လောကဓံ သားကောင်

လောကဓံ သားကောင်(စ/ဆုံး)
——————————–

ကျနော်တို့အိမ်ထောင်သက် သုံးနှစ်ကျော်မှာပဲ သမီးလေးကျနော်တို့ဘဝထဲရောက်လာခဲ့တယ်။ အရာရာချို့တဲ့နေတဲ့ ကျနော့်ဘဝထဲကို ပြည်စုံခြင်းဆိုတဲ့အရာတွေ ကျောပေးပြီး ရပ်တည်ပေးတဲ့ ချစ်ဇနီးနှင်းမိုးကိုလည်း ကျေးဇူးတင်ရ ၊ သမီးလေးပိုးပိုးကိုလည်းကျေးဇူးတင်ရ ဘဝဆိုတာတကယ်တော့နိဗ္ဗာန်ပါပဲ။

ကျနော်ငယ်ငယ်ကနေ အမေကပန်းရောင်းပြီး တစ်ဦးတည်းသောသားဖြစ်သူကျနော့်ကို ပြုစုပျိုးထောင်ရင်း နှလုံးရောဂါဖြစ်ပြီး ကျနော်နဲ့လောကကြီးကိုနုတ်ဆက်ထွက်ခွာသွားခဲ့တာလေ ။ အဖေကတော့အရင်ထားသွားခဲ့တာပေါ့ ။ အရက်ကြောင့်တဲ့ ။ ကျနော့်ကိုဦးလေးဖြစ်သူကပဲ ပြုစုပျိုးထောင်ပေးတယ် ။ ပညာဆုံးခန်းတိုင်အောင်မသင်ခဲ့ရဘူး ။ ကြုံရာကျဘမ်းအလုပ်ကို လုပ်ကိုင်ရင်းအသက်မွေးရတယ်။ သူတို့မိသားစုလည်းအဆင်ပြေတာမှမဟုတ်တာ ။ ဦးလေးနဲ့အတူလက်သမားလိုက်လုပ်တယ် ။ အလုပ်မရှိရင် လိုင်းကျင်းတွေတူးတယ် ၊ နောက်ဆုံးတော့ ဆိုက္ကားနင်းတဲ့အလုပ်ကို တစ်စိုက်မတ်မတ်လုပ်ခဲ့ရတယ်။

နှင်းမိုးတို့မိသားစုက ပြည့်စုံတယ် ။ သူတို့ကမောင်နှမလေး နှစ်ယောက်ထဲ နှင်းမိုးကအကြီးပေါ့။ နှင်းမိုးဘွဲ့ရပြီးနောက်တစ်နှစ်မှာပဲ သူ့အဖေကလည်း ရဲမှူးအဆင့်နဲ့ပင်စင်ယူသွားတယ် ။ ကျနော်တို့ဆိုက္ကားဂိတ်က နှင်းမိုးတို့စတိုးဆိုင်နဲ့ အနီးလေး ။ စားသောက်ကုန်နဲ့ နိုင်ငံခြားဖြစ်အရက်တွေရောင်းတဲ့စတိုးဆိုင်ပေါ့ ။ ပစ္စည်းတွေ သယ်စရာပို့စရာရှိရင်တော့ ကျနော့်ကိုပဲအမြဲခေါ်ခိုင်းတယ် ။ ကျနော်ကလည်းအလုပ်အပေါ်တန်ဖိုးထားတော့ ကျနော့်ကိုလက်စွဲပဲ ။ နောက်ပြီးကျနော်က အရက်ဘီယာမသောက်ဘူး ၊ သယ်ခိုင်းပို့ခိုင်းတဲ့ပစ္စည်းစနစ်တကျနဲ့ ဂရုစိုက်လုပ်ပေးတယ်။ ကျနော့်ကိုနှင်းမိုးသံယောဇဥ်ဖြစ်မိတာကတော့ သနားလို့တဲ့ ။ သနားစိတ်ကော ချစ်စိတ်ကောပေါင်းလိုက်တော့ မိဘတွေအမျိုးမျိုးတားဆီးနေတဲ့ကြားက ကျနော့်ဘဝထဲခြေစုံပစ်ဝင်လာခဲ့တယ်ဆိုပါတော့ ။ ကြာခဲ့ပါပြီ ။ ခုတော့ကျနော်တို့မိသားစုလေး ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုမှ အိမ်ငှားနဲ့ပဲနေပါတယ်။

