သင်းကွဲနှင်းဆီ(စ/ဆုံး)
———————-
ထိုနေ့က လေပျက်ကလေး ခပ်စိတ်စိတ် ကျနေသည်။ ကျွန်မချစ်သော ဧကရာဇ်ပန်းလေးတွေ တဖြုတ်ဖြုတ် ကြွေကျနေပုံကိုတော့ မမြင်ရ။ ထို့အတူ ကိုလေးကိုလည်း မမြင်ရပါ။ လေရိုက်ဖြတ်သံ တဖြောက်ဖြောက်တို့ကြောင့် ပန်းပွင့်လေးတချို့ ကြွေကျနေမည်ကိုတော့ အသေအချာသိသည်လေ။
တံခါးပေါက်ဆီသို့ စမ်းတဝါးဝါး တိုးသွားရင်းနှင့် လေတစ်ချက် အဝှေ့ကြောင့် သစ်ကိုင်းတစ်ကိုင်း ကျိုးကျသံကို ကြားလိုက်ရသည်။ လေဟာ သည့်ထက်များ ပိုပြင်းလာဦးမှာလား။ ပြီးတော့ မိုးကိုရော သယ်ဆောင်လာဦးမှာလား။
ကိုလေးရယ် ကျွန်မ လွမ်းလိုက်တာ၊ သဲနု လွမ်းလိုက်တာ။
တံခါးပေါက်ဘောင်ကို ဆုပ်ကိုင်ရင်း ငိုမိသည်။ အသည်းနှလုံးထဲမှာတော့ ကိုလေးက နဂိုရှိရင်းစွဲအတိုင်း ငြိမ်သက်လို့နေသည်။
ကျွန်မနေ့ရက်ဟောင်းများတွင်မတော့ ကိုလေးရယ်… ကျွန်မရယ်… ပြီးတော့.. ဧကရာဇ်ပန်းလေးတွေရယ်၊ ဒါတွေပဲ ရှိစေချင်ပါတယ်။ ဒါပေမယ့် မမျှော်လင့်တဲ့ လေပြင်းတွေ၊ မိုးခါးရေစက်တွေဟာ ဘာလို့များ ကျွန်မတို့ဆီ ရောက်လာရတာလဲ သိချင်သည်။ သို့သော် မသိချင်ပါ။ ကိုလေး၏ ညီညာလှပသော သွားလေးများနှင့် သွားတက်စွယ်လေး တစ်ဖက်ကို ကျွန်မ သိပ်ချစ်သည်။ အဲသည့် သွားတက်လေးနှင့် မာလကာသီးကို ကိုက်ဖြတ်ပြီး ကျွန်မကို စားစေခဲ့သည်။ ကိုလေးပါးစပ်ထဲမှ မာလကာသီးပဲ့လေးကို ကျွန်မ မရွံပါ။ ထို့အတူ ကိုလေးကိုလည်း ကျွန်မ မရွံခဲ့ပါ။
“သဲနု နင် နောက်ဖေးအိမ်က ကောင်လေးနဲ့ မပေါင်းနဲ့၊ ကြားလား။ သူ့အမေက ကိုယ်မကောင်းဘူးတဲ့”
မမကြီးပြောတော့ ကျွန်မ ခေါင်းကို ညိတ်ပြခဲ့သည်။ ကျွန်မတို့တိုက်ကြီးပေါ်က စီးမိုးကြည့်လျှင် ကိုလေးတို့သားအမိနေသော အိမ်လေးက ပြားပြားဝပ်လို့နေသည်။ ကိုလေး၏အမေသည် ခြေတစ်ဖက်ဆာနေသလို လမ်းသွားလျှင် တဆတ်ဆတ် ဖြစ်လို့နေသည်။ အသားအရေက ခြောက်ခန်းခန်း ရှိပေမယ့် မျက်လုံးအစုံက ဝိုင်းကြည်လို့နေသည်။ မနက်လင်းလျှင် ပန်းဗန်းကြီး ခေါင်းပေါ်ရွက်၍ “ဟောဒီက ဘုရားပန်း လှတယ်တော်”လို့ အော်အော်ပြီး ကျွန်မတို့တိုက်ရှေ့က ဖြတ်ဖြတ်သွားတတ်သည်။ မေမေသည် ဘယ်သောအခါမှ ကိုလေးအမေထံမှ ဘုရားပန်း ဝယ်မလှူပါ။
ကိုလေးတို့ခြံလေးထဲတွင် သစ်ပင်ပန်းပင် များစွာရှိသည်။ ရေတွင်း တစ်တွင်း ရှိသည်။ ကျွန်မတို့ခြံနှင့် ကပ်လျက် သပြေပင်ကြီးဆို အရွက်နုလေးတွေ ရွှန်းစိုနေသည်။ စံပယ်ရုံတန်းလေးများကြားမှာ သင်္ဘောပင်ပုလေးတွေ စီတန်း၍နေသည်။ နှင်းဆီရောင်စုံများနှင့် ကျွန်မ အမည်မခေါ် တတ်သော ပန်းပင်တွေ အများကြီးရှိသည်။ ကိုလေးတို့ အိမ်မျက်နှာစာမှာ ပေါက်နေသော မာလကာပင်ကြီး နှစ်ပင်ကိုတော့ ကျွန်မ သဘောအကျဆုံးဖြစ်သည်။ တစ်ပင်က အူဖြူ၊ တစ်ပင်က အူနီ၊ စားလို့ သိပ်ချိုသည်။
ကျွန်မတို့ သည်တိုက်ကို ပြောင်းလာလာချင်းပင် ကျွန်မ ပထမဦးဆုံး သတိထားမိသည်မှာ ကိုလေးတို့ခြံကလေးပင် ဖြစ်သည်။
“မေမေ သမီး ဟိုဘက်ခြံသွားချင်တယ်”
“အို ဘာလို့သွားရမှာလဲ သမီး၊ ကိုယ့်ခြံဝင်းထဲမှာပဲ ဆော့နော်”
ကျွန်မ လက်ညှိုးလေးကို ငုံခဲရင်း တစ်ဖက်ခြံကို တွေစိုက်ကြည့်ဆဲမှာပင် ကိုလေးကို မြင်လိုက်ရသည်။ ကိုလေးက စွပ်ကျယ်ချိုင်းပြတ် ဝါကျင့်ကျင့်နှင့် ဇင်ပြာဘောင်းဘီတိုလေးနှင့် ပန်းပင်တွေ ရေလောင်းနေလေသည်။
“ရှီး… ရှီး”
ကျွန်မက လှမ်းခေါ်တော့ ကိုလေးက လှည့်ကြည့်သည်။ ပြီးတော့ ရယ်ပြသည်။ သွားတက်စွယ်လေးတစ်ဖက်ကို အဲသည်ကတည်းက ကျွန်မ မြင်ခဲ့တာပါ ကိုလေး။
ကျွန်မနဲ့ ကိုလေး ဦးစွာခင်မင်ပြီးမှ မမကြီးနှင့် မမလေးတို့က ကိုလေးနှင့် ခင်ရသည်။ ဒါပေမယ့် ရက်က သိပ်မကြာလိုက်။ ဟိုဘက်ခြံက မိန်းမကြီးက ကိုယ်မသန့်ဘူးဆိုတဲ့သတင်း ကျွန်မတို့ဆီ ရောက်လာခဲ့တယ် ကိုလေး။ မမကြီးက လုံးဝ အဆက်အသွယ်မလုပ်တော့ပေမယ့် ကျွန်မနဲ့ မမလေးတို့က ခိုးသွားသည်။ ပြီးတော့ ကိုလေး ကျွေးသော မာလကာသီးတွေကိုလည်း ခိုးစားသည်။
ကိုလေးနှင့် ကျွန်မတို့ ညီအစ်မနှစ်ယောက် တစ်ကျောင်းတည်း အတူတက်ကြရသည်။ မမကြီးက အထက်တန်းကျောင်းမှာမို့ ကျွန်မတို့နှင့် မတူခဲ့ပါ။ ဒါသည်ပင် ကိုလေးနှင့် ကျွန်မတို့အတွက် ခင်မင်ရင်းနှီးမှု ပိုစေခဲ့သော အချက်ဖြစ်သည်။
ကိုလေးနှင့် မမလေးက တစ်ခန်းတည်း။ ကျွန်မက ငါးတန်းကျောင်းသူဆိုတော့ အတန်းမတူခဲ့ပါ။ သို့သော် မမလေးရှိရာ ခုနစ်တန်းဆောင်ဘက် ခဏခဏ သွားခဲ့သည်။ မမလေးဆီ သွားချင်တာထက် ကိုလေး ယူလာတတ်သော မာလကာသီးကြီးတွေ လိုချင်၍ပဲ ဖြစ်သည်။ ကျွန်မတို့အိမ်က ကားလာမကြိုမချင်း ကျောင်းရှေ့ ရေတမာပင်ကြီးအောက်မှာ ကိုလေးက အတူထိုင်စောင့်ပေးသည်။ ရယ်စရာမောစရာလေးတွေ ပြောကြရင်း ကျွန်မ ပျော်ခဲ့သည်။ အဆင့်အတန်းတို့ အရှိန်အဝါတို့ရဲ့ လွှမ်းမိုးမှုဟာ ကြောက်စရာတော့ ကောင်းသား ကိုလေးရယ်။ ခရီးချင်းတူပါလျက် တစ်ပုံစီ သွားကြရသည်။ ကျွန်မတို့ ကားပေါ်တက်ထိုင်ချိန်မှာ ကိုလေးက လမ်းစလျှောက်ရသည်။
