လူနီကလေး

“လူနီကလေး” ( အစ / အဆုံး )
~~~~~~~~~~~~~~~~~~
ရေးသားသူ…ဆရာ တာတေ

ကျုပ်အဘပိုင်တဲ့ယာကွက်တွေထဲမှာမှ သမုန်း
ပင်တွေခြောက်ပင်ခုနှစ်ပင်လာက်ပေါက်နေတဲ့ အကွက်ကို
သမုန်းတောယာလို့ကျုပ်တို့ရွာသားတွေခေါ်ကြတယ်ဗျ။

အဘပိုင်တဲ့ ယာတွေထဲမှာ အဲဒီအကွက်က မြောက်ဘက်အကျဆုံးပဲဗျ။ ဒီမနက် ကျုပ် တစ်ယောက်တည်း သမုန်းတောယာမှာ ယာထွန်းနေတာဗျ။ ပြီးတော့ ထွန်တဲ့လူကတည်း လက်ကြောတင်ဦးမှဖြစ်တာ။

နက်နက်ထွန်နိုင်မှ မြေဆီပေါ်တာဗျ အပေါ်ယံ ရှပ်ထွန်နေလို့ကတော့ အလကားပဲဗျို့။ မြေဆီပေါ်မှ သီးနံအောင်တာလေဗျာ။

ကျုပ်ဖြင့် ခိုက်ခိုက် တုန်အောင် ချမ်းနေတဲ့ အချိန်မှာကိုပဲ ချွေးသီးချွေးပေါက်ကျနေတော့တာဗျို့ ။ ဒီတစ်တစ်စပ် ထွန်ပြီးရင်တော့ ခဏနားဦးမှလို့ ကျုပ်တွေးနေတာ နွားလည်းနား လူလည်းနားပေါ့ဗျာ ။

“တာတေ လုပ်လှချည်လားကွာ၊ တစ်ယောက်တည်းကို နင်းတွယ်နေတော့တာပဲကွာ”

ကျုပ်ကိုခေါ်သံကြားလို့နောက်ကို လှည့်ကြည့်လိုက်တယ်။ သမုန်းပင်တွေအောက်မှာ ရပ်နေတဲ့လူက ကျုပ်ကိုပြုံးပြီး
ကြည့်နေတယ်။

ဝါးဖတ်ခမောက်ခမောက်ဆောင်းထားပြီး လည်ပင်းမှာ ပုဆိုးတစ်ထည် ပတ်ထားလို့ဗျ။ ဗြုန်းစားကြီးဆိုတော့ ဘယ်သူမှန်း
ကျုပ်မသိဘူးဗျ။

“အောင်မာ အောင်မာ တာတေတို့များ သွေးကြီးနေလိုက်တာ၊ ငါ့ကိုတောင် မမှတ်မိတော့ဘူးလားကွ”
ပြောပြောဆိုဆိုနဲ့ သူ့ခေါင်းက ခမောက်ကိုချွတ်ပြလိုက်တယ်။

“ဟာ စုတ်ဖွား၊ ဘယ်ကရောက်လာတာတုံးကွ ငါဒီယာမှာ ထွန်နေတာ မင်းဘယ်လိုလုပ်သိတုံး”
“ငါ မင်းတို့အိမ် ရောက်ပြွးပြီးကွ မင်းအဘနဲ့ မင်းအမေက တာတေသမုန်းတောမှာ ယာထွန်လို့ဆိုလို့ ငါလိုက်လာတာ ကွ”

ဒီကောင်စုတ်ဖွားက ကျုပ်နဲ့မှရွယ်တူဗျ။ ငွေတွင်းကုန်းသား ကျုပ် မြို့ကျောင်းမှာ ကျောင်းတက်တုန်းက ဒီကောင်လည်းလာတက်သေးတယ်။

ဒါပေမဲ့ စုတ်ဖွား က ခုနှစ်တန်းလောက်မှာ ဆက်မတက်တော့ဘူးဗျ။ ကျုပ်ကိုတော့ လွှတ်ခင်တဲ့ကောင်ဗျ ဒီကောင်နာမည်က အောင်ဒင်လေ ဒါပေမဲ့ ဒီကောင်ဆံပင်တွေက အမြဲတမ်းရှည်ရှည်ပွပွ ကြီးဆိုတော့ သူတို့တစ်ရွာ လုံးက ဒီကောင်ကို စုတ်ဖွားပဲခေါ်ကြတာ။ တစ်ခါတလေ ကျော်ဒင်လို့ ပြောမိရင်တောင်-

“နေပါအုံးကွ၊ ကျော်ဒင် ဆိုတာ ဘယ်သူတုံး”
လို့ သူတို့ရွာသားတွေက မေးတာဗျ။
“ဟာ ဘထွေးကလည်း ကျော်ဒင် ဆိုတာ စုတ်ဖွားကို ပြောတာလေဗျာ”
လို့ပြန်ပြောယူရတာဗျ။ စုတ်ဖွားဆိုတဲ့ကောင်က လူကအရပ်ပုပြတ်ပြတ်၊ မျက်ပေါက်က ကျဉ်းကျဉ်း၊ ရယ်စရာပြောရင်လည်း လွှတ်အရယ်သန်တဲ့ကောင်ဗျာ။ ရယ်ပြီဆိုရင်လည်း မျက်စိပေါက်တွေ ပျောက်ကိုသွားတော့တာဗျ။ ဘာပဲပြောပြောဗျာ စုတ်ဖွားဆိုတဲ့အကောင်က ကျုပ်ကိုတော့လွှတ်ခင်တာဗျ။

သမုန်းပင်တွေအောက်ကို ကျုပ်ရောက်တော့ ဒီကောင်ကရယ်ကျဲကျဲနဲ့ ကျုပ်ကို ကြည့်နေတယ်။ ပြီးတော့ သမုန်းပင်တွေကို တစ်ချက်မော့ကြည့်ပြီး ပြောတယ်။

“အေးကွ စုတ်ဖွားရ၊ မင်းပြောမှ ငါလည်း သတိရတယ်၊ ငါ့အဘမှာရော သမုန်းအမှုန့်တွေ ကျန်သေးရဲ့လား မသိဘူး၊ မေးကြည့်ရဦးမယ်”
ကျုပ်တို့ရွာတွေဘက်မှာတော့ တချို့လူကြီးတွေက သမုန်းဥကို အမှုန့်ထောင်းပြီး ပျားရည်နဲ့တေပြီး သောက်ကြတာဗျ။ ရာသီဒဏ်၊ ဥတုဒဏ် ခံနိုင်ကြတယ်။ ခြေဖဝါး လက်ဖဝါးမှာ ချွေးတစို့စို့နဲ့ လူကြီးတွေ လွှတ်ပြီးကျန်းမာတာဗျ။

သမုန်းပင်ရဲ့ နာမည်အမှန်က သမားမုန်းပင်တဲ့ဗျ။ ဒီဥကိုစားတဲ့ လူတွေဟာ ဘာရောဂါမှ မဖြစ်တော့လို့ ဆေးသမားတွေ ထမင်းငတ်ကြလို့ ဒီအပင်ကိုသမားမုန်းပင်လို ခေါ်တာဆိုပဲဗျ။

အမြစ်ကနေ ဥဖြစ်တဲ့အမျိုးပေါ့ဗျာ။ အဲ့ဒီသမုန်းဥကို ပါးပါးလှီးပြီး နေခြောက်လှန်း၊ အမှုန့်ထောင်းရတာဗျ၊ ပြီးမှ ပျားရည်နဲ့တေပြီး စားကြတာ။ သိပ်များများတော့ မစားရဘူးဗျ၊ နည်းနည်းပဲ စားရတယ်။

“နို့. နေပါဦး ကွ၊ စုတ်ဖွားရ၊ ဘယ်ကလှည့်ပြီး ငါ့ဆီရောက်လာတာတုံး”
“ဟကောင် တာတေရ ဘယ်ကမှ လှည့်ကာ မဟုတ်ဘူးကွ မင်းဆီကိုပဲ သက်သက်လာခဲ့တာ၊ ကိစ္စရှိလို့”
ကျုပ်က ကျုပ်ရဲ့ လွယ်အိတ်ကလေးထဲက နဂါးဆေးပေါ့လိပ်တစ်လိပ်ထုတ်ပြီး စုတ်ဖွားကို လှမ်းပေးလိုက်တယ်။ ဓနုဖြူဒေါ်ရီ မီးခတ်ကိုလည်း ပေးလိုက်တယ်။ ကျုပ်လည်း နဂါးဆေးပေါ့လိပ်ကလေးတစ်လိပ် ယူလိုက်တယ်။
“ထောက်”
စုတ်ဖွားက မီးခတ်အဖုံးကိုဖွင့်ပြီး မီးခြစ်တယ်၊ ပြီးတော့ ကျုပ်လဲမီးခတ်ယူပီး မီးညှိလိုက်တယ်။

“မင်းမီးခတ်က ကောင်းလှချည်းလားကွ၊ တစ်ချက်ခြစ် တစ်ချက်တောက်ပါပဲလား အေးကွ မီးခတ်ဆိုတာ အဲ့ဒီလိုတစ်ချက်တည်းတောက်မှ စိတ်ချမ်းသာရတာကွ တချို့မီးခတ်တွေများ သုံးဘေးချက် ခြစ်တာတောင် မတောက်ဘူး မီးခြစ်ရတဲ့လက်ကို နာရောကွာ”

“ငါက ညဆိုရင် မီးခတ်ကို ဂွမ်းလဲဖို့လိုရင်လဲ မီးစာလဲဖို့လိုရင်လဲ မီးခတ်ကျောက်အသစ်လိုရင်လည်း အမြဲလဲတာကွ pတော့ငါက မီးခတ်ထဲထည့်တဲ့ ဓာတ်ဆီကိုလည်းအကောင်းစားရှာဝယ်ပြီးမှ သုံးတာကွ စုတ်ဖွားရဲ့”
