လက်သမားဆရာ ကိုချစ်လွင် နှင့် သစ်အဟောင်းသား တစ္ဆေ
( ၁ )
မန္တလေးမြို့ ကြီးသည် ကြီးမားကျယ်ပြန့်သည့် အလျောက် လူနေလည်းထူထပ်လှပေသည်။ လူသူများသည့် အတိုင်း ကိစ္စဝိစ္စ အ၀၀သည်လည်း နေ့စဉ် အမျိုးမျိုးအဖုံဖုံ ဖြစ်ပျက်နေတတ်သည်ကား အဆန်းတော့မဟုတ်။ ထိုကဲ့သို့ အဆန်းမဟုတ်သော အဖြစ်အပျက်များစွာထဲတွင်လည်း ထူးဆန်းသော အဖြစ်အပျက် ထူးဆန်းသော ဖြစ်ရပ်များသည်လည်း ရှိတတ်ကြ စမြဲပင်။ ယခုတွင်လည်း လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော် သုံးဆယ် ၀န်းကျင်ခန့်က မန္တလေး မြို့တွင် ဖြစ်ပျက်ခဲ့သော ဆန်းကြယ်ဖြစ်ရပ်လေးကို လေးစားစွာဖြင့်တင်ဆက်ပေးလိုက်ပါသည်။
သူ့နာမည်ကား ဦးသိုက်မောင် ။ တစ်ကိုယ် တည်း လူပျိုကြီးလည်းဖြစ်သလို ဆွေမျိုးသဟာ လည်း မရှိ မပေါင်းအသင်းလည်း မရှိ။ လုံး၀ ဒတ္ထိတစ်ကောင်ကြွက် တစ်ယောက်သာဖြစ်သည်။ အသက်အရွယ်အားဖြင့် ငါးဆယ်ကျော် ခြောက်ဆယ် နားပင် ကပ်လို့နေပြီ။ တစ်ယောက်တည်းသမား ဖြစ်ရသည်ကလည်း ထိုလူ ဦးသိုက်မောင်မှာ ဂွကျကျ နှင့် ပေါင်းလို့သင်း၍ မကောင်းသောသူ ။
ရပ်ကွက်ထဲရှိ လူများနှင့်လည်း အခေါ်အပြော အင်မတန်နည်းပါးလှ၏။ အဘယ်ကြောင့်ဆိုသော် ဦးသိုက်မောင်၏ ထိုဆိုးသွမ်းသော ဂွကျကျ ဘုကလန့် ဉာဉ်ဆိုးကြောင့်လည်း ဖြစ်ပေလိမ့်မည်။ ဦးသိုက်မောင်မှာ လူချမ်းသာ စာရင်း၀င် သူဌေးတစ်ယောက်တော့ မဟုတ်ပေ။ ၎င်းတွင် ပိုင်ဆိုင်သမျှဟူ၏ ပေငါးဆယ် ပတ်လည်ခန့် ကျယ်၀န်းသော ခြံဝိုင်းလေးအတွင်းက ယိုင်နဲ့နဲ့ သွပ်မိုး ထရံကာ အိမ်ကလေး တစ်လုံးနှင့် ထိုအိမ်အနောက်ဖက်က စိုက်ခင်းငယ်လေး တစ်ခင်းသာ ရှိ၏။
ရပ်ကွက် သာရေးနာရေးတွင်လည်း လူကြီးပိုင်းအရွယ်ပင် ရောက်နေလင့်ကစား အမြဲလိုလိုခေါင်းရှောင် နေတတ်သူမို့ သူ့အား မည်သူမျှလည်း လေးစားချစ်ခင်မှုလည်း မရှိကြ။ ရပ်ကွက်လူကြီးများက ရပ်ကွက် ဘုံကထိန်အတွက်သော် လည်းကောင်း ရပ်ကွက် တန်ဆောင်တိုင် အတွက်သော်လည်းကောင်း အလှူငွေလာရောက်ကောက်ခံသည့်တိုင် အိမ်ထဲမှ အသံမပေးဘဲ ပုန်းနေတတ်သည့် လူစားလည်းဖြစ်ပြန်သည် ။ ဘုရားတရား ကို အမြဲအပြတ်ဆည်းပူးနေသူ ဖြစ်သော်လည်း သဒ္ဒါတရားပိုင်းတွင်တော့ အင်မတန်နည်းပါးအားနည်းလှ၏။
တချို့ဆိုလျှင် ကွယ်ရာ၌ ဦးသိုက်မောင်အား ဦးကပ်စေးဟုပင် တီးတိုး အတင်းချတတ်ကြသည်။ ထိုသို့ သူ့အား ပြောနေသည့်တိုင် ဦးသိုက်မောင်မှာ ၎င်း၏ နေမြဲအတိုင်း သိုသိုသိပ်သိပ်စီးစီး ကုပ်ကုပ်သာ နေလေ၏။ သို့သော် ဦးသိုက်မောင် ထံ၌ အတွေးတစ်ခုရှိသည်။ ထိုအရာကား အခြားတော့ မဟုတ် လက်ရှိသူနေထိုင် နေရသည့် သွပ်မိုး ထရံကာ ခပ်နဲ့နဲ့ အိမ်ကလေး အကြောင်းပင်။ သူ မသေခင်အချိန်လေးမှာတော့ ပျဉ်ထောင်အိမ် ခပ်ငယ်ငယ်လေး တစ်လုံးနှင့် သူနေသွားချင်သည်။ ယခုနေထိုင်ရာ အိမ်ကလေး ကိုပြန်ပြင်ဆောက်ရန်လည်း သူကာလ အတန်ကြာ အချိန်ယူစဉ်းစားခဲ့ပြီးပြီ မဟုတ်ပါလား။
လက်ရှိ ကာလပေါက်ဈေးအရ သစ်ဈေး သွပ်ဈေး ပျဥ်ဈေးများကလည်း နည်းလှသည်မဟုတ်။ အလုံးအရင်း ၀င်ငွေ မရှိရှာသည့် ဦးသိုက်မောင် အတွက်တော့ အိမ်ပြင်ဆောက်မည့် အတွေးလေးက ဝိုးတဝါး သာ။ ရပ်ကွက်ထဲတွင်တော့ ဦးသိုက်မောင်၏ အသိမိတ်ဆွေ တစ်ယောက် ဖြစ်သူ လက်သမားဆရာ ကိုချစ်လွင် တော့ရှိ၏။
ကိုချစ်လွင် မှာ သူနှင့် လူငယ်ဘ၀တည်းက ရင်းနှီးသူ တစ်ယောက်ဖြစ်သော်လည်း သက်တူရွယ်တူတော့ မဟုတ်။ ဦးသိုက်မောင် ထက် ဆယ်နှစ်နီးပါးခန့်လောက်တော့ ငယ်လိမ့်မည်။ ထို့နောက် ဦးသိုက်မောင်လည်း ကိုချစ်လွင်နှင့် တိုင်ပင်ကာ ၎င်း၏ အိမ်ကလေးအား အသစ်တစ်ဖန် ပြန်ပြင်ဆောက်ရန် စီစဉ်ပါလေတော့၏။
+++++++++
“ချစ်လွင်ရာ … ငါတော့ မသေခင်လေး ဒီကိစ္စကို အထမြောက်အောင်လုပ်သွားချင်တယ် … ဒါပေမယ့် ငါ့လက်ထဲမှာလည်း ပိုပိုလျှံလျှံက မရှိတော့ ဘယ်လိုဆို အဆင်ပြေမယ် ငါသိချင်တယ်ကွ “
