ဝိညာဉ်ခေါ်တဲ့ည

ဝိညာဉ်ခေါ်တဲ့ည(စ/ဆုံး)

————————-

ဟော.. သူတို့ ကျွန်တော့်ကို ခေါ်နေကြပြီ။
သူတို့ဟာ ကျွန်တော့်သူငယ်ချင်းတွေပါ။
ကျွန်တော့်သူငယ်ချင်းတွေဟာ သူတို့ခေါ်မယ့် သရဲတစ္ဆေဟာ ကျွန်တော်ဖြစ်နေမှန်းမသိကြပဲနဲ့ ခေါ်ကြတော့ မယ်။
သူတို့ပြင်ဆင်နေပုံကိုကြည့်ပြီး.. သူတို့ တစ္ဆေခေါ်ပွဲ လုပ်တော့မယ်ဆိုတာကို ကျွန်တော်သိနေပါတယ်။
လူ့ဘ၀တုန်းက ကျွန်တော်ကိုယ်တိုင် သူတို့လုပ်တဲ့ တစ္ဆေခေါ်ပွဲမှာ ပါနေကျမို့ သူတို့ပြင်ဆင်နေတာ တစ္ဆေခေါ်ပွဲအတွက် ဆိုတာကို ကျွန်တော် သိနေပါတယ်လေ။
သည်တစ်ခါတော့ သူတို့ခေါ်လို့ ရောက်လာမယ့်တစ္ဆေဟာ သူတို့သူငယ်ချင်း ကျွန်တော်ဆိုတာကို သူတို့သိပုံမရဘူး၊
ကျွန်တော်ဟာ ကျွန်တော်နေထိုင်တဲ့သစ်ပင်ပေါ်ကနေပြီး သူတို့ လုပ်နေကိုင်နေပုံတွေကို အစအဆုံး မြင်တွေ့နေရပါတယ်။ ကျွန်တော်နေတဲ့သစ်ပင်ဟာ သူတို့နေတဲ့အဆောင်ရှေ့ တည့်တည့်မှာမို့ အကုန်လုံးကို မြင်နေရတာပါ။
ဒီအဆောင်ဟာ ကျွန်တော်လူ့ဘ၀က ကျွန်တော့်သူငယ်ချင်းလေးယောက်နဲ့အတူတူနေခဲ့တဲ့ အဆောင် ပဲလေ။
ကျွန်တော်သေပြီးကတည်းက ပြိတ္တာဘ၀ရောက်ပြီး အဆောင်ရှေ့သစ်ပင်ပေါ်မှာ နေနေရတာကို ကျွန်တော့်သူငယ်ချင်း တွေမသိကြသေးဘူး။
x x x x x x x x x

မင်းမင်းထိုက်က သူ့အခန်းထဲက မှန်ချပ်ကိုယူလာတယ်၊
မင်းမင်းထိုက်မှန်ချပ်က ၁ပေx၁ပေခွဲအရွယ်ဆိုတော့ ဝိညာဉ်ခေါ်ပွဲလုပ်တဲ့နေရာမှာ သုံးလို့ကောင်းတယ်။ ဝိညာဉ်ခေါ်ပွဲ လုပ်တဲ့အခါတိုင်းလည်း သူ့မှန်ချပ်ကိုပဲသုံးနေကျပါ။
ဝိညာဉ်ခေါ်ပွဲလုပ်တယ်ဆိုတာ ဒီလိုပါ။
ဝိညာဉ်ခေါ်ပွဲကို လူတစ်ယောက်တည်းလုပ်လို့မရပါဘူး၊ အနည်းဆုံး လူနှစ်ယောက်နဲ့လုပ်မှရပါတယ်။
ဝိညာဉ်ခေါ်ပွဲလုပ်ဖို့အတွက် အနေတော် မှန်တစ်ချပ်ရယ်၊ မှန်ပေါ်မှာ စာရေးရင်ထင်နိုင်တဲ့ ဆော့ပင် တစ်ချောင်းရယ် ပဲလိုပါတယ်။
ဝိညာဉ်ခေါ်တော့မယ်ဆိုရင်.. မှန်ကို စားပွဲအလည်တည့်တည့်မှာတင်၊ ဝိညာဉ်ခေါ်မယ့်လူတွေက စားပွဲကိုဝိုင်းပြီး မတ်တပ်ရပ်နေရပါတယ်။ ပြီးတော့ လူအားလုံးက ဆော့ပင်ကို မှန်ပေါ်မှာထောင်ရက်တင်ပြီး ကိုင် ထားရပါတယ်။ ဆော့ပင်ကို လူအားလုံးလက်နဲ့ထိအောင် ကိုင်ထားရတာပေါ့။
ပြီးတော့..တစ်ယောက်က ဝိညာဉ်ကို ဒီလိုအသံထွက်ပြီးခေါ်ရတယ်။
`ဤအနီးတဝိုက်တွင် အနီးဆုံးနေရာ၌ရှိနေသည့်ဝိညာဉ် ခင်ဗျား၊ သင့်အား ကျွန်ုပ်တို့ အလိုရှိပါသဖြင့်
လာရောက်ပါရန် ဖိတ်ခေါ်ပါသည်၊ ယခုချက်ချင်း လာရောက်ပါခင်ဗျား”
အဲဒီစကားကို သုံးကြိမ်သုံးခါတိတိ လူတစ်ယောက်ထဲက အသံထွက်ပြီးပြောရပါတယ်။
မကြာခင်မှာပဲ ဝိညာဉ်ဟာရောက်လာပါတော့တယ်။
ဝိညာဉ်ရောက်မရောက်ကိုလည်း သေချာအောင် မေးကြည့်နိုင်ပါတယ်။
ဝိညာဉ်ဟာ သူဖြေတဲ့အဖြေစကားအားလုံးကို ဆော့ပင် ကိုမှန်ပေါ်မှာရွေ့စေပြီး.. စာနဲ့ရေးပြပါတယ်။
ဥပမာ..
`ဝိညာဉ်.. သင်ရောက်နေပြီဆိုရင် မှန်ပေါ်မှာ ၀လုံး တစ်လုံးဝိုင်းပြပါ
အဲဒီလိုပြောလိုက်တာနဲ့ တပြိုင်တည်း.. ဆော့ပင်ကို ခပ်ဖွဖွကိုင်ထားကြတဲ့ လူတွေရဲ့ လက်တွေဟာ သူ့အလိုလိုရွေ့ လျားသွားပြီး မှန်ပေါ်မှာ ၀လုံးပုံတခု ပေါ်လာပါတယ်။
ဝိညာဉ် ရောက်ပြီပေါ့၊ ၀လုံးပုံမဟုတျပဲ.. ကြက်ခြေခတ်ရေးခိုင်းလည်း ရတယ်၊ အင်္ဂလိပ်လို့ ရက်စ်-နိုး ရေးခိုင်းလို့လည်းရတယ်။
ဝိညာဉ်ကတော့ သူရောက်မရောက်ကို လက်တွေပေါ် မှာစီးပြီး ရေးပြမှာပဲ။
အဲဒီလိုနည်းနဲ့ ကျွန်တော်တို့ဟာ ဝိညာဉ်ကို ခေါ်ခဲ့ကြ ပါတယ်။
ဝိညာဉ်ရောက်လာတဲ့အခါ ကျွန်တော်တို့မေးချင်တဲ့ မေးခွန်းတွေမေးကြတယ်။
`ဒီအုပ်စုထဲက ငါးယောက်စလုံး ဒီနှစ်စာမေးပွဲအောင်မလား
အဲဒီလိုမေးလိုက်ရင်.. ဆော့ပင်ကိုကိုင်ထားတဲ့ ကျွန်တော်တို့လက်တွေဟာ အလိုလိုရွေ့လျားသွားပြီး မှန်ပေါ်မှာ စာ တလုံးစ နှစ်လုံးစ ရေးပြီးရက်သားဖြစ်နေတတ်တယ်။
`အောင်မယ်”
ကျွန်တော်တို့ခေါ်ထားတဲ့ ဝိညာဉ်ကောင်ရဲ့ အဖြေ စကားပါပဲ။
`ကျွန်တော် မျိုးသူ ချစ်နေတဲ့ကောင်မလေးက ကျွန်တော့်ကို ပြန်ချစ်မလား”
ကျွန်တော်သိပ်သိချင်တဲ့မေးခွန်းကို ဝိညာဉ်ကိုမေးကြည့် ခဲ့တာပါ။ အဲဒီတုန်းက ကျွန်တော်ဟာ ကေသရီ-ဆိုတဲ့ကောင်မလေးကို စွဲစွဲလမ်းလမ်းချစ်ပြီး သည်းသည်းမည်းမည်းလိုက်နေတဲ့ အချိန်လေ..
