လောကသားကောင်

* လောဘ၏သားကောင်*📖📖📖

***************************
စ…ဆုံး

တစ်နေ့သ၌…
သောင်ထွန်းရွာထဲ၌ သတင်းစကားတစ်ခုသည် ပျံ့နှံ့၍နေသည်။
ထိုသတင်းသည်က သောင်ထွန်းရွာ၏
မုဆိုးကြီးဦးခိုနှင့်အမဲလိုက်ဝါသနာပါသူ ရွာသားနှစ်ဦးတို့ပျောက်ဆုံးနေကြခြင်းဖြစ်သည်။
ပျောက်ဆုံးသည်ဟုအားလုံးက မှတ်ယူထားကြတော့သည်။
အကြောင်းမှာကား တစ်ပတ်မျှနှင့်ပြန်ရောက်လာကြရမည်
ဖြစ်ပါသော်လည်း
ယခုတော့ တစ်ပတ်ထက်ကျော်လွန်ခဲ့လေပြီ။
ထိုသို့ကျော်လွန်လာသော ရက်များကြောင့် မိသားစုများကစိုးရိမ်နေကြခြင်းဖြစ်ပေသည်။
ထိုသတင်းသည် တဖြေးဖြေးပျံ့နှံ့လာကာ တောအတွင်း
သို့လိုက်သွားပြီးရှာဖွေကြဖို့ရန်
ရွာသားများ ပြင်ဆင်ကြလေသည်။
ပြင်ဆင်နေသော ရွာသားများထဲ၌ မောင်အုန်း နှင့်မောင်တိုးတို့သည်လည်းပါရှိကြသည်။

“ဟဲ့…မောင်အုန်းနဲ့မောင်တိုး နင်တို့နှစ်ယောက်ကို
ဘွားမယ်စိန်ကသူ့အိမ်ကိုလာခဲ့ပါဦးတဲ့…
ငါ့ကိုပြောခိုင်းလိုက်တယ်”

ရွာသူမိန်းမငယ်၏စကားကြောင့် ကွပ်ပျစ်၌ အများနှင့်ထိုင်ကာစကားပြောနေကြသည့် မောင်အုန်းနှင့်မောင်တိုးတ်ို့သည် ချက်ချင်း ကွပ်ပျစ်ခင်းမှဆင်းလိုက်ကြပြီး…

“ခဏကွာ..တို့ဘွားဆီကိုသွားလိုက်ကြဦးမယ်…
လာ မောင်တိုး တို့သွားကြစို့”

ဟု…မောင်အုန်းသည်
တခြားသူများအားပြောလိုက်ပြီးနောက်
မောင်တိုးအား ခေါ်ကာနေရာမှ
ထွက်သွားတော့လေသည်။

ဘွားမယ်စိန်၏အိမ်ဆီသို့ ခပ်သွက်သွက်ထွက်လာခဲ့ကြရင်း…

“ဟဲ့..ဘယ်သွားကြမလို့တုန်း…
သြော်
ဒါနဲ့ တောထဲလိုက်ဖို့အရေးကဘာထူးသတုန်းဟဲ့”

ရွာသူအမျိုးသမီးကြီးသည် ရွာကာလသားခေါင်းဆောင်
တစ်ယောက်ဖြစ်သော မောင်အုန်းကမေးလေသည်။
မောင်အုန်းတို့သည်လည်း ထိုအမျိုးသမီးကြီး၏အနား၌ ခဏရပ်နားလိုက်ကြပြီး…

“တောထဲလိုက်ဖို့က တိုင်ပင်နေကြတုန်းပဲဗျ…
လူကတစ်ယောက်တစ်မျိုးဆိုတော့ မပြီးနိုင်ဘူးအရီးရဲ့”

“အေးပေါ့…အေးပေါ့…”

“ကျုပ်တို့သွားဦးမယ်ဗျာ…ဘွားက
ကျုပ်တို့ကိုအခေါ်လွှတ်လိုက်လို့ သွားမလို့”

“သြော်…အေး…​အေး… ဒါဆို သွားကြလေ…သွားကြ”

