သင်္ချိုင်းမြေ(စ/ဆုံး)
——————-
ရွာအမည်သည် ညောင်တန်း ရွာဖြစ်၏။
ထိုရွာလေးသည် အေးချမ်းသာယာသော ရွာလေးများထဲတွင် တစ်ခုပါဝင်ပေသည်။
ရွာ၏ အနောက်ဘက်၌ အေးချမ်းသာယာလှသော မူးချောင်းကြီးတစ်ခုလည်းရှိ၏။
ရွာသူ၊ရွာသားများ၏ အသက်မွေးဝမ်းကျောင်းခြင်းအလုပ်သည်က ရာသီပေါ်သီးနှံများစိုက်ပျိုးရောင်းချခြင်းပင်ဖြစ်သည်။
ထိုမျှမက ထိုရွာလေး၌ အသက်မွေးဝမ်းကြောင်းခြင်းလုပ်ငန်းတွင် ယက္ကန်းလုပ်ငန်းသည်လည်းအပါအဝင်ဖြစ်ပေ၏။
ညဘက်ဆိုလျှင်…နေ့ခင်းဘက်များထက် ယက္ကန်းခက်သံများ “ဂျုန်း….ဂျုန်း….ဂျက်…..”အသံများအား ပို၍ ထင်ပေါ်စွာကြားရတက်၏။
ထိုသို့အေးချမ်းသာယာသော ရွာလေး၌ ဦးဘမှီဆိုသည့်အသက်ငါးဆယ်ကျော် လူကြီးတစ်ယောက်ရှိသည်။
ဦးဘမှီသည် ရွာ၌ အတန်သင့် ချမ်းသာသူစာရင်း၌ပါဝင်သူဖြစ်၏။
ဦးဘမှီ၏ ဇနီးမှာ ဒေါ်တင်မာဖြစ်ပြီး သမီးမှာမလေးခင် ဖြစ်သည်။
ဦးဘမှီသည်ရွာ၌ ထွက်သော ပဲ၊ ပြောင်းများအား ဝယ်ယူပြီး မြို့၌ ပြန်ရောင်းချသော ပွဲစားကြီးတစ်ဦးပင်။
“အဘ…အဘေရ…..”
မလေးခင် ရေချိုးအဝတ်စားလဲပြီးနောက် သူမ၏ ဆံပင်ရှည်ကြီးအား လက်ဖြင့်ထုံးဖွဲ့ကာ ဖခင်ဖြစ်သူအား အော်ခေါ်လိုက်သည်။
မလေးခင်ရှိသည့် သနပ်ခါးလိမ်းရာနေရာနှင့်မလှမ်းမကမ်းတွင် ဦးဘမှီထိုင်နေသော စားပွဲတန်းရှိ၏။
မလေးခင်၏ အခေါ်ကြောင့် ရေနွေးကြမ်းသောက်ထိုင်နေသော ဦးဘမှီက…
“ဟေ…ဘာတုန်း သမီးရ…အဘ ဒီမှာထိုင်နေတယ်လေ”
ဦးဘမှီက ပြောလိုက်လေတော့ မလေးခင်…ဦးဘမှီအား လှမ်းမကြည့်တော့ သနပ်ခါး လူးဖို့ပြင်နေရင်း…
“အဘကို သူကြီးက သူ့အိမ်လာခဲ့ဖို့ ကျုပ်ကိုမှာလိုက်တယ်တော့…
အဲ့တာကျုပ်မေ့နေလို့အဘရေ…”
“ဟေ…သူကြီးက…။ဘယ်တုန်းကမှာလိုက်တာတုန်း”
“အစောကပဲ ကျုပ်ရွာထဲအလည်ပြန်လာတော့ လမ်းမှာဆုံတာ…။အဲ့တာ အဘကို သူ့အိမ်လွှတ်လိုက်ပါဦးလို့ ပြောလိုက်တာအဘ”
“အေး…အေး…ဒါဆို အချိန်ရှိတုန်းသွားလိုက်ဦးမယ် ။ သမီး အမေကိုလည်း အဘ သူကြီးအိမ်သွားတယ်လို့ပြောထားလိုက်ဦးနော်….”