နှင်းမိုးသူ့မိဘတွေနဲ့လုံးဝ အဆက်သွယ်ပြတ်နေတာ ကြာပါပြီ ။ အရင်ကတော့ပြန်ချင်ကြောင်းမပြောပေမဲ့ သမီးလေးရလာကတည်းကနေ သမီးလေးမျက်နှာကိုသွားပြချင်ကြောင်းတဖွဖွပြောပေမဲ့ ကျနော်လက် မခံခဲ့ဘူး ။ ဘာကြောင့်လဲဆိုတော့နှင်းမိုးအဖေအကြောင်းကိုသိလို့ပါပဲ ။ ကျနော်တို့အိမ်ထောင်ရေးကို သူရအောင်ခွဲမှာဆိုတာကျနော်သိနေလို့ပါပဲ ။

ဒီနှစ်ထဲရောက် မှ ရောဂါတွေထူထပ် လူတွေလည်းအလုပ်လက် မဲ့တွေ များလာတော့ ကျနော်လည်းတစ်နေ့စာတစ်နေ့အလျင်မီဖို့ တော်တော်ရုန်းကန်နေရပါတယ်။ မိသားစုစားဝတ်နေရေးကတစ်ဖက် အိမ်လခတစ်ဖက်နဲ့ တော်တော်မလွယ်တဲ့ကိစ္စ။

“ကိုလွင်မောင် လကုန်ဖို့ကနီးနေပြီ အိမ်လခကလည်း နှစ်လစာပေါင်းပေးရမှာ ဘယ်လိုရပ်တည်ကြမလဲ တကယ်စိတ်ကုန်လာပြီ ”
ခုနောက်ပိုင်း စကားပြောရင် နှင်းမိုးကစိတ်ကုန်လာပြီဆိုတဲ့စကားအမြဲပါလာတာ ကျနော်သတိထားမိလာတာ သမီးအသက်နဲ့အမျှလို့ပြောရမလားပဲ။
“ဟ ငါလည်းအနားနေတာမှမဟုတ်တာ နင်အမြင်ပဲလေ မိုးလင်းမိုးချုပ်လုပ်နေတာပဲ ဆိုက္ကားနင်းတာပဲ ခေါ်သူရှိမှလိုက်လို့ရမှာပေါ့မိန်းမရဲ့ သူတို့မသွားချင်တာ အတင်းလိုက်ပို့လို့မှမရတာ”
နှင်းမိုးတစ်ယောက် စိတ်ကုန်စရာကောင်းလိုက်တာဆိုတဲ့ အကြည့်မျိုး ဆောင့်အောင့်ပြီး အနားကထထွက်သွားပါတော့တယ်။

အိမ်ထောင်တစ်ခုတွင် အချစ်တစ်ခုထဲ​​ဖြင့် တည်ဆောက်ခြင်းသည် မပြည့်စုံခြင်းတွေရောက်လာ​ေသာအခါ ရေစက်သည်ဝဋ်ကြွေးအဖြစ်ပြောင်းလဲသွားတတ်ကြ၏ ။

လောကဓံက ချိုလိုက်ခါးလိုက် ၊ အိမ်ထောင်ရေးက လောင်းရိပ်မိနေတဲ့သစ်ပင်လို ရှင်သန်တယ်ဆိုရုံလေးပေါ့။

သမီးလေးပိုးပိုးအသက် သုံးနှစ်ပြည့်ပြီ သမီးလေးအသက်တစ်ရက်ထက်တစ်ရက်ပိုကြီးလာသလို နှင်းမိုးနဲ့ကျနော်ရဲ့ ဆက်ဆံရေးကလည်း ပိုပြီးအေးစက်လာခဲ့ပါပြီ ။ မပြည့်စုံခြင်းရဲ့အရသာခါးသက်နေမှန်းပဲ နှင်းမိုးသိပါတယ် ။ ဘာကြောင့်ဆိုတဲ့အဖြေကို တွက်ချက်ရန် နှင်းမိုးမကြိုးစားခဲ့ပါဘူး။ နားလည်မှုတွေဟာ ကျနော်တို့အိမ်ထောင်ရေးမှာ ရှားပါးပစ္စည်းတစ်ခုဖြစ်လာခဲ့ပါသည်။

