သင်္ချိုင်းကုန်းမှာ

သင်္ချိုင်းကုန်းမှာ
ငါတို့ ရွာကလေး၏ မြောက်ဘက်တွင် သင်္ချိုင်းကုန်း ရှိသည်။ မသေကြသေးသော သူတို့သည် ရွာကလေးထဲတွင် ကိုယ့်အိုး ကိုယ့်အိမ်နှင့် တသီးတခြား နေထိုင်ကြသည်။ ထန်းရွက်တဲကလေးမှာလည်း နေထိုင် ကြသည်။ သက်ငယ်မိုး ထရံကာနှင့် နေကြသူ တို့လည်း ရှိသည်။ အချို့ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်၀သူတို့သည် သွပ်မိုး ပျဉ်ထောင်အိမ်နှင့် နေကြသည်။ သေဆုံးကြသော အခါတွင် သင်္ချိုင်းမြေတွင် တစုတဝေး နေကြရတော့သည်။ သင်္ချိုင်းကုန်းသည် နေရာ မကျယ်လှ။ သို့ရာတွင် ကွယ်လွန်သူ မှန်သမျှတို့၏ တစ်ခုတည်းသော နေအိမ် ဖြစ်လေသည်။
သင်္ချိုင်းကုန်းဆီသို့ လှမ်းကြည့်ပါ။ မန်ကျည်းပင်အိုကြီး သုံးလေးပင်သည် ခါးတံ ရှည်ကြီးနှင့် ရပ်နေကြသည်။ တန်ဆောင်း ပြသာဒ်ပင်များသည် ချုံဖွဲ့၍ နေကြသည်။ ညောင်ပင်ကြီး တစ်ပင်သည်လည်း မုတ်ဆိတ်ဖွားဖွားနှင့် တရားဆင်ခြင်နေသည်။ ဇရပ်တန်ဆောင်းသည် မန်ကျည်းပင် အနီးမှာ ရှိသည်။ အုတ်ခုံခံ သွပ်မိုးနှင့် ဖြစ်သော်လည်း ခမ်းခမ်းနားနားကား မဟုတ်လှ။ သွပ်မိုး လန်သည့် နေရာ လန်နေပြီ။ အုပ်ချပ်များ ကွာသည့် နေရာ ကွာနေပြီ။ အကာအရံကား လုံး၀ မရှိချေ။
ရွာကလေး၏ မြောက်ဘက်သို့ ထွက်လိုက်လျှင် သင်္ချိုင်းကုန်းကို မြင်နိုင်သည်။ တစ်ခေါ်လောက်ပင် မဝေးလှ။ သစ်ပင် အုပ်အုပ်ကလေးနှင့် စိမ်းပုပ်ပုပ် ညှိမှိုင်းမှိုင်းပေပင်။
ဤ သင်္ချိုင်းကုန်းကလေးသည် ရွာကလေး၏ အသက်နှင့် အမျှ ဖြစ်ပေလိမ့်မည်။ သူ့ကို ရွာသူရွာသားတို့ မချဉ်းကပ်ချင်ကြ သော်လည်း မစွန့်ပယ်နိုင်သော နေရာကလေး ဖြစ်သည်။
ငါတို့နှင့် ကစားဖော် ဖြစ်သော ခွေးညိုနှင့် ပုစတို့သည် သင်္ချိုင်းကုန်းကလေးသို့ နေစဉ် ရောက်ကြသည်။ သင်္ချိုင်းကုန်း အနီး မြက်ခင်းစပ်တွင် နွားများကို ကျောင်းရင်း ဇရပ်တွင် သူတို့ နားကြ နေခိုကြသည်။ ဇရပ်တွင် ရေစက်ချသံ၊ အမျှဝေသံ၊ ကြေးစည်သံနှင့် ငိုသံကိုသာ ကြားရသည် မဟုတ်။ ပုလွေသံကလေးကိုလည်း နေ့တိုင်း ကြားနေရသေးသည်။ ခွေးညိုနှင့် ပုစတို့သည် ဂွကလေးကိုယ်စီနှင့် မန်ကျည်းပင်၊ ညောင်ပင် တို့တွင် နားလာသော စာကလေးများကို ပစ်ခတ် မီးမြိုက်၍ စားတတ်ကြ ပေသေးသည်။
