လွမ်းသူ့သံစဥ်

လွမ်းသူ့သံစဥ် (စ/ဆုံး)
——————-

” စိန်ခြူးကြာညောင် ×××လရောင်တွေ လင်းချိန်မှာ

နော်×××မှန်ရွှေပြတင်းဝက ငေးစောင့်လို့နော်××× ”

” ချစ်မောင်တော်××× ဆောင်တော်ကြွရေး×××လှိုင်

ထိပ်ခေါင်တင် နှမတော်လေးမှာ ဘောလယ်××××

လွမ်းတေးကလေးနဲ့ မျှော်×××× ”

သာယာနာပျော်စရာ စောင်းသံလေးနဲ့အတူ ချိုသာကြည်မြလှတဲ့ သီချင်းသံက ကွမ်းသီးမြို့လို့ တင်စားကြတဲ့ ကျောက်ကြီးမြို့တောင်ဘက်တောကြီးထဲကနေ စည်းချက်ညီညီ ထွက်ပေါ်လာခဲ့ပါတယ်။

သီချင်းသံနဲ့စောင်းသံက လိုက်လျောညီထွေပြီး စည်းကိုက်ဝါးကိုက် ဖြစ်နေတာကြောင့် ကြားရသူတိုင်းကို ဖော်မပြတတ်သော ခံစားချက်များ မွေးဖွားလာစေခဲ့ပါတယ်။

ပွင့်လင်းရာသီရောက်ပြီဆိုတာနဲ့ နာမည်ကြီး ဆုတောင်းပြည့် တန်ခိုးကြီးအရှင်သီဝလိကိုယ်တော်မြတ်ရဲ့ခြေတော်ရာအစစ်ဆီကို အနယ်နယ်အရပ်ရပ်ကနေ လာရောက်ဖူးမြော်ကြတဲ့ ဘုရားဖူးတွေက ရာနဲ့ချီလှပါတယ်။

လူငယ်တစု ရေတံခွန်မှာ ရေချိုးကြရင်း လေအဝှေ့မှာ မည်သူမည်ဝါဆိုမှန်းမသိရတဲ့ သီချင်းသံကို ကြားလိုက်ရပြီးနောက်။

&&&&&&&

(၁)

” ဟဲ့ မိဝိုင်း တို့ဝင်လာတာ ဒီဘက်ကပဲ မဟုတ်ဘူးလား ”

” ဟိုဘက်လေ မသန်းမော်ရဲ့ စောစောကတင် ဒီနားကို

တစ်ခေါက်ရောက်လာသေးတယ်လေ ”

” ဒုက္ခပါပဲ တို့တော့ ဒုက္ခရောက်ပြီနဲ့ တူပါတယ် လမ်း

လည်းရှာမတွေ့တော့ဘူး ”

“….ညှို့ညှို့ဆိုင်းဆိုင်း မှိုင်းမှိုင်းမှုန်ဝေ…..စစ်ကိုင်း…

တောင်တော်ဗွေ….ထုံးဖြူဆေးရေး….ဖွေးဖွေးဖြူဖြူ

စေတီတော်အပေါင်း ကိန်းအောင်းဌာပနာ အမွေ….”

” ဟင် မိလဲ့နဲ့ မိဝိုင်း နင်တို့ကြားလား သီချင်းသံ ထထ

လူကြီးတွေ ပြောသလို အသံနောက်ကို လိုက်ကြည့်ရ

အောင် ”

တောထဲ မှိုချိုးမျှစ်ချိုးရင်း ထင်းခွေရင်း လမ်းစပျောက်နေသူတွေကတော့ သီချင်းသံဟာ သူတို့အတွက် ကယ်တင်ရှင်လို့ ယူဆထားကြတယ်။ သီချင်းသံလာရာနောက်ကိုလိုက်ရင် တောထဲ စဝင်လာခဲ့တဲ့လမ်းကို ပြန်တွေ့ရတတ်လို့ပါတဲ့။

” ဟယ် ဟိုမှာ ဟိုမှာ အမသန်းမော်ရဲ့ ခေါင်းခုမလား ”

” အေးလေ မနက်က ရေစိုလို့ တောထဲမဝင်ခင် မကြီး

လှမ်းထားခဲ့တာ ဟေ့ဟေ့ မိဝိုင်းနဲ့ မိလဲ့ လက်အုပ်ချီ

တို့ မမလေးကိုကန်တော့ကြစို့ ”

” ကျေးဇူးတင်ပါတယ် မမလေး….. ”

ကျောက်ကြီးမြို့ပေါ် တက်ရောင်းဖို့ မနီးမဝေးရွာက ရွာသူရွာသားတွေဟာ ဒညှင်းသီး ဖလံတောင်ဝှေး ဆိပ်ဖူး စရိရိုး မာလာဖူး အစရှိတဲ့ ဟင်းသီးဟင်းရွက်ပင်တွေကို တောထဲသွားခူးကြရတယ်။

ဘယ်သူကမှ စိုက်ပျိုးထားတာမဟုတ်ပဲ သဘာဝအတိုင်းအလေ့ကျပေါက်ရောက်နေတာဖြစ်လို့ မည်သူမဆို ခူးယူလို့ ရပါတယ်။

