လူရင်းထိုးတဲ့ဓါး

လူရင်းထိုးတဲ့ဓါး(စ/ဆုံး)
————————

” ဟဲ့ ညည်းတို့ ဟိုသတင်းကို ကြားပြီးကြပြီလားအေ့။ ဦးဖေသန်းတို့ အိမ်က ကေသီဆိုတဲ့ ကလေးမလေးအကြောင်းလေ”
”မနက်တိုင်းဒီစျေးထဲ လာလာပြီး မုန့်ဟင်းခါးဝယ်ဝယ်နေတဲ့ အသားဖြူဖြူနဲ့ ကောင်မလေးကို ပြောတာလား”
”အေး ဟုတ်တယ်လေ။ အဲဒီကောင်မလေးကိုပြောတာ။ မနေ့ညနေက သူ့ရွာကအိမ်ကိုပြန်သွားရင်း ဟိုမှာ ကလေးမွေးလို့တဲ့အေ့”
”ဟေ ကလေးမွေးရအောင် သူက အပျိုလေး မဟုတ်ဘူးလား”
”ဟုတ်တယ်လေ အပျိုလေးတန်မဲ့ ကလေးမွေးလို့ ပြောနေတာပေါ့အေ့”
”ကလေးမွေးတယ်သာ ပြောတယ် ဗိုက်ပူတာလဲ မတွေ့သလိုပဲနော်။ နေ့တိုင်းလဲ စက်ဘီးစီးပြီး စျေးလာနေတာကို မျက်စိရှေ့မြင်နေရတာပဲ”
”ဗိုက်သူခိုးပဲ နေမှာပေါ့အေ”
”ဒါနဲ့ သူ့ရည်စားက ဘယ်သူလဲ။ ဘယ်ကလဲ။ တာဝန်မယူနိူင်လို့ ဒီအခြေအနေထိ ဖြစ်ရတာတဲ့လား”
”ဘယ်သူနဲ့ ရတာလဲ မသိပါဘူးအေ။ ငါလဲ သိချင်နေလို့ နောက်ဆက်တွဲသတင်းတွေကို မျှော်နေတာ။ ညည်းကြားတဲ့ဟာတွေရှိရင်လဲ ငါ့ကို လက်တို့အုံးနော်”
”အေးပါအေ စိတ်ချ စိတ်ချ သိတာနဲ့ ပြောပေးမယ် မပူနဲ့”
ဒီမနက် စျေးထဲမှာ မိန်းမတွေအချင်းချင်း အပြန်ပြန်အလှန်လှန် ပြောနေကြတဲ့စကားတွေ။
ကေသီ ကလေးမွေးတဲ့သတင်းက တစ်နယ်လုံးကို ဟိုးလေးတကြော်ကြော်။ ဟိုနေရာစုစု၊ ဒီနေရာစုစု ၊ ဟိုနေရာတိုးတိုး ၊ ဒီနေရာတိုးတိုးနဲ့ ရပ်ကွက်ထဲမှာ စျေးထဲမှာ တီးတိုးတီးတိုးသဖန်းပိုးလုပ်နေကြလေရဲ့။ အပျိုလေးတန်မဲ့ ကလေးမွေးတဲ့သတင်းက လူတိုင်းပါးစပ်ဖျားမှာ မကြားချင်မှအဆုံး ရေပန်းအစားဆုံးသတင်း။

ကေသီဆိုတာ ဦးဖေသန်းတို့ အိမ်မှာ လခပေး ထမင်းကျွေး ဝိုင်းလုပ်ဝိုင်းစား စျေးရောင်းဖို့ ခေါ်ထားတဲ့ကောင်မလေး။ အသက်က ရှိလှရင် ၁၉ ၊၂၀ ပေါ့။ အသားဖြူဖြူ ကိုယ်ဟန်သွယ်သွယ်နဲ့ ချက်ချက်ချာချာလေးမို့ လူချစ်လူခင်လဲ ပေါတယ်။ ဦးဖေသန်းမိန်းမ ဒေါ်အေးခင်မှာ ဒေါ်အေးသန်း ဆိုတဲ့ အစ်မတစ်ယောက်နဲ့ ဒေါ်အေးကြူ ဆိုတဲ့ ညီမတစ်ယောက်ရှိတယ်။ ကေသီဆိုတာက ဒေါ်အေးသန်းရဲ့သမီးကြီးက မွေးတဲ့ မြေးမလေး။ ဦးဖေသန်းတို့အိမ်မှာ ကေသီအပြင် ဒေါ်အေးကြူရဲ့သမီးဖြစ်တဲ့ ဇင်မာကိုလဲ စျေးရောင်းခေါ်ထားသေးတယ်။ ဇင်မာက ကေသီထက် ငါးနှစ်လောက်ကြီးတယ်။
အခုစျေးထဲမှာ တီးတိုး တီးတိုး ပြောနေကြတဲ့ အကြောင်းအရာက ဘယ်ကနေ အစပြုဖြစ်လာသလဲဆိုတော့…

အခန်း (၂)

ဇူလှိုင်လရဲ့ မိုးက သည်းကြီးမည်းကြီးနဲ့ တစ်နေကုန် ရွာချနေတယ်။ မိုးသည်းထဲမှာပဲ
ဒေါ်အေးကြူတစ်ယောက် သူ့သားမိုးထက်ကိုခေါ်ပြီး ဒေါ်အေးခင်တို့အိမ်ကို အထုပ်အပိုးတွေနဲ့ရောက်ချလာတယ်။အကြောင်းက သူ့သားက မနှစ်ကဆယ်တန်းကိုတစ်နှစ်ကျထားတာမို့ နောက်နှစ်ကိုအောင်စေချင်တယ်။ ညဘက်သင်တဲ့ မြို့ပေါ်ကဝိုင်းကျုရှင်ကို တက်နေတာ။ ကျူရှင်အပြန်မှာကျတော့ ညကြီးအချိန်မတော်ဖြစ်နေတဲ့အပြင် မိုးထဲလေထဲ သူ့အဖေကကြိုပို့ လုပ်ပေးနေရတာ အဆင်မပြေလို့ အစ်မတို့အိမ်မှာပဲ နေပါရစေဆိုပြီး ခေါ်ချလာတာ။ အရင်နှစ်ကတော့ ရွာကနေ တစ်နှစ်ပတ်လုံးကျောင်းတက်နေပြီး စာမေးပွဲဖြေခါနီးမှ လာနေတာ။ အခုနှစ်လဲ စာမေးပွဲဖြေခါနီးမှ ှလာနေလိမ့်မယ်လို့ပဲ ဒေါ်အေးခင် ထင်ထားတာ။ မိုးထက်အကြီး အလတ်မ ပပခင်တုန်းကလဲ ဆယ်တန်းစာမေးပွဲဖြေခါနီးမှ လာနေရင်း အောင်သွားခဲ့တာ။ အခုတော့ ညီမလုပ်သူက သူ့သားကို ဒီအိမ်မှာ လာထားချင်ပါတယ်ပြောလာလေတော့ မနေပါနဲ့လို့လဲ ပြောမထွက်တဲ့အတူတူ ဒေါ်အေးခင် ခေါင်းညိတ်လက်ခံပေးလိုက်ရတယ်။