သို့ရာတွင် ငါတို့သည် သင်္ချိုင်းကုန်းကလေး အနီးသို့ မကပ်ဝံ့။ သင်္ချိုင်းကုန်းကလေး ရှိရာသို့ ငါတို့ ရဲရဲပင် မကြည့်ဝံ့။ မြေပဲကောက် သွားကြသောအခါ သူ့နားကို မတတ်သာ၍ ဖြတ်သွားကြရလျှင်လည်း ခြေမှုန့်ကို နဖူးတို့၍ ခပ်သုတ်သုတ် သွားတတ်ကြသည်။ လှုပ်နေသော တန်ဆောင်းပြသာဒ်ပင်၊ ဆူးခက်အုံထားသော မြေပုံမို့မို့ကလေးများကို မဝံ့တဝံ့ကြည့်၍ ဖြတ်လာခဲ့ကြသည်။ နေ၀င်ရိုးရီအချိန် အိမ်ပြန်လာသောအခါ သင်္ချိုင်းကုန်း ကလေးသည် မလှုပ်မရှက် ငြိမ်သက် လျက်ပင် ရှိသော်လည်း ထိုသို့ ငြိမ်သက်ခြင်း သည်ပင် စိတ်ခြောက်ချားဖွယ် ဖြစ်ပြန်သည်။
သင်္ချိုင်းကုန်းအထက် ကောင်းကင်ပြင်တွင် လင်းတတို့သည် ဝဲလျက် ရှိကြသည်။ ရွတ်တွတွဲ တွဲလျားကျသော ပါးပျဉ်းတို့ဖြင့် လင်းတအိုတို့သည် မြေပုံအနီးတွင် ငုတ်တုတ်ကြီး နေတတ်ကြသည်။ လင်းတအိုတို့ အနီးတွင် ကျီးတို့သည် တအားအား တသောသောနှင့် အော်မြည် နေကြသည်။ ငါတို့သည် လင်းတကို မကြောက်။ လင်းတကြီးများသည် သူတပါး အသက်ကို ရက်ရက်စက်စက် သတ်ဖြတ် စားသောက်တတ်သော သတ္တဝါ မဟုတ်ဟု လူကြီးသူမများ ပြောသံ ကြားဖူးသည်။ ငှက်ဘုန်းကြီးဟုလည်း ဆိုကြသည်။ အလောင်းကောင် ရှိရာသို့ ကျီးကန်းများက လာရောက် ပင့်ဖိတ်မှ စားသောက်ရန် လာတတ်ကြသည်ဟု ပြောလေ့ရှိသည်။ ထို့ကြောင့် ငါတို့သည် လင်းတကို မကြောက်။ သို့ရာတွင် ပုပ်ဟောင်နေသော အလောင်းကောင် အနီးတွင် လင်းတကြီးများကို မြင်ရလေ့ရှိသဖြင့် စက်ဆုပ်ရွံရှာသည်ကား အမှန် ဖြစ်တော့သည်။
သင်္ချိုင်းမြေတွင် ဘုတ် တစ္ဆေတို့ နေသလိုလို ပြောကြသဖြင့် ကျောချမ်းမိသည်။ ညအခါ များတွင် သင်္ချိုင်းမြေသည် အတိတ်ဆိတ်ဆုံး နေရာ ဖြစ်သည်။ ရံဖန်ရံခါ သင်္ချိုင်းဘက်တွင် မီးရောက် တလက်လက် မြင်ရတတ်သည်ဟု ငါ့ သူငယ်ချင်းများ ပြောကြသည်။ ကလေးမသာ ချလေသလား။ သိုက်ဆရာ၊ အောက်လမ်းဆရာများ အလောင်းဖော် လေသလား။ သရဲ မီးပြလေသလားး။ ငါတို့ တပ်အပ် မသိချေ။
