သင်္ချိုင်းထဲမှအသက်လုပွဲ

သင်္ချိုင်းထဲမှအသက်လုပွဲ( စ/ဆုံး )

——————————–

အချိန်ကား အကာလညအချိန်အခါ..။
ညအချိန်ဖြစ်ရုံသာမက လကွယ်ညလဲဖြစ်နေပြန်တာကြောင့် တောင်ကုန်းရွာတစ်ရွာလုံးကတိတ်ဆိတ်ငြိမ်သက်နေသည်..။

“ဂီး..ဂစ်..ဂစ်…”

ရွာပေါ်မှဖြတ်ပြန်သွားသော ငှက်ဆိုးထိုးသံနှင့်အတူ ရွာအနောက်ဘက်အိမ်တစ်အိမ်အနောက်မှာ ဝေါခနဲထပျံသန်းသွားသော အိပ်တန်းဝင်ငှက်တစ်အုပ်..။

ထိုအချိန်မျိုးတွင်မှ တိတ်တဆိတ်လှုပ်ရှားနေသော အမှောင်ထဲမှလူသားနှစ်ဦး..။ မျက်နှာတွေမမြင်ရအောင်ဖုံးကွယ်ထားလျက် ရွာအနောက်ပိုင်းမှအိမ်တစ်အိမ်စီသို့ချဉ်းကပ်သွားလျက်ရှိသည်..။အိမ်ဝင်းထဲရောက်သွားပြီး သိပ်မကြာခင်မှာပင် အိမ်ထဲမှကျယ်လောင်သော အသံနက်ကြီးပေါ်လာကာ…

“အား….”

“အူး…ဝူး….ဝူး….”

တစ်ချိန်ထဲမှာပဲ တစ်ရွာလုံးမှခွေးများ၏ စွဲစွဲငင်ငင်အူသံနှင့်အတူ မိန်းမတစ်ယောက်၏ ကျယ်လောင်သော အကူအညီတောင်းသံကိုပါကြားလိုက်ရတော့သည်..။

“အမလေး..ကယ်ကြပါအုံးတော်..ကျုပ်ယောကျာ်းအသက်မရှိတော့ဘူးတော့..”

တစ်ခဏအတွင်းမှာပင်ဝုန်းဝုန်းနှင့်မီးရောင်တွေလင်းထိန်လာကာ အော်သံကြားရာအိမ်စီသို့ လူတွေစုရုံးစုရုံးရောက်လာကြသည်..။

“ဟယ်..”

“ဟာ…”

“အမလေး….”

ရွာသူရွာသားများအားလုံး အံ့သြသွားကြသလို အိမ်ပေါ်မှာမြင်လိုက်ရတာက သွေးအိုင်ထဲမှာလဲနေသော အလောင်းတစ်လောင်း..။ ထူးဆန်းစွာပင် အလောင်း၏ ရင်ဘတ်တစ်ခုလုံးဟောင်းလောင်းပေါက်နေကာ အထဲမှကလီစာအချို့မရှိတော့..။

==================

“အဲ့တာ..ဟိုစုန်းမမိသားစုလုပ်တာ…သေချာတယ်…ဟိုနေ့ကသေတဲ့ ဦးစိုးမြင့်က အဲ့စုန်းမကို အကြွေးကိစ္စသွားသောင်းကျန်းတယ်တဲ့လေ..”

“ဟုတ်လား…အမလေး…ဘုရား..ဘုရား..ဟိုနေ့ကမှ သူကျွေးတဲ့ လက်ဖက်သုပ်ဝင်စားလာသေးတယ်..ငါ့ကိုပြုစားကာမှဒုက္ခ..”

“ဟယ်..နင်တို့ကလဲ မဟုတ်တာတွေမပြောပါနဲ့ဟယ်..မြလေးက ဒီလောက်စိတ်ကောင်းရှိတာကို..”

