လွဲမှားမေတ္တာ(စ/ဆုံး)
———————-
“ဟေ့ကောင် မင်းစာမကျက်ပြန်ဘူးလားကွ ဟမ်
မင်းစာကျက်တာ ဘယ်နှနာရီပဲရှိသေးလို့လဲ စာအုပ်ပိတ်ပြီး TVကြည့်နေရအောင်”
ဦးခန့်ဇော်က သူ့သား ဇေယျာခန့် ကို ဆူပူကြိမ်းမောင်းနေခြင်းပင်။
ဦးခန့်ဇော် က အပြင်မှာ ကားအငှါးမောင်းသည်။ဦးခန့်ဇော်သူငယ်ချင်း ဝင်းမောင်က သူပိုင်တဲ့ ကားတစ်စီးကို အုံနာကြေးမယူပဲ မောင်းခိုင်းထားခြင်းပင်။ထို့အတွက် ဦးခန့်ဇော် ကသူ့မိသားစုအတွက် လုံလောက်အောင်ရှာပေးနိုင်သည်။ဦးခန့်ဇော် ဇနီး ဒေါ်မြတ်သွယ်ကလည်း စီမံခန့်ခွဲတော်သူမို့ ဘယ်အတွက်နှင့်မှ မပူပင်ရ။ဦးခန့်ဇော်မှာ သားလေးတစ်ယောက်ရှိသည်။စတုတ္ထတန်း ပင်ရောက်နေပေပြီ။ မွေးကတည်းက ချူချာ၍ ဓာတ်ကင်ပြီး မွေးလာရသူမို့ ပျော့တိပျော့ဖတ်တော့နိုင်သည်။ဒါကို ဦးခန့်ဇော်မကြိုက်။ဦးခန့်ဇော် ခံယူထားတာက ယောက်ျားဆိုတာ ပျော့တိပျော့ဖတ်မဖြစ်ရ ကျားကျားယားယားဖြစ်နေရမည်။ဒီ့အတွက် ဇေယျာခန့်ကို ဦးခန့်ဇော်က ငယ်စဉ်ကတည်းကပုံစံသွင်းပေးနေခြင်းပင်။ဦးခန့်ဇော်က ချော့၍ပုံစံသွင်းသည်မဟုတ် ကြောက်အောင်ခြောက်၍ ပုံစံသွင်းခြင်း… ထို့အတွက် ဇေယျာခန့်က သူ့အဖေကိုတုန်နေအောင်ကြောက်သည်။ အဖေ အိမ်မှာမရှိလျှင် အကောင်း သူ့အဖေ အိမ်ပြန်လာရင် နေမထိ ထိုင်မထိ အကြောင်းမဲ့ ကြောက်လန့်နေတတ်သည်။တစ်ခါတလေ ဒေါ်မြတ်သွယ်က ခင်ပွန်းဖြစ်သူအား
သားလေးကို ချော့မော့ဆုံးမဖို့ ပြောကြည့်သည်။
“ယောက်ျားရယ် သားက ငယ်ပါသေးတယ် ချော့ချော့မော့မော့ပြောမှပေါ့ရှင် ခုဟာက အမြဲတမ်းကြမ်းနေတော့ ကလေးက ရှင့်ကို ကြောက်နေပြီရှင့်သိရဲ့လား”
“ဟ မြတ်သွယ် မင်းတို့အဲဒါတွေခက်တာပဲ ခု မင်းသား ပုံစံကိုကြည့် ပျော့တိပျော့ဖတ်နဲ့ ဒီကောင်အခြောက်ဖြစ်မယ့်ကောင် ချော့မော့ပြောနေရင် ရောင့်တက်လာလိမ့်မယ် ခုကတည်းက အပိုးကျိုးအောင် ချိုးထားမှ တော်ကာကျတာကွ မင်းတို့မိန်းမတွေ အဲဒါခက်တာပဲ နေရာတကာ ကာဆီးကာဆီးနဲ့ မင်းအဲလိုကြပ်ကြပ်လုပ် မင်းသား မင်းခေါင်းပေါ်ချေးတက်ပါလိမ့်မယ်”
“အော် ရှင်ကလည်း ကလေးပဲ လွတ်လွတ်လပ်လပ်နေပေမပေါ့ ကြီးလာတော့လည်းကြီးလာတဲ့အတိုင်းဆုံးမပေါ့ ခုရှင့်ဟာက သားလေးကို အမြဲ ရိုက်လားနှက်လား ခြိမ်းလားခြောက်လားနဲ့ အဖေရင်းမဟုတ်ပဲ ပထွေးကျနေတာပဲ”
“မြတ်သွယ် မင်းတော်တော့ မင်းနဲ့ရန်မဖြစ်ချင်ဘူး ဒီကောင်က ငါ့သား ငါ့သားကို ငါဆုံးမရမှာပဲ မင်းဝင်မပါနဲ့”
“ရှင့်ပြောလိုက်ရင် ဒီအတိုင်းပဲ လုပ်ပေါ့တော် လုပ်ပေါ့”