“သြော် ဒီလိုလား ဒါကြောင့် မင်းမီးခတ်က ကောင်းနေ တာကိုး”
“ပြောပါဦး စုတ်ဖွားရဲ့၊ ကိစ္စ ရှိလို့ဆိုတာ ဘာကိစ္စများတုံး ကွ”
စုတ်ဖွားက နဂါးဆေးပေါ့လိပ်ကို အားရပါးရဖွာ ပြီး ရှိုက်လိုက်တယ်။ ပြီးတော့ မီးခိုးတွေကို နှာခေါင်းကနေ အလိပ်လိုက် မှုတ်ထုတ်တယ်ဗျ။
“ဒီလိုကွ တာတေရ လွန်ခဲ့တဲ့ ၃နှစ်လောက်က ငါတို့ရွာမှာ တုတ်ပီး၊ ဓားပီး ဆေးလာထိုးတဲ့ ဆရာတစ်ယောက် ရောက်လာခဲ့တာ မင်းကြားမိသေးလား”
“အေး… ကြားတယ်၊ ကြားတယ်၊ မှော်ဝိဇ္ဇာဆရာမြ ဆိတြာမို့လား၊ မင်းတို့ရွာသားတွေ အလိမ်ခံလိုက်ရတယ်ဆို စုတ်ဖွား”
“ဟာ ဟုတ်တာပေါ့ တာတေရာ ထိုးကာစကတော့ တော်တော်စွမ်းတာကွ၊ နောက်တော့မှ ဘာမှမဖြစ်တော့ကာ”

“ပီးဆေးထိုးတဲ့အထဲမှာ မင်းရောပါလား”
“ဟာ ပါပါပြီလား တာတေရ၊ စုတ်ဖွားဆိုတဲ့ကောင်က ရှေ့ဆုံးကပေါ့ကွ၊ ဆရာမြက ငါ့ကိုအရင်ဆုံး ထိုးပေးတာဟေ့၊ ဆေးစုံအောင်လည်း ထိုးပြီးရော သူ့လွယ်အိတ်ကြီးထဲက လက်ထိပ်ကို ထုတ်p ငါကို ‘ချောက်’ ကနဲနေအောင် ခတ်တော့တာပဲဟေ့”

ရွာထဲက ကာလသားတေလည်း ငါ့ကိုအုံပြီးကြည့်နေကြတာပေါ့ကွာ။ မှော်ဝဇ္ဇာဆရာမြက ဟန်ပါပါနဲ့ ငါ့ကိုပြောတာဟေ့

“ဟင် ဘာပြောတာတုံး ”
“ကဲ တပည့်ကြီး မောင်ကျော်ဒင် မင့်စိတ်ထဲကနေ လက်ထိပ်ဖြုတ်စမ်းလို့ အမိန့်ပေးလိုက်စမ်းကွာလို့ ပြောတာဟေ့၊ ဒီတော့ ဆရာပြောတဲ့အတိုင်း ငါက အမိန့်ပေးလိုက်တာပေါ့ တာတေရ ”

“ဟေ မင်းကို ခတ်ထားတဲ့ လက်ထိပ်ကြီးရောလား ကွ”
“ဟာ ပြုတ်တာပေါ့ တာတေရ၊ ချောက်ကနဲကို မြည်သွားp ပြုတ်သွားတာဟေ့၊ ငါတို့ရွာသားတေဆိုတာ ဟယ်ကနဲ ဟာကနဲ ဖြစ်ကုန်ကြတာပေါ့ကွာ”
“အေး နောက်တော့ရော”
“လက်ထိပ်လည်းပြုတ်ရော ငါ့ခြေတွေ လက်တွေ ကြိုးတုပ်ပြန်ရောဟေ့၊ ပြီးတော့ ခုနက ပြောသလိုပဲ၊ ငါ့ကို စိတ်နဲ့ အမိန့်ပေးခိုင်းတယ်။”
“ဟေ ပြုတ်တာပဲလား”
“ဟာပြုတ်ရုံတင်ဘယ်ကမတုံး တာတေရ၊ ကြိုးတွေပြတ်ကို ထွက်သွားတာကွ”
“ဟေ စွမ်းလိုက်တဲ့ဆေးကွာ”
“တော်စမ်းပါ တာတေရာ မင်းက မြင်ရတာ မဟုတ်ဘဲနဲ့ ငါပြောတာ ကြားရုံနဲ့ကို ချီးမွမ်းနေတာကိုကွ ငါဆက်ပြောပါဦးမယ်”
“အေး အေး ပြောစမ်းပါဦး စုတ်ဖွားရဲ့”

“ဆရာမြက သူ့ဘေးမှာ အဆင်သင့်ချထားတဲ့ ဝါးရင်းတုတ်နဲ့ ငါ့ခေါင်းကို ခွမ်းကနဲနေအောင် ထရိုက်တာဟေ့”
“ဟာ ဟုတ်လား မင်း ဘာဖြစ်သွားတုံး ”

“ဘာမှမဖြစ်ဘူးကွ နာလည်းမနာ ကွဲလည်းမကွဲဘူးကွ ဒီမှာတင် တို့ရွာသားတေလည်း ဟင်ကနဲ ဟာကနဲ ဖြစ်ကုန်ကြတော့တာပေါ့ကွာ ရွာသားတွေ အဲဒီလို အံသြဘနန်းဖြစ်နေတုံးမှာပဲ ဆရာမြက သူထိုင်နေတဲ့ဖျာအောက်မှာ မသိမသာဝှက်ထားတဲ့ ငှက် ကြီးတောင်ဓားကို ဖျက်ကနဲ ဆွဲထုတ်ပီးတော့ ငါ့ကိုခုတ်တာဟေ့၊ ဟောဒီလက်မောင်းကိုပေါ့ကွာ”

“ဟာ မင်း ဘာမှမဖြစ်ဘူးလား”
” မဖစ်လို့ပေါ့ကွ၊ တာတေရ ပြတ်သာပြတ်ရင် ဒီလက်ကြီးတစ်ဖက် ဘယ်ရှိတော့မှာတုံး”

” အေး…… မင်းလိုပဲ တာတေရ ငါတို့ရွာသားတွေလည်း ချက်ချင်းအိမ်ပြန်ပြေးပြီး ပိုက်ဆံတွေယူကြတာပေါ့ကွာ မရှိတဲ့ကောင်ကလည်း ရွာထဲမှာ ရှာကြရတာပေါ့ကွာ နှမ်းအိတ်တွေထမ်းပြီး ရောင်းတဲ့ကောင်က ရောင်းပေါ့ကွာ ဆရာမြ ဆီမှာ အလုယက် လက်အုပ်တွေချီ ဆေးထိုးကြတာဟေ့”

“ဒီလူတွေရော စွမ်းတာပဲလား စုတ်ဖွားရဲ့”
“ဟာ စွမ်းပါpလားကွာ ငါလိုပဲ အကုန်စွမ်းတာကွ ညရောက်တဲ့အထိကို ဆရာမြက အောက်လင်းဓာတ်မီးကြီး ထွန်းပြီး ဆေးထိုးရတာကွ ရလိုက်တဲ့ ပိုက်ဆံတွေဆိုတာကွာ နည်းမှတ်လို့ အိတ်ကြီးနဲ့ တစ်လုံးပဲကွ၊ လူတွေအားလုံး ရှင်းသွားတော့ ဆရာမြက ငါ့ကိုအသာခေါ်ပီး ငါပေးထားတဲ့ ပိုက်ဆံတွေပြန်ပေးတယ် ပြန်ပေးရုံတင်မကဘူးကွ ငါသုံးဖို့ဆိုပီး ပိုက်ဆံသပ်သပ်ပေးသေးတာ”

“ဟေ. ဘာဖြစ်လို့တုံးကွ စုတ်ဖွားရဲ့”
“သြော် ဒီလိုလေကွာ ငါက ပထမဆုံးထိုးတဲ့လူလေကွာ ငါကသူစမ်းသမျှကို ပထမဆုံးခံရတဲ့လူလေ ငါ့ကိုစမ်းပြလိုက်တော့မှ ကျန်တဲ့လူတေက ပိုက်ဆံအထပ်လိုက် ကန့်တော့ပြီး ဆေးထိုးကြတာမို့လားကွ ဒီတော့ ငါ့ကို ကျေးဇူးတင်လို့ဆိုပီး ပေးတာပေါ့ကွာ ”
‘ အော် အော်.. ဒီလိုလား’

“ဒါပေမဲ့ တာတေရ မနက်မိုးမလင်းခင်ပဲ မှော်ဝိဇ္ဇာဆရာမြ ရွာထဲက ထွက်သွားတယ် ငွေထုပ်ကြီးလည်း ယူသွားတာပေါ့ကွာ တခြားရွာတစ်ရွာမှာ ဆေးထိုးဖို့ ချိန်းထားတာရှိလို့ ဆိုလားကွ”
” မင်းတို့ရွာသားတွေအားလုံး တုတ်ပီး၊ ဓားပီး ဖြစ်ကျန်ရစ်ခဲ့တာပေါ့ ဟုတ်လား စုတ်ဖွား ”

“ဟာ တော်စမ်းပါ တာတေရာ မင်းကလည်း ဒီသတင်းကြားတယ်လဲဆိုသေး၊ ဒီလိုကွ ဆရာမြ ပြန်သွားp တစ်ရက် နှစ်ရက်လောက်ကြာတော့ ရွာထဲကကောင်တွေက ကြွစောင်း စောင်း တွေဖြစ်နေတော့တာပေါ့ကွာ ”

” ဟင် ဘာဖြစ်လို့တုံး ကွ”
“ဟာ ဘာဖြစ်ရမှာတုံးကွ ကိုယ့်ကိုယ်ကိုယ် တုတ်ပြီး၊ဓားပီးလက်ထိပ်ပြုတ်တဲ့အကောင်တွေဆိုပြီး မာန်တက်နေကြတော့တာပေါ့ကွာ ဒီမှာတင် တစ်ယောက်နဲ့တစ်ယောက်ကစကားကိုအတင်မခေံတော့ဘူးဟေ။