“တို့က မြေပြင်ပေါ်မှာ ခြေချနေကျ လူတန်းစားတွေပါဟာ၊ နင်တို့လိုကားကြီးမျိုး စီးနိုင်လည်း ငါ မြေပြင်ပေါ်မှာပဲ လမ်းလျှောက်မယ်”
သည်တုန်းက ကိုလေးရဲ့ စကားတွေကို ကျွန်မ နားမလည်ခဲ့ပါ။ ဘဝချင်းမတူညီမှုကို ဆိုချင်တယ် ထင်ခဲ့မိသည်။ သို့သော် ဘဝချင်း တူညီမှု မတူညီမှုကို ဘာနဲ့သတ်မှတ်သလဲဆိုတာ တွေးမိလျှင် ကျွန်မ ရင်မောရပြန်သည်။ ဪ … ကိုလေး၊ ခုတော့ ဘဝချင်းပင် ခြားသွားခဲ့ပါပြီ။
(၂)
ဖေဖေ၊ မေမေနှင့် မမကြီးတို့ မရှိသောတစ်ရက်တွင် ကျွန်မတို့တိုက်သို့ ကိုလေးကို အတင်းဆွဲခေါ်ခဲ့ကြသည်။ ကိုလေး၏ မျက်ဝန်းထဲတွင် အံ့သြရိပ်များ စွန်းထင်းနေသည်။ ကျွန်မတို့တိုက်ကြီးထဲမှ ပစ္စည်းများကို ငေးမောကြည့်ရှုနေသော ကိုလေးမှာ စကားတစ်ခွန်းပင် မဆိုနိုင်ခဲ့။ ပြီးတော့ မျက်နှာခပ်တည်တည်ကြီးနှင့် ကျွန်မတို့ကျွေးသော အစားအစာအားလုံးကို ငြင်းဆန်ခဲ့သည်။
“ငါ မစားပါရစေနဲ့ဟာ”
“စားစမ်းပါ ကိုလေးကလဲ၊ ရော့”. .
ကျွန်မက မုန့်ကို ကောက်ယူကာ ကိုလေးပါးစပ်ထဲ အတင်းခွံ့မည် ပြင်တော့ ကိုလေးက ကျန်မလက်ကို တွန်းဖယ်ပစ်သည်။
“မစားချင်ဘူး။ နင်တို့ကျွေးတာ စားပြီးရင် ငါ အိမ်မပြန်ရဲဘူး”
“ဟင်.. ဘာလို့”
“ငါ့အမေထက် ပိုပြီး ဘာတစ်ခုမှ မခံစားချင်ဘူး။ အခုအချိန်မှာ အမေဟာ လမ်းပေါ်မှာ ပန်းတွေရောင်းနေမှာဟ။ ငါ ဒါတွေစားနေလို့ တရားပါ့မလား”
အို… ကိုလေးရယ်၊ သည်လိုအတွေးမျိုး ကျွန်မတို့ထံမှာ ဘယ်တုန်းကမှ မရှိခဲ့ပေမယ့် ကိုလေးမှာ အချိန်မရွေးရှိနေတာ အသေအချာပါပဲ။ ကိုလေးကို သနားလွန်း၍ ကျွန်မ မျက်ရည်ဝိုင်းခဲ့ရသည်။ သည့်နောက်တော့ ကိုလေးတို့အိမ်ဘက်သို့ မုန့်တွေ ခိုးပို့သည့်နည်းလမ်းကို ကျွန်မတို့ ကျင့်သုံးခဲ့ကြသည်။
ကိုလေးရဲ့ အမေက… “သမီးတို့ရယ် ဘာမှ မယူခဲ့ကြပါနဲ့။ ဒေါ်ဒေါ်တို့ မစားချင်ဘူး။ တကယ်ပါ။ ကိုယ့်မိဘပစ္စည်းဆိုပေမယ့် အရာရာမှာ ပွင့်လင်းရိုးသားမှ တန်ဖိုးရှိပါတယ်ကွယ်။ သမီးတို့ နောက်တော့ကျွေးပေါ့ ၊ ဟုတ်လား”
ကိုလေး၏အမေသည် ရုပ်ရည်ချောမော၍ ရိုးသားဖြူစင်သူဖြစ်သည်။ အများ ထင်ကြ ပြောကြသလို ကိုယ်မကောင်းသော အရိပ်လက္ခဏာကို ထိုစဉ်က ကျွန်မတို့ မတွေ့ခဲ့ရ၊ ဝိုင်းစက်ကြည်လင်သော မျက်လုံးအစုံတွင် မေတ္တာရည်များ ဖိတ်လက်နေသည်။ နေလောင်ထားသော အသားညိုညိုတွင် ထင်နေသည့် အကွက်များကို တင်းတိပ်များဟု ကျွန်မ ထင်ခဲ့သည်။ သူတို့ ကျွေးသမျှ သစ်သီး၊ ပေးသမျှ ပန်းပွင့်တို့ကို ကျွန်မတို့ ယူသော်လည်း ကျွန်မတို့ပေးကမ်းသည့် မည်သည့်အရာကိုမဆို လက်မခံခဲ့ကြ။ ကျွန်မရင်ထဲတွင် တစ်နေ့နေ့တော့ သူတို့မေတ္တာစေတနာကို တုံ့ပြန်ပေးဆပ်မည်ဟု တေးမှတ်ခဲ့သော်လည်း…..။
ဪ… ခြံကလေးထဲတွင် ကိုလေးတို့သားအမိ မရှိကြတော့ပြီပဲ။ ကျွန်မရင်မှာ ဆို့နင့်ကြေကွဲစွာဖြင့် ခြံထောင့်မှ ဧကရာဇ်ပင်ဆီသို့ စမ်းလျှောက်ခဲ့သည်။ လေက တိုးဝှေ့ဆဲမို့ ကျွန်မဆံပင်တွေက တလွင့်လွင့်။ ကြည့်စမ်း၊ ဟောဒါ ဧကရာဇ်ပန်းပွင့်လေးတွေပဲ။
“ဒါ ဧကရာဇ်ပင်လို့ခေါ်တယ်။ အပွင့်ဖြူဖြူလေးတွေ ပွင့်တာ၊ သိပ်လှတာပဲ။ အပွင့်လေးတွေကို ဖွတ်မြီးထိုးပြီး အရှည်ကြီးကုံးလို့ ရတယ်။ ဒီအပင်ပွင့်ရင် နင်တို့ကို ငါ သီပေးမယ်”
ကိုလေးရေ ဧကရာဇ်ပန်းတွေ ပွင့်နေပါပြီ။ ကြွေနေပါပြီ။ ဒါပေမယ့် ကိုလေး ဘယ်မှာလဲ။ ကျွန်မက မသီကုံးတတ်လေတော့ ပန်းကြွေတွေကိုပဲ ကောက်နေရတယ် ကိုလေးရယ်။
“ဖြူဥနဲ့ သဲနု ဒီကိုလာစမ်း။ နင်တို့ ဟိုဘက်အိမ်သွားပြီး ဟိုမိန်းမကြီးကျွေးတဲ့ သင်္ဘောသီးတွေ စားတယ်ဆို၊ ဟုတ်လား”
“မ… မစားပါဘူး မမကြီးရဲ့ ၊ သွားလည်း မသွားပါဘူး”
မမလေးက ငြင်းဆိုပေမယ့် ကျွန်မ တစ်လုံးမျှ အဖြေမပေးခဲ့ပါ။ စားတော့ ဘာဖြစ်သလဲ မမကြီးရယ်။ သူတို့က မမကြီးတို့ထင်သလို မဟုတ်ပါဘူး။ ကျွန်မ ရင်ထဲက တီးတိုး ဆိုမိသည်။ အဲသည်တုန်းက မမကြီးရဲ့ တုတ်ချက်တွေထက် မမကြီးရဲ့ စကားတွေက ကျွန်မရင်ကို နာကျင်စေခဲ့သည်။
“အေး… နင်တို့စားရင် ကိုယ်ပျက်လိမ့်မယ် သိလား။ သူတို့က အနူတွေဟဲ့ … အနူတွေ”
