သင်္ဂြိုလ်ပေးရင်ကျွတ်မယ်

သင်္ဂြိုလ်ပေးရင်ကျွတ်မယ်(စ/ဆုံး)
—————————

ဆောင်းဥတုကာလ ..
မြူခြေတွေ ရစ်ဆိုင်းလို့ ခိုက်ခိုက်တုန်နေတဲ့အချိန် ..

တစ်ဖက်ရန်သူ့စခန်းကုန်းအား မေးတင်ပြီးသည်နှင့်
အမြောက်တပ်မှ ရန်သူ့စွမ်းအားနှိမ် ပစ်ခတ်ပေးနေသော ..
လက်နက်ကြီး ပစ်အားနဲ့ ဟန်ချက်အညီ
“တက်” ဆိုတဲ့….
ဒုတပ်ရင်းမှူး ၏ မာန်အပြည့်ဖြင့် အော်လိုက်သံကို
ကျွန်တော်တို့ ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ..
“ထိုး !!!!!!! ကျား !!!!!!! …….”
အံကို ကြိတ် ရင်ကို ဖွင့်လို့ ..
လက်ထဲက သေနတ်ကို တရစပ် ပစ်ခတ်ရင်း
ရန်သူ့စခန်းကုန်းထဲ ကျားတက်ထိုး သိမ်းပိုက်ခဲ့လိုက်တယ် ..

“အောင်ပြီ …. အောင်ပြီ … အောင်ပြီ …”

အောင်လံကို စိုက်လို့ ပြုံးပျော်နေတဲ့အချိန်
စခန်းကုန်းပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြန်တော့ ..
ရန်သူ့စခန်းတစ်ခုလုံး ရစရာ မရှိအောင် ..
ဖွာလန်ကြဲလို့ …
ရန်သူ့အလောင်းပေါင်းများစွာ ..
နေရာအနှံ့မှာ ပြန့်ကြဲလျက် ..
သြော် …
“စစ်” ဆိုတာ ဒါပါပဲ ..
သူ သတ်လို့ ကိုယ် မသေရင် ..
ကိုယ် သတ်လို့ သူ သေမယ့် ပွဲ ..
အကျိုးအမြတ်က အောင်လံ စိုက်နိုင်သူက ..
မသေခဲ့လို့ ပြုံးပျော်နိုင်ရုံသာ …

ရန်သူ့စခန်းကုန်း သိမ်းပိုက်ပြီးသည်မို့ ..
စစ်မြေပြင် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက် ..
သေနေတဲ့ ရန်သူ့အလောင်းတွေက ..
(၂၃)လောင်း တိတိ ..
(၂၂)လောင်းက ကိုယ်ခန္ဓာအပြည့်အစုံ ပါပေမယ့် ..
အလောင်းတစ်လောင်းကတော့ ..
ခါးအောက်ပိုင်းတစ်ပိုင်းပဲ ရှာတွေ့တော့တယ် ..
အပေါ်ပိုင်းကတော့ လက်နက်ကြီး တိုက်ရိုက်ထိမှန်လို့
တစ်စစီ လွင့်ထွက်သွားပြီ ထင်ပါရယ့် ..

ရန်သူ ဆိုပေမယ့်လည်း ..
မတတ်သာလို့သာ တိုက်ခိုက်နေရသူတွေ ဖြစ်တဲ့အလျောက် ..
စခန်းကုန်းနဲ့ ပေ(၂၀၀)အကွာ မြေပြန့်တဲ့နေရာလေးမှာပဲ ..
ရန်သူ့အလောင်းအားလုံးကို ..
ကောင်းမွန်စွာ မြေမြှုပ်သဂြုင်္ိဟ်ပေးလိုက်တယ်..

အထက်ဌာနရဲ့ ညွှန်ကြားချက်အရ ..
သိမ်းပိုက်ရရှိထားတဲ့ ရန်သူ့စခန်းကုန်းမှာ အခြေပြု ..
စခန်း ပြန်လည် တည်ဆောက်ခဲ့ရတယ် ..
အခြားတပ်ရင်းက စစ်ကြောင်းတစ်ကြောင်းပါ ..
လာရောက်ပူးပေါင်းလုပ်ဆောင်ပေးတာမို့ ..
(၂)ပတ်လောက်အကြာမှာပဲ ..
ခံစစ်စခန်းတစ်ခုအဖြစ် ရုပ်လုံးပေါ်လာခဲ့တယ် ..