ဒါနဲ့ပဲ ရွာလယ်ပိုင်းက ပေသီး ဆိုတဲ့ကောင်နဲ့ ကျော်ဝ ဆိုတဲ့ကောင် ရန်ဖြစ်ကြရောဟေ့ ဖြစ်လည်းဖြစ်ရော တစ်ယောက်နဲ့တစ်ယောက် ဝါးရင်းတုတ်တွေနဲ့ ဆော်လိုက်ကြတာ နှစ်ယောက်စလုံးကွဲပြီး သွေးတွေစီးကျလာလိုက်ကြတာ မနည်းကို လုပ်ယူလိုက်ရတာဟေ့။

ဒီတော့မှ ဆေးထိုးထားတဲ့ ကောင်တွေလည်း ကိုယ့်ကိုယ်ကိုယ် အပ်နဲ့ထိုးကြည့် ဝါးခြမ်းပြားနဲ့ရိုက်ကြည့် လုပ်ကြရတာပေါ့ကွာ၊ ကြိုးနဲ့ချည်ကြည့်လည်း ဘာအမိန့်ပေးလို့မှ မပြုတ်တော့ဘူးကွ” “ဟေ မင်းရော စမ်းကြည့်သေးလားကွ စုတ်ဖွားရဲ့”

“ဟာ စမ်းဖို့တောင် မလိုပါဘူးကွာ ခလုတ်တိုက်တာ အသားကွဲထွက်သွားပီး နာလိုက်တာမှ မပြောပါနဲ့ပေါ့ တာတေရာ”
“သြော် ဒီလိုကိုး”

“အေးကွာ ဒီတော့မှ ငါတို့ရွာသားတွေလည်း အလိမ်ခံရပြီ ဆိုတာ သိကြတော့တာပေါ့ကွာ မှော်ဝဇ္ဇာဆရာမြဆိုတာကိုလိုက်ရှာမယ်လို့ပြောတဲ့ကောင်ကပြော တွေ့ရင်တွေ့တဲ့နေရာမှာ သတ်မယ်လို့ပြောတဲ့ကောင်ကပြောနဲ့ တို့တောသားတွေ ထုံးစံပေါ့ကွာ သူခိုးပြေးမှ ထိုးကွင်းတွေထကုန်ကြတော့တာပေါ့ တာတေရာ”

“ဒါပေမဲ့ စုတ်ဖွားရဲ့ ဒီလူပညာက ပေါ့သေးသေးတော့ မဟုတ်ဘူးကွနော်”
” အေးကွ၊ ငါတို့ရွာက လူကြီးတွေကလည်း ပြောတယ်ကွ ဆရာမြ သုံးသွားတာ ‘တစ်ပွဲတိုး’ လို့ ခေါ်တဲ့ ဆေးတဲ့ကွ၊ ပီးရင် ပျက်သွားရောဆိုပဲ၊ ငါ့တို့တစ်ရွာလုံး ‘တစ်ပွဲတိုး’ဆေးနဲ့မိသွားတာပေါ့ကွာ”
” ဒါနဲ့ မင်းအခု ငါ့ဆီလာတာက ဒီဆရာမြဆိုတဲ့လူနဲ့ဆိုင်လို့လားကွ”
” ဆိုင်ပါပီလား တာတေရာ ငါတို့ရွာကို ပု လိပ်ဘက်က လူသုံးယောက် ရောက်နေတယ်ကွ၊ ငါ့အဘပြောတာကတော့ စုံထောက်တွေလို့ ပြောတယ်။

ငါတို့ရွာကို ဆင်းလာပီး စုံစမ်းတာကွ လွန်ခဲ့တဲ့ ၃နှစ်လောက်က ငါတို့ရွာကို ဆရာမြ လိမ်သွားတယ်ဆိုတာ ဟုတ်မဟုတ်ပေါ့ကွာ၊ ပီးတော့ လိမ်ပုံလိမ်နည်းတွေကိုမေးတာကွ။

ဒီမှာတင် ထူးဆန်းတာတစ်ခုကိုပြောတယ်တာတေရ၊ ဆရာမြဟာ ငါတို့ကြုံခဲ့တာထက် အများကြီးကိုစွမ်းတာတဲ့ကွ။ ဒီလူကိုဖမ်းပီး ထောင်ထဲထည့်တာလည်း အကြိမ်ကြိမ် ရှိပြီဆိုပဲ ဘယ်လိုဖမ်းထားလို့မှ မရဘူးတဲ့ကွ၊ ထောင်ပြင်ကို ပြန်ရောက်သွားတာချည်းပဲတဲ့ ”

“ဟာ ဟုတ်လား ဒါဆိုရင် ဆရာမြကို ဖမ်းလို့ ဘာထူးမှာတုံးကွ”
“အေး ငါ့အဘကတော့ စုံထောက်တွေကို ပြောသေးတယ်ကွ၊ ဆရာတို့ကလည်း ဒီလိုလူကို ဖမ်းနေရတယ်လို့ဗျာ၊ တစ်ခါတည်း သတ်ပစ်လိုက် pရောဆိုတော့ စုံထောက်တွေက ပြုံးပြီးပြောတယ်ကွ ” “ဟေ ဘာပြောတုံး စုတ်ဖွားရဲ့”

“အဘိုးပြောတာ နောက်တောင်ကျနေပီဗျ၊ ကျုပ်တို့က ဒီလူကို သေနတ်နဲ့လည်းပစ်ဖူးတယ်၊ ကြိုးပေးပီး လည်း စီရင်ဖူးတယ် ဘယ်လိုမှ လုပ်လို့မှမရဘူးဗျ။ ဒါပေမဲ့ တစ်ခုကောင်းတာက ဆရာမြကဘယ်တော့မှ လူမသတ်ဘူး သူသာ လူသတ်လို့ကတော့ ကျုပ်တို့သေတာ ကြာပေါ့ဗျာ”

“ဟာ ဆရာမြ ဆိုတဲ့လူက ဒီလောက်တောင် စွမ်းသလား စုတ်ဖွားရဲ့”
“စွမ်းပါပီလား တာတေရာ အဲဒါနဲ့ ငါ့အဘက လျှပ်စစ်နဲ့ သတ်ကြည့်ပါလား ဆရာရဲ့လို့ စုံထောက်တွေကို ပြောတော့ စုံထောက်တွေက ရယ်လိုက်ကြတာ တာတေရာ pတော့မှ ပြောတာကွ”
” ဟေ ဘာပြောတာတုံး”
“လျှပ်စစ်လည်း ပြတ်ကုန်လို့ ထောင်ကြီးတစ်ခုလုံး မှောင်တောင်ကျသွားသေးဗျ”
“ဟာ ဒါဆိုရင် ဆရာမြကို ဘယ်လိုမှ မနိုင်တော့ဘူးပေါ့ စုတ်ဖွားရဲ့”
” ဒီလိုတော့လည်း မဟုတ်ဘူးကွ၊ အခု တို့ရွာကိုရောက်နေတဲ့ စုံထောက်ကြီးတွေက အစွမ်းထက်တဲ့ ဆရာသမားကိုစုံစမ်းနေတာကွ၊ သူတတ်ထားတဲ့ ပညာတွေကိုဖျက်ပစ်နိုင်မှ ဆရာမြကို ဥပဒေနဲ့ အရေးယူနိုင်မှာလို့ ပြောတယ်ကွ၊ အဲ့ဒါသူတို့က ဆရာစုံစမ်းလို့ ငါ့အဘက မင်းအကြောင်း ပြောပြလိုက်တာ၊ စုံထောက်ကြီးတွေကမင်း
ကိုလွှတ်တွေ့ချင်နေကြပီကွ တာတေရ” “ဟေ…… ငါက ဆရာမှ မဟုတ်တာ စုတ်ဖွားကလည်း မင်းစဉ်းစားကြည့်လေကွာ၊ ငါက ဆရာဆိုရင်တောင် ဆရာမြလို ပုဂ္ဂိုလ် တစ်ယောက်ကို နိုင်ဖို့ဆိုတာဖြစ်နိုင်ပါ့မလားကွာ။”
” ဘာပဲဖစ်ဖြစ်ကွာ တာတေရာ စုံထောက်ကြီးတွေကိုတော့လိုက်တွေ့စေချင်တယ်ကွာ သူတို့က မင်းကို တော်တော်တွေ့ချင်ကြတာကွ”
“ဟင် ဒါဆိုရင် ငါက မင်းတို့ငွေတွင်းကုန်းကို လိုက်ခဲ့ရမှာပေါ့ ဟုတ်လား စုတ်ဖွား ငါကလည်း မင်းမြင်တဲ့အတိုင်း ယာထွန်လက်စကြီးကွ”
“ဟာ မဟုတ်ဘူးကွ စုံထောက်ကြီးတွေက ငါနဲ့တစ်ပါတည်း လိုက်လာတာ မင်းတို့ ထနောင်းကုန်းသူကြီးအိမ်ကိုရောက်နေကြပီး ငါက သူတို့ကို လှည်းနဲ့ လိုက်ပို့တာကွ”
“”ဟေ. မင်းက စောစောက အဲ့ဒီလိုမှ မပြောတာစုံထောက်တွေကငါတို့ရွာမှာရောက်နေpပေါ့ ဟုတ်လားစုတ်ဖွား”