ဒီနေ့တော့ သမီးလေးလည်းအဖျားကျခါစ နလံထမို့ အိမ်ကိုစောစောပြန်ခဲ့သည်။
“ဟာ သမီးဘာလို့ငိုနေတာလဲ ဟင်သမီးပြောဖေကြီးကို ပြောစမ်း ငါ့သမီးဘာလို့ငိုနေတာလဲ ”
မိုးခိုချောင်ထဲက နှင်းမိုးအပြင်ထွက်လာတယ်။
“ခုမှအဖြစ်သည်းပြမနေပါနဲ့ မိဘအမည်ခံပြီး ကိုယ့်သားသမီးကို ဝလင်အောင်မကျွေးမွေးနိူင်ပဲနဲ့ ဘာအသုံးကျလို့တုန်း ပိုးပိုးကဘေးအိမ်ကကလေးမုန့်စားတာ တောင်းစားလို့ကျမရိုက်ထားတာ”
မိဘဖြစ်ပြီး ဝလင်အောင်မကျွေးလို့တဲ့ ရင်ဘတ်ကိုမီးစနှင့်ထိုးလိုက်သည့်နှယ် ပူလောင်လောင်မြိုက်လှပေစွ။ သားမယားအတွက်ဆိုတဲ့စိတ်တစ်ခုထဲနဲ့ ရုန်းကန်ကြိုးစားလာခဲ့တာ ဆိတ်ကွယ်ရာမှာ မုန့်ဟင်းခါးတစ်ပွဲတောင် တစ်ယောက်ထဲဝယ်မစားခဲ့ဖူးပါဘူး ။ ခုတော့ဝလင်အောင်မကျွေးနိူင်ပဲ မိဘအမည်ခံတယ်တဲ့ ။

ဒေါသတို့သည် ကျနော့်လက်မှာစုရုန်းပြီးရောက်လာကြ၏ ။ နာကျင်မှုအပေါင်းသည် နှင်းမိုး၏ဘယ်ဘက်ပါးနုနုဆီသို့ အရှိန်ဟုန်ပြင်းစွာ ကျရောက်သွားသည်။
“ဖြောင်း”
နှင်းမိုးအသားနာသွားပေမဲ့ အသည်းနာရတာကျနော်ပါ။
“ရှင်က ချစ်တယ်လို့ပြောပြီး မပြည့်စုံခြင်းထဲချောင်ပိတ်ရိုက် သက်သေပြလိုက်တာပေါ့ ရတယ်လေ ဒါကျမဝဋ်ကြွေးပဲ ဒါပေမဲ့ဒီနေ့တော့ ကျမဝဋ်ကြွေးကျေပြီထင်ပါတယ်”
အငိုမတိတ်သေးတဲ့ သမီးငယ်ကိုကျနော်မြတ်မြတ်နိုးနိုးပွေ့ချီလိုက်သည်။
“နှင်းမိုး ငါမင်းတို့သားမိအတွက် နေပူမရှောင်မိုးရွာမရှောင်ရုန်းကန်ရှာဖွေခဲ့တာလေ ဖျားနာလို့မှဆေးရုံဆေးခန်းမပြရတဲ့ဘဝ ငါသောက်စားမူးရူးနေတာလဲမဟုတ် နင်ပြောလိုက်တဲ့စကားက ငါ့သိက္ခာထိခိုက်တာလည်း ထည့်ပြောပါအုံး မင်းကအကြောင်းမရှိအကြောင်းရှာပြီး ဘာမဟုတ်တာလေးတွေကအစ ငါ့ကိုပြဿနာရှာနေတာ ကြာပါပြီ ငါဘယ်လောက်ပဲဆင်းရဲနေပါစေ မာနတော့ရှိတော့ မိဘတစ်ယောက်ရဲ့သတ္တိတော့ရှိတယ် ဒီနေ့ဝဋ်ကြွေးကုန်ပြီလို့ ပြောတဲ့စကားအဓိပ္ပါယ်ကိုငါသိပါတယ် ဆွဲထားမှမြဲမဲ့မေတ္တာမျိုးကိုလည်း ငါမလိုချင်ပါဘူး မင်းကြိုက်တဲ့လမ်းကိုရွေးပေါ့ တစ်ခုပဲ ငါ့သမီးကိုတော့မပေးနိူင်ဘူး သမီးဆိုတာအဖေရဲ့အုပ်ထိန်းမှုအောက်မှာပဲ ရှိရမယ်”
“ကျမဝမ်းနဲ့လွယ်မွေးထားတာ ကျမမပိုင်တော့ဘယ်သူပိုင်မှာလဲ ဘာတာဝန်တွေများသမီးအတွက်ကျေခဲ့လို့လဲရှင်က ”
“နင်တစ်ယောက်ထဲ မွေးလို့်ရလား နင်ကဝမ်းနဲ့ပဲလွယ်ထားတာလေ ငါကခေါင်းနဲ့ရင်ဘတ်နဲ့လွယ်ထားရတာ နင်မနေချင်ဆင်းသွား ငါ့သမီးကိုတော့ဘယ်တော့မှမပေးနိူင်ဘူး ”

