ဝိညာဉ်ကကြိုး(စ/ဆုံး)
——————–
ခန်းနားထည်ဝါလှသည့် ခေတ်မီနှစ်ထပ်တိုက်အိမ်ကြီးကို မျှော်ကြည့်ရင်းလူရိပ်လူယောင်မတွေ့သောကြောင့် ကျွန်တော် အသာစေ့ထားသည့် ခြံတံခါးကိုဆွဲဖွင့်ပြီး အထဲသို့၀င်ခဲ့သည်။ကျွန်တော်ခြံထဲသို့ရောက်သည်နှင့်တပြိုင်နက် အိမ်ရှေ့ ဆင်၀င်အောက်တွင်အိပ်နေသောခွေးက သူစိမ်းဧည့်သည်ကျွန်တော့်ကိုမြင်သည့်အခါ တရှိန်ထိုး ဟောင်တော့၏။
ခန္ဓာကိုယ်ရှည်မြောမြောဖြင့် တကိုယ်လုံးမည်းနက်သောခွေးသည်ကား ခြံစောင့်ခွေးပီသလှပေသည်။ ကျွန်တော့်အားထိုးဟောင်နေစဉ် ဖြူဖွေးနေသော အစွယ်များကြား သွားရေတမြမြထွက်ကာ ကြောက်စရာကောင်းလွန်း၏။ ထို့ကြောင့်ကျွန်တော်ခြေလှမ်းများ ရှေ့သို့ဆက်မတိုး ဝံ့တော့ပဲ နေရာမှာတင်စုံရပ်နေလိုက်တော့သည်။
ညနေမှောင်စပျိုးချိန် ဆင်၀င်အောက်တွင်ထွန်းထားသောဖန်ချောင်းက လင်းအား ပျော့လွန်းလှသည်။ ခန်းနားထည်ဝါလှသော နှစ်ထပ်တိုက်အိမ်ကြီး၀ယ် အပေါ်ထပ်တွင် မီးများလင်းထိန်နေသော်လည်း အောက်ထပ်တွင်မူ အလင်းရောင်ကင်းမဲ့လို့နေသည်။ အောက်ထပ်ဧည့်ခန်းတွင်ထွန်းထားသည့် မီးသီးလေးတစ်လုံးမှလွဲ၍ကျန်အခန်းများတွင် မှောင်အတိလွှမ်းလို့နေသည်။
လူရိပ်လူရောင်ဟူ၍တစ်ယောက်မှမတွေ့။ဤအတိုင်းဆိုပါကအိမ်ထဲ၀င်ရန်ခက်ချေပြီ။ဆီးဟောင်နေသာခွေးနက် ကြီးကလည်းကျွန်တော့်အား၀င်ခွင့်ပြု မည့်ပုံမပေါ်။ ရှေ့ဆက်တိုးပါကအကိုက်ခံရကိန်းရှိသည်။ထို့ကြောင့် ကျွန်တော် သည် နေရာမှာရပ်လျက်သာ အိမ်ထဲမှ တစ်စုံတစ်ဦးထွက်အလာကို မျှော်ကြည့်နေမိသည်။
အသင့်ကိုင်ထား သောခရီးဆောင်အိတ်က လေးသလိုရှိလာသောကြောင့် အိမ်ရှေ့ အင်္ဂတေတလင်းပေါ်သို့ ပစ်ချထားလိုက်ပစ်ချလိုက်မိ၏။
ခွေးကစူးစူးဝါးဝါးအသံနှင့် အဆက်မပြတ်ဟောင်နေသော်လည်း အိမ်ထဲက လူများမကြား၍လားမသိ။ တစ်ယောက်မှထွက်မလာပေ။အိမ်ထဲတွင် လည်း လူရိပ်လူရောင်ကမတွေ့ရသည့်အတွက် လူမရှိဟုတောင်ထင်ရသည်။
သို့သော် ဆင်၀င်အောက် တွင် တံခါးမကြီးက ဖွင့်လျက်သားဖြစ်နေသည် ။ အပြင်တွင်အနည်းငယ်ကြမ်းသောလေအေးများတိုက်နေမူကြောင့် တံခါးပေါက်မှ ခန်းစည်းများ အိမ်အတွင်းသို့ အလိပ်လိပ်တက်ကာ လွင့်ပြန်လို့နေသည်ကို မြင်နေရသော်လည်း လူရိပ်လူယောင်တော့မတွေ့ပါ။
နေရာမှာတင် ရပ်လျက် တစ်ယောက်ယောက်ထွက်လာနိုးနိုးမျှော်ကြည့်ရင်း မတွေ့သည့်အဆုံး၌ကျွန်တော် အသံပြုကာအော်ခေါ်လိုက်မိ၏။
“ဦးသောင်းစိန်…..။ဒေါ်နန်းမြ….။ အထဲမှာရှိလား….။’’
“…………………………….’’
ပြန်ထူးသံမကြားလာပဲ ခွေးဟောင်သံက ပိုမိုကျယ်လာသည်။စူးစူးဝါးဝါးထိုးဟောင်နေသောခွေး၏အသံကြောင့် ကျွန်တော့်အသံက တိုး၍ပေါက်ဟန်မတူ။
ခက်ချေပြီ။ တစ်ခါမှ မရောက်ဖူးသည့် အိမ်ဖြစ်သည့်အတွက် ၀င်သွားရန်လည်းကျွန်တော်သတ္တိမရှိသလို၊ ဟောင်နေသော ခွေးရှေ့က ဖြတ်လျှောက်ဖို့လည်း မဝံ့ရဲပါ။ ရှေ့မတိုး ၊ နောက်မဆုတ်ပဲနေရာမှာတင်အိမ်ကြီးအား အချိန်အတော်ကြာရပ်ကြည့်နေမိ၏။
အိမ်ကြီးကိုကြည့်ရပုံအရ ဦးသောင်းစိန်တို့မိသားစုမှာ ကျွန်တော်ထင်သည်ထက်ပင် ချမ်းသာပုံပေါက်သည်။ ဦးသောင်းစိန်က ကျွန်တော်တို့မိသားစုနှင့် နှစ်တွေအတော်ကြာရင်းနှီးခဲ့သောမိတ်ဆွေဟောင်းကြီးဖြစ်သည်။ ဦးသောင်းစိန် ယခုလိုမချမ်းသာခင်က ကျွန်တော်တို့ရွာဘက်သို့ စပါး၀ယ် ၊ပဲ၀ယ်လာနေကြဖြစ်ပြီး ထိုသို့အ၀ယ်လာတိုင်း ကျွန်တော့်အိမ်တွင် သာတည်းတတ်၏။အဖေ နှင့် ဦးသောင်းစိန်မှာ ငယ်ငယ်ကတည်းကပုခုံးဖက်ပေါင်းလားသည့် ကျောင်းနေဖက်သူငယ်ချင်းများ ဖြစ်သောကြာင့် အိမ်သို့ခဏခဏလာတတ်သော ဦးသောင်းစိန်အား ကျွန်တော်ငယ်ငယ်ကတည်းက ရင်းနှီးပြီးသားဖြစ် သည်။
စပါးပွဲစား ၊ ပဲပွဲစားလုပ်ရင်းတဖြည်းဖြည်းချမ်းသာကြွယ်၀လာသော ဦးထွန်းစိန်သည် ယခုအခါ ကလောမြို့ပေါ်တွင် ရွှေဆိုင်ကြီးတစ်ဆိုင်တောင်ပိုင်ဆိုင်လို့နေလေပြီ။စပါး၀ယ်၊ပဲ၀ယ်ခြင်းမလုပ်တော့သော်လည်း ကျွန်တော့်အိမ်သို့ အ၀င်အထွက် ကမပျက်ပေ။