ကျွန်တော့်မေးခွန်းကို ဝိညာဉ်က ပြန်ဖြေတယ်။
No. တဲ့။
သွားရော၊ အဖြေကိုအင်္ဂလိပ်လိုရေးပြလို့ပါလား။ တော်တော်ထူးဆန်းတဲ့သရဲပဲ။ အဲဒီကစပြီး ကျွန်တော် တို့ခေါ်နေကျ ဝိညာဉ်ဟာ အင်္ဂလိပ်စာတတ်တယ်ဆိုတာ ကျွန်တော်တို့သိခဲ့ရပါ တယ်။
`မယုံဘူးကွာ၊ မယုံဘူး၊ ဒါ ငယ်လေး ပေယာဂကွ၊ ငယ်လေးလက်က ဆော့ပင်ကိုအတင်းဆုပ်ပြီး နိုး-စာလုံးပေါ်အောင် ရေးလိုက်တာ
ကျွန်တော်က ကျွန်တော့်ချစ်သူ ကျွန်တော့်ကိုပြန်မချစ် ဘူးဆိုတဲ့အဖြေထွက်လာတာနဲ့ပဲ.. မကြေမနပ် အော်ရင်း ငယ်လေးကို စွပ်စွဲလိုက်တယ်။
ကျွန်တော်စွပ်စွဲတာလည်း အကြောင်းမဲ့တော့မဟုတ်ဖူး၊ ဝိညာဉ်ခေါ်တဲ့အခါတိုင်း ငယ်လေးအသားတွေ ဟာ တဆတ်ဆတ်တုန်လာတတ်တယ်။ ဝိညာဉ်ပြောတဲ့အဖြေကို မှန်ပေါ်မှာ ရေးတဲ့အခါတိုင်းလည်း ငယ်လေး လက်က ဆော့ပင်ကိုသေချာ ဆုပ်ကိုင်ပြီး သူတစ်ယောက်တည်းက ရေးသလိုမျိုး ဦးဆောင်ပြီး ရေးလိုက်တာ သိသာတယ်။ ကျွန်တော်တို့လေးယောက်ရဲ့လက်တွေကတော့ ဆော့ပင်ကို ခပ်ဖွဖွပဲကိုင်ထားလို့ ငယ်လေးရေးတဲ့ အတိုင်း လက်တွေက အလိုက်သင့်ပါသွားရုံလောက်ပါ။
အဲဒီအဖြစ်ကို အားလုံးက သတိထားမိကြတယ်။
ငယ်လေးကိုမေးကြည့်တော့.. သူသဘောနဲ့သူရေးတာ မဟုတ်ပါဘူးတဲ့၊ အလိုလိုဖြစ်သွားတာပါတဲ့၊ သူ့အသားတွေတုန် နေတာလည်း သူသတိမထားမိဘူးတဲ့၊
`ဒါဖြင့်ရင် သရဲက ဒီကောင့်ကိုဝင်ပူးပြီးရေးတာဖြစ်မယ်ကွ”
ဂျင်မီက သူ့အထင်ကိုပြောလိုက်တယ်၊
ဘာပဲဖြစ်ဖြစ်.. ကျွန်တော်တို့ဟာ အဲဒီအပေါ်မှာ အမှုမထားခဲ့ကြပါဘူး။ ဝိညာဉ်ဟာ တကယ်ပဲ ကျွန်တော်တို့ဆီ လာလာ-မလာလာ အကြောင်းမဟုတ်ဖူး၊ ကျွန်တော်တို့ကလည်း ညနေပိုင်း ပျင်းနေတဲ့အချိန်မှာ လုပ်စရာမရှိလို့ အေပ်ာ္ကစား ကြတာပါ။
ကျွန်တော်တို့က အဆောင်မှာနေကြတဲ့ တက္ကသိုလ် ကျောင်းသားတွေလေ။ ကျွန်တော်တို့ သူငယ်ချင်း ငါးယောက်လုံး အဆောင်တစ်ဆောင်ထဲမှာ အတူနေကြတယ်။
ကျွန်တော် မျိုးသူ-ရယ်၊ မင်းမင်းထိုက်ရယ်က မိတ္ထီလာက။
ငယ်လေးက မုံရွာက။
သက်ပိုင်နဲ့ဂျင်မီက ရွှေဘိုသားတွေ။
အားလုံးဗုဒ္ဓဘာသာတွေကြားထဲမှာ ဂျင်မီတစ်ယောက်ပဲ ဘာသာခြားပါတယ်။ ဒါပေမယ့် အဲဒါဟာ ကျွန်တော်တို့အတွက် ဘာမှပြသနာမရှိခဲ့ပါဘူး။
x x x x x x x x x

ကျွန်တော်တို့ တက်ရတဲ့တက္ကသိုလ်က ရတနာပုံတက္ကသိုလ်ပါ။ နေတော့ ကျွဲဆည်ကန်ထဲက အပြင် အဆောင်မှာနေတယ်။
ကျောင်းရော၊ အဆောင်ရောက မြို့အပြင်မှာဆိုတော့ ညပိုင်းရောက်ရင် အတော်ပျင်းစရာ ကောင်း ပါတယ်။
တစ်ခါတလေတော့ ကျွန်တော်တို့ငါးယောက်စလုံးမှာ ဆိုင်ကယ်တစ်စီးစီရှိကြလို့ မြို့ထဲအထိ ဆိုင်ကယ် ထွက်စီးကြတယ်။
ကျုံးတစ်ပတ်ပတ်ပြီး ဆိုင်ကယ်စီးကြတယ်။ ကျွန်တော်တို့ဟာ ကျုံးဘေးမှာ ညဥ့်နက်တဲ့အထိနေပြီး ဆိုင်ကယ်ရှေ့ဘီး တွေကို မိုးပေါ်ထောင်ပြီး.. စီးကြပါတယ်။
လမ်း၃၀က ရွှေခိုင်ဆိုင်မှာ ဘီယာလေးဘာလေးလည်း သွားသောက်ကြသေးတယ်။ အပြန်လမ်း တလျှောက်မှာ ညဥ့်နက်ပိုင်း အသွားအလာရှင်းနေတော့ ဆိုင်ကယ်ရှေ့ဘီးတွေကို မိုးပေါ်ထောင်စီးပြီး ပြန်လာ ကြတာပေါ့။
`ဒါပေမယ့် အဒါဟာ အမြဲမဟုတ်ပါဘူး၊ တစ်ခါတရံမှပါ၊
အမြဲကတော့ ညနေပိုင်းရောက်ရင် ပျင်းစရာကောင်း နေတတ်တာများတယ်။
ဒါဆိုရင် ကျွန်တော်တို့ဟာ အဆောင်ရှေ့ခုံတန်းလျား လေးပေါ်မှာထိုင်ပြီး ဂစ်တာတီးရင်တီးကြတယ်။
အဲ.. တစ်ခါတလေ စိတ်ရူးပေါက်ရင်လုပ်မိတဲ့အလုပ်ကတော့ ဝိညာဉ်ခေါ်ပွဲ..ကျင်းပတာပါပဲ။
ဝိညာဉ်ကိုခေါ်ပြီး ကျွန်တော်တို့ ပေါက်ကရေမေးခွန်း တွေမေးကြတယ်။ ထူးဆန်းတာက မှန်တာများတယ်ဗျ။
ချဲဂဏန်း၊ နှစ်လုံးဂဏန်းတွေမေးကြည့်တော့လည်း အနည်းဆုံး တစ်လုံးတော့ တိုက်ဆိုင်တာများတယ်။
ဝိညာဉ်ခေါ်ပွဲလုပ်တဲ့အခါတိုင်း ငယ်လေးရဲ့ထူးခြားမှုကို ကျွန်တော်တို့အားလုံး သတိပြုမိခဲ့ပါတယ်။ ဆော့ပင်ကိုကိုင်ထားတဲ့လူငါးယောက်ရဲ့လက်ငါးဖက်ထဲမှာ ငယ်လေးတစ်ယောက်ရဲ့လက်က ထိထိမိမိဆုပ်ကိုင် ထားတတ်တယ်၊ ကျန်တဲ့လူတွေကတော့ ခပ်ဖွဖွပဲကိုင်ထားကြတယ်။ စာရေးတော့လည်း ငယ်လေးကဦးဆောင် ပြီးရေးသလိုဖြစ်နေတယ်။
အဲဒါကို ရွှေဘိုသားသက်ပိုင်ကတော့ ငယ်လေးကိုယ်ထဲမှာ ဝိညာဉ်ဝင်စီးပြီးရေးတာလို့ ထင်ကြေး ပေးတယ်။
ကျွန်တော်တို့ဟာ လူငယ်တွေဖြစ်လို့ ဝိညာဉ်တို့ နာနာဘာ၀တို့ သရဲတစေၧတို့ဆိုတာ.. တကယ်ရှိ တယ်လို့ ယုံတယ်လည်းမဟုတ်၊ မယုံဘူးလည်းမဟုတ်ပါဘူး။ နက်နက်နဲနဲလည်း မတွေးမိကြဘူး။
ဝိညာဉ်ခေါ်ပွဲလုပ်တာကလည်း ယုံလို့လုပ်နေတာ မဟုတ်ပါဘူး၊ ပျင်းလို့ အချိန်ဖြုန်းနေတာပါ။ အဲဒီတော့ ငယ်လေးကိုယ်ထဲမှာ ဝိညာဉ်တကယ်ဝင်ပူးပူး-မပူးပူး ပြသနာမဟုတ်ပါဘူး၊ ငယ်လေးကိုယ်တိုင်က ဝင်ပူး သယောင်ယောင် ဟန်ဆောင်ပြီး သူထင်ရာဦးဆောင်ပြီး လျှောက်ရေးလည်း ကိစ္စမရှိဘူး။
ဒီနေ့တော့.. ကျွန်တော့်ချစ်သူက ကျွန်တော့်ကိုပြန်မချစ်ဘူးဆိုတဲ့အဖြေအတွက် ကျွန်တော်မကြေမနပ် ဖြစ်သွားတယ်၊ ဝိညာဉ်ကောင်ဆိုတာ တကယ်မြင်ရတာမဟုတ်လို့ သူ့ကိုပြသနာ သွားရှာလို့က မရဘူးမဟုတ် လား။
ဒါနဲ့ပဲ.. နဂိုကတည်းက သံသယဝင်နေတဲ့ ငယ်လေးကိုမဲပြီး၊ ကျွန်တော်က စွပ်စွဲလိုက်တာပါ။
`ကြံကြံဖန်ဖန်မျိုးသူရာ၊ ငါက ဘာလို့ ဒီလိုရေးရမှာလဲ၊ ငါက ကေသရီနဲ့မင်းနဲ့ကို အဆင်ပြေစေချင်နေ တာပါကွ”
ငယ်လေးက မျက်နှာပျက်ပျက်နဲ့ ရှင်းပြရှာတယ်။
ဟုတ်ပါတယ်၊ တကယ်တော့ ဝိညာဉ်ကဖြေတာပဲဖြစ်ဖြစ်၊ ငယ်လေးဖြေတာပဲဖြစ်ဖြစ် ပြသနာ မဟုတ်ပါဘူး။ ကျွန်တော် ကိုယ်တိုင်က ဝိညာဉ်ကို ရာနှုန်းပြည့် အယုံအကြည်ရှိခဲ့တာမှ မဟုတ်တာ။
ဒါပေမယ့် တစ်ခုတော့ရှိတယ်။ ဝိညာဉ်ဖြေခဲ့တဲ့အဖြေ အတိုင်းပဲ.. ကေသရီဟာ ကျွန်တော့်အချစ်ကို ခါးခါးသီးသီး ငြင်းဆန်ပစ်ခဲ့တယ်။
`ဆောရီးပဲမျိုးသူ၊ ဒီကိစ္စအတွက်တော့ ရှင့်ကို No. ပဲ
သူ့နှုတ်က No. လို့တောင် ဝိညာဉ်ဖြေတဲ့ အတိုင်း အင်္ဂလိပ်လိုဖြေလိုက်သေးသဗျ။
ထားပါတော့၊ ဒါဟာ တိုက်ဆိုင်မှုလို့ပဲ၊
အဲ.. ဝိညာဉ်ဆိုတာ တကယ်ရှိ-မရှိ၊ ကျွန်တော်တို့ လုပ်တဲ့ဝိညာဉ်ခေါ်ပွဲကို ဝိညာဉ်တကယ်ရောက်လာ-မလာဆိုတာကို သိရဖို့အဖြစ်က သိပ်မကြာခင်မှာ ကြုံလာရပါတယ်။
ကျွန်တော်ကတော့ ဝိညာဉ်ဆိုတာ တကယ်ရှိကြောင်း အခုအချိန်မှာ.. လက်ခံလိုက်ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့.. ကျနော်ကိုယ်တိုင် သရဲ တစ္ဆေ၊ ပြိတ္တာ၊ နာနာဘာ၀ ဘ၀ကို ရောက်နေပြီဖြစ်လို့ပါ။