နှင်းမိုး လေးလေးနက်နက်စဥ်းစားပြီး
“ရတယ်လေ ဒီအတိုင်းတော့ကျမဆင်းမသွားဘူး ရှင်နဲ့ကွာရှင်းမယ် ဒီလိုဘဝမျိုးထဲလည်း ကျမဆက်ပြီးမနေနိူင်ဘူး နောက်ပြီးသမီးကိုလည်းမထားခဲ့နိူင်ဘူး စောင့်ကြည့်လိုက်ပါ မင်းမဲ့တိုင်းပြည်မှမဟုတ်တာ ဥပဒေရှိတယ်လေ”
ဥပဒေတဲ့ ။ ဥပဒေဆိုတာ ဘာလဲကျနော်မသိဘူး။ ရုပ်ရှင်ကားတွေထဲကလို ငွေများတရားနိူင်ဆိုတာ ဥပဒေလား။ ဘာပဲဖြစ်ဖြစ် သမီးကိုတော့ဖခင်ကပိုင်တယ်လို့ကြားဖူးတယ် သမီးကိုဘယ်နည်းနဲ့မှ မပေးနိူင်ဘူး။

ရပ်ကွက်ရုံးမှာပဲ လက်မှတ်ထိုးပြီး ဘဝတစ်ခုထူထောင်ကြဖို့စိတ်အားထက်သန်ခဲ့ဖူးသလို အခုလည်းရပ်ကွက်ရုံးမှာပဲ ကျနော်တို့အိမ်ထောင်ရေးက လမ်းဆုံးခဲ့ပါတော့သည်။ သမီးပိုးပိုးကိုမျက်ရည်တွေနဲ့ အထပ်ထပ်မှာကြားနေတဲ့နှင်းမိုးကို ကျနော်နောက်ဆုံးမြင်တွေ့လိုက်ရတာပါပဲ ။ ရေစက်ရှိသလောက်ပေါ့ မည်သို့မျှမတက်နိူင်ချေ။

သမီးပိုးပိုးကို အရီးခင်ထားအိမ်မှာပဲ ကလေးအဖော်တွေနဲ့ထားခဲ့ပြီး ပုံမှန်အလုပ်လေးဖြစ်တဲ့ဆိုက္ကားနင်းပေါ့ ။သမီးကိုတော့အရင်ကထက် အလိုလိုက်ခဲ့ရပါတော့တယ်။ မပီမသအသံလေးနဲ့ မေမေဘယ်သွားလဲမေးရင် မျက်ရည်ခိုးသုတ်ရတဲ့နေ့တွေကလည်း များခဲ့ပါပြီ။ ကြာရင်တော့မေ့သွားမှာပါ။ သမီးအတွက်ဆိုတဲ့စိတ်တွေနဲ့ လောကဓံကို ကျနော်ကျားကန်ထားပါတယ်။

“လွင်မောင်ရေ စောလှချည့်လားကွယ့် မင့်သမီးကတော့ထမင်းစားပြီး အိပ်နေလေရဲ့ ရေတော့ချိုးပြီးသွားပြီ”
အရီးခင်ထားက တကယ့်အိမ်နီးချင်းကောင်း ဆွေမျိုးရင်းချာလိုပါပဲ အရမ်းအားကိုးရပါတယ်။
“ဒါနဲ့လွင်မောင် လူတစ်ယောက်စာတစ်စောင်လာပေးတယ် တရားရုံးကတဲ့ ငါကတော့မဖတ်တတ်ဘူး ရော့ဖတ်ကြည့်အုံးဘာတဲ့တုန်း”
ရင်ထဲကိုထိတ်ခနဲ။
တရားရုံးကတဲ့ ဘာများပါလိမ့်။
“အရီးခင်ထားရေ သမီးကိုနှင်းမိုးက အုပ်ထိန်းခွင့်လျှောက်တဲ့ အကြောင်းကြားစာပါ ပူမနေပါနဲ့ သိပ်ပြဿနာမရှိပါဘူး ဘာလို့လဲဆိုရင် အရီးခင်ထားလည်း သိမှာပါ သမီးမိန်းကလေးဆိုရင် အဖေပိုင်တယ်လေ ”
ပြောမယ်သာပြောရတာ ရင်ထဲမှာတမျိုးကြီး။

