လူသားတစ်ရာ ကဝေရာဇာ(စ/ဆုံး)
———————————-
အချိန်က မနက်ဆယ်နာရီပင်မထိုးသေး။ ပြာသိုလ ဆောင်းကလည်းမနက်ရှစ်နာရီထိုးခန့်အထိသာ အေးသည်။ နောက်ပိုင်းအအေးဓာတ်က နေအပူကို အံမတုနိုင်တော့ပေ။
ဒီနှစ်ဆောင်းကအနွေးထည်ပင် ကောင်းကောင်းမဝတ်လိုက်ရ။
အောင်ဘုန်းမြတ်တစ်ယောက် လက်ရှည်အဟောင်း
ဖလံထည်နှင့် စောင်ခြုံထဲတွင်ကွေးနေသည်။
မိခင်ဖြစ်သူကလည်း မနက်လေးနာရီခွဲလောက်ထဲက
အိပ်ရာထပြီး ဖခင်ဖြစ်သူ လယ်ထဲတွင်စားရန် ထမင်းဟင်းချက်ပြီး၊ ကောက်ညှင်းတစ်အိုးပေါင်းနေရသေးသည်။
ကောက်ညှင်းဆန်နှစ်ပြည်ကို ပဲလွန်းနှင့်ရော၍ပေါင်း
သည်။ မီးဖိုတစ်ဖိုအားသည်နှင့် နှမ်းနှင့်ဆားအနည်း
ငယ် ထည့်လှော်၍ ကျက်သည်နှင့် ဆုံမှာထည့်ပြီး ထောင်းသည်။ ထို့နောက် အုန်းသီးကိုခွဲကာ ခြစ်ပြီး
သော အုန်းသီးများကို ကောက်ညှင်းပေါင်းနှင့် သမပြီး
ဒန်အိုးထဲတွင် နှမ်းလှော်များဖြူးကာ ယောက်မနှင့်မွှေလိုက်၏။
အုန်းသီးနှင့် ကောက်ညှင်း၊ နှမ်းထောင်းများ သမသွားအောင်ပြုလုပ်ပြီးသည်နှင့်၊ ငှက်ပျောဖက်ခင်းထား
သော ခွဲထောင်းထဲသို့ ကောက်ညှင်းပေါင်းများထည့်လိုက်သည်။
” ဟဲ့..အောင်ဘုန်းမြတ်၊ အခုထိ မထသေးဘူးလား၊
မျက်နှာသစ် မင်းအဖေစားဖို့ ထမင်းတောင်းနဲ့
ကောက်ညှင်းပေါင်းလေး လယ်ထဲသွားပို့ချေ ”
” အမေကလည်း..အိပ်လို့ကောင်းတုန်း အစောကြီး
ရှိသေးတာကိုဗျာ ”
” ညကတည်းက မင်းအဖေ ဘာမှာသွားလဲ၊
စောစောလာပို့ပါလို့ မှာသွားတယ် မဟုတ်လား ”
” ကဲ..ထပါပြီဗျာ၊ ဆောင်းတွင်းလေးရောက်တုန်း
အိပ်ရာထဲကွေးရမယ်မှတ်တာ၊ အမေတို့ကတော့…”
အောင်ဘုန်းမြတ်လည်း ကောက်ညှင်းပေါင်းထည့်ထားသော တောင်းကိုထမ်းပြီးလယ်ထဲသို့ လာခဲ့သည်။
လယ်ထဲသို့ရောက်သောအခါ ဖခင်ဖြစ်သူအား ကောက်ညှင်းပေါင်းထည့်ထားသောတောင်းကိုအပ်လိုက်၏။ ဖခင်ဖြစ်သူ ကောက်ညှင်းပေါင်းများကို
အစာပြေစားနေစဥ် လယ်ကွင်းထဲမှပြန်ခဲ့သည်။
စကားကြာကြာမပြောဖြစ်ခဲ့ပေ။
အောင်ဘုန်းမြတ်က လယ်ယာလုပ်ငန်းကို စိတ်ဝင်စားခြင်းမရှိ။ ငယ်ငယ်ကတည်းက ပယောဂဆရာ၊ အထက်လမ်းဆရာဖြစ်ချင်သောကြောင့် လက်ပံရွာက ဆရာကြီးဘိုးစိုင်းရှိန်ဆီတွင် ပညာသင်ယူလေ့လာနေခြင်းဖြစ်သည်။
” သား..ပြန်လာပြီလား၊ ထမင်းစားတော့မလား ”
” သားမဆာသေးဘူး၊ အမေစားနှင့်လေ ”
” မစာသေးဘူးလုပ်မနေနဲ့၊ ဟင်းလေးပူတုန်း တစ်ခါတည်းလာစားလိုက် ”
အောင်ဘုန်းမြတ်လည်း အိမ်ပေါ်တက်လာပြီး
လက်ဆေးကာ မိခင်နှင့် ထမင်းဝိုင်းဝင်ထိုင်လိုက်၏။
ထမင်းဝိုင်းမှာ ဝက်သုံးထပ်သားချက်၊ ဘူးညွန့်ဟင်းချို
နှင့် ငါးပိရည် တို့စရာတို့ဖြင့်ဝိုင်းစည်နေရာ အောင်ဘုန်းမြတ်တစ်ယောက် အားရပါးရစားလိုက်တော့သည်။
” သြော်..မေ့တော့မလို့၊ မင်း လယ်ထဲသွားနေတုန်း
ဟိုဘက်ရွာက ပေတိုးလာသွားတယ်၊ မင်းဆရာကြီး