ဝမ်းစာအတွက် ခူးယူတဲ့သူတွေက များလွန်းတော့ အသီးအရွက်တစ်ချို့ကို တောစပ်မှာသိပ်မတွေ့ရတော့ဘူး။ ဒါကြောင့် တွေ့လိုတွေ့ငြားရှာရင်းဖွေရင်း တောနက်ထဲရောက်ပြီး လမ်းပျောက်သွားကြတာဖြစ်ပါတယ်။

~~~~~~~~~~~~&&&&&~~~~~~~~~~~~

(၂)

” ဗျာ ဘယ်လို ကိုကြီးကျော်အေး တရာကြီးတောင်ရ

မယ်ဟုတ်လား တကယ်ပြောနေတာလား ”

” ဟေ့ကောင် ထွန်းဝင်း ငါဘယ်တုန်းက စကားကို ပေါ့

ပျက်ပျက် ပြောဖူးလို့လဲ ထားလိုက်ပါ မင်းသွားရဲပါ့မ

လား အေ့ ”

ဒညှင်းသီးနဲ့ သစ်ဥသစ်ဖုတွေသွားရောင်းပြီး မြို့စျေးက ပြန်လာတဲ့ထွန်းဝင်းကို ရွာပြင်အရက်ဆိုင်မှာစည်းစိမ်ယူနေတဲ့ ကျော်အေးက ပြောလိုက်ခြင်းပါ။

” ရော့ ဒီမှာ ပိုက်ဆံ ဘယ်လောက်လဲ ရေကြည့်စမ်း”

” ဟာ လေးဆယ့်ငါးကျပ်တောင် ကိုကြီးကျော်အေး ”

” အေး ယူထားလိုက် မင်းစကားမင်းတည်နော် ထွန်း

ဝင်း မတည်ရင် ငါဘာကောင်လဲ သိပါတယ် ဟင်း

ဟင်းဟင်း ” ” ခွမ်း!!!! ”

ကျော်အေးက လက်ကျန်အရက်ကို မော့သောက်ပြီး ခွက်ကို အနီးကသစ်ပင်နဲ့ ပစ်ခွဲလိုက်တာကို ဆိုင်ရှင်ရော ထွန်းဝင်းရောပါ မြင်လိုက်တယ်။ ​

အကြောင်းသိပြီးသား ဆိုင်ရှင်ကတော့ အံ့သြနေဟန်မပြပဲ ခွက်အသစ်လာချပေးပြီး ပြန်ထွက်သွားခဲ့ပေမယ့် ထွန်းဝင်းကတော့ ကိုင်ထားတဲ့ ပိုက်ဆံကို ယူဖို့ ချီတုံချတုံ ဖြစ်နေခဲ့တယ်။ ဆန်တပြည်ငါးကျပ်တောင် မရှိသေးတဲ့ခေတ်ဆိုတော့ သူပေးတဲ့ပိုက်ဆံက မနည်းလှ။

” ဟေ့ကောင် ငါပြောတာကြားလား ”

” ဗျာ…သြော်..ဟုတ် ဟုတ်ကဲ့ ”

” အေး အဲ့ဒီမမလေးက ဘယ်လိုပုံရှိတယ် ဘယ်မှာနေလဲဆိုတာ အတိအကျပြန်ပြောပြနိုင်ရင် ကျန်တဲ့ပိုက်ဆံ ထပ်ပေးမယ်ကွာ ဂေ့ အေ့ ”

ကျော်အေးဆိုတာ ကျောက်ကြီးမြို့နဲ့ ခုနှစ်မိုင်လောက်ဝေးတဲ့ တညင်ရွာရဲ့ ရွာ့မျက်မျက်နှာဖုံးမိသားစုက မွေးဖွားလာတဲ့သူပါ။ ရွာနီးချုပ်စပ်တွေမှာတော့ ကျော်အေးဟေ့ဆိုရင် မသိသူမရှိသလောက်ပါပဲ။

ကျော်အေးနဲ့ ဇော်ဌေးဆိုပြီး ညီအကိုနှစ်ယောက်ရှိပေမယ့် မိဘလက်ငုပ်လက်ရင်းအလုပ်ဖြစ်တဲ့ ဥယျာဥ်ခြံမြေတွေကို အကိုဖြစ်သူဇော်ဌေးကပဲ ဦးစီးဦးကိုင်လုပ်ရပါတယ်။

မိဘတွေက ဘိုဘွားပိုင်ရွှေမှော်ထဲမှာ ရွှေကွက်အသစ်ရှာရင်း ကျင်းပိတဲ့အထဲပါသွားခဲ့လေတော့ သူတို့ခမျာ ငယ်ငယ်ရွယ်ရွယ်ပညာရေး တပိုင်းတစနဲ့ မိဘမဲ့ ဖြစ်ခဲ့ရရှာတာပေါ့။

ကျော်အေးကတော့ တမိပေါက်တယောက်ထွန်းဆိုသလို မြို့ကျောင်းတက်ခွင့်ရပြီး အကိုရဲ့အလိုလိုက်မှုခံထားရတော့ ပေပေတေတေ အရက်သောက် ဖဲရိုက် လောင်းကစားတွေမှာ အလှူပေးသလို ငွေဖြုန်းကြမ်းတာကြောင့် လူသိများတာ ဖြစ်ပါတယ်။

ပြေးကြည့်မှ ဒီညီအကိုနှစ်ယောက်ပဲ ရှိတာသိတဲ့ ဇော်ဌေးကတော့ စီးပွားရေးလည်းလုပ် ညီဖြစ်သူရဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကိုလည်း ငယ်စဥ်ကနေ လက်ရှိအသက်သုံးဆယ်အရွယ်အထိ မငြီးမညူ ဒိုင်ခံဖြေရှင်းပေးခဲ့ပါတယ်။

ဘယ်အရက်ဝိုင်းမှာတော့ ရန်ဖြစ်လို့ ရိုက်ခွဲခဲ့မိပြန်ပြီ ဘယ်လောင်းကစားဝိုင်းမှာတော့ တဖက်ကညစ်လို့ ထိုးခဲ့မိပြန်ပြီ စတဲ့အရာတွေပေါ့။

တကယ်တော့ သူတို့မိဘတွေက လောဘကြီးလွန်းလို့ အဖြစ်ဆိုးရတာကို ဇော်ဌေးသိပါတယ်။ ကံတရားကထိုက်သင့်သလောက်ပေးထားတဲ့ စည်းစိမ်နဲ့တင် စီးပွားရေးတခု အဆင်ပြေပြေလုပ်ကိုင်စားလို့ရတယ် ဆိုတာကို ငယ်ငယ်က မိဘတွေကို ပြောဖူးခဲ့တယ်။

အသိဉာဏ်မဖွံဖြိုးတဲ့ဒေသမှာ ကလေးတယောက်ရဲ့စကားကို အသိအမှတ်မပြုကြတာတော့ ထုံးစံတစ်ခုလို ဖြစ်နေပါပြီ။ ညီဖြစ်သူ ကျော်အေးက သူ့မိဘတွေ သေရတာဟာ မမလေးကြောင့်လို့ လူပြော သူပြောနဲ့ နားယောင်နေပုံရပါတယ်။

” မမလေးကို ဘယ်သူမှ မြင်ဖူးတာမဟုတ်ဘူး အို ဘာ

ပဲဖြစ်ဖြစ် ငွေတစ်ရာတောင်ရမယ့်ဟာ ကျနော်

သွားမယ်ဗျာ ”

ထွန်းဝင်းရဲ့ စကားကြောင့် စုပေါင်းဘုံကထိန်ပွဲအတွက် ထင်းခွဲကုသိုလ်ယူနေတဲ့ ရွာကာလသားတွေထဲက သူငယ်ချင်းတချို့ လုပ်လက်စအလုပ်ကိုရပ်ပြီး သူ့ဆီရောက်လာကြတယ်။

” ကြည့်လုပ်နော် ထွန်းဝင်း ကိုအောင်မြင့်ကြီးတုန်းက

အပြေးသန်လို့ နို့မဟုတ်ရင် ကျားစာဖြစ်တော့မလို့

ဟ အန္တရာယ်များပါတယ်ကွာ မသွားပါနဲ့ ”

” အန္တရာယ်များမှန်း ကျနော်လည်း သိပါတယ် ကိုလှ

ရယ် ငွေတစ်ရာလေဗျာ နည်းတဲ့ ပိုက်ဆံလား ကိုလှ

မြင့်ရ ကျနော်တို့ တစ်နှစ်လုံးကုန်းရုန်းရှာတာတောင်

မရနိုင်ဘူးလေ ”

” ဟုတ်တာတော့ ဟုတ်တာပေါ့ကွာ ဒါပေမယ့် တောထဲ

မှာ မင်းတခုခုဖြစ်သွားလည်း ဘယ်သူမှသိမှာမဟုတ်

ဘူးနော် ”