ခုလည်း ဇေယျာခန့်က TVမှာညတိုင်းလာနေတဲ့ ကြောင်နဲ့ကြွက် ကာတွန်းကားလေးကြည့်ချင်၍ စာကျက်တာရပ်ပြီး TVဖွင့်ဖို့ လုပ်နေတာကို ဦးခန့်ဇော်မြင်လို့ ဆူပူကြိမ်းမောင်းခြင်းပင်။
“ဟေ့ကောင် မင်းစာမကျက်ပဲ TVပဲကြည့်နေရင် မင်းစာမေးပွဲ အောင်မလားကွ သွား စာပြန်ကျက်”
ဇေယျာခန့်က ကလေးပီပီ ဖြစ်ချင်တာမဖြစ်ရ၍ မျက်ရည်များဝဲကျလာတော့သည်။သို့သော် ထပ်ပြီးအဆူခံရမှာစိုး၍ အသံထွက်မငိုရဲ ကျလာတဲ့ မျက်ရည်တွေကို လက်ဖမိုးလေးနဲ့ သုတ်လိုက်ပြီး မြန်မာစာဖတ်စာအုပ်လေးဖွင့်ပြီး ဟိုလှန်ဒီလှန် လုပ်နေသည်။ဒါကို ဦးခန့်ဇော် ကမြင်ဖြစ်အောင်မြင်လိုက်သေးသည်။
“ဟေ့ကောင် ငိုနေတယ် ဟုတ်လား ဟမ် မင်းငိုနေတယ် ဟဲ့ကောင် အခြောက်ဖြစ်မယ့်ကောင် တိတ်စမ်း ခုချက်ချင်း အဲ့ဒီ မျက်ရည်တွေသုတ်လိုက်စမ်း ငါလာမရိုက်ခင် မင်းမျက်ရည်တွေ သုတ်လိုက်နော်”
ဦးခန့်ဇော် ပြောတော့မှ ဇေယျာခန့် ပိုငိုတော့သည်။ဦးခန့်ဇော်က အနားမှာရှိတဲ့ ဝါယာကြိုးကိုကောက်ယူလိုက်သည်။တကယ်က အဲဒီဝါယာကြိုးလိမ်က သူ့သားကိုရိုက်ဖို့ သီးသန့်လုပ်ထားခြင်းဖြစ်သည်။
ဝါယာကြိုးကို အားကုန်လွှဲရင်း ဇေယျာခန့် ၏ ကျောပြင်ကို အားကုန်လွှဲရိုက်လိုက်သည်။ပါးစပ်မှလည်း
“ဟေ့ကောင် မင်းကိုငါတိတ်တော့လို့ ပြောနေတယ်လေကွာ မင်းတိတ်မလား မတိတ်ဘူးလား ကဲကွာ ကဲကွာ”
သားဖြစ်သူကို ဝါယာကြိုးနှင့်တအားလွှဲရိုက်တော့ နုနယ်သည့်ကလေးဖြစ်သူက နာကျင်လွန်းကြီးစွာဖြင့်
“ဟီးဟီး မလုပ်ပါနဲ့ ဖေကြီး သားနောက်မငိုတော့ပါဘူး ဟီး ဟီး သားကြောက်ပါပြီ”
ဇေယျာခန့်မှာ ကြောက်လွန်းအားကြီး၍ အသားတွေတဆတ်ဆတ်တုန်နေသည်။
ထိုစဉ် တစ်ဖက်အိမ်သို့ ကိစ္စရှိလို့ ထွက်သွားသော ဒေါ်မြတ်သွယ် ပြန်ရောက်လာကာ အလန့်တကြားပြေးလာပြီး ဇေယျာခန့်ကို ဖက်လိုက်ကာ
“အမလေး ကိုခန့်ဇော် ကလေးတော့ သေတော့မှာပဲ ရှင်လူစိတ်မှ ရှိသေးရဲ့လား ကြည့်အုံး ကလေးကိုရိုက်နှက်နေတာ”
“မြတ်သွယ် မင်းဝင်မပါနဲ့လို့ ငါပြောတယ်နော် မင်းသားပုံစံကိုကြည့်အုံး ယောက်ျားဖြစ်ပြီး မျက်ရည်လည်ရွှဲနဲ့ ငါမကြိုက်ဘူးလို့ ပြောတာဒီကောင်ငိုနေတာလေ ပြီးတော့စာကမကျက်ရသေးဘူး TVကကြည့်ဖို့ပြင်နေပြီ ဒီကောင်ဘယ်လိုလုပ်စာမေးပွဲအောင်မလဲ ထွက်လာရင်အဆင့်က ဘိတ်ချီး ဘာမှသုံးစားမရတဲ့ကောင်”
“ကလေးပဲရှင် TVကြည့်ချင်မှာပေါ့ TVကြည့်ပြီးမှ ပြန်ကျက်လည်းရတာပဲ ရှင်အဲလောက်လုပ်ဖို့မလိုပါဘူး
ကြည့်အုံး ကလေးတစ်ကိုယ်လုံး အရှိုးရာကြီးပဲ ”