“အေး……..ရောက်နေပီ မင်းတို့သူကြီးကို ငါကတာတေယာထဲဆင်းသွားတယ် ယာထွန်နေတယ် ကျုပ်သူငယ်ချင်းကို ကျုပ် သွားခေါ်ပေးမယ်လို့ပြောပီ မင်းဆီကိုလိုက်လာတာကွ အကျိုးအကြောင်းလေးတွေလည်း ကြိုပြီးပြောပြထားချင်လို့ ငါ့ လိုက်လာတာလေ” ကျုပ်လည်း ထွန်ဖြုတ်လိုက်ရတော့တာပေါ့ဗျာ စုတ်ဖွားက ချက်ချင်းပဲ လှည်းကောက်လိုက်တယ် ပီးတာနဲ့ လှည်းပေါ်ကို ထွန်တုံးတင်ပီး ရွာကိုတန်းမောင်းခဲ့တာပေါ့ဗျာ အိမ်ပြန်ရေမိုးချိုးပီးမှ သူကြီးအိမ်ဘက်ကို ကျုပ်နဲ့ စုတ်ဖွားနဲ့ ထွက်လာခဲ့ကြတယ်။

ကျုပ်တောင် သူကြီးအိမ်ဘက်ကို မရောက်တာကြာနေပီးဗျ။ သူကြီးအိမ်ဝိုင်းထဲက မန်ကျည်းပင်တွေကတော့ စိမ်းမှောင်နေတာပါပဲ။
” အိမ်ပေါ်ကို တက်ခဲ့ဟေ့ တာတေရေ”
ကျုပ်နဲ့ စုတ်ဖွား ဝိုင်းထဲဝင်လိုက်တာနဲ့ ဆယ်အိမ်ခေါင်း ကိုမြင့်က လှမ်းပြောလိုက်ဗျ။ ကျုပ် တို့နွစ္ယောက်လည်း လှေကားအတိုင်း သူကြီးရဲ့အိမ်ကြီးပေါ်ကို တန်းတက်ခဲ့ရတာပေါ့ဗျာ။ အိမ်ပေါ်ကို ရောက်တော့ ဆယ်အိမ်ခေါင်း နွစ္ယောက်ရယ်၊ သူကြီးရယ်၊ သူစိမ်း ၃ယောက်ရယ် တွေ့ရတယ်ဗျ။

” လာဟေ့ တာတေ၊ ဒီမှာ ဝင်ထိုင်ကြ”
သူကြီးကပြောလို့ ကျုပ်နဲ့ စုတ်ဖွား လူကြီးတွေအနားမှာခပ်ယို့ယို့ဝင်ထိုင်ကြရတာပေါ့ဗျာ။
” အင်စပက်တော်မင်း ဟောဒါ ကျုပ်တို့ရွာက မောင်တာတေ ဆိုတဲ့သူငယ်ပဲ၊ သူကြီးက ပြောတော့……

“ဟာ သူကြီးကလည်း ဘယ့်နှယ် အင်စပက်တော်မင်းကမှာလည်းဗျာ၊ ကျုပ်က ရဲအုပ်အောင်ဒင်ပါ၊ ဟောဒီဘက်ကရဲအုပ်ခင်ကျော်၊ ဟိုဘက်က ရဲအုပ်စိန်ပွင့်ပါဗျာ”
” အော်ဟုတ်ကဲ့၊ ရဲအုပ်ကြီးတို့ မောင်တာတေနဲ့ ပြောလိုရာ ပြောကြပါဗျာ”
သူကြီးက ရဲအုပ်ကြီးလို့ပြောင်းပြောလိုက်တော့မှ စုံထောက်ကြီးတွေက ပြုံးပြုံးရွှင်ရွှင်နဲ့ ကျုပ်ကို စကားစပြောကြတယ်ဗျ။
“မောင်တာတေက ငယ်ငယ်လေးပဲ ရှိသေးတာ ဘယ့်နှယ်လုပ်ပီးဆရာဖြစ်နေတာတုံး”
” ဟာ ကျုပ်က ဆရာ မဟုတ်ပါဘူး ရဲအုပ်ကြီး၊ ဆရာတွေနဲ့လိုက်ပီးလိုတာတွေ ကူညီလုပ်ကိုင်ပေးကိုင်ဖူးတာပါ့ဗျ”

“သြော်.. ဒီလိုလား ဒါဆို မောင်တာမှာ ဆရာသမားကောင်းတွေနဲ့အဆက်အသွယ်ရှိမှာပေါနော်” “အဆက်သွယ်ရယ်လို့တော့ မရှ်ိပါဘူးဗျာ ဒီဆရာတွေ ကျုပ်တို့ရွာ တွေဘက်ကိုရောက်တဲ့အခါ လျှောက်လိုက်ဖူးတာပါ သူတို့တွေ ဘယ်မှာနေကြတယ် ထိုင်ကြတယ် ဆိုတာတော့ ကျုပ် မသိဘူး ရဲအုပ်ကြီးရဲ့”

“အော် ဒီလိုလား၊ ဒါလည်း ဟုတ်တာပေါ့ဗျာ နို့ ရဲအုပ်ကြီးတို့က အခု ဘာအကူညီများ လိုနေလို့တုံး၊ ကျုပ် သိရရင် တက်နိုင်တာ ကူညီပေးနိုင်တာပေါ့ဗျာ ”
“ဒီလို မောင်တာတေရဲ့၊ မှော်ဝိဇ္ဇာဆရာမြ ဆိုတဲ့လူတစ်ယောက် တော်တော်ဒုက္ခပေးနေတာကွ နည်းမျိုးစုံနဲ့ကို လိမ်လည်နေတာ များနေပီကွ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတောင် မင်းသူငယ်ချင်းစုတ်ဖွားတို့ရွာမှာ လိမ်သွားသေးတယ်မို့လား။

အခြားနေရာတေမှာလဲ လျောက်လိမ်နေတာပဲကွ တစ်နေရာမှပုံစံတစ်မျိုးနဲ့ကို လိမ်တာ ပီးတော့ ရုပ်ကိုလဲ အမျိုးမျိုးပြောင်းနိုင်တယ် ကဲစုတ်ဖွားမင်းတို့ရွာမှာလာလိမ်တုံးကပုံစံကဘယ်လိုတုန်း” ရဲအုပ်ကြီး အောင်ဒင်ကစုတ်ဖွားကိုမေးလိုက်တယ်။ စုတ်ဖွားကသေသေချာချာ စဉ်းစားပီး ပြောတယ်။

“သျှောင် တစောင်းနဲ့ နှုတ်ခမ်းမွေးကားကားကြီးဗျ အသားညိုညို ပိန်ပိန်ပါးပါးပဲ ပါးစပ်ထဲမှာ ရွှေသွားလေး၂ချောင်း စိုက်ထားတယ် မျက်လုံးတေကတော့အရောင်တော်တော် တောက်တယ်ဗျ။”

“ကဲ တွေ့လား မောင်တာတေ၊ ရှမ်းပြည်ဘက်မှာ ရှမ်းသူဌေးမတစ်ယောက်ကို ဆေးခတ်ပီး သားမယားအဖြစ် ပေါင်းသင်းပီး ရှမ်းသူဌေးမရဲ့ စိန်တွေ၊ရွှေတွေကို ယူပြေးတုံးက တရုတ်ပုံစံနဲ့ အသားဖြူဖွေးနေတာကွ၊ တစ်ခါ ရန်ကုန် မဂိုလမ်းမှာ စိန်ဘာဘူဆီက စိန်တွေ ယူသွားတုန်းက အိန္ဒိယကလာတဲ့ ကုလားသူဌေးပုံစံနဲ့၊ ကုလားလိုပြောပီး စိန်အစစ်နဲ့ အတုတွေနဲ့ လဲသွားတာ”
“ဟာ ဒီလူ ရုပ်အမျိုးမျိုး ဖန်ဆင်းနိုင်တာပဲ”

ကျုပ်က အံသြပီး တော့ ပြောလိုက်တာဗျို့။ ဒီလူတက်တဲ့ပညာက ဘာပညာမှန်းတောင် ကျုပ် မသိဘူး ။ ဒါမျိုးကို ကျုပ်ဆရာတွေလည်း မပြောဖူးကြဘူး။

“အခု နောက်ဆုံးဖြစ်သွားတာက ရန်ကုန်က မုဆိုးမတစ်ယောက်ကို လိမ်သွားတာကွ၊ လိမ်ပီးတော့ ရတနာသေတ္တာယူသွားတာ ၊ ငါနဲ့ ဟောဒီက ကိုစန်းပွင့် လိုက်ဖမ်းရတာ၊ ရှင်းရှင်းပြောရရင်တော့ သတင်းအတိအကျရလို့ လိုက်ဖမ်းတာဟေ့၊ အဲ့ဒီမြို့လေးက သူ့အသိတစ်ယောက်အိမ်မှာ သွားတွေ့တာပဲ၊ တွေ့တော့ ငါကပြောတာပေါ့ကွ၊
`ဆရာရယ် ဆရာ့ကို ကျုပ်တို့ အကြိမ်ကြိမ် ဖမ်းခဲ့ဖူးပါပီဗျာ အကြိမ်ကြိမ်လည်း လွတ်ခဲ့တာပါပဲ၊ ဒါပေမဲ့ ဆရာတပည့်များကို အထက်က အလုပ်ဖြုတ်မပစ်အောင် ဆရာ ကူညီပါ။ ကျုပ်တို့မှာ မိသားစုတွေနဲ့မို့ အလုပ်ပြုတ်မှာ ကြောက်လို့ပါဗျာ”

“ကောင်းပီ ကျုပ်တပည့်ပြော ဆရာ ဘာကူညီရမလဲ”
“ဆရာ ယူလာတဲ့ ရတနာသေတ္တာ ကျုပ်တို့ကို အပ်ပါဆရာ ပြီးတော့ ကျုပ်တို့နဲ့ ရန်ကုန်ကို ပြန်လိုက်ခဲ့ပါ။ ဆရာကို လက်ထိပ်လည်း မခတ်ပါဘူးဗျာ ခတ်လည်း အပိုပဲဆိုတာ တပည့်တို့ သိပီးသားပါ” အချို သတ်ခေါ် ရတော့တာပေါ့ ကွာ၊ ဒီတော့ ဒီလူက….