ဘိုးစိုင်းရှိန်က ခရီးသွားစရာရှိလို့ သူ့အိမ်ကို ဒီည
လာခဲ့ပါတဲ့ ”
” ဆရာကြီးက ခေါ်ခိုင်းလိုက်တယ်ဆိုတော့ အရေးကြီးတဲ့ကိစ္စဖြစ်မယ်၊ ဘယ်သွားမယ်လို့ပြောသေးလဲ၊
အမေ မေးလိုက်သေးလား ”
” မေးတာပေါ့ သူလည်းမသိဘူးတဲ့၊ ညနေသွားလိုက်
လေ ”
အောင်ဘုန်းမြတ်လည်း ခဏကြာတော့ရေချိုးပြီး၊ အားလုံးကိစ္စအ၀၀ ပြီးစီးသည်နှင့် လွယ်အိပ်လွယ်ပြီးအိမ် ပေါ်မှဆင်းခဲ့သည်။
ဖခင်ဖြစ်သူ ဦးလှအေး လှည်းမောင်းပြီး လယ်ကွင်းထဲကပြန်လာသည်နှင့်တိုး၏။ လှည်းပေါ်တွင်ခရမ်းချဥ်သီးမှည့်သုံးတောင်းနှင့် ရွှေဖရုံသီး လေးငါးဆယ်လုံးခန့် ပါလာသည်ကိုတွေ့လိုက်သည်။
ခရမ်းချဥ်သီးက အခင်းထဲမှာမှည့်ကာစဖြစ်၍
တစ်နေ့ကို သုံးလေးတောင်းသာရသေးပေ။
” မင်း ဆရာကြီးအိမ်စားဖို့ ရွှေဖရုံသီးလေး လေးငါး
လုံးယူသွားပါလား ”
” ဆရာကြီးအိမ်မှာ ဟိုကပေး ဒီကပေးနဲ့ ထားစရာတောင် နေရာရှိမှာမဟုတ်ဘူး၊ မယူတော့ပါဘူး ”
” မယူချင်လည်းပြီးတာပါပဲ၊ ဂရုစိုက်သွားဦး
ကောင်လေး ”
အောင်ဘုန်းမြတ်လည်း အိမ်ကထွက်လာခဲ့ပြီး ရွာထိပ်
သို့ရောက်သောအခါ လက်ပံရွာကို အသွားလှည်းကြုံတွေ့၍လိုက်ခဲ့သည်။
” ကိုကျော်မောင်၊ ဘယ်သွားမလို့လဲ ”
” အေး..ယာထဲအတွက် လိုအပ်တဲ့ ပစ္စည်းလေးတွေ မြို့တက်ပြီးဝယ်မလို့ပါကွာ၊ ဒါနဲ့မသိလို့ မေးရဦးမယ်၊
မင်းက မင်းမိဘအမွေအနှစ်ဖြစ်တဲ့ လယ်တွေ၊ ယာတွေကို လုပ်မစားဘဲ အထက်လမ်းပညာတွေသင်ယူနေတာ ဘာလုပ်ဖို့လဲကွ ”
” ကျွန်တော်က ငယ်ငယ်လေးထဲက အဘိုးလို ပယောဂဆရာ၊ အထက်လမ်းဆရာ ဖြစ်ချင်တာ၊ အဲ့ဒါကြောင့်
အဘိုးမဆုံးခင်က မှာခဲ့တဲ့အတိုင်း လက်ပံရွာက ဆရာကြီးဘိုးစိုင်းရှိန်ဆီမှာ ပညာသင်ခဲ့တာ ”
” မင်းအဘိုးကလည်း တစ်ရွာလုံး အားထားရတဲ့ ဆေးဆရာကြီးဆိုလည်းဟုတ်တယ်၊ အတိုက်အခိုက် ပယောဂမှန်သမျှလည်း ဆရာကြီးကုပေးတာနဲ့ တန်းပြေးရောမဟုတ်လား၊ အခု လွယ်အိတ်တစ်လုံးနဲ့
ဆိုတော့ ဆရာပင့်ထားလို့လား ”
” လက်ပံရွာက ဆရာကြီးဘိုးစိုင်းရှိန်ဆီ သွားမလို့ပါ၊ ဆရာကြီးက ဘယ်သွားစရာရှိလဲမသိဘူး၊ ဒီညလာအိပ်
ခိုင်းလို့ လာခဲ့တာ ”
” မင်းလည်း ပညာတော်တော်တတ်ရော့မယ် ”
” အမြဲတမ်း သင်ရတာမဟုတ်ပါဘူး၊ ဆရာကြီးက
ခေါ်မှသာ သူလုပ်တာ ကြည့်ရှု့မှတ်သားရတာလောက်
ပဲ ရှိပါတယ်၊ အသေးအမွှားကိစ္စလောက်ကတော့ ကျွန်တော်နဲ့ပြီးပါတယ်ဗျ၊ ကြီးကြီးမားမားကိစ္စတွေ
ဖြေရှင်းရတဲ့အခါ ဆရာကြီးကိုယ်တိုင်သွားတယ်၊
ဆရာကြီးက မဟာမြိုင်တောကနေ ပညာစခန်းကျင့်ပြီး
ပြန်လာတာ မကြာသေးဘူး၊ ပညာတော်တော့်ကို
အစွမ်းထက်တာဗျ၊ ဆရာကြီးက အောက်လမ်းတွေ
ဘာတွေ သွားနှိမ်နှင်းရင်တော့ ကျွန်တော်ပါလိုက်
ရတယ် ”
သူတို့စကားပြောရင်း မောင်းလာခဲ့ရာ လမ်းခွဲတစ်ခုသို့ ရောက်လာခဲ့သည်။
” ကဲ..ကိုကျော်မောင် ရှေ့နားလေးမှာ ကျွန်တော်ဆင်းတော့မယ် ”