”ကဲ ညည်းသား နေမှာက ဟုတ်ပါပြီ။ ငါ့ အိမ်မှာလဲ အခန်းတွေက သူ့လူနဲသူ ပြည့်နေတာအေ့။ ဘယ်မှာသိပ်ရင် ကောင်းမလဲ။
အပေါ်ထပ် အလယ်ခန်းမမှာပဲ အိပ်ခိုင်းလိုက်ရမလား”
ဒေါ်အေးခင်တို့အိမ်အပေါ်ထပ်မှာက ဒေါ်အေးခင်တို့ လင်မယားက အိပ်ခန်းတစ်ခန်း၊ သမီးအလတ်မ လင်မယားက အိပ်ခန်းတစ်ခန်း၊ ကေသီနဲ့ ဇင်မာတို့က အိပ်ခန်းတစ်ခန်း အိပ်ကြပြီး အောက်ထပ်အခန်းမှာတော့ သားငယ်လင်မယားက အိပ်ကြတယ်။ သမီးငယ်လင်မယားကတော့ စျေးထဲက ဆိုင်ကို စိတ်မချလို့ဆိုပြီး ဆိုင်မှာပဲ သွားအိပ်ကြတယ်။

”အဲဒီလိုတော့မလုပ်ပါနဲ့အစ်မရယ် ကျွန်မသားလေးက သရဲကြောက်တတ်တယ်အစ်မရဲ့။ သူ့အစ်မတွေ နေတဲ့အခန်းမှာပဲ သုံးယောက်ပူး အိပ်ပါစေ”
”ဟဲ့ အရွယ်ရောက်နေတဲ့ ယောက်ျားလေးနဲ့မိန်းကလေး အတူသိပ်လို့ ဖြစ်ပါ့မလားအေ။ ငါဆို ငါ့သားနဲ့သမီးတွေကို ငယ်ငယ်လေးကတည်းက အတူပေးမသိပ်ဘူး”
”ဖြစ်ပါတယ်အစ်မရယ် ကျွန်မသားလေးက လူကောင်သာ ထွားတာ စိတ်က ကလေးစိတ်ပါ ။ သရဲကလဲ ကြောက်တတ်သေးတော့ သူ့တစ်ယောက်တည်း သိပ်ရင် အိပ်ရဲမှာမဟုတ်ဘူး”
ဒါတော့ဟုတ်မယ်။ မနှစ်က မိုးထက် ဆယ်တန်းစာမေးပွဲလာဖြေတော့ ဒေါ်အေးကြူကိုယ်တိုင် သူ့သားစာကျက်တဲ့ဘေးနားမှာ ညဉ့်နက်သန်းခေါင်အထိ ယပ်တောင်တစ်ချောင်းကိုင် ခြင်မောင်းပေးရင်း ငုတ်တုတ်ထိုင်စောင့် နေခဲ့ဖူးတာ။ ဒေါ်အေးခင်ရဲ့ အဖေနဲ့ အမေကလဲ အိမ်အပေါ်ထပ်ခေါင်းရင်းဘက်ခုတင်မှာ အိပ်ရင်း တမြန်နှစ်တွေကမှ သက်ကြီးရောဂါနဲ့ ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားကြတာ။

”အေးဒါဆိုလဲ ပြီးရော၊ တစ်ခုခုသာ ဖြစ်လို့ကတော့ ညည်းနဲ့ငါ အတွေ့ပဲ”

ဦးဖေသန်းနဲ့ ဒေါ်အေးခင်တို့မှာ သမီးလေးယောက်နဲ့ အငယ်ဆုံးသားတစ်ယောက် စုစုပေါင်း သားသမီးငါးယောက်ရှိတယ်။
ကုန်စုံဆိုင်ဖွင့်ပြီး သားသမီးတွေကို ကျောင်းထားခဲ့တယ်။ သားသမီးတွေကြီးလာတော့ စျေးဆိုင်ကို
မိသားစု တက်ညီလက်ညီ
ရောင်းချလာခဲ့ရာကနေ ဘွဲ့ရပြီး
အိမ်ထောင်အသီးသီးကျကုန်ကြတယ်။ သမီးအကြီးနဲ့ သူ့အောက်အလတ်မတစ်ယောက်က ဒေါ်အေးခင်တို့အိမ်ရဲ့ ခြေရင်းဘက် ခြံကွက်တွေမှာပဲ အတန်းလိုက်အိမ်ဆောက်နေကြတယ်။
မိသားစုအရင်းအချာတွေဖြစ်တာမို့ သီးခြားစီ တစ်အိမ်ချင်းခြံခတ်မထားဘဲနဲ့ သုံးအိမ်တွဲ ဝန်းခြံခတ်ထားကြတယ်။

ဒေါ်အေးခင်တို့ ညီအစ်မတွေမှာ ဒေါ်အေးခင်တစ်ယောက်ပဲ ထူထူထောင်ထောင်ရှိတယ်။ အဲဒါကြောင့်လဲ မိသားစု ဘယ်အကြောင်းအရာပဲရှိရှိ ဒေါ်အေးခင်ကိုသာ ဦးထိပ်ထားအားကိုးကြတယ်။

ပြောရရင်တော့ ဒေါ်အေးခင်က အမျိုးချစ်တယ်။ သူ့အမျိုးတွေအတွက်ဆို ဘာပဲဖြစ်နေနေ မညည်းမညူ အကုန်အကျခံပေးတယ်။
အဝတ်အစားက အစ၊ ဆန်ဆီဆားအလယ်၊ ဖျားတာနာတာအဆုံးအကုန်လုပ်ပေးတယ်။ စိတ်အခန့်မသင့်လို့ ဒေါ်အေးခင်ရဲ့ သားသမီးတွေက သူ့တူမတွေကို အပြစ်ပြောရင်တောင် ဒေါ်အေးခင်ကတစ်စက်မှ မကြိုက်။ ”ညည်းတို့က ကျုပ်တူမတွေကို ဆင်းရဲလို့ နှိမ်ချင်ဖိချင်ကြတာလား ဆိုတာမျိုးကနေ အစချီပြီး သားသမီးတွေကို မလှန်နိူင်အောင် နှိပ်ကွပ်တော့တာ။ ကြာတော့ သားသမီးတွေက ကွယ်ရာမှာ ဒေါ်အေးခင်ကို ဒေါ်မျိုးချစ်ကြီးလို့တောင် နောက်ပြောင်ခေါ်ဝေါ်ကြတဲ့အထိပဲ။ ဒေါ်အေးခင်ရဲ့ယောက်ျား ဦးဖေသန်းက ဘာသာတရားကိုင်းရှိုင်းပြီး စိတ်သဘောထားပြည့်ဝလို့သာ တော်တော့တယ်။

