လောင်းကြေး

*လောင်းကြေး*📖📖📖

**********************

ဒီအဖြစ်အပျက်က ညိုတို့ငယ်တုန်းက အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းပဲဖြစ်တယ် ။

ဒီအဖြစ်ပျက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ သူ မိသားစုတွေ ခုထိရှိဦးမှာပါ။

ဒီအ​ကြောင်းအရာတွေကို စာဖတ်သူတို့ အဆင်ပြေ ဖတ်နိုင်ဖို့ သင့်လျော်သလို
အနည်းငယ်ဖြည့်စွက်ပြီး ပြန်လည်ရေးသား ဖော်ပြလိုက်ရပါတယ်။

အဖြစ်ပျက်မှာပါဝင်တဲ့လူတွေရဲ့ အမည်ကိုတော့ ကာယံကံရှင်တွေ မထိခိုက်ရအောင်
အမည်များလွှဲပြောင်း ရေးသားထားတာကို စာဖတ်သူတို့ နားလည်ပေးစေချင်ပါတယ်။

ယခုလက်ရှိ တောင်ကြီးမြို့ အောက်စျေးခေါ်စဝ်စံထွန်းစျေးကြီးက တချိန်က သင်္ချိုင်း‌ဟောင်း တစ်ခုပါ ။

နောက်ပိုင်းမှသာ သင်္ချိုင်းကိုဖျက်ပြီး မြို့မသင်္ချိုင်းသို့​ပြောင့်းရွေ့ခဲ့တာ။ သင်္ချိုင်းဟောင်းနေရာမှာ စဝ်စံထွန်းစျေးကြီးကိုတည်ဆောက်ခဲ့တယ်။

အခုရေးမယ့်အကြောင်းအရာအဖြစ်ပျက်က စဝ်စံထွန်း စျေးမတည်ဆောက်မီ သင်္ချိုင်းအ​ဖြစ်တည်ရှိစဥ်ကာလတုန်းက အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို ရေးသားမှာဖြစ်ပါတယ်။

တောင်ကြီးမြို့ အ.လ.ကကျောင်း တစ်ကျောင်းမှ ေကျာင်းသားတစ်စုဟာ တစ်ညနေခင်းတော့ သူငယ်ချင်းတစ်ယောက်အိမ်မှာ ဆုံတွေ့ပြီး ထွေရာလေးပါး စကားစ​မြည်ပြောဆိုနေကြတယ်။

ကျော်ကျော်တို့သူငယ်ချင်းတစ်စုက စကားပြောနေရင်း ပရလောကအကြောင်းစီရောက်သွားကြတယ်။

သူငယ်ချင်းတစ်စုဟာ သရဲတစ်ကယ်ရှိမရှိ ငြင်းခုံကြခဲ့တယ် ။

ကျော်ကျော်ဆိုတာက အဖွဲ့ထဲမှာ အနေအေးပြီး စာတော်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်။

ကျော်ကျော့်မိဘတွေကလည်း လူချမ်းသာတွေဖြစ်တယ်။

တာတီး ၊တမောင်း၊ဖိုးထောင်၊အယ်​ဖြူတို့က ခပ်ဆိုးဆိုး ခပ်ရွတ်ရွတ်ကျောင်းသားတွေဖြစ်ပြီး နေရာတကာ သူတို့မပါရင်မပြီးလောက်အောင် ဆတ်ဆော့သူများဖြစ် ကြတယ်။

အဆိုးဆုံးကတော့ တာတီးပဲဖြစ်ပြီး အကြောက်အလန့်မရှိ၊ ရန်ဖြစ်တိုင်းသူပါတတ်တယ်။

တာတီးတစ်ဖက် ကျော်ကျော်တို့လေးယောက်ကတစ်ဖက် သရဲရှိမရှိကို ငြင်းခုံကြတော့တယ်။

တာတီးက

“ဟျောင့်တွေ လောင်းမလားကွာ။သရဲတစ်ကယ်မရှိဘူးဆိုတာ ”

ကျော်ကျော်တို့လေးယောက်ကလည်း

“လောင်းမယ်ကွာ”