x x x x x x x x x

အဲဒီနေ့ကတော့ စနေနေ့လည်းဖြစ်လို့ ညနေပိုင်းမှာ ကျွန်တော်တို့ဟာ မြို့ထဲကိုထွက်လာကြတယ်။
ကျုံးဘေးကိုသွားကြတယ်။
၂၆ဘီလမ်းတလျှောက် ကျုံးဘေးအတိုင်း ကျွန်တော်တို့ဟာ ဆိုင်ကယ်တွေကို မိုးပေါ်ထောင်ပြီးစီးကြ တယ်၊ ဆိုင်ကယ်ရှေ့ဘီးကို မြေကြီးနဲ့လွတ်အောင် ဆိုင်ကယ်ကိုနောက်ဖက်ဖိထိုင်ထားပြီး စီးရတာဟာ.. တကယ် တော့ ပညာသားပါပါတယ်။
ပျော်စရာလည်း သိပ်ကောင်းတယ်ဗျ။ စွန့်စားခန်း တစ်မျိုးပါပဲ။
ဘေးကမြင်ရတဲ့ လူတွေအဖို့ကတော့ အသည်းထိတ်စရာပေါ့လေ။
ဆိုင်ကယ်စီးလို့ နည်းနည်း၀တော့ ကျွန်တော်တို့ လမ်း၃၀က ရွှေခိုင်ဆိုင်မှာ ဘီယာသွားသောက် ကြတယ်၊ အကင်စားကြတယ်။
ပြီးတော့.. ၂၆လမ်းကျုံးဘေးပြန်သွားပြီး ဆိုင်ကယ်စီးကြပြန်ရော။ ဆိုင်ကယ်စီးတယ်ဆိုတာလည်း ရိုးရိုးစီးတာကိုပြော တာမဟုတ်ဖူးနော်။ ရှေ့ဘီးကိုမိုးပေါ်ထောင်ပြီး စွန့်စားစီးကြတာ၊
ကျွန်တော်တို့ငါးယောက်ဟာ ကျုံးဘေးလမ်းပေါ်မှ ငါးယောက်တန်းစီပြီးတော့လည်း ပြိုင်စီးကြတယ်။ တစ်ယောက်ချင်းလည်း စီးကြတယ်။ ဆိုင်ကယ်ရှေ့ဘီးကို မိုးပေါ်ထောင်ပြီး မောင်းနေရင်းကနေ နောက်ကို ရုတ်တရက်ကွေ့ပြီး လည်ထွက် သွားအောင်လည်း လုပ်ကြတယ်။
သိပ်ပျော်ဖို့ကောင်းတာပဲဗျာ၊ အဲဒီတုန်းကပေါ့လေ။
ဆိုင်ကယ်စီးရင်းငြီးငွေ့တော့ ရွှေခိုင်ကို တစ်ခါထပ်သွားပြီး သောက်ကြပြန်ရော။ အဲဒီနေ့က စနေနေ့ည မို့လို့ နောက်တစ်နေ့ကျောင်းအားတယ်ဆိုပြီး..ညဥ့်နက်တဲ့အထိ ကျွန်တော်တို့ ကဲချင်တိုင်းကဲနေကြတာ။
ည၁၂နာရီကျော်မှပဲ အဆောင်ကိုပြန်ဖြစ်ကြတယ်။
အပြန်လမ်းမှာလည်း ဆိုင်ကယ်ရှေ့ဘီးတွေကို မိုးပေါ်ထောင်ပြီး ပြိုင်စီးခဲ့ကြပါသေးတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ အပြန်လမ်းဖြစ်တဲ့ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးဟာလည်း အသွားအလာရှင်းလို့ တိတ်ဆိတ်နေပြီ။
လေယာဉ်ကွင်းဟောင်း ရှေ့နားမှာဆိုရင် သိပ်စီးလို့ ကောင်းတာ။
လူတွေကလည်း တော်တော်ကိုမူးနေကြပါပြီ။
ဒီလိုနဲ့ .. ကျွန်တော်တို့နေတဲ့ အဆောင်လမ်းထိပ်ကို ရောက်လာတယ်။
ကျွန်တော့်ဆိုင်ကယ်က အားလုံးရဲ့ရှေ့ဆုံးကပေါ့။
ကျွန်တော်ဟာ ညာဖက်ကိုချိုးဝင်ရမယ့်လမ်းကို ရှေ့ဘီး မိုးပေါ်ထောင်ထားရက်က အရှိန်မလျှော့၊ ဂီယာ မချိန်းပဲ ချိုးကွေ့လိုက်တယ်။
ခပ်ကြီးကြီးခဲလုံးတစ်လုံးဟာ လမ်းလယ်ခေါင်မှာ ဘယ်အချိန်ကတည်းက ရှိနေခဲ့တယ်မသိဘူး။ ဆိုင်ကယ်ကိုဂရုစိုက်နေ ရလို့ လမ်းပေါ်ကခဲလုံးကြီးကိုလည်း ကျွန်တော်မမြင်ဘူး။
ကျွန်တော့်ရဲ့ဆိုင်ကယ်နောက်ဘီးဟာခဲလုံးကြီးကို တည့်တည့်နင်းမိသွားပုံရပါတယ်။ ဆိုင်ကယ်ဆိုတာ ဘီးနှစ်ဘီးထဲရှိတာမို့ လဲဖို့မှောက်ဖို့လွယ်ရတဲ့အထဲ.. ကျွန်တော်က ရှေ့ဘီးကို မြေနဲ့ကွာအောင်မြှောက်ထား တာဆိုတော့ ဟန်ချက်ဟာ နောက်ဘီးတစ်ခုထဲပေါ်မှာပဲ ရှိနေတယ်လေ။
ခဲလုံးကိုနင်းမိလိုက်လို့ ကျွန်တော့်ဆိုင်ကယ်ဟာ ချာကနဲလည်ထွက်သွားတယ်။ ကျွန်တော်လည်း ဟန္ခ်က္ပ်က္သြား တယ်။
ဆိုင်ကယ်လဲသွားတာနဲ့အတူ ကျွန်တော့်ခန္ဓာကိုယ်ဟာလည်း မြေကြီးပေါ်ကို ကိုင်ရိုက်လိုက်သလို ကျသွားတယ်။
နောက်က သူငယ်ချင်းတွေရဲ့ စူးစူးဝါးဝါးအော်လိုက်သံကို ကြားလိုက်ရတယ် ထင်တာပဲ။ မေသခ်ာဘူး။
ဘာဖြစ်လို့လဲဆိုတော့.. လူအနေနဲ့ အသိစိတ်ဓာတ် ရွိခဲ့တာဟာ အဲဒီအချိန် နောက်ဆုံးဖြစ်လို့ပါပဲ။
x x x x x x x x x

ကျွန်တော်သတိပြန်ဝင်လာတယ်။
သတိဝင်လာတယ်ဆိုတာထက် အသိဝင်လာတယ်ဆိုပါတော့။
အချိန်ဟာ သိပ်ကြာလိုက်ပုံမရပါဘူး၊ ကျွန်တော်အသိ ဝင်လာလာချင်း မြင်လိုက်ရတဲ့မြင်ကွင်းက.. ကျွန်တော့်သူငယ်ချင်းတွေဟာ လဲနေတဲ့ဆိုင်ကယ်နဲ့ ကျွန်တော့်ရဲ့ဘေးမှာ ဝိုင်းနေကြတယ်။ ကျွန်တော့် တစ်ကိုယ်လုံးမှာလည်း သွေးတွေရွှဲစိုလို့၊ ဦးခေါင်းတစ်ခုလုံးဟာ ကြည့်ရက်စရာမရှိအောင် သွေးထဲမှာနစ်နေ တယ်။
ဟင်.. ကျွန်တော့်ဖြစ်ပုံကို ကျွန်တော်ကိုယ်တိုင် ဘာ ဖြစ်လို့ ပြန်မြင်နေရတာလဲ။
သတိထားကြည့်လိုက်တော့.. ကျွန်တော်ဟာ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေရဲ့ ဘေးနားမှာ သီးခြားရှိနေတာကိုတွေ့ရတယ်။ သူတို့က ကျွန်တော့်ကို မမြင်ကြဘူး။
သူတို့ဟာ ဒဏ်ရာတွေနဲ့လဲကျနေတဲ့ ကျွန်တော့်ကိုယ်ကိုလှုပ်ပြီး ကျွန်တော့်နာမည်ကို အော်ခေါ်နေ ကြတယ်။
ဂျင်မီက ကျွန်တော့်ကို ပွေ့ထားတယ်၊ သူ့တစ်ကိုယ်လုံးလည်း ကျွန်တော့်သွေးတွေ ပေလူးနေ တာတွေ့ရတယ်။
စိတ်အားငယ်တတ်တဲ့ ငယ်လေးကတော့ ငိုတောင်ငို နေပါပြီ။
ကျွန်တော်လည်း အခြေအနေကို ချက်ချင်းသဘော ပေါက်လိုက်ပါပြီ၊
ကျွန်တော်သေသွားပြီ။
ကျွန်တော်သေသွားပါပကော။
ကျွန်တော်ဟာ ကျွန်တော်ရထားတဲ့.. လူ့ဘ၀၊ တက္ကသိုလ်ကျောင်းသားဘ၀၊ ပျော်စရာကောင်းတဲ့ သောကကင်းတဲ့ လူငယ်ဘဝကို နှမျောပြီး ရင်ထဲမှာဟာသွားတယ်။
အလိုလိုရရှိထားစဉ်က တန်ဖိုးထားရကောင်းမှန်းမသိတဲ့ လူ့ဘ၀ကို နှမျောတသပြီး ဝမ်းပမ်းတနည်းဖြစ် သွားခဲ့ရပါတယ်။
ကျွန်တော်ဟာ ကျွန်တော့်သူငယ်ချင်းတွေရဲ့လုပ်ရပ်ကို ဘေးကနေပြီး ကြောင်ကြည့်နေမိပါတယ်။
မင်းမင်းထိုက်က လမ်းမပေါ်ထွက်ပြီး တက်စီရှာနေ တယ်။
သက်ပိုင်က အဆောင်ကိုပြေးပြီး အဆောင်ပိုင်ရှင် အဘိုးကြီးကိုနှိုးတယ်၊ လမ်းထဲကအိမ်တချို့ ကိုနှိုးပြီးတော့လည်း အကျိုးအကြောင်းပြောပြ အကူအညီတောင်းနေတယ်။
ဂျင်မီက အသက်မရှိတော့တဲ့ကျွန်တော့်ကို ပွေ့ထားလို့။
ငယ်လေးကတော့ ရှိုက်ကြီးတငင်ငိုနေပါတယ်။
ကျွန်တော့်သူငယ်ချင်းတွေဟာ ကျွန်တော့်ကိုချစ်ကြသားပဲ။
သူငယ်ချင်းတို့ရေ.. မင်းတို့ဘယ်လောက်ပဲလုပ်လုပ် ငါကတော့ သေသွားပါပြီကွာ၊ ထားလိုက်ပါတော့။
ကျွန်တော်ပြောတာကို ဘယ်သူမှမကြားကြပါဘူး။
ကျွန်တော်ဟာ မြင်ကွင်းတွေကိုကြည့်ရင်း ရှိုက်ကြီးတ ငင်ငိုချလိုက်မိပါတော့တယ်။
အဲဒီတုန်းမှာပဲ.. ကျွန်တော့်ပခုံးကို အေးစက်တဲ့လက် ကြီးတစ်ဖက်က လာကိုင်တာကို ခံလိုက်ရပါတယ်။
x x x x x x x x x

ကျွန်တော့်ပခုံးကို အေးစက်စက် မာခဲခဲအရာကြီးတစ်ခု လာထိတာခံလိုက်ရလို့.. ကျွန်တော် နောက်ကို လှည့်ကြည့်လိုက်တော့..