မနေ့ကထိကျွန်တော်တို့အိမ်သို့လာပြီး ၄တန်း နှင့် ၆ တန်းကျောင်းသားအရွယ် သားနှင့်သမီးအား ကျူရှင်ပြပေးရန် ကျွန်တော့်ထံအကူညီးတောင်းခဲ့၏။ကျွန်တော်သည်လည်းကျောင်းပြီးခါစ အလုပ်မရှိသည်ကတစ်ကြောင်း၊ ကလောမြို့သို့ အလည်ရောက်ဖူးချင်သည်ကတစ်ကြောင်းစသည်တို့ကြောင့် မိထ္တီလာမြို့နယ်ရှိရွာလေးမှသည် ဦးသောင်းစိန်တို့ နေအိမ်သို့ မှီရာကားဖြင့် လာခဲ့ခြင်းဖြစ်လေသည်။
လမ်းတွင်စီးလာသောကားကပျက်နေသောကြောင့် မှောင်စပျိုးချိန်မှပင် ဦးသောင်းစိန်၏အိမ်သို့ရောက်ရှိခဲ့လေတော့ သည်။ယခုအိမ်အား ဦးသောင်းစိန်ကိုယ်တိုင် ညွှန်ပြထားပြီး ခြံနံပါတ်နှင့် အိမ်ပုံစံပါ ဓါတ်ပုံပြထားသောကြောင့် ဤအိမ်ကြီးဖြစ် မည်မှာမမှားနိုင်ပေ။
ယနေ့ကျွန်တော်လာမည်ဟုအသေအချာပြောထားပြီးသားဖြစ်သောကြောင့်ကျွန်တော်ဖုန်းတော့ထပ်မဆက်ဖြစ်ခဲ့ပေ။ ယခု ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမှ အိမ်ကြီးတွင်လူမတွေ့ရသောကြောင့် ကျွန်တော်အတော်လေးအကြပ်ရိုက်နေရ၏။ ဖုန်းဆက်မည်ဆိုသော်လည်း ကျွန်တော့်ဟန်းဖုန်းက မြို့အ၀င်ကတည်းကတိုင်ပျောက်ကာဆက်သွယ်မူဧရိယာပြင်ပရောက်နေ သည်မှာယခုထိပင်။
ရှေ့ဆက်တိုးမည်ဆိုသော်လည်း ခွေးနက်ကြီးရန်ကကြောက်နေရသောကြောင့် လူတစ်ဦးတစ်ယောက်ထွက်လာမည့်အချိန်ကို ကျွန်တော် စိတ်ရှည်ရှည်စောင့်ရမည်သာ…။
“ဟူး…….’’
စိတ်တွေအိုက်နေပြီ။
ခရီးပန်းလာသောကြောင့်လူတစ်ကိုယ်လုံးလည်း ကိုင်ရိုက်ခံထားရသလိုညောင်းကိုက်လို့နေ၏။ ရေမိုးချိုးပြီးနားချင်လှပြီ။ ဗိုက်တွေဆာနေသည်မှာလည်း တဂီဂီမြည်နေသည်။
သက်တစ်ချက်ကိုခပ်ပြင်းပြင်းချရင်း တိုင်ပျောက်နေသောဖုန်းကို ထပ်ခါထပ်ခါထုတ်ကြည့်မိပြန်သည်။ ဤနေရာပင် ဖုန်းလိုင်းမမိ၍လား၊ ကျွန်တော့်ဖုန်းပင်မကောင်း၍လားမသိ။ ဖုန်းတိုင်လုံး၀မရှိသည့်အပြင် ခဏခဏဖွင့့်ကြည့်လွန်းသောကြောင့် ဖုန်းအားပင်ကုန်ခါနီးလေပြီ။ စိတ်တိုတိုနဲ့ ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲသို့ခပ်ကြမ်းကြမ်းပြန်ထိုးထည့်ရင်း အိမ်ကြီးအား ဇက်ညောင်းအောင်မော့ကြည့်ရပြန်ပါသည်။
ရောက်နေသည်မှာ ၁၀ မိနစ်ကျော်ကျော်ပင်ရှိတော့မည်။အိမ်ထဲတွင်မည်သူမှထွက်မလာသေး။၁၀ မိနစ်သည် မများသော်လည်း စောင့်နေရသူ ကျွန်တော်အဖို့ အတော်ကြာပြီထင်မိ၏။ ကျွန်တော့်အားဟောင်နေသည့်ခွေးကလည်းတစ်စက်ကလေးမှပင်မနား။ စူးစူးဝါးဝါးဟောင်သံက ကျွန်တော့်နားများပင်ပွင့်ထွက်မတတ်ပင်။
“ဟင်း…………….။’’
ကျွန်တော်သက်ပြင်းရှည်ကြီးတစ်ချက်ကိုအားပါးတရချလိုက်ပြီး ထပ်မံအော်ခေါ်မည်အပြုတွင် အိမ်ရှေ့ဆင်၀င်အောက်မှ ဖြူဖြူသဏ္ဍာန် အရာတစ်ခုကို လွှားခနဲမြင်လိုက်ရ၏။ အမျိုးသမီးတစ်ဦး၏ပုံစံဖြစ်သည်။
ကျွန်တော်လွန်စွာ၀မ်းသာသွားပြီး လှမ်းခေါ်မည် အပြုတွင် ထိုအမျိုးသမီး၏ပုံရိပ်မှာ မြင်ကွင်းထဲမှ ရုတ်ချည်းပျောက်ကွယ်သွားခဲ့၏။
ထိုစဉ်ဘာရယ်မသိ ကျွန်တော်တကိုယ်လုံးကျက်သီးဖျန်းဖျန်းထကာလန့်သွားခဲ့သည်။ကြည့်နေရင်းမှ လွှားခနဲပေါ်လာပြီး ပျောက်သွား သည်မှာ သာမာန်လူမှဟုတ်လေပါ့မလား။
“ဘုရား…..ဘုရား…. သရဲခြောက်တာများလား…..။’’
ကျွန်တော်နုတ်ကတီးတိုးထွက်သွားမိ၏။ထိုစဉ်ကျွန်တော့်ပုခုံးသို့တစ်စုံတစ်ယောက်လာကိုင်သည့်အထိအတွေ့ကိုခံစားလိုက်ရပြီး ကျွန်တော် တကိုယ်တုန်လှုပ်ခြောက်ခြားကာရှေ့သို့ပင်ယိုင်လှဲမတတ်ဖြစ်သွားသည်။
“အမလေးဗျ…………….။’’
ကြောက်ကြောက်နှင့်နောက်သို့ဆတ်ခနဲလှည့်ကြည့်လိုက်မိသည်။
“သြော်….. ဦးသောင်းစိန်ရယ်….။အသံမပေးဘာမပေးလန့်လိုက်တာဗျာ…..။ဦးသောင်းစိန်နောက်မှာ ရောက်နေတာကျွန်တော် မသိလိုက်ဘူး။’’
“မင်း….အိမ်ရှေ့ကိုအာရုံစိုက်ပြီးကြည့်နေလို့ဖြစ်မှပါကွ….။ရောက်နေတာကြာပြီလား။’’
“ ၁၀မိနစ်လောက်ရှိပြီ။ခွေးဟောင်နေတာနှင့် အိမ်ထဲမ၀င်ရဲပဲဒီမှာတင်ရပ်နေတာ ဦးသောင်းစိန်ရေ …။တော်ပါသေးရဲ့ ဦးသောင်းစိန်ရောက်လာလို့…။’’
