ဝမ်းတွင်းစုန်းမလေးမဆယ်မိ(စ/ဆုံး)
———————————-
မနက်စောစောတွင်ဖြစ်၏။ နှင်းအုပ်ဆိုင်းနေသောကြောင့် သိပ်ပြီး အဝေးကို ကြည့်၍မမြင်ရသေးပေ။ ပဲခူးရိုးမတောင်ခြေရွာဖြစ်သောကြောင့် တောင်စွယ်တောင်တန်းများနှင့်နီးနေ၍ နှင်းသိပ်သည်းလေ့ရှိ၏။ အအေးလည်းပို၏။
ကိုစံရွှေသည် ဇနီးသည်မအေးကြည် ထည့်ပေးထားသော စားနပ်ရိက္ခာများကို ပြည့်စုံမစုံ စစ်ဆေးကြည့်နေ၏။ တောထဲတွင် အနည်းဆုံး တစ်လမျှကြာမည်ဖြစ်၍ ရိက္ခာအစုံအပြည့်ပါမှ ဖြစ်ပေမည်။ ရိုးမကိုရောက်ပြီးမှ တစ်စုံတစ်ခု လိုနေ၍ တစ်ဖန်ပြန်လာနိုင်မည်လည်း မဟုတ်ပေ။
ကိုစံရွှေက သူ့မိတ်ဆွေများနှင့် ပဲခူးရိုးမကြီးကိုတက်ပြီး သစ်ခုတ် ၊ ဝါးခုတ် ၊ လွှဆွဲစသော တောလုပ်ငန်းများကို လုပ်ကိုင်ပြီး အသက်မွေးသည်။ ယခုလည်း သူ့မိတ်ဆွေများနှင့် ပဲခူးရိုးမကြီးကိုတက်ပြီး လွှဆွဲသွားကြရန် ပြင်ဆင်နေကြသည်။
” အဖေ ဘယ်ကိုသွားမလို့လဲ ” ဟု သမီးလေးမဆယ်မိက မေး၏။
” ရိုးမကို လွှဆွဲသွားမလို့ပေါ့ သမီးလေးရဲ့ ”
” မသွားလို့ မရဘူးလားအဖေ ”
” တပေါင်းပွဲကနီးလာပြီလေ သမီးလေးရဲ့။ အဖေမှာ ပိုက်ဆံတွေအများကြီးရှိမှ သမီးအစ်ကိုနဲ့ သမီးလေးတို့ တပေါင်းပွဲ(မြစောညီနောင်ဘုရားပွဲ)မှာ မုန့်မုန့်တွေ အများကြီးစားရမှာပေါ့။ ပြီးတော့ အဝတ်သစ်တွေ ၊ သနပ်ခါးနဲ့ နှုတ်ခမ်းဆိုးတွေ ဝယ်နိုင်မှာပေါ့ ”
” မုန့်တွေ ၊ သနပ်ခါးနဲ့ နှုတ်ခမ်းဆိုးတွေတော့ လိုချင်ပါရဲ့အဖေရယ် ။ ဒါပေမယ့် မသွားဘဲနေလို့ရရင်တော့ မသွားပါနဲ့ ။ အန္တရာယ်ကြီးကိုမြင်လို့ သမီး စိုးရိမ်လိုက်တာ ”
ကိုစံရွှေက သဘောကျပြီး ပြုံး၏။ သမီးလေးက စကားတတ်၏။ အသက်(၂)နှစ်ပင် မပြည့်သေးသော်လည်း ကြက်တူရွေးမလေးကဲ့သို့ စကားကြွယ်၏။ ဖွဲ့ဖွဲ့နွဲ့နွဲ့လေးပင် ပြောဆိုတတ်နေ၏။
ကိုစံရွှေနှင့် မအေးကြည်တို့မှာ သားကြီး မောင်အောင်မောင်းကို မွေးဖွားပြီးနောက် အဘယ်ကြောင့်ရယ်မသိ။ ကိုယ်ဝန်သုံးကြိမ်တိုင်တိုင် ပျက်ကျခဲ့ပြီး ဆယ်နှစ်ရှိလာခဲ့ပြီးမှ ဤသမီးလေးကို မွေးဖွားကြ၏။