`အောင်မယ်လေးဗျ”
ကျွန်တော်ဟာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် လန့်ပြီး အော်လိုက်မိပါတယ်။
ကျွန်တော့်ပခုံးကို လာကိုင်သူဟာ လူအကြီးကြီးတစ်ယောက်ပါ။ သူ့အရပ်ဟာ ၇ပကြေောျ ၈ပေနီးပါး ရှိတယ်၊ ရုပ်ဆိုးလိုက်တာမှ တစ်နေရာမှ ကြည့်ရဲစရာမရှိအောင် ဆိုးလွန်းလှပါတယ်။ မျက်နှာမှာ အသီး အသီးကြီးတွေ၊ အဖုအဖုကြီးတွေ ထလို့၊ လက်တစ်ဝါးစာလောက်ရှိတဲ့ မျက်လုံးကြီးတွေကလည်း ဝိုင်းပြီး ရဲရဲတောက်နေတယ်။ ပါးစပ်ကလည်း သားရေတွေစီးကျလို့၊ ပါးစောင်နှစ်ဖက်မှာလည်း အစွယ်တွေ ပေါက်နေပါတယ်။ အသားအရည်ကလည်း ဖားပြုပ်အရေခွံလို၊ တောက်တဲ့အရေခွံ လို ဗြုတ်တွေထပြီး မည်းနက် လို့ မသဒီစရာကောင်းလွန်းလှပါ တယ်။
`မကြောက်ပါနဲ့၊ မင်းနဲ့ငါနဲ့က ဘ၀တူတွေပါ၊ မင်းဟာ ခုအချိန်ကစပြီး ငါ့လိုပဲ ပြိတ္တာဖြစ်သွားပြီ
သူက အေးအေးဆေးဆေးပဲ ကျွန်တော့်ကိုပြောပြတယ်၊
`ငါလည်း အရင်က မင်းလိုသာမန်လူတစ်ယောက်ပါပဲကွာ၊ ပြိတ္တာအဖြစ်နဲ့နှစ်ပေါင်းများစွာနေလာရလို့ ပုံပနျးသဏ်ဏ္႑ာနျ က ခုလိုဖြစ်သွားတာပါ၊ မကြောက်ပါနဲ့ကွာ၊ လာ.. မင်း ငါနဲ့ လိုက်ခဲ့၊ မင်းနေရမယ့်နေရာကို ငါလိုက်ပြမယ်”
သူက ကျွန်တော့်ပခုံးကိုလွှတ်မပေးသေးပဲ ကျွန်တော့်ကိုဆွဲခေါ်သွားပါတယ်။
`ငါ ဒီနေရာမှာ နေလာတာ နှစ်ပေါင်းသုံးဆယ်ရှိပြီကွ၊ မင်းကိုငါစောင့်နေခဲ့တာ”
`ဘာ.. ခင်ဗျားက ကျွန်တော့်ကိုစောင့်နေတယ်”
`အေး.. ဟောဒီလမ်းထိပ်မှာ အစိမ်းသေသေမယ့်သူ တစ်ယောက်ယောက်ကို စောင့်နေတာပေါ့ကွာ၊ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်၊ အသေဆိုးနဲ့ အစိမ်းသေသေမယ့်လူတစ်ယောက်ယောက်ပေါ့၊ ငါစောင့်နေခဲ့တာ၊ ဒီနေ့ မင်းရောက်လာ ပြီဆိုတော့ မင်းကိုစောင့်တယ်ပဲထားပါတော့”
`အို.. ကျွန်တော်သေအောင် ခင်ဗျားလုပ်လိုက်တာ လား”
`ကြံကြံဖန်ဖန်ကလေးရယ်၊ ငါ့မှာ ဒီလိုလုပ်နိုင်တဲ့စွမ်းအားမရှိပါဘူး၊ မရှိလို့သာ သရဲတစ္ဆေဘ၀နဲ့ အနှစ်၃၀လုံးလုံး ဒီနေရာမှာ နေလာရတာပေါ့ကွာ၊ ငါ့ရှေ့က မိန်းမကြီးကတော့ ငါ့ ထက် ကံကောင်းရှာတယ်၊ သူက ငါရောက်လာဖို့ ဆယ်နှစ်ပဲ စောင့်လိုက်ရတယ်တဲ့လေ၊ တစေၧဘ၀မှာ ဆယ်နှစ်ပဲနေလိုက်ရပြီး ကျွတ်လွတ် သွားရှာတယ်”
`ခင်ဗျား ဘာတွေပြောနေတာလဲဟင်၊ ခင်ဗျားပြောတာတွေ ကျွန်တော်နားမလည်ဘူး၊ ခင်ဗျား ကျွန်တော့်ကို ဘယ်ခေါ် သွားနေတာလဲ”
`မင်းတို့နေတဲ့အဆောင်ရှေ့က သစ်ပင်ကိုလေ၊ အဲဒီထနောင်းပင်ကြီးပေါ်မှာ ငါနေတာ၊ အခု ငါ့အစား မင်းနေခဲ့ရတော့မယ်”
`ဘာ..”
`ဘ၀ဆိုတာ ဒီလိုပါပဲကြာ၊ ကုသိုလ်ကံနည်းခဲ့လို့ သေပြီးတဲ့နောက် ပြိတ္တာဖြစ်ရတာပဲ၊ ကံစီမံတဲ့ အတိုင်းပေါ့၊ နောက်တော့ မင်းလည်း နေသားကျသွားမှာပါ၊ မင်းနေရာကိုဆက်ခံမယ့် နောက်ထပ်လူတစ်ယောက် ဟောဒီလမ်းထိပ်မှာ အစိမ်းသေ မသေမချင်း ထနောင်းပင်ပေါ်ကနေ မင်းစောင့်နေပေတော့ ကိုယ့်လူရေ၊ အဲ.. ကိုယ့်တစ္ဆေရေ..”
`ကျွန်တော် နားရှင်းအောင် ပြောပြပါဦးဗျာ၊ ကျွန်တော် ဘာမှနားမလည်နိုင်ဘူး”
ကျွန်တော်တို့ဟာလျှောက်လာရင်းက ကျွန်တော်တို့အဆောင်ရှေ့ကိုရောက်လာပါတယ်။ အဆောင်ရှေ့ က ထနောင်းပင်ကြီးအောက်မှာ ပြိတ္တာကြီးက ရပ်လိုက်တယ်။
အဆောင်ထဲမှာတော့ ကျွန်တော့်ကိစ္စအတွက် လူတွေအားလုံးနိုးနေကြပြီး လှုပ်လှုပ်ရှားရှားဖြစ်နေကြ ပါပြီ။ လမ်းထိပ်က ကျွန်တော့်အလောင်းကိုတော့ ခုလောက်ရှိ ဆေးရုံကြီးပို့နေရောပေါ့။ ဒါတွေကို ကျွန်တော် စိတ်မဝင်စားတော့ဘူး၊ ကျွန်တော်ဟာ ဘယ်နည်းနဲ့မှ အသက်ပြန်မရှင်တော့ဘူးဆိုတာသိလို့ အဲဒီအျဖစ္ကို ကျွန်တော်ဥပေက္ခာပြုလိုက်တယ်။
လောလောဆယ်ကျွန်တော်သိချင်တာက ကျွန်တော့်ရှေ့ကပြိတ္တာကြီး ပြောပြမယ့်အကြောင်းကိုပဲ၊ ကျွန်တော့်ရှေ့ဆက်ရမယ့်ခရီး ဘယ္လိုဆိုတာကို ပြိတ္တာကြီးကပဲ လမ်းညွှန်နိုင်မှာ မဟုတ္လား။
`တကယ်တော့ ငါဟာ မင်းတို့အတွက် တစိမ်းမဟုတ်ပါဘူးကွာ၊ မင်းတို့နဲ့ရင်းနှီးပြီးသား မိတ်ဆွေပါပဲ ကလေးရယ်”
`ခင်ဗျားက.. ကျွန်တော်တို့မိတ်ဆွေ”
`မှန်ပါပေ့ကောင်လေးရယ်၊ မင်းတို့ ဝိညာဉ်ခေါ်ပွဲလုပ်တဲ့အခါတိုင်း ငါ့မှာလာပြီးတော့ မင်းတို့မေးသမျှ မေးခွန်းတွေ ဖြေပေးနေရတာလေ၊ အကြိမ်ပေါင်းများလှပြီကော”
`ဘာ- အဲဒါ ခင်ဗျားလား၊ ဒါဖြင့် ဝိညာဉ်ခေါ်ပွဲမှာ ဝိညာဉ်ဟာ တကယ်လာတယ်ပေါ့”
`မင်းတို့ခေါ်တော့ လာရတာပေါ့ကွယ်၊ မင်းတို့က ဤပတ်ဝန်းကျင်မှ အနီးဆုံးရှိ ဝိညာဉ်ဆိုပြီး ခေါ်လိုက်တာမဟုတ်လား၊ ဟောဒီလမ်းထဲမှာ သရဲဆိုလို့ ငါတစ်ကောင်ပဲရှိတယ်၊ ငါပဲ လာရတာပေါ့ကွ”
`အိုး..ကျွန်တော်တို့က အပျော်သဘောနဲ့လုပ်နေတာ၊ ဝိညာဉ် တကယ်လာတယ်-မလာတယ် မစဉ်းစား မိဘူး၊ ဟင်.. ဒါဖြင့် ကျွန်တော်တို့မေးတဲ့ မေးခွန်းတွေကို ဖြေနိုင်နေတာကရော၊ ခင်ဗျားဟာ အရာရာကို သိနိုင်လို့ပေါ့နော်”
`အဲဒီလိုတော့ မဟုတ်ပါဘူးကွယ်၊ ငါက မင်းတို့လက်တွေပေါ်မှာစီးပြီး စိတ်ထဲပေါ်လာရာ စာလုံးကို ရေးပြလိုက်တာပါ၊ အဲဒါတွေဟာ သူ့အလိုလိုမှန်နေတာပဲ၊ ငါသိလို့ တတ်လို့မဟုတ်ဘူး၊ အလိုအလျောက်ဖြစ်လာ တာတွေကွ”
`ဪ.. ဝိညာဉ်ဆိုတာ ခေါ်ရင် တကယ္လာသားပဲ
`အေး..ဟုတ်တယ်၊ နောက်တစ်ခါ မင်းသူငယ်ချင်းတွေ ဝိညာဉ်ခေါ်ပွဲလုပ်တဲ့အခါ မင်းကိုယ်တိုင် သွားပေတော့”
`ဗျာ…ကျွန်တော်သွားရမယ်”
`ဟုတ်တယ်လေ၊ မကြာခင် ငါက ဒီနေရာက ထြက္သြားရေတာ့မွာ၊ သွားစရာဝိညာဉ်ကောင်ဆိုလို့ ဒီနရာမွာ မင်းတစ်ယောက်ပဲရှိတော့တာကိုး၊ မင်းသူငယ်ချင်းတွေခေါ်တဲ့အခါကျ မင်းသွားပြီး သူတို့မေးတာဖြေ ပါ့ကွယ်”
`ဟာဗျာ၊ ကျွန်တော်က ဝိညာဉ်တကယ်ဝင်တာမဟုတ်ပဲ ငယ်လေးလုပ်နေတာလို့ ထင်ခဲ့တာဗျ၊ ငယ်လေး သက်သက် နောက်တာ၊ ဒါမဟုတ် မသိစိတ်နဲ့လုပ်နေတာလို့ ထင်မိတာ”
`ငယ်လေးဆိုတာ ပျော့နွဲ့နွဲ့ကောင်လေးမဟုတ်လား၊ မင်းတို့မေးခွန်းတွေဖြေတဲ့နေရာမှာ မှင်ချောင်းရွေ့ ဖို့အတွက် ငါဟာ မင်းတို့လက်တွေပေါ်စီးပြီး အတော်အားစိုက်ရတယ်ကောင်လေးရဲ့၊ ငါ့အတွက် တော် တော်ပင်ပန်းပါတယ်၊ မင်းကိုယ်တိုင်ကြုံတဲ့အခါကျရင် သိပါလိမ့်မယ်၊ အဲဒီအခါမွာ ငါဟာ စိတ်ဓာတ်အင်အား နည်းတဲ့တစ်ယောက်ယောက်ကိုယ်ထဲကိုဝင်ပူးပြီး စာကို အဲဒီသူရဲ့အင်အားနဲ့ ရေးနိုင်အောင် လုပ်လေ့ရှိတယ်၊ ငါ့အတွက် သက်သာတာပေါ့၊ ငယ်လေးဆိုတဲ့ကောင်လေးဟာ ငါအလွယ်တကူဝင်ပူးလို့ရတဲ့အတွက် ငါက သူ့ကိုယ်ထဲဝင်ပူးပြီး မင်းတို့မေးတဲ့မေးခွန်းတွေရဲ့အဖြေကို ရေးပြနေတာပါ၊ တကယ်တော့ ငယ်လေး ဘာမွမသိပါဘူး၊ ငယ်လေးက ငါ့ကိုယ်စားလုပ်ပေးနေရတာပါကွာ”