” သြော်..အေး၊ မင်းဒီလမ်းကလျှောက်ရင် လက်ပံရွာကိုတန်းနေတာပဲ ”
အောင်ဘုန်းမြတ်လည်း လှည်းပေါ်မှဆင်း၍ လက်ပံရွာကို ခြေလျင် ဆက်လျှောက်ခဲ့တော့သည်။
(၂)
ဆောင်းကာလဖြစ်၍ ခြောက်နာရီခွဲလောက်မှာပင်
မှုံရီဝိုးတဝါးဖြစ်နေပြီ။ ရွာနှင့် သိပ်မဝေးတော့ပေ။
ဆရာကြီးဘိုးစိုင်းရှိန်အိမ်သို့ရောက်သည်နှင့် ဆရာကြီးက ဘုရားဆီမီးပူဇော်ပြီး၊ ဂုဏ်တော်ပုတီးစိပ်နေသည်
ကို တွေ့ရသဖြင့် အိမ်ရှေ့တန်းလျားလေးပေါ်တွင် ရေနွေးကြမ်းသောက်ရင်း ထိုင်စောင့်နေလိုက်၏။
အောင်ဘုန်းမြတ်ရောက်၍ ခဏအကြာတွင်
ဆရာကြီးက ရေနွေးဗန်းရှိရာသို့ ထလာကာ
အောင်ဘုန်းမြတ် ငှဲ့ပေးသော ရေနွေးကိုသောက်လိုက်
ပြီး စကားစပြောသည်။
” မနက် ခရီးစောစောထွက်ရမယ် ”
” ဘယ်အရပ်ဒေသကို သွားရမှာလဲ ဆရာကြီး ”
” ဒီတစ်ခေါက်တော့ ရိုးမတောင်ခြေအထိသွားရမယ်၊
လှိုင်ဂူထဲမှာနေတဲ့ ကဝေတစ်ယောက်ကို နှိမ်နှင်းရမှာ၊
သူကရိုးရိုးကဝေမဟုတ်ဘူးကွ၊ ကဝေမှော်ကျင့်စင်ရဲ့နောက်ဆုံးအဆင့်ကိုကျင့်နေတဲ့ လူသားစားတဲ့ ကဝေပဲ၊
အနီးရွာက လူတွေကိုသတ်ပြီး နှလုံးကို အစိမ်းလိုက်
ဖောက်စားတာ။ ဒါဟာ သူ့ပညာအဆင့်မြှင့်တဲ့
လူသားတစ်ရာကဝေရာဇာ ကျင့်စဥ်တစ်ခုပေါ့။
အခုဆို နောက်ဆုံးအဆင့်ကိုရောက်နေပြီ …
လူသားအယောက်တစ်ရာရဲ့ အသားကိုစားပြီးရင်
ပိုပြီးတော့ တန်ခိုးထွားလာမယ်၊ အဲ့အခါကျ သူ့ကို
နှိမ်နှင်းဖို့ အတော်ခက်သွားလိမ့်မယ်၊
အခုဆို ဒီကဝေကောင် ကိုက်စားခဲ့တဲ့ လူပေါင်း
အယောက် ကိုးဆယ် ကျော်နေပြီ၊ ကိုက်တာမှ
နှလုံးနေရာကို အရှင်လတ်လတ်ဖောက်ပြီး ကိုက်စား
တာ၊ လကွယ်ညမတိုင်ခင် မနှိမ်နှင်းနိုင်ရင် အားလုံးဒုက္ခရောက်လိမ့်မယ် ”
” တော်တော်ရက်စက်တဲ့ ကဝေပဲနော် ဆရာကြီး ”
” ဒါပေါ့ကွယ်၊ ကဝေဆယ်နှစ်ကြိုးကို အောင်ထားတဲ့
သူတွေပေါ့၊ မှော်မှာအဆင့်ဆယ့်နှစ်ဆင့်ရှိတယ်၊
ကောင်ကင်ကိုပျံနိုင်တဲ့ ကြိုးဆယ်နှစ်ကြိုးလို့လည်း
ခေါ်တယ်၊ သူက ကဝေမှော်ကျင့်စင် အဆင့်ကိုးဆင့်အထိကို အောင်ထားတဲ့ သဘောပေါ့ကွာ ”
” ဒါဆို ပညာအဆင့်အရမ်းမြင့်မှာပေါ့ ”
” အေး ဟုတ်တယ်၊ ဒါနဲ့ အောင်ဘုန်းမြတ်ကို ဆရာကြီး
သိမ်းခိုင်းထားတဲ့ အထက်အင်းတော်ကြီးတွေ ရှိသေးတယ်မဟုတ်လား၊ အဲ့ဒါတွေက သာမန်အင်းတွေမဟုတ်ဘူး၊ အထက်လမ်းဝိဇ္ဇာကြီးတွေ ပေးအပ်ချီးမြှင့်ထားတဲ့အင်းကွဲ့၊ ဘယ်လို ကဝေမျိုးမှ ဒီအင်းတွေကို
ခုခံနိုင်စွမ်းမရှိဘူး၊ အတော်ဆိုးတဲ့ ကဝေပျံတွေဆို
အထက်အင်းတော်ကြီးနဲ့တိုင်တည်ပြီး နှိမ်နှင်းလိုက်ရင် ပြာကျပြီး ငရဲလားကျရတာ၊ အင်းနှိုးဂါထာတွေရော မှတ်မိသေးရဲ့လား ”
” ဟုတ်ကဲ့၊ မှတ်မိပါတယ် ”