ကိုချစ်လွင်မှာ ဦးသိုက်မောင် တည်ခင်း ဧည့်ခံထားသော အကြမ်းရည်အိုးလေးထဲမှ ရေနွေးတစ်ခွက်ကို ငှဲ့ကာ အအေးခံထားလိုက်သည်။ ပြီးမှ
“ဟုတ်တယ် ကိုသိုက်မောင် … အခု သံဈေး သွပ်ဈေး တွေကလည်း ခေလှတယ် မဟုတ်ဘူးလေ … ဆိုတော့ … ကိုသိုက်မောင် ဖြစ်ချင်တဲ့ အနေအထားလေးရောက်အောင် ကျုပ်တို့ ကြံဖန်ရမှာပဲ “
ထိုအခါ ဦးသိုက်မောင်ကပင်
“လက်ထဲမှာတော့ …နည်းနည်းပါးပါး ရှိပါတယ် … “
ကိုချစ်လွင်လည်း စောစောက အအေးခံထားသော ရေနွှေးခွက်ကလေးကို ကောက်ကာ စွပ်ကနဲ မော့ချလိုက်တော့သည်။
“ဒါဆို ဒီလိုလုပ်ဗျာ … မြို့ပြင်မှာ ပရိဘောစက်ရုံ တစ်ခုတော့ရှိတယ် …အဲ့ဒီမှာ ပျဉ် အဟောင်းတွေ ရလောက်တယ် … ပျဉ်အဟောင်းဆိုပေမယ့် … ကျုပ်တို့တွေ ရွေဘော်ထိုး အချောသတ် ပြီး ဆေးနည်းနည်းတင်လိုက်ရင် အသစ်နီးပါးလောက် ဖြစ်သွားမှာပဲ … သွပ်ကိုတော့ အသစ်ပဲ သုံးလိုက်ပေါ့ … ဒါဆိုရင်တော့ အဆင်ပြေလောက်မှာပါဗျ “
“အေး … မင်းအကြံ မဆိုးဘူး ချစ်လွင် … ငါ့မလည်း မင်းရှိနေလို့သာပေါ့ …”
“ပြောနေရမယ့် လူတွေမှ မဟုတ်ဘဲဗျာ … ဒါဖြင့် ကျုပ်တို့ ဘယ်နေ့လောက်စကြမလဲ “
ကိုချစ်လွင် ထိုသို့မေးလာတော့ ဦးသိုက်မောင်လည်း အားတက်တရော ဖြင့်
“မြန်လေကောင်းလေပေါ့ကွာ “
ဟူ၍ ပြောလိုက်လေပါတော့ သတည်း ။
+++++++++
အခန်း ( ၂ )
ထိုခြံ၀န်းကြီးထဲကို ၀င်လိုက်သည် နှင့် တစ်ပြိုင်နက် သစ်သားအမှုန် အမွှားနံ့တို့က နှာခေါင်းအတွင်းကို ရက်ရက်ရောရော ၀င်လာကြသည်။ထိုလွှစာမှုန့်အနံ့များထဲတွင် ကျွန်းသာမက ပိတောက်/အင်ကြင်း စသဖြင့် အနံ့များလည်း ရောထွေးလို့နေ၏ ။ သစ်ခွဲဝိုင်းထဲမှ တစ်ဂျိန်းဂျိန်း ခုတ်မောင်းနေသော လွှစက်သံကြီးကလည်း ကပ်လျက် လူနှစ်ယောက်ပင် စကားကို အသံကျယ်ကျယ်ပြောနေရသည်။
သူတို့လည်းရောက်သွားရော သစ်ခွဲစက်နှင့် မလှမ်းမကမ်း အခန်းငယ်လေးတစ်ခုထဲက လူတစ်ယောက်ထွက်လာ၏။ အနက်ရောင် စတိုင်ဘောင်းဘီကို ကျကျနန၀တ်ဆင်ထားပြီး အပေါ်က စပို့ရှပ် အကြားကို ၀တ်ထားလေသည်။ လက်ထဲတွင်လည်း အကြမ်းရည်တစ်ဖန် ခွက်ကို ကိုင်ကာ ပြုံးရွှင်တော့ မျက်နှာထားဖြင့် ဦးသိုက်မောင် တို့ထံ တစ်ရွေ့ရွေ့ချဉ်းကပ်လာလေ၏။
“ဒီက မိတ်ဆွေတို့ … ကျုပ်ဘာများကူညီရမလဲဗျ”
ထိုသူ စကားစလာတော့ ကိုချစ်လွင်လည်း
“ဒီလိုပါ … အိမ်အသစ်ပြန်ပြင်ဆောက်ဖို့ ပျဉ်တွေလိုချင်လို့ပါ “
“အော် … ရတာပေါ့ဗျာ … ရတာပေါ့ … လာဗျာ ရုံးခန်းထဲမှာ အေးဆေးစကားပြောကြတာပေါ့ “
ဦးသိုက်မောင်နှင့် ကိုချစ်လွင်လည်း ထိုလူ့အနောက်မှနေ၍ စောစောက အခန်းငယ်လေးထဲသို့ လိုက်ပါသွားလိုက်တော့သည်။
“ကဲ … ပြောဗျာ … ကျုပ်စက်ရုံမှာတော့ ခင်များတို့ လိုအပ်တဲ့ အမျိုးအစားတွေ လိုအပ်သလောက်ရှိပါတယ်”
“ရှိတာတော့ ဟုတ်ပါတယ်… ကျုပ်တို့ဘက်ကလည်း ငွေများများစားစား မသုံးနိုင်တော့ … ခင်များတို့ စက်ရုံမှာ …. သစ်ခွဲသား အဟောင်းလေးတွေဘာတွေများ ရှိမလား … ဈေးနည်းနည်း သက်သက်သာသာနဲ့ပေါ့ဗျာ”
“ရပါတယ် …ရပါတယ် …လာဗျာ သစ်ခွဲသား အဟောင်းဆိုလို့ လက်တလောကမှ ကျုပ်ဆီ အသစ်ရောက်ထားတာတွေရှိတယ် … အသစ်နီးနီးပဲ ခင်များတို့ … ကြိုက်မှာ သေချာတယ်”
ဟုပြောပြီး ရှေ့က ဦးဆောင်ကာ ထွက်သွားပြန်၏။
သစ်သားခွဲနေသော အလုပ်သမားသုံးလေးယောက်ခန့်ကို ကျော်လွန်ပြီး ဆက်သွားလိုက်တော့ သပ်သပ်ရပ်ရပ်နှင့် အသင့်ပုံထားသော သစ်သားအဟောင်းပုံကြီးကို တွေ့လိုက်ရတော့သည်။
“ဟောဒါတွေပဲဗျာ … ကြိုက်ရင်လည်း ယူ … မကြိုက်တော့လည်း ထပ်ရှာပေးရတာပေါ့ …”
ကိုချစ်လွင်လည်း ထိုလူပြပေးသော သစ်သား ပျဉ်ပြားများကို သေချာ အကဲခတ်ပြီး
“အဆင်ပြေပါတယ်ဗျ … ဒါဆို ကျုပ်တို့ ဒါတွေပဲ ယူသွားလိုက်တော့မယ် ကိုသိုက်မောင် “