ထို့ကြောင့် ရေထဲမှငါးကို ခက်ခက်ခဲခဲလိုက်ဖမ်းပြီး ဆယ်ယူရဘိသကဲ့သို့ရှိ၍ သမီးလေးအား ” မဆယ်မိ “ဟု အမည်ပေးထားကြသည်။ မဆယ်မိလေးကို (၇)လနှင့် မွေးဖွားပြီး အပေါ်သွားစွယ်လေးနှစ်ချောင်းလည်း ပါလာသောကြောင့် ထူးခြား၏။ သမီးလေးမှာ လမစေ့ဘဲ (၇)လနှင့် မွေးဖွားလာသောကြောင့် သေမည်ဟု ထင်ကြသော်လည်း မသေသည့်အပြင် ဒေါင်ဒေါင်မြည်ကျန်းမာ၏။ တစ်နှစ်အရွယ်မှာပင် လမ်းလျှောက်ပြီး တီတီတာတာဖြင့် စကားလည်းပြော၏။ ထိုကြက်တူရွေးမလေးလို စကားကြွယ်သောကြောင့်လည်း တစ်မျိုးလုံးက ဝိုင်းချစ်ကြ၏။
ကိုစံရွှေတို့ လွှဆိုင်း ရိုးမပေါ်တွင် တစ်လကြာခဲ့၏။ ပဲခူးရိုးမကြီးတွင် သစ်ပေါသောကြောင့် တစ်လ လွှဆွဲလျှင်ပင် သစ်ခြောက်တန်ကျော်ရ၍ ငွေထုပ်ပိုက်ပြီး ပြန်လာကြခြင်းလည်း ဖြစ်၏။
သမီးလေးမဆယ်မိက ခြံပေါက်ဝသို့ ထွက်ကြိုပြီး ဖခင်ဖြစ်သူအား ဆီးဖက်၏။ ထို့နောက် တစ်အောင့်ကြာအောင် စကားဆိုလိုက်ပြီး ” အဖေ ဘာမှမဖြစ်ဘူးနော် “ဟုလည်း အကဲခတ်သလို ကြည့်လိုက်ပြီးနောက် မေး၏။
” ဘာမှမဖြစ်ပါဘူး သမီးလေးရဲ့ ”
” အဖေ့တဲပေါ်ကို သစ်ကိုင်းကြီးပိတုန်းက သမီး စိုးရိမ်လိုက်တာအဖေရယ်။ ရင်တောင် တုန်သွားတယ် “ဟု ပြောလိုက်၍ ကိုစံရွှေ မျက်လုံးပြူးသွား၏။
ဟုတ်သည်။ ကိုစံရွှေတို့ လွှဆွဲနေကြတုန်း မိုးကြီးလေကြီးကျပြီး တဲလေး၏အနား သစ်ပင်ကြီးက လူတစ်ဖက်ခန့်ရှိသော သစ်ကိုင်းကြီးတစ်ကိုင်း ကျိုးကျလာပြီးပိသဖြင့် တဲကလေးပိပြားသွား၏။ လူများအားလုံး အပြင်မှာ လွှဆွဲနေကြတုန်းဖြစ်၍ တော်သေး၏။ တဲထဲမှာ ရှိနေတုန်းသာဆိုလျှင် တွေးဝံစရာပင် မရှိ။
သည်အဖြစ်ကို သမီးလေးက ဘယ်လိုလုပ်ပြီး သိနေသည်ကို နားမလည်နိုင်ပေ။ သမီးလေးက အလွန်ထူးဆန်း၏။ စကားပြောတတ်စကပင် သူပြောလိုက်သောစကားများသည် အမှန်ချည်း ဖြစ်နေတတ်၏။ တကယ့် ပုဗ္ဗနိမိတ်များချည်းလည်း ဖြစ်၏။
ထို့ကြောင့် သမီးလေးပြောသော စကားများကို ဂရုစိုက်ရမလိုဖြစ်လာ၏။ ကောင်းသော မင်္ဂလာနိမိတ်စကားများကိုဖြစ်စေ မကောင်းသော အမင်္ဂလာနိမိတ်စကားများကိုဖြစ်စေ သမီးလေးကြိုပြောတိုင်း ကွက်တိမှန်နေသည်ချည်းသာ ဖြစ်နေလေ၏။
ထို့ကြောင့် သမီးလေး၏ ပုဗ္ဗနိမိတ်စကားများအကြောင်းကို ကိုစံရွှေတို့လင်မယား ဘေးလူများမသိအောင် တိုးတိုးတိုင်ပင်ပြီး ရှေ့ကိုလည်း သမီးလေးပြောသောစကားသည် တကယ်ပင် မှန်နေဦးမလားဟု စောင့်ကြည့်နေကြ၏။
တစ်နေ့တွင် ကိုစံရွှေနှင့် လုပ်ဖော်ကိုင်ဖက်လွှသမားများ စုပေါင်းပြီး ရိုးမပေါ်လွှဆွဲသွားကြမည့်ကိစ္စကို တိုင်ပင်နေကြ၏။ သမီးလေးသည်လည်း အနားသို့ရောက်လာပြီး ဖခင်၏။ လည်ပင်းကို ကုန်းပိုးပြီး ဖက်၍နေ၏။