~~~~____~~~____~~~~___~~~~___~~~~

(၃)

နှစ်တွေအလီလီကြာလည်း သီချင်းသံက ရပ်မသွား၊ မိန်းမအသံမှန်းသိပေမယ့် ဘယ်သူသီဆိုနေမှန်းလည်း မသိရ၊ လူငယ်တစ်ချို့ အလောင်းအစားလုပ်ပြီး လိုက်ရှာကြည့်တော့ သားရဲတိရိစ္ဆာန်တွေရဲ့ ရန်ပြုခြင်း တောမှောက်ခြင်း တောခြောက်ခြင်းမျိုးတွေနဲ့သာ ကြုံတွေ့ခဲ့ရတယ်။

တော်ပျော်မုဆိုးတစ်ချို့ကတော့ ရေတံခွန်ကျောက်ငူစွန်းတွေပေါ်မှာ စောင်းတလက်ကိုင်ထားတဲ့ မိန်းမတစ်ယောက်ကို မကြာခဏတွေ့ရကြောင်း ၊ ပိုးသားချိတ်လုံချည်ကို ရွှေချည်မျှင်အနားကွပ်ထားတဲ့ ဝတ်စုံကို ရှေးမူမပျက် ဝတ်ဆင်ထားကြောင်း မသိမသာ လိုက်ကြည့်ရင် ရုတ်ချည်းပျောက်ကွယ်သွားတတ်ကြောင်း သူတို့သိရသလောက် ​ပြန်ပြောကြပါတယ်။

သီချင်းသံကား အချိန်နဲ့အမျှ ကြားနေရခြင်းလည်းမဟုတ်။ လူအများဒုက္ခတွေ့ပြီး သောကရောက်နေချိန်တွေ သဘာဝဘေးအန္တရာယ်(မုန်တိုင်း၊ငလျင်၊ရေကြီးခြင်း) တွေလာတော့မယ့်အချိန်တွေ သာယာသောစောင်းသံနဲ့အတူ ပေါ်လာတတ်ပါတယ်။

နောက်တခုကတော့ သီချင်းသံ ကြားတဲ့နေ့ဟာ တောပျော်မုဆိုးတို့အတွက် ရွှင်မြူးတဲ့ နေ့ဆိုလည်း ဟုတ်ပါတယ်။ အကြောင်းကတော့ ဂီတသံကို နားထောင်ရင်း ငြိမ်သက်နေကြတဲ့ သားသမင် ချေ ဒရယ်တွေကို ချောင်းမြှောင်းပစ်ခတ်စရာမလိုပဲ အလွယ်တကူ ဖမ်းဆီးလို့ရနေလို့ ဖြစ်ပါတယ်။

” မမလေးကတော့ သူ့တောထဲ သမုဒ္ဒရာဝမ်းတထွာ

အတွက် ရှာဖွေစားသောက်နေတဲ့သူတွေကိုတော့

အန္တရာယ်မပေးပါဘူးကွယ် လိုတာထက်ပိုယူမိမှ

ကျားဟိန်းသံပေးပြီး ​ခြောက်လန့်တာလောက်ပဲ

လုပ်တာပါ ”