“ဗိုလ်ကြီး .. တပ်ရင်းမှူး ခေါ်နေတယ် ..”
စစ်ကြောင်းမှ ဆရာတစ်ဦး လာသတင်းပို့လို့ ..
ကျွန်တော် တပ်ရင်းမှူး ရှိရာဆီ သွားလိုက်တယ် ..
အလေးပြုလိုက်ရင်း ..
“ရောက်ပါပြီ တပ်ရင်းမှူး …”
“သြော် .. အေး !!!
လာထိုင် ဇော်နိုင် …”
တပ်ရင်းမှူး ဘေးက ဝါးကြမ်းခင်းခုံတန်းရှည်မှာ ဝင်ထိုင်လိုက်တယ်..
“ဗျူဟာ က ညွှန်ကြားတယ် ..
ဒီကုန်းမှာ တပ်ခွဲတစ်ခွဲ အခြေပြုထားခဲ့ရမယ် ..
ဒုတပ်ရင်းမှူး ဦးစီး တစ်ကြောင်းတစ်ခွဲကတော့ ..
ဝန်းကျင်လှုပ်ရှားလိမ့်မယ် ..
အဲ့ဒါ မင်း ဦးစီးတဲ့ တပ်ခွဲ(၃)က ဒီကုန်းမှာ စခန်းထိုင်နေခဲ့ ..
ဂရုစိုက်ပါ ..
ရန်သူတွေ ပြန်လာတိုက်နိုင်တယ် ..”
“ဟုတ် .. တပ်ရင်းမှူး ..
ကျွန်တော် ဂရုစိုက်ပြီး ထိန်းသိမ်းပါ့မယ် ..”

နောက်တစ်နေ့ကျတော့ ..
တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူး ဦးစီးတဲ့ ..
စစ်ကြောင်းတပ်ခွဲတွေ ထွက်ခွာသွားကြပြီး …
စခန်းကုန်းမှာ ကျွန်တော် ဦးစီးတဲ့ တပ်ခွဲ(၃)နဲ့ ..
အခြားတပ်ခွဲတွေက ဖျားနာမကျန်းမာတဲ့ ..
စစ်သည်(၃)ဦးပဲ ကျန်နေခဲ့တယ် ..
အင်း ! အနားရတာပေါ့လေ လို့ တွေးလိုက်မိတယ် ..

နာနာဘာဝနှင့် တွေ့ဆုံခြင်း

ကျွန်တော် နေထိုင်ရာ တဲလေး အရှေ့မှာ ..
အစည်းအဝေးသဘောမျိုး လုပ်ဆောင်နိုင်ဖို့
Briefing Room ပုံစံ တဲလေးတစ်လုံး ကပ်ဆောက်ထားတယ် ..
ညတစ်ညမှာ အဲ့ဒီ့တဲလေးထဲမှာ ..
ပါလာတဲ့ ရေဒီယိုလေး နားထောင်ရင်း
ကျွန်တော့်တပ်ခွဲက ဆရာကြီး(၂)ယောက်နဲ့
စကားလက်ဆုံ ကျနေချိန် ..
ခန့်မှန်း ည(၈)နာရီကျော် ..
နှာခေါင်းထဲမှာ ထောင်းခနဲ ရလိုက်တဲ့ ..
အပုပ်နံ့ကြောင့် အော်ဂလီဆန် ပျို့တက်လာမှုကို ထိန်းရင်း ..
“အဲ့ဒါပဲ ဆရာကြီးတို့ရေ ..
ဒီကောင်တွေက ညဆိုရင် ဖောက်ပြီ ..
သူတို့အတွက် အမျှအတန်းပေးဝေလည်း မကျွတ် ..
ဘယ်လိုကောင်တွေမှန်း မသိဘူး ..”