တရားရုံးတဲ့ ။ ကျနော်တစ်ခေါက်မှမရောက်ဖူးတဲ့နေရာ ။ သမီးပိုးပိုးကလည်းနဂိုကချစ်ဖို့ကောင်းပါတယ်ဆို အရီးခင်ထားလိမ်းပေးလိုက်တဲ့သနပ်ခါးနဲ့လှရောပဲ ။ ကျနော်တို့သားဖ ရုံးရှေ့ကအုတ်ခုံလေးပေါ်ထိုင်နေတုန်း ကားအကောင်းစားတစ်စီးဝင်လာတယ် ။ ဟုတ်ပါတယ် ။ နှင်းမိုးတို့မိသားစုပေါ့ ။ သမီးကမမြင်ပေမဲ့ သမီးကိုနှင်းမိုးမြင်သွားတယ်ထင်တယ် နှင်းမိုးငိုနေတာမြင်တော့ စိတ်မကောင်းမိတာအမှန် ။ ဒါပေမဲ့… ဒါပေမဲ့ပေါ့ဗျာ ။သမီးပိုးပိုးကကျနော့်အသက်ဗျ ။

ကျနော်တရားခွင်ထဲရောက်တော့ ကျနော့်ဆီအနီရောင်ကတ္တီပါစနဲ့ထုတ်ထားတဲ့ လေးထောင့်ကျကျအလျားအရှည်အထုတ်တစ်ထုတ်ကိုကိုင်ခိုင်းပြီး ကျမ်းကျိန်ရမယ်တဲ့ ။
“ကျွန်ုပ်သည် ဤအမှုနှင့်ပတ်သက်၍ အလုံးစုံအမှန်တိုင်းထွက်ဆိုပါမည် မှန်မှန်ကန်ကန်ထွက်ဆိုပါက ကျိန်စာပါကောင်းကျိုးများခံစားရပါစေ မမှန်မကန်ထွက်ဆိုခဲ့ပါက ကျမ်းစာပါကျိန်စာများ ကျွန်ုပ်အားသင့်ပါစေသား ”
ဥပဓိရုပ်ခပ်ကောင်းကောင်းနဲ့ တိုက်ပုံအနက်ဝတ်လို့ ခေါင်းမှာလည်း ကျက်သရေခေါင်းပေါင်းနဲ့ လူတစ်ယောက် ကျနော့်ကိုမေးခွန်းပေါင်းမြောက်များစွာစပြီးမေးပါတော့တယ်။
“ကိုလွင်မောင်က မိသားစုအပေါ် အိမ်ထောင်ဦးစီးတာဝန်ယူပြီး လောက်ငှအောင် ကျွေးမွေးနိူင်ခြင်းမရှိလို့ လင်မယားကြား မကြာခဏဆိုသလိုပြဿနာတက်လေ့ရှိတယ်ဆိုတာဟုတ်ပါသလား ”
“ကျနော်ရရာအလုပ်ကို ရှာကြံပြီးမိသားစုအတွက် ရှာဖွေကျွေးမွေးနေတာပါ အလုပ်မရှိတဲ့အခါ အဆင်မပြေတဲ့အခါမျိုးတွေတော့ ရှိတာပေါ့ ဒါပေမဲ့တာဝန်တော့မပျက်ကွက်ပါဘူး ”
ရှေ့နေကဆက်မေးတယ်။
“လင်မယားကြား မကြာခဏဖြစ်တဲ့ပြဿနာက ငွေကြေးအဆင်မပြေမှုကြောင့်လို့သိရပါတယ် ဟုတ်ပါသလား ”
“ဟုတ်ပါတယ် ကျနော်ကပညာမတက်ပါဘူး တစ်နေ့လုပ်မှတစ်နေ့စားဘဝမို့ အပိုအလျံဖြစ်အောင်တော့ မရှာနိူင်ခဲ့ပါဘူး ဒါကြောင့်မို့စကားများခဲ့ကြတာပါ”
ရှေ့နေကခေါင်းတဆက်ဆက်ငြိမ့်ရင်း
“ဟုတ်ပြီ ဒီလိုဆိုရင် သမီးလေးပိုးပိုးဘဝရှေ့ရေးအတွက်ကော ကိုလွင်မောင်ဘက်က ဘာတွေများအာမခံချက်ပေးနိူင်ပါသလဲ ”
စိတ်ထဲကိုထောင်းခနဲ ။
“ဒီမှာ ကျနော်က အဖေဗျ သမီးအတွက်ဘာမဆိုပေးဆပ်မဲ့အဖေပါ ဒီလိုမေးခွန်းမျိုးက ကျနော့်တစ်ယောက်ထဲမဟုတ်ဘူး ဖခင်တိုင်းရဲ့ဂုဏ်သိက္ခာကို ခင်ဗျားစော်ကားလိုက်တာပဲ ခင်ဗျားမိဘတစ်ယောက်မဟုတ်ဘူးလား ကိုယ်ချင်းစာပါ ”
ဒေါသသံကြောင့် အသံတွေတုန်ယင်သွားတယ် လိုအပ်သည်ထက်ကျယ်လောင်သွားတဲ့အသံကြောင့် တရားသူကြီးမင်းက သစ်သားတူတစ်ချောင်းနဲ့ ခုံကိုထုပြီး သတိပေးတယ်။
မေးတာကိုပဲ ဖြေပါတဲ့ ရုံးတော်ကိုလေးစားစွာဆက်ဆံပါတဲ့ ။ သူလည်းဖခင်တစ်ယောက်ရဲ့ သတ္တိကိုမသိကျိုးနွံပြုနေသလိုပဲ ။

