” သမန်းကျားဒဏ္ဍာရီ ” (စ/ဆုံး)
================================
“ဥသျှစ်ကုန်းမှာ ညက နွားတစ်ကောင်ကို သမန်းကျား ကိုက်သွား ပြန်ပြီတဲ့”
မနက်မိုးလင်းသည်နှင့်တစ်ပြိုင်နက် သတင်းဆိုးက ရွာရိုးကိုးပေါက် ရောက်တော့သည်။
အမှန်မှာ ဤသတင်းမှာ မဆန်းတော့၊ ခုတစ်လော နေ့စဉ်လိုလို တစ်ရွာမဟုတ် တစ်ရွာတွင် နွားတစ်ကောင်ကို သမန်းကျားကိုက်ပြန်ပြီ ဟူသော သတင်းကို ကြားနေရသည်။
ကျားဆိုးများ သောင်းကျန်းတတ်သော နတ်တော်လမှသည် ယခု ပြာသိုလအထိ ရောက်လာ၏။ နတ်တော် ပြာသိုလများမှာ ကျားများ မိတ် လိုက်ရာသီဖြစ်သဖြင့် သောင်းကျန်းတတ်သည်မှာတော့ မဆန်း။ သောင်း ကျန်းလာသော ကျားဆိုးများကို နယ်ခံမုဆိုးများက တစ်နည်းနည်းနှင့် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသည်မှာလည်း နှစ်တိုင်းလိုလိုပင်။
သို့သော် ယခု တစ်လနီးပါး သောင်းကျန်းနေသော ကျားဆိုးကို တော့ အဘယ်မည်သော မုဆိုးကမျှ မဖမ်းဆီး မသတ်ဖြတ်နိုင်ကြသေး။ ထို့ကြောင့်လည်း ယခုသောင်းကျန်းနေသော ကျားဆိုးကို ရွာသူရွာသား တွေက သမန်းကျားဟု သမုတ်ပြီး အကြောက်ကြီး ကြောက်နေကြသည်။
သူတို့ ယုံကြည်သမုတ်ထားကြသော သမန်းကျားဆိုသည်မှာလည်း သူတို့ ပြောပုံအရ ဆိုလျှင် ကြောက်စရာ သမန်းကျားဆိုသည်မှာ လူက ဖြစ်သွားသောကျား။ လူစိတ်နှင့် ကျားကိုယ် ဖြစ်သည်။
ထို့ကြောင့် ကျားဖမ်းနေကျ မုဆိုးကျော်ကြီးများပင် ယခုအခါ လက်မှိုင်ချရတော့မလို အရှုံးပေးကြရတော့မလို ဖြစ်နေကြ၏။ သမန်းကျားပုံပြင်မှာ ကြောက်စရာကောင်းသလို၊ လွမ်းစရာ သနားစရာလည်း ကောင်းသည်။ မှော်အတတ်ကို တစ်ဖက်ကမ်းခတ်အောင် တတ်သော မှော်ဆရာကြီးတစ်ယောက်သည် တစ်နေ့တွင် ချေသား စားချင်သဖြင့် သူ့တပည့်အား ကျားအဖြစ် ဖန်ဆင်းကာ တောထဲလွှတ်လိုက်သည်။
လူကနေ ကျားအဖြစ် ဖန်ဆင်းထားသော သမန်းကျားသည် ချေတစ်ကောင်ကို ကိုက်ပြီး သူ့ဆရာဆီ ပြန်လာ၏။ ချေတစ်ကောင် ကိုက်ချီ၍ ပြန်လာသော သူ့တပည့်အား မှော်ဆရာကြီးသည် သူ့တပည့်ချွတ်ပုံ ခဲ့သော ပုဆိုးနှင့်ပစ်ပေါက်လိုက်၏။ သူ့အဝတ်ပုဆိုး သူ့ကိုယ်ကို ထိ ထည်နှင့် တစ်ပြိုင်နက် မှော်ဆရာတပည့် သမန်းကျားသည် ချက်ချင်း ုပြန်ဖြစ်သွားလေသည်။