တညင်ရွာ တဆယ်ရွာ မဲဇာရွာ (အမည်လွှဲပြောင်း) စတဲ့ကျောက်ကြီးမြို့နားကရွာတွေရဲ့ လူကြီးသူမတွေကတော့ ဂမ္ဘီရဆန်တဲ့ မမလေးအကြောင်းကို သို့ကလို ချီးမွှမ်းခန်းတွေ ဖွင့်ကြပါတယ်။

~~~~~~~~&~&~&~&~&~&~~~~~~~~~~

(၄)

ယနေ့ မြို့ကဧည့်သည်တွေလာမယ်ဆိုလို့ ကျော်အေးတစ်ယောက် အကိုဆီက ပိုက်ဆံတောင်းပြီး ကားဂိတ်ကို ထွက်သွားခဲ့တယ်။

သုံးရက်တိတိအရက်မသောက် လောင်းကစားမလုပ် အပြင်မထွက်တဲ့ ညီဖြစ်သူကို သတိထားမိနေတဲ့ ဇော်ဌေးက ခေါင်းလေးတညိမ့်ညိမ့်နဲ့ သူ့ကျောပြင်ကိုငေးကြည့်ရင်း ကျန်ခဲ့တယ်။

ထမင်းအိုးတအိုးကျတ်လောက်ကြာတော့ ကျော်အေးက ဂျင်းဘောင်းကိုယ်စီဝတ်ပြီး ကျောပိုးအိတ်ကိုယ်စီလွယ်ထားတဲ့ သူ့အသိတွေနဲ့ အိမ်ပြန်ရောက်ချလာတယ်။

” လာ ဆရာတို့ အိမ်ပေါ်တက် ကျနော်က ညီလေး

ကျော်အေးရဲ့ အကိုဇော်ဌေးပါ အားမနာပါနဲ့ ကိုယ်

အိမ်လို သဘောထားပါ ”

ဝတ်ကျေတန်းကျေပြုံးပြပြီး အိမ်ပေါ်တက်သွားတဲ့ ဧည့်သည်တွေကိုကြည့်ပြီး ဇော်ဌေးစိတ်ထဲမနှစ်မျိုးတာတော့အမှန်။ သို့ပေမယ့် ညီဖြစ်သူရဲ့ ဧည့်သည်တွေဆိုတော့ အလိုက်တသိနေပြီး ချက်ပြုတ်ကျွေးမွေးပေးခဲ့ပါတယ်။

ညနေစောင်းဘက်တွေဆို ကျော်အေးအပါအဝင် သူတို့အုပ်စု အတူတူအပြင်ကိုထွက်သွားကြပြီး ညစာစားချိန်နီးမှ ပြန်လာကြတာ ဇော်ဌေးသိပေမယ့် မသိချင်ယောင်ဆောင်နေခဲ့တယ်။

တောထဲ ဆေးမြစ်ရှာထွက်ဖို့ ရွာခံလူတစ်ချို့ကို အခကြေးငွေပေးပြီး ခေါ်လာတော့ လူအုပ်က ပိုတောင့်သွားကြတယ်။ ခရီးထွက်ကြမယ်တဲ့။ ဒါပဲအသိပေးပြီး စောစောအိပ်ယာဝင်ကုန်ကြတယ်။

” ဟား ဟား ဟား ရပါတယ် ဆရာရယ် ”

အသံကိုအုပ်ပြီး ရီနေတဲ့အသံကြားလို့ ဘုရားရှိခိုးတရားမှတ်နေတဲ့ ကိုဇော်ဌေး အိပ်ခန်းထဲကနေ ခြေကိုဖွနင်းထွက်လာခဲ့တယ်။ အိမ်အောက်မှာ ဆေးလိပ်ထိုင်သောက်နေတဲ့ လူနှစ်ယောက်၊ တယောက်က သူ့ညီမှန်း အတပ်သိပေမယ့် သူတို့ပြောမယ့်စကားကို သိချင်တာကြောင့် အမှောင်ထဲကနေ နားထောင်နေလိုက်တယ်။

” အဲ့တော့ ဒါကို မင်းအကို မသိစေနဲ့ တို့က ဆေးမြစ်ရှာ

ထွက်မယ်လို့ပဲ ပြောထားတာ ”

” ရော့ ဒါက မင်းအတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်

ဖို့ ”

” ဟာ သေသေသေနက်ကြီး ”

” ရှူး…တိုးတိုးပြောဟ လူ-ိုးမသားရဲ့ ”

သူတို့တို့တိုးတိုးတိုးနဲ့ ပြောနေချိန်မှာပဲ အိမ်ပေါ်က ချိန်သီးနာရီကြီးကနေ ညရှစ်နာရီထိုးကြောင်း အသံ မြည်လာတယ်။ ထူးထူးခြားခြား ခရေပန်းနံ့သင်းသင်းလေးက လေအသင့်မှာ သက်ရှိသတ္တဝါတွေအားလုံးရဲ့ နှာဝထဲကို ရောက်လာတယ်။ တဆက်တည်းမှာပဲ…..

” ×××ဆုံကြခဏတာ××× ဘုံဘဝသတ္တဝါတွေမှာ×××

လောဘ ဒေါသ မာန အဝိဇ္ဇာမှတ်တဏှာ××× အခတ်

မပြေလူ့ဘဝဓမ္မတာ××× ရတက်ပွေဒုက္ခတွေသာ×× ”

” သံသရာစက်ဝန်းအတွင်းက လွတ်မြောက်ရန်အလို့

ငှာ××× မဟာဂရုဏာ အတုမရှိဘဂဝါ××××ပါရမီရှင်

တော်ဘုရားရဲ့ ×××ထားရှိသာသနာ ×××× ”

” ဟ ဘာလဲဟ ဘယျကလဲ အဲ့ဒါ ”

” သြော် ဆရာကလည်း အဲ့တာမမလေးဆိုတဲ့ မိန်းမ

”…..” စောင်းတီးပြီး သီချင်းဆိုနေတာလေ ”

ကျော်အေးရဲ့ ရိုင်းပြလွန်းတဲ့စကားကို ဇော်ဌေးနားထောင်ပြီး ရင်ဘက်ဖိပြီး ဘုရားတနေရှာတယ်။ လောဘသားကောင်တွေနဲ့ပေါင်းပြီး သူလမ်းမှားရောက်တော့မည်။

အခုချိန် အမှောင်ထဲကထွက်ပြီး တားဖို့ကလည်း မဖြစ်လေတော့ အိပ်ခန်းဆီကိုပဲ ပြန်လာခဲ့လိုက်ပါတယ်။

ခေါင်းအုံးပေါ်ပစ်လှဲချလိုက်ပြီး” ဟင်း”ကနဲ့ သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်တယ်။ လမ်းမှားလိုက်တော့မယ့် ညီလေးကို ဘယ်လိုကယ်ရပါ့မလဲဆိုတဲ့အတွေးက ခေါင်းထဲကြီးစိုးနေတော့ ဘယ်အချိန်အိပ်ပျော်သွားမှန်းတောင်မသိလိုက်ပါ။

(၅)

” မောင်ကြီး မောင်ကြီး ထပါဦး ”

ချိုသာကြည်မြတဲ့ အသံလေးက နားထဲတိုးဝင်လာတာကြောင့် ဇော်ဌေးအိပ်ပျော်နေရာကနေ နိုးလာတယ်။

” ရှာလိုက်ရတာ မောင်ကြီးရယ် နှမဖြင့်ပန်းလှချည်ရဲ့”

အသံရှင်ကို စူးစမ်းလိုစိတ်နဲ့ ဖျက်ကနဲဖွင့်ကြည့်လိုက်တဲ့ မျက်လုံးတွေက စူးရှလွန်းတဲ့အလင်းရောင်တွေ​ကို မခံနိုင်တဲ့အဆုံး ချက်ချင်းပြန်မှိတ်သွားပြီး လက်နဲ့တောင်ကာယူလိုက်ရပါတယ်။

မှိတ်လိုက်ဖွင့်လိုက်နဲ့ ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့ ထည်ဝါလှတဲ့ ခန်းမဆောင်ကြီးထဲမှာရောက်နေတာသတိထားမိတယ်။

မျက်နာချင်းဆိုင်သလွန်တခုပေါ်မှာတော့ သူနဲ့ မျက်နှာပေါက်ဆင်တဲ့လူတစ်ယောက် မေ့မျောနေတဲ့အနေအထားနဲ့ တွေ့လိုက်ရတယ်။

ဖြူဝင်းသွယ်လျလှပလွန်းတဲ့ မိန်းမငယ်လေးက ရွှေဖလားငယ်တစ်လုံးနဲ့ ဆေးလို့ယူဆရတဲ့အရည်တွေကို ထိုလူ့ပါးစပ်ထဲ တစက်ချင်းချပေးနေရာက မျက်နာလေးညှိုးငယ်လာတယ်။

” အမလေး!!! မဖြစ်ရဘူး.. မဖြစ်ရဘူး.. မောင်ကြီး…

အီးဟီးဟီး …”

မိန်းမငယ်လေး ရှိုက်ကြီးတငင်ငိုနေချိန်မှာပဲ သူမပြုစုပေးနေတဲ့လူက အမှုန်တွေအဖြစ်နဲ့ တဖြည်းဖြည်း

ပျောက်ကွယ်သွားခဲ့ပါတော့တယ်။

” သခင်မလေး သခင်မလေး စိတ်ထိန်းပါဦးဘုရား

အချိန်တွေလည်း ကြာနေပြီ ကိုယ်လဲတရားဓမ္မတွေ

ကို သိနေတာပဲ ဒီလောက်ပြုစုရတော်ရောပေါ့ ”