အခန်း(၃)

”ဒေါ်လေးရေ ကိုယ်ကျိုးတွေတော့နည်းကုန်ပါပြီ ခွေးမျိုးတွေတော့ ဖြစ်ကုန်ကြပြီထင်ပါရဲ့ အီး ဟီး ဟီး”
အိမ်ထဲကိုဝင်ဝင်ခြင်း
ငိုသံပါကြီးနဲ့ပြောချလိုက်တဲ့ တူမယောက်ျားဖြစ်သူရဲ့ စကားသံကိုကြားပြီး ဦးဖေသန်းနဲ့ ဒေါ်အေးခင်တို့ ရင်တုန်ပန်းတုန် ဖြစ်ကုန်ကြတယ်။ ညနေဘက် ဆိုင်သိမ်းချိန်မိသားစုတွေ စုပြီး စကားစမြည်ပြောနေကြတုန်း ရောက်လာကြခြင်းပါ။ နှလုံးရောဂါသည်ဒေါ်အေးခင်က သူ့ရင်ဘတ်ကို လက်နဲ့အသာဖိရင်း
”ဟဲ့ ဟဲ့ ထိုင်ကြပါဦး လန့်တောင် လန့်ပါဘိသနဲ့ ဘယ်လိုတွေ ဖြစ်ကြလို့လဲဟဲ့။ ငါတို့နားလည်အောင်လဲ ပြောကြစမ်းပါဦးအေ ”
” ဘယ်လိုဖြစ်ရမှာလဲ ဒေါ်လေးရာ ။ ဒေါ်လေးမြေး ကျွန်တော့်သမီး အမိုက်မ ကေသီလေ နေ့လယ်က ကလေးမွေးလို့ဗျ အီး ဟီး ဟီး ”

”ဟာ” ”ဟင်” ”ဟယ်”နဲ့
ိုတခဏအတွင်းမှာပဲ အာမေဋိတ်အသံတွေနဲ့ ဆူညံသွားတယ်။ မိသားစုများ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ကာ မယုံကြည်နိူင်သလို ခေါင်းခါခါ လည်ခါခါလဲ ဖြစ်ကုန်ကြတယ်။ ယောက်ျားဖြစ်သူက ပြောရင်းနဲ့ ငိုနေတော့
တူမဖြစ်သူကပါ သူ့ယောက်ျားဘေးမှာ ထိုင်ပြီး တရှုံ့ရှုံ့နဲ့ငိုနေတယ်။

” ဟင် ဘယ်လိုဘယ်လို..ကေသီက ကလေးမွေးလို့ဟုတ်လား။ နေ.. နေစမ်း ပါဦး။ နင့်သမီးကေသီက မနက်ကမှ ဒီအိမ်က ပြန်သွားတာမဟုတ်လား။ မအေကို ကျွေးချင်လို့ဆိုပြီး ဝက်သားငါးဆယ်သားတောင် ဝယ်ချက်သွားသေးတယ်။ ဘယ်သူမှတောင် လိုက်မပို့ဘူး။ သူ့ဘာသာသူစက်ဘီးစီးပြီး ပြန်သွားတဲ့ဟာ အခု သူ့ကို ဘယ်လိုဖြစ်ပြီး ကလေးမွေးတယ်လို့ပြောနေရတာလဲ။ နင့်သမီး ကေသီက ကလေးမွေးတာရောဟုတ်လို့လား။ ကလေးပျက်ကျတာများလား။
ရှင်းအောင် ပြောစမ်းပါဟယ်”

