အောင်မြတ်သာနှင့်သစ်စုန်းအတိုက်
++++++++++++++++++++++++++
လမိုက်ညဖြစ်တဲ့အတွက် တောဇလပ်ရွာလေးတစ်ခုလုံးအမှောင်ချထားသလိုဖြစ်နေတဲ့အချိန် ရွာအလယ်ကင်းတဲလေးမှာတော့ ဖယောင်းတိုင်မီးအလင်းရောင်မှိန်ပြပြလေးကိုမြင်လိုက်ရတယ်။
ဝါဆိုဖယောင်းတိုင်ရဲ့အလင်းရောင်ကြောင့် ကင်းတဲတစ်ခုလုံးကောင်းမွန်စွာမြင်နေသလို ကင်းတဲအတွင်းမှာတော့ တောအရက်သုံးလုံး၊ ပဲခြမ်းသုပ်ပန်းကန်နဲ့ ဇရပ်မင်းစည်းစိမ်ခံနေကြတဲ့သူတွေလဲရှိနေခဲ့တယ်။
“အေ့ ငထွန်း အမြည်းကုန်တော့မယ် မင်းအိမ်မှာဘာကျန်သေးလဲ”
” အရက်ကကျန်သေးတယ် အမြည်းကကုန်တော့မယ် မင်းတို့ဟာက အရက်သမားမပီသလိုက်တာ”
” ခွေးမသား စောက်စကားကရှည်နေတယ် အမြည်းရှိရင်သွားယူပေးဦး ”
” အိမ်မှာတော့ မနက်ကကျန်တဲ့ ခရမ်းချဉ်သီးငါးပ်ချက်ပဲရှိတယ် မင်းတို့စားမလား”
” အကုန်ယူခဲ့ကွာ ငါတို့က ရေဆိုသငေ်္ဘာ ကုန်းဆို ကုတင်ပဲရှောင်ဝာာ ဟဲဟဲ”
” အဲဒါဆိုခဏစောင့် မင်းတစ်ယောက်ထဲဖြစ်ပါ့မလား”
“သာဂေါင်ပါကွ ဘာလို့မဖြစ်ရမှာလဲ သွားစရာရှိသွားကွာ”
ငထွန်းလဲ ကင်းတဲပေါ်ကနေယိုင်တိယိုင်တိုင်ဆင်းပြီး အိမ်ဘက်ကိုထွက်သွားလိုက်တယ်။
ငထွန်းထွက်သွားပြီးနောက်ပိုင်း သာဂေါင်တစ်ယောက် လက်ကျန်အရက်လေးကို မျှင်းပြီးသောက်နေတုန်း
” ဂျွတ် ဂျွတ် ဂျွတ်” ဆိုတဲ့အသံကြောင့် ကင်းတဲပတ်လည်ကို ခေါင်းလည်ပြီးကြည့်လိုက်တယ်။
” ဘယ်ကောင်လဲကွ အေ့ ငါ့ကိုခြောက်လို့ကြောက်မယ်များထင်နေလား သာဂေါင်က သွေးမကြောင်ဘူး အေ့”
မူးမူးနဲ့အော်ပြောလိုက်ပြီး အရက်ခွက်ကိုတစ်ကျိုက်ထဲမော့ချလိုက်တယ်။ အရက်အရှိန်ကြောင့် သာဂေါင်ခေါင်းတွေချာချာလည်အောင်မူးနေတဲ့အချိန် ကင်းတဲဘေးကနေ ရှည်မျောမျောအရာတစ်ခုက သာဂေါင်လည်ပင်းဆီကိုဝင်လာခဲ့တယ်။
++++++++
” နေညိုချိန် တိမ်တောက်တဲ့အခါ အေ့ ရွာလမ်းနံဘေးမှာ စာဥတို့သူငယ်ချင်း…. ဟမ် ဟိုကောင် သာဂေါင်မူးပြီးမှောက်နေပါလား ငါယူလာတဲ့ ခရမ်းချဉ်သီးငပိချက်တောင် မစားနိုင်တော့ဘူး ဒီကောင်အရက်သမားမပီသလိုက်တာ ”
ငထွန်းကပြောရင်းဆိုရင်း ကင်းတဲအပေါ်ကိုတက်လာလိုက်ပြီး သာဂေါင်ဘေးမှာ ဝင်ထိုင်လိုက်တယ်။
” ဟေ့ကောင်သာဂေါင် ထလေကွာ အမြည်းပါလာပြီ အေ့ မင်းမထရင် ငါသောက်လိုက်ရမလား”
ငထွန်းကပြောပြောဆိုဆို သာဂေါင်ကိုယ်လုံးကိုဘေးကိုတွန်းလိုက်တဲ့အချိန်
” သာဂေါင်သေးပေါက်ချထားတာလား ကြမ်းပြင်မှာရေတွေရွှဲနေတာပဲ ထွီ အယုတ်တမာကောင် ကင်းတဲပေါ်မှာသေးပေါက်ချရတယ်လို့ မနက်ကျမှ ကာလသားခေါင်းနဲ့တိုင်ပြောဦးမယ်”