ကျွန်တော်၀မ်းသာအားရ ဦးသောင်းစိန်အားစကားပြောနေရင်း နောက်တွင်ဦးသောင်းစိန်၏ဇနှီးဒေါ်နန်းမြပါလာသည်ကိုပင်မမြင်လိုက်။
ထို့နောက်မှ
…
“သြော်… ဒေါ်နန်းမြရောကိုး … ကျွန်တော်အခုမှမြင်တယ်…။’’
“ရပါတယ်သား…။စျေးထဲကိုလိုအပ်တာလေးသွား၀ယ်ပြီးပြန်လာတာ။ ကဲ…ကဲ…သားလည်းပင်ပန်းလာပြီ။ အထဲ၀င်မယ်လေ…။ ကလေးတွေက တီဗီကြည့်နေကြတာဖြစ်မယ်…။ အာ့ကြောင့်တစ်ယောက်မှထွက်မလာတာ….။’’
“ဟုတ်…ဟုတ်… ဒေါ်နန်းမြ။’’
ပြောပြောဆိုဆိုကျွန်တော်ခရီးဆောင်အိတ်ကို ဆွဲပြီး ဦးသောင်းစိန်တို့လင်မယားနှင့်အတူအိမ်ထဲသို့၀င်ခဲ့ပါတော့သည်။
ထိုအချိန်မှာတော့ စောစောကဆင်၀င်အောက်တွင်ကျွန်တော့်အားထိုးဟောင်နေသည့်ခွေးနက်ကြီးဘယ်သို့ရောက်သွားသည်မသိ။
ပျောက် ချင်းမလှပျောက်လို့သွားလေပြီ။
အိမ်ထဲတွင် အသုံးအဆောင် ၊ အပြင်အဆင်ပစ္စည်းများက ခေတ်မီသားနားလို့နေ၏။အောက်ထပ်တစ်ထပ်လုံး ကြွေပြားများခင်းထားကာ ခြေချရက်စရာပင်မရှိအောင်သန့်လို့ဖြစ်သည်။ ဧည့်ခန်းမျက်နှာကျက်တွင်တပ်ထားသည့် အလှပန်းဆွဲမီးသီးများမှာ စိန်စီထားသကဲ့သို့အရောင်တဖိတ်ဖိတ်တောက်လို့နေသည်။
“ထိုင်…. လွမ်းနောင် ….။ အေးအေးဆေးဆေးနား …။ ကိုယ့်အိမ်လိုသဘောထားပြီးနေပေါ့ကွာ…။
ဦးလည်းမင်းတို့အိမ်မှာ အိပ်ခဲ့ စားခဲ့တာနည်းမနည်းပဲကိုးကွ….။’’
“ဟုတ်ကဲ့ပါဦးသောင်းစိန် ကျွန်တော်နေတတ်ပါတယ်…။’’
“ဟိုမှာ မင်းစာသင်ပေးရမယ့် ဦးသမီး နှင့်သားလေး လေ….။အငယ်မလေးနာမည်က ယွန်းယွန်း တဲ့…။သားနာမည်ကတော့ နေဇော်….။ပူတူးလေးလိုခေါ်တယ် အိမ်မှာတော့။မလိမ်မာတာရှိရင်လည်း ဆုံးမပေါ့ကွာ…။ကလေးတွေက အလိုလိုက်ထားတော့နည်းနည်းဆိုးချင်တယ် လွမ်းနောင်ရေ…။’’
ကလေးနှစ်ယောက်ဧည့်ခန်းမှခုံလေးတွင် ငြိမ်ငြိမ်လေးထိုင်နေကြ၏။ သူတို့၏မျက်နှာများမကောင်းကြပါ။ အိမ်ပြန်နောက်ကျသောကြောင့် အမေနှင့် အဖေအား စိတ်ကောက်နေခြင်းဖြစ်မည်။
ဦးသောင်းစိန် မိတ်ဆက်ပေးနေသော်လည်း ကျွန်တော့်အားတချက်ကလေးမှပင်လှည့်မကြည့်လာကြပါ။ သူတို့အားစာသင်ပေးမည့် ဆရာဖြစ်သည်ကိုပင်သိကြဟန်မတူ။မျက်နှာဘေးများက ကျွန်တော်တို့အားရှိသည်ဟုပင်သတ်မှတ်ကြပုံမပေါ်။
ဤသို့လျှင်ကျွန်တော်သည်လည်း ဦးသောင်းစိန်နှင့်ရောက်တတ်ရာရာစကားဖောင်ဖွဲ့ပြောဆိုရင်း စကားကောင်းနေစဉ် ဒေါ်နန်းမြ မှ အိမ်အပေါ်ထပ်မှဆင်းလာပြီး …
“သားလေး…လွမ်းနောင်…အပေါ်ထပ်ကအစွန်ဆုံးအခန်းကို ပြင်ထားပေးတယ်…။အဲဒီအခန်းမှာ သားပစ္စည်းတွေသွားထားရင်း ခဏနားလိုက်ပါဦး…။ပြီးတော့မှ ရေချိုးပြီးဆင်းလာခဲ့ ဒေါ်ဒေါ်အောက်ထပ်မှာ ထမင်းပွဲပြင်ထားမယ်…။ရာသီဥတုက အေးတော့ ရေကိုအကြာကြီးစိမ်မချိုးနဲ့နော်…. ရေမြေအပြောင်းလဲဆိုတော့ နေမကောင်းဖြစ်လေ့မယ်..’’
“ဟုတ်ကဲ့….။ ဒေါ်နန်းမြ ကျေးဇူးတင်ပါတယ်ဗျာ…။’’
“အေး… အေး…သား…။’’
ဤသို့လျှင်ကျွန်တော်သည်လည်း ဦးသောင်းစိန်နှင့် စကားဖြတ်ကာ အိမ်အပေါ်ထပ်သို့ အိတ်များဆွဲကာတက်ခဲ့၏။
လှေကားအတိုင်းတက်သွားပါက လေကား၏ ညာဘက်ခြမ်းတွင်အခန်းသုံးခန်းရှိပြီး ဘယ်ဘက်တွင်တော့ ကျွန်တော့်အခန်းတစ်ခန်းသာသီးခြားရှိပါသည်။တစ်ယောက်တည်းသီးခြားတစ်ခန်းဖြစ်ရာ နေရသည်မှာလွတ်လွတ်လပ်ရှိ မည်ဖြစ်သောကြောင့် ကျွန်တော် အခန်းအားသဘောကျမိပါ၏။
အကောင်းစား ကျွန်းတံခါးကြီးကို တွန်းဖွင့်လိုက်စဉ်မှာတော့ မှို့ယာအသစ်များဖြင့်ကုတင်တစ်လုံးက ကျွန်တော့်အားဆီးကြိုလို့နေ ပါသည်။ကျွန်တော်သည်လည်း ပင်ပန်းလာသည်ဖြစ်သောကြောင့် အပေါ်၀တ်အနွေးထည်ကို ချွတ်ကာ ကုတင်ပေါ်ပစ်အိပ်ချ၍ခဏနား လိုက်၏။
ထို့နောက် ရေကို အားပါးတရချိုးလိုက်ပြီးသည့်အချိန်၌အတော်လေးလန်းဆန်းသွားခဲ့၏။ထို့နောက်မှ ညနေစာစားရန် ကျွန်တော်အောက်ထပ် သို့ဆင်းခဲ့ပါသည်။
