သာဓုခေါပါအမေ

*သာဓုခေါ်ပါအမေ *📖📖📖📖

*******************************
ပရ ဂမ္ဘီရ လုံးချင်း၀တ္ထုတို။
**
နောင် ဝေ ဝေ ဝေ။
“အမေရေ အမေ့ကိုမခေါ်သွားကြပါနဲ့အီးဟီး”
နောင်မွန်ရွာကလေးအတွင်း
တဲအိမ်ကလေးရှေ့တွင် ရုတ်တရက်ထုချလိုက်သည့်
ကြေးစည်သံနှင့်အတူ
လူတစုက အလောင်းစင်အားမ,လိုက်နှင့်
ဆယ်နှစ်အရွယ်ကောင်လေးတယောက်သည်
ဝါးလုံးအားဆွဲခိုကာ ငိုယိုလေသည်။

“ဟာ ဒီကောင်လေး တင်မြတို့လာခေါ်ပါဟ
ညနေစောင်းတော့မယ်”
ငိုယိုနေသည့်မောင်လေးအား မိန်းမကြီးနှစ်ယောက်က
ဆွဲခေါ်သွားကြသည်ကို မိဂျမ်းသည် ညောင်ရေအိုးက
လေးကိုင်ပြီး ငေးကြည့်နေမိသည်။

မောင်လေးသည် ငယ်ရွယ်လွန်းသူမို့
လူကြီးများက သင်းချိုင်းသို့မလိုက်ခိုင်းပါ။
မိဂျမ်းကအသက်ဆယ့်သုံးနှစ်မို့ လိုက်ပါခွင့်ရသည်။
ရှားပါးမိသားစု၀င်မို့လည်းဖြစ်မည်။
မောင်နှမနှစ်ယောက်အနက် အကြီးမလေးမို့လည်း
ဖြစ်မည်။

မိဂျမ်းသေချာတော့နားမလည်။

မိဂျမ်းနားလည်သည်ကဖြင့်
အမေ့အသုဘတွင် လူများများမရှိတာရယ်
အမေ့ရုပ်အလောင်းထည့်ထားရာ ခေါင်းကလေးသည်
ပျဉ်ကြမ်းခပ်ကျဲကျဲဆိုတာရယ်ပင်ဖြစ်သည်။

ညောင်ရေအိုးအားကိုင်ရင်း အသုဘမြင်ကွင်းအား
အရောင်မဲ့ငေးကြည့်မိသည်။
စုတ်ချာလှသည့် တဲစုတ်ကလေးရယ်
အနည်းအကျဉ်းလူတစုရယ်။
သြော်….သူမတို့မောင်နှမကိုစိတ်မချနိုင်သည့်အမေသည် ခုတော့မပြန်လမ်းကိုမြန်းချေပြီ။

နောင်ဝေ ဝေ ဝေ
ထပ်ထုလိုက်သည့်ကြေးစည်ချက်ကြောင့်
အတွေးတို့ပျံ့လွင့်နေမိရာမှ သတိပြန်၀င်လာသည်။
ခြေအစုံသည် လူစုနှင့်အတူ နောင်မွန်သုသာန်ဆီသို့။

သုသာန်တွင်
ဘုန်းဘုန်းကအဘယ်တရားကိုပေးနေသည်မိဂျမ်းမသိ။
မိဂျမ်းအသိက ခွမ်းဆိုသည့်အသံပေးပြီး ကျကွဲသွား
သည့်အိုးနှယ် …
သူ့ဘ၀၏ကောင်းကင်သည် အစိပ်စိပ်ကွဲကြေသည်။
…..
“ဟဲ့ ဟဲ့ အိမ်ရှေ့ကဘယ်သူလဲ”
“က္မပါအရီး ”
“ဘယ်ကကျမလဲအေ့ ညီးငါမသိပါဘူး”
လူပင်သေချာမမြင်ရသေး အိမ်ကြီးပေါ်မှအမျိုးသမီး
သည် မသိဘူးဟုဆိုလာသည်။

“ဟို ဟိုလေအရီး မိဂျမ်းပါ”
“ဟင် မိဂျမ်း”
ထိုအခါမှအမျိုးသမီးသည် အိမ်ကြီးပေါ်မှ ခပ်သွက်
သွက်ဆင်းသည်။

အိမ်အောက်ထဲ၀င်သွားသည်။
ပြီးမှ အိမ်ရှေ့ထွက်လာသည်။
ခြံ၀တွင် ကုပ်ကုပ်ကလေးရပ်နေသည့် မိဂျမ်းထံ
တခုခုအားကမ်းပေးသည်။

“ရော့ ဒါယူသွား နောက်မလာနဲ့နော်
မင့်ဘထွေးကလဲနေကောင်းတာမဟုတ်ဘူး”
လက်ထဲရောက်လာသည့် ပစ္စည်းလေးအားမိဂျမ်း
ငုံ့ကြည့်မိတော့ အဖုံးမပါသည့် ဒန်အိုးပေါက်တစ်လုံး။

“သွားသွား မိုးချုပ်ပီ”
အတင်းနှင်သဖြင့် စကားပင်မပြောလိုက်ရ။
လာရင်းကိစ္စအား မြိုချလိုက်သည်။
အမှန်ကသူဒီကိုလာတာက ပေါင်းနှုတ်နေ့စားခေါ်
ပေးဖို့။

မောင်လေးနေမကောင်းဖြစ်နေသည်။
အမေသေသွားပြီးနှစ်ရက်အတွင်း
သူတို့မောင်နမထံမည်သည့် ဆွေမျိုးသားချင်းတိူ့မှ
ရောက်မလာကြ။

ယခုတော့ အိုးပေါက်တစ်လုံးပေးကာနှင်လွှတ်ခံရ
လေပြီ။
“ဟင်း မတတ်နိုင်ပါဘူး မောင်လေးကိုဒါလေးရောင်း
ပီး ဆေး၀ယ်တိုက်ရမှာပဲ”
အိမ်ဘက်အမြန်ပြန်ခဲ့သည်။

သူမတို့နေသည်က သူများအိမ်နောက်ဖေးဘက်တွင်
ဖြစ်သည်။
သူမတို့အိမ်အပြင် လယ်ကွင်းများသာရှိတော့သည်။
“မောင်လေး ထ ဆန်ပြုတ်သောက်ရအောင်”
“သားမသောက်ချင်ဘူးမမ အမေ့ကိုလွမ်းတယ်”

မျက်ရည်အဝဲသားနှင့်ပြောလာသည့်မောင်ငယ်လေး
အားကြည့်ရင်း ငိုချင်သည့်စိတ်ကိုတင်းထားရသည်။
သူသာငိုပြနေလျှင် ဖျားနာနေသည့်မောင်ငယ်မှာ
နလန်ထူနိုင်မည်မဟုတ်။

“ထထ နဲနဲသောက် မောင်လေးမသောက်ရင်
မမလဲမသောက်တော့ဘူး”
ထိုစကားကြားမှမောင်ငယ်သည် အိပ်နေရာမှထထိုင်
သည်။

သူမခွံ့ကျွေးသည့်ဆန်ပြုတ်အား အနည်းငယ်သာ
သောက်သည်။
“တော်ပီမမ စားလို့မရဘူး”
“ဒါဆိုခဏမှိန်းနေနော် မမဆေးသွားရှာလိုက်အုံးမယ်”
မောင်ငယ်မှာခေါင်းသာညိတ်ပြသည်။
စောင်လေးခြုံကာ ပြန်အိပ်သွားသည်။

နှဖူးအားအသာစမ်းကြည့်လ်ုက်တော့ ပူကျစ်နေသည်။
အဖျားတက်နေလေပြီ။
ဆန်ပြုတ်ခွက်အား အုပ်ဆောင်းအောက်ထိုးထည်ကာ
ရွာအတောက်ပိုင်းကဆေးဆိုင်ဘက်ပြေးသည်။
လက်ထဲမှာတော့ မနက်ကအရီးဖြစ်သူပေးခဲ့သော
ဒန်အိုးလေးအားကိုင်ထားသည်။

ရွာအနောက်ပိုင်းဆေးဆိုင်သည် ကုလားတစ်ဦးပိုင်
သောဆေးဆိုင်ဖြစ်သည်။
ထိုကုလားမှာ ပစ္စည်းအဟောင်းများလည်း၀ယ်တတ်
သည်။

လုံချည်အား တိုတို၀တ်ကာပြေးလာသဖြင့်
သိပ်မကြာခင် ဆေးဆိုင်နားရောက်လာသည်။
ဆိုင်ရှင်ကုလားကြီးပင် ဆိုင်သိမ်းစပြုနေလေပြီ။
ပြေးရှိန်အားရပ်ကာ နှဖူးမှချွေးအားလက်ခေါက်ဖြင့်
သိမ်းသုပ်ရင်း ဆိုင်တွင်း၀င်လိုက်သည်။

“ဦးလေး ကျမမောင်လေးဖျားနေတာသုံးရက်ရှိပီ
အဲ့တာဆေးလေးတိုက်ချင်လို့”
“ဘာဆေး၀ယ်မလဲကောင်မလေး”
“ကိုယ်ပူကျဆေးတခုခုပေးပါ ဆေးဖိုးကတော့
ဟော့ဒီအိုးလေးပဲပါပါတယ်ရှင်”

ကုလားကြီးသည် ဒန်အိုးလေးအားကိုင်ကြည့်သည်။

“ဟလေး ဒန်အိုးစုတ်ကြီးနော် ကုလားမ၀ယ်ဘူး
ပဲကြီးလှော်ရှိတယ်နော် လဲသွား”
လူလည်ကြီးဦးကုလားသည် ဒန်အိုးအားပြန်ပေးသည်။
သူ့ဆိုင်သူပြန်သိမ်းနေသည်။

“ဦးလေးရယ် ကျမမောင်လေးဖျားနေတာကြာပီ
ဘယ်လိုပဲဖြစ်ဖြစ် ဆေးလေးတစ်ခွက်စာတော့ပေးပေး
ပါရှင့် အကြွေးအဖြစ်မှတ်ထားပေးပါ ကျမဆက်ဆက်
လာဆပ်ပါ့မယ်”
“လာပြန်ပီ အကြွေးရောင်းတာနော် လက်ငင်းရတာ
လောက်မကောင်းဘူး ဒါ့ကြောင့်အကြွေးမပေးဘူး”