ငထွန်းကဗျစ်တောက်ဗျစ်တောက်ပြောရင်း လက်မှာပေနေတဲ့အရည်တွေကို ပုဆိုးနဲ့သုတ်ဖို့ ပြင်လိုက်တဲ့အချိန်
” ဟင် ငါ့လက်မှာ နီနီအရည်တွေပေနေတာပဲ ဘာတွေလဲဟ”ဆိုပြီး ဖယောင်းတိုင်မီးနဲ့ကြည့်လိုက်တော့
” အမလေး သွေးတွေ သွေးတွေ သာဂေါင် လည်ပင်းမှာသွေးတွေထွက်နေတယ်”ဆိုပြီးအော်ပြေးပါလေရော။
မနက်မိုးလင်းတော့ သာဂေါင်ဆုံးပီဆိုတဲ့သတင်းကြောင့် မြို့ကရဲတွေရော ရွာသားတွေပါ ကင်းတဲကိုရောက်လာကြတယ်။
” ဟေ့ဟေ့ မဆိုင်သူမကပ်နဲ့ ရွာသားတွေကင်းတဲနဲ့ဝေးဝေးမှာနေကြ”
ရဲအရာရှိရဲ့အော်သံကြောင့် ရွာသားတွေ အနောက်ကိုရှဲသွားကြတယ်။
” သူကြီး ညကဘယ်လိုဖြစ်ကြတာလဲ”
” အရာရှိမင်းရယ် ညက ငထွန်းနဲ့သာဂေါင် ကင်းအလှည့်ကျတာ ညနှစ်ချက်တီးလောက်မှာ ငထွန်ူအော်သံကြောင့် ကျုပ်လဲနိုးလာပြီး လာကြည့်တော့ သာဂေါင်ကသေနေပြီ ”
” ဒါဆို ငထွန်းဆိုတဲ့သူကိုခေါ်လာခဲ့”
သူကြီးက အနောက်မှာရပ်နေတဲ့ ငထွန်းကိုခေါ်လိုက်ပြီး
” ငထွန်း ညကဖြစ်ခဲ့တာအရာရှိမင်းကိုပြောပြလိုက်”
သူကြီးရဲ့စကားကြောင့် ငထွန်းအရှေ့ကိုထွက်လာပြီး
” ညက အမြည်းကုန်သွားလို့ အိမ်မှာအမြည်းသွားယူတာ ပြန်လာတော့ သာဂေါင်လဲကျပြီးသေနေတာတွေ့တာပဲ သူ့လည်ပင်းမှာ အကောင်တစ်ကောင်ကိုက်ထားသလို အပေါက်နှစ်ပေါက်တွေ့တယ် ”
“မင်းသူ့ကိုသတ်လိုက်တာရောမဖြစ်နိုင်ဘူးလား”
” ဆရာရယ် ကျွန်တော်သူငယ်ချင်းကို ဘယ်လိုပြန်သတ်ရက်ပါ့မလဲ ကျွန်တော်တကယ်မသတ်ပါဘူးဗျာ”
ရဲအရာရှိက ငထွန်းကိုသေချာစိုက်ကြည့်ပြီး
” ဒီကောင်ကိုစခန်းခေါ်ခဲ့ကြ သေချာစစ်မေးရဦးမယ်”
ရဲအရာရှိစကားကြောင့် အနောက်မှာရပ်နေတဲ့ ရဲဘော်က ငထွန်းလက်ကို လက်ထိပ်ခတ်ပြီး ခေါ်သွားခဲ့တယ်။
သုံးလေးရက်လောက်ကြာတော့ ငထွန်းသတ်တာမဟုတ်ဘူးဆိုပြီး ပြန်လွှတ်ပေးလိုက်တယ်။ ငထွန်းရွာပြန်ရောက်တဲ့အချိန်ကစပြီး စိတ်ကမူမမှန်တော့ပဲ ပါးစပ်ထဲထွက်ရာလျောက်ပြောပါလေရော။
ငထွန်းကိုလာပို့တဲ့ ရဲဘော်လေးပြောတာကတော့
” သူကြီး ဒီလူက စခန်းရောက်တဲ့ညမှာ ရူးသလိုလိုဖြစ်ပြီး ပါးစပ်ကလဲ ကယောင်ကတမ်းတွေပြောနေတာ သူ့သူငယ်ချင်းအခုလိုဖြစ်တာမြင်ပြီး စိတ်ဖောက်သွားတယ်ထင်ပါတယ်”
ငထွန်းအခြေအနေကတစ်နေ့တစ်ခြားပိုဆိုးလာပြီး ရွာထဲကလူတွေကိုလဲ မသိတော့ဘူး ညဘက်တွေဆိုရင် အိမ်ခန်းထဲမှာ စောင်ခြုံပြီးပုန်းနေတတ်တယ်။
ဒီလိုနဲ့လပြည့်နေ့ရောက်တော့ ငထွန်းတစ်ယောက် ညနေထဲက အိမ်တံခါးတွေလိုက်ပိတ်နေတာမြင်တော့ မိန်းမဖြစ်သူက