သစ်လွင်တောက်ပြောင်နေသည့် ကျွန်းလက်ရမ်းလှေကားကိုကိုင်ကာတစ်ထစ်ခြင်းဆင်းလာရင်း လှေကားပေါ်သို့ ဦးသောင်းစိန်၏သမီးလေးပြေးတက်လာတော့ကြောင့် ကျွန်တော် ခန္ဓာကိုယ်ကို တဖက်သို့ယိမ်းပေးလိုက်သည်။ယခုမှ ဦးသောင်းစိန်၏သမီးလေးကို ကျွန်တော်သေချာမြင်လိုက်ရသည်။ ဘာဘီရုပ်ကလေးကို အသားတွေဖြူစွတ်ပြီး အတော်လေးချစ်စရာကောင်း၏။ နှစ်ခွစီး၍သပ်သပ်ရပ်ဖီးချထားသောဆံပင်စည်းလေးက ခါးလယ်လောက်ထိရှည်သည်။ လှေကားထစ်ပေါ်ခုန်တက်တိုင်း မြောက်ကာမြောက်ကာဖြင့် အိအိကျနေ၏။မီးရောင်အောက်တွင် အနီရောင် ဂါ၀န်လေးနဲ့မြင်ရသည်မှာ ချစ်စရာ ကောင်းလွန်းလှသည်။
ကျွန်တော် လှေကားပေါ်ကနေ သူ့ကိုကြည့်ရင်း တဖြည်းဖြည်းဆင်းလာသော်လည်း ကလေးမလေး ကျွန်တော့်အားမြင်ဟန်မတူပါ။အပေါ်ထပ်သို့လှေကားထစ်အတိုင်း ခုန်ကာခုန်ကာ တက်လာသောကြောင့် ကျွန်တော်အား၀င်တိုက်မိသလို ဖြစ်သွား၏။ ထိုစဉ်ဘာရယ်မသိကျွန်တော်တကိုယ်လုံးကြက်သီးဖျန်းဖျန်းထသွားခဲ့သည်။ကျွန်တော်အား တိုက်မိသည့်အခါ ကလေးမလေးမှ အရယ်အပြုံးမဲ့သောမျက်လုံးဖြင့် ကျွန်တော့်အားကြည့်လာ၏။ကျွန်တော်ပြုံးပြသော်လည်းကျွန်တော့်အား မမြင်သလိုလုပ်ကာ အိမ်အပေါ်ထပ်အလောတကြီးတက်သွားခဲ့သည်။
အရယ်အပြုံးကင်းမဲ့သော ကလေးမလေး၏ကျောပြင်အားကျွန်တော် နေရာမှာတင် ရပ်ကာငေးကြည့်နေလိုက်မိသေး၏။ ထို့နောက်မှ ညနေစာစားရန်မီးဖိုဆောင်ထဲသို့ဆင်းလာခဲ့လိုက်ပါတော့သည်။ ထမင်းစားပွဲတွင် ဦးသောင်းစိန်နှင့် ဒေါ်နန်းမြတို့ဇနှီးမောင်နှံနှစ်ယောက်စလုံးကျွန်တော်အား အဆင်သင့်စောင့်နေကြပါသည်။
ဤသို့လျှင်ကျွန်တော်သည်လည်း အလွန်တရာဆာလှောင်နေပြီဖြစ်သောကြောင့် ညနေစာကို အားပါးတရစားသောက်ပြီး စောစောအိပ်ယာ၀င်ခဲ့ပါတော့သည်။
“ဒေါက်…..ဒေါက်……ဒေါက်………..။’’
အိပ်၍ပျော်ခါစလောက်သာရှိသေး၏။တံခါးခေါက်သံ ကကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသောကြောင့် ကျွန်တော်အိပ်ယာမှ လူးလှဲကာထလိုက်လေသည်။ခြုံထားသော မှို့ယာခြုံထည်ကြီးကို ခြေထောက်နှင့်ကန်ကာခွာရင်း ကုတင်ပေါ်ဆင်းခဲ့၏။ထို့နောက်တံခါးသို့ ခပ်သွက်သွက်သွားကာဖွင့်ပေးလိုက်သည်။
တံခါးလက်ကိုင်လော့ကြီးကိုလှည့်ကာဖွင့်လိုက်စဉ် …..
“ဟင်…. ဘယ်သူမှမရှိပါလား….။’’
ကျွန်တော်စိတ်ထဲကပြောလိုက်ခြင်းဖြစ်သည်။အပြင်တွင်တံခါးလာခေါက်သည့်သူအားမတွေ့သောကြောင့် အခန်းပြင်နေရာ တော်တော် များများသို့မျက်လုံးဝှေ့ကာရှာမိခဲ့၏။သို့သော် လျှပ်စစ်မီးလင်းထိန်နေသောအလင်းရောင်အောက်တွင် အရာအားလုံးငြိမ်သက်ကာ လူရိပ် လူယောင်မတွေ့ရပေ။
စောစောကတံခါးခေါက်သံအားအသေချာကြားလိုက်ရသည်ဖြစ်သော ကြောင့်အိမ်မက်တော့ဟုတ်မည်မထင်။ ကျွန်တော်ကိုယ်တိုင်နားဖြင့်ဆတ်ဆတ် ကြားလိုက်ရသောအသံသာဖြစ်၏။
သို့သော် ကျွန်တော်ဆက်မစဉ်းစားတော့ပဲ အိပ်ထားသောကြောင့်အနည်းငယ်လေးနေသည့် ဇက်ကိုခေါင်းခါယမ်း၍ချိုးကာ ကုတင်ပေါ်ပစ်ချ၍ ထပ်မံအိပ်စက်လိုက်ပြန်လေသည်။
“ဒုန်း……………။’’
အိပ်ပျော်မည်မကြံသေး။တံခါးသံကြောင့်ကျွန်တော်နိုးခဲ့ရပြန်လေသည်။ယခုတစ်ခေါက်အသံသည်ကား တံခါးခေါက်သံမဟုတ်ပဲ တံခါးအား တစ်ခုခုလာမှန်ဟန်ဖြစ်၏။ ယခုအခါတော့အသံပြုသူကိုအတိအကျသိရန်ကျွန်တော်တံခါးမဖွင့်ပေးသေးပဲ ခဏကုတင်ပေါ်တွင်ထိုင်နေလိုက် ၏။ ခေါင်းရင်းစားပွဲပေါ်ရှိဖုန်းမှနာရီကိုကြည့်လိုက်သည့်အခါ ည ၁၂နာရီ၂၅မိနစ်ရှိလေပြီ။ ဖုန်းတိုင်ကတော့ယခုထိပျောက်နေဆဲဖြစ်၏။
“ဟင့်…..ဟင့်….မေမေနှင့်တိုင်ပြောမယ်….။မီးမီးကို လက်သီးနှင့်ထိုးတယ်လို့တိုင်ပြောမယ်…။’’
“ဒီတစ်ခါလက်သီးနှင့်မဟုတ်ဘူး ဓါးနှင့်ပါထိုးမယ်…။ငါ့အရုပ်တွေကို ကိုင်ရဲကိုင်ကြည့်နောက်တစ်ခါ….။’’
ကလေးနှစ်ယောက်ရန်ဖြစ်နေသံဖြစ်၏။မဟုတ်မှလွဲရော ဦးသောင်းစိန်၏သား နှင့်သမီး မအိပ်ဘဲကစားနေကြဟန်တူ၏။အချိန်မတော်ကြီး ကစားနေကြသောကြောင့်ကျွန်တော် သွားအိပ်ရန်ပြောမည်ဟုစိတ်ကူးကာတံခါးအားဆွဲဖွင့်လိုက်လေ၏။
“ဟင်……။’’
တစ်ယောက်မှမရှိသောကြောင့်ကျွန်တော်အံ့သြသွားရန်ပြန်ပါသည်။ကလေးနှစ်ယောက်၏အရိပ်ယောင်ပင်မတွေ့ရ ။ ကျွန်တော်အခန်းသည် အိမ်အပေါ်ထပ်၏အစွန်ဆုံးအခန်းဖြစ်ကာ ဘေးတွင်ကျွန်တော့် အခန်းနှင့်နီးသောအခန်းလည်းမရှိပါ။