ပြောရင်းသိမ်းနေသည်မှာ မိဂျမ်းပင်၀င်လုတော့မည်
စိုးသည့်အတိုင်း မြန်ဆန်လှသည်။
ဆေးပေးမည့်အနေအထားမရှိသဖြင့် ဒန်အိုးအား
လမ်းဘေးတနေရာတွင်လွင့်ပစ်ကာ ပြန်လာခဲ့သည်။

သူပြန်ရောက်တော့မောင်လေးမှာ အိပ်ပျော်နေလေပြီ။
နှဖူးအားအသာစမ်းကြည့်ပြန်တော့ စောစောကလောက်
မပူတော့ဟုထင်သည်။
အင်း အဖျားကပျောက်သွားပီနေမှာ
ပြောရင်းအနားတွင်၀င်အိပ်လိုက်သည်။

ညသည် ပိုးပုရစ်အော်မြည်သံတို့ကြောင့်
ဆူညံနေသည်။
မိဂျမ်းအိပ်မပျော်။
ထရံပေါက်ကြားမှ အပြင်ဘက်လှမ်းကြည့်လိုက်တော့
တမျှော်တခေါ်လယ်ကွင်းပြင်အားတွေ့ရသည်။

လယ်ကွင်းပြင်တွင်ငုတ်တုတ်ထိုင်နေသည့်နှယ်
လယ်စောင့်တဲများအား မြင်နေရသည်။
“”ဟင်းးးး””
အသက်မပြည့်သေးသည့် လူမမည်သူတို့ဘ၀အား
တွေးမိကာ သက်ပြင်းရှည်ကြီးချလိုက်မိသည်။

မကြာခင်သူအိပ်ပျော်သွားသည်ဟု မိမိဘာသာထင်မှတ်
မိသည်။
မှေးခနဲဖြစ်သွားသည့်အခိုက်တွင်
အခေါင်းပျဉ်ခပ်ကျဲကျဲကြားမှ အမေ့မျက်နှာအား
မြင်ရသည်။

အမေသည် မသေ။

မျက်စိဖွင့်ကာ သူ့ဘက်ပြူးကြည့်နေသည်။

ထိတ်ခနဲဖြစ်သွားရင်း လန့်နိုးလာရသည်။
“ဘုရားဘုရား အမေမကျွတ်ဘူးထင်တယ်
သမီးတို့ကိုစိတ်ချပါအမေရဲ့ သွားမဲ့လမ်းကိုသာ
ဖြောင့်အောင်သွားပါနော် အမျှ အမျှ အမျှ”

တတ်သမျှမှတ်မိသမျှရေရွတ်နေမိသည့်အချိန်တွင်

အူးးးးအူးးဝူးဝူး
အူးးးး
အာဝူးးးးးးအုဝူးးး
မျိုးစုံပေးနေသည့် ခွေးအူသံများကြောင့်
ငုတ်တုတ်ထထိုင်မိသည်။

အနီးမှဓာတ်မီးဟောင်းလေးအားစမ်းကာ မောင်ငယ်
ဘက်ထိုးကြည့်မိသည်။
“အာ စူးတယ်မမ”
လက်ကာရင်း လှမ်းပြောလာသဖြင့်၀မ်းသာရသည်။
မောင်လေးမသေသေးဘူး။

အူးးးးဝူးးးဝူး
အူး အူးးးအူးးးဝူးးး
ခွေးအူသံများသည် တဲနှင့်မလှမ်းမကမ်းမှပေါ်ထွက်
နေသည်မို့ အောက်ဘက်ဆင်းလာခဲ့သည်။
ဆယ့်သုံးနှစ်အရွယ်မိဂျမ်းတွင်အကျင့်ဆိုးတခုရှိသည်။

ထိုအရာက မကြောက်လန့်တတ်ခြင်းပင်ဖြစ်သည်။

ခွေးများသည် မကြာခင်ကမှသိမ်းသွားခဲ့သည်
လယ်ဘက်တွင်အူနေကြခြင်းပင်ဖြစ်သည်။
ထိုလယ်ကွင်းပြင်တွင် သလင်းအုံအပျက်နှင့်
နွားများအားမိုးအခါကျွေးရန်ပုံထားသည့်
ကောက်ရ်ုးပုံရှိသည်။

ပီးတော့ ကန်စွန်းခင်းပဲစားခင်းရှိသည်။
ထိုအခင်းရှင်မှာမိဂျမ်းတို့သားအမိအား မကြာခဏ
ကန်စွန်းဥများပေးကမ်းတတ်သဖြင့်
ကန်စွန်းဥခိုးတူးသူဆိုလျှင် သူမစောင့်ရှောက်ပေးရ
မည့်၀တ္တရားရှိသည်ဟု လူသားဆန်စွာတွေးဖြစ်သည်။

အမှနိကသူမသည် လူမမည်အရွယ်ပင်ဖြစ်သေးသည်။
အရေးအကြောင်းဆိုလျှင် သူမသာခံရမည်ဟု
မတွေးမိသေး။
ဖြစ်မည့်ဘေးအားမမြင်။
ကောက်ရိုးပုံအနီး လက်နှိပ်မီးပိတ်ပြီးအသာကပ်လာခဲ့
သည်။

ရုတ်တရက်ခွေးအူသံများဟောင်သံများ
တိတ်ကျသွားသည်။
ခွေးများအား ခပ်မှိန်မှိန်အလင်းအောက်မိဂျမ်းရှာကြည့်
မိသည်။

မတွေ့။
“”အေမ့””
ရုတ်တရက်လန့်၍အသံထွက်မိသည်။
ကောက်ရိုးပုံဘေးအကွယ်တွင် သူ့ဘက်ရပ်ကာ
ကြိုနေသူတဦးက ရှိနေသည်။

ကန်စွန်းဥအားခိုးတူးမနေ။
ဟန်ပန်က သူ့အလာအားကြိုစောင့်နေပုံမျိုး။
ထိုပုံရိပ်မှာ မီးပင်ထွန်းစရာမလို။
မိဂျမ်းအလွတ်မှတ်မိနေသည့် အမေ့ကိုယ်ဟန်။

“အ အမေ”
“သမီးလေးမိဂျမ်း ”
“အေမ”
အမေ့အနီးသို့ အားရ၀မ်းသာပြေးသွားမိသည်။
ကြောက်လန့်စိတ်ကသူ့မှာမရှိ။
အံ့သြ၀မ်းသာစိတ်သာရှိသည်။
အမေ့ရင်ခွင်သည် အရင်လိုနွေးထွေးနေတုန်းပင်။

အမေ့ခန္ဓာကိုယ်မှအားအင်တရပ်က သူ့ခန္ဓာကိုယ်
တွင်းသို့ စီး၀င်လာသည်ဟု ခံစားရသည်။
“အမေ သမီးအမေ့ကိုလွမ်းတယ် အဟင့်ဟင့်”
“တိတ်တိတ်ပါကလေးရယ် မငိုနဲ့နော်”
“မောင်လေးကလည်းအမေ့ကိုနေ့တိုင်းသတိရနေတာ
နေ့တိုင်းငိုနေတာ သူဖျားလည်းဖျားနေတယ်အမေ
သမီးတို့ဆီပြန်လာခဲ့ပါနော်”

အမေသည် သူမကိုယ်လေးကိုသာထွေးဖက်ထား
သည်။
လက်ဖြင့် ကျောပြင်အားသပ်ပေးနေသည်။

“သမီးလေးမိဂျမ်း”
“ရှင်အမေ”
“အမေပြောမယ် သေချာနားထောင်နော်”
“ဟုတ်ကဲ့အမေ”
“သမီးမောင်အတွက်ဆေးဖိုးက အိမ်အောက်မှာရှိတယ်
မနက်ကျကောက်ပီးဆေး၀ယ်လိုက်နော်”
“ဟင် ဘယ်ကပိုက်ဆံလဲအမေ”
“အမေသေတော့အမေ့အတွက်ကူးတို့ခဆိုပီး
ကျပ်စေ့တစ်စေ့ကိုထည့်ပေးတယ်မို့လား
လူတွေကအမေ့ကိုအခေါင်းထဲမ,အထဲ့မှာကျပ်စေ့ဟာ
ဟနေတဲ့ပျဉ်ချပ်ကြားကထွက်ပီး သမီးတို့အိပ်နေတဲ့
အောက်မှာကျနေခဲ့တယ်”,

“ဟင် ဒါကိုအမေဘယ်လိုသိလဲ”
အမေဒေါ်လှယဉ်သည် မချိပြုံးလေးပြုံးသည်။
“အမေက အိမ်နားကပ်မရလို့သာဒီကောက်ရိုးပုံမှာ
နေနေရတာ သမီးတို့အနားကနေဘယ်မှမသွားပါ
ဘူး ပီးတော့ ကူးတို့ခမပါတဲ့အတွက်
အမေ့ကို တံတားဖြတ်ခွင့်မပေးဘူးသမီး
အမေအခုလဲဒီကထွက်မသွားချင်သေးပါဘူး
အမေ့ဘ၀ဟာဆင်းရဲလွန်းတော့ အလှူအတန်းဘာ
မှမလုပ်နိုင်ဘူးသမီး စိတ်ကောင်းမွေးပီးဘုရားတရား
လုပ်ခဲ့တာကြောင့် လူ့ဘ၀ကိုပြန်ရနိုင်ရင်တောင်
ဒီဘ၀လိုဆင်းရဲတဲ့ဘ၀ အနာရောဂါထူပီးဆေးမကုနိုင်
တဲ့ဘ၀ကိုပဲပြန်ရလိမ့်မယ်”

မိဂျမ်းသည် အမေ့မျက်နှာအားငေးကြည့်နေမိသည်။
အတန်ငယ်ပိန်ကျသွားသည့် ဖြူရော်ရော်မျက်နှာ။
အမေကဆက်ပြောသည်။
“အမေ့ရင်ထဲမှာ ဆန္ဒတစ်ခုရှိနေတယ်သမီး
သမီးလုပ်ပေးနိုင်မလား အမေ့အတွက်”

“ဘာများလဲအမေ အမေ့အတွက်ဆိုရင် သမီးကြိုးစား
ပေးမှာ”
“တခြားတော့မဟုတ်ပါဘူးသမီးရယ်
သမီးမောင်လေးကို ရှင်သာမဏေ၀တ်စုံလေးနဲ့
အမေမြင်သွားချင်တယ် အမျှဝေသံတွေအမေကြားချင်
တယ်”

