လူ့ပြည်သို့ တစ်ခေါက်

လူ့ပြည်သို့ တစ်ခေါက်(စ/ဆုံး)
—————————

သူ့နာမည်မှာ ရန်ကနားလား၊ ဆွပ်ပယားလား မည်သူမှ ကောင်းစွာမသိကြ။ သူ့ကို သည်ရပ်ကွက်ပတ်ဝန်းကျင်မှ အဘိုးကြီးဟူ၍လည်းကောင်း၊ အရာကြီးဟူ၍ လည်းကောင်း ခေါ်ကြသည်။

ကလေးများကမူ“ကုလားဘိုးကြီးလာပြီ၊ ကုလားဘိုးကြီး လာပြီ”

ခပ်ငယ်ငယ် ကလေးများက သူ့ကိုတွေ့လျှင် နောက်ဆုတ် နောက်ဆုတ်နှင့် ထွက်ပြေးကြသည်။ ခပ်ရွယ်ရွယ်ကလေးများကမူ ကစားနေရာမှ သူဖြတ်သွားမည့်နေရာကို ရှဲပေးကြသည်။ သူက ရပ်၍ သူတို့ကိုကြည့်လျှင် သူ့လှုပ်ရှားမှုကို မျက်လုံးအဝိုင်းသားနှင့် စောင့်ကြည့်ရင်း စောင့်ကြည့်ရင်း အသင့်အနေအထားကို ပြင်လိုက်ကြသည်။ အစကမူ သည်ကလေးများကြားတွင် သူက တိုးဝင်ကြည့်သည်။ ကလေးများကို ခေါင်းကလေး ကိုင်ကာ မြူချော့ နှုတ်ဆက်ကြည့်သည်။ ငိုမဲ့မဲ့မျက်နှာနှင့် အမေ့ရင်ခွင်သို့ ပြေးဝင်သွားကြသောအခါ ကလေးများအနားကိုပင် သူ မသွားရဲတော့ပေ။ ကလေးအမေများကလည်း သူ့ကို ကလေးချောက်သတ္တဝါကြီးအဖြစ် အသုံးချကြသည်။

“ဟော …ကုလားဘိုးကြီးလာပြီ၊ အဘိုးကြီးရေ၊ ဒီကလေး သိပ်ငိုနေတယ်၊ ဖမ်းသွားစမ်းပါ၊ ဖမ်းသွားစမ်းပါ”

ငိုနေသောကလေးအား သူ့ကိုပြ၍ ချောက်သည်။

“တယ် ဒီကောင်မလေး၊ တက်ခဲ့ဆိုတာ မလာဘူးလား။ ငါ ကုလားဘိုးကြီး ခေါ်လိုက်မယ်နော်။ ဒါမှ ကုလားအဘိုးကြီးက ခေါင်းဖြတ်ပြီး သူအိတ်ထဲ ထည့်သွားလိမ့်မယ်။ လာခဲ့ လာခဲ့”

ခေါင်းမာသောကလေးအား သူ့အကြောင်းပြော၍ ချောက်သည်။ သည်တော့လည်း ကလေးငယ်များက သူ့ကိုမြင်လျှင် ဖိမ့်ဖိမ့်တုန်အောင် ကြောက်ကြသည်။ ကြောင်းဖားရယ် မြီးတံတိုကာ ကလေးတို့အတွက် ကြောက်စရာသတ္တဝါ ဖြစ်ကောင်းမှ ဖြစ်မည်။ အိမ်တွင် အမြီးကိုဆွဲလိုက်၊ ခေါင်းကို ပုတ်လိုက်နှင့် ထွေးလုံးရစ်ပတ်ကစားရသော ပူစီကား ကြောက်စရာသတ္တဝါမှ မဟုတ်ပါပဲ။ ဆင်ကြီးသည်လည်းကောင်း၊ ကျားကြီးသည် လည်းကောင်း၊ မြင်နေ တွေ့နေကျ တိရစ္ဆာန်ရုံမှသတ္တဝါများဖြစ်၍ ကလေးတို့ မကြောက်။

အမပြောသော ပုံပြင်များတွင် ဧရာမ ခန္ဒာကိုယ်ကြီးနှင့် ဘီလူးကြီးများ ပါတတ်သည်။ ယခု မြင်နေရသော ကုလားအဘိုးသည်ကား ပုံပြင်ထဲက ဘီလူးကြီးများလား။ ခန္ဓာကိုယ်ကလည်း ကြီးမားတုတ်ခိုင်သည်။ နီညိုညိုမုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတို့က ရှည်လျားရှုပ်ထွေးစွာ မျက်နှာပြင်တွင် မင်းမူနေသည်။ အစပ်အဖာတို့ဖြင့် ပြည့်နေသော ကုတ်အင်းကျီကြီးမှ ထွက်နေသော လက်ချောင်းကြီးများတွင်လည်း တွန့်တွန့်ကောက်ကောက် အမွေးများနှင့်။ သည်ကုလားအဘိုးကြီးကများ သွားကြီးဖြဲပြလိုက်လျှင် အစွယ်လျားလျား ထွက်လာမလား။

“အဘိုးကြီးရေ၊ အဲဒီကောင်လေးကို ဖမ်းသွားစမ်းပါ၊ သိပ်ဆိုးတဲ့ကောင်လေး”

“ဟုတ်သလား ကောင်လေး၊ ကောင်းကောင်းနေပါ။ ဆိုးသယ်နော်။ အဘိုးကြီး တစ်ခါတည်း ဖမ်းခေါ်သွားမယ်”