`အေး….. ကောင်းပီ၊ ငါ့ကြောင့် မင်းတို့ ထမင်းအိုး မကွဲစေရဘူး’
အဲဒီလို ပြောပြီးတော့ ငါတို့နဲ့ အေးအေးဆေးဆေးပဲ လိုက်လာတာကွ၊ ရန်ကုန်ရောက်တော့ သူကိုတရားစွဲပြီး ထောင်ချလိုက်တယ်
“ဟာ ဒီလိုတော့လည်း အေးအေးဆေးဆေး ထောင်ကျခံတာပဲကိုး”
သူကြီးက ဝင်ပြောတာဗျ။
“ဟာ သူကြီးရာ ဘယ်ကအေးဆေးမှာတုံးဗျာ၊ ထောင်ထဲရောက်ပြီး 3ညမြောက်မှာ သူ့အစွမ်း ပြတော့တာပဲဗျ”
“ဟင် ဘယ်လိုများပြတာတုံး ရဲအုပ်ကြီးရဲ့”
ကျုပ်က သိချင်စိတ်နဲ့ မေးမိတာဗျို့

“ဒီလိုကွ ၊ မောင်တာနေရဲ့ ၊ ရန်ကုန်ထောင်မှာက ထောင်ပိုင်ကြီးရဲ့ နာမည်က ဦးကျော်မွှေးတဲ့၊ ကရင်ကြီးကွ၊ အဲ့ဒီညမှာ ထောင်ပိုင်ကြီးက ဒုထောင်ပိုင်နဲ့ ထောင်မှူးတွေကို ခေါ်ပြောတယ်။ `ငါတို့ထောင်ထဲကို အင်မတန် ဒုက္ခပေးတဲ့ကောင် တစ်ကောင် ရောက်နေတာ မင်းတို့ သိတယ်မို့လား၊ အဲ့ဒီတော့ မင်းတို့တာဝန်ကို ခါတိုင်းထက် ပိုထမ်းရတော့မှာပဲ၊ ဒီည ၁၂နာရီကျော်ရင် အိပ်ဆောင်တွေ လိုက်စစ်ပါ’ လို့မှာပြီး ထောင်ပိုင်ကြီးက သူ့ကားလေးနဲ့ ထောင်ကြီးအပြင်ကို ထွက်သွားတယ်။ နာရီကျော်တော့ ဒုထောင်ပိုင်နဲ့ ထောင်မှူးတွေ ထောင်ပိုင်ကြီး မှာတဲ့အတိုင်း အိပ်ဆောင်တွေ လိုက်စစ်ကြတာပေါ့ကွာ၊ ဒီမှာတင် မင်းတို့ပြောတဲ့ မှော်ဝိဇ္ဇာဆရာမြ ရဲ့ အိပ်ဆောင်ကို ရောက်လာတော့ ဆရာမြအခန်းကို ဝင်စစ်တာပေါ့ကွာ၊ ထောင်ဝတ်စုံအဖြူကြီးဝတ်ပြီး အိပ်ပျော်နေတဲ့ ဆရာမြကထောင်မှူးတွေ ဘယ်လောက်လောက်ခေါ်ခေါ် မနိုးဘူးတဲ့ကွ၊ ဒါနဲ့ ဒုထောင်ပိုင်က သံသယဖြစ်လာတော့သော့ဖွင့်ဝင်ပီး အိပ်နေတဲ့ ဆရာမြကို ကြည့်လိုက်တော့ ဆရာမြ မဟုတ်ဘဲ သူတို့ရဲ့ထောင်ပိုင်ကြီး ဦးကျော်မွှေး ဖြစ်နေတယ်ကွ”
“ဗျာ ဘယ်လို ထောင်ပိုင်ကြီးဟုတ်လား ထောင်ပိုင်ကြီးက ကားနဲ့ ထွက်သွားပြီပဲ”
“အေး ဟုတ်တယ် မောင်တာတေ၊ ဆရာမြ ဆိုတဲ့လူက အဲ့ဒီလောက်ကိုစွမ်းတာကွ၊ ကားနဲ့ ထွက်သွားတာသူပေါ့ကွာ၊ အဲ့ဒီလောက်ကိုစွမ်းတာကွ၊ အဲ့ဒီကတည်းက ငါတို့ သူနောက်ကို လိုက်နေကြတာ”
“ဟာ ဒါဆို ဆရာမြက လွတ်သွားတာပေါ့ ဟုတ်လား ရဲအုပ်ကြီး”
“ဟုတ်တာပေါ့ မောင်တာတေ၊ ဒါကြောင့် သူ့ရောက်ခဲ့ သွားခဲ့တဲ့ နေရာတွေကို ငါတို့ လိုက်စုံစမ်းနေရတာပေါ့ကွာ၊ ပီးတော့ ဒီဆရာမြကို နိုင်မယ့် ဆရာမျိုး၊ ပညာမျိုးကိုလည်း စုံစမ်းနေတာကွ မောင်တာတေရ၊ အေးခက်တာက ဆရာမြကို တစ်ခါမိရင် ရုပ်ကတစ်မျိုး၊ နာမည်က တစ်မျိုးနဲ့. သူ့နဂိုရုပ်က ဘယ်လိုရှိမှန်းတောင် ငါတို့မသိတာ၊ မျက်မှာချင်းဆိုင်တွေ့နေလည်း ငါတို့ ဘယ်လိုမှ ဖမ်းနိုင်မှာ မဟုတ်ပါဘူးကွာ၊ ပြီးတော့ ဖမ်းတယ်ပဲထား၊ ဒီလူက လက်ထိပ်လည်း ခတ်လို့မရ၊ ကြိုးလည်းတုပ်လို့မရ၊ ကုန်ကုန်ပြောမယ်ကွာ၊ ဒီလူကို အမျိုးမျိုး သတ်ကြည့်ခဲ့ဖူးပြီ ဘယ်လိုသတ်လို့မှ မသေဘူးကွ၊ ရေထဲမှာ တစ်ညလုံး ခဲဆွဲပီး နှစ်ထားတာတောင် သေတဲ့လူ မဟုတ်ဘူးကွ မောင်တာတေရဲ့”
နောက်ဆုံးတော့ စုံထောက်ကြီးတွေက ဆရာမြ လို့ခေါ်တဲ့လူကိုတွေ့ရင် အကြောင်းကြားဖို့၊ ဒီလူကို နိုင်မယ့်ဆရာကို စုံစမ်းပေးကြဖို့. မှာပြီး ပြန်သွားကြတာပေါ့ဗျာ။
ဒီလိုနဲ့ပဲ စိတ်ထဲဝေးသွားတာပေါ့ဗျာ။ ကျုပ်စိတ်ထင်တော့ နှစ်လကျော်ကျော်လောက် ရှိမယ်ထင်တယ် နွေပေါက်နေပြီဗျ။ အဘနဲ့ ကျုပ်နဲ့ နှမ်းပုတ်နေကြပီလေ။
ဒီနေ့တော့ ယာထဲက ပြန်လာပြီး မောမောရှိတာနဲ့ ဝိုင်းထဲက ကွပ်ပျစ်မှာ ကျုပ် လှဲနေတာဗျ။
“တာတေရေ၊ တာတေ”
ကျုပ် အိပ်နေတာ မဟုတ်တော့ ချက်ချင်း ခေါင်းထောင် ကြည်လိုက်တာပေါ့ဗျာ။
“ဟေ့ကောင် သိန်းဇော် လာလေကွာ ”
ဘန့်ဘွေးကုန်းက သိန်းဇော်ဗျ၊ ဒီကောင်လည်း ကျုပ်နဲ့ တစ်ရွယ်တည်းပဲဗျ။ တင်သောင်းရယ်၊ သိန်းဇော်ရယ်၊ ကျုပ်ရယ်က မီးဝင်မီးထွက်တွေဗျ။ ခင်လည်း ခင်ကြပါတယ်။
သိန်းဇော် ကျုပ်ထိုင်နေတဲ့ သစ်သားကွပ်ပျစ်မှာ ဝင်ထိုင်တယ်။
“သိန်းဇော် ဘယ်လာတာတုံး”
“မင်းဆီကို လာတာကွ တာတေရ”
“ဟေ ဟုတ်လား၊ ရော့ သောက် ဆေးပေါ့လိပ် ငါ ရေနွေးအိုး တက်ယူလိုက်ဦးမယ် ”
အိမ်ပေါ်ကို ကျုပ် ရေနွေးအိုး တက်ယူတယ်။ ကျုပ် ပြန်ဆင်းလာတော့ သိန်းဇော်က နဂါးဆေးပေါ့လိပ်ကလေး ဖွာလို့ဗျ။ ကျုပ်က ရေနွေးငှဲ့ပေးလိုက်တယ်။ သိန်းဇော် က ရေနွေးကြမ်းတစ်ပန်းကန်ကိုယူပီး သောက်လိုက်တယ်။
“ ဒီလိုကွ တာတေရ၊ ငါတို့ရွာက ရွာလယ်ပိုင်းမှာနေတဲ့ ကိုကြီးဘလွင်ကို မင်းသိတယ်မို့လား”
“ဟာ သိတာပေါ့ကွ သိန်းဇော်ရ၊ ဘန့်ဘွေးကုန်းမှာ တာတေ မသိတဲ့လူက မမွေးသေးတဲ့လူပဲ ရှိတာဟ”