ဆိုပြီး ကျော်ကျော်က

“လောင်းလို့မင်းနိုင်ရင် တစ်လလုံး မင်းစားသောက်တာမှန်သမျှငါရှင်းမယ်။
မင်းရှုံးရင်တော့ ငါတို့လေးယောက်လွယ်အိတ်တွေကိုကျောင်းသွားကျောင်းပြန် တစ်ပတ်လုံးမင်းသယ်ပေးရမယ်။
ဘယ်လိုလဲ “

“စိန်လိုက်လေ ၊ကဲငါဘယ်လိုလုပ်ရမလဲပြော”

ကျော်ကျော်တို့လေးယောက်ကလည်း

“ဒီနေ့ည သင်္ချိုင်းမှာ ထုံးသုတ်ထားတဲ့ ဝါးချွန်ကို တစ်နေ့က ငါတို့ရပ်ကွက်ထဲ ကားတိုက်သေ သွားတဲ့ ကောင်မလေး အုတ်ဂူဘေးမှာ မင်းသွားစိုက်ရမယ် ဟျောင့်ည12:00 မှ မင်းသွားရမှာနော်…
ငါတို့နောက်ရက်အစောကြီးသွားကြည့်လို့ မင်းဝါးချွန်စိုက်ထားနိုင်ရင် မင်းအောင်ပြီပဲ…ဝါးချွန်ကို ည11:00ခွဲကျော်မှ မင်းစက်ဘီးနဲ့ ငါအိမ်လာယူပေါ့…ဒီနေ့ကလပြည့်နေဆိုတော့ မင်းလည်းအုတ်ဂူကို ရှာရလွယ်တာပေါ့ကွာ”

ထိုသို့ အလောင်းအစားလုပ်ဖြစ်ကြတယ်။

တာတီးလည်း ည11နာရီခွဲတော့ ကျော်ကျော့်အိမ်မှာ ဝါးချွန်သွားယူလာခဲ့တယ် ေကျာ်ကျော်က

“သယ်ရင်း ဂရုစိုက်နော် ဖြစ်ပါ့မလား”

“အေးဆေးပါကွာ မင်းတစ်လစာရှင်းဖို့တာပြင်ထားလိုက်”

ဆိုပြီး စက်ဘီးလေးနဲ့လှည့်ထွက်သွားတော့တယ်။

သင်္ချိုင်းရှေ့ရောက်တော့ စက်ဘီးလေးကိုရပ်ပြီး သော့ခတ်ထားခဲ့တယ်။

ဆွဲဆွဲငင်ငင် အူလိုက်တဲ့ ခွေးသံကြောင့် တာတီးတစ်ယောက်

ကြက်သည်းတွေထပြီး ဇောချွေးတွေပြန်လာတယ်။

သံဆူးကြိုးကာထားတဲ့ ကြားကနေသင်္ချိုင်းထဲ
ငုံ ဝင်လိုက်ပြီး အလောင်းအစားလုပ်ထားတဲ့ အုတ်ဂူနား သွားလိုက်တယ်။

သူငယ်ချင်းတွေနဲ့ လောင်းထားတာမှန်ပေမယ့် တကယ်တန်း တစ်ယောက်ထဲ သင်္ချိုင်းမှာ အုတ်ဂူတွေပဲမြင်ရတော့ တာတီးတယောက် ထွက်ပြေးချင်လောက်အောင် ကြောက်ရွံ့နေမိတာအမှန်ပဲ ။

ပြန်လှည့်ပြီးထွက်ပြေးသွားချင်ပေမယ့် သူငယ်ချင်းတွေ ဝိုင်းလှောင်မှာစိုးလို့ အားတင်းပြီး ရှေ့ဆက်ခဲ့ရတယ်။