ရုံးထဲကထွက်လာတော့ ကျနော့်ဘက်မှာရှိမနေတဲ့ မျက်နှာတွေနဲ့ဝေးရာ သမီးပိုးပိုးကိုပွေ့ချီပြီ ထွက်လာခဲ့တော့တယ်။

ရုံးချိန်းကာလ သုံးလကျော်လေးလဘက်ရောက်နေပြီ ။ တစ်နေ့ထက်တစ်နေ့ သမီးလေးပိုးပိုးကို ဆုံးရှုံးရတော့မှာလားဆိုတဲ့စိတ်နဲ့ စားမဝင်အိပ်မပျော် ။ အိပ်နေတဲ့သမီးလေးပါးနုနုကို ဖွဖွလေးနမ်းရင်း စီးကျလာတဲ့ မျက်ရည်တွေကို ကျနော်သံသယဖြစ်မိသေးတယ် ။ အိုကွာ ဘယ်နည်းနဲ့မှမဖြစ်နိူင်ဘူး သမီးကိုအဖေပိုင်တယ် ။ တရားကိုနတ်စောင့်မှာပါ ။ ဟုတ်တယ်တရားကိုနတ်စောင့်ပါစေ ။

မနက်ဖြန်အမိန့်တဲ့ ။ မအိပ်ချင်သေးပေမဲ့ သမီးလေးကကျနော်ရှိမှ အိပ်ပျော်တာ ၊ကျနော်ချော့သိပ့်မှ အိပ်ပျော်တာ ၊ ကျနော့်သီချင်းသံကြားမှ အိပ်ပျော်တာ ၊ ကျနော့်လက်မောင်းပေါ်ခေါင်းအုံးအိပ်မှ လုံခြုံတယ်ထင်ပါရဲ့ ။
“သမီးလေး ပိုးပိုးရေ အိပ်ရတော့အောင်နော်”
သမီးလေးက ကျနော့်ရင်ခွင်ထဲက ထပြီးလက်အုပ်လေးချီလို့ “ဦးတော်”လို့မပီကလာပြောရင်း ကန်တော့ရှာတယ်။
“သမီး ဒါဘာလုပ်တာလဲ ”
“ဖွားဖွားက ညအိပ်ရင်ဖေကြီးကို ဦးတော်လုပ်ပြီးအိပ်ရတယ်ပြောထားလို့”
လိမ္မာလိုက်တဲ့သမီးလေး ။ ဒီသမီးနဲ့ဒီအဖေ ဘယ်လိုလောကဓံကများခွဲရက်မှာလဲ ။

ဒီနေ့အမိန့်ဆိုတော့ စိတ်လှုပ်ရှားမိတာတော့အမှန်ပါ ။ တစ်ညလုံးအိပ်မပျော်ခဲ့ဘူးဆိုပေမဲ့ မိုးလင်းခါနီမှ မှေးခနဲဖြစ်သွားပြီး အိပ်မက်ဆိုးကြောင့် နိူးလာခဲ့ရတော့ စိတ်ကလည်းမကြည်မသာ ။ ဝတ်ရုံနက်နဲ့အမည်မသိလူတွေ ကျနော့်အသည်းအူတွေဆွဲထုတ်သွားကြသတဲ့ ။ အိပ်မက်ဆိုတာ နိုးထချိန်ရောက်ရင်ကွယ်ပျောက်သွားတာပဲလေ အပြင်လောကထဲရောက်လာစရာအကြောင်းမှမရှိတာ ။ သမီးပါးကိုမြတ်မြတ်နိုးနိုးနမ်းမိတော့ စိတ်အကြည်ဓာတ်တွေကြောင့် လန်းဆန်းသွားရပြန်သည်။