“အေး မင်းသားကိုကြပ်ကြပ်အလိုလိုက် ဒါကြောင့်ဒီကောင် ဒီလိုဖြစ်နေတာ ”
တကယ်တော့ ဦးခန့်ဇော် က သူ့သားကိုမချစ်၍မဟုတ် ချစ်သည်။ မွေးလာလို့ သားယောက်ျားလေးဆိုကတည်းက ထခုန်မိမတတ် ပျော်ခဲ့သူပင်။သို့သော် သူ့သားလေး ပျော့တိပျော့ဖတ်ဖြစ်နေတဲ့ပုံစံကို မကြိုက်၍သာ ပုံစံသွင်းရင်းကနေ ဒီလိုတွေအထိ ဖြစ်လာတာဖြစ်သည်။
“လာ အမေ့သားလေးကို အမေဆေးလိမ်းပေးမယ် ”
ကလေး၏ ကျောကိုလှန်ပြီး ဒေါ်မြတ်သွယ် ဆေးလိမ်းပေးရင်း မျက်ရည်တွေက ကျလာသည်။
“မေမေ သားဖေ့ဖေ့ကို မုန်းတယ်”
“ဟဲ့သား အဲလိုမပြောရ ဘူးလေ သားအဖေက သားကောင်းဖို့ဆုံးမတာပါ အဲလိုမပြောရဘူးနော် ငရဲကြီးလိမ့်မယ် သားရဲ့”
“သားသူငယ်ချင်း အဖေတွေဆိုရင်လေ သူတို့သားတွေကို သိပ်ချစ်ကြတာ အလုပ်ကပြန်လာရင် အရုပ်တွေ မုန့်တွေ ဝယ်လာပေးတတ်တာ သားအတွက်ကျတော့ ဖေဖေက အဲဒါတွေပါမလာဘူး သားအတွက်ဒေါသတွေပဲ ပါလာတယ်”
“သားဖေဖေက ပင်ပန်းလို့ အိမ်ရောက်တော့ မောပြီးဒေါသထွက်တာနေမှာပါ သားဖေဖေကိုအပြစ်မမြင်ရဘူးနော်”
“ဟုတ်ကဲ့ မေမေ”
သားအမိနှစ်ယောက်ပြောဆိုသံတွေကို အခန်းပြင်ဘက်က ဦးခန့်ဇော် နားထောင်ရင်း ကျလာတဲ့ မျက်ရည်တွေကို ကမန်းကတမ်းကောက်သုတ်လိုက်ပြီး
စိတ်ထဲမှလည်း တီးတိုးရေရွတ်လိုက်လေသည်။
“သားရယ် အဖေ့စေတနာတွေ သားတစ်နေ့နားလည်လာမှာပါကွာ…….”
ဆေးလူးပေးပြီးသည်နှင့်
“ကဲသားလေးအိပ်တော့ မနက်ကျရင် စာမေးပွဲရှိတယ်ဟုတ်လား။”
ပြောပြီးသည်နှင့် ဇေယျာခန့် ကအိပ်ရာပေါ်လှဲကာ မျက်လုံးမှိတ် အိပ်ပျော်သွားလေတော့သည်။
အိပ်မက်ထဲတွင် ဇေယျာခန့်က ညောင်ပင်ကြီးတစ်ပင်အောက်ကို ရောက်နေသည်။ကလေးတွေလည်းအများကြီး ထိုထဲမှ ကလေးတစ်ယောက်က ဇေယျာခန့်နားကို ရောက်လာပြီး မိတ်လာဖွဲ့လေသည်။
“ဟေ့ မင်းနာမည် ဘယ်လိုခေါ်လဲ”
“ငါ့နာမည် ဇေယျာခန့် မင်းကရော”
“ငါက မောင်ညိုလို့ခေါ်တယ် ငါက ဟိုးဘက်တောထဲမှာနေတာ မင်းလိုက်ခဲ့မလား အဲ့မှာ စားစရာတွေရော ကစားဖော်တွေရော အများကြီးပဲ”
“လိုက်တော့လိုက်ချင်တယ် ငါ့အဖေဆူလိမ့်မယ်ကွ ငါ့အဖေကအရိုက်ကြမ်းတယ်”
“မကြောက်ပါနဲ့ကွာ မင်းအဖေမဆူပါဘူး မင်းအဖေလည်းမသိဘူး လိုက်ခဲ့ကွာနော်”
“အေးအဲဒါဆိုလည်း လိုက်ခဲ့မယ်”
ဇေယျာခန့် က လိုက်သွားဖို့သဘောတူလိုက်သည်။
“အဲဒါဆိုရင် မင်းငါ့လက်ကို ကိုင်ထား မျက်စိမှိတ်ထားနော် ငါကဖွင့်ဆိုမှ ဖွင့်ရမယ်”
ဇေယျာခန့်က မောင်ညို လက်ကို ကိုင်ထားပြီး မျက်စိမှိတ်ထားလိုက်သည်။လေထဲမှာ အေးကနဲ တစ်ချက်ခံစားလိုက်ရပြီး….