အစကမူ ကလေးအမေတို့က သူ့ကို ခြောက်လှန့်စရာ သတ္တဝါကြီးအဖြစ် သဘောထားသည်ကို သူက မကြိုက်။ နောက်တော့လည်း သူကိုယ်တိုင်ပင် ကလေးများကို နောက်တတ်သည်။ ကလေး တစ်ယောက်ယောက်က သူ့ကိုမြင်သော်လည်း ထွက်မပြေးဘဲ မရဲတရဲလှမ်းကြည့်လျှင် သူက စူးစူးဝါးဝါးပြန်ကြည့်ကာ ခေါင်းညိတ်၍ ညိတ်၍ ခေါ်ဟန်ပြုသည်။ သည်တွင် မပြေးမိသောကလေးက ကြောက်ကြောက်လန့်လန့်နှင့် ထွက်ပြေးသည်။ ပြေးထွက်သွားသောကလေးက ငိုမဲ့မှုနှင့် ခလုတ်ကန်သင်း မရှောင်နိုင်ဖြစ်သည်။ သူလာသည်ကို ကလေးတို့ မြင်လျှင် သူက အသံပြုသည်။

“ကျွိ..ကျွိ”

သွားကြားလေကိုစုပ်၍ ထွက်လာသော သည်အသံကိုကြားလျှင် သူလာကြောင်း ကလေးများ သိကြသည်။ ထွက်ပြေးသူ ပြေး၊ ရှဲသူ ရှဲနှင့် ဖရိုဖရဲဖြစ်သွားသည်ကို သူကိုယ်တိုင် ကျေနပ်သလိုဖြစ်လာသည်။

ကလေးများ ကြောက်မည်ဆိုလည်း ကြောက်လောက်ပါသည်။ သူ့ကိုယ်ကလည်း ကြီးမားတုတ်ခိုင်သည်။ အမွေးအမှင်တို့ကလည်း ထူပြောသည်။ မျက်နှာထားကလည်း တင်းမာသည်။ ထို့ထက် သူ့ပခုံးပေါ်ရှိ စစ်လွယ်အိတ်ဟောင်းကြီးထဲမှ တစ်စွန်းတစ်စ ထွက်နေသော သူ့ပစ္စည်းကြီးကလည်း ကလေးများအတွက် လက်နက်ကြီးလားထင်ရသည်။ ကျောပေါ် တွင် ပိုးတင်လာသော စစ်လွယ်အိတ်ကြီးအတွင်းမှ ပစ္စည်းများအားလုံးထဲတွင် သည်ပစ္စည်းကြီးသည် အကြီးဆုံးနှင့် အလေးလံဆုံးဖြစ်၏။ အပ်တစ်ချောင်း၊ ချည်တစ်လုံး၊ ဖယောင်းတစ်လုံးနှင့် သားရေ အတိုအစ၊ ဖိနပ်အဟောင်းအပြတ်တို့ ထိုးသိပ်ထည့်ထားသောကြောင့် သူ့ကို လုံအောင် ထည့်ထားနိုင်ဟန် မတူ။ အစွန်းအစက အမြဲတမ်းထွက်နေသည်။

တစ်အိမ်အိမ်က လှမ်းခေါ်လိုက်၍ သူ့အလုပ်ပေါ်လာပြီဆိုလျှင် ကျောပေါ်မှ သူ့အိတ်ကြီးကို သူ့ကိုယ်ကြီးနှင့်အတူ ဘုတ်ခနဲ မြေကြီးပေါ်ချလိုက်ကာ သည်ပစ္စည်းကြီးကို ဦးစွာထုတ်လိုက်သည်။ ကလေးများက သူတို့ကြောက်သော လက်နက်ကြီးကို အဘိုးကြီး ဘာလုပ်မည်နည်းဟု ကြည့်ကြသည်။ အဘိုးကြီးက ဖိနပ်တစ်နေရာတွင် သံချောင်း စိုက်လိုက်ကာ သည်ပစ္စည်းကြီးပေါ်တွင် တင်ရိုက်လိုက်သည်။ ရိုက်ချလိုက်သောသံချောင်းကလေး ဘေးစောင်းလျက် ကွေးသွားသည်ကို မြင်ကြရသည်။ သို့ဖြစ်၍ သည်ပစ္စည်းသည် အဘိုးကြီး ဖိနပ်ချုပ်ရာတွင် အသုံးပြုသော သံထည်ပစ္စည်းကြီးဖြစ်ကြောင်း သိကြရသည်။ သို့ပါလျက် အဘိုးကြီး အိတ်ထဲမှ သည်ပစ္စည်းကြီး တစ်စွန်းတစ်စထွက်နေသည်ကို မြင်ရလျှင် လက်နက်ကြီးလားဟု ထင်ကြစမြဲ။

တကယ်တော့ သူပိုင်ပစ္စည်းများထဲတွင် သည်ပစ္စည်းတစ်ခုသော ကြီးကြီးမားမားရှိသည်။ သူ့ကိုယ်ပေါ်တွင်ဝတ်ထားသော အဝတ်ဟောင်း တစ်စုံနှင့် လွယ်အိတ်ထဲပါ ဖိနပ်ချုပ်ကိရိယာများသည် သူပိုင်ပစ္စည်းအားလုံး ဖြစ်၏။ သူ့တွင် အပိုအလျှံဟူ၍ ပစ္စည်းလည်းမရှိ။ ငွေလည်း မရှိ။ အိုးမရှိ၊ အိမ်မရှိ။ သည်အခြေအနေနှင့် လူပြည် လူ့ရွာတွင် ရတောင့်ရခဲသော လူ့ဘဝတစ်ခုအနေနှင့် ရပ်တည်ခဲ့သည်မှာ နှစ်ပေါင်းမည်မျှကြာခဲ့ပြီကို သူ့ကိုယ်သူပင် ကောင်းကောင်း မမှတ်မိ။

