ဝဋ်ကြွေးကုန်ချိန်

*ဝဋ်ကြွေးကုန်ချိန်*📖📖

***********************
စ/ဆုံး

အခန်း(တစ်)

                    အိမ်ပေါ်ရောက်တော့ ခေါင်းပေါ်က စကောလေးနဲ့ ခေါင်းဖုလေးကို ပစ်ချလိုက်ပြီး စုစုနှင်းအမောဖြေလိုက်ပါတယ်။
ခဏအမောဖြေပြီးတဲ့နောက် သိုင်းလွယ်ထားတဲ့လွယ်အိတ်လေးထဲက ငွေစအချို့ကို ထုတ်ပြီးရေတွက်လိုက်ပါတယ်။
အားလုံးပေါင်း..ခြေက်ထောင်ရှစ်ရာဆိုတော့ ပင်ပန်းခဲ့သမျှ အမောပြေရပြန်တယ်။
နာရီကိုလှမ်းကြည့်လိုက်တော့ မနက်ဆယ်နာရီထိုးနေပြီ။
အိမ်ပေါ်မှာ ဘယ်သူမှရှိမနေပေ။
မောင်လေး အထွန်း၊ ညီမလေး ပုတု ဘယ်တွေလျှောက်ဆော့နေကြပါလိမ့်…
အဖေကတော့ လမ်းထိပ်က ဖထီးတို့ဆိုင်မှာ ရှိနေပါလိမ့်မယ်။

“”အထွန်း ရေ ၊ ပုတုရေ…ဘယ်တွေသွားနေကြလဲ…
ငါရောက်နေပြီဟ…ပြန်လာကြပါဦး…””

“”လာပြီ မစု..ဒီနေ့ နောက်ကျတယ်နော်…
သားတို့ ဘာဝယ်ပေးရမလဲ၊ ဘာလုပ်ပေးရမလဲ..””

အထွန်းလေးက နူတ်ရွှင်ရွှင်နဲ့ ပြောလာတော့ အိမ်မကပ်ပဲလျှောက်ဆော့နေတဲ့ သူတို့လေးတွေကို စုစုနှင်း မဆူရက်တော့ပါ။
တကယ်ဆို သူတို့လေးတွေတင်မက စုစုနှင်းကိုယ်တိုင်လည်း ကလေးသာသာရှိပါသေးတယ်။
စုစုနှင်း က အသက်ဆယ်နှစ်နှစ်ရှိပြီဖြစ်သလို၊ အထွန်းလေးက ဆယ်နှစ်၊ ပုတုလေး က အသက်အားဖြင့်ရှစ်နှစ်ပဲရှိကြပါသေးတယ်။
စုစုနှင်းတို့ရဲ့အဖေ ဖြစ်သူက အခုမှ အသက်သုံးဆယ်တစ်နှစ်ပဲရှိပါသေးတယ်။
ဒါပေမဲ့..အဖေ ရုပ်ရည်ဟာ ရှိရင်းစွဲထက်အများကြီး ရင့်ရော်နေပါပြီ။
စုစုနှင်းသိတတ်စအရွယ်ကတည်းက အဖေဟာအရက်ကို စွဲစွဲ မြဲမြဲ သောက်လာခဲ့တဲ့ ယစ်ထုပ်ကြီးတစ်ယောက်ဖြစ်နေခဲ့တယ်လေ။

စုစုနှင်းတို့အမေက လွန်ခဲ့တဲ့သုံးနှစ်ကပဲ ဆုံးပါးခဲ့ပြီဖြစ်ပါတယ်။
အဆုတ်ရောဂါ ကို စနစ်တကျဆေးဝါးကုသမှု့မရှိခဲ့တာကြောင့် မေ သ သင့် ပဲ ေ သ ခဲ့ရတာလို့ အိမ်နီးနားချင်း တွေက ပြောကြတယ်။