အမျိုးသမီးပြီးကိုနှုတ်ဆက်၍ ဘွားမယ်စိန်အိမ်သို့ ဆက်လျှောက်လာခဲ့ကြတော့သည်။
ဘွားမယ်စိန်၏အိမ်ဝိုင်းသို့ရောက်သောအခါ အိမ်ခြံဝိုင်းတံခါးကလည်း အသင့် ဖွင့်ထား၏။
သူတို့နှစ်ဦး ခြံဝိုင်းထဲသို့ဝင်လာခဲ့ကြသောအခါ
ကွပ်ပျစ်၌ ထိုင်ကာ
ပြောင်းဖူးဆေးလိပ်ကြီးအား ဖွာရှိုက်နေသော
ဘွားမယ်စိန်အားတွေ့လိုက်ကြရတော့သည်။
ဘွားမယ်စ်ိန်ကလည်း သူတို့နှစ်ဦးအား …

“ကဲ…လာကြ…လာကြ…ဘွားကမောင်ရင်တို့
အလာကိုစောင့်နေတာကွဲ့”

“ဘာအကြောင်းရှိတာလဲဘွား…ကျုပ်တို့လည်း အလုပ်များလို့ဘွားဆီကိုမလာမိကြဘူး”

မောင်အုန်းသည် ကွပ်ပျစ်ခင်း၌ဝင်ထိုင်ရင်းပြောလေသည်။

ဘွားမယ်စိန်ကလည်း…

“မောင်ရင်တို့က တောထဲလိုက်သွားကြမယ့်ကိစ္စအတွက်
အလုပ်များနေတာလား”

“ဟုတ်တယ်ဗျ…ကျုပ်တို့ကတော့
စောင့်ကြည့်ချင်သေးတယ်….
ဒါကိုကျန်တစ်စုကအချိန်မဆွဲကောင်းဘူးဆိုပြီး
လိုက်ဖို့ပဲပြောနေကြတော့ဝေခွဲမရဖြစ်နေကြတုန်းပါပဲ”

“အေး…မောင်ရင်တို့က်ို ဘွားခေါ်တာလည်း ဒီကိစ္စပေပဲ”

ဘွားမယ်စိန်သည် ပြောင်းဖူးဖက်ဆေးလိပ်ကြီးအား မာန်ပါပါ သောက်နေပြီးနောက် ခဏအကြာ၌ ငြိမ်းသက်ပစ်လိုက်တော့သည်။

“ဒီကိစ္စဆိုတော့…ဘာများလဲဘွားရဲ့”

ဟု…မောင်အုန်းသည် စိတ်ဝင်တစားဖြင့်မေးလေသည်။
မောင်တိုးသည်က စကားဝိုင်း၌ ဝင်မပြောဘဲ
နားထောင်နေခဲ့၏။

“အမ်း…။မောင်ရင်တို့တွေကို ဘွားက
တောထဲကိုလိုက်မသွားစေချင်ဘူး…။
အင်း…ဒါနဲ့ မောင်ခိုတို့တောလိုက်ထွက်တာဘယ်တောတုန်းကွဲ့”

“သားကောင်ရှာတာဆိုတော့ သဖန်းတောထင်တယ်ဗျ”

မောင်အုန်းကချက်ချင်းပြန်ဖြေ၏။
သောင်ထွန်းရွာ၏ အနောက်စူးစူး ၌ တောတစ်ခုရှိ၏။
ထိုတောသည်က သားကောင်ကြီးမရှိပေ။
ယခု မုဆိုးကြီး
ဦးးခိုတို့ သွားသော တောသည် သဖန်းတောအမည်ရှိ၏။
ထိုတောသည် တစ်ညအိပ်မျှသွားရပေသည်။

“အေး…ဘွားပြောတာမောင်ရင်တို့သေချာမှတ်ထားကြ…နောက်နှစ်ရက်နေရင် မောင်ခိုတို့သုံးယောက်ပြန်ရောက်လာကြလိမ့်မယ်…ဒါပေမယ့် တစ်ယောက်ကတော့ အသက်ပါလာမှာမဟုတ်ဘူး…
ဒါကိုတော့ဘယ်သူ့ကိုမှမပြောလေနဲ့ ကြားကြရဲ့လား
မောင်ရင်တို့”

“ဟုတ်ကဲ့ဘွား…ဒါဆို ကျုပ်တို့ကဘာဆက်လုပ်ရမှာလဲ”

“မောင်ရင်တို့လုပ်ရမှာက…
ဘွားက အားလုံးကိုနောက်နှစ်ရက်လောက် အခြေအနေလေး
စောင့်ကြည့်ပေးကြဖို့ မှာလိုက်တယ်ဆိုတာပြောပြပေးယုံပဲ”

“ဟုတ်ကဲ့ဘွား…ကျုပ်တို့ အားလုံးကိုပြောလိုက်ပါ့မယ်”