ကလေးနှစ်ယောက်အမြန်အောက်ထပ်သို့ပြေးဆင်းသွားကြသည်ဆိုဦးတော့ ယခုလောက်တော့မမြန်နိုင်ပေ။စောစောက ကလေး နှစ်ယောက်သံကိုကျွန်တော်နားနှင့်ဆတ်ဆတ်ကြားခဲ့ရ၏။ တံခါးဖွင့်လိုက်စဉ် ဘာမှမရှိခြင်းအတွက်ကျွန်တော်တကိုယ်လုံး ကြက်သီး ဖျန်းဖျန်းထကာကြောက်ရွံ့သွားခဲ့ပါသည်။ ကလေးနှစ်ယောက်ရှိမည်အထင်ဖြင့်ကျွန်တော်လှေကားထိပ်သို့သွားကာ အောက်ထပ်အား ငုံကြည့်ကာရှာမိသည်။
သို့သော် တိတ်ဆိတ်နေသောပတ်၀န်းကျင်အောက်တွင်အရာအားလုံးက ဆိတ်ငြိမ်လျက်ရှိ၏။
ထိုစဉ်အိမ်အပြင်ဘက်ဆီမှ ခွေးအူသံများ ဆူညံစွာထွက်ပေါ်လာသောကြောင့်ကျွန်တော်တစ်ယောက်တည်း တုန်လှုပ်ခြောက်ခြား လာကာ အခန်းဆီသို့အပြေးလာခဲ့မိသည်။
အခန်းသို့ပြန်ရောက်စဉ်အသေအချာပိတ်ထားသောတံခါးကြောင့်ကျွန်တော်မျက်လုံးများပြူးကျယ်သွား၏။ ကျွန်တော်အခန်းထဲမှ ထွက်လာစဉ်က အခန်းတံခါးအားပြန်မပိတ်ခဲ့သည်ကို ကျွန်တော်အသေအချာမှန်မိပါသည်။ လေတိုး၍ပိတ်သည်ဟုဆိုရမည်လည်း လှုံခြုံသော တိုက်ခန်းထဲတွင် လေ၀င်ရန်အပေါက်ပင်မရှိပါ။ ကျွန်တော်ကိုယ်တိုင်အခန်းနှင့်ဝေးဝေးသို့မသွားခဲ့သောကြောင့်တစ်စုံတစ် ယောက်လာပိတ်သွားသည်ဆိုသော်လည်း ထိုသူအားကျွန်တော်မြင်နိုင်ပေသည်။
ကျွန်တော် တစ်ကိုယ်လုံးတုန်လှုပ်ခြောက်ခြားကာအခန်းတံခါးအား တုန်ယင်သောလက်အစုံဖြင့်ဆွဲဖွင့်လိုက်၏။ ထို့နောက် တံခါးလော့ကို အသေအချာချ၍ကုတင်ပေါ်ပြေးတက်ကာ ခေါင်းမှီးခြုံ၍အိပ်စက်လိုက်ပါတော့သည်။ မည်သည့်အသံကြားကြားကျွန်တော် အိပ်ယာမှမထတော့ဟုဆုံးဖြတ်ထား၏။
ကြိုးစား၍အိပ်သော်လည်းအတော်နှင့်အိပ်မပျော်…။ စောစောကကြုံတွေ့ခဲ့ရသည့်အကြောင်းအရာများအား တစ်ခုစီပြန်လည် စဉ်းစားရင်း အိပ်ယာထက်၀ယ်ကျွန်တော်လူးလိမ့်နေမိ၏။တွေ့မြင်နေရသော ကလေးနှစ်ယောက်နှင့်ပတ်သက်ပြီး ကျွန်တော် စိတ်ထဲတွင် မရှင်းမလင်းဖြစ်နေ၏။ ထိုကလေးနှစ်ယောက်သည်ကားကျွန်တော့် အာရုံထဲတွင်အတော်လေးထူးဆန်းနေသလိုခံစားမိနေ၏။
ကလေးနှစ်ယောက်ရဲ့မျက်လုံးတွေက အေးစက်လွန်းနေသည်။ပြီးတော့ ကျွန်တော့်ကိုလည်း မမြင်သလိုနေကြသည်။ လှေကားတွင်တိုက်ရိုက်တူတူဆုံသော်လည်း ကျွန်တော့်အားမမြင်သလိုလုပ်သွားသည်။ ပြီး ကလေးမလေးနဲ့တိုက်မိစဉ် ကျွန်တော်အလိုလိုကြက်သီးဖျန်းဖျန်းထသွားမိသည်။ကလေးတွေကဘာတွေပါလိမ့်။
ရောက်တတ်ရာရာစဉ်းစားတွေးတောရင်း မနက်လင်းခါနီးအချိန်မှ အိပ်ပျော်သွားခဲ့ရပါတော့သည်။
ဆူညံသံကြား၍ကျွန်တော်အိပ်နေရာမှ လန့်နိုးလာ၏။ထိုစဉ် ညကပြတင်းတခါးဖွင့်ထားသောကြောင့်နံနက်ခင်းနေရောင်က မျက်နာသို့အတိုင်းသားထိုး၍နေသည်။နေရောင်ဟပ်မူကြောင့်အခန်းတစ်ခုလုံးလင်းထိန်လို့နေ၏။
နေအလင်းရောင်ကိုမြင်သည့်အခါ ကျွန်တော်မျက်လုံးများမခံမရပ်နိုင်အောင်စူးနေသောကြောင့် လက်ဖြင့်ကျွန်တော် မျက်လုံးအစုံ ကိုကွယ်ထားရသည်။ဘာရယ်မသိ ကျွန်တော်မျက်လုံးများ နေအလင်းအားကို ခံနိုင်စွမ်းမရှိပါ။
ညကအိမ်ရေးပျက်ထားလို့လည်းဖြစ်နိုင်ပါသည်။
ရုတ်တရက်အိမ်ကြီးအောက်ထပ်တွင် ဆူညံနေသောလူသံများကြားသောကြောင့် နားစွင့်လိုက်မိသည်။စုစုရုံးရုံး လူအုပ်များစကားပြော နေသည့်အသံကို ကျွန်တော်အခန်းထဲမှ အတိုင်းသားကြားနေရပါသည်။တချက်ချက် ငိုသံလိုလိုအသံများပါကြားနေရသောကြောင့် ကျွန်တော် စိုးရိမ်တကြီးဖြစ်ကာ အောက်ထပ်သို့ မျက်နှာပင်မသစ်ပဲအမြန်ဆင်းခဲ့ပါသည်။
အိမ်အပေါ်လှေကားထိပ်မှ အောက်ထပ်သို့ လှမ်းကြည့်လိုက်သည်ဆိုလျှင်ပဲ အယောက်၅၀ လောက်ရှိသော လူအုပ်ကြီးက အောက်ထပ်တွင်တရုံးရုံးဖြစ်နေသည်။အိမ်တွင် မနက် မွေးနေ့ပွဲတို့ ၊ အလှူတို့ရှိသည်ဟုလည်း မနေ့ညက ဦးသောင်းစိန်တို့ပြောသံမ ကြားမိပေ။စုစုရုံးရုံးလူများအား ကျွန်တော်ကြောင်တောင်တောင်ရပ်ကြည့်နေရာမှ ငိုသံတချို့ပါကြားရသောကြောင့် အောက်ထပ်သို့ခပ်သွက် သွက်သွက်လေးဆင်းခဲ့သည်။