“ဟုတ်…ဟုတ် အဘ”
ဦးဘမှီ သူကြီးအိမ်ဆီသို့ ထွက်လာခဲ့တော့၏။
***
“ဟော…ကျုပ်တို့ကစောင့်နေရတာ ကိုဘမှီရယ်…။အခုမှပဲပေါ်လာတယ်ဗျာ….”
ဦးဘမှီအားတွေ့လေတော့ သူကြီးက ဝမ်းသာအားရပြောလိုက်သည်။
“ဟုတ်ပါ့ သူကြီးရယ်…ကျုပ်သမီးမလေးခင်ပေါ့…
သူကြီးကမှာလိုက်တာကို ကျုပ်ကိုပြောဖို့မေ့နေတယ်တဲ့ဗျာ…”
“အယ်…ကလေးမကတော့ မေ့တက်ပါ့”
“ဟုတ်ပါ့…ဟုတ်ပါ့..”
သူကြီးအိမ်၌ ဦးဆွေ၊ ဦးမောင်လတ်၊ ဦးမြင့်ဖေ ဆိုသော တစ်ရွာထဲနေသူများလည်းရောက်နေကြ၏။
ထိုသူ သုံးယောက်သည်လည်း ရွာ၏ လူချမ်းသာစာရင်း၌ ပါဝင်ကြပေသည်။
“ကိုဆွေတို့သုံးယောက်လည်းခေါ်ထားတာဆိုတော့ ရွာအတွက် တစ်ခုခု လိုလို့လား သူကြီး….”
ဦဘမှီ၏အမေးအား သူကြီးက ပြုံး၏။
ကျန်သုံးယောက်သည်လည်း သူကြီးပြောမည့်အကြောင်းအား စိတ်ဝင်စားနေကြသည်။
“ခင်ဗျားတို့လေးယောက်က်ိုခေါ်ရတာကအခြားအကြောင်း
မဟုတ်ပါဘူးဗျာ…။ကျုပ်တို့ ရွာလယ်က ဘုန်းကြီးကျောင်းမှာ သိမ်ဇရပ်လေးဆောက်ပေးချင်လို့…အဲ့တာ ရွာထဲကလူတွေဆီကလည်း အလှူခံမယ်….ပြီးတော့ ခင်ဗျားတို့လိုရွာရဲ့ အကျိုးဆောင်တွေဆီကလည်း အကူအညီတောင်းချင်လို့ပါ…”
” ဒီကိစ္စက ကောင်းတဲ့အရာပဲသူကြီးရာ…ကျုပ်တို့ လှူမှာပေါ့….မဟုတ်ဘူးလားဗျ….”
“ဒါပေါ့ဗျာ…ဒါပေါ့…လှူရမှာပေါ့….”
“ဟုတ်ပါ့ဗျာ….”
သူကြီးပြောသော သိမ်ဇရပ်အလှူအား အားလုံးကသဘောတူကြသည်။
“ဒါဆို…ကျုပ်တို့ အကောင်အထည်ဖော်ကြတာပေါ့ဗျာ….”
သူကြီးလည်းဝမ်းမြှောက်သွား၏။
ကျန်လူများသည်လည်း ကျေနပ်ပီတိဖြာနေကြသည်။
ထိုသို့ဖြင့် သိမ်ဇရပ်ဆောက်မည့်ကိစ္စအား ဦးဘမှီက အစစအရာရာ ဦးစီးဦးဆောင် လုပ်ပေးလေသည်။
ငွေရေးကြေးရေး…လိုအပ်သည်များအား သေချာညွှန်ကြားပေးရေး တို့တွင် ဦးဘမှီမပါလျှင်မပြီးသလိုဖြစ်၏။
လပိုင်းကြာမြင့်လေတော့ သိမ်ဇရပ်လေးဆောက်လုပ်ပြီးစီးသွားခဲ့တော့သည်။
***
“ဂျုန်း….ဂျက်….ဂျုန်း…..”