မည်သို့ပင်ဖြစ်စေ၊ ငါတို့သည် သင်္ချိုင်းကုန်းကို စက်ဆုပ် ထိတ်လန့်ကြ သည်မှာကား သေချာသည်။ သင်္ချိုင်းကုန်းသို့ လှည့်မကြည့်ချင်ကြသည်မှာလည်း သေချာသည်။
ငါတို့ ဘုန်းကြီးကျောင်းသား ဘ၀တုန်းက ဆိုလျှင် မကြာမကြာ သင်္ချိုင်းကုန်းသို့ ရောက်ရသည်။ မရောက်ချင်လည်း မနေရ။ အသုဘရှု ခဏခဏ လာပင့်လေ့ ရှိသည်။ ထိုအခါတွင် ဆရာတော်ဘုန်းကြီး မျက်စိ မျက်မှာ မသာမယာ ရှိတတ်သည်ကို သတိ ပြုမိသည်။ သနားကရုဏာစိတ်ဖြင့် ညည်းသံ ကိုလည်း ကြားခဲ့ရဖူးသည်။ ဟေ – သတ္တဝါ မှန်သမျှ မလွတ်ကင်းနိုင်တဲ့ ဘေးကြီးပဲ လကွယ် ဟု ပင့်သက်ချဟန်၊ သံဝေဂ ရဟန်တို့ကိုလည်း အဖန်ဖန် မြင်ခဲ့ရဖူးသည်။ သင်္ကန်းကိုရုံ စက္ခုနြေ္ဒကိုချတော်မူ၍ အသုဘရှု ကြွလျှင် ငါတို့ ကျောင်းသား များသည် တောင်းကို ထမ်း၍ လိုက်ပါကြ ရသည်။ သုသာန်ရောက်လျှင် ရင်ဘတ် စည်တီးငိုသံ၊ ဆံပင်ဖျားလျားချနေကြဟန် စသော ရှုခင်းများကို မမြင်ချင် မနေရ။ မကြားချင် မနေရ ဖြစ်တော့သည်။
ငါသည် ဘုန်းကြီးနှင့်အတူ အသုဘရှုလိုက်ရန် အကြောက်ဆုံး ဖြစ်သည်။ ညရောက်လျှင် အိပ်မပျော်တော့ချေ။ အိပ်မက်ဆိုးများ မက်ကာ လန့်၍ အော်တတ်သည်။ ထိုအခါ ငါက အမ အမ ဟု ခေါ်သော အမေသည် ရေနံဆီမီးခွက်ကို ထွန်းကာ ငါ့ကို ချော့ပါ လေသည်။ သနားကြင်နာစွာ နဖူးကိုစမ်း၊ ရင်ကိုစမ်း၍ အားပေးပါလေသည်။ ရော့ ရော့၊ လူကလေး – ရေတစ်ခွက် သောက်လိုက်နော်၊ မကြောက်နဲ့နော် ဟု ဆိုကာ ရေခပ်ပေးပါသည်။ ထိုအခါကျမှ ငါ့မှာ အကြောက်ပြေသည်။ ငါ့မှာ အမေ ရှိသားပဲ။ ဘာကြောက်စရာ ရှိသလဲ ဟု အားတင်နိုင်သည်။ အိပ်ပျော်နိုင်သည်။
ဘုန်းကြီးကျောင်းက ထွက်လာသောအခါတွင် အသုဘရှုလိုက်ရမည့်ဘေးမှ ဝေးတော့သည်။ သာမှုနာမှု မှန်သမျှ အမသည် တဘက် တစ်ထည်ကို ခေါ်ပေါ်တင်လျက် လိုက်ပို့ လေသည်။ ရွာထဲတွင် မသာရှိလျှင် ငါတို့သည် အမကို မြင်ရုံနှင့် သိသည်။ အမသည် မျက်စိမျက်နှာ မကောင်း။ တဖျစ်တောက်တောက် မြည်ကာ ကြေကွဲသံ၊ ၀မ်းနည်းသံကို ပြုလေသည်။ ထို့နောက် တဘက်ကို ခေါင်းပေါ်တင်၊ ဖိနပ်မြီးတိုကို တရှပ်ရှပ်စီးကာ အသုဘရှု လိုက်ပို့ လေတော့သည်။