ထို့နောက် တစ်အောင့်အကြာတွင် ” အဖေ သမီးကြောက်တယ်။ ကြောက်တယ် “ဟု အော်ငိုပြီ အိမ်ထဲသို့ ဝင်ပြေးသွားလေ၏။ ထို့ကြောင့် ရုပ်ရုပ်သဲသဲ ဖြစ်သွားကြ၏။ အခြားလူများလည်း မျက်လုံးမျက်ဆံများပြူးဖြစ်ကာ ဟိုဟိုသည်သည် လိုက်ကြည့်ကြ၏။ ကိုစံရွှေက သမီးနောက်သို့ ပြေးလိုက်သွား၏။
” သမီးလေး ဘာကိုကြောက်တာလဲ။ ဘာတွေကို မြင်လို့လဲဟင်။ အဖေ့ကို ပြောစမ်း “ဟု ကိုစံရွှေက သမီးလေး၏အနားကို သွားရပ်ကာ မေး၏။ သို့မှ စောင်ပုံကြားတွင် ခေါင်းထိုးနေသော သမီးလေးသည် သူ့ဖခင်၏ရင်ခွင်ကို ပြေးဝင်ပြီး ပြောပြလေ၏။
” သမီး ဘုန်းဘုန်းကြီးကို ကြောက်တယ် ”
” မကြောက်နဲ့လေ သမီးလေးရဲ့။ ဘုန်းဘုန်းကြီးမှ မရှိတာ ”
” ဘုန်းဘုန်းကြီး ကျောင်းကထွက်လာနေပြီ။ အဖေ့ဆီကို လာနေတယ် “ဟု ပြောပြီး အော်ငိုလေ၏။ ထို့ကြောင့် လမ်းမဘက်ကို ကြည့်ကြသော်လည်း ဆရာတော်ကို မတွေ့သဖြင့် ဝိုင်းရယ်ကြ၏။.ထို့နောက် ကိုစံရွှေသည် သမီးလေးကို သူ့မိခင်ဆီ ပို့ပေးထားလိုက်ပြီး အိမ်ရှေ့သို့ ပြန်ဆင်းလာခဲ့ရာ တကယ်ပင် ကျောင်းထိုင်ဆရာတော် ကြွလာနေသည်ကို တွေ့လိုက်ရ၏။
ထို့နောက် တအံ့တသြဖြစ်သွားကြလေသည်။ သမီးလေး၏ ပုဗ္ဗနိမိတ်စကား ကွက်တိမှန်နေသောကြောင့် ဖြစ်သည်။ ဆရာတော်က လိုရင်းတိုရင်းမျှသာ ပြော၏။ ဆွမ်းစားကျောင်းဆောက်လုပ်ရန်အတွက် သစ်လိုနေ၍ သစ်စာရင်းကို ရေးယူလာပြီး ကိုစံရွှေတို့ လွှသမားများအား ပေးအပ်ဆွဲခိုင်းကာ ကျောင်းသို့ပြန်ကြွသွားလေ၏။
သို့သော် ထိုနေ့ထိုရက်မှစ၍ ထူးဆန်းသောသမီးလေး၏ ပုဗ္ဗနိမိတ်စကားများကိုထောက်ကာ ” ပေါက်စုန်း(ဝမ်းတွင်းပါစုန်း)မလေးပဲဖြစ်မယ် “ဟု တီးတိုး တစ်ယောက်တစ်ပေါက်ပြောဆိုကာ ဝေဖန်လာကြလေသည်။ ထို့ကြောင့် ကိုစံရွှေနှင့် မအေးကြည်တို့မှာလည်း သမီးလေးမဆယ်မိအတွက် စိတ်မချမ်းမသာ ဖြစ်ကြရလေ၏။
မိမိတို့အနေဖြင့် ပေါက်စုန်းကိုလည်း မသိ ၊ ဝမ်းတွင်းစုန်းကိုလည်း နားမလည်။ ရိုးသားဖြူစင်စွာဖြင့် တောလုပ်ငန်းများကို လုပ်ကိုင်ပြီး အသက်မွေးနေကြခြင်းသာ ဖြစ်၏။ သို့သော် ထိုနှစ်မည်ရ ပေါက်စုန်း ၊ ဝမ်းတွင်းစုန်းဆိုသည်ကိုမူ ကြားရုံမျှတော့ ကြားဖူးကြ၏။