မလေးခင် ယက္ကန်းခတ်နေ၏။
ညဘက်ခဏမျှ ယက္ကန်းခတ်မည်ဟု တွေးထားသော်လည်း လူကြီးများအိပ်သည်ထိ မလေးခင် မအိပ်ဖြစ်သေး။
အထည်ပြီးချင်သည့်ဇောဖြင့်သာ ဆက်ခတ်နေခဲ့ပြီး…
“ဝါး….အိပ်ချင်လိုက်တာ…”
“ဝူးးးးး…….အူ……..အူ……….”
“ဝူးးးးးးးးးးးးးးးးးးးးးး”
ဆွဲဆွဲငင်ငင်အူနေသော ခွေးအူသံများကြောင့် မလေးခင် ကျောချမ်းလာကာ ကြက်သီးများပင်ထ လာခဲ့၏။
အိမ်တံခါးများအလုံ ပိတ်ပြီးသော်လည်း ခွေးအူသံများသည် သူမတို့အိမ်ဝိုင်းရှေ့၌ အုပ်စုဖွဲ့ကာ အူနေကြသည်ဟု မလေးခင်ထင်မိလေသည်။
သိုကြောင့် ကြောက်စိတ်များဝင်လာကာ မိခင်နှင့် အတူအိပ်သော အခန်းဆီသို့ ချက်ချင်းပင် မပြေးရုံတမယ် ဝင်သွားတော့၏။
ဖခင်ဖြစ်သူ ဦးဘမှီသည်က သူမတို့အခန်းနှင့်ကပ်ရပ်အခန်းတွင် တစ်ဦးထဲ သီးသန့်အိပ်လေသည်။
မလေးခင် မိခင်အနားဝင်ကပ်အိပ်လိုက်ပြီး တဖြေးဖြေး အိပ်ပျော်သွားတော့၏။
အချိန်သည် တရွေ့ရွေ့ပြောင်းလာသည်။
လသည်လည်း တိမ်မဲများကြားမှ ပေါ်လာလိုက် တိမ်မဲများကြား၌ ပြန်လည်ဖုံးကွယ်သွားလိုက်ဖြင့် သံသရာလည်နေခဲ့၏။
“ရှက်…ရှက်….ရှက်…….”
“ရှက်….ရှက်….”
“ရှက်…ရှက်…ရှက်……”
ခြေသံများ အဆက်မပြတ်ကြားနေရ၏။
ထိုခြေသံများကြောင့် ဦးဘမှီနိုးလာခဲ့ရသည်။
နိုးလာချိန်၌ အချိန်ကိုကြည့်တော့ မိုးလင်းချိန်မဟုတ်။
ထို့ကြောင့် ယခုလိုအချိန်၌ ခြံဝိုင်းထဲမှ ထွက်ပေါ်လာသော ခြေသံများကြောင့် ဦးဘမှီ ထိတ်လန့်သွားရသည်။
များပြားလှသော ခြေသံများဟာ သူခိုးဓားပြများ ကပ်လေသလား ဆိုသည့် အတွေးများဝင်လာပြီး အိပ်ရာမှချက်ချင်းထလိုက်၏။
ပြီးနောက် သူ၏လက်စွဲတော် ငှက်ကြီးတောင်ဓားအား သွားယူခဲ့ပြီး…
“ဟဲ့…တင်မာ….တင်မာ…ထကြစမ်း…..”
အသံအား လေသံနိမ့်၍ ခေါ်လိုက်သည်။
နိုးသော်လည်း နိုးမလာ၍ ဇနီးသည်၏ လက်အားဆွဲပုတ်နိုးလေတော့…
“အင်….ဝါး….ဘာလဲ ကိုဘမှီရယ်…..”
“ရှူး….တိုး….တိုး……။အပြင်မှာ ခြေသံတွေကြားတယ် ။ကြည့်ရတာ သူခိုးကပ်ပြီထင်တယ်……”
“ဟင်….အမလေး….ကျုပ်ကြောက်တယ်တော့…..”