” ငါ့တပည့်က ထူးခြားတဲ့ပါရမီရှိတယ်၊ ဘာပဲသင်သင် တစ်ခါနဲ့ တတ်တယ်၊ မြင်ရုံနဲ့တတ်တယ်၊ မင်းရဲ့အဘိုး ထွန်းလူဆို ဆရာကြီးနဲ့ မဟာမြိုင်တောထဲမှာ နှစ်ယောက်အတူပညာသင်ယူလေ့ကျင့်ခဲ့တဲ့ မိတ်ဆွေအရင်းတွေပဲ၊ သူမရှိတော့ရင် မင်းကို အထက်လမ်းပညာ
အမွေပေးဖို့ ဆရာ့ကိုကြိုပြီး စကားလမ်းကြောင်းထား
ခဲ့တယ်၊ မင်းကလည်း ဒီပညာတွေကိုစိတ်ဝင်စားတယ်၊
နောက်ပြီး အတိတ်ကံပါရမီလည်း ရှိသမို့ ဆရာကြီးကမင်းကိုပညာသားမချန်ပဲ ဆရာကြီးအကုန်သင်ပေးပါမယ် ”
” ဟုတ်ကဲ့ပါ ဆရာကြီး ”
” အထက်လမ်းနဲ့ အောက်လမ်းက ပညာသိပ်မကွာဘူးကွဲ့၊ အထက်လမ်းပညာရဲ့အားသာချက်က သီလ၊ သမာဓိ၊ သစ္စာပဲ။
အထက်မှာသစ္စာ၊ အောက်မှာကျိန်စာတဲ့ ”
” ပညာသည်တွေထဲမှာ ကြောက်စရာအကောင်းဆုံး
က ဘာလဲဆရာကြီး ”
” ကဝေတွေပေါ့ကွယ်၊ ပညာသည်အမျိုးအစားက
သုံးမျိုးရှိတယ်…အောက်လမ်းပညာသည်၊ စုန်းပညာသည်၊ ကဝေပညာသည်တွေဆိုပြီးရှိကြတယ်၊
စုန်းပဲဖြစ်ဖြစ်၊ အောက်လမ်းပဲဖြစ်ဖြစ်၊ ကဝေပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦးတွေ့ရင် မတည့်တာကများတယ်၊
ပညာအဆင့်ပြိုင်ကြတယ်၊
ပညာသည်တိုင်း အဆင့်မြင့်သထက်မြင့်အောင် အမြဲအားထုတ်နေကြတာ၊ အောက်လမ်းပညာကတော့
ဆေးဝါးအစီအရင်သမားတွေပဲ၊
သူတို့စီရင်တဲ့ဆေးဝါးတွေက တော်တော်ယုတ်ညံ့တယ်၊ လူတွေကို နည်းမျိုးစုံနဲ့ဒုက္ခပေးတတ်တာကတော့ အောက်လမ်းပညာသည်တွေပဲ ”
” ဟုတ်ကဲ့ ဆရာကြီး ”
” ကဲ ကဲ၊ ဒါတွေ နောက်ကြုံမှ ဆရာကြီး သိသင့်သိထိုက်တာတွေ ထပ်ရှင်းပြမယ်၊ မနက်စောစော ခရီးထွက်ရမှာဆိုတော့ ညဥ့်နက်မှ အိပ်လို့မဖြစ်ဘူး၊ အခုအချိန်ရှိတုန်း ဆရာကြီးတို့ ဘုရားရှိခိုး တရားထိုင် ပုတီးစိပ်ကြရအောင် ”
အောင်ဘုန်းမြတ်လည်း ဆရာကြီးနှင့်အတူ ဘုရားကန်တော့ တရားထိုင် ပုတီးစိတ်ပြီး၊ ညဆယ်နာခွဲခန့် တရားဖြုတ်ကာ အိပ်ရန် ပြင်ဆင်ထားသော အိပ်ရာ
မှာ ဝင်အိပ်လိုက်သည်။
မနက်အရုဏ်တက်အချိန်တွင် မျက်နှာသစ်ပြီး
ထမင်းပူလေးကို မြေပဲစံဖြူးကာ ဆရာတပည့်နှစ်ယောက် အဆာပြေစားလိုက်ကြသည်။ ပြီးနောက်
ခရီးနှင်လာခဲ့ကြ၏။
(၃)
အောင်ဘုန်းမြတ်က ရိက္ခာထည့်ထားသောအိတ်နှင့် ဆေးလွယ်အိတ်ကို စလွယ်သိုင်းပြီး ဆရာကြီးနောက်
က ကပ်လိုက်ခဲ့သည်။
ဆရာကြီးဘိုးစိုင်းရှိန်မှာ အသက်(၅၀)ကျော်ပြီ ဖြစ်သော်ငြားလည်း လူငယ်တစ်ယောက်ပမာ လွန်စွာသွက်လက်လျင်မြန်နေ၏။
အင်းရွာမြစ်ဆိပ်အထိ ဆယ့်ငါးမိနစ်ခန့်လမ်းလျှောက်လာခဲ့ကြ၏။ ဆိပ်ကမ်းကိုရောက်သောအခါ ကသာဘက်မှ ထွက်လာသော စက်လှေကိုစောင့်ပြီး နာရီ
ဝက်မျှ စီးလိုက်ရသည်။
ကုန်းပေါ်ရောက်တော့ မြေပဲနှစ်ခင်းကြားကဖြတ်လျှောက်ခဲ့ပြီး၊ ကိုင်းပင်ပေါက်များနှင့် ကြက်မောက်ပင်အရိုင်းပင်များ မျိုးစုံပေါက်နေသော လူသွားလမ်းလေး
မှ တိုးဝင်တက်လာခဲ့ကြသည်။
အရိပ်ကောင်းသော သစ်ပင်ကြီးတစ်ပင်အောက်သို့ရောက်သောအခါ ခဏနားပြီး၊ ယူလာသော ရိက္ခာများကို စားကြသည်။