ပေါက်စုန်း ၊ ဝမ်းတွင်းစုန်းများ၏ ဖမ်းစားခြင်းကို ခံရလျှင် ဖြေဆေးမရှိ ၊ မည်မျှအထိပင် အစွမ်းထက်ပါသည်ဟုဆိုသော ဆရာများနှင့် ကုသသည်တိုင်အောင် အသက်ချမ်းသာမရနိုင်ကြဟုလည်း ကြားဖူးပါ၏။ ထို့ကြောင့် လူတိုင်းပင် ပေါက်စုန်း ၊ ဝမ်းတွင်းစုန်းများကို ကြောက်လန့်ကြ၏။
ထို့ကြောင့် ယခု သူတို့သမီးလေး မဆယ်မိသာ ပေါက်စုန်း ၊ ဝမ်းတွင်းစုန်းတတ်လာသော စုန်းမလေးသာဖြစ်ခဲ့လျှင်ဟုတွေးကာ အလွန်အမင်း စိုးရိမ်ကြောင့်ကြစိတ်များဝင်၍ နေကြလေသည်။ တစ်သက်မှာ တစ်ယောက်တည်းသာ ရတတ်သော သမီးကလေးသည် စုန်းမလေးအဖြစ်ဖြင့် ရွာသူရွာသားတို့၏ ဝိုင်းပယ်ခြင်းကို ခံရပြီး ကဲ့ရဲ့ရှုတ်ချသံများဖြင့် လူတကာ၏ တံတွေးပေါက်တွင် ပက်လက်မျောရချေရဲ့ဟု တွေးပြီးလည်း စိတ်ပူနေကြလေ၏။
ဟုတ်သည်။ တစ်နေ့အခါတွင် ကိုစံရွှေသည် ထင်းပေါက်နေ၏။ သမီးလေး မဆယ်မိလေးသည်လည်း ဖခင်ဦးစံရွှေ၏ နောက်ကထိုင်ပြီး ပြောင်းဖူးစားနေ၏။ ထိုအခိုက်မှာပင် ဦးစံရွှေသည် ဖြတ်ဖြတ်လူးပြီး ထအော်လေ၏။
ထို့ကြောင့် မအေးကြည်လည်း ချက်ချင်းအနားသို့ ရောက်လာပြီး ” ကိုစံရွှေ ဘာဖြစ်တာလဲ “ဟု မေးလိုက်ရာ လေသံတိုးတိုးဖြင့် ” ငါ့စအိုဝမှာ ဘာဖြစ်သွားလည်း မသိဘူး။ အမယ်လေး ငါသေရတော့မယ်ထင်ပါရဲ့။ ငါဘာဖြစ်သွားလဲဆိုတာ သိရအောင် သမီးလေးမဆယ်မိကိုသော်လည်း မေးကြည့်လိုက်စမ်း “ဟုပြောပြီး ကိုစံရွှေ၏ မျက်နှာကြီး ရှုံ့မဲ့ကာ မျက်ရည်များ တောက်တောက်ကျနေလေသည်။ ထို့ကြောင့် အတိတ်နိမိတ်များကို ကြိုသိတတ်သော သမီးလေးမဆယ်မိအား မေးရလေသည်။
” သမီးလေး နင့်အဖေ ဘာဖြစ်သွားသလဲ မြန်မြန်ကြည့်ပေးပါဦးကွယ် ”
” ဘာမှမဖြစ်ပါဘူး အမေရဲ့ ၊ သမီးနောက်က ကြည့်နေတော့ အဖေ့ဝမ်းထဲကအူတွေ ဖင်ဝမှာ လာတစ်နေတာ တွေ့ရတယ်။ ဒါကြောင့် ထွက်ကျကုန်မှာစိုးလို့ သမီးစားနေတဲ့ ပြောင်းဖူးရိုးနဲ့ ဆို့ပိတ်ထားလိုက်တာပါ ”
” ဟယ် … သမီးကလည်း မဟုတ်မဟတ်တာတွေ လျှောက်ပြောနေတာလဲ။ အခုညည်းအဖေ ဘာဖြစ်သွားတယ်ဆိုတာကိုပဲ မြန်မြန်ကြည့်ပေးစမ်းပါ ”
” အမေက မယုံဘူးလား။ ဒါဆိုရင် ရော့ ဒီမှာကြည့် “ဟုပြောပြီး ပြောင်းဖူးရိုးကို ထုတ်ပြလေသည်။ သူ့ဖခင်ကိုစံရွှေ၏ ဝေဒနာမှာလည်း ယူပစ်သလို ပျောက်သွားလေသည်။ ထို့ကြောင့် သူတို့သမီးလေးမဆယ်မိမှာ ပေါက်စုန်း ၊ မွေးရာပါဝမ်းတွင်းစုန်း တတ်လာသည်မှာ အမှန်ပင်ဖြစ်သည်ဟု တိကျစွာဖြင့်ပင် နားလည်ကြလေသည်။