“”ေ သ တော့လည်း ဝဋ် ကျွတ်တာပေါ့..
လင်ကောင်းသားကောင်းရထားတော့ ရထားတဲ့ လင်လုပ်စာကို မစားရတဲ့အပြင် ကိုယ့်ဝမ်းကိုယ်ရှာစားရတာလေ..
ဒီကြားထဲ တစ်ဗိုက်ပြီး တစ်ဗိုက်မွေးထားတဲ့ ကလေးတွေကို တူတူတန်တန်လည်း ရှာမကျွေးနိူင်၊ ပညာလည်း မသင်ပေးနိူင်။
ကိုယ်ကိုတိုင်လည်း ဆင်းရဲ၊ မွေးထားတဲ့ကလေးတွေလည်းဆင်းရဲ…မိသင်းရေ
ေ သ လို့လည်း ထူးပြီး စိတ်မကောင်းစရာမရှိပါဘူး…
နောက်ဘဝမှာတော့ ဒီလို လင်ယောကျ်ားမျိုးနဲ့ ထပ်မဆုံပါစေနဲ့ လို့ နင့်အမေ ငါ..ဆုတောင်းပေးပါတယ် “”

အမေနာရေးမှာ နယ်မြို့လေးက ရောက်လာတဲ့ အမေရဲ့ အမေ၊ စုစုနှင်းတို့ရဲ့ အဖွားဖြစ်သူ ပြောခဲ့တဲ့ စကားတွေပါ။
အမေနာရေးရက်လည်ပြီးတော့ အဖွားက သူနဲ့အတူ ရွာကိုလိုက်ခဲ့ဖို့ စုစုနှင်းတို့ မောင်နှမတွေကို ခေါ်ပါသေးတယ်။

“”မထည့်လိုက်နိူင်ပါဘူးဗျာ…
အခုပဲ စုစုနှင်းက အသက် ကိုးနှစ်ရှိနေပြီ၊ အထွန်းက ခုနှစ်နှစ်၊ သူတို့ နှစ်ယောက် ပုတုကို ထိန်းကြောင်းလို့ ရတယ်။
ပြီးတော့ ပုတု က အသက်ငါးနှစ်ဖြစ်နေပြီ..ချီပိုးထိန်းကြောင်းနေရတာမှ မဟုတ်တာ။
စုစုနှင်းလည်း လေးတန်းဖြေထားတာ။
ရေးတတ်၊ဖတ်တတ်နေပြီ…လူကောင်လည်းထွားတယ်။
သူ့အရွယ်က စျေးဗန်းခေါင်းရွက်တတ်နေပြီလေဗျာ။
အဒေါ်က ခေါ်သွားပြီး ခိုင်းစားချင်တာမဟုတ်လား..””

အဖေစကားကြောင့် အဖွားဖြစ်သူနဲ့စကားတွေ အကြီးအကျယ်များကြပါတယ်။
နောက်ဆုံးတော့ စုစုနှင်းတို့ မောင်နှမတွေ အဖွားနောက်မလိုက်ရပဲ အဖေနဲ့သာ ကျန်ရစ်ခဲ့ရပါတယ်။
အဲ့အရွယ်ကလေးထဲက မိသားစုစားဝတ်နေရေးအတွက်ရုန်းကန်ခဲ့ရတဲ့အမေတာဝန်တွေဟာ စုစုနှင်းပခုံးပေါ်ပြောင်းရောက်လာသလိုပါပဲ။
အဖေက ကိုယ်တိုင်သာမိသားစုကိုရှာမကျွေးပေမယ့် စီမံခန့်ခွဲမှု့က တော်လွန်းတယ်လို့ပြောရမလိုပင်။
စုစုနှင်း ကို ကုန်စိမ်းအချို့စျေးကြိုပေးပြီး ရပ်ကွက်ထဲ ပတ်ရောင်းခိုင်းပါတယ်။
ခေါင်းရွက်ဗျပ်ထိုးစျေးသည်လေးပေါ့။
အထွန်းလေးကိုတော့ ထမင်းချက်၊ ဟင်းချက်အဝယ်တော် လုပ်ခိုင်းပါတယ်။
ကျောင်းဖွင့်ချိန်ရောက်တော့ စုစုနှင်းရောအထွန်းပါ ကျောင်းမတက်ရတော့ပါပဲ ပုတုတစ်ယောက်ကိုသာ ကျောင်းတက်စေခဲ့ပါတယ်။