ကိုချစ်လွင် ထိုသို့ပြောလာတော့
“မင်းအဆင်ပြေသလိုသာ ကြည့်စီစဉ်ကွာ “
ဟုသာ ဦးသိုက်မောင်က ပြောလိုက်တော့သည်။ ဤသို့ဖြင့် ဦးသိုက်မောင် နှင့် ကိုချစ်လွင်လည်း ထိုသစ်အဟောင်းသားများကို ဈေးဖြတ်ကာ တခါတည်းငွေချေ အပြီးသတ်၀ယ်ယူလိုက်ကြတော့၏။
“ကိုသိုက်မောင် … စက်ရုံရှေ့မှာ ကျုပ်တို့၀င်လာတော့ ထော်လာဂျီသမားတွေ ရှိတယ် … တခါတည်း ဒါတွေ အိမ်ကိုတိုက်ပြီး ဒီနေ့ပဲ စကြတာပေါ့ဗျာ “
“အေး ကောင်းသားပဲ “
သစ်က အဆင်ပြေသွားပြီမို့ လုပ်ငန်းစဖို့ရန်သာ ကြံတော့သည်။ ထို့ကြောင့် ထိုသစ်များကို အိမ်သို့ပို့ရန်အတွက် သူတို့နှစ်ယောက် စက်ရုံရှေ့က ထော်လာဂျီသမား တစ်ယောက်ကို သွားခေါ်ကာ တင်ကြတော့သည်။
ထိုစဉ် စက်ရုံအတွင်းသို့ အခြားထော်လာဂျီတစ်စီးက ပြန်၀င်လာ၏။
“ကိုချစ်ကောင်းရေ … ဟိုဖက်စက်ရုံက ခွဲဖို့ အင်ကြင်းတွေ … ထည့်ပေးလိုက်တယ် … ဒီနေ့ သူတို့ ဝိုင်းမလည်ဘူးတဲ့ “
“အေး … အဲ့နားလွတ်တဲ့နေရာမှာ ရပ်ထားလိုက် … ဝိုင်းထဲက ကောင်လေးတွေ လာချလိမ့်မယ်”
ပရိဘောဂ စက်ရုံပိုင်ရှင်ကား ကိုချစ်ကောင်း ဟူ၍ပင်။ ထိုအင်ကြင်းများတိုက်လာသည့် ထော်လာဂျီသမားလည်း ဦးသိုက်မောင် တို့ တင်နေသော သစ်များကိုကြည့်ကာ ကိုချစ်ကောင်းအား
“ဘောစိ … အဲ့ဒါ ဟိုသစ်တွေမို့လား “
“အေးလေ … ဟုတ်တယ် … ဒါနဲ့ … ဟိုဖက်ဝိုင်းက ဘာလို့မလည်တာလဲ”
ကိုချစ်ကောင်း စကားကြားဖြတ်လိုက်သည်ကို ၎င်းထော်လာဂျီသမားလည်း သဘောပေါက်သည်မို့ ဘာသိဘာသာ သာနေလိုက်တော့သည်။ ကိုချစ်ကောင်းတို့ နှစ်ယောက်၏ အပြောအဆို အဖြစ်အပျက်ကို ဦးသိုက်မောင်တို့လည်း သတိမထားမိလိုက်ကြ။ ဟိုသစ်တွေမို့လား ဆိုသည်ကား မည်သည်ကို ရည်ရွယ်ပြောဆိုလိုက်သနည်း။
++++++++++
အခန်း ( ၃ )
ထို့နေ့မှာပင် ကိုချစ်လွင်လည်း ပဠာပ်ရိုက် ကန်တော့ပွဲပေး ဘာညာနှင့် ဦးသိုက်မောင်၏ အိမ်အသစ်ပြန်ပြင်ဆောက်မည့် ကိစ္စကို စတင်အကောင်အထည်ဖော်လိုက်တော့သည်။
ဝါရင့်လက်သမားဆရာတစ်ယောက် ဖြစ်သည်မို့ မကြာခင်အချိန်အတွင်းမှာပဲ ဦးသိုက်မောင် လိုချင်သော ပျဉ်ထောင် ပျဉ်ခင်း အိမ်ကလေး ရုပ်လုံးပေါ်လာတော့သည်။ ကြားထဲသွပ်များ သံများ ၀ယ်ရခြမ်းရနှင့် စုထားသော ပိုက်ဆံကလေးများလည်း အတော်ပင် ကုန်ခမ်းသွားရချေပြီ။
အိမ်ကလေး ပြီးသွားတော့ ဦးသိုက်မောင် ၀မ်းသာလို့ မဆုံး ။ သူ့အိပ်မက်တွေ အကောင်အထည်ပေါ်သွားခဲ့ပြီ မဟုတ်ပါလား။ အိမ်ကလေးမှာ သပ်သပ်ရပ်ရပ်နှင့် နေချင့်စဖွယ်လေးပင်ဖြစ်လို့ေနပြီ ။
“မင်းကိုကျေးဇူးတင်လိုက်တာ … ချစ်လွင်ရာ “
ဦးသိုက်မောင် ရင်ထဲက လှိုက်လှိုက်လှဲလှဲပြောလိုက်သည်။
“ရပါတယ်ဗျာ … ကျုပ်တို့က အချင်းချင်းတွေပဲ … အော် ပြီးတော့ ကျုပ်သတိပေးရအုံးမယ် …. နက်ဖြန် တစ်ဘက်ခါလောက်ဖြစ်ဖြစ် သံဃာ သုံးလေးငါးပါးလောက်ပင့်ပြီး အိမ်နီးနားချင်းလေးတွေ ဘာတွေနဲ့ အိမ်သစ်တက်လေး ဘာလေးလုပ်အုံး… ရိုးရာတို့ ဓလေ့ တို့ဆိုတာ မပယ်ကောင်းဘူးနော် … “
“အေးပါ … ငါသိပါတယ် ချစ်လွင်ရ”
“ဒါနဲ့ … အိမ်အရှေ့လှေကား ကရော အတက်အဆင်း အဆင်ပြေတယ်မို့လား … အရမ်းမြင့်သေး လား ကိုသိုက်မောင် “
“မမြင့်ပါဘူး … ပြေပါတယ်ဟ … ငါကိုက မြေကြီးနဲ့ လှမ်းတာကြိုက်လို့ အဲ့လိုဆောက်ခိုင်းထားတာပဲကို”
“မြေကြီးနဲ့ လှမ်းတော့ ကျန်းမာရေးအရကောင်းတာပေါ့ဗျာ … အရှေ့မှာ ကွပ်ပျစ်လေးဘာလေးလည်းရိုက်ထားပေါ့ ပျဉ်တွေလည်း နည်းနည်းပါးပါး တော့ပိုနေ တာပဲ “
“အေးပါ … နောက်တော့ ရိုက်လိုက်ပါ့မယ် … ငါ့အိမ်က မင်းသိတဲ့အတိုင်းပဲ … ဧည့်သည်သိပ်လာတတ်တာမှ မဟုတ်တာ “
“ကျုပ်သိပါတယ်ဗျာ … သိပါတယ် … ကိုင်း ကျုပ်ကို ခွင့်ပြုအုံး … ဟိုဖက်ရပ်ကွက်မှာလည်း လုပ်စရာလေးရှိသေးတယ် … တစ်ခုခုလိုရင် လာခေါ်လှည့်ပေါ့ … ဟုတ်ပြီလား …”