ထို့ကြောင့် သည်အတိုင်းထား၍မဖြစ်တော့။ သမီးလေးကို သူနားလည်လွယ်မည့် ဆုံးမစကားများဖြင့် ပြောဆိုရလေ၏။ ဤကဲ့သို့လုပ်လျှင် ငရဲကြီးတတ်သည့်အကြောင်း ငရဲဟူသည်မှာ ဤမြေကြီးအောက်၌ မီးတွင်းကြီးရှိသည့်အကြောင်း ၊ ငရဲကြီးသောသူတို့သည် ထိုမီးတွင်းကြီးထဲတွင် တစ်သက်ပတ်လုံး လှောင်ပိတ်ပြီး ပူလောင်၍ နေကြရကြောင်း ၊ ထို့ကြောင့် နောက်ထိုသို့ မည်သူ့ကိုမျှ မလုပ်ရန်ကို ဆုံးမပြောဆိုကာ တားထားကြလေ၏။
© © ©
သမီးလေး မဆယ်မိ(၇)နှစ်အရွယ်တွင် စာပေသင်ကြားရန်အတွက် ရွာဦးကျောင်းဆရာတော်ထံမှာ အပ်နှံကြရ၏။ ထိုအချိန်က သူတို့ရွာတွင် စာသင်ကျောင်းဟူ၍ မရှိသေးသောကြောင့် ယောကျ်ားလေးများရော ၊ မိန်းကလေးများပါ ရွာဦးကျောင်းဆရာတော်ထံမှ ဗုဒ္ဓဘာသာ ပါဠိစာပေများကိုသာ သင်ယူကြရသည်။
ထို့ကြောင့် ရွာမှာရှိသော ကျောင်းသား ၊ ကျောင်းသူလေးများ အားလုံးကိုပင် ရွာဦးကျောင်းဆရာတော်ထံမှာ အပ်နှံကြရ၏။ ထိုအထဲမှ အရွယ်ရောက်လာသော မိန်းကလေးများကိုမူ ဥပုသ်ဇရပ်မှာ ဖိုးသူတော် ၊ ကပ္ပိယများကသာ သီးသန့် သင်ကြားပေးကြရ၏။
တစ်နေ့သောအခါတွင် ကျောင်းသားလေးတစ်ယောက်သည် ဝမ်းဗိုက်ကိုလက်နှင့်နှိပ်ပြီး ငိုယိုလျက် စာချကိုယ်တော်ထံသို့ ရောက်လာလေ၏။ ထို့ကြောင့် ချက်ချင်း ကျောင်းထိုင်ဆရာတော်ထံကိုပို့ပြီး လျှောက်ထားရလေသည်။
” ဟင် … မောင်ကျောင်းသား ဗိုက်နာတယ်ဆိုတော့ ဘာတွေကိုများ စားလိုက်မိတုန်း ” ဟု ဆရာတော်က စစ်မေး၏။ ကျောင်းသားလေးက သူ့ဗိုက်ကို လက်နှင့်ဖိထားရင်း ငိုသံပါကြီးဖြင့် လျှောက်ထားလေ၏။
” ဘာမှမစားမိပါဘူးဘုရား ။ အိမ်က ထမင်းပဲ စားလာတာပါ ”
” ဒါဆိုရင် ကောက်ရသလို ဘာလို့များ ဗိုက်နာရပြန်တာတုန်း ”
” မသိဘူးဘုရား ။ တပည့်တော်မဆယ်မိကို စနောက်နေရင်းက အခုလို ဗိုက်နာလာတာပါ “ဟု ပြောပြလျှောက်ထားပြီး ကျောင်းသားလေး တအီအီဖြင့် ငိုလေ၏။
” အော် … အော် … ဒီလိုလား ၊ ဒါဆိုရင် မဆယ်မိကို ခေါ်လိုက်စမ်း ”
ကျောင်းသားလေးတစ်ယောက်က ချက်ချင်းထပြေးသွားပြီး မဆယ်မိကို လိုက်ရှာကာ ခေါ်လာခဲ့၏။
” ဟင် … မဆယ်မိ ၊ ဒီကျောင်းသားလေးကို ဘာများလုပ်လိုက်သတုန်း ”
” သမီးကို စုန်းမလေးလို့ချည်း ပြောပြောပြီး စ,နေလို့ ဒေါသထွက်ထွက်နဲ့ ဆော့ကစားနေတဲ့အထဲက သရေကွင်းလေးတစ်ကွင်းကို သူ့ဗိုက်ထဲ ထည့်ထားလိုက်တာပါဘုရား ”