” ငထွန်း နင်ဘာလို့တံခါးတွေလိုက်ပိတ်နေတာတုန်း အစောကြီးရှိသေးဝာာကို”
” နင်ဘာသိလို့လဲ ဒီည မကောင်းဆိုးဝါးလာလိမ့်မယ် အဲဒါကြောင့် တံခါးတွေလိုက်ပိတ်နေတာ ”
” နင်ကတော့လေ ပေါက်ကရတွေပြောတော့မယ် ဖယ်စမ်းပါဟာ”
” မိစိန် ငါပြောတာမယုံရင်စောင့်ကြည့် ဒီညရွာထဲကလူတစ်ယောက်သေလိမ့်မယ် သာဂေါင်သေတာ မကောင်းဆိုးဝါးကိုက်လို့သေတာ မကောင်းဆိုးဝါးက သူ့ကိုယ်ထဲကသွေးတွေကို စုပ်သွားတာ ”
” ငထွန်း နင်ကဆေးမနိုင်တော့ဘူး နင်ရူးနေပီ ကိုယ့်အိပ်ယာပေါ်ကိုယ်သွားအိပ်စမ်းပါ”
မိစိန်က ပြောပြောဆိုဆိုနဲ့ အိမ်တံခါးတွေကို ပြန်ဖွင့်လိုက်ပြီး ရေချိုးဖို့အိမ်အောက်ဆင်းသွားလိုက်တယ်။
ညဘက်ရောက်တော့ ငထွန်းတစ်ယောက်ဂနာမငြိမ်ဖြစ်လာတယ်။
” မိစိန် မကောင်ဆိုးဝါးလာတော့မယ် ငါ့ကိုလာသတ်တော့မယ် ငါ့ကိုဖွက်ထားပေးပါ ငါကြောက်တယ်”
” ငထွန်း စိတ်ကိုငြိမ်ငြိမ်ထားလေ ဘယ်ကမကောင်းဆိုးဝါးလဲ ဘာမှမရှိပါဘူး ”
“မဟုတ်ဘူး သူတို့လာတော့မှာ ငါကြားနေတယ် သူ့လက်တွေ လှုပ်နေပြီ ဟော ကြားလား ခုန်ဆွခုန်ဆွနဲ့လာနေတာ”
” မိစိန်တစ်ယောက် မျက်စိမျက်နှာပျက်ဖြစ်နေတဲ့ ငထွန်းကိုကြည့်ကြီး သွေးပျက်လာခဲ့တယ်”
” အရီးမြ ဘထွေး လာကြပါဦး ငထွန်း ထိန်းမရတော့ဘူး လာကြပါဦး”
မိစိန်ရဲ့အော်သံကြောင့် အိမ်အနားမှာနေတဲ့ အရီးမြတို့လင်မယားအပြေးရောက်လာကြတယ်။
” မိစိန်ဘာဖြစ်တာလဲ”
” ဟိုမှာ ငထွန်းကိုလဲကြည့်ပါဦး သမီးကြောက်လာပြီ”
ဘထွေးက အခန်းထောင့်မှာ မျက်လုံးကြီးပြူးပြီး ကြောက်လန့်နေတဲ့ ငထွန်းကိုမြင်တော့
” မယ်မြ အိမ်ကဘုရားကျောင်းဆောင်မှာ ပရိတ်ရေရှိတယ် သွားယူလာခဲ့”
ဘထွေးစကားကြောင့် အရီးမြ အိမ်ပေါ်ကပြေးဆင်းသွားပြီး ပရိတ်ရေပုလင်းကိုယူလာခဲ့လိုက်တယ်။
” ကိုထွေး ဒီမှာပရိတ်ရေ”
ဘထွေးလဲ ပရိတ်ရေပုလင်းကိုယူပြီး ငထွန်းမျက်နှာပေါ်ကိုပက်လိုက်တယ်။
” ဟင်း ဟင်း သာဂေါင်ရှိနေတယ် ကျုပ်အနားမှာ သာဂေါင်ရှိနေတယ် သူမသေသေးဘူး လည်ပင်းကနေ သွေးတွေယိုကျနေတယ် လုပ်ပါဦး ကျုပ်ကို ခေါ်နေတယ် သွား သွား မလာနဲ့ သွား”
ငထွန်းအော်သံကြောင့် ဘထွေးက ပရိတ်ရေကို ငထွန်းခေါင်းပေါ်လောင်းချလိုက်တယ်။
” ကျုပ်ကိုယ်ပေါ်ကို ဘာတွေလောင်းချနေတာလဲ သာဂေါင်ရှိနေသေးတယ် သာဂေါင်က ကျုပ်အနောက်ကနေ ရဲစခန်းထိလိုက်လာတာ သူကပြောတယ် မကောင်းဆိုးဝါးရွာမှာရှိတယ်တဲ့ ရွာကလူတွေအကုန်လုံးကိုသတ်မယ်ပြောတယ် ကျုပ်ကိုလဲသတ်မလို့တဲ့ ကံကောင်းလို့လွတ်သွားတာတဲ့ လာနေပြီ သူလာနေပြီ ကျုပ်သာဂေါင်နောက်လိုက်သွားတော့မယ် ကျုပ်ကိုခေါ်နေပြီ” လို့အော်ပြီး ရုတ်တရက်အိမ်ပေါ်ကနေ ထွက်ပြေးပါလေရော။