” အို ရွှေဇာရယ် ကိုယ်ချင်းမစာမနာ ဘယ်လိုများ….”

ချစ်စရာမျက်နှာလေးကနေ တသွင်သွင်စီးကျလာတဲ့မျက်ရည်တွေကို လက်ခုံနဲ့သုတ်ရင်း အထိန်းတော်ကိုလှည့်ဆူမယ်အလုပ် သူမအကြည့်တွေက ဇော်ဌေးဆီရောက်လာပြီး ဆွံအ,သွားခဲ့တယ်။

” ဟင် မောင်ကြီး …” ” အမလေး ကိုယ်တော်လေး ”

သခင်မဆိုသူရဲ့ စူးရှရီဝေတဲ့အကြည့်တွေကြောင့် ဇော်ဌေးကြက်သီးတွေ တဖြန်းဖြန်းထလာပြီး ပြေးလို့ရမယ့်အပေါက်ကို ကျီးကန်းတောင်းမှောက် လိုက်ကြည့်ရင်း

” မှား မှားနေပါတယ် သခင်မ ”

” ကျ ကျနော်က သခင်မရဲ့ မောင်

ကြီးမဟုတ်ပါဘူး တညင်ရွာက မောင်ဇော်ဌေးပါ ”

” မဟုတ်ဘူး မောင်ကြီးမှ မောင်ကြီးအစစ် ရုပ်ရောအ

သံရော ပုံပန်းသဏ္ဍာန်ရော အကုန်အတူတူပါပဲ မှား

နိုင်စရာမှ မရှိတာ ဟုတ်တယ်မလား ရွှေဇာနဲ့ မာယာ”

အထိန်းတော်တွေကလည်း ဇော်ဌေးကို သေချာ

ကြည့်ပြီး အရိုသေပေးလာကြတာ​ကြောင့် သူပိုပြီး ကြောက်လန့်ခဲ့တယ်။

” ကျ ကျနော်က သခင်မကို အခုမှမြင်ဖူးတာပါ ”

” အို ဘယ်လိုများ ပြောရက်တာလဲ မောင်ကြီးရယ် နှမ

မှာဖြင့် အချိန်တွေအကြာကြီး စောင့်မျှော်နေခဲ့

တာပါ ”

” ကျနော်မလိမ်ပါဘူး သခင်မ အမှန်အတိုင်းပြောနေ

တာပါ ”

” မကြောက်ပါနဲ့ ကိုယ်တော်လေး ကာလတွေကြာမြင့်

ခဲ့ပြီမလို့ ကိုယ်တော်လေး မေ့လျော့နေတာပါ

” သခင်မလေး…”

အထိန်းတော်ရဲ့ အသံတိတ်အချက်ပြမှုကြောင့် သခင်မလေးဆိုသူက လက်စွဲတော်စောင်းကို စောင်းစင်ပေါ်ကနေ လှမ်းယူပြီး စတင်တီးခတ်လိုက်တယ်။

(၆)

” ” စိန်ခြူးကြာညောင် ×××လရောင်တွေ လင်းချိန်မှာ

နော်×××မှန်ရွှေပြတင်းဝက ငေးစောင့်လို့နော်××× ”

” ချစ်မောင်တော်××× ဆောင်တော်ကြွရေး×××လှိုင်

ထိပ်ခေါင်တင် နှမတော်လေးမှာ ဘောလယ်××××

လွမ်းတေးကလေးနဲ့ မျှော်×××× ”

မျှော်တော်ရောင်သီချင်းကို စောင်းသံနဲ့တွဲပြီး ဟန်ကျ ပန်ကျဆိုပြနေတဲ့ မိန်းမငယ်ရဲ့လက်သံကြောင့် ဇော်ဌေးတယောက်ခေါင်းတွေ မူးဝေလာတယ်။

တချိန်တည်းမှာပဲ ဘဝမှာတကြိမ်တခါမှမဖြစ်ဖူးတဲ့ ပုံရိပ်များ ပြီးပြည့်စုံသော စိတ်ခွန်အားများက ခန္ဓာကိုယ်အနှံ့ တိုးဝင်လာသလိုခံစားရပြီးနောက် စောင်းတီးနေတဲ့မိန်းမငယ်ကို လက်ကာပြီး ပြောလိုက်မိတယ်။

” တော် တော်ပါတော့ နှမငယ် မောင်ကြီးသိပါပြီ

အရာအားလုံးကိုလည်း မှတ်မိပါပြီကွယ် ” ” ထန်!!! ”

” အား ” ” ဟင် သခင်မလေး ” ” နှမလေး!!!! ”

အရှိန်တစ်ခုနဲ့သွားနေတဲ့ သံစဥ်ကို ရုတ်ချည်းရပ်လိုက်တော့ စောင်းကြိုးတချောင်းက မိန်းမငယ်ရဲ့ လက်လေးကို သွေးစို့သွားစေခဲ့ပါတယ်။

သွေးထွက်နေတဲ့ ဒဏ်ရာတောင် ဂရုမစိုက်၊ မိန်းမငယ်က ပြုံးရွှင်စွာနဲ့ ဇော်ဌေးကို ကြည့်လိုက်တယ်။

” ဘယ်လိုလဲ မောင်ကြီး ရွှေနန်းကျော့ရှင် နရပတိ

လက်ထက်က အင်းဝရွှေပြည်ကို လက်အောက်ခံတွေ

ဖြစ်တဲ့ပြည်မင်းသတိုးမင်းစောနဲ့ ရှမ်းစော်ဘွားရဲ့

သား သိုဟန်ဘွားတို့ပေါင်းပြီး ထီနန်းသိမ်းခဲ့စဥ်က

အကြောင်းတွေ မှတ်မိပြီလားဟင် ”

” မှတ်မိတာပေါ့ကွယ် နှမလေးတို့ကိုထိကပါးရိကပါး

လုပ်လို့ ဘေးလွတ်ရာအရင်ဆုံးပြေးခိုင်းပြီး မောင်

ကြီးကိုယ်တိုင်ပဲ သိုဟန်ဘွားဆိုတဲ့ တဏှာရူးကောင်ကို လုပ်ကြံခဲ့တာလေ ”

” ဟင် ”

ရုပ်ရှင်ကြည့်နေရသလို အတိတ်ကအဖြစ်အပျက်တွေပြန်ပြောနေနေတုန်း ဇော်ဌေးရဲ့မျက်လုံးထဲမှာ နှမလေးနဲ့သူ့အဖော်တွေ အမောတကော ပြေးလာကြရင်း ကျောက်ကြီးမြို့ရဲ့ အထင်ကရ ရှင်သီဝလိခြေတော်ရာဆီကို ရောက်လာကြတာ မြင်လိုက်ရတယ်။

ထူးထူးခြားခြားဆိုသလို ခြေတော်ရာမြတ်က မြေပြင်နဲ့တညီထဲရှိနေရာကနေ အမောဆို့နေရှာတဲ့ နှမလေးတို့အဖွဲ့ ဖူး​မြင်နိုင်တဲ့ ပုံစံဖြစ်သွားတာကြောင့် တောင်ခြေကနေလက်အုပ်ချီလှမ်းကန်တော့ရင်း လဲကျသေဆုံးကုန်ကြပါတယ်။

မြင့်မြတ်တဲ့ ဘုရားကုန်းမြေဖြစ်တာကြောင့် သူတို့အလောင်းတွေဟာ နေရာမှာပဲ ကျောက်စိုင်ကျောက်သားတွေအဖြစ်ကို ရောက်ရှိသွားခဲ့ကြတာကိုလည်း ဇော်ဌေးမြင်လိုက်ရတယ်။

သို့ကလို အဖြစ်တွေကြောင့် ဇော်ဌေးတယောက် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်နဲ့ ကျလာခဲ့ချိန်မှာ

အတိတ်ကသူဟာလည်း အဲ့ဒီနေရာကို ဒဏ်ရာဒဏ် ချက်တွေနဲ့ ရောက်လာတာ မြင်ရပြန်တယ်။

မေတ္တာတရားကြီးမားတဲ့ ထိုလူ့အတွက်တော့ ကျောက်စိုင်ကျောက်သားတွေဟာ ကြင်သူနဲ့အပေါင်းအပါတွေရဲ့ ရုပ်အလောင်းတွေမှန်း တန်းသိလိုက်ပါတယ်။

ဒါကြောင့် ရှိသမျှ လက်ကျန်ခွန်အားတွေစုစည်းပြီး ကျောက်တုံးတွေကို အနားကချောက်တခုထဲ ပစ်ချသင်္ဂြိုလ်ပေးခဲ့လိုက်တယ်။ သူကတော့ ခြေတော်ရာကို ခေတ္တမျှ ဖူးမြော်ပြီး သွေးသံတရဲရဲနဲ့ တောထဲဝင်သွားခဲ့တယ်။

သခင်မလေး ဘဝကနေ တောင်တော်ရှင်မအဖြစ်နဲ့ ကြင်သူကိုလိုက်ရှာရင်း မတွေ့တဲ့အဆုံး ဗိမ္မာန်ရှိရာ ပြန်လာပြီး မကြာမကြာ လက်စွဲတော်စောင်းလေးနဲ့ လွမ်းတေးတွေ ဆိုညည်းနေတာကိုလည်း ဇော်ဌေးမြင်လိုက်ရပြန်ပါတယ်။

” မောင်ကြီး နှမရဲ့တန်ခိုးက နှမရဲ့စောင်းတော်ပါ

ထပါမောင်ကြီး နှမ လူသားတွေကို ဒုက္ခမပေးချင်

ဘူး ထပါတော့ မောင်ကြီးသူတို့ကို ရအောင်တားပါ ”