စုစုနှင်းမှာ လူကသာကလေးဖြစ်ပေမယ့် ခေါင်းရွက်ဗျပ်ထိုးစျေးသည်ကြီးဖြစ်မှန်းမသိဖြစ်ခဲ့ရပါတယ်။
တခါတလေ စျေးရင်းပြုတ်သွားတာမျိုးတွေ မကြာခဏဖြစ်တတ်ပါတယ်။
အဲဒီလိုအခါမျိုးမှာတော့ ကန်တွေ၊ချောင်းတွေမှာအလေ့ကျပေါက်တဲ့ ကန်စွန်းရွက်တွေလိုက်ခူးပြီး ရောင်းရပါတယ်။
အခုလည်း ကန်စွန်းရွက်ရောင်းပြီးစုစုနှင်းပြန်လာခဲ့တာပါ။
စုစုနှင်းပြန်လာမှ ရတဲ့ငွေလေးနဲ့ ဆန်ပြေးဝယ်၊ မီးသွေး၊ဒါမှမဟုတ်ရင် ထင်းဝယ်၊ ဟင်းအဖို့ကတော့ ကြက်ဥကြော်၊ လက်ဖက်သုပ်၊ ကန်စွန်းရွက်ကြော် အစရှိတဲ့ လွယ်ကူသက်သာတဲ့ ဟင်းအမယ်တစ်ခုခုနဲ့ ပြီးလိုက်တာများပါတယ်။
ရှာလို့ရတာကို မိသားစု စားဖို့ ဝယ်ခြမ်းချက်ပြုတ်ရပြီး အဖေအရက်ဖိုးတော့ မပေးရပါဘူး။

အဖေအရက်သောက်နေကျ အရက်ဆိုင်က ရပ်ကွက်အတွင်းက ပျံကျစျေးလမ်းကလေးမှာရှိပါတယ်။
မနက်ဆို အဖေက စျေးလမ်းထဲက စျေးသည်အချို့ရဲ့ ကုန်တွေကို စျေးကြိုကားကနေ ဆိုင်အထိ ထမ်းပိုးပို့ဆောင်ပေးပါတယ်။
အခကြေးငွေကတော့ ဘယ်လောက်ရယ်လို့မသတ်မှတ်ထားဘူးပေါ့။
အဖေအတွက် လုံလောက်တဲ့ အရက်ဖိုးလေး ရနေတာတော့အမှန်ပါပဲ။
ဘာပဲဖြစ်ဖြစ် အဖေ့ကို အရက်ဖိုးရှာမပေးရတာနဲ့တင် စုစုနှင်းကျေးဇူးတင်နေမိပါတယ်။
အခုတော့ အသက်ဆယ်နှစ်နှစ်အရွယ်စုစုနှင်းတို့ မောင်နှမသုံးယောက် စားဝတ်နေရေးအတွက် စုစုနှင်းက ခေါင်းရွက်ဗျပ်ထိုးစျေးသည်မလေးဘဝနဲ့ ရုန်းကန်နေခဲ့ရတာပဲဖြစ်ပါတယ်။

@@@@@@@@@@@@@@@@@@@@@@

အခန်း(နှစ်)

“”မစု ဒီနေ့ ကြက်ဥကြော်လေးက ပိုပြီးစားလို့ကောင်းသလိုပဲဗျာ…””

ကြက်ဥကြော်လေး အနည်းငယ်ကျန်နေတဲ့ပန်းကန်ကိုကြည့်ပြီး အထွန်းလေးက စကားဆိုလာတာဖြစ်ပါတယ်။

“”အေးပါ ကျန်ဖြတ်ကို နင်ရှင်းချင်နေတာမဟုတ်လား…စားလိုက်ပါဟယ် စကားတွေခေါ်မနေပါနဲ့..””