” လိုက်ကြပါဟ ငထွန်းထွက်ပြေးသွားလို့ ”
မိစိန်ရဲ့အော်သံကြောင့် အိမ်နားနီးချင်းတွေ ထလိုက်ပေမယ့် ငထွန်းကိုမမှီလိုက်ဘူး။ တစ်ညလုံးလိုက်ရှာပေမယ့် ငထွန်းကိုအစအနတောင်မတွေ့ရတော့ဘူး။
ဘထွေးလဲ အိမ်ပြန်ရောက်လို့ဘုရားကျောင်းဆောင်ပေါ်ကြည့်လိုက်တော့
မနက်မိုးလင်းတော့ ရွာအနောက်ကတောထဲမှာ ရုပ်ပျက်ဆင်းပျက်သေနေတဲ့ ငထွန်းအလောင်းကို ထင်းခုတ်သွားတဲ့လူတွေ တွေ့သွားတယ်။
အလောင်းရဲ့လည်ပင်းမှာတော့ သာဂေါင်သေသလို အပေါက်နှစ်ခုကိုတွေ့လိုက်ရတော့ ရွာသားတွေလဲ အတော်ထိတ်လန့်သွားကြတယ်။
ငထွန်းကရွာပြင်မှာသေတဲ့အလောင်းမို့လို့ ရွာထဲကိုမယူပဲ ရွာအပြင်မှာ တဲထိုးပြီးထားထားတဲ့အချိန်
” နောင်ကြီးတို့ ကျုပ်တို့ကိုရေတစ်ခွက်လောက်တိုက်လို့ရမလား”
ယောဂီအင်္ကျီအပေါ်အောက်ဝတ်ထားတဲ့ လူငယ်တစ်ယောက်ရဲ့စကားကြောင့် အခေါင်းပြင်နေကြတဲ့ ရွာသားတွေထဲက ကာလသားခေါင်းမင်းဆွေက ဘေးမှာချထားတဲ့ရေဘူးကိုကမ်းပေးလိုက်တယ်။
လူငယ်သုံးယောက်က ရေဘူးကိုတစ်ကျိုက်စီသောက်လိုက်ပြီး
” နောင်ကြီးတို့ငါးယောက်ထဲမှာ သုံးယောက်ကအခေါင်းရိုက်နေပြီး ကျန်တဲ့နှစ်ယောက်က ဘာမှလဲမလုပ်ပါလား”
အရပ်မြင့်မြင့်လူငယ်ရဲ့စကားကြောင့် ရေဘူးကမ်းပေးတဲ့လူက ဘေးဘီကိုလှည့်ကြည့်လိုက်ပြီး
” ဟေ့လူ ဒီမှာ ကျုပ်တို့သုံးယောက်ပဲရှိတာလေ ဘယ်ကငါးယောက်လဲ”
” မဟုတ်ပါဘူး ကျုပ်တွေ့တာငါးယောက်ပါ ဟိုဘက်ဘေးမှာ ခုနကထိထိုင်နေကြတာ ကျုပ်လာတာလဲမြင်ရော ဘိဇပ်ခြုံတွေဘက်ကိုထွက်သွားကြတယ်”
ယောဂီဝတ်လူငယ်ရဲ့စကားကြောင့် အခေါင်းရိုက်နေတဲ့လူတွေ ပျဉ်ချပ်တွေကိုပစ်ချလိုက်ပြီး
” ဟုတ်လို့လားဗျာ ကျုပ်တို့ကိုမခြောက်နဲ့နော် ”
” ကျုပ်ကမလိမ်တတ်ဘူးဗျ ခုနကထွက်သွားတဲ့သူတွေက အင်္ကျီအညိုရောင်တီရှပ်ရယ် ပုလဲမြေဓါတ်မြေဩဇာအင်္ကျီရယ်ဝတ်ထားတာ ”
” ဒါ ဒါ ဆို သာဂေါင်နဲ့ ငထွန်းပေါ့ ”
” သိပ်လဲမကြောက်ကြပါနဲ့ ကျုပ်တို့ကဒီအဖြစ်တွေကိုလှမ်းမြင်လိုက်လို့ ရေလာတောင်းသောက်တာပါ အခုဒီအလောင်းကို ဘယ်တော့မြေချမလဲ”
” သဘက်ခါမြေချမှာ ဒါကြောင့်အခေါင်းရိုက်နေတာ”
” ဟုတ်ပြီ ဒါဆို ဒီည ရွာမှာဖြစ်ခဲ့တဲ့ပြဿနာအရင်မြစ်ကိုကျုပ်တို့ပြပေးမယ် ရွာသားတွေထဲမှာ မကြောက်တတ်တဲ့သူ ဆယ်ယောက်လောက်ရှိရင် ရွေးထုတ်ခဲ့ပေး ညခုနှစ်နာရီ ဒီဇရပ်မှာ ဆုံမယ် ”
ယောဂီဝတ်လူငယ်ရဲ့စကားကြောင့် အခေါင်းရိုက်နေတဲ့ကာလသားတွေ ရိုက်လက်စ တူနဲ့သံကိုချပြီး ရွာထဲပြန်ပြေးသွားကြတယ်။