”ကလေးပျက်ကျတာမဟုတ်ဘူးဒေါ်လေးရဲ့။ ဗိုက်နာတယ်ဆိုပြီး ဒူးကွေးပြီးလူးလှိမ့်နေလို့ အစာအိမ်အောင့်တယ်လို့ထင်ပြီး ဆေးတောင် တိုက်နေသေးတာ။ ဘယ်ဟုတ်မလဲ ကလေး မွေးတာဗျ မွေးတာ။ မွေးတာမှ ယောက်ျားလေး၊ နေ့စေ့ လစေ့နဲ့ကိုမွေးတာ”
မိသားစုဝင်တွေ အံ့သြမယ်ဆိုလဲ အံ့သြချင်စရာ ။ မနက်ကမှ အမေ့အိမ်ကို ခဏပြန်ဦးမယ်ဆိုတဲ့သူက နေ့လယ်မှာ ကလေးမွေးတယ်ဆိုတော့ မယုံကြည်နိူင်စရာပင်။ ယုံကြည်နိူင်စရာလဲ အကြောင်း မရှိချေ။ ကလေးမွေးတယ်ဆိုတာမျိုးကလဲ မွေးချင်တိုင်းလဲ မွေးလို့ရတာမဟုတ်။ အရင်ဆုံးယောက်ျားရှိဦးမှ။ နောက်ပြီး ကိုယ်ဝန်ကလဲ ကိုးလလွယ် ဆယ်လ ဆောင်ထားပါဦးမှ။ ကလေးမွေးရအောင် ဘယ်အချိန် ကိုယ်ဝန်ဆောင်လိုက်သလဲဆိုတာကလဲ ပဟေဠိတစ်ခုလို။ လာရောက်ပြောတဲ့သူတွေက ကေသီရဲ့ မိဘအရင်းခေါက်ခေါက်တွေသာ မဟုတ်ဘူးဆိုရင် မဟုတ်တာတွေ လာပြောရမလားဆိုပြီးတစ်စုံတစ်ရာ ပြဿရှာပြီး တုံပြန်မိကြမှာ အမှန်ပင်။ အခုတော့
မိဘတွေကိုယ်တိုင်က လာရောက်အကြောင်းကြားကြတာဆိုတော့ မယုံချင်လဲ ယုံရတော့မယ်သာ။
”နေပါဦး အဲဒီတော့ ဒီကလေးကဘယ်သူနဲ့ရတယ်လို့ ပြောလဲ မေးကြည့်သေးလား။ သူ့မှာ ရည်းစားသနာရှိနေတယ်လို့လဲ မကြားမိပါဘူး”
”မေးကြည့်တာပေါ့ဒေါ်လေးရာ။ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်သမီးကို ပြောစမ်းဆိုပြီး ဆံပင်ဆွဲမေးလာတာ”
”အေး အဲဒီတော့ သူက ဘယ်သူနဲ့ ရတာပါလို့
ပြောလဲ”
”ရွာတောင်ပိုင်းက မိုးကြီးနဲ့လို့ ပြောတာ”
”ဘယ်တောင်ပိုင်းက မိုးကြီးလဲ
ငါတို့ကို သေချာပြောစမ်းပါ”
”ဘယ်မိုးကြီး ရှိဦးမလဲဗျာ ဒေါ်လေးညီမ အရင်းခေါက်ခေါက် ဒေါ်အေးကြူရဲ့သား မိုးထက် နဲ့ရတဲ့ကလေးတဲ့ဗျာ တောက်”
”အို ဘုရား ဘုရား ဘယ်လိုတွေတောင် ဖြစ်ကုန်ကြတာပါလိမ့်”
”ကျွန်တော်ကတော့ ကျွန်တော့်သမီးကို ဒေါ်လေးတို့ဆီမှာ ယုံကြည်စိတ်ချလို့အပ်ထားတာ။ အခု ဒေါ်လေးတို့ဆီမှာနေရင်း ဒီလိုဖြစ်တယ်ဆိုတော့ ဒေါ်လေးတို့မှာ တာဝန်အပြည့်ရှိတယ်။ ကျွန်တော့်သဘောအရသာဆို အဲဒီအကောင်ကိုသွား…်တယ်။ …တ်ချင်တာမှ လက်ကိုယားနေတာပဲ။ မနည်းစိတ်ထိန်းထားရတယ်”
”ဟဲ့ ဟဲ့ အဲလိုမျိုး စိတ်လိုက်မာန်ပါ တွေ မလုပ်ပါနဲ့သားရယ် ဒီကိစ္စ ဒေါ်လေးတို့ ကြည့်စီစဉ်ပါ့မယ်။ သားတို့ စိတ်အေးအေးထားပြီးသာ ပြန်ကြပါကွယ်”
တူမလင်မယား ငိုကြီးချက်မနဲ့ပြန်သွားပြီးတဲ့နောက် ဒေါ်အေးခင်တစ်ယောက် နှလုံးရောဂါအခံကြောင့် ကတုန်ကယင်ဖြစ်ပြီး အိပ်ခန်းထဲကို ဝင်ကာ အသာလှဲနေလိုက်ရတယ်။ အပြင်ဘက်မှာတော့ မိသားစုစကားဝိုင်းမှာ တစ်ယောက်တစ်ပေါက်အသံတွေနဲ့ ဆူညံနေတော့တယ်။

”မိအေးကြူ မိအေးကြူ ငါ့ကို တော်တော်ဒုက္ခပေးတဲ့ကောင်မ။ တစ်ခြင်ထောင်တည်း မသိပ်ပါနဲ့လို့ အတန်တန်တားနေတဲ့ကြားထဲက သိပ်ဖြစ်အောင်ကိုသိပ်တယ်”
ညဘက်ထမင်းစားပြီးတာနဲ့ ကေသီနဲ့မိုးထက်က အိမ်အပေါ်ထပ်တက် အိပ်ခန်းထဲဝင်ပြီး တစ်ယောက်ကစာကျက် တစ်ယောက်က ဘေးကအဖော်အဖြစ်စောင့်ပေးတာ။ အစ်မလုပ်သူ ဇင်မာကတော့ စားသောက်ဆေးကြောပြီးတာနဲ့ ဗွီဒီယိုဇာတ်လမ်း ဝါသနာအိုးမို့လို့ ညဘက်ဆို ဓါတ်မီးတစ်လုံး လက်ကကိုင်ပြီး ဇာတ်ကားကောင်းပြတဲ့အိမ်ကို မေးစမ်းပြီး လိုက်ကြည့်တာ။ ဇာတ်ကားပြီးမှ ပြန်လာအိပ်တာသူ့အကျင့်။ ဒီတော့လဲ အပေါ်ထပ်အခန်းထဲမှာက နှစ်ယောက်တည်း။ သွေးသားဆူဖြိုးနေကြတဲ့ အရွယ်တွေ ဆိုတော့လဲ ဖြစ်ချင်တိုင်း ဖြစ်နေကြတော့မပေါ့။

”ဘုရား ဘုရား ဖြစ်ပြီးမှတော့ ဘယ်တတ်နိူင်တော့မလဲ။ သူများကဲ့ရဲ့တာခံပြီး ပေးစားကြရုံပဲ ရှိတော့မပေါ့လေ …ဟင်း ”

အခန်း( ၄)

နောက်တစ်နေ့မနက်ရောက်တော့ ဒေါ်အေးကြူတို့အိမ်ကို ဒေါ်အေးခင်တို့လင်မယားတွေ သွားကြတယ်။ ဒေါ်အေးကြူသမီး ဇင်မာပါ လိုက်လာတယ်။ ကလေးလဲ မွေးပြီးပြီဆိုတော့ ကျန်တာတွေ ပြောမနေကြတော့ဘဲ ပေးစားဖို့သာ လုပ်သင့်ကြောင်း ဒေါ်အေးခင်က ပြောလိုက်တယ်ဆိုရင်ပဲ ဒေါ်အေးကြူတစ်ယောက် ထိုင်နေရာကနေ ဝုန်းကနဲထရပ်လိုက်ပြီး ”အစ်မတို့က ကျွန်မသားနဲ့ရတာလို့ စွပ်စွဲပြီး ပေးစားမလို့လုပ်နေကြတာလား။ ဘေးပတ်ဝန်းကျင်လဲ မေးစမ်းကြည့်ကြပါအုံး။ ဒီကောင်မလေးက ဘယ်သူနဲ့ သတင်းတွေ ထွက်နေလဲဆိုတာကို။ အခုကျမှ ကျွန်မသားကို ထိုးချလို့ရမလား။ မပေးစားနိူင်ပါဘူး”
”ဟဲ့ ကောင်မလေး ကိုယ်တိုင်က နင့်သားနဲ့ပါလို့ ဝန်ခံထားတာလေ။ တစ်ခြင်ထောင်ထဲ မသိပ်ပါနဲ့လို့ ငါအတန်တန် တားနေတဲ့ ကြားထဲက နင်ကိုယ်တိုင်ခေါင်းမာပြီး သိပ်ခဲ့တာ မဟုတ်ဘူးလား”
”ကျွန်မသားက ကလေးပဲ ရှိသေးတာ။ အဲဒါတွေ ဘာမှ နားလည်တာမဟုတ်ဘူး။ ဆယ်တန်းလဲ အောင်ထားတာမို့ သားရှေ့ရေးက အညွှန့်တလူလူနဲ့။ မပေးစားနိူင်ပါဘူး။ နောက်ပြီး ဒီကလေးက ဘယ်သူနဲ့ ရတာလဲ ဆိုတာကိုလဲ ပတ်ဝန်းကျင်ကို မေးကြည့်အုံး”
”နေစမ်းပါဦးမိအေးကြူ နင်က ဒီစကားပြောနေရအောင် ပတ်ဝန်းကျင်က ဘယ်လိုတွေ ပြောနေကြလို့လဲ ပြောပြစမ်းပါဦး”
” ဘယ်လိုတွေ ပြောရမလဲ၊အစ်မမြေး မွေးတဲ့ ကလေးက အစ်မယောက်ျားနဲ့ ရတဲ့ကလေးတဲ့ အစ်မရဲ့”
”ဘာ” ”ဟေ”
‘ဘာ’ဆိုတဲ့အသံက ဒေါ်အေးခင်ဆီကထွက်လာတဲ့ အသံဖြစ်ပြီးတော့ ‘ဟေ’ ဆိုတာကတော့ ဦးဖေသန်းဆီကနေ မျက်လုံးပြူး မျက်ဆံပြူးထွက်လာတဲ့အသံပါ။