ငါတို့သည် သင်္ချိုင်းဟူသော အသံကို မကြားလို။ ထိုစကားသည် ငါတို့နှင့်လည်း မကင်းနိုင်ဘဲလျက် ငါတို့ မနှစ်သက်။ ထိုစကား ကြားရလျှင် ကောင်းသောစကား မဟုတ်ဟု ဆိုသည်ကို ချက်ခြင်း သဘောပေါက်သည်။ သင်္ချိုင်းဆိုသော စကား မကြာနိုင်ရာ အရပ်သည် အဘယ်မှာနည်း။ ငါတို့သည် တောင့်တမိသည်။ နိဗ္ဗာန်ဟု ဖြေကြသည်။ ထိုသို့ဖြစ်လျှင် ငါတို့သည် သည်နိဗ္ဗာန်ကို ရောက်ချင်လှတော့သည်။ နိဗ္ဗာန်မှာ သုသာန် မရှိချေ။
ကောင်းလှ၏။ ဤတစ်ချက်တည်းနှင့်ပင် နိဗ္ဗာန်သည် မည်မျှပျော်မွေ့စရာ ကောင်းလေမည်နည်းဟု တွေးကာ နိဗ္ဗာန်ကို သဘောကျမိသည်။
နိဗ္ဗာန်ကား အဘယ်မှာနည်း။ သင်္ချိုင်း များစွာကို ကျော်ဖြတ်ပြီးမှ နိဗ္ဗာန် ရောက်မည်လေ။ သင်္ချိုင်းကို ကွေ့၍ နိဗ္ဗာန်ကို သွားနိုင်သောလမ်း ရှိသလော။
အို ဗုဒ္ဓသခင်။ သင်္ချိုင်းကို ကွေ့၍ နိဗ္ဗာန်ကို ရောက်နိုင်သောလမ်း ရှိလျှင် ညွှန်ပြပါဦး သခင်။
သတ္တဝါတို့၏ နှလုံးအိမ်တွင် သင်္ချိုင်းသည် ကြီးမားစွာ နှိပ်စက်လျက် ရှိချေပြီ။
သူ့ထံသို့ အတင်းခေါ်သည်။ သတ္တဝါတိုင်းကို ခေါ်သည်။ အချင်းချင်း ခွဲပစ်သည်။ ဘ၀ ခြားပစ်သည်။ နိဗ္ဗာန်သည် သင်္ချိုင်း၏ ဟိုမှဘက်၌ မရှိဘဲ သည်မှဘက်၌ ရှိမည်ဆိုလျှင် မည်မျှ ကောင်းမည်နည်း။
ငါတို့ရွာကလေးတွေင် သင်္ကြန်ပွဲ လုပ်၏။ အလွန်စည်သည်။ ပျိုပျိုအိုအို မကျန် ရေလောင်းကြ၊ ရေပက်ကြ၊ ကခုန်ကြ၊ နွားများကို ဘေးမဲ့လွှတ်ကြနှင့် တအုန်းအုန်း။ ထိုအခါတွင် သင်္ချိုင်းကုန်းကို ငါတို့ အဖက် မလုပ်။ ရွာစည်ကား ပျော်ရွှင်လျှင် သင်္ချိုင်းကုန်းသည် ငြိမ်သက်နေတတ်သည်။ အခွင့်အခါကို ချောင်းလေရော့သလား။
ရွာတွင် ဆရာကန်တော့ပွဲ၊ သီတင်းကျွတ်ပွဲ၊ ကထိန်ပွဲ ရှိလျှင် အလွန် ပျော်စရာ ကောင်းသည်။ နှဲသံ၊ ဗုံသံ၊ ပတ်မသံတို့ဖြင့် စိုပြေသည်။ ဖိုးသူတော်ယိမ်း၊ ဦးရွှေရိုးအက၊ ပုဏ္ဏားမ ခင်ရွှေအငြိမ့် စသည်တို့ဖြင့် အုန်းအုန်း ထနေချိန်တွင် သင်္ချိုင်းမြေသည် ဣနြေ္ဒကြီးလှတော့သည်။ သတ္တဝါ ဖမ်းခါနီး မြွေသည် ဣနြေရရနှင့် ငြိမ်သက် နေသကဲ့သို့ ပင် ဖြစ်သည်။