“အေးပါ ချစ်လွင်ရာ … မင်းကိုကျေးဇူး အရမ်းတင်တယ် သိလား …”
ကိုချစ်လွင်လည်း ဦးသိုက်မောင်အား နှုတ်ဆက်ကာ ၎င်း၏ ပစ္စည်းလေးများကို သိမ်းဆည်းပြီးထွက်သွားလေတော့သည်။ ဦးသိုက်မောင်မှာတော့ အိမ်အသစ်လေးအား အရှေ့အနောက် တောင်မြောက် တောင့်ပေါင်းစုံကကြည့်ကာ ၀မ်းသာ ကြည်နူးမဆုံး။ အချိန်ကလည်း ညနေစောင်းနေပြီ မို့ ဦးသိုက်မောင်လည်း လိုအပ်သည်များကို ရှင်းလင်းကာ ရေမိုးချိုး အနားယူလိုက်တော့၏ ။ လမင်းကြီးကလည်း ကောင်းကင် တစ်ခွင်လုံးကို အလင်းရောင်တွေ ပေးစွမ်းလို့ ။
+++++++++++
မနက်ရောက်တော့ ဦးသိုက်မောင် အိပ်ရာမှထကာ လိုအပ်သည်များကို ချက်ပြုတ်ပြင်ဆင်လေ၏။ ကိုချစ်လွင်မှာ သွားသလို သံဃာသုံးလေးငါးပါးပင့်ကာ အိမ်တက်မင်္ဂလာလုပ်ချင်သော်လည်း အပိုကုန်သည်ဟု စိတ်ထဲတွေးမှတ်နေမိပြန်သည်။ ထို့ကြောင့် ထွေထွေ ထူးထူး စဉ်းစားမနေတော့ဘဲ ဆွမ်းခံကြွလာသော ရဟန်း တစ်ပါးအား ပင့်ဖိတ်ကာ ဆွမ်းထမင်းဆွမ်းဟင်း ကပ်လိုက်တော့သည်။ထိုအရာကိုသာ အိမ်သစ်တက်မင်္ဂလာ အထမြောက် သွားပြီဟု ဦးသိုက်မောင် သတ်မှတ်လိုက်လေပါ တော့၏။
++++++++++
အခန်း ( ၄ )
အနက်ရောင် ကတ္တီပါ ပိတ်စကြီးအလည်က တ၀င်း၀င်းလက်နေသော စိန်ပွင့်ကြီးတစ်ပွင့်လို လပြည့်ကျော် နှစ်ရက်နေ့၏ လမင်းကြီးကလည်း ထိန်ထိန်လင်းနေ၏။ ပတ်၀န်းကျင် တစ်ခွင်လုံးကတော့ အိပ်မောကျ တိတ်ဆိတ်လို့ ။ ညပုရစ်များ၏ တစ်ဂျီဂျီ တစ်ဝီဝီမြည်သံလေးများမှ အပ ရုတ်တရက် ထထဟောင်သော ရပ်ကွက်ခွေးများ၏ အသံသာ ကြားနေရသည်။ တစ်ချက်တစ်ချက် ဝှေ့ဝှိုက်တိုက်ခတ်သွားသော လေနုအေးကလေးများကြောင့် သစ်ရွက်များ၏ ပွတ်တိုက်သံကလည်း လူစကားပြောသံလိုလို။
ဦးသိုက်မောင်လည်း ဘုရားရှိခိုးပြီးပြီးမို့ ခြင်ထောင်ထောင်ကာ အိပ်စက်ရန် ပြင်လိုက်တော့သည် ။ လျှပ်စစ်မီးများကလည်း တွင်တွင်ကျယ်ကျယ် မရှိသေးသည်မို့ ဖယောင်းတိုင်မီးကိုသာ အားကိုးနေရသော ကာလလည်းဖြစ်လေ၏။ ကိစ္စဝိစ္စများလည်း ပြီးစီးပြီးမို့ ဦးသိုက်မောင် တစ်ယောက် ဖယောင်းတိုင်မီးခွက်ကြီးအား မှုတ်ကာ ငြိမ်းသတ်လိုက်ပြီး လှဲလျောင်းလိုက် လေတော့သည်။
သူဘယ်အချိန် အိပ်ပျော်သွားလိုက်သည်မသိ။ အိမ်အရှေ့ဖက်မှ အသံတစ်သံကြောင့် ရုတ်တရက်နိုးလာခဲ့သည်။ ထိုအသံကား မိန်းမ တစ်ယောက်၏ ငိုညည်းသံ။သူ့အိမ်ရှေ့ တံခါးပေါက်တွင်လာငိုနေသည့်အသံမျိုး။ အချိန်ကား ညဆယ်နာရီ ၀န်းကျင်လောက်သာ ရှိပေအုံးမည် ။ ထိုညမှပင် ထူးထူးခြားခြား ခွေးများက ဟောင်လိုက် အူလိုက်နှင့် အတော်တော့ ကျောချမ်းစရာကောင်းလှသည်။ ငိုသံမှာ သိပ်မသဲကွဲ ကြောင်အော်သံများ ဖြစ်နေမလား ဟု အသေအချာနားစွင့်ကြည့်လိုက်သည့်တိုင် ထိုအသံမှာ မုချဧကန် မိန်းမ တစ်ယောက် ငိုနေသည့် အသံဖြစ်ကြောင်း ဦးသိုက်မောင် သိလိုက်ရ၏။ စိတ်ထဲမှလည်း ဘယ်က မိန်းကလေး လာငိုနေတာပါလိမ့်ဟု တွေးရင်း အိပ်ရာထဲကနေသာ အသာ နားထောင်နေလိုက်၏။
“အင်း ဒီမိန်းကလေး ညကြီးမိုးချုပ်မှ … ယောကျာ်းနဲ့ ရန်ဖြစ်ပြီး ဒီမှာလာငိုနေ တယ်ထင်တယ် … ခနကြာရင်တော့ သူ့ယောကျာ်း လာခေါ်လို့ပြန်သွားမှာပဲ … ငါထမကြည့်တာပဲ ကောင်းပါတယ်လေ”
ဟူ၍ တွေးကာ ပြန်အိပ်ရန်ကြိုးစားလေ၏။ တစ်အောင့်လောက်ကြာသည်အထိ ထိုအသံမှာ ပျောက်မသွားသေး ။ တစ်ရှိုက်ရှိုက် ညည်းကာ ငိုနေသော အသံကြောင့် ဦးသိုက်မောင် ဆက်အိပ်ဖို့ကို အခက်တွေ့လာတော့သည်။
“ပြဿနာပဲ … တစ်ညလုံးသာ ငိုနေရင်တော့ … ငါလည်း အိပ်ရမှာ မဟုတ်ဘူး …”
ထို့ကြောင့် ဦးသိုက်မောင်လည်း အိပ်ရာထဲမှ ထကာ ခေါင်းအုံးနံဘေးက မီးခြစ်ကို စမ်းပြီး ဖယောင်းတိုင်မီးခွက်ကြီးကို ထွန်းလိုက်တော့သည်။ ပြီးနောက် အိမ်တံခါး ဖွင့်ပြီး ကြည့်လိုက်တော့
“ဟာ ….”