အခန်း(၅)

‘အကြောင်းတရားတစ်ခုမှာ အကျိုးသက်ရောက်မှုက ဆယ်ခုမကရှိတယ်’ ဆိုတဲ့စကားလိုပါပဲ။
ဦးဖေသန်း သားသမီးတွေအကုန်လုံးက မြို့ပေါ်မှာ စီးပွားရေးတွေ အကုန်ပြေပြေလည်လည်တွေချည်းပဲ။ ဂုဏ်နဲ့ ဒြပ်နဲ့ နေကြတဲ့သူတွေ။ သမီးတွေ သမက်တွေထဲမှာ အထက်တန်းကျောင်းဆရာမကစလို့ ခရိုင်ပညာရေးမှုးရာထူးရှိတဲ့ သူတွေအထိ ပါတယ်။ ဒီတော့လဲ စီးပွားရေးတောင့်တင်းကြတော့ လုပ်ငန်းတူ စီးပွားပြိုင်ဖက်တွေလဲ ပေါသလို မိသားစုလိုက် ပြည့်စုံကြွယ်ဝနေကြတာကို မလိုမုန်းထားရှိသူတွေလဲ ပေါများကြတယ်။ ကေသီ့ကိစ္စဖြစ်တော့ ဦးဖေသန်းတို့ မိသားစုအပေါ်ကို ပျက်စီးစေချင်တဲ့ မလိုမုန်းထားရှိသူတွေဟာ မဖုံးနိူင် မဖိနိူင်ပေါ်လာကြပြီး ဒေါ်အေးကြူတို့သားအမိကို ငွေကြေးအကူအညီတွေဝိုင်းပေးပြီး သနားသလိုလိုနဲ့ ဖေးမကြ မြှောက်ပေးကြ တယ်။ အိမ်ကြက်ခြင်း အိုးမည်းသုတ် ခွပ်ခိုင်းကြတယ်။ အခွင့်အရေးရတုန်း ခေါင်းမထောင်နိူင်အောင် အသေလှော်မယ် ဆိုတဲ့သူတွေကြားထဲမှာ ဒေါ်အေးကြူတို့ သားအမိတွေကတော့ သူရဲကောင်းပမာ ခေါင်းတမော့မော့ ရင်တကော့ကော့ မာန်တဝင့်ဝင့်နဲ့။

”မကောင်းလျှင်မူ ကိုယ်တွင်ဖြစ်ပွား သွေးနှင့်သားလည်း ကြီးမားစင်စစ် ရန်သူဖြစ်၏” ဆိုတဲ့ လင်္ကာလေးက ဒေါ်အေးကြူတို့ သားအမိကိုပဲ ရည်ညွှန်းထားလေသလားမပြောတတ်။
ဆွေမျိုးအရင်းအချာဖြစ်သူညီမတစ်ယောက်လုံးက ဒေါ်အေးခင်တို့ မိသားစုအပေါ် မလိုမုန်းထားတဲ့ လူတွေနဲ့ပေါင်းပြီး နောက်ကျောကို ထိုးတာမို့လို့ ပိုပြီးနက်တယ်လို့တောင် ပြောရမလို။ မိသားစုခေါင်ပုံ ဖအေကြီးကို ပစ်မှတ်ထားပြီး မိသားစုအားလုံးရဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာကို ရစရာမရှိအောင် ခေါင်းမဖော်နိူင်အောင် လုပ်ကျတဲ့လုပ်ကွက်မို့လဲ ပိုပြီးအထိနာတယ်။

ကေသီက ရူးနှမ်းနေသူလဲ မဟုတ်၊ ဆွံ့အ , နားမကြား စကားမပြောတတ်တဲ့သူလဲ မဟုတ်၊ အရွယ်မရောက်သေးသူ ကလေးသူငယ်လဲ မဟုတ်ပါဘဲနဲ့ သူနဲ့ဖြစ်တဲ့သူ ဘယ်သူ ဘယ်ဝါဆိုတာကို သေချာအပ်ချမတ်ချ ဒိုးဒိုးဒေါက်ဒေါက်ပြောပြနိူင်ပါရဲ့နဲ့ ကာယကံရှင်ရဲ့ပြောစကားကိုတော့ အတည်မယူ။ ဒီလူနဲ့မဟုတ်ပါဘူး ဟိုလူနဲ့ပါဆိုတာမျိုး ကိုယ်ဖြစ်စေချင်သလို ဆွဲပြောနေတဲ့ ပတ်ဝန်းကျင်ကိုလဲ ဒေါ်အေးခင် အံ့သြမိတယ်။