“သူငယ်ချင်း မင်း မျက်စိဖွင့်လို့ရပြီ”
ဇေယျာခန့် မျက်လုံးဖွင့်ကြည့်တော့ လင်းထိန်နေတဲ့ တောအုပ်လေးတစ်ခုထဲမှာ ဆော့ကစားပြေးလွှားနေကြသော ကလေးများနှင့် ပန်းပင် တွေကလည်းစုံလို့ အသီးတွေဆိုတာလည်း အပင်တွေမှာ ပြွတ်ခဲနေတာပဲ။ဇေယျာခန့်က ကလေးပီပီ ရွယ်တူ ကလေးများနှင့် တွေ့သည်မို့ ပျော်သွားပြီး အိမ်ကိုတောင်မေ့သွားလေသည်။
“ဟေ့ကောင် လာခဲ့ ငါမင်းကို ငါ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမယ်”ဟုဆိုကာ မောင်ညိုက ဇေယျာခန့်၏ လက်ကိုဆွဲပြီး ကလေးအုပ်ထဲ ခေါ်သွားလေသည်။
“ဟေး သူငယ်ချင်းတို့ ဒီမှာ သူငယ်ချင်းအသစ်တစ်ယောက်ရောက်တယ်ကွ သူ့နာမည်က ဇေယျာခန့် တဲ့ ငါတို့နဲ့လာကစားတာ”
ကလေးတွေ လည်း တစ်ယောက်ပြိးတစ်ယောက်သူတို့ကိုယ်သူတို့မိတ်ဆက်ပြီး ပြေးလွှားကစားကြလေသည်။ မောလာလျှင် အပင်ကအသီးတွေ ခူးစားလိုက် ပန်းပင်တွေကြားမှာ ဆော့ကစားလိုက် မြက်ခင်းပြင်တွေပေါ်မှာ အိပ်လိုက်နှင့် ဇေယျာခန့် တစ်ယောက် သူ့အိမ်ကိုတောင် သတိမရတော့ချေပြီ။
……….
ဒီနေ့ စတုတ္ထတန်း ပထမလပတ်စာမေးပွဲ ဖြေရမည်။ အချိန်က နံနက် ၆နာရီ ရှိပြီ….။
“ဟေ့ ဇေယျာခန့် ဟေ့ကောင် မင်းမထသေးဘူးလား ဘယ်အချိန် ရှိပြီလဲ စာမေးပွဲဖြေရမှာ စာထမကျက်ဘူး ထစမ်း ဟေ့ကောင်”
ဦးခန့်ဇော်မှာ စိတ်တိုဒေါသဖြင့် သားဖြစ်သူကိုနှိုးနေတာကြောင့် ဒေါ်မြတ်သွယ်ရောက်လာရပြီး
“အို ကိုခန့်ဇော် မနက်စောစောစီးစီး ရှင်ဘယ်လိုဖြစ်နေတာလဲ ကလေးက ညကတစ်ညလုံးစာကျက်ထားတာပဲ အ်ိပ်ပါစေ စောစောစီးစီး အော်ကြီးဟစ်ကျယ်နဲ့ရှင်”
“ဟ မြတ်သွယ် စာမေးပွဲဖြေရမှာကွ စာမကျက်ပဲ အိပ်နေလို့ရမလား ဟိုကောင်ထတော့လို့ ပြောနေတယ်လေ ငါလာရိုက်ရမလား”
ရိုက်မယ်တကဲကဲလုပ်နေသော ဦးခန့်ဇော်ကိုဒေါ်မြတ်သွယ်အတင်းဆွဲထားရကာ
“ရှင်ဘယ်လိုဖြစ်နေတာလဲ ရှင့်အလုပ်ရှင်သွားလုပ် ကျွန်မသားကို ကျွန်မ နှိုးလိုက်ပါ့မယ် ဆူညံပူညံနဲ့”
ပြောပြောဆိုဆို ဒေါ်မြတ်သွယ် က သူ့သားလေးကို သွားနှိုးလိုက်တယ်။
“သားရေ ထတော့နော် သားလေး ထတော့လေ သားလေးရဲ့ ”
ကလေးကနိုးမလာ…အိပ်ရာထဲမှာ မလှုပ်မယှက်
အသက်ကတော့ ရှူနေသေးသည်။
“အမလေး ကိုခန့်ဇော် လာပါအုံး ဒီမှာ သား ကနှိုးလို့မရတော့ဘူး”
ထိုတော့မှ ဦးခန့်ဇော် က အခန်းထဲကိုအလောတကြီးပြေးဝင်လာပြီး ..ကလေးရဲ့ ခန္ဓာကိုယ်ကိုပွေ့ကာ အတင်းလှုပ်နှိုးလေးသည်။
“သားရေ သားလေး ဇေယျာခန့် သား အဖေခေါ်နေတယ်လေ”