“”အာဆို စားမယ်နော် မစု
စားကောင်းလို့ပါဗျာ မစုကလည်း ဟဲ ဟဲ…””

“”ဟဲ့ အထွန်း ဒီနေ့ တခါမှ အဖေပြန်မလာသေးဘူးနော်…””

“”ဟုတ်တယ် မစု..””

စုစုနှင်းတို့ပြောနေကြတဲ့ စကားပင်မဆုံးလိုက်ပါ။
အိမ်ရှေ့ဆီမှ အဖေရဲ့ စကားသံခပ်ကျယ်ကျယ် ကို ကြားနေရပါတယ်။

“”စုစုနှင်း…စုစုနှင်း..””

စုစုနှင်းကို အော်ခေါ်နေတာမို့ စုစုနှင်း အိမ်ကလေး၏ ဖိနပ်ချွတ်ဆီ ရောက်လာပါတယ်။
အဖေ အမူးများလွန်နေလေသလား..
တခါတလေ နေ့တပိုင်းနဲ့ အဖေဇက်ကျိုးတတ်တဲ့အခြေအနေတွေရှိနေတာမို့ရင်ထဲထိတ်သွားပါတယ်။
ဘာလို့လဲဆိုတော့ မထင်ရင်မထင်သလို စုစုနှင်းတို့မောင်နှမသုံးယောက်ကို ရိုက် နှက် တတ်တာမို့ပါ။

“”ရှိ ရှိပါတယ် အဖေ..””

“”ဟဲ့ နင်တို့ ထမင်းစားပြီးကြပြီလား..””

“”ဟုတ် စားပြီးပါပြီ အဖေ..””

“”အေး..နင်တို့ကို ငါပြောစရာရှိတယ်
ဒီအိမ်ရဲ့ စာချုပ်စာတမ်းတွေကို နင်တို့အမေ နာရေးဖြစ်တုန်းက ဦးသိန်းစိုး ဆီ ပေးပြီး ငွေယူထားတာကို နင်တို့သိတယ်နော်..””

“”ဟုတ်…သိပါတယ် အဖေ..””

“”အေး ဟိုက သနားလို့ အတိုးမယူပဲ ပေးထားတာ။
အခုဆို သုံးနှစ်လောက်ရှိနေပြီ။
ယူထားတဲ့ငွေက ဆယ်သိန်း ဆိုတော့ အားလည်းနာလှပြီဟာ…အဲဒီတော့ အိမ်ကို ပေါက်စျေးနဲ့ ရောင်းပြီး ဦးသိန်းစိုးကို သာတယ်နာတယ်မမှတ်ပါနဲ့ဆိုပြီး ဆယ့်ငါးသိန်းပေးလိုက်မယ်ဟာ…
ရောင်းရင် ဆယ်ပေ၊ပေခြောက်ဆယ် ပါမစ်အကွက်ဆိုတော့လေ မရဘူးဆိုရင်တောင် သိန်းတစ်ရာလောက်ရမှာ ဟ…ငါရောင်းချင်တယ်။
ရောင်းပြီးရင် နင်တို့ မောင်နှမသုံးယောက် ကို ပိုက်ဆံသိန်းသုံးဆယ် ပေးလိုက်မယ်။
နင်တို့အဖွားရှိတဲ့ ရွာမှာသွားနေကြပေါ့…””