ဒီကြားထဲမှာ ဒေါ်အေးကြူက ကေသီ့အမေကို ခေါ်ပြီး သူတို့နဲ့ပူးပေါင်းဖို့ ဆွယ်တရားဟောလိုက်သေးတယ်။
” ညည်းတို့ဘက်က ငါ့သားနဲ့ ပါလို့ စွပ်စွဲရင် ငါတို့က ဆင်းရဲတော့ ငွေငါးသိန်းလဲ မထွက်ဘူး။ ငွေဆယ်သိန်းလဲ မထွက်ဘူး။ အိမ်ရှင် ဦးဖေသန်းနဲ့ပါလို့ ပြောလိုက်ရင် ညည်းတို့အတွက် ငွေ သိန်းငါးဆယ်ဆိုလဲ ဟုတ်မယ်။ သိန်းတစ်ရာဆိုလဲ ဟုတ်မယ်။ ညည်းတို့အတွေးအမှားကြနဲ့”
”ဒေါ်လေးကြူလို ယုတ်မာတဲ့စိတ်ဓါတ်မျိုးရှိမယ်ဆိုရင်တော့ ဒေါ်လေးကြူပြောတာကို လက်ခံကောင်း လက်ခံနိူင်မှာဖြစ်ပေမဲ့ ကျွန်မတို့မှာ ဒေါ်လေးကြူလို ယုတ်မာပက်စက်အောက်တန်းကျတဲ့ စိတ်ဓါတ်မျိုး ရှိမနေပါဘူး။ ကျွန်မတို့မိသားစုတွေအပေါ် တစ်သက်လုံးကောင်းလာတဲ့
ကျေးဇူးရှင်တွေကို ဘယ်တော့မှ ကျေးမစွပ်ဘူး။ ကျွန်မတို့ မရှိလို့တောင်းစားရင် တောင်းစားမယ် ဒီလိုအောက်တန်းကျတဲ့အလုပ်မျိုးတော့ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးဆိုတာ ဒေါ်လေးကြူမြဲမြဲမှတ်ထားလိုက်ပါ” ကေသီ့အမေက ဒေါ်အေးကြူမျက်နှာကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ခပ်ပြတ်ပြတ် ပြန်ပြောလိုက်တော့ ” အေး ဒါဆိုလဲ ပြီးတာပဲလေ။ ငါ့သားကတော့ ညည်းသမီးကို ယူမှာ မဟုတ်သလို ငါကလဲ မပေးစားနိူင်ဘူးဆိုတာတော့ ညည်းမြဲမြဲမှတ်ထား”
”ရပါတယ် ဒေါ်လေးကြူ အဲဒါဆိုတော့လဲ ဆိုင်ရာကပဲ စကားပြောကြတာပေါ့”
ဒေါ်အေးကြူက ကေသီ့အမေနဲ့ တွေ့ပြီးစကားပြောချင်တယ်အကြောင်းကြားလို့ ပြေပြေလည်လည်ဖြစ်အောင် ညှိနှိုင်းလိမ့်မယ်အထင်နဲ့ သွားတွေ့တာကို ဒီလိုမျိုး ပြောလာရဲတော့ ကေသီ့အမေက ဒေါသတွေထွက်ပြီး ပြန်လာတယ်။
တကယ်တန်းကျတော့
ကျေးစွပ်တယ်ဆိုတာကလဲ လူတိုင်းလုပ်နိူင်တဲ့ ကိစ္စမျိုးတော့ မဟုတ်။ ကျေးစွပ်ဖို့ရာအတွက် ကျေးစွပ်မဲ့သူတွေမှာ ယုတ်မာအောက်တန်းကျတဲ့စိတ်၊ မသူတော်စိတ်၊ သူယုတ်မာစိတ်တွေ ရှိနေပါအုံးမှ။

အခန်း(၆)

တစ်နေ့ တစ်နေ့ သတင်းလာမေးတဲ့ မိတ်ဆွေတွေကို အိမ်အပေါ်ထပ်ကို ခေါ်၊ ကေသီတို့ အိပ်ခဲ့တဲ့ အိပ်ခန်းကိုပြပြီး မမောနိူင်မပန်းနိူင် ဇာတ်စုံရှင်းပြနေတဲ့ ဒေါ်အေးခင်။
တစ်ခါ တစ်ခါတော့လဲ ”မိအေးကြူ မိုက်လုံးကြီးတဲ့ကောင်မ နင့်ကြောင့် တို့မိသားစု အသရေပျက် အရှက်တွေ ကွဲရတယ်။ နင့်ကို ညီမတော်ရတာ ငါရှက်လိုက်တာ။ ငါ့မှာတော့ မိသားစုအကုန်လုံးကို မိအိုဖအိုကြီးတွေကအစ သေတဲ့အထိ တာဝန်ယူစောင့်ရှောက်ပေးခဲ့တာ။ ဒီမျက်နှာတွေမှ မထောက် လုပ်ရက်လိုက်တာ။ သေသွားတဲ့ မိဘတွေသာ ဒီအဖြစ်မျိုးတွေကို ကြားသိမယ်ဆိုရင် စိတ်ကောင်းကြမှာ မဟုတ်ဘူး။ သားတစ်ယောက်အတွက်နဲ့များ မိသားစုဂုဏ်သိက္ခာတွေကို ချနင်းရတယ်လို့ပဲ မိုက်လုံးကြီးတဲ့ကောင်မ”ဆိုပြီး ပြော ပြော ငိုနေတတ်တယ်။

ဒေါ်အေးခင်က သူ့အိမ်လာပြီးသတင်းမေးတဲ့သူ အနည်းအကျဉ်းလောက်ကိုသာ အဖြစ်မှန်ကို ရှင်းပြပေးနေပေမဲ့
တစ်ဖက်က ဒေါ်အေးကြူကတော့ သူ့သားနဲ့ မဟုတ်ပါ ကျန်တဲ့ ဘယ်သူနဲ့ပါလို့ လက်ညှိုးထိုးစွပ်စွဲပြနိူင်ရင် ကလေးကို တာဝန်မယူရဘူးလို့များ လူပိန်းအတွေးနဲ့ တွေးထင်ထားလေသလားတော့ မပြောတတ်။ ဒေါ်အေးခင်တို့မိသားစုတွေရှိရာ မြို့ပေါ်မှာရော ဘေးက ရွာတွေမှာပါ သူ့သားနဲ့ မဟုတ်ကြောင်း ဦးဖေသန်းနဲ့ဖြစ်ကြောင်းကို သူ့သမီးဇင်မာနဲ့အတူ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ပြောနေတော့တာ။
”ကျွန်မသားက သူတို့အိမ်ကို စာမေးပွဲဖြေခါနီးမှ သွားနေတာပါ။ အဲဒီသွားနေတဲ့အချိန်မှာ ရောက်တဲ့လနဲ့ အခုမွေးတဲ့အချိန် ရောက်တဲ့လကိုပဲ တွက်ကြည့်ကြပါအုံး။ ကျွန်မသားနဲ့ ဘယ်လိုမှ မဖြစ်နိူင်တာပါ” ဆိုတာမျိုး ပြောတော့ ဒေါ်အေးခင်တို့အိမ် သူ့သားဘယ်အချိန်မှာ ရောက်လာသလဲ ဆိုတာလဲ ဘယ်သူမှကောင်းကောင်းမသိ။ ကောင်းကောင်းမသိတော့ သူပြောတော့လဲ ဟုတ်နိုးနိုး။ ‘အမှန်တရားက ဖိနပ်စီးနေတုန်းမှာပဲ မုသားက ကမ္ဘာပတ်ပြီးသွားပြီ’ဆိုတာမျိုးလိုပဲ။ တစ်ဖက်က မီဒီယာကောင်းတယ်လို့ပဲ ဆိုရလေမလား။ ဒေါ်အေးကြူနဲ့အတူ မလိုမုန်းထားရှိသူတွေက မဟုတ်မမှန်တာတွေကို အားကောင်းမောင်းသန်နဲ့ ဝိုင်းဝန်းဖြန့်ဖြူးကြတဲ့အောက်မှာ ဒေါ်အေးခင်တို့ဘက်ကပြောတဲ့ အမှန်တရားက ယက်ကန်ယက်ကန်နဲ့ မထိုးသာ မဖောက်သာ။