~~~~~_____~~~~_____~~~~~~_____~~~~

(၇)

အိမ်မတ်လိုလို တကယ်လိုလိုနဲ့ ဇော်ဌေးအိပ်ရာက နိုးလာတော့ နေတောင်အတော်မြင့်နေပြီ။ အိပ်ခန်းပြတင်းပေါက်ကနေဝင်လာတဲ့ စူးရှရှနေရောင်ခြည်တွေကို လက်နဲ့ကာရင်း တခုခုကိုသတိရသွားဟန်နဲ့ လူးလဲထလိုက်တယ်။

အိမ်ခြံပတ်ဝန်းကျင်ကို လှည့်ပတ်ရှာကြည့်ပေမယ့် ညီဖြစ်သူကျော်အေးနဲ့ သူ့အဖော်တွေကို အရိပ်အ ယောင်လေးတောင်မတွေ့ရတော့။

” ကိုယ်ကျိုးတွေတော့ နည်းကုန်တော့မှာပဲ ငါဘာလုပ်

သင့်လဲ ဘာလုပ်ရမလဲ ”

” ဇော်ဌေးရေ ဟေ့ ဇော်ဌေး ” ” ဗျ ဗျာ ဘယ်သူလဲ ဝင်

ခဲ့လေ ”

ညီလေးအတွက် ထူပူနေချိန် အိမ်ရှေ့က ခေါ်သံကြားလို့ အသံမာမာနဲ့ ပြန်ထူးလိုက်မိတယ်။

” အေး ဝင်ခဲ့ဆိုတော့ ဝင်လာတာပေါ့ ”

” ဟင် ဆရာ ဆရာသိန်းခေါင်ဟုတ်ပါတယ်နော် ”

” ဘာအခုမှဆရာလဲ ခွေးကောင် ငါ့ကိုများ မထီလေး

စား ”

” နောက်မှတောင်းပန်ပါရစေ ဆရာရယ် ဆရာဘယ်

တုန်းကရောက်တာလဲ ကျနော်ဒုက္ခရောက်တိုင်း

ဆရာ ရောက်ရောက်လာတယ် အတော်ပဲဆရာရယ်

ကျနော့်ညီလေးကို ကယ်ပေးပါဦးဆရာ ”

” မနေ့ကပဲ ခြေတော်ရာမှာ အဓိဌာန်လာဝင်တာ

ဒါကြောင့် မင်းကို သတိရတာနဲ့ ရွာထဲ ဝင်လာခဲ့လိုက်

တာပဲ နေပါဦး မင်းညီက ဘာဖြစ်လို့လဲ တောင်ပေါ်က

ဆင်းလာတုန်းကတောင် တွေ့လိုက်ပါသေးတယ် ”

” သူတို့ သိုက်တူးကြတော့မှာ ဆရာ ” ” ဘာ ”

” ဟုတ်တယ်ဆရာ သူတို့အဖွဲ့ထဲမှာ ထောင်ထွက်သိုက်

ဆရာတယောက်ရယ် ပြည်သူ့စစ်တကောင်ရယ်

ဆေးသမားတယောက်ရယ် အတိုတွေရယ်ပါတယ်

သူတို့ညက တိုင်ပင်နေတာကို ကျနော်ခိုးနားထောင်

နေခဲ့တာ ”

” မင်းညီက ဒီလောက်ဆိုးတာ မင်းစိတ်မပျက်ဘူးလား

သူ့ထိုက်နဲ့သူကံ လွှတ်ပေးလိုက်ရမှာလေ ”

” မလုပ်ပါနဲ့ ဆရာရယ် ပြေးကြည့်မှ ဒီညီအစ်ကိုလေးပဲ

ရှိတာပါ လုပ်ပါဆရာရယ် ”

မျက်နာငယ်လေးနဲ့ တောင်းဆိုနေတဲ့ ဇော်ဌေးကို ဆရာဆိုသူက ကြည့်ရင်း ‘ဟူး’ကနဲသက်ပြင်း ချကာ ကွမ်းတယာယာစားလိုက်တယ်။

” အကြောင်းကြောင့် အကျိုးဖြစ်လာတာပဲ မမလေး

ရယ် ကျနော်လည်း အထက်ဆရာတွေအမိန့်အရမလို့

လုပ်ရတာပါ ”

” ဇော်ဌေး ” ” ဗျာ ဆရာ ” ” ငါမင်းကို မကူညီနိုင်ဘူး ”

” ဟာ ဆရ…” ” တိတ်စမ်း ” ” မင်းဟာမင်းလုပ်ရမယ့်

နည်းလမ်းတော့ရှိတယ် ”

” မင်းကြိုးစားရင် ကြိုးစားသလို မင်းညီကို အချိန်မှီ

ကယ်နိုင်လိမ့်မယ် ကဲ့…အခု တရားထိုင် စိတ်ကို

ငြိမ်ငြိမ်လေးထား ”

ဆရာဖြစ်သူကိုအာ,မခံရဲတဲ့ ဇော်ဌေးလည်းချက် ချင်းပဲ မျက်စိကိုမှိတ်ပြီး တရားထိုင်လ်ိုက်ပါတယ်