ထမင်းအိုးတစ်လုံးချက်လောက်ကြာတော့
” သူကြီး ဒီလူငယ်တွေက ရွာမှာဖြစ်တဲ့ပြဿနာအရင်းမြစ်ကိုဖော်ထုတ်ပေးမယ်ပြောတယ်”
အသားညိုညို ခပ်ဝဝလူကြီးက ယောဂီဝတ်လူငယ်တွေကိုကြည့်ပြီး
” ကျုပ်နာမည်က ထွန်းရွှေ ဒီရွာရဲ့သူကြီးတစ်ယောက်ပဲ မင်းတို့က လူလိမ်တွေတော့မဟုတ်ပါဘူးနော်”
သူကြီးရဲ့စကားကြောင့် မျက်နှာသွယ်သွယ် နှာတံစင်းစင်းနဲ့ လူငယ်က ပါးချိုင့်နှစ်ဖက်ပေါ်အောင်ပြုံးလိုက်ပြီး
” ကျုပ်တို့ကအခကြေးငွေလဲမတောင်းပါဘူး ဘာမှလဲမတောင်းဆိုဘူး ဒီရွာဘေးကင်းအောင်လုပ်ပေးဖို့စိတ်ပဲရှိတာပါ”
” အဲလိုဆိုရင် ကျေးဇူးတင်ပါတယ် ဒါနဲ့ခုနက အခေါင်းရိုက်နေတုန်းပြေးလာတာဆို အခုအခေါင်းကရိုက်ပြီးနေပါလား”
” ကာလသားတွေရွာထဲသွားတုန်း ကျုပ်တို့ပဲရိုက်ပေးထားတာပါ အလောင်းကိုအခေါင်းထဲအရင်ထည့်လိုက်ပါဦး”
ကာလသားတွေလဲ အလောင်းကိုအခေါင်းထဲထည့်လိုက်တယ်။ အလောင်းနေရာချပြီးတဲ့အချိန်
လူငယ်က လွယ်အိတ်ထဲကနေ ဆီစိမ်စက္ကူအပိုင်းလေးတွေကိုထုတ်ပေးပြီး
“သူကြီးက ဒီစာရွက်လေးတွေကို ရွာမှာရှိတဲ့အိမ်တိုင်းဖြန့်ပေးပါ ညခုနှစ်နာရီထိုးတာနဲ့ ခေါ်ထားတဲ့လူတွေကလွဲပြီး ဘယ်သူမှအပြင်မထွက်ဖို့လံဆော်ဩပေးပါ”
” စိတ်ချ အဲဒီကိစ္စတွေကျုပ်တာဝန်ထားပါ သတ္တိကောင်းကောင်းလူငယ်ဆယ်ယောက်လောက်ကိုလဲ ခေါ်ထားပြီးပြီ နောက်ထပ်ဘာတွေထပ်ယူလာရဦးမလဲ”
” ဓါးတွေ ပုဆိန်တွေ သံပုံးအလွတ်တွေရရင်ယူခဲ့ပေးပါ ”
” ကောင်းပြီဗျာ ဒါဆို ကျုပ်ရွာထဲကအိမ်တွေကို လိုက်ပြောခိုင်းလိုက်မယ် မှုံကြီးတို့အဖွဲ့က ဒီမှာနေခဲ့လိုက် နေဝင်ခါနီးငါတို့ပြန်လာခဲ့မယ်”
သူကြီးက ကာလသားအဖွဲ့ကိုမှာပြီး ရွာထဲဝင်သွားတဲ့အချိန် မှုံကြီးဆိုတဲ့ကာလသားက
” မိတ်ဆွေတို့နာမည်လဲ မပြောရသေးဘူးနော် ကျုပ်ကနည်းနည်းစပ်စုတတ်တယ် စိတ်တော့မဆိုးနဲ့”
” ကျုပ်နာမည်က အောင်မြတ်သာ ဘေးကနှစ်ယောက်ကသက်ခိုင်နဲ့တောက်ရလို့ခေါ်တယ် အခု ခင်ဗျားမေးတာဖြေပီးပီဆိုတော့ ကျုပ်တို့မေးမဲ့အလှည့်ရောက်လာပြီ”
” ဟားဟား မေးပါဗျာ ကျုပ်သိရင်ဖြေပေးပါ့မယ်”
” ဒီရွာမှာ အခုကိစ္စမဖြစ်ခင်ထူးခြားတဲ့ဖြစ်ရပ်တွေ ဖြစ်ဖူးလား”
အောင်မြတ်သာစကားကြောင့် မှုံကြီးဆိုသူက
” လွန်ခဲ့တဲ့သုံးလလောက်ကတော့ဖြစ်ဖူးတယ် အဲဒါကြောင့် ညဘက်ကင်းစောင့်နေရတာ”
” အဲဒါဆိုဖြစ်ကြောင်းကုန်စင်လေးပြောပြပါလား”