အောက်ထပ်ရှိ ဧည့်ခန်းတွင် ရက်ကွက်ထဲမှ လူများဖြစ်ဟန်တူသူတွေတော်တော်များများရောက်ရှိနေကြပါသည်။ သူတို့၏မျက်နှာ များကရွှင်ပျမူမရှိပဲ၀မ်းနည်းရိပ်များသမ်းနေသယောင်ထင်မိ၏။
“ဘာဖြစ်လို့ပါလိမ်………..။’’
ကျွန်တော်တစ်ကိုယ်ကြားရေရွတ်ရင်း လူစုစုရှိရာနေရာသို့ တဖြည်းဖြည်းချဉ်းကပ်ခဲ့သည်။ ကျွန်တော့်အားမသိ၍လားမသိ။ထိုလူများထဲမှ တစ်ယောက်တစ်လေမှ ကျွန်တော်အားအဖက်မလုပ်ကြပါ။ ကျွန်တော်ပြုံးပြသော်လည်း အပူလုံးကပ်နေသည့်သူတို့မျက်နှာများက ကျွန်တော့်အားမြင်ကြဟန်ပင်မတူပါ။
လူအုပ်ဘေးတစ်ဖက်တွင်တော့ ဦးသောင်းစိန်၏သားနှင့်သမီးက အသက်၃၀ကျော်ကျော် အမျိုးသမီးအားဖက်ကာငိုနေ၏။ထိုအမျိုး သမီးမှာ လည်း ကလေးနှစ်ယောက်အားချော့ကာသူပါငိုနေပါသည်။
ထိုစဉ်ကျွန်တော်အားတစ်ယောက်လာတိုက်၍ကျွန်တော်ကြမ်းပြင်ပေါ်သို့လှဲကျလုလုဖြစ်သွားခဲ့သည်။ကျွန်တော်လှည့်ကြည့်လိုက်သောအခါ အသက်၅၀ကျော်လူကြီးတစ်ယောက်က ကျွန်တော့်အားကြည့်လာ၏။ အလုပ်ရှုပ်နေကြသောထိုသူကြီးသည်လည်းကျွန်တော်အားမတော်တဆတိုက်မိသည်ကိုကျွန်တော်နားလည်ပါသည်။
“ရပါတယ်… ဦးလေးဘာမှမဖြစ်ပါဘူး….။’’
ထိုလူကြီးထံမှ တုန့်ပြန်သံမလာပါ။ကျွန်တော်အား အသေအချာစိတ်ကြည့်ရင်း မမြင်သလိုပြုကာ အကြည့်လွှဲသွား၏။ကျွန်တော်စကား ကိုလည်းအသိမှတ်ပြုပုံမပေါ်။လူအများအလုပ်ကိုယ်စီရှုပ်နေကြပြီး ကျွန်တော်အားမည်သူမှအသိမှတ်မပြုကြသောကြောင့်ကျွန်တော်အနေ ရကြပ်လာသည်။
ဦးသောင်းစိန်နှင့် ဒေါ်နန်းမြကို လူအုပ်ကြားထဲကြိုးစားရှာကြည့်သော်လည်း အရိပ်အယောင်ပင်မတွေ့ရပါ။
ထို့နောက်ကျွန်တော် စုရုံးရုံးလူအုပ်ကြီးဆီသို့သွားပြီး အတင်းတိုးကာအထဲသို့၀င်သွားခဲ့သည်။ ကျွန်တော့်အားမည်သူမှ လမ်းမဖယ် ပေးသောကြောင့်ကျွန်တော်အတော်လေးတိုးကာ၀င်သွားလိုက်ရပါသည်။
အထဲသို့ရောက်သည့်အခါ တွေ့လိုက်ရသော အခေါင်းတလားနှစ်ခုကြောင့်ကျွန်တော်တစ်ကိုယ်လုံးတုန်လှုပ်ခြောက်ခြားသွားခဲ့ ရသည်။ ရွှေရောင်သွပ်ပြားဖြင့်အလှဆင်ထားသောအခေါင်းတလားကြီး၏ဘေးတွင် လူများစုထိုင်ကာငိုနေကြ၏။
“ဘုရား….ဘုရား…ဘယ်သူသေတာလဲမသိပါဘူး….။’’
ကျွန်တော်တအံ့တသြဖြင့် သေသူနာမည်တပ်ရာခေါင်းတလားဘေးသို့အသာလေးစောင့်ငှဲ့ကြည့်လိုက်မိချိန်တွင်ကျွန်တော်တကိုယ်လုံး နောက်သို့လှန်လှဲကျမတတ်ကြောက်လန့်သွားခဲ့ရ၏။
ဦးသောင်းစိန် အသက် (၅၁)နှစ် ဟူသောအခေါင်းတလားတစ်ခုနှင့် ဒေါ်နန်းမြ အသက်(၄၃)နှစ်ဟူသော အခေါင်းတလား ကြီးတွင်ကပ်ထားသည့် စာတမ်းကြီးက ကျွန်တော်မျက်စိများအားမယုံနိုင်အောင်ဖြစ်သွားခဲ့သည်။မနေ့ညမှအကောင်းပကတိရှိနေ သေးသည်ကို ယခုသေသည်တဲ့လား။မဖြစ်နိုင်ပါ။ ကျွန်တော်မျက်လုံးအစုံကိုပွတ်ကာ ထပ်ကြည့်မိပြန်သည်။ အခေါင်းတလားဘေးက စာတန်းက ကျွန်တော်မျက်လုံးထဲတွင် ပို၍ပင်ထင်ရှားလာသေးသည်။
“ဟာ…..ဟုတ်ပါ့မလား …..။ ဦးသောင်းစိန်တို့သေတာဟုတ်ပါ့မလား….။’’
မြန်မာစာလုံးဖြင့် သဲသဲကွဲကွဲရေးထားသောစာလုံးများက ရှင်းလင်းပြတ်သားလို့နေ၏။ဘေးတွင် အားပါးတရငိုနေကြသော ဦးသောင်းစိန်၏ကလေးနှစ်ယောက် နှင့် ၀မ်းနည်းပက်လက်ငိုနေကြသောလူစုများကိုကြည့်ပြီးကျွန်တော် အံ့သြလွန်းကာနဖူးများ ချွေးများပင်စို့လာသည်။
ထို့နောက် တစ်တောင်ကျော်ကျော်လောက်ဟထသောအခေါင်း၏အဖုံးကို ကျော်၍ကျွန်တော်ကြည့်လိုက်သောအခါ ပကတိဆိတ်ငြိမ်စွာ အသက်ကင်းမဲ့နေသည့် ဦးသောင်းစိန်နှင့်ဒေါ်နန်းမြတို့၏ဖြူဆွတ်နေသောမျက်နှာကို ကျွန်တော်တွေ့ လိုက်ရသောကြောင့် ပါးစပ်အဟောင်း ဖြစ်ကာကျွန်တော်တုန်လှုပ်သွားခဲ့လေသည်။ဒါဆို မနေ့ညက ကျွန်တော်တွေ့ခဲ့သည်မှာ ဦးသောင်းစိန်တိုရဲ့ ဝိညာဉ်တွေများလား ။ စဉ်းစားရင်း ကြက်သီးဖျန်းဖျန်းထကာကြောက်မိသည်။
ထို့နောက်အနီးတွင်ရှိနေသော အမျိုးသမီးကြီးတစ်ယောက်အား….
“အဒေါ် … ဘယ်လိုတွေဖြစ်ကြတာလဲဗျာ…။မနေ့ညကမှ အကောင်းကြီးရှိသေးတာ…….။’’
“………………………………………..’’