။ စိုးရိမ်စိတ်နဲ့ ဝင်လေထွက်လေ မမျှတတာကြောင့် သမာဓိက ချက်ချင်းမရခဲ့ပါ။

(၈)

ဆရာသိန်းခေါင်ဆိုတာ အထက်ဗမာပြည်တခွင်က လောကီနယ်ပယ်မှာပါရမီရှင်ဆိုပြီး နာမည်ကြီးခဲ့တဲ့သူပါ။ တခါက ဇော်ဌေး မြို့ပေါ်စျေးတက်ဝယ်နေချိန် ဘေးဘီမကြည့်ပဲကားလမ်းကူးမိသွားတယ်။

တိုက်တိုက်ဆိုင်ဆိုင် အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ ကုန်ကားကြီးတစီးက သူ့ကို ဝင်တိုက်တော့မယ့်အချိန်မှာ ဆရာသိန်းခေါင်က လေရဲ့မြန်နှုန်းနဲ့ ရောက်လာပြီး ဘေးလွတ်ရာကယ်သွားခဲ့တာ သူ့တသက် မေ့မရခဲ့ပါဘူး။

ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတဲ့ လူတွေကတော့ သိတောင်မသိလိုက်ကြသလို သွားပြီဆိုတဲ့အသိနဲ့ မျက်လုံးကိုစုံမှိတ်ထားခဲ့တဲ့ ဇော်ဌေးလည်း အတန်ကြာတဲ့အထိဘာမှမခံစားရလို့ ကြည့်လိုက်တော့ လမ်းဘေးဇရပ်တစ်ခု(စျေးနဲ့မနီးမဝေး)ပေါ်ရောက်နေတာ တွေ့ရတယ်။

” အတိတ်တွေကို ပြန်တွေးနေမယ့်အစား စိတ်ငြိမ်ငြိမ်

လေးထားသင့်တယ် ကောင်လေး ”

” အသက်ကိုမှန်မှန်ရှူ ….ရနေပြီ ရနေပြီ ကဲ့ သွား ”

ဇော်ဌေးကိုတခုခုက ဆောင့်ဆွဲလိုက်သလို လေထဲမြှောက်ကနဲတက်သွားပြီး ပြန်အကျမှာ သူ့ရဲ့ကိုယ်က အင်းဝခေတ်အဝတ်အစားတွေ ဝတ်ဆင်ထားတာ တွေ့ရတယ်။

မြေပြင်တနေရာမှာတော့ မိန်းမတယောက်ကစောင်းကို ခပ်ပြင်းပြင်းတီးရင်း မြောက်မြားလှတဲ့လူတွေကိုထိုးစစ်ဆင်နေတယ်။ စောင်းကြိုးကို လက်အလွှတ်မှာ

ပေါ်ထွက်လာတဲ့ အသံလှိုင်းနဲ့အတူ ဓါးသွားလှံသွားတွေပါ ပေါ်ထွက်လာပြီး လူတွေကို သတ်ဖြတ်နေတာပါ။

အကြံကြီးတဲ့ လောဘသားတွေက အဖွဲ့လိုက်လာပြီး ရွာထဲကို သုံးလေးယောက်ပဲအယောင်ပြဝင်လာခဲ့တာတွေ၊ သူတို့ချည်းသွားရင် တောထဲလမ်းပျောက်မှာစိုးလို့ ကျော်အေးကို မတ်လုံးတွေနဲ့အယောင်ပြ ခေါ်လာခဲ့ကြတာတွေ ဇော်ဌေး ရိပ်စားမိလိုက်ပါပြီ။

” ဒေါင်!!! ဒင်!!! ထန်!!! ကဲ့ဟယ် သေကြစမ်း အဲ့တာ

တောင်တော်ရှင်မရဲ့ စောင်းသံပဲ လောဘသားတွေရဲ့”

” ဒိုင်း ဒိုင်း ဖောင်း ဝုန်း ပစ်ထား ဟေ့ကောင်တွေ ”

ခေတ်မှီလက်နက်ခဲယမ်းတွေနဲ့ ပြန်လည်ခုခံကြပေမယ့် သူတို့လက်နက်တွေက စောင်းထဲကနေထွက်လာတဲ့ ဓါးလှံတွေကို မတိုးပေါက်နိုင်ကြ။

” ဒိုင်း အား ရွှစ် ရွှစ် အား ”

” အား အား အမလေး ကယ်ကြပါ ကယ်ကြပါ အမေ

ရေ အဖေရေ အကိုဇော်ဌေးရေ အီးဟီးဟီး ”

ကျော်အေးတယောက် သေနက်သံတွေ ဓါးသံတွေကြားမှာ ကြောက်လန့်ပြီး နားကိုလက်နှစ်ဖက်နဲ့ပိတ်ပြီးအော်ဟစ်ငိုယိုနေချိန်မှာ လူအုပ်ကြီးက ကုန်သွားခဲ့ပြီ။

အချိန်မှီလေးရောက်လာတဲ့ ဇော်ဌေးက ညီဖြစ်သူကျော်အေးအရှေ့ကနေ ​ဝင်ကာလိုက်ပြီး ဓါးစက်လှံစက်တွေကို ဓါးနဲ့ ဘယ်ညာရမ်းပြီး ကာကွယ်ပေးလိုက်တယ်။

” တော်လောက်ပြီ နှမ ” ” ချွင်!!!!ထန်!!! ထန်!!! ထန်!!! ”

” ဟင် မောင်ကြီး မောင်ကြီး တကယ်လိုက်လာတယ် ဟုတ်လား ”

” ဖယ်ပါမောင်ကြီး အဲ့သကောင့်သားကို နှမပဲ ဆုံးမ

လိုက်ပါ့မယ် ”

” မလုပ်ပါနဲ့ နှမ ညီငယ့်မှာ အပြစ်မရှိပါဘူး သူ့ကိုချမ်း

သာပေးလိုက်ပါ နောင်ကိုဒါမျိုးတွေမဖြစ်ရအောင်

မောင်ကြီး ဆုံးမလိုက်ပါ့မယ် ”

” အို မောင်ကြီး ချစ်တာကချစ်တာပဲ ဒီလူသားကို နှမ

သတ်ရမှကို ကျေနပ်နိုင်မယ် ”

” ဟဲ့ နတ်မိစ္ဆာမ တဖက်ကမေတ္တာနဲ့ တောင်းပန်နေတာကို ဘာကြောင့်မလို့ ခွင့်မလွှတ်နိုင်ရတာလဲ ကိုယ့်ကိုယ်ကိုယ် တောင်တော်ရှင်ဆိုတာ မေ့နေလျော့သလား ”

ညီဖြစ်သူ ကျော်အေးကို အနောက်မှာထားပြီး မမလေးဆိုသူနဲ့ အချေအတင်စကား​များနေချိန်မှာပဲ ဇော်ဌေးရဲ့အထက်တလံအကွာကနေ အသံတသံထွက်လာတယ်။