ရွာစည်လျှင် ကောင်းသည်။ သင်္ချိုင်း စည်လျှင်ကား ရွာလုံး တိတ်တော့မည်။ ကျီးနှင့် ဖုတ်ဖုတ် ဖြစ်တော့မည်။
ငါတို့ ရွာကလေးတွင် ဂျပန်ခေတ်က ပလိပ်ရောဂါ ဖြစ်သည်။ သုသာန်မြေတွင် ခြေချင်း လိမ်ကြပြီ။ နှာရည် တရှုတ်ရှုတ်၊ မျက်ရည် တသုတ်သုတ်နှင့် ငိုကြွေးကြပြီ။ သင်္ချိုင်းကုန်းလမ်းသည် ဖုံလျက် ရှိတော့သည်။ သင်္ချိုင်းကုန်းသို့ သွားကြဖန် များလေသောအခါ ရွာသူရွာသားတို့သည် ထမင်းမစား၊ ဟင်းမစား နိုင်ကြ။ ရွာမှ ထွက်ပြေးကြသည်။ တစ်ရွာလုံး သံပုံးတီး၊ ထရံပုတ်ဖြင့် တောထုတ်ကြ၏။ သင်္ချိုင်းကုန်းသို့ ခေါ်သော သတ္တဝါကောင်ကို မောင်းနှင်ကြ၏။ ရွာသူရွာသားတို့လည်း ကျောင်းကန်ဘုရားသို့ ရွှေ့ပြောင်း နေကြရလေသည်။
သရောကြီး ခိုင်းစဉ်ကလည်း ထိုသို့။ ကျောက်ကြီးပေါက်၊ တုပ်ကွေးကြီး ထစဉ်ကလည်း ထိုသို့။ ကာလ၀မ်း ကျစဉ်ကလည်း ထိုသို့။ ထိုသို့ ထိုသို့နှင့် ငါတို့ရွာကလူတွေ မိမိ အိုးအိမ်မှာ ခွာ၍ သင်္ချိုင်းကုန်း ရှိရာကို သွားကြရသည်မှာ များပြီ။
ရွာသူရွာသား မှန်သမျှ တစ်နေ့နေ့တွင် လျောင်းစက်ကြရမည့် ထာ၀ရ အိပ်ရာ ပေတည်း။ မသွားချင်သော်လည်း နေကြ ရမည် မဟုတ်။ အထုပ်အပိုး အိပ်ရာလိပ် မပါ သင်္ချိုင်းမြေ ရှိရာသို့ သွားကြရပေဦးမည်။ သူ သွားလျှင် ငါ လိုက်ပို့၍၊ ငါသွားသော အခါလည်း အခြားသူများက လိုက်ပို့ ကြရပေဦးမည်။ လိုက်ပို့ကြရသည့် အခါ တိုင်းလည်း ပျော်ပျော်ရွှင်ရွှင် မဟုတ်။ ၀မ်းနည်းပက်လက် မျက်ရည်စက်စက် ဖြင့်သာ ဖြစ်သည်။ သင်္ချိုင်းသည် ပျော်မွေ့ဖွယ် မှန်သမျှကို မောင်းထုတ်ခဲ့ပြီ။ ၀မ်းနည်းမှု ငိုရှိုက်မှုတို့သည် သင်္ချိုင်းမြေကို စိုးမိုး အုပ်ချုပ်ခဲ့လေပြီ။
လွန်ခဲ့သောနှစ်က ငါ့ အမေ ကွယ်လွန်ခဲ့သည်။ သင်္ချိုင်းမှ စေတမန်သည် ငါ့အမေထံသို့ လာရောက် ဆင့်ခေါ်သည်။ ငါ ချစ်မြတ်နိုး၍ အမဟု ခေါ်သော အမေသည် ငါတို့ကိုပင် နှုတ်ခွန်း မဆက်နိုင်ရှာဘဲ ရုတ်တရက် ငါတို့ အိမ်မှာ ထွက်ခွာသွားခဲ့သည်။ ရွာထဲရှိသော လူတို့ကို တစ်ယောက်ပြီး တစ်ယောက် အလှည့်ကျ ခေါ်ဆောင် သွားတတ်သော သေမင်း၏ စေတမန်ကို ငါတို့ ကြားဖူးပါ၏။ သို့ရာတွင် ဤမျှလောက် အလောတကြီး လာရောက်လိမ့်မည် ဟူ၍ကား ငါတို့ တွေးမျှပင် မတွေးမိပါပေ။