`ဪ.. ဒီလိုကိုး၊ ဒါဖြင့် အင်္ဂလိပ်လိုရေးပြတာလည်း ခင်ဗျားဟာ အင်္ဂလိပ်စာတတ်လို့ပေါ့”
`ငါက တစ်ချိန်က ကျောင်းဆရာတစ်ယောက်ကွ၊ မသေခင်ကဆိုပါတော့၊ ငါဟာ မြေလတ်ပိုင်းမြို့ တစ်မြို့ကနေ မန္တလေးကို ကိစ္စတစ်ခုနဲ့လာရင်း ဟောဒီလမ်းထိပ်မှာ ကားတိုက်ခံရလို့ မင်းသေသလို အစိမ်းသေ သေခဲ့ရတယ်၊ အဲဒါ လွန်ခဲ့တဲ့ နှစ် ပေါင်း၃၀ကပဲ
ပြိတ္တာအိုကြီးက သူ့အကြောင်းကို ပြောပြခဲ့ပါတယ်။
သူဟာ ကားတိုက်ခံရလို့ သေပြီးပြီးချင်းပဲ တစ္ဆေ
ဘ၀ ရောက်သွားတဲ့အကြောင်း၊ တစ္ဆေမကြီးတစ် ယောက်ပေါ်လာပြီး သူ့ကို ထနောင်းပင်ကြီးပေါ်မှာ သူမကိုယ်စားနေခဲ့ဖို့ပြောတဲ့အကြောင်း၊ တစ္ဆေမကြီးက သူမဟာ အစိမ်းသေသေပြီး တစ္ဆေဘ၀နဲ့ ထနောင်းပင်ပေါ်မှာ ဆယ်နှစ်နေခဲ့ကြောင်းတွေ၊ တစ္ဆေအသစ် ထပ်ရောက်လာလို့ ဒီနေရာကနေ ကျွတ်လွတ်တော့မယ့်အကြောင်းနဲ့ သူ့ကိုယ်စား တစ္ဆေအသစ်က ထနောင်းပင်မှာ နေခဲ့ရမယ့်အကြောင်း၊ နောက်ထပ် ဒီအနီးအနားတဝိုက်မှာ အစိမ်းသေ သေတဲ့လူရှိမှ လူလဲခွင့်ရှိမယ့် အကြောင်းတွေ ရှင်းပြခဲ့တယ်တဲ့၊
`ငါဟာ ငါနဲ့လဲမယ့်လူကိုစောင့်ခဲ့တာ အနှစ်၃၀တောင် ကြာခဲ့ပါပြီကွာ၊ ဒီနေ့တော့ မင်းရောက်လာလို့ ငါ ဒီနေရာက ထွက်ခွင့်ရတော့မယ်၊ ကဲ-ဟောဒါဟာ မင်းနေရမယ့် ထနောင်းပင်ပဲ၊ တောင်ဖက်က သစ်ကိုင်းကြီးဟာ မာမာတောင့်တောင့်နဲ့ အရွက်တွေ အုပ်အုပ်ဆိုင်းဆိုင်းရှိလို့ နေလို့ကောင်းတယ်ကွ၊ တောင်ဖက်ကိုင်းမှာပဲ မင်းနေ ပေါ့၊ မင်းတို့အဆောင်ကိုလည်း ကောင်းကောင်းမြင်ရတယ်၊ မင်းသူငယ်ချင်းတွေကို အလွမ်းပြေ ကြည့်လို့ရ တာပေါ့ကွာ၊ ကဲ.. နေခဲ့ပေတော့ဟေ့၊ ငါတော့သွားပြီ”
`နေပါဦး၊ နေပါဦးဗျာ၊ ကျွန်တော့်ကိုတစ်ယောက်တည်း မထားခဲ့ပါနဲ့၊ ခင်ဗျားက ဘယ်ကိုသွားမှာလဲ”
`ငါနေချင်တိုင်းလည်း နေလို့မရပါဘူး ကောင်လေးရယ်၊ ငါ့ကို စွမ်းအားတစ်ခုခုက ဆွဲခေါ်နေပြီ၊ ငါ့နေရာမှာ မင်းအစားရောက်ပြီပဲ၊ ငါ ဒီနေရာမှာနေခွင့်မရှိတော့ဘူးလေ၊ ဟော..ပြောရင်းဆိုရင်း ငါ့ကိုဆွဲခေါ်နေပြီ၊ ငါသွားရတော့မယ်၊ မသွားမဖြစ် သွားရတော့မယ်၊ သွားပြီးဟေ့၊ သွားပြီ၊ နေရစ်ခဲ့ပေတော့ ကောင်လေးရေ..”
ပြိတ္တာကြီးဟာ စကားပြောရင်းက နောက်ကိုတဖြည်း ဖြည်းဆုတ်သွားတယ်၊ သူ့ဟာသူ နောက်ပြန်လမ်းလျှောက်တာ မဟုတ်ပဲ တစုံတခုက ဆွဲယူလိုက်သလို ရွေ့ပါသွားတာပါ။
တဖြည်းဖြည်းနဲ့ သူဟာ ကျွန်တော့်ရှေ့ကနေ အရှိန်မြန်မြန်နဲ့ ရွေ့မျောသွားပါတော့တယ်။ သူဟာ ကျွန်တော်နဲ့ တဖြည်းဖြည်းဝေးသွားတာနဲ့အမျှ.. သူ့သဏ်ဏ္႑ာနျဟာလညျး တစ တစသေးငယ်မှုံဝါးပြီး.. နောက်ဆုံး တော့ ပျောက်ကွယ်သွားပါတော့တယ်။
အဲဒီအချိန်ကစလို့.. ကျွန်တော်ဟာ အဆောင်ရှေ့က ထနောင်းပင်ပေါ်မှာ ဝိညာဉ်နာနာဘာ၀ ဘ၀နဲ့ အထီးကျန်နေ ထိုင်ခဲ့ရပါတော့တယ်။
x x x x x x x x x

ကျွန်တော့်သူငယ်ချင်းတွေကိုမြင်နေရပေမယ့် ခေါ်ပြောလို့မရ၊ နှုတ်ဆက်လို့မရပါဘူး။ သူတို့ကလည်း ကျွန်တော့်ကို မမြင်ကြပါဘူး။
ကျွန်တော့်ရဲ့ သူငယ်ချင်းတွေဟာ ကျွန်တော့်အဖြစ်ဆိုးကြောင့် တော်တော်ပဲ နောင်တရသွားကြဟန် တူပါတယ်။ ဆိုင်ကယ်ကို စတန့်ထွင်စီးကြတာမျိုး မလုပ်ကြတော့ဘူး။
သူတို့ဟာ အချိန်တော်တော်ကြာတဲ့အထိ ငြိမ်ငြိမ်သက်သက်နဲ့ ရှိနေကြတယ်။
ညနေပိုင်းမှာ အဆောင်ရှေ့ကခုံတန်းလေးပေါ်မှာ ဂစ်တာတီးတာလောက်ပဲ လုပ်ကြတော့တယ်။
ကျွန်တော်ဟာ သူတို့အဆောင်ရှေ့မှာ ထွက်ထိုင်ပြီး ဂစ်တာတီးတာမြင်တဲ့အခါတိုင်း.. သူတို့အနားကို သွားကြည့်ခဲ့ပါတယ်။ ဒါပေမယ့် ဘုန်းကံချင်းမတူတော့တဲ့ ကျွန်တော့်သူငယ်ချင်းတွေနားကို ကျွန်တော် ကပ်လို့မရဘူး။ ခပ်လှမ်းလှမ်းကနေ ငေးမောရင်းနဲ့ပဲ ကြေနပ်ရပါတယ်။ ကျွန်တော့်ရဲ့ နိမ့်ကျလှတဲ့ ပြိတ္တာဘ၀ အတွက်လည်း ဝမ်းနည်းခဲ့ရပါတယ်။
သူတို့ဟာ ဝိညာဉ်ခေါ်ပွဲကိုလည်း မလုပ်ကြတော့ဘူး၊ ဝိညာဉ်ခေါ်ပွဲသာလုပ်ခဲ့ရင်တော့ ကျွန်တော် သူတို့ အနားကို သွားခွင့်ရမှာပဲ၊ သူတို့အနီးကိုလည်းကပ်ခွင့်ရမှာပဲ။ သူတို့ကိုယ်တိုင်က လိုလိုလားလားခေါ်တာကိုး။ ပြိတ္တာအိုကြီးကလည်း ဒီအတိုင်းပြောပြသွားခဲ့တာမဟုတ်လား။
ဒါပေမယ့် ဝမ်းနည်းနေတဲ့ ကျွန်တော့်သူငယ်ချင်းတွေဟာ ဝိညာဉ်ခေါ်ပွဲလုပ်ဖို့လည်း မေ့နေပုံရပါတယ်။ ပြီးတော့.. သူတို့ ဒီတစ်ခါ ဝိညာဉ်ခေါ်ပွဲလုပ်ရင် ရောက်လာမယ့်ဝိညာဉ်ကောင်ဟာ သူတို့သူငယ်ချင်း ကျွန်တော် ဆိုတာကို သိကြမှာမှ မဟုတ္တာ။
ဒီလိုနဲ့ အချိန်တွေဟာ တရွေ့ရွေ့ကုန်ဆုံးလာလိုက်တာ တစ်နှစ်ပတ်လည်ခဲ့ပါပြီ။ ကျွန်တော်သေခဲ့တာ တစ်နှစ်ပြည့်ခဲ့ပြီ၊ သရဲတစေၧဘ၀ရောကျတာလညျး တစ်နှစ်ရှိပြီပေါ့။
x x x x x x x x x

ဒီနေ့ညနေတော့ ကျွန်တော်နေထိုင်ရာ ထနောင်းပင်ရဲ့ တောင်ဖက်ကိုင်းပေါ်ကနေ အဆောင်ကို လှမ်းကြည့်နေရင်းက ကျွန်တော့်သူငယ်ချင်းတွေရဲ့လုပ်ရပ်ကို မြင်လိုက်ရပါတယ်။
မင်းမင်းထိုက် သူ့အခန်းထဲက မှန်ကိုယူလာပြီး သက်ပိုင်အခန်းမှာ လူစုကြတာ၊ ဆော့ပင်ကို ပက်လက် လှန်ထားတဲ့မှန်ပေါ်မှာ အဖုံးဖွင့်ပြီးတင်ထားတာတွေကို ပြတင်းပေါက်ကိုကျော် ပြီး ကျွန်တော်မြင်နေရပါတယ်။
သူတို့ ဝိညာဉ်ခေါ်ပွဲလုပ်ဖို့ ပြင်ဆင်နေကြတာပဲ။
ကျွန်တော်ပျော်သွားတယ်။ ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကျွန်တော် နီးနီးကပ်ကပ်ပြန်ဆုံရတော့မယ်။ ကျွန်တော်ဟာ သူတို့နဲ့မဝေးလှတဲ့ အဆောင်ရှေ့က ထနောင်းပင်ပေါ်မှာ တစေၧဖွဈနတေယျဆိုတာကို သူတို့ သိအောင် တစ်နည်းနည်းနဲ့ အသိ ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
မကြာပါဘူး၊ ကျွန်တော့်သူငယ်ချင်းတွေ စားပွဲဘေးမှာ ဝိုင်းပတ်ပြီးရပ်လိုက်ကြတာ၊ ဆော့ပင်ကို လေးယောက်သားလှမ်းကိုင်လိုက်ကြတာတွေကို မြင်လိုက်ရပြီးတာနဲ့ တပြိုင်တည်း..