ဇေယျာခန့် မှာ မလှုပ်မယှက်နှင့်ပင် အသက်ကတော့ မျှင်းမျှင်းလေးရှူနေသည်။ကိုဇော်ခန့်တစ်ယောက် ကလေးကိုပွေ့ချီပြီး ကားပေါ်တင်ကာ နီးရာဆေးရုံသို့ပြေးလေ၏။
ဆေးရုံရောက်သော် ဆရာဝန်တွေက အမျိုးမျိုးစမ်းသပ်ပေမယ့် အဖြေကထွက်မလာ မည်သို့မည်ပုံအဖြေရှာရမှန်းလည်းမသိ။ကိုခန်ဇော် သား သတင်းကြားလို့. သူငယ်ချင်းဖြစ်သူ ဝင်းမောင်က ဆေးရုံကိုလိုက်လာသည်။
“ခန့်ဇော် မင်းကလေးက ဘာဖြစ်တာလဲ”
“မသိပါဘူးကွာ ဒီမနက် အိပ်ရာမထသေးလို့ နှိုးတာနှိုးလို့မရတော့လို့ ဆေးရုံခေါ်လာတာကွာ ဆရာဝန်တွေလည်း အဖြေရှာမရဘူး ငါ့ကိုကူညီပါအုံးကွာ သူငယ်ချင်း ငါ့မှာ ဒီသားလေးတစ်ယောက်ထဲရှိတာ ငါ့သားလေးတစ်ခုခုဖြစ်ရင် ငါရင်ကျိုးမှာကွ”
ဦးခန့်ဇော်မျက်နှာမှာ ပြိုတော့မည့်မိုးနှယ် …
“မင်းက ခုမှ လာလုပ်နေ ကလေးကို နှိပ်စက်တုန်းက နှိပ်စက်ပြီးတော့ ”
“အဲဒါက သူကောင်းဖို့ပါကွာ လုပ်ပါ ကူညီပါ”
ဦးခန့်ဇော်အပြောကြောင့် သူငယ်ချင်းဖြစ်သူ ဝင်းမောင်က တစ်စုံတစ်ခုကိုသတိရမိဟန်ဖြင့်
‘”တစ်ခုတော့ရှိတယ်ကွ ငါ့အသိ ဘိုးတော် တစ်ယောက် ရှိတယ် ပယောဂတွေ ဘာတွေလည်းကုတယ် ငါညနေကျ မင်းအိမ်ကိုခေါ်ခဲ့မယ်”
“အေးပါကွာ ငါအိမ်မှာစောင့်နေပါ့မယ်”
…..
ညနေလေးနာရီလောက်ရှိမည်။ ဝင်းမောင်နှင့် ဝတ်ဖြူစင်ကြယ်ဘိုးတော်တစ်ပါး ပါလာသည်။ကိုခန့်ဇော်က ထိုဘိုးတော်ကို အိမ်ဦးခန်း ဘုရားစင်ရှေ့မှာနေရာပေးလိုက်သည်။ ကလေးကတော့ ဘုရားစင်ရှေ့မှာ အိပ်နေလျက်ပင်။
ဘိုးတော်က အခြေနေကိုအကဲခတ်ပြီး
“လူလေးက တယ်လည်းဒေါသကြီးသကိုး ”
ဘိုးတော်ပြောစကားကို ကိုခန့်ဇော် ဘာမှမပြော ခေါင်းငုံ့၍သာနေသည်။ဘိုးတော်က ဆက်ပြောသည်။
“တကယ်တော့လူလေးရ ဖြစ်ချင်စိတ်တွေ အရမ်းမထားရဘူးကွဲ့ သားသမီးနဲ့မိဘပဲကွယ် ဖြစ်ချင်တာလေးတွေကို သေချာနားဝင်အောင်ဆုံးမရသကွဲ့ ကလေးကိုကြောက်စိတ်မသွင်းပေးရဘူး ကလေးက ကိုယ့်ကိုကြောက်တယ်ဆိုတာကိုလည်း ဂုဏ်ယူနေလို့မရဘူး အခုလူလေးသားဖြစ်နေတာက ကြောက်စိတ်ကြောင့် မသိစိတ်က လွတ်မြောက်ရာလမ်းရှာရင်း ဝိဥာဉ်ကလွင့်သွားတာကွဲ့။”
“ရှင်ဝိဥာဉ်လွင့်သွားတာ ဒါဆို ကျွန်မသားလေးက သေမှာလား”
“အိမ်း အဘ စမ်းသပ်ကြည့်ရသလောက်တော့ ကလေးရဲ့ လိပ်ပြာကြိုးက မပြတ်သေးဘူးကွဲ့ ပြန်သွားခေါ်လို့အချိန်မီသေးတယ် ကလေးကိုတော့ မိသားစုထဲက တစ်ယောက်က သွားခေါ်မှဖြစ်မယ်”
ကိုခန့်ဇော် ကပြာပြာသလဲ ဖြင့်