” လွန်ခဲ့တဲ့သုံးလလောက်က ကျေးရွာအုပ်စုပေါင်းစုံဘောလုံးပြိုင်ပွဲလုပ်တယ် ကျုပ်တို့ရွာဘောလုံးအသင်းက အသင်းအားလုံးထဲမှာအကောင်းဆုံးပဲ နောက်ဆုံးဗိုလ်လုပွဲမှာ ထမန်းစင်ရွာနဲ့တွေ့တယ် သူတို့ရွာကလဲ ခေသူမဟုတ်ဘူးဗျ ဗိုလ်လုပွဲမှာ သူတို့ရွာဘက်က ကစားသမားတစ်ယောက်နဲ့ ကျုပ်တို့ရွာကကစားသမားအချင်းချင်းထိခိုက်မိတာ သူတို့ရွာကစားသမားက ခြေထောက်အဆစ်လည်သွားတယ် အဲဒါကျုပ်တို့ရွာက ညစ်ပါတယ်ဆိုပြီး စကားများရန်ဖြစ်ကြပါလေရော ရန်ပွဲပြီးတော့ သူတို့ရွာက လူတော်တော်များများ ထိခိုက်ဒဏ်ရာရသွားကြတယ် အဲဒီကရန်စကြောင့် ကျုပ်တို့ရွာကို အမှုန့်ချေပစ်မယ်ဆိုပြီး သူတို့ကကြိမ်းဝါးထားကြတယ် ဘောလုံးပွဲပြီးလို့တစ်လလောက်မှာ ရွာအပြင်စပ်နားက အိမ်တွေဖျက်စီးခံရတယ် ကျုပ်တို့ကလဲ ရွာထိတော့ချမယ်တကဲကဲပေါ့ အဲဒီမှာသူကြီးကတားတယ် အဲဒီနေ့ကစပြီး ရွာမှာကင်းချတော့တာပဲ အဖြစ်အပျက်ကအဲဒါပဲရှိတာ ကျန်တာတော့မရှိဘူး”
မှုံကြီးစကားအဆုံးမှာ အောင်မြတ်သာက
” ကျုပ်သဘောပေါက်ပြီ ညကျရင် အဖြေတစ်ခုတော့သိရမှာပါ ”
” ဟောဟိုမှာ သူကြီးတို့အဖွဲ့တောင်ရောက်လာပြီ”
မှုံကြီးစကားကြောင့်ရွာဘက်ကိုကြည့်လိုက်တာ လူဆယ်ယောက်လောက်က တုတ်တွေဓါးတွေသံပုံးတွေကိုင်ပြီး ထွက်လာတာမြင်လိုက်ရတယ်။
” လူတွေတော့ခေါ်လာပြီ ဘယ်အချိန်လုပ်ငန်းစမလဲ”
” အခုတော့စောပါသေးတယ် ညမှောင်တဲ့အခါ စကြတာပေါ့”
အချိန်ကားတစ်ဖြေးဖြေးကုန်ဆုံးလာသလို နေရောင်ခြည်ကလဲ တစ်ဖြေးဖြေးမှိန်လာခဲ့တယ်။
” ဝူး ဝူး ဝူး ”
စွဲစွဲငင်ငင်အူလိုက်တဲ့ခွေးအူသံကြောင့် ဇရပ်ပေါ်မှာထိုင်နေကြတဲ့လူတွေ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။
” ဒီလိုမျိုးအူတဲ့နေ့ဆိုရင် တစ်ခုခုဖြစ်တယ် သာဂေါင်သေတဲ့ညကလဲ အခုလိုပဲခွေးတွေအူတာ”
သူကြီးရဲ့စကားကြောင့် အောင်မြတ်သာတစ်စုံတစ်ခုကိုတွေးလိုက်ပြီး
” အားလုံးကျုပ်အနောက်ကလိုက်ခဲ့ပေးပါ မလိုက်ခင် ဒီရေကိုတစ်ယောက်တစ်ငုံသောက်ထားပါ အခုခေါ်လာတဲ့သူတွေက သတ္တိရှိတဲ့သူတွေဆိုတဲ့အတွက် ဘာမြင်မြင်အသံမထွက်ကြပါနဲ့ မထိန်းနိုင်ရင် အခုထဲကပြန်သွားလို့ရတယ်”
အောင်မြတ်သာရဲ့စကားကြောင့် ဇရပ်ပေါ်ကလူတွေက
” စိတ်ချ ကျုပ်တို့ဘက်ကအမှားမရှိစေရဘူး”
“ရေမန်းသောက်ပြီးရင် ခွေးအူသံကြားတဲ့ဘက်ကိုသွားရအောင်”
အောင်မြတ်သာတို့လဲ ဇရပ်ပေါ်ကနေဆင်းပြီး ခွေးအူသံကြားတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။
ရွာအပြင်တောစပ်နားရောက်လေလေ ခွေးအူသံတွေကပိုကျယ်လေလေဖြစ်လာတယ်။
အသံကြားရာဘက်ကိုတိုးဝင်သွားတဲ့အချိန်မှာတော့