ရင့်ရင့်သီးသီး စကားဆိုခဲ့သော မမကြီးကို မုန်းခဲ့မိသည်။ လူတွေ့ရဲ့ စကားထိုးစစ်အောက်မှာ ကိုလေးတို့သားအမိ နစ်မျောနေသည်ဟု ထင်ခဲ့မိသည်။ ကိုလေးတို့ရဲ့ ဖြူစင်သော အသည်းနှလုံးအစုံကို ရင်းနှီးခင်မင်ခဲ့ရပြီမို့ ဘာကိုမျှ ကျွန်မ မမြင်တတ်ခဲ့။ သို့သော် ကြိုတင်မှန်းဆမရတဲ့ လေပြင်းတွေ၊ မိုးခါးရေစက်တွေ၊ ထက်ပိုင်းကျိုးသွားသော သစ်ကိုင်း အပိုင်းအစတွေ။
“အား”
အလန့်တကြား ကျွန်မ အော်ဟစ်ပစ်လိုက်သည်။ ထစ်ချုန်းလိုက်သော မိုး၏ ဟိန်းဟောက်သံက နားကွဲလုမတတ်။ ကျွန်မကိုယ်ပေါ်မှာ မိုးသီးမိုးပေါက်တွေ ပြိုကျလာသည်။ ဧကရာဇ်ပန်းတွေ တရစပ် ကြွေကျလာသည်။ ကျွန်မလက်ထဲက ဧကရာဇ်ပွင့်တွေကို တအား ဆုပ်ချေလိုက်မိသည်။ စိုအိစေးထန်းသော အရည်တွေ လက်ကြားမှ ယိုစီးကျလာသည်။
ပန်းပွင့်ရဲ့ သတ္တုရည်တွေ။ အို … မဟုတ်ဘူး။ သွေးတွေ … မမလေးရဲ့ သွေးတွေ…. ပြီးတော့ ကျွန်မရဲ့ သွေးတွေ။
“သဲနု”
မေမေ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာတော့ ကျွန်မအသိတွေ ဝေဝါး ပျောက်ကွယ်သွားသည်။
(၃)
မမကြီး ရိုက်လိုက်ကတည်းက ကျွန်မတို့ ကိုလေးတို့အိမ်ဘက်သို့ သိပ်မကူးရဲကြတော့ပါ။ ထိုစဉ်က ညတိုင်းလိုလို ကိုလေးကို ခဏခဏ အိပ်မက်မက်နေသည်။ ရွှန်းလက်သော မျက်ဝန်း၊ ဖြောင့်စင်းသော နှာတံ၊ ရဲစိုနေသော နှုတ်ခမ်း၊ ပြီးတော့ သွားတက်စွယ်လေးတစ်ဖက်။ အိပ်မက်ထဲတွင် ကိုလေးက ပိုပြီး ချောနေသေးတော့၏။ ကိုလေးနှင့်အတူ ရယ်မော စကားပြောနေစဉ် ရင်တွေခုန်နေ၏။ မာလကာသီးတွေ အများကြီး စားရ၏။ မာလကာသီးတွေက အိပ်မက်ထဲမှာပင် ချိုနေသည်။ ကိုလေး၏လက်ချောင်းများဖြင့် ကျွန်မဆံပင်တွေကို ထိုးဖွလိုက်ချိန်မှာ အိပ်မက်မှ လန့်နိုးတော့သည်။ အပြာနုရောင် မီးလုံးလေးအောက်တွင် တစ်ညလုံး အိပ်မပျော်တော့ဘဲ အိပ်မက်ထဲက ကိုလေးကို ပြန်ပုံဖော်ရင်း ကြည်နူးမိလေသည်။
မမကြီး ရန်ကုန်တက္ကသိုလ်တက်နေစဉ်မှာ မမလေးနှင့် ကိုလေးတို့ ဆယ်တန်းတက်ရသည်။ ကျွန်မက ရှစ်တန်း။ အရွယ်တွေ ကြီးပြင်းလာသလို သံယောဇဉ်တွေက ပိုမိုခိုင်မာလာသည်။ ကိုလေးတို့ အထက်တန်းကျောင်းပြောင်းသွားတော့ ရေတမာပင်လေးအောက်မှာ ထိုင်ရင်း ကျွန်မ တစ်ယောက်တည်း ဝမ်းနည်းနေတတ်သည်။ တစ်နေကုန် တစ်နေခန်း မတွေ့ရသော ကိုလေးကို တွေ့ချင်မြင်ချင်လွန်းသဖြင့် အပေါ်ထပ်မှ ခိုးခိုး ကြည့်ရသည်။ ကိုလေးတို့ခြံဘက်သို့ ကူးဖို့ရာလည်း ခါတိုင်းလို မလွယ်ကူတော့။ ကိုလေးနှင့် မတွေ့တာ သုံးလေးရက်ကြာလာလျှင် ကျွန်မ ငိုချင်လာမိသည်။
မမလေးကို မေးတော့
“ကိုလေးက ငါနဲ့လည်း သိပ်မျက်နှာချင်းမဆိုင်ဘူး။ တစ်ခါတလေ ငါက သွားစကားပြောရင်တောင် သူက ခပ်တည်တည်ရယ်”
“သဲနုကိုရော သူ မမေးဘူးလား”
“မမေးပါဘူးဟာ”
မမလေးက ကျွန်မကို ဆွေးမြေ့စွာ ကြည့်သည်။ မမလေး၏မျက်ဝန်းထဲတွင် မျက်ရည်စများ ရစ်ဝဲနေသည်။
ကျွန်မရင်ထဲမှာ ကြေကွဲဆို့နင့်ရပါသည်။ အခုတလော ကြားရသည့် ကိုလေးအမေရဲ့ သတင်းကလည်း မကောင်းလှပါ။ ကျန်းမာရေးမကောင်းသဖြင့် ပန်းလည်း ထွက်မရောင်းတော့။ အရပ်ထဲတွင် ကိုလေး အမေ ကိုယ်ပျက်နေပြီဆိုသော စကားကို ပြောနေကြသည်။ ကိုလေးတို့ခြံဘက်ကို ခိုးသွားနိုင်ရန် ကျွန်မ အမြဲစောင့်စားနေခဲ့ရသည်။ ဖေဖေနှင့် မေမေတို့ မြို့ထဲအသွား မမလေးက အခန်းထဲမှာ စာကျက်နေသော ညနေ ဆည်းဆာလေးတစ်ခုမှာ ထိုအခွင့်အရေးကို ကျွန်မရခဲ့သည်။
ကိုလေးတို့ခြံထဲသို့ ခပ်သုတ်သုတ်ဝင်၍ ကိုလေးကို ရှာသည်။ မာလကာပင်ထောင့်မှာ ကိုလေး စာကျက်နေသည်။ ကျွန်မ ခြေသံကို မကြားအောင် ခပ်ဖွဖွလေး သွားရင်း နောက်မှ ကိုလေးမျက်နှာကို လက်ဖဝါးဖြင့် ပိတ်လိုက်သည်။
“သဲနု မဟုတ်လား”
အို … ပျော်လိုက်တာ။ ကိုလေး ကျွန်မကို သိတယ်နော်။ ရင်မှာ ကြည်နူးစွာဖြင့် ကိုလေးမျက်နှာကို တင်းတင်းကြပ်ကြပ် ပိတ်ထားလိုက်မိသည်။ ကျွန်မ လက်ကို ဖယ်မပေးသဖြင့် ကိုလေးက အတင်းဖယ်ချလိုက်စဉ်မှာတော့ ကိုလေးရဲ့ လက်ဖဝါးနှစ်ဖက်ကြားမှာ ကျွန်မ လက်ကလေး တဆတ်ဆတ် တုန်ယင်နေသည်။ ကျွန်မတစ်ကိုယ်လုံးလည်း သစ်ရွက်ကလေးတစ်ရွက်လို တုန်နေသည်။
“ဘာလာလုပ်တာလဲ သဲနု”
“ဟာ… ကိုလေးကလည်း အလည်လာတာပေါ့လို၊ ဒေါ်ဒေါ်ရော”
ကိုလေးမျက်နှာဟာ ခါတိုင်းနဲ့မတူ မှုန်တေနေသည်။
“အိပ်နေတယ်”
အသံကလည်း ပြတ်တောက်လိုက်တာ ကိုလေးရာ။ အဲသည်တုန်းက ကိုလေးကို ကျွန်မ စိတ်ဆိုးခဲ့မိသေး၏။ ကိုလေးကို မျက်စောင်းတစ်ချက်ထိုးပြီး အိမ်လေးထဲ အဝင်၊ ကိုလေးက လှမ်းအဆွဲ၊ ကိုလေး အမေက အိမ်ကလေးထဲကအထွက်။ အဖြစ်အပျက်တွေက မြန်ဆန်သလောက် အံ့သြစရာကောင်းလွန်းသည်။
ကြည့်စမ်း… ကြည့်စမ်း ကိုလေးရဲ့ အမေဟာ…..။
ကျွန်မ မှင်သက်မိကာ ကိုလေးရဲ့ အမေကို ကြည့်နေမိသည်။ နီရဲဖူးရောင်နေသော မျက်နှာမှာ အဆီပြင်တစ်ခုကဲ့သို့။ ပြီးတော့ လက်တွေ၊ ခြေတွေမှာ အနာတွေလား။