သူ မှတ်မိသည်မှာ တကျီကျီအော်မြည်နေသော ဝမ်းထဲမှ သတ္တဝါတစ်ကောင်ကို အသံတိတ်စေရန်အတွက် ဝေးလံသော အရပ်ဒေသမှ သည်အရပ်ကို ရောက်ခဲ့ရသည်။ လေးလံသော ပစ္စည်းများကိုလည်း ကျောပေါ်တင်ခဲ့ရသည်။ ပူလောင်သော နေရောင်အောက်တွင်လည်း ခြေဗလာနှင့် လျှောက်ခဲ့ရသည်။ စွတ်စွတ်စိုသော မိုးရေများကြားမှာလည်း လှုပ်ရှားသွားလာခဲ့ရသည်။ သည့်တစ်လျှောက်လုံး ကမ္ဘာမြေကြီးသည်သာ သူ့အိမ်၊ သူ့ယာ၊ သူ့ ကျောချစရာ။

သည်ရပ်ကွက်ကို ရောက်လာခဲ့သည်မှာ သူ့ဘဝအတွက် ကံကောင်းခြင်းဟု ဆိုရပေမည်။ သည်ရပ်ကွက်ကို မရောက်မီက သူ မြို့ထဲမှာ လှည့်လည်ကျက်စားခဲ့သည်။ ရန်ကုန်မြို့လယ် အနှံ့အပြား သူရောက်သည်။ သူ လျှောက်သည်။ သူ့အလုပ်မှာ ပင်ပင်ပန်းပန်းလုပ်ရသည်မဟုတ်။ လုပ်လည်း မလုပ်နိုင်။ ထူးစရာလည်းမလို။ တစ်နေ့စာရလျှင် သူ့အတွက် ပြီးပြည့်စုံသည်။ အေးအေးဆေးဆေး ပလက်ဖောင်းတစ်ခုခုပေါ်တွင်ထိုင်ကာ ကွမ်းတမြုံ့မြုံ့ဝါးနေလိုက်သည်။ မိုးချုပ်လျှင် သည်နေရာမှာပင် ခင်း၍ အိပ်လိုက်သည်။ မိုးတွင်းအခါဆိုလျှင်သာ တိုက်ဆင်ဝင်အမိုးထောင့်တစ်နေရာရာကို ရှာရသည်။ သည်ည သည်နေရာ အိပ်နိုင်ခဲ့ပေမင့် နောက်တစ်နေ့ ကိုယ့်နေရာကို ဦးနှင့်သူရှိနေလျှင် နေရာသစ်ရှာရသည်။ သည်အဖြစ်မျိုးက မကြာခဏ။ ကိုယ်လိုပင် မြေပေါ်အိပ် လမ်းပေါ် လျှောက် ရွက်ကျပင်ပေါက်တို့ ရန်ကုန်မြို့ကြီးတွင် ဒုနှင့်ဒေး။ သူတို့လို အိန္ဒိယအမျိုးသားများကမူ နေ့ကြောင်တောင်မှာပင် ပလက်ဖောင်းပေါ်တွင် တုံးလုံးပက်လက်၊ မြင်မကောင်း ရှုမကောင်း၊ ညစ်ညစ်ထေးထေး၊ အစုတ်စုတ်၊ အပြတ်ပြတ်၊ အငတ်ငတ်။

သည်ရပ်ကွက်သည် ရန်ကုန်မြို့၏ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်၏။ လူလတ်တန်းစား အလုပ်အကိုင်သမားများနှင့် လက်လုပ်လက်စား ဆင်းရဲသားတို့ ရောနှောနေထိုင်ကြသည်။ သို့ဖြစ်၍ သူ့ဝင်ငွေမှာ သည်နောက်မှ ပိုကောင်းလာသည်။ ဖိနပ်ကို ပြုတ်သွားလျှင် ချုပ်ဝတ်သောသူများ ရှိမှလည်း သူ့မှာ အလုပ်ဖြစ်သည်။ အလျှံပယ်သုံးနိုင်သူတို့ ပျော်စံရာဆိုလျှင်ကား သူ အလုပ်မဖြစ်။ ထိုသူတို့ စွန့်ပစ်ထားသော အစုတ်အပြတ်တို့ကို ကောက်ကာ ကုန်ကြမ်းအဖြစ် သုံးရသေးသည်။

ယခုမူ စိတ်လိုလျှင် လမ်းကြိုလမ်းကြား သူ လျှောက်သည်။ မလျှောက်လိုလျှင် မူလတန်းကျောင်းနံဘေးရှိ ဘန်ဒါပင်အောက်တွင် ထိုင်နေတတ်သည်။ သူ့နေရာကို သိနေကြပြီဖြစ်၍ ဖိနပ်ပြတ်လျှင် သူရှိရာကိုလည်း လာပြင်တတ်ကြသည်။ သည်ကိုရောက်လာမှ သူ့ဝင်ငွေက မှန်နေသည်။ ပိုပို ရသည့်နေ့ဆိုလျှင်မူ သောက်နေကျအဖြူရည်ကို နှစ်ဆ သောက်လိုက်ကာ လန်နေသော အမိုးမှ ဒိုးယိုဝင်နေသော ငွေလရောင်အောက်တွင် စည်းစိမ်ကြီးစွာ မှိန်းနေနိုင်ပေသည်။ သည်ကိုရောက်မှ သူ့အတွက် အိပ်စရာနေရာ ရှိလာခဲ့သည်။ ပြာသောကောင်းကင်အောက်ဝယ် အကာမရှိသော်လည်း အမိုးရှိသည်။ အခင်းပီပီပြင်ပြင် မဟုတ်သော်လည်း ဝါးခင်း ဖရိုဖရဲသည် မြေပေါ်မှာ အိပ်ရသည်ထက်တစ်ဆင့်မြင့်ပေသည်။