” ဟာ ဟင် တောထဲမှာ ဒီလိုအပင်ဘယ်ထဲကရှိနေတာလဲ”
မှုံကြီးရဲ့စကားကြောင့် ကာလသားတွေ ခေါင်းခါပြီး
” ငါတို့လဲမသိဘူး ဒီလိုအပင်ခြောက်ရှိနေတာ အရင်ကမကြားမိပါဘူး”
ကာလသားတွေစကားအဆုံးမှာ သစ်ခြောက်ပင်ရဲ့လက်တံတွေက တစ်ဖြေးဖြေးလှုပ်ရှားလာခဲ့တယ်။
” လှုပ်လာပြီ လှုပ်လာပြီ သစ်ကိုင်းတွေက ခြေတွေလက်တွေလိုအသက်ဝင်လာတာ ကြောက်စရာကြီးကွာ”
အောင်မြတ်သာက ဘာမှမပြောပဲ သစ်ခြောက်ပင်ကိုကြည့်နေတဲ့အချိန် သစ်ခြောက်ပင်ကမြေကြီးထဲမှာစိုက်နေတဲ့ အမြစ်တွေကို တစ်ချောင်းချင်းဆွဲနှုတ်လိုက်တယ်။
အမြစ်တွေထွက်လာပြီးတဲ့အချိန်မှာတော့ မလှမ်းမကမ်းမှာဟောင်နေတဲ့ခွေးကို သစ်ကိုင်းခြောက်တွေနဲ့ရစ်ပတ်လိုက်ပြီး ခွေးရဲ့လည်ပင်းအဝဆီကို ချွန်ထက်နေတဲ့ သစ်ကိုင်းနဲ့ထိုးဖို့အလုပ်
လေထဲကနေ ဝှီးခနဲ ဝှီးခနဲ ပျံထွက်သွားတဲ့ စာရွက်အပိုင်းစလေးတွေကို ကလသားတွေမြင်လိုက်ရတယ်။
စာရွက်အပိုင်းအစတွေက သစ်ခြောက်ပင်ကြီးရဲ့ ကိုယ်မှာစိုက်သွားတဲ့အချိန် သက်ခိုင်က
” သံပုံးတွေတီးကြ ပတ်ပတ်လည်ကနေ တီး ဒီကောင်ဘယ်မှထွက်မရတော့ဘူး” ဆိုပြီးအော်ပြောရင်း သစ်ခြောက်ပင်နဲ့မလှမ်းမကမ်းကိုပြေးထွက်သွားတယ်။
သက်ခိုင်ထွက်တာနဲ့ရွာသားတွေလဲ နေရာယူလိုက်ကြပြီး လက်ထဲမှာပါလာတဲ့ သံပုံးတွေကို ပြိုင်တူတီးပါလေရော။
” ဒုန်း ဒုန်း ဒုန်း ဒုန်း”
သံပုံးတီးသံလဲကြားရော သစ်ခြောက်ပင်ကြီးက သစ်ကိုင်းခြောက်တွေနဲ့ရစ်ပတ်ထားတဲ့ ခွေးကိုလွှတ်ချပြီး မိန်းမအသံလိုလို ကလေးသံလိုလို အော်ပါလေရော။
အဲဒီအချိန်အောင်မြတ်သာက လွယ်အိတ်ထဲကနေ အင်းစာရွက်တွေမီးရှို့ပြီး ရေဖျော်ထားတဲ့ ဘူးကိုထုတ်ကာ သစ်ခြောက်ပင်ရှိရာကိုပက်ထည့်လိုက်တယ်။
အင်းပြာရည်နဲ့ထိတဲ့အချိန် သစ်ခြောက်ပင်ရဲ့ပင်စည်ကနေ မီးလောင်သလိုအခိုးငွေ့တွေထွက်လာတာကို ကာလသားတွေမြင်လိုက်ကြရတယ်။
” အမြစ်ကိုဓါးနဲ့ခုတ်ကြ ပြတ်အောင်ခုတ် ”
သက်ခိုင်ရဲ့အော်သံအဆုံးမှာတော့ လူညီကြတဲ့ကာလသားတွေရဲ့ ဓါးချက်တွေပုဆိန်ချက်တွေက သစ်ခြောက်ပင်ရဲ့အမြစ်တွေပေါ်ကိုကျသွားခဲ့တယ်။
“ဒုတ် ဖြောက် ဖြောင်း”
” အမြစ်ထဲကနေ သွေးတွေထွက်လာတာဟေ့ သွေးမဲမဲတွေအများကြီးပဲ”
” အမြစ်တွေပြတ်အောင်ခုတ် အမြစ်တွေပြတ်ရင် ပင်စည်ကိုခုတ်ပစ်”
ကာလသားတွေရဲ့အော်သံ ဓါးနဲ့ခုတ်တဲ့ဒဏ်တွေကြောင့် သစ်ခြောက်ပင်က မြေကြီးပေါ်ကို ဗုန်းဗုန်းလဲကျသွားခဲ့တယ်။
မြေကြီးပေါ်မှာ တစ်ပိုင်းတစ်စစီဖြစ်နေတဲ့ သစ်ခြောက်ပင်က တစ်ဆတ်ဆတ်တုန်နေပြီး ပင်စည်ထဲကနေလဲ သွေးတွေပန်းထွက်နေတာမြင်တော့ အောင်မြတ်သာက