ခဏကြာတော့မှ ခရီးဆက်နှင်ခဲ့ကြ၏။
ည(၇)နာရီခွဲခန့်အရောက် နေလည်းဝင်တော့မည်။ တောင်ခြေနှင့်သိပ်မဝေးတော့ပေ။
” ကဲ..အောင်ဘုန်းမြတ် ဟိုရှေ့နားဆိုရောက်ပြီ၊
အစစအရာရာသတိထား၊ ဒီကဝေက သူရဲ့နောက်ဆုံး
ကျင့်စင်ဖြစ်တဲ့ ‘လူသားတစ်ရာ ကဝေရာဇာ’ကျင့်စင့်
ကို ကျင့်နေတာဆိုတော့ ဘယ်နည်းနဲ့မှ အဖျက်ခံမှာ
မဟုတ်ဘူး၊ ကဝေစက်တွေဖြန့်ထားလိမ့်မယ်၊
တန်ခိုးတော်တော်ထွားတယ်၊ ဆရာတို့ တိုက်ခိုက်နေချိန်မှာ အမြဲအဆင်သင့်လုပ်ထား၊ အရေးအကြောင်းဆို အင်းစမတွေကို အသုံးပြု၊ မန္တန်တွေ နှိုးတန်နှိုးထား ”
အန္တရာယ်နှင့် ထိပ်တိုက်ရင်ဆိုင်ရတော့မည် ဖြစ်သဖြင့်
ဆရာကြီးက သတိမလွတ်စေရန် တပည့်ဖြစ်သူအား အသိပေးလိုက်သည်။
” စိတ်ချပါ ဆရာကြီး ”
မကြာခင်မှာပင် ကဝေကြီးရှိရာ လှိုင်ဂူဝအနားသို့ ရောက်လာခဲ့၏။
ဆရာကြီးက ပါးစပ်မှ မန္တန်ကိုရွတ်လိုက်ပြီး၊ ဂူပတ်ပတ်လည်ကို ပထမံစည်းချလိုက်သည်။
အဖြူရောင် မီးခိုးငွေ့များက ကောင်းကင်ပေါ်သို့
ထောင်းခနဲ ပျံတက်သွား၏။
ကဝေစက်ပြတ်တောက်သွားခြင်းပင်ဖြစ်သည်။
” ကဲ..ကဝေစက်တော့ပြတ်သွားပြီ၊ ဒီကဝေကောင်က
ထွက်မလာဘူး၊ အထဲမှာ ပညာစခန်းကျင့်နေတာပဲ
ဖြစ်ရမယ်၊ ဆရာကြီး လှိုင်ဂူထဲကို ဝင်ကြည့်မယ်၊ အနောက်က သတိနဲ့လိုက်ခဲ့တော့ ငါ့တပည့် ”
ဆရာတပည့်နှစ်ယောက် လှိုင်ဂူထဲသို့ ဝင်သွားသော
အခါ အစုလိုက်ပုံနေသော အရိုးစုများကိုတွေ့ရ၏။
လူအရိုးစုများပင်ဖြစ်သည်။ ဆရာကြီးနှင့် အောင်ဘုန်း
မြတ်လည်း ထိုအရိုးစုများကို ရှောင်ခွပြီး ဆက်လျှောက်လာခဲ့ကြသည်။
အရှေ့သို့ အနည်းငယ် လျှောက်လာသောအခါ
လှိုင်ဂူတစ်ခုလုံး လင်းထိန်နေသည်။
” ဆရာကြီး..ဂူထဲမှာ မီးတွေလင်းထိန်နေတာပဲ ”
” အထဲမှာ ကဝေကောင်ရှိတယ်၊ သူ့ပညာတက်လမ်း
ကျင့်နေလို့ မီးတိုင်တွေ ထွန်းထားတာဖြစ်မယ် ”
သူတို့ စကားပြောနေစဥ်မှာပင် မန္တန်ရွတ်သံများ
ကျယ်လောင်စွာ ထွက်ပေါ်လာပြီး လှိုင်ဂူတစ်ခုလုံးကို
ဖုံးအုပ်သွားသည်။
ဆရာတပည့်နှစ်ယောက်လည်း အသံကြားရာသို့ ဖြေးဖြေးချင်းသွားကာ ချဥ်းကပ်ကြည့်လိုက်ကြ၏။
ဆံပင်ကိုဖားလျားချထားသော လူကြီးတစ်ယောက်
ကျောက်ပလ္လင်အထက်တွင် အကျအနထိုင်နေ၏။
သူ၏ အရှေ့တွင်လည်း သွေးသံရဲရဲစီးကျနေသော
အမျိုးသမီးတစ်ယောက် ပတ်လက်လဲကျနေသည်ကို
မြင်လိုက်ရသည်။
ထိုလူကြီးက လဲကျနေသော အမျိုးသမီး၏ နှလုံးနေ
ရာကို အရှင်လတ်လတ် လက်သည်းနှင့် ထိုးဖောက်
ပြီး နှလုံးကိုတစ်ကိုက်ချင်း ကိုက်လိုက်သည်။
တစ်ကိုက်,ကိုက်ပြီးတိုင်း ပါးစပ်မှ မန္တန်ကိုတခါ
အော်ပြီးရွတ်လိုက်၏။
သူ၏မျက်နှာမှာ ပကတိ ကြောက်မက်ဖွယ်ရာကောင်း
လွန်းလှသည်။ နီရဲနေသော မျက်လုံးကြီးနှစ်လုံးနှင့်
ချွန်ထွက်နေသော သွားအစွယ်များကို မီးတိုင်အောက်တွင် အတိုင်းသား မြင်နေရသည်။ သူ၏လက်ထဲတွင်