ခေါက်မုန့်သည်ကို ကျေးဇူးတင်ရမည်။ သည်မိန်းမသည် ညအခါ အသုံးမလိုသော သူ့ဆိုင်ခန်းကို အဘိုးကြီးအိပ်ရန် ကြည်ကြည်ဖြူဖြူ ခွင့်ပြုထားသည်။ ဘေးပတ်လည် မလုံသည့်တိုင် မိုးသက်လေပြင်းမှ သက်သာရာ သက်သာကြောင်း အပေါ်ပိုင်းကို ဖျာစုတ်နှင့် တွယ်ထားသည်။ ချစ်စရာကောင်းသည့် မြန်မာများပါပေ။ လူမျိုးမရွေး ဘာသာမရွေး ဒုက္ခရောက်သူတွေ့လျှင် အမြင်မတော်ရှိတတ်သည်။ ကူညီတတ်သည်။ ရိုင်းပင်းတတ်သည်။ ထို့ကြောင့်လည်း နည်းအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးဖြင့် မူလွတ်ပြန်သူတို့ ပြန်ကြသော်လည်း သူတို့လို မြန်မာမြေနှင့် အစဉ်ထိကပ်နေရသောသူတို့အဖို့ သည်မြေကို တွယ်တာနေရသည်သာ။

* * *

အမှိုက်ပုံနားတွင် ကလေးသုံးလေးယောက်စုကာ တစ်ခုခုကို ကြည့်နေကြသည်။ တစ်ယောက်က တုတ်ကလေးနှင့်ကော်၍ တစ်ခုခုကို မ နေသည်။ ကျန်ကလေးများက အီးအီးအားအားအော်ကာ နောက်ကို တွန့်သွားကြသည်။

ခပ်လှမ်းလှမ်းကတည်းက ကလေးများဆီသို့ သူ့မျက်လုံးများ ရောက်သွားသည်။ ခါးကုန်းကုန်းနှင့် သူ အနားရောက်လာသည်ကိုပင် ကလေးများ သတိမမူကြ။ သူတို့ဘာသာ တစ်ခုခုကို စိတ်ဝင်စားနေကြသည်။ သူက ဘာပါလိမ့်ဟု လှမ်းမျှော်ကြည့်လိုက်သည်။

“ကျွိ …ကျွိ”

သူ့အသံကို ကလေးများ ကောင်းကောင်း မှတ်မိကြသည်။ စိတ်ဝင်စားစွာ အာရုံစိုက်နေကြသူတို့ လှည့်ကြည့်ကာ အော်ဟစ် ဖဲကြဉ်သွားကြသည်။

“ကုလားဘိုးကြီး … ကုလားဘိုးကြီး”

အားလုံးလိုလိုပင် ရှဲခနဲဖြစ်သွားကြရာမှ ခပ်ဝေးဝေးကို ရှောင်ပြေးသွားကြသည်။ တစ်ယောက်သာ ကျန်ခဲ့သည်။ ကလေးမလေးတစ်ယောက်။ မည်းကြုတ်ကြုတ် ပိန်သေးသေး ခန္ဓာကိုယ်နှင့်မလိုက်အောင် သူ့အကျီက ပွကျယ်နေသည်။ ထဘီရေလဲဆင်က အပွင့်မပေါ်တော့။ တစ်ကိုယ်လုံးတွင် ပြူးနေသော မျက်လုံးလေးနှစ်လုံးသာ အရောင်တဖျတ်ဖျတ် တောက်ပနေသည်။ သည်ကလေးမလေးက ထွက်မပြေးဘဲ သူ့မျက်နှာအနှံ့အပြားကို မျက်တောင်ကော့ကြီးများ တဖျတ်ဖျတ်ခတ်ကာ ကြည့်နေသည်။ သူက ကလေးမလေးကို မျက်မှောင်ကြုတ်၍ ကြည့်ရာမှ အသံပြုလိုက်ပြန်သည်။

“ကျွိ ….ကျွိ”

“အဲဒါ ဘယ်ကမြည်တာလဲအဘ။ ပါးစပ်ထဲမှာ ကြွက်စုတ်ကလေး ရှိလားဟင်”

ကလေးမကလေးက သူ့ပါးစပ်ကို သေသေချာချာကြည့်ကာ လှမ်းမေးလိုက်သောကြောင့် သူ အံ့အားသင့်သွား၏။ ချက်ချင်းပင် သူ့တစ်မျက်နှာလုံးမှာ ပြုံးလာကာ သွားကြားလေစုပ်သံကို ပြုလိုက်ပြန်သည်။

“ကျွိ ကျွိ။ အဟားဟား၊ ကြွက်စုတ်တွေ ရှိတယ် ရှိတယ်။ ဒီမှာ ကြည့်နော်၊ ကျွိ ကျွိ”

“ဘယ်မလဲ၊ အဘ ညာတာပါ။ ပါးစပ်ဟရင် ထွက်လာမှာပေါ့”

“ဟား …ဟား …”

သူက ကလေးမလေးစကားကြောင့် သဘောကျစွာ တဟားဟားရယ်နေ၏။ ခပ်လှမ်းလှမ်းမှာ စောစောက ပြေးထွက်သွားသော ကလေးများက သူနှင့် ကလေးမလေးကို အံ့သြစွာ ရပ်ကြည့်နေကြသည်။ ကုလားဘိုးကြီး ဘာဖြစ်နေတာလဲ။ တစ်ခါမှ ဒီလို ရယ်ရယ်မောမော မတွေ့ဖူးကြ။

“ပါးစပ်ဟတယ်နော်၊ တစ်ခါတည်း ဗိုက်ထဲဝင်သွားတယ်၊ ဟော ဗိုက်ထဲရောက်တယ်နော်၊ ဗိုက်ထဲမှာ အော်တယ်။ ကျွိ ..ကျွိ … ကြွက်စုတ် မကြောက်ဘူးလား”

“ဘာလို့ကြောက်ရမှာလဲ၊ ကြွက်စုတ်ဆိုတာ သေးသေးလေးပဲ၊ ဒီမှာ ကြည့်။ ကိုင်တောင် ကိုင်ရဲသေးတယ်”