ဆိုးသထက်ဆိုးလာတဲ့ နောက်ဆုံး သွားပုပ်လေလွင့်ပြောဆိုနေတာတွေ ရပ်တန့်နိူင်ရေးအတွက် ဥပဒေမဲ့ ပြောချင်ရာပြောပြီး ထင်ရာစိုင်းနေတဲ့သူတွေကို ဥပဒေနဲ့ပဲ စကားပြောလို့ရမယ်မှန်း သိသွားတဲ့အခါ
ဦးဖေသန်းကနေ တရားလိုလုပ်ပြီး အသရေဖျက်မှုနဲ့ ဒေါ်အေးကြူတို့ သားအမိတွေကို တရားစွဲတယ်။ ကေသီကလဲ မိုးထက်ကို ကာမလိမ်လည်မှု ပုဒ်မ၄၁၇ နဲ့ တရားစွဲတယ်။
တရားရုံးရောက်ပြီး ကေသီစွဲဆိုတဲ့ အမှုကို ဦးဖေသန်းရဲ့သမီးအငယ်ဖြစ်သူက သက်သေလာရောက်ထွက်ဆိုပေးသွားတယ်။ တရားသူကြီးရှေ့မှောက်မှာ မိသားစုအတွက် အမှန်တရားအတွက် အရှိကို အရှိအတိုင်း ရဲရဲရင့်ရင့်ထွက်ဆိုပေးသွားတဲ့ သမီးအငယ်ရဲ့ စကားလုံးတိုင်းက လိမ်ညာမုသား တစ်လုံး တစ်ပါဒမှမပါ။

”မိုးထက်တို့ အိပ်တဲ့ အခန်းက ကျွန်မတို့ လင်မယားနှစ်ယောက် အရင်က အိပ်ခဲ့တဲ့အခန်းပါ။ စျေးထဲကဆိုင်ကို ညဘက်စိတ်မချလို့ သွားအိပ်ရင်းနဲ့ အဲဒီအခန်းမှာ မအိပ်ဖြစ်တော့တာပါ။ မအိပ်ဖြစ်ပေမဲ့ ကျွန်မရဲ့ ရွှေငွေ လက်ဝတ်လက်စားတွေ ထည့်ထားတဲ့ သေတ္တာကြီးက အဲဒီအခန်းထဲမှာပဲ ထားခဲ့တာပါ။ အဲဒီသေတ္တာပေါ်မှာ မိုးထက်က စာအုပ်တင်၊ ဖရောင်းတိုင်မီးထွန်းပြီး စာကျက်တာပါ။ ကျွန်မတို့လင်မယား ဆိုင်ပိတ်ပြီး အိမ် ပြန်ရောက်တာနဲ့ ရေမိုးချိုး ထမင်းစားပြီး ဆိုင်ပြန်အိပ်ခါနီးမှာ နေ့စဉ်ရောင်းရတဲ့ ငွေတွေကို အပေါ်ထပ်အိပ်ခန်းထဲက ကျွန်မသေတ္တာထဲကို ညစဉ်ညတိုင်း ကျွန်မ သွားသွားထည့်ရပါတယ်။ ကျွန်မသွားထည့်တဲ့အခါတိုင်းလဲ မိုးထက်စာကျက်တဲ့ဘေးမှာ ကေသီက အစောင့်အဖြစ်နေပေးနေတာကို တွေ့ရပါတယ်။ ကျွန်မက ငါ့မောင် စာကျက်ရင်းနဲ့ ငိုက်နေမယ် သတိတော့ထားပါ။ အိပ်ငိုက်လို့ ခြင်ထောင်မီးစွဲရင် အရင်ဆုံးကုန်မှာက ငါ့ပစ္စည်းတွေနော်။ ငိုက်နေရင်ပေမနေနဲ့ အိပ်သာအိပ်လိုက်လို့ သတိလဲ ပေးဖြစ်ပါတယ်။ မိုးထက်အစ်မဇင်မာကတော့ ညစာစားပြီး ကတည်းက ဗီဒီယိုဇာတ်ကားကြည့်တာ ဝါသနာပါသူမို့ ဓါတ်မီးတစ်လက်ကို လက်ကကိုင်ပြီး ဇာတ်ကားကောင်းပြတဲ့အိမ်ကို သွားကြည့်ပါတယ်။ ကျွန်မတို့မိသားစုက ခြံကြီးတစ်ခြံထဲမှာ မိသားစုသုံးလေးအိမ်တန်းပြီး ဆောက်ထားကြတာပါ။ အဲဒါကြောင့် တစ်အိမ်ဇာတ်ကားမကောင်းရင် တစ်အိမ်ကူးပြီး ကြည့်လို့ရနေတာပါ။ ညဉ့်နက်လို့ ဇာတ်ကားပြီးတဲ့ အချိန်မှ ပြန်လာအိပ်တာ သူ့အကျင့်ပါ။ တစ်ခါတလေ သူတို့အိပ်ချိန်ရောက်မှ ကျွန်မသေတ္တာထဲက ပစ္စည်းတစ်ခုခုကို လိုအပ်လို့သွားယူတဲ့အခါ အလယ်မှာ အိပ်နေတဲ့ မိုးထက်ခြေထောက်ကြီးက သေတ္တာသော့ကို ထိနေလို့ ‘ဟဲ့ ဟဲ့ မိုးထက် နင့်ခြေထောက်ကို ကွေးပေးစမ်းပါအုံး’ဆိုပြီး ဖယ်ခိုင်းရပါသေးတယ်”