ကိုင်ထားသော နှလုံးမှာလည်း သွေးများတစက်စက်
ယိုစီးကျနေပြီး တကိုက်ချင်းကိုက်စားနေ၏။
တစ္ဆေကြီးတစ်ကောင် အစာစားနေသကဲ့သို့
အလားတူလှသည်။
” အား ”
အောင်ဘုန်းမြတ်လည်း လန့်ပြီး အော်မယ်အလုပ်
ဆရာကြီးက သူ၏ပါးစပ်ကို လက်ဖြင့်ပိတ်လိုက်၏။
” တိတ်တိတ်နေ..ဆရာကြီးတို့ သူ့ကို အနောက်ကနေ
အလစ်ဝင်တိုက်ပြီး ကဝေဦးနှိမ်အင်းနဲ့ ပစ်ရမယ် ”
” ဟုတ်..ဟုတ်ကဲ့ဆရာကြီး ”
ဆရာကြီးလည်း အနောက်မှ ပြေးထွက်လာပြီး
ကဝေဦးနှိမ်အင်းနှင့် တစ်ချက်လွှတ်ပေါက်လိုက်သည်။
” ဝှစ် ”
ကဝေးကြီးကလည်း လျင်၏။ ဆရာကြီး ပစ်လိုက်သော
အင်းကို အသာခုံပြီး ရှောင်လိုက်သည်။ မထိလိုက်ပေ။
” ဟဲ့..ဆရာအစုတ်ပလုတ် မင်းက ငါ့ကိုအလစ်ဝင်
တိုက်ပြီး နိုင်မယ်ထင်နေလား၊ မင်းတို့ရောက်လာတာ
ကို ငါအစထဲက ကြိုသိပြီးသား၊ ငါ့အလုပ်မပြီးသေး
လို့ အသာလွှတ်ပေးထားတာ၊ နာဖို့သာပြင်ပေတော့ ”
” မင်းလုပ်ရပ်တွေကို ရပ်တန့်ပေးဖို့ ငါလာခဲ့
တာပဲ၊ မင်းပညာတွေ စွန့်လွှတ်လိုက်ရင် အသက်ချမ်းသာရာရမယ် ”
ကဝေကြီးက စူးရှနီရဲသော မျက်လုံးနှင့် ဆရာကြီးကို
စိုက်ကြည့်လိုက်၏။ ထို့နောက် ဒေါသထွက်နေသော အမူအရာဖြင့် အံကိုကြိတ်လိုက်သည်။
” မင်းက သုံးစားမရတဲ့ အင်းတွေနဲ့လာပစ်ပြီး၊
ပေါက်ပန်းလေးဆယ် မန္တန်လေးရွတ်ရုံလောက်နဲ့
ငါ့ကိုယှဥ်နိုင်မယ်ထင်နေလား၊ ငါက နယ်နယ်ရရ
ကဝေမဟုတ်ဘူး၊ ကိုးသင်္ချိုင်းအောင်းလာတဲ့
ကဝေရာဇာပဲ ”
” ဟမ်း..မင်းက ကိုးသင်္ချိုင်းအောင်းလာတဲ့
ကဝေရာဇာဆိုရင်…ငါကလည်း မဟာမြိုင်က ပြန်
လာတဲ့ ပထမံဘိုးစိုင်းရှိန်တဲ့၊ အသာတကြည် ပြောလို့
မရမှတော့ နင့်ထိုက်နဲ့ နင့်ကံပဲဟေ့ ”
ဆရာကြီးလဲ လှစ်ကနဲရှေ့ကိုနှစ်လှမ်းတိုးပြီး
လက်ထဲက စက်တွေနှင့် ကဝေကြီးဆီကိုပစ်လိုက်၏။
ကဝေကြီးက မျက်ထောင့်နီကြီးနှင့် ဆရာကြီးကိုကြည့်ပြီး ၎င်းလွှတ်လိုက်သော စက်တွေကို လက်ဖြင့်အသာယာကာလိုက်သည်။
” ဟင်း…ဟင်း ”
ကဝေကြီး ဒေါသအထွဋ်အထိပ်ထွက်လာသည်။ စက်တွေအပိုင်းပိုင်း ပြတ်ထွက်သွား၏။ ထို့နောက် အရောင်တဖျန်းဖျန်းထွက်နေသော စက်တွေနှင့်ဆရာကြီးအား
ပြန်တိုက်ခိုက်သည်။
ဆရာကြီးလည်း နောက်ကို အနည်းငယ်ဆုတ်လိုက်ရ၏။
ပါးစပ်မှမန္တန်တွေကို ရွတ်လိုက်ရာ လက်ထဲတွင် အရောင်သုံးမျိုးရှိသော စက်တွေထွက်ပေါ်လာသည်။ ကဝေကြီး၏ပတ်ပတ်လည်ကို လွှတ်ပြီးချုပ်လိုက်၏။
ကဝေကြီးကပြန်ပြီး မြေပြင်ကို ဖနှောင့်နဲ့ပေါက်လိုက်ရာ
ချုပ်နှောင်ထားသော စက်များကျိုးထွက်သွား၏။
ထို့နောက် ပါးစပ်မှ ခပ်တိုးတိုး မန္တန်ရွတ်သံများ ထွက်ပေါ်လာပြီး ကဝေကြီး၏ ခန္ဓာကိုယ်မှာ သုံးကိုယ်ဖြစ်သွားသည်။
ဆရာကြီးနှင့် အောင်ဘုန်းမြတ်လည်း မျက်လုံးအဝိုင်းစားနဲ့ အံ့သြထိတ်လန့်သွားကြ၏။