လေထဲရပ်နေတဲ့ အသံရှင်က သီလစရဏတန်ခိုးတွေနဲ့ တကိုယ်လုံးလင်းထိန်နေတာကြောင့် ဇော်ဌေးမျက်စိများကျိန်စက်သွားလောက်အောင် ကြည့်ယူလိုက်ရတယ်။

” ဟင် ဆရာ …” ” ဖေသိန်းခေါင် အဘ ”

” ဘာအဘလဲ နင့်လို ရက်စက်ကြမ်းကြုတ်တဲ့လူက

မတန်မရာ ငါ့ကိုအဘ(အဖ)ခေါ်ရဲသတဲ့လား ”

” မဟုတ်ပါဘူး အဘရယ် သူတို့က.. ” ” တိတ်စမ်း ”

” အခုချိန်ကစပြီး နင်ရဲ့ ဣတ္ထိပတ်အားလုံးကို ငါသိမ်းလိုက်ပြီ နင်ကလူသားမဟုတ်တဲ့အတွက် ဖမ်းချုပ်ထားဖို့မလိုဘူး အဲ့ဒီတော့ ကိုယ့်ရဲ့ဗိမ္မာန်ထဲကနေ အပြင်မထွက်ပဲ တရားကျင့်ရမယ်။ လပြည့်လကွယ် နေ့တွေကလွဲလို့ အပြင်ထွက်မိရင် ချက်ချင်းလောင်မီး ကျဖို့ ငါအမိန့်ပေးတယ် ”

” အမလေး ရက်စက်တော့မှာလား အဘရဲ့ သူ့ကို အို…မောင်ကြီးကို အခုမှ ပြန်တွေ့ရတာပါ သမီးတို့ကိုခွဲကြတော့မလို့လား အီးဟီးဟီး ”

” စိတ်လျှော့ပါတော့ နှမရယ် ကျုပ်က လောကီရေးရာ

တွေ စိတ်ကုန်လို့ သာသနာ့ဘောင်ကို အပြီးဝင်တော့

မှာ ဒါကြောင့် ကျုပ်ဦးစီးလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ

ပိုင်ဆိုင်မှုတွေ အမွေဆက်ခံဖို့ ညီလေးကို လာကယ်ခဲ့

တာပါ ”

” လုပ်ပါ လုပ်ပါ မောင်ကြီးပဲစိတ်တိုင်းကျ လုပ်ဆောင်တော်မူပါ နှမမှာတော့ ဘဝအဆက်ဆက် လွမ်းလိုက်ရတာ အခုဘဝမှာ ဆုံစည်းမယ်ကြံတော့လည်း ခွဲရဦးမယ် အီးဟီးဟီး ”

” ကဲ့သွားကြမယ် ဇော်ဌေး မင်းခန္ဓာကိုယ်က အကြာကြီး ထိုင်နေရတာ ”

” ဆရာ ကျနော့်ညီလေးကိုရော ဘယ်လိုလုပ်ရမလဲ ”

” မင်းသာရောက်အောင်ပြန် ငါခေါ်လာခဲ့မယ် သွား ”

ဇော်ဌေး အိမ်ပြန်ရောက်လာတော့ ဘုရားစင်ရှေ့မှာ သူ့ခန္ဓာကိုယ်ကို တင်ပျဥ်ခွေထိုင်လျှက်တွေ့ရတယ်။ နေသားတကျပြန်ဝင်ပြီး ဘုရားကို ဦးချလိုက်တဲ့အခါ သဘာဝတရားကို ဆန့်ကျင်မိလို့ အရှိန်လွန်ပြီး ကြမ်းပြင်နဲ့`ဒုန်း´ကနဲဆောင့်မိသွားပါတော့တယ်။

ညနေစောင်းတော့ ကျော်အေး ပြန်ရောက်လာပြီး သူ့မှားသွားကြောင်း၊ အကိုနဲ့တူတဲ့လူသာ လာမကယ်ရင် သူ့ကိုအခုလိုတောင်ပြန်မတွေ့ရတော့ကြောင်း ငိုယိုပြီး ပြောပြရှာတယ်။ ဇော်ဌေးကတော့ ဆရာဖြစ်သူကို တွေ့လိုတွေ့ငြား လိုက်ရှာကြည့်ပေမယ့် အရိပ်အ ယောင်တောင် မမြင်ရတာ​တော့။

အဲ့ဒီနောက်မှာတော့ ညီအကိုနှစ်ယောက်သားတိုင်ပင်ပြီး အလွမ်းတွေ သမုဒယသံယောဇဥ်တွေ မာန်မာနတွေ အာဃာတတွေနဲ့ ပြည့်နေတဲ့ ဝဲသြဂသံသရာကနေ လွတ်မြောက်ရာ မြတ်နိဗ္ဗာန်ကို ရည်ရွယ်လျှက် မိမိတို့နေအိမ်၊လုပ်ငန်းအားလုံးကို ပေးတန်ပေး ရောင်းတန်ရောင်းလို့ ခြံဝန်းအတွင်းမှာပဲ တောရကျောင်းလေး ဆောက်လိုက်ကြပါတယ်။

*********&&&******&&&*****&&&&***********

” အဲ့ဒါပါပဲ ငါ့မြေးရယ် အဖိုးလည်း ပျံလွန်တော်မူသွားပြီဖြစ်တဲ့ အကိုဘုန်းကြီးဥူးပညာဒီပကို ကပ္ပိယအဖြစ်နဲ့ အလုပ် အကျွေးပြုပေးခဲ့တာပေါ့ ကဲ့ကဲ့ မြေးတို့ ကျောက်ကြီးမှာက ညနေဘက်ဆို ကားခစျေးအရမ်းကြီးတယ် ဒီအချိန်ပြန်ရင် မှီသေးတယ် ”

” ဟုတ်ကဲ့ပါ အဖိုး ကျနော်တို့လည်း ရေတံခွန်မှာ ရေချိုးကြရင်း သီချင်းသံသဲ့သဲ့လေး ကြားလိုက်မိတာရယ် အဖိုးပြော​ပြတဲ့ အဖြစ်တွေရယ်ပေါင်းလိုက်ရင် ဒါဟာ မမလေးရဲ့ လွမ်းသူ့သံစဥ်တွေပဲ ဆိုတာ ထစ်ထစ်ချယုံလိုက်ပါပြီ။ ”

ဘုရားဖူးဧည့်သည်တွေလည်း ဘုရားဝတ်ပြုပြီးတောင်အောက်ကို ပြန်ဆင်းလာကြချိန်၊ လေကလေးက တဖြူးဖြူးတိုက်လို့ပေါ့။ လေအဝှေ့မှာတော့ နတ်စောင်းသံလေးက ခပ်တိုးတိုးကပ်ပါလျှက်။ ။

====================================

…ဘေးကင်းရွှင်လန်းချမ်းမြေ့ကြပါစေ….

မောင်ဝဏ္ဏ(ရွှေကညင်)

စာပြီးချိန် 25.9.2022