နားထဲမှာလည်း လေတိုက်သံလိုလို ငိုငြီးသံတွေလို ကြားနေရတယ်။

နှာခေါင်းထဲမှာလည်း ညှီဆို့ဆို့ အနံ့တွေရနေမိတယ် ။

မကြာခင်ပဲ ကားတိုက်ခံရတဲ့ကောင်မလေး အုတ်ဂူရှေ့ ရောက်လာတယ် ။

အဲ့ဒီချိန်မှာပဲ သင်္ချိုင်း အုတ်ဂူတွေကြားမှာ အရိပ်တစ်ခု တွေ့လိုက်မိတယ်။

သူလည်း ကောင်မလေး အုတ်ဂူဘေး အမြန်ထိုင်လိုက်ပြီး လွယ်အိတ်ထဲမှာ အသင့်ပါလာတဲ့ ကျောက်ခဲတစ်လုံးနဲ့ ဝါးချွန်ကို အားရပါးရ
ရိုက်ချလိုက်​တယ်။

အုတ်ဂူကြားကအရိပ်ကလည်း သူ့ထံတဖြည်းဖြည်းနီးကပ်လာတယ်လို့ ထင်ရတယ် ။

သူလည်းကြောက်လန့်တကြား ထပြေးတော့ သူ့ပုဆိုးကို အောက်ကလှမ်းဆွဲထားတယ်။

သူလည်းအရမ်းအကြောက်လွန်ပြီး နှလုံးရပ်ပြီး အသက်ပါထွက်သွားတယ်။

မနက်စောစော တာတီးအမေက ကျော်ကျော့်အိမ်ရောက်လာပြီး

“ကျော်ကျော်ရေ သားသူငယ်ချင်းတာတီးက သားဆီသွားမယ်ဆိုပြီး စက်ဘီးနဲ့ထွက်သွားတာ တစ်ညလုံးပြန်မလာဘူး…တားတီးက သားအိမ်မှာများအိပ်သလားလို့”

” လာမအိပ်ဘူးအန်တီ”

ကျော်ကျော်လည်း သူ့မိဘတွေခေါ်ပြီး တာတီးအမေနဲ့အတူ သင်္ချိုင်းဘက်ကို သွားကြည့်ကြတယ်။

သင်္ချိုင်းရှေ့မှာ တာတီးစက်ဘီးလေး ထောင်ထားတာကို တွေ့လိုက်ရတယ်။

ကျော်ကျော်တို့လည်း စိုးရိမ်တကြီး အလောင်းအစားလုပ်ထားတဲ့ အုတ်ဂူဆီ သွားကြည့်လိုက်တဲ့အခါ နှလုံးရပ်ပြီးသေဆုံးနေရှာတဲ့ တာတီးအလောင်းကိုတွေ့လိုက်ရတယ်။

သူ့ပုဆိုးစကို ငုတ်ထဲထည့်ရိုက် မိထားတာကိုလည်းတွေ့လိုက်ရတယ် ။

အဲ့ဒီအချိန်မှာ သင်္ချိုင်းက သုဘရာဇာကြီး ရောက်လာပြီး

“ညကကောင်လေးတယောက်တွေ့လိုက် မိတာမို့လာကြည့်သေးတယ်….ကျုပ်လည်းဘာရှာတာဘာမှမတွေ့တော့လို့ ပြန်လှည့်သွားတာ”
လို့ပြောတယ်။

တာတီးတစ်ယောက် ညကတွေ့လိုက်တဲ့အရိပ်က သုဘရာဇာကြီးမှန်းသိမသွားရှာဘူး။

သူ့ပုဆိုးစကို ကြောက်ကြောက်လန့်လန့်နဲ့ ငုတ်ထဲထည့်ရိုက်မိတာကို သူသိခဲ့ရင် တာတီးတစ်ယောက် သေမှာမဟုတ်ဘူး။

ကျော်ကျော်တို့ သူငယ်ချင်း တစ်သိုက်လဲ မလောင်းသင့်တဲ့ အလောင်းအစားမျိုးကို လောင်းမိတဲ့အတွက် အချစ်ဆုံးသူငယ်ချင်းတစ်ယောက် ဆုံးရှုံးလိုက်ရပြီး ယူကြုံးမရ ဖြစ်ကြရတယ်။

တာတီးတစ်ယောက် လောင်းကြေးအဖြစ် သူ့အသက်ကို ပေးမယ်ရမယ်မှန်း သိခဲ့ရင်တော့ ………
ပြီးပါပြီ
ရွင်လန်းချမ်းမြေ့ကြပါစေ
စာရေးသူ-Nankyarnyo