“သဲနု နင် ပြန်စမ်း။ နောက်ကို ငါတို့ခြံထဲ ဘယ်တော့မှ မလာခဲ့နဲ့။ သွား…”
ကိုလေးက အော်ဟစ်ပြီး ကျွန်မကို ခြံထဲမှ ဆွဲထုတ်သည်။ ကြောက်အားလန့်အားဖြင့် အိမ်သို့ တစ်ရှိန်ထိုးပြေးဝင်ခဲ့သည်။ အခန်းထဲရောက်တော့ အိပ်ရာပေါ် ဝမ်းလျားမှောက်လှဲ၍ ငိုသည်။ ရင်တွေ တဒိတ်ဒိတ် ခုန်လျက် မြင်ကွင်းကို ဖျောက်ဖျက်မရ၊ ခုတော့ ကျွန်မ မယုံကြည်မှုကို ကျွန်မကိုယ်တိုင် လက်ဖြင့် ဆုပ်ကိုင်ခဲ့ရသလို လိပ်ပြာလေး တဆတ်ဆတ်တုန်နေသည်။
မမလေးက စာကျက်နေရာမှ ကျွန်မထံ ပြေးလာသည်။ မမလေးကို ဘာမှမပြောဘဲ ဆက်၍ ဆက်၍ ကျွန်မ ငိုပါသည်။
“သဲနု နင် ကိုလေး:အမေကို တွေ့ခဲ့တယ်မှုတ်လား”
ကျွန်မ မော့ကြည့်လိုက်တော့ မမလေး၏မျက်ဝန်းမှ မျက်ရည်များ သွယ်တန်းကျလာသည်။
“ဟိုတစ်နေ့က ငါလည်း ကိုလေးတို့ခြံဘက် ရောက်တယ်။ ဒေါ်ဒေါ် ကိုတွေ့တော့ ငါ လန့်လိုက်တာဟယ်။ ငါ အဲဒီနေရာမှာပဲ ငိုမိတယ်။ ပြီးတော့ ကိုလေးလည်း ငိုတယ်၊ သိလား သဲနုရဲ့၊ ကိုလေး ငိုတယ်”
ကျွန်မတို့၏မျက်ရည်နေ့များတွင် ကိုလေးကို မတွေ့တော့ပါ။
မမလေးထံမှ သက်ပြင်းရှိုက်သံများကိုသာ နားထောင်ရင်း ကိုလေးကို ကျွန်မ လွမ်းခဲ့ရသည်။
(၄)
မမလေး ဆယ်တန်းကျ၍ ကိုလေး ဆယ်တန်းအောင်သည်။ ကျွန်မ ရင်မှာ အတိုင်းအဆမရှိ ပျော်မိသည်။ ထိုသတင်းကြားပြီးကတည်းက ကိုလေးကို ကျွန်မ ရှာဖွေနေမိသည်။ ကိုလေးတို့ခြံကလေးကို ခိုးခိုးကြည့်ရသည်မှာ အမော။ ကိုလေး ပျော်နေမလား။ ဘာတွေ ဆက်လုပ်မလဲ ကျွန်မ သိချင်နေသည်။ မမလေးကတော့ စာမေးပွဲကျ၍ ရှက်နေသဖြင့် အခန်းထဲက မထွက်။
“ဟော… ဟိုမှာ ကိုလေး ခြံထဲကထွက်လာပြီ”
ခြံထဲမှ ထွက်သွားသော ကိုလေးနောက်သို့လိုက်ရန် အောက်ထပ် ပြေးဆင်းလာတော့ မေမေနှင့် တန်းတိုးနေသည်။ မေမေ့ကို သူငယ်ချင်းအိမ် သွားလည်ချင်တယ်ဟု ပြောကာ ခပ်တည်တည်ဖြင့် ထွက်ခဲ့၏။ ကိုလေး နောက်သို့ ကားကို အတင်းမောင်းခိုင်းရသည်။ ခေါင်းငိုက်စိုက်ချထားသော ကိုလေးမှာ ကျော်တက်လာသော ကျွန်မတို့ကားကို မြင်ဟန်မတူပါ။
“ဦးလေး ဟိုရှေ့က သစ်ပင်အောက်မှာရပ်”
ကားပေါ်မှဆင်းကာ ကိုလေးကို ကြိုစောင့်နေလိုက်သည်။ ကျွန်မကို မြင်တော့ ကိုလေး မျက်နှာတစ်ချက် ပျက်သွားသည်။ ကျွန်မအနားသို့ ကိုလေး ရောက်လာသည်အထိ မပြုံးသေး။
“ကိုလေး ဆယ်တန်းအောင်တာ သဲနုကို ဘာကျွေးမလဲ”
ရင်မှာ တင်းကျပ်နေသော်လည်း ပေါ့ပါးဟန်ဖြင့် ပြောရသည်။ သည်တစ်ခါတော့ ကိုလေးမျက်နှာ ပြုံးယောင်သမ်းလာသည်။ အသေအချာစိုက်ကြည့်သောအခါ နာကျင်ကြေကွဲသောအပြုံး ဖြစ်နေသည်။ သို့သော် ကိုလေး၏ ဟန်ပန်က နူးညံ့ပျော့ပျောင်းနေပြန်သည်။
“ကျွေးမယ်လေ၊ ဘာစားမှာလဲ”
“မာလကာသီး”
ကိုလေး၏မျက်ဝန်းများ စိုလက်လာသည်။ ပြီးတော့ အားပါးတရ ရယ်လေသည်။ ကိုလေး၏ သွားတက်စွယ်လေးတစ်ဖက်ကို ကျွန်မ စိုက်ကြည့်နေမိသည်။ ရယ်ရင်းမှ တစ်ခုခုကို သတိရဟန်နှင့် …
“ဖြူ … ဖြူဥရော မပါဘူးလား”
“မပါဘူး ကိုလေး၊ မမလေး အခန်းထဲမှာ ငိုနေတယ်။ ကိုလေး အားပေးဖို့ကောင်းတယ်”
ကျွန်မက ပိုပိုသာသာပြောလိုက်တော့ ကိုလေး စိတ်မကောင်း ဖြစ်သွားသည်။ ကိုလေးသည် ကျွန်မထက် မမလေးကို ပို၍ သံယောဇဉ်တွယ်သူ ဖြစ်သည်။ အေးလေ သူတို့က အရွယ်တူ အတန်းတူတွေပဲ မှုတ်လား။
“အေးဟာ ငါအောင်မယ့်အစား ဖြူဥသာ အောင်လိုက်ပါတော့။ ငါတို့လိုလူမျိုးတွေ ဆယ်တန်းအောင်လို့လည်း ဘာမှ မထူးခြားပါဘူး။ ငါ့အမေ စိတ်ချမ်းသာအောင်လို့သာ ကြိုးစားခဲ့တာပါ။ ငါ ကျောင်းဆက်မတက်ဘူး”
“အို… ဘာဆိုင်လို့လဲ ကိုလေးမှ…”
“နင် ဘာမှမပြောနဲ့တော့ သဲနု၊ ငါတို့ကို လူတွေက မြွေတစ်ကောင်လို ရွံရှာကြောက်ရွံ့ကြတယ်။ ဝေးဝေးက ရှောင်ကြတယ်။ ဒါပေမယ့် ငါ လူဟ… လူ၊ ဘယ်လိုခံစားရမလဲ စဉ်းစားကြည့်စမ်းပါ။ ငါ အများကြီး လုပ်ချင်တာပေါ့။ ဖြစ်ချင်တာပေါ့”
ဒေါသတွေ ပေါက်ကွဲနေသော ကိုလေးကို နားမလည်စွာ မျက်လုံးအဝိုင်းသားဖြင့် မော့ကြည့်နေမိသည်။ ကိုလေး ဒေါသထွက်နေခြင်းမှာ ကျွန်မကိုမဟုတ်မှန်း သိပါသည်။ ကျွန်မ မျက်နှာလေးငယ်သွားတော့ ကိုလေးက…
“ဆောရီး သဲနုရာ၊ ငါ လူတစ်ယောက်နဲ့ စကားများလာလို့ပါ။ နင် ဘယ်သွားမလို့လဲ”
“ဟို… စုစုမာတို့အိမ်”
ကျွန်မလည်း ပါးစပ်ထဲတွေ့ရာ ပြောချလိုက်သည်။
“ငါ ဖြူဥကို တွေ့ချင်တယ်။ အားပေးချင်တယ်။ ပြီးတော့ နှုတ်ဆက်ချင်တယ်”