အမေ့ကို သင်္ချိုင်းသို့ လိုက်ပို့ကြသည်။ ငါ့အဖေသည် ယူကျုံးမရ။ ငါ့ မမသည် အပူမီး တလောင်လောင်။ ငါ့နှမငယ်သည် အမေ့ကို ဖက်လျက်။ ငါ့မှာမူကား ထိုခဏ ၀ယ် သောက၏ စုဝေးရာ ကိုယ်ခန္ဓာ ဖြစ်လေသည်။ အမေ့ ပါးပြင်ကို နောက်ဆုံး နမ်း၏။ အမေ့ ခြေရင်းတွင် နောက်ဆုံး နှိပ်နယ် ၀တ်ပြုပေး၏။ အမေ့ကို ငါ ကန်တော့၏။
အမေသည် စကားလည်း မဆို။ ငိုယိုခြင်း ကိုလည်း မပြု၊ သာဓုမျှလည်း မခေါ်။ မျက်လွှာကို မှိတ်လျက် တိတ်တဆိတ်သာ နေဘိ၏။
အမေ့ ထဘီကို ပေးလိုက်ချင်ပါသေးသည်။ အမေ ဖတ်လက်စ ပရိတ်ကြီး ဘုတ်အုပ် ကလေး ယူသွားစေချင် ပါသေးသည်။ အမေ့ နံ့သာဖြူ စိပ်ပုတီး ကလေး ကိုလည်း လက်မှာ စွပ်ပေးလိုက်ချင်ပါသေးသည်။ အမေ ခြုံရန် တင်းတိမ်ကလေးကိုလည်း ထည့်ပေးလိုက်ချင်ပါသေးသည်။
သို့ရာတွင် အမေသည် ဘာကိုမျှလည်း မတောင်းဆိုတော့။ ဘာပစ္စည်းကိုမျှလည်း ယူ မသွားတော့။ လက်ချည်းသက်သက် ထွက်ခွာ သွားခဲ့၏။ အမေ ယူမသွားသော ပစ္စည်း ပစ္စယ ကလေးများသည် အမေ့ ကိုယ်စား ကျန်ရစ်ခဲ့တော့သည်။ ပရိတ်ကြီး ဘုတ်အုပ် ကလေးသည် အမေ မျက်မှန်တစ်လက်နှင့် ဖြည်းဖြည်းဆေးဆေး စာကျက်နေပုံကို သတိရစေသည်။ နံ့သာဖြူ စိပ်ပုတီး ကလေးသည် အမေ ဥပုသ်စောင့် ကမ္မဌာန်း ထိုင်ပုံကို မြင်ယောင်စေသည်။ အပ်ချုပ်ခုံ ကလေးသည် အမေ အလုပ်ခွင်၌ အင်္ကျီ ကြယ်သီး တပ်နေပုံကို အမှတ်ရစေ၏။
ကျန်ရစ်သော အမေ့ ပစ္စည်းများ မှန်သမျှ အမေ့ အကြောင်းကို ပြန်လည် ပြောပြ တတ်ကြသည်ချည်း ဖြစ်ပါသည်။
အမေသည် ရှင်လူတို့ကို ထား၍ သေသူတို့ ကြားမှာ ပျော်မွေ့ခဲ့လေပြီ။ ရွာကို ကြဉ်၍ သင်္ချိုင်းမြေသို့ ၀င်လေပြီ။ သင်္ချိုင်းမြေတွင် နေကြသူတို့ အနက် ငါတို့ အိမ်ထောင်စုထဲက အမေလည်း အပါအ၀င် ဖြစ်လေပြီ။
သင်္ချိုင်းမြေမှာ အမေ ရှိသည်။ အမေနှင့် စပ်၍ ငါသည် သင်္ချိုင်းမြေကို ခင်တွယ်စ ပြုပြီ။ ရင်းနှီးစ ပြုပြီ။ ယခင်က ကြောက်ခဲ့၊ ရွံ့ခဲ့၊ စက်ဆုပ်ခဲ့သော နေရာသည် ယခုအါ ထိုသို့ မတွေးထင်နိုင်လေပြီ။