မိန်းမတစ်စုဝိုင်းပြောနေကြသည်က ရွာလည်ဈေးဆိုင်မှာ..။ သူတို့ပြောနေကြသူက ရွာအရှေ့ပိုင်းမှ မြလေးဆိုသော မိန်းကလေး၏ အကြောင်း..။ မြလေးဆိုသူက ရုပ်ရည်ချောမောပြေပြစ်ကာ ရွာကွမ်းတောင်ကိုင်ဖြစ်ပေမဲ့ သူ့မိခင်ကတော့ အရုပ်ဆိုးလွန်းတာမို့ ရွာကဖယ်ကျဉ်ထားကြသည်အထိ..။

အခုလဲ ရွာသူဌေးတစ်ဦးဖြစ်သူ ဦးမြင့်စိုး သေဆုံးသွားသည့်အကြောင်းကြောင့် တစ်ရွာလုံးလန့်နေရသလို မရှိခိုးနိုး မလှစုန်းမျိူးထုံးစံအတိုင်း မြလေးတို့ကိုစွပ်စွဲနေကြပြန်သည်လေ..။ ဒီလိုပြောနေတာကိုလက်မခံနိုင်သူက မြလေးရဲ့ သူငယ်ချင်းဖြစ်သူ ခင်နှင်း..။

“ခင်နှင်းရယ်..နင်လဲ စုန်းမမြလေးရဲ့အပြုစားကိုခံနေပြီထင်ပါတယ်..စုန်းမတွေက ချစ်ရင်လဲပြုစားတယ်..မုန်းရင်လဲပြုစားတယ်ဟဲ့…နင်သတိလေးဘာလေးထားအုံး…”

“မြလေးက ဘုရားတရားလဲသိတတ်ပါတယ်ဟယ်..အဲ့လိုမဟုတ်ပါဘူး..ဘုန်းကြီးကျောင်းလဲသွားတယ်..လူကြီးတွေလဲသိတတ်ပါတယ်”

“မြလေးတော့ ခင်နှင်းကိုချစ်လို့ပြုစားပြီထင်ပါတယ်..”

ခင်နှင်းတစ်ယောက်ဘာမှပြန်မပြောနိုင်တော့ပဲ အိမ်ပြန်လာခဲ့ရသည်..။ ခင်နှင်းတို့အိမ်က မြလေးတို့အိမ်နဲ့သိပ်မဝေးသလို မြလေးလဲ ဆွမ်းချိုင့်ပို့ကလွဲပြီးတခြားနေရာလဲ ခုရက်ပိုင်းမသွား…။

“အမေ..သမီးပြန်လာပြီ..”

“အေး..သမီးပြန်လာတာနဲ့အတော်ပဲ..တခါထဲ ထမင်းစားသွား..သမီးအဖေငါးထောင်တာ ငါးပြေမလေးတွေရလာလို့..ငါးပြေမလေးချက်ထားတယ်..ဘူးရွက်ဟင်းချိုနဲ့ ငါးပိထောင်းနဲ့ …”

“ဟုတ်ကဲ့..အမေ..သမီးတစ်ခါထဲစားလိုက်မယ်..”

မိသားစုသုံးယောက်သားထမင်းစားဖို့ပြင်နေစဉ်မီာပင် အိမ်ရှေ့မှခေါ်သံကြားလိုက်ရသည်..။ ခေါ်နေတာက မြလေး…။ မြလေး အသံကြားတာနှင့် အဖေရော အမေပါ မျက်နှာပျက်သွားသလို..ဒေါနဲ့မောနဲ့ထသွားတာက အမေ..။

“ခင်နှင်းရေ…ခင်နှင်း… ”

“ဘာကိစ္စလဲ မြလေး…”

“အရီးလေးတို့စားဖို့ အမေက ပုစွန်ပေးခိုင်းလိုက်တာ..မနက်က မြလေးတို့အိမ်ကပုစွန်ဝယ်ပြီး.ချက်..”