ကိုလေး ဘာကိုဆိုလိုတာလဲ။ ကျွန်မ မစဉ်းစားတတ်ပါ။ ကိုလေးနှင့် ကျွန်မတို့ ခင်မင်တွယ်တာခဲ့ရသည့်တစ်လျှောက်လုံး ခိုးကြောင်ခိုးဝှက် နိုင်လှသည်။ ခြံချင်းကပ်နေပါလျက် အလှမ်းဝေးခဲ့ရသည်။ ကလေးဘဝမှာ၊ကျောင်းမှာ၊ ကိုလေးတို့ခြံလေးထဲမှာ အမြဲတမ်း ဖေဖေ၊ မေမေနှင့် မမကြီးတို့ မသိအောင် လှုပ်ရှားခဲ့ရသည်။ တစ်ခါတစ်ရံ သဘာဝတရားကြီးကို အပြစ်တင်ချင်သလို တစ်ခါတစ်ရံမှာတော့ အဖြစ်အပျက်အားလုံးကို မေ့ဖျောက်ထားချင်သည်။
“သဲနု မနက်ဖြန် ဒင်္ဂါးချောင်းဘက်ကို နင်နဲ့ ဖြူဥနဲ့ လာခဲ့။ ငါ စောင့်နေမယ်”
“ကိုလေး”
ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားသော ကိုလေးနောက်သို့ ကျွန်မ ပြေးလိုက်ဖို့ စိတ်ကူးမိသော်လည်း မလိုက်ဖြစ်ခဲ့ပါ။ နေအပူ၊ လမ်းအပူ နှစ်ခုအကြားမှာ လျှောက်နေသော ကိုလေး။ ကိုလေးကို ကျွန်မသနားသည်။ မမလေးကိုလည်း သနားသည်။ အို … အားလုံးကို ကျွန်မ သနားသည်။
(၅)
ဒင်္ဂါးချောင်းရေသည် နောက်ကျိစွာ စီးဆင်းနေသည်။ အမှိုက်သရိုက်များနှင့်အတူ ခွေးသေကောင်ပုပ်တစ်ကောင် မျောလာသည်။ ကျွန်မတို့မြို့လေးဘေးမှာ ဖြတ်စီးနေသော ဒင်္ဂါးချောင်းသည် မည်သည့်အရပ်က လာ၍ မည်သည့်အရပ်သို့ စီးဆင်းနေခြင်းကို ကျွန်မ မသိပါ။ ကျွန်မ သတိထားမိသည်မှာ ဒင်္ဂါးချောင်းရေသည် သန့်ရှင်းကြည်လင်မှု မရှိသည့်အပြင် အမြဲတမ်း နံဟောင်နေတတ်ခြင်းပင် ဖြစ်သည်။ သို့သော် ချောင်းကလေးက လှပနေသည်။
ကျွန်မနှင့် မမလေးတို့ ဒင်္ဂါးချောင်းဘက်ဆီသို့ လစ်ထွက်ခဲ့ကြသည်။ ထနောင်းပင်အောက်မှာ ကိုလေး စောင့်နေသည်။ ကိုလေးနှင့် ကျွန်မတို့ ချောင်းနံဘေး သဲစပ်လမ်းကလေးအတိုင်း လျှောက်၍ သစ်သားတံတားလေးကို ဖြတ်ကာ မြို့ပြင်ကားလမ်းမကြီးဘက် ထွက်ခဲ့ကြသည်။ ကားလမ်းမ၏ဟိုမှာဘက်ရှိ သိမ်တော်ကြီးဘုရားဝင်းအတွင်း ဝင်ခဲ့ကြသည်။ ခရေပင်ကြီးကို ဝိုင်းပတ်ထားသော အုတ်ခုံလေးပေါ်မှာထိုင်ရင်း ကိုလေးမျက်နှာကို ကျွန်မ ခိုးကြည့်ဖြစ်သည်။
ကိုလေးဟာ ပိန်ကျသွားလိုက်တာ။ ကိုလေး နေလို့မှကောင်းရဲ့ လား။ အမေကော နေကောင်းရဲ့လား။ ကိုလေးရယ် အဲသည်ကတည်းက ကျွန်မ ရင်ထဲမှာ တစ်စုံတစ်ခုဖြစ်ပေါ်လာမယ့် နိမိတ်ပုံကို ဆုပ်ဖမ်းနေရသလိုပါပဲ။
“ဖြူဥ၊ နင် စာမေးပွဲကျတာ ငါ စိတ်မကောင်းပါဘူး။ နောက်နှစ်မှာ ကြိုးစားဖြေဟာ၊ နင် အောင်မှာပါ။ သဲနုလည်း ကိုးတန်းရောက်ပြီးဆိုတော့ နင်တို့ညီအစ်မ တစ်ကျောင်းတည်း တက်ရပြီပေါ့”
မမလေးက သိမ်တော်ကြီးဘုရားစေတီမှ ဆည်းလည်းလေးများကို ငေးကြည့်နေသည်။ ကျွန်မက ကိုလေးနှင့် မမလေးကို တစ်လှည့်စီ အကဲခတ်ရင်း ဝမ်းနည်းနေမိသည်။
“နင်ရော ကိုလေး”
မမလေးက မေးတော့ ကိုလေး မဖြေပါ။ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင် တခြားဘဝတစ်ခုမှာ ကျင်လည်နေသူပမာ ငေါင်နေသည်။
“ငါ ဘာမှ ကြိုမပြောပါရစေနဲ့ ။ တစ်နေ့နေ့တော့ နင်တို့ ငါ့ကို နားလည်လာကြမှာပါ”
ခရေသီးလေးတစ်လုံးက ကိုလေး ပခုံးစွန်းပေါ် ကြွေကျသွားသည်။ ကျွန်မနှင့်တွေ့တိုင်း ဆူပူငေါက်ငမ်းလေ့ရှိသည့် ကိုလေးမှာ မမလေးနှင့်ကျ နူးညံ့နေသည်။
“ဘုရင်ကြီးတစ်ပါးအကြောင်း ပုံပြင်လေးတစ်ပုဒ် ငါ ကြားဖူးတယ်။ အဲဒီဘုရင်ကြီးဟာ မှော်ဆရာကြီးတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ကြသတဲ့။ မှော်ဆရာကြီးက သူ့ကို ဆုနှစ်ဆု တောင်းခိုင်းတယ်။ အဲဒီတော့ ဘုရင်ကြီးက အနာဂတ်မှာဖြစ်လာမယ့် အဖြစ်အပျက်တွေကို အပြည့်အစုံ မြင်ရပါလို၏လို့ ဆုတောင်းလိုက်တယ်။ သူ့ဆုတောင်းအတိုင်း အနာဂတ်မှာ ရှိတဲ့ ဆင်းရဲဒုက္ခတွေ၊ သောကဗျာပါဒတွေ၊ သေကြေပျက်စီးခြင်းတွေနဲ့အတူ အလှအပ ပသာဒတွေကိုပါ သူ မြင်လိုက်ရတော့ ဒုတိယဆုကို သူ ချက်ချင်းတောင်းသတဲ့”
စကားတွေ မမောတမ်းပြောနေသော ကိုလေး မျက်ဝန်းထဲမှာ မျက်ရည်များ ဝေ့သီနေသည်။
“အဲဒီ ဒုတိယဆုကတော့ အနာဂတ်ကို မမြင်ရအောင် ပြန်ပြီး ဖုံးကွယ်ပေးပါဆိုတဲ့ ဆုပဲ။ ပြီးတော့ ဘုရင်ကြီးက ဘာမှတ်ချက်ပေးသလဲ ဆိုတော့ ငါ့မှာ အကြီးမားဆုံးအစွမ်းသတ္တိရှိနေမှန်း ငါ မသိတာ ဆိုးဝါးခဲ့ဘိခြင်း။ အဲဒီ အစွမ်းသတ္တိကတော့ အနာဂတ်ကို မသိမြင်ခြင်းပါပဲကလားတဲ့”
ကျွန်မ မျက်လုံးထဲတွင် ကိုလေးသည် ကောင်းကင်ပေါ်မှာ လွင့်သွားလိုက် မြေပြင်ပေါ်ကို ထိုးစိုက်ကျလာလိုက်နှင့် လေတံခွန်လေးတစ်ခုနှင့် တူနေသည်။ ကြိုးစကလေး ပြတ်တောက်သွားလျှင်တော့ သစ်ပင်တစ်ပင်မှာ ငြိချင်ငြိသွားမည်။ ထိုအခါ လေတံခွန်လေး၏ ကိုင်းမှာ လန်၍ အစုတ်စုတ် အပြတ်ပြတ် ဖြစ်သွားတော့မည်။
“ငါ့အနာဂတ်ကို မမြင်ချင်ဘူး။ မပြောချင်ဘူး။ ဘာပဲဖြစ်ဖြစ် ငါ့ဘဝ ငါ့အခြေကိုသိရက်နဲ့ တကယ်ခင်တွယ်ပေါင်းသင်းခဲ့တဲ့ နင်တို့ကိုကျေးဇူးတင်ပါတယ်။ ငါ ကျေနပ်တယ်။ ငါ ဘယ်လိုဘဝရောက်ရောက် နင်တို့ကို မမေ့ဘူးဆိုတာ ယုံပါ။ ဒါပေမယ့်…..”