မောင်အုန်း၏အ​ဖြေအဆုံး၌
ဘွားမယ်စိန်သည်သူ၏ခေါင်းအားတငြိမ့်ငြိမ့် ပြုမူလေသည်။

ထိုသို့ဖြင့် မောင်အုန်းနှင့်မောင်တိုးတို့ ဘွားမယ်စိန်အိမ်၌
တခဏနေပြီးနောက် ပြန်လာကြတော့သည်။
အပြန်လမ်း၌…

“ကိုကြီးအုန်း…ဦးခိုတို့ဘာဖြစ်ကြတယ်မသိဘူးနော်…
ဘွားပြောလိုက်တဲ့ တစ်ယောက်သေတယ်ဆိုတာ
ဘယ်သူလို့ထင်တုန်း…ကျုပ်တို့ကရော
သွားကယ်လို့မရဘူးလား”

“အင်း…မင်းပြောသလိုသွားကယ်တယ်ပဲထား…
တို့တွေလည်းတောထဲမှာ အခက်တွေ့ရင်ပိုဆိုးတာပေါ့…
ဘွား အကြောင်းလည်းမင်းသိရဲ့နဲ့ ဘွားက
လူတွေကို ကယ်တင်နေတာလေ…အခုလိုပြောတာလည်း အကြောင်းရှိမှာပဲ…အဲ့တော့ တို့တွေက
ဘွားပြောသလို လုပ်ပေးကြယုံပဲပေါ့ကွာ…”

“အင်းပါဗျာ…ကျုပ်က သဘောပြောတာပါ”

မောင်အုန်းနှင့်မောင်တိုးတို့မည်သည့်စကားမှဆက်မပြောဖြစ်ကြတော့…။
ရွာသူကြီး ဦးနောင်ချို၏အိမ်ထံသို့သွားကာ
ဘွားမယ်စိန်၏အမှာစကားအားပြောပြကြလေသည်။
ထိုစကားသည်.သူကြီးဦးနောင်ချိုမှတဆင့်
တောသို့လိုက် သွားဖို့ရန်
ဆိုင်းပြင်းနေကြသည့် ရွာသားများထံသ်ို့
ရောက်ရှိသွားတော့သည်။
ဘွားမယ်စိန်၏စကားအား မည်သူကမှ
မငြင်းဆန်ရဲဝံ့ကြပေ။
ဘွားမယ်စိန်ပြောသကဲ့သို့
အချိန်နှစ်ရက်မျှစောင့်ကြည့်ပေးကြတော့၏။

************************
အချိန်နှစ်ရက်သည် တဖြေးဖြေးကုန်ဆုံးလို့လာခဲ့လေသည်။
အမှန်သည်ပင်ထိုနှစ်ရက်ကုန်သည်နှင့်
ဘွားမယ်စိန်ပြောသကဲ့သို့
မုဆိုးကြီးဦးခိုတို့သုံးဦးရွာသို့ ပြန်ရောက်လာကြသည်။
နောက်တစ်ခုမှာလည်း ဘွားမယ်စိန်၏အပြောအတိုင်းပင် ရွာသားတစ်ယောက်၏အလောင်းလည်းပါရှိလာခဲ့လေသည်။
မုဆိုးကြီးဦးခိုနှင့်အတူလိုက်ပါသွားသည်က ရွာလယ်ပိုင်းမှ
ညီအစ်ကိုဖြစ်သော စိုးကျော်နှင့်စိုးအောင် ညီအစ်ကိုဖြစ်၏။
ယခုသေဆုံးသည်က အငယ်ကောင်ဖြစ်သော
စိုးအောင်ပင်ဖြစ်ပေသည်။
စိုးအောင်သေရသည်က နှာတိုကိုက်သည်ဟု မုဆိုးကြီးဦးခိုတို့ကပြော​လေသည်။
နှာတိုဆိုသည်မှာ မြွေပွေးကိုပြောခြင်းဖြစ်သည်။
ထို့ထက်ပိုပြီးမည်သည့်စကားမှမေးမရ၍ အားလုံးကလည်း
မုဆိုးကြီးဦးခိုနှင့် စိုးကျော်တို့အား မည်သည်မှမမေးကြတော့။

