ဝဋ်ကြွေး

ဝဋ်ကြွေး(စ/ဆုံး)
————

နန်းကျင်သည်နာမည်ကြီးငါးချဉ်စပ်ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်သည်။ငါးချဉ်စပ်ဆိုင်ဆိုသော်လည်းငါးတစ်မျိုးထဲရောင်းသည်မဟုတ်ပါ။ဘီယာနှင့်အရက်မျိုးစုံ မာလာဟင်းနှင့်ဆာ့ခုမ်တို့ကိုလည်းရောင်းချသည်။သူတို့ဆိုင်မှာသီးသန့်ဖွင့်ထားခြင်းမဟုတ်။အိမ်ရှေ့မျက်နှာစာအပြည့်ဆိုင်ဆောက်ပြီးစားသောက်ဆိုင်ဖွင့်ထားခြင်းဖြစ်သည်။

နန်းကျင်သည်ဆိုင်ရှင်ဆိုသော်လည်းငါးချဉ်စပ်ငါးကြော် မာလာဟင်း စသည့်ချက်ပြုတ်ကြော်လှော်သည့်တာဝန်ကိုသူယူထားသည်။သူတို့မှာမိသားစုများများစားစားမရှိပေ။သူ့အမေနှင့်သူ့ညီမပါဆိုလျှင်မိသားစုသုံးယောက်သာရှိသည်။

သူ၏ညီမလေးမှာတက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်၍ဆိုင်ကိုအမြဲတမ်းမကူညီနိုင်ပေ။သူ၏အမေသည်လည်းခဏတဖြုတ်လောက်သာဆိုင်ထိုင်ပေးနိုင်သည်။နန်းကျင်တို့မိသားစုမှာတိုင်းရင်းသားမျိုးနွယ်ထဲတွင်ပါဝင်သောလူမျိုးတစ်မျိုးဖြစ်သည်။နန်းကျင်ကသဘောကောင်းသည်။

ပေါင်းသင်းဆက်ဆံရေးအဆင်ပြေသူတစ်ယောက်ဖြစ်၍သူနှင့်အလုပ် လုပ်ရသည်မှာအဆင်ပြေကြသည်။ကျွန်တော်ကသူ၏ဆိုင်တွင် အလုပ်လုပ်သည့်စားပွဲထိုးတစ်ယောက်ဖြစ်သည်။တခြားဆိုင်အကူကောင်မလေးတွေလည်းရှိသည်။

နန်းကျင်တို့ဆိုင်ဘေးတွင်အုတ်ကန်နှစ်ကန်လုပ်ထားသည်။တစ်ကန်မှာငါးခူများဝယ်ထည့်ထားပြီးနောက်တစ်ကန်မှာ အခြားငါးများ ငါးရှဉ့်များဝယ်ထည့်ထားသည်။

သူ၏ငါးချဉ်စပ်ရောင်းကောင်းသည်မှာငါးများမှာရေခဲရိုက်ငါးများမဟုတ်ဘဲလတ်လတ်ဆတ်ဆတ်ကိုယ်ကြိုက်သည့်ငါးရွေးပြီးချက်ပြုတ်ကြော်လှော်ခိုင်း၍ရခြင်းကြောင့်ဖြစ်သည်။နန်းကျင်တို့မိသားစုမှာ”တိရစ္ဆာန်ဆိုတာစားဖို့ဘုရားသခင်ကဖန်ဆင်းပေးထားတာ” ဟူသောအယူအဆကိုလက်ကိုင်ထားသူများဖြစ်ကြသည်။

သူတို့ဆိုင်သည်ကားလမ်းမကြီးဘေးတွင်ဖွင့်ထား၍နေရာလည်းကောင်း ကားများဆိုင်ကယ်များရပ်ရန်အဆင်လည်းပြေတာကြောင့်ရောင်းကောင်းလှသည်။ ညနေလေးနာရီမှညဆယ့်နှစ်နာရီထိရောင်းချပေးသည်။