ကဝေကြီးက ခန္ဓာသုံးကိုယ်ခွဲထားရာမှ အရောင်တဖျက်ဖျက်တောက်နေသော မီးလုံးတန်းကြီးများနှင့် ဆရာကြီးဘိုးစိုင်းရှိန်တို့ဆီသို့ ပစ်လွှတ်လိုက်၏။
ဆရာကြီးလည်း အင်းစမများနှင့် ထုတ်၍ မနည်းကာလိုက်ရသည်။
ထို့နောက် ဆရာကြီးဘိုးစိုင်ရှိန်လည်း လွယ်အိတ်ထဲမှ
ကဝေဦးနှိမ်အင်းကို ထုတ်၍ သုံးပိုင်းခွဲထားသော
ကဝေကြီး၏ အလယ်ခန္ဓာကိုယ်ကို ဂါထာရွတ်ပြီး
လှမ်းပစ်လိုက်သည်။
” ဖောင်း…”
ကဝေကြီး ဒူးထောက်လဲကျသွား၏။ ပါးစပ်မှလည်း
သွေးများ စီးကျလာသည်။ သို့သော် ကဝေကြီးက
အရှုံးမပေးသေး။
” မင်း ပညာကလည်း ဘယ်ဆိုးလို့လဲ၊ ဒါပေမဲ့
ဒီလောက် ပညာအဆင့်နဲ့တော့ ငါ့ကိုနိုင်ပြီ မထင်လိုက်
နဲ့ဟေ့ ”
” ဟဲ့ ကဝေကောင်…မင်းအခုထိ မာန်စွယ်မချသေးဘူး
ပဲ၊ ဆက်ပြီးမိုက်နေရင် အသက်နဲ့ခန္ဓာကိုယ်အိုးစားကွဲ
ဖို့ပဲရှိတော့မယ် ”
” အေး..ငါဆိုတဲ့ကောင်ကလည်း သေကာမှသေရော
မဟာအဝီဇိငရဲထိ ဆက်ပြီးမိုက်နေဦးမယ်ဆိုတာ
မင်း မမေ့နဲ့ ”
ကဝေကြီးလည်းပြောရင်း ပါးစပ်မှ ဗလုံးဗထွေး
မန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။
ဂူတစ်ခုလုံး အနက်ရောင်အငွေ့များဖုံးလွှမ်းသွားသည်။
ထို့နောက် ကဝေကြီး၏ မူလခန္ဓာကိုယ်မှ ဆယ်ပေခန့်
မြင့်သော မြွေနက်ကြီးတစ်ကောင်အသွင်သို့ ပြောင်းလဲသွား၏။ ပြီးနောက် ဆရာကြီးနှင့် အောင်ဘုန်းမြတ်ကို ဆက်တိုက်လိုက်ပေါက်၏။ ဆရာကြီးက အင်းစမများ
နှင့်ထုတ်၍ ကာလိုက်၏။ အောင်ဘုန်းမြတ်လည်း
ဘေးသို့ခုံ၍ ရှောင်လိုက်သည်။
မြွေနက်ကြီးက ပါးစပ်မှ မီးလုံးများနှင့် လိုက်၍မှုတ်
လေသည်။
” အောင်ဘုန်းမြတ်..ဒီနေရာက သူ့ရဲ့သတ်ကွင်းပဲ၊
အပြင်ထွက်လာအောင် မျှားခေါ်ရမယ်…သွားကြစို့ ”
ဆရာကြီးဘိုးစိုင်းရှိန်နှင့် အောင်ဘုန်းမြတ်လည်း
လှိုင်ဂူအဝသို့ ပြေးထွက်လာခဲ့၏။ မြွေနက်ကြီး
အသွင်ဖန်ဆင်းထားသော ကဝေကြီးလည်း
အနောက်မှ မီးနှင့်လိုက်၍မှုတ်သည်။
” ဆရာကြီးက ဒီကောင်ကို အသွင်ပြောင်းပြီးတိုက်မယ်၊
ငါ့တပည့်က ဆရာကြီးတို့တိုက်ခိုက်နေတဲ့အချိန်မှာ
သူ့ရဲ့ဦးခေါင်းကို မန္တန်နှိုးပြီး ကဝေကျော့ကွင်းနဲ့ ပစ်လိုက်၊ မြေပေါ်လဲကျသွားတဲ့အခါ ဆရာကြီး
ကြည့်ရှင်းလိုက်မယ် ”
” စိတ်ချပါ ဆရာကြီး ”
ဆရာကြီးလည်း စကားဆုံးသည်နှင့် အင်းစမနှစ်ချပ်
ကို ထုတ်ပြီး လက်အုပ်ချီကာ ပူးလိုက်သည်။
ထို့နောက် ဂါထာများကို အဆက်မပြတ်ရွတ်လိုက်၏။
အထက်ကောင်းကင်တစ်ခုလုံး တိမ်မည်းများဖုံးအုပ်လာ၏။ ရုတ်တရတ် လေပြင်းများတိုက်ခိုက်လာပြီး လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်။
ခဏကြာတော့ ဆရာကြီးဘိုးစိုင်းရှိန် ခန္ဓာကိုယ်မှ
အရောင်တဖျတ်ဖျတ်နှင့် အလင်းတန်းများထွက်ပေါ်
လာပြီး သိန်းငှက်ကြီးအသွင်ပုံစံသို့ ပြောင်းသွားသည်။
” ဂီး..ဂီး..”
