သရဏဂုံအစွမ်းအံ့မခန်း

မောင်ရေခဲနဲ့ သရဏဂုံအစွမ်းအံ့မခန်း(စ/ဆုံး)
———————————————
ရှန်ဂရီလာအရပ်နဲ့ ဟိမဝန္တာအရပ်တို့တွင်လှည့်လည်သွားလာရင်း တနေ့သော် အိမ်ကိုသတိရစိတ်တို့ဖြစ်ပေါ်လာသည်။ မွေးမိခင်ဖြစ်သူဒေါ်အေးမေကို မကောင်းသည့်အတတ်ဖြင့် ပြုစားမည့်သူပေါ်လာမည်ကို သူ့အာရုံထဲပေါ်နေသည်။ ဆရာသခင်တို့ထံ အိမ်ပြန်ရန်ခွင့်တောင်းသော်လည်း ကံတရားအတိုင်းဖြစ်လာလိမ့်မည်ဟုပြောကာ ပြန်ခွင့်မပေးခဲ့ချေ။
သာလွန်းရွာတွင်ကျန်ရစ်ခဲ့သော
ဦးမြတင့်တို့လင်မယားမှာကား တစ်ဦးတည်းသောသားဖြစ်သူမောင်ရေခဲကို လွမ်းဆွတ်တမ်းတသတိရနေသည်။ ရွာဦးဆရာတော် ဥူးမေဓာဝီထံ မောင်ရေခဲကလေးပြန်လာမည့်အချိန်ကို မေးကြည့်သော်လည်း ပြန်လာချိန်တန် ပြန်လာလိမ့်မည်ဟူသောစကားကိုသာ ကြားရသည်။ ဆရာတော်ဘုရားသည် မောင်ရေခဲ၏ပြုသမျှသော အရာကိုစိတ်ဖြင့်သိမြင်တော်မူသည်။ မိမိ၏သားတပည့်ဖြစ်သူသည် မကောင်းသူပယ် ကောင်းသူကယ်ရင်း ပညာဆည်းပူးလေ့လာနေသည်ကို မိမိအနေဖြင့် လွန်စွာဝမ်းမြောက်လေသည်။
မိမိ၏အိမ်မက်ထဲတွင်သားငယ်စဉ်ကတည်းကမြင်မက်နေကျ ဘိုးသူတော်သည်အားလည်း သားဖြစ်သူရေခဲလေးကိုလာရောက်ခေါ်ဆောင်ပြီးသည့်နောက်ပိုင်း မြင်မက်ခြင်းမရှိတော့ပေ။ သားငယ်အိမ်မှ သွားခဲ့သည်မှာ သုံးနှစ်ပင်ပြည့်နေပြီဖြစ်သည်။ သည်အချိန်ထိသားငယ်၏ အရိပ်အယောင်ကလေးမျှပင် တွေ့ခွင့်မရခဲ့ချေ။ သားငယ်ကို လွမ်းဆွတ်တမ်းတသည့် စိတ်ကြောင့် လွမ်းဖျားဖျားကာ အိပ်ယာထဲလှဲနေရသည်။ လင်မယားနှစ်ယောက်တည်းရှိသည့်အိမ်တွင် မယားဖြစ်သူက ဖျားနာနေသဖြင့် လင်ဖြစ်သူမှာအလုပ်လည်းပူရ၊ဇနီးမယားလည်း ပူရဖြစ်ကာ တစ်ပူပေါ်နှစ်ပူဆင့်ပြီး လူလည်းအသက်ရသည်ထက် ပို၍အိုစာလာခဲ့သည်။ ဒေါ်အေးမေသည်သားကိုသတိရတိုင်း သရဏဂုံကိုအမြဲရွတ်ဖတ်ကာ နတ်ဒေဝတာအပေါင်းကို မေတ္တာပို့သည်။ သားငယ်ဖြစ်သူမောင်ရေခဲကို စောင့်ရှောက်ကြရန် အကြိမ်ကြိမ်ဆုတောင်းမိသည်။ သားဖြစ်သူမောင်ရေခဲကို ကိုယ်ဝန်ဆောင်သည့်အချိန်မှစ၍ သူမသည်သရဏဂုံအားအဆက်မပြတ်ရွတ်ဆိုခဲ့သည်။ မည်မျှဆိုသော် လမ်းတွင်ခလုတ်တိုက်လျှင်ပင် သရဏဂုံကိုအလိုလိုရွတ်မိလျှက်ခြင်းဖြစ်သည်။
တစ်နေ့သော်သာလွန်းရွာသို့ဆေးဆရာတစ်ယောက်ရောက်လာခဲ့သည်။ မောင်ရေခဲရွာတွင်မရှိတော့သည့်နောက်ပိုင်း ရွာထဲသို့ဆေးဆရာအများအပြားဝင်ရောက်ခဲ့သည်။ အချို့ကအမှန်အကန်ဆေးဆရာ၊အချို့က အယောင်ဆောင်ဆေးဆရာများဖြစ်သည်။ သို့သော်မောင်ရေခဲရှိစဉ်က ရွာထဲသို့ဝင်လာခဲ့သော ဆေးဆရာအယောင်ဆောင် သိုက်ဆရာဘိုးတော်လိမ်ကြောင့်ရွာသူရွာသားများမှာ သတိတရားကပ်နေပြီဖြစ်သဖြင့် ဆေးဆရာများကိုအလွယ်တကူမယုံကြည်ကြတော့ချေ။ သည်တစ်ခါရွာထဲသို့ဝင်လာသော ဆေးဆရာသည်ကား ရွာထဲမှ ကလေးသူငယ်များဖျားနာလျှင် ချက်ချေင်းပျောက်အောင်ကုသပေးနိုင်သည်။ နာတာရှည်ရောဂါများကိုပင် ခုနှစ်ရက်တည်းနှင့်ပျောက်အောင်ကုသပေးနိုင်သည်။ ထို့ပြင်
ရွာ၌မစွံသော အပျိုကြီး လူပျိုကြီးများပင် သူ့ဆီမှပီယဆေးယူပြီးလျှင် တစ်လလောက်နေပြီး အိမ်ထောင်ကျသွားတတ်သည်။ ဤသို့သော အစွမ်းတို့ကြောင့် ထိုဆေးဆရာဆိုသူအား သာလွန်းရွာမှလူများ ယုံကြည်သက်ဝက်လာသည်။
ရွာထဲတွင်ထိုဆေးဆရာ၏ဂုဏ်သတင်းမွှေးပျံ့နေသဖြင့် ဦးမြတင့်သည် မိမိ၏ဇနီးမယားအတွက် ထိုဆေးဆရာအားပင့်ချင်စိတ်တို့ပေါ်လာခဲ့သည်။ ထိုဆေးဆရာ ရွာတွင်းသို့ရောက်လာသည့်သုံးလအတွင်း ကောင်းသတင်းများသာကြားရသဖြင့် အမှန်အကန်ဆေးဆရာတစ်ယောက်ဖြစ်မှန်း သူယုံကြည်မိသည်။ သို့ကြောင့် ရွာထဲရှိဆေးဆရာတည်းသော သူကြီး၏အိမ်တွင် ဆေးဆရာကိုသွားပင့်လာခဲ့သည်။

အိမ်အပေါ်ထပ်မှ ဆေးဆရာဦးပြောသည် မိမိထံသို့လာမည့်ဦးမြတင့်အားမြင်လျှင်မိမိ၏ အကြံအစည်အောင်မြင်တော့မည်ကိုသိပြီး အားရကျေနပ်လျှက်ရှိသည်။
” ဗျို့..သူကြီးရေ…သူကြီး..ကျုပ်မြတင့်ပါ…ဒီမှာတည်းနေတဲ့ဆရာကိုလာပင့်တာပါ..”
ခြံအပြင်မှခေါ်သံကြောင့် သူကြီး၏လူယုံ သန်းမောင်က ကပြာကယာ တံခါးသွားဖွင့်ပေးသည်။ နွားစာစဉ်းနေသောသူကြီးလည်း ဦးမြတင့်ကိုမြင်ပြီး

” ဟာ..ဆရာလေးရဲ့အဖေပါလား…လာဗျာအပေါ်ထပ်ကို..”

” ကျုပ်ကြောင့်အလုပ်ပျက်သွားပြီလားသူကြီး…”

” မပျက်ပါဘူးကွာ…လာ..ဆရာလာပင့်တာဆို..ဆရာအပေါ်ထပ်မှာရှိတယ်…”

” ဟုတ်သူကြီး…”
အပေါ်ထပ်ရောက်သော် ဆေးဆရာဟူသော အသက်၃၅ အရွယ်ခန့်လူတစ်ယောက်ကိုတွေ့ရသည်။ ထိုသူက ဦးမြတင့်အားမြက်လျှင်

” လာဗျာ…ကျုပ်အထင် ဒီကအစ်ကိုကြီး သောကအပူမီးကျနေတယ်ထင်တယ်…”
သူ့ကိုမြင်သည်နဲ့ သူ့အကြောင်းတန်းသိသဖြင့် ဦးမြတင့်စိတ်ထဲအထင်ကြီးလေးစားမိသည်။

” ဟုတ်…ဟုတ်ပါတယ်ဆရာ…ကျုပ်ဇနီးအတော်နေမကောင်းဖြစ်နေလို့…ဆရာ့ကိုလာပင့်တာပါ…”

” လိုက်ရမှာပေါ့ဗျာ…လိုက်ရမှာပေါ့…သတ္တဝါတွေကယ်ရမှာဆရာ့တာဝန်ဘဲ…”

” ကျေးဇူးတင်လိုက်တာဆရာရယ်…”

” ဒီနေ့ဆရာ့အလုပ်မရှိသေးဘူဆိုတော့ ခုဘဲအစ်ကိုကြီးရဲ့အိမ်ကိုသွားကြစို့…”

သိပ်တောင်မပြောလိုက်ရဘဲ ဆရာကအလွယ်တကူလိုက်မည်ပြောသဖြင့် ဦးမြတင့်ဆရာဖြစ်သူကို ကျေးဇူးတင်မိသည်။
ဒေါ်အေးမေသည် လင်ဖြစ်သူအိမ်မှာမရှိခိုက် အပေါ့သွားချင်လာသဖြင့် အောက်ထပ်သို့ဆင်းလာခဲ့သည်။ နူတ်မှလည်း သရဏဂုံကိုအမြဲမပြတ်ရွတ်ဆိုနေသည်။ ထိုစဉ်ပုပ်စော်နံသောအနံ့အသက်ရလာပြီး အိမ်ဘေးရှိသစ်ပင်ပေါ်သို့ ကျီးကန်းသုံးကောင်က တအာ့အာ့လာအော်သည်။

” အာ့…အာ့…အာ့…”
” အာ့…အာ့..အာ့…”

” အာ့..အာ့.. အာ့…”

လူနာရှိသောအိမ်တွင်ကျီးလာအော်သောကြောင့်မကောင်းသောနိမိတ်မှန်းသူမသိသည်။ သို့ကြောင့် တုတ်ကောက်ကိုအားပြုကာ ကိုယ့်ကိုကိုယ်ထိန်းရင်း ကျီးကန်းကိုမောင်းထုတ်သည်။

” ရှူး…ရှူး….သွားစမ်း…ဒီနေရာဟာသင်တို့လာရမဲ့နေရာမဟုတ်ဘူး…ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ဓမ္မံသရဏံဂစ္ဆာမိ၊သံဃံသရဏံဂစ္ဆာမိ…”

ဒေါ်အေးမေထိုသို့ပြောလိုက်သည်နဲ့သစ်ပင်ပေါ်မှ ကျီးကန်းသုံးကောင်သည် အဝေးသို့ထပျံသွားကြသည်။ ဒေါ်အေးမေလည်းနောက်ဖေးသို့ဝင်သွားခဲ့သည်။ ခဏကြာသော် ဆရာပင့်သွားခဲ့သော ဦးမြတင့်ပြန်လာသည်။ သူနဲ့အတူမျက်လုံးအရောင်စူးရှသော လူတစ်ယောက်လည်း ပါလာသည်။
ထိုလူသည်အိမ်ပေါ်ရောက်သော် အိမ်ထဲကိုနေရာအနံ့မျက်လုံးဝေ့ကြည့်သည်။

” ဒီအိမ်ကမသန့်ဘူး ဒါကြောင့်လူနာကိုအပမှီတာ မောင်းထုတ်မှရမယ်…မဟုတ်ရင်ကိုယ်ကျိုးနဲကုန်လိမ့်မယ်…”

” ကောင်းသလိုသာ စီစဉ်ပါဆရာရယ်…ဆရာ့ကိုအပ်ပါတယ် ကျွန်တော့ဇနီးကိုသာ နေကောင်းအောင် ကုပေးပါ…”

ဆရာဦးပြောသည်ကား ကျိတ်ပြုံးလျက် စိတ်ထဲမှ ကုပေးရမှာပေါ့ ပျောက်အောင်ကုပေးမှာ ရှာမတွေ့အောင်ကုပေးမှာ…ဟုတွေးရင်း ဒေါ်အေးမေရှိရာ အိပ်ယာသို့လာပြီး ရောဂါစစ်ပေးသည်။ ဒေါ်အေးမေကားအလိုက်သင့်ပင် လက်ကိုထုတ်ပေးလိုက်သည်။
ဆရာဦးပြောသည် ဒေါ်အေးမေ၏လက်အားကိုင်ကာ အမှောင့်ပရောဂသွင်းသည့်မန္တာန်ကိုရွတ်ဆိုသည်။ ဒေါ်အေးမေကားသရဏဂုံကိုရွတ်ဆိုသည်။

” အား…..”

ထိုအချိန်ဆရာဦးသာပြောသည် အားဟုတစ်ချက်ထဲအော်ပြီး အနောက်သို့လွှင့်သွားသည်။ ဦးမြတင့်လည်းအဖြစ်အပျက်ကြောင့်လန့်သွားပြီး ဆရာဦးပြောအားဆွဲထူသည်။
ဆရာက

” လူနာမှာရှိတဲ့အစွဲက အရမ်းစွမ်းတယ် အစ်ကိုရေ…ဒီတိုင်းနှင်လို့မရဘူး…ကျုပ်ရဲ့သံသေဓားနဲ့နှင်မှဖြစ်မယ်…”

ဆိုကာလူနာအားအိမ်ရှေ့ခန်းသို့လာထိုင်စေပြီး လူနာ၏ဦးခေါင်းထက်သို့ ကိုးလက်မခန့်ရှိသော ဓားမြှောင်ကိုဝှေ့ယမ်းလိုက်သည်။ နုတ်မှလည်း သံသေဓားတွင်ကပ်နေသော မိစ္ဆာကိုနိုးသည့် မန္တာန်ကိုတတွတ်တွတ်ရွတ်ဆိုသည်။ ဒေါ်အေးမေလည်း သရဏဂုံကို ယုံယုံကြည်ကြည်ရွတ်ဆိုသည်။ သရဏဂုံအစွမ်းကြောင့် ဓားမှာအစွမ်းမထွက်ဘဲဖြစ်နေသည်။ ဦးပြောသည် သူ့ဓားအားပြန်ကြည့်ပြီး တစ်ခုခုမှားယွင်းနေသည်ကို သတိပြုမိသည်။ သို့ကြောင့်ဥာဏ်သုံးပြီး ” ဒီအစွဲကအရမ်းအားကြီးတာဘဲ…ကျုပ်ရဲ့သံသေဓားအစွမ်းကိုတောင် ပိတ်ထားနိုင်တယ်…တွေ့မယ် အာခံချင်တဲ့ကောင်မ..ငါ့ရဲ့ဆေးကြိမ်လုံးနဲ့တွေ့ကြသေးတာပေါ့…”

ဆိုကာလွယ်အိတ်အတွင်းမှ နှစ်ပေခန့်ရှိသောပြောင်ချောမဲနက်နေသည့် တုတ်တချောင်းကို ထုတ်ယူပြီး ဒေါ်အေးမေ၏ ကျောပြင်အား ရိုက်ချလိုက်သည်။

” ဖျန်း…ဖျန်း…ကဲဟယ်…အာခံချင်ဦး…”

ဒေါ်အေးမေမှာမည်သည့်မရာမှမတုံ့ပြန်ဘဲ စိတ်ထဲမှသရဏဂုံကိုသာပွားများနေသည်။
ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ဓမ္မံသရဏံဂစ္ဆာမိ၊သဃံသရဏံဂစ္ဆာမိ…အကျွန်ုပ်သည်သုံးလောကထဋ်ထားမြတ်ဘုရားမှလွဲ၍ ယုံကြည်ကိုးကွယ်ရာမရှိ၊ မြင့်မြတ်သောသရဏဂုံအစွမ်းကြောင့် ဤအောက်လမ်းဆရာစီမံထားသော အစီအရင်မှန်သမျှ ပျက်ပြယ်ပါစေသတည်း…စိတ်ထဲမှထိုသို့ရွတ်လိုက်ရာ ဆရာပြော၏ လက်ထဲမှဆေးကြိမ်လုံးသည် ထက်ပိုင်းကျိုးသွား၏။

” ဟင်…”
ဆရာပြော၏စိတ်ထဲတွင်ဒေါ်အေးမေအားအလွန်ကြောက်လန့်သွားသည်။ သည်သားအမိသည် ဆရာများပင်မနိုင်သောဆေးစွမ်းကောင်းကိုရထားသည်။ သူတို့ကိုအံတုပါက မိမိအသက်ပင်ပြန်ထိခိုက်စေလိမ့်မည်ဟုတွေးကာ ဒူးထောက်ထိုင်ချပြီး ဒေါ်အေးမေအားထိုင်ကန်တော့လေသည်။

” ခွင့်လွတ်ပါဗျာ…ကျုပ်ရဲ့အငြိုးအတေးထားတဲ့စိတ်ကြောင့် ကျုပ်အနှစ်နှစ်အလ စီရင်ခဲ့ရတဲ့သံသေဓားတွေ၊ဆေးကြိမ်လုံးတွေပျောက်ပျက်ကုန်ပါပြီ…ခွင့်လွတ်ပါ ခင်ဗျာ…”

အဖြစ်အပျက်ကြောင့် ဦးမြတင့်မှာဘာမှနားမလည်နိုင်ဖြစ်သွားသည်။ ဒေါ်အေးမေကိုကြည့်လိုက်သော် ကျောပြင်အရိုက်ခံထားရသော်လည်း ဘာမှမဖြစ်သလိုပင်။ လူနာကိုဆရာဖြစ်သူက ထိုင်ကန်တော့ရသောအဖြစ်ကြောင့် သူ့အနေဖြင့်ဘယ်တုန်းကမှမကြားဖူး မမြင်ဖူးခဲ့ချေ။ ဒေါ်အေးမေက ဆေးဆရာအားကြည့်ပြီး

” ကဲကဲ…လောကမှာရတနာသုံးပါးထက် ဘာမှ ပိုမမြင့်မြတ်ဘူး…ဒီတော့ငရဲလားမဲ့ပညာမျိုးကိုနောက်နောင်မသင်ယူလေနဲ့…ခုလည်းဘာကိစ္စကြောင့် အဒေါ်ကိုသတ်ချင်ရတာလဲ”

” တောင်းပန်ပါတယ် အဒေါ်ရယ်…ကျွန်နော်ရဲ့အငြိုးအတေးစိတ်ကြောင့်ကြံစည်မိတာပါ…အဒေါ် ကျွန်တော်မွေးထားတဲ့ကျီးကန်းမတွေကို နှင်လွှတ်လိုက်နိုင်ကတည်းက အံ့ဩနေရပါတယ်…အဒေါ့်သားဖြစ်တဲ့မောင်ရေခဲဟာ ကျွန်တော့်ရဲ့အမေကို
သတ်ခဲ့တယ်…ဒါကြောင့်သူ့ကိုမကျေနပ်တာနဲ့ သူ့ကိုသတ်လို့မရတဲ့အဆုံး အဒေါ်တို့ကိုသတ်ဖို့လုပ်ရတာပါ…”(ဆရာပြောအမေသည် ထဘီခြုံလင်းတကြီး ဝတ္ထုမှ အိမ့်တလိမ့်စုန်းမဖြစ်သည်။ထိုစုန်းမကြီးကို မောင်ရေခဲမှနိုင်နင်းပြီး သေဆုံးသွားသည်)

” မကောင်းတာလုပ်တဲ့သူကို တားဆီးရမှာဘဲလေ…မှတ်ထားလူကလေးလောကမှာဘုရားထက်ဘယ်အရာမှ မမြင့်မြတ်ဘူး ဘုရားကိုဘယ်ပညာမျိုးမှမအံတုနိုင်ဘူးကွဲ့..”

” ဟုတ်…ကျွန်တော်နားလည်ပါပြီ အဒေါ်..
မောင်ရေခဲအပေါ်ထားတဲ့အငြိုးအတေးတွေလည်းပယ်ဖျောက်လိုက်ပါ့မယ်…မကောင်းတဲ့ပညာနဲ့သူတပါးရဲ့အသက်ကိုမသတ်တော့ဘူး…”

” အေးကွဲ့..လူလေးရဲ့ပညာဆိုတာကောင်းတဲ့ဘက်သုံးရင်ကောင်းတယ်…မကောင်းတဲ့ဘက်သုံးမိရင် မကောင်းတဲ့ပညာဖြစ်သွားလိမ့်မယ်…ဒီတော့လူကလေးရဲ့ပညာကိုကောင်းတဲ့ဘက်ကနေ အသုံးချပြီး သတ္တဝါတို့ရဲ့အကျိုးသယ်ပိုးပါ…”

” ဟုတ်ကျွန်တော်မှတ်သားထားပါ့မယ်အဒေါ်…ဦးနဲ့အဒေါ်ကိုနုတ်ဆက်ခဲ့ပါတယ်…ကျွန်တော်ရဲ့ပညာနဲ့ လူသားတွေကိုကယ်တင်ပေးတော့မယ်…”

” ဟုတ်ပြီလူကလေးရေ..ဘေးကင်းပါစေကွယ်…”

အိမိပေါ်မှဆင်းသွားသော ဆရာဆိုသူ၏နောက်ကျောကိုအဆုံးထိလိုက်ကြည့်ရင်း ဒေါ်အေးမေပြုံးနေလေသည်။ ဇနီးဖြစ်သူ၏ထူးဆန်းသောလုပ်ရပ်ကြောင့် ဦးမြတင့်မှာ နားမလည်နိုင်အောင်ဖြစ်သွားပြီး အကြောင်းစုံသိရရန်မေးတော့သည်။

” မအေးမေ..ဒီဆရာဆိုတဲ့သူကဘာလို့နင့်ကို ထိုင်တောင်းပန်ရတာလဲ..အမှန်ဆိုသူကအောက်လမ်းဆရာဘဲလေ နင့်ကိုတစ်ခုခုလုပ်နိုင်ရမှာပေါ့…နင်ကသာမာန်လူလေ..”

” အွန်း…ကျွန်မမှာဘုရားဆေးရှိတာကို ဘုရားထက်ဘာမှမမြင့်မြတ်ဘူးလို့ဆိုခဲ့တာမလား….ကျုပ်က သရဏဂုံကိုအမြဲရွတ်ဖတ်ပူဇော်နေလို့ ဘာပညာမှကျုပ်ကိုမကောင်း မကြံနိုင်ဘူး…ရှင်လည်းသရဏဂုံရွတ်ဖို့မမေ့နဲ့…ကျုပ်နေမကောင်းတာ ကျုပ်သားလေးကိုလွမ်းလို့…ဘယ်ဆရာမှမလိုဘူး…ကျုပ်သားလေးပြန်လာရင် ကျုပ်နေကောင်းသွားလိမ့်မယ်…”
ဆိုကာအိပ်ယာထဲသို့ပြန်ဝင်သွားသည်။ ထိုအခါမှ ဦးမြတင့်လည်းဇနီးဖြစ်သူ၏ ဆေးနည်းကိုသိသွားသဖြင့် မြတ်ဘုရားအပေါ်ပို၍ယုံကြည်သက်ဝင်လာပြီး သရဏဂုံအား အမြဲရွတ်ဖတ်တော့သည်။…..။

( လင်းတေဇ ပြောပြသောသရဏဂုံတည်သည့် အဖွားတစ်ယောက်အကြောင်းကိုစိတ်ကူးဖြင့်ရေးဖွဲ့ထားပါသည်။ စာရှုသူအပေါင်း ကိုယ်စိတ်နှလုံးရွှင်လန်းကြစေသောဝ်)

#ပြီး
#ခွန်း