” ဟင် … ဒုက္ခပါပဲ ။ အခုပြန်ထုတ်စမ်း ”
” ပြန်ထုတ်လို့ မရတော့ပါဘူးဘုရား ”
” ဘုရား … ဘုရား ၊ ဒါဆိုရင် ဒီကျောင်းသားလေး အခုဗိုက်နာနေပြီ။ ဘယ်လိုလုပ်ကြမတုန်း ”
” ဘာမှ လုပ်စရာမလိုပါဘူးဘုရား။ တစ်အောင့်ကြာလို့ သူချေးပါလိုက်ရင် ပါသွားမှာပါ။ သမီးကို စုန်းမလေးလို့ချည်း အော်အော်ပြီး လာ စ,နေလို့ ခဏတဖြုတ် ဗိုက်နာသွားအောင်ဆိုပြီး လုပ်လိုက်တာပါ ”
” ချေးပါရင်လို့ မပြောနဲ့။ အဲလိုပြောရင် ရိုင်းတယ်။ နောက်ဖေးသွားရင်လို့ပြော။ အဲလိုမှမဟုတ်ရင်လည်း ဝမ်းသွားရင် ၊ ဓာတ်သွားရင်လို့ ပြောရတယ် ”
” တင်ပါ့ဘုရား ”
” အဲလိုလည်း နောက်မလုပ်ရဘူး။ ကျောင်းသား ၊ ကျောင်းသူအချင်းချင်းပဲ။ စကားနဲ့ ပြန်ပြောပေါ့။ နောက်သာ အဲလိုမျိုးလုပ်ရင် ကြိမ်စာမိပြီလို့သာမှတ်ပေရော့ ”
” နောက်မလုပ်တော့ပါဘူးဘုရား ”
တစ်အောင့်အကြာတွင် မဆယ်မိလေး ပြုစားထားသော ကျောင်းသားလေး ဝမ်းသွားသဖြင့် သားရေကွင်း ပါသွားလေ၏။ ထို့ကြောင့် ခံစားနေရသော ဗိုက်နာရောဂါသည်လည်း ယူပစ်သလို ပျောက်ကင်းသွားလေသည်။ ဤသတင်းသည်ကား တစ်ရွာလုံးသို့ ပြန့်သွားလေ၏။ ထို့ကြောင့် ကျောင်းသား၊ကျောင်းသူများအားလုံးပင် မဆယ်မိလေး၏အနားကို တစ်ယောက်မျှ မကပ်ရဲကြတော့ပေ။ မဆယ်မိလေးခမျာမှာလည်း ဆော့ကစားဖော်ဟူ၍ မရှိတော့ဘဲ အပေါင်းအသင်းများ ကင်းမဲ့သွားရလေသည်။
© © ©
မဆယ်မိလေး၏ အသက်(၁၂)နှစ်အရွယ်သို့ ရောက်လာခဲ့၏။ ထို့ကြောင့် မဆယ်မိလေးသည် အပျိုဖြန်းမလေး ဖြစ်နေလေပြီ။ ဖွံ့ဖြိုးစအရွယ်ဟုလည်း ဆိုရသည်။
တစ်ခုသောနေ့တွင် မယ်အေးသည် စိတ်ဆိုးဒေါသထွက်ကာ ရှူးရှူးရှဲရှဲဖြင့် ဓားမကြီးကိုကိုင်ပြီး အိမ်ရှေ့မှာ လာရပ်၏။ ထို့ကြောင့် မအေးကြည် အလန့်တကြားဖြစ်သွားရပြီး မျက်လုံးများပြူးကာ မေးကြည့်လိုက်သည်။
” ဟဲ့ … မယ်အေး ၊ ဘယ်လိုများ ဖြစ်လာတာတုန်း ”
” ဒီမှာ အေးကြည် နင့်သမီးကို နိုင်အောင်ဆုံးမထားနော်။ မနက်က ကျောင်းမှာ ငါ့သား နင့်သမီးနဲ့ တစ်ယောက်တစ်ခွန်း စကားများကြတယ်လို့ ပြောတယ်။ အခု နေမကောင်းဖြစ်နေပြီ။ ဒါကြောင့် ငါ့သားသာ တစ်ခုခုဖြစ်ကြည့် ဒီဓားနဲ့ နင်တို့သားအမိကို နုတ်နုတ်စဥ်းပြီလို့သာ မှတ်ပေရော့။ တောက် …”