“အမလေး..မစားရဲပါဘူးတော်…ပြန်ယူသွားပါ..ပြန်ယူသွား…”

မြလေးစကားတောင်မဆုံးသေးပဲပြောလာသည့်အရီးလေးစကားကြောင့် မြလေးမျက်နှာပျက်သွားကာ…အိမ်ထဲ လှမ်းကဲကြည့်လိုက်ပေမဲ့ ထွက်လာတာက ခင်နှင်းအဖေသာဖြစ်နေကာ…

“ဟေ့..ဟိုစုန်းမမြလေး..ငါတို့ဆီမလာပါနဲ့..နင်ကျွေးတာလဲငါမစားရဲဘူး….ငါတို့ကိုလာမပေးပါနဲ့ ”

“အဖေရေ…တော်ပြီ..မပြောနဲ့တော့..မြလေးရယ်..ငါတောင်းပန်ပါတယ်နော်..ငါညနေမှလာခဲ့ပါ့မယ်…”

“မသွားရဘူး..ဘာသွားစရာလဲ..စုန်းမနဲ့ မပတ်သက်ပါနဲ့ပြောနေတာကို ခင်ချင်မင်ချင်တုန်း..ညည်းဟာလေ..ဘယ်အချက်ပြုစားခံရပြီးသေမလဲမသိဘူး…”

မြလေး ရှေ့မှမြင်ကွင်းတွေကိုကြည့်ကာ မျက်ရည်တွေဝဲလာမိသည်..။ တဖြည်းဖြည်းနဲ့ မြလေးတို့ မိသားစုဟာ ရွာရဲ့ ဖယ်ကျဉ်ခြင်းကိုခံလာရကာ တစ်ရွာလုံးရဲ့အထင်အမြင်လွဲခြင်းကိုပါ ခံလာရသည်အထိ..။

ထိုမြင်ကွင်းကို အိမ်ခရိုးနားမှာ ပုန်းလျှိုးကွယ်လျှိုးနှင့် ချောင်းနေသော လူတစ်ယောက်ကိုမမြင်လိုက်ရတော့…။

===============

“ညက ခင်နှင်းတို့ တစ်မိသားစုလုံးအသတ်ခံရတ်ာဆို..”

“ခင်နှင်းက ရူးသွားရှာတယ်..ခုတောင် စုန်းမကိုကြောက်တယ်ပဲအော်နေလို့ တိုင်ပင်မှာကြိုးနဲ့ချည်ထားရတယ်တဲ့..”

“ခင်နှင်း အဖေရော အမေပါ ကလီစာတွေအထုတ်ခံရပြီးသေသွားရတာတဲ့..”

“ခင်နှင်းက အစော်ကားခံလိုက်ရတယ်ဆို..မြလေးက စုန်းမလေ..စော်ကားနိုင်ပါ့မလား..”

“ဟဲ့..စုန်းမပါဆိုမှ သရဲတစ္ဆေတွေအများကြီးမွေးထားမှာပေါ့..သူတို့ကမကောင်းတဲ့အောက်လမ်းအတတ်တွေတတ်တာပဲလေ..သူတို့ကကြိုက်ရာလုပ်နိုင်တာပဲ…”

မိန်းမတွေစုက ခင်နှင်းတို့မိသားစု အသတ်ခံရသည်ကိုပြောနေစဉ်မှာပင် ရွာလယ်မှစုတက်လာသော ယောကျာ်းများ..။ ဒေါသတကြီးနှင့် တုတ်တွေ ဓားတွေကိုင်ကာ တစ်အုပ်ကြီးတက်လာကြသည်..။

မြလေးကို မောင်းထုတ်ပြီးညမှာပင် ခင်နှင်းရဲ့ မိဘတွေအသတ်ခံလိုက်ရကာ ခင်နှင်းမှာလဲ အစော်ကားခံလိုက်ရပြီး ရူးသွားတာကြောင့် တစ်ရွာလုံးရဲ့ဒေါသတွေက မြလေးတို့မိသားစု ဆီရောက်သွားရကာ ခုတော့ပေါက်ကွဲတော့မည့်အခြေအနေကိုရောက်သွားရှာပေပြီ..။

“ဟေ့..စုန်းမ..”

“စုန်းမ ထွက်ခဲ့စမ်း…နင့်ကိုရှင်းပစ်မှ ငါတို့ရွာဘေးရန်ငြိမ်းမယ်…ထွက်ခဲ့စမ်း..”