တစ်ယောက်မျှ ရှိမနေပါ။ ကောင်းကင်ပေါ်မှ လမင်းကြီး၏ အလင်းရောင်ကြောင့် အိမ်အရှေ့ လူသွားလမ်းကိုလည်း အထင်းသားမြင်နေရသည်။ သို့သော် ခွေးတစ်ကောင်ကြောင်တစ်မြီးမျှ မရှိ။ စောစော ကငိုသံလည်း ပျောက်ချင်းမလှ ပျောက်လို့သွားချေပြီ။ ဦးသိုက်မောင်လည်း ခေါင်းကို ခပ်ဖွဖွကုပ်ကာ အိမ်တံခါး ဂျက်ကို ပြန်ချလိုက်ပါတော့၏။
“အဟင့် … အဟင့် … အဟင့် အီး …အီး …”
ည သန်းခေါင် ဆယ့်နှစ်ထိုးလောက်ရောက်တော့ ထိုငိုညည်းသံကြီးကို ဦးသိုက်မောင် ပြန်ကြားရလာပြန်၏။ ပြီးခဲ့တဲ့ တစ်နာရီခွဲ နှစ်နာရီလောက်က ထကြည့်တော့ မည်သူမျှရှိမနေဘဲ ယခု တစ်ခေါက်ပြန်လာငိုနေသည်ကို ဦးသိုက်မောင် အနည်းငယ် စိတ်ပေါက်သွားလေတော့သည်။ ငိုသံမှာ တစ်ဖြည်းဖြည်းကျယ်လောင်လာသည်မို့
“ဟေ့ … အိမ်ရှေ့က ဘယ်သူလဲ … ဘာကိစ္စ ငါ့အိမ်ရှေ့ လာငိုနေတာလဲ … “
ဟု ခပ်ပြတ်ပြတ်အော်ငေါက်ကာ အိပ်ရာထဲမှ ခပ်သွက်သွက်ထပြီး အိမ်ရှေ့တံခါးကို ပြေးဖွင့်လိုက်တော့သည်။ သို့တိုင်အောင် အိမ်ရှေ့တွင်သာမက ခြံ၀န်းထဲသော်လည်းကောင်း အိမ်ရှေ့လမ်းမပေါ်တွင်လည်းကောင်း မည်သူမျှရှိမနေချေ။
“တောက် … ရာရာစစ … ဘယ်သူက ငါ့ကို လာနောက်နေတာလဲ … နေစရာ အိမ်မရှိကြဘူးလား … ကိုယ့်အိမ်မှာကိုယ်နေကြ … လာမနှောက်ယှက်ကြနဲ့ “
ဦးသိုက်မောင် ထိုသို့ပြောပြီး တံခါးပြန်ပိတ်လိုက်တော့သည်။ ထိုသို့ အော်ငေါက်လိုက်တော့မှ ငိုသံလည်း ထပ်မကြားရတော့ပေ။ မည်သူကများ သူ့အား လာရောက်နှောက်ယှက်နေသနည်း ။ လူလော တစ္ဆေလော။
တစ်နာရီလောက်ကြာလာပြန်တော့လည်း စောစောက အမျိုးသမီး၏ ငိုသံကြီးမှာ အတိုင်းသားပြန်လည်ထွက်ပေါ်လို့လာပါတော့၏။ ယခုအခေါက်တွင်တော့ ငိုသံသာမက မြေကြီး နှင့် ခြေထောက် ဆောင့်သံ တစ်ဘုတ်ဘုတ်ကိုပါ ဦးသိုက်မောင်ကြားလိုက်ရတော့သည်။
“ဘုတ် … ဘုတ် … ဘုတ် … ဘုတ် “
အသံမှာ မနားတမ်း တစ်ရစပ် ထွက်ပေါ်နေ၏။ ငိုသံနှင့် ခြေဆောင့်သံမှာ ရောထွေးကာ ဦးသိုက်မောင် တစ်ယောက် ဘယ်လိုမှ သည်းမခံနိုင်တော့။ သူတွေးလိုက်သည်။ ဘယ်သူကများ ညကြီး ဒီလိုလာလုပ်နေရတာလဲ ။ စောစောက ထွက်ကြည့်တော့လည်း ဘယ်သူမှမရှိ။ ဒီတစ်ခါတော့ ပြတင်းပေါက်ကို အသာလေးဟပြီး ချောင်းကြည့်မည်ဟု သူ စဉ်းစားလိုက်သည်။ အိပ်ခန်းပြတင်းပေါက်ကနေတစ်ဆင့် အိမ်ရှေ့ တံခါးကို သူ မြင်နိုင်သည်။ ထို့ကြောင့် ဦးသိုက်မောင်လည်း ပြတင်းပေါက်ကလေး ကို အသာဟကာကြည့်လိုက်တော့၏။
လရောင်ကြောင့် မြင်လိုက်ရသည်ကား အိမ်တံခါးပေါက်ရှေ့မှထိုင်ပြီး မြေကြီးနှင့် ခြေထောက်ဆောင့်ကာ ဆောင့်ကာ ငိုနေသော အမျိုးသမီးတစ်ယောက် ။ ဦးသိုက်မောင်လည်း ၎င်းမြင်နေရသော အရာကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။
“ဟာ ….. “
သာမန်လူတစ်ယောက်ဆိုပါက လှေကားထိပ်တွင်ထိုင်နေပြီး မည်သည့်နည်းနှင့်မျှ မြေကြီးနှင့် ခြေထောက် မထိနိုင်။ ယခုထိုအမျိုးသမီးမှာတော့ ထိရုံသာမက တစ်ဘုတ်ဘုတ်နှင့်ပင် ခြေဆောင့်နေလေ သည် ။ ခြေတံကြီးနှစ်ဖက်မှာ ရှည်လျားလွန်းလှပြီး မြေကြီးနှင့် တရွတ်တိုက်နေမို့ ဦးသိုက်မောင်တစ်ယောက်ချက်ချင်း ဆံပင်မွှေးများ ထောင်တက်သွားကာ ခေါင်းနပန်းကြီးသွားလေတော့သည်။ သူ တစ္ဆေ အခြောက်ခံနေရပြီကို ရိပ်စားမိသွားချေပြီ။
သို့သော် သတိမလွတ်စေဘဲ အိပ်ရာထဲမှ လူးလဲထကာ ဘုရားစင်မှ သောက်တော်ရေ ကိုယူသောက်လိုက်သည်။ ပုတီးကိုလည်း လည်ပင်းတွင်စွပ်ကာ ရသမျှဘုရားစာတရားစာများကို ကတုန်ကယင်ဖြင့် ရွတ်ဖတ်လေတော့၏။ သူဘုရားစာ ရွတ်နေသည့်တိုင် အိမ်အရှေ့မှ ခြေဆောင့်သံ ငိုညည်းသံကြီးမှာ ပျောက်မသွားဘဲ ကျယ်သထက်ကျယ်လာလေ၏။ ဦးသိုက်မောင်လည်း အပြီးသတ်အဖြစ် ကြေးစည် ကလေးကို ကောက်ကိုင်ကာ
“ကျ …ကျ …ကျွန်ုပ်ပြုသော …ကုသိုလ်.. အဖို့ .. ဖို့ ကို သုံး… သုံးဆယ့် တစ်ဘုံသားအားလုံးတို့အား … အ … အ … အမျှဝေပါတယ် … သာဓုခေါ်ကြပါ …..”