…… ……… ……… ……… ……… ……… ………

နန်းကျင်တို့မိသားစု သူတို့ရိုးရာပွဲသွားပြီးပန်လာပြီးနောက်ဆိုင်၏ဟင်းလျာတစ်မျိုးတိုးလာသည်။ဟင်းလျာသစ်က ‘ဆာရှိမီ’။ထိုဟင်းသည်လည်းရောင်းကောင်းလှသည်။လာစားကြသူအများစုမှာ ဂန္တလရာဇ်မျိုးနွယ်များဖြစ်ကြသည်။ထိုဟင်းရောင်းကောင်းလေ နန်းကျင်တို့စားဖိုဆောင်ထဲမှမထွက်ရလေဖြစ်သည်။

တစ်ရက်တွင် ကျွန်တော်သည်စားဖိုဆောင်သို့ဝင်သွားခဲ့သည်။နန်းကျင်သည် ငါးကြီးတစ်ကောင်ကိုကျွမ်းကျင်ပိုင်နိုင်စွာကိုင်တွယ်နေသည်။နန်းကျင်လုပ်သမျှကိုအသေအချာကြည့်တော့အံ့သြလွန်းသဖြင့် ကြက်သေ သေသွားရတော့သည်။

နန်းကျင် ကဖောက်သည်ရွေးထားသောငါးကြီးကိုသန့်စင်၍ ဘေးတစ်ဖက်တစ်ချက်ကိုလေးထောင့်ဓားကြီးဖြင့် ၃ ချက်စီ အပေါ်ယံရှပ်၍လှီးချလိုက်သည်။ အရှင်လတ်လတ်ဓားဖြင့်အလှီးခံရသော ငါးကြီးမှာ သူ့လက်ထဲတွင်နာကျင်သော ဝေဒနာကိုမချိမဆန့်ခံစားရင်း ဖျတ်ဖျတ်လူးရုန်းကန်နေသည်။

ဓားဖြင့်မွန်းပြီးသည်နှင့် ငါးကြီး၏ခေါင်းကိုမြှောက်ကိုင်ထားပြီး ဓားဖြင့်မွှန်းထားသော
အောက်ပိုင်းကို ပွက်ပွက်ဆူနေသော ဆီအိုးထဲသို့
နှစ်ချလိုက်သည်။ ခဏတစ်ဖြုတ်သာနှစ်လိုက်ခြင်း
ဖြစ်သည်။ ဆီဖြင့်ကြော်ခြင်းမဟုတ်ပါ။ ပြီးလျှင်
ငါးပုံစံပြုလုပ်ထားသောဖိုင်ဘာပန်းကန်ပြား ထဲသို့ထည့်လိုက်သည်။

ထိုအချိန်တွင် ငါးကြီးမှာမလှုပ်နိုင်တော့။
သေကားမသေသေးပေ။ ပါးဟက်ကြီးများ ပါးစပ်များကလှုပ်စိ လှုပ်စိ ဖြစ်နေတုန်းပင်ဖြစ်သည်။

ပြီးမှငါးကြီး၏ ပတ်လည်တွင်ခရမ်းချဉ်သီး သခွား
သီး မုန်လာဥနီ များကိုပန်းပွင့်ပုံစံ အဝိုင်းလေးများဖြစ်အောင် လှီးထားပြီး မသေမရှင်ဖြစ်နေသော ငါးကြီး၏ ပတ်လည်တွင်လှပစွာ ခင်းကျင်းထားလိုက်သည်။

ဗန်းထဲတွင် ဆော့များ ငရုတ်ဆီများ အချဉ်
ရည်များကိုလည်း ပန်းကန်လှလှလေးများနှင့် လှပစွာပြင်ထားသည်။ဖောက်သည်များက စားသုံးရန်
အသင့်ဖြစ်နေသော ငါးကြီး၏ အသားကို တူများ
ခက်ရင်းများဖြင့် ဖဲ့၍ဖဲ့၍ စားကြလေသည်။