မယ်အေးသည် ထိုမျှသာ ဓားကြိမ်းကြိမ်း၍ ပြောထားခဲ့ပြီး ပြန်သွားလေသည်။ မအေးကြည်ကား ဘာမျှ ပြန်မပြောလိုက်ပေ။ သည်းခံနေရင်းက မျက်ရည်များပင် ပေါက်ပေါက်ကျသွားရလေ၏။ ထို့နောက် မျက်ရည်များကိုသိမ်းပြီး သမီးလေး မဆယ်မိအား အနားသို့ခေါ်ကာ မေးမြန်းရလေသည်။
” သမီး မယ်အေးရဲ့သားကို ဘာလုပ်လိုက်တုန်း။ သမီးနဲ့လည်း စိတ်ညစ်ရပါတယ်။ လူတကာ စော်ကားမော်ကားပြောတာကို သည်းခံရပေါင်းလည်း များခဲ့ပြီ။ ထစ်ခနဲဆို အဲဒီမကောင်းတဲ့ပညာဆိုးနဲ့ ဘာလို့လုပ်ရတာလဲ သမီးလေးရယ် ”
” သမီးဘာမှမလုပ်ပါဘူးအမေရဲ့။ သူ့ဘာသာ နေမကောင်းဖြစ်တာကို သမီးအပြစ် ပုံချနေတာပါ “ဟု ငိုသံပါကြီးနှင့် ပြော၏။ ထို့နောက် တစ်ချက်နှစ်ချက် ရှိုက်လိုက်ပြီး ဆက်ပြောသည်။
” သမီးလည်း စိတ်ညစ်တယ်။ ရှက်လည်း ရှက်တယ်။ သိတတ်စအရွယ်ကပင် ဒီနေ့အချိန်ထိ လူတကာဆီမှာ ကဲ့ရဲ့ခံရ ၊ စော်ကားမော်ကား အပြောခံရ။ သူတို့ဘာသာ နေထိုင်မကောင်းဖြစ်တာတောင် သမီးလုပ်လိုက်မိတာဆိုပြီး စွပ်စွဲနေကြတယ်။ တကယ်တော့ အရင်က သမီးလုပ်လိုက်မိတာတွေလည်း တကယ်စိတ်ပါလို့ ၊ ဒေါသအာဃာတကြီးတွေနဲ့ လုပ်တာလည်း မဟုတ်ပါဘူး။ ဒါကြောင့် သမီးလည်း ဒီပညာဆိုးကြီး မလိုချင်ပါဘူး။ မွေးရာပါမို့လို့သာ ရှိနေရတာပါ။ ဖြစ်နိုင်ရင် တစ်ခါတည်းတောင် ဖျောက်ဖျက်ပစ်ချင်တယ် ”
” ဟင် … တကယ်လား သမီး ”
သမီးလေးက မျက်နှာလေးစူပုပ်ပြီး ခေါင်းညိတ်၏။ ထို့နောက် ” ဟုတ်တယ် ” ဟုလည်း ဆို၏။ ထို့ကြောင့် မအေးကြည် အလွန်အမင်း ဝမ်းသာသွားသည်။
” ကောင်းပြီကွယ်။ သမီးလေး တကယ်မလိုချင်ဘူးဆိုရင် ဆရာတော်ကိုလျှောက်ထားပေးမယ်။ ဆရာတော်က ပြောဖူးတယ်။ ဒီပညာဆိုးမျိုးကို ကာယကံရှင်ကိုယ်တိုင် မလိုချင်လို့ ဖျောက်ချင်ရင် ဖျောက်ဖျက်လို့ရတယ်တဲ့။ ဒါကြောင့် ညနေ သမီးအဖေကိုပါပြောပြပြီး ဆရာတော်ဆီကို သွားကြရအောင် ”
ထို့နောက် မအေးကြည်က သည်အကြောင်းကို ပြောပြလိုက်ရာ ကိုစံရွှေလည်း မအေးကြည်နည်းတူပင် အလွန်အမင်း ဝမ်းသာသွား၏။ ကိုစံရွှေလည်း အရှက်ရပေါင်းများခဲ့ပြီဖြစ်သဖြင့် သမီးလေး၏ သည်ပညာဆိုးကို အတော်လေးပင် နာကြည်း မုန်းတီးနေမိသည်။