မမလေးထံမှ ရှိုက်သံတစ်ချက် လွင့်လာသည်။ ကျွန်မကတော့ ကိုလေးကိုကြည့်ကာ စိတ်မကောင်း ဖြစ်နေမိသည်။
“ဒီနေ့ကစပြီး နင်တို့ ငါ့ကို လာမတွေ့ကြနဲ့တော့။ ငါလည်း နင်တို့ကို မတွေ့ချင်တော့ဘူး။ နင်တို့ ငါ့ကို ဒီအတိုင်းသာ မြင်နေကြပါ။ နင်တို့ရင်ထဲမှာလည်း ငါဟာ ပကတိအတိုင်း ရှိနေပါရစေ။ နင်တို့ ငါ့ကို ကတိပေးကြပါ”
ကိုလေး၏အသံက ကွဲအက်တုန်ခါနေသည်။ မျက်နှာတစ်ပြင်လုံး သွေးနီရောင်တွေ လွှမ်းနေသည်။ အဲသည်တုန်းက မမလေး ငိုပေမယ့် ကျွန်မ မငိုခဲ့ပါပေ။ ကျွန်မတို့မက်ခဲ့ကြသည့် အိပ်မက်တွေဟာ တကယ့်အိပ်မက် အစစ်တွေပဲ။ အပြင်ဘက်ကို ဘယ်တော့မှ ရုန်းကန်ဖောက်ထွက်မရတဲ့ အိပ်မက်တွေပါ။ . သိမ်တော်ကြီးဘုရားစေတီမှ ဆည်းလည်းသံလေးတွေ ပို၍ ဆူညံလာသည်။ ကောင်းကင်မှာ ခဲသားရောင် တိမ်လိပ်တိမ်လွှာများ ပြေးလွှားနေသည်။ ခရေပင်နှင့် မန်ကျည်းပင်ကို တစ်လှည့်စီ ပျံသန်းနေသော ကျီးကန်းနှစ်ကောင်သည် တအာအာ အော်မြည်လျက်ရှိသည်။
“နင်တို့ တကယ်ခင်ရင်၊ သနားရင် ငါ့ကို လာမတွေ့ပါဘူးလို့ ကတိပေးကြလေ”
ကျွန်မတို့သုံးယောက်သား ခံစားချက်ကိုယ်စီဖြင့် နင့်နဲကြေကွဲနေကြသော်လည်း ဘယ်အရာမှ တားဆီး၍မရတော့ကြောင်း သိနေသည်။ ထိုခဏ၌ လေပျက်ကလေး ဝေ့ဝဲလာသည်။ ခရေရွက်ဝါလေးတွေ တဖြုတ်ဖြုတ် ကြွေကျလာသည်။ တစ်စထက်တစ်စ အားကောင်းလာတော့မည့်အထင် ရှိသည်။
“ဟိုမှာ စနေထောင့်မှာ လျှပ်စီးတွေလက်လာပြီ။ မိုးတွေ ရွာတော့မယ်။ နင်တို့ ကတိပေးကြစမ်းပါ”
ကိုလေးအသံမှာ စိုးရိမ်တာလိုလို၊ ဝမ်းနည်းကြေကွဲတာလိုလို ကတုန်ကယင် ဖြစ်နေ၏။ ကျွန်မတို့ညီအစ်မ ကတိစကားတွေ ပေးအပ်လိုက်ချိန်မှာတော့ ကိုလေး တအားငိုလေသည်။ လေတွေရော မိုးတွေရော တဝေါဝေါ ကျလာသဖြင့် ကျွန်မတို့ ကယောင်ကတမ်း မြို့ဘက် ပြန်ပြေးခဲ့ကြသည်။ ဒင်္ဂါးချောင်းကူးတံတားလေးအပေါ် အဖြတ်မှာတော့ “ဂွမ်း” ဆိုသည့် မိုးခြိမ်းသံကြောင့် သုံးယောက်သား အလန့်တကြား ဖက်တွယ်ခဲ့ကြသည်။
ဪ … ကိုလေးရယ်… နောက်ဆုံးနေ့ရက်လို့ သိခဲ့ရင် ထိုနေရာမှာပင် ကျွန်မ ရူးသွပ်သွားခဲ့မှာ အမှန်ပါပဲ။
(၆)
“သဲနု… သဲနု … သမီး သတိရပြီလား”
ကျွန်မ ခေါင်းတွေ အုံခဲနေသည်။ မျက်လုံးတွေ နာကျင်နေသည်။ မေမေ၏ လက်ဖဝါးအစုံကို အားကိုးတကြီး ဆုပ်ကိုင်ထားရင်း ပစ္စက္ခ အခြေအနေကို ဆုပ်ဖမ်းနေမိသည်။ ဖေဖေ၊ မေမေ၊ မမကြီး၊ မမလေး အားလုံး ရှိကြရဲ့ လား။ ကိုလေးတော့ မရှိနိုင်ဟု သိလေသည်။
ကိုလေးသည် သိမ်တော်ကြီးဝင်ဘုရားမှ အပြန်ကတည်းက အိမ်ထဲမှ အိမ်ပြင်ထွက်သည်ကို မတွေ့ရတော့ပေ။ အပေါ်ထပ်မှနေ၍ ကိုလေးကို ရှာဖွေသော်လည်း အရိပ်အယောင်မျှသာ မြင်ခဲ့ရသည်။ မသဲမကွဲ လှုပ်ရှားမှုများတွင် ရေလောင်းခြင်း၊ ပန်းခူးခြင်း စသည့်အလုပ်များကို မလုပ်တော့ပါ။ ဘာကြောင့်လဲ… ဘာကြောင့်လဲ။
စဉ်းစားတွေးခေါ်ကြည့်သည့်အခါ ကျွန်မတို့တစ်တွေသည် တံတိုင်းတစ်ခု ခြားသွားခဲ့ပြီဟု ခံစားလိုက်ရသည်။ မာလကာပင်ထက်မှ မာလကာပွင့်ဖြူဖြူလေးတွေကို မျှော်ကြည့်ရင်း ဟိုတုန်းက ကိုလေးပေးခဲ့သော မာလကာသီးတွေကို လွမ်းမိသည်။ ကျွန်မတို့ခြံထဲက ကိုလေးစိုက်ပေးထားသော ဧကရာဇ်ပင်မှာလည်း ကြီးပြင်းလာလေပြီ။
သည်လိုနှင့် ရက်ပေါင်းများစွာ ကုန်လွန်ခဲ့ရင်း မမကြီးရှိရာ ရန်ကုန်သို့ ကျွန်မတို့ အလည်အပတ် သွားခဲ့ကြသည်။ ကျွန်မနှင့် မမလေးတို့နှစ်ယောက် ကိုလေးအကြောင်းကိုသာ အများဆုံး ပြောဖြစ်ကြသည်။ ကိုလေးဟာ ရုပ်ချောတယ်။ စိတ်သဘောထား ဖြူစင်တယ်။ အမေကို သိပ်ချစ်တယ်။ ထက်မြက်ကြိုးစားတဲ့ ယောက်ျားကောင်းတစ်ယောက်ဖြစ်တယ်။ ပြောကြရင်းဖြင့် အဆုံးထိမရောက်မီ ကျွန်မတို့၏ပါးစပ်များကို ပိတ်ပစ်တတ်ကြသည်။