သည်လိုနှင့် သမန်းကျားအတတ်ကို သင်ပြီး ရွာပြန်သွားသော တပည့်သည် မကြာခင် မိန်းမ ရသည်။ တစ်နေ့၌ မိန်းမက သားငါး တင်းလျာမရှိကြောင်းညည်းလေရာ သမန်းကျားအတတ်ကို မိန်းမအား ပြသည်။ ယောက်ျားက “မင်း ဟင်းလျာမရှိရင် ငါ ကျားအဖြစ်နဲ့ ချေတစ်ကောင် ကိုက်ပြီး ပြန်လာရင်၊ မင်း ဘာမှ မကြောက်ပါနဲ့၊ ငါချွတ်ထားတဲ့ အဝတ်နဲ့သာ ငါ့ကိုယ်ကို ထိအောင်ပစ်၊ ငါ့အဝတ် ငါ့ကိုယ်ကို ထိတာနဲ့ လူပြန်ဖြစ်သွားလိမ့်မယ်” ဟု မှာထားခဲ့ပြီး တောထဲထွက်သွားသည်။
မကြာခင်မှာပင် သမန်းကျားအဖြစ်နှင့် ချေတစ်ကောင်ကို ကိုက်ပြီး ပြန်လာသော ယောက်ျားကို မိန်းမဖြစ်သူက ကြောက်ကြောက်နှင့် လန့် အော်လိုက်ရာ ရွာသူရွာသားများပါ ပြေးလိုက်လာကြသဖြင့် သမန်းကျားက အသေကောင်ကို ပစ်ချထားခဲ့ပြီး တောထဲထွက်ပြေးသွားရ၏။
နောက်တစ်နေ့သောအခါ သမန်းကျားမှာ သူ့မိန်းမဆီ ချေတစ် အောင်ကိုက်၍ ရောက်လာပြန်၏။ သူ့မိန်းမကလည်း ပထမနေ့ကကဲ့သို့ယောက်ျား သမန်းကျားကို မြင်သည်နှင့် လန့်အော်ပြန်ရာ သမန်းကျားမှာ တောထဲဝင်ပြေးရပြန်၏။ သည်လိုနှင့် ခုနစ်ရက်ပြည့်သည်အထိ ချေတစ်ကောင်ကိုက်ကာ သူ့မိန်းမဆီကို သမန်းကျားက ရောက်လာပြန်၏။
ထိုနေ့မှာလည်း သူ့မိန်းမက ခင်ပွန်းယောက်ျား သမန်းကျားက မှာထားခဲ့သော စကားကို သတိမရဘဲ ကြောက်ရွံ့၍အော်ပြန်ရာ ရွာသူ ရွာသားတွေမှာ သမန်းကျားကို ဝိုင်းလိုက်ကြပြန်သည်။ ထိုအခါ ခုနစ်ရက် လွန်သွားသော သမန်းကျားမှာလည်း စိတ်ဝင်ကာ တကယ့်ကျားဖြစ် သွားလေသည်။
သူ့မိန်းမကို စိတ်နာသွားသော သမန်းကျားသည် ဒေါသအမျက် ထွက်ကာ သူ့မိန်းမနှင့်တကွ တစ်ဆွေလုံး တစ်မျိုးလုံးကို ကိုက်သတ်ပြီး ကျားဘဝနှင့်ပင် သေသည်အထိ နေသွားရသည်ဟူ၏။
ယခု သူတို့ ရွာနီးချုပ်စပ် တစ်ဝိုက်တွင် သောင်းကျန်းနေသော ကျား မှာလည်း သမန်းကျား ဖြစ်၍သာ ယခုထိ မုဆိုးကြီးများပင်မဖမ်းနိုင်သေး။ ဤသမန်းကျားသည် ကြာလာလျှင် လူတွေကိုပါ ကိုက်လာလိမ့်မည်ဟု တုန်လှုပ်ချောက်များလာကြသည်။