“ထွက်ခဲ့….ထွက်ခဲ့..စုန်းမထွက်ခဲ့…”

ဘယ်လောက်ပဲအော်နေပါစေ ထွက်မလာသော အချိန်မှာတော့ ရွာသားတွေရဲ့အဆုံးစွန်သော ဒေါသတွေပေါက်ကွဲလာကာ အိမ်ကိုမီးပုံတိုက်လိုက်ကြသည်အထိ..။

အိမ်ထဲမှာရှိမနေသော မြလေးတို့သားအမိကဘေးရန်လွတ်ကင်းသွားပေမဲ့ အိမ်လေးကတော့ပြာပုံအတိဖြစ်သွားရှာသည်..။

“ဟား…ဟား…ဟား…ငါတို့အောင်မြင်ပြီ..”

အောင်သေအောင်သားစားကာ သောက်စားနေကြသော လူတွေကတော့ ရွာလူကြီးဦးဘဒင်နှင့်အဖွဲ့…။ ဦးဘဒင်ဟာ သူတော်ကောင်းယောင်ဆောင်ထားသော မကောင်းသည့်လူကြီးတစ်ယောက်ဖြစ်ကာ သူလိုက်စားနေသည့်အရာတွေက…

“ဆရာ..ဒါဆိုကျွန်တော်တို့ကို ပြောထားတာလုပ်ပေးတော့မယ်မလား…”

“မင်းတို့ကိုလုပ်ပေးပါ့မယ်..ငါ့အတွက်နောက်ဆုံးအဆင့်တစ်ခုကျန်သေးတယ်…”

“ဆရာ့အတွက်လိုအပ်တာ ကျွန်တော်အကုန်ရှာပေးပါ့မယ်..လုပ်ပေးနိုင်ပါတယ်..”

“ခုကမင်းတို့လုပ်လို့မရဘူး..ငါကိုယ်တိုင်စီရင်မှငါ့အဆင့်တက်မှာ…”

ဦးဘဒင်တို့ စကားပြောနေသော နေရာကိုသေချာကြည့်လျှင် ကြမ်းပြင်တစ်ခုလုံးဟာ ဘုရားစေတီပုံတွေကပ်ထားပြီး သူတို့ရဲ့ မျက်နှာကျက်အဝတ်စဟာ မိန်းမထမီကြီးတစ်ထည်ဖြစ်နေမှာကိုတွေ့ရမှာဖြစ်ပေသည်..။

“ငါခုလုပ်မဲ့အစီအစဉ်ပြီးရင် ငါလုပ်သမျှတွေမပေါ်အောင် မြလေးတို့မိသားစုတစ်ခုလုံးကိုအမြစ် ပြတ်လုပ်ပစ်ရလိမ့်မယ် ..ငါလုပ်ထားတဲ့ကိစ္စတွေအကုန်ပြီးမှ ငါ့ဆရာက ငါ့ကိုအဆင့်တက်ပေးမှာလဲဖြစ်တယ်…”

“ဗျာ…သူတို့ကသေပြီမဟုတ်လား…”

“မသေဘူး..သူတို့ရှောင်သွားတာ…”

ရုတ်တရက် ဦးဘဒင်ရဲ့ လက်တစ်ဖက်ကိုဝှေ့ရမ်းပစ်လိုက်ချိန်မှာ ဖြူဖြူငွေ့တွေဝေ့ဝဲပေါ်လာကာ မြင်ရတာက မိခင်ဖြစ်သူကိုတွဲကာ အပြေးသွားနေကြသော မြလေးတို့သားအမိနှစ်ယောက်..။ ယုတ်မာကောက်ကျစ်စွာပြုံးလိုက်ပြီးနောက်မှာတော့….

“ငါ့အပိုင်ထဲက လွတ်သွားတဲ့အတွက်နင့်ကိုအသက်ရှင်ခွင့်ပေးလိုက်မယ်…”

“ဆရာ…ဘာလို့သူတို့မိသားစုကိုမုန်းနေတာလဲ ဆရာ..”