“တိတ်တိတ်နေစမ်းပါ….။နင့်သမီးသာနိုး…
အခြေအနေငါကြည့်မယ်…
တံခါးတွေက ညကတည်းကသေချာပိတ်ထားတယ်…
ဝင်လာတဲ့ကောင် ငါ့လက်ချက်နဲ့အမိပဲ”
ထိုသို့ဖြင့် သားမိသားဖသုံးယောက်သား ရင်တထိတ်ထိတ်ဖြင့် ငုပ်တုပ်ထိုင်ကာ အခြေအနေအား အကဲခတ်နေကြလေသည်။
သို့သော် ခြေသံများသည်လည်း မပျောက်ကွယ်သေး…။
အိမ်အတွင်းသို့လည်းဝင်မလာခဲ့….။
ခြံဝိုင်းထဲ၌သာ တရှက်ရှက် သွားလာနေကြလေသည်။
***
“ဝါး………..”
“ဟ…ကိုဘမှီ ခင်ဗျား အစောကြီးရှိသေးတယ် သန်းဝေလှပါလားဗျ….”
ကပ္ပိယကြီး ဦးကြိုင်က ဘုန်းကြီးကျောင်း၌ ရေနွေးကြမ်းသောက်ရောက်နေသော ဦးဘမှီအားမေးလေသည်။
“ဟုတ်ပါ့ ကပ္ပိယကြီးရယ်…ကျုပ်တို့အိမ်မှာ ထူးထူးဆန်းဆန်းတွေဖြစ်နေလို့….အဲ့တာ ကပ္ပိယကြီးနဲ့လာတိုင်ပင်တာပါဗျာ…..”
“ဘယ်လိုထူးဆန်းတာမျိုးလဲ ကိုဘမှီ…”
ကပ္ပိယကြီး ဦးကြိုင်က မေးလေတော့ ဦးဘမှီ သူ၏ခေါင်းအားကုပ်ရင်း…
“လွန်ခဲ့တဲ့နှစ်ညလောက်ကတည်းက ဇာတ်လမ်းကစတာပါဗျာ…မနေ့ညကနဲ့ဆိုရင်တော့ သုံးညပေါ့….။ဖြစ်တာက ခြေသံတွေကြားတာဗျို့…ကျုပ်တို့မှာ သူခိုးများကပ်လေသလားလို့ မအိပ်ဘဲစောင့်ခဲ့ရတာ…ခြေသံတွေက ဝိုင်းထဲပဲ တရှက်ရှက်သွားလာနေတာ ကပ္ပိယကြီးရေ….။အဲ့လိုဖြစ်တာနှစ်ညကြာပြီး…မနေ့ညကတော့ ကျုပ်မိန်းမတားတဲ့ကြားက တံခါးဖွင့်ပြီးကြည့်လိုက်တာ ကျုပ်ဖြင့် အံ့သြလိုက်တာဗျာ….ဘာမှမရှိဘဲ တရှက်ရှက် အသံတွေထွက်နေတာဗျ…….”
“အင်း….ကိုဘမှီပြောတာက ထူးဆန်းသားဗျ….။ဒီလိုလုပ်လေဗျာ ကျုပ် ကိုဘမှီအိမ်ကိုလိုက်ကြည့်ချင်တယ်…”
“ရတယ်လေ ကပ္ပိယကြီး လိုက်ခဲ့ပါ….။ကျုပ်လည်း ဘယ်သူနဲ့တိုင်ပင်ရမှန်းမသိဘူးဗျို့….
ဒါကကောင်းတဲ့ကိစ္စမဟုတ်ဖဲကိုဗျ….”