စစ်ဆင်ရေး အတွေ့အကြုံအရ ..
ဒါမျိုးတွေက မထူးဆန်း ..
ကြုံလေ့ဆုံလေ့ ရှိနေကျ အဖြစ်အပျက်တွေ ..
အပုပ်နံ့က အကြာကြီး မဟုတ်ပါဘူး ..
ကျွန်တော့်အထင် ..
တိုက်ပွဲမှာ သေဆုံးသွားတဲ့ ..
ရန်သူ့အလောင်းတစ်ချို့ထဲက ..
မကျွတ်သေးတဲ့ နာနာဘာဝတစ်ချို့ ဖြတ်သွားဖြတ်လာလုပ်ရင်း
အနံ့အသက် ရတယ် ထင်တာပဲ ..
နာနာဘာဝ က ကိုယ့်ကို ဘာမှ လုပ်လို့မှ မရတာ ..အသက်ရှိနေတဲ့ ကိုယ့်လာပြန်တိုက်နိုင်တဲ့ ..
သေနတ်ကိုင်ထားတဲ့ ရန်သူကိုပဲ ..
ပိုဂရုစိုက်ရမှာလေ ..
မကြောက်တတ်ဘူးလို့တော့ မဟုတ် ..
ဒါပေမယ့် သိပ်ဂရုမစိုက်ဖြစ်တာပါ ..

ကျွန်တော်က ည(၁၀)နာရီဆို ကင်းတစ်ပတ် ပတ်စစ်တယ် ..
ပြီးရင် အိပ်ယာဝင်တယ် ..
နာရီ Alarm ပေးထားတယ် ..
သန်းခေါင်ချိန် (၁၂)နာရီခွဲမှာ တစ်ခါ ပြန်ထတယ် ..
ကင်းတွေ ပြန်ထပ်စစ်တယ် ..
ပြီးရင် ပြန်အိပ်တယ် ..
မနက်(၄)နာရီ ပြန်ထတယ် ..
မနက်ထိ ပြန်မအိပ်တော့ပဲ အသင့် Stand To ..
(တိုက်ပွဲဝင်ရန် အသင့် နေရာယူခြင်း)
နေ့ခင်းကျမှ အေးဆေး ပြန်အိပ်တယ် ..
ဒါ ကျွန်တော့် အကျင့် ..

နာရီ Alarm သံကြောင့် သန်းခေါင်ချိန်မှာ နိုးထလာခဲ့ပြီး
ညဘက် ကင်းသမားတွေ စနစ်တကျ
နိုးကြားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီးလို့ ..
ကျွန်တော့်တဲဆီ ပြန်လာခဲ့တယ် ..
ညအမှောင်ကြောင့် ဓါတ်မီးကို မြေကြီးပေါ် ခပ်စိုက်စိုက်ထိုးရင်း
တဲထဲ အဝင် ..
တဲထဲမှာ လူတစ်ယောက် ဖျတ်ခနဲ မြင်လိုက်ရတယ် ..
ယူနီဖောင်းဝတ်ထားတယ် ..
ရုပ်က ကျွန်တော့်တပ်ရင်းက လူပုံ မဟုတ် ..
ပြောမယ်ဆို လူစိမ်း ..
ပစ္စတိုသေနတ်ကို ကျည်ထိုးလိုက်ပြီး
တဲထိုးကို ဓါတ်မီးထိုးကြည့်လိုက်တယ် ..
ဝါးကြမ်းကုတင်အောက်မှာပါ နေရာမကျန် ကြည့်တယ် ..
ဘယ်သူ့မှ မတွေ့ ..
ချက်ချင်း ရိပ်မိလိုက်တယ် ..
တိုက်ပွဲမှာ သေသွားတဲ့ ကောင်ပဲ နေမှာ …
နည်းနည်းတော့ ကျောစိမ့်သွားကြောင်း ဝန်ခံပါတယ် ..