“နောင် …..”
“ဝုန်း …..”
ကြေးစည်လေးကို နောင်ကနဲ ထုလိုက်သည်နှင့် တစ်ပြိုင်နက် နောက်ကျောဖက်ဆီမှ အိမ်ရှေ့တံခါးမှာလည်း ဝုန်းကနဲပွင့်သွားတော့သည်။ ဦးသိုက်မောင် လှည့်ကြည့်လိုက်တော့ သူ့အား စိမ်းစိမ်းကြီးကြည့်နေသည့် မိန်းမ တစ်ယောက် ။ မျက်နှာကြီး တစ်ခုလုံးပြာဟောက်ကာ မျက်တွင်းဟောက်ပက် နှင့် ဇက်ကြီးက စောင်းလို့ ။
“အောင်မလေးဗျ …… “
ဦးသိုက်မောင်လည်း အောင်မလေးတကာ ထိုနေရာမှာပင် သတိလစ်သွားလေပါတော့၏။
++++++++++
“ကိုသိုက်မောင် … ကိုသိုက်မောင် … သတိထားပါအုံးဗျ “
“မလာနဲ့ … သရဲမ … သွား … သွား … မလာနဲ့”
ဦးသိုက်မောင် တစ်ယောက် ကိုချစ်လွင်လက်ထဲရောက်နေသည့်တိုင် အော်ဟစ်ရုန်းကန်နေလေ၏။ မနက်ပင် မိုးစင်စင်လင်းလို့နေချေပြီ။
“ကိုသိုက်မောင် … ကျုပ်ပါဗျ … ချစ်လွင်လေ ချစ်လွင်ပါ …. ဘယ်က သရဲမ တုန်း “
“မ … မဟုတ်ဖူး … ချစ်လွင်ရ …. ည… ည … ညက သရဲမ တစ်ကောင် … ငါ့ … ငါ့ဆီကို ရောက်လာတယ် “
“သတိထားပါအုံးဗျာ … ခင်များကလည်း သွေးရူးသွေးတန်းနဲ့ … ဘာသရဲမ မှ မရှိဘူး … ကျုပ်လာတော့ ခင်များ တစ်ယောက်တည်း ဒီမှာ ပုတီးကြီးစွပ်ပြီး သတိလစ်နေတာ “
ဦးသိုက်မောင်၏ ဆူဆူညံညံ အော်သံကြောင့် အနီးအနားက လူများလည်းရောက်လာကြေတာ့၏။
“ဘာဖြစ်ကြတာလဲဗျ “
“ဒီမှာ … ကျုပ်မိတ်ဆွေ သတိလစ်နေတာ ခုမှ သတိရလာလို့ … တစ်ယောက်ယောက် ဆရာ၀န်ခေါ်ပေးကြပါအုံး “
စောစောက ရောက်လာသည့်ထဲမှ လူတစ်ယောက်က
“ကျုပ်သွားခေါ်လိုက်မယ် “
ဆိုပြီးထွက်သွားတော့သည်။
“ငါ့ … ငါ့ကို ရေတစ်ခွက်လောက် အရင်ပေးစမ်းပါ ချစ်လွင်ရာ “
ထိုအခါ ကိုချစ်လွင်လည်း ရေအိုးစင်ပေါ်မှ ရေတစ်ခွက်ခပ်ကာ ဦးသိုက်မောင်အားပေးလိုက်တော့သည်။ ဦးသိုက်မောင်လည်း ကမ်းပေးသော ရေခွက်ထဲမှ ရေကို တစ်ဂွက်ဂွက်မော့ချလိုက်၏။
“ဘယ်လိုဖြစ်ရတာလဲ ကိုသိုက်မောင်ရယ် … ကျုပ်ကိုလည်း နားလည်အောင်ရှင်းပြပါအုံး “
ထိုအခါမှ ဦးသိုက်မောင်လည်း ညက ဖြစ်ကြောင်းကုန်စင်ကို ပြောပြလေပါတော့၏။ ဦးသိုက်မောင် ပြောပြီးတော့ ကိုချစ်လွင်နှင့် အတူ နားထောင်နေကြသည့် လူလေးငါးယောက်ခန့်လည်း ပါးစပ်အဟောင်းသားဖြစ်သွားကြတော့သည်။
“ဟာ …”
“ဒါကြောင့် … ညက ဝုန်းဆိုပြီး တံခါးဖွင့်တဲ့ အသံကြားလိုက်တာကိုး”
“အေးတော့ … ကျုပ်လည်း ဒီတိုင်း ပဲထင်လို့ ပြန်အိပ်လိုက်တာ … အသံကြီးကတော့ အတော်ကျယ်တယ် “
ဦးသိုက်မောင်၏ အိမ်နီးချင်း လင်မယား နှစ်ယောက်က ထိုသို့ မှတ်ချက်၀င်ပေးကြသည်။
“မင်းက စောစောစီးစီး ဘယ်လို လို့ ရောက်လာတာလဲ ချစ်လွင်”
ဦးသိုက်မောင် မေးတော့
“ခင်များအိမ်မှာ … ကျုပ် ဟိုးနေ့က ပေဘူး ကျန်ခဲ့လို့ အဲ့ဒါ ဒီနေ့ အလုပ်မသွားခင်လေး ပြန်လာယူတာ … ကျုပ်ရောက်လာတော့ ခင်များက သတိလစ်နေပြီလေ။”
သူတို့လည်း မေးလားစမ်းလား နှင့် တစ်အောင့်လောက်ကြာတော့ စောစောက ဆရာ၀န်သွားခေါ်သည့်လူပြန်ရောက်လာချေပြီ။ ဆရာ၀န်လည်း ရောက်လာပြီမို့ ဦးသိုက်မောင် အား ဆေး တစ်လုံးထိုးပေးကာ ခေတ္တအနားယူစေ၏။ နေ့လည်လောက် နိုးလာတော့ ဆေးအရှိန်ကြောင့် လူက အနည်းငယ်လန်းဆန်းနေလေ ၏။
“ကိုသိုက်မောင် … နိုးပြီလား “
ဦးသိုက်မောင် နိုးလာတော့ အနားတွင် ဆရာ၀န်နှင့် အိမ်နီးချင်းများ မကျန်တော့ ကိုချစ်လွင် တစ်ယောက်တည်းသာ ကျန်လေသည်။
“ဟ …. ချစ်လွင် မင်းအလုပ်မသွားဘူးလား “
“မသွားတော့ဘူးဗျာ … ကျုပ်လည်း ခင်များကို စိတ်မချတာနဲ့ စောင့်နေလိုက်တော့တာ … ဒီကနေ့ညတော့ … ကျုပ်အိမ်မှာပဲ လိုက်အိပ်လိုက်… မနက်ကျမှ သံဃာတွေ ပင့်ပြီး အန္တရာယ်ကင်း လေးဘာလေးရွတ်ကြတာပေါ့”
“အေးပါကွာ … အေးပါ “
ဤသို့ဖြင့်ပင် ဦးသိုက်မောင်လည်း ထိုတစ်ည အတွက်တော့ ကိုချစ်လွင် အိမ်၌သာ သွားရောက်အိပ်စက်လိုက်ရသည်။ မနက်ရောက်တော့ သံဃာငါးပါးနှင့် အိမ်နီးနားချင်းများကို ခေါ်ဆောင်ကာ အိမ်တက်မင်္ဂလာလေးကို အကျဉ်းရုံး လုပ်လိုက်ပြန်တော့၏။ ထိုထဲမှ ဆရာတော် တစ်ပါးက