“အေးအေး အဲ့ဒီကိုကြီးဘလွင်တို့အိမ်မှာ ဧည့်သည်တွေ ရောက်နေတယ်ကွ၊ ကိုကြီးဘလွင်ရဲ့ ဆရာလိုလို ပြောတာပဲ၊ လင်မယားနှစ်ယောက်ကွာ မိန်းမက တော်တော်ချောတယ်၊ ငယ်လည်း ငယ်ပုံရတယ်၊ ယောက်ကျားက နည်းနည်းအသက်ကြီးတယ်၊ အသားဖြူဖြူကွ၊ ရှမ်းလိုလိုပုံစံပဲ၊ ငါစိတ်ထင်တော့ အခုမှ မိန်းမခိုးလာပြီး တို့ရွာမှာ နေတာ ထင်တယ်ကွ”
“ဟုတ်ချင်လည်း ဟုတ်မှာပေါ့ကွာ၊ အချိန်တန်တော့ ပြန်သွားကြမှာပေါ့၊ မင်း ငါတို့ဆီကို ဒီအကြောင်း လာပြောတာလား”
“ ဒီအကြောင်းတော့ မင်းကို လာပြောမလား တာတေရ၊ ဒီလိုကွ မနေ့က ငါက သရက်သီးစိမ်း တို့စရာ ခူးနေတာကွ၊ ငါတို့ရွာအရှေ့ဘက်က သရက်အုပ်မှာလေကွာ၊ ငါသရက်ပင်ပေါ်မှာ ခူးနေတုန်း ကိုကြီးဘလွင်ရဲ့ ဧည့်သည် ရှမ်းလိုလိုလူ ရွာထဲက ထွက်လာတယ်။ သူတစ်ယောက်ထဲတည်းကွ။ သူ့မိန်းမ မပါဘူး။ ငါလည်းအသာကြည့်နေတာပေါ့ကွာ၊ ငါသရက်သီးတစ်လုံး လှမ်းခူးပီးတော့ လှည့်ကြည့်လိုက်တော့ တာတေရေ ငါဆိုတာ ကြက်သီးတွေတောင် ထသွားတယ်ဟေ့”
“ဟင် ဘာဖြစ်လို့တုံး သိန်းဇော်ရဲ့”
“ စောစောက ရှမ်းလိုလိုလူကနေ ပုဆိုးကွက်တုံးနဲ့ တိုက်ပုံအနက် ဝတ်ထားတဲ့ အသက်ကြီးကြီး လူတစ်ယောက်ပုံစံဖြစ်နေရောကွ တာတေရ”
“ဟာ မင်းဟာက သေချာလို့လားကွာ၊ ဘယ်လိုဖြစ်လို့ ချက်ချင်းကြီး ပုံစံပြောင်းသွားမှာတုံး၊ တခြားလူတစ်ယောက်ကို မင်းမြင်လိုက်တာများလားကွာ”
“ဘယ်ကလာ တခြားလူဖြစ်မှာတုံး တာတေရာ ရွာထဲက ထွက်လာတာ ဒီလူတစ်ယောက်ထဲ ထွက်လာတဲ့ဟာ ငါသေသေချာချာကို မြင်တာကွ”
ကျုပ် ချက်ခြင်းသဘောပေါက်သွားပီပေါ့ဗျာ။ ဒီလူဟာ မှော်ဝိဇ္ဇာဆရာမြက လွဲရင် ဘယ်သူဖြစ်မှာတုံး။
“ဟေ့ကောင် သိန်းဇော်၊ ဒီအကြောင်းကို မင်းဘယ်သူတွေကို ပြောသေးလဲ”
“ ဟာ ငါ ဘယ်သူမှ မပြောဘူးကွ၊ ပြောရင် ငါ့ကို အရူးလို့ပြောကြမှာပေါ့ကွ”
“ အေးအေး ဟုတ်ပီ၊ သိန်းဇော် မင်း ဒီအကြောင်းကို ဘယ်သူ့မှ မပြောနဲ့၊ ဒီလူကို ငါသိတယ်၊ ဒီလူနဲ့ ပတ်သက်ပီး ငါ့မှာ လုပ်စရာတွေရှိတယ်၊ မင်းလုပ်ရမှာက အဲ့လင်မယားကိုသာတစ်စေ့ တစေ့တစောင်းကြည့်ထား၊ ဒီရက်ထဲမှာ ပြန်သွားရင် ငါ့ကိုချက်ချင်းသာလာပြော ကြာလား သိန်းဇော်၊ မင်း ရုပ်မပျက်စေနဲ့ နော်”
“အေးပါကွာ၊ မင်းတို့ရွာက ရွှေတောင်ဦးဘုရားပွဲမှာ နှစ်တိုင်း ပြဇာက်က လာတာ၊ မင်းသိသားနဲ့ကွာ၊ ငါ သရုပ်ဆောင် တက်ပါတယ်ကွာ”
သိန်းဇော် ပြန်သွားတော့ ကျုပ် ချက်ချင်းစီစဉ်တယ်။ ကျောက်ခဲနဲ့ သံမဏိကို ခေါ်ပြီး ကြက်တစ်ယောက် ချက်တယ်။ ထမင်းတောင်းပြင်တယ်။ နတ်ကတော် ဒေါ်တုတ်ကို ချက်ချင်း သွားခေါ်ပီး ညရှစ်နာရီထိုးတော့ ထနောင်းကုန်းသင်္ချိုင်းထဲမှာ ကျုပ်ရောက်နေပြီဗျ။ ခါတိုင်းလိုပဲ ကျုပ် မဖဲဝါကို ပင့်တာပေါ့ဗျာ။
“ သင်္ချိုင်းရှင်မကြီး မဖဲဝါ၊ ရှိနေရာအရပ်ကနေ အမြန်ကြွလာခဲ့ပါ၊ ကျွန်တော် တာတေက မဖဲဝါကို စားပွဲသောက်ပွဲများနဲ့ ကြိုဆိုပါဗျာ”
ဟော မဖဲဝါ ကြွလာပီဗျို့။ ဒေါ်တုတ်ကို ဝင်ပူးတယ်။ ဂူပေါ် ခုန်တက်ပြီး စားပြီဗျို့။ စားရင်းသောက်ရင်းကနေ ကျုပ်ကို လှမ်းကြည့်တယ်။
“မဖဲဝါ ဘန့်ဘွေးကုန်းမှာ ရုပ်ပြောင်းရုပ်လွဲ အင်မတန် ကောင်းတဲ့လူတစ်ယောက် ရောက်နေတယ်ဗျ”
ကျုပ်ပါးစပ်က ဒါလေးပဲ ပြောရသေးတာဗျ။
“ဟဲ့တာတေ၊ အဲ့ဒါ ငမြဟဲ့၊ အင်မတန်ယုတ်မာတဲ့အကောင်၊ ငါ့သခင် လူနီကလေးရဲ့ တပည့်ဟဲ့၊ ငါ့သခင်အနားမှာ ဆယ်နှစ်ဆယ်မိုး အလုပ်အကျွေးပြုလို့ ငါ့သခင်က ငမြကို မှော်ပညာ သင်ပေးလိုက်တာ၊ တစ်ဖက်ကမ်းခတ်အောင် ဒီအကောင်တတ်သွားတယ်။ ဒီအကောင်ကို ပုလိပ်တွေ လိုက်ရှာနေတာမို့လား၊ ဘယ်တော့မှ သူတို့ ဖမ်းလို့မရဘူး တာတေရဲ့၊ ဒါပေမဲ့ ဒီအကောင် လူတွေကို ဒုက္ခပေးတာ များလှပြီ ဖယ်ပစ်ရတော့မယ်”
“ဟုတ်ကဲ့၊ ကျုပ် ဘာလုပ်ရမလဲ မဖဲဝါ ”
“ ဟုတ်ပြီတာတေ၊ နင် အရှေ့ဘက်တောကိုတက်၊ နင့်ကို ခွေးနက်ကလေးတစ်ကောင် လာကြိုလိမ့်မယ်၊ သူ့နောက်ကနင်လိုက်သွား၊ ရေတံခွန်ကြီးကျနေတဲ့ ဂူပေါက်ထဲကို ဝင်ပေတော့၊ အဲ့ဒီမှာ ငါ့သခင် ရှိတယ်၊ နင်က ငါ့သခင် လူနီလေးကို မင်းကြီးလို့ခေါ် ကြားလား၊ ဇာတ်ထဲမှာ ရှင်ဘုရင်ကို ပြောသလိုပြော ကြားလား တာတေ၊ နင် လုပ်ရမှာကို သူပြောလိမ့်မယ်”
ကျုပ်ကိုပြောပီးတော့ မဖဲဝါ ပြန်ကြွသွားတယ်။ ကျုပ် အချိန်မဆိုင်းဘူး။ နောက်တစ်နေ့ စောစောမှာ ထမင်းထုပ် တစ်ထုပ် ထုပ်ပြီးကျုပ် အရှေ့ဘက်က တောင်ပေါ်တက်တောကြီးထဲကို ဝင်ခဲ့တယ်။
ဟော တွေ့ပြီဗျို့ ။ တောင်ခါးပန်းမှာ ကျုပ်ကို ကြိုနေတဲ့ ခွေးနက်ကလေးဗျ။ ဒီကောင်က အမြီးလေး တနှံ့နှံ့နဲ့ ကျုပ်ကို ကြိုနေတာဗျို့။