`ဤအနီးတဝိုက်တွင် အနီးဆုံးနေရာ၌ရှိနေသည့်ဝိညာဉ် ခင်ဗျား၊ သင့်အား ကြှနျုပျတို့အလိုရှိပါသဖွင့ျ လာရောက်ပါရန် ဖိတ်ခေါ်ပါသည်၊ ယခုချက်ချင်း လာရောက်ပါခင်ဗျား
..ဆိုတဲ့ မင်းမင်းထိုက်ရဲ့အသံဟာ ကျွန်တော့်နားထဲကို ပီပီသသပြတ်ပြတ်သားသားကြီး ဝင်လာတယ်။
သူငယ်ချင်းတွေက ကျွန်တော့်ကိုဖိတ်ခေါ်နေပြီ။ သူတို့ ဖိတ်ခေါ်တဲ့ဝိညာဉ်ဟာ သူတို့သူငယ်ချင်းမျိုးသူ ဆိုတဲ့ ကျွန်တော်ဖြစ်မှန်းမသိပဲနဲ့ ဖိတ်ခေါ်နေကြပြီ။
ကျွန်တော့်ရဲ့ဝိညာဉ်ခန္ဓာဟာ ပေါ့ပါးစွာပဲလွင့်ပျံ့ပြီး ပြတင်းပေါက်ကကျော်လွန်ကာ.. သူငယ်ချင်းတွေ စုစည်းနေတဲ့ နေရာကို လျှင်မြန်စွာရောက်ရှိသွားပါတော့တယ်။
သူတို့ကိုယ်တိုင် လိုလားစွာဖိတ်ခေါ်လိုက်တာဖြစ်တဲ့အတွက် အလြယ္တကူပဲ လူအုပ္စုနားကို ကပ်သွား နိုင်ခဲ့ပါတယ်။
ကျွန်တော်ဟာ ဆော့ပင်ကိုစုကိုင်ထားတဲ့ သူတို့လက် လေးဖက်ဆုံရာနေရာကို ဝင်စီးလိုက်တယ်။
`ဝိညာဉ်.. သင်ရောက်နေပြီဆိုရင် မှန်ပေါ်မှာ ကြက်ခြေခတ်တစ်ခု ခတ်ပြပါ
ကျွန်တော်က လက်လေးဖက်စလုံးထဲကို အားစိုက်ဝင်ပူးပြီး ကြက်ခြေခတ်တစ်ခုဖြစ်အောင် ရေးပြ လိုက်တယ်။
တော်တော်ပင်ပန်းတာပါကလား။
`ဝိညာဉ်.. ကျွန်တော်မောင်သက်ပိုင်ရဲ့မိခင်ဟာ လက်ရှိခံစားနေရတဲ့ ဝေဒနာက သက္သာမလား၊ ဒီတောင်က ကျော်နိုင်မလား၊ ဖြေပေးပါဗျာ}
သက်ပိုင်က မေးလိုက်တယ်။ ဪ..ရွှေဘိုက သက်ပိုင်မိခင်ကြီးဟာ နာမကျန်းဖြစ်နေပါလားဆိုတာ ကျွန်တော်သိလိုက်ရတယ်။
သူ့အမေးကို ဖြေဖို့အတွက် ကျွန်တော် အာရုံပြုကြည့်လိုက်တော့ သက်ပိုင်အမေကို အလောင်းစင် ပေါ်မှာ ဆန့်ဆန့် ကြီး ပြင်ဆင်ထားပုံကို မြင်လိုက်ရတယ်။
ကျွန်တော်လည်း စိတ်မကောင်းစွာနဲ့ပဲ သူတို့လက်တွေကိုစီးပြီး စာလုံးတချို့ဖြစ်အောင် ရေးပြလိုက် ပါတယ်။ သူတို့ရဲ့ လက်တွေဟာ တဖြည်းဖြည်းရွေ့သွားပြီး မှန်ပေါ်မှာ စာတမ်းတစ်ခုပေါ်လာပါတယ်။
သင့် မိ ခင် ကွယ် လွန် မည်
ကျွန်တော်ဟာ အဲဒီစာတမ်းပေါ်လာအောင် ကြိုးစား လိုက်ရလို့ ပင်ပန်းမောဟိုက်သွားပါတော့တယ်။
`ဟာ..”
စာတမ်းကိုကြည့်ပြီး သက်ပိုင်ဟာ ငိုပါလေရော၊
ခွင့်လွှတ်ပါသူငယ်ချင်းရာ၊ ငါလည်းစိတ်မကောင်းပါဘူး၊ ငါ့အာရုံထဲမှာ ပေါ်လာတဲ့အတိုင်း ဖြေလိုက် တာပါ။
`ဟေ့ကောင် သက်ပိုင်၊ ဒါတွေဟာ မှန်ချင်မှမှန်မှာပါကွာ၊ ငါတို့က အပျော်သဘောမေးတာပဲကွ”
ဂျင်မီက သက်ပိုင်ကို နှစ်သိမ့်လိုက်တယ်။
`ဟုတ်သားပဲကွ၊ တော်ပြီကွာ၊ ဒီလိုစိတ်မကောင်းစရာ မေးခွန်းမျိုး မမေးကြစို့နဲ့
မင်းမင်းထိုက်ကလည်း ဝင်ပြီးဖြောင့်ဖြလိုက်တယ်။
`ငါတို့ ချဲဂဏန်းမေးကြအောင်”
မင်းမင်းထိုက်က သက်ပိုင်အာရုံကို လွှဲလိုက်တယ်။ တစ်ဆက်တည်းပဲ မေးခွန်းကိုမေးလိုက်တယ်။
`သန်ဖက်ခါထွက်မယ့် ချဲဂဏန်းနံပါတ်ကို အတိက်ဆုံး ဖြေပေးပါဝိညာဉ်ခင်ဗျား
ကျွန်တော်ဟာ မင်းမင်းထိုက်မေးတဲ့ ဂဏန်းနံပါတ်ကို အာရုံပြုကြည့်ရပြန်တယ်။
ကျွန်တော့်အာရုံထဲမှာ ထင်မြင်လာတဲ့ ဂဏန်းတွဲတစ်ခုကို မှန်ပေါ်မှာပေါ်လွင်အောင် ခက်ခဲပင်ပန်းစွာပဲ ရေးပြရပြန်တယ်။
`ဟာ.. ငါတွက်ထားတဲ့နံပါတ်နဲ့ ကိုက်တယ်”
ဂျင်မီက အော်လိုက်တယ်။ သူ တော်တော်လည်း ပျော်သွားတယ်။
ဒီပွဲမှာ ဘာစကားမှဝင်မပြောပဲ ငြိမ်သက်နေသူကတော့ ငယ်လေးပဲ။ ငယ်လေးရဲ့စိတ်အာရုံတွေဟာ လွင့်ပါးနေသလိုမျိုး ငေးမောတွေဝေနေတာကိုတွေ့ရတယ်။
ကျွန်တော်လည်း ကျွန်တော်လူ့ဘ၀တုန်းက ဆော့ပင်ကို ငယ်လေးပိုင်ပိုင်နိုင်နိုင်ကိုင်ပြီး ဦးဆောင်ရေးခဲ့ တာကို တွေးလိုက်မိတယ်။ ပြိတ္တာကြီးက ငယ်လေးကိုယ်ထဲကို ဝင်ပူးပြီး စာရေးတဲ့အကြောင်း ပြောပြခဲ့တာ ကိုလည်း သတိရလိုက်တယ်။
သူတို့မေးခွန်းတွေကို ဖြေရတာ အတော်အင်အားစိုက်ထုတ်ရလို့ သိပ်ပြီးပင်ပန်းနွမ်းနယ်လှပါတယ်။ အဖြေကို အာရုံစိုက်ရတာက မပင်ပန်းဘူး၊ မှန်ပေါ်မှာ စာလုံးပေါ်အောင်ရေးရတာက သိပ်ပင်ပန်းလှတယ်။
သူတို့ နောက်ထပ်မေးခွန်းတစ်ခုမမေးခင်မှာ ကျွန်တော်ဟာ ငယ်လေးကိုယ်ထဲကို ရလိုရငြား ဝင်ပူး ကြည့်လိုက်ပါတယ်။
ငယ်လေးဟာ တစ်ချက်သန်းဝေလိုက်ရင်းက ယိုင်သလိုလိုဖြစ်သွားတယ်။ အဲဒီအခိုက်မှာ သူ့ကိုယ်ထဲ ကို ကျွန်တော် ရအောင်ဝင်ပူးလိုက်နိုင်ပါတယ်။
ငယ်လေးရုတ်တရက် အမူအရာပျက်သွားတာကို ဘယ်သူမှ သတိမထားမိလိုက်မိဘူး၊ ကျွန်တော်ဝင်ပူးတာကိုသိဖို့တော့ ဝေးပြီပေါ့။
ပြိတ္တာကြီးပြောတဲ့အတိုင်း ငယ်လေးဟာ ဝင်ပူးရ သိပ်လွယ်တာပဲ။
`ကျွန်တော့်ချစ်သူ သဇင်နဲ့ ကျွန်တော်နဲ့ ပေါင်းကြရမလား၊ ဖြေပေးပါ”
ဂျင်မီက မေးလိုက်တာပါ။ ဪ.. ဂျင်မီ့မှာ ချစ်သူ တွေဘာတွေတောင် ရနေပြီပဲ။
ကျွန်တော်အာရုံယူကြည့်လိုက်တော့ ဂျင်မီနဲ့ သိပ်လှတဲ့ ကောင်မလေးတစ်ယောက် ဘုရားကျောင်းထဲမှာ မင်္ဂလာဆောင်နေတဲ့မြင်ကွင်းကို မြင်လိုက်ရတယ်။
“ပေါ င် း ရ မ ယ်”
အဖြေစာလုံးဟာ လျှင်မြန်စွာပဲ မှန်ပေါ်မှာထင်သွားတယ်။
ကျွန်တော်က ငယ်လေးကိုယ်ထဲ ဝင်ပူးပြီး ငယ်လေးရဲ့ လူသားလက်ကို ငှားပြီးရေးလိုက်တာဖြစ်လို့ စာလုံးဟာ အလွယ်တကူရေးပြီးသားဖြစ်သွားတာလေ။
ကျွန်တော်လည်း သိပ်အင်အားမစိုက်ထုတ်ရတော့ပဲ ပင်ပန်းသက်သာသွားတာ တွေ့ရတယ်။ ကျွန်တော် ပေးမယ့်အဖြေကို ငယ်လေးက ကူရေးပေးလိုက်တဲ့သဘောပေါ့။
အားလုံးရဲ့အကြည့်ဟာ ငယ်လေးအပေါ်မှာ ပြုံကျလာတယ်။
`ဟေ့ကောင် ငယ်လေး၊ မင်းရေးလိုက်တာမဟုတ်ပါဘူးနော်”
ဂျင်မီက သံသယနဲ့မေးလိုက်တယ်။
ကျွန်တော်ဝင်ခဲ့ဘူးတဲ့သံသယမျိုးပါပဲ။
ကျွန်တော်က ငယ်လေးကိုယ်ထဲဝင်ပူးပြီး အဖြေရေးပြတဲ့အခါမှာ ဆော့ပင်ကိုသေသေချာချာဆုပ်ကိုင်ပြီး ပိုင်ပိုင်နိုင်နိုင် ရေးပြလိုက်မိတယ်လေ။ ဒီတော့ ငယ်လေးအပေါ်မှာ သံသယ ဖြစ်စရာဖြစ်သွားတာပေါ့။
`ဟေ့ကောင်ငယ်လေး၊ မေးနေတာ ဖြေလေကွာ၊ မင်းလက်က ဆော့ပင်ကိုသေချာဆုပ်ပြီး ရေးချ လိုက်တာ အသိသာကြီးကွ၊ ဟုတ်တယ်မဟုတ်လား”
အသိစိတ်ဓာတ်ကင်းလွတ်နေတဲ့ ငယ်လေးဟာ ဘာဆို ဘာမှပြန်မဖြေနိုင်ပါဘူး။ သူတို့အမြင်မှာတော့ သူတို့ကို ကြောင်တောင်ပြန်ငေးကြည့်နေတဲ့ ငယ်လေးကိုသာမြင်နေရမှာပဲ။
တကယ်တော့ ငယ်လေးကိုယ်ထဲဝင်ပူးနေတဲ့ကျွန်တော်က ကျွန်တော့်သူငယ်ချင်းတွေကို တွေ့ရတုံး လေး အားပါးတရ ကြည့်နေမိတာပါ။
သူငယ်ချင်းတို့ရယ်.. မင်းတို့ခေါ်ထားတဲ့ဝိညာဉ်ဟာ ဘယ်သူလဲ။ ဘယ်အရပ်ကလဲဆိုတာလေးများ မေးလိုက်ပါတော့လားကွာ၊ မင်းတို့ရှေ့ရောက်နေတဲ့ဝိညာဉ်ဟာ မင်းတို့သူငယ်ချင်းမျိုးသူဖြစ်ကြောင်း ဖြေချင်လွန်းလို့ပါကွာ။
မင်းတို့ခေါ်ထားတဲ့ ဝိညာဉ်ကောင်အကြောင်းကိုရော၊ မင်းတို့ စိတ်မဝင်စားကြဘူးလားဟင်။ မသိချင် ကြဘူးလား။
တကယ်တော့.. ဝိညာဉ်ခေါ်ပွဲလုပ်ကြတဲ့သူတိုင်းဟာ ရောက်လာတဲ့ဝိညာဉ်ကို ကိုယ်သိချင်တဲ့ မေးခွန်းပဲမေးကြတာများပါတယ်။ သူတို့မေးတဲ့ဝိညာဉ်ကောင်ဟာ ဘယ္ကလာတာလဲ၊ လူ့ဘ၀တုန်းက ဘယ်သူလဲဆိုတာကို မေးဖို့သတိမရကြဘူး။ မေးတဲ့ထုံးစံမရှိဘူး။
ကျွန်တော်ကတော့ သူတို့ရှေ့ရောက်နေတဲ့ဝိညာဉ်ဟာ သူတို့သူငယ်ချင်းကျွန်တော်ဖြစ်ကြောင်း သိစေ ချင်နေမိတယ်။
အခုရောက်နေတဲ့ဝိညာဉ်ဟာ ဘယ်သူလဲလို့ မေးလိုက်ကြပါတော့၊ မေးလိုက်ကြပါတော့ သူငယ်ချင်း တို့ရယ်..