သိန်းငှက်ကြီးက ကောင်းကင်အထက်သို့ ပျံဝဲသွား
ပြီး မြွေနက်ကြီးရှိရာသို့ တစ်ဟုန်ထိုး ထိုးဆင်းပြီး
သုတ်လေ၏။
မြွေနက်ကြီးကလည်း အမောက်ထောင်၍ ကာကွယ်
ကာ ပြန်ပေါက်၏။ ထိုသို့ လုံးထွေးသတ်ပုတ်ကြရင်း သိန်းငှက်ကြီး၏ အတောင်ကို မြွေနက်ကြီးမှ ရစ်ပတ်လိုက်၏။ သို့ရာတွင် ကောင်ကင်သို့ ပျံတက်
မရဖြစ်ကာ မြေပြင်တွင် လူးလိမ့်ရုန်းကန်ရင်း လုံးထွေး
နေလေ၏။
အောင်ဘုန်းမြတ်လည်း အခွင့်သာပြီဖြစ်၍ ရှေ့သို့
တိုးကား မြွေနက်ကြီး၏ ဦးခေါင်းတည့်တည့်ကို
ကဝေကျော့ကွင်းနှင့် လျင်မြန်စွာပစ်လိုက်၏။
” ဘုံး…”
ကဝေကြီးမှာ မူလအသွင်ပြန်ပြောင်းသွားပြီး မြေပြင်
မှာ မလှုပ်နိုင်တော့ဘဲ လေးဘက်ထောက်လျက်သား
ကျသွားသည်။
ဆရာကြီးဘိုးစိုင်းရှိန်လည်း ချက်ချင်းလူပုံစံပြန်ပြောင်း
လိုက်၏။
” မင်းကဒီလောက်ထိ ခေါင်းမာနေတော့လဲ ဘယ်တတ်
နိုင်ပါ့မလဲ..နင့်ထိုက်နဲ့နင့်ကံ ခံပေဦးတော့ ”
ဆရာကြီးဘိုးစိုင်းရှိန်လည်း ကဝေကြီးအနားသို့ကပ်ပြီးကဝေဖြတ်အင်းနှင့် ပစ်ပေါက်လိုက်တော့၏။
” ဝုန်း…အား ”
ပြင်းထန်သော မီးလုံးကြီးတွေ ထတောက်ပြီး
ကဝေကြီးခန္ဓာကိုယ်တစ်ခုလုံး ပြာကျသွားသည်။
ဆရာကြီးက အောင်ဘုန်းမြတ်အနားသို့ လျှောက်လာ
ပြီး ခေါင်းတဆက်ဆက်ငြိမ့်ရင်း ပြော၏။
” အင်မတန် အကုသိုလ်ကြီးတဲ့ ကဝေပဲ၊ သေတာ
တောင် ငရဲမီးပြာကျပြီး သေသွားတယ်၊ ဘယ်လောက်
ပညာအဆင့်မြင့်မြင့် ဒီကောင်တွေ ခန္ဓာစဲလို့သေပွဲဝင်
ရင်တော့ ငရဲလားကျရတာပဲကွဲ့ ”
” တကယ်ကိုမလွယ်တဲ့ ကဝေကြီးပဲနော် ”
” အေးကွယ် ၊ အား..ကျွတ် ကျွတ် ”
” ဟာ..ဆရာကြီး ဘာဖြစ်တာလဲ ”
” ခါးလေးနဲနဲ နာသွားတာပါကွာ၊ ဘာမှမဖြစ်ပါဘူး ”
” ဆရာကြီးက ခါးပဲနာတာပါဗျာ..ကျွန်တော်က
အိမ်ကအမေ ဘုန်းကြီးပင့်ပြီး တရားနာဆွမ်းသွတ်
နေလောက်ပြီ တွေးထားတာ ”
” ဟားဟား…အတော်လည်း ပြောတတ်တဲ့ကောင် ”
ဆရာကြီးနှင့် အောင်ဘုန်းမြတ်လည်း ကဝေကြီးကို
နှိမ်နှင်းပြီး လာလမ်းအတိုင်း တစ်ဆင့်ပြီးတစ်ဆင့်
လက်ပံရွာသို့ ပြန်ခဲ့သည်။
မနက်လေးနာရီထိုးခန့်လောက်တွင် ဆရာကြီးဘိုးစိုင်း
ရှိန် နေအိမ်သို့ပြန်ရောက်သည်။
ပြီးပါပြီ။
ကိုးရောင်ခြယ် ရေးသားသည်။