အမေ့ အလောင်းကို ငါတို့ ဆွေမျိုး မိတ်သင်္ဂဟများနှင့် မိသားစုတို့ ထမ်းပို့ ကြသည်။ မြေစိုင်ခဲများဖြင့် ဖို့၍ မြုပ်ကြ သည်။ မြေပုံ မို့မို့ကလေး ပေါ်တွင် ပန်းခွေ ချသည်။ ဆူးဆက်များ အုံသည်။ မှတ်တိုင် ကလေး စိုက်သည်။ ခမ်းခမ်းနားနားကား မဟုတ်ချေ။
သို့ရာတွင် ငါ့ဘ၀ အတွက် အမေသည် ခမ်းနား ခဲ့သည်။ အရိပ်ကြီးခဲ့သည်။ ငါ့ အမေ နေထိုင်ရာ သင်္ချိုင်းကုန်း ကလေးသည်လည်း ခမ်းနားမည် အရိပ်ကြီးမည်သာ ဖြစ်သည်။ အမေ့ကြောင့် သင်္ချိုင်းကုန်းမြေပေါ်တွင် ငါ၏ မလိုစိတ်တို့ လွင့်ပျောက် ပျက်ပြယ်ခဲ့လေပြီ။
တန်ဆောင်းပြသာဒ်ပင်များ၊ မန်ကျည်းပင်များ၊ ညောင်ပင်ကြီးတစ်ပင်နှင့် တိတ်ဆိတ်လှသော သင်္ချိုင်းမြေသည် လူ့ဘ၀၏ သောက ဒုက္ခတို့ကို မြုပ်နှံရာ ဖြစ်တော့သည်။ ဘ၀၏ ပျော်ရွှင်ဖွယ် တို့ကိုသာ သတ်ပစ်သည် မဟုတ်။ ဘ၀၏ အနိဌာရုံ ဝေဒနာ အစုစုတို့ကိုလည်း သတ်ပစ်ရာ နေရာ ဖြစ်သည်။ သို့ဖြစ်လျှင် သင်္ချိုင်းမြေသည် မတရားပါသလော။ မျက်နှာကြီး မျက်နှာငယ်၊ အရွယ် အသက်ကိုလည်း မရွေး။ ဂုဏ် အကြီးအသေး ကိုလည်း မလိုက်။ အကြိုက်အမုန်း အပြုံးအငိုတို့ကိုလည်း ဂရုမထား။ သင်္ချိုင်းကုန်းကား ဘ၀ မျက်နှာပြင်ကို ညီညာစေသော နေရာ ဖြစ်သည်။
ရယ်သံတို့လည်း ဤနေရာမှာတန့်သည်။ မျက်ရည်တို့ သည်လည်း ဤနေရာတွင် ရပ်သည်။ ဤအရပ်၌ ရယ်မောသံ ဟူ၍လည်း မကြားရ။ ငိုရှိုက်သံ ဟူ၍လည်း မကြားရ။ မနိုးထသော အနားယူခြင်းဖြင့် ဘ၀ တစ်လျှောက်လုံးတွင် လက်တလှုပ်လှုပ်၊ ခြေတလှုပ်လှုပ် လှုပ်ရှားခဲ့ရသမျှ ဤနေရာတွင် မွေ့လျော်စွာ အနားယူ ကြလေပြီ။
အမေ့ မေတ္တာစိတ်ကို အစွဲပြု၍ သင်္ချိုင်းကုန်း အပေါ်တွင် ဂုဏ်ဒြပ်ကိုလည်း မြင်တတ် လာလေပြီ။ ထို့ကြောင့် သင်္ချိုင်းကုန်းသည် မသတီ ထီစရာ နေရာ မဟုတ်တော့ပါ။ သင်္ချိုင်းကုန်း ရှိနေခြင်းကြောင့် မကျေမနပ် မဖြစ်တော့ပါ။
နိဗ္ဗာန်သို့ သွားချင်သည် ရှိသော် သင်္ချိုင်းကုန်း များစွာကို ကျော်ဖြတ်၍ သွားရန် ယခုအခါ ၀န်မလေးတော့ပါပြီ။
တင်မိုး – Tin Moe