ဦးဖေသန်းသမီး အငယ်မက တရားသူကြီးမေးသမျှကို တုံ့ဆိုင်းခြင်းမရှိ တစ်ချက်ခြင်းသွက်လက်စွာထွက်ဆိုနေတယ်။
”ကေသီ့မှာ ကိုယ်ဝန်ရှိနေတာ ကျွန်မတို့ တစ်အိမ်သားလုံး ဘာလို့ မသိရတာလဲဆိုတော့ ကေသီက ရေချိုးရင် အလုံပိတ်ရေချိုးခန်းမှာ ချိုးတာ။ ဒူးကျဘောင်းဘီပွပွကြီးကို အောက်ကထားပြီး အပေါ်က တစ်ဆက်တည်းဂါဝန်ပွပွကြီးကို အမြဲတန်းဝတ်ထားတတ်တယ်။ ကိုယ်ဝန်သယ်နဲ့မတူဘဲ သာမန်လူတစ်ယောက်လို ပေါ့ပေါ့ပါးပါးပဲသွားလာပြီး မွေးတဲ့အချိန်အထိ စက်ဘီးကိုယ်တိုင်နင်းပြီး အိမ်သားတွေစားဖို့အတွက် မနက်တိုင်း စျေးကို မုန့်ဟင်းခါးဝယ်တစ်ခေါက်ထွက်ပါတယ်။ အမေ စျေးကအပြန် စျေးခြင်းတောင်းယူဖို့ တစ်ခေါက်သွားကြိုရပါတယ်။ အပျိုဗိုက်လဲ ဖြစ်လို့ သိသိသာသာမထွက်တာကတစ်ကြောင်း၊ ပိပိရိရိနေတတ်တာက တစ်ကြောင်း၊ အပျိုတစ်ယောက်ဖြစ်နေလို့ ကိုယ်ဝန်ရှိနေလိမ့်မယ်လို့ စိုးစဉ်းမျှ သံသယမဝင်မိကြတာက တစ်ကြောင်းမို့ အိမ်သားတွေ မသိမမြင်မိတာလို့ပဲ ကျွန်မ ထင်မြင်ပါတယ်။ နောက်ပြီး ကျွန်မတို့လို မိုးလင်းက မိုးချုပ်စီးပွားရေးကို အာရုံစိုက်ပြီး လုပ်နေတဲ့သူတွေ မသိမမြင်တာထက် ကေသီမီးဖွားတဲ့အချိန်အထိ တစ်ခန်းတည်း တစ်ခြင်ထောင်တည်း အတူအိပ်နေတဲ့ မိုးထက်အစ်မ ဇင်မာက ဒီဗိုက်ကို မသိမမြင်တာကမှ ပိုပြီးထူးဆန်းတာပါ။ ဒီဗိုက်ကိစ္စကို တကယ်မသိမမြင်လို့ပဲ မပြောတာလား၊ သူ့မောင်နဲ့ဖြစ်တဲ့ကိစ္စကို သိနေလို့ တမင်မပြောဘဲ ထိန်ချန်ထားသလား ဆိုတာကိုတော့ မိုးထက်အစ်မရင်းဖြစ်သူ ဇင်မာသာလျှင် အသိဆုံးဖြစ်မှာပါ”
နှစ်ဖက်ရှေ့နေနဲ့ တရားသူကြီးမေးသမျှ မေးခွန်းတိုင်းကို တုံ့ဆိုင်းမှုမရှိ ဒိုးဒိုးဒေါက်ဒေါက်ထွက်ဆိုသွားတဲ့ သမီးဖြစ်သူကို တရားရုံးအပြင်ဘက်ကနေ ဒေါ်အေးခင် ကျေနပ်အားရစိတ်နဲ့ ကြည့်နေမိတယ်။ စကားလုံးတစ်လုံးစီတိုင်းက မိုးထက်ကို ဥပဒေပြစ်ဒဏ်တွေအောက် တစ်ရစ်ချင်းဆွဲသွင်းသွားတဲ့ ဥပဒေနှောင်ကြိုးစကားလုံးတွေ…။ ဥပဒေမဲ့ ပြောချင်ရာ ပြောပြီး ထင်ရာစိုင်းနေတဲ့သူတွေကို ဥပဒေနဲ့ပဲ စကားပြောလို့ရမယ်မှန်း သိသွားတဲ့အခါ တုံ့ပြန်သက်သေထွက်ဆိုသွားတဲ့ စကားလုံးတွေက လှလှပပ သေသေသပ်သပ်။ အဲဒါမျိုးတွေကြောင့်လဲ ‘အမှုတစ်ခုဖြစ်ရင် တရားသူကြီးက ထောင်ချတာမဟုတ်ဘူး။ သက်သေက ထောင်ချတာ’ ဆိုတဲ့ စကားမျိုးတွေ ထွက်ပေါ်လာလေသလားမပြောတတ်။
သက်သေအားလုံးစစ်ပြီးနောက် တရားသူကြီးအမိန့်ချတော့ မိုးထက်က ထောင်ဒဏ်တစ်နှစ်နဲ့ ခြောက်လကျသွားတယ်။ ဒေါ်အေးကြူကတော့ အချိန်လဲကုန် ငွေလဲကုန် ဆွေမျိုးတွေနဲ့လဲ သင်းကွဲ သားလဲထောင်ကျရတဲ့ သူ့အဖြစ်ကြောင့် ယူကျုံးမရ အပူလုံးကြွလျက် တငိုငို တရီရီ။ ဘေးက မြှောက်ပေးတဲ့ သူတွေကတော့ ဒေါ်အေးကြူကို ”ဟိုဘက်က ငွေများလို့ တရားနိူင်တာပါအေ။ ညည်းသားလေး ထောင်ကျသွားတဲ့အတွက် စိတ်မကောင်းပါဘူး”လို့ ပြောရုံမှတစ်ပါး အခြားမရှိ။

လောကနိယာမ တရားတွေမှာ မဖောက်မပြန် အမြဲမှန်ကန်တဲ့ သဘောတရားတစ်ခုရှိတယ်။ အဲဒါကတော့ ဒေါ်အေးကြူတို့လို မကောင်းတဲ့အကြောင်းတရားတွေကို ပြုလုပ်ဖန်တီးထားကြတဲ့သူတွေအတွက် ပစ္စုပ္ပန်ရော သံသရာမှာပါ ကောင်းတဲ့ အကျိုးတရားတွေဆိုတာ ဖြစ်ပေါ်လာနိူင်စရာ အကြောင်းမရှိပါပေ။

သူထူးအိမ်