သာဓုခေါ်နိုင်ပါစေ(စ/ဆုံး)
————————
ဖြူခင်နာမည်အပြည့်အစုံကဖြူခင်ဝင်းဖြစ်သည် ။နေတာက လပွတ္တာအောက်ဘက်နားက ချောင်းဆုံဆိုတဲ့ ရွာမှာ ။
ဖြူခင်တို့ရွာက ပင်လယ်ကမ်းစပ်ဘေးမှာရှိပြီး တံငါအလုပ်နှင့်စီးပွားဖြစ်နေသော ရွာလေး ။
စီးပွားရေးအလုပ်အကိုင်ကောင်းတာကြောင့် ရွာကလည်းအတော်လေး စည်စည်ကားကား ရှိလှသည် ။
ဖြူခင့်ယောက်ကျားကိုငြိမ်းသူက ဖြူခင်ထက် ၈ နှစ်ကျော်ကြီးသည် ။
ယောက်ကျားဘက်က ငါးဖမ်းစက်လှေတွေဘာတွေရှိတာကြောင့် ရွာမှာတော့ လူချမ်းသာစာရင်းဝင် ။
ဖြူခင်မိဘတွေကလည်း ငါးဖမ်းစက်လှေလေးအသေးလေးတစ်စီးတော့ရှိသည် ။
တံငါရွာဖြစ်တာကြောင့် တစ်ရွာလုံး တံငါအလုပ်နဲ့ပဲ လုပ်ကိုင်စီးပွားရှာကြရသည် ။
ဖြူခင့်မိဘတွေကတော့ ယောက္ခမတွေလိုမချမ်းသာပေမဲ့လည်း ပြေပြေလည်လည်တော့ရှိသည် ။
ဖြူခင်က တစ်ဦးတည်းသော သမီးဖြစ်သည် ။
အိမ်ထောင်ကျတော့လည်း မိဘတွေနှင့်ခွဲမနေချင်တာကြောင့် ဖြူခင့်ယောက်ကျား ကိုငြိမ်းသူက ဖြူခင့်မိဘတွေအိမ်မှာ လာနေပေးသည် ။
အိမ်ထောင်သက် ၃ နှစ်အကြာမှာတော့ သားလေးတစ်ယောက်မွေးပြီး ငြိမ်းကိုကိုဟု ဖြူခင်ယောက်ကျားက နာမည်ပေးထားသည် ။
ဟိုဘက် ဒီဘက်အဖိုးအဖွားတွေကလည်း တစ်ဦးတည်းသောမြေးသားလေးမလို့ အလွန်ချစ်ကြသည် ။
စီးပွားရေးကလည်းအမာခံလုပ်ငန်းကိုင်ငန်းတွေရှိတာကြောင့် အပူအပင်မရှိပဲ ဖြူခင်တို့အိမ်ထောင်ရေးသည် သာယာလှသည်။
ဖြူခင့်ယောက်ကျား ကိုငြိမ်းသူကလည်း ၈ နှစ်မျှငယ်သော ဖြူခင့်ကို ညီမငယ်လိုကော ဇနီးတစ်ယောက်လိုကော အရိပ်တကြည့်ကြည့်ချစ်ရှာတာမလို့ ဖြူခင့်အိမ်ထောင်ကျတာ ကံကောင်းလှသည်ဟု သူငယ်ချင်းတွေကပြောကြပြီး ဖြူခင့်ကို အားကျနေကြသည် ။
ဒီလို သာယာနေတဲ့ ဖြူခင်တို့ဘဝထဲကို မထင်မှတ်တဲ့ အချိုးအကွေ့တစ်ခုက ပြင်းပြင်းထန်ထန်ကို ရောက်ရှိလာခဲ့သည် ။
ထိုအချိန်မှာ သားလေး အခါလည်သာသာရောက်နေပြီ ။
ထိုအချိုးအကွေ့သည် ဖြူခင်တစ်ယောက်တည်းဆီကိုသာမဟုတ် ။
ဖြူခင်တို့တစ်ရွာလုံးကို ကံဆိုးမိုးမှောင်ကျစေခဲ့သော အချိုးအကွေ့ကြီး ။
ဒီအကြောင်းတွေကို ပြန်သတိရမိတဲ့အခါတိုင်း အိပ်မက်ဆိုးတစ်ခုသာ ဖြူခင် ဖြစ်စေချင်မိသည် ။
မှတ်မှတ်ရရ ၂၀၀၈ခုနှစ် မေလ ၂ ရက်နေ့
နာဂစ်ဆိုတဲ့မုန်တိုင်း သတင်းကိုကြားလိုက်ရပေမဲ့ ဘယ်သူမှ ခုလိုထိဆိုးရွားလိမ့်မယ်လို့ မထင်ခဲ့ကြပါဘူး ။
ပင်လယ်နားကရွာတွေအတွက်က မုန်တိုင်းနဲ့အသားကျနေထိုင်တတ်ကြတဲ့သူတွေ ။
အိမ်တွေကလည်း ငွေကြေးချမ်းသာသူက ချမ်းသာသလို ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ထားကြတာကြောင့် တော်ရုံမုန်တိုင်းလောက်ကို စိတ်ပူစရာမလိုဘူးလို့ထင်ခဲ့မိကြသည် ။
ဓနိမိုး ထရံကာအိမ်သားတွေကလည်း မုန်တိုင်းဆိုတာနဲ့ ခိုင်ခိုင်ခန့်ခန့်ဆောက်ထားတဲ့ နီးစပ်ရာ အိမ်တွေမှာ လူစုပြီး ခိုလှုံကြသည်မှာ ရွာထုံးစံ ။
တကယ်တမ်းကြုံလာကြတဲ့အချိန်မှာ ထင်ထားတာထက်အဆပေါင်းများစွာ ဆိုးဝါးပြင်းထန်သော မုန်တိုင်းဖြစ်ခဲ့သည် ။
ပြေးစရာမြေမရှိ ကူကယ်သူမဲ့ဘဝနှင့်ညအမှောင်မှာ လေနဲ့ရေက လူတွေကို အမှိုက်စလေးတွေလို တိုက်ချသွားခဲ့သည် ။
အသက်ရှင်ကျန်ခဲ့တာက ကံကောင်းတာလား ကံဆိုးတာလား မသိနိုင်တဲ့အနေအထားတစ်ခုလိုမျိုး ။
ရှင်ကျန်နေခဲ့တဲ့ လူတိုင်း အချိန်အတိုင်းအတာတစ်ခုအတောအတွင်းမှာ အသိစိတ်ပျောက်ကုန်ကြရသည်ထိ အဖြစ်တွေဆိုးဝါးခဲ့သည် ။
တစ်ညလုံးကမ္ဘာပျက်သလိုကြုံရပြီး နေ့ချင်း ညချင်း ဘဝတွေပြောင်းလဲသွားသည်မှာလည်း မယုံကြည်နိုင်စရာ ။
မိုးမှောင်ကျပြီး ကြမ်းတမ်းတဲ့လေနဲ့ရေက သဘာဝဘေးအန္တရာယ်နဲ့မတူပဲ ရွာထဲကို မကောင်းဆိုးဝါးတစ်ကောင်ဝင်လာသည်နှင့်သာတူသည် ။
အခန်း ၂
” ရေတွေက တဖြည်းဖြည်းတက်လာနေပြီ ဟေ့ ။
အပေါ်ထပ်ကို ရွှေ့ကြရအောင် ။ တစ်ခုခုဆို ပစ္စည်းတွေကို သယ်မထားနဲ့အုန်း ။
သားလေးကို သေချာ ချီထားနော် ဖြူခင် ။
လေကအတော်ကြမ်းလာပြီ ။ မတော်လို့ အမိုးတွေ ဘာတွေပွင့်သွားရင် လွင့်မပါသွားအောင် ။ အိမ်လယ်တိုင်တွေအနားမှာနေ ။ အကြောင်းဆို ဖက်ထားလို့ရတယ် ”
ယောက်ကျားဖြစ်သူရဲ့သတိပေးစကားကြောင့် ဖြူခင်သားကို ကျစ်ကျစ်ပါအောင် ပွေ့ချီဖက်ထားလိုက်သည် ။
မိဘတွေအကုန်လုံးကလည်း သက်ကြီးရွယ်အိုတွေဖြစ်နေတာမလို့ စိုးရိမ်သောက ကိုယ်စီနှင့် ။
ခုလိုထိ ဖြစ်မယ်မထင်ထားတာကြောင့် ကြိုတင်ပြင်ဆင်မှု့လည်း အိမ်မှာ ဘာမှလုပ်မထားမိ ။
တစ တစ ပြင်းထန်လာတဲ့လေအရှိန်ကြောင့် ဖြူခင် ယောက်ကျားက ဖြူခင့်လက်ထဲကသားကိုယူပြီး ကျစ်ကျစ်ပါအောင် ပွေ့ဖက်ထားခဲ့သည် ။
ဖြူခင်တို့အားလုံး လေဒဏ်နဲ့လွင့်မပါသွားအောင်သာဂရုစိုက်ပြီး တိုင်တွေကို အားပြုစရာအဖြစ် ဖက်တွယ်ထားကြရသည် ။
ရေကလည်း တရှိန်ထိုးတက်လာပြီး အိမ်အောက်ထပ်တစ်ထပ်လုံး ခဏအတွင်း နစ်မြုပ်သွားတော့သည် ။
အပြင်မှာမဲမှောင်နေပြီး ဆူညံနေသည့် လေသံ ရေသံက ကမ္ဘာပျက်နေသလို ။
ပြင်းထန်တဲ့မုန်တိုင်းအရှိန်ကြောင့် အိမ်အမိုးတွေ အကုန်လွင့်ပျံထွက်ကုန်သည် ။
ဒရကြမ်း တိုက်ခတ်လာတဲ့လေနဲ့ တစ်ရှိန်ထိုး လိမ့်တတ်လာတဲ့လှိုင်းလုံးတွေကြား အရာရာ တကွဲတပြား တစစီ ။
လှိုင်းလုံးကြီးတစ်လုံးက ဖြူခင်ကို ရိုက်ပုတ်ထုတ်လိုက်ချိန်မှာ လူကလွင့်ထွက်သွားပြီး ရေထဲရောက်သွားသည် ။
ယောက်ကျားကော သားကော ဘယ်တွေဘယ်လို လွင့်ပါကုန်လည်းမသိတော့ ။
ညအမှောင်မှာ ရေထဲမှာပေါ်နေတဲ့အရာတစ်ခုကို သွေးရူးသွေးတမ်းကျားကုတ်ကျားခဲ ဖက်တွယ်ထားရင်း သံဗုဒ္ဓေဂါထာကို ကြောက်အားလန့်အားနဲ့အဆီအငေါ်မတည့် အခါခါရွတ်နေမိသည် ။
လေနဲ့လှိုင်းလုံးကြီးတွေကြား ဘာကိုအားကိုးရမှန်းမသိပဲ လက်ထဲကအရာကိုသာ သတိမလွတ်စေပဲ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း ကျားကန်နေရသည် ။
ဒီနောက်မှာတော့ လူကို ကိုင်မြှောက်ရိုက်လိုက်သလို ဆောင့်တတ်လာတဲ့ လှိုင်းလုံးကြားမှာ လက်လွတ်ခြေလွတ်ဖြစ်သွားသလို ခံစားရခြင်းသည် ဖြူခင်ရဲ့နောက်ဆုံး ခံစားချက်အသိ ။
အခန်း ၃
မျက်စိထဲအလင်းရောင်မပီမပြင်ကတိုးဝင်လာသလိုလို ထင်တာကြောင့် အိပ်ပျော်နေတယ်ထင်ရာကနေ ဖြူခင်လန့်နိုးလာခဲ့သည် ။
တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို နာကျင်လွန်းလှသည် ။
အာရုံကိုတဖြည်းဖြည်းစုစည်းတွေးမိတော့ ညက အိပ်မက်ဆိုးမက်ခဲ့တာ ပြန်သတိရမိသည် ။
ဒါအိပ်မက်လား တကယ်လား မခွဲတတ်သေး ။
အသိစိတ်ကိုစုစည်း ကိုယ့်ကိုကိုယ် ကြည့်မိတော့ ဖြူခင့်ကိုယ်မှာ ဘာအဝတ်အစားမှမပါတော့ ။
ငါဘယ်ရောက်နေတာလည်း ထပ်ကြည့်မိတော့ သစ်ပင်တစ်ပင်ရဲ့ဂွကြားပေါ်မှာ ။
ဒီအပင်ပေါ်ဘယ်လိုရောက်နေတာလည်းဟု ပြန်တွေးမိတော့ ညက လေနဲ့ရေနဲ့ကြားလွင့်ပါသွားပြီး မနက်ဒီရေကျချိန်မှာ အပင်ပေါ်တင်ကျန်နေခဲ့ခြင်းများလား ။
အပင်ကအတော်မြင့်တာကြောင့် ဖြူခင် အောက်လည်းမဆင်းရဲ ။
လူသံ သူသံ တိတ်ဆိတ်နေသောကြောင့် ဘယ်တွေဘယ်လိုရောက်နေလည်းဆိုတာလည်း မသိ ။
မိမိကကော အသက်ရှင်နေတာလား သေသွားတာလား ။
သေပြီး အပင်တွေမှာ အဝတ်မပါ ပြိတ္တာတွေရှိတဲ့အကြောင်း ကြားဖူးထားတာကြောင့် ဖြူခင်ပြိတ္တာမဖြစ်လေပြီ ထင်သည် ။
ရွာမှာတော့ ရှင်ပြု ရဟန်းခံ တို့ အလှူအတန်းတို့က အကြီးအကျယ်ပြုလုပ်လေ့ရှိတာ ။
ဖြူခင်မိဘတွေကော ယောက်က္ခမတွေကော အလှူအတန်းတော့ရက်ရောကြသည် ။
ဖြူခင်ကတော့ သားလေးရှင်ပြုတဲ့အရွယ်မှ အကြီးအကျယ် အလှူလုပ်မယ်ဟုတွေးပြီး မလုပ်ဖြစ်ခဲ့သေး ။
သားလေးဆိုမှ သားလေးကော ။သူ့အဖေနဲ့ဘယ်လိုနေကြလည်းမသိ ။
အဆင်ပြေကြလောက်မှာပါ ။ သူ့အဖေက အစစအရာရာ အားကိုးအားထားပြုနိုင်တဲ့ ယောက်ကျားပဲလေ ။
သားလေးကို သူကာကွယ်နိုင်မှာပါ ။
မပြောလိုက်ရဘူး ။
ဘုရားစင်ထောင့်က ညောင်ရေအိုးအဟောင်းထဲ သားလေးရှင်ပြုဖို့ပိုက်ဆံတွေဖယ်စုထားတာ ။
အတွေးစတွေက အရူးတစ်ယောက်လို ဟိုရောက်ဒီရောက် ။
မေ့ကနဲတစ်ခါပြန်အိပ်ပျော်သွားသလိုဖြစ်ပြီး နိုးလာတော့
ညနေအတော်စောင်းပြီး မှောင်စပြုလာပြီ ။
မကြာခင်မှာပဲ ဖြူခင်ကြည့်နေတဲ့ရှေ့တူရူစီကနေ လူတစ်စု တစ်ရွေ့ရွေ့လာနေကြသည် ။
လက်ထဲမှာတော့ ဓာတ်မီးအရောင်တဝင်းဝင်းနဲ့ ။
တဖြည်းဖြည်း နီးကပ်လာတဲ့လူအုပ်စုကိုကြည့်လိုက်တော့………
ဖြူခင်ဝမ်းသာသွားသည်မှာ ပြောမပြတတ် ။
ရှေ့ဆုံးက ဖြူခင့်ယောက်ကျား ကိုငြိမ်းသူ
သားလေးကို လက်တစ်ဖက်ချီထားပြီး တစ်ဖက်က ဓာတ်မီးကိုင်လျှောက်လာတာ ။
နောက်မှာ ဖြူခင် ယောက္ခမနဲ့အမေတို့အဖေတို့ ။
အပင်ပေါ်ကနေ လှမ်းအော်ခေါ်လိုက်မိသည် ။
” ကိုငြိမ်းသူ ယောက်ကျားရေ အမေရေ အဖေရေ ဖြူခင် ဒီမှာ ”
ဖြူခင့် အော်ခေါ်သံကို ကြားသွားလို့လားမသိ ။
လိုက်ရှာနေတဲ့ယောက်ကျားနဲ့မိဘတွေက ဖြူခင်နေရတဲ့ အပင်အောက်မှာ ရပ်ပြီး အပေါ်မော့ကြည့်ကြကြတာကြောင့် ဖြူခင် လက်လှမ်းပြလိုက်သည် ။
ယောက်ကျားဖြစ်သူ ကိုငြိမ်းသူက ဖြူခင်ရှိရာကိုမော့ကြည့်ပြီး
” ဖြူခင်ရေ မိန်းမရေ ။
ညီမနဲ့အစ်ကိုတို့ ဘဝတွေခြားသွားပြီကွယ် ။
အစ်ကိုတို့ပြုလုပ်သမျှ ကုသိုလ်တွေ ညီမလေးကို အမျှပေးပါတယ်နော် ”
အမျှ အမျှ အမျှ ” ယူပါ ။
အမေနဲ့အဖေကလည်း
” သမီးရေ ။
အမေတို့ပြုပြုသမျှ ကုသိုလ်ကိုလဲ အမျှပေးပါတယ်နော် ။
သမီးသာဓုခေါ်ပါ ။
အမျှ အမျှ အမျှ ”
အမျှဝေသံ အဆုံးမှာတော့ ဖြူခင် ကိုယ့်ဘဝကိုယ်သေချာသိလိုက်ပြီ ။
စီးကျလာတဲ့မျက်ရည်က တားမရ ။
ဘဝခြားသွားတဲ့ မိသားစုကို ကြည့်ပြီး ဖြူခင် နှုတ်ကနေ
” သာဓု သာဓု သာဓု ” ပါအမေတို့အဖေတို့ရေ ။
အစ်ကိုရေ ဖြူခင်သာဓုခေါ်ပါတယ်နော် ”
အစ်ကိုတို့ ပြန်သွားချိန်မှာတော့ အမှောင်ကပိန်းပိတ်လာတော့သည် ။
ဖြူခင်နေရသည့်အပင်ကို ဘယ်သူကလမ်းညွှန်လိုက်လို့ရောက်လာကြလည်း မသိ ။
ဖြူခင့်အဖြစ်ဆိုးကို သိပြီး ကုသိုလ်အမျှလာပေးကြတာ ။
ကျေးဇူးတင်ဝမ်းသာပါတယ် အစ်ကိုနဲ့အဖေတို့အမေတို့ရယ် ။
ဒါပေမဲ့ ဖြူခင့်ဘဝကတော့ ခုထိ မပြောင်းလဲ ။
သစ်ပင်ခွကြားမှာနေရင်း စိတ်ထဲအားငယ်သည်မှာ ပြောပြ၍ပင်မရ ။
ခပ်လှမ်းလှမ်း အဝေးဆီမျှော်ငေးမိတော့ မီးရောင်လက်လက်ရှိနေသော ရွာကိုမြင်ရသည် ။ ဖြူခင်တို့ရွာပဲဖြစ်ရမည် ။
ရွာကိုစွဲမိတဲ့စိတ်ကြောင့် ရွာကိုမြင်ရတဲ့သစ်ပင်မှာ မကျွတ်မလွတ်သော ပြိတ္တာတစ်ကောင် လာဖြစ်နေရတာ ။
ဘာဖြစ်ဖြစ် ရွာလေးကလူတွေနဲ့ဖြူခင့်မိသားစုတွေ မသေမပျောက်ကျန်နေကြလို့တော်ပါသေးရဲ့ ။
ဖြူခင်ကတော့ ဘဝခြားခဲ့လေပြီ ။
သားလေးကို ရှင်ပြုပေးလို့မရတော့ ။
ခုမှသတိရမိသည် ။
သားလေး ရှင်ပြုဖို့ဖယ်စုထားတဲ့ပိုက်ဆံတွေရှိသည့်နေရာကို ယောက်ကျားကို မပြောလိုက်မိဘူး ။
မိမိအဖြစ်ကိုတွေးပြီး မျက်ရည်တွေက စီးကျလာမိပြန်သည် ။
သားလေးနဲ့ခွဲရတာကို မိမိရင်ထဲအနာဆုံး ။
အခန်း ၄
တရွေ့ရွေ့နဲ့မိုးလင်းခဲ့ပြန်သည် ။ ရေဆာသလိုလိုရှိပြီး ခန္ဓာကိုယ်က နာကျင်နေတာကြောင့် သိပ်မလှုပ်နိုင် ။
ဒီလိုဘဝမျိုးကိုလာဖြစ်ရတာ အရင်ဘဝကကောင်းမှု့ကုသိုလ်တွေမလုပ်ခဲ့ရတာကြောင့်ဟု နောင်တလည်းရမိသည် ။
ဖြစ်နိုင်ရင် ရေလေးနည်းပါးသောက်ရသော ပြိတ္တာ ဘဝလောက်တော့ လိုချင်မိသည် ။ ကံကောင်းလို့ သားလေးကအစ်ကို့လက်ထဲပိုက်ထားနိုင်လို့ ။ သားလေးအသက်ရှင်နေသေးလို့ တမျိုးတော့ စိတ်ချမ်းသာသွားသည် ။
သားအကြောင်းတွေးမိတော့ ရေဆာတာခဏမေ့သွားပြန်သည် ။
အဝတ်မပါ ဘာမပါ ဆင်းဆင်းရဲရဲနေရတဲ့ ပြိတ္တာဘဝကိုလည်း စိတ်ဆင်းရဲမိသည် ။
ဒီအပင်ကလွဲရင် တခြားတနေရာကို မသွားနိုင်မလာနိုင်သော ဒုက္ခကြီးမားသည့် ပြိတ္တာမျိုးလားမသိ ။
သစ်ပင်ဂွကြားမှာ မှေးနေရင်း ကိုယ်ပေါ်ကို ရေစက်တွေထိတွေ့သည့် အသိကြောင့် ဖြူခင်လန့်နိုးသွားမိသည် ။
” မိုးရွာနေတာပါလား ”
ဘယ်အချိန်မှန်းမသိပေမဲ့ မိုးတွေက သည်းသည်းမည်းမည်း ရွာချတာကြောင့် တကိုယ်လုံးမိုးရေနဲ့စိုရွှဲရပြန်သည် ။
ဒါပေမဲ့တော်ပါသေးသည် ။
ကျလာတဲ့ မိုးရေကို အားရပါးရ သောက်ခွင့်ရလိုက်တာကြောင့် ရေငတ်ပြီး ဆာလောင်သလိုဖြစ်နေတဲ့ ဝမ်းထဲ နေသာသွားသလိုလို ။
ဒီလိုနဲ့ အပင်ပေါ်မှာပဲ စိုလိုက်ခြောက်လိုက်ဘဝနှင့်ဒုက္ခခံနေရပြီး တနေကုန်ကာနီးမှာတော့ မနေ့ကလိုပင် ဖြူခင်ရှိရာအပင်ဆီကို ယောက်ကျားနဲ့မိဘတွေရောက်လာပြီး အမျှပေးကြပြန်သည် ။
ဖြူခင်လည်း မျက်ရည်ကြားက သာဓု အခါခါ ခေါ်မိပြန်သည် ။
” ယောက်ကျားရေ သားလေးရှင်ပြုဖို့ ပိုက်ဆံကို ဖယ်စုထားတာလေ ။
အဲ့ဒါ ဘုရားစင်ထောင့်က ညောင်ရေအိုးအဟောင်းထဲမှာ ထည့်ထားတယ်သိလား ။
အဲ့ဒီ့ငွေလေးနဲ့အလှူလုပ်ပြီးရင် ဖြူခင့်ကိုလည်း အမျှပေးပါနော် ”
လေသံသဲ့သဲ့သာထွက်နိုင်သော ဖြူခင်ပြောတာကို ကြားမကြားမသိ ။
ယောက်ကျားက သားလေးကိုချီပြီး စိတ်မကောင်းသည့်မျက်နှာနှင့် အမျှပေးပြီးတဲ့နောက် ဖြူခင်ရှိရာအပင်ကို ကျောခိုင်းပြန်သွားကြတော့သည် ။
မိသားစုတွေ ပြန်သွားတော့ ရင်ထဲမှာ အားငယ်ပြီး ယူကြုံးမရလဲဖြစ်မိသည် ။
ဘဝခြင်းမတူတော့တာကြောင့် မပြန်စေချင်ပေမဲ့လဲ ဆွဲခေါ်ထားလို့မရ ။
ပြိတ္တာဘဝရောက်တာတောင် အဖော်မရှိ ။
အထီးကျန်ပြိတ္တာမ ဘဝကိုရောက်ရသည် ။
သူငယ်ချင်းမတွေဖြစ်တဲ့ လှခင်တို့ အုန်းမေတို့ကို တမ်းတမ်းတတ သတိရလိုက်မိပြီး သူတို့ကော ဒီဘေးက လွတ်မြောက်ကြရဲ့လားဟု အတွေးရောက်မိသည် ။ ခဏအကြာမှာတော့ ပင်ပန်းသလိုဖြစ်ပြီးအိပ်ပျော်သွားပြန်သည် ။
တရေးပြန်နိုးတော့ အဝေးက မီးရောငိတလက်လက်နဲ့မြင်နေရသော ရွာလေးကို လှမ်းကြည့်ပြီး ဖြူခင် ဝမ်းနည်းမျက်ရည်ကျရပြန်သည် ။
အကုသိုလ်တွေများလို့လားမသိ ။
ဆာပေမဲ့ စားစရာမရှိ ။
ချမ်းပေမဲ့လဲ ဝတ်စရာ အဝတ်အစားကမရှိ ။
လူ့ဘဝကိုရစဉ်က ဖြူခင် ဘုရားတော့အမြဲရှစ်ခိုးခဲ့ပါသည် ။ စာတိုပေစလေးတွေလဲ ဖတ်ဖြစ်ခဲ့သည် ။
ခုလို ပြိတ္တာဖြစ်နေရတဲ့ဘဝက ဘယ်လောက်ကြာသည်ထိ ဒုက္ခခံရမည်မသိဟု တွေးမိတော့ အားကိုးရာမရှိ စိတ်ဓာတ်တွေကျမိပြန်သည် ။
နှုတ်ကနေ ငယ်ငယ်ကတည်းက ရွတ်ဆိုခဲ့ဖူးသော သံဗုဒ္ဓေ ဘုရားရှစ်ခိုးတဲ့စာကို ရွတ်ဆိုကြည့်တော့ အကုန်မှတ်မိပြီး ရွတ်နိုင်သေးသည် ။
ဘုရားစာတရားစာ ရွတ်ဖတ်နိုင်သော ပြိတ္တာဖြစ်ခွင့်ရတာမလို့တော်ပါသေးရဲ့ ။
သစ်ပင်ဂွကြားမှာနေရင်း ဒီဘဝက အမြန်လွတ်မြောက်အောင် အချိန်ရတိုင်း သံဗုဒ္ဓေဂါထာကိုသာ တတွတ်တွတ်ရွတ်နေမိတော့သည် ။
အခန်း ၅
ဆူဆူညံညံ အသံတွေကြောင့် ဖြူခင်လန့်နိုးသွားသည် ။
အပင်ခွကြားမှာ အိပ်ရတာကြောင့် နေ့ည မရွေး အိပ် လိုက် နိုးလိုက် ဖြစ်နေရသည့် ဘဝနဲ့ ။
ခုလည်း မျက်လုံးဖွင့်ကြည့်တော့လူတစ်စု ။
လက်ထဲမှာ အော်လန် တွေနဲ့ ။
” ဒီအနီးအနားမှာ အသက်ရှင်ကျန်နေသေးတဲ့သူရှိရင် အသံပြုပါ ။
အသံမပေးနိုင်ရင် တစ်ခုခု အချက်ပေးပြောပြပါ ”
အော်လည်း အော် လိုက်လည်း ရှာကြသည့် လူအုပ်ကြီးကိုကြည့်ပြီး ဘာမှန်းမသိ အလိုလိုစိတ်မကောင်းမိ ။
မိမိဘဝက သူတို့ကယ်လို့ရနိုင်သည့် ဘဝမျိုးမဟုတ်တော့ ။
မုန်တိုင်းသတင်းကြားရပေမဲ့ ခုလိုတွေဖြစ်မယ်မှန်းမသိတော့ ဘာမှ ကြိုမပြင်ဆင်ထားမိကြ ။
မသေသင့်ပဲဖြူခင့်လိုသေတဲ့သူတွေ ဘယ်လောက်တောင် ရှိမလဲမသိ ။
နေပါအုန်း ။
ဖြူခင့်ယောက်ကျားနဲ့မိဘတွေကော ဒီလူတွေနဲ့ တွေ့ရဲ့လား ။
ရွာထဲအဆင်ပြေပြေ နေလို့ရကြပြီလား ။
ညညတွေ့ရတဲ့ ရွာဘက်က မီးရောင်တွေကြောင့် တအားတော့ ဆိုးဆိုးဝါးဝါးဖြစ်မည်မထင် ။
မိမိကသာ ဘယ်ကဘယ်လိုရောက်လာတဲ့ လှိုင်းလုံးကြားမျောပါရင်း နစ်မြုပ်သေဆုံးရသည်မည်မသိ ။
ရွာလေးကတော့ မီးရောင်တလက်လက်နှင့် အရင်လိုပင် ။
ဒါပေမဲ့လည်း အိမ်အောက်ကိုရေတွေဝင်ပြီး အမိုးတွေလန်ပြန်ထွက်ကုန်တော့ အမေတို့ ချက်ရေးပြုတ်ရေး အခက်အခဲဖြစ်နေမှာပဲ ။
အပင်နားကိုရောက်လာတဲ့ လူတစ်ယောက်ကို ဖြူခင့် မိသားစုတွေဆီရှာပြီး အကူအညီပေးဖို့ ပြောချင်သည် ။
သို့သော်လည်း ဖြူခင်ပြောတာ သူတို့ကြားနိုင်သည့် အနေအထားမရှိတဲ့ဘဝမျိုးမှာ မိမိကရောက်နေလေပြီ ။
ကိုယ့်ဘဝကို ကိုယ်တွေးပြီး ဝမ်းနည်းစွာနဲ့ရှိုက်ကြီးတငင်ငိုချလိုက်မိသည် ။
” ဟီးးးးး ဟီးးးးးးး ”
လူတစ်ယောက်က အပင်ပေါ်မော့ကြည့်လာသည် ။
” ဟာ အပင်ပေါ်မှာ လူရှိတယ်ဟေ့ ”
သူ့အဖော်တွေကို လှမ်းပြောနေတာ ကြားရပြီး ဘယ်သူ့ကို ရည်ရွယ်ပြောမှန်းဖြူခင်မသိ ငိုပဲငိုနေမိသည် ။
ဒီ့နောက်မှာတော့ လှေကားတွေထောင် ကြိုးခွေတွေချည်ပြီး တစ်ယောက်ကအပင်ပေါ်တက်လာသည် ။
ထိုလူတွေကပဲ ခက်ခက်ခဲခဲ ဖြူခင့်ကိုမြေပေါ်ရောက်စေခဲ့သည် ။
သူတို့မှာယူလာတဲ့ အဝတ်တွေဝတ်စေခဲ့ပြီး ရေတိုက်သည် ။
ဖြူခင်ကတော့ ဘာမှနားမလည် သူတို့ပြောတာပဲ လိုက်လုပ်သည် ။
အစက ကယ်ဆယ်ရေးပရဟိတအဖွဲ့က လူတွေလို့ထင်မိပေမဲ့ ဖြူခင့်လို ဘဝတူ ပြိတ္တာတွေလားဟုလဲ တွေးလိုက်မိသည် ။
ပြိတ္တာချင်းတူရင်တောင်မှ သူတို့မှာ အစာကော ရေကော အဝတ်အစားကော အပြည့်အစုံရှိကြသည့် တန်ခိုးကြီး ပြိတ္တာပဲ ဖြစ်မည် ။
သူတို့ကျွေးသည့် ပေါင်မုန့်နည်းနည်းစားလိုက် ရေသောက်လိုက်နဲ့အတော်အတန်ဗိုက်ပြည့်သွားတော့သည် ။
သူတို့ခေါ်တဲ့နောက် လိုက်သွားတော့ ကမ်းစပ်က စက်လှေတစ်စီးပေါ်ကို တက်ရသည် ။
ပြိတ္တာတွေဖန်ဆင်းသော စက်လှေလားဟု ဇဝေဇဝါတွေးမိသည် ။
သံဗုဒ္ဓေအစွမ်းကြောင့် ဖြူခင့်ကို အဆင့်မြင့်တဲ့ပြိတ္တာအဖြစ်နေရာအသစ်ကို ပို့ပေးကြမလို့လား ။
တွေးလို့ရသ၍အတွေးပေါင်းစုံတွေးရင်း ထိုအုပ်စုခေါ်ရာသို့ လိုက်လာမိခဲ့သည် ။
စက်လှေမောင်းနှင်ရာ မြစ်ရိုးတစ်လျှောက်မှာတော့ လူသေအလောင်းတွေက ဗေဒါဖောင်တွေလို ဟိုတစ သည်တစ မျောပါနေသည်ကို ဖြူခင်ငေးကြည့်နေမိသည် ။
မျောပါနေတဲ့ မမြုပ်တမြုပ် ပစ္စည်းတွေကလည်းပြန့်ကျဲ လို့ ။
ကမ်းရိုးတစ်လျှောက် အရင်ကရွာတွေတွေ့ရပေမဲ့လည်း အခုမတွေ့ရတော့ ။
ဘယ်ရောက်နေပြီး သူ့ကို ဘယ်ခေါ်သွားကြမည်လည်း မတွေးတတ် ။
သူတို့ပြောသည့်စကားတွေကိုလည်း ဖြူခင်နားလည်သလို မလည်သလိုလို ကြောင်တောင်တောင်နဲ့ဖြစ်နေမိသည် ။
အခန်း ၆
ဖြူခင့်ကို မြို့တစ်မြို့ပေါ်က ယာယီကယ်ဆယ်ရေးစခန်းဖွင့်ထားသည့် ရိပ်သာကျောင်းဝင်းထဲ နေရာချပေးခဲ့ကြသည် ။
ဖြူခင်နဲ့ဘဝတူတွေလဲ ထိုနေရာမှာ အများကြီး ရောက်ရှိနေကြသည် ။
ပုံမှန်စိတ်မဟုတ်ပဲ ကြောင်တောင်တောင်ဖြစ်နေသည့် ဖြူခင့်ကို အားပေးစကားတွေလာပြောကြသည် ။
အလှူရှင်တွေအမြဲရှိတာကြောင့် အစားအသောက် အဝတ်အထည်ကမပူရ ။
ရက်အတော်လေးကြာပြီး နေသားကျတော့မှ ဖြူခင် ကိုယ့်ကိုကိုယ် ဆန်းစစ်မိသည် ။
ကံကောင်းထောက်မစွာနဲ့လှိုင်းအပင့်မှာ သစ်ပင်ထိပ်ဖျားပေါ်ရောက်ပြီး ဒီရေနဲ့မျောပါနစ်မြုပ်တဲ့ဘေးက ကင်းဝေးခဲ့တာ ။
တကယ်တော့ ဖြူခင် သေခဲ့တာမဟုတ် ။
ဒါဆို ဖြူခင့်ယောက်ကျားနဲ့မိဘတွေအားလုံးသေဆုံးသွားတာလား ။
ညနေမိုးချုပ်ကာနီးတိုင်း အမျှ လာဝေနေတဲ့ဖြူခင့်မိသားစုတွေကို မြင်ရတာက ဖြူခင်အမြင်မှားတာလား ။
ပုံမှန်မဟုတ်တဲ့ဖြူခင့်စိတ်ကြောင့် မရှိတာကို မြင်မိတာလား ။
ယောက်ကျားကော သားကော မိဘတွေကော ဖြူခင်ရှိနေတဲ့အပင်ခြေရင်းကနေ ၂ရက်ဆက်တိုက် အမျှလာပေးကြတာကိုဖြူခင် ကယောင်ကတမ်းမြင်မိတာလား ။
ဒါမှမဟုတ်ရင်လည်း ရွာလုံးကျွတ်နီးပါးသေဆုံးခဲ့ကြသည့်အဖြစ်ဆိုးမှာ သေသူကရှင်သူဖြစ်ပြီး ရှင်သူက သေသူဖြစ်တာမျိုးလား ။
မကျွတ်မလွတ်သောဘဝတွေနဲ့ လျှောက်သွားနေကြပြီး သေလို့သေမှန်းလည်းမသိကြတော့တာမျိုးလား ။
ပင်လယ်ကမ်းစပ်ကရွာတွေမှန်သမျှကိုရေလွှမ်းပြီး လူနဲ့တိရိစ္ဆာန်တွေအားလုံးနီးပါးသေဆုံးခဲ့ရပြီး ရေပြန်ကျချိန်မှာတော့ ရွာပျက်ကြီးတွေဖြစ်ကုန်ပြီဟု ပြောကြသည် ။
ဒါဆို ဖြူခင်မြင်ရသည့်မီးရောင်တွေလက်နေသည့်ရွာဆိုတာလည်း တကယ်မရှိခဲ့ဘူးသဘော ။
ကယ်ဆယ်ရေးစခန်းဆိုပေမဲ့ ရိပ်သာကျောင်းမှာဖွင့်ထားသောစခန်းဖြစ်တာကြောင့် ညနေဘက်တစ်ချိန် ရိပ်သာဆရာတော်က ဒုက္ခရောက်ပြီး ပူဆွေးနေကြသော ဖြူခင်တို့တွေအတွက်တရားရေအေးတိုက်ကျွေးဟောကြားပေးသည် ။
တရားနာရင်း ကြုံလာရတဲ့ဒုက္ခကိုတွေးမိတော့ ဒီလိုကံဆိုးမိုးမှောင်ကျရသည့် အကုသိုလ်မျိုး ဒုက္ခမျိုးကို ထပ်ကြုံရမှာ ကြောက်မိသည် ။
မိဘဆွေမျိုးတွေမရှိတော့တာ သေချာရင်တော့ ဖြူခင့်မှာ အနှောင်အဖွဲ့မရှိတော့တာမလို့ သီလရှင်အပြီးဝတ်ဖို့ ဆုံးဖြတ်လိုက်သည် ။
ရိပ်သာကျောင်းမှာခိုလှုံရင်း ဝေယျာဝစ္စတွေကို ကုသိုလ်ဖြစ်ကူညီပေးခဲ့သည် ။
မိဘတွေကော ယောက်ကျားနဲ့သားကော သေလားရှင်လား သတင်းမရပေမဲ့ ညနေမှောင်ရီပျိုးစအချိန်တိုင်း မိမိရှိရာကို လာပြီး အမျှဝေပေးတာကို ပြန်သတိရ မျက်ရည်က အလိုလိုကျမိသည် ။
တစ်နေ့တာ ဝေယျာဝစ္စတွေ လုပ်ပြီးညနေတရားနာချိန်အပြီးမှာတော့ သေသည် ရှင်သည်မသိရတဲ့ ဖြူခင့်မိသားစုကိုကော ၊ ရွာသားတွေကိုကော ကျန်းကျန်းမာမာ ချမ်းချမ်းသာသာရှိကြပါစေဟု စိတ်ကရည်မှန်း အမြဲတမ်း မေတ္တာပို့ အမျှဝေသည် ။
ဖြူခင်ပို့သတဲ့ကုသိုလ်အမျှမေတ္တာကိုလည်း ရရှိသာဓုခေါ်နိုင်ကြပါစေဟု အထပ်ထပ်အခါခါ ဆုတောင်းမိတော့သည် ။ ။
( နတ်ပြေးတဲ့ ရွှေဖူးစာ ရသဝတ္ထုတိုစာအုပ်မှ )
ယဉ်ယဉ် ( ရွှေခယ်မြေ )