ထိုအခါမှမိဂျမ်းသတိရလိုက်သည်။
အမေ့အသုဘနေ့ကသုသာန်တွင်သာတရားနာခဲ့ရ
သည်။
အိမ်တွင်ရက်လည်မလုပ်ပေးနိုင်ခဲ့။

မိဂျမ်းအားတင်းလိုက်သည်။

အခြေအနေမဲ့လွန်းသည့်ဘ၀က်ုထည့်မတွက်ချင်တော့။
“စိတ်ချပါအမေ ဒီတစ်ဝါ၀င်တာနဲ့ မောင်လေးကို
သမီးရှင်ပြုပေးမယ်”
“အမေ၀မ်းသာလိုက်တာသမီးရယ်”
ခြောက်လခန့်လိုသေးသည့်အချိန်ကိုပင်
အမေသည် ယနေ့မနက်ဖြန်ပင်ဖြစ်တော့မည်ကဲ့သို့
၀မ်းမြောက်ရှာသည်။

“အမေအဲ့ဒီနေ့ကို ဟော့ဒီလယ်စောင့်တဲကနေ
စောင့်နေမယ်သမီး အမေစောင့်နေမယ်နော်”
ထ်ုသို့ပြောရင်း အမေ့ရုပ်သွင်သည် သူ့ရှေ့ကနေ
ဝါး၍ဝါး၍လာနေချေပြီ။

“အမေ အမေမသွားပါနဲ့ဦးအမေ အမေ့”
“မမ မမ ဘာတွေယောင်အော်နေတာလဲ”
အနီးမှမောင်ဖြစ်သူကလှုပ်နှိုးမှ မိဂျမ်းနိုးသွားရသည်။
ကြည့်စမ်း နှစ်ဆင့်အိပ်မက်ကိုသူမက်ခဲ့သည်ဘဲ။
“အမေ အမေ့ကိုမမတွေ့တယ်”
“အမေ့ကို ဘယ်မှာတွေ့တာလဲ အိပ်မက်ထဲလားမမ
သားရေသောက်ချင်တယ် အာခေါင်တွေပူနေရော”

မောင်ဖြစ်သူစကားကြားမှ တခုခုအားသတိရလိုက်
သည်။
ဓာတ်မီးအားစမ်းကာ ထွန်းပြီး အိပ်ယာနှဘေးမှ
ကြမ်းအားဖြဲကာ အောက်ဘက်ထိုးကြည့်လိုက်သည်။

မီးရောင်ဖြင့်မြင်လိုက်ရသည်က ကျပ်စေ့ပြောင်ပြောင်
လေးတစ်စေ့။

တုန်ရီနေသောလက်လေးဖြင့်လှမ်းကောက်လိုက်
သည်။

“”အမေရယ်….””‘
……..
“အဘစိန် အဘစိန်”
“ဟေ ဘယ်သူတုန်း”
“ကျမတို့မောင်နှမပါ မိဂျမ်းနဲ့နိုင်၀င်း”
“ဟင် မိဂျမ်း နင်တို့ယဉ်လှသားသမီးတွေမဟုတ်လား
ဒီကိုဘာကိစ္စလဲ”

“ဟိုလေ ကျမတို့မောင်နှမ စားရင်းငှားလုပ်ချင်လို့”
“ဘယ်လိုကွဲ့ စားရင်းငှား ဟုတ်စ”
အဘစိန်သည် မိမိထံတွင် သူရင်းငှားလုပ်ချင်ဟူသော
လူနှစ်ယောက်အားကြည့်ကာ ရယ်ချင်သွားရသည်။

“ဟုတ်ပါတယ်အဘစိန် အဘစိန်ရဲ့လယ်မှာသူရင်းငှား
အများကြီးခေါ်တယ်ဆိုလို့ ကျမတို့မောင်နှမကို
ခေါ်ပေးပါနော်
နွားရှဉ်းမနိုင်ရင်လဲ ထမင်းဟင်းချက် ကိုင်းခုတ်
မောင်လေးကပျိုးနှုတ်တတ်ပါတယ်
ခေါ်ပေးပါနော်အဘစိန်”

“ခက်တယ်ကွာ မင်းတို့လိုလူငယ်လေးတွေက
ဘာလုပ်တတ်မှာလဲ ငါ့လယ်ကအသစ်အသစ်တွေ
ချဲ့နေတဲ့မြေကွ ပြောရရင်လယ်ရိုင်း
မင့်တို့ဘာလုပ်နိုင်မှာလဲ မခေါ်ဘူး”

ထိုအခါ မိဂျမ်းသည် အဘစိန်ရှေ့တွင်ဒူးထောက်ချ
ပြီးလက်အုပ်လေးချီသည်။
“ကျမတို့မောင်နှမနောင်မွန်ကနေဒီအထိတောင်
ခြေကျင်လာကြတာပါအဘစိန် အဘစိန်ပေးချင်သလောက်သာပေးပါ
ထမင်းစားဖို့ရယ် မောင်လေးအတွက်ပရိက္ခရာရှစ်ပါး
ဖိုးရယ်သာပေးပါ အဘစိန်ဘာခိုင်းခိုင်းလူပ်ပါ့မယ်
နော် အမေနဲ့ခင်မင်ဘူးတဲ့မျက်နာလေး
ပြန်ကြည့်ပါတော့်”

ငိုယိုရင်းပြောနေသည့်မောင်နှမအားကြည့်ကာ
ဘိုးစိန်အကြံတခုရသည်။
သူ့လယ်သည် မိုင်းနောင်ရွာ ငွေတောင်ကွင်းတွင်
ဖြစ်သည်။
လယ်ယာမြေအသစ်ဖော်ထုတ်နေရာ လုပ်မရသည့်
ကွင်းတကွင်းရှိသည်။

သွားလုပ်သည့်သူတိုင်းဘေးတခုခုနှင့်တွေ့ကာ
ပြန်ပြေးကြရသည်။
အချို့လည်း သေကြရသည်။
ယခုကလေးနှစ်ယောက်အားလွှတ်လျှင်ကော။

မည်သို့ဖြစ်မည်မသိ။
သေလည်းသူတို့ကံ ။
ရှင်လည်းသူတို့စံဟု သဘောပိုက်လိုက်သည်။

“ကောင်းပီလေ မင်းတို့ကိုသနားလို့ အလုပ်တော့ပေး
မယ် ဦးလေးမှာ ကိုင်းကုန်းတစ်ကုန်းရှိတယ်
လယ်တော့လုပ်မရသေးဘူး မုန်ညှင်းခင်းဖြစ်အောင်
မင်းတို့လုပ်ပေးနိုင်မလား”

“ဟာ မုန့်ညှင်းခင်းလောက်ပဲလား ဟားဟား”
မောင်ငယ်နိုင်၀င်းကရယ်သဖြင့် မိဂျမ်းပင်ပြုံးမိသည်။
အဘစိန်သည် သူတို့အားအထင်သေးလှချည့်လား။
ဟုပင်တွေးလိုက်မိကာ ၀မ်းသာရသည်။
အလုပ်တော့ရပေပြီ။

“ကောင်းပီအဘစိန် ကျမတို့မုန်ညှင်းခင်းဖြစ်အောင်
လုပ်ပေးမယ် အဘစိန်အနေနဲ့စားနပ်ရိက္ခာနဲ့
ငွေအစိတ်ပေးရမယ်”
“ကြိုက်ပီကွာ ဒီညနေ ပေါက်ပြား ဓားအစုံစားရိက္ခာ
အစုံနဲ့ ငါမင်းတို့ကိုပို့ပေးမယ်
အေ ပြဿနာတခုခုဖြစ်ရင်တော့ ငါနဲ့မဆိုင်သလို
ငါတာ၀န်မယူဘူးနော်”,

“ရတယ်အဘစိန် လှည်းသာပြင်ပေးထားပါ
ကျမတို့မောင်နှမ အ၀တ်ပြန်သိမ်းလိုက်မယ်”
“ကောင်းသကွားးး”
မိဂျမ်းတို့မောင်နှမသည် သွက်လက်သည့်ခြေလှမ်း
များဖြင့် အိမ်ပြန်လာကြသည်။

အမေ့ဆန္ဒအား ဖြည့်ပေးနိုင်တော့မည်လေ။

အိမ်ရောက်တော့ အမျိုးသမီးနှစ်ဦးက သူတိူ့အား
ဆီးကြိုနေသည်။
ထိုအမျိုးသမီးနှစ်ယောက်မှာ မိဂျမ်း၏အတန်းပိုင်ဆရာ
မများပင်ဖြစ်သည်။

“ဘယ်သွားနေကြသလဲ  ဆရာမတို့
စောင့်နေတာကြာလှပီ”
“ဟင်ဆရာမ ကျမတို့ငွေတောင်ကွင်းသွားကြမလို့”
“ဟာ ဒါကျောင်းချိန်လေသမီး သမီးအမေဆုံးတာ
ဆရာမသင်တန်းသွားနေလို့မသိလိုက်တာ
ခုကျောင်းပျက်နေတာကြာမှမေးကြည့်ပီးသိရတယ်
ကျောင်းပြန်နေမယ်မဟုတ်လားသမီး”

မိဂျမ်းခေါင်းခါလိုက်သည်။

“ကျမကျောင်းမမေတော့ဘူးဆရာမ အမေလဲမရှိတော့
ကျမတို့စား၀တ်နေရေးကိုတာ၀န်ယူပေးမဲ့သူ
မရှိတော့ဘူးလေ ဒါ့ကြောင့်အလုပ်ပဲလုပ်တော့မယ်”

“ဟင် သမီးသာကျောင်းနေမယ်ဆိုရင် ကျောင်းပီးတဲ့
အထိဆရာမတို့နှစ်ယောက်က တာ၀န်ယူပေးမယ်လို့
တိုင်ပင်ထားကြပီးပီ ကျောင်းပဲနေပါသမီး”
မိဂျမ်းခေါင်းခါမိသည်။
ရင်ထဲမှာ ညိုးငယ်နေသည့်အမေ့မျက်နှာအား
ဖျောက်မရသလို ထိုခေတ်ကပညာသင်စရိတ်နှင့်
မောင်ဖြစ်သူရှေ့ရေးအားတွေးကာ
ကျောင်းမတက်သင့်တော့ဟု သူမထင်သည်။