အဖေစကားကြောင့် စုစုနှင်း စိတ်မောသွားပါတယ်။
ရန်ကုန်မြို့မှာ ကျောတစ်နေရာစာနေရာရဖို့ဆိုတာအတော်လေး ခက်ခဲတဲ့ အခြေအနေပါ။
ဒီမြေကွက်ကလေးက အဖေ့ အမေဖြစ်သူ အဖွားတို့ ရွာမမီးရထားသံလမ်းဘေးက ကျူး မှာနေထိုင်စဥ် ဖယ်ရှားခံရပြီး အစားထိုးရထားတဲ့မြို့သစ်မြေကွက်ကလေးဖြစ်ပါတယ်။
မြေကွက်ကို အဖွားမ ေ သ ခင် က တစ်ဝက်ရောင်းလိုက်တာမို့ ဆယ်ပေသာကျန်ရစ်ခဲ့တာဖြစ်ပါတယ်။
နေစရာလေးမပူရတာမို့ စားဖို့အတွက်လေးသာရှာရတယ်။
အခုတော့ အဖေက နေစရာနေရာလေးကို ဖျောက်ဖျက်ချင်နေပြီ။
အဖေကိုလည်း ပြန်ခံမပြောရဲပေ။
ဒါပေမဲ့ ဘယ်နည်းနဲ့မှ ဒီအိမ်လေးကို မရောင်းချစေလိုပါ။

“”ဝယ်ချင်တဲ့သူက အသင့်ရှိနေပြီ.. ငါက ရောင်းမှာ
အဲဒါ နင် ဘယ်လို သဘောရလဲ..””

“”မရောင်းပါနဲ့လား အဖေရယ်…
စုနှင်းလည်း ဒီရပ်ကွက်မှာ စျေးရောင်းရတာ အဆင်ပြေနေတယ်။
အဖေလည်း စျေးကုန်တွေ ထမ်းပေးရတာ အဆင်ပြေတယ်မဟုတ်လား…
အကြွေးဆပ်ရမယ်ဆိုလည်း စုနှင်းကြိုးစားပြီး ဆပ်ပါ့မယ်။
ဦးလေးသိန်းစိုးက သဘောကောင်းပါတယ် အဖေရယ် မရောင်းပါနဲ့ နော်…””

ငိုချင်လာတဲ့အသံကို မနည်းထိန်းပြီး စုနှင်းအဖေ့ကို တောင်းပန်ရပါတယ်။
အခုမှ အဖေ့ကို စုနှင်း သေချာကြည့်မိလိုက်တယ်။.မူးနေတာ မှန်ပေမယ့် အဖေ့ပုံစံက အရင်လို စုတ်နူတ်မနေပေ။
ဆံပင်တွေကိုလည်း ေ သ သေ သပ်သပ်ညှပ်ထားသလို ဝတ်နေကြအင်္ကျီမဟုတ်ပဲ အနည်းငယ်သစ်လွင်နေတဲ့ အင်္ကျီနဲ့ ပုဆိုးကို ဝတ်တင်ထားတာသတိပြုမိပါတယ်။

“”မရောင်းလို့မရဘူး ..ရောင်းမှ ရမှာ ဟဲ့။
နောက်ထပ်အကြွေးနည်းနည်းလည်း ရှိသေးတယ်။
ပြီးတော့…””

အဖေ က စကားကို မဆက်ပဲ ခဏရပ်ထားပြီး ပြောဖို့ကို ချင့်ချိန်နေပြန်ပါတယ်။

“”ဒေါ်မချို ကို နင်တို့သိတယ်မဟုတ်လား..
စျေးလမ်းမှာ အသုပ်တို့၊မုန်ဟင်းခါးတို့ရောင်းတဲ့ မချိုလေ…””