စိုးအောင်၏အသုဘသည် ရွာမှလူများ၏အကူအညီဖြင့် ပြီးဆုံးသွားခဲ့တော့သည်။
စိုးအောင်၏အသုဘအပြီး နောက်တစ်ရက်၌ မုဆိုးကြီးဦးခိုသည် ဘွားမယ်စိန်အိမ်သို့ရောက်ရှိလာခဲ့လေသည်။
ထိုအချိန် ဘွားမယ်စိန်အိမ်၌ မောင်အုန်းနှင့်မောင်တိုးတို့ရောက်ရှိနေခဲ့ကြ၏။

“ဟာ…ဦးခို…လာလေဗျာ”

မောင်တိုးက ဝိုင်းထဲဝင်လာသောဦးခိုအား ကွပ်ပျစ်ခင်း၌
ထိုင်နေရင်း လှမ်းခေါ်လိုက်၏။
မောင်တိုးတို့အားမြင်သောအခါ ဦးခို၏မျက်နှာသည်အနည်းငယ် ပျက်ယွင်း၍သွား၏။
မောင်တိုးတို့က မသိသော်ငြားလည်း ဘွားမယ်စိန်သည်…

“ကဲ…လာထိုင်ပါ မောင်ခိုရယ်…
ဘာတွေများတွေဝေနေတာတုန်း”

“ဘာ…ဘာမှမဟုတ်ပါဘူးဘွားရယ်”

မုဆိုးကြီးဦးခို၏ ထစ်ငေါ့နေသောစကားများ…ပျက်ယွင်းနေသောအမူအရာများကြောင့် ဘွားမယ်စိန်သည် မုဆိုးကြီးဦးခိုအား ကြည့်ကာ…

“လာ…အရင်ဝင်ထိုင်… ။ဘွားကိုမောင်ရင်ပြောချင်တာရှိနေတယ်မို့လား…အခုရောက်နေတဲ့မောင်အုန်းနဲ့မောင်တိုးဆိုတာ ဘွားရဲ့သားတွေလိုဖြစ်နေတဲ့သူတွေ…ဘာမှ မစိုးရိမ်ပါနဲ့”

“ဟုတ်ကဲ့…”

ဘွားမယ်စိန် စကားကြောင့် မုဆိုးကြီးဦးခို၏ မျက်နှာသည် ပြန်လည် ကြည်လင်သွားပြီး ကွပ်ပျစ်ခင်း၌ ဝင်ကာ ထိုင်တော့သည်။

“ကျုပ်…ဘွားကိုရင်ဖွင့်စရာရှိလို့ပါဗျာ…ဒီအကြောင်းတွေက်ို
တခြားသူတွေကိုလည်းမပြောပြချင်ဘူး…
ပြောပြလို့လည်း မသင့်ဘူးလို့ကျုပ်ထင်တယ်”

“မောင်ရင်တို့တောထဲမှာကြုံခဲ့တဲ့အကြောင်းများလား”

ဘွားမယ်စိန် ကမေးလိုက်သောအခါ မုဆိုးကြီးဦးခိုက ခေါင်းအား ငြိမ့်ပြ၏။

“ဟုတ်တယ်ဘွား…ကျုပ်ပြောလိုတာအဲ့အကြောင်းပဲ…”

“အင်း…ပြောလေ…ဘွားလည်း သိချင်နေတာ”

မုဆိုးကြီးဦးခိုပြောပြမည့်အ​ကြောင်းအား မောင်အုန်းနှင့်မောင်တိုးတို့နှစ်ယောက်လွန်စွာစိတ်ဝင်စားနေကြသည်။
မောင်တိုးက ရေနွေးခွက်များအတွင်းရေနွေးများ
လိုက်ငှဲ့ပေးထား၏။
မောင်အုန်းသည်ကား ဆံပင်ရှည်ကြီးအားဖြစ်သလိုထုံးဖွဲ့စည်းထားပြီး မျက်နှာအထက်၌ မုတ်ဆိတ်မွှေးများ၊အဖု့အထစ်များ
ဖြင့် ရှုပ်ယှက်ခတ်နေသော မုဆိုးကြီးဦးခိုအား ကြည့်နေခဲ့လေသည်။
မုဆိုးကြီးဦးခိုပြောမည့်အကြောင်းအရာအား
သေချာနားထောင်နေခြင်းဆိုတာလည်းမမှားပေ။