“ကျွန်တော်သွားခေါ်လို့ရရင် သွားခေါ်ပါ့မယ် ”
“အို ရှင်သွားခေါ်လို့ ဘယ်ဖြစ်မလဲ ကလေးကရှင့်ကိုသေအောင်ကြောက်တာ တော်ကြာကျွန်မသားလေးပြန်မပါလာပဲနေမှာပေါ့ ကျွန်မ သားလေးကို ကျွန်မပဲသွားခေါ်မယ် အဘ ကျွန်မသွားခေါ်ချင်ပါတယ်ရှင် ကျွန်မကို သွားခေါ်ခွင့်ပေးပါ”
“အိမ်း ဒီနည်းလမ်းပဲရှိတော့တာပဲ လုပ်ရမှာပေါ့ ကဲ အဘအခု ကလေးရှိတဲ့နေရာကို အာရုံပြုပြီးရှာလိုက်မယ် ညရှစ်နာရီကျရင် လုပ်ငန်းစကြတာပေါ့”
ဘိုးတော် ပြောပြီးတာနှင့်ဘုရားစင်ဖက်လှည့်ကာ ဘုရားရှိခိုးငါးပါးသီလခံယူပြီးသစ္စာဆိုကာ တရားထိုင်သည့်အနေအထားဖြင့် ဇေယျာခန့် ရှိသည့်နေရာကို အာရုံဖြင့်လိုက်ရှာကြည့်သည်။အတန်ကြာမှ ကလေးတွေစုဝေးနေသည့် တောအုပ်ကလေးတစ်ခုကိုသွားတွေ့သည်။ထို့နောက် စိတ်ကိုပြန်စုစည်းကာ မျက်လုံးကိုဖြေးညှင်းစွာဖွင့်လိုက်လေသည်။
ဘေးနားတွင် စောင့်ဆိုင်းနေကြသော ဝင်းမောင် ကိုခန့်ဇော် နှင့်ဒေါ်မြတ်သွယ်တို့ဘက်လှည့်၍
“ကဲကဲအချိန်ကျပြီ တူမကြီး ကလေးနားမှာ လှဲအိပ်ချလိုက် ပြီးတော့ ကလေးရဲ့လက်ကိုကိုင်ထား တူမကြီးသတိထားရမှာက လမ်းမှာ ဘယ်သူပဲခေါ်ခေါ် အနောက်လှည့်မကြည့်နဲ့ တူမကြီးကိုယ်က ထွက်တဲ့ လိပ်ပြာကြိုးက အလင်းပြပေးလိမ့်မယ် ကိုင်းကိုင်း ဘုရားတရားကိုသာ အောက်မေ့ပြီး ကလေးဆီ စိတ်ညွှတ်ထားပေတော့”
ဘိုးတော်က ဒေါ်မြတ်သွယ် နှင့် ကလေး၏ ဦးခေါင်းထိပ်တွင် ဖယောင်းတိုင်တစ်တိုင်ထွန်းလိုက်ပြီး ပါးစပ်မှ တစ်စုံတစ်ခုကို ရွတ်ဆိုနေလေသည်။ဘိုးတော်၏ ညွှန်ကြားထားမှုကြောင့် တစ်အိမ်လုံးမည်သည့်မီးအလင်းရောင်မှမရှိဘဲ ထွန်းထားသော ဖယောင်းတိုင်နှစ်တိုင်၏ အလင်းရောင်သာရှိ၏။ ခဏကြာတော့ ဖယောင်းတိုင်မီးငြိမ်းသွားလေ၏။
ဒေါ်မြတ်သွယ် ကိုယ်တစ်ခုလုံး လေဟာနယ်ထဲရောက်နေသလို လေးလံခြင်းမရှိ ပေါ့ပါးနေ၏။ကလေးရှိရာကို စိတ်ညွှတ်လိုက်သည်နှင့် ဇေယျာခန့်တို့ ကလေးတွေကစားနေသည့် တောအုပ်ထဲရောက်သွား၏။သားလေးကို အသည်းအသန်လိုက်ရှာသည်။ဟောတွေ့ပါပြီ စိန်ပြေးတမ်းကစားနေသော သူမသားလေးကို သူမလှမ်းအော်ခေါ်လိုက်သည်။
“သားရေ သားလေး ဇေယျာခန့်”
သူ့အမေခေါ်သံကြားတော့ ဇေယျာခန့် ကလှည့်ကြည့်ပြီး ဝမ်းသာအားရနှင့်ပြေးလာပြီး
“မေမေ မေမေဘယ်လိုရောက်လာတာလဲ”
“သား ဒီကိုရောက်နေတာကြာပြီ မေမေနဲ့ပြန်လိုက်ခဲ့နော်သား”
“ဟင့်အင်း သားမလိုက်ဘူး သားပြန်ရင် ဖေဖေက သားကို ရိုက်မှာ သားမလိုက်ဘူး သားဒီမှာပျော်တယ် ဒီမှာ ကစားဖော်တွေအများကြီးပဲ သားကို ဆူမယ့်ဖေဖေလည်းမရ်ှဘူး သားမလိုက်ဘူး”