ကလေးမလေးက သူ့ကို ကလေးဖော်ချင်းလို သဘောထားကာ အမှိုက်ပုံဘေးတွင် ပစ်ထားသော ကြွက်စုတ်ကလေးကို အမြီးမှ ကိုင် မ ပြလိုက်၏ ။ စောစောပိုင်းက ပိုင်းအုံကြည့်ခဲ့ကြသော ကြွက်စုတ်ကလေးသည် မျက်လုံးနှစ်ဘက် ပြူးထွက်လျက်သားနှင့် ပါလာသည်။

သူက ကလေးမလေးကို ပြုံးကြည့်နေ၏။ သည်ကလေးမလေးက ဘာကြောင့်များ မကြောက်ပါလိမ့်။ မကြောက်ရုံသာမက ရောရောနှောနှော စကားပင်ပြောနေသည်။ ကလေးတစ်ယောက်ယောက်နှင့် စကားမပြောဖူးသည်မှာ ကြာခဲ့ပြီ။

သူ့စိတ်မှာ မဖြစ်စဖူး ကြည်နူးသွားကာ ကလေးမလေး ပခုံးကို ပွတ်သပ်ကိုင်တွယ်ရင်း “ကောင်မလေး၊ ဘယ်မှာနေသလဲ”

“ဟိုအိမ်မှာပေါ့”

“ကျောင်းနေသလား ကောင်မလေး”

“ဟင့်အင်း”

“ဘာဖြစ်လို့လဲ ကောင်မလေး”

“ဟင့်အင်း ”

“ဘာဖြစ်လို့လဲ ကောင်မလေး၊ ဟိုမှာ ကျောင်းရှိတယ်နော်။ ကျောင်း ကောင်းကောင်းနေရမယ်”

“ဘယ်မှာလဲ ကျောင်း၊ ဘာလုပ်ဖို့ နေရမှာလဲ”

ကလေးမလေးက မျက်ခုံးလေးပင့်ကာ ပေါ့ပေါ့ဆဆ ပြောလိုက်၏။ သူက မျက်မှောင်ကုပ်ကာ ကလေးမလေးရုပ်လက္ခဏာကို စေ့စေ့ကြည့်ပြီး သူ့ဥာဉ်အတိုင်း ခေါင်းကြီးတညိတ်ညိတ် ပြုနေ၏။

ထိုစဉ်“ကုလားမ … ဘယ်ရောက်နေလဲ ကုလားမ၊ အမလေး အမှိုက်သွန်တာက တစ်နာရီလောက် ကြာပါကလား။ လာခဲ့ လာခဲ့”

မိန်းမကြီးတစ်ယောက်၏ လှမ်းအော်သံ ထွက်ပေါ်လာသည်ဆိုလျှင်ပင် ကလေးမလေးသည် အမှိုက်ကျုံးဂေါ်ပြားကို ကောက်ကိုင်ကာ ပြေးထွက်သွား၏။ မိန်းမကြီးသည် သေးသွယ်သော ကလေးမလေး၏ လက်မောင်းကို ဆောင့်ဆွဲကာ အိမ်ထဲကို တွန်းပို့လိုက်၏။

အဘိုးကြီးသည် သည်မြင်ကွင်းကို အစအဆုံးကြည့်ကာ ခေါင်းကြီးကို ယမ်းလိုက်၏။

* * *

“ဒီအလုံးက ဘာလေးလဲ အဘ”

“ဖယောင်းလုံး ခေါ်တယ် ကုလားမ”

“ဖယောင်းလုံးကို ဘာလုပ်ရဟင်”

သူက ဖယောင်းလုံးနှင့် ကြိုးကို ပွတ်တိုက်ဆွဲပြလိုက်သည်။ ပျော့ခွေခွေ ကြိုးကလေးက တောင့်မာသွားသည်။ ကုလားမက ဒါကိုပင် သဘောကျသွားကာ တခိခိရယ်သည်။ ကုလားမရယ်၍ ကုလားမအဖော်များက လိုက်ရယ်ကြသည်။ သူ့ပတ်ဝန်းကျင်တွင် ဆည်းလည်းသံကလေးများ ထွက်ပေါ်လာသည်။

သည်ရပ်ကွက်မှ ကလေးငယ်ငယ်များမှလွဲ၍ သူ့ကို မကြောက်ကြတော့။ ကုလားမ သူ့အနားရောက်လာလျှင် သူတို့လည်း ရောက်လာကြသည်။ သူ ဖိနပ်ချုပ်နေသည်ကို စိတ်ဝင်စားစွာ ကြည့်ကြသည်။ သူက သွားကြား
လေသံ ကျွိကျွိနှင့် လုပ်လိုက်လျှင် သူတို့ရယ်ကြသည်။ ကုလားမ မရှိလျှင်မူ သူတို့ မလာကြပေ။ ကုလားမသည် နေ့တိုင်း သူ့ဆီကို လာနိုင်သည်မဟုတ်။ သူ့မှာ အလုပ်တွေက တစ်ပုံတစ်ပင်။ အဝတ်လျှော်ရသည်။ ရေခပ်ရသည်။
တောက်တိုမယ်ရလုပ်ရသည်။ ကလေးထိန်းရသည်။ ကလေးထိန်းရသည်ကိုမူ ကုလားမ ပျော်ပုံရသည်။ ကလေးထိန်းရလျှင် ကလေးကို ခါးထစ်ခွင်ကာ ဟိုနားသည်နား လျှောက်သွားရသည်။ အဘိုးကြီးရှိသော ဘန်ဒါပင်အောက်ကို ရောက်လာကာ ဖိနပ်ချုပ်နေသည်ကို ကြည့်သည်။ သည်လိုနှင့် ကုလားမနှင့်သူ မိတ်ဆွေဖြစ်ခဲ့ကြသည်။ ကုလားမ သူ့အနား ရောက်လာလျှင် သူ့ပတ်ဝန်းကျင်မှာလည်း စိုပြည်ပြည်ဖြစ်လာသည်။ ကုလားမက ကလေးပီပီ ဟိုမေးသည်မေး မေးသည်။ ဟိုပြောသည်ပြော ပြောသည်။