********************
ထိုနေ့သည် မုဆိုးကြီးဦးခိုနှင့်အတူ စိုးကျော်တို့ညီအစ်ကိုနှစ်ယောက်တောထဲသို့လိုက်ပါလာခဲ့၏။
မုဆိုးအလုပ်ကိုမလုပ်ဖူးပါသော်လည်း ငှက်ပစ်ထွက်လေ့ရှိသော စိုးအောင်သည် တောသို့လိုက်ချင်ခဲ့၏။
ညီဖြစ်သူစိုးအောင်အား စိတ်မချ၍ အစ်ကိုဖြစ်သော
စိုးကျော်သည်လည်းလိုက်ပါလာခဲ့ရသည်။

မုဆိုးကြီးဦးခို၌ သားကောင်ပစ်ရန် ဒူးလေးတစ်လက်၊ ဓားချွန်းရှည်တစ်လက်ပါရှိ၏။
စိုးအောင်၌က
လှံတစ်ချောင်း လောက်လေးခွတစ်လက်ပါလာသည်။
စိုးကျော်မှာကား ဓာရှည်တစ်လက်သာပါလာခဲ့၏။
သူတို့သုံးဦးသည် တစ်ညအိပ်ခရီးဖြင့်သဖန်းတောသို့
ရောက်လာခဲ့ကြသည်။
တောထဲ၌ သားကောင်ရှာဖွေချိန်တွင်သားကောင်ငယ်များဖြစ်သော တောကြက်များ…ငှက်များအား စိုးအောင်က
မပစ်ခတ်ချင်။
သားကောင်ကြီးများကိုသာပစ်ခတ်လို၏။
မုဆိုးကြီး ဦးခိုသည် စိုးအောင်၏သဘောအတိုင်းသာနေပေးလေသည်။
သို့နှင့်တောသို့ရောက်ရှိသောလေးရက်တာ
ကာလအတွင်းသားကောင်မပစ်ခတ်နိုင်ကြသေးပေ။
ယူဆောင်လာကြသည့် အရံဟင်းများကိုသာ ချက်ပြုတ်စားသောက်ကြရလေသည်။

“မထူးဘူးကွာ…ရှေ့က သဖန်းပင်နားလင့်စင်ထိုးထားရမယ်…
သဖန်းသီးစားလာတဲ့တောကောင်ကို
တို့တွေပစ်ခတ်ကြတာပေါ့”

ဟု…မုဆိုးကြီးဦးခိုကပြောသောအခါ ကျန်နှစ်ယောက်ကလည်းသဘောတူကြလေသည်။
ထိုသို့ဖြင့် လင့်စင်ထိုးကြရင်း သားကောင်အလာအား
စောင့်ကြည့်ကြလေသည်။
စောင့်ကြည့်နေစဥ်…သူတို့၏ မြင်ကွင်းသ်ို့ရောက်လာသည်က
တောကြောင်တစ်ကောင်ဖြစ်နေလေသည်။
သို့သော် သားကောင်ကြီးသာရလို၍ ထိုတောကောင်ငယ်အား
မပစ်ခတ်ကြဘဲလက်ရှောင်ပေးလိုက်၏။
ထပ်မံစောင့်ကြည့်ကြသောအခါ ဂျီ(ချေ)တစ်ကောင်သည် သဖန်းသီးများအား အေးအေးလူလူစားသောက်နေခဲ့၏။
မုဆိုးကြီးဦးခိုသည်ပါးစပ်၌ ကွမ်းများကို ဝါးရင်း ဂျီ(ချေ)အားအကဲခတ်နေခဲ့သည်။

“ဦးခို..ပစ်လေဗျာ…”

ဟု…စိုးအောင်က လေသံပျော့ပျော့ဖြင့်​ပြောလေသည်။
ထိုအခါ…မုဆိုးကြီးဦးခိုက စိုးအောင်အား လက်ကာပြကာ…

“ပစ်လို့မဖြစ်ဘူးဟ…သူ့မှာကိုယ်ဝန်ကြီးနဲ့”

မုဆိုးတို့စည်းအတိုင်း မျိုးရှိသော သားကောင်အား
ဦးခိုမပစ်ခတ်ပေ။
သို့သော် စိုးအောင်သည်က ဆူးဖြိုးလှသော ထို ဂျီ(ချေ)အားပစ်ခတ်လို၏။
ထို့ကြောင့် မုဆိုးကြီးဦးခိုလက်မှ ဒူးလေးအားတောင်းယူလေသည်။
ဦးခိုသည် စိုးအောင်၏လုပ်ရပ်​ကြောင့် ကြောင်အမ်းကာ
ကြည့်နေမိ၏။
ထိုအချိန်…