ဤသည်ကို မခံမရပ်နိုင် ဖြစ်နေသူမှာ မုဆိုးကျော်ကြီး ဦးဘာဟိုး ဖြစ်သည်။ ဦးဘာဟိုးမှာ ဤနယ်တစ်ဝိုက်၌ နာမည်နှင့်လိုက်အောင် ဟိုးဟိုးကျော်နေသော မုဆိုးကျော်ကြီး ဖြစ်၏။ နှစ်စဉ်နှစ်တိုင်း ကျား
သောင်းကျန်းများကို နှိမ်နှင်းနေကျ။ ဤနှစ် ဤကျားဆိုးကျမှ သူ့လက်က လွတ်သွားသည်ဆိုလျှင် သူ့နာမည် ဤနယ်တစ်ဝိုက်၌ ကျတော့မည်။ သူ့ နာမည်ကျသလို ဤကျား၏နာမည်က ပိုတက်လာမည်။ အလိုလိုကမှ သမန်းကျားဟု သမုတ်ထားကြလေရာ ဤကျားသာလူယောက်ျား၊ လူမိန်းမ ကလေးသူငယ်ကအစ တစ်ဦးဦးကို ကိုက်လျှင် ထိုရွာက လူများသည် ရွာကို ပစ်၍ပင် ပြေးကြတော့မည့်အခြေအနေ ရှိနေသည်။
ထို့ကြောင့်လည်း မုဆိုးကျော်ကြီးဦးဘာဟိုးသည် ဤသမန်းကျားကို အသေရရ၊ အရှင်ရရ ဖမ်းမိနိုင်အောင် မအိပ်မနေ ကြိုးစားနေသည်။
သမန်းကျား သည်ရွာက နွားကို ကိုက်သွားသည်ဟု သတင်းရသည်နှင့် တစ်ပြိုင်နက် နာရီပိုင်းအတွင်းမှာပင် ထိုရွာကို ဦးဘာဟိုး ရောက်သွားပြီး သမန်းကျား ကိုက်သွားသော နွားအသေကို လေ့လာပြီး ဦးဘာဟိုးသည် သုတ်ကိုင်းထောင်ချောက် ထောင်ရပြီ။ ထိုသို့ ဦးဘာဟိုး သုတ်ကိုင်းထောင်ချောက်ထောင်လာခဲ့သည်မှာ အကြိမ်လေးငါးခါလည်း ရှိခဲ့ပြီ။
သမန်းကျားကိုမူကား ယခုထိ မမိနိုင်သေး။ ဤသမန်းကျား၏ ထူးခြားဆုံးအချက်မှာ သူ ကိုက်သတ်စားသောက်သွားသော ကျွဲနွား ဆီ နောက်ထပ်တစ်ခါ လာမစားခြင်းသာ။ စားကြွင်းစားကျန်ဆီ ပြန်မလာဘဲ နောက်တစ်နေရာရာမှ နောက်ထပ်တစ်ကောင်ကောင်ကို ကိုက်သတ်စားသောက်သွားသော သတင်းပင်။
ထို့ကြောင့်လည်း မုဆိုးကျော်ကြီး ဦးဘာဟိုးမှာ သတင်းကြားတိုင်း လိုက်နေရသည်မှာ မောနေပြီ။ ဤရွာသို့ ဦးဘာဟိုး ရောက်လာပြီး နောက်တစ်နေ့ မနက်မှာ နောက်တစ်ရွာ၌ ကျွဲနွားတစ်ကောင်ကောင်ကို
သွားကိုက်ပြန်ပြီဟု ကြားရတတ်သည်။ သို့သော် ဦးဘာဟိုးက လုံးဝ စိတ်ကူး မလျှော့သေး။ သမန်းကျားကို မသတ်ရမချင်း၊ မဖမ်းရမချင်း ဦးဘာဟိုးသည် ဇွဲနပဲကြီးစွာနှင့် သမန်းကျားကို လိုက်ရှာလျက် ရှိလေသည်။
🐯 🐯 🐯