တစ်ရက်က ကုလားမသည် ဒေါက်မြင့်ဖိနပ်တစ်ရံကို ယူလာ၏။ ဖိနပ်မှာ အဖြူရောင်ဖြစ်၍ ခုံအမြင့်မှာ နှစ်လက်မခွဲလောက် ရှိနေသည်။

“ဒါကို သူများစီးလို့ရအောင် လုပ်ပေးမလားဟင်”

“ဘယ်ကရတာလဲ”

“မမလေး ဖိနပ်လေ၊ သူများတို့အိမ်က ရုံးသွားတဲ့ မမလေးဟာပေါ့၊ သူ မင်္ဂလာဆောင်တုန်းက စီးတာတဲ့၊ မမလေး အရပ်က ပုပုလေး၊ ကိုကိုကြီး အရပ်က အရှည်ကြီးမို့လို့ ဒါကြီးစီးရတာတဲ့၊ ဟီဟိ၊ သူများကို ယူတော့ဆိုပြီး အပိုင် ပေးလိုက်တာ၊ ကြီးနေတယ်နော်။ နောက်လဲ ရှည်နေတယ်နော်။ အဘ ဖြတ်ပေးမလား”

သူက ကုလားမလက်ထဲမှ ဖိနပ်တစ်ဖက်ကို ယူကာ မျက်မှောင်ကုပ်၍ ကြည့်လိုက်၏။ ဖိနပ်မှာ အဖြူရောင်ဖြစ်သော်လည်း နှစ်ကြာခဲ့ပြီဖြစ်ဟန်တူသည်။ ဝါညစ်ညစ်ဖြစ်သည်။ ရှေ့ပိုင်းတွင် ကြိုးခပ်များများ လိမ်ယှက်ထား၏။ အောက်ပိုင်းက မပွန်းလှသေး၍ အစီးနာသောဖိနပ် ဖြစ်ဟန်မတူ။ တစ်ခါတစ်ရံမှ စီးဖြစ်သော ဖိနပ်ဖြစ်မည်။ နောက်ခုံကလည်း တော်တော်မြင့်သည်။ ဖိနပ်မှာ ကုလားမနှင့် အဆမတန်ကြီးနေသည်။

“စီးကြည့်စမ်း ကုလားမ”

ကုလားမက ဝမ်းသာအားရ စီးကြည့်သည်။ နောက်ခုံ မြင့်နေ၍ ကောင်းကောင်း မရပ်တတ်။ ကုလားမ ကိုယ်မှာ မဟန်နိုင်၍ လှုပ်ခါနေသည်။ ခြေလှမ်းကြည့်သောအခါ ကုလားမခြေတစ်ဖက်မှာ ယိုင်ကျ၏။ ကုလားမက သဘောကျ၍ တခစ်ခစ်ရယ်သည်။

သူက ကုလားမဖြစ်နေပုံကို ပြုံးပြုံးကြီးကြည့်ကာ“ကုလားမ ဒါမျိုး စီးချင်သလား”

“သိပ်စီးချင်တာပဲ။ ဒါ သေးသေးလေးဆိုရင် သူများနဲ့ တော်မယ်နော်။ ဒါကို ပြင်လို့မရဘူးလားဟင်”

“ရတာပေါ့”

“အဘ ပြင်လုပ်ပေးမလား၊ ပိုက်ဆံ ဘယ်လောက်ပေးရမလဲ ဟင်။ မေမေကြီးဆီမှာ သွားတောင်းဦးမယ်။ ပေးပါ့မလား မသိဘူး”

“ပိုက်ဆံမပေးရဘူး ကုလားမ၊ အဘိုးကြီး သေးသေးလေး ပြန်ချုပ်ပေးမယ်။ ဟုတ်လား။ ဒီလို အမြင့်ပဲလား၊ ပါးပါးလေးလား။ ပြောစမ်း ကုလားမ”

“ဟင့်အင်း။ ဒီလို ဒေါက်မြင့်ဖိနပ်ပဲ ယူမယ်။ ဟောဒီက ကြိုးလေးလဲ ထည့်ပေးနော်”

ကုလားမက နောက်သိုင်းကြိုးကလေးပါ ထည့်ခိုင်းသည်။ သူက ခေါင်းကြီးတညိတ်ညိတ်လုပ်ကာ “ထားခဲ့၊ ထားခဲ့။ အဘိုးကြီး ကောင်းကောင်းချုပ်ပေးမယ်နော်။ ပြီးရင် ကုလားမ လာယူ။ ဟုတ်လား”

* * *

ကုလားမ ယူလာသော ဒေါက်မြင့်ဖိနပ်ကို ဖြုတ်ပစ်လိုက်သောအခါ အောက်ခံ သစ်သားနှင့် သားရေပြား၊ သားရေကြိုးတို့ တစ်ခုစီ ဖြစ်သွားသည်။ သည်မှ ကုလားမအရွယ်ကို အသစ်ပြန်ချုပ်ရသည်။ မြင့်နေသောခုံကို ခုတ်ပစ်၊ ရှည်နေသောသားရေပြားကို ဖြတ်ပစ်၊ ဖိနပ်အရွယ်နှင့် အနေတော် ကြိုးတပ်နှင့် တော်တော်ပင် လက်ဝင်သည်။ ကုလားမက သူ ဖိနပ်ချုပ်နေသည်ကို လာကြည့်တတ်သည်။ သူက တနေ့စာအတွက် ရပြီဆိုလျှင် ဘန်ဒါပင်အောက်ရောက်လာကာ ကုလားမ ဖိနပ်ကလေးကို စိတ်ရှည်လက်ရှည် ချုပ်တော့သည်။