နားမလည်နိုင်သူက ဘဒင်၏ တပည့်များဖြစ်ကြသော အောင်မောင်းနှင့် တိုက်မောင်း..။ ဒီနှစ်ယောက်က ညီအကိုတွေဖြစ်သလို ဘဒင်ရဲ့လက်ရုံးတပည့်တွေလဲဖြစ်ကြသည်..။ ဘဒင်တစ်ယောက် လွန်ခဲ့သောဆယ်နှစ်ရွာပြန်လာပြီးသိပ်မကြာခင်မှာပင် မြလေးနှင့်သူ့အမေ ဒေါ်မြကြင်တို့အိမ်မီးလောင်ကာ စီးပွားရေးပျက်သွားသလို ဒေါ်မြကြင်မှာလဲ လူမြင်မခံဝံ့သည့်မျက်နှာပိုင်ရှင်ဖြစ်သွားရသည်..။

“ကမ္ဘာမကျေတဲ့ အမုန်းတွေပေါ့…ဘဒင်ကို ကျောသွားခဲ့တဲ့ တစ်မိသားစုလုံး ဘဝပျက်စီးသွားစေရမယ်လို့ ငါသံဓိဌာန် ချထားပြီးသား..”

အမုန်းတရားတွေပြည့်နှက်နေသော ဦးဘဒင်၏စိတ်က အတိတ်ကိုပြန်ရောက်သွားရသည်…။ လွန်ခဲ့သော နှစ်အစိတ်က မြကြင် ဆိုသော ရွာကွမ်းတောင်ကိုင် အပျိုချောတစ်ယောက်ကို ဘဒင် နှင့် ကျော်လှတို့အပြိုင်ကြိုက်ခဲ့ကြသည်..။ ဒါပေမဲ့ မြကြင်၏ရွေးချယ်မှုက ပယောဂယောင်ယောင် ဘာယောင်ယောင် ကျော်လှကိုဖြစ်ကာ ဘဒင်ကိုအသုံးမကျဘူးလို့ပြောပြီးငြင်းပစ်ခဲ့တော့…ဘဒင်၏ အမုန်းတွေကစတင်ပေါက်ဖွားလာခဲ့ရသည်..။

နောက်တစ်ခါ ကျော်လှသေပြီး မြကြင်ကို ယူဖို့ထပ်အပြောမှာ ပါးရိုက်ပြီးအငြင်းခံလိုက်ရချိန်တွင်တော့ ဘဝပျက်အောင်ဖျက်စီးဖို့ အတွေးကခိုင်မာသွားကာ အောက်လမ်းပညာကို စတင်သင်ယူခဲ့ခြင်းဖြစ်သည်..။ ဒါကြောင့်ပဲ တစ်သက်လုံး ကိုးကွယ်လာခဲ့သော မြတ်စွာဘုရားကိုခြေအောက်ချနင်းလိုက်ရသလို မစင်တွေလဲစားခဲ့ရသည်..။ အရိုးခေါင်းတွေကြားညအိပ်ခဲ့ရသလို တစ်ဘဝလုံး ထမီကိုခေါင်းပေါ်တင်ခဲ့ရသည်အထိ..။

နင့်ဘဝတစ်ခုလုံးပျက်စီးအောင် ခေါင်းမထောင်နိုင်အောင် လုပ်ပစ်ဖို့ငါရည်ရွယ်ထားတယ် မြကြင်..။

=============

သုံးနှစ်ခန့်ကြာသော်…

တောင်ကုန်းရွာ သုဿာန်ထဲမှာ မတ်တပ်ရပ်နေသော အမျိုးသမီးတစ်ယောက်..။ ဆံပင်တွေက ဘေထဲမှာ တဖွားဖွားလွင့်နေကာ အနက်ရောင်ထမီနှင့်အနက်ရောင်အင်္ကျီကိုဝတ်ကာ အမုန်းတရားများပြည့်နှက်နေသော မျက်ဝန်းများနှင့်…။

“ဘဒင်…ဘဒင်….ခုချက်ချင်းသုဿာန်ကိုလာခဲ့စမ်း…”

ကျောရိုးထဲစိမ့်နေအောင် အေးစက်နေသော အသံနှင့်အတူ နားထဲမှာကြားလိုက်ရသည့် အသံကြောင့် ဦးဘဒင်တစ်ယောက်ဆတ်ခနဲထထိုင်လိုက်မိသည်..။