###
ကပ္ပိယကြီး ဦးကြိုင်သည် ဦးတင်ဖေတို့အိမ်ဆီသို့ လိုက်လာခဲ့၏။
အိမ်ဆီသို့ရောက်လေတော့ ကပ္ပိယကြီး ဦးကြိုင်သည် အိမ်ဝိုင်းအတွင်းနေရာအနှံ့လိုက်လံ ကြည့်ရှု့၏။
ထိုသို့ကြည့်ရှု့ရင်း ဝိုင်းဝသို့ရောက်လာခဲ့ချိန်၌…
“ကိုဘမှီ….ဒီနေရာကမြေတွေတူးလိုက်ဗျာ….”
ကပ္ပိယကြီး၏စကားကြောင့် ဦးဘမှီ တူရွင်းပြားတစ်လက်သွားယူလိုက်သည်။
ပြီးနောက် ကပ္ပိယကြီးပြောသော နေရာမှ မြေသားများအား တူရွင်းပြားဖြင့် ထိုးကလော်လိုက်၏။
ဦးဘမှီ တူးထားသော မြေများအားကြည့်နေရင်းမှ…
“ရပြီ…ရပြီ ကိုဘမှီ…..။ရပ်လိုက်တော့”
“ရပြီလားဗျ…..”
“ရပြီ…အခု ခင်ဗျားတူးထားတဲ့မြေတွေကျုပ်ကို အိတ်နဲ့ထည့်ပေးထားဗျာ….ပြီးရင် အမွှေးနံ့သာရည်လေးယူလာပေး”
“ဟုတ်ပြီဗျို့….။ကပ္ပိယကြီးဘာတွေစီစဉ်လည်းတော့ကျုပ်မသိပါဘူးဗျာ…ဒါပေမယ့် ကျုပ်တို့အတွက်ကောင်းဖို့ဆိုတာတော့ ကျုပ်သိတယ်”
“ကဲပါ ကိုဘမှီရယ်…ကျုပ်လုပ်ခိုင်းတာလေးတွေသာ သေချာလုပ်ပေးစမ်းပါ….”
“ဟုတ်ပါပြီဗျာ…….”
ဦးဘမှီတစ်ယောက် တူးဖော်ထားသော မြေသားအချို့အား အသင့်သွားယူထားသည့် ဂုန်နီအိတ်အတွင်းသို့ သိမ်းကျုံးထည့်လေသည်။
ဦးဘမှီမြေသားများ ကျုံးအပြီးမှာတော့ မလေးခင်က နံ့သာရည်ခွက်အားယူလာပေးလေသည်။
နံ့သာရည်ခွက်သည် ကပ္ပိယကြီးလက်ထဲသို့ရောက်လာချိန်မှာတော့ဖြင့် အစောပိုင်းက ဦးဘမှီ တူးဖော်ထားသော မြေသားနေရာလွတ်ပေါ်သို့ လှောင်းချလိုက်ကာ….
“ကဲ….အမှောင့်ပရောဂတွေ ဖယ်ကြ…ရှားကြ…ဖယ်ကြ …ရှားကြ…”
ဟု တသွင်သွင်ရွတ်ဆိုလိုက်လေသည်။
အားလုံးပြီးစီးလေတော့မြေသားများထည့်ထားသည့် ဂုန်နီအိတ်ထုပ်အား ကပ္ပိယကြီးက ယူဆောင်သွားလေတော့သည်။
***
နှစ်ရက်မျှကြာလေတော့ ဦးဘမှီ၏ အိမ်သို့ ဦးဆွေနှင့်အတူ လူစိမ်းတစ်ဦးရောက်လာခဲ့၏။
လူစိမ်းသည် သှောင်တစောင်းဖြင့် အသက်အားဖြင့် လေးဆယ်ကျော်သာသာ အသားရည်ခပ်လတ်လတ် မျက်ခုံးကောင်းကောင်း မေးရိုးကားကား အသွင်ရှိလေသည်။
ထိုသူနှစ်ယောက်လာရောက်ကြတော့….
“ဟော…ကိုဆွေနဲ့ဧည့်သည်ပါလာတာပါလား ။ဝင်ခဲ့ဗျာ….တင်မာရေ…အကြမ်းအိုးလေးဖြည့်လိုက်ဦး ဒီမှာကိုဆွေတို့လာတယ်ဟေ့….”