မနက်ပိုင်းက အမှိုက်သွန်ရင်း ကုလားမ ရောက်လာသည်။

“ပြီးပြီလား၊ သူများဖိနပ်ကလေး”

“တစ်ဖက်ပြီးပြီ။ စီးကြည့်စမ်း”

“ဟယ်၊ လှလိုက်တာ”

ကုလားမသည် မြောက်ခနဲ ခုန်တော့မလောက် ဝမ်းသာသွား၏။ သူ စီးချင်သော ဒေါက်မြင့်ဖိနပ် အဖြူကလေးသည် သူနှင့်အနေတော် အရွယ်အစား ဖြစ်နေလေပြီ။ ယှက်ထားသော ကြိုးကလေးများလည်းပါသည်။

“စီးကြည့်လေ၊ အတော်ပဲလား”

ဖိနပ်ကလေးကို တယုတယ လှည့်ပတ်ကြည့်နေသော ကုလားမသည် ခြေနှင့်စီးကြည့်ရမှာ နှမြောနေသည်။ မြေပေါ်ကိုချလိုက်ပြီး ခြေမနင်းရက်အောင် ဖြစ်နေသည်။ အဘိုးကြီးက တိုက်တွန်းလိုက်မှ ခါးထစ်ခွင်ထားသော ကလေးကို ခါးပေါ်ပြန်ပင့်တင်လိုက်ကာ ဖိနပ်ကလေးတစ်ဖက်ကို စွပ်ကြည့်လိုက်သည်။ ဖိနပ်နောက်ပိုင်း ခုံအမြင့်ကြောင့် ခြေတစ်ဖက်ယိုင်ကျသွား၍ ကမန်းကတန်း ပြန်ထိန်းလိုက်ရသည်။ ဤသည်ကိုပင် သူ့ဘာသာ သဘောကျကာ ကုလားမမှာ တခစ်ခစ်ဖြစ်နေသည်။

“ဘယ်တော့မှ ပြီးမလဲ အဘ”

“မနက်ဖြန်မနက်ရောက်တယ်နော်။ ဆေးအဖြူလည်း သုတ်ပေးမယ်။ ကောင်းကောင်းပြီးမယ် ကုလားမ”

“မနက်ဖြန်၊ အင်း အင်း၊ မနက်ဖြန်”

* * *

ကြိုးကလေးသုံးချောင်းကို လိမ်ယှက်သော ဒေါက်မြင့်ဖိနပ်သေးသေးလေး တစ်ရံကို မနက်ပိုင်းကတည်းက ဖိနပ်ချုပ်သည့် ကုလားအဘိုးကြီး ကိုင်နေသည်။ ဤသည်ကို သတိထားမိသူတို့ တစေ့တစောင်း မြင်ကြရသည်။ ထုံးလိုလို မြေဖြူလိုလို အရည်ဖြူဖြူပျစ်ပျစ်ကိုလည်း ဖိနပ်ပေါ်တွင် သုတ်လိမ်းကာ နေရောင်တွင် ထောင်ကြည့်နေသည်။

နေ့လယ်ပိုင်းလောက်တွင် အမှိုက်ခြင်းကလေးကိုင်ကာ ကုလားမတစ်ယောက် အဘိုးကြီးနားသို့ ရောက်လာသည်။

“ပြီးပလား အဘ”

“ကျွိ ….ကျွိ”

အဘိုးကြီးက ကြွက်စုတ်သံလို ပြုလိုက်ကာ ကုလားမကို ပြုံးပြုံးကြီး လှမ်းကြည့်လိုက်၏။ သည့်နောက် တစ်မနက်လုံး အချောကိုင် အရောင်တင်ထားသော ဒေါက်မြင့်ဖိနပ်ကလေးကို ထုတ်ပေးလိုက်၏။

“ဟယ် သိပ်လှတာပဲ”

“စီးကြည့်စမ်း ကုလားမ၊ စီးကြည့်စမ်း”

ကုလားမက အမှိုက်ခြင်းကလေးကို လွှတ်ချကာ ဖိနပ်ကလေးကို ဝမ်းသာအားရ စီးလိုက်၏။ ဒေါက်အမြင့်ကြောင့် ကုလားမအရပ်မှာ ထိုးတက်သွားသလား အောက်မေ့ရသည်။ များသောအားဖြင့် ဖိနပ်မပါ ဗလာခြေနှင့် လာခဲ့ရသည်ဖြစ်၍ ဖိနပ်က စီးထားမှန်း သိသာနေသည်။ အမြင့်ကလေး မဖြစ်စလောက်မှာ ကုလားမအတွက် ခြေဖျားထောက်ထားရသလို ဖြစ်နေသည်။ ခြေမခိုင့်တခိုင် လေမှာလွင့်သလို လှုပ်ယမ်းနေသောကြောင့် တခစ်ခစ်နှင့် သဘောကျနေသော ကုလားမကို သူက ပြုံးပြုံးကြီး ကြည့်ကာ ခြေဆစ်နားမှ ကြိုးသိုင်းကလေးကို ချည်ပေးလိုက်၏။

“ကုလားမ ဘယ်ရောက်သွားပြန်ပြီလဲ။ ကုလားမရေ အမှိုက်ပုံမှာများ တစ်ရေးအိပ်နေပြီလားဟေ့”

ကုလားမတို့အိမ်မှ မိန်းမကြီးတစ်ယောက် ထွက်အော်ကာ ကုလားမကို လှမ်းခေါ်သည်။ ကုလားမသည် မီးခဲနှင့်တို့လိုက်သလို ဆတ်ခနဲတုန်သွားကာ အမှိုက်ခြင်းကလေးကို ကမန်းကတန်း ကောက်ကိုင်လိုက်၏။

“ကုလားမ၊ ဟေ ကုလားမ”

“လာပါပြီ ဟီဟိ”