ဇေယျာခန့်က ပြန်မလိုက်ချင်၍ အသည်းအသန်ငြင်းသည်။
“ပြန်လိုက်ခဲ့ပါ သားရယ် သားကိုဖေဖေက မဆူတော့ဘူးနော် သားမရှိလို့တဲ့ သားဖေဖေက အရမ်းဝမ်းနည်းနေတာ ပြန်လိုက်ခဲ့ပါ သားရယ်နော်”
“မေမေတကယ်ပြောတာလား ”
“တကယ်ပြောတာပေါ့သားရဲ့ မေမေက ဘယ်တုံးကညာဖူးလို့လဲ”
“အဲ့ဒါဆို သားပြန်လိုက်ခဲ့မယ် သားမပြန်ခင် သားသူငယ်ချင်းတွေကို သွားနှုတ်ဆက်လိုက်အုံးမယ်”
“အိုနှုတ်မဆက်ပါနဲ့တော့သားရယ် လာမြန်မြန်ပြန်ရအောင်”
ဟုဆိုကာ ဒေါ်မြတ်သွယ် သားလက်ကိုဆွဲပြီး လှည့်ပြန်မည်အလုပ် အရှေ့မှာ အကောင်ကြီးတစ်ကောင်ပိတ်ဆို့လိုက်လေသည်။အရပ်က ထန်းတစ်ပင်စာလောက်ရှိသည်။လျှာကြီးကတွဲလောင်းကျနေပြီး မျက်လုံးတွေက သပိတ်လုံးလောက်ရှိသည်။ဒေါ်မြတ်သွယ် ကလေးကိုပွေ့ချီလိုက်ပြီး သဘက်ကြီးနှင့်လွတ်ရာ အဝေးဆုံးရောက်အောင်ပြေးမိသည်။သဘက်ကြီးက နောက်ကလိုက်သည်။ ခုနက ပြေးလွှားဆော့ကစားနေကြသော ကလေးတွေအားလုံးမှင်စာအဖြစ်ပြောင်းကုန်ကာ ဒေါ်မြတ်သွယ် တို့သားအမိနောက်ကနေပြေးလိုက်လာကြသည်။ပြေးရင်းနှင့်ဒေါ်မြတ်သွယ် ကိုယ်တစ်ခုလုံး လေးလံလာသည်။ခရီးကတော်တော်နှင့်မပေါက်။
အပြင်ဘက်တွင်တော့ ဒေါ်မြတ်သွယ် အသက်ရှူသံတွေပြင်းထန်နေသည်။ကိုခန့်ဇော်က ဇနီးနှင့်သားအတွက်စိုးရိမ်စိတ်ပြင်းနေသော်လည်း အနှောင့်အယှက်ဖြစ်မှာစိုး၍ ဘာသံမှထွက်မရ ။
ဒေါ်မြတ်သွယ် ပြေးရင်းနှင့်ပင် မောဟိုက်လာပြီ ကလေးကိုတော့ ကျစ်ကျစ်ပါအောင်ပွေ့ချီထားသည်။နောက်မှာလည်း မကောင်းဆိုးဝါးများက အုံလိုက်ကျင်းလိုက်။သူမ သားလေးကိုယ်ဝန်စရှိစဉ်ကအချိန်တွေကို တွေးလိုက်သည်။ သူမကိုယ်ဝန်ကိုဂရုစိုက်ရပုံတွေ ကလေးကိုမမြင်ရခင်ကပင်အချစ်ပိုနေတာတွေ တွေးရင်းနှင့်ပင် ပြေးနေတဲ့အရှိန်က တဖြည်းဖြည်းမြန်လာသည်။နောက် သားလေးကိုသူမ နာကျင်ခက်ခဲသည့်ကြားမှမွေးခဲ့ရတာတွေ အရှိန်က တဖြည်းဖြည်းမြန်လာပြီး နောက်ကမကောင်းဆိုးဝါးအသံတွေလည်းမကြားရတော့ သူမနှင့် သားလေး၏ခန္ဓာကိုယ်ကိုပင် မြင်နေရပြီ။
ဒေါ်မြတ်သွယ် မျက်လုံးဖွင့်လိုက်သည်။သူမဘေးမှာ သားလေးက မလှုပ်မယှက် ။ တစ်အိမ်လုံး မီးဖွင့်လိုက်သည်။ကိုခန့်ဇော်က အပြေးအလွှားရောက်လာပြီး
“မိန်းမ သားလေးရော ငါ့သားလေး ပါမလာဘူးလား”
“ကျွန်မ သေချာချီလာခဲ့တာပါ”
ခဏနေတော့ ကလေးရဲ့ခန္ဓာကိုယ်ကလှုပ်လာသည်။ပြီးနောက် မျက်လုံးပွင့်လာသည်။သတိရပေပြီ။