ကိုလေးဟာ လူ့ဘဝကို မှားယွင်းစွာ ရောက်ရှိလာတာလား၊ ဒါမှမဟုတ် ကိုလေး ပိုင်ဆိုင်ရရှိသော လူ့ဘဝက မှားယွင်းနေတာလား။ ကျွန်မ မဝေခွဲတတ်ဘူး ကိုလေး။ နောင်သံသရာဘဝမှာ ဆက်လက် ကျင်လည်ရဦးမယ်ဆိုရင်တော့ ရခဲလှတဲ့ လူ့ဘဝကို သန့်ရှင်းစင်ကြယ်စွာ ပိုင်ဆိုင်ရရှိမည်ကိုတော့ ကိုလေးဘက်က အသေအချာ ပြောရဲသည်လေ။ ဪ… အမေကို ချစ်လွန်းသည့် ကိုလေး။
မမကြီးကို စောင့်ခေါ်ခဲ့ရသဖြင့် ရန်ကုန်မှာ တစ်လနီးပါး ကြာခဲ့သည်။ ကိုလေးတို့သားအမိအတွက် ရန်ကုန်မှ လက်ဆောင်တွေ ဝယ်ဖြစ်အောင် ဝယ်ခဲ့ကြသေး၏။ အိမ်ပြန်ရောက်ရောက်ချင်း တိုက်ပေါ်ပြေးတက်၊ ပြတင်းတံခါးဖွင့်၊ ကိုလေးတို့ခြံဘက် လှမ်းအကြည့်တွင်…
အို … ကိုလေးတို့ခြံလေးက ခြောက်သယောင်းနေလိုက်တာ။ စံပယ်ရုံလေးတွေက နွမ်းဝါလို့နေတယ်။ သင်္ဘောရွက်ခြောက်တွေက အပင်ပေါ်က စိုက်ကျလို့။ နှင်းဆီတွေလည်း မပွင့်ကြဘူး။ ကိုလေးတို့အိမ်လေးကလည်း ပကတိ ငြိမ်သက်နေတယ်။ ဒါပေမယ့် မာလကာသီးကြီးတွေက ဝင်းဝါနေလိုက်တာ။
ကျွန်မတို့ညီအစ်မနှစ်ယောက် လက်ဆောင်ပစ္စည်းများကို မမကြီး မသိအောင် သိုဝှက်ထားရင်း ကိုလေးတို့ခြံဘက်ကို မျက်ခြည်မပြတ် အကဲခတ်နေကြသည်။ သို့သော် ညနေစောင်းသွားသည်အထိ ဘာအရိပ်အယောင်မျှ မမြင်ရပါ။ ညနေစာထမင်းဝိုင်းမှာတော့ ကျွန်မ နှလုံးသွေးတွေ ပြိုဆင်းသွားခဲ့ပါသည်။ မမကြီး ထမင်းစားပြီး အခန်းထဲမှ ထွက်တော့ ဒေါ်ထွေးက…
“သဲနုတို့ကို ပြောရဦးမယ်။ ဟိုဘက်ခြံက သားအမိလေ … အခု သူတို့ မရှိကြတော့ဘူး”
“ဟင်…”
“သနားစရာကောင်းလိုက်တာကွယ်။ သူတို့ကို အရပ်ထဲမှာ မနေရဘူးလို့ လာနှင်ကြတယ်။ ခြံလေးကိုရောင်းပြီး ပြောင်းသွားကြပြီ”
ကျွန်မတို့မှာ စားလက်စထမင်းကို ဆက်မစားနိုင်တော့ဘဲ ဒေါ်ထွေးကို မေးခွန်းတွေ တရစပ်မေးကြသည်။
“ကို… ကိုလေးတို့ ဘယ်ကိုပြောင်းသွားတာလဲ။ ကျွန်မတို့ကို ဘာမှာသွားသေးလဲ။ ကိုလေး နေကောင်းရဲ့လား။ ကိုလေး… ကိုလေး”
“ကိုလေးက ဘာမှပြောမသွားပါဘူး။ ဒါပေမယ့် ဒေါ်ထွေးက သွားနှုတ်ဆက်တော့ ငိုတယ်။ သူ့အမေကြီးရဲ့ အခြေအနေ တော်လေးဆိုးတယ်။ ကိုလေးကတော့…”
“ကိုလေး… ကိုလေး ဘာဖြစ်လဲဟင်”
“ကောင်လေးမှာလည်း သူ့အမေလို ရောဂါတွေ ဖြစ်နေပြီကွယ့်”
ကိုလေးရယ်….။ ကျွန်မငိုတယ်။ ကိုလေးရယ် နိမိတ်ပုံတွေကို သိထားပြီးဖြစ်တဲ့ နှလုံးသားနဲ့ ငိုပါတယ်။ ပန်းပင်တွေကြားထဲ ရေလောင်းနေတဲ့ ကိုလေး၊ မာလကာသီးတွေ ခူးပေးတဲ့ ကိုလေး၊ အမေကိုသိပ်ချစ်သော ကိုလေး၊ ဆယ်တန်းအောင်ခဲ့သော ကိုလေး။ ကျွန်မမျက်လုံးထဲတွင် ကိုလေး၏ပုံရိပ်များသာမက ကိုလေးအမေရဲ့ နီရဲစိုစွတ်နေသော မျက်နှာပြင်နှင့် လက်ချောင်းများ။
အို… ဘာပဲဖြစ်ဖြစ် ကျွန်မသိပ်ချစ်တဲ့ ကိုလေးရဲ့ သွားတက်စွယ်လေး တစ်ဖက်မှာတော့ အဲလိုရောဂါ မကူးစက်နိုင်ပါဘူး။
“ကိုလေးတို့ ဘယ်ကို ပြောင်းသွားတာလဲ ဒေါ်ထွေး”
“မတ္တရာမြောက်ဘက်က ရေနံ့သာဆိုတဲ့ ရွာကလေးတဲ့။ အဲဒီမှာ သူတို့လိုလူတွေချည်းပဲတဲ့”
ကျွန်မ ဘာကိုမှ မကြားချင်တော့ပါ။ ဘာကိုမှလည်း မမြင်ချင်တော့ပါ။ ဘာကိုမှလည်း မသိချင်တော့ပါ။
“သမီး… သမီးလေး သဲနု၊ နောက်အပတ်ထဲမှာ သမီးရဲ့ မျက်လုံး ပတ်တီးဖြည်ရမှာလေ။ သမီး နေကောင်းလာမှာပါ”
မေမေ့အသံတွေကို မကြားတစ်ချက် ကြားတစ်ချက် ရှိပေမယ့် အော်ဟစ်ဆူညံနေတဲ့ လေရဲ့ အသံတွေကို ပြတ်သားစွာ ကျွန်မ ကြားနေရသည်။ မိုးထစ်ချုန်းသံတွေကိုလည်း ကြောက်မက်ဖွယ် ကြားနေရပါသည်။
(၇)
ထူးထူးခြားခြား ဧကရာဇ်ပန်းလေးတွေ ပွင့်သည့်နေ့မှာ တစ်ဖက်ခြံသို့ လူသစ်တွေ ရောက်လာကြသည်။ ခြံထဲမှာရှိနေသော သစ်ရွက်ခြောက်များကို မီးပုံရှို့ကြသည်။ ပြိုပျက်နေသော ကိုလေးတို့အိမ်ကလေးကို လုံးဝ ဖျက်ဆီးပစ်ကြသည်။ ခြံထဲမှာ ရှိရှိသမျှ သစ်ပင်ပန်းပင်တွေကို ခုတ်လှဲပစ်ကြသည်။ အိမ်အပေါက်ဝမှ မာလကာပင်ကြီးနှစ်ပင်ကို ခုတ်လှဲနေစဉ်မှာ တိုက်ပေါ်မှ ကျွန်မ ယောင်ယမ်းကာ အော်လိုက်မိသည်။
“အဲဒီအပင်တွေကို မခုတ်ပါနဲ့”
သို့သော် ကျွန်မ၏အသံသည် အုတ်နံရံမှတစ်ဆင့် ကျွန်မဆီသို့ ပြန်ရိုက်ခတ်သည်။