ဤမသေမရှင် ငါးကြော်ကိုဖောက်သည်များကလတ်ဆတ်သည်ဟု ယူဆပြီးအလွန်နှစ်သက်စွာစားကြလေသည်။ ငါးတစ်ကောင်၏သေပွဲဝင်ပုံက ရင်နင့်စရာကောင်းလှသည်။

နန်းကျင် လုပ်ကိုင်သမျှကို အသေအချာကြည့်နေရင်း မီးဖိုခန်းကို မီးဖိုခန်း ဟုမမြင်တော့။တိရစ္ဆာန် များသာရောက်ရှိခံစားရလေ့ရှိသော ငရဲခန်းဟုသာမြင်ယောင်လာမိသည်။ ငါးများ ငါးရှဉ့် များကိုလည်းမကြည့်ချင် မကြည့်ရက်တော့ပေ။

ငါးကြီး၏ဘေးတွင်စားသောက်ဖွယ်ရာများနှင့်တန်ဆာဆင်ထားသောအလှအပ တို့သည်ထိုမသေမရှင်ဖြစ်နေသော ငါးကြီးအတွက်မဟုတ်ဘဲသူများစားဖို့အတွက်သာဖြစ်သည်။

ဤသို့ဆိုလျှင် ထိုငါးကြီး၏ နေရာအားလူတစ်ယောက်အဖြစ် အစားထိုးကြည့်လိုက်မိသည်။ လူဆိုသည်မှာအချိန်မရွေး သေသွားနိုင်သည့်အမျိုးမို့တစ်နေ့သေရမည်ဖြစ်သည်။မသေခင်အခိုက်အတန့်လေးမှာ လူတို့ဘေးမှာဂုဏ်ပကာသန အဆောင်အယောင်များစွာတို့သည်လူတို့အတွက်အပိုင်ရထားသည်မဟုတ်။သေရွာသို့အပိုင်ယူသွားသည်မဟုတ်ပေ။

အပိုင်ယူသွားရမည့်အရာကား ဒါန သီလ ဘာဝနာသာလျှင်ဖြစ်သည်။လက်ရှိပိုင်ဆိုင်ထားသောစည်းစိမ် ဥစ္စာ ရတနာတို့သည် သူများစားဖို့သာဖြစ်သည်။ ဤကားငါးကြီးမှပေးသောအတွေးများသာဖြစ်သည်။

ကျွန်တော်လည်း ထိုဆိုင်မှာတစ်နှစ်ကျော်လောက်သာ လုပ်ခဲ့ပြီးတခြားအလုပ်ကိုပြောင်းလုပ်ခဲ့သည်။နန်းကျင်တို့နှင့်လည်းမတွေ့ဖြစ်တော့ပေ။နန်းကျင်တို့စားသောက်ဆိုင်မှာတော့ရောင်းကောင်းဆဲလူစည်ကားနေဆဲပင်ဖြစ်သည်။

…… …… …… …… …… ……… ………… ………

တစ်ရက်တွင်ကိစ္စ တစ်ခုဖြင့် မြို့ထဲ သွားခဲ့ရာ နန်းကျင်တို့ဆိုင်ဘေးမှသူငယ်ချင်းတစ်ယောက်နှင့်တွေ့ခဲ့သည်။

” ဟာ အောင်ကြီး မတွေ့ရတာအတော်ကြာပြီ။အခုကောဘာတွေလုပ်နေတာတုန်း ”
“အေးဗျာ ဒီလိုပါပဲ။ခင်ဗျား ကောနေကောင်းရဲ့လား။ ဘယ်သွားမလို့လဲဗျ”

” ခင်ဗျားအရင်ကအလုပ်လုပ်ခဲ့တဲ့နန်းကျင်အကြောင်းကြားပြီးပြီလား”
“ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့အဲ့ဒီဘက်ကိုမရောက်တာကြာပြီ။ စားသောက်ဆိုင်မှာ အလုပ်မလုပ်တော့ ကတည်းက မတွေ့တာဗျ။ဘာဖြစ်လို့လည်း ”