“ဒကာ တို့အိမ်မှာ မကောင်းတဲ့ အငွေ့အသက်တွေ ရနေတယ် … အိမ်ကလည်း အသစ်ပြင်ဆောက်ထားတာဆိုတော့ … ပျဉ်သားတွေက အသစ်သုံးထားတာလား … အဟောင်းသုံးထားတာလား “
ထိုသို့ မိန့်တော့ ဦးသိုက်မောင် လည်း
“တင်ပါ့ဘုရား … တပည့်တော်လည်း ငွေအလုံအလောက် မသုံးနိုင်လို့ … သစ်အဟောင်းသားတွေကိုပဲ … သုံးထားရတာပါ “
ဆိုပြီး လျှောက်လိုက်ပြန်တော့ ဆရာတော်မှာ ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့်
“အိမ်း … အခုတော့ သူလည်း ကျွတ်တန်း၀င်သွားလောက်ပါပြီ … ဒကာတို့ စိတ်ချလက်ချနေလို့ ရပါပြီ “
“တင်ပါ့ “
သို့ဖြင့် အိမ်တက်မင်္ဂလာလေးမှာတော့ ကိုချစ်လွင်က ဦးစီးကာ အထမြောက်သွားခဲ့ရလေတော့၏။ ထိုနေ့မှစ၍လည်း ဦးသိုက်မောင် ၏ အိမ်အသစ်ကလေးတွင် တစ်စုံတစ်ရာ နှောက်ယှက် ခြောက်လှန့်ခြင်းများကို မကြုံရတော့ပေ။
+++++++++
အခန်း ( ၅ )
“ဘယ်နှယ့်လဲဗျ … “
“အဆင်ပြေသွားပါပြီ ချစ်လွင်ရာ … အခုမှလည်း နေရထိုင်ရတာ စိတ်ထဲ အတော်ပေါ့သွားတော့တယ် “
“အေးဗျာ … ၀မ်းသာပါတယ် …ခင်များက … ကျုပ်ပြောစကားမှ နားမထောင်တာကိုး … ဟိုက လိပ်ပြာနှုတ်မသွားတာပဲ ကံကောင်းတယ်ပြောရမယ် “
“အေးကွာ … ငါလည်း နောင်တ တော်တော်ရနေပါပြီ … ဒါနဲ့ ဟိုနေ့က ဆရာတော် မိန့်သွားပုံအရဆို …. ငါတို့ ဝယ်လာတဲ့ သစ်အဟောင်းသားတွေမှာ … ဒီတစ္ဆေမ ကပ်ပါလာပုံရတယ် …”
“အေးဗျ … ကျုပ်လည်း အဲ့ဒါစဉ်းစားနေတာ … ကျုပ်လက်သမား ဘ၀ ကြုံတောင့် ကြုံခဲဖြစ်ရပ်ပဲဗျို့ “
ကိုချစ်လွင် ထိုသို့ပြောတော့
“ငါလည်း … ဒါကို အခုထိ စိတ်ထဲ မတင်မကျဖြစ်နေတာ … အဲ့မြို့ပြင်က ပရိဘောဂကိုပြန်သွားပြီး … စုံစမ်းကြည့်ရင် မကောင်းဘူးလား”
“ကိုသိုက်မောင် သဘောလေဗျာ … ကျုပ်လည်း စိတ်၀င်စားတယ် … သွားကြတာပေါ့ “
ထို့ကြောင့်ပင် ဦးသိုက်မောင် နှင့် ကိုချစ်လွင်လည်း မြို့ပြင် ပရိဘောဂ ဆီသို့ သွားရန် အကြောင်းဖန်လာပါတော့၏။
+++++++++
ဟိုရောက်တော့ စက်ရုံပိုင်ရှင် ကိုချစ်ကောင်း နှင့် ပက်ပင်း တိုးလေတော့၏။
“ဟော … မိတ်ဆွေတို့ပါလား … အဆင်ပြေကြရဲ့လား”
“ခင်များ မေးမှ မေးရဲပါ့မလားလို့ “
ကိုချစ်လွင် ထိုသို့မေးလိုက်တော့ ကိုချစ်ကောင်း လည်း အရူးကွက်နင်းကာ
“ဘာပြောတာလဲဗျ … ကျုပ်လည်း ဘာမှမသိရပါလား”
“အော် … ဟုတ်လားဗျ … ခင်များရောင်းပေးလိုက်တဲ့ သစ်အဟောင်းသားတွေမှာ … သရဲကပ်ပါလာတာ …. ကျုပ်တို့ကို ကြိုပြောမှပေါ့”
“ဟာ … မဟုတ်တာ … ကျုပ် ရောင်းပေးလိုက်တဲ့ သစ်တွေက အသန့်တွေပါဗျာ “
ကိုချစ်ကောင်းလည်း ဟိုလိုလို ဒီလိုလိုနှင့် သူတို့ အနီးမှ မသိမသာရှောင်ထွက်သွားလိုက်တော့သည်။ ထိုအခါ သူတို့ အနီးသို့ လူတစ်ယောက်ကပ်လာလေ၏။ ထိုလူမှာ သူတို့ သစ်လာဝယ်သည့် နေ့က ကိုချစ်ကောင်း နှင့် စကားပြောနေသော ထော်လာဂျီသမားပင်။
“ကျုပ်နာမည်က … မင်းစိန်ပါ … ဟောဒီစက်ရုံက သစ်တွေ တခြားစက်ရုံက သစ်တွေကို … အတင်အပို့လုပ်ပေးတဲ့ ထော်လာဂျီသမားပေါ့ … ဟိုနေ့က ခင်များတို့ ၀ယ်သွားတဲ့ သစ်တွေ အကြောင်းကျုပ် ကောင်းကောင်းသိတယ် … အဲ့သစ်တွေကလည်း ကျုပ်ပဲ ဒီကို သယ်လာပေးတာ “
ထိုအခါ ဦးသိုက်မောင်က
“အေး … လာကွာ … လက်ဖက်ရည်သောက်ရင်း အေးဆေးပြောကြတာပေါ့ “
ဟုဆိုကာ သုံးယောက်သား လက်ဖက်ရည်ဆိုင်လေးဆီသို့ ထွက်ခဲ့လိုက်ကြတော့၏။
+++++++++
“ဆိုစမ်းပါအုံး … မောင်မင်းစိန်ရ”
“ဒီလိုဗျာ … အဲ့သစ်တွေက တကယ်တမ်းပြောရရင် သာမန်သစ်အဟောင်းသား အသန့်တွေပါပဲ … ဒါပေမယ့် အဲ့သစ်တွေရဲ့ မူလဇာစ်မြစ်က မသန့်တာ”
“ဟေ … ဘယ်လိုတုန်း … နားလည်အောင်ပြောစမ်းပါ “
ကိုချစ်လွင်မေးလိုက်တော့
“ဒီသစ်အဟောင်းသားတွေက … ပြီးခဲ့တဲ့နှစ်ထဲ လူသေထားတဲ့ အိမ်က သစ်တွေပဲ … အဲ့အိမ်မှာ လင်မယား နှစ်ယောက်နေကြတယ်ဗျ … သားသမီးလည်းမရှိကြရှာဘူး … တစ်နေ့ သူတို့ လင်မယား စကားများရာကနေ ယောကျာ်း ဖြစ်သူ ခရီးထွက်သွားတော့ … ဇနီးဖြစ်သူက အဲ့အိမ်မှာပဲ ကိုယ့်ကိုယ့်ကို ကြိုးဆွဲချသေသွားတာ”
“ဟေ ..”