စုစုနှင်း သိပါတယ်။
ဒေါ်မချို ဆိုတာ ကလေးသုံးယောက်အမေ တစ်ခုလပ်အဒေါ်ကြီးဖြစ်ပြီး သူ့သားသမီးတွေက စုစုနှင်းတို့ထက်အများကြီး ကြီးပါတယ်။
အကြီးမနဲ့ အလတ်မ က အထည်ချုပ်မှာအလုပ်လုပ်နေကြသူတွေဖြစ်ပြီး သားအငယ်ကတော့ စုစုနှင်းနဲ့ရွယ်တူဖြစ်ပြီး ကျောင်းတက်နေတာကိုသိပါတယ်။
အဖေ ဘာကြောင့် ဒေါ်မချို ရဲ့နံမည်ကို စကားထဲထည့်ပြောနေပါလိမ့်…
ဒေါ်မချို က လူရည်အလည်လွန်ပြီး အာကြမ်းလျှာကြမ်းအဒေါ်ကြီးတစ်ယောက်ပါ။
အဖေဆက်ပြောလာမယ့်စကားတို့ကို အထိတ်တလန့် နဲ့ နားစွင့်နေမိပါတယ်။

“”အေး… ငါ နဲ့ ဒေါ်မချို နဲ့ ယူကြတော့မယ်။
အဲ့ဒါကြောင့် အိမ်ကိုရောင်းချင်တာ…
နင်တို့ကို သိန်းသုံးဆယ်ပေးလိုက်မယ်။ အကြွေးက နှစ်ဆယ်လောက်ဆပ်ရမယ်။
ကျန်တာလေးကို ငါနဲ့ မချိုနဲ့ ရင်းနှီးလုပ်ကိုင်စားကြမယ်ပေါ့ဟာ…
နင်တို့ကိုလည်း ပစ်မထားပါဘူး။
ငါအဆင်ပြေရင်ပြေသလို ထောက်ပံ့မှာပါ.. “”

စုစုနှင်း အဖေ့ထောက်ပံ့မယ်ဆိုတာကို မယုံကြည်ပါဘူး။
လက်ထဲရှိတဲ့ ပိုက်ဆံနဲ့ အဖေက ဘာအလုပ်တွေ လုပ်မှာလဲ…အဖေက ဘာတွေလုပ်တတ်လို့လဲ…
တသက်တာလုံး စုစုနှင်းတို့ မောင်နှမတွေကို မွေးထုတ်ထားပြီး ဘာတာဝန်မှ မကျေပွန်ခဲ့တဲ့ အဖေက ပေးတဲ့ ကတိတွေကို ဘယ်လိုစိတ်နဲ့ ယုံကြည်ရမလဲ။
အထွန်းလေးနဲ့ ပုတုတို့ရဲ့ မျက်နှာကို လှမ်းကြည့်လိုက်တော့ ငိုမဲ့မဲ့ လေးတွေ ဖြစ်နေပါတယ်။
စုစုနှင်း ရင်ထဲမကောင်းလိုက်တာလေ။

“”ဟင့်အင်း ဟင့်အင်း အဖေဘာသာ ဒေါ်မချိုမကလို့ ယူချင်တဲ့သူကိုယူ..စုနှင်းတို့မတားဘူး။
အိမ်ကိုတော့ ရောင်းမပေးနိူင်ဘူး။
အရောင်းမခံနိူင်ဘူး။
ဟိုအဒေါ်ကြီးက မိန်းမလည်ကြီး အဖေလိုလူမျိူးကို အိမ်လေးရှိလို့ ယူချင်တာ။
အိမ်ရောင်းလို့ရတဲ့ငွေ ၊ သူ့လက်ထဲထည့်ပေးလိုက် သိပ်မကြာခင်အဖေကို ကန်ထုတ်မှာ။
အဲတော့ စုနှင်းတို့ လည်းဘယ်အဖွားဆီမှမသွားဘူး။
အိမ်လည်း အရောင်းမခံဘူး..ဟီး အီး.. “