တရားသူကြီးမင်းဝင်လာတော့ အခန်းထဲရှိလူကုန် မတ်တက်ရပ်ပြီး ဂါရဝပြုကြရတယ် ။

“အမိန့် ”
ကျနော်အသက်ရှုဖို့ပင် မေ့လျော့သွားသည်မှာ အမှန်ပင်ဖြစ်သည်။

“အမှုမှာ —မြို့နယ် ၊ —-ရပ်ကွက်နေသူ ဒေါ်နှင်းမိုးမှ လျှောက်ထားခံရသူ ဦးလွင်မောင်အပေါ် အရွယ်မရောက်သေးသူသမီးပိုးပိုးအား လူပုဂ္ဂိုလ်နှင့်ပစ္စည်းကိုအုပ်ထိန်းသူအဖြစ်ခန့်ထားပေးရန် အုပ်ထိန်းသူနှင့်အုပ်ထိန်းခြင်းခံရသူများ အက်ဥပဒေပုဒ်မ ၈(က)(ခ)အရလျှောက်ထားလာခြင်းဖြစ်သည်။
ယခုလက်ရှိအသက်(၃)နှစ်အရွယ်သမီးပိုးပိုးမှာ လျှောက်ထားခံရသူဖခင်ဦးလွင်မောင်ထံတွင် ရောက်ရှိနေသည်မှာ အငြင်းမထွက်နိူင်ပေ။
ကလေးအုပ်ထိန်းခွင့်ဥပဒေတွင် အရွယ်မရောက်သေးသူ၏ ကိုယ်စိတ်နှစ်ပါးချမ်းသာမှုနှင့် ကောင်းရာကောင်းကြောင်းအတွက် အဓိကထားစဥ်းစားရန်ဖြစ်ကြောင်း ၊ အသက်ငယ်ရွယ်နုနယ်ကြသေးသည့် ကလေးငယ်များကို မိခင်မေတ္တာရိပ်အောက်တွင်ရှိသင့်ကြောင်း ထုံးဖွဲ့ထားပေသည် ။
မြန်မာနိုင်ငံမှာ ကလေးအုပ်ထိန်းခွင့်နဲ့ ပတ်သက်လို့ မြန်မာ့ဓလေ့ထုံးတမ်းအရ တရားရုံးတွေက အောက်ပါအတိုင်း ဆုံးဖြတ်ပေးကြပါတယ်…

( 1 ) ရင်ခွင်ပိုက်အရွယ် ( မွေးကင်းစမှ ၂ နှစ် ၃ နှစ် ) အထိ မိခင်သာလျင် အုပ်ထိန်းခွင့် ရပါမယ် …

( 2 ) ကလေးရဲ့ ဆန္ဒ ပေါ်မူတည်ပါမယ် …

( 3 ) မိဘ ၂ ပါးရဲ့ ဝင်ငွေအဆင့်အတန်းပေါ်မူတည်ပါမယ် …

( 4 ) မိဘ ၂ ပါးရဲ့ အကျင့်စာရိတ္တပေါ် မူတည်ပါမယ် …

( 5 ) ကလေးနေထိုင်ကြီးပြင်းရမယ့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းပေါ်မူတည်ပါမယ် …

( 6 ) အဓိကအချက်ကတော့ ကလေးရဲ့နောင်ရေးအား လက်ရှိအနေထက် ပိုမိုသာလွန်အောင် ဆောင်ရွက်နိုင်သူ ဖြစ်ရပါမယ် …

စတဲ့အချက်တွေပေါ် အခြေခံပြီး တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရကလေးအုပ်ထိန်းခွင့်ကို ဆုံးဖြတ်ပေးခြင်းဖြစ်သည်။

သို့ဖြစ်ပါ၍ ကလေးငယ်၏ ကောင်းစားရေးနှင့်ပတ်သက်၍ စဥ်းစားရာတွင် လူမူရေးနှင့်ပညာရေးတို့အရ မိခင်ဖြစ်သူ ဒေါ်နှင်းမိုးထံတွင် ထားရှိခြင်းက ပိုမိုသင့်မြတ်ကောင်းမွန်မည်ဟု သုံးသပ်ရ၍ သမီးပိုးပိုးအား မိခင်ဖြစ်သူဒေါ်နှင်းမိုးမှ အုပ်ထိန်းခွင့်ရရှိကြောင်း အမိန့်ချမှတ်လိုက်သည်”