“ဟောဗျာ “
ဦးသိုက်မောင် နှင့် ကိုချစ်လွင်လည်း အံ့ဩသွားရတော့သည်။
“ဟုတ်တယ်ဗျ … အဲ့အမျိုးသမီးသေပြီး ကတည်းက အဲ့အိမ်မှာ သူ့ယောကျာ်းတောင် နေလို့မရဘူး … ခြောက်လိုက်တဲ့သရဲဆိုတာလေ … နေ့ခင်းဘက်တောင် လမ်းပေါ်က လူတွေကို လက်ယပ်ခေါ်ေနတာ တွေ့ရတယ်ဆိုပဲ … အစိမ်းသေဆိုတော့ မကျွတ်ဘူးထင်တာပဲဗျာ …. အနီးအနားက လူတွေကတော့ ဒီအိမ်ကြီး အကြောင်းကောင်းကောင်းသိကြတယ် … အိမ်ကြီးက လူလည်းနေမရ … ရောင်းလည်း မထွက်ဆိုတော့ … သူ့အမျိုးသား ဖက်က ညီကိုမောင်နှမတွေ တိုင်ပင်ပြီး … အိမ်ကြီးကို ဖျက်လိုက်ကြတာပဲ “
“အေးဗျာ … ကြောက်စရာလည်းကောင်းသလို … စိတ်လည်းမကောင်းစရာပဲဗျ “
ကိုချစ်လွင်က ထိုသို့၀င်ထောက်ခံလေ၏။ မင်းစိန်မှာတော့ ဖန်ခွက် အောက်ခြေလောက်သာ ကျန်သော ပေါ့ဆိမ့်ကလေးကို အရသာခံရင်း သောက်ချလိုက်၏။
“နောက်တော့ … အဲ့အိမ်က သစ်တွေကို ကျုပ်ပဲ ဒီစက်ရုံကိုပို့ပေးလိုက်တာ… အဲ့သစ်တွေရောက်ကတည်းက စက်ရုံမှာလည်း … ညတိုင်း မိန်းမငိုသံလိုလို … မိန်းမအရိပ် လိုလို သဏ္ဍာန်တွေအသဲတွေကို စက်ရုံမှာ ကျန်ခဲ့တဲ့ ကောင်လေးတွေ တွေ့ရကြားရတယ်ပြောတယ် … အဲ့နေ့ ခင်များတို့ အဲ့သစ်အဟောင်းသားတွေ လာ၀ယ်တော့ ကျုပ်တော့ တစ်ခုခုထူးတော့မှာပဲ ဆိုပြီးတောင် … တွေးမိသေးတယ်ဗျ …. နောက်ပြီးဗျာ ခင်များတို့လည်း ကိုချစ်ကောင်းကိုလည်း အပြစ်မမြင်ကြနဲ့ပေါ့ဗျာ … သူလည်း သူ့စီးပွားရေး သူလုပ်ရတာလေ “
“ကျုပ်တို့ အပြစ်မမြင်ပါဘူး … သေဆုံးသူ အမျိုးသမီးကိုလည်း ကျုပ်တို့တွေ အမျှ အတန်းဝေပေးပြီးပါပြီ”
ထိုအခါ ဦးသိုက်မောင်က
“အေးပါ … မင်းစိန်ရာ … မင်းကိုလည်းအခုလို ပြောပြပေးလို့ ကျေးဇူးတင်တယ်… ငါလည်း ကပ်စေးကုပ်မိတဲ့ အကျိုးကျေးဇူးတွေကို ကောင်းကောင်းကြီးခံလိုက်ရတာ … သင်ခန်းစာတော့ ရတာပေါ့ကွာ … ဟား ဟား ကိုင်း … ချစ်လွင်ရေ … အကျိုးအကြောင်းသိရပြီဆိုတော့ ငါတို့လည်းပြန်ကြရအောင် …”
“ကောင်းသားပဲဗျ … ဒီက ညီလေး မင်းစိန် လည်း ကျုပ်တို့ကို ခွင့်ပြုအုံး”
“ကောင်းပါပြီဗျာ … ကောင်းပါပြီ “
ပြီးနောက် ဦးသိုက်မောင်နှင့် ကိုချစ်လွင်လည်း မင်းစိန်အား နှုတ်ဆက်ကာ ထွက်လာခဲ့လိုက်ကြတော့သည်။ ထော်လာဂျီသမားလေး မင်းစိန်မှာတော့ လက်ဖက်ရည်ဆိုင်ထဲမှ သူတို့အား လက်ပြနှုတ်ဆက်ကာ ကျန်ရစ်ခဲ့လေပါတော့သတည်း ။
+++++++++
ထိုနေရာမှ အပြန် ဦးသိုက်မောင်လည်း မြို့ဦးဘုန်းကြီးကျောင်းထဲသို့၀င်ကာ ဘုရားပန်းကပ် ဆီမီးပူဇော်ပြီး စိတ်ထဲမှလည်း ကွယ်လွန်သူ အမျိုးသမီးအတွက် ရည်းစူး ကုသိုလ်ပြုပေးလိုက်တော့သည်။
အေးချမ်းသော ဘုန်းကြီးကျောင်းပတ်၀န်းကျင်က သူ၏စိတ်အစုံကို ကြည်လင်လန်းဆန်းစေ၏။ သစ်ရိပ်ဝါးရိပ်များနှင့် အတူ ကျေးဌက်ကလေးများ၏ တဆာဆာ အော်မြည်သံလေးများက ကျက်သရေရှိလှသည်။ စေတီကြီး၏ ပတ်ပတ်လည်ရှိ ဆည်းလည်းသံလေးများကလည်း တချွင်ချွင် တလွင်လွင် ထွက်ပေါ်ရင်း ………………
( ပြီးပါပြီ )
ဆက်လက်ကြိုးစားပါအုံးမည်
သူရေး
(စာရေးသူ ကိုယ်၌လည်း မန္တလေးရွှေမြို့တော် ကြီး ဆီ မရောက်ဖူးသည်မို့ နေရာဒေသအထားအသိုများ ကွဲလွဲသည်ရှိသော် ညည်းခံဖတ်ရှုပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။ )