ကျွန်တော်ဟာ သူတို့ရှေ့မှာ ကျွန်တော်ရောက်နေတဲ့အကြောင်းကို သူတို့သိအောင် ပြောပြချင်စိတ် ပေါက်လာတယ်၊ မျဖစ္မေနကို ပြောပြချင်လာမိတယ်။
ဒါနဲ့ပဲ နောက်ထပ်မေးခွန်းတစ်ခုမလာခင်မှာ စာတမ်းတစ်ခုကို လျှင်မြန်စွာရေးပြလိုက်မိပါတော့တယ်၊
ငါ ဟာ မျိုး သူ
မှန်ပေါ်မှာပေါ်လာတဲ့စာလုံးဟာ ငယ်လေးလက်ကို အသုံးပြုပြီး ကျွန်တော်ရေးလိုက်တာပါ။
`ဟင်.
`ဟာ
မင်းမင်းထိုက်၊ ဂျင်မီနဲ့ သက်ပိုင်တို့ဟာ စာတမ်းကို ကြည့်ပြီး တအံ့တဩနဲ့ အော်ဟစ်လိုက်ကြတယ်။
သူတို့လက်တွေဟာလည်း ဆော့ပင်ကိုကိုင်ထားရာက လွှတ်ချလိုက်ကြတယ်။ ဝိညာဉ်ခေါ်ပွဲ စည်းကမ်း အရဆိုရင် တစ်ယောက်ယောက်က လက်ကိုလွှတ်လိုက်တာနဲ့ ပွဲပျက်သွားပါပြီ။
ကျွန်တော်ကတော့ ငယ်လေးကိုယ်ထဲ ဝင်ပူးပြီးရောက်ရှိနေတာမို့ .. ကျွန်တော့်ဝိညာဉ်ဟာ သူတို့နားက မခြာပဲ ရပ်တည်နေနိုင်ပါသေးတယ်။
`ငယ်လေးရာ၊ မင်း ဒီလိုမျိုး မနောက်ပါနဲ့ကွာ
`အေးလေကွာ၊ သေတဲ့လူနာမည်ကိုတော့ ယူသုံးပြီး မနောက်သင့်ဘူးဟေ့ကောင်
ဪ..သူတို့ မယုံကြသေးပါလား။ သူတို့သူငယ်ချင်း ကျွန်တော် သူတို့ဘေးရောက်နေတာကို သူတို့ မယုံကြဘူး။
`တကယ်ပါ၊ ငါဟာ မျိုးသူပါကွ
ကျွန်တော့်နှုတ်က လွှတ်ကနဲထွက်ပြီးပြောလိုက်တယ်။
ထွက်လာတဲ့အသံကြောင့် ကျွန်တော်ကိုယ်တိုင် အံ့အားသင့်သွားရပါတော့တယ်။
ဘာဖြစ်လို့လဲဆိုတော့ အသံဟာ ကျွန်တော့်အသံဖြစ်နေလို့ပဲလေ။ ကျွန်တော်လူ့ဘ၀တုန်းကရှိခဲ့တဲ့ အသံအတိုင်း တသွေမတိမ်းထွက်လာတယ်။ ကျွန်တော်ကိုယ်တိုင် မကြားရတာ တစ်နှစ်ကျော်ကြာပြီဖြစ်တဲ့ ကျွန်တော့်အသံကို ပြန်ကြားလိုက်ရခြင်းပါပဲ။
သူတို့သုံးယောက်ဟာ တွန့်ကနဲနောက်ကိုဆုတ်သွားကြတယ်။
`အသံ၊ အသံက မျိုးသူအသံအတိုင်းပဲ”
မင်းမင်းထိုက်က ရေရွတ်လိုက်တယ်။
`ငယ်လေး၊ မင်းမနောက်နဲ့ကွာ”
ဂျင်မီ့အသံက တုန်နေတယ်။
ကျွန်တော်ဟာ မခံမရပ်နိုင်ဖြစ်လာတယ်။ တကယ်တော့ သူတို့သူငယ်ချင်းမျိုးသူ သူတို့အနားရောက် လာတာကို သူတို့ ဝမ်းသာသင့်တယ်မဟုတ်လား။
ကျွန်တော်ဟာ မျိုးသူအမှန်စစ်စစ်ဖြစ်ကြောင်း သူတို့ယုံအောင်ပြဖို့လိုတယ်။
ကျွန်တော်က ရှေ့ကိုတစ်လှမ်းတိုးလိုက်တယ်။
သူတို့သုံးယောက် ကြောက်လန့်တကြားနဲ့ နောက်တစ် လှမ်းဆုတ်လိုက်ကြတယ်။
`ငါ မျိုးသူဆိုတာ မင်းတို့မယုံကြဘူးပေါ့၊ အေးလေ.. မင်းတို့ယုံအောင် ပြရတာပေါ့
ဒီတစ်ခါထွက်လာတဲ့အသံကလည်း ကျွန်တော်မျိုးသူရဲ့ မူရင်းအသံပါပဲ။
ကျွန်တော်က သူတို့ကိုကွေ့ပတ်ပြီး အခန်းတခါးပေါက်ကိုလျှောက်သွားလိုက်တယ်။
တခါးပေါင်မှာ သံနဲ့ချိတ်ထားတဲ့ သက်ပိုင်ရဲ့ဆိုင်ကယ် သော့ကိုဖြုတ်ယူလိုက်တယ်။
`ဟာ..”
`မလုပ်နဲ့၊ မလုပ်နဲ့”
`ဟေ့ကောင် ငယ်လေး၊ သတိထားပါကြာ
ကျွန်တော်က ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ပဲ ဆိုင်ကယ်သော့ကိုကိုင်ရင်း.. အဆောင်ရှေ့ကို ထွက်ခဲ့ပါတော့တယ်။
အဲဒီတုန်းမှာ သက်ပိုင်ဟာ ပြတင်းပေါက်ကခုန်ဆင်းပြီး ထွက်လိုက်တယ်။ အိမ်ပေါ်ထပ်ကို လှမ်း အော်ပြောလိုက်တဲ့ သက်ပိုင်အသံကို ကျွန်တော်ကြားလိုက်ရတယ်။
`အန်ကယ်ကြီး၊ အန်ကယ်ကြီး၊ ပရိတ်ရေပုလင်းယူခဲ့ပါ၊ ပရိတ်ရေပုလင်း အမြန်ယူခဲ့ပါ”
ပရိတ်ရေဆိုတဲ့အသံဟာ ကျွန်တော့်ကို ခြံဝင်းထဲကနေ အပြင်ကိုအမြန်ရောက်အောင် တွန်းပို့လိုက်တဲ့ တွန်းအားတစ်ခု ဖြစ်သွားခဲ့ပါတယ်။
ကျွန်တော်ဟာ ပရိတ်ရေကို ကြောက်လန့်စိတ်၊ ကျွန်တော့်ကို `မျိုးသူဆိုတာ လက်မခံတဲ့အတွက် မခံချင်စိတ်များနဲ့ အဆောင်ရှေ့မှာ ရပ္ထားတဲ့ သက်ပိုင်ရဲ့ ဆိုင်ကယ်ကို တက်ခွလိုက်တယ်။
ကျွန်တော်ဟာ မျိုးသူဖြစ်ကြောင်းသက်သေပြရမယ်။ သူ တို့အထဲမှာ ဆိုင်ကယ်အစီးအကျွမ်းကျင်ဆုံး မျိုးသူဆိုတာသိသွားအောင် လက်တွေ့သက်သေပြရမယ်။
ကျွန်တော်က သက်ပိုင်ရဲ့ ယာမဟာ ဒီတီဆိုင်ကယ်ကြီးကို စက်နှိုးလိုက်တယ်။ ချက်ချင်းပဲ မောင်း ထွက်လိုက်တယ်။
ကဲ- ယုံကြပြီမဟုတ်လား။ ငါဟာ မျိုးသူဆိုတာ မင်းတို့ ယုံကြပြီမဟုတ်လား။ မင်းတို့ယုံအောင် ထပ်ပြီးသက်သေပြရ သေးတာပေါ့ကွာ၊
ကျွန်တော်က ဆိုင်ကယ်နောက်ဖက်ကို အားစိုက်ဖိလိုက်ပြီး ရှေ့ဘီးကို မိုးပေါ်ထောင်သွားအောင် လုပ်လိုက်တယ်။ ဒါဟာ ကျွန်တော်မျိုးသူ ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်တဲ့ မောင်းနည်းပါ။ ငယ်လေးဟာ ကျွန်တော့်လောက် ဆိုင်ကယ်ကို စတန့်ထွင်မစီးနိုင်ဘူး၊ ရဲလည်းမရဲဘူး။ ခုလောက်ဆို ကျွန်တော်ဟာ မျိုးသူဆို တာ သူတို့ယုံလောက်ရောပေါ့၊
ဒီအချိန်မှာ ကျွန်တော်အငှားခန္ဓာမျှောင်ထားရတဲ့ ငယ်လေးရဲ့စိတ်အခြေအနေကို ကျွန်တော်မသိဘူး၊ သတိလည်းမထားမိဘူး။
အဆောင်ရှေ့မှာတော့ အသံတွေ မျိုးစုံအောင် အော် မြည်ဆူညံရင်း ကျန်ခဲ့တယ်။
ကျွန်တော်ဟာ ငယ်လေးခန္ဓာကိုယ်ထဲမှာ ဝင်ပူးရင်းက ဒီတီဆိုင်ကယ်ကြီးကို ရှေ့ဘီးမိုးပေါ်ထောင်ကာ အရှိန်ပြင်းပြင်းနဲ့ မောင်းထွက်ခဲ့ပါတယ်။
အဆောင်ရှိတဲ့လမ်းသွယ်အတိုင်း.. အရှေ့ဖက်ကို ဦးတည်လို့၊ ရန်ကုန်-မန္တလေးလမ်းမကြီးဖက်ကို ရှေ့ရှုလို့ပေါ့။
ဒီ့နောက်တော့- ဘာတွေဘယ်လိုဖြစ်သွားတယ်ဆိုတာ ကျွန်တော့်အသိဉာဏ်နဲ့ အသေးစိတ် မမှတ်မိတော့ဘူး။
ကျွန်တော်စီးလာတဲ့ဆိုင်ကယ် လည်ထွက်သွားတာ..၊ ဆိုင်ကယ်ဟာ အရှိန်ပြင်းစွာနဲ့ မြေပေါ်ကို ကိုင်ရိုက်လိုက်သလို လဲကျသွားတာတွေဟာ ကျွန်တော်အသက်စွန့်ခဲ့ရစဉ်ကအတိုင်းပါပဲ။