ခုမှပင် အားလုံးသက်ပြင်းချနိုင်တော့သည်။ကလေးကတော့ ကိုခန့်ဇော် ကိုမြင်သည်နှင့် ကြောက်အားလန့်အားဖြင့် သူ့အမေကို အတင်းဖက်ထားသည်။
ဘိုးတော်က ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း
“လူလေးသားက လူလေးကို တော်တော်ကြောက်နေတာပဲ အချိန်မီပါသေးတယ် လူလေး …ကလေးရဲ့စိတ်ထဲမှာ အဖေကိုမုန်းတဲ့ အမုန်းတရားတွေ မစွဲကပ်အောင် ပြုပြင်ဖို့ အချိန်ရှိပါသေးတယ် ကလေးကငါ့ကို ကြောက်တယ်ဆိုပြီး ဂုဏ်ယူမနေပါနဲ့ ကလေးအတွက်ကတော့ ပရိတ်ကြိုးလုပ်ခဲ့ပေးမယ်။ မင်းတို့အိမ်အတွက် ရေမန်းလည်းပေးခဲ့မယ်။ကုန်သွားရင် ပွားယူကြားလား”
“ဟုတ်ကဲ့ အဘ”
“အေး….. ကောင်းလေစွ ကောင်းလေစွ ကဲ အဘပြန်မယ် ”
ဝင်းမောင်က ဘိုးတော်ကို လ်ိုက်ပို့ရန် ပြင်လိုက်လေသည်။
“ကဲ ခန့်ဇော် ငါ အဘကို လိုက်ပို့လိုက်အုံးမယ် နောက်နေ့မှ ငါလာခဲ့တော့မယ်”
“အေးပါကွာ ကျေးဇူးပဲ သူငယ်ချင်းရာ”
ပြောဆိုပြီးသည်နှင့် ဘိုးတော်နှင့်ဝင်းမောင်ကအိမ်အပြင်ဘက်သို့ ထွက်ခွာသွားလေသည်။
ကိုခန့်ဇော် က ကလေးဘက်လှည့်ကာ..
“သားလေး အဖေ့ဆီလာပါအုံးကွ”
ကလေးက သူ့အမေကိုပဲ အတင်းဖက်တွယ်နေသည်။
“လာပါကွ အဖေ မင်းကို မရိုက်ပါဘူး အဖေ နောက်ဆိုရင် ငါ့သားလေးကို မရိုက်တော့ပါဘူးကွာ လာပါကွ ”
ထိုတော့မှ မဝံ့မရဲနှင့် ကလေးက ကိုခန့်ဇော် အနားကိုလာသည်။
ကိုခန့်ဇော် က ကလေးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားလိုက်သည်။ ဒေါ်မြတ်သွယ် ကတော့ ပြန်လည်သင့်မြတ်သွားသော သားအဖကိုကြည့်ကာ မျက်ရည်ကြားမှ ပြုံးနေမိတော့သည်။
တကယ်တော့ သားသမီး နဲ့မိဘဆိုတာ ရန်သူတွေမဟုတ်ကြပါဘူး။မိဘဘက်က ငါမိဘဆိုပြီး ငါပြောသမျှ ဖြစ်ရမယ်။ငါ့ကိုမြင်တာနဲ့ကြောက်နေရမယ်။ငါက မိဘဆိုတဲ့ ငါစွဲမာန်မျိုးထားလို့ကတော့ သားသမီးတွေရဲ့ ချစ်ခင်မှုကို ရလိမ့်မှာမဟုတ်သလို သားသမီးတွေရဲ့ စိတ်ထဲမှာ မိဘကိုမုန်းတဲ့အမုန်းတရားက စွဲကပ်သွားပါလိမ့်မယ်။သားသမီးကို ငရဲပေးတဲ့မိဘဆိုတာ သားသမီးကို
တလွဲမာနနဲ့ တလွဲမေတ္တာပေးတဲ့မိဘတွေပါပဲ။လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယမိနှင့်ဖတဲ့ လွဲမှားတဲ့မေတ္တာတွေ လက်ဆင့်ကမ်းပေးမိနေရင်တော့ အချိန်မီသေးတယ်နော်……။
ပြီးပါပြီ။
ဖြစ်ရပ်မှန်ကိုအခြေခံ၍ ဇာတ်လမ်းချဲ့ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။
#နွေးနွေးအေးချမ်း