သူက ရှေ့ကပြေးတယ်။ ခပ်လှမ်းလှမ်းရောက်ရင် အမြီးလေးနှံ့ပီးကျုပ်ကို ရပ်စောင့်တယ်။ ကျုပ်က သူ့နောက်က လိုက်ရတာပေါ့ဗျာ။
“`ဝေါ၊ ဝေါ၊ ဝေါ၊ “‘
ဟာ ရေတံခွန်ကြီးဗျာ။ ဒီတော၊ ဒီတောင်မှာ ရေတံခွန် ရှိတယ်ဆိုတာ ကျုပ်တို့ တစ်ခါမှ မသိခဲ့တာဗျ။ ဘယ်သူပြောသံမှလည်း မကြားမိပါဘူးဗျာ။ ရေတံခွန်ဘေးက သစ်ပင်တွေက စိမ်းစိုလို့၊ ပန်းတွေကလည်း ပွင့်နေလိုက်တာ။ ကျုပ် တစ်ခါမှ မမြင်ဘူးတဲ့ တောပန်းတောင်ပန်းတွေဗျ။ ခွေးနက်ကလေးက လမ်းမြောင်လေးတစ်ခုကနေ ရေတံခွန်အနောက်ကို တိုးဝင်သွားတယ်။ ကျုပ်လည်း သူ့နောက်က လိုက်ရတာပေါ့ဗျာ။
ဟာ ဂူပေါက်ကြီးပါလား။ ဟော ဟိုကောင် ဂူပေါက်ထဲကို ဝင်သွားp. ကျုပ်လည်း သူ့နောက်ကလိုက်p oင်ရတာပေါ့ဗျာ။ ကြောက်တော့ ကောက်သားဗျ။ ဟင် ဂူကြီးတစ်ခုလုံး လင်းနေပါလား။ ကျောက်ဖယောင်းတိုင်ကြီးတွေ ထွန်းထားလိုက်တာ ဂူကြီးတစ်ခုလုံး လင်းထိန်နေတာဗျို့။
ခွေးနက်ကလေးက နေရာတစ်ခုမှာ ရပ်လိုက်p ထိုင်ပြတယ်ဗျ။ ကျုပ်ကို ဒီမှာထိုင်လို့ ပြောတာပေါ့ဗျာ။ သူပြတဲ့ နေရာမှာ ကျုပ် သွားpထိုင်လိုက်တယ်။ ဒီကောင် ဂူထဲက ကျောက်တုံးကြီးတစ်တုံးနောက်ကို ဝင်သွားတယ်ဗျ။ ခဏကြာတော့ ဒီကောင်ပြန်ထွက်လာတယ်။ ဟင်သူ့နောက်မှာ လူနီလေးကလေး ပါလာတယ်ဗျ။ အရပ်က တစ်ပေလောက်ပဲ ရှိတာဗျ။ လူမှ ဟုတ်ရဲ့လားလို့ ကျုပ်မှာ မနည်းကို ကြည့်ယူရတာ။ အင်္ကျီကလည်း အနီပဲဗျ။ သိုရင်းအင်္ကျီပုံစံမျိုး။ ကတ္တီပါအနီမှာ ရွှေချည်တွေ ထိုးထားတာ။
ခေါင်းမှာလည်း အနီရောင်ကတ္တီပါဦးထုပ်တစ်လုံး ဆောင်းလို့ဗျ။ ဦးထုပ်မှာလည်း ရွှေချည်တွေ ထိုးထားလိုက်တာ တော်တော်ကို ကျက်သရေရှိတာပါဗျာ။ ကျုပ်ရှေ့ တစ်လံလောက်မှာရှိတဲ့ ကျောက်ဖျာတစ်ချက်ပေါ်မှာ တင်ပလ္လင်ခွေ ထိုင်လိုက်တယ်။ ကျုပ်က မဖဲဝါ မှာတဲ့အတိုင်း ဇာတ်ပွဲထဲမှာ ဘုရင်ကို ဖူးမြော်သလို နေရတာပေါ့ဗျာ။
“မောင်မင်း ငါကိုယ်တော်ကို မော်ဖူးနိုင်ပါတယ်”
အသံကတော့ သာမန်လူတစ်ယောက်ရဲ့ အသံပဲဗျ။ လူကသာ တစ်ပေလောက်ပဲရှိတာ။ သေသေချာချာ ကြည့်တော့ သူုအသားတွေကလည်း နီရဲနေတာဗျို့။ ကျုပ်က လက်အုပ်ချီပီး မော့ဖူးနေလိုက်တယ်။
“မောင်မင်းနာမည်နဲ့ လာတဲ့အရပ်ကိုပြော”
“ မင်းကြီး ကျွန်တော်မျိုးရဲ့ အမည်က တာတေပါဘုရား၊ လာတာကတော့ ထနောင်းကုန်းကျေးရွာကပါ ဘုရား ”
“မောင်မင်းကို ဘယ်သူ လွတ်လိုက်တာတုံး”
“ကျွန်တော်မျိုးကို မဖဲဝါ လွှတ်လိုက်တာပါ ဘုရား”
လူနီလေးက ခေါင်းညိတ်ပြတယ်။ ရုပ်ရည်က တော် တော်ကို ခန့်ညားတာဗျ။ ကြည်လင်တောက်ပနေတဲ့ မျက်နှာပါဗျာ။ ကျုပ်ဖြင့် သူ့မျက်နှာကိုကြည့်ရင်း တော်တော်ကို လေးစားမိတာဗျို့။ “မောင်မင်း လျှောက်တင်လိုတာ လျောက်တင်ပေတော့”
လူနီကလေးက ခွင့်ပြုတာနဲ့ တစ်ပြိုင်နက် မှော်ဝိဇ္ဇာဆရာမြရဲ့ အကြောင်းတွေကို ကျုပ်လျောက်တင်ရတော့တာပေါ့ဗျ။ လူနီလေးက ကျုပ်လျောက်တင်တင်သမျှကို လေးလေးနက်နက် နားထောင်နေတာဗျ။
“အင်း ငမြ၊ ငမြ တော်တော်ကိုဆိုးတဲ့အကောင်ပဲ၊ ငါကိုယ်တော်ကို ပေးခဲ့တဲ့ ကတိတွေ သစ္စာတွေလည်း အားလုံးမေ့သွားခဲ့ပီကိုး၊ မောင်မင်းတာတေ အခုလည်း ငမြဟာ သူ့တစ်ပါး သားမယားကို ခိုးယူရုံတင်မကဘဲ ပစ္စည်း ဥစ္စာ တွေပါ ခိုးယူပြီး လာပုန်းနေတာကွဲ့။ တစ်ခါ တစ်ခါ ရုပ်ပြောင်းရုပ်လွဲလုပ်ပီးအခြေနေတွေကို သွားသွားစုံစမ်းတာကွဲ့၊ အင်းအင်း ကိုယ်တော်ရဲ့ ပညာတွေ ပြန်သိမ်းပေးလိုက်ပါ့မယ်၊ ဒီကောင့်ကို လူ့လောကရဲ့ တရားဥပဒေနဲ့သာ စီရင်လိုက်ပေတော့ကွယ်၊ ကဲ မောင်မင်းတာတေ ခေတ္တာစောင့်ချေဦး”
လို့ပြောပြီး ဂူကြီးထဲကို ဝင်သွားတယ်ဗျ။ ခဏကြာတော့ ပြန်ထွက်လာတယ်။ ဒီတစ်ခါတော့ လူနီလေးက ကျောက်ဖျာပေါ်မှာ မထိုင်တော့ဘဲ ကျုပ်ရှေ့အထိ လျှောက်လာတယ်။ ကျုပ်က ထိုင်p လက်အုပ်ချီထားလျက်က သူ့ကို ငုံ့ကြည့်ရတာပေါ့ဗျာ ။ သူ့အရပ်က တစ်ပေလောက်ပဲ ရှိတာမို့လား။
“ဒီထဲမှာ ဆေးရည်ရှိတယ်၊ အဖုံးကိုလှည့်ဖွင့်လိုက် ပီးရင်ရေတစ်ပုံးထဲကိုထည့်ပြီး မွှေလိုက်ပါ။ အဲ့ဒီရေနဲ့ ငမိုက်သားကို ခေါင်းကနေ လောင်းပစ်လိုက်၊ ငါကိုယ်တော်ပေးထားတဲ့ ပညာတွေအားလုံး ပျောက်ကွယ်သွားလိမ့်မယ်”
အစိမ်းရောင်ဘူးလေးဗျာ။ သတ္တုတစ်မျိုးနဲ့ လုပ်ထားတာပဲ ခပ်လေးလေးကလေးပဲ။ ကျုပ် ဆေးရည်ဘူးကလေးကို ယူလိုက်တယ်။
“ ဟဲ့ကောင် နက်ကျော်၊ မောင်မင်း တာတေကို မင်းပဲပြန်လိုက် ပို့လိုက်ပေတော့”
ခွေးနက်ကလေး နက်ကျော်က ဂူထဲကထွက်ဖို့ပြင်နေတယ်။ ကျုပ်က လူနီကလေးကို ရိုရိုသေသေ ရှိခိုးလိုက်တယ်။