ခုညဟာ သုဿန်ထဲမှာ နောက်ဆုံးအဆင့်အတွက် သူလုပ်ရမည့်ကိစ္စရှိနေသည်..။.ဒါပေမဲ့ ခုတော့ ညနေစောင်းမှာပင် ခေါ်သံကြားလိုက်ရတာကြောင့် ဒါဟာ ပညာအဆင်မြင့်သော ပညာသည်တစ်ယောက်ဆိုတာသိလိုက်ရသလို..ချက်ချင်းပင် ယင်မမဲရိုင်းကြီးတစ်ကောင်အဖြစ်ပြောင်းသွားသော ဦးဘဒင်..။

“ဝီ…ဝီ…ဝီ…”

ဝေ့ဝဲလာသော ယင်မဲကြီးကြောင့် မြလေးတစ်ယောက် မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိသည်…။

“ရှင်ရောက်နေတာ သိတယ်..ဘဒင်..”

“ဟား….ဟား….ဟား…မင်းဘယ်ဆိုးလို့တုန်း…”

ကျက်သရေကင်းမဲ့သောရီသံကြီးနှင့်အတူ ပေါ်လာတာက ဦးဘဒင်..။ စနွင်းနံ့တွေလှိုင်ထနေသော မီးနေသည်ထမီကြီးကိုခေါင်းပေါင်းထားသော အောက်လမ်းဘဒင်..။

“နင်သေရမှာမကြောက်လို့ငါ့ပိုင်နက်ကိုပြန်လာတာလား..”

“ငါ့မိဘအတွက် လက်စားချေဖို့ငါရောက်လာတာ..သေချင်းဆိုးကြီးရဲ့…နင့်လုပ်ရပ်တွေကြောင့် ဒုက္ခပေါင်းစုံနဲ့ပြည့်နေရတဲ့ ငါ့မိဘအတွက် လက်စားချေမယ်..”

“စောက်ကောင်မ…စကားရှည်မနေနဲ့ …သေစမ်း…”

ရုတ်တရက်ပစ်ပေါက်လိုက်တာက ညိုမည်းနေသော အလုံးတစ်လုံးနှင့်..။ အနားကိုအရောက်မှာ ဝုန်းခနဲပေါက်ကွဲသွားကာ ထွက်ပေါ်လာတာက အရုပ်ဆိုးလှသော မကောင်းဆိုးဝါးများ…။

“တောက်…ဒါလောက်နဲ့မရဘူး..ဘဒင်..နင့်အတွက်ငါ့ဘဝတစ်ခုလုံးအဆုံးခံထားရတာ…”

“အနောက်မယ်တော်တဲ့ဟေ့…”

ရုတ်တရက် မာန်ပါလှသော အော်သံကြီးနှင့်အတူ မြောက်တက်သွားသော မြလေး..။ နီရဲနေသော မျက်လုံးအစုံက အငွေ့တလျံလျံတောက်ပြောင်နေကာ မျက်လုံးအစုံမှထွက်လာသော အငွေ့များက အောက်လမ်းဘဒင်ဆီသို့အရောက်တွင် ထင်မှတ်မထားပဲ ပြုတ်ကျသွားသော မြလေး..။

“အား…”

“ဘုန်း..”

“အော့..ဝေါ့..”

နှစ်ယောက်လုံးရုပ်ပျက်ဆင်းပျက်ဖြစ်ကာပြုတ်ကျအသွားမှာ သွေးတွေထိုးအန်လိုက်ကြပေမဲ့ ယိုင်ထိုးယိုင်ထိုးထလာကြသည်..။

“ငါနင့်ကိုခုညသတ်ရမှဖြစ်မယ်..ကောင်မ…”

“ငါလဲနင့်ကိုအသေတ်မှာ အကောင်ကြီးရဲ့….သေပေတော့..”