သမန်းကျားကို အငြိုးအတေးကြီးစွာနှင့် သဲကြီးမဲကြီး လိုက်ရှာသောဦးဘာဟိုးသည် ဤနေ့မနက်မှာတော့ သမန်းကျား ကိုက်သွားသံကို မကြားရဘဲ သမန်းကျား၏ ခြေရာတွေ့ကြောင်းကိုသာ ကိုင်းတောရွာဘက်မှ ကြားရသည်။ ဦးဘာဟိုး ချက်ချင်းလိုက်သွား၏။
ဦးဘာဟိုး ရွာကို ရောက်လာသည်ဟူသော သတင်းနှင့်အတူ ရွာလူကြီးက ဦးဘာဟိုးကို သမန်းကျားခြေရာ တွေ့ခဲ့သည်ဆိုသူနှင့် ဦးဘာဟိုးကို အရေးတကြီး တွေ့ပေး၏။ အချိန်မှာ နံနက်ကိုးနာရီခန့်သာ ရှိသေးရာ ဦးဘာဟိုးသည် ထိုသူနှင့်အတူ သမန်းကျားခြေရာကို လိုက်ကြည့်သည်။
သမန်းကျား ခြေရာတွေ့သော နေရာမှာ လယ်ကွင်းဘေးရှိ နွားတင်းကုပ် ပတ်ပတ်လည်တွင် ဖြစ်သည်။ နွားရှင်မှာ သမန်းကျားရန်ကို စိုးရိမ်၍ ထိုနေ့ညနေကပင် သူ၏နွားများကို ရွာထဲသွင်းသိပ်သူ ဦးလူမောင် ဖြစ်လေသည်။ ဦးဘာဟိုးသည် ဦးလူမောင် ပြသော သမန်းကျား ခြေရာကို သေသေချာချာ လေ့လာသည်။ ခြေရာကို လက်နှင့် ကန့်လန့်ဖြတ် ထွာ ကြည့်သည်။ နှီးပြားနှင့် တိုင်းသည်။
သမန်းကျား၏ အလျားအနံကို ခန့်မှန်းသည်။ ချက်ချင်းရွာကို ပြန်ပြီး ဝါးထောင်ချောက်ကြီး တစ်ခုကို ရွာသားများ အတူအညီနှင့် နေ့ချင်းအပြီးလုပ်သည်။
နေမညိုခင် ထိုဝါးထောင်ချောက်ကြီးကို ရွာပြင်တောစပ် ထုတ်ကြ သည်။ ဝါးထောင်ချောက်ကြီးမှာ ကြိမ်သတ်ကြိမ်နွယ်များနှင့် အခိုင်အခံ့ ပြုလုပ်ထားသဖြင့် ရွာသားကြီးလေးယောက်မှာ တနင့်တပိုး ထမ်းကြရ သည်။ မုဆိုးကြီး ဦးဘာဟိုးကမူ ထောင်ချောက်နေရာ ပြရန် ရှေ့က သွား၏။
သူ့နောက်တွင် ဝါးထောင်ချောက်ကြီး ထမ်းလာသူ လေးယောက် အပြင် တစ်နှစ်သား နွားကလေးတစ်ကောင်ကို ကြိုးတန်းလန်းနှင့် ဆွဲခေါ် လာသူ ရွာသားကြီးတစ်ယောက်လည်း ပါလာသေးသည်။
တောထဲ ရောက်လာသောအခါ ဝါးထောင်ချောက်ကို ဦးဘာဟိုးက ဦးဆောင်၍ ထောင်၏။ ထောင်ချောက်မှာ ရှေ့တစ်ခန်း၊ နောက်တစ်ခန်း ပါသည်။ ရှေ့ခန်းနှင့် နောက်ခန်းကို ခိုင်ခံ့သော ဝါးလုံးကြီးများနှင့် ကာရံ ထားသည်။ သုံးလံခန့်ရှည်သော ဝါးထောင်ချောက်ကြီးတွင် ရှေ့တစ်ပေါက်၊ နောက်တစ်ပေါက်ကို ပိတ်သော တံခါးနှစ်ပေါက် ပါသည်။ အမှန် မှာ စတုဂံရှည်မျောမျောဖြစ်သော ကျားထောင်ချောက်တွင် ရှေ့နောက် ဆိုသည်မှာ သင်္ကေတသာရှိပြီး၊ နှစ်ဖက်စလုံး တံခါးတစ်ခုစီနှင့် အားလုံး ပြုလုပ်ထားပုံချင်း အတူတူသာ။