မေတ္တာပို့ ဘုရားစာရွတ်ရင်း ပြန်အိပ်ပျော်သွားတာ
ဘာမှ မကြာသေး ..
နှာခေါင်းထဲ တိုးဝင်လာတဲ့ အပုပ်နံ့ ..
“ဟင်း ! နံလိုက်တာ ..”
ကျွန်တော် ပြန်နိုးလာတယ် ..
ခြင်ထောင်အပြင်ကို ခေါင်းထွက်ကြည့်လိုက်တယ် ..
“ဟာ ! ကျွန်တော့်တဲ အပြင်အစပ်မှာ လူရိပ်တစ်ခု ..
ပစ္စတိုသေနတ်ကို ခေါင်းအုံးဘေးက လှမ်းယူထိုးချိန်လိုက်တယ် ..
ကျွန်တော့်ကို စကားပြောတယ် ..
ဗမာစကား မဟုတ်ဘူး ..
နားမလည်ဘူး ..
တိုင်းရင်းသားဘာသာစကားပဲ ဖြစ်မယ် ..
ကျွန်တော်လည်း သေနတ်နဲ့ ချိန်ထားရင်း
“ဟေ့ကောင် ! မင်း ပြောတာ ငါ နားမလည်ဘူး ..
သေပြီးရင် အေးဆေးနေ ..
ထပ်သေချင်လို့လား?”
ကျွန်တော့်စကား နားလည်လား?
နားမလည်ဘူးလား? မသိ ..”
အဲ့ဒီ့ကောင်က ထပ်ပြောတယ် ..
ဘာတွေ ပြောမှန်းမသိ ..
ပြောပြီး လှည့်ထွက်သွားလို့ ..
ကျွန်တော်လည်း ခြင်ထောင်အပြင်ထွက် ..
သေနတ်တစ်ဖက် ဓါတ်မီးတစ်ဖက်နဲ့ ..
တဲအပြင် ထွက်ကြည့်ပေမယ့် မတွေ့တော့ဘူး ..
ဘယ်ရောက်သွားပြီလဲဟ ..
ခပ်လှမ်းလှမ်းတဲအရှေ့မှာ လူရိပ်တွေ့လို့
ဓါတ်မီး လှမ်းထိုးလိုက်တယ် ..
“ကျွန်တော်တို့ပါ ဗိုလ်ကြီး …”
ဆရာကြီး ထွန်းမောင် ရဲ့ အသံ ..
ကျွန်တော့်ဆီ ရောက်လာကြလို့ ..
နာနာဘာဝတစ်ကောင် လာနှောင့်ယှက်ကြောင်း
ပြောပြလိုက်တယ်..
“ကျွန်တော်တို့လည်း ခံလိုက်ရလို့ ခုနကတင် နိုးလာတာ ..
အဲ့ဒါဆို ကျွန်တော်တို့ဆီ အရင်လာခြောက်ပြီးမှ
ဗိုလ်ကြီးဆီ ထပ်လာခြောက်တာနေမှာ ..”
“ဟုတ်လားဗျ ..
ဒီကောင် ဘာတွေ ပြောလဲ မသိဘူး ..
ကျွန်တော်လည်း သူ့စကား နားမလည်ဘူး ..”
“ကျွန်တော်တို့ကိုလည်း ပြောတယ် ဗိုလ်ကြီး ..
ဘာပြောမှန်းကို နားမလည်တာ ..
ဗမာစကား မတတ်ဘူးနဲ့ တူတယ် ..”
ပြန်အိပ်လို့လည်း အဆင်မပြေမယ့် အတူတူ ..
ဆရာကြီး ထွန်းမောင်တို့နဲ့ ..
Breafing Room တဲထဲမှာ စကားထိုင်ပြောနေလိုက်တာ ..
မနက်မိုးလင်းတဲ့အထိပဲ ဆိုပါတော့ဗျာ ..

နောက်တစ်နေ့ မနက်ပိုင်း ..
ခံစစ်ပြင်ဆင်ခြင်းလုပ်ငန်းတွေ လုပ်ဆောင်ရင်း ..
ညအချိန် ရောက်လာပြန်ရော ..
စိတ်ထဲက တွေးကြည့်လိုက်သေးတယ် ..
ဒီည ဟိုကောင် ထပ်လာဦးမှာလား? မသိ ..

မနက်(၄)နာရီ တပ်ခွဲတစ်ခွဲလုံး Stand To လုပ်ချိန် ..
စခန်းပတ်လည် လိုက်လံ စစ်ဆေးပြီး ..
တဲဘက်ကို ပြန်လာတော့ ..
Breafing Room တဲထဲမှာ လူတစ်ယောက် ..
ကျွန်တော့်ဘေးမှာ ..
ဆရာကြီး ရွှေကို ပါလာတယ် ..
ဓါတ်မီး လှမ်းထိုးလိုက်တယ် ..
“ဟာ ! ဟိုသရဲ ဆရာကြီး ..”
ပြောလည်း ပြော နှစ်ယောက်လုံး သေနတ်နဲ့ ထိုးချိန်လိုက်တယ် ..
ကျွန်တော့်ထဲထဲ ပြေးဝင်သွားတယ် ..
ဝင်ကြည့်တော့ မတွေ့ ..
ဒီကောင်တစ်ကောင်နဲ့တော့ ခက်ပြီ ..