ကုလားမသည် တုန်??အောင် အော်ဖြေရင်း အဘိုးကြီးအနားမှ ပြေးထွက်လာခဲ့၏။ သည်တွင်“ကျောင်းရှိသည် ဖြည်းဖြည်းမောင်း”ဟူသော ဆိုင်းဘုတ်အနီးတွင် ကျွိခနဲမြည်အောင် ဘရိတ်အုပ်လိုက်သော ကားသံနှင့်အတူ “ဟယ်” “အမလေး” ဟူသော အာမေဍိတ်သံတို့ဖြင့် ဆူဆူညံသွား၏။ လူအများ ထိုနေရာသို့ ဝိုင်းအုံလာကြသည်။

ရှေ့ဆုံးမှရောက်သူသည် ကားရှေ့ဘီးအောက်တွင် ပိနေသော ကလေးမလေးတစ်ယောက်ကို ဆွဲယူပွေ့လိုက်၏။ ကလေးမလေးသည် တုတ်ခိုင်၍ အမွေးအမှင်ထူသော လူကြီး၏လက်ထဲတွင် အသက်ပျောက်သွား၏။ ကလေးမလေး၏ ခန္ဓာကိုယ်အနှံ့အပြားမှ ထွက်ကျလာသော သွေးတို့ဖြင့် သူစီးထားသော ကြိုးသိုင်းခုံမြင့်ဖိနပ်အဖြူကလေးမှာ ရဲရဲနီသွား၏။

ကုလားမကား ကုလားအဘိုးကြီးချုပ်ပေးသော ဖိနပ်ကလေးစီးလျက်သား အဘိုးကြီးလက်ထဲမှာပင် ကားတိုက်သည့်ဒဏ်ရာဖြင့် သေဆုံးခဲ့လေသည်။

* * *

ခေါက်မုန့်ရောင်းသော မိန်းမသည် ကုလားအဘိုးကြီး ယခုတိုင် အိပ်ရာမှ မထသေး၍ စိတ်ရှုပ်သွား၏။ စောစောစီးစီး ကျောင်းအမီ ရောင်းချရန် ဆိုင်ခင်းပြင်ဆင်ရမည် ဖြစ်၏။ ခါတိုင်းဆိုလျှင် အဘိုးကြီးသည် အရုဏ်
လောက်ကတည်းက သည်နေရာက ထွက်ခွာသွားမြဲဖြစ်၍ ရောက်လာလျှင်ပင် အဆင်သင့် ဆိုင်ခင်းနိုင်သည်။ ယခုမူ သူ မနိုးလျှင် ကိုယ်ကပဲ နှိုးရပေမည်။

“အဘိုးကြီး မိုးလင်းနေပြီ။ ညက အသောက်လွန်သွားပြီ ထင်တယ်”

စကားရော ဖောရောနှင် နှိုးလည်း သူ မနိုး။ ခပ်ဆတ်ဆတ် ခေါ်နှိုးကြည့်လည်း သူ မနိုး။ မသင်္ကာ၍ သေသေချာချာ ကြည့်သောအခါမှ ကုလားအဘိုးကြီး မနိုးသောအိပ်ခြင်းဖြင့် အိပ်ပျော်နေသည်ကို တွေ့ရသည်။

ချစ်စရာကောင်းသော၊ ယိုင်းပင်းတတ်သော မြန်မာရပ်ကွက်မှ အရပ်သားတို့သည် ကုလားအဘိုးကြီး၏အလောင်းကို ကောင်းမွန်စွာ သဂြိုဟ်လိုက်ကြသည်။ မနေ့ကပင် သန်သန်မာမာ အကောင်းပကတိရှိခဲ့သော သည်အဘိုးကြီး ဘာ့ကြောင့် သေဆုံးရသည်ကို မတွေးတတ်အောင် ရှိကြသည်။ တချို့က ညဘက် အအေးဒဏ်ကြောင့် လေဖြတ်သွားသည်ဟု ဆိုကြသည်။ တချို့က သောက်တတ်မှန်းသိ၍ အမူးလွန်ပြီးသေသည်ဟု ပြောကြသည်။ သည်အထဲမှ တစ်ယောက်က စဉ်းစား၍ရမိသည်ကို ပြောပြန်သည်။

“မနေ့က ကုလားမဆိုတဲ့ကောင်မလေး ကားတိုက်ခံရတာကို သူ သွားပွေ့ပြီး လန့်သွားတယ်ထင်တယ်။ ဒီမှာ စိတ်ချောက်ချားပြီး နှလုံးသွေး ရပ်သွားတာဖြစ်နိုင်တယ်”

သို့နှယ် ခွေခွေကလေး အသက်ပျောက်နေသော သူ့အဖြစ်ကို မည်သူမျှ အဖြေရှာမတွေ့နိုင်ဘဲ ပဟေဠိဖြစ်နေကြသည်။ ဘယ်အရပ်က ရောက်လာမှန်းမသိ၊ ဆွေမရှိ၊ မျိုးမရှိ၊ အိမ်မရှိ၊ ယာမရှိ၊ ကိုယ့်အမျိုးသားမဟုတ်သော သည်ကုလားအဘိုးကြီးနှင့် ပတ်သက်သည်ကိုပင် မဆိုထားနှင့်၊ မနေ့က သည်အရပ်ထဲတွင် ကားတိုက်ခံရ၍ သေဆုံးသွားသော မြန်မာကလေးမကလေးတစ်ယောက်နှင့် ပတ်သက်သည်ကိုပင် မည်သူမျှ ရေရေရာရာမပြောနိုင်ကြ။ အိမ်မှာ တောက်တိုမယ်ရ ခိုင်းစရာလူအဖြစ် အသုံးချခဲ့သော အိမ်ရှင်မိသားစုကပင်လျှင် ကုလားမအကြောင်းကို ကောင်းစွာ သိခဲ့ကြသည် မဟုတ်ပါဘဲ။

#ခင်လှိုင်ကြူ