ဦးဆွေမျက်နှာကမကောင်းလှ။
လူစိမ်းသည်လည်း သက်ပြင်းခပ်သဲ့သဲ့ချနေ၏။
ဦးဘမှီ ဧည့်ခံသောနေရာ၌ ဝင်မထိုင်ကြဘဲ ဦးဘမှီ၏ရှေ့သို့ဝင်လာကြပြီး….
“ဟာ…ဘာလုပ်တာလဲ ကိုဆွေ……”
ရုတ်တရက် မည်သည့်စကားမျှမဆိုဘဲမြေပေါ်သို့ ဒူးတုပ်ချ ထိုင်လိုက်ကြသောဦးဆွေနှင့် လူစိမ်းကြောင့် ဦးဘမှီ အလန့်တကြားဖြစ်သွားရ၏။
ဒေါ်တင်မာနှင့် မလေးခင်တို့သားအမိနှစ်ယောက်ကတော့ ရပ်ကြည့်နေကြသည်။
“ကျုပ်….ကျုပ်တောင်းပန်ပါတယ် ကိုဘမှီရယ်….”
ဦးဆွေကငိုမဲ့မဲ့အသံကြီးဖြင့်ပြော၏။
လူစိမ်းသည်ကတော့မျက်နှာကြီးအောက်ချလျှက် ငြိမ်သက်နေခဲ့သည်။
ဦးဘမှီကတော့ အံ့သြခြင်းများဖြင့်….
“ဘာ….ဘာကိုတောင်းပန်တာလဲ ကိုဆွေ….”
ဦးဘမှီ၏အမေးအား ဦဆွေက ခေါင်းကို ငုံ့၍…
“ကျုပ်….ကျုပ် ကိုဘမှီအပေါ် မနာလိုစိတ်များခဲ့မိပါတယ်ဗျာ…အဲ့စိတ်ကြောင့် မလုပ်သင့်မလုပ်ထိုက်တဲ့ကိစ္စကိုလုပ်ခဲ့မိပါတယ်…”
“ဘယ်လို”
“ဟုတ်ပါတယ်…ကျုပ်လေ…
ဒီအောက်လမ်းဆရာဆီအကူအညီတောင်းပြီး ကိုဘဆွေရဲ့အိမ်ဝိုင်းထဲမှာ သင်္ချိုင်းမြေတွေ တိတ်တဆိတ်လာထည့်ထားခဲ့မိပါတယ်…
အဲ့အတွက်ကြောင့်ထင်ပါတယ်
အခုဆို ကျုပ်တို့အိမ်မှာလည်း ညဘက်ဆို အသံတွေဆူညံ့ခက်ပြီး ခွေးတွေအူလိုက် နွားတွေနှာမှုတ်လိုက်နဲ့ ဗရမ်းဗတာတွေဖြစ်နေရပါတယ်ဗျာ…”
“ဘယ်လို….သင်္ချိုင်းမြေ….ဟုတ်လား ကိုဆွေ….။ခင်ဗျားဗျာ….ကျုပ်ကမိတ်ဆွေလိုသဘောထားတာကိုလုပ်ရက်တယ်ဗျာ…..”
“ကျုပ်တောင်းပန်ပါတယ် ကိုဘမှီရယ်…..”
“ကျွန်တော်လည်းတောင်းပန်ပါတယ်ဗျာ….ကျွန်တော် ပညာတွေလည်းစွန့်လွှတ်ပါတော့မယ်….မဟုတ်ရင် ညတိုင်း ကျောကုန်းကြီးတစ်ခုလုံး မီးလောင်သွင်းခံရသလို အပူတွေ ခံစားနေရတာပါ….အဲ့အတွက် ကျွန်တော် ဝင်ချတောင်းပန်ပါတယ်….ခွင့်လွှတ်ပေးပါဗျာ…….”