မောင်လေးအားစောင့်ရှောက်မည့်သူလိုသည်။
“ဆရာမတို့ သမီးကျောင်းမနေတော့ပါဘူး
မောင်လေးကိုလဲရှင်ပြုပေးချင်လို့ ပီးရင်ရှေ့နှစ်ခါ
ကျောင်းပြန်ဖွင့်ရင်တော့ သမီးဆရာမတို့ကိုဆက်သွယ်
ပါ့မယ်ရှင့်”

“ဒါဆိုနေမ၀င်ခင်ဆရာမတို့ပြန်တော့မယ်
စောင့်နေတာလဲကြာပီ ကျောင်းဖွင့်ရင်ဆရာမတို့ကို
ဆက်သွယ်နော်သမီး ဆရာမတို့ပြန်တော့မယ်”
“ဟုတ်ကဲ့”
ဆရာမနှစ်ယောက်သည် မျက်နှာမကောင်းဖြစ်ရင်း
ပြန်သွားကြသည်။

မိဂျမ်းရင်ထဲမှာလည်းမကောင်း။
တပည့်မိုက်ကိုခွင့်လွှတ်ကြပါ။
မောင်နှမနှစ်ယောက်သည် အ၀တ်အစားတို့အား
အမြန်သိမ်းပြီး ငါးမိုင်ခန့်ဝေးသည့်အဘစိန်ဆီ
ပြေးကြပြန်သည်။

သူမတို့တဲအိမ်လေးအားပူစရာမလို။
ပူပန်မိသည်က လယ်စောင့်တဲလေးမှာ
အမေအဆင်မှပြေပါ့မလား။
……
“ဟဲ့ ဟဲ့နွား ဟီး ဟီး ( သွား သွားဟ)”

အဘစိန်သည် နွားအားဆက်မောင်း၍မရတော့သဖြင့်
လှည်းအားရပ်တန့်လိုက်သည်။
“ကဲ ကလေးတို့ ဟော့ဟိုကကုန်းလေးကိုတွေ့လား
အဲ့မှာတဲလဲရှိတယ် ဟော့ဒီကပစ္စည်းတွေကို
ဒီကနေပဲသယ်ကြစို့ နွားကဆက်မောင်းလို့မရတော့ဘူး”

“ဟုတ်ကဲ့အဘစိန် မောင်လေးလာလာ
သယ်ရအောင်”
“ဟုတ်ကဲ့မမ သားအ၀တ်ထုတ်တွေသယ်မယ်
ပုံးတွေသယ်မယ်နော်”
“အေး ရော့ရော့ ကောင်းကောင်းတက်နော်
လဲမယ်”
“ဟုတ်မမ”

မိဂျမ်းသည် ထိုစဉ်ကခပ်မို့မို့တောင်ကုန်းကလေးပေါ်
သို့ လှည်းလမ်းရှိပါလျှက်နှင့် အဘယ့်ကြောင့်
တက်မရမှန်း မတွေးတောတတ်ခဲ့။
အဘစိန်ကလည်း ပေါက်ပြားများ
ဆန်အိတ်များတခြားအလေးအပင်များအား
ကူသယ်ပေးသည်။

“ကိုင်းကလေးတို့ ဒီမှာမျိုးစေ့တွေ
အပင်ပေါက်တာနဲ့အဘကိုအကြောင်းကြားပါ
အဘစိန်ပြန်တော့မယ်နော”
“ဟုတ်ကဲ့အဘစိန် စိတ်ချပါ
ဟော့ဒီကိုင်းမြေမှာ အပင်ပေါက်စေရမယ်
ငွေအစိတ်သာပြင်ထားပေးပါ”
“ကြိုက်တယ်ဟေ့ အပြောနဲ့အလုပ်ညီပါစေ
အဘစိန်ပြန်တော့မယ် ကံကောင်းကြပါစေကွာ”

အဘစိန်ကား ငွေတောင်ကွင်း၏တနေရာကုန်းမြေတွင်
သူတို့မောင်နှမအားထားရစ်ကာ
လှည်းနွားနှင့်ပြန်သွားချေပြီ။
ညက အဘစိန်ကျွေးသည့်ထမင်းအားစားကာ
အဘစိန်အိမ်မှာပင်အိပ်သည်။

မနက်လင်းမှ အဘစိန်ကခုနေရာသို့ ပို့ပေးခြင်းပင်
ဖြစ်သည်။
ထိုမြေအား ပေါက်ပြားတူရွှင်းတို့ဖြင့်သာ
ခုတ်ထွင် တူးဆွရပေမည်။
ရေကတော့ ပူစရာမလို။
တဲနောက်ဘက်တောင်ကုန်းအောက်ဆီမှ
ဒီဘက်အဆင်းထိ ဝါးဖြင့်သွယ်ထားသည့်ရေလမ်း
ကြောင်းရှိနေသည်။

တောင်ကုန်းပေါ်ထိမရောက်နိုင်တောင်
တောင်ကုန်းအောက်ခြေပတ်ပတ်လည်ထိ
ရောက်နိုင်မည်မို့ မိဂျမ်းစိတ်မပူ။

//ဝုန် ဝရော  ဖျောဖျော//
“”အေမ့””
လန့်အော်လိုက်သည့်မောင်ဖြစ်သူကြောင့်
အပြင်ဘက်ကြည့်ရင်း နှစ်သိမ့်ရသည်။

“တဲခေါင်းရင်းက သစ်ပင်အကိုင်းကျိုးကျတာပါ
မောင်လေး မကြောက်နဲ့နော်”
“ဟုတ်ကဲ့မမ”
“လာလာဒီနေရာကိုရှင်းကြရအောင်ပီးမှအိပ်ယာတွေ
မီးဖိုတွေပြင်မယ် ပုံးထဲရေသယ်ထားမယ်
မနက်ကျ ကိုင်းခုတ်ယုံပဲ ကြည့်ကိုင်းမြေဟာ
မြေမွမွကလေး မာကျစ်မနေဘူး
မမတို့ခဏနဲ့အလုပ်တွေပီးမှာ တွေ့လား”
“ဟုတ်တယ်မမ”

မောင်နှစ်မနှစ်ယောက်သည်
လုပ်စရာရှိသည်တို့အား တက်ညီလက်ညီလုပ်ကြရာ
နေ့လည်ပိုင်းလောက်တွင် တဲအတွက်လိုအပ်သည့်
အလုပ်များပြီးစီးသည်။
ထမင်းဟင်းလည်းကျက်သည်။
ဟင်းမှာ အဘစိန်ထည့်ပေးလိုက်သည့် အာပြဲခြောက်
နှင့် ငရုပ်သီးကြော်။

မောမောနှင့်ခူးခပ်ကြရင်း
“နေအုံးမောင်မောင် မမ ဒီနားကနတ်တွေအစောင့်
ရှောက်တွေကို နဲနဲကျွေးအုံးမယ် စားနှင့်နော်”
မောင်ငယ်မှာ အမအားဦးဖယ်ကာ ခေါင်းမဖော်တမ်း
စားလေပြီ။

မိဂျမ်းသည် ဖက်ရွက်ကလေးနှင့်ထည့်လာသော
ထမင်းနှင့်ဟင်းအား မည်သည့်နေရာတွင်
ထားရမည်လည်းဟု တဲအောက်ရောက်မှ တောင်ကုန်း
တခွင်ကိုလှမ်းကြည့်မိသည်။

“”ဟုတ်ပီ””,

တဲငယ်လေးနှငိ့မလှမ်းမကမ်းတွင်ရှိနေသည့်
စောစောကသစ်ကိုင်းကျိုးကျသည့်အပင်အား
မျက်စိကျသွားလေသည်။
ထိုအပင်မှာအတော်မြင့်ပြီး အရွက်ဖားဖားရှိသည်။
မည်သည့်အပင်မှန်းမိဂျမ်းမသိ။
ဖက်ရွက်လေးအား သစ်ပင်ခြေရင်းတွငါအသာချရင်း

“ဟော့ဒီက စားဦးစားဖျားဖြင့် တောပိုင်ကွင်းပိုင်များကို
ကျွန်မတို့မောင်နှမကပူစော်ပါတယ် ပသပါတယ်”
ထိုမျှသာပြောတတ်သည်။
အမေဆိုလျှင်တော့ ထို့ထက်ပိုပြောတတ်လိမ့်မယ်ဟု
မိဂျမ်းတွေးလိုက်မိသည်။

အတွေးနှင့် သစ်ပင်အောက်မှအထွက်
“ဟင် ပုတ်သင်ညိုလေးတစ်ကောင်ပါလား
အူတောင်ထွက်နေပီမသေသေးဘူး စောစောက
သစ်ကိုင်းကျိုးပီးပိမိတာထင်တယ်
ရှင်လိုရှင်ညား ယူသွားမှပါ”
မိဂျမ်းသည် သနားတတ်သူဖြစ်သည့်အတွက်
ဒဏ်ရာရနေသည့် ပုတ်သင်လေးအား ကောက်ယူ
လာခဲ့သည်။

“မောင်မောင် ဒီမှာပုတ်သင်လေး အနာဖြစ်နေလို့
မမယူလာတယ်”
“သားကစားပီးတော့မှာ ပီးရင်သူ့ကိုဆေးကုပေးမယ်
လေ”
“အေးအေး မင်းဆေးပင်မြင်သလား”
“တဲတိုင်ဘေးမှာကပ်ပေါက်နေတာ အစောနကမြင်တယ်လေမမ နဘူးနွယ်ပဲရှိတာ”
“အေး အူတွေကိုဗိုက်ထဲပြန်ထဲ့ပီး နဘူးနွယ်ထုချေ
အုံပေးလိုက်’
“ဟုတ်ကဲ့မမ ရှင်ပါ့မလား သူကအူတွေထွက်နေတာ”

မောင်လေးသည်ပုတ်သင်အားကိုင်ကြည့်ကာ
ပြောနေသည်။
“ရှင်တာမရှင်တာသူ့ကံပဲ လုပ်စရာရှိနာလုပ်ပေးလိုက်”
နိုင်၀င်းသည် သူ့လက်တွင်းမှာမှိန်းနေသည့်
ပုတ်သင်ပြာလေးအား သေချာကြည့်နေမိသည်။

ဗိုက်ကလေး ပိန်လိုက်ဖောင်းလိုင်ဖြင့်
သူ့အားပြန်ကြည့်နေသည်ဟု ထင်သည်။
“သနားစရာကွာ ဟေ့ကောင်မင်းငါ့ကိုမကိုက်နဲ့နော်
ဆေးလူးပေးမယ်”
“ပုတ်သင်ကနင်ပြောတာနားလည်ပါ့မလား”