ဝါးထောင်ချောက်၏ အလယ်ဗဟိုတည့်တည့်တွင် နှစ်ဖက်တံခါးကို ထိန်းထားသော တံခါးတိုင်တစ်လုံး ပါသည်။ ထိုတံခါးတိုင်ထိပ်ရှိ မောင်း လက်တံကြီးတွင် တံခါးနှစ်ပေါက်စလုံးကို အဖွင့်အပိတ်ဖြစ်စေနိုင်သော တံခါးခလုတ် အလေးတုံးတစ်ခု ရှိသည်။
နောက်ဘက်ဟု သင်္ကေတပြုထားသော ထောင်ချောက်ထဲသို့ နွား ကလေးကို ထည့်လိုက်ကြသည်။ တံခါးအတွင်းဘက်ရှိ ကြမ်းခင်းပြင်ကို နွားကလေး နင်းလိုက်သည်နှင့် တစ်ပြိုင်နက် အသေးခလုတ်ပြုတ်ပြီး ဂျိန်း ခနဲ တံခါးပိတ်သွား၏။
နွားကလေး ထောင်ချောက်ထဲက လုံးဝမထွက်နိုင်တော့။
ဤနွားကလေး ထောင်ချောက်ထဲက လွတ်ရန်မှာ တစ်ဖက်အခန်း ကို ကျားဝင်နင်းပြီး အလေးတုံးခလုတ် ရွေ့သွားကာ ကျားဝင်တံခါး ပိတ် သွားမှ အလိုလိုလွတ်ထွက်သွားမည် ဖြစ်သည်။ ဦးဘာဟိုးဦးဆောင်ပြီး နွားကလေးကို ထောင်ချောက်ထဲ သွင်းကြသည်။
နွားကလေး ထောင်ချောက်ထဲ ရောက်သည်နှင့် တစ်ဖက်ကျားဝင်တံခါးမှာ အလိုလိုပွင့်သွားသည်။ ဤသည်ကို စိတ်ချရအောင် ဦးဘာဟိုး သုံးကြိမ်သုံးခါ စမ်းသည်။ စိတ်ချရပြီဆိုမှ ဝါးထောင်ချောက်ပတ်ပတ်လည်ကို သစ်ခက်သစ်စိမ်းများနှင့် ကာရံပြီး အရောင်ဖျောက်ကြသည်။
ထိုအချိန်တွင် နေကလည်း ဝင်သွားပြီ ဖြစ်ရာ၊ ဦးဘာဟိုးနှင့်တကွ ရွာသားကြီးတွေမှာ နွားကလေးအော်မြည်နေသံကို နားစွင့်ကာ ငါးထောင်ချောက်ကြီးကိုသာ စောင့်ကြည့်နေကြလေသည်။
🐯 🐯 🐯
ဦးဘာဟိုး ကြိုတင်တွက်ဆထားကြသည့် အတိုင်းပင် ညက နွား တစ်ကောင်တလေမှ မကိုက်ရ မစားရသေးသော သမန်းကျားကြီးသည် တောဝန်းကျင်၌ပင် ရှိနေသေး၏။ ထို့ကြောင့်လည်း နွားကလေး မြည်သံကြားရသောအခါ မှောင်အောင်ပင် မစောင့်နိုင်တော့ဘဲ ချက်ချင်း
လာလေ၏။ ဦးဘာဟိုးနှင့်တကွ ရွာသားကြီး ငါးယောက်မှာ သမန်းကျားဟု သော ကိုးတောင်ကျားကြီးကို မျက်တောင်မခတ် စိုက်ကြည့်ကာ တဒင်္ဂ သက်ရှူရန်ကိုပင် မေ့ထားကြသည်။
ကျားကြီးကို မြင်သောအခါ နွားကလေးမှာ တအားအော်မြည်ပြီး ဝါးထောင်ချောက်ထဲတွင် ခုန်ပေါက်နေ၏။ အမြီးထောင်ပြီး ဝါးထောင်ချောက်ထဲတွင် ခုန်ပေါက်နေသော နွားကလေးကို ကျားကြီးက ပထမ အားရပါးရ ဟိန်းဟောက်ပြီး ခုန်အုပ်၏။
သို့သော် လေးဘက်လေးတန်မက အပေါ်ကပါ ဝါးလုံးကြီးများနှင့် စီပိတ်ထားသော ထောင်ချောက်ထဲက နွားကလေးကို မကိုက်မိ၊ သူသာ ထောင်ချောက်ဝါးလုံးတွေနှင့် တိုက်မိကာ နောက်ကျွမ်းပစ်ကျလာ၏။
ကျားကြီးက ပို၍ ဒေါသဖြစ်လာသည်။
နွားကလေးမှာလည်း ကြောက်ရွံ့ ကာ ပို၍အော်မြည်လာ၏။
သမန်းကျားကြီးသည် ထောင်ချောက်ထဲရှိ နွားကလေးကို အားမလို့ အားမရ ကြည့်တာ ထောင်ချောက် ဝါးလုံးအကာအရံတွေကို ပြေးကိုက်သည်။ ဆွဲခါသည်။ သို့သော် အခိုင်အခံ့ လေးငါးတန်တုပ်ချည်ထားသော ဂင်းပိတ်တင်းဝါး အရင်းပိုင်းတွေမှာ ဂြင်ဂြင်
(မာကျော) မြည်သံသာ ပေါ်လာသည်။ ကျားစွယ်က လုံးဝ မတိုးနိုင်။
ထိုအခါ သမန်းကျားကြီးသည် ထောင်ချောက်ထဲက နွားကလေးကို ကိုက်သတ်ရန် လှည့်ပတ်၍ ဝင်ပေါက်ရှာသည်။ ဦးဘာဟိုးအပါအဝင် လူတွေမှာ ရင်တထိတ်ထိတ်နှင့် အသက်ရှူမှားမတတ် စောင့်ကြည့်နေ ကြ၏။ ထောင်ချောက်ရှေ့ဘက်မှ ဝင်ပေါက်တစ်ပေါက်ကိုတွေ့သွားသော သမန်းကျားသည် နွားကလေးကို ကိုက်ရန် ချက်ချင်းခုန်ဝင်လာ၏။
သမန်းကျား ထောင်ချောက်ကြမ်းခင်းပြင် နင်းလိုက်သည်နှင့် တစ်ပြိုင်နက် မောင်းတံလက်က တစောင်းပြန်သွားသည်။ ထိုအခါတွင် အလေးနှင့် ချိန်ထားသော နွားကလေးရှိရာဘက်က တံခါးမှာ အလိုလို ပွင့်သွားပြီး ကျားကြီးရှိရာဘက်က တံခါးက ဂျိန်းခနဲမြည်သံနှင့်အတူ အလိုအလျောက် ပိတ်သွားလေ၏။
နွားကလေးသည် တဗွတ်အဲအဲ အော်မြည်ကာ ရွာဘက်ကို အမြီးထောင်၍ ပြေးသွား၏။ ကျားကြီးကမူ ဝါးထောင်ချောက်ထဲ နေလေပြီ။
ထိုအခါ ဦးဘာဟိုးက …
“ကဲ… ခင်ဗျားတို့ပြောတဲ့ သမန်းကျားကြီးတော့ မိနေပြီ၊ သစ်ပင် ပေါ်က ဆင်းကြတော့” ဟု …
ပြောလည်းပြော၊ ဆင်းလည်းဆင်းနှင့် … မြေပြင်ကို သူ အလျင်ရောက်သွားလေ၏။
ဆရာဖိုးကျော့✍👸
ကျားဘီလူးနှင့် တောကြီးဝင်္ကပါ မုဆိုးဝတ္ထုတိုများ၊စာမျက်နှာ ၁၈ – ၂၄။
စာရိုက် – စလေ ငနော့ .မှ..ကူးယူပါသည်
#crd