုသိုလ်ကောင်းမှု များပြုကာ အမျှဝေပေးပါဟုဆိုကာ ပျောက်ကွယ် သွားလေတော့သည်။
ထိုအခါမှ ဦးဘဦးလည်း အိပ်ရာမှ လန့်နိုးကာ အိမ်မက်ဖြစ်နေကြောင်း သိရှိခဲ့ရပြီး တူမောင်တို့မိသားစု အဖြစ်ဆိုးအတွက် သူ့တွင် အပြစ်မကင်းသလို ခံစားရကာ များစွာ စိတ်မကောင်းဖြစ်မိလေသည်။
ထိုသို့သော အိပ်မက်လာပေးပြီးသည့်နောက်တွင် ဦးဘဦးတစ်ယောက် တူတော်စပ်သူ မျိုးဝင်းတို့မိသားစုကို ရည်စူးကာ သံဃာတော်များ ပင့်ဖိတ် အမျှဝေစေခဲ့ပါသည်။ထို့နောက်တွင်တော့ သူတို့မိသားစု ကျွတ်လွတ်သွား၍ လား ၊ သို့တည်းမဟုတ် ဘယ်ရောက်သွားသည်မသိ ဦးဘဦးအား အိပ်မက် လာမပေးတော့ ပေ။
မည်သို့ပင်ဆိုစေကာမူ ၎င်းအိမ်ကြီးမှာ ထိုအဖြစ်အပျက်တို့ ဖြစ်ပွားပြီးသည့်နောက်တွင် မည်သူမျှ နေထိုင်ခြင်းမရှိတော့ဘဲ အိမ်အို အိမ်ဟောင်းကြီး အဖြစ်သို့ ရောက်ခဲ့ရတော့သည်။
မခင်နှောင်းတို့၏ မိဘများသည်လည်း သမီးဖြစ်သူ၏ အဖြစ်ဆိုးကို ကြားသိရကာ လွန်စွာ စိတ်မကောင်းဖြစ်လျက် ပိုင်ဆိုင်သော လယ်ယာ စည်းစိမ်တို့ကို ထုခွဲရောင်းချပြီး မခင်နှောင်းတို့အား ရည်းစူး ၍ အလှူကြီး ပြုလုပ်ကာ အခြားအရပ်သို့ အပြီးတိုင် ပြောင်းရွှေ့သွားလေတော့သည်။
ဤတွင် ကျနော်ရေးသားသော” လူစားလဲသည့် အိမ်ကြီး” ဟု ခေါ်သော ဖြစ်ရပ်ဆန်း ပရလောက ဝတ္ထုတို တစ်ပုဒ်အား အဆုံးသတ်လိုက်ရပေသည်)
မှတ်ချက် ။ ဤဝတ္ထုတိုလေးအား ရေးပြီး ပြန်လည် ဖတ်ရှုရာတွင် ဟာကွက်များစွာ ရှိသည်ကို စာရေးသူကိုယ်တိုင်တွေ့ရပေသည်။ သို့သော် ထိုဟာကွက်များကို စာရေးသူ အနေဖြင့် ဖြည့်စွက် ရေးသားချင်ပါသော်လည်း မူရင်းအတိုင်းသား စာဖတ်သူတို့အား ဖတ်ရှုစေချင်ပါသည်။ လွန်ခဲ့သော ငါးနှစ်ခန့်လောက်က စာရေးသူ တွေ့ခဲ့ရသော အဘိုး ဦးဘဦးမှာ အသက်အရွယ်အားဖြင့် 75 နှစ်သို့တိုင် ကျော်ခဲ့လေပြီ။ ထို့ကြောင့် တစ်ချို့သော အကြောင်းအရာများကို စာရေးသူအနေဖြင့် နှိုက်နှိုက်ချွတ်ချွတ် မေးချင်ပါသော်လည်း ဇရာကြောင့် ပြောရင်း မောနေလေ့ရှိသော အဘိုး ဦးဘဦးကို အားနာမိပြန်ပါသည်။ယခုဇာတ်လမ်းတွင် ဟာကွက်ပေါင်းများစွာကြောင့် စာဖတ်ပရိတ်သတ်တို့ မကျေနပ်လျှင်လည်း တောင်းပန်ရုံမှ တစ်ပါး စာရေးသူအနေဖြင့် ဘာမျှ မတတ်နိုင်ပါ။ ယခုဆိုလျှင် ဤဇာတ်လမ်း ပြောပြခဲ့သော အဘိုးဦးဘဦး ဆုံးသွားသည်မှာ တစ်နှစ်ပင်ကျော်ခဲ့လေပြီ ။ ကိုးဗစ်ကာလ ဖြစ်တာ ကြောင့် စာရေးသူ အနေဖြင့် အဘိုး စျာပနသို့ မသွားရောက်နိုင်ခဲ့တာကိုတော့ လွန်စွာ ဝမ်းနည်းနေမိပါသည်။ ယခုဇာတ်လမ်းအား ပြောပြသော အဘိုးဦးဘဦး အပါအဝင် တူတော်စပ်သူ မိသားစုလည်း ကောင်းရာသုဂတိ လားပါစေကြောင်း ဆုတောင်းရင်းဖြင့်……..။
(အမည်နှင့်နေရပ်များ လွှဲထားပါကြောင်း)
သတ္တဝါများ ကျန်းမာ ချမ်းသာကြပါစေ။
🌋ရဲရင့်အဂ္ဂါ🌋