တွင်းကြီးဝမ်းမောင်
သမုဒယရန်ငြိုး
အိပ်တန်းဆင်းစ တောကြက်တို့သည် တစ်တောလုံး အပြိုင်အဆိုင်ဖြင့် သူတစ်ပြန် ကိုယ်တစ်ပြန် တစ်လှည့်စီ တွန်ကျူးနေကြသည်မှာ အားနှင့် မာန်နှင့် တက်တက်ကြွကြွ။
ကြက်ဖများ အတောင်ရိုက်ခတ် တွန်ကျူးသံ၊ ကြက်မများ ဖိုခေါ် သည့် ကတော်… ကတော်… ကတော် ဟူသော မြည်သံ၊ ဘုတ်ပူသံ၊ ချိုးကူသံ၊ ဆက်ရက်မြည်သံ၊ ကျေးငှက်ပေါင်းစုံ အိပ်တန်းဆင်းသံတို့ဖြင့် တောအုပ်တစ်ခုလုံး ဆွတ်ပျံ့ကြည်နူးဖွယ်ပင်။
ငလုံးတို့ သမင်ခြောက်မည့်အဖွဲ့မှာ ဝေလီဝေလင်းကပင်လျှင် သမင်ထက် ဝီရိယကောင်းပြီး ပန်းပင်ကုန်း မန်ကျည်းပင်တောဆီ လူရော ခွေးပါ ရောက်လာကြပြီ။
သမင်ခြောက်မည့်လူက ကိုးယောက်။ ခွေးအုပ်က ဆယ့်တစ်ကောင်။
အလျား ဆယ်တောင်၊ အနံ ဆယ်တောင်ရှိသော ပတ်လည်ပိုက်ကြီးကို မန်ကျည်းနှစ်ပင်ကြားထောင်ရန် ပြင်ဆင်နေသည်မှာ တက်ညီလက်ညီ။
သမင်ထောင်ပိုက်ကို ပိုက်ဆံလျှော်ကြိုးဖြင့် ပိုက်ကြိုးတစ်ချောင်းလျှင် လက်ကောက်ဝတ်ခန့် တုတ်အောင် ကျစ်ထားပြီး အကွက်ကျဲ ရက်ထား၏။ သည်ပိုက်က သမင်ရနေကျ ပွဲတိုင်းစွံပိုက်။
မန်ကျည်းပပ် နှစ်ပင်ကြား၌ မြေမှ သုံးတောင်ခန့် ခွာပြီး သမင်ပိုက်ကို ထောင်ထားသည်။ ဟာနေသော မြေနှင့်ပိုက်ကြား၌ ချုံများမှ အကိုင်းအခက်တို့ကို ခုတ်၍ ချုံသဏ္ဌာန် ပိုက်အောက်က ပြုလုပ်ပေးရသည်။
သမင်သည် အခုန်သန်သည့် အကောင်။ ထို့ကြောင့် ခုန်၍ ကျော်ထွက်မသွားနိုင်စေရန် မြေမှ သုံးတောင်အမြင့်ခန့် ပိုက်ဆင်ထားရသည်။ မြေပေါ်သက်သက် ဝါးတိုင်စိုက် ထောင်လျှင် ပိုက်မှန်းသိက မခုန်ဘဲ မတိုးဘဲ နေတတ်သည့် အကောင်။
သူ့သဘောက ချုံကိုခုန်ကျော်သည့် သဘောမျိုးမှာသာ ရဲရဲတိုး ရဲရဲခုန်သည်။ သည်အထာသိမှ သမင်သား စားရမည်။
ငလုံးတို့အဖွဲ့က ကျွမ်းကျင်ပြီးသား။ သဏ္ဌာန်ချုံ လုပ်၍ အပေါ်မှ ပိုက်ထောင်သည်။ ပိုက်ဘေးဘယ်ညာ ရှိနေသော သစ်ပင်ချုံနွယ်များ အဆက်အစပ်မရှိဘဲ ဟာလာဟင်းလင်းဖြစ်နေက ထိုနေရာမှ သမင်ထွက်တတ်သည်။ ထို့ကြောင့် ဆီးကိုင်း၊ ချင်ရဲကိုင်း၊ မိုးနှံကိုင်း၊ နပဲကိုင်းတို့ကို ပိုင်းခုတ်၍ အားလုံး တစ်ဆက်တစ်စပ်တည်း ဖြစ်စေရန် လုပ်ပေးသည်။
သဘောက ငုံးထောင်ရာ ‘ဝ’ထိုးသကဲ့သို့ လုပ်သောသဘော၊ ပိုက်ဆီ တန်းသွား၍ ရဲရဲတိုးဝံ့စေရန် စည်းတားပေးသောသဘော၊ လူပင်ပန်းသည့်တိုင် သည်နည်းက အောင်မြင်နေကျနည်း။
“ငလုံးအဖေ ငတောသာ ပါလာရင် ပိုကောင်းမှာကွာ၊ အရေးထဲ ဒီကောင်က မြို့သွားရတယ်လို့၊ တို့အင်အားလျော့တာပေါ့”
သမင်လိုက်ခေါင်းဆောင် ငကျင်၏ စကား။ ငကျင်သည် ငတောနှင့် တောလိုက်ဝါတူ သမ္ဘာတူ။ သို့ရာတွင် စေ့စပ်မှု၊ သေချာမှုနှင့် အမြော်အမြင်၌ ငလုံးအဖေ ငတောလောက် မုဆိုးမျက်စိ မရှိဟု ငကျင်က ဝန်ခံထားသည်။
“အဖေလည်း ကြွက်ဆီနဲ့ စပါးကြီးမြွေအရေခွံ၊ ပျားရည်ရောင်းစရာရှိလို့ လှည်းကြုံတာနဲ့ လိုက်သွားရတာ ဦးလေးကျင်။ ပွဲကြီးပွဲကောင်း လွတ်သွားလို့ တဖွဖွ ညည်းသွားတယ်။ ခြောက်သာခြောက်တဲ့၊ သမင်ရမှာ သေချာတယ်၊ ဒါပေမဲ့ ခွေးအုပ် အားကောင်းပစေလို့ မှာသွားတယ်”
“ခွေးဆယ့်တစ်ကောင်ပဲကွာ၊ မင်းတို့ မင်းအဖေတို့ ရခဲ့တဲ့ ကျားသစ်မျိုးဆိုရင် ခွေးတစ်ကောင် တစ်ချက်ကိုက်တာနဲ့ သေပါတယ်။ ကဲဟေ့… သပ်သပ်ရပ်ရပ်နဲ့ မြန်မြန်လုပ်ကြ။ ငါ သမင်အုပ် အခြေအနေ အကဲခတ်ဦးမယ်”
သမင်လိုက် သမင်ခြောက် ခေါင်းဆောင် ငကျင်သည် ဝါးငါးပြန် ခြောက်ပြန်ခန့်မြင့်သည့် ညောင်ပင်မတ်မတ်ကြီးဆီ သွားကာ ကြောင်တစ်ကောင်လို လွှားခနဲ တက်လိုက်သည်။
ကျန်အဖွဲ့သားများက ထောင်ထားသော ပိုက်ကို စစ်ဆေးခြင်း၊ ဝထိုးထားသော သစ်ကိုင်းချုံကိုင်းများကို အားမရသည့်နေရာ ထပ်ဆင့်ခြင်း၊ ပိုက်အောက်၌ ချုံသဏ္ဌာန်လို အကိုင်းအခက်ဖြည့်ခြင်းဖြင့် တပျော်တပါး။
ခွေးများမှာ စုပေါင်း၍ တောလိုက်နေကျပီပီ တစ်ကောင်နှင့် တစ် ကောင် ရန်မရှိဘဲ ဆော့လိုက် ကစားလိုက် ခုန်လိုက် ပေါက်လိုက်။
သမင်လိုက်ခေါင်းဆောင် ငကျင်သည် ရေးကြီးသုတ်ပျာဖြင့် ညောင်ပင်မတ်မတ်ကြီးပေါ်မှ ဆင်းလာသည်။
“ကဲဟေ့… ငါ့လူတို့ တာဝန်ခွဲမယ်။ ထနောင်းသုံးပင် အနောက်ဘက် ခံချုံနဲ့ ဒဟတ်တောထဲမှာ သမင်ငါးကောင် ဟောဒီဘက်လှည့် အစာစားနေတယ်၊ ဒီတော့ နှစ်ဖွဲ့ခွဲပြီး ပန်းတက်မယ်၊ အနောက်ဘက်က ပန်းတက်ဖို့က ငလုံး ခေါင်းဆောင်၊ အရှေ့ဘက်က ပန်းတက်ဖို့ ငကြည် ခေါင်းဆောင်၊ ခွေးတွေကို သမင် မခြောက်မချင်း အသံမထွက်စေနဲ့။ ပိုက်စောင့်က နှစ်ယောက်နေခဲ့။ ငမှတ်က ပိုက်ဘယ်ဘက်က စောင့်၊ ညာဘက်က ငပိုင် စောင့်၊ သမင်မိရင် ဓားလှံနဲ့ လက်နောက်ထိုး၊ ပိုက်မတိုးမချင်း လူကို သမင် မမြင်စေနဲ့။ အဲ ငလုံးက ငမှူးကို တွဲခေါ်၊ ပိုက်ဝ သမင် ရောက်ရင် လူရော ခွေးပါ ဝိုင်းမိပစေ။ လူက သာခွေယိုင်နွမ်း လုပ်မနေနဲ့၊ စတော့”
ငမှူးမှလွဲလျှင် အားလုံး သမင်လိုက် အတွေ့အကြုံ ရှိထားသည်မို့ သည်မျှပြောလျှင် လုံလောက်ပြီ။ ငမှူးသာ သမင်လိုက်အတွေ့အကြုံ တောအတွေ့အကြုံ မရှိ၍ ယောင်အအ။ ငမှူးသည် ရေပတ်လည် အမြဲဝိုင်းနေသော ကျွန်းသားပီပီ ငါးအကြောင်း၊ ပုစွန်အကြောင်း၊ လိပ်အကြောင်း သိသော်လည်း တွင်းကြီးသူနှင့် အိမ်ထောင်ကျ၍သာ တွင်းကြီး လိုက်လာရသည်။ ကုန်း တောအကြောင်း၊ ကုန်း တောကောင် အကြောင်း သူ ဘာမျှ မသိ။ အတွေ့အကြုံ မရှိသေးသည့် တောအရိုင်း သက်သက်။ ထို့ကြောင့် ငမှူးကို တောကျွမ်းကျင်သူ ငလုံးနှင့် ယှဉ်တွဲပေးသည်။
“လာ… ကိုကြီးမှူး၊ သမင်ရှိတဲ့ တောရဲ့ ဟိုဘက် ကြိုရောက်အောင် ကျုပ်တို့က ပတ်ပြီး ပန်းပြီး တက်ရမယ်၊ ပြီးတော့မှ သမင်ဆီရောက်အောင် သွားခြောက်ယူရမှာ”
“သမင်နေတဲ့ဆီ မှန်းရပါ့မလား”
“အဖွဲ့ခေါင်းဆောင်က နေရာနဲ့ တော ပြောလိုက်ပြီပဲအလွယ်လေးပေါ့ဗျာ၊ ညဘက်သွားတောင် ရတယ်၊ လာ သွားကြမယ်”
ငမှူးသည် လွယ်အိတ်လေးလွယ်၍ ဓားရှည်တစ်ဖက်က ကိုင်ကာ ငလုံး အဖွဲ့နှင့်အတူ တောပြင်းခတ်လျက် သမင်ကို ပန်းတက်ရန် လိုက်ခဲ့သည်။
ဟေး ဟေး ဟား ဟား အသံများ။
ဝေါင်း ဝေါင်း ဝေါင်း ဝေါင်း အသံများ။
ဖုန်း ဖုန်း ဖုန်း ဖုန်း အသံများ။
အော်သံ၊ ဟစ်သံ၊ တုတ်နှင့် ချုံများ ပုတ်သံ၊ ခဲဖြင့်ပစ်သံ၊ ခွေးသံများကြောင့် တောသည် တုန်ခါ၍ ပွက်ပွက်ညံညံ။
ကျီးအုပ်က ဝေါခနဲ ပြိုကျကာ တအားအားဖြင့် သံကုန်အော်ဟစ် ပျံသန်းပြေးသကဲ့သို့ တောတွင်းရှိ သတ္တဝါများ ပြေးသံ လွှားသံ ချုံတိုးသံ သစ်ကိုင်းရိုက်သံဖြင့် လှုပ်လှုပ်ရှားရှား။
ဘယ်ဘက်မှ အဖွဲ့နှင့် ညာဘက်မှ အဖွဲ့ကို အစက နယ်ကျယ်ကျယ် ခြောက်သော်လည်း တဖြည်းဖြည်း နယ်ကျဉ်း၍ ကျဉ်း၍ပေးကာ လက်တစ်ကမ်း ခဲတစ်လှမ်း ရင်ပေါင်တန်းလာကြသည်။
“ဟာ… ပြေးပြီဗျို့၊ သမင်ဝက်ကြီးဗျ၊ လိုက်ဟ … လိုက်ဟ”
“ငါ့သား အောင်နက်ရဲ့၊ မိအောင် နင်ကိုက်ဖို့ မလိုပါဘူး၊ ပိုက်ဆီသာ မောင်းသွင်း မောင်းသွင်း”
“ဟေး ဟေး ဟား ဟား… ဟား ဟား ဟေး ဟေး”
“ဖုန်း ဖုန်း ဖုန်း… ဖျောင်း ဖျောင်း ဖျောင်း”
ခွေးသံ၊ လူသံ၊ ခြောက်သံ၊ လှန့်သံ၊ အော်သံ၊ ဟစ်သံ၊ ပစ်သံ၊ ခတ်သံဖြင့် တောကြီးပျက်သကဲ့သို့ ဖြစ်သောအခါ သမင်အုပ်သာမက တောခွေးအ၊ ယုန်နှင့် တောကြက်များပါမကျန် အသက်လု၍ ပြေးကြ လွှားကြ တရုန်းရုန်း။
“ပိုက်ဆီ သမင်အုပ်သွားပြီ၊ ခြောက်ထား … ခြောက်ထား”
“ကိုက်ဟ… လိုက်ဟ…. ကိုက်ဟ… လိုက်ဟ”
လူအုပ်နှင့် ခွေးအုပ်က ညာသံပေး ခြောက်လေလေတောကြက်အုပ်များက ခိုပျံသလို တဝီးဝီး ပျံပြေးကြလေလေ ဖြစ်နေသည်။
သမင်ငါးကောင်အုပ်ထဲမှ အုပ်ခေါင်းဆောင်သည် အပြေးအလွှားလာရာမှ ပိုက်ကြီးမြင်၍ တန့်နေသည်။
နောက်ပါ သမင်များကလည်း ခေါင်းဆောင် အခြေ အနေကို အကဲခတ်လျက် ရပ်နေသည်။
သမင်အုပ် ခေါင်းဆောင်က ပိုက်ကြီးကို တွေကြည့်နေပြီး နောက်ပြန်ဆုတ်ရန် ခြေလှမ်းရပ်၍ ခေါင်းအလည်တွင် လူအုပ်ထက် ရှေ့ရောက်နေသော ခွေးနီကျော်က အလှည့်မခံ။
ခေါင်းလည်လာသော သမင်ကို အတင်းဟိန်း၍ ဟောင်၍ ဝင်ကိုက်သည်။ သမင်များ ပိုက်ဆီ ပြန်လည်၍ ဦးတည်သွားသည်။
နောက်မှ ခွေးများ ရောက်ရှိလာပြီး ဟောင်ဟောင် ကိုက်ကိုက် ဇွတ်ဝင်ကိုက်သည်။
ဟေးခနဲ ဟားခနဲ ဝုန်းခနဲ ဖျောင်းခနဲ ခြောက်လာသော လူအုပ် နီးသည်ထက် နီးလာသည်။
ခွေးများ၏ ရန်နှင့် လူ၏အန္တရာယ် လွတ်စေရေးအတွက် ခေါင်းဆောင်သမင်ကြီးက ဖျတ်ခနဲ ပိုက်ဆီ ဆန့်ခုန်လိုက်သည်။ ပြိုင်တူနီးပါးပင် နောက် နှစ်ကောင်ကလည်း အားကုန်ပင် ပိုက်ဆီ ဇွတ်တိုးသည်။
သမင်သုံးကောင်သည် ပိုက်ထဲမိနေ၍ ယက်ကန် ယက်ကန်။
သမင်သုံးကောင် ပိုက်ထဲမိနေ၍ အခြား သမင်နှစ်ကောင်က နီးရာချုံများ ခုန်၍ ထွက်ပြေးသည်။
ဘယ်ဘက်မှ အစောင့်နှင့် ညာဘက်က အစောင့်သည် လေ၏ လျင်မြန်ခြင်းမျိုးဖြင့် မိနေသော သမင်သုံးကောင်ဘေး ရောက်လာကာ လက်နောက်သို့ ဓားလှံဖြင့် အလျင်အမြန် ပစ်ထိုးသည်။ သမင်အားလုံး တစ်ခဏချင်း ငြိမ်၍သွားသည်။
သမင်များငြိမ်၍ အသက်ထွက်လုဆဲဆဲ အချိန်၍ လူအုပ်ရော ခွေးအုပ်ပါ သမင်ပိုက် ပတ်ပတ်လည် ဝိုင်းမိသည်။
မိသော သမင်ကိုကြည့်၍ အားလုံး ဝမ်းသာအားရဖြင့် ပျော်မဆုံး မော်မဆုံးကြ။ သမင်နှစ်ကောင် လွတ်သွား၍ တောက်တခေါက်ခေါက်။
ငမှူးသည် တောလိုက်စ မရှိ၍ သမင်များကို ကြည့်ကာ ပျော်သည့်တိုင် လျှာထွက်အောင် မောလျက်ရှိသည်။ သမင်ပိုက်နှင့် မနီးမဝေးရှိ လိမ်ပင်နှင့် သန်းပင်ပေါက်နေသော ချုံကြီးတစ်ချုံ အရိပ်၌ ဗိုက်နှိပ်၍ ရှူးရှဲရှူးရှဲနှင့် တစ်ကိုယ်လုံး ချွေးတဒီးဒီးကျကာ ခြေပစ်လက်ပစ်။
နားလိုသူများက ဆေးလိပ်သောက်ကြ၊ ကွမ်းဝါးကြ၊ ရေဘူးမှ ရေကို ထုတ်သောက်ကြနှင့် နားနားနေနေ။
မပင်ပန်းတတ်သော ငကျင်၊ ငလုံး စသူတို့က သမင်ဖြုတ်ခြင်း၊ တောသဗျစ်နွယ် ရှာ၍ သမင်ကို တုပ်နှောင်ခြင်း၊ သမင်ထမ်းရန် သစ်ကိုင်းခုတ်ခြင်းဖြင့် တပျော်တပါး။
“ကဲ… ငါ့လူတို့ရေ ရွာရောက်ရင် သမင်တွေ ဖျက်ရ၊ ခုတ်ရ၊ ထစ်ရ၊ ခွဲရမှာနဲ့ ဘာနဲ့ညာနဲ့ဆိုတော့ အချိန်ကြာဦးမှာ။ ဒီလောက်နားရင် တော်ကြတော့၊ သမင်ဝမ်းတွင်းသားဟင်းနဲ့ မီးတောက်အရက်နဲ့ ရွာရောက်မှ အပန်းဖြေကြ။ ခု ပြန်ကြရအောင် လုပ်ဟေ့”
ငကျင်၏စကားကို တုံ့ပြန်လာသူက ငမှူး။ ဗိုက်နှိပ်၍ ပြောသည်။
“ကျုပ် အမောဖြေရင်း၊ ဟင်းရွက်ခူးရင်း ခဏနေခဲ့ပါရစေ”
“ဟား… ဟား ကျွန်းသား ရေထဲကျင်လည်ပေမဲ့ ကုန်းသမင်လိုက်ရာ ခါးဟိုက်နေပြီ။ နောင် အကျင့်ရသွားမှာပေါ့ ငမှူးရာ။ နေခဲ့လေ… သမင်ဖျက်ရာ မင်း အရက်တစ်လုံးတော့ တာဝန်ယူရမယ်နော်”
“ရပါတယ် ဦးလေးကျင်၊ နှစ်လုံး … ကျုပ် တာဝန် နှစ်လုံးထား”
“ကဲ… ဒါဖြင့် မင်းနဲ့ ငလုံး နေခဲ့။ သမင်ပိုက်ကို မင်းတို့ထမ်းခဲ့၊ တို့က သမင်ဖျက်နှင့်မယ်၊ သွားစို့ဟေ့”
သမင်ပိုက်မှာလေး၍ ငလုံးနှင့် ငမှူးထမ်းရန် တာဝန်ပေးပြီး သမင်လိုက်အဖွဲ့ ပြန်ကြပြီ။ တစ်လမ်းလုံး ဖုန်းတထောင်းထောင်း ထကာ ခွေးဟောင်သံ၊ သီချင်းဆိုသံ၊ ရယ်မောသံတို့ဖြင့် တောကို ပဲ့တင်သံပေးလျက် သွားကြ ပြန်ကြသည်။
တစ်စတစ်စဖြင့် တောသည် ငြိမ်ငြိမ်ဆိတ်ဆိတ်။ ငလုံးက ငမှူး အနီး ကပ်ထိုင်ပြီး သမင်းပိုက်ကို ရှင်း၍ ခေါက်နေသည်။
“ငလုံး”
“ဗျာ… ကိုကြီးမှူး”
“မင်း ဘယ်သူမှ မပြောဘူးလို့ ကျိန်နိုင်မလား”
“ဟာ ကိုကြီးမှူးဟာ အရှင်းမရှိ အဖျားမရှိဗျာ၊ ဘာစကားမှန်းမှ ကျုပ် မသိတာ”
“ဘာစကားဖြစ်ဖြစ် မင်း ရွာကျရင် အဖေ အမေတောင် မပြောပါဘူးလို့ ကတိပေးရင် ငါ ပြစရာရှိတယ်၊ ပြီးတော့ ခွဲယူမယ်”
ငလုံး စိတ်ဝင်တစားခွဲယူမည်ဆိုတော့ ရစရာ ဖြစ်လိမ့်မည်။
“ကိုကြီးမှူးဟာက ဘာမို့လို့ အဖေ အမေတောင် မပြောရမှာလဲဗျ”
“မင်း မပြောဘူးဆိုမှ ပြမှာ”
“ကဲ… ပြမှာပြဗျာဈေးကိုင်လိုက်တာ၊ ကျုပ် မပြောဘူး”
“လာ… ဒီနေရာကနေ ဟောဟို သစ်ကိုင်းအောက် ကြည့်”
ငမှူးက သူထိုင်နေရာမှ ချုံကြီး၏ အစွန်းဆုံးရှိ နေရာကို ပြသလိုက်သည်။ အစက ငလုံး မမြင်။ ချုံကိုင်းဖြင့် ကွယ်နေ၍ သေသေချာချာကြည့်ရာ သစ်ရွက်ခြောက်များပေါ်မှ ငမှူး ပြရာ မြင်သည်။
“အင်… တောကြက်ဥတွေဗျား ကိုကြီးမှူး”
“ငါလည်း မောမောနဲ့ ကြည့်မိကြည့်ရာ ကြည့်ရင်းမြင်တာကွ၊ မင်း ဘယ်သူမှ မပြောနဲ့၊ တို့ ခွဲယူမယ်”
“တော် မထင်ဘူးနော် ကိုကြီးမှူး။ ခင်ဗျားက ကျုပ်ထက် အသက်ကြီးတယ်။ တော်ကြာ သိသွားရင် ကျုပ်ထက် ကိုကြီးမှူး စည်းဖောက်တယ် အပြောခံရမယ်။ ငါးရံ့ရ အတူတူ ၊ ငါးခူရ ခွဲခြမ်းခွဲခြမ်း လုပ်မနေပါနဲ့ဗျာ။ သမင်ဖျက်တဲ့ဘေး ဝိုင်းကြော်စားပစ်လိုက်ပါလား၊ ဘုံဆိုင်ပေါ့”
“ကွာ… ဒီတောကြက်ဥလောက်နဲ့ ခွဲစရာ မရှိပါဘူး။ သူတို့မှာ သမင်သား ရှိနေမှတော့ ဒီကြက်ဥ ပလုတ်တုတ် အစုတ်အနုတ် သူတို့ စာမဖွဲ့လောက်ပါဘူး။ တောကောင်ကို တို့ ဝှက်ထားတာမှ မဟုတ်တာ”
“စဉ်းစားဦး ကိုကြီးမှူး၊ မလုပ်ကောင်းဘူး ထင်တာပဲ”
“အပြန်လမ်းမှာ တွေ့ တယ်လို့ ပြောမှာပေါ့ကွ။ ဒါပေမဲ့ ဒီဟာက မင်းနဲ့ ငါ နှုတ်လုံရင် သိကြားမင်း ဆင်းစစ်လို့ မပေါ်ဘူး။ အိမ်က လူတွေ မေးလည်း လမ်းကရတယ်ပေါ့၊ မင်း မယူချင်နေကွာ၊ ငါ အကုန်ယူမှာ”
ချုံကို ဓားဖြင့်ရှင်း၍ သစ်ရွက်ပေါ်မှ တောကြက်ဥများကို ငလုံးနှင့် ငမှူး ယူသည်။
အားလုံး ဆယ့်တစ်လုံး။
ငမှူး စကားကြောင့်လည်း တစ်ကြောင်း၊ တောကြက်ဥ မြင်လာရ ၍လည်း တစ်ကြောင်း ငလုံးမငြင်းတော့ဘဲ ငမှူးပေးသော ဝေစု ယူလိုက် သည်။
ငမှူးက ခြောက်လုံး၊ ငလုံးက ငါးလုံး။
xxx xxx xxx
“ဟင်… ဒါ … ဒါ ဘယ်က ယူလာသလဲ၊ ဘယ်သူ ယူလာသလဲ ဟင်”
ငလုံးကို ကမန်းကတန်း မေးလာသော ငတော၏ အသံ။
ငတော၏ မျက်နှာတစ်ခုလုံး သေခါနီး လူမမာသဖွယ် သွေးဆုတ်သည်ဟု ပြောရမည်လား။ ကြိုးပေးခံရခါနီးသော တရားခံကဲ့သို့ တုန်လှုပ်နေသည်ဟု တင်စားရမည်လား၊ အသတ်ခံရခါနီး နွားကဲ့သို့ ဆောက်တည်ရာမရ ခိုင်းနှိုင်းရမည်လား ငလုံး မဝေခွဲတတ်။
သူတွေ့ ရသည်မှာ အလွန် သတ္တိကောင်းပါသည်ဟု တစ်ရွာလုံးက ပြောစမှတ် ပြုကြရသော သူ့အဖေ၏ တုန်လှုပ်ချောက်ချားနေမှု။
သူ့အဖေသည် သူ့ကိုတစ်လှည့်၊ သူပြသော တောကြက်ဥများကိုတစ်လှည့် သေသေချာချာကြည့်၍ အသက်ရှူမမှန်၊ အသံမမှန်။
“မင်း… မင်း ယူလာတာလား၊ အဲ… အဲဒါ သေမင်း၊ သေမင်းမှ သေချင်းဆိုးနဲ့ သေမယ့် သေမင်း၊ သေချင်းဆိုးကို ကျောပေါ်ပိုးလာတာဆိုတာ အဲဒါ ယူလာတဲ့ လူကွ၊ သိလား”
“ဗျာ …”
“မဗျာနဲ့၊ ဟုတ်တယ် သေချင်းဆိုးနဲ့ သေမယ့် သေမင်းပဲ။ မင်း သိထားဖို့က တောအကြောင်း၊ တောင်ကောင်အကြောင်းကို ငယ်ငယ်လေးကတည်းက ရင်းနှီးကျွမ်းဝင်လာတဲ့ ငါဟာ နောကျေအောင် သိနေတယ်ဆိုတာ ယုံထား။ ငါပြောရင် ဒိပြင်ဟာ လွဲချင်လွဲမယ်၊ တောအကြောင်းကတော့ ဘယ်အခါကမှ လွဲရိုးထုံးစံ မရှိတာ။ မင်း အသိ”
ငလုံး သူ့အဖေ ငတောပြောသည်ကို ယုံကြည်သည်။ သူ့အဖေ ငတော တောကောင်နှင့် သက်ဆိုင်သော အမြော်အမြင် အယူအဆတို့ လွဲချော်သည်ဟု မတွေ့စဖူး။
သူ့အဖေသည် သည်မျှ ဘာကြောင့် ချောက်ချား နေမှန်းကိုသာ သူ မသိခြင်းပင်။
အဆာကြီး ဆာလောင်လာ၍ သူ့အဖေ အလွန်ကြိုက်သော သမင်ဝမ်းတွင်းသားဟင်းကို ပင်စိမ်းရွက်များများ ထည့်ချက်လျက် ပန်းကန်အပြည့် ထည့်ကာ သူ့အမေ ဒေါ်ဂျမ်းက ထမင်းခူးပေးပြီး ရွာထဲထွက်သွားသည်။
ချောင်းဦးမြို့မှအပြန် မီးခွက်ထွန်း၍ သမင်ဝမ်းတွင်းသားဟင်းနှင့် အားပါးတရ ထမင်းစားနေသော ငတောကို ငလုံးက အားရဝမ်းသာဖြင့် ဆန်ဆေးတောင်းနှင့် ထည့်ထားသည့် သူရလာသော တောကြက်ဥပြရာမှ ယခုကဲ့သို့ ငတော အထိတ်တလန့် ဖြစ်သွားသည်။
ထမင်းကို ငတော ဆက်မစားတော့ဘဲ တစ်ပိုင်းတစ်စ ရပ်သည်။
“မင်း မကြားဖူးဘူးလား၊ တို့အညာသားတွေ ဖောင်ချတတ်တော့ တောထဲက ခုလို ဥယူလာပြီး ဖောင်စုန်ခဲ့တယ်။ ဥပိုင်ရှင်က ရေထဲကူး လိုက်လာပြီး ကိုက်သတ်လို့ သေရတဲ့အကြောင်း။ ဒါကြောင့် ငါပြောတာပေါ့၊ သေမင်းပါလို့၊ ကြည့်ပါကွာ၊ မင်း ဒီလောက် နုံရ နရ အရ ထုံရသလား။ မင်းပြောတဲ့ တောကြက်ဥဆိုရအောင် ဖြူသလား။ ဝါသလား။ ဥခွံရောင် ကြည့်၊ ညိုညစ်ညစ်နေမှတော့ ဒါ ငန်းပုတ်ဥကွ”
“ငန်းပုတ်မြွေဥ၊ ဟုတ်လား အဖေ”
“ဟုတ်ချက်တော့ ဌာန်ကုန်သပါ့ မောင်၊ ခုလောက်ဆို လေတင်နဲ့ လေအောက် အနံ့ခံပြီး ငန်းပုပ်ကြီးတွေ ဥရှိရာ လိုက်လာရော့မယ်။ အဖေ့ကို မင်း မှန်မှန် ပြောစမ်း၊ ဘယ်တောက ယူလာခဲ့သလဲ”
“ပန်းပင်ကုန်း”
“အင်း လေအောက်က တောပဲ၊ တို့က လေတင်ဆိုတော့ လာမှာပဲ။ ဒါ သူ့ဥ အကုန် ဟုတ်ရဲ့လား”
ငလုံး စိတ်၌ ငမှူးပါ အမှုမပတ်စေရေးနှင့် ထားခဲ့သော အဖေ အမေ ပါ မပြောရဟူသော ကတိ သတိရ၍ အထစ်ထစ် အငေါ့ငေါ့ဖြင့် မလိမ်စဖူး လိမ်လိုက်သည်။
“ဟုတ် ဟုတ် အဲဒါ အကုန်”
“ဟုတ်ရဲ့လား ကောင်လေးရာ၊ ငန်းပုပ်မြွေဥ ငါတွေ့ဖူးတာ ဒီလောက် မကဘူး။ မင်း ဝှက်များထားသလား။ ကြက်ဥဆိုပြီး အစိမ်းဖောက်သောက်မိလား။ တခြားလူများ ရောင်းမိ ပေးမိသေးလား”
“ဒါလေးတင်ပါဗျ”
“မင်း မစားမိတာ အမှန်နော်”
“တကယ်ပါဗျ”
“ဒါဖြင့် တောလိုက် ဘက်ထရီမီးဆင်၊ ဝါးမာတုတ်ပြတ်ရှည်ရှည် တစ်ခုယူ၊ မင်း ငါ့နောက်ကို ငန်းပုပ်ဥတောင်းယူလိုက်ခဲ့”
ငတောနှင့် ငလုံးတို့ ဘက်ထရီမီး၌ ငါးခဲထိုးတုတ်မီး(လက်နှိပ်မီး) တပ်ဆင်၍ ရွာပြင်ထွက်ခဲ့သည်။
သူတို့အိမ်နှင့် တည့်တည့် ရွာအနောက်ဘက်ရှိ မိုးနှံ့ချုံကြီးအောက် အရောက်၌ ငန်းပုပ်မြွေဥလေးလုံးကို ချုံအောက်တိုးဝင်၍ ငလုံးအား ထားစေသည်။ အပြင်တွင် ထားခဲ့သော ဥတစ်လုံးအား အဝေးမှ ဝါးမာတုတ်ဖြင့် ငလုံးကို ငတောက ရိုက်ခွဲခိုင်းသည်။ တုတ်ကို ချုံဘေးပစ်ထားစေခဲ့သည်။
အပြန်လမ်း၌ ငလုံးက ငတောကို မေးသည်။
“ဘာလို့ ငန်းပုပ်မြွေဥကြီးကို ရိုက်ခွဲခိုင်းလဲ အဖေ”
“ညမှာ ငန်းပုပ်မြွေတွေ လာမယ်၊ မင်း စားထားတာ မဟုတ်ရင် အညှီနံ့ဖြစ်တဲ့ သူ့ဥကွဲရာ ဒီနေရာကို အနံ့ခံပြီး လာမယ်။ ဥကွဲက လေတင်၊ သူတို့ လာမှာက လေအောက်၊ ဒီလာပြီး သူတို့ဥအပေါ် ဝပ်နေမှာ သေချာပေါက်ပေါ့ကွာ။ ဒီကြားထဲ ခွေးစားရင် ခွေးဆီလိုက်မယ်၊ လူစားရင် လူဆီလိုက်မယ်”
“ဒီလောက်တောင်ပဲလား။ ကျုပ် ချိုးတည်ရင်း အဖေနဲ့ အတူတူ ငန်းပုပ်မြွေကြီး တွေ့ဖူးသားပဲ။ သည်လောက် အမှတ်သည်းခြေရှိသလား”
“အမှတ်သည်းခြေကြီးတယ်ဆိုတာထက် သားသမီးလောင်းအပေါ် ထားရှိတဲ့ ခင်တွယ်မှု သမုဒယ၊ မမြင်ရသေးတဲ့ သားလောင်း သမီးလောင်း အပေါ် ထားရှိတဲ့ မိဘရဲ့ သံယောဇဉ်ကြောင့် လာရှာကြမှာပေါ့ကွာ။ တကယ်တော့ ခုလို လိုက်လာတာကလည်း သံယောဇဉ်သမုဒယကြောင့် သူတို့ကို သတ်နိုင်ဖြတ်နိုင်တဲ့ လူတွေရဲ့ သေကွင်းအန္တရာယ် သတ်ကွင်း အန္တရာယ်ထဲ၊ ရန်မှန်း အန္တရာယ်မှန်း ထည့်မတွက်နိုင်တော့ဘဲ လိုက်ရှာကြတာပေါ့။ အင်း… မိဘရဲ့ သံယောဇဉ်၊ သံယောဇဉ်ပါကလား”
ငတောနှင့် ငလုံးသည် မပေါ့သော ဝီရိယ၊ မလစ်သော သတိဖြင့် မီးခွက်တစ်ခွက် ထွန်းကာ တုတ် ဓားလှံနှင့် ခွတို့ပါ ဘေးချ၍ စကားတ ပြောပြော နားတစွင့်စွင့်။
“ဒီသားအဖနှယ်၊ မရူးမကောင်းနဲ့ ခုမှတွေ့ဖူးတာ ကျနေတာပဲ၊ မအိပ်သေးဘူလား၊ အိမ်က လူက မြို့တစ်ခေါက် ရောက်လာတာနဲ့ လေကြီး မိုးကြီးကို တိုက်လို့ မကုန်နိုင်ဘူး။ မသိရင် ချောင်းဦးကို သူ တစ်ယောက်သာ ရောက်ဖူးမှတ်နေ”
“နင် အိပ်စမ်း ၊ နားမပူနဲ့ ဒါပဲ”
ငတော၏ မျက်နှာထားတည်တည်နှင့် ခပ်မာမာ ပြောလာသော စကားကို ငတောမိန်းမ မိဂျမ်း တအံတသြ။
“အဲတော်… စေတနာနဲ့ ပြောတာကို ဒီလူကြီးက ဌာန်နဲ့မာန်နဲ့ ဖြစ်နေ”
ငတောက သူ့မိန်းမကို ကြည့်လိုက်သည်။ သူ့မျက်လုံး၌ အဓိပ္ပာယ် အစုံအလင် ဖြာဖြာဝေ။
“မနက် သုံးနာရီကတည်းက ချောင်းဦးထသွားတစ်။ လမ်းလုံး လှည်းဆောင့်၊ ခရီးပင်ပန်းနဲ့ အိပ်ချင်တာပေါ့ နင့်အမေရယ်၊ နင့်သားကြီးဆီ အချိန်မရွေး ရောက်လာနိုင်တဲ့ အန္တရာယ် ရင်စည်းဖြေရှင်းပေးရမယ့် အဖေ ဖြစ်နေလို့ သားသေမှာစိုးတဲ့စိတ်ကြောင့် ပေတေ ဇွတ်မှိတ် နေရတာပေါ့။ သား သမုဒယ၊ သား သံယောဇဉ်ကြောင့် ငါ အိပ်ချင်ပေမဲ့ စိတ်တင်းထား ရတာ နင်မသိဘူး။ တစ်ခါတလေ လောကကြီးမှာ မသိတာနားမလည်တာဟာ စိတ်ဆင်းရဲသက်သာတယ်။ သိတတ်တဲ့ ငါ့မှာ သောကအပြည့်နဲ့ ခု ရင်ဆိုင် နေရပြီ”
ဤစကားသံကို ငတောက ရင်ထဲမှာ ပြောသော်လည်း မျက်ဝန်း၌ အနက်ထင်သည်။
ငတော မိန်းမသည် အတိအကျတော့ သဘောမပေါက်။ နှစ်ရှည်လများ ပေါင်းလာသော မိန်းမပီပီ သူ့ယောက်ျား အမူအရာ ကြည့်ခြင်းအားဖြင့် တစ်စုံတစ်ခုသော အကြောင်းတော့ ပေါ်လေပြီဟု အကြမ်းဖျင်း နားလည်သဘောပေါက်သည်။ ထို့ကြောင့် ငတောကိုလည်း အိပ်ဖို့ ထပ်မခိုင်း၊ သူ ကိုယ်တိုင်လည်း မအိပ်တော့ဘဲ ဆေးလိပ်ဗန်းယူကာ ဆေးလိပ် တစ်လိပ်ပြီး တစ်လိပ် ထိုင်လိပ်နေသည်။
အိမ်အားလုံး မီးခွက်မှုတ်၍ အိပ်ရာဝင်ကြပြီ။
အသံအားလုံး တိတ်ဆိတ် ငြိမ်သက်၍ အမှောင်ထုသည် ပိုပိုမိုမို နက်နက်ရှိုင်းရှိုင်း။ လေသံသည်ပင်လျှင် ကျယ်ကျယ်လောင်လောင်။
“ကယ်တော်မူကြပါ အရပ်ကတို့ရဲ့၊ အမယ်လေး…ကျုပ် ယောက်ျား တမာပင်အောက် ကွပ်ပျစ်ပေါ် အိပ်နေတာ ခု အသက်မရှိတော့ဘူး ထင်ပါရဲ့တော့”
ငတောနှင့် ငလုံးရော မိဂျန်းပါ ခေါင်းများ ပုတ်လောက်ကြီးပြီး ကြက်သီးတဖြန်းဖြန်း ထသွားသည်။
အော်သံနောက်၌ ကျယ်လောင်သော ငိုကြွေးသံ။
အော်သံ ငိုသံကြောင့် တစ်ရွာလုံး လန့်နိုးပြီး ခွေးအူသံ၊ လူချောင်းဟန့်သံ၊ စကားပြောသံဖြင့် အသက် ပြန်ဝင်လာသည်။
“အမယ်လေး ကိုမှူးရဲ့… အဖြစ်ဆိုးလှချည်လားတော့၊ ဘယ်လို ဖြစ်တယ်ဆိုတာ မပြောသွားတော့ဘူးလား။ လုပ်ကြပါဦး အရပ်ကတို့ရဲ့။ သေများ နေပလားတော့။ ရောဂါနဲ့သေဦး ဆေးမှ မကုရတာ ကျုပ် ဖြေနိုင်ပါ့မလား အရပ်ကတို့ရဲ့”
ငတောသည် သူ့သား ငလုံးကို စိုက်ကြည့်သည်။
တစ်ကိုယ်လုံး ချွေးလုံးကြီးများ ယိုစီးကျ၍ နတ်ဝင်သည်ကဲ့သို့ ငလုံး တစ်ဆတ်ဆတ် တုန်နေသည်။ လှံရိုးကို အားတင်းဆုပ်ကိုင်ထားသော လက်တို့ တဆတ်ဆတ် တုန်ခါနေ၍ ငလုံးကိုင်ထားသော လှံပါ တဒုတ်ဒုတ် ခုန်နေသည်။
“လာ ငါ့သား၊ ငမှူးအိမ် အဖေတို့ သွားကြမယ်၊ မင်းနဲ့အတူ ကနေ့ သမင်လိုက်သွားတာ ငမှူးပါတယ် မဟုတ်လား၊ မလိမ်နဲ့ကွာ”
“ဟုတ်… ဟုတ်”
သမင်လိုက်ရာ ကနေ့ မည်သူပါသည်ဟု ရွာမှာ မရှိသော ငတော မသိ။ ငလုံး၏ ခိုကိုးရာမဲ့ တုန်လှုပ်ချောက်ချားနေမှုနှင့် ငမှူး ဖြစ်ရပ် ဆက်စပ်၍ တပ်အပ်သေချာ ငတော အဖြေရှာနိုင်ခဲ့ပါသည်။
ငမှူး တစ်ယောက် သူ့အိမ်ရှေ့ တမာပင်အောက် ကွပ်ပျစ်ပေါ်၌ မချိမဆံ့ဖြစ်ကာ မွဲခြောက်လိမ်ကောက်ပြီး အသက်ပျောက်သွားသည်ကို မြင်လိုက်ရ၏။ ငမှူးဘေး၌ လဲနေသော အရက်ပုလင်း၊ မှောက်နေသော သမင်သားဟင်း။ ပြီးတော့ မုန့်လို အခုလိုက် ကြော်ထားသော ကြက်ဥကြော်များ။
ငမှူး မီးဖိုချောင် ဖွင့်၍ သူ့ဘက်ထရီမီးဖြင့် ထိုးကြည့်သည်။
ဖောက်၍ ကြော်ထားသော ငန်းပုပ်မြွေဥခွံ ခြောက်လုံး။ ငတောကတော့ အသေအချာ သိလိုက်သည်။
ငမှူး မြွေကိုက်ခံရ၍သေသည်။ ထိုကိုက်သော မြွေသည် ငန်းပုပ်မြွေ ဖြစ်သည်။ ထိုငန်းပုပ်မြွေမှာ ရွာအနောက်ဘက် မိုးနှံချုံအောက်၌ ငတောတို့ ထားခဲ့သော မြွေဥများအပေါ် ဝပ်နေလိမ့်မည်ဟု တပ်အပ်သေချာ ပြောလိုက်ချင်သည်။
နောက်တစ်နေ့ မနက်၌ ရွာအနောက်ဘက် မိုးနှံချုံထဲမှ ငန်းပုပ်ကြီးနှစ်ကောင်ကို ရွာသားတို့ ဝိုင်းရိုက်သတ်ခဲ့ရကြောင်း၊ ငန်းပုပ်ဥကြီး လေးလုံး တွေ့ကြောင်း၊ ငမှူး၏ အသုဘမချမီ အသုဘအိမ်တွင် တစ်ရွာလုံး ပြောကြ ဆိုကြ မရိုးနိုင်ကြ။
[ ၁၉၉၀ ခု၊ နိုဝင်ဘာလ၊ စံပယ်ဦး မြန်မာဝတ္ထုတိုမဂ္ဂဇင်းတွင် “ငန်းပုတ်” အမည်ဖြင့် ဖော်ပြခဲ့သည်။]
– ပြီး –
စာရေးသူ – တွင်းကြီးဝမ်းမောင်
တြင္းႀကီးဝမ္းေမာင္
သမုဒယရန္ၿငိဳး
အိပ္တန္းဆင္းစ ေတာၾကက္တို႔သည္ တစ္ေတာလုံး အၿပိဳင္အဆိုင္ျဖင့္ သူတစ္ျပန္ ကိုယ္တစ္ျပန္ တစ္လွည့္စီ တြန္က်ဴးေနၾကသည္မွာ အားႏွင့္ မာန္ႏွင့္ တက္တက္ႂကြႂကြ။
ၾကက္ဖမ်ား အေတာင္႐ိုက္ခတ္ တြန္က်ဴးသံ၊ ၾကက္မမ်ား ဖိုေခၚ သည့္ ကေတာ္… ကေတာ္… ကေတာ္ ဟူေသာ ျမည္သံ၊ ဘုတ္ပူသံ၊ ခ်ိဳးကူသံ၊ ဆက္ရက္ျမည္သံ၊ ေက်းငွက္ေပါင္းစုံ အိပ္တန္းဆင္းသံတို႔ျဖင့္ ေတာအုပ္တစ္ခုလုံး ဆြတ္ပ်ံ႕ၾကည္ႏူးဖြယ္ပင္။
ငလုံးတို႔ သမင္ေျခာက္မည့္အဖြဲ႕မွာ ေဝလီေဝလင္းကပင္လွ်င္ သမင္ထက္ ဝီရိယေကာင္းၿပီး ပန္းပင္ကုန္း မန္က်ည္းပင္ေတာဆီ လူေရာ ေခြးပါ ေရာက္လာၾကၿပီ။
သမင္ေျခာက္မည့္လူက ကိုးေယာက္။ ေခြးအုပ္က ဆယ့္တစ္ေကာင္။
အလ်ား ဆယ္ေတာင္၊ အနံ ဆယ္ေတာင္ရွိေသာ ပတ္လည္ပိုက္ႀကီးကို မန္က်ည္းႏွစ္ပင္ၾကားေထာင္ရန္ ျပင္ဆင္ေနသည္မွာ တက္ညီလက္ညီ။
သမင္ေထာင္ပိုက္ကို ပိုက္ဆံေလွ်ာ္ႀကိဳးျဖင့္ ပိုက္ႀကိဳးတစ္ေခ်ာင္းလွ်င္ လက္ေကာက္ဝတ္ခန႔္ တုတ္ေအာင္ က်စ္ထားၿပီး အကြက္က်ဲ ရက္ထား၏။ သည္ပိုက္က သမင္ရေနက် ပြဲတိုင္းစြံပိုက္။
မန္က်ည္းပပ္ ႏွစ္ပင္ၾကား၌ ေျမမွ သုံးေတာင္ခန႔္ ခြာၿပီး သမင္ပိုက္ကို ေထာင္ထားသည္။ ဟာေနေသာ ေျမႏွင့္ပိုက္ၾကား၌ ခ်ဳံမ်ားမွ အကိုင္းအခက္တို႔ကို ခုတ္၍ ခ်ဳံသဏၭာန္ ပိုက္ေအာက္က ျပဳလုပ္ေပးရသည္။
သမင္သည္ အခုန္သန္သည့္ အေကာင္။ ထို႔ေၾကာင့္ ခုန္၍ ေက်ာ္ထြက္မသြားႏိုင္ေစရန္ ေျမမွ သုံးေတာင္အျမင့္ခန႔္ ပိုက္ဆင္ထားရသည္။ ေျမေပၚသက္သက္ ဝါးတိုင္စိုက္ ေထာင္လွ်င္ ပိုက္မွန္းသိက မခုန္ဘဲ မတိုးဘဲ ေနတတ္သည့္ အေကာင္။
သူ႔သေဘာက ခ်ဳံကိုခုန္ေက်ာ္သည့္ သေဘာမ်ိဳးမွာသာ ရဲရဲတိုး ရဲရဲခုန္သည္။ သည္အထာသိမွ သမင္သား စားရမည္။
ငလုံးတို႔အဖြဲ႕က ကြၽမ္းက်င္ၿပီးသား။ သဏၭာန္ခ်ဳံ လုပ္၍ အေပၚမွ ပိုက္ေထာင္သည္။ ပိုက္ေဘးဘယ္ညာ ရွိေနေသာ သစ္ပင္ခ်ဳံႏြယ္မ်ား အဆက္အစပ္မရွိဘဲ ဟာလာဟင္းလင္းျဖစ္ေနက ထိုေနရာမွ သမင္ထြက္တတ္သည္။ ထို႔ေၾကာင့္ ဆီးကိုင္း၊ ခ်င္ရဲကိုင္း၊ မိုးႏွံကိုင္း၊ နပဲကိုင္းတို႔ကို ပိုင္းခုတ္၍ အားလုံး တစ္ဆက္တစ္စပ္တည္း ျဖစ္ေစရန္ လုပ္ေပးသည္။
သေဘာက ငုံးေထာင္ရာ ‘ဝ’ထိုးသကဲ့သို႔ လုပ္ေသာသေဘာ၊ ပိုက္ဆီ တန္းသြား၍ ရဲရဲတိုးဝံ့ေစရန္ စည္းတားေပးေသာသေဘာ၊ လူပင္ပန္းသည့္တိုင္ သည္နည္းက ေအာင္ျမင္ေနက်နည္း။
“ငလုံးအေဖ ငေတာသာ ပါလာရင္ ပိုေကာင္းမွာကြာ၊ အေရးထဲ ဒီေကာင္က ၿမိဳ႕သြားရတယ္လို႔၊ တို႔အင္အားေလ်ာ့တာေပါ့”
သမင္လိုက္ေခါင္းေဆာင္ ငက်င္၏ စကား။ ငက်င္သည္ ငေတာႏွင့္ ေတာလိုက္ဝါတူ သမာၻတူ။ သို႔ရာတြင္ ေစ့စပ္မႈ၊ ေသခ်ာမႈႏွင့္ အေျမာ္အျမင္၌ ငလုံးအေဖ ငေတာေလာက္ မုဆိုးမ်က္စိ မရွိဟု ငက်င္က ဝန္ခံထားသည္။
“အေဖလည္း ႂကြက္ဆီနဲ႔ စပါးႀကီးေႁမြအေရခြံ၊ ပ်ားရည္ေရာင္းစရာရွိလို႔ လွည္းႀကဳံတာနဲ႔ လိုက္သြားရတာ ဦးေလးက်င္။ ပြဲႀကီးပြဲေကာင္း လြတ္သြားလို႔ တဖြဖြ ညည္းသြားတယ္။ ေျခာက္သာေျခာက္တဲ့၊ သမင္ရမွာ ေသခ်ာတယ္၊ ဒါေပမဲ့ ေခြးအုပ္ အားေကာင္းပေစလို႔ မွာသြားတယ္”
“ေခြးဆယ့္တစ္ေကာင္ပဲကြာ၊ မင္းတို႔ မင္းအေဖတို႔ ရခဲ့တဲ့ က်ားသစ္မ်ိဳးဆိုရင္ ေခြးတစ္ေကာင္ တစ္ခ်က္ကိုက္တာနဲ႔ ေသပါတယ္။ ကဲေဟ့… သပ္သပ္ရပ္ရပ္နဲ႔ ျမန္ျမန္လုပ္ၾက။ ငါ သမင္အုပ္ အေျခအေန အကဲခတ္ဦးမယ္”
သမင္လိုက္ သမင္ေျခာက္ ေခါင္းေဆာင္ ငက်င္သည္ ဝါးငါးျပန္ ေျခာက္ျပန္ခန႔္ျမင့္သည့္ ေညာင္ပင္မတ္မတ္ႀကီးဆီ သြားကာ ေၾကာင္တစ္ေကာင္လို လႊားခနဲ တက္လိုက္သည္။
က်န္အဖြဲ႕သားမ်ားက ေထာင္ထားေသာ ပိုက္ကို စစ္ေဆးျခင္း၊ ဝထိုးထားေသာ သစ္ကိုင္းခ်ဳံကိုင္းမ်ားကို အားမရသည့္ေနရာ ထပ္ဆင့္ျခင္း၊ ပိုက္ေအာက္၌ ခ်ဳံသဏၭာန္လို အကိုင္းအခက္ျဖည့္ျခင္းျဖင့္ တေပ်ာ္တပါး။
ေခြးမ်ားမွာ စုေပါင္း၍ ေတာလိုက္ေနက်ပီပီ တစ္ေကာင္ႏွင့္ တစ္ ေကာင္ ရန္မရွိဘဲ ေဆာ့လိုက္ ကစားလိုက္ ခုန္လိုက္ ေပါက္လိုက္။
သမင္လိုက္ေခါင္းေဆာင္ ငက်င္သည္ ေရးႀကီးသုတ္ပ်ာျဖင့္ ေညာင္ပင္မတ္မတ္ႀကီးေပၚမွ ဆင္းလာသည္။
“ကဲေဟ့… ငါ့လူတို႔ တာဝန္ခြဲမယ္။ ထေနာင္းသုံးပင္ အေနာက္ဘက္ ခံခ်ဳံနဲ႔ ဒဟတ္ေတာထဲမွာ သမင္ငါးေကာင္ ေဟာဒီဘက္လွည့္ အစာစားေနတယ္၊ ဒီေတာ့ ႏွစ္ဖြဲ႕ခြဲၿပီး ပန္းတက္မယ္၊ အေနာက္ဘက္က ပန္းတက္ဖို႔က ငလုံး ေခါင္းေဆာင္၊ အေရွ႕ဘက္က ပန္းတက္ဖို႔ ငၾကည္ ေခါင္းေဆာင္၊ ေခြးေတြကို သမင္ မေျခာက္မခ်င္း အသံမထြက္ေစနဲ႔။ ပိုက္ေစာင့္က ႏွစ္ေယာက္ေနခဲ့။ ငမွတ္က ပိုက္ဘယ္ဘက္က ေစာင့္၊ ညာဘက္က ငပိုင္ ေစာင့္၊ သမင္မိရင္ ဓားလွံနဲ႔ လက္ေနာက္ထိုး၊ ပိုက္မတိုးမခ်င္း လူကို သမင္ မျမင္ေစနဲ႔။ အဲ ငလုံးက ငမႉးကို တြဲေခၚ၊ ပိုက္ဝ သမင္ ေရာက္ရင္ လူေရာ ေခြးပါ ဝိုင္းမိပေစ။ လူက သာေခြယိုင္ႏြမ္း လုပ္မေနနဲ႔၊ စေတာ့”
ငမႉးမွလြဲလွ်င္ အားလုံး သမင္လိုက္ အေတြ႕အႀကဳံ ရွိထားသည္မို႔ သည္မွ်ေျပာလွ်င္ လုံေလာက္ၿပီ။ ငမႉးသာ သမင္လိုက္အေတြ႕အႀကဳံ ေတာအေတြ႕အႀကဳံ မရွိ၍ ေယာင္အအ။ ငမႉးသည္ ေရပတ္လည္ အၿမဲဝိုင္းေနေသာ ကြၽန္းသားပီပီ ငါးအေၾကာင္း၊ ပုစြန္အေၾကာင္း၊ လိပ္အေၾကာင္း သိေသာ္လည္း တြင္းႀကီးသူႏွင့္ အိမ္ေထာင္က်၍သာ တြင္းႀကီး လိုက္လာရသည္။ ကုန္း ေတာအေၾကာင္း၊ ကုန္း ေတာေကာင္ အေၾကာင္း သူ ဘာမွ် မသိ။ အေတြ႕အႀကဳံ မရွိေသးသည့္ ေတာအ႐ိုင္း သက္သက္။ ထို႔ေၾကာင့္ ငမႉးကို ေတာကြၽမ္းက်င္သူ ငလုံးႏွင့္ ယွဥ္တြဲေပးသည္။
“လာ… ကိုႀကီးမႉး၊ သမင္ရွိတဲ့ ေတာရဲ႕ ဟိုဘက္ ႀကိဳေရာက္ေအာင္ က်ဳပ္တို႔က ပတ္ၿပီး ပန္းၿပီး တက္ရမယ္၊ ၿပီးေတာ့မွ သမင္ဆီေရာက္ေအာင္ သြားေျခာက္ယူရမွာ”
“သမင္ေနတဲ့ဆီ မွန္းရပါ့မလား”
“အဖြဲ႕ေခါင္းေဆာင္က ေနရာနဲ႔ ေတာ ေျပာလိုက္ၿပီပဲအလြယ္ေလးေပါ့ဗ်ာ၊ ညဘက္သြားေတာင္ ရတယ္၊ လာ သြားၾကမယ္”
ငမႉးသည္ လြယ္အိတ္ေလးလြယ္၍ ဓားရွည္တစ္ဖက္က ကိုင္ကာ ငလုံး အဖြဲ႕ႏွင့္အတူ ေတာျပင္းခတ္လ်က္ သမင္ကို ပန္းတက္ရန္ လိုက္ခဲ့သည္။
ေဟး ေဟး ဟား ဟား အသံမ်ား။
ေဝါင္း ေဝါင္း ေဝါင္း ေဝါင္း အသံမ်ား။
ဖုန္း ဖုန္း ဖုန္း ဖုန္း အသံမ်ား။
ေအာ္သံ၊ ဟစ္သံ၊ တုတ္ႏွင့္ ခ်ဳံမ်ား ပုတ္သံ၊ ခဲျဖင့္ပစ္သံ၊ ေခြးသံမ်ားေၾကာင့္ ေတာသည္ တုန္ခါ၍ ပြက္ပြက္ညံညံ။
က်ီးအုပ္က ေဝါခနဲ ၿပိဳက်ကာ တအားအားျဖင့္ သံကုန္ေအာ္ဟစ္ ပ်ံသန္းေျပးသကဲ့သို႔ ေတာတြင္းရွိ သတၱဝါမ်ား ေျပးသံ လႊားသံ ခ်ဳံတိုးသံ သစ္ကိုင္း႐ိုက္သံျဖင့္ လႈပ္လႈပ္ရွားရွား။
ဘယ္ဘက္မွ အဖြဲ႕ႏွင့္ ညာဘက္မွ အဖြဲ႕ကို အစက နယ္က်ယ္က်ယ္ ေျခာက္ေသာ္လည္း တျဖည္းျဖည္း နယ္က်ဥ္း၍ က်ဥ္း၍ေပးကာ လက္တစ္ကမ္း ခဲတစ္လွမ္း ရင္ေပါင္တန္းလာၾကသည္။
“ဟာ… ေျပးၿပီဗ်ိဳ႕၊ သမင္ဝက္ႀကီးဗ်၊ လိုက္ဟ … လိုက္ဟ”
“ငါ့သား ေအာင္နက္ရဲ႕၊ မိေအာင္ နင္ကိုက္ဖို႔ မလိုပါဘူး၊ ပိုက္ဆီသာ ေမာင္းသြင္း ေမာင္းသြင္း”
“ေဟး ေဟး ဟား ဟား… ဟား ဟား ေဟး ေဟး”
“ဖုန္း ဖုန္း ဖုန္း… ေဖ်ာင္း ေဖ်ာင္း ေဖ်ာင္း”
ေခြးသံ၊ လူသံ၊ ေျခာက္သံ၊ လွန႔္သံ၊ ေအာ္သံ၊ ဟစ္သံ၊ ပစ္သံ၊ ခတ္သံျဖင့္ ေတာႀကီးပ်က္သကဲ့သို႔ ျဖစ္ေသာအခါ သမင္အုပ္သာမက ေတာေခြးအ၊ ယုန္ႏွင့္ ေတာၾကက္မ်ားပါမက်န္ အသက္လု၍ ေျပးၾက လႊားၾက တ႐ုန္း႐ုန္း။
“ပိုက္ဆီ သမင္အုပ္သြားၿပီ၊ ေျခာက္ထား … ေျခာက္ထား”
“ကိုက္ဟ… လိုက္ဟ…. ကိုက္ဟ… လိုက္ဟ”
လူအုပ္ႏွင့္ ေခြးအုပ္က ညာသံေပး ေျခာက္ေလေလေတာၾကက္အုပ္မ်ားက ခိုပ်ံသလို တဝီးဝီး ပ်ံေျပးၾကေလေလ ျဖစ္ေနသည္။
သမင္ငါးေကာင္အုပ္ထဲမွ အုပ္ေခါင္းေဆာင္သည္ အေျပးအလႊားလာရာမွ ပိုက္ႀကီးျမင္၍ တန႔္ေနသည္။
ေနာက္ပါ သမင္မ်ားကလည္း ေခါင္းေဆာင္ အေျခ အေနကို အကဲခတ္လ်က္ ရပ္ေနသည္။
သမင္အုပ္ ေခါင္းေဆာင္က ပိုက္ႀကီးကို ေတြၾကည့္ေနၿပီး ေနာက္ျပန္ဆုတ္ရန္ ေျခလွမ္းရပ္၍ ေခါင္းအလည္တြင္ လူအုပ္ထက္ ေရွ႕ေရာက္ေနေသာ ေခြးနီေက်ာ္က အလွည့္မခံ။
ေခါင္းလည္လာေသာ သမင္ကို အတင္းဟိန္း၍ ေဟာင္၍ ဝင္ကိုက္သည္။ သမင္မ်ား ပိုက္ဆီ ျပန္လည္၍ ဦးတည္သြားသည္။
ေနာက္မွ ေခြးမ်ား ေရာက္ရွိလာၿပီး ေဟာင္ေဟာင္ ကိုက္ကိုက္ ဇြတ္ဝင္ကိုက္သည္။
ေဟးခနဲ ဟားခနဲ ဝုန္းခနဲ ေဖ်ာင္းခနဲ ေျခာက္လာေသာ လူအုပ္ နီးသည္ထက္ နီးလာသည္။
ေခြးမ်ား၏ ရန္ႏွင့္ လူ၏အႏၲရာယ္ လြတ္ေစေရးအတြက္ ေခါင္းေဆာင္သမင္ႀကီးက ဖ်တ္ခနဲ ပိုက္ဆီ ဆန႔္ခုန္လိုက္သည္။ ၿပိဳင္တူနီးပါးပင္ ေနာက္ ႏွစ္ေကာင္ကလည္း အားကုန္ပင္ ပိုက္ဆီ ဇြတ္တိုးသည္။
သမင္သုံးေကာင္သည္ ပိုက္ထဲမိေန၍ ယက္ကန္ ယက္ကန္။
သမင္သုံးေကာင္ ပိုက္ထဲမိေန၍ အျခား သမင္ႏွစ္ေကာင္က နီးရာခ်ဳံမ်ား ခုန္၍ ထြက္ေျပးသည္။
ဘယ္ဘက္မွ အေစာင့္ႏွင့္ ညာဘက္က အေစာင့္သည္ ေလ၏ လ်င္ျမန္ျခင္းမ်ိဳးျဖင့္ မိေနေသာ သမင္သုံးေကာင္ေဘး ေရာက္လာကာ လက္ေနာက္သို႔ ဓားလွံျဖင့္ အလ်င္အျမန္ ပစ္ထိုးသည္။ သမင္အားလုံး တစ္ခဏခ်င္း ၿငိမ္၍သြားသည္။
သမင္မ်ားၿငိမ္၍ အသက္ထြက္လုဆဲဆဲ အခ်ိန္၍ လူအုပ္ေရာ ေခြးအုပ္ပါ သမင္ပိုက္ ပတ္ပတ္လည္ ဝိုင္းမိသည္။
မိေသာ သမင္ကိုၾကည့္၍ အားလုံး ဝမ္းသာအားရျဖင့္ ေပ်ာ္မဆုံး ေမာ္မဆုံးၾက။ သမင္ႏွစ္ေကာင္ လြတ္သြား၍ ေတာက္တေခါက္ေခါက္။
ငမႉးသည္ ေတာလိုက္စ မရွိ၍ သမင္မ်ားကို ၾကည့္ကာ ေပ်ာ္သည့္တိုင္ လွ်ာထြက္ေအာင္ ေမာလ်က္ရွိသည္။ သမင္ပိုက္ႏွင့္ မနီးမေဝးရွိ လိမ္ပင္ႏွင့္ သန္းပင္ေပါက္ေနေသာ ခ်ဳံႀကီးတစ္ခ်ဳံ အရိပ္၌ ဗိုက္ႏွိပ္၍ ရႉးရွဲရႉးရွဲႏွင့္ တစ္ကိုယ္လုံး ေခြၽးတဒီးဒီးက်ကာ ေျခပစ္လက္ပစ္။
နားလိုသူမ်ားက ေဆးလိပ္ေသာက္ၾက၊ ကြမ္းဝါးၾက၊ ေရဘူးမွ ေရကို ထုတ္ေသာက္ၾကႏွင့္ နားနားေနေန။
မပင္ပန္းတတ္ေသာ ငက်င္၊ ငလုံး စသူတို႔က သမင္ျဖဳတ္ျခင္း၊ ေတာသဗ်စ္ႏြယ္ ရွာ၍ သမင္ကို တုပ္ေႏွာင္ျခင္း၊ သမင္ထမ္းရန္ သစ္ကိုင္းခုတ္ျခင္းျဖင့္ တေပ်ာ္တပါး။
“ကဲ… ငါ့လူတို႔ေရ ႐ြာေရာက္ရင္ သမင္ေတြ ဖ်က္ရ၊ ခုတ္ရ၊ ထစ္ရ၊ ခြဲရမွာနဲ႔ ဘာနဲ႔ညာနဲ႔ဆိုေတာ့ အခ်ိန္ၾကာဦးမွာ။ ဒီေလာက္နားရင္ ေတာ္ၾကေတာ့၊ သမင္ဝမ္းတြင္းသားဟင္းနဲ႔ မီးေတာက္အရက္နဲ႔ ႐ြာေရာက္မွ အပန္းေျဖၾက။ ခု ျပန္ၾကရေအာင္ လုပ္ေဟ့”
ငက်င္၏စကားကို တုံ႔ျပန္လာသူက ငမႉး။ ဗိုက္ႏွိပ္၍ ေျပာသည္။
“က်ဳပ္ အေမာေျဖရင္း၊ ဟင္း႐ြက္ခူးရင္း ခဏေနခဲ့ပါရေစ”
“ဟား… ဟား ကြၽန္းသား ေရထဲက်င္လည္ေပမဲ့ ကုန္းသမင္လိုက္ရာ ခါးဟိုက္ေနၿပီ။ ေနာင္ အက်င့္ရသြားမွာေပါ့ ငမႉးရာ။ ေနခဲ့ေလ… သမင္ဖ်က္ရာ မင္း အရက္တစ္လုံးေတာ့ တာဝန္ယူရမယ္ေနာ္”
“ရပါတယ္ ဦးေလးက်င္၊ ႏွစ္လုံး … က်ဳပ္ တာဝန္ ႏွစ္လုံးထား”
“ကဲ… ဒါျဖင့္ မင္းနဲ႔ ငလုံး ေနခဲ့။ သမင္ပိုက္ကို မင္းတို႔ထမ္းခဲ့၊ တို႔က သမင္ဖ်က္ႏွင့္မယ္၊ သြားစို႔ေဟ့”
သမင္ပိုက္မွာေလး၍ ငလုံးႏွင့္ ငမႉးထမ္းရန္ တာဝန္ေပးၿပီး သမင္လိုက္အဖြဲ႕ ျပန္ၾကၿပီ။ တစ္လမ္းလုံး ဖုန္းတေထာင္းေထာင္း ထကာ ေခြးေဟာင္သံ၊ သီခ်င္းဆိုသံ၊ ရယ္ေမာသံတို႔ျဖင့္ ေတာကို ပဲ့တင္သံေပးလ်က္ သြားၾက ျပန္ၾကသည္။
တစ္စတစ္စျဖင့္ ေတာသည္ ၿငိမ္ၿငိမ္ဆိတ္ဆိတ္။ ငလုံးက ငမႉး အနီး ကပ္ထိုင္ၿပီး သမင္းပိုက္ကို ရွင္း၍ ေခါက္ေနသည္။
“ငလုံး”
“ဗ်ာ… ကိုႀကီးမႉး”
“မင္း ဘယ္သူမွ မေျပာဘူးလို႔ က်ိန္ႏိုင္မလား”
“ဟာ ကိုႀကီးမႉးဟာ အရွင္းမရွိ အဖ်ားမရွိဗ်ာ၊ ဘာစကားမွန္းမွ က်ဳပ္ မသိတာ”
“ဘာစကားျဖစ္ျဖစ္ မင္း ႐ြာက်ရင္ အေဖ အေမေတာင္ မေျပာပါဘူးလို႔ ကတိေပးရင္ ငါ ျပစရာရွိတယ္၊ ၿပီးေတာ့ ခြဲယူမယ္”
ငလုံး စိတ္ဝင္တစားခြဲယူမည္ဆိုေတာ့ ရစရာ ျဖစ္လိမ့္မည္။
“ကိုႀကီးမႉးဟာက ဘာမို႔လို႔ အေဖ အေမေတာင္ မေျပာရမွာလဲဗ်”
“မင္း မေျပာဘူးဆိုမွ ျပမွာ”
“ကဲ… ျပမွာျပဗ်ာေဈးကိုင္လိုက္တာ၊ က်ဳပ္ မေျပာဘူး”
“လာ… ဒီေနရာကေန ေဟာဟို သစ္ကိုင္းေအာက္ ၾကည့္”
ငမႉးက သူထိုင္ေနရာမွ ခ်ဳံႀကီး၏ အစြန္းဆုံးရွိ ေနရာကို ျပသလိုက္သည္။ အစက ငလုံး မျမင္။ ခ်ဳံကိုင္းျဖင့္ ကြယ္ေန၍ ေသေသခ်ာခ်ာၾကည့္ရာ သစ္႐ြက္ေျခာက္မ်ားေပၚမွ ငမႉး ျပရာ ျမင္သည္။
“အင္… ေတာၾကက္ဥေတြဗ်ား ကိုႀကီးမႉး”
“ငါလည္း ေမာေမာနဲ႔ ၾကည့္မိၾကည့္ရာ ၾကည့္ရင္းျမင္တာကြ၊ မင္း ဘယ္သူမွ မေျပာနဲ႔၊ တို႔ ခြဲယူမယ္”
“ေတာ္ မထင္ဘူးေနာ္ ကိုႀကီးမႉး။ ခင္ဗ်ားက က်ဳပ္ထက္ အသက္ႀကီးတယ္။ ေတာ္ၾကာ သိသြားရင္ က်ဳပ္ထက္ ကိုႀကီးမႉး စည္းေဖာက္တယ္ အေျပာခံရမယ္။ ငါးရံ႕ရ အတူတူ ၊ ငါးခူရ ခြဲျခမ္းခြဲျခမ္း လုပ္မေနပါနဲ႔ဗ်ာ။ သမင္ဖ်က္တဲ့ေဘး ဝိုင္းေၾကာ္စားပစ္လိုက္ပါလား၊ ဘုံဆိုင္ေပါ့”
“ကြာ… ဒီေတာၾကက္ဥေလာက္နဲ႔ ခြဲစရာ မရွိပါဘူး။ သူတို႔မွာ သမင္သား ရွိေနမွေတာ့ ဒီၾကက္ဥ ပလုတ္တုတ္ အစုတ္အႏုတ္ သူတို႔ စာမဖြဲ႕ေလာက္ပါဘူး။ ေတာေကာင္ကို တို႔ ဝွက္ထားတာမွ မဟုတ္တာ”
“စဥ္းစားဦး ကိုႀကီးမႉး၊ မလုပ္ေကာင္းဘူး ထင္တာပဲ”
“အျပန္လမ္းမွာ ေတြ႕ တယ္လို႔ ေျပာမွာေပါ့ကြ။ ဒါေပမဲ့ ဒီဟာက မင္းနဲ႔ ငါ ႏႈတ္လုံရင္ သိၾကားမင္း ဆင္းစစ္လို႔ မေပၚဘူး။ အိမ္က လူေတြ ေမးလည္း လမ္းကရတယ္ေပါ့၊ မင္း မယူခ်င္ေနကြာ၊ ငါ အကုန္ယူမွာ”
ခ်ဳံကို ဓားျဖင့္ရွင္း၍ သစ္႐ြက္ေပၚမွ ေတာၾကက္ဥမ်ားကို ငလုံးႏွင့္ ငမႉး ယူသည္။
အားလုံး ဆယ့္တစ္လုံး။
ငမႉး စကားေၾကာင့္လည္း တစ္ေၾကာင္း၊ ေတာၾကက္ဥ ျမင္လာရ ၍လည္း တစ္ေၾကာင္း ငလုံးမျငင္းေတာ့ဘဲ ငမႉးေပးေသာ ေဝစု ယူလိုက္ သည္။
ငမႉးက ေျခာက္လုံး၊ ငလုံးက ငါးလုံး။
xxx xxx xxx
“ဟင္… ဒါ … ဒါ ဘယ္က ယူလာသလဲ၊ ဘယ္သူ ယူလာသလဲ ဟင္”
ငလုံးကို ကမန္းကတန္း ေမးလာေသာ ငေတာ၏ အသံ။
ငေတာ၏ မ်က္ႏွာတစ္ခုလုံး ေသခါနီး လူမမာသဖြယ္ ေသြးဆုတ္သည္ဟု ေျပာရမည္လား။ ႀကိဳးေပးခံရခါနီးေသာ တရားခံကဲ့သို႔ တုန္လႈပ္ေနသည္ဟု တင္စားရမည္လား၊ အသတ္ခံရခါနီး ႏြားကဲ့သို႔ ေဆာက္တည္ရာမရ ခိုင္းႏႈိင္းရမည္လား ငလုံး မေဝခြဲတတ္။
သူေတြ႕ ရသည္မွာ အလြန္ သတၱိေကာင္းပါသည္ဟု တစ္႐ြာလုံးက ေျပာစမွတ္ ျပဳၾကရေသာ သူ႔အေဖ၏ တုန္လႈပ္ေခ်ာက္ခ်ားေနမႈ။
သူ႔အေဖသည္ သူ႔ကိုတစ္လွည့္၊ သူျပေသာ ေတာၾကက္ဥမ်ားကိုတစ္လွည့္ ေသေသခ်ာခ်ာၾကည့္၍ အသက္ရႉမမွန္၊ အသံမမွန္။
“မင္း… မင္း ယူလာတာလား၊ အဲ… အဲဒါ ေသမင္း၊ ေသမင္းမွ ေသခ်င္းဆိုးနဲ႔ ေသမယ့္ ေသမင္း၊ ေသခ်င္းဆိုးကို ေက်ာေပၚပိုးလာတာဆိုတာ အဲဒါ ယူလာတဲ့ လူကြ၊ သိလား”
“ဗ်ာ …”
“မဗ်ာနဲ႔၊ ဟုတ္တယ္ ေသခ်င္းဆိုးနဲ႔ ေသမယ့္ ေသမင္းပဲ။ မင္း သိထားဖို႔က ေတာအေၾကာင္း၊ ေတာင္ေကာင္အေၾကာင္းကို ငယ္ငယ္ေလးကတည္းက ရင္းႏွီးကြၽမ္းဝင္လာတဲ့ ငါဟာ ေနာေက်ေအာင္ သိေနတယ္ဆိုတာ ယုံထား။ ငါေျပာရင္ ဒိျပင္ဟာ လြဲခ်င္လြဲမယ္၊ ေတာအေၾကာင္းကေတာ့ ဘယ္အခါကမွ လြဲ႐ိုးထုံးစံ မရွိတာ။ မင္း အသိ”
ငလုံး သူ႔အေဖ ငေတာေျပာသည္ကို ယုံၾကည္သည္။ သူ႔အေဖ ငေတာ ေတာေကာင္ႏွင့္ သက္ဆိုင္ေသာ အေျမာ္အျမင္ အယူအဆတို႔ လြဲေခ်ာ္သည္ဟု မေတြ႕စဖူး။
သူ႔အေဖသည္ သည္မွ် ဘာေၾကာင့္ ေခ်ာက္ခ်ား ေနမွန္းကိုသာ သူ မသိျခင္းပင္။
အဆာႀကီး ဆာေလာင္လာ၍ သူ႔အေဖ အလြန္ႀကိဳက္ေသာ သမင္ဝမ္းတြင္းသားဟင္းကို ပင္စိမ္း႐ြက္မ်ားမ်ား ထည့္ခ်က္လ်က္ ပန္းကန္အျပည့္ ထည့္ကာ သူ႔အေမ ေဒၚဂ်မ္းက ထမင္းခူးေပးၿပီး ႐ြာထဲထြက္သြားသည္။
ေခ်ာင္းဦးၿမိဳ႕မွအျပန္ မီးခြက္ထြန္း၍ သမင္ဝမ္းတြင္းသားဟင္းႏွင့္ အားပါးတရ ထမင္းစားေနေသာ ငေတာကို ငလုံးက အားရဝမ္းသာျဖင့္ ဆန္ေဆးေတာင္းႏွင့္ ထည့္ထားသည့္ သူရလာေသာ ေတာၾကက္ဥျပရာမွ ယခုကဲ့သို႔ ငေတာ အထိတ္တလန႔္ ျဖစ္သြားသည္။
ထမင္းကို ငေတာ ဆက္မစားေတာ့ဘဲ တစ္ပိုင္းတစ္စ ရပ္သည္။
“မင္း မၾကားဖူးဘူးလား၊ တို႔အညာသားေတြ ေဖာင္ခ်တတ္ေတာ့ ေတာထဲက ခုလို ဥယူလာၿပီး ေဖာင္စုန္ခဲ့တယ္။ ဥပိုင္ရွင္က ေရထဲကူး လိုက္လာၿပီး ကိုက္သတ္လို႔ ေသရတဲ့အေၾကာင္း။ ဒါေၾကာင့္ ငါေျပာတာေပါ့၊ ေသမင္းပါလို႔၊ ၾကည့္ပါကြာ၊ မင္း ဒီေလာက္ ႏုံရ နရ အရ ထုံရသလား။ မင္းေျပာတဲ့ ေတာၾကက္ဥဆိုရေအာင္ ျဖဴသလား။ ဝါသလား။ ဥခြံေရာင္ ၾကည့္၊ ညိဳညစ္ညစ္ေနမွေတာ့ ဒါ ငန္းပုတ္ဥကြ”
“ငန္းပုတ္ေႁမြဥ၊ ဟုတ္လား အေဖ”
“ဟုတ္ခ်က္ေတာ့ ဌာန္ကုန္သပါ့ ေမာင္၊ ခုေလာက္ဆို ေလတင္နဲ႔ ေလေအာက္ အနံ႔ခံၿပီး ငန္းပုပ္ႀကီးေတြ ဥရွိရာ လိုက္လာေရာ့မယ္။ အေဖ့ကို မင္း မွန္မွန္ ေျပာစမ္း၊ ဘယ္ေတာက ယူလာခဲ့သလဲ”
“ပန္းပင္ကုန္း”
“အင္း ေလေအာက္က ေတာပဲ၊ တို႔က ေလတင္ဆိုေတာ့ လာမွာပဲ။ ဒါ သူ႔ဥ အကုန္ ဟုတ္ရဲ႕လား”
ငလုံး စိတ္၌ ငမႉးပါ အမႈမပတ္ေစေရးႏွင့္ ထားခဲ့ေသာ အေဖ အေမ ပါ မေျပာရဟူေသာ ကတိ သတိရ၍ အထစ္ထစ္ အေငါ့ေငါ့ျဖင့္ မလိမ္စဖူး လိမ္လိုက္သည္။
“ဟုတ္ ဟုတ္ အဲဒါ အကုန္”
“ဟုတ္ရဲ႕လား ေကာင္ေလးရာ၊ ငန္းပုပ္ေႁမြဥ ငါေတြ႕ဖူးတာ ဒီေလာက္ မကဘူး။ မင္း ဝွက္မ်ားထားသလား။ ၾကက္ဥဆိုၿပီး အစိမ္းေဖာက္ေသာက္မိလား။ တျခားလူမ်ား ေရာင္းမိ ေပးမိေသးလား”
“ဒါေလးတင္ပါဗ်”
“မင္း မစားမိတာ အမွန္ေနာ္”
“တကယ္ပါဗ်”
“ဒါျဖင့္ ေတာလိုက္ ဘက္ထရီမီးဆင္၊ ဝါးမာတုတ္ျပတ္ရွည္ရွည္ တစ္ခုယူ၊ မင္း ငါ့ေနာက္ကို ငန္းပုပ္ဥေတာင္းယူလိုက္ခဲ့”
ငေတာႏွင့္ ငလုံးတို႔ ဘက္ထရီမီး၌ ငါးခဲထိုးတုတ္မီး(လက္ႏွိပ္မီး) တပ္ဆင္၍ ႐ြာျပင္ထြက္ခဲ့သည္။
သူတို႔အိမ္ႏွင့္ တည့္တည့္ ႐ြာအေနာက္ဘက္ရွိ မိုးႏွံ႔ခ်ဳံႀကီးေအာက္ အေရာက္၌ ငန္းပုပ္ေႁမြဥေလးလုံးကို ခ်ဳံေအာက္တိုးဝင္၍ ငလုံးအား ထားေစသည္။ အျပင္တြင္ ထားခဲ့ေသာ ဥတစ္လုံးအား အေဝးမွ ဝါးမာတုတ္ျဖင့္ ငလုံးကို ငေတာက ႐ိုက္ခြဲခိုင္းသည္။ တုတ္ကို ခ်ဳံေဘးပစ္ထားေစခဲ့သည္။
အျပန္လမ္း၌ ငလုံးက ငေတာကို ေမးသည္။
“ဘာလို႔ ငန္းပုပ္ေႁမြဥႀကီးကို ႐ိုက္ခြဲခိုင္းလဲ အေဖ”
“ညမွာ ငန္းပုပ္ေႁမြေတြ လာမယ္၊ မင္း စားထားတာ မဟုတ္ရင္ အညႇီနံ႔ျဖစ္တဲ့ သူ႔ဥကြဲရာ ဒီေနရာကို အနံ႔ခံၿပီး လာမယ္။ ဥကြဲက ေလတင္၊ သူတို႔ လာမွာက ေလေအာက္၊ ဒီလာၿပီး သူတို႔ဥအေပၚ ဝပ္ေနမွာ ေသခ်ာေပါက္ေပါ့ကြာ။ ဒီၾကားထဲ ေခြးစားရင္ ေခြးဆီလိုက္မယ္၊ လူစားရင္ လူဆီလိုက္မယ္”
“ဒီေလာက္ေတာင္ပဲလား။ က်ဳပ္ ခ်ိဳးတည္ရင္း အေဖနဲ႔ အတူတူ ငန္းပုပ္ေႁမြႀကီး ေတြ႕ဖူးသားပဲ။ သည္ေလာက္ အမွတ္သည္းေျခရွိသလား”
“အမွတ္သည္းေျခႀကီးတယ္ဆိုတာထက္ သားသမီးေလာင္းအေပၚ ထားရွိတဲ့ ခင္တြယ္မႈ သမုဒယ၊ မျမင္ရေသးတဲ့ သားေလာင္း သမီးေလာင္း အေပၚ ထားရွိတဲ့ မိဘရဲ႕ သံေယာဇဥ္ေၾကာင့္ လာရွာၾကမွာေပါ့ကြာ။ တကယ္ေတာ့ ခုလို လိုက္လာတာကလည္း သံေယာဇဥ္သမုဒယေၾကာင့္ သူတို႔ကို သတ္ႏိုင္ျဖတ္ႏိုင္တဲ့ လူေတြရဲ႕ ေသကြင္းအႏၲရာယ္ သတ္ကြင္း အႏၲရာယ္ထဲ၊ ရန္မွန္း အႏၲရာယ္မွန္း ထည့္မတြက္ႏိုင္ေတာ့ဘဲ လိုက္ရွာၾကတာေပါ့။ အင္း… မိဘရဲ႕ သံေယာဇဥ္၊ သံေယာဇဥ္ပါကလား”
ငေတာႏွင့္ ငလုံးသည္ မေပါ့ေသာ ဝီရိယ၊ မလစ္ေသာ သတိျဖင့္ မီးခြက္တစ္ခြက္ ထြန္းကာ တုတ္ ဓားလွံႏွင့္ ခြတို႔ပါ ေဘးခ်၍ စကားတ ေျပာေျပာ နားတစြင့္စြင့္။
“ဒီသားအဖႏွယ္၊ မ႐ူးမေကာင္းနဲ႔ ခုမွေတြ႕ဖူးတာ က်ေနတာပဲ၊ မအိပ္ေသးဘူလား၊ အိမ္က လူက ၿမိဳ႕တစ္ေခါက္ ေရာက္လာတာနဲ႔ ေလႀကီး မိုးႀကီးကို တိုက္လို႔ မကုန္ႏိုင္ဘူး။ မသိရင္ ေခ်ာင္းဦးကို သူ တစ္ေယာက္သာ ေရာက္ဖူးမွတ္ေန”
“နင္ အိပ္စမ္း ၊ နားမပူနဲ႔ ဒါပဲ”
ငေတာ၏ မ်က္ႏွာထားတည္တည္ႏွင့္ ခပ္မာမာ ေျပာလာေသာ စကားကို ငေတာမိန္းမ မိဂ်မ္း တအံတၾသ။
“အဲေတာ္… ေစတနာနဲ႔ ေျပာတာကို ဒီလူႀကီးက ဌာန္နဲ႔မာန္နဲ႔ ျဖစ္ေန”
ငေတာက သူ႔မိန္းမကို ၾကည့္လိုက္သည္။ သူ႔မ်က္လုံး၌ အဓိပၸာယ္ အစုံအလင္ ျဖာျဖာေဝ။
“မနက္ သုံးနာရီကတည္းက ေခ်ာင္းဦးထသြားတစ္။ လမ္းလုံး လွည္းေဆာင့္၊ ခရီးပင္ပန္းနဲ႔ အိပ္ခ်င္တာေပါ့ နင့္အေမရယ္၊ နင့္သားႀကီးဆီ အခ်ိန္မေ႐ြး ေရာက္လာႏိုင္တဲ့ အႏၲရာယ္ ရင္စည္းေျဖရွင္းေပးရမယ့္ အေဖ ျဖစ္ေနလို႔ သားေသမွာစိုးတဲ့စိတ္ေၾကာင့္ ေပေတ ဇြတ္မွိတ္ ေနရတာေပါ့။ သား သမုဒယ၊ သား သံေယာဇဥ္ေၾကာင့္ ငါ အိပ္ခ်င္ေပမဲ့ စိတ္တင္းထား ရတာ နင္မသိဘူး။ တစ္ခါတေလ ေလာကႀကီးမွာ မသိတာနားမလည္တာဟာ စိတ္ဆင္းရဲသက္သာတယ္။ သိတတ္တဲ့ ငါ့မွာ ေသာကအျပည့္နဲ႔ ခု ရင္ဆိုင္ ေနရၿပီ”
ဤစကားသံကို ငေတာက ရင္ထဲမွာ ေျပာေသာ္လည္း မ်က္ဝန္း၌ အနက္ထင္သည္။
ငေတာ မိန္းမသည္ အတိအက်ေတာ့ သေဘာမေပါက္။ ႏွစ္ရွည္လမ်ား ေပါင္းလာေသာ မိန္းမပီပီ သူ႔ေယာက္်ား အမူအရာ ၾကည့္ျခင္းအားျဖင့္ တစ္စုံတစ္ခုေသာ အေၾကာင္းေတာ့ ေပၚေလၿပီဟု အၾကမ္းဖ်င္း နားလည္သေဘာေပါက္သည္။ ထို႔ေၾကာင့္ ငေတာကိုလည္း အိပ္ဖို႔ ထပ္မခိုင္း၊ သူ ကိုယ္တိုင္လည္း မအိပ္ေတာ့ဘဲ ေဆးလိပ္ဗန္းယူကာ ေဆးလိပ္ တစ္လိပ္ၿပီး တစ္လိပ္ ထိုင္လိပ္ေနသည္။
အိမ္အားလုံး မီးခြက္မႈတ္၍ အိပ္ရာဝင္ၾကၿပီ။
အသံအားလုံး တိတ္ဆိတ္ ၿငိမ္သက္၍ အေမွာင္ထုသည္ ပိုပိုမိုမို နက္နက္ရႈိင္းရႈိင္း။ ေလသံသည္ပင္လွ်င္ က်ယ္က်ယ္ေလာင္ေလာင္။
“ကယ္ေတာ္မူၾကပါ အရပ္ကတို႔ရဲ႕၊ အမယ္ေလး…က်ဳပ္ ေယာက္်ား တမာပင္ေအာက္ ကြပ္ပ်စ္ေပၚ အိပ္ေနတာ ခု အသက္မရွိေတာ့ဘူး ထင္ပါရဲ႕ေတာ့”
ငေတာႏွင့္ ငလုံးေရာ မိဂ်န္းပါ ေခါင္းမ်ား ပုတ္ေလာက္ႀကီးၿပီး ၾကက္သီးတျဖန္းျဖန္း ထသြားသည္။
ေအာ္သံေနာက္၌ က်ယ္ေလာင္ေသာ ငိုေႂကြးသံ။
ေအာ္သံ ငိုသံေၾကာင့္ တစ္႐ြာလုံး လန႔္ႏိုးၿပီး ေခြးအူသံ၊ လူေခ်ာင္းဟန႔္သံ၊ စကားေျပာသံျဖင့္ အသက္ ျပန္ဝင္လာသည္။
“အမယ္ေလး ကိုမႉးရဲ႕… အျဖစ္ဆိုးလွခ်ည္လားေတာ့၊ ဘယ္လို ျဖစ္တယ္ဆိုတာ မေျပာသြားေတာ့ဘူးလား။ လုပ္ၾကပါဦး အရပ္ကတို႔ရဲ႕။ ေသမ်ား ေနပလားေတာ့။ ေရာဂါနဲ႔ေသဦး ေဆးမွ မကုရတာ က်ဳပ္ ေျဖႏိုင္ပါ့မလား အရပ္ကတို႔ရဲ႕”
ငေတာသည္ သူ႔သား ငလုံးကို စိုက္ၾကည့္သည္။
တစ္ကိုယ္လုံး ေခြၽးလုံးႀကီးမ်ား ယိုစီးက်၍ နတ္ဝင္သည္ကဲ့သို႔ ငလုံး တစ္ဆတ္ဆတ္ တုန္ေနသည္။ လွံ႐ိုးကို အားတင္းဆုပ္ကိုင္ထားေသာ လက္တို႔ တဆတ္ဆတ္ တုန္ခါေန၍ ငလုံးကိုင္ထားေသာ လွံပါ တဒုတ္ဒုတ္ ခုန္ေနသည္။
“လာ ငါ့သား၊ ငမႉးအိမ္ အေဖတို႔ သြားၾကမယ္၊ မင္းနဲ႔အတူ ကေန႔ သမင္လိုက္သြားတာ ငမႉးပါတယ္ မဟုတ္လား၊ မလိမ္နဲ႔ကြာ”
“ဟုတ္… ဟုတ္”
သမင္လိုက္ရာ ကေန႔ မည္သူပါသည္ဟု ႐ြာမွာ မရွိေသာ ငေတာ မသိ။ ငလုံး၏ ခိုကိုးရာမဲ့ တုန္လႈပ္ေခ်ာက္ခ်ားေနမႈႏွင့္ ငမႉး ျဖစ္ရပ္ ဆက္စပ္၍ တပ္အပ္ေသခ်ာ ငေတာ အေျဖရွာႏိုင္ခဲ့ပါသည္။
ငမႉး တစ္ေယာက္ သူ႔အိမ္ေရွ႕ တမာပင္ေအာက္ ကြပ္ပ်စ္ေပၚ၌ မခ်ိမဆံ့ျဖစ္ကာ မြဲေျခာက္လိမ္ေကာက္ၿပီး အသက္ေပ်ာက္သြားသည္ကို ျမင္လိုက္ရ၏။ ငမႉးေဘး၌ လဲေနေသာ အရက္ပုလင္း၊ ေမွာက္ေနေသာ သမင္သားဟင္း။ ၿပီးေတာ့ မုန႔္လို အခုလိုက္ ေၾကာ္ထားေသာ ၾကက္ဥေၾကာ္မ်ား။
ငမႉး မီးဖိုေခ်ာင္ ဖြင့္၍ သူ႔ဘက္ထရီမီးျဖင့္ ထိုးၾကည့္သည္။
ေဖာက္၍ ေၾကာ္ထားေသာ ငန္းပုပ္ေႁမြဥခြံ ေျခာက္လုံး။ ငေတာကေတာ့ အေသအခ်ာ သိလိုက္သည္။
ငမႉး ေႁမြကိုက္ခံရ၍ေသသည္။ ထိုကိုက္ေသာ ေႁမြသည္ ငန္းပုပ္ေႁမြ ျဖစ္သည္။ ထိုငန္းပုပ္ေႁမြမွာ ႐ြာအေနာက္ဘက္ မိုးႏွံခ်ဳံေအာက္၌ ငေတာတို႔ ထားခဲ့ေသာ ေႁမြဥမ်ားအေပၚ ဝပ္ေနလိမ့္မည္ဟု တပ္အပ္ေသခ်ာ ေျပာလိုက္ခ်င္သည္။
ေနာက္တစ္ေန႔ မနက္၌ ႐ြာအေနာက္ဘက္ မိုးႏွံခ်ဳံထဲမွ ငန္းပုပ္ႀကီးႏွစ္ေကာင္ကို ႐ြာသားတို႔ ဝိုင္း႐ိုက္သတ္ခဲ့ရေၾကာင္း၊ ငန္းပုပ္ဥႀကီး ေလးလုံး ေတြ႕ေၾကာင္း၊ ငမႉး၏ အသုဘမခ်မီ အသုဘအိမ္တြင္ တစ္႐ြာလုံး ေျပာၾက ဆိုၾက မ႐ိုးႏိုင္ၾက။
[ ၁၉၉၀ ခု၊ ႏိုဝင္ဘာလ၊ စံပယ္ဦး ျမန္မာဝတၳဳတိုမဂၢဇင္းတြင္ “ငန္းပုတ္” အမည္ျဖင့္ ေဖာ္ျပခဲ့သည္။]
– ၿပီး –
စာေရးသူ – တြင္းႀကီးဝမ္းေမာင္