“ဒီလိုဗျ။ ဟိုတစ်လောက ကျွန်တော်တို့ရပ်
ကွက် မီးလောင်တဲ့သတင်းကြားရလား။ သတင်း
စာထဲမှာပါတယ်လေ။အဲဒီမှာနန်းကျင်တို့ဆိုင်ပါ မီးလောင်ခံလိုက်ရတယ်လေ။အဲ့ဒီအချိန်ကအိမ်မှာနန်းကျင်တစ်ယောက်ဘဲရှိတာ။သူ့ညီမနဲ့သူ့အမေကတော့လွတ်သွားတာပေါ့ဗျာ။နန်းကျင်ကအခုထိဆေးရုံကမဆင်းရသေးဘူး။ အချိန်ရရင်လိုက်ခဲ့ပါလားကျွန်တော်ဆေးရုံ သွားမလို့”

“ဟုတ်လား ဖြစ်မှဖြစ်ရလေ။ကျွန်တော်
လည်းဆေးရုံလိုက်ခဲ့မယ်။ သူကော သက်သာရဲ့လား။”
“ဟိုရောက်မှ ကြည့်ပေတော့။ သွားရအောင်”

မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အံ့သြတကြီးထိတ်လန့်သွားသည်။ ဆေးရုံကုတင်ပေါ်မှာနန်းကျင်အားမြင်ရက်စရာမရှိပေ။ ခန္တာကိုယ်အောက်ပိုင်းတစ်ခုလုံး မီးလောင်ခံထားရပြီး အပေါ်ပိုင်းတွင် မီးလောင်ဒဏ်ရာ အနည်းငယ်သာရှိသည်။ အသက်မသေသော်လည်း စကားမပြောနိုင်ပေ။ ကျွန်တော့်ကိုမြင်လိုက်သည်နှင့်စကားပြောရန်ပြင်သော်လည်း အသံမထွက်လာပါ။

ကျွန်တော်ကိုကြည့်ပြီး မျက်ရည်များသာ ကျနေသည်။ ကျွန်တော်လည်း သူ့ကိုကြည့်ပြီးနန်းကျင်ဟုမမြင်တော့။ ဖိုင်ဘာပန်းကန်ပြားထဲက ငါးကြီးတစ်ကောင်ဟုသာ မြင်တော့သည်။

သူ၏ဘေးတွင် ပတ်လည်ဝိုင်းနေသည့်သူ့မိသားစု သူရှာဖွေခဲ့သော ပစ္စည်းဥစ္စာ များသည်သူ့အတွက် ခံစားခွင့်မရှိတော့။ တစ်ယောက်တည်းအဖော်မဲ့စွာ လက်ဗလာဖြင့်သွားရတော့မည်။ သံသရာခရီးက ရှည်လွန်းလှသည်။ ထိုခရီးအတွက် ဒါန သီလ ဘာဝနာ လေးပါအောင် ယူသွားရမည်သာဖြစ်သည်။ ယခုမူ နန်းကျင်သည်ဘာမှ မယူသွားနိုင်တော့ပေ။

ဝဋ်ကြွေးရှိကဖျက်မရဆိုတဲ့စကားလေးတစ်ခုရှိပါတယ်။အဲဒီစကားဟာဘယ်လောက်မှန်ပြီးဘယ်လောက်သံသရာလည်တတ်တယ်ဆိုတာကိုပြောပြချင်လို့ဒီစာကိုရေးလိုက်တာပါ။ဝဋ်ကြွေးဆိုတဲ့အရာပါလာပြီဆိုရင်ဘယ်လိုကွေကွင်းပြီးရှောင်ရှောင်မရပါဘူး။ပေးဆပ်ပြီးမှသာလွတ်ကင်းနိုင်တာပါ။လူသားများစွာတို့သည်လည်းတတ်နိုင်သမျှဝဋ်ကြွေးအတုံ့အတင်ကင်းရှင်းနိုင်ကြပါစေ။ ။