“အဲဒီအပင်တွေကို မခုတ်ပါနဲ့”
ကျွန်မ ငေါင်ကြည့်နေဆဲမှာပင် မာလကာပင်ကြီးနှစ်ပင်သည် ဝုန်းခနဲ ပြိုလဲသွားပါသည်။ မျက်လုံးကို စုံမှိတ်ကာ နံရံကို ကျောဖြင့် ဖိကပ်ထားလိုက်သည်။ လူတောင်မှ သေရသေးတာပဲ။ သစ်ပင်သေဆုံးသွားတာ ဆန်းသလား။ သေဆုံးသွားတာ မဆန်းပေမယ့် မသေခင် လွှသွားထက်ထက်ဖြင့် တိုက်ဖြတ်ခံရတာ ရင်နာစရာ ကောင်းသည်။ နုပျိုဆဲ၊ သီးပွင့်ဆဲ မာလကာပင်လို ကိုလေးရဲ့ အသီးတွေ၊ အပွင့်တွေ၊ နုပျိုလတ်ဆတ်မှုတွေကို ဝါးမျိုပစ်ရက်သော ရောဂါဆိုးကြီးကို ကျွန်မ ကြောက်သည်။ မုန်းသည်။
“စိတ်ကို ငြိမ်ငြိမ်ထားနော် သမီး၊ ပတ်တီးကို ဆရာ ဖြေနေပြီ။ သမီးမျက်လုံးကို ဖွဖွလေး မှိတ်ထား။ အလင်းရောင်ကို သမီး မြင်ရတော့မယ်။ အားလုံးကို မြင်ရတော့မယ်… ဟုတ်လား”
မမလေးနှင့် ကျွန်မ ကားမောင်းသင်ပြီးခါစ တစ်ရက်သည် ကိုလေးနှင့် နောက်ဆုံးတွေ့ဆုံခဲ့သောရက်နှင့် တိုက်ဆိုင်ခဲ့သည်။ ကျွန်မတို့ နှစ်ယောက် သိမ်တော်ကြီးဘုရားဝင်းဘက်သို့ သွားကြရန် ဆုံးဖြတ်လိုက်သည်။ ကျွန်မက ကားကိုမောင်း၍ အဝေးပြေးလမ်းမကြီးပေါ် မော့အတက် ကုန်တင်ကားကြီးတစ်စင်းနှင့် ဝင်တိုက်ကာ ကားထဲမှ လွင့်စဉ်သွားသော မမလေး။ ကားထဲမှာပင် ပိန်းပိတ်အောင် မှောင်မည်းသွားသော ကျွန်မ၏ကံကြမ္မာ။ ကားမှန်ကွဲစများက ကျွန်မ၏လက်မောင်းမှာ၊ လည်ပင်းမှာ၊ မျက်နှာမှာ…. ပြီးတော့ မျက်လုံးမှာ။
“သမီး မျက်လုံးကို သာသာလေးဖွင့် ဟုတ်ပြီ၊ အို ပြန်မှိတ်မပစ်နဲ့လေ သမီးရဲ့”
နူးညံ့ညင်သာသော ဆရာဝန်ကြီး၏အသံကို နာခံရင်း မျက်လုံးကို တဖြည်းဖြည်းချင်း ဖွင့်သည်။ အလင်းရောင် မှုန်ပြပြ။ အလင်းရောင် အနု။ အလင်းရောင် လက်လက်။
“အို …”
ကျွန်မ မျက်စိထဲတွင် ကိုလေး၏ သွားတက်စွယ်လေးကို မြင်လိုက်ရသည်။ ချွန်ထက်တဲ့ သွားတက်စွယ်လေးနှင့် ကျွန်မကို ပြုံးကြည့်နေသော ဆရာဝန်ကြီး။ ဖေဖေ၊ မေမေနှင့် မမကြီး၊ မမလေး အားလုံးကို ကြည့်ပြီးတော့ ဆရာဝန်ကြီးရဲ့ သွားတက်စွယ်လေးကို စူးစူးကြည့်သည်။ တစ်ပုံစံတည်း၊ တစ်ဖက်တည်း။ ကိုလေးနှင့် သိပ်တူသည်။ ဒါပေမယ့် ကိုလေး မဟုတ်ပါ။ ဆရာဝန်ကြီးက ကျွန်မချစ်သော သွားတက်စွယ်လေးကို နှုတ်ခမ်းနှစ်လွှာဖြင့် ဖိကပ်ပိတ်ပစ်လိုက်သည်။
“သမီးက သိပ်ကံကောင်းတာပဲ။ လူတစ်ကိုယ်လုံးရဲ့ အနုနယ်ဆုံး အစိတ်အပိုင်းဖြစ်တဲ့ မျက်လုံးကို ထိရှဒဏ်ရာရပေမယ့် အမြင်အာရုံတွေကို နှိုးဆွနိုင်တဲ့ အာရုံကြောတွေ သေမသွားဘူး။ မှတ်ထားနော် သမီး။ ဆရာ ပြောမယ်။ သမီးဟာ အမြင်အာရုံကောင်းတဲ့ မိန်းကလေးကွယ့်”
ဆရာဝန်ကြီး၏ အားပေးစကားသည် ကျွန်မ နှလုံးအိမ်တွင် စွဲမြဲသွားစေသည်။
အမြင်အာရုံကောင်းသတဲ့ ကိုလေးရယ်။ တစ်နေ့မှာ ကိုလေးနဲ့ ကျွန်မတို့ ပြန်ဆုံတွေ့ကြရင် ကိုလေးကို ကျွန်မ မှတ်မိနေမှာပေါ့နော်။ ဘယ်လိုပုံစံ၊ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုလေးရဲ့ သွားတက်စွယ်လေး တစ်ဖက်ကို ကျွန်မ မမေ့ပါဘူး။ ကိုလေးရဲ့ နှလုံးသားနဲ့ သွားတက်စွယ်လေးကိုတော့ အဲဒီရောဂါက ဝါးမျိုးမပစ်နိုင်ပါဘူး။ ကိုလေးရှိရာ ရေနံ့သာရွာကလေးဆီကို သဲနုလာခဲ့မယ်။ သည်အတိုင်း မဟုတ်ဘူးလေ။ ကိုလေးတို့လို ရောဂါသည်တွေကို အတတ်နိုင်ဆုံး ကုစားပေးဖို့ပေါ့။ သဲနု ကြိုးစားမယ်။ လူတကာ ဝိုင်းပယ်ခံရတတ်တဲ့ အနာကြီးရောဂါသည်တွေထဲမှာ ကိုလေးလို နှလုံးသားဖြူစင်ပြီး ရိုးသား ကြိုးစားတဲ့ လူတော်တွေ အများကြီးရှိနေမယ်လို့လည်း သဲနု ယုံကြည်တယ်။ ကိုလေးဟာ အနည်းဆုံး သစ်ပင်တစ်ပင်ကိုတော့ ရှင်သန်ဖူးပွင့်လာအောင် စိုက်ပျိုးနိုင်တဲ့ လူသားတစ်ယောက်ပဲ မှုတ်လား။ ကိုလေးနဲ့ သဲနုတစ်နေ့ ဆုံတွေ့ကြရမှာပါ။
ဪ… အချိန်တော်တော်များများတော့ ရင်းနှီးရဦးမယ် ကိုလေး။
#ခင်ခင်ထူး
ပြန်လည်မျှဝေပါသည်။
စာချစ်သူအပေါင်း စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ
Maypalae 📖