“”အောင်မယ် လူက လက်တောက်လောက်နဲ့ ငါ့ကို အာခံနေတယ်။ ဒီအိမ်က ငါ့အမေဘက်ကရတဲ့အိမ်
ငါ့အိမ်…ငါကြိုက်သလို လုပ်မယ်။
နင်တို့ကို ခြူးတစ်ပြားမှ မပေးပဲ ကန်ချပစ်လိုက်ရမလား…နင်တို့ ခွင့်ပြုချက်ကိုတောင်းနေတာလည်းမဟုတ်ဘူး။
ငါ့ပစ္စည်း ငါ့ရောင်းမှာပဲ…ဘာဖြစ်လဲ…
ပြီးတော် ဒေါ်မချိုက မိန်းမလည်လို့ နင်ပြောတယ်နော်…ပါး ဖြတ် ချလိုက်မယ် ကောင်မ..လူပါးမဝနဲ့
ဒီညနေ ဝယ်သူနဲ့ ချိန်းထားတယ်..ငါသဘော..
ငါပစ္စည်း ငါရောင်းမှာ…ရောင်းပြီးရင်.. မချိုကိုယူမှာ ဒါပဲ…””

ပြောချင်ရာပြောပြီး အိမ်ပေါ်ကနေ ဆင်းသွားပါတယ်။
အဖေ့ကျောပြင်ကို ကြည့်ရင်း စုစုနှင်းတို့ မောင်နှမတွေ ဖက်ငိုမိကြပါတယ်။
မိဘကျေးဇူးမြင့်မိုရ်ဦး လို့ စုစုနှင်းကြားဘူးပါတယ်။
ဒါပေမဲ့..စုစုနှင်းတို့အတွက်တော့ အဖေမေတ္တာက တောင်ပူစာတစ်ခုလောက်တောင်အမြင့်မရှိပါဘူး။
တခါမှ သားရယ်၊သမီးရယ်လို့ ကြင်နာတတ်ရကောင်းမှန်းမသိတဲ့အဖေ။
သူ့ဘဝ မှာ သူ့သာယာပြီး ရှေ့ရေး၊နောက်ရေး ၊ သားသမီးအရေးရယ်လို့တောင် မသိခဲ့တဲ့အဖေ။
ဘာလို့များဒီလို အဖေမျိုးဆီမှာ စုစုနှင်းတို့ လူလာဖြစ်ကြရတာလဲ…
စုစုနှင်းတို့ မောင်နှမတွေ ဘဝတစ်ခုခုမှာ အဖေ့အပေါ် ပေးဆပ်ရမယ့်အကြွေးတွေ တင်နေခဲ့လေသလား…

တွေးရင်းနဲ့ ပိုဝမ်းနည်းလာပြီး…စုစုနှင်းမျက်ရည်တွေဆည်မနိူင်ဖြစ်နေရပါတယ်။
စုစုနှင်းရဲ့ ဘဝနူံချာရင် နူံချာပါစေ…
အထွန်းလေးနဲ့ ပုတုလေးကိုတော့ ဒီလိုဘဝကြီးနဲ့ ရေစုန်မမျောစေချင်သူပါ။
သုညသာသာရှိနေတဲ့ဘဝကနေ ကြိုးစားဖို့တောင် အခြေအနေအခွင့်အရေးမရတဲ့ ဘဝတွေပါလား..
ဝဋ်ကြွေးတွေသာဆိုရင် ကြေရပါလို၏.. လို့ စုစုနှင်း ဘုရားရှင်တော်မြတ်ဆီမှာ ဦးချကန့်တော့ရင်းဆုတောင်းမိတယ်။

“”မငိုကြပါနဲ့ အထွန်းနဲ့ပုတုရယ်
ဖြစ်လာတဲ့ဘဝကနေ မစု ရုန်းကန်ပြီး ငါ့မောင်လေးနဲ့ ညီမလေး ကို လုပ်ကိုင်ကျွေးပါ့မယ်..မငိုကြနဲ့နော်..””

အဲ့အချိန်မှာပဲ အိမ်ရှေ့ဆီကို ရပ်ကွက်လူကြီးနဲ့ လူအချို့ရောက်လာပါတယ်။

“”စုစုနှင်းရေ…စုစုနှင်း..””