“ မင်းကြီး ကျွန်တော်မျိုးကို ပြန်ခွင့်ပြုပါဘုရား”
“ အေး အေး ပြန်ပေတော့ မောင်မင်းတာတေ ”
ကျုပ် နက်ကျော်နောက်က လိုက်ခဲ့တယ်၊ နက်ကျော်က ကျုပ်ကို ကောင်းကောင်းမွန်မွန် လိုက်ပို့ပါတယ်။ ကျုပ် ထနောင်းကုန်းကိုရောက်တော့ ညနေ ၄နာရီတောင်ထိုးနေပြီဗျ။
“ တာတေ နင် ဘယ်သွားနေတာတုံး၊ သူကြီးအိမ်က နင့်ကို လာမေးတာ ၃ခေါက်တောင်ရှိပြီ နင် ဘာတွေလုပ်ထားလို့တုံး”
“ ဟာ မလုပ်ပါဘူး အမေရ၊ သူကြီးတို့ကိစ္စကို ကျုပ် အကူညီပေးဖို့ ှ ရှိနေလို့ပါ၊ ကဲ ဒါဆို ကျုပ် တန်းသွားလိုက်တော့မယ်၊ သူကြီး မျှော်နေလိမ့်မယ်”
သူကြီးအိမ်ကို ကျုပ်ရောက်တော့ လွန်ခဲ့သော ၂လလောက်က ရောက်လာတဲ့ စုံထောက်ကြီး ၃ယောက် ပြန်ရောက်လာကြတာဗျ။
“ မောင်တာတေ၊ မင်း ဘယ်တွေသွားနေတာတုံးကွ”
ကျုပ်က သိန်းဇော် လာပြောတာကစပြီး မဖဲဝါကို ပင့်မေးတာတွေ၊ အရှေ့ဘက် တောင်ပေါ်က တောကြီးထဲကို သွားပြီးလူနီလေးနဲ့ တွေ့တာတွေ၊ ဆေးရည်ပေးလိုက်တဲ့ အကြောင်းတွေ၊ လူနီလေးက သူ့တပည့် လူမိုက်ကို တရားဥပဒေအတိုင်း စီရင်လိုက်ဖို့ မှာ တာတွေကို ပြောပြလ်ိုက်တာပေါ့ဗျာ။ ဒီတော့မှ စုံထောက်ကြီးတွေလည်း ဝမ်းသာအားရ ဖြစ်သွားပြီး.
“ ဒီတစ်ခါတော့ ဒီအကောင်ကို ဖမ်းနိုင်တော့မှာပေါ့ကွာ၊ ငါတို့လည်း ဒီကောင် ဒီမှာ ခိုနေတာကို သတင်းအတိအကျရလို့ လိုက်လာကြတာကွ၊ ဒါပေမဲ့ ဒီအကောင်ကို ဒီတိုင်းဖမ်းလည်း ဘာမှထူးမှာ မဟုတ်တော့ မောင်တာတေဆီကို တိုင်ပင်ဖို့ ဝင်လာကြတာကွ၊ အခုတော့ ဟန်ကျပီပေါ့ကွာ”
အဲဒီည ကိုးနာရီလောက်မှာ ထနောင်းကုန်းနဲ့ ဘန့်ဘွေးကုန်းက သူကြီးတွေ၊ ဆယ်အိမ်ခေါင်းတွေ အစုံအလင်နဲ့ စုံထောက်ကြီး၃ယောက် ဦးဆောင်ပီး ကိုကြီးဘလွင်တို့အိမ်ကို ဝိုင်းကြရောဗျို့။ ပြီးတော့ ကိုကြီးဘလွင်ရဲ့ ဧည့်သည်တော်ကြီးကို လက်ထိပ်ခတ် တော့တာပေါ့ဗျာ။
“ဟား၊ ဟား၊ ဟား၊ ဟား၊ ဟား”
သူ့ကို လက်ထိပ်ခတ်တာကိုကြည့်ပြီး ရှမ်းလိုလို၊ တရုတ်လိုလိုလူက တဟားဟားနဲ့ အောင်ရယ်တော့တာပဲဗျို့။ ဒီမှာတင် ရဲအုပ်ကြီးတွေက အဲ့လူကို ခွေးခြေခုံတစ်လုံးပေါ်မှာ ထိုင်ခိုင်းပြီး ကျုပ်ကိုအချက်ပြလိုက်တယ်။ ကျုပ်ကလည်း လူနီကလေး ပေးလိုက်တဲ့ ဆေးရည်ထည့်မွှေထားပီးသား ရေပုံးကို ဆတ်ကနဲ ဆွဲယူပြီးမှော်ဝိဇ္ဇာဆရာမြကို ခေါင်းကနေ ဝုန်းကနဲ လောင်းချလိုက်တယ်ဗျ။
“ ဟေ့ကောင်တွေ၊ ပုလိပ်တွေ မင်းတို့ ငါ့ကို ဘာလုပ်တာတုံးကွ”
“ဆရာမြ ခင်ဗျားရဲ့ဆရာ လူနီလေး ခိုင်းတဲ့အတိုင်း ကျုပ် လုပ်ရတာပါ၊ ခင်ဗျားဆရာက ခင်ဗျားကို ပေးထားတဲ့ ပညာတွေအားလုံးကို ရုပ်သိမ်းလိုက်ပါပီ။ မယုံရင် ခင်ဗျာလက်မှာ ခတ်ထားတဲ့ လက်ထိပ်ကို ဖြုတ်ကြည့်ပေတော့”
ဆရာမြက သူ့လက်မှာ ခတ်ထားတဲ့ လက်ထိပ်ကို သူ့ပညာနဲ့ ဖြုတ်တယ်၊ မရတော့ဘူးဗျို့။ ဆရာမြ ရေပုံးကြီးကိုကိုင်ပီး ရပ်နေတဲ့ ကျုပ်ကို စူးစူးဝါးဝါးကြည့်ပြီး မေးကြောကြီးတွေ ထောင်လာအောင် အံကြိတ်လိုက်တယ်ဗျ။ ပြီးတော့မှ
“မင်းက ဘယ်သူတုံး”
“ကျုပ်က ထနောင်းကုန်းက တာတေပါ”
“သူကြီး၊ သူကြီး ဟိုကလေးမလေး သတိမေ့လဲသွားပီ”
အိမ်ထဲက မိန်းမတစ်ယောက် အော်လိုက်တဲ့ အသံဗျ။ ကျုပ်က လက်ထဲက ရေပုံးကို လှမ်းပေးလိုက်တယ်။
“ ရော့ ရော့၊ ဒီပုံးယူသွား၊ ပုံးထဲမှာ ကျန်နေတဲ့ ရေနဲ့ မျက်နှာကိုတောက်လိုက်၊ ကောင်းသွားလိမ့်မယ်”
“ဟာ”
ကျုပ် ရေပုံးလှမ်းပေးပြီးဆရာမြကို ပြန်လှည်ု့ကြည့်တော့ စောစောကလူ မဟုတ်တော့ဘူးဗျ။ အသားမည်းမည်းနဲ့ ခပ်ပိန်ပိန် လူတစ်ယောက် ဖြစ်နေတယ်။ ကျုပ်ဖြင့် အံသြလိုက်တာဗျာ။ စုံထောက်ကြီးတွေလည်း အံသြကုန်ကြတာဗျို့။
“သြော် ဆရာမြ၊ ဒါကမှ ခင်ဗျားရဲ့ နဂိုရုပ်ကိုးဗျ၊ အခုမှပဲမြင်ရတော့တယ်ဗျာ ဟား ဟား ဟား”
ရဲအုပ်ကြီး အောင်ဒင်လို့ခေါ်တဲ့ စုံထောက်ကြီးက တဟားဟားနဲ့ အော်ရယ်ရင်း ပြောလိုက်တယ်။
ဆရာမြက ကျုပ်ကို အခဲမကြေတဲ့ပုံမျိုးနဲ့ ကြည့်ပီး မေးတ်ာဗျို့။
“ဒီမှာ တာတေ၊ မင်းကို ငါ့ဆရာလူနီကလေးဆီကိုသွားဖို့ ဘယ်သူ လွှတ်လိုက်တာတုံး”
“မဖဲဝါ”
ကျုပ်စကားကို ကြားတော့ ဆရာမြ အံသြလို့ မျက်လုံးကြီးတွေ ပြူးသွားတော့တယ်ဗျ။
အဲဒီညက ထနောင်းကုန်း သူကြီးရယ်၊ ဆယ်အိမ်ခေါင်းတွေရယ်၊ ကျုပ်ရယ် ထနောင်းကုန်းကို ပြန်ရောက်တော့
အရုဏ်တောင်တက်နေပီဗျ။

ပြီးပါပြီခဗျာ

ဆရာ တာတေ

စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ။

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျာ

#တာတေ
#မဖဲဝါ
#ညမဖတ်ရ