အဲဒီအချိန်မှာ ကျွန်တော့်ရဲ့ဝိညာဉ်ကတော့ ငယ်လေးရဲ့ခန္ဓာကိုယ်ထဲက ပေါ့ပါးစွာထွက်ခွာခဲ့ပြီးပါပြီ။
မြင်ကွင်းအားလုံးကိုလည်း အပေါ်စီးကနေ အလုံးစုံမြင်တွေ့နေရပါတယ်။
အဆောင်ဖက်ကနေ ပြေးထွက်လာကြတဲ့ ကျွန်တော့် သူငယ်ချင်းသုံးယောက်။
အရှိန်နဲ့လဲကျသွားတဲ့ ဆိုင်ကယ်နဲ့အတူ ပါသြားတဲ့ ငယ်လေး။
ငယ်လေးဘာဖြစ်သွားသလဲ။
ကြည့်လိုက်တော့.. ငယ်လေးဟာ လမ်းမပေါ်မှာပက်လက်လန်လဲပြီး ခေါင်းကသွေးတွေဟာ မြင်မကောင်းအောင်ထွက်နေတယ်။ မျက်လုံးဟာ ကြောင်တောင်ပွင့်နေတယ်။
အို.. ငယ်လေးဟာ သူ့စိတ်ဆန္ဒမပါပဲ ကျွန်တော့် ပယောဂကြောင့် ဒုက္ခရောက်ရပါပြီကော။
ကျွန်တော်ကြည့်နေတုံးမှာပဲ.. ငယ်လေးရဲ့ခန္ဓာကိုယ်ထဲက ငယ်လေးရဲ့ပုံရိပ် နောက်တစ်ခုဟာ ရုန်းကြွပြီး ထွက်လာတယ်။ ဒါဟာ ငယ်လေးရဲ့ဝိညာဉ်ပါ။
အလို..ကျွန်တော့်ပယောဂကြောင့် ငယ်လေးသေသွားပါပြီကော။
ငယ်လေးရဲ့ဝိညာဉ်ဟာ ကျွန်တော့်ဝိညာဉ်ကိုမြင်လိုက်ရပြီး အားရဝမ်းသာလှမ်းနှုတ်ဆက်လိုက်တယ်။
`ဟာ.. မျိုးသူ၊ သူငယ်ချင်း မင်းကိုတွေ့ရတာဝမ်းသာလိုက်တာကွာ”
ငယ်လေးဟာ အဖြစ်အပျက်အမှန်ကို သိသေးပုံမရဘူး။
`ငါ့ကိုခွင့်လွှတ်ပါသူငယ်ချင်း၊ ငါတမင်လုပ်တာမဟုတ်ပါဘူး၊ ဒီလိုဖြစ်အောင် ရည်ရွယ်တာမဟုတ်ပါဘူး၊ ငါ့ကိုခွင့်လွှတ်ပါကွာ
`ဘာလဲမျိုးသူ၊ ငါက ဘာကိုခွင့်လွှတ်ရမှာလဲ
`ဪ.. မင်းနားမလည်သေးပဲကိုး၊ ဟိုမှာကြည့်လိုက်ပါဦးငယ်လေး၊ တကယ့်အဖြစ်ကို မင်းကြည့် လိုက်ပါဦး
ကျွန်တော်က လက်ညှိုးထိုးပြမှ သူဟာ သူ့ရဲ့မူရင်း သက်မဲ့ခန္ဓာကိုယ်ကြီးရှိရာကို လှည့်ကြည့်လိုက် တော့တယ်။
ကျွန်တော့်တုံးကလိုပဲ သက်ပိုင်ဟာ ငယ်လေးအလောင်းကိုပွေ့ပိုက်ထားပါတယ်။ သူ့တစ်ကိုယ်လုံး သွေးတွေပေလူးလို့ပေါ့။ မင်းမင်းထိုက်က ငယ်လေးကိုယ်ကိုစမ်းသပ်ကြည့်ရင်း အသက်မရှိတော့မှန်း သိလိုက် တော့ အော်ငိုလိုက်တယ်။ ဂျင်မီက ဘာလုပ်ရမှန်းမသိပဲ ကြောင်ကြည့်နေတယ်။
`အဲဒါ ငါ့အမှားပါ၊ ငါ မင်းကိုယ်ထဲဝင်ပြီး ဆိုင်ကယ်စီးခဲ့လို့ ဒီလိုဖြစ်ရတာ
ငယ်လေးဟာ ခုမွ သဘောပေါက်သွားတော့တယ်။
`ဟင်.. ဒါဖြင့် ငါသေပြီပေါ့၊ အို.. ဟုတ်သားပဲ၊ မင်းဟာ မနှစ်ကတည်းက သေပြီးသားပဲမျိုးသူ၊ မင်းကို ငါမြင်နေရတယ်၊ ငါ..ငါလည်း သေပြီပေါ့နော်၊ ဟာကွာ…”
`ခွင့်လွှတ်ပါကွာ၊ ဒါတွေဟာ ငါ့ကြောင့်ဖြစ်ရတာပါ၊ ဒါပေမယ့် ငါတမင်လုပ်တာမဟုတ်”
`ထားလိုက်ပါတော့ သူငယ်ချင်းရယ်၊ ဖြစ်ပြီးမှတော့ ဘယ်တတ်နိုင်မှာလဲ၊ တစ်ခုတော့ တော်ပါသေး တယ်၊ ငါသေပေမယ့် မင်းက အဆင်သင့်စောင့်နေလို့၊ မင်းနဲ့အဖော်လုပ်လို့ရနေလို့ တော်သေးတာပေါ့ကွာ”
`အဲဒီလိုမဟုတ်ဘူးကွ၊၊ အဲဒီလိုမဟုတ်ဘူး၊ မင်းရောက်လာပြီဆိုတော့ ငါသွားရတော့မှာ သူငယ်ချင်း”
`ဘာ..”
`လာ.. ငယ်လေး၊ မင်းနေရမယ့်နေရာကို ငါလိုက်ပြမယ်”
ကျွန်တော်က ငယ်လေးလက်ကိုဆွဲပြီး ထနောင်းပင်ကြီးရှိရာကို ခေါ်လာလိုက်တယ်။
ရှင်းပြစရာရှိတာကိုလည်း မြန်မြန်ဆန်ဆန်ရှင်းပြလိုက်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာကနေ ထွက်ခွာရတော့မယ် ဆိုတာကို ကျွန်တော်သိနေလို့ပါ။ မမြင်ရတဲ့ အင်အားတစ်ခုဟာ ကျွန်တော့်နောက်ကျောကနေ ကျွန်တော့်ကိုဆွဲခေါ်နေပြီ။
ထနောင်းပင်ကြီးအောက်ရောက်တော့..
`ဒါ- ငါနေတဲ့ထနောင်းပင်ကြီးပဲငယ်လေး၊ မင်းရောက်လာလို့ ငါသွားရတော့မယ်”
ကျွန်တော်က ဒီနားတဝိုက်မှာ ဝိညာဉ်တစ်ကောင်သာ နေခွင့်ရကြောင်းနဲ့ ဝိညာဉ်အသစ်ရောက်လာရင် အဟောင်းက နေရာဖယ်ပေးရကြောင်းကို.. ကျွန်တော့်ကို ပြိတ္တာကြီး ရှင်းပြခဲ့သလိုမျိုး ရှင်းပြလိုက်တယ်။
`ဒါပေမယ့် ငါဒီနေရာက ကျွတ်ချင်လို့ မင်းကို သေအောင်လုပ်လိုက်တာမဟုတ်ဘူးဆိုတာတော့ ယုံပါ သူငယ်ချင်းရယ်..၊ အဖြစ်က မမျှော်လင့်ပဲဖြစ်သွားရတာပါ”
`အဲဒါ ငါယုံတယ်၊ မင်းကို အပြစ်မတင်ပါဘူး၊ ဒါပေမယ့် မင်းမသွားပါနဲ့မျိုးသူရာ၊ ငါနဲ့အတူတူနေပါကွာ”
`မဖြစ်ဘူးကွ။ ငါမသွားချင်ပေမယ့် မဖြစ်ဘူး၊ သွားကို သွားရတော့မယ်၊ ငါ့ကို တစုံတခုက ဆွဲခေါ်နေပြီ၊ နေချင်ပေမယ့် နေလို့မရတော့ဘူး၊ ဟော.. ပြောရင်းဆိုရင်း ငါ့ကိုဆွဲခေါ်နေပြီ”
ကျွန်တော့်ဝိညာဉ်ဟာ ငယ်လေးနဲ့စကားပြောနေတုံးမှာပဲ နောက်က တစ်စုံတစ်ခုဆွဲခေါ်တာခံလိုက်ရ သလို ရွေ့သွားပါတယ်။
`မင်း ဘယ်ကိုသွားမှာလဲဟင်”
`အဲဒါ ငါမသိဘူး၊ ဒီနေရာက ခွာရတော့မယ်ဆိုတာသာ သိတယ်၊ ဘယ်ကိုဆိုတာ ငါမသိဘူး၊ ငါ့ရှေ့က ပြိတ္တာကြီးလည်း ဒီလိုပါပဲ၊ ဘာမှမသိရပါဘူး၊ နေခဲ့ပေတော့သူငယ်ချင်း၊ နှုတ်ဆက်ခဲ့ပါတယ်ငယ်လေးရယ်၊ မင်းကိုရော.. ကျန်တဲ့သူငယ်ချင်းတွေကိုပါ ငါ့လုပ်ရပ်အတွက် ငါတောင်းပန်ပါတယ်၊ ငါ့ကို ခွင့်လွှတ်ပါတော့ကွာ၊ သွားပြီ.. သွားပြီ.. ငါသွားပြီ သူငယ်ချင်းရေ..”
ငယ်လေးကို နှုတ်ဆက်နေတုန်းမှာပဲ.. ကျွန်တော်ဟာ နောက်ဖက်က ဆွဲခေါ်မှုကြောင့် တဖြည်းဖြည်း ငယ်လေးနဲ့ဝေး သွားရပါတယ်။
ငယ်လေးရဲ့ ဝိညာဉ်ပုံရိပ်၊ အဆောင်ပတ်ဝန်းကျင်က တကယ့်လက်ရှိ သဘာ၀ပုံရိပ်တွေဟာ ကျွန်တော့် နောက်မှာ တဖြည်းဖြည်းဝေးကျန်ခဲ့တယ်။
နောက်ဆုံးတော့ မြင်ကွင်းအားလုံးဟာ ကျွန်တော့်အမြင်ထဲမှာ တဖြည်းဖြည်းသေးငယ်သွားပြီး ကျွန်တော်ဟာ သူတို့ အားလုံးနဲ့ဝေးရာကို လိုက်ပါလွင့်မျောသွားပါတော့တယ်။
နှုတ်ဆက်ခဲ့ပါတယ် သူငယ်ချင်းတို့ရေ..
နှုတ်ဆက်..
ခဲ့ပါ..
တယ်….
ငါ့ကို..
ခွင့်..
လွှတ်.. ..
x x x x x x x x x

#ဆောင်းလုလင်