လူစိမ်းက ဦးဘမှီအားကန်တော့တောင်းပန်လေသည်။
ဦးဘမှီ သက်ပြင်းချလိုက်၏။
“အင်း…..အဖြစ်အပျက်တွေကကြောက်စရာပါလား…။ဒီမှာကိုဆွေ ခင်ဗျားတို့ရဲ့မကောင်းမှုကခင်ဗျားတို့ဆီပြန်လာခဲ့တာပဲ….။ဒါပေမယ့် ကျုပ်ရန်ငြိုးမထားပါဘူးဗျာ….ခင်ဗျားတို့နှစ်ယောက်လုံး ကပ္ပိယကြီးဆီသွားလိုက်ပါ….သူ့ဆီမှာ ခင်ဗျားတို့လုပ်ရပ်အတွက်အဖြေရှိပါလိမ့်မယ်….”
ဟုပြောရင်းမျက်နှာအားတစ်ဖက်လှည့်ကာနေလိုက်တော့လေသည်။
ထိုအခါမှ ဦးဆွေနှင့်လူစိမ်းသည်လည်း ဦးဘမှီအိမ်မှပြန်သွားကြတော့၏။
###
နောက်တစ်ရက်မှာတော့
ကပ္ပိယကြီးထံသို့ ဦးဘမှီရောက်လာခဲ့၏။
“ကပ္ပိယကြီး…ကျုပ်အိမ်က သင်္ချိုင်းမြေကိစ္စကဘယ်လိုဖြစ်တာလဲဗျာ….”
“အေး…မနေ့က ဦးဆွေနဲ့အောက်လမ်းဆရာတို့ကို ကျုပ်ဆီလွှတ်လိုက်တယ်မလား…”
“လွှတ်လိုက်တယ်လေဗျာ….”
“အင်း…ကျုပ်လည်း သူတို့ခံစားနေရတာတွေပျောက်အောင်ဖယ်ရှားပေးလိုက်ပါတယ်…။အောက်လမ်းဆရာလည်းအခုဆိုရင် သူ့ပညာတွေစွန့်လွှတ်လိုက်ရှာပါပြီ ကိုဘမှီ”
လောကီပညာများတတ်မြောက်သော ကပ္ပိယကြီးအား ဦးဘမှီခေါင်းငြိမ့်ကာပြလိုက်ပြီး…
“ကောင်းပါတယ်…ကျုပ်လည်း သူတို့ကိုအငြိုးမထားချင်ပါဘူးဗျာ…..”
“ဒါပေါ့ဗျာ…ရန်ကိုရန်ချင်းတုံ့ပြန်နေရင် ရန်ကြွေးတွေကသံသရာအဆက်ဆက်ပါနေဦးမှာပဲလေ…
အဲ့တော့ခွင့်လွှတ်ခြင်းသာပေးလိုက်
နှစ်ဖက်အေးချမ်းပါတယ်….”
“မှန်တာပေါ့ ကပ္ပိယကြီး…..”
ဟုသာ ဦးဘမှီ ခေါင်းငြိမ့်လိုက်လေသည်။
(သင်္ချိုင်းမြေ….ခြံဝိုင်းထဲ၌ ထည့်ခြင်းသည် ပရလောကသားများအား ခြံဝိုင်းအတွင်းသို့ အလွယ်တကူဝင်ရောက်နိုင်၏။
ထို သင်္ချိုင်းမြေ….သာမက အောက်လမ်းဆရာ၏ ပညာများသည်လည်းပါဝင်ပါသေးသည်။)
(ကပ္ပိယကြီး၏ တန်ပြန် စီရင်မှုများကြောင့်သာ
ဦးဆွေနှင့် အောက်လမ်းဆရာတို့ မိမိတို့၏ မကောင်းမှုများပြန်လည်ခံစားလိုက်ကြရခြင်းပင်
ဖြစ်ပါသည်)
#ဖြစ်ရပ်မှန်အား ကိုးကားရေးဖွဲ့လိုက်၏။
ပြီးပါပြီ။
ယဉ်မင်း(ကန့်ဘလူ)
#လေးစားစွာCreditပေးပါတယ်