သွေးတွေစီးကျနေသော ပါးစပ်များက ပြောအပြီးမှာ နှစ်ယောက်လုံးရဲ့ လက်ဖဝါးများမှထွက်လာကြသော မီးတန်းများ…။ ပြင်းထန်သော အပူရှိန်ကြောင့် နံဘေးတစ်ဝိုက်မှရှိနေသော အပင်ငယ်လေးများပင်နွမ်းလာကြသည်..။

“မင်းတို့မတော်နိုင်သေးဘူးလား…”

အေးမြကြည်လင်သော အသံကြောင့်နှစ်ယောက်လုံးလှည့်အကြည့်မှာမြင်လိုက်ရတာက စုတ်ပြတ်နေသော အဝတ်များနှင့်အဘိုးအိုတစ်ယောက်…။တောက်ပစူးရှသော မျက်ဝန်းများကကြည်လင်အေးချမ်းနေလျက်..။

“အဘိုး…”

“နင့်ပညာတွေမသုံးပါဘူး ကတိပေးပြီးတော့ ခုသစ္စာဖောက်လို့ အနောက်မယ်တော်က စွန့်ပစ်လိုက်ပြီမဟုတ်လား…”

“တောင်းပန်ပါတယ် အဘိုး…”

ရုတ်တရက် အောက်လမ်းဘဒင်သိလိုက်တာဟာ ဒီအဘိုးအိုဟာ မြေလျှောက်ဝိဇ္ဇာတစ်ဦးဖြစ်တာကိုပင်…။ ထိုအချိန်မှာပင် စိမ်းတောက်နေသော အလင်းတန်းတစ်ခုက အောက်လမ်းဘဒင်၏လည်တိုင်ကိုဖြတ်ကာ ခေါင်းနှင့်ကိုယ်တစ်ခြားစီဖြစ်သွားချိန်မှာတော့ မြလေးတစ်ယောက်လဲမေရာမှပျောက်ချင်းမလှပျောက်သွားတော့သည်..။

“လောကငမိုက်သားတွေပဲ..ဒဏ်ပြန်ခံရတော့မယ်…”

ခေါင်းတရမ်းရမ်းနှင့်ဖြတ်သွားသော အဘိုးအိုတစ်ဦးနှင့်အတူ သစ်ပင်ချုံနွယ်များကွယ်ကာ ကြည့်ရှုနေကြသော ရွာသူရွာသားများ…။

===============

အောက်လမ်းဘဒင် ၏နေအိမ်ကိုမီးရှို့ဖျက်စီးလိုက်ပြီးနောက်တွင် ရွာထဲမှ လူငယ်များအားလုံးနီးပါး ရွာဦးကျောင်းမှ ကပ္ပိယကြီးဆီသို့ရောက်နေကြသည်..။ သူတို့ရွာရဲ့ တစ်ဦးထဲသော စာတတ်ပေတတ်ဗဟုသုတနှင့်ပြည့်စုံသူလူကြီးတစ်ဦးမဟုတ်လား…။

“”ကပ္ပိယကြီး…ကျွန်တော်တို့ရွာမှာ စုန်းနှစ်အိမ်တောင်ရှိနေတာနော်..လူကြီးတွေပြောခဲ့တာ အရမ်းမှန်တာပဲ..”

“ဟုတ်တယ်နော်..ကပ္ပိယကြီး..အဘွားကပြောဖူးတယ်..ရွာတစ်ရွာကိုတည်ရင် စုန်းခုနှစ်အိမ်ပါမှတည်လို့ရတယ်တဲ့…”

ကပ္ပီယကြီးကတော့ ဘာမှမပြောပဲ ရေနွေးကြမ်းကိုမော့သောက်လိုက်ကာ..ရှေ့မှ ပဲကြီးလှော်သုပ်ပန်းကန်ကိုညွှန်ပြကာ…

“ပဲကြီးလှော်စားလိုက်ကြအုံးကောင်လေးတွေ…အဘပြောပြမယ်…”

အကုန်လုံးတိတ်ဆိတ်ငြိမ်သက်စွာစိတ်ဝင်တစားနားထောင်နေတာကိုမြင်မှ လက်ထဲမှပုတီးလေးကို လည်ပင်းတွင်ချိတ်လိုက်ကာ…