“ဝီး……”

စိုးအောင်သည် ဂျီ(ချေ)ကောင်အား ပစ်ခတ်လိုက်လေရာ
မကျွမ်းကျင်ပါသော်လည်း ငှက်ပစ်ခတ်နေကြဖြစ်သော စိုးအောင်၏လက်သည် ဂျီ(ချေ)ကောင်၏ဝမ်းဗိုက်အား
ထိုးစိုက်၍သွားစေသည်။
ဒူးလေးဖြင့်ပစ်ခတ်ခံရသော ဂျီ(ချေ)ကောင်သည် ဝမ်းဗိုက်ပေါက်သွားသော်လည်း ကြောက်လန့်စိတ်ဖြင့် ပြေးတော့သည်။

“လခွမ်းကွာ…မင်းကိုမပစ်ပါနဲ့ဆို”

မုဆိုးကြီးဦးခိုသည် သူ၏ပါးစပ်အတွင်းမှ ကွမ်များအား ဖွီးခနဲထွေးထုတ်ကာ စိုးအောင်အားပြောလိုက်လေသည်။
စိုးအောင်သည်ကား.ထွက်ပြေးသွားသော ဂျီ(ချေ)ကောင်နောက်သို့သာ အသဲအသန်ပြေးလိုက်တော့သည်။
စိုးကျော်နှင့်မုဆိုးကြီးဦးခိုတို့မှာ လင့်စင့်ပေါ်၌သာ ကျန်ရစ်ခဲ့ကြလေသည်။
အချိန်ကြာသောအခါစိုးအောင်တစ်ယောက်ပြန်ပေါ်မလာသဖြင့်
မုဆိုးကြီးဦးခိုတို့နှစ်ယောက်
စိုးအောင်အားရှာဖွေရတော့လေသည်။
ထိုသို့ ရှာဖွေသောအခါ…
သစ်ပင်တစ်ပင်၏အရှေ့၌ လဲကျနေသော ဂျီ(ချေ)ကောင်နှင့်
ထိုဂျီ(ချေ)ကောင်၏အနီး၌ပင်လဲကျနေသော စိုးအောင်အားတွေ့လိုက်ကြရသည်။
သူတို့တွေ့ရှိချိန်၌စိုးအောင်သည်အသက်မရှိတော့ပေ။
စိုးကျော်တစ်ယောက်ညီဖြစ်သူကိုကြည့်သောအခါ
ညီဖြစ်သူစိုးအောင်၏ခန္ဓာကိုယ်သည်ပြာနှမ်း၍နေလေသည်။
မုဆိုးကြီးဦးခိုသည် တောမုဆိုးပေမို့အခြေအနေကိုကြည့်ပြီး…

“စိုးအောင် ဒီကောင် ဂျီ(ချေ)သေကို တွေ့ပြီး ဝမ်းသာအားရလာပုံပဲ…ဒင်းက ဒီသစ်ခေါင်းဝက နာတိုကိုမမြင်တော့ ဟိုက သူ့လမ်းကြောင်းပိတ်တော့ ကိုက်ထည့်လိုက်တာပေါ့ကွာ…”

ဟု…ပြောလိုက်သောအခါ…စိုးကျော်တစ်ယောက်ညီဖြစ်သူအတွက် စိတ်မကောင်းဖြစ်နေရတော့သည်။
ထိုသို့ဖြင့် ဂျီ(ချေ)သေအားအမဲဖြတ်ပြီးနောက်
စိုးအောင်၏အလောင်းအား ရွာသို့သယ်လာခဲ့ကြတော့သည်။

************************

မုဆိုးကြီးဦးခိုပြောပြသောစိုးအောင်၏အဖြစ်အပျက်ကြောင့် မောင်အုန်းတို့ ကြက်သီးများပင်ထကြရသည်။
ဘွားမယ်စိန်သည်စိုးအောင်၏အဖြစ်အား သိရှိသွားသောအခါ ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့်…

“ဘယ်တတ်နိုင်မလဲ မောင်ခိုရယ်…
လောဘရဲ့အစာကျွေးတာခံရတော့
လောဘဇောတိုက်ပြီး ဖြစ်ကုန်တာပေါ့”

ဟုသာ ပြောလေတော့သည်။

ဤအကြောင်းအား မုဆိုးကြီးဦးခိုနှင့် စိုးကျော်…ဘွားမယ်စိန်တို့သာ သိရှိကြလေသည်။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)အားလေးစားလျက်