” သူကြီးတို့ရွာမှာဖြစ်ခဲ့တဲ့ လူသေမှုတွေကို ဒီအပင်ကလုပ်နေတာ”
” ကျုပ်ဖြင့်မယုံနိုင်အောင်ပါပဲဗျာ ဒီလိုအဖြစ်တွေရှိတယ်ဆိုတာ လူကြီးတွေပြောလို့သိရုံပဲသိခဲ့တာ အခုမှလက်တွေ့မြင်လိုက်ရတယ်”
” ဒီအပင်ကို လာစိုက်သွားတဲ့သူက သူကြီးတို့ရွာနဲ့ ရန်ငြိုးရှိလိမ့်မယ် သူကတစ်ရွာလုံးကို သစ်စုန်းနဲ့တိုက်တာ ကျုပ်တို့မရောက်လာရင် အကုန်ဒုက္ခရောက်ဖို့များတယ်”
” ဒါဆို သာဂေါင်နဲ့ ငထွန်းသေတာ ဒီအပင်ကြောင့်လား”
” ဟုတ်တယ်သူကြီး ဒီအပင်က အောက်လမ်းပညာတွေနဲ့စီရင်ထားတာ သူ့ကိုအပင်ပေါက်ဘဝထဲက သွေးစိမ်းရှင်ရှင်တွေလောင်းပေးထားရတယ် သူတို့ရဲ့သဘာဝက အပင်ကြီးထွားနှုန်းမြန်တယ် အဲလိုမြန်အောင်လဲ တမင်ဖန်တီးထားတာပဲလေ သွေးစိမ်းရှင်တွေနေ့တိုင်းလောင်းခံရတဲ့အပင်မှာ မကောင်းဆိုးဝါးတွေကတွယ်ကပ်ကြတယ် တွယ်ကပ်နေတဲ့မကောင်းဆိုးဝါးတွေထဲကမှ သူတို့ခိုင်းလို့ရမဲ့ အကောင်ကို အပင်ထဲထည့်လိုက်တာ ခုနကထွက်လာတဲ့သွေးတွေက သူသတ်ခဲ့တဲ့လူတွေရဲ့သွေးတွေပဲ သာဂေါင်ကိုသတ်ပြီးတဲ့အချိန် ငထွန်းကိုပါထပ်သတ်ဖို့ကြိုးစားခဲ့တယ် ဒါပေမယ့် ငထွန်းက စခန်းကိုပါသွားတဲ့အတွက် သတ်ဖို့အချိန်မရခဲ့ဘူး ဒါကြောင့်အောက်လမ်းနည်းနဲ့ ငထွန်းကိုပြုစားပြီး စိတ်ဖောက်အောင်လုပ်ခဲ့တာ ”
” တော်တော်ယုတ်မာတဲ့သူပဲ သူ့ကြောင့်အပြစ်မဲ့သူတွေသေရပြီ”
” ကျုပ်သူကြီးကိုမေတ္တာရပ်ခံချင်တာက ရန်ကိုရန်ချင်းမတုန့်ပြန်ပါနဲ့ လုပ်တဲ့သူအတွက် ထိုက်သင့်တဲ့အပြစ်ဒဏ်ဆိုတာရှိပြီးသားပါ ”
” ကျုပ်မလုပ်ပါဘူး မင်းတို့လဲ ဒီကိစ္စကိုနှုတ်ကတောင်မဟမိစေနဲ့ကြားလား”
သူကြီးရဲ့မာထန်တဲ့စကားကြောင့် ကာလသားတွေငြိမ်သွားပြီး ပြိုင်တူခေါင်းငြိမ့်ပြလိုက်တယ်။
“အဲဒါဆို ဒီအပင်ကို မနက်ကျရင်မီးရှို့လိုက်ပါကျုပ်တို့မရှိတဲ့အခါ ဒီပြာတွေကိုရေဖျော်ပြီး အလိုရှိသလိုသုံးကြပါ ရေကုန်တဲ့အခါ ထပ်ထည့်ပြီးလဲအသုံးပြုလို့ရပါတယ်”
အောင်မြတ်သာတို့လဲ သူကြီးကိုအင်းပြာတွေပေးခဲ့ပြီး ဇရပ်ဆီကိုပြန်လာခဲ့လိုက်တယ်။ မနက်အာရုံမတင်ခင်မှာတော့ ဇရပ်ပေါ်ကနေ တစ်လှမ်းချင်း ဆင်းလာပြီး ခရီးဆက်သွားကြတဲ့ လူငယ်သုံးယောက်ကိုဘယ်သူမှမတွေ့လိုက်ကြရပေ။
နောက်ဝတ္တုလေးက သစ်စုန်းအတိုက်ကိုစီမံခဲ့တဲ့ သူကိုဘယ်လိုဆုံးမမလဲဆိုတာကို အောင်မြတ်သာနှင့် မီးတောက်ဘပြုံးဆိုတဲ့ဝတ္တုလေးမှာစောင့်မျှော်ပေးကြပါဦး။
လေးစားစွာဖြင့် မူရင်းရေးသားသူ
ဆရာ ဇေယန(ရာမည) ကို crd ပေးပါတယ်