“စုန်းဆိုတာ စုန္နော ဆိုတဲ့စကားလုံးက လာတာကွဲ့..စုန္နော ဆိုတာဖြောင့်မှန်သောသူလို့ အဓိပ်ပါယျရတယျ..အဲ့ဒီ့အထဲမှာ မကောင်းတဲ့ယုတ်မာတဲ့အတတ်တွေတတ်တဲ့ စုန်းတွေ အောက်လမ်းပညာရှင်တွေမပါဘူး..အဲ့လိုမကောင်းတဲ့စုန်းတွေနဲ့အတူ အောက်လမ်းနဲ့ အထက်လမ်းဆိုပြီးလမ်းကွဲကြသေးတယ်..တစ်ချို့ဆို အလယ်လမ်းတောင်ရှိကြသေးတယ်.. ဆက်ပြောရရင် စုန္နောတိဥဇုကတော = ဖြောင့်မတ်မှန်ကန်သော အသိပညာရှင်ခုနှစ်ဦးလို့ ဋီကာကျမ်းမှာဖော်ပြထားတယ်..

အဲ့ဒီပညာရှင်တွေက ဘာတွေလဲဆိုတော့
၁=မြေပညာရှင် ကိုယ်တည်မဲ့ရွာရဲ့ မြေဆီမြေလွှာ မြေကြောကိုနားလည်တတ်ကျွမ်းတဲ့သူ..

၂= ရေပညာရှင်..ကိုယ့်ရွာရဲ့ရေကြောတွေရေရနိုင်မဲ့နေရာတွေကိုသိတဲ့သူ

၃= လေပညာရှင်..လေကြောင်းနဲ့ပတ်သက်တာတွေကိုသိရှိခန့်မှနိူနိုင်တဲ့သူ

၄=စီးပွားရေးပညာရှင်..စီးပွားရေးလုပ်ကိုင်ဖို့အတွက်အစီအစဉ်ချပေးနိုင်တဲ့သူ..ရွာရဲ့စီးပွားရေးမှာဦးဆောင်နိုင်တဲ့သူ

၅=ပညာရေးစီမံနိုင်သူ..ရွာသူရွာသားကလေးငယ်တွေရဲ့အနာဂတ်ပညာရေးအတွက်စီမံပေးနိုင်တဲ့သူ

၆=ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သူ..ကျန်းမာရေးကိစ္စအတွက် ဆေးပညာကိုနားလည်တတ်ကျွမ်းတဲ့သူ

၇=ဆက်သွယ်ရေးကျွမ်းကျင်သူ..ကိုယ့်ရွာနားပတ်ဝန်းကျင်ရဲ့ အချက်အချာကိုသိနားလည်ပြီးလမ်းပန်းဆက်သွာ့ရေးအတွက်စီမံပေးနိုင်သူ

ဆိုပြီး ခုနှစ်ဦးရှိတယ်ကွဲ့..အဲ့ဒီ့ စုန္နော=စုန်းခုနှစ်ဦးပါမှ ရွာတည်လို့ရတယ်လို့ပြောကြတာပါကွယ်..”

“ဟုတ်ကဲ့ပါ ကပ္ပိယကြီး..သမီးတို့တွေနားလည်မှုလွဲနေတာကိုသိပါပြီ…ပြောပြပေးတဲ့အတွက် ကပ္ပိယကြီးကို ဦးချကန်တော့ပြီး ကျေးဇူးတင်ပါရစေ..”

ဦးချကန်တော့သော ရွာသူရွာသားလူငယ်များကိုကြည့်ကာ လေးနက်စွာဖြင့်သာဓုသုံးကြိမ်ခေါ်လိုက်မိသည်..။

“သာဓု…သာဓု…သာဓု….”

ထိုအချိန်မှစကာ တောင်ကုန်းရွာလေးမှာဖြစ်ပေါ်နေသော မြလေးတို့အပေါ်အထင်မြင်လွဲမှားမှုများပျောက်ကွယ်သွားကာ အောက်လမ်းဘဒင် သေသောအချိန်မှာပင် ခင်နှင်းတစ်ယောက်ပြကောင်းသွားကာ ရာသက်ပန်သီလရှင်စည်းသွားရှာတော့သည်..။

(ပြီးပါပြီ)

စာဖတ်သူအားလုံးကိုလေးစားချစ်ခင်လျှက်😍

Writer-လရိပ်ညို 💚
#လေးစားစွာcreditပေးပါသည်