သို့သော်လည်း ကာယကံရှင်ကိုယ်တိုင် လိုလိုလားလား ဖျောက်ဖျက်ချင်စိတ်ရှိမှ ဖျက်လို့ရနိုင်သည်ဟု ဆရာတော်က မိန့်ဆိုထားဖူးသည်။ ထို့ကြောင့်လည်း အတင်းဖျောက်ဖျက်ခိုင်း၍ ပျက်မည်မဟုတ်။ တစ်ယောက်တည်းသော သမီးလေး စိတ်ညစ်ရုံသာရှိမည်ဟု တွေးကာ ဘာမျှမပြောဘဲ ထားခဲ့သည်။ ယခုတော့ သမီးလေးကိုယ်တိုင် သူ၏ ပညာဆိုးကို မုန်းတီးစွာဖြင့် ဖျက်ပေးပါဟု တောင်းဆိုလာ၍ အတော်လေးပင် အဆင်ပြေသွားလေသည်။
ထို့ကြောင့် ချက်ချင်းပင် လက်ဆောင်ပစ္စည်းများဝယ်ပြီး ဆရာတော်ကျောင်းကို သွားကြလေသည်။ ကျောင်းပေါ်ကိုရောက်သည်နှင့် ရှိခိုးဦးချပြီးနောက် သူတို့မိသားစု လာကြသည့်အကြောင်းခြင်းရာများကို ဆရာတော်အား လျှောက်ထားလိုက်ကြသည်။ သို့သော်လည်း ဆရာတော်က ချက်ချင်းလက်မခံသေးဘဲ သမီးလေးမဆယ်မိအား မေးမြန်းစိစစ်သေးသည်။
” မဆယ်မိကတော့ ဒီပညာဆိုးကြီးကို တကယ်လိုလိုလားလား ဖျက်ပစ်ချင်တယ်ဆိုတာ ဟုတ်ရဲ့လား ”
” ဟုတ်ပါတယ်ဘုရား ”
” လွယ်လွယ်တော့ မပြောလိုက်နဲ့။ ဖျောက်ဖျက်လိုက်လို့ ပျက်သွားရင် နောက်တဖန် ပြန်လိုချင်လို့ မရတော့ဘူး။ ဘုရားရှေ့မှာ သစ္စာဆိုပြီး လှူရမှာ ”
” တင်ပါ့ဘုရား။ လှူပါ့မယ်။ သမီးလည်း ဒီပညာဆိုးကြီးရှိနေတာကြောင့် စိတ်ဒုက္ခ ကိုယ်ဒုက္ခရောက်ခဲ့ရပေါင်းလည်း များခဲ့ပါပြီ။ ဒါကြောင့် ဖျက်သာ ဖျက်ပေးပါဘုရား ”
” ကောင်းပြီ ။ ဒီလိုဆိုရင် ဒကာမောင်စံရွှေ ငါ့ကို သောက်ရေတစ်ခွက်ယူပေးစမ်း ”
သိပ်ပြီး ခက်ခက်ခဲခဲမဟုတ်ပေ။ သောက်ရေခွက်ထဲသို့ ထိုင်တော်မူဘုရားဆင်းတုတော်လေးတစ်ဆူကို ထည့်စိမ်လိုက်၏။ ဤမျှသာ။ ထို့ကြောင့် မည်သည့်ကုထုံးဟူ၍ပင် မသိလိုက်ရပေ။ ဆရာတော်အား မေးလျှောက်ခြင်းကိုလည်း မဝံ့တော့။
သမီးလေးမဆယ်မိ၏ မွေးရာပါ ဝမ်းတွင်းစုန်း ၊ ပေါက်စုန်း ပညာဆိုးသည်လည်း ယူပစ်သလိုပင် ပျောက်ကင်းသွားလေ၏။ ဤသတင်းသည်လည်း တစ်ရွာလုံးသို့ ပြန့်နှံ့သွား၏။ ထို့ကြောင့် ထိုနေ့ထိုရက်မှစ၍ သမီးလေးမဆယ်မိသည်လည်း သူငယ်ချင်းများနှင့်အတူ ပျော်ပျော်ရွှင်ရွှင်ဖြင့် နေထိုင်ခွင့် ရရှိသွားလေသည်။
စာကြွင်း-
ထိုအချိန်က (၁၄)နှစ်အရွယ် မဆယ်မိလေးသည်သာ ယခုသက်ရှိထင်ရှားရှိမည်ဆိုပါလျှင် ဒေါ်ဆယ်မိအသက်(၅၅)နှစ်ဟု လင်,သားသမီးများနှင့်အတူ တောင်ငူမြို့နယ် ၊ ဒိုးသောင်ကျေးရွာအုပ်စု ၊ ပြုံးချောင်းနှင့် သောက်ရေခပ်ချောင်းတို့၏ ဆုံရာ ရှောက်ဥယျာဥ်လေးတွင် နေထိုင်လျက်ပင် ရှိပေလိမ့်မည်။
မူရင်းရေးသူ *** ထွန်းတောက်
#Credit