ထိုအမျိုးသမီးကြီး ကျွန်တော့်စကားအားကြားဟန်မတူ။တစ်ချက်ကလေးမှ ကျွန်တော့်အားကြည့်လာခြင်းမရှိ။
ထို့ကြောင့် ကျွန်တော် နောက်အမျိုးသမီးကြီးတစ်ယောက်အားမေးမိပြန်သည်။
“ကြီးကြီး…. ဦးသောင်းစိန်တို့ လင်းမယားက ဘယ်တုန်းကဆုံးသွားတာလဲ…။မနေ့ညကမှ အကောင်းကြီးရှိသေးတယ် ကျွန်တော့်ကို ပြောပြစမ်းပါဗျာ….။’’
စောစောကတစ်ယောက်အတိုင်းသာဖြစ်၏။ကျွန်တော့်စကားအားကြာမည့်ပုံမပေါ်။ဘာမှ ခွန်းတုံ့ပြန်ခြင်းမရှိပဲ နေမြဲအတိုင်းသာနေနေ ကြ၏။
ကျွန်တော် နားမလည်းလွန်းသောကြောင့် တကိုယ်လုံးတုန်လှုပ်ခြောက်ခြားမူနှင့်အတူ လူအများ၏ရှေ့တွင်ကျွန်တော်ပိတ်ရပ် လိုက်မိ၏။ထို့နောက် ကျွန်တော်လက်နှစ်ဖက်ကိုဆန့်တန်းကာ….
“ကျွန်တော့်ကိုပြောပြကြစမ်းပါ…။ ကျွန်တော်က ဦးသောင်းစိန်ရဲ့မိတ်ဆွေ…။ ဒီအိမ်မှာ ရောက်နေတဲ့ဧည့်သည်ပါ။ သူတို့ ဘယ်လိုသေကြတာလဲကျွန်တော်ကိုပြောပြပါဗျာ….။’’
ကျွန်တော်စကားအားတစ်ယောက်မှ မကြားကြသည့်အပြင်ကျွန်တော့်ကိုလည်းမြင်ကြဟန်လည်းမတူပါ။ အားလုံးမှာ သူတို့နေမြဲအတိုင်းသာနေ နေကြပြီး ငိုမြဲငိုနေကြဆဲဖြစ်၏။ ဘာကြောင့် ကျွန်တော့်ကိုသူတို့မမြင်ကြတာလဲ ၊ ကျွန်တော့်အသံကိုဘာလို့မကြားကြတာလည်း စဉ်းစားရင်းခေါင်းတစ်ခုလုံးမူးနှောက်လာသည်။
ငိုချင်စိတ်များကြီးစိုးလာပြီး တစ်ကိုယ်လုံမခံမရပ်နိုင်ပူလောင်လို့လာခဲ့ သည်။ရင်ထဲတွင် ၀မ်းနည်းခြင်း ၊ ကြောက်ရွံ့ခြင်းများရောယှက်ကာ ထိုနေရာမှ ကျွန်တော်အဝေးဆုံးသို့ထွက်ပြေးခြင်မိ၏။
“ကျွန်တော်ကို တစ်ယောက်မှမမြင်ကြဘူးလား….။ကျွန်တော့်အသံကို တစ်ယောက်မှ အကြားကြဘူးလား…။ ဒါဆိုကျွန်တော်က ဘာလဲ….။ခင်ဗျားတို့တွေရော ဘယ်လိုလူတွေလဲ…။’’
ကျွန်တော်တစ်ယောက်တည်းအရူးတစ်ယောက်လိုပြောကာငိုမိ၏။သို့သော် ကျွန်တော်အား ယခုထိမည်သူမှမမြင်ကြသေးပါ။ ကျွန်တော် အလိုလိုနေရင်းကြောက်ရွံ့လာကာလူတွေကြားထဲပြေးထွက်မိ၏။
ထိုစဉ်ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါးနေပြီး လေပေါ်တွင်ပျံနေရသလိုခံစားမိလိုက်ပါသည်။
“ဟင်……………။’’
ကျွန်တော်တိုးဝှေ့ထွက်လာသော်လည်း မည်သူတစ်ဦးတစ်ယောက်နှင့်မှမတိုက်မိ။မည့်သည့်အထိအတွေ့မှ ကျွန်တော်မခံစားရ သလိုဖြစ်နေသည်။ကျွန်တော့်၏ခြေအစုံတို့သည်လည်း ကြမ်းပြင်နှင့်မထိသလိုခံစားရ၏။
“ဘုရား…..ဘုရား….ငါဘာဖြစ်နေပါလိမ့်….။’’
ကျွန်တော်တုန်လှုပ်ခြောက်ခြားကာ ကျွန်တော်ခန္ဓာကိုယ်အားပြန်လည်ငုံ့ကြည့်မိ၏။သို့သော်မူလ ပကတိ အတိုင်းကျွန်တော် ခန္ဓာကိုယ်က ဘာဆို ဘာမှမဖြစ်ပေ။ ကျွန်တော့်အားတစ်ယောက်မှ မမြင်ကြခြင်းသည်ကားမည်သို့သဘောဖြစ်သည်ကိုကျွန်တော်စဉ်းစား၍မရနိုင်ပါပေ။
ထိုစဉ် အပြင်မှအလောတကြီးပြေး၀င်လားသော ဦးသောင်စိန်၏ညီမ ဒေါ်တင်လှကို ကျွန်တော်တွေ့သွား၏။ဒေါ်တင်လှ ကျွန်တော်တို့အိမ်သို့တစ်ခေါက်အလည်လာဖူးသူဖြစ်ပြီး ကျွန်တော်နှင့် အတော်လေးခင်ခဲ့သောကြောင့် ကျွန်တော်၀မ်းသာသွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဒေါ်တင်လှ တော့ကျွန်တော်အားသိသည်ဖြစ်သောကြောင့် စကားပြန်ပြောမည်မှာ သေချာ၏။
အလောတကြီး၀င်လာသောဒေါ်တင်လှမျက်နှာလည်းမကောင်းပေ။သူ့အကိုဆုံး၍အပူလုံးကြွနေသည်ကိုကျွန်တော်နားလည်ပါ သည်။ သို့သော်လည်းကျွန်တော် ၀မ်းသာအားရဖြင့် ဒေါ်တင်လှအား လက်ပြကာ လှမ်းနုတ်ဆက်လိုက်၏။
“ဒေါ်တင်လှ ….. ဘယ်ကပြန်လာတာလဲ ။ ကျွန်တော့်ကိုမှတ်မိတယ်မလား….။’’
အခုမှခက်ချေပြီ။ ဒေါ်တင်လှလည်း ကျွန်တော့်အားတွေ့ဟန်မတူသည့်အပြင်ကျွန်တော်စကားကိုလည်း ကြားဟန်မတူပါ။ကျွန်တော့်ဘက်သို့ တစ်ချက်ကလေးမှပင်လှည့်ကြည့်လာခြင်းမရှိပေ။ ထို့ကြောင့်ကျွန်တော် ရုတ်တရက် ဒေါ်တင်လှ လက်အား လှမ်းဆွဲလိုက်၏။
“ဟင်………..’’