အိမ်ဝယ်မယ့်သူတွေနဲ့ ရပ်ကွက်လူကြီး လာတယ်လို့သာထင်မိပါတယ်။
မျက်ရည်တွေကိုသုတ်ပြီး အိမ်ရှေ့ ထွက်လိုက်ပါတယ်။

“”စုစုနှင်းရေ စိတ်မကောင်းစရာပဲ…
နင်တို့အဖေ စျေးလမ်းထိပ်မှာ ကား တိုက် ခံရတာ ဆုံးသွားပြီ။
ဆေးရုံတောင်မရောက်လိုက်ဘူး…
အခု နာရေးကိစ္စတွေ ဦးလေးတို့ လိုက်လုပ်ပေးနေတယ်။
ကလေးတို့သိအောင်လာပြောတာ..””

“”ရှင်…အဖေ ဆုံး ပြီ ဟုတ်လား….
ဖြစ်မှ ဖြစ်ရလေ အဖေရယ်…””

@@@@@@@@@@@@@@@@@@@@@

အခန်း(သုံး)

ရပ်ကွက်က အဖေ့နာရေးကို အကျဥ်းရုံးပြီးအစအဆုံးစီစဥ်ပေးပါတယ်။.
ဦးသိန်းစိုး က ရစရာရှိတဲ့ကြွေးမြီတွေကို မယူတော့တဲ့အကြောင်း ရပ်ကွက်လူကြီးတွေရှေ့မှာပြောလာပါတယ်။..
စုစုနှင်းလေ ဦးလေးသိန်းစိုးကို လက်အုပ်ချီပြီးကန့်တော့မိပါတယ်။
ဝမ်းနည်းဝမ်းသာနဲ့ မျက်ရည်ကျမိတဲ့အထိပါပဲ။
အဖေရှိစဥ်ကလည်း ကိုယ့်ဝမ်းကိုယ်ရှာစားခဲ့ရတဲ့ စုစုနှင်းတို့အဖို့ အဖေရဲ့ ေ သဆုံးမှု့က အထူးတလည် ထိခိုက်သွားစေတာမျိုးတော့မရှိပါဘူး။
ရပ်ကွက်ကလည်း အမိမဲ့၊အဖမဲ့ စုစုနှင်းတို့ကို ဝိုင်းဝန်းပံ့ပိုးပေးကြပါတယ်။
စုစုနှင်း…မောင်လေးနဲ့ ညီမလေး အတွက် လောကကြီးကို ရင်ဆိုင်ရပါဦးမယ်။
အထွန်းလေးကိုရော၊ပုတုလေးကိုပါကျောင်းထားပေးနိူင်အောင်ကြိုးစားပါ့မယ်။
ရပ်ကွက်ကပံ့ပိုးပေးတဲ့ငွေအချို့နဲ့ကုန်စိမ်းလှည်းလေးပေါ်မှာကုန်စိမ်းစုံစုံလင်လင်တင်လို့ စျေးသည်မလေးစုစုနှင်း လောကကြီးကို ရင်ဆိုင်နေပါပြီ။

ဒါပေမဲ့လေ..ဝဋ်ကြွေးတွေကြေရပါလို၏..လို့ စုစုနှင်းဆုတောင်းလိုက်မိလို့ များ အဖေနဲ့ ေ သ ကွဲကွဲရတာလား…
အဖေကို ဒီလိုမျိုးကြီးမဖြစ်စေချင်မိတာအမှန်ပါ။
အဲ့အတွေးကိုတွေးမိတိုင်း ရင်ထဲမကောင်းဖြစ်ရတယ်အဖေရယ်….
အဖေ ပီသတာ၊ မပီသ တာတွေထက် အဖေ့ကို ဖြစ်လေရာဘဝမှာ လူပီသပြီး၊ သားသမီးအပေါ်မေတ္တာပေးတတ်တဲ့အဖေတစ်ယောက်အဖြစ် ပြန်လည်ရှင်သန်ပါစေလို့ စုစုနှင်းဆုတောင်းနေမိပါတယ်။

#ယွန်းနှင်းဆီခိုင်အားလေးစားလျက်