ကျနော်အသံကုန် အော်ဟစ်ငြင်းဆန်မိသည့်တိုင် အသံတို့သည်ကာမထွက် မျက်ရည်များသာထွက်ကြလာ၏ ။ အသူရာနေမင်းသည် အရှေ့ရပ်မှထွက်၍ ကျနော့်ရင်ဘတ်တွင်းသို့ တိုးဝင်လာသည့်နှယ် ပူပြင်းလောင်မြိုက်လွန်းလှသည် ။ ငွေကြေးနှင့်တိုင်းတာခြင်းခံရသည့် ဖခင်တစ်ယောက်၏ မေတ္တာတရားတို့သည် အချည်းနှီးသာဖြစ်သွားလေရော့သလား ။

“သမီးလေးကောင်းစားဖို့တဲ့သမီးရဲ့ လိုက်သွားနော်သမီး အဖေ့ဆီမှာလေ အဖေ့ဆီမှာသမီးကိုချစ်တဲ့စိတ်ကလွဲလို့ ဘာဆိုဘာမှမရှိတာမို့ လိုက်သွားတော့သမီးရဲ့ မငိုနဲ့သမီး ချစ်တဲ့စိတ်နဲ့ သမီးဘဝလေးကို အဖေမနစ်ရက်ပါဘူး နှင်းမိုးသမီးကိုလာခေါ်တော့ ”

ငြင်းဆန်မှုနဲ့ရောထွေးနေတဲ့သမီးလေး ငိုသံတွေ ကျောခိုင်းထားမိပေမဲ့ ရင်ဘတ်ကိုဓားထက်ထက်နဲ့ထိုးဆွခံနေရသလိုမျိုး အမှန်တကယ်နာကျင်ရပါတယ်။ ကျနော်အားလုံးနဲ့ဝေးရာကို ပြေးထွက်ခဲ့ပါတော့တယ် ။ ကျနော်ပြေးတယ် ။

သမီးလေးရေ.. သံသရာတွေဘယ်လောက်ထိ ရှည်အုံးမလဲ သမီးစိတ်နဲ့ပဲအဖေသွားနေပါ့မယ်။

“အို…အေး…အိုအို…အေး အိပ်တော့သမီးငယ်ရေ ဖေဖေသီချင်းဆိုပြမယ်နော် မနက်ခင်းပွင့်တဲ့ ပန်းလေးထက်ကိုပိုမွှေးတာ ချစ်သမီးလေးရဲ့ ပါးပါးလေးပေါ်မှာ…”
“မောင်လွင်ရေ စိတ်ကိုထိန်းပါအုံးကွယ် မင့်ကိုကြည့်ပြီးအရီးခင်ထားလည်း ခံစားရပါတယ် စိတ်ကိုထိန်းမှပေါ့ကွဲ့ မင်းသမီးလေးကအခုဆို ပြည့်ပြည့်စုံစုံနဲ့နေနိူင်ပြီလေ ဖြေမှပေါ့ကွယ် အိပ်လိုက်တော့နော်”
“ရှူး..တိုးတိုးပြောအရီးခင်ထား သမီးလေးအိပ်တော့မယ် သမီးလေးနိူးလာရင် ကျနော်ကိုယ်တိုင်သနပ်ခါးလေးလိမ်းပေးအုံးမှာ ”

နေ့စဥ်နှင့်အမျှ သမီးစိတ်နဲ့ငိုလိုက်ရယ်လိုက်ဖြစ်နေရှာတဲ့ လွင်မောင်ကိုကြည့်ရင်း သက်ပြင်းရှည်ကြီးချလိုက်မိသည်က အရီးခင်ထား။

ကြည့်ပါအဆွေ ။
ရာသီတွေဘယ်လောက်ပြောင်းပြောင်း ကျောင်းရှေ့အုတ်ခုံပေါ်က အရှုးကြီးကိုဘယ်သူမှမောင်းထုတ်မပြစ်ရက်ကြပါဘူး။ ပါးကွက်ကြားလေးနဲ့ ဖြူစိမ်းဝတ်စုံမြင်ရင် သမီးလေးရယ်လို့ တတပြီးငိုရှာတာကလွဲလို့ ၊ ကားအကောင်းစားကြီးတွေမြင်ရင် သမီးငယ်လို့တကြော်ကြော်ခေါ်ရင်း ပြေးလိုက်သွားတာကလွဲလို့ အဲဒီလောကဓံရဲ့သားကောင်မှာ မယ်မယ်ရရအပြစ်ဆိုစရာမှ မရှိတာပဲလေ ။

#ကျီးကန်း(မကွေး)