ကျွန်တော်လက်တွေ ဒေါ်တင်လှအသားနှင့်မထိပါ။ လေကိုလိုက်ဖမ်းဆုပ်ရသလိုဖြစ်နေသည်။ဘာကိုမှ မဆုပ်ကိုင်မိ။
“မတင်လှ …. ပြန်လာပြ်ီလား….။ဘယ်လိုဖြစ်တာလဲရှင် …။ဦးသောင်းစိန်တို့ကား မှောက်ကြတာဆို….။’’
လူအုပ်များထဲမှ အမျိုးသမီးတစ်ဦး ဒေါ်တင်လှအားလှမ်းမေးသောကြောင့် ကျွန်တော်နားစွင့်နေလိုက်သည်။ ခဏပင်မကြာလိုက် ဒေါ်တင်လှ၏ ငိုသံစွက်ကာပြောသောစကားသံက ကျွန်တော်နားထဲသို့၀င်ရောက်၍လာခဲ့လေတော့သည်။
“ကျွန်မ ပြောကိုမပြောချင်တော့ပါဘူး ဒေါ်အေးရီရယ်….။ မနေ့ညနေက တောင်အတက်မှ လိုင်းကားနှင့် တိုက်မိတာ နှစ်ယောက်လုံး နေရာမှာတင်ပွဲချင်းပြီးဆုံးရှာတယ်။ဘတ်ကားပေါ်က စုစုပေါင်းလူ ၅ ယောက်သေတဲ့အထဲမှာ ဒီကကလေးကိုနှစ်ယောက်ကို စာသင်ပေးဖို့လာတဲ့ မိထ္ထီလာက လွမ်းနောင်ဆိုတဲ့ ကောင်လေးလည်းပါသွားတယ်….။
အဲဒီကလေးက ဆေးရုံတော့ရောက်သေးတယ်။ဒါပေမဲ့ ဆေးရုံမှာပဲဆုံးရှာတယ်လေ…။ကိုသောင်းစိန်တို့ လင်မယားတော့ နေရာမှာ တင်ပွဲချင်းပြီးတာမို့ အလောင်းကို အိမ်ပြန်သယ်လာလိုက်တယ်။အခုကျွန်မဆေးရုံက ပြန်လာတာ။ကျွန်မ မဖြေနိုင်လိုက်တာရှင်…..။’’
စကားအဆုံး၌ကျွန်တော်တစ်ကိုယ်လုံး တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။ကျွန်တော်သေပြီဆိုပါလား….။
ဘုရား…..ဘုရား……။
ဟုတ်သားပဲ။ ကျွန်တော်မနေ့က တောင်ပေါ်တက်လမ်းမှာ ကျွန်တော်တို့ကား ကားအသေးလေးတစ်စီးနှင့် တိုက်မိပြီးမှောက်ခဲ့တာ။ ကားငယ်လေးက ဦးသောင်းစိန်တို့ ရဲ့ ကားကိုး…။ ပြီးတော့ ကျွန်တော်တို့ ကားမှောက်ပြီး ကျွန်တော့်ခေါင်းကို တစ်ခုခုနှင့် တိုက်မိလိုက်တာ ကိုကျွန်တော်ခံစားရပြီး မေ့သွားတယ်…။
ကျွန်တော်အဲဒီထိပဲမှတ်မိတယ်။ပြီးတော့…. ကျွန်တော် ဦးသောင်းစိန်တို့အိမ်ရှေ့ကိုရောက်ရှိခဲ့တာပဲ….။
ဘုရား …. ဘုရား ကျွန်တော်အဲဒီမှာပဲသေသွားခဲ့တာလား…………..။
ကျွန်တော်နှောက်ကျိနေသောခေါင်းထဲက တစ်ခုချင်းပြန်မှတ်မိလာပြီး တကိုယ်လုံးသွေးပျက်မတတ်ခံစားသွားရသည်။
“မဖြစ်နိုင်ပါဘူး … ငါသေတာမဖြစ်နိုင်ဘူး…။
ခေါင်းတစ်ခုလုံးသွင်သွင်ရမ်းကာကျွန်တော်လက်မခံနိုင်ခဲ့ပါ။မျက်၀န်းအိမ်မှမျက်ရည်တို့သည် တသွင်သွင်းစီးကျလာပြီး လောကကြီး ချာချာလည်သွားသလိုခံစားရပါသည်။ တသွင်သွင်စီးကျနေသောမျက်ရည်တို့ကိုအဖော်ပြုကာပူဆွေးနေသော်လည်း လူလောကကြီးကကျွန်တော့်အားအပြီးပိုင်နင်ထုတ်ခဲ့လေပြီ။
သေတာကိုတောင်မသိလိုက်ရသည့်ကျွန်တော် ၊ ဝိညာဉ်ဘဝြဖင့်တစ်ညတာလုံးဖြတ်သန်းခဲ့တဲ့ကိုယ့်အဖြစ်ကိုယ်တွေးရင်း မျက်ရည်များသာစိတ်ဖြေရာဖြစ်ခဲ့ရသည်။ မနေ့ညကတွေ့ခဲ့သော ဦးသောင်းစိန်နှင့်ဒေါ်နန်းမြ တို့သည်လည်းသူတို့ကိုယ်တိုင်ဝိညာဉ်လော ကသားများဆိုတာကိုသိမည့်ပုံမပေါ်…။ကျွန်တော်တို့ဘ၀တူလောကသားအချင်းချင်းတွေ့မြင်ခဲ့ကြသည်ကိုသိခဲ့သော် သူတို့နှစ်ယောက် လည်း ကျွန်တော့်ကဲ့သို့စိတ်မကောင်းဖြစ်နေပေလိမ့်မည်။မနေ့ညတစ်ညလုံးကျွန်တော်တို့တွေ ဝိညာဉ်စေရာနောက် လိုက် က ခဲ့ကြတဲ့သူတွေပေါ့။
မနေ့ညတစ်ညလုံးကျွန်တော်တို့ဝိညာဉ်လောကသားတွေ ဒီအိမ်ကြီးမှာအတူတူနေထိုင်၊စားသောက်အိမ်စက်ခဲ့ကြသည်ကို ယခုအသုဘတွင်ရောက်ရှိနေကြသောသူများနှင့် ဦးသောင်းစိန်တို့သားနှင့် သမီး သည်လည်းသိပုံမပေါ်ကြပါ။သေမည်ကိုပြင်ဆင်ချိန် မရလိုက်ကြသည့်ကျွန်တော်တို့ ဘယ်ဘုံ၊ဘယ်ဘ၀မှာ ဘယ်လိုဆက်ဖြစ်လာဦးမည်ကိုစဉ်းစားရင်းကျွန်တော်တွေးကြောက်နေမိပါသည်။
အမှန်တရားကိုလက်မခံနိုင်ခဲ့သော်လည်းကျွန်တော့်စကားကို ဘယ်သူမှမကြားနိုင်တော့သည်ကိုသိလိုက်ရသည့်အချိန်၊ ကျွန်တော်အားဘယ်သူမှ မမြင်နိုင်တော့သည်ကို သိလိုက်ရသည့်အချိန်၊လူ့လောကကြီးနှင့်ကျွန်တော်လားလားမျှမသက်ဆိုင်တော့သည် ကို သိလိုက်ရသည့်အချိန်၌ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးတိမ်တွေလိုပေ့ါပါးကာလေထဲသို့လွင့်စင်သွားပါတော့သည်။
ထို့နောက် အိမ်ကြီး ထဲမှ လူတွေနှင့် တဖြည်းဖြည်းဝေးလာသလိုခံစားလိုက်ရပြီး လူတွေရဲ့စကားသံတွေကလည်း ကျွန်တော့်နားထဲမှာ တိုးတိုးလာသည်…။ကျွန်တော်အတွေးထဲမှာလည်းကြောက်ရွံ့ခြင်း၀မ်းနည်းခြင်းတွေသက်သာလာသည်။တဖြည်းဖြည်းကျွန်တော့်စိတ်တွေပေါ့ပါးလာပြီး ဘာခံစားချက်မှ မရှိတော့သည့်အချိန်၌ ကျွန်တော်သည် မျက်၀န်းအစုံကိုအသာအယာ မှိတ်လိုက်မိသည်။
ထို့နောက်ကျွန်၏ စိတ်အစဉ်တို့သည် အိမ်မက်မမက်သည့့်ညတွင်အိပ်စက်ရခြင်းကဲ့သို့ ဘာကိုဘာမှမသိနိုင်တော့ပါ……..။
(လပြည့်၀န်းမဂ္ဂဇင်းတွင်ဖော်ပြပါရှိခဲ့ပြီးသော ၀တ္ထုဖြစ်ပါသည်။)
ချစ်ခြင်းများစွာဖြင့်
ညီလေးငယ်