နေ့လည် ထမင်းစားပြီးလို့
Breafing Room တဲထဲ ထိုင်နေတုန်း
ဆရာကြီး ရွှေကို၊ ထွန်းမောင် တို့ (၃)ယောက် ရောက်လာတယ် ..
“လာ ထိုင် ဆရာကြီးတို့ …”
“ဗိုလ်ကြီး ကို တစ်ခုသတင်းပို့မလို့ ..”
“ပို့လေ .. ဘာလဲ?”
အခု ညဘက်တွေမှာ ခြောက်လှန့်နေတဲ့ ..
နာနာဘာဝက ဗိုလ်ကြီးတဲနားမှာ မြင်ရတာ များတယ် ..
ကျွန်တော်တို့လည်း ခုနကပဲ အဲ့ဒီ့အကြောင်း ဆွေးနွေးနေတာ ..
ကျွန်တော်တို့ အထင် ဗိုလ်ကြီးရဲ့
အခု တဲနေရာမှာများ ဒီကောင် စွဲပြီး မကျွတ်တာလား? လို့ပါ”
“အင်းဗျ .. အဲ့ဒါတော့ မပြောတတ်ဘူး ..
ဖြစ်နိုင်တာပဲလေ …”
“အဲ့ဒါကြောင့် ကျွန်တော်တို့ စဉ်းစားထားတာက ..
ဒီတဲကို အလွတ်ထားလိုက်ပြီး
ဗိုလ်ကြီးလည်း နေရထိုင်ရတာ အဆင်ပြေအောင်
နောက်တဲအသစ်တစ်လုံး ထပ်ဆောက်လိုက်မလား? လို့ ..”
“အဲ့ဒါလည်း ကောင်းတာပဲလေ ..
စိတ်သန့်သွားတာပေါ့ဗျာ ..
နို့မဟုတ်ရင် အဲ့ဒီ့ကောင် လာလာခြောက်နေတာနဲ့
ညအိပ်ရမှာတောင် လူက လန့်ချင်နေပြီ ..
ဘယ်အချိန် ကိုယ့်ခြင်ထောင်ထဲ
အတူ လာအိပ်နေမလဲ လို့ ..
ဟား … ဟား ….”

ဒီတစ်ညတော့ ဒီတဲမှာပဲ အိပ်လိုက်မယ် ..
နောက်နေ့မနက်ကျမှ တဲကို ဖျက် ..
အခြားတစ်နေရာ ရွှေ့ပြောင်းဆောက်ဖို့ စီစဉ်လိုက်တယ် ..
Breafing Room တဲကိုတော့ ဒီအတိုင်း ထားခဲ့လိုက်မယ်ပေါ့ ..

ညသန်းခေါင်ချိန် ကင်းတွေ ထစစ်ပြီး ပြန်အိပ် ..
ခန့်မှန်း မနက်(၃)နာရီလောက် ..
ဗြုန်း !!! ဆို ..
ကျွန်တော် ခြုံထားတဲ့ စောင်ကို ဆွဲချလိုက်လို့
ကျွန်တော် လန့်ဖျပ်ပြီး နိုးသွားတယ် ..
လုံခြုံရေးသတိအရ ပစ္စတိုသေနတ်ကို ကိုင် ..
ခြင်ထောင်အပြင်ကို အမြန် ထွက်လိုက်တယ် ..
ကျွန်တော့်ဆီ လာလာခြောက်နေတဲ့ နာနာဘာဝနဲ့
ကျွန်တော် (၇)ပေကွာကွာလောက်ပဲ ရှိမယ် ..
တကယ့်ကို ကပ်လျက် ..
မျက်နှာချင်းဆိုင် အနေအထား ..

“@#$%_+^&! ” … ဆဲဆိုလိုက်ရင်း ..
သေနတ်နဲ့ ပစ်ထုတ်လိုက်တယ် ..
အနောက်ကို ဆုတ်သွားတယ် ..
ကပ်ပစ်တာပဲဗျာ ထိတာပေါ့ ..
ဒါပေမယ့် ထိတဲ့ပုံ ဒဏ်ရာရတဲ့ပုံလည်း မပေါ်ဘူး ..
ကျွန်တော် နားမလည်တဲ့ ..
တိုင်းရင်းသားစကား(အထင်)နဲ့ ပြောပြန်တယ် ..
“ဟေ့ကောင် ! မင်းပြောတာ ငါ နားမလည်ဘူး ..
အေးဆေးနေနော် ..”
အဲ့ဒီ့ကောင်က လက်ညှိုးလှမ်းထိုးတယ် ..
စကားတွေ ထပ်ပြောတယ် ..
သူ လက်ညှိုးထိုးလို့ သူပြတဲ့နေရာ ကြည့်လိုက်တော့
ကျွန်တော့် ဝါးကြမ်းကုတင် ခြေရင်းဘက် ..
ဘာမှ မရှိ ခဲယမ်းပုံးပဲ ရှိတယ် ..
ပြန်လှည့်ကြည့်တော့ အဲ့ဒီ့ကောင်ကို မတွေ့တော့ဘူးဗျ ..
ပြန်ပျောက်သွားပြီ ..
ကျွန်တော် ပစ်လိုက်တဲ့ သေနတ်သံကြောင့်
တပ်ခွဲက လူတစ်ချို့ ကျွန်တော့်တဲကို ရောက်လာကြတာမို့
ကျွန်တော်လည်း ကြုံခဲ့ရတာ ပြန်ပြောပြတာပေါ့ ..

မနက် Breafing Room တဲထဲမှာ ..
ကျွန်တော်တို့ တပ်ခွဲက ရာထူးအကြီးပိုင်းတွေ စုလိုက်တယ် ..
“ကျွန်တော့် ကုတင်ခြေရင်းဘက်ကို ..
ဒီကောင်က လက်ညှိုးထိုးပြီး ပြောနေတာဗျ …
ဘာကို ဆိုလိုမှန်းတော့ မသိဘူး ..”
“ဒီကောင် ဘလိုင်းကြီးတော့ ..
ဗိုလ်ကြီးကို မပြလောက်ဘူးဗျ ..
အဲ့ဒီ့နေရာကို သေချာရှာကြည့်ရအောင် ဗိုလ်ကြီး” ..

နာနာဘာဝ ပြခဲ့တဲ့ နေရာကို သေချာကြည့်တော့လည်း
ဘာဆို ဘာမှ မတွေ့ …
မြေကြီး သက်သက်ဘဲလေ ..

တပ်ကြပ် ဇင်အောင် က ..
“ဗိုလ်ကြီး .. ဒီတဲကို ကျွန်တော် ဆောက်ခဲ့တာဗျ ..
ဒီတဲ ဆောက်တုန်းက မြေကြီးက
လက်နက်ကြီးကျည်တွေ ကျထားလို့ ချိုင့်ဖြစ်နေတာနဲ့
ကျွန်တော် ဆက်သွယ်ရေးမြောင်းတူးလို့ ထွက်လာတဲ့
မြေကြီးတွေနဲ့ မြေပြန်ဖို့ မြေပြန်ညှိပြီး တဲဆောက်လိုက်တာ ..”

“ဟေ !!!
အဲ့ဒါဆို မြေကြီးအောက်မှာ တစ်ခုခု ရှိမယ် ထင်တယ် ..
တူးစမ်းကွာ …”

တဲအနောက်ဘက်ခြမ်းကို ဖျက်လိုက်ပြီး
စစ်သည်တွေ မြေတူးလိုက်ကြတယ် ..
သိပ်မကြာလိုက်ပါဘူး ..
ထွက်လာတဲ့ အပုပ်နံ့လှိုင်လှိုင်နဲ့အတူ ..
မြင်လိုက်ရတာက ..
ပုပ်ပွပျက်စီးနေတဲ့ ..
ခန္ဓာကိုယ်အပေါ်ပိုင်းသာ ပါတဲ့
ရန်သူ့အလောင်းတစ်လောင်းနဲ့ သေနတ်အရှည်တစ်လက် ..
“သေစမ်းကွာ ..
ငါ့နှယ့် အလောင်းပေါ်မှာ လာအိပ်မိနေတာကိုး ..
ဖြစ်မှ ဖြစ်ရလေကွာ ..
ဟား … ဟား …
တွေ့ပြီ သရဲရေ ..
မင်းရဲ့ လက်ကျန် ခန္ဓာကိုယ်ကို တွေ့ပြီဟ …
ငါတို့ မြေမြှုပ်သဂြုင်္ိဟ်ပေးမယ် ဟုတ်ပြီလား?”
ကြား မကြားတော့ မသိ ..
ကြားအောင်တော့ အော်ပြောလိုက်တာပဲ ..

အဲ့ဒီ့နောက်တော့ ထပ်မံတူးဖော်တွေ့ရှိတဲ့
ရန်သူ့အလောင်းအပေါ်ပိုင်းကို ..
ယခင် အလောင်း မြှုပ်ခဲ့ပေးတဲ့ မြေပုံတွေထဲက ..
သူ့ရဲ့ ခန္ဓာကိုယ်အောက်ပိုင်း မြှုပ်ခဲ့တဲ့နေရာကို
မြှုပ်ခဲ့တဲ့ စစ်သည်တွေကို ပြန်မေးမြန်းပြီး
ပြန်တူး ထပ်မြှုပ်သဂြုင်္ိဟ်ပေး …
အဲ့ဒီ့နေ့ကတော့ ထမင်းတောင် စားမဝင်တော့ဘူး ..
စဉ်းစားမိတိုင်း ပျို့တက်လာလို့ဗျာ ..

တပ်ခွဲမှာ ခရစ်ယာန်ဘာသာဝင်(၂)ယောက်ပါတယ်ဗျ ..
Senior ကျတဲ့ တပ်ကြပ် ရွှီလင်း(ချင်းလူမျိုး)ကို
“ခင်ဗျားတို့ ဘာသာနဲ့ ဆုတောင်းပေးလိုက်ပါဗျာ ..”
ဆရာရွှီးလင်း လည်း ခရစ်ယာန်ဘာသာနဲ့ ဆုတောင်းပေးသလို
ကျွန်တော်လည်း တိုက်ပွဲမှာ သေဆုံးသွားတဲ့
တစ်ဖက်ရန်သူများအားလုံး ..
ခင်ဗျားတို့ရဲ့ သက်ဆိုင်ရာ ဘုရားသခင်ရဲ့
ကူညီစောင့်ရှောက်မှုကို ရရှိပါစေ ..
နောက်ဘဝတွေကျရင် ရန်သူအဖြစ်နဲ့ ပြန်မဆုံစည်းရပါစေနဲ့ ..
ကောင်းရာဘုံဘဝ ရောက်ရှိကြပါစေလို့ ..
ဆုတောင်းပေးခဲ့လိုက်ပါတယ် ..

မြေမြှုပ်သဂြုင်္ိဟ်ပေးပြီးနောက်ပိုင်းတော့
မည်သည့်အနှောင့်အယှက်မှ မကြုံရတော့ပါဘူး..
အဲ့ဒါဆို အဲ့ဒီ့ နာနာဘာဝ
ကျွန်တော်တို့ကို နားမလည်တဲ့ ဘာသာစကားနဲ့
လာပြောနေတဲ့ အကြောင်းအရာက..
သူ့ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း လက်ကျန်ကို..
သဂြုင်္ိဟ်ပေးဖို့လား? မသိဘူးနော့….။

ကျွန်တော်နေတဲ့ တဲ လား?
မဖျက်ဖြစ် မရွှေ့ဖြစ်တော့ပါဘူး ..
သူပြန်လိုချင်တဲ့ သူ့ခန္ဓာကိုယ် အပိုင်းအစ ..
သူ့ကို ပြန်ပေးလိုက်ပြီလေ ..
ကျွန်တော့်အတွက်လည်း သေနတ်တစ်လက်
လက်ဆောင် ပြန်ပေးသွားသေးတယ် ..
ကြေပြီလေဗျာ ……
ဟုတ်တယ်မလား?

Thanks for audience.

#LuGyiThar_34
2017 Jan 081445