“မသိဘူးလေ ပုတ်သင်ကိုက်ရင် မိုးကြိုးပစ်မှလွှတ်တာ
တဲ့ ကိုက်မှာကြောက်တာပေါ့”
ထိုသို့ပြောရင်း လုပ်စရာရှိသည်တို့အားလုပ်ပေးနေ
လေသည်။

ညနေစောင်းလေးတွင် မောင်နှမနှစ်ယောက်
ရေပုံးကိုယ်စီဖြင့် ရေသယ်ကြသည်။
သူတို့နှစ်ယောက်အားတနေရာမှ အမျိုးသမီးကြီး
တယောက်က အကွယ်မှစောင့်ကြည့်နေခဲ့သည်။
သူတို့ကတော့မသိ။

လုပ်စရာရှိသည်တို့ကိုသာ လုပ်နေကြသည်။
“ငါတို့ဒီကုန်းကိုအနဲဆုံးတစ်လတော့ရှင်းရမယ်ထင်တယ်မျိုးစေ့ပျိုးမှာနဲ့အပင်စောင့်ရမှာခွဲရမှာနဲ့ဆို
၂လနဲ့သုံးလကြာမယ် ဘာပဲဖြစ်ဖြစ် ဝါမ၀င်မီ ပီးပါတယ်”

“မမရေ ပုတ်သင်က အပြာမဟုတ်တော့ဘူး
အညိုဖြစ်နေတယ်”
“ပုတ်သင်ပါဆိုမှနင်ကလဲ အရောင်ပြောင်းမှာပေါ့”
ဘာလိုလိုနှင့် တဲပါတ်၀န်းကျင်ရှင်းလင်းပြီး
ရေဖြည့်ပြီးသည့်အခါ ညနေစောင်းချေပြီ။

နှစ်ယောက်သား မနက်ကထမင်းကျန်အားစားကြသည်။
ပြီးနောက်
အိပ်ယာ၀င်ကြသည်။

“ဒီကောင့်ကို ဒီအ၀တ်နဲ့ထုတ်ထားလိုက်မယ်”
“အေး ပီးရင်ခြင်ထောင်ထဲ၀င် မမဘုရားရှိခိုးမယ်”
မိဂျမ်းသည် ဘုရားရှိခိုးဦးသုံးကြိမ်ချသည်။
ပြီးနောက် အိတ်တလုံးဖြင့်ထည့်ယူလာသည့်
ချည်လုံးလေးအား ခုနှစ်ပတ်လက်ဖြင့်ထွာကာ
အကွင်းနှစ်ကွင်းပြုလုပ်သည်။

“မောင်လေး ရော့ ဒါပရိတ်ကြိုးလက်မှာချည်ရအောင်”
“ဟုတ်မမ မမရောမချည်ဘူးလား”
“ချည်မှာပေါ့ လာအရင်မမလုပ်ပေးမယ်”
ပရိတ်ကြိုးကွင်းအား မောင်လေးအားချည်ပေးလိုက်
သည်။

“ပေးမမဟာ သားချည်ပေးမယ်”
“မြဲအောင်ချည်နော် ”
“ဟုတ်ကဲ့”
နိုင်၀င်းသည်အစ်မဖြစ်သူအား ကြည့်ရင်း
“မမ”
“ဟင်”
“ဒီနေရာဟိုးဘက်ကလယ်တွေနဲ့လှမ်းတယ်နော်”
“အေးလေ လူတွေကလယ်လာလုပ်မရလို့
ငါတို့ကိုအခင်းလုပ်ခိုင်းတာလို့ဘစိန်ကပြောတယ်လေ”

“မမ မကြောက်ဘူးလား”,

ထိုအခါမှမိဂျမ်းသည် မောင်ဖြစ်သူမျက်နှာအား
သေချာကြည့်မိသည်။
ဟုတ်တာပေါ့ လူသူမနီးသည့်ကိုင်းကွင်းတွင်
မိမိတို့ကလေးတွေချည်းမို့ ကြောက်ရှာမည်ပေါ့။
မောင်ဖြစ်သူအား ချော့သိပ်လိုက်သည်။

“အကြောင်တရားဆိုတာ လူတိုင်းမှာရှိတတ်တာပါပဲ
မောင်လေးရယ် အပြင်ကိုထုတ်မထုတ်တာကွာတာပါ
ဒီနေရာကိုရောက်တော့ မမစိတ်ထဲတစ်မျိုးကြီးပဲ
မမကြောက်တာပေါ့
ဒါပေမဲ့
အမေသေသွားတော့အိမ်မှာ မမနဲ့မောင်လေးနှစ်ယောက်တည်းနေရတယ်မဟုတ်လား လူတွေက ဒီနေရာမှာသရဲခြောက်တယ်
မလာချင်ဘူမဖြတ်ဘူးလို့ ရှိတတ်ကြပေမဲ့
ကိုယ်နေရမဲ့နေရာမဟုတ်သေးလို့ပါ
ဟောကြည့် မမတို့ကျတော့ ရက်လည်တောင်
မလုပ်ရတဲ့အိမ်မှာ ကိုယ့်အိမ်ဆိုတော့ အကြောက်တရားတွေသိမ်းပီး နေခဲ့ကြတယ်မဟုတ်လား”

“ဟုတ်မမ သားလဲအမေသေတော့ကြောက်တယ်
ဒါမဲ့ လွမ်းလဲလွမ်းတော့ တခါခါကျတွေ့ချင်တယ်
နောက်တော့မကြောက်တော့ဘူး လွမ်းပဲလွမ်းတယ်”
မိဂျမ်းသည် ရေနံမီးဖြင့်မြင်ရသည့်မောင်လေးအား
ကြည့်ကာ…
“ဒါဆိုအခုလဲဒီအတိုင်းပဲသဘောထားပေါ့
ဒါကမမတို့နေရမဲ့ မမတို့ရဲ့ယာယီအိမ်ပဲလေ”

၀ှီးးး
ဘုတ်
ပြောမဆုံးခင် တဲအမိုးပေါ်တခုခုထိမှန်သံ။

လှဲနေသည့်နိုင်၀င်းသည် ဆက်ခနဲထထိုင်သည်။

ဖျော ဖျော ဝရော
ဖုန်း ဖုန်း ဒုန်း
ကျွီ ကျွီ ကျွီ
ထိမှန်သံ တ ရှောရှောပြေးလာသံနှင့်အတူ
တဲကလေးမှာယိမ်းခါနေလေပြီ။

“အမေရေ အမေ အမေ”
နိုင်၀င်းသည် မိခင်အားတ,ကာ ငိုလေပြီ။
“သား သားလေးမမရှိတယ် မမရှိတယ် မကြောက်နဲ့
နော် ဟော့ဒီပရိတ်ကြိုးရှိနေသရွေ့မမတို့ကို
ဘာကောင်မှထိမရဘူး မငိုနဲ့မငိုနဲ့”
မောင်ဖြစ်သူအား အတင်းပင်ဖက်ထားမိသည်။

ခြင်ထောင်တွင်းကမူမထွက်ဝံ့။
မီးမှာငြိမ်းသွားလေပြီ။
လရောင်လဲ့လဲ့ဖြင့် တဲအပြင်ဘက်တွင်
မဲမဲအရိပ်ကြီးများဖြတ်ပြေးနေသည်ကို မိဂျမ်းတွေ့မြင်
နေရသည်။

မောင်ဖြစ်သူကြောက်မှာပူ၍ မျက်နှာမဖော်ခိုင်း။
အတင်းပင်ဖက်ထားသည်။
မိဂျမ်းသည် မျက်ရည်ကျလာလေသည်။
“ကျမတို့မောင်နှမဒုက္ခရောက်လာလို့ပါ မနှောင့်ယှက်
ကြပါနဲ့ရှင် ကျမမောင်လေးရှင်ပြုပေးချင်လွန်းလို့
ဒီအလုပ်ကိုလာလုပ်ရတာပါ ခွင့်လွှတိပါ ခွင့်လွှတ်ပေး
ကြပါ”

အူးးးဂူးးးးး
မာလာ၏တိုင်တည်မည်တမ်းသံအဆုံးတွင်
တောင်ကုန်းအောက်မှ အော်သံတသံပေါ်ထွက်
လာပါသည်။

ထိုအော်သံအဆုံးတွင် ဖြတ်ပြေးနေသည်များ
လှုပ်ယမ်းနေသည်များ ပစ်ပေါက်နေသည်များမှာ
တိခနဲ ရပ်တန့်သွားကြသည်။

‘ဟော တွေ့လား မောင်လေး သူတို့ထွက်သွားကြပီ”
“ဟုတ် ဟုတ်ကဲ့မမ”
“လာလာမမချော့သိပ်မယ် အိပ်နော် မနက်ကျရင်
လုပ်စရာတွေအများကြီးရှိသေးတယ်”
မောင်ဖြစ်သူအားဖက်ကာ ခြင်ထောင်တွင်းမှနေ၍
ထရံဘက်ကျောမှီလိုက်သည်။

စောင်အားနှစ်ယောက်လုံးပတ်ခြုံကာ ဖက်ထားလိုက်
သည်။
ကြောက်၍တုန်နေရှာသည့်မောင်ငယ်သည် ခဏအကြာတွင် မောပန်း၍ထင့် အိပ်သွားရှာလေပြီ။
မိဂျမ်းမှာမူ အိပ်မရ။
ဇာခြင်ထောင်အဟောင်းအားဖောက်ထွင်းကာ
တဲအပြင်ဘက် စူးစိုက်ကြည့်နေမိသည်။

ယခုတော့
မြေမွမွတောင်ကုန်းတွင် ထွန်ယက်လုပ်ကိုင်သူကင်းမဲ့
သည်ကို သဘောပေါက်လေပြီ။
“လက်စသတ်တော့အဘစိန်ဟာ တမင်အကျင့်ပုတ်
တာပါလား အင်းငါကလဲတခြားလုပ်စရာအလုပ်ကမရှိ
အမျိုးအဆွေတွေကလဲ အကပ်မခံကြ
အလုပ်လဲမပေးကြတော့ မတတ်နိုင်ဘူး
ဒီမှာပဲရပေါင်နေရမှာပဲ ဒီပရိတ်ကြိုးလေးတွေက
အသက်ကိုတော့စောင့်ရှောက်ကောင်းပါရဲ့
ငါတို့မှ သူတို့ကိုဘာမှလုပ်တာမှမဟုတ်တာပဲလေ”

မိဂျမ်းသည် တောင်တွေး မြောက်တွေးဖြင့်
အိပ်မပျော်။
မတော် သူအိပ်နေတုန်း တဲပေါ်တက်လာပြီး
လုံးလျှင်မခက်ပေဘူးလား။

ဓားရှည်အား အိပ်ယာအောက်တွင် နေရာရွေ့မရွေ့
မကြာမကြာစမ်းမိသည်။
“အပြင်ကနေကြိုက်သလောက်ခြောက်
တဲပေါ်တော့တက်မလာနဲ့ ဓားနဲ့ခုတ်မှာ”
ရင်ထဲကြုံးဝါးရင်းအချိန်တွေကုန်လာသည်။

မောင်လေးအုံးထားသည့်ပေါင်တဖက်သည်
ထုံကျင်နေသည်မို့ စောင်အစားထိုးအုံးခိုင်းလိုက်သည်။
စောင်မှာသုံးထည်ယူလာသည်။
အိမ်ကနှစ်ထည် အဘစိန်ဆီကတစ်ထည်ဖြစ်သည်။
တစ်ထည်ကိုခြုံပြီးကျန်တည်ထည်အား တဖက်ခြမ်း
ရှိခြင်ထောင်အားဖိထားမိသည်။

“ညညတွေအိပ်ရင်ခြင်ထောင်ဟာအကာအရံပဲ
လူကိုဘေးကင်းစေတယ်တောတောင်ထဲဆို ခြင်ထောင်
ထဲအိပ်တာ ဘေးအကင်းဆုံးပဲ”
ဟူသည့် မိခင်စကားများအား မိဂျမ်းမှတ်သားထားခဲ့သည်။

“ပီးတော့ လူကြီးတွေအနားမရှိတဲ့ညဆို ဓားကို
ဟဲ့ငါ့ကိုစောင့်ရှောက် ဘယ်သူလာလာငါ့ကိုနှိုး
နင်ကငါ့အပိုင် သူများပစ္စည်းမဟုတ်ဘူး
လို့မန်းမှုတ်ပီးအနားထားအိပ်ရင် မကောင်းတဲ့မိစ္ဆာတွေ
လာရင် ဓားမှာရှိတဲ့လိပ်ပြာဟာ ကိုယ့်ကိုနှိုးတယ်”

စသည့် အိပ်ယာ၀င်ပုံပြင်မှတ်စရာများအားလည်း
မိဂျမ်းမမေ့။
တောင်တွေးမြောက်တွေးနှင့် မောင်ဖြစ်သူအနား
ဘယ်လှည့်ညာလှည့်နှင့် အချိန်တွေကုန်လာသည်။
မျက်တောင်များစင်းကျလာသည်။

“ငါငါ အိပ်လို့မဖြစ်သေးဘူး ဟိုကောင်တွေပြန်လာရင်
ငါမသိလိုက်ပဲနေမယ်”
မျက်စိအားအတင်းပင် ပြူးထားမိသည်။

အောက်အိအီး းးးးအွတ်
ထိုအသံသည် ကြားခဲ့ဘူးသည့်ကြက်တွန်သံများထဲ
တွင် ကြားရအကောင်းဆုံးဖြစ်သည်။

လင်းကြက်တွန်ရင် မိစ္ဆာတွေနာနာဘာဝတွေဟာ
လူကိုနှောင့်ယှက်မရတော့ဘူး
ဟူသည့်အတွေးဖြင့် အသိစိတ်သည်ကိုယ်မှ
လစ်ထွက်သွားတော့သည်။

မိဂျမ်းကား ထရံဘက်မှီရင်း အိပ်ပျော်ချေပြီ။
ထိုအချိန်မှာပင်
ဝေလီဝေလင်းဖြစ်နေသည့် မနက်ခင်းအလင်းရောင်
နှင့်အတူ ဆယ်နှစ်အရွယ်ကလေးတယောက်
သည် တဲပေါ်မှခုန်ဆင်းချသွားလေတော့သည်။

မိဂျမ်းတို့မောင်နှမမှာတခေါခေါဟောက်လျှက်။

မနက်လင်းသော်
“မမ မမ ထအုံးမိုးလင်းနေပီ ”
“ဟင် ဟင် ဟုတ်သား”
“ဟိုအကောင်လေးလဲမရှိတော့ဘူး”
“ဟုတ်လား သေသွားတာလား”
“သေရင်အကောင်ကျန်နေမှာပေါ့ ခုကသက်သာပီး
ထသွားတာထင်တယ်”
“အင်းထသွားလဲကောင်းတာပေါ့
ကဲမျက်နှာသစ်မယ် မမကကိုင်းခုတ်မယ်
မောင်လေးကထင်းခြောက်ဆွဲ ရလား”

“အာရတယ် ဟိုနားမှာထင်းခြောက်တွေရှိတယ်”
“အင်း ဆွဲထား မမဟော့ဒီလောက်အကွက်ပီးရင်
ထမင်းလာချက်မယ်”
“ဟုတ် ”
မိဂျမ်းသည် လျှာထားသည်အကွက်မပီးမချင်း
မနားပေ။

ညကကိစ္စအားမေ့ထားလိုက်သည်။
ဓားကိုင်တာကြာသဖြင့် အရည်ကြည်ဖုများထလာသည်။
“ပေါက်ပြဲကုန်တော့မှာပဲ စပ်မယ်ထင်တယ်”
အရည်ဖုအား အ၀တ်ဖြင့်စည်းရန်တဲဘက်ပြန်လာခဲ့
တော့ တဲအောက်တွင် ထင်းပုံနေသည့် မောင်ဖြစ်သူ
က…

“မမထင်းတွေအများကြီးရနေပီနော် ထမင်းချက်တော့”
“အင်း မမပီးတော့မယ် ပီးမှချက်မယ် ဆာပီလား”
“မဆာသေးဘူးသား ဒါပုံးပီးရေစလောက်ဘက်သွားမ
လို့””
“ရေချိုးမလို့လားအစောကြီး အေးတယ်နော်”

“ချွေးတွေနဲ့မမရ ပီးတော့ လက်ကမဲနေတာ”
“အင်းမမမနေ့ကရွှေဝါဆပ်ပြာတောင့်ပိုင်းထားတယ်
ယူသွား အမြန်ပြန်လာနော်”
“ဟုတ်မမ’
မောင်လေးသည် ရေစလောက်ဘက်ခုန်ပေါက်၍
ပြေးထွက်သွားသည်။

ညကကိစ္စအားအမှတ်မထားလေသလား။
သို့မဟုတ်
အလင်းရောင်ကပင် ခွန်အားပေးလေသလားမသိ။

လက်အား အ၀တ်စဖြင့်ပတ်ကာ ကိုင်းအားဆက်ခုတ်
နေမိသည်။
သတ်မှတ်ထားသည့်နေရာအရောက်တွင် ခြေတစုံ
အားငုံ့ရင်းမြင်ရသဖြင့် မတ်ခနဲ ရပ်ကြည့်လိုက်တော့
အသက်ငါးဆယ်အရွယ်လူကြီးတဦး။

မိဂျမ်းပါးစပ်ဟသွားရသည်။

ဘာ့ကြောင့်မျက်လုံးစိမ်းကြီးဖြင့်ကြည့်နေသလဲ။
ရင်ထဲမှမေးခွန်းသာ။
လက်တွေ့တွင်တော့ ထိုလူကြီးကပင်စပြောလာသညိ။
“ဒီမှာကလေးမ မင်းတို့ဒီကုန်းကနေပြန်တာကောင်းမယ်နော်”
“ဘာဖြစ်လို့လဲဦးကြီး ကျမတို့ကအလုပ်မရှိလို့ပါ
ပီးတော့ဦးကြီးကဘယ်သူများလဲ”
“မင်းမေးလို့ပြောပြလ်ုက်ပါမယ် ငါ့နာမည် တောက်ထိန်
ဒီကုန်းရဲ့အပိုင်စားရသူပဲ မင်းတို့နေခွင့်မရှိဘူး”

“ဒီနေရာပိုင်ရှင်က ဘကြီးစိန်လေ အဘစိန်လေ”
“မင့်ငစိန်ကသူနေမလို့မနေတာပေါ့ကွ
ငါရှည်ရှည်ဝေးဝေးမပြောချင်ဘူး မနက်ဖြန်မနက်လင်း
လို့မှမပြန်ကြရင် ငါ့အကြောင်းသိစေရမယ်”
ထိုလူကြီးသည် စကားအားဒေါသတကြီးပြောရင်း
ချာခနဲလှည့်ထွက်သွားလေပြီ။

မိဂျမ်းမှာပါးစပ်အဟောင်းသားဖြင့်ကျန်ရစ်ခဲ့သည်။

“ဘာလဲဟ လူပဲဒါ ညကသက်သက်ငါတို့မနေရဲအောင်
သရဲယောင်ဆောင်တာပဲ အဘစိန်နဲ့ကွင်းလုဘက်ပဲ
ဖြစ်ရမယ်”
မိဂျမ်းသည်မိမိဘာသာထင်ကြေးပေးရင်း စိတ်ချမ်းသာ
သွားရသည်။

ညကျအိပ်ရေးပျက်စရာအကြောင်းမရှိပြီလေ။

“မမရေ သားပြန်လာပြီ”
“အေးအေးမမလဲထမင်းချက်မယ်”
“မမသားလေ ရေချိုးရင်းသူငယ်ချင်းရခဲ့တာ”
“ဟေ ဘယ်သူလဲ ဒီနားမှာတို့ပဲရှိတာလေ”
“မဟုတ်ဘူးမမဒီကောင်က ဟိုးဘက်ကုန်းကတဲ့
သူလဲသားအရွယ်ပဲ လာမဲ့ဝါအ၀င်မှာသူလဲ ရှင်ပြုမှာ
ဆိုပဲ အဲ့ဒါသားနဲ့ညှိခဲ့ကြသေးတယ် ရှင်အတူပြုဖို့”

“အေး ဒီနားသူငယ်ချင်းရတယ်ဆိုတော့လဲ
ကောင်းသား အဟေးဟေး”
မိဂျမ်းမှာဤတောင်ကုန်းတွင် သက်ရှိများရှိနေသည်
ဟုသိလိုက်ရသဖြင့် ထပ်ဆင့်ပျော်သွားသည်။

သို့နှင့်
တနေ့တာ ကုန်ဆုံးသွားရပြန်သည်။
အလုပ်သိမ်းလာသည့်မှောင်ရီဝိုးတဝါးအချိန်လေးတွင်
“မမရေမမ သားပြောစရာရှိတယ်”
“ပြောလေ ဆာပီလား”
“မဟုတ်ဘူးမမ ဒီည ငသင်တို့ဆီသွားအိပ်ကြရအောင်”

“ဘယ်က ငသင်တုန်း”
“မနက်ကသားပြောတဲ့သူပေါ့
သူ့အမေကပြောတယ်တဲ့ ဒီညမုန်တိုင်းရှိတယ်လို့
အဲ့ဒါ မငသင်ကသားတို့ကို သူတို့တဲလာအိပ်တဲ့
သူ့အမေကလဲ ထမင်းလာစားလို့ပြောတာ”
“အဝေးကြီးလား”
“ဟိုးဘက်နားတင်တဲ့မဝေးဘူးတဲ့”

မိဂျမ်းသည် ကောင်းကင်အားမော့ကြည့်မိပြန်သည်။
မိုးသားတိမ်လိပ်တို့အား မတွေ့ရ။

“အင်းလေ လူကြီးစကားဆိုတော့ သွားအိပ်တာမမှား
ပါဘူး မိတ်ဆွေတိုးတာပေါ့ သွားမယ်”
ထိုအချိန်တွင်
“ဝေးးးနိုင်၀င်း နိုင်၀င်းရေ”
ဟူသည့် သေးစူးစူးအသံလေးအား ကြားကြရသည်။

“လာပီဝေး ငသင် လာပီကွ”
“ကဲကဲ လာ မှောင်လာတော့မယ်”
မိဂျမ်းသည် မျိုးစေ့ထုတ်နှင့်စောင်များအား
မိုးကာဖြင့်ပတ်လိပ်ထားလိုက်သည်။
မုန်တိုင်းကြောင့်တဲအမိုင့်ပွင့်လျှင်တောင် ရေမစိုစေရန်
ဖြစ်သည်။

မောင်နှမနှစ်ယောက်သည် တဲလေးအားထားရစ်ကာ
ရေစလောက်ဘက် ထွက်ခဲ့ကြသည်။
ကိုင်းတောအစပ်တွင် ငသင်ဟုသည့် အသားဖြူဖြူ
ပိန်ပိန်သေးသေးကောင်လေးအား တွေ့ကြရသည်။

“လာနိုင်၀င်း ငါ့အမေက စောင့်နေတာ”
ထိုနေရာမှ သိပ်မသွားကြရ။
ပျဉ်ခင်းပျဉ်ကာ သွပ်မိုးတဲလေးအား တွေ့ကြရသည်။
“ဒီအိမ်ပဲလေမမ သားတော့နေ့ခင်းကတစ်ခါ
ရောက်ပီးပီ ဟီးဟီး”
“နင်ငါမသိအောင်လည်တာပေါ့ ခွေးလေး”
“ဟီး ငသင်ကသားကိုထင်းဆွဲကူတော့ အမြန်ပီးတာပေါ့
အဲ့ဒါဆော့ရင်း ရောက်လာတာ”

ငသင့်အမေဖြစ်သူက…

“ကိုင်းပါသမီးရယ် ကြီးကြီးသားကလဲဒီမှာနေရတာ
ပျင်းနေတာ ခုသမီးတို့ရောက်လာတော့ အတော်ပဲ
အလုပ်မှာ လိုအပ်တာရှိလဲကြီးကြီးတို့ကိုပြောပေါ့
ကိုင်းစားကြစားကြ မုန်တိုင်းကတော်တော်ကြီးလိမ့်
မယ်ကြားတယ် စောစောအိပ်ယာ၀င်ကြ!

ငသင်၏အဖေဆိုသူမှာ ဘာစကားမှ၀င်မပြော။
ကွမ်းကြီးတမြုံ့မြုံနှင့် အပြင်ဘက်လှမ်းလှမ်းကြည့်
နေသည်ကို မိဂျမ်းသတိထားမိသည်။
ထိုနေ့ညက
မိဂျမ်းအိပ်လိုက်သည်မှာ အသေအတိုင်းပင်။

မနေ့ကသေချာမအိပ်ထားတာရော အလုပ်ပမ်းတာပါ
ပါမည်ထင်သည်။
ထိုညက
မိဂျမ်းတို့မသိလိုက်သည်က
ကျန်နေခဲ့သည့် သူတို့တဲကလေးအနီးတွင်
အကောင်ကြီးနှစ်ကောင်လုံးသတ်နေသည်မှာ
တညလုံးနီးပါးပင်ဖြစ်သည်။

သန်းခေါင်ယံထိ တဒုန်းဒုန်းဆူညံနေသည်မှာ
ငွေတောင်ကွင်း တကွင်းလုံးကကြားကြရသည်။
သန်းခေါင်ယံအလွန်တွင်မူ
ငသင့်အမေက ပူပန်ဟန်ဖြင့် ပြောလာသည်။
ပုပန်စိတ်ကြောင့်လား ညအချိန်မို့လားမသိ
ဟန်ပန်တွေပါ ပြောင်းလာကြသည်။

“ဟဲ့ငသင် နင့်အဘတော့ရှုံးတော့မယ်ထင်တယ်
အေးလေ သူ့နယ်ကိုး “

ငသင်သည်
အိပ်ပျော်နေကြရှာသည့် သူငယ်ချင်းမောင်နှမအားငုံ့ကြည့်သည်။

“အမေ အမေ့ကိုတော့ဒီအတိုင်းမထားနိုင်ဘူး
အမေဒီကသားသူငယ်ချင်းတွေကို စောင့်ရှောက်ထား
နော် သားအဖေ့ကိုသွားကူလိုက်မယ်”
“အို ဟဲ့ သား သား”
မိခင်ဖြစ်သူခေါ်နေသည့်ကြားမှ ငသင်သည်အိမ်ပေါ်မှ
ခုန်ချလိုက်သည်။

အံ့ဖွယ်ပင်ဖြစ်သည်။
အိမ်ပေါ်မှခုန်အချတွင် ငသင်မှာ ဧရာမအရိပ်မဲကြီး
ဖြစ်ကာ မိဂျမ်းတို့တဲဘက် ပြေးလေတော့သည်။
ငသင်ခုန်ချအပြီးတွင် မိဂျမ်းတို့အိပ်နေသည့် အိမ်လေးသည်လည်း
ပျောက်ကွယ်သွားသည်။

သတ်ပုတ်သံသည် ခေါင်းအားထိမတတ်မြည်ဟည်း
နေသည်မို့ မိဂျမ်းမှာနိုးလာပါသည်။
“ဟင် ဘာ ဘာသံ သံ အယ်”
ထိုအခါမှ
မိမိတို့အိပ်နေသည်မှာ သစ်ရွက်ခြောက်များကြားတွင်
ဖြစ်နေသည်ကို သိလိုက်ကာ ထိတ်ပျာသွားရသည်။

“မောင်လေးမောင်လေး ထထဒုက္ခပါပဲ”
“ကလေးမလေး ပြန်အိပ်ပါ”
ထိုအသံကြောင့်လှည့်ကြည့်မိရာ
“အမယ်လေး ဘုရားကယ်ပါ”
“ကြီးကြီးကိုမကြောက်ပါနဲ့ ကလေးတိူ့ကိုဒုက္ခမပေးပါ
ဘူး ခုအဲ့နေရာကနေ နေရာမရွေ့ပါနဲ့ ငြိမ်ငြိမ်လေး
နေကြပါ “

“ဟာ ဘာ ဘာကောင် ”
“အိုမောင်လေး တိတ်တိတ်နေ”
“မမ ငသင်ငသင်ကော တဲအိမ်ကော”
ထိုအခါမှ ကြောက်စရာအသွင်ပြောင်းနေသည့်
ငသင်၏မိခင်ဆိုသူက ရှင်းပြလေသည်။

မိဂျမ်းတို့မှာ သစ်ရွက်ခြောက်ပုံကြားမှမထွက်ရဲပဲ
နားထောင်ကြရလေသည်။

“တစ်ကယ်တော့ ကြီးကြီးတို့က လူသားတွေမဟုတ်ကြ
ပါဘူး ဒီကုန်းမှာခိုကပ်နေကြရတဲ့ကျပ်တစ္ဆေမိသားစုပါ
ဟိုတောင်ကုန်းပေါ်က သရဲတောက်ထိန်ဟာ
ရောက်လာသမျှ လူတွေကိုခြောက်လှန် အသေသတ်တတ်သူပေါ့
ဘာပဲဖြစ်ဖြစ် ကြီးကြီးတို့ကကိုယ်နဲ့မဆိုင်တော့
ဒီအတိုင်းကြည့်နေခဲ့တာကြာပါပီ ကလေးတို့ရောက်လာတဲ့နေ့ကတော့ သားငသင်ဟာ
သူ့အရွယ်ကောင်လေးကို လိုက်ချောင်းရင်း သစ်ပင်
ပေါ်ကပြုတ်ကျပါလေရောလေ
အဲ့ဒီနေရာက သရဲတောက်ထိန်ရဲ့နေရာမို့ ကြီးကြီးတို့
၀င်မရဖြစ်နေတုန်း ဟော့ဒီသားလေး နိုင်၀င်းတို့မောင်
နှမက ကယ်ပေးခဲ့လို့အသက်ရှင်ခဲ့ပါတယ်”

မိဂျမ်းသည် အာစေးမိထားသူလို ပါးစပ်ဟမရ။
အဖွားကြီးကဆက်ပြောလာသည်။
“ဒီညကျတော့
သရဲတောက်ထိန်ဟာ ကလေးတို့နှစ်ယောက်ကို
မုန်တိုင်းကျတယ်ထင်အောင်လှည့်စားမယ်
ချည်မန်းကွင်း ကျွတ်အောင်လုပ်လိမ့်မယ်လို့
ပရလောကသားတွေပြောတာ ကြားနေရတယ်
သားရဲ့ကျေးဇူးရှင်တွေမို့ ခုလိုရှောင်ခိုင်းရတာပါပဲ”

“ခုကြားနေရတာတွေက …”
“အဲ့ဒါသရဲတောက်ထိန်နဲ့ ငသင်တို့သားအဖနဘမ်းလုံး
နေကြတာကွဲ့
ဘေးရန်ကင်းပီး နိုင်လာပါစေလို့ဆုတောင်းရတာပါပဲ”

မိဂျမ်းသည် မျှော်လင့်မထားမိသည့်စကားများမို့….
“ဟင်း မောင်လေးမကြောက်နဲ့နော်”
“မမကလဲ ငသင်ဆိုရင်သားမကြောက်ပါဘူး
သူသရဲဆိုလဲ သားသူငယ်ချင်းပါပဲ”

ခပ်လှမ်းလှမ်း အော်ဟစ်ငြီးတွားသံ
သတ်ပုတ်နေသံများအား ကြာနေရသည်မို့
ရင်တထိတ်ထိတ်ဖြင့် စောင့်စားကြရသည်။
ကြောက်၍ရင်ထိတ်ရသည်လား စိုးရိမ်၍ရင်ထိတ်ရ
သည်လား မိဂျမ်းမခွဲခြားတတ်ပါ။

မနက်ဝေလီဝေလင်းအချိန်တွင် လူနှစ်ယောက်သည်
သူတို့ဘက်လှမ်းလာနေသည်ကိုတွေ့ကြရသည်။
ထိုအခါမှ နိုင်၀င်းမှာ သက်ပြင်းချသည်။
“ငသင် မင်းဘာမှမဖြစ်ဘူးနော်”
“ငါဘာမှမဖြစ်ပါဘူးကွာ အဖေတော့ဒဏ်ရာအကြီး
အကျယ်ပဲဟေ့ မင်းဆေးကုပေးလိုက်အုံး”

ငသင့်စကားကြောင့် မိဂျမ်းပြုံးမိသည်။
“မင်းကငါ့အကြောင်းသိသွားပီပေါ့လေနိုင်၀င်း”
“အေးလေ”
“မင်းငါ့ကိုမကြောက်ဘူးလား”
“မကြောက်ဘူး”
“ငါနဲ့ဆော့အုံးမယ်ပေါ့”
“ဆော့မယ်”
“ဝေး ဟေး ဟေး ပျော်တယ်အမေ သားပျော်တယ်”

ငသင်သည် ကိုင်းတောထဲတွင် လူးလှိမ့်နေသည်။
မိဂျမ်းသည် ရင်ထဲတွင် အေးလိုက်ပူလိုက်ဖြစ်နေ
ရသည်။
မနက်လင်းတော့
သူတို့တဲလေးဆီ ငသင်ကလိုက်ပို့သည်။

“ဟိတ်ကောင်ငသင်မင့်အဖေကိုဂရုစိုက်လိုက်နော်”
“ဟားဟား နိုင်၀င်းရာ ငါတို့အမ်ျုးကဒဏ်ရာရရင်
သူ့အလိုလ်ုကုစားနိုင်စွမ်းရှိတယ်ကွ ဟိုညကငါ့ဒဏ်ရာ
ဟာ နဘူးနွယ်နဲ့ပျောက်တယ်လို့မင်းထင်နေတာလား”

“မဟုတ်ဘူးလား”,

“ငတုံး ငါညကျမှလာတော့မယ် ဒီတဲမှာအေးဆေးနေ
ကြတော့ ဟိုကောင်ကြီး တော့ တခြားဘုံကိုကူးသွားပီ”

ငသင် သည်စနောက်ရင်း ပြန်ပြေးလေသည်။
သူပြောသွားသည့်စကားတချို့ကြောင့် မိဂျမ်းသည်
၀မ်းသာ၀မ်းနည်းဖြစ်ရသည်။

သို့နှင့် မိဂျမ်းတို့မောင်နှမသည်
ထိုကုန်းမြေတွင် အလုပ်က်ုကြိုးစားလုပ်သည်။
အနှောင့်အယှက်ပေးမည့်သူကားပေါ်မလာတော့ဘူး
မဟုတ်လား။

ငသင်နှင့် မိသားစုကလည်း လာကူညီကြသည်။
ကိုင်းကွင်းသည် ပြောင်ရှင်းနေသည်။
တဖက်မှစိမ်းစိုနေသည်။
ဘာလိုလိုနှင့်တလခွဲမျှကြာညောင်းခဲ့လေပြီ။

အဘစိန်ကားလာမကြည့်။

အကယ်၍ကလေးများသေနေလျှင်သူ့တွင်အမှုပါတ်
နိုင်သည်။
သေတာကြာမှသိလျှင် နေစရာမရှိ၍နေရင်းသူတို့ဘာသာသေသည်ဟု
သတ်မှတ်ကာ ကိစ္စပြီးပေမည်။

ထို့ကြောင့်
အိမ်ကသာစောင့်သည့် သတင်းနားထောင်သည်။
လယ်နားနီးချင်းတွေပြောကြသည်က
ထ်ုကုန်းသည် သစ်ပင်များစိမ်းလန်းနေသည်။
ကလေးသူငယ်နှင့် အခြားလူကြီးများလည်းရှိနေသညိ။
တောက်ထိန်ကွင်းသည် စပါးစိုက်၍ရနိုင်သည်တဲ့။
အဘစိန်သည် ငွေအစိတ်အားအသင့်ပြင်၍
အိမ်ကပင်စောင့်သည်။

“ငါထင်သားပဲ ဒီကလေးတွေဟာ မညံ့ဘူးလို”
……
“ရော့သမီး ဒါ ကြီးကြီးတို့မိသားစုရဲ့အလှူငွေ”
“ဟင်ဘာတွေလဲကြီးကြီး”
“ဖွင့်ကြည့်ပေါ့”
မိဂျမ်းသည် ပြန်ခါနီးတွင်ကမ်းပေးလာသည့်
အ၀တ်အိတ်ကလေးအား ဖွင့်ကြည့်သည်။

“ဟာ ရွှေ ရွှေတုံးတွေလား”
“ငသင် ဒါရွှေတွေလားကွ”
“ဟုတ်ပါတယ်နိုင်၀င်း ငါကမင်းလိုမျိုးရှင်ပြုချင်တာကွ
ခုငါမပြုရတော့ မင်းကိုလှူတာ
မင်းမောင်ရင်လောင်းဖြစ်ပီး သင်္ကန်းစီးပီးရင်
ငါ့ဖို့အမျှဝေပေးနော် ဒီဘ၀မှာမနေချင်တော့ဘူးကွ”

မျက်နှာငယ်လေးနှင့်ပြောရှာသည့်ငသင်ဆိုသည့်
သူအားကြည့်ကာ နိုင်၀င်းငိုလေပြီ။

“သမီးမိဂျမ်း ရေစက်ချတဲ့အခါကျရင်
ဦးလှဖေ ဒေါ်ကြင်မေ သားငသင်တို့သာဓုခေါ်ပါလို့
နာမည်ခေါ်ပြီး အမျှပေးပေးပါနော်သမီး”
“ဟုတ်ကဲ့ပါကြီးကြီး စိတ်ချပါ”

နိုင်၀င်းကလည်း
“ငါငါ အမျှလဲဝေမယ် တသက်လုံးလဲသတိရနေပါ့မယ်
ငါရှင်ပြုမဲ့နေ့ကျ မင်းတို့ကိုလာဖိတ်ပါ့မယ်
ဆက်ဆက်လာနော်”
“စိတ်ချ ငါလာကိုလာမှာ”
“ဒါဆိုငါတို့သွားတော့မယ်နော်”

ငသင်သည် နှုတ်ပင်မဆက် လှည့်ထွက်သွားချေပြီ။
ငသင်၏မိဘများသည်လည်း သူ့နောက်မှလိုက်ပါသွား
ကြလေသည်။
မိဂျမ်းတို့မောင်နမလည်း မျက်ရည်များနှင့်….
…..
ဝါတွင်းပင်မရောက်လိုက်ပါ။
နောင်မွန်ရွာတွင် ခြိမ့်ခြိမ့်သဲ အလှူပွဲတခုရှိသည်။
မိဂျမ်းသည် ဆရာတော်၏နှဘေးတွင်
ဦးပြည်းစိမ်းစိမ်းကလေးနှင့်ထိုင်နေသည့်
မောင်ဖြစ်သူအားကြည့်ကာ
ရေစက်ခွက်ကလေးကိုင်ရင်း မျက်ရည်ကျမိသည်။

၀မ်းသာ၀မ်းနည်းသည့် မျက်ရည်များဖြစ်သည်။

တရာတော်ကြီး၏ သုံးဆယ့်တစ်ဘုံအမျှဝေသံနှင့်အတူ

“အမေရေ ခုတော့ မောင်လေးလဲ ရှင်ပြုပီးပီ
အမေ့ကိုရည်စူးပီးကုသိုလ်ကောင်းမှုတွေလဲပြုထားပါ
ပီ ရောက်ရာဘ၀ကနေ သာဓုခေါ်ပါအမေ

ဒီအလှူအတွက် ဘုံတစ်ခုမှလှူဒါန်းခဲ့ကြတဲ့
ဦးလှဖေ ဒေါ်ကြင်မေ သားမောင်သင်မိသားစု
ကျွန်ုပ်တို့နှင့်အတူ
သာဓုခေါ်ဆိုနိုင်ပါစေသား”

ထိုအမျှဝေသံအဆုံးတွင်
ကျောင်း၀င်အပြင်တွင် ရပ်နေသည့်
ဖြူဖပ်ပိန်လှီလွန်းသည့် အရိပ်တစ်ခုသည်
အဖြူရောင်အလင်းတန်းနှင့်အတူ ပျောက်ကွယ်သွား
လေသည်။

ထို့အတူပင်
လူမနေနိုင်ဟူသော ကိုင်းကွင်းအစပ်တွင်
နားကကြားသမျှအမျှဝေသံတိူ့အား
အာရုံပြုကာ သာဓုခေါ်ပီးနောက်တွင်
လင်းလက်သည့်အ၀တ်အစား
တောက်ပသည့်အပြုံးများဖြင့် မိသားစုသုံးယောက်
သည်လည်း တပြိုက်နက်ပင် ထိုနေရာမှ ပျောက်ကွယ်လေသည်။

ပြီးပါပြီ။
ဆင်းရဲခြင်းမှန်သမျှ ကင်းကြပါစေ။
ဤစာမူဖြင့် မွေးသမိခင်ကျေးဇူးရှင်နှင့်
ဆရာသခင်နှစ်ပါးအား ကန်တော့ပါသည